Friday, June 28, 2013

ကျွန်တော်နှင့် စာပေ


ဗြိတိသျှလူမျိုးစာရေးဆရာကြီး ဆမ်းမားဆက်မွန် (W. Somerset Maugham) ကသူ၏ Of Human Bondage စာအုပ်၌ “ရွက်ကြမ်းရေကြိုအနုပညာသမားဖြစ်ရတာလောက်အဖြစ်ဆိုးတာမရှိဘူး” ဟု ရေးသားသည်ကိုဖတ်ရဘူးသည်။ ထိုစာဖတ်စဉ်က ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝ။ အရွယ်ငယ်ငယ်၊ စိတ်နေမြင့်မြင့်၊ လေလုံးထွားထွား။ မြို့မကြည်ကြည်အေးသီချင်းထဲကလိုလောကကြီးကို ခါးစောင်း တင်မဲ့လူသား။ စာဆိုလည်းရေးလိုက်သည်၊ ကဗျာဆိုလည်းစပ်လိုက်သည်။ ပန်းချီဂီတဆိုလည်း လိုက်စားလိုက်သည်။ ဘာမျှတော့ဖြစ်မလာ။ အနုပညာနှင့်ပတ်သက်၍ရွက်ကြမ်းပင်ရေမကြိုနိုင်ခဲ့။ ဆမ်းမားဆက်မွန်ပြောသလိုမျိုးအဖြစ်ဆိုးရခြင်းနှင့်စာလျှင် ဖြစ်မလာခြင်းကတော်သေးသည်ဆိုနိုင်ငြား ဘာမှမဖြစ်ခြင်းထက် နည်းနည်းပါးပါးဖြစ်လာခြင်းကမကောင်းဘူးလားဟု မေးစရာဖြစ်နေခြင်းကိုလည်း ငြင်း၍မရ။

ကျွန်တော့်ဘဝဖြစ်လိုသည်ပေါင်းများစွာအနက်စာရေးဆရာဖြစ်လိုခြင်းမှာရှေးဦးပထမဟုပြောလျှင်ရလောက် သည်။ သည်အတွက်ငယ်ငယ်ရွယ်ရွယ်နှင့်ကွယ်လွန်ခဲ့သူ ဖခင်၏အခန်းကဏ္ဍကိုချန်လှပ်ထား၍မဖြစ်။ စာအလွန်ဖတ်သောဖခင်ကြောင့် ကလေးဘဝကပင်စာပေါင်းစုံနှင့်ကျွန်တော်ရင်းနှီးခဲ့ရသည်။ ရှုမဝ မြဝတီ သွေးသောက် စသော မဂ္ဂဇင်းများမှသည် ရွှေဥဒေါင်း ဓူဝံ သာဓု မင်းရှင် ခင်နှင်းယု မိုးဝေ တို့၏ ဝတ္ထုများအထိ ဖတ်ရှုပြီးဉာဏ်မီသလောက်ခံစားခွင့်ရခဲ့သလို လယ်တီဆရာတော်၊ ကျီးသဲလေးထပ်ဆရာတော်၊ မင်းပူးဦးသြဘာသ စသောဆရာတော်ကြီးများ၏ ဗုဒ္ဓဝင်စာပေများကိုလည်း မြီးစမ်းခွင့်ရခဲ့သည်။ ဖေဖေ ဆုံးသောအခါ ကျန်ရစ်သောကျွန်းသေတ္တာကြီးသုံးလုံးအပြည့်စာအုပ်များမှာ ကျွန်တော်အမြတ်နိုးဆုံးအမွေဖြစ်ခဲ့ဘူးသည်။ ထားတော့။ ပြောလိုသည်ကလူလားမှမမြောက်သေးခင် မူလတန်းတန်းကျောင်းသားအရွယ်မှာပင် ထိုစာတွေဖတ်ရှုခဲ့ပြီးငါကြီးလာရင် ဒီလိုစာတွေရေးမယ်ဟုစိတ်ကြီးဝင်ခဲ့ခြင်းဖြစ်ပေသည်။ ဝင်လောက်စရာအကြောင်းတခုလည်းမှတ်မှတ်ရရ ရှိခဲ့ဖူးသည်။ ကျွန်တော်သုံးတန်း ဖေဖေမဆုံးခင်တစ်နှစ်အလိုကဖြစ်၏။

ထိုစဉ်ကကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မြို့လေးတမြို့မှာနေကြသည်။ ထိုစဉ်ကဟုပြောရသည်မှာကျွန်တော့် ဇာတိမြို့မဟုတ်ခြင်းနှင့် ထိုမြို့မှာကြာရှည်မနေခဲ့ကြခြင်းတို့ကြောင့်ဖြစ်၏။ ဖေဖေသာမဆုံးပါးခဲ့ဘူးဆိုလျှင် ထိုမှာအခြေချ နေထိုင်ဖြစ်နိုင်သည်။ ရန်ကုန်မှပြောင်းလာပြီးအထက်တန်းကျောင်းတစ်ကျောင်းနှင့် အလယ်တန်းကျောင်းတစ်ကျောင်းရှိသောထိုမြို့၏အလယ်တန်းကျောင်းမှာ ဒုတိယတန်းမှစ၍ ကျွန်တော်ကျောင်းတက်ရသည်။ ထိုကျောင်းနှင့်ပတ်သက်၍မမေ့နိုင်သောအချိန်များမှာဖွံ့ဖြိုးရေးအချိန်များဖြစ်ကြလေသည်။ ပန်းချီဆွဲရသည်၊ ကာယလေ့ကျင့်ခန်းလုပ်ရသည်။ ဖတ်စာအုပ်ထဲမှပုံပြင်များ (ဥပမာ ဗီလုံးငှက်မနှင့် ဆင်ဆိုးကြီး) ကိုအတန်းသူအတန်းသားတွေကိုယ်တိုင်အလှည့်ကျပါဝင်သရုပ်ဖေါ်ကြရသည်။ ကျောင်းနေပျော်၍ စာတော်ရမည်ဟူသော ပညာရေးရည်မှန်းချက်တွေကိုအကောင်အထည်ဖေါ်ခဲ့သောကာလတခု ထိုခေတ်က အနည်းဆုံးကျွန်တော့်အတွက်တကယ်တန်း ရှိခဲ့ဖူးသည်ဆိုလျှင်မမှားဟုထင်ပါ၏။

တတိယတန်းတစ်ရက်ဖွံ့ဖြိုးရေးအချိန်မှာ ဆရာမခွင့်ယူထားသဖြင့် ပန်းချီဆရာကအစားဝင်သင်သည်။ ဆရာက သူ့အချိန်မဟုတ်သောကြောင့် ပန်းချီမဆွဲစေဘဲစာစီစာကုံးရေးနည်းကိုသာလက်တန်းသင်ပေးပြီး အိမ်စာအဖြစ် သာယာသောညနေခင်းဟူသောခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ်ပေးသည်။ အချိန်ယူပြီးရေးကြရန်နှင့် နောက်တစ်ပတ်ဖွံ့ဖြိုးရေးအချိန်မတိုင်မီသူ့ထံတင်ရန်ကိုလည်း သေသေချာချာမှာသည်။ တစ်ပတ်လုံး ထိုစာစီစာကုံးကိစ္စကကျွန်တော့်ကိုဂဏာမငြိမ်လောက်အောင်စိတ်လှုပ်ရှားစေခဲ့၏။ စနေနေ့ညနေသို့ ရောက်သောအခါအိမ်ကိုခွင့်တောင်းပြီးမြို့မဈေးအနီးရှိသင်္ဘောဆိပ်ဘက်သို့ထွက်လာခဲ့သည်။ ကျွန်တော့်လက်တွင်းမှာ ဗလာစာအုပ်တစ်အုပ်နှင့်ခဲတံတစ်ချောင်း။ ဘယ်သူကမှမတိုက်တွန်းပါဘဲအရွယ်နှင့်မလိုက် (ခုပြန်စဉ်းစားရင်း ရယ်ချင်သည်) ဟန်ကြီးပန်ကြီးလုပ်၍ထွက်လာခဲ့သော်လည်းထိုနေရာမျိုးသွားပြီး စာစီစာကုံးကိုဘယ်ကစ၍ဘယ်လိုရေးရမည်သိသည်မဟုတ်။ ဆိပ်ကမ်းမှာပျားပန်းခတ်နှယ်လှုပ်ရှားနေကြသော ခရီးသည်၊ ဈေးသည်၊ ကုန်တင်ကုန်ချလုပ်သားများနှင့် ဥဒဟိုဆိုက်ကပ်ထွက်ခွာနေကြသောလှေသမ္ဗာန် စက်တပ် ရေယာဉ်များအား တံတားပေါ်ထိုင်ရင်း ငေးမောနေသည်ကိုတော့ အမှတ်ရနေသည်။ ပြီးတော့ မြစ်တွင်းမှ ကူးတို့သမ္ဗာန်များတံငါလှေများ ရွက်လှေကြီးများ။ တဘက်ကမ်းရှိကူးတို့ဆိပ်များ၊ မီးခိုးတလူလူ ဆန်စက် ခေါင်းတိုင်များ။ ထိုမှ မြစ်ပြင်ထက်မိုးကောင်းကင်၌အုပ်စုဖွဲ့၍ပျံသန်းလာကြသော အိပ်တန်းတက်မည့်ငှက်မျိုးစုံ။ စာအုပ်ယူလာပြီးစာတစ်ကြောင်းမှမရေးဖြစ်ဘဲညနေခင်းမြင်ကွင်းမျာ၌သာကျွန်တော်မိန်းမောနေခဲ့လေသည်။ သို့ရာတွင် စာစီစာကုံးကိုထိုညတွင်အပြီးရေးပြီး နောက်တစ်နေ့ဆရာ့ထံတင်လိုက်နိုင်ခဲ့လေသည်။

ဖွံ့ဖြိုးရေးအချိန်တွင် ဆရာကတစ်ဦးချင်းစီအမည်ခေါ်၍ အမှတ်ခြစ်ပြီးသားစာစီစာကုံးစာရွက်တွေပြန်ပေး သည်။ ကျွန်တော့်အလှည့်ရောက်သောအခါစာရွက်ကိုပေးရင်းတတန်းလုံးကြားအောင်ဖတ်ပြဘို့ပြောသည်။ ပြီးသောအခါ ကျွန်တော့်စာစီစာကုံးမှာထိုခေါင်းစဉ်အတွက်အကောင်းဆုံးဖြစ်ကြောင်းချီးမွမ်းသည်။ ဆက်ကြိုးစားဖို့ကျွန်တော့်ကိုပြောသည်။ ကျွန်တော့်အတွက် မျက်နှာဘယ်လိုထားရမှန်းမသိဘူးဆိုသောစကားကို  ကောင်းစွာနားလည်သောနေ့ဖြစ်ခဲ့လေသည်။ ဆက်ကြိုးစားပါဆိုသောဆရာ့စကားက ကျွန်တော့်ကိုအိပ်မက်တွေတစ်သီကြီးပေးအပ်ခဲ့ပြီး ငယ်ဘဝ၏အလှပဆုံးအိပ်မက်များလည်းဖြစ်ခဲ့ကြပါ၏။ ထိုအိပ်မက်များ ကြာရှည်စွာမက်ခွင့်မရခဲ့ခြင်းနှင့်မထင်မှတ်သောအပြောင်းအလဲများအကြားခါးသီးစွာနိုးထခဲ့ရခြင်းမှာမူ ကျွန်တော့်ဘဝပေးသာဖြစ်ပေလိမ့်မည်။

နောက်တနှစ် (လေးတန်းနှစ်) ကျောင်းဖွင့်စမှာ ကျွန်တော့်ဖခင်နာမကျန်းဖြစ်သဖြင့်ရန်ကုန်သို့သွားရောက် ဆေးကုသမှုခံယူသည်။ ရောဂါမသက်သာသဖြင့်မိသားစုအားလုံးလိုက်သွားကြရ ပြီးနောက်နှစ်လကျော် အကြာမှာဖခင်ဆုံးသည်။ နာရေးကိစ္စပြီးပြတ်၍ပြန်ကြသောအခါ သီတင်းကျွတ်ကျောင်းပိတ်ရက်ပင်ကုန်ဆုံးလုပြီ။ ကျောင်းမှငဲ့ညှာမှုကြောင့်ကျန်နှစ်ဝက်ကိုဆက်တက်ခွင့်ရခဲ့သလို နဂိုစာတော်သူစာရင်းဝင်မို့ ထိုနှစ်စာမေးပွဲကို အခက်အခဲမရှိဘဲကျွန်တော်အောင်မြင်ခဲ့သည်။ သို့ရာတွင် အိမ်ထောင်ဦးစီးမရှိသောမိသားစု တစ်ရပ်တကျေးမှာ ဘဝရပ်တည်ရေးခက်ခဲသည်ကြောင့် နောက်ထပ်တစ်နှစ်ခွဲအကြာမှာ ထိုမြို့ငယ်ကလေးကို စွန့်ခွာပြီး ရန်ကုန်သို့ပြောင်းရွှေ့ကြရသည်။ အမေကကျွန်တော်တွယ်တာသော အဖေ့စာအုပ်သေတ္တာကြီးများကိုမသယ်တော့ဘဲ ကိုးကွယ်ရာဘုန်းကြီးကျောင်းသို့လှူခဲ့ရန်လက်တွေ့ကျကျ ဆုံးဖြတ်ခဲ့လေသည်။ ကျွန်တော်ကရောဘာများတတ်နိုင်ပါဦးမည်နည်း။ ရန်ကုန်တွင်ကျောင်းဆက်နေခွင့်ရသေးသဖြင့် (မောင်နှမ အားလုံးကို ကျောင်းမထားနိုင်တော့) စာသင်ခန်းနှင့်မဝေးခဲ့စေကာမူစာပေနှင့်ပတ်သက်သောအစောဆုံး အတွေးအိပ်မက်မျှော်လင့်ချက်တို့ ဤသို့လျှင်မဖူးခင်ကြွေခဲ့ကြရပါ၏။

ကျွန်တော့်အတွက်အဖေ့အမွေဟူ၍စာဖတ်ဝါသနာတစ်ခုတော့ကျန်သေးသည်။ ဖခင်၏စာအုပ်ပုံကြီးနှင့်ဝေးရ သဖြင့်သူရွေးချယ်စုဆောင်းခဲ့သောစာကောင်းစာခန့်များမဖတ်ဖြစ်တော့စေကာမူစာမျိုးစုံ လက်လှမ်းမီသမျှ၊ အခွင့်ရသမျှတော့ဖတ်ရှုဖြစ်သည်။ လက်လှမ်းမီသည့်အများစုမှာဝတ္ထုများသာဖြစ်ခဲ့၏။ ထိုစဉ်ကစာအုပ်အငှါးဆိုင်တွေခေတ်မစားသေး။ စာအုပ်ဟောင်းတွေသက်သက်သာသာဝယ်၍ရသေးသည်။ အထူးသဖြင့်ဝတ္ထုတွေက အမျိုးအမည်စုံသလောက်ဈေးချိုသည်။ စာရေးဆရာစုံသလိုအကြောင်းအရာကလည်းစုံသည်။ မြင့်ကျော်၊ မြင့်နီ၊ ကရမက်တို့၏ အလွမ်းဝတ္ထုများ၊ ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ၏ တောလိုက်မုဆိုးဝတ္ထုများ၊ မိုးဝေ ၏စုံထောက်ဇာတ်လမ်းများ၊ ကြပ်ကလေး၊ ဇင်အောင်၊ ကြူမွှေး တို့၏ ဟာသ၊ ဓူဝံ၏ရာဇဝင်နောက်ခံ လူစွမ်းကောင်း၊ ပြောရလျှင်အစုံဖတ်ဖြစ်သည်။ စာဖတ်သက်နှင့်အရွယ်ကလေးရလာသောအခါ ဇာတ်လမ်းသာမကအတွေးအခေါ်၊ ခေတ်နှင့်ဘဝသရုပ်ဖေါ်စာများကိုပါ နှစ်ချိုက်ရွေးချယ်ဖတ်ရှုတတ် လာသည်။ ကျော်အောင်၏အရေးကြီးပြီသွေးစည်းကြစို့၊ မင်းကျော်၏ငါတို့ခေတ်နှင့်အပြိုင်၊ နတ်နွယ်၏မြန်မာပြည်မြောက်ပိုင်း၊ မောင်သာရ၏ ကျဉ်တုတ်ခံဝံ့မခံဝံ့၊ မြသန်းတင့်၏ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်၊ အောင်ကျော်စည်၏ ခင်ဗျားတို့ကို စိန်ခေါ်တယ်စသည်ဖြင့်။

အခြားကျွန်တော်နှစ်ခြိုက်စွာဖတ်ရှုခဲ့သည်များမှာတက္ကသိုလ်နောက်ခံဝတ္ထုများဖြစ်ကြ၏။ အောင်ပြည့်၏ ပြိုမှာလေလားမိုးရဲ့၊ တက္ကသိုလ်ခင်မောင်အေး၏သည်မိုးမှောင်တုံးမောင်ပုံးပါရစေ၊ တက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား၊ အောင်ကျော်စည်၏အဓိပတိလမ်း၊ မောင်သာရ၏သူ့အရင်ကတယောက် သူကတစ်ယောက်။ ထိုအချိန်ကအနုအလှစာပေနှင့်ဘဝသရုပ်ဖေါ်စာပေတို့ တိုက်ပွဲပြင်းထန်ချိန်။ တိုက်ပွဲဆိုသော်ငြား ကျွန်တော်မှတ်မိသလောက် ဘဝဆရာများကအနုအလှဆရာများကို ပြင်းပြင်းထန်ထန်ဝေဖန်သံတွေညံသည့် ကာလဟုပြော၍ ရမည်ထင်သည်။  စာပေဝါသနာရှင်လူငယ်ထုအတွင်းမှာ ထိုဂယက်အတော်ပင်ရိုက်ခတ်ခဲ့ပြီး အနုအလှစာအုပ်သမားဟု အထင်ခံရမှာစိုးသူများပင်ရှိခဲ့ဘူးသည်။ ကျွန်တော်နှင့်ပန်းတနော်လမ်းသားတို့ ထိုကိစ္စအငြင်းအခုံဖြစ်ဘူးသည်ကိုအမှတ်ရနေသည်။ သူကဘဝသရုပ်ဖေါ်စာပေမှာထမင်းနှင့်တူပြီး အနုအလှစာပေများမှာမုံ့ပဲသွားရည်စာမျှသာဖြစ်သည်။ ထမင်းသာလျှင်လူတယောက်အတွက်လုံလောက်သော အာဟာရပေးနိုင်မည်၊ သွားရည်စာကို အားထားလျှင်  အာဟာရချို့တဲ့ပြီးအခန့်မသင့်ပါက ရောဂါပင်ရနိုင်မည် စသည်ဖြင့် ကျွန်တော့်ကိုပညာပေးသည်။ ကျွန်တော်ကအာဟာရအတွက်ထမင်းလိုအပ်သလို ရသကိုးပါးအတွက်သွားရည်စာလည်းလိုအပ်သည် ချင့်ချိန်မှုသာအခရာဖြစ်သည်ဟု စောဒကတက်သည်။ သူ့ကိုနိုင်အောင်မပြောနိုင်သည့်အခါများ၌ ဟေ့ ကိုယ်ခံတွင်းတွေ့သလို စားချင်တာစားချင်သလောက်စားမယ် မင်းအပူမပါဘူး ဟု လူမိုက်စကားပြောပြီး တဘက်သတ်ပွဲရပ်ပစ်ခဲ့သည်လည်းရှိဘူးသည်။

ဘဝနှင့်ကင်းကွာလွန်းသည်ဆိုသောထိုစာပေတို့၏ပရိဿတ်ကလည်း ကျွန်တော်အပါအဝင်မနည်းလှ။ ကျွန်တော်တစ်ဦးတည်းအတွေ့အကြုံအရမူ ထိုစာပေများသည်ဆရာတွေဝေဖန်သလောက် အနုတ်လက္ခဏာချည့်ပြသည်တော့မဟုတ်ခဲ့။ ပြောရလျှင်ဘဝကိုတည့်မတ်ထိန်းကျောင်းသောခွန်အားမျိုးပင်ပေးစွမ်းနိုင်ခဲ့သည်။ ဥပမာ ကျွန်တော်စွဲလမ်းခဲ့ဘူးသောဝတ္ထုများထဲတွင်တက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား ပါဝင်သည်။ ထိုဝတ္ထုမှာထိုအချိန်က ဝေဖန်(ထိုးနှက်)ခံရသော ဝတ္ထုတွေထဲမှာအပါအဝင်ဖြစ်ခဲ့သည်။ သို့ရာတွင် တပြည်သူမရွှေထားထဲမှ မြတ်ဆွေသည် ကျွန်တော်ရင်းနှီးစွာလေးစားအားကျရသောဘဝနမူနာ (Role Model) ဖြစ်ခဲ့သလိုဆင်းဆင်းရဲရဲနှင့်ဘဝတက်လမ်းရှာဖွေရာ၌အထိန်းအကျောင်း(Mentor)လည်းဖြစ်ခဲ့လေ၏။  ရင်းနှီးစွာဟုဆိုရခြင်းမှာ ခေတ်ချင်းမတူကြသော်လည်း (သူကစစ်ကြိုခေတ်ကျွန်တော်ကတော်လှန်ရေးကောင်စီခေတ်) မြတ်ဆွေနှင့်ကျွန်တော်ဆင်းရဲတာချင်းတူသလို သတင်းစာပို့ရင်းကျောင်းတက်ရတာခြင်းလည်းတူနေသောကြောင့်ဖြစ်သည်။ ရန်ကုန်သို့ပြန်ပြောင်းလာကတည်းက  မိသားစုရပ်တည်ရေးအတွက် တပိုင်တနိုင်အလုပ်လုပ်ကြရရာ ကျွန်တော်ကမနက်ပိုင်းသတင်းစာပို့နေ့လည်ပိုင်းကျောင်းတက်ခဲ့ရသည်။

မြတ်ဆွေကဲ့သို့ “ထား” နှင့်မဆုံခဲ့ရစေကာမူ၊ သူ့လိုအဆင့်မြင့်အရာရှိကြီးမဖြစ်ခဲ့ရစေကာမူ (ကျွန်တော်တောင့်တမိခဲ့ဘူးသည်တော့အမှန်)၊ သူ့လိုပီယာနိုမတီးနိုင်ခဲ့စေကာမူ (မယ်ဒလင်တော့တတ်နိုင်၍တီးခဲ့ဖူးသည် သို့သော် ဖြစ်ဖြစ်မြောက်မြောက်မဟုတ်)၊ သူ့လိုဂေါက်မရိုက်နိုင်ခဲ့စေကာမူ (အားကျမှုတွေထဲမှာ ဒါတော့မပါ)၊ ဆင်းရဲသော်လည်းစိတ်ဓါတ်အောက်တန်းမကျအောင်ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ခဲ့ခြင်း၊ ဘဝကို ပညာဖြင့်ရပ်တည်ဖြတ်သန်းနိုင်အောင်ကြိုးပန်းဖြစ်ခဲ့ခြင်း၊ ယမုန်နာလို၊ မြတ်နိုးသူလိုဂီတတွေအပေါ် ခုံမင်နှစ်သက်ခံစားတတ်ခဲ့ခြင်းတို့အတွက် မြတ်ဆွေနှင့်တပြည်သူမရွှေထား၏ကျေးဇူးတွေကျွန်တော့်အပေါ် တင်ရှိခဲ့သည်မှာတော့အမှန်ပင်ဖြစ် လေသည်။ နောက်တခုအနေဖြင့်မြတ်ဆွေလိုကဗျာတွေစပ်စာတွေရေးခဲ့သည့်တိုင် သူ့လိုကျွန်တော်ကဗျာဆရာစာရေးဆရာဖြစ်မလာခဲ့။ ဤသည်မှာအားထုတ်ပုံကွာခြားသောကြောင့် ဖြစ်မည်။ ဖြတ်သန်းရသောခေတ်ချင်းမတူကြသည်လည်းအကြောင်းတစ်ခုဖြစ်နိုင်သည်။ ပြောလိုသည်မှာ စိတ်ကူးယဉ်စာပေဖြစ်ဖြစ်၊ ဘဝစာပေဖြစ်ဖြစ်စာဖတ်သူကိုအကြွင်းမဲ့အကျိုးမပြုသည့်တိုင် အကြွင်းမဲ့တော့ အကျိုးမယုတ်စေပါဟူ၍။ ခံယူကျင့်သုံးသည့်အပေါ်အထိုက်အလျှောက်မူတည်သည်တော့ရှိပေလိမ့်မည်။

စာဖတ်ခြင်းလေ့အထနှင့်အတူငယ်စဉ်ကတည်းကပြင်းပြခဲ့သောစာရေးခြင်းဝါသနာကြောင့် ကျောင်းသား ဘဝမှသည်လုပ်ငန်းခွင်အစောပိုင်းကာလအထိစာတိုပေစလေးများရေးသားရင်းစာပေနယ်တွင်းဝင်ရောက်နိုင်ရန်လည်း ကျွန်တော်ကြိုးစားဘူးသည်။ ကျောင်းနှစ်ပတ်လည်မဂ္ဂဇင်းအချို့တွင် တစ်ပုဒ်တလေဖေါ်ပြခံရဘူးသည်မှလွဲ၍မဖြစ်ထွန်းခဲ့။ မဖြစ်ထွန်းရခြင်းအကြောင်းရင်းကို ယ္ခုအချိန်မှာပြန်လည်သုံးသပ်ကြည့်တော့ အဓိကအားဖြင့်စိတ်ပျက်လွယ်ခြင်းတစ်နည်းအားဖြင့် ထိုက်သင့်သောဇွဲမရှိခြင်းများကိုမြင်လာရသည်။ ထိုအချက်ကိုမဂ္ဂဇင်းတစ်ခုသို့ ကြိုးစားပန်းစား စာမူတွေပို့နေရင်းရုတ်တရက်ရပ်ဆိုင်းသွားခြင်းက သက်သေခံနေသည်။ ကျွန်တော်၏စာပေနှင့်ပတ်သက်၍အားထုတ်မှုအပြီးအပိုင်ရပ်ဆိုင်းသွားခဲ့သည်မှာလည်း ထိုအချိန် ကတည်းကဖြစ်လေရာ ရွက်ကြမ်းရေကြိုအဆင့်သို့ပင် ကျွန်တော်မရောက်လိုက်။ ဆမ်းမားဆက်မွန်ကို ကိုးကားပြီး ဤသည်ပင်ခပ်ကောင်းကောင်းဟုအရှက်ပြေကျွန်တော်မပြောလို။ ကိုယ်တကယ်ရူးသွပ်ခဲ့ဖူးသော အရာမို့ နှမျောတသစိတ်ဖြင့်ကိုယ့်ကိုကိုယ် ပစ်တင်မဆုံး ဖြစ်ရတတ်သည်ကိုလည်းဝန်ခံရပေမည်။

ဘွဲ့ရပြီးနောက် ရန်ကုန်တဘက်ကမ်းရှိသင်္ဘောကျင်းတခုတွင် ကျွန်တော်အလုပ်ဝင်သည်။ မြို့တော်နှင့် မြစ်တစ်စင်းသာခြားသော်ငြားမိုင်ပေါင်းများစွာကွာဘိသကဲ့သို့အရာရာနွမ်းပါးနိမ့်ကျလှသောဒေသခံဝန်ထမ်းတို့၏ ဘဝများကိုနိစ္စဓူဝထိတွေ့စာနာခွင့်ရခဲ့သည်။ စာရေးဝါသနာနှင့်ထိုအတွေ့အကြုံများပေါင်းစပ်ကာ ဝထ္ထုတိုလေးများရေးဖြစ်သည်။ ရေးဖြစ်သမျှကိုလည်း ထိုစဉ်ကနာမည်ကြီးမဂ္ဂဇင်းတစ်စောင်သို့ပို့ဖြစ်ခဲ့သည်။ နှစ်လတစ်ကြိမ်ခန့်အလုပ်မှနေ့ဝက်ခွင့်ယူကာရန်ကုန်ဘက်သို့ကူး၍ ဆင်းဒဝစ်လမ်းရှိအဆိုပါမဂ္ဂဇင်းတိုက်သို့ ကိုယ်တိုင်သွားပြီးစာမူပို့ရင်းပယ်ထားပြီးစာမူများပြန်ယူသည်။ တစ်ပုဒ်တလေမှအရွေးမခံရသေးသော်လည်း အားလျော့သည်မရှိ။ ရေးမြဲပို့မြဲ။ ပြန်ယူလာသောစာမူများ၏ မျက်နှာစာမှစာတည်းလက်ရေးဖြစ်ပုံရသည့် “ပယ်ရန်”ဆိုသောမှတ်ချက်တိုလေးများမှာ ကျွန်တော့်အတွက်ကျောင်းသားဘဝတုံးကစာစီစာကုံးလေ့ကျင့် ခန်းစာရွက်များပေါ်မှ “ကြိုးစားပါ” သို့မဟုတ် “ဆက်ကြိုးစားပါ” ဆိုသောဆရာမ၏မှတ်ချက်ကဲ့သို့သောအဓိပ္ပါယ်ဖြင့်ကြိုးစားလိုစိတ်သာဖြစ်စေခဲ့လေ၏။

တစ်ကြိမ်မှာတော့ ပြန်ယူလာရသောစာမူနှစ်ပုဒ်စလုံးပေါ်မှာ “ပယ်ရန်” အပြင်အခြားမှတ်ချက်တစ်ခုကို ထူးထူးခြားခြားတွေ့ရလေသည်။ ယင်းမှာ “ကောင်းပါသည်၊ သို့သော်သုံးရန်မသင့်သေးပါ” ဆိုသော မှတ်ချက်ဖြစ်၏။  စာတည်းအဖွဲ့ဝင်တစ်ဦးဦးမှ စာတည်းချုပ်ထံတင်ပြသောမှတ်ချက်ဖြစ်နိုင်သည်။ ရှင်းသလိုလိုနှင့် မရှင်းလှသည်ကကောင်းပါလျက်ဘာကြောင့်မသုံးသင့်သေးရတာလဲဆိုသည်ပင်။ အမှန်တော့ မရှင်းသလိုလိုနှင့် ရှင်းပြီးသားဟု ပြောနိုင်မည်လားမသိ။ ကောင်းပါသည်ဆိုသောမှတ်ချက်ကရည်မှန်းချက်နှင့် ပိုမိုနီးကပ်လာသည့်သဘောယူသော်ရလောက်သည်။ ကျွန်တော့်အနေဖြင့်ရေးလက်စဆက်ရေးရုံ၊ ပို့လက်စဆက်ပို့ရုံသာ။ သို့ရာတွင် ယ္ခုပြန်စဉ်းစားရာ၌ပုံပန်းမပေါ်တော့သောအကြောင်းများစွာအောက်မှာ အရေးရောအပို့ပါမလုပ်ဖြစ်တော့။ များစွာယိုယွင်းနေပြီဖြစ်သောဝန်ထမ်းလောကမှာ လှော်ရင်းနစ်နေချိန်မို့လား၊ သို့တည်းမဟုတ် ဆေးမင်ရည်စုတ်ထိုးချက်မျက်နေသောကာလတခုကြောင့်လား၊ ဒါမှမဟုတ်ဆက်တိုက်ဆိုသလို ထန်သည်းလာကြသော တိုင်းပြည်၏အပြောင်းအလဲလှိုင်းတံပိုးတွေအကြား ရေမျောကမ်းတင်ကူးခတ်နေခဲ့ရသော ကျွန်တော့်ဘဝကြောင့်လား၊ အားလုံးဖြစ်နိုင်သည်။ သေချာသည်မှာစာပေနှင့်ပတ်သက်၍ ကျွန်တော်၏ ရည်မှန်းချက်သည် ဘဝ၏အခြားအခြားသောရည်မှန်းချက်များနည်းတူညိုသာညို၍မပြိုခဲ့။

တမြန်မနှစ်ရန်ကုန်ပြန်ရောက်ခိုက်မတွေ့တာကြာပြီဖြစ်သောအစ်မဝမ်းကွဲတစ်ဦးထံအလည်ရောက်ခဲ့သည်။ သူမကစက်မှုတက္ကသိုလ်မှာကတည်းက ပြင်ပမဂ္ဂဇင်းစာမျက်နှာများပေါ်အထိ ထင်ရှားခဲ့သောကဗျာဆရာမတစ်ဦးဖြစ်ပြီး ယ္ခုအငြိမ်းစားယူပြီးသည့်တိုင်အလျဉ်းသင့်သလိုကဗျာရေးဆဲကဗျာစာအုပ်ထုတ်ဆဲ။ မတွေ့တာကြာဆိုမွေးကတည်းကဟူသောပြက်လုံးထဲကလို သူမနှင့်ကျွန်တော်တွေ့ဖြစ်ဆုံဖြစ်သည်က ယ္ခုပါနှင့်မှနှစ်ကြိမ်သာရှိသေးသည်။ အစ်ကိုကြီး၏အိမ်သို့အလည်လာရင်းအမှတ်မထင်ဆုံကြခိုက် ငယ်စဉ်ကနေခဲ့ဖူးသောမြစ်ဝကျွန်းပေါ်မြို့လေးမှဆွေမျိုးရင်းခြာတစ်ဦးအဖြစ်မိတ်ဆက်သိကျွမ်းခဲ့ကြပြီးသည့်နောက်ပိုင်း ထပ်မံမတွေ့ဖြစ်ကြတော့။ ကျောင်းမှာကတည်းက အစ်မကဗျာရေးသည်ကိုသိထားကြောင်းနှင့်အစ်မ၏ကဗျာပရိဿတ်တဦးဖြစ်ကြောင်း ထိုစဉ်ကကျွန်တော်ထုတ်ဖေါ်ပြောဆိုခဲ့ဘူးသည်။ ယ္ခုလည်းမာကြောင်းသာကြောင်းသာမကကဗျာအကြောင်းစာအကြောင်းတွေပါပြောဖြစ်ရန်ရည်ရွယ်၍သွားရောက်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် “ငါ့မောင်ကစာအရေးကောင်းဘဲ” ဟုခရီးရောက်မဆိုက်ပြောလာသောအစ်မ၏စကားက ကျွန်တော့်ကိုအံ့သြစေခဲ့သည်။ ကျွန်တော်စာရေးဘို့ကြိုးစားခဲ့ဘူးကြောင်းတစ်လုံးတပါဒမျှ အစ်မကိုမပြောခဲ့မိ။ ကျွန်တော်တို့ချင်းအလ္လပသလ္လပအဖြစ်ပြောဘို့ရာပင်တစ်ခါမှမတိုက်ဆိုင်ခဲ့။ အစ်မမဆိုထားနှင့်သားသမီးတွေအပါအဝင်ကျွန်တော်၏မိသားစုဝင်များပင်ထိုအကြောင်းကိုဂဃနဏမသိရှိကြ။ ထို့ကြောင့်ပင် အစ်မ၏ စကား၌သူတို့တတွေပါအံ့သြကြခြင်းဖြစ်လေသည်။ ပြီးခဲ့သည့်နှစ် အစ်မတို့မြို့နယ်မဂ္ဂဇင်းမှ အမှတ်တရဆောင်းပါးတစ်ပုဒ်ကိုကို ကိုးကားပြောဆိုခြင်းဖြစ်ကြောင်းသိရသောအခါ ဒုတိယမ္ပိအံ့သြရပြန်၏။ ထိုမဂ္ဂဇင်းကို ကျွန်တော်မေ့သလောက်ရှိနေပြီ။ ဖြစ်ပုံမှာလွန်ခဲ့သောနှစ်နှစ်ခန့် အစ်မနှင့်တွေ့ဆုံသိကျွမ်းစ ကာလလောက်မှာပင် အစ်မတို့မြို့ (ကျွန်တော်၏ ကလေးဘဝစာပေအိပ်မက်တို့ဖြစ်တည်ပြယ်ပျောက်ခဲ့ရာမြို့) အထက်တန်းကျောင်း၏နှစ်တရာပြည့်အထိမ်းအမှတ်ပွဲတော်နှင့်အတူမဂ္ဂဇင်းထုတ်ဝေရန်စာမူများဖိတ်ခေါ်ကြောင်းသတင်းစာတွင်ပါလာသည်။ ကျွန်တော့်ဇာတိမြို့ကျွန်တော့်ကျောင်းမဟုတ်စေကာမူ ကျွန်တော့်ဘဝမှာအထင်ကရရှိလွန်းသောမြို့ဖြစ်သည်မို့ ပွဲတော်သို့မသွားနိုင်ခဲ့သော်ငြားစာမူတစ်ပုဒ်တော့ပို့ဖြစ်ခဲ့ပါသည်။

မရှေးမနှောင်းမှာပင်ကျွန်တော်ပြည်ပသို့ထွက်ခွာခဲ့ရပြန်ရာလွမ်းရေးထက်ဝမ်းရေးခက်သည့်ကာလများမှာ ထိုစာမူကိစ္စမေ့မေ့ပျောက်ပျာက်ဖြစ်ခဲ့ရပြန်သည်။ မြို့နှင့်ပတ်သက်၍ရေးခဲ့သော အမှတ်တရများစွာထဲမှာ ဆွေမျိုးရင်းခြာအစ်မတစ်ဦးနှင့်တက္ကသိုလ်တခုတည်းမှာအတူရှိနေခဲ့ကြပါလျက် မသိကျွမ်းခဲ့ကြဘဲ လုပ်ငန်းခွင်ဝင်ပင်စင်ယူချိန်အရောက်တွင်မှအမှတ်မထင်ဆုံပြီး ဆွေမျိုးစပ်ကြရသည့်အကြောင်းပါဝင်လေရာ ဆောင်းပါးရှင်ကျွန်တော်ဟု အစ်မအနေဖြင့်သေချာပေါက်သိစရာဖြစ်ခဲ့လေသည်။ ထိုနေ့က စိန်ကောင်းကျောက်ကောင်းအစ်မ၏ကဗျာတွေအကြောင်းထဲမှာ ကျွန်တော်မဖတ်ရသေးသော ထိုဆောင်းပါးအကြောင်းက ဆေးရိုးသည်ပမာကန့်လန့်ကန့်လန့်ပါရင်းစကားလက်စသတ်ခဲ့ရလေသည်။ သို့ရာတွင် ကျွန်တော့် အတွက်မဂ္ဂဇင်းရှာပုံတော်ဖွင့်သည့်အလုပ်က ကပ်လျက်ပါလာပြန်သည်။ အစ်မ၏စာအုပ်မှာအခြားတယောက် ကို ပေးလိုက်ရသဖြင့်မရှိတော့၊ မြို့နယ်အသင်းရုံးခန်းသို့ သွားပြန်တော့လည်းလက်ကျန်ပင်မရှိတော့။ ကျွန်တော့်အဖြစ်က လိပ်ဥပျောက်လို့လိပ်မရှာဆိုသောအဖြစ်မျိုး။ ပြန်ဖို့ရာအချိန်ကလည်းကပ်နေပြီ။

နောက်ဆုံးထိုမြို့သားနောက်တဦးဖြစ်သောကျောင်းနေဘက်သူငယ်ချင်းထံပြေးရလေ၏။ သူက စာပေဝါသနာရှင်စာအုပ်စုဆောင်းတတ်သူမို့ အဆင်ပြေလောက်မည်ထင်သည့်တိုင်သူ့မှာလည်းမရှိ။ စိတ်ချလက်ချပြန်ပါကွာငါရှာပြီးပို့ပေးလိုက်ပါ့မယ်ဟူသောစကားသာရပြီးပြန်ခဲ့ရ၏။  တကယ်လည်းမပျက်မကွက် ကျွန်တော့်ထံသို့သူပို့ပေးခဲ့ပါသည်။ စာအုပ်ရလာသောအခါမျက်နှာဖုံးအတွင်းစာမျက်နှာမှာ သူ့လက်ရေးဖြင့်ရေးထားသောမှတ်ချက်ကကျွန်တော့်ကိုပို၍စိတ်လှုပ်ရှားစေခဲ့လေသည်။ “စာရေးကောင်းတဲ့ သူငယ်ချင်းကို စာဆက်ရေးဖို့တိုက်တွန်းချင်တယ်” ဟူသောသူ့မှတ်ချက်ကကျွန်တော့်ရင်ကိုနှိုးဆွသလိုဖြစ်ခဲ့သည်မှာတော့အမှန်။ ဆိုကြပါစို့ နတ်ရူးဘုံမြှောက်သလိုမျိုး။ ပြောရလျှင်အထိမ်းအမှတ်တခုကိုအကြောင်းပြုထုတ်ဝေသည့် မဂ္ဂဇင်းတခုတွင်တစ်ကြိမ်ပါဝင်ရေးသားဖြစ်ခြင်းမှာ ဦးဖိုးကျား၏ဘုရားဖူးသွားခြင်းဝတ္ထုတိုလေးထဲမှ “ခါတော်မှီ” ကုသိုလ်ဖြစ်ဆိုသည်ထက်ဘာမျှမပို။  သို့ရာတွင်ကျေးဇူးရှင်သူငယ်ချင်းနှင့်ကဗျာဆရာမအစ်မတို့၏  ပဋိသန္တာရတွေအောက်မှာကိုယ့်ကိုကိုယ်ကျုပ်လူထူးပါရမီ့ရှင်ဟုပင်အထင်ရောက်သွားမိလေသလားမပြောတတ်။ ရှိစေတော့။

ယ္ခုတော့ ကျွန်တော်အွန်လိုင်းမီဒီယာမှာမကြီးမငယ်နှင့်ဟိုစပ်စပ်သည်စပ်စပ်တွေရေးဖြစ်နေပြန်ပြီ။  ပြည်သူ ပြည်သားစာနယ်ဇင်းခေတ်မှာရွက်ကြမ်းရေကြိုဂျာနယ်လစ်အဖြစ်လောက်ပဲဖြစ်ဖြစ် စာရင်းပေါက်ခဲ့ချင်သေးသည်ကိုလည်း ဝန်ခံရပေမည်။ ခုလိုချိန်ဆမ်းမားဆက်မွန်များအနားမှာရှိနေခဲ့လျှင်ကျွန်တော့်ကို သနားစရာသတ္တဝါလေးသဖွယ် ကြည့်နေဖြစ်ဖို့များသည်။ ကျွန်တော်ကလည်း“ရွက်ကြမ်းရေကြို”လောက်ဖြစ်ရရင်ဘဲနည်းမှတ်လို့ဆရာကြီးရယ်ဟုသူ့ကိုပြောလိုက်ဖြစ်မှာသေချာသည်။