Thursday, March 28, 2013

ကျွန်တော်နှင့် လက်ဖက်ရည်

ကျွန်တော်ဆယ်တန်းမှာ တိတိကျကျပြောရလျှင်ကိုးတန်းစာမေးပွဲပြီးချိန်မှာ လက်ဖက်ရည်ဆိုင်စထိုင်တတ်သည်။ ၁၉၇၀-၇၁ ဝန်းကျင်ဖြစ်သည်။ ဆရာက ကျွန်တော့်သူငယ်ချင်း ပန်းတနော်လမ်းသား။ ကိုးတန်းစာမေးပွဲကြီးဖြေခါနီးတစ်ညမှာအိမ်ကခိုင်းသော ကိစ္စတစ်ခုဖြင့် ရှမ်းလမ်းဘက်သို့ကျွန်တော်အသွား လမ်းမှာသူနှင့်တွေ့၍ ဘယ်သွားမှာလဲမေးတော့ လက်ဖက်ရည်ဆိုင်ကိုဟုသူဖြေ၏။ လိုက်ဦးမလားဟု ကျွန်တော့်ကိုမေးရာ ကျွန်တော်စာကျက်စရာရှိသည်ကိုအကြောင်းပြပြီးငြင်းလိုက်သည်။  သူနှင့်ကျွန်တော်တစ်တန်းတည်းသားတွေမို့ကျွန်တော့အဖြေကို သူသိပ်ဘဝင်ကျပုံမရ။ သူက ကျွန်တော့ထက်ပို၍စာတော်သူအဆင့်ပိုကောင်းသူ။ “ငါလဲစာကျက်ရမှာပါကွ၊ လက်ဖက်ရည်သောက်လိုက်တော့လန်းဆန်းပြီး ညဉ့်နက်အောင်စာကျက်လို့ရတာပေါ့၊ လာပါ” ဟုထပ်ခေါ်၏။ သို့‌သော် အိမ်မှခိုင်းသည့်ကိစ္စလုပ်စရာရှိသေးသည်ဆိုကာနုတ်ဆက်ပြီးသာကျွန်တော်ထွက်လာခဲ့သည်။ အမှန်တော့ တစ်ခါမှမထိုင်ဖူးသဖြင့်လက်ဖက်ရည်ဆိုင်ထိုင်ရမှာမရဲသည်ကအဓိကဖြစ်လေသည်။ ပြီးတော့ ကျွန်တော်သည် ညဉ့်နက်ခံစာကြည့်တတ်သူမဟုတ်။ ခုပြန်စဉ်းစားမိတော့ ဤသည်မှာပထမဆုံးအကြိမ် သူလက်ဖက်ရည်သောက်ခေါ်သည်ကိုငြင်းပယ်ခဲ့ခြင်းဖြစ်သလို နောက်ဆုံးအကြိမ်ငြင်းပယ်ခဲ့ခြင်း ဖြစ်ကြောင်းအမှတ်ရလေသည်။

စာမေးပွဲပြီး နွေရာသီကျောင်းပိတ်ရက်တွင်သူနှင့်ကျွန်တော်နေ့တိုင်းလိုပင်  လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြသည်။ ရှမ်းလမ်းနှင့်မကြီးကြီးလမ်းထောင့်ရှိချယ်ရီကဖီးမှာဖြစ်သည်။ နေ့လည်နေ့ခင်းမိမိအိမ်မှာ ရောက်တတ် ရာရာစာတွေဖတ်၊ ညစာစားပြီးချိန် တစ်ယောက်ယောက်အိမ်မှာဆုံ ရွာရိုးကိုးပေါက်ရှောက်ကြပြီးသည်နှင့် ချယ်ရီမှာစခန်းသိမ်းကြသည်။ လက်ဖက်ရည်တစ်ခွက်အီကြာကွေးတချောင်းစီ (သည်တုန်းကဆေးလိပ်မသောက်တတ်ကြသေး) မှာ၍လေကန်ကြသည်မှာများသောအားဖြင့်ဆိုင်သိမ်းသည့်တိုင်ဖြစ်၏။ ဆိုင်ရှင်နှင့် စားပွဲထိုးဝန်ထမ်းတွေကလည်းသဘောကောင်းလှသည်။ ရေနွေးကြမ်းအပိုဆိုတောင်းနေစရာမလို။ တစ် ယောက်ယောက် ရေနွေးအိုးငှဲ့၍အကျနည်းသည်ကိုမြင်လျှင်အသစ်တစ်အိုးလာချသည်။ သူတို့ဘာသာလာ၍ လည်း ရေနွေးလက်ကျန်စစ်ဆေးလဲလှယ်ပေးလေ့ရှိသည်။ လက်ဘက်ခြောက်ကအစခိုခြင်းကပ်ခြင်းမရှိ။ တစ်ခါတစ်ခါဆိုင်လူရှင်းသည့်အချိန်များတွင်နှစ်ယောက်တစ်စားပွဲနှုန်းကျောက်ချထိုင်လေ့ရှိသောကျွန်တော်တို့လိုဖေါက်သည်တွေထံတအောင့်တဖြုတ်ဆိုသလိုလာထိုင်ရင်းစကားစမြည်ပြောကြဆိုကြသေးသည်။

သည်မျှအချိန်တွေအတွင်း ဘာတွေပြောခဲ့ဆိုခဲ့ဖြစ်ကြသည်ကိုမမှတ်မိတော့ပြီ။ ကြီးကောင်ဝင်စ၊ အပေါင်းအသင်းမင်စ၊ စာတွေကဗျာတွေမှာယစ်မူးတတ်ကာစ၊ ပြီးတော့ ရွယ်တူမိန်းမလှလေးတွေမြင်လျှင် ရင်ခုန်တတ်ကာစမို့ ထိုအကြောင်းထိုအရာတွေပဲ တဝဲလည်လည်ဖြစ်မည်မှာသေချာသည်။ ပန်းတနော်လမ်းသားက ကျွန်တော့်ထက်အသက်တစ်နှစ်ပိုကြီးသလိုပိုထက်မြက်သည်ဟုပြောလျှင်ရမည်။ သူကကျောင်းတွင်းကျပန်းစကားပြောပြိုင်ပွဲမှာဗိုလ်စွဲဖူးသည်။ သင်္ချာလူရည်ချွန်စာမေးပွဲကိုတိုင်းအဆင့်ထိ ပေါက်မြောက်ထားသူလည်းဖြစ်သည်။  ကျွန်တော့်ထက်စာပိုတော်သလိုကျွန်တော့်ထက် အပြင်စာဖတ်သက်ပိုရင့်သူလည်းဖြစ်သည်။ ပြောရလျှင်သူကကျွန်တော့်ထက်အရာရာသာကာ ထိုခေတ်ကစကားနှင့်ပို၍တိုးတက်သောအမြင်ရှိသူလည်းဖြစ်လေသည်။ ဆိုပါစို့ ကျွန်တော်တစ်ယောက်တက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား၌လွမ်းမောပြီး မောင်သာရ၏ မျိုးမမပကာသနီကို ရင်သပ်ရှုမောဖြစ်နေစဉ် သူကဗန်းမော်တင်အောင်တို့ဒဂုန်တာရာတို့၏ ဆိုရှယ်လစ်ဝါဒ ကကြီးခခွေးတို့ မာ့က္စဝါဒရေသောက်မြစ်သုံးသွယ်တို့ဖြင့် လောကကြီးကိုသုံးသပ်နေတတ်ပြီ။ နဝဒေးတို့ နတ်သျှင်နောင်တို့၏ ရတုအချို့ကျွန်တော် ကိုးကားပြီးလွမ်းအားပိုနေခိုက် သူကမာယာကော့စကီးနှင့် ဆိုညစ်ဇင်ဆိုလားဘာလား ကျွန်တော်သိုးသိုးသန့်သန့်သာကြားဖူးသည့် အမည်နာမတွေကို တိုင်တည်ရင်း ပစ္စည်းမဲ့ဒေါသလှိုင်းကြီးနေတတ်သည်။  သို့ရာတွင် သူနှင့်ကျွန်တော်လက်ဖက်ရည်ဆိုင်ကို ချီတက်ကြရာမှာတော့ ညီညီညွတ်ညွတ်။ ဆိုင်ရောက်လျှင်သူလည်းသူပြောချင်ရာပြော၊ ကျွန်တော်လည်း ကျွန်တော်ပြောချင်ရာပြော။ ပြီးတော့ကျသင့်ငွေသူဦးသူရှင်းကိုယ်ဦးကိုယ်ရှင်း။ ပြီးလျှင်သူ့အိမ်သူပြန်ကိုယ့်အိမ်ကိုယ်ပြန်။

ကျသင့်ငွေဆို၍မှတ်မိသည်မှာ လက်ဖက်ရည်ဆိုင်နှစ်ယောက်တစ်ခါထိုင်တစ်ကျပ်ဖြစ်၏။ လက်ဖက်ရည်တစ်ခွက်ပြားသုံးဆယ်၊ အီကြာကွေးတစ်ချောင်းပြားနှစ်ဆယ်၊ ပေါင်းပြားငါးဆယ်။ နှစ်ယောက်တစ်ကျပ်ကွက်တိဖြစ်၏။ စီးကရက်သောက်သူတွေအတွက်ဒူးယားအစီခံတစ်လိပ်ဆယ်ပြား၊ ပရုပ်အေးနှစ်လိပ်တစ်မတ်။ ကျွန်တော်တို့ တစ်ခါတလေစမ်းသောက်ဖြစ်ကြသည်။ ပရုပ်အေးအရသာကိုကျွန်တော်ပိုကြိုက်၏။ သို့သော် စွဲတော့မစွဲ။ နောက်နှစ်ပေါင်းအတန်ကြာသည်အထိ တိတိကျကျပြောရလျှင်ဘွဲ့ရသည်အထိ ဆေးလိပ်မစွဲ။ အလုပ်ထဲရောက်၍စွဲမည့်စွဲတော့ ကွမ်းယာရောဆေးလိပ်ပါ။ ဆေးလိပ်ဆိုခုထိဖြတ်မရသေး။ ဘဝတဏှာထဲမှ တစ်ခုသောရသတဏှာကိုပယ်ဖို့ပင် ကျွန်တော့်အဖို့ရာမလွယ်။ လွယ်မှဖြင့်သည်လိုစာမျိုးကိုပင်ရေးနေဖြစ်မည်လည်းမဟုတ်။

သည်နေရာမှာတော့ ပန်းတနော်လမ်းသားလည်းကျွန်တော့်ထက်မသာနိုင်ပြီ။ သူကဆေးလိပ်ကိုကွမ်းဖြင့်ဖြတ်ရာကကွမ်းစွဲကျန်ရစ်သူဖြစ်၏။ လွန်ခဲ့သောနှစ်နှစ်ခန့်ကသူနှင့်ရန်ကုန်မှာပြန်ဆုံကြခိုက်သူ့ခံတွင်းတစ်ခုလုံးကွမ်းသွေးတွေကွမ်းချေးတွေနှင့်မြင်မကောင်းအောင်ဖြစ်နေသဖြင့် “မင်းကွမ်းမပြတ်သေးဘူးလား” ဟုမေးဖြစ်သေး၏ ထိုအချိန်ကျွန်တော်ကွမ်းပြတ်သည်မှာ၁၅နှစ်ခန့်ရှိပြီ။ “မင်းရောဆေးလိပ်မပြတ်သေးဘူးလား” ဟုပြန်မေးသည်ကိုခံရ၏။ ထို့နောက်ကျွန်တော်တို့အတူတကွရယ်မောဖြစ်ကြလေသည်။ ထိုမှဆက်၍အတိတ်ကိုတူးဆွရင်း “မင်းရဲ့ပစ္စည်းမဲ့ဒေါသတွေရောဘယ်ရောက်ကုန်ပြီလဲ” ဟု ကျွန်တော်မေးသည်တွင် “ပြေးပြီကွ ပစ္စည်းမဲ့အကြောက်တရားတွေအာဏာထူထောင်လိုက်ကြလို့ဒင်းတို့နေစရာနေရာမရှိတော့ဘူး” ဟု ရယ်ရင်းဖြေသည်။ စိတ်ထင်လို့လားမသိသူရယ်ပုံမှာပြားသုံးဆယ်တန်လက်ဖက်ရည်ခေတ်ကလောက်အသက်မပါသလိုပင်။ ထားတော့။

ကျောင်းပြန်ဖွင့်သည့်အခါအရင်ကလိုနေ့စဉ်မဟုတ်သော်လည်း တစ်ပတ်နှစ်ခါလောက်တော့ ချယ်ရီမှာထိုင်ဖြစ်သည်။ (ခုအမြင်ဖြင့်) အရေမရအဖတ်မရတွေအကြားမှာ တကယ်အရေးပါသောကျောင်းစာတွေလည်း ဆွေးနွေးဖြစ်ကြသည်။ ကိုယ့်အိမ်ကိုယ့်ယာမှာစူးစူးစိုက်စိုက်ကျက်မှတ်သလောက်တာမသွားသော်လည်း ကျေနပ်ကြ၏။ ဆိုင်သိမ်းချိန်လူသူပြတ်သောလမ်းမပေါ်မှာသီချင်းတအေးအေးဖြင့်အိမ်ပြန်ကြသည့်အရသာကိုလည်း လက်ဖက်ရည်နှင့်တန်းတူတပ်မက်နေကြပြီ။ မိုးတစိမ့်စိမ့်ညများကိုလွန်မြောက်၍ ဆောင်းနှင်းမြူတို့ ဝေ့ဝဲစပြုသောအခါ ကျောင်းသင်္ခမ်းစာတွေအတော်အတန်ခရီးရောက်ကြပြီဖြစ်သလိုကျွန်တော်တို့၏ ချယ်ရီဝိုင်းမှာလည်းပို၍စိုပြေလာသလားထင်ရသည်။ ပျော်ပွဲရွှင်ပွဲတွေဟိုနေရာသည်နေရာဆိုသလိုရောက်လာကြသည်မို့ပင်။

သီတင်းကျွတ်မီးထွန်းပွဲတော်မှစတင်သော ရိုးရာအပျော်အပါးသည် တန်ဆောင်တိုင် ခရစ်စမတ် လွတ်လပ်ရေး ပြည်ထောင်စု ပွဲတော်များသို့ လက်ဆင့်ကမ်းဖြတ်သန်းလာပြီးနောက် သင်္ကြန်တွင်မှမီးရော ယမ်းရောကုန်လေ့ရှိလေရာ ကျွန်တော်တို့လိုမရေမရာကျောင်းသားတွေအဖို့ မတ်လစာမေးပွဲရာသီခမျာစာသူငယ်ကြား ဠင်းတနားဆိုသကဲ့သို့ မအပ်မရာရွံရမလိုကြောက်ရမလိုဖြစ်နေလေတော့၏။ စာတွေကလည်းရသလိုလိုမရသလို ပျော်လို့ကလည်းဝသလိုလိုမဝသလိုလို၊ သည်ကြားထဲပွဲတွေကလည်းအမည်အမျိုးမျိုးတံဆိပ်အမျိုးမျိုး။ ရပ်ကွက်အတွင်းလမ်းအတွင်းရက်ရှည်ကျင်းပလေ့ရှိသည့် ရွှေပြားရွှေသင်္ကန်းရေစက်ချပွဲ၊ ဒုလ္လဘရဟန်းခံပွဲ။ ဆွမ်းသိမ်းပွဲ၊ ဗုဒ္ဓပူဇနိယပွဲတို့၏ ဧည့်ခံဖျော်ဖြေမှုအစီအစဉ်အရ နာမည်ကြီးအငြိမ့်များ၊ ရေဒီယိုအဆိုကျော်များ၏တေးဂီတ၊ အပျော်ထမ်းလူရွှင်တော်ကြီးလေးဦး (ဟိုတုန်းကလေးဦးပဲရှိသေးသည်) နှင့်တွဲဘက်၍ ယိုးဒယားပြန်အမာစိန်၏အငြိမ့်စသည့်ဗလာပွဲများကအပါတ်စဉ်လိုလိုရှိနေကြသည်။ ဒါနှင့်မှအားမရလျှင် (အားရပုံလည်းမပေါ်ကြ) ပဒုမ္မာကွင်းတွင်မိုးမကျမချင်းတန်းစီရုံဝင်လေ့ရှိသော ဇာတ်သဘင်များရှိသေးသည်။ ငွေကုန်ကြေးကျခံ၍လည်းပျော်နိုင်သေးသည်။ သူ့ဝါသနာနှင့်သူ။

ကျွန်တော်တို့ဝါသနာကတော့ လက်ဖက်ရည်ဆိုင်ထိုင် လေကန်မပျက်ပွဲကြည့်လျက် စာကျက်ချင်သည့် ခွတီးခွကျ (အိမ်မှလူကြီးများတစ်ခါတစ်ခါမြည်တွန်တောက်တီးသလိုပြောရလျှင်ခွေးဖြစ်ချင်သည့်) ဝါသနာ။ စိတ်အလိုကိုမထိမ်းချုပ်နိုင်တာဖြစ်မည်။ ကိုယ့်ကိုကိုယ်အထင်ကြီးတာလည်းပါမည်။ သားရွှေအိုးထမ်းကိန်းကြုံစေမည်ဟုလည်း မနှိုင်းကောင်းနှိုင်းကောင်းနှိုင်းရင်း အချင်းချင်းလူမိုက်အားပေးလုပ်ကြသည်။ အချုပ်ဆိုရသော် ထိုနှစ်ဆယ်တန်း (အခြေခံပညာအထက်တန်း) ကို ကျွန်တော်တို့ သုံးယောက်စလုံး “ခ” စာရင်းဖြင့်သာအောင်ကြလေ၏။ အိမ်ချင်းမနီး၍ကျွန်တော်နှင့်ပန်းတနော်လမ်းသားတို့လက်ဖက်ရည်ဆိုင်ထိုင်တိုင်းပွဲကြည့်တိုင်းပါဝင်ခွင့်မရရှာသောထီးတန်းသားလည်း “ခ” စာရင်းဝင်ရသည်မှာ နောင်တွင်သိကျွမ်းသူအားလုံးက ကျွန်တော်တို့ကို “သုံးကိုယ်တစ်စိတ်” ဟုအနွတ္တသညာပြုစေသည့် အချက်တစ်ချက် ဖြစ်လာခဲ့လေသည်။

အမှန်တော့ထီးတန်းသားကလက်ဖက်ရည်မကြိုက်သလိုလက်ဖက်ရည်ဆိုင်ထိုင်ခြင်းကိုလည်းနှစ်ခြိုက်လှသူ မဟုတ်။ သူကစကားနည်းသူဖြစ်ခြင်းသည်လည်းတစ်ကြောင်းပါမည်။ အလျဉ်းသင့်၍ကျွန်တော်တို့နှင့် လက်ဖက်ရည်ဆိုင်လိုက်ထိုင်တိုင်း စကားဝိုင်းတွင်သူပါလေ့မရှိ။ စားစရာတခုခု ဥပမာ အာလူးကြော် တစ်ထုတ်ပြီးတစ်ထုတ်ဖေါက်ဝါးပြီး ကျွန်တော်တို့ငြင်းကြခုံကြသည်ကို နားထောင်နေတတ်သည်။ တခါတခါ လက်ဖက်ရည်ပင်မှာလေ့မရှိ။ ငါကအစားသမားကွဟုလည်းဂုဏ်ယူစွာထုတ်ဖေါ်ပြောလေ့ရှိသည်။ ထိုအစားသမားကနောင်သောအခါ ကြောက်ခမန်းလိလိအသောက်သမား (လက်ဖက်ရည်တော့မဟုတ်) ဖြစ်သွားခဲ့သည်မှာလည်းအမှတ်ထင်ထင်ပင်။

နောက်နှစ်မှာစာမေးပွဲအကုန်အောင်ကြသည်။ တက္ကသိုလ်ရောက်ကြသည်။ တစ်ယောက်တစ်ကျောင်းစီဖြစ်သွားသည့်တိုင် အရင်ထက်ပို၍တွဲဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင်ပိုထိုင်ဖြစ်ကြသည်။ ချယ်ရီပိတ်သွားသဖြင့် ဗားကရာလမ်းရှိ မိုးသို့ပြောင်းထိုင်ကြသည်။ နေ့ဘက်တွင် “ဦးချစ်”ဆိုင်အပါအဝင် ကျောင်းပရိဝုဏ်အတွင်းရှိ အလျဉ်းသင့်ရာဆိုင်တွေမှာဆုံကြပြီး ညနေပိုင်းညဦးပိုင်းရောက်သည်နှင့်မိုးမှာဆုံကြ၏။ တက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်နေကြပြီမို့ အိမ်၏အထိန်းအကျောင်းပို၍နည်းသွားသည်ကို အခွင့်ကောင်းယူခြင်းမဟုတ်သည့်တိုင် အိမ်ကိုအရင်ထက်ပို၍မကပ်ကြတော့။ တစ်ခါတစ်ခါ ညပင်ပြန်မအိပ်။ အိမ်တွေကလည်းတစ်ယောက်ယောက်၏အိမ်မှာရှိနေမည်ဟုသိသဖြင့် ထူးထူးထွေထွေမပူပင်ကြ။ ကျွန်တော်တို့မှာလည်းရှိရင်းသုံးယောက်အပြင် တက္ကသိုလ်ရောက်မှနောက်တိုးသူငယ်ချင်းသုံးယောက်စီထက်မပိုသည်ကို သူတို့သိကြစိတ်ချကြသည်။

ထိုအတွင်း လက်ဖက်ရည်တစ်ခွက်လည်းတစ်ကျပ်ဖြစ်သွားပြီ။ သည်တုန်းက လေးလေးနက်နက်မစဉ်းစားဖြစ်အောင်ဘဝကိုကျေနပ်နေမိခဲ့သည်လားတော့မပြောတတ်။ မျက်စေ့အောက်မှာပင် လက်ဖက်ရည်ဈေး တစ်မတ်ပြားသုံးဆယ်မှ တစ်ကျပ်ဖြစ်သွားခြင်း၊ အလုပ်သမားအရေးအခင်းကဲ့သို့သော ပန်းတနော်လမ်းသား၏စကားအရ အဖိနှိပ်ခံလူတန်းစားတို့၏အုံကြွမှုဖြစ်ခဲ့ခြင်း၊  ဦးသန့်၊ မှိုင်းရာပြည့်ကျောင်းသားအရေးအခင်းများ ဆက်တိုက်ဆိုသလိုပေါ်ပေါက်လာခြင်းနှင့် မရှေးမနှောင်းဆိုသလို ကျောင်းလခအဆောင်ကြေးတွေနှစ်ဆတိုးသွားခြင်းစသည်တို့မှာ တိုင်းပြည်ချွတ်ခြုံကျစပြုလာသည့်လက္ခဏာဖြစ်ကြောင်းမမြင်မိခဲ့။ ညံ့သည်ဟုပြောလျှင်ခံရုံသာရှိသည်။ အပြောလည်းခံခဲ့ရသည်။ ပြောသူကသူကောင့်သားပန်းတနော်လမ်းသား။ သူကထိုအချိန်မှာအတော်ကြီးတိုးတက်နေပြီး ယူဂျီဆိုလားဘာဆိုလားပင်ဖြစ်နေပြီ။ ဒါကိုသူပြော၍သိခြင်းမဟုတ်။ သူ့အမူအယာ၊ လှုပ်ရှားမှု၊ သူ့ထံဝင်ထွက်နေသူများ၏ ဟန်ပန်တို့ကြောင့် ခန့်မှန်းမိပြီးနောက် သူအဖမ်းခံရသည့်အခါမှသေချာပေါက်သိကြရခြင်း ဖြစ်လေသည်။

သူ့အိမ်ရောက်တိုင်းလိုလိုတွေ့လာရတတ်သော တစ်တိုင်းပြည်လုံးသူတို့လုပ်စာမကြာခင်ထိုင်စားရတော့မည့်အလားပြောပေါက်ဆိုပေါက်တွေမျက်နှာပေးတွေနှင့်ထိုတော်လှန်ရေးသမားဆိုသူတွေကို ကျွန်တော်ကြည့်မရတတ်။ သူတို့ကလည်းကျွန်တော့်ကိုကြည့်ရပုံမပေါ်။ ကျွန်တော်တို့ကို (တစ်ခါတစ်ခါထီးတန်းသားပါပါတတ်သည်) မြင်သည်နှင့်ပြောလက်စစကားတွေရပ်ပြီးမှင်သေသေလုပ်နေကြပုံကိုကခံပြင်းစရာဖြစ်နေသည်။ သို့နှင့် သူ့အိမ်ကိုပင်အရောက်အပေါက်နည်းသွားသည်။ သို့သော် လက်ဖက်ရည်ဆိုင်မှာတော့ဆုံကြစမြဲ။ တစ်ခါတစ်ခါပြင်းပြင်းထန်ထန်ငြင်းခုံရသည်မှလွဲ၍ကျွန်တော်တို့အကြားဘာမှမပြောင်းလဲ။ သူကကျွန်တော့်ကို ဓနရှင်ပေါက်စဟုခေါ်သည့်အခါခေါ်၍ ပညာတတ်ညဉ်ရှိသူဟု သူပြောတာလက်မခံသည့်အတွက်စွပ်စွဲသည့်အခါစွပ်စွဲသည်။

ပညာတတ်ညဉ်ရှိချင်လို့ပညာသင်နေတာပေါ့ကွ မင်းတို့လိုသူများချေးပုံခွထိုင်ဖို့ ပညာသင်နေတာမဟုတ်ဖူးဟု သူ့အိပ်ထဲအမြဲလိုလိုတွေ့ရတတ်သည့် မော်စီတုံးအတွေးအခေါ်စာအုပ်ငယ်လေးကို လက်ညှိုးထိုးပြရင်း ကျွန်တော်ကပြန်ပက်တတ်သည်။ နောက်ပိုင်း သူ့ရဲဘော်ဆိုသူတွေအဝင်အထွက်နည်းသွားသည့်အခါ (ကိုယ်ရောင်ဖျောက်သည်ဆို၏) ကျွန်တော်တို့သူ့အိမ်ဘက်ပြန်လှည့်ကြသည်။ ကိုယ်ရောင်ဘဲဖျောက်ဖျောက် ထွက်ရပ်ပဲပေါက်ပေါက် ကျွန်တော်(တို့)အတွက်တော့မျက်စေ့နားနောက်သက်သာသည်မှာအမှန်။ (စကားချပ်။ ထိုမြေရှိုးမိုးပျံဂိုဏ်းသားများထဲမှတစ်ဦးအား နဝတခေတ်တွင်အစိုးရနှင့်အလွမ်းသင့်ကြီးပွားနေသော ဆောက်လုပ်ရေးကန်ထရိုက်တာအဖြစ် မြင်လိုက်ရဖူးသည်)။ သို့နှင့် ယခင်ကတင်ပြခဲ့သလို ပန်းတနော်လမ်းသားအိမ်၌ “အဉ္ဇလီ” စာအုပ်အငှါးဆိုင်ဖြစ်တည်ခဲ့ရလေသည်။

ပန်းတနော်လမ်းသား နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှကာကွယ်သည့်ဥပဒေဖြင့်ထောင်လေးနှစ်ကျခံရပြီးပြန်လွတ်လာချိန်တွင် အပြင်၌ကျန်သောကျွန်တော်တို့အားလုံးကျောင်းပြီး (ဘွဲ့ရ) ကုန်ကြပြီ။ ထီးတန်းသားကသိမ်ကြီးဈေးစီရုံ၌ အဒေါ်များနှင့်အတူဆေးရောင်းသည်။ ကျွန်တော်က သူငယ်ချင်းတစ်ဦး၏မိဘများအကူအညီဖြင့် မီးရထားဘက်မှာအလုပ်ဝင်သည်။ ထောင်ကထွက်ပြီး ကျောင်းပြန်တက်ခွင့်မရသောပန်းတနော်လမ်းသား လှည်းတန်းဘက်မှာပလက်ဖေါင်းဈေးသည်အဖြစ်စာအုပ်ရောင်းသည်။ နောက်တော့ကျွန်တော့်ကိုကူညီခဲ့သောသူငယ်ချင်း (သူ့သူငယ်ချင်းလည်းဖြစ်သည်) ၏ အကူအညီနှင့်မီးရထားဘက်မှာပင်အလုပ်ဝင်သည်။ သူ့ထံမှကြားနေကျလူတန်းစားပြဿနာတို့အစွန်းထွက်တန်ဖိုးတို့မကြားရတော့သည်မှာဟာတာတာဖြစ်နေ၏။ သို့သော် သူကအလုပ်မြဲသလိုအထက်လူအောက်လူတို့နှင့် လိုက်လျောညီထွေနေနိုင်စွမ်းကျွန်တော့်ထက်များစွာပိုသည်။ စံနစ်အမှားခေတ်အမှားအပေါ် ကျွန်တော့်ထက်များစွာပို၍သီးခံနိုင်စွမ်းရှိသူလည်းဖြစ်သည်။ ထိုတစ်ချက်တည်းနှင့်ပင်ကျွန်တော်မီးရထားမှထွက်၍ အခြားဌာနတစ်ခုနှစ်ခုသို့ပြောင်းဖြစ်သည့်တိုင်သူမီးရထားမှာပင်မြဲ၍ကျန်ရစ်သည်။ လက်ဖက်ရည်ဆိုင်တော့အတူထိုင်ကြမြဲ။

မိုး မရှိတော့။ မိုးနေရာမှာကိုးသိန်းဝင်လာသည်။ ကျွန်တော်တို့ကိုးသိန်းမှာပင်ဆက်ထိုင်ဖြစ်ကြသည်။ စနေတနင်္ဂနွေလို ညတွေလ္ဘက်ရည်ဆိုင်ကအပြန် ထီးတန်းသားအိမ်သို့လိုက်၍ညအိပ်ကြသည်။ ဆိုင်ကလက်စမသတ်နိုင်ခဲ့သောစကားတွေညဉ့်နက်သန်းကောင်ဆက်ပြောကြ၏။ ကိုယ့်ကိုကိုယ်သတိမပြုမိသော်လည်း အရွယ်လေးတွေရလာကြပြီ။ တစ်ရက် ကိုးသိန်းမှာထိုင်နေကြတုန်း အကိုလိုခင်မင်သူတစ်ဦးနှင့်ဆုံသဖြင့် နုတ်ဆက်စကားဆိုဖြစ်ကြသည်။ သူကရှမ်းလမ်းတွင်နေကာဗားကရာလမ်းအတိုင်း မြေနီကုန်းဖက်သို့ညဦးပိုင်းလမ်းလျှောက်လေ့ရှိသဖြင့် ကျွန်တော်တို့ နိစ္စဓူဝကိုးသိန်းမှာရှိတတ်သည်ကိုသိနေသည်။ “ညီလေးတို့လဲ မင်းတို့ရဲ့ဘဝတွေကိုကိုးသိန်းမှာပဲမြှုပ်နှံထားကြတော့မှာလားကွာ” ဟု အိမ်ထောင်သည်ထိုအစ်ကိုကြီးကမချင့်မရဲပြောသည်။ ထိုစကားအမှတ်တရဖြစ်ခဲ့သော်လည်း ကျွန်တော်တို့၏ဘဝကိုကိုးသိန်းမှလွဲ၍မြှုပ်နှံစရာမမြင်ကြသေးသည်မှာအမှန်ပင်ဖြစ်လေသည်။ သို့သော် ဘဝဆိုသည်မှာလည်းကြိုတင်တွက်ဆ၍ရကောင်းသည်မဟုတ်။

များမကြာမီ ပန်းတနော်လမ်းသားမိတ္ထီလာသို့လုပ်ငန်းခွင်သင်တန်းတက်ရန်သွားရသည်။ သင်တန်းပြီးသောအခါပြွန်တံဆာမှာတာဝန်ကျသည်။ ကျွန်တော်လည်းမြေလတ်ပိုင်းရေနံမြေတစ်ခုမှာအလုပ်ဝင်ဖြစ်သည်။ ထီးတန်းသားတစ်ဦးသာရန်ကုန်မှာကျန်ရစ်၏။ ထိုအချိန် လက်ဖက်ရည်တစ်ခွက်နှစ်ကျပ်။ တစ်နှစ်အကြာနောက်အလုပ်တခုဖြင့်ကျွန်တော်ရန်ကုန်သို့ပြန်ရောက်တော့သုံးကျပ်။ ပန်းတနော်လမ်းသား သာစည်ကို‌ပြောင်းသွားပြီ။ ထီးတန်းသားနှင့်ကျွန်‌တော်သာတစ်မြို့တည်းကျန်သော်လည်းသိပ်တေ့မဆုံဖြစ်ကြ။ ထီးတန်းသားလက်ဖက်ရည်မကြိုက်ခြင်းသည်အကြောင်းရင်းတစ်ခု။ ပြီးတော့ သူလိုင်းပြောင်းသွားခြင်းကနောက်အကြောင်းတခု။ လက်ဖက်ရည်မကြိုက်ပါဘဲသူငယ်ချင်းတွေနှင့်ဆိုင်လိုက်ထိုင်လေ့ရှိသူထီးတန်းသားသည် သူငယ်ချင်းများအဝေးရောက်နေချိန်၌ တစ်ကိုယ်တော်သွားတတ်လာတတ်ဆိုင်ရှာပြီးသောက်တတ်နေပြီ။ လက်ဖက်ရည်တော့မဟုတ်။ ယမကာ သို့မဟုတ် ယစ်ရွှေရည် ခေါ် အရက်။

ပန်းတနော်လမ်းသား ရန်ကုန်ကိုဆင်းလာသည့်အခါများတွင် ထီးတန်းသားဦးဆောင်ရာသို့လိုက်ပြီး သူက အစားနှင့်အသောက် ကျွန်တော်တို့ကအစားသက်သက်ဖြင့်ဆုံဖြစ်ကြသည်။ သို့ရာတွင် သူလစ်သည်နှင့် ကျွန်တော်နှင့်ပန်းတနော်လမ်းသားတို့နှစ်ဦးသားကိုးသိန်းသို့ပြေးဖြစ်ကြမြဲ။  နောက်ပိုင်း အလုပ်တာဝန်တွေကြောင့်သူရန်ကုန်သို့သိပ်မဆင်းနိုင်။ ကျွန်တော်လည်းကိုးသိန်းဘက်သိပ်မလှည့်ဖြစ်တော့။ ထီးတန်းသားကမူ သူ့နည်းသူ့ဟန်သူနှစ်သက်ရာဆိုင်တွေမှာ ကျွန်တော်တို့မပါဘဲလှည့်နေဆဲ။ စကားနည်းသောသူမူးမူးနှင့်အိမ်တိုင်ယာရောက်လာပြီးအပ်ကြောင်းထပ်အောင်ရစ်သည်ကိုကြုံရတတ်သည်ကလွဲ၍သူနှင့်လည်းသိပ်မဆုံဖြစ်။ ကျန်းမာရေးကြောင့် (အစာအိမ်သွေးကြောပေါက်ကာသေလုမျောပါးဖြစ်ခဲ့သည်)  သူအရက်ဖြတ်ပြီးမကြာမီ မလေးရှားသို့ထွက်သွားသောအခါရန်ကုန်မှာကျွန်တော်တယောက်သာကျန်သည်။ သူငယ်ချင်းတွေနှင့်ဝေးသလိုလက်ဖက်ရည်ဆိုင်နှင့်လည်းဝေးခဲ့ပြီ။ ထိုအခါမှ တကယ်တန်းဆယ်နှစ်ဆယ်မိုးကျွန်တော်စွဲလမ်းခဲ့သည်မှာလက်ဖက်ရည်မဟုတ်ဘဲသူငယ်ချင်းများနှင့်အတူထိုင်နေကျလက်ဖက်ရည်ဆိုင်သာဖြစ်ကြောင်း နားလည်လိုက်လေသည်။

သည့်နောက်ပိုင်းလက်ဖက်ရည်ဆိုင်မထိုင်ဘူးတော့မဟုတ်။ ကျွန်တော်အလုပ်လုပ်ရာဌာနရုံးချုပ်က ပန်းဆိုးတန်းမှာရှိသည်မို့ ရုံးချုပ်ရောက်ခိုက်ကြုံလျှင်ကြုံသလိုလုပ်ဖေါ်ကိုင်ဖက် တစ်ဦးတလေနှင့်ရုံးဆင်းချိန် လက်ဖက်ရည်ဆိုင်ထိုင်ရင်းစကားစမြည်ပြောကြတာမျိုးရှိသည်။ သိုသော် ဘတ်စကားကျပ်ချိန်ကို ရှောင်လွှဲနှိုင်ရုံမျှထက်မပို။ တစ်ခါတစ်ခါ လူပိုစုံပြီးသဘောညီကြလျှင်သို့မဟုတ် ဒကာပေါ်လျှင်စားသောက်ဆိုင် တစ်ခုခုသို့ယွန်းဖြစ်ကြသည်လည်းရှိသည်။ ဆိုလိုသည်မှာလက်ဖက်ရည်ဆိုင်ကို ခရီးသွားဟန်လွှဲသဘောမျိုးထားလာတတ်ခြင်းဖြစ်သည်။ ဘဝမှာလက်ဖက်ရည်ဆိုင်ထက်ပို၍မြှုပ်နှံစရာတွေရှိလာသောကြောင့်ဖြစ်မည်လားမသိ။ အိမ်ထောင်သည်ဘဝရောက်ပြီးသားသမီးတွေပွားစည်းလာတော့ပိုသိသာသည်။ သည်ကြားထဲတစ်နေ့တခြားလှော်ရင်းကနစ်နစ်လာသောဝန်ထမ်းဘဝနုံခြာမှုတွေက ကျွန်တော်နှင့်လက်ဖက်ရည်ဆိုင်တို့ကို သူစိမ်းပြင်ပြင်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးနေကြသလားအောင်းမေ့ရသည်။ ဈေးတွေကလည်း လက်ဖက်ရည်တစ်ခွက် သုံးကျပ်ငါးကျပ်မှသည်သုံးဆယ်မျိုးငါးဆယ်မျိုးဖြစ်လာနေကြပြီ။ နောက်ပိုင်းရာဂဏန်းအောက်ကိုပင်မဆင်းတော့။ သည့်အပြင် လက်ဖက်ရည်ဆိုင်နှင့်နင်နေတော့ငါသွားတော့ဖြစ်ခဲ့ရလောက်သည့် နောက်တစ်ကြောင်းလည်းရှိသေးသည်။ နည်းနည်းတော့ကလေးကလားဆန်မည်လားမသိ။

ဆိုင်ထိုင်၍ လက်ဖက်ရည်တစ်ခွက်ဟုမှာလိုက်သည်နှင့် “ရိုးရိုးလား၊ရှယ်လား”ဟုအမေးခံရခြင်းဖြစ်၏။ ပထမ အနည်းငယ်“ကြောင်”သွားမိသေးသည်။ ထိုအချိန်အကြောင်းကြောင်းကြောင့် လက်ဖက်ရည်ဆိုင်နှင့်ဝေးနေသည်မှာအတန်ကြာခဲ့ပြီကိုး။ နောက်မှအတူပါလာသူ၏ပညာပေးမှုဖြင့် ရိုးရိုးဆိုသည်မှာချက်နို့ဆီဖြင့်ဖျော်သောသာမန်လက်ဖက်ရည်ဖြစ်ပြီး ရှယ်ဆိုသည်မှာဗူးနို့ဆီ(စည်သွပ်ဗူးသွင်းနို့ဆီ)သုံး စပါယ်ရှယ်လက်ဖက်ရည် ဖြစ်ကြောင်းသိလိုက်ရသည်။ အကျရည်နှင့်သမအောင်မွှေဖို့ဇွန်းတစ်ချောင်းတပ်ပေးလိုက်ခြင်းဖြင့်ရှယ်ကိုသာမာန်နှင့်ကွဲပြားစေရန်စီမံထားသည်။ ငါ့နှယ်သောက်တောင်မသောက်ရသေး အဆင့်အတန်းခွဲခံနေရပါရောလားဟုတွေးဖြစ်အောင်တွေးလိုက်မိ၏။ သို့သော် ခေတ်ကိုကျွန်တော်လည်းမလွန်ဆန်သာ။ “ဒီကောင်ကနယ်နယ်ရရမဟုတ်ဘူးရှယ်ကွ၊ ဇွန်းလေးတပ်ပေးလိုက်” ဆိုသောခေတ်လူရွှင်တော်တဦး၏ ပျက်လုံးကိုကိုယ့်ဓာတ်ခံနှင့်ကိုယ်သဘောကျလွန်းသဖြင့် မျက်ရည်ထွက်အောင်ပင်ရယ်ခဲ့မိပါသည်။ နောက်ပိုင်းရှယ်သာမက စူပါတွေ၊ ရွိုင်ရယ်တွေ (ကိုယ်တိုင်ဖွင့်ဖေါက်ဖျော်သောက်ရသောအသင့်သုံးအထုပ်ငယ်များ) ပေါ်လာသောအခါတွင်မူ လက်ဖက်ရည်တခွက်နှင့်ခေါင်းရှုပ်လည်းမခံလိုတော့သောကြောင့် ဘယ်ဆိုင်မှမရောက်ဖြစ်တော့။ သူငယ်ချင်းတွေနှင့်အလှမ်းဝေးနေသည်မို့လည်း တနည်းအားဖြင့်အခန့်သင့်ဟုဆိုရမလိုပင်။

ထိုမှ ဘဝကြမ္မာစေစားရာဆိုသလိုသူငယ်ချင်းတွေနှင့်ရော လက်ဖက်ရည်ဆိုင်နှင့်ပါပို၍ဝေးစေမည့် ပြည်ပတစ်နေရာသို့ထွက်ခွာဖြစ်ခဲ့ပြန်သည်။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက်ရောက်ရှိနေထိုင်ကာ အသက်မွေးလျက်ရှိသော ထိုအရပ်၌ကမ္ဘာကျော်ကော်ဖီဆိုင်ကြီးများရှိသကဲ့သို့ ရွှေပြည်လွမ်းသမားများရသေ့စိတ်ဖြေဆိုသလို ဆုံစည်းကြရာမြန်မာလက်ဖက်ဆိုင်အချို့လည်းရှိကြပါ၏။ သို့သော် ဖြတ်သွားဖြတ်လာမှတစ်ပါးကျွန်တော်ထိုင်လေ့မရှိ။ ကော်ဖီဆိုင်ကြီးတွေကိုကျွန်တော်နှင့်အပ်စပ်သည်မထင်၍။ လက်ဖက်ရည်ဆိုင်ကျတော့ထိုင်မိလျှင်ပိုလွမ်းမည်ကိုယ့်ဝမ်းနာကိုယ်သိ၍။ မသွားဘဲမထိုင်ဘဲနှင့်တောင်မှခုလိုမျိုးလွမ်းနေတတ်သည်ကိုး။ စင်စစ် ကျွန်တော်ကား ရောက်သည့်အရပ်မှာပျော်အောင်မနေတတ်သူတည်း။