Tuesday, November 26, 2013

ကျွန်တော်နှင့် နိုင်ငံရေး (၂)


ယ္ခုအခါထင်ရှားသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက သူ့ဆောင်းပါးတစ်ပုဒ်တွင်သူကြုံခဲ့ဘူးသည့်တရုပ်ဗမာအရေးအခင်းအကြောင်း ဖေါ်ပြရာ၌ ဆန်ရှားပါသည်ဆိုကာမှကလေးပြီပြီအစားမလျှော့နိုင်သည့်အပြင် ပို၍ပင် စားကောင်းသောက်ကောင်းဖြစ်ခဲ့ကြောင်း ရေးသားသည်ကိုဖတ်ရှုရဖူးသည်။ သူ့လောက်ကံမကောင်းခဲ့သော သူ(ထိုကျောင်းသားခေါင်းဆောင်)နှင့်ရွယ်တူ ကျွန်တော့်ညီအငယ်ဆုံးအပါအဝင် ကျွန်တော်တို့တစ်မိသားစုလုံး ထိုစဉ်ကဆန်ပြုတ်သောက်ခဲ့ရပုံကိုအမှတ်ရစရာဖြစ်ခဲ့ရလေသည်။ များများတော့မဟုတ် နှစ်နပ်တည်း။ ကြာကြာလည်းမဟုတ်တစ်ရက်တည်း။

ထိုအဖြစ်အပျက်မှာအိမ်တွင်းနိုင်ငံရေးတစ်ရပ်သာဟုဆိုနိုင်မည်လားတော့မသိ။ ဖခင်ဆုံးပါးပြီးနောက် ရန်ကုန်လိုနေရာမျိုးမှာလူတန်းစေ့ရုံနေနိုင်ဖို့ အမေကကုန်စိမ်းရောင်း အစ်ကိုကြီးကပန်းတိမ်လုပ်၊ အစ်မက စက်ချုပ်၊ ကျွန်တော်နှင့်ညီငယ်ကသတင်းစာပို့စသည်ဖြင့်ရုန်းကန်ကြရသည်။ စီးပွားရေးကို အမေကဦးဆောင်ခြင်းဖြစ်သော်လည်း မိသားစုအတွင်းစီမံခန့်ခွဲမှုမှန်သမျှအစ်ကိုကြီးကိုလွှဲအပ်ထားသည်။ အရေးအခင်းကာလဆန်ဈေးတွေတစ်ရိပ်ရိပ်တက်လာသဖြင့်ထမင်းမချက်ဘဲ  ဆန်ပြုတ်ပြုတ်ရန်အစ်ကိုကြီးက မီးဖိုချောင်တာဝန်ခံအစ်မဖြစ်သူကိုညွှန်ကြားသည်။  အမေက တစ်စုံတစ်ရာမဝေဖန်။ ကြီးမြင့်လာသော ဆန်ဈေးကိုအမေကိုယ်တိုင် ဦးညွှတ်လိုက်ရပြီထင်သည်။ ကျွန်တော်တို့အငယ်တွေမှာဤကိစ္စအတွက်ဘာမျှအထောက်အကူ မပြုနိုင်ကြသလို ဘာစောဒကမျှတက်ခွင့်ရှိကြသည်လည်းမဟုတ်။ သို့နှင့် အိမ်တွင်းရိက္ခာအရေးပေါ်စီမံချက်အရ ထမင်းအစားထိုးဆန်ပြုတ်စားသုံးရန်ဖြစ်လာလေတော့၏။

ထိုနေ့ထမင်းဝိုင်း(ဆန်ပြုတ်ဝိုင်း)မှာမေ့နိုင်ဖွယ်မရှိ။ မိသားစု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိမည်ကိုပင်စိုးဘိသည့်အလားငြိမ်သက်နေကြသလိုပန်းကန်တွင်းမှဆံပြုတ်များအား  သူစိမ်းပမာအရောတဝင်မရှိကြ။ ညစာဝိုင်းကိုထိုနည်းနှင်နှင်ဖြတ်သန်းပြီးနောက်အမေက “ဆန်ပြုတ်နဲ့မဖြစ်ပါဘူးကွယ် နက်ဖြန်ကစပြီးထမင်းပြန်ချက်ရအောင်” ဟု အားလုံးရှေ့မှာအစ်မကိုပြောသည်။ အစ်ကိုကြီးကနုတ်ဆိတ်နေသည်။ ကံအားလျှော်စွာအရေးအခင်းကသိပ်မကြာလိုက်သလိုဆန်ဈေးကမောက်ကမတွေထင်သလောက်တာမရှည်ခဲ့သဖြင့် ကျွန်တော်တို့မိသားစုအခြေအနေမှာလည်းဆန်ပြန်ပြုတ်ရလောက်သည်အထိဆိုးမသွားခဲ့။ ပြောစရာမည်မည်ရရမရှိလှသော်လည်း ထိုအဖြစ်အပျက်ကထမင်းတစ်လုပ်၏တန်ဖိုးကိုပိုနားလည်စေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်လေသည်။ အစိုးရကဖန်တီးသည်ဟုသတင်းကြီးခဲ့သော ထိုအရေးအခင်းကြောင့်အစိုးရအမြတ်ထွက်သည်ဟုပြောနိုင်စရာတခုမှာ မီးခဲပြာဖုံးအမျိုးသားရေးစိတ်ဓါတ် အထိုက်အလျောက်တူးဆွနိုင်ခဲ့ခြင်းဖြစ်ပေသည်။ “သန်းရှစ်ရာလောက်များဘီးစိပ်ကောင်းကောင်းတစ်ချောင်းရှိရင်ဖြစ်ပါတယ်” ဟူသောသတင်းစာကာတွန်းတစ်ကွက်က ထိုအချက်ကိုထင်ရှားaစခဲ့သည် (မြန်မာပြည်လူဦးရေသန်းနှစ်ဆယ်ကျော်ရှိသည့် ထိုစဉ်ကတရုပ်ပြည်၏လူဦးရေမှာသန်းရှစ်ရာကျော်ဖြစ်သည်)။

ဖြစ်ခဲ့သမျှတိုက်ဆိုင်မှုလားဖန်တီးမှုလားတိတိပပပြောရန်ခက်သော်ငြားလည်း အမြုတေပါတီကာလဝါဒဖြန့်ချိမှုတွေရှိခဲ့သည်မှာတော့အမှန်ပင်။ ထိုအတွင်းရခိုင်ဘက်မှာမုန်တိုင်းဝင်၍အပျက်အစီးတွေရှိသည်။ ရန်ကုန်မှာအာဏာသိမ်းခံဝန်ကြီးချုပ်ဟောင်းဦးနုအထိမ်းသိမ်းခံအဖြစ်မှလွတ်ကာစ မြို့နယ်စုံလမ်းတိုင်းစေ့လေဘေးအလှူခံထွက်သည်။  ဤသည်ကိုယတြာနည်းဖြင့်အာဏာပြန်ရအောင်ကြံသည်၊ အာဏာရူးသည် စသည်ဖြင့်လမ်းစဉ်ပါတီကေဒါတွေအမနာပပြောကြသည်။ ကျောင်းတွင်းကြက်ခြေနီသင်တန်းတခုမှာလာရောက်ဟောပြောသောယူနစ်ကော်မီတီဝင်တဦးကဆိုလျှင်ထိုအကြောင်း ခရေစေ့တွင်းကျမြိန်ရည်ယှက်ရည်ပြောရုံမက “ဦးနုဘာလုပ်နေသလဲ” ဟု သူ့နုတ်မှတိုင်ပေးပြီး “နိုင်ငံရေးအမြတ်ထုတ်နေတယ်” ဟု ကျွန်တော်တို့ကျောင်းသားတွေကိုသံပြိုင်လိုက်အော်စေခဲ့သည်။ လိုက်အော်ရင်းအော်ရင်းကကျွန်တော်တို့စိတ်တွေ ဇဝေဇဝါဖြစ်ကြရသည်တော့အမှန်ဖြစ်လေသည်။ ငယ်ငယ်ကဖေဖေ့စာအုပ်စင်မှာ မတောက်တခေါက်ဖတ်ခဲ့ဘူးသော ဦနု၏ပြည်ထောင်စုနီတိ၊ ငါးပါးသီလအစရှိသည့်စာအုပ်များကိုမြင်ယောင်မိသည့်ကြားမှပင် ကျွန်တော်လည်း လိုက်အော်ဖြစ်ခဲ့လေသည်။

နောက်ပိုင်းဦးနုဦးဆောင်သောစင်ပြိုင်အစိုးရတစ်ရပ်နယ်စပ်မှာထူထောင်သည့်သတင်းကြားရသည်၌ ကျွန်တော့်အတွက်ပို၍ရှုပ်ထွေးစရာတွေဖြစ်လေတော့သည်။ အစိုးရပိုင်မီဒီယာတွေကဦးနုကိုအာဏာရူးကြီးဟုပြောင်ပြောင်တင်းတင်းရှုံ့ချလာကြသည်။ နိုင်ငံရေးဆိုသည်ကို ကောင်းစွာနားမလည်သည့်နည်းတူ နိုင်ငံရေးနှင့်အာဏာ မည်သို့မည်ပုံဆက်စပ်သည်ကိုကျွန်တော်မသိ။ သည့်ထက်ပို၍နိုင်ငံရေးဓါးပြနှင့်နိုင်ငံရေးအမြတ်ထုတ်သူ(ဆိုပါတော့)မည်သူအာဏာပိုရူးကြောင်း ထိုအချိန်အထိကျွန်တော်မစဉ်းစားမိခဲ့။ နိုင်ငံရေးသည် ကျွန်တော့်အကြိုက်လ္ဘက်ရည်တစ်ခွက်မဖြစ်ခဲ့သည်မှာတော့သေချာသည်။ ကျွန်တော်တို့ကိုအာဘောင်အာရင်း သန်သန်ဟောပြောခဲ့သော ထိုယူနစ်ကော်မီတီဝင်ကာလတခုမှာ ပါတီသန့်စင်ရေးတွင်ပါဝင်ပြီးလမ်းဘေးရောက်၍ဘဝပျက်သွားသည်ကိုမျက်ဝါးထင်ထင်တွေ့ရသည်၌ လောကဓမ္မကိုဆင်ခြင်မိရပြန်သည်။ နိုင်ငံရေး မူးဝေတတ်သည့်အလေ့အထထိုကစခြင်းဖြစ်လေမလားမသိ။ 

တရုပ်ပြည်၏ယဉ်ကျေးမှုတော်လှန်ရေးနှင့်မရှေးမနှောင်းဆိုသလိုပင် တောတွင်းရောက်ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်ထုတ်သတ်လမ်းစဉ်ပေါ်လာသည်။ ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီးစွဲချက်တွေတင်ကြ သတ်ကြဖြတ်ကြဖြစ်ကုန်သည်။ ပါတီဥက္ကဋ္ဌသခင်သန်းထွန်းသူ့သက်တော်စောင့်၏လုပ်ကြံမှုကြောင့်တောတွင်းမှာပင်ကျဆုံးသည်။ အလံနီကွန်မြူနစ်ပါတီဥက္ကဌသခင်စိုးကိုမူအစိုးရမှဖမ်းဆီးရမိပြီး (ဖမ်းဆီးရမိသည်လားအလင်းဝင်ခြင်းလားခုချိန်မှာသိပ်မသဲကွဲတော့) နိုင်ငံတော်ပုန်ကန်မှုဖြင့်ခုံရုံးတင်စစ်ဆေးကာသေဒဏ်၊ ထိုမှလွတ်ငြိမ်းချမ်းသာခွင့်ပေးခံရသည်။ တဆက်တည်းမှာပင်ဖြတ်လေးဖြတ်အပါအဝင်အစိုးရ၏ စစ်ဆင်ရေးမျိုးစုံတို့ကြောင့် ကွန်ုမြူနစ်ပါတီဗဟိုပဲခူးရိုးမမှအရှေ့မြောက်နယ်စပ်ဒေသသို့ဆုတ်ခွာရသည့်နည်းတူ မြစ်ဝ ကျွန်းပေါ်ဒေသကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း ကရင်ပြည်နယ်ဘက်သို့ဆုတ်ကာ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ်နှင့်ပူးပေါင်းသွားခဲ့သည်။

ထိုအတောအတွင်းပါလီမန်အစိုးရအဖွဲ့ဝင်ဟောင်းများဦးဆောင်ကာ ပြည်ချစ်ပါတီကိုထိုင်းမြန်မာနယ်စပ်တွင် ဖွဲ့စည်းပြီးစင်ပြိုင်အစိုးရတစ်ရပ်ထူထောင်သည်။ အာဏာသိမ်းအစိုးရကမူ ၎င်းတို့ကိုပြည်ပြေးဟု ရည်ညွှန်း သုံးနှုံးသည်။ ထိုအဖွဲ့မှမြေအောက်လှုပ်ရှားမှုများလုပ်ဆောင်ရန် ပြည်တွင်းသို့ဝင်လာသူများကို ထောက်လှန်းရေးမှဖေါ်ထုတ်ပြီးတရားစွဲဆိုကာသေဒဏ်အပါအဝင်ကြီးလေးသောပြစ်ဒဏ်များချမှတ်သည်။ ဤသည်တို့မှာ အစိုးရမီဒီယာများ၏ထုတ်လွှင့်မှုမှသိရှိရခြင်းဖြစ်၏။ အထူးသဖြင့်သတင်းစာ။ ထိုခေတ်က ကျွန်တော်တို့ဆီမှာ ရုပ်မြင်သံကြားမပေါ်သေး။ အိမ်တိုင်းစေ့ရေဒီယိုမရှိကြသေး။ သတင်းစာပို့သမားကျောင်းသားမို့ သတင်းစာကတော့ကျွန်တော်နှင့်နီးစပ်သည်။ သို့ရာတွင် နိုင်ငံရေးနှင့်ပတ်သက်၍ကျွန်တော်ဖတ်ရှုရသမျှမှာ အမှားအမှန်ထက် အနိုင်အရှုံးသတင်းတွေ ချည်းဖြစ်နေသည်ကိုသတိထားမိလေသည်။

သတင်းစာပို့ရင်းကျောင်းတက်ရသည့်အတွက်နေ့စဉ်သတင်းစာပေါင်းစုံဖတ်ရှုခွင့်ရခြင်းတည်းဟူသော အကျိုးတစ်ရပ်ရရှိခဲ့၏။ ဖတ်လည်းဖတ်ဖြစ်ခဲ့သည်။ လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင်၊ ဟံသာဝတီ၊ မြန်မာ့အလင်းနှင့် ရန်ကုန်သတင်းစာများ ဖြစ်ကြသည်။ လုပ်သားမှအပကျန်သတင်းစာအားလုံးမှာပြည်သူပိုင်သိမ်းထားသည့်သတင်းစာဟောင်းတွေဖြစ်ကြသည်။ လုပ်သားဟုအများခေါ်ကြသောလုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာအသစ်ထုတ်ဝေသည့်သတင်းစာဖြစ်ပြီး အစိုးရအာဘော်ဟုပြော၍ရမည်ထင်သည်။ စက္ကူအမျိုးအစားနှင့်သတင်းစာအရွယ်အစားကအစဆွဲဆောင်မှုရှိအောင်တစ်မူထူးခြားစွာထုတ်ဝေခဲ့သည်။ ယ္ခုခေတ် Straits Times တို့လို Bangok Post တို့လို IHT (international Herald Tribune) တို့လိုဒီဇိုင်းမျိုး အရွယ်အစားမျိုး။ သို့ရာတွင် ပြည်သူ့ထံအာဏာပြန်အပ်၍ပြည်သူ့ကောင်စီများပေါ်ပေါက်လာပြီး ပထမလေးနှစ် သက်တမ်းကာလမှာပင် “ရွှေဖြင့်စက်၍ဝယ်ယူရသောစက္ကူဈေးများကြီးမြင့်လာမှုကြောင့်”  ဟူသော အကြောင်းပြချက်ဖြင့်လုပ်သားပြည်သူ့နေ့စဉ်မြန်မာအင်္ဂလိပ်သတင်းစာနှစ်စောင်စလုံးကို အရွယ်အစား ထက်ဝက်ခြုံ့လိုက်သည်။ ယင်းမှာယာယီအစီအစဉ်မျှသာဖြစ်ကြောင်း၊ အရွယ်ငယ်သွားသော်လည်းသတင်း အရေအတွက်နှင့်အရည်အသွေးတို့ကိုထိခိုက်စေမည်မဟုတ်ကြောင်း စက္ကူဈေးပုံမှန်ပြန်ဖြစ်လျှင်ဖြစ်ခြင်းမူလအရွယ်အစားနှင့်အဆင်အပြင်အတိုင်းပြန်လည်ထုတ်ဝေမည်ဖြစ်ကြောင်း ကတိပေးသည့်ကြော်ငြာကို ရက်အတန်ကြာထည့်သွင်းပေးခဲ့သေးသည်။ သို့ရာတွင် နောက်ထပ်ဆယ်စုနှစ်တစုကျော်အကြာ တစ်ပါတီအစိုးရနှင့်အတူသတင်းစာထုတ်ဝေမှုရပ်ဆိုင်းသွားသည့်တိုင်မူလအရွယ်အစားသို့ပြန်မရောက်ခဲ့။ ထို့အတူ အစိုးရမှာလည်း ပြုတ်သာသွားရော့မိမိစကားကိုမိမိတန်ဘိုးထားရကောင်းမှန်းသိပုံရမသွားခဲ့။ ထိုသို့သော နိုင်ငံရေးဇာတိပုညတွေအကြားမှာ တစ်တိုင်းပြည်လုံးကျွန်စုပ်ပစ်သည့်သရက်စေ့ဘဝသို့ရောက်ခဲ့ရသည်မှာ ထူး၍အံ့သြဖွယ်လည်းမရှိတော့။ 

သို့ဆိုသည့်တိုင် အရှိန်ရစပုဂ္ဂလိကစက်ရုံအလုပ်ရုံစီးပွားရေးလုပ်ငန်းအားလုံး ဆိုရှယ်လစ်မြေဘုတ်ဘီလူး ဖမ်းစားခံရခြင်း၏အကျိုးဆက်ကလက်ငင်းဒိဋ္ဌကျရောက်လာသည်တော့မဟုတ်။ လွပ်လပ်ရေးသည်ဘက်ခေတ်မှာလွပ်လွပ်လပ်လပ်ဖွံ့ဖြိုးခွင့်ရခဲ့သောနိုင်ငံ၏စီးပွားအခံက ထုနှင့်ထည်နှင့်ကျန်ခဲ့သေး၍ဖြစ်သည်။ သတင်းစာထဲမှ ာနိုင်ငံတော်၏ပြည်တွင်းပြည်ပလှည့်လည်သုံးစွဲငွေနှင့် အရံငွေကြေးတန်ဘိုးများကို နားလည်သည်နားမလည်သည်အပထားလစဉ်တွေ့နေရသေးသည်။ မှတ်သားမိသမျှထိုကြွယ်ဝသမျှအားလုံး နိုင်ငံတော်အာဏာကိုပြည်သူ့ထံသို့ ဘုရားစူးပြန်အပ်ချိန်အရောက်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်နှင့်ကုန်ကြသည်။ ကိန်းဂဏန်းများနေရာတွင်မိုးတစ်လုံးလေတစ်လုံးဝါဒဖြန့်သတင်းတွေတင်းကြမ်းနေရာယူ လာကြသည်၏နောက်တွင်စီးပွားရေးအဆင်းခရီးကြမ်းကြီးတခုကိုအရှိန်အဟုန်ဖြင့်ဖြတ်သန်းခဲ့ကြရသည်မှာ ယ္ခုတိုင်အတောမသတ်နိုင်တော့။ သွးလေသူဆရာတင်မိုး၏လေသံကိုတုပပြီးပြောရလျှင် “ဆေးလိပ်လည်းတိုနေလည်းညို” ခဲ့ပြီ။ ရာစုဝက်မျှဇကောထဲကဇီးဖြူသီးတွေပမာ ဗြောင်းဆန်အောင်လူးလှိမ့်ခဲ့ကြရသော ကျွန်တော်တို့ပြည်သူတွေလည်းအိုခဲ့ကြပြီ။ ကမ္ဘာ့အလယ်တိုင်းပြည်၏ဂုဏ်သိက္ခာလည်း ငယ်လွန်းမက ငယ်ခဲ့ရပြီ။ သည်လိုနိုင်ငံရေးမှော်ရုံတောထဲမှာဒီမိုကရေစီသမင်ပျောက်ရှာနေသူတွေကို လေးစားအားကျသော်ငြားကာယကံမြောက်တော့ကျွန်တော်မပါဝင်ခဲ့။ ဘယ်ချောက်ကာညာလှမ်းသည့်အလုပ်မျိုး ကျွန်တော် အာရုံမရ။ ၇၄ ဖွဲ့စည်းပုံကိစ္စကတည်းကကျွန်တော့်ကိုယ်ကျွန်တော် သိခဲ့ပြီ။ 

လွပ်လပ်ရေးနှင့်အတူပေါက်ဖွားလာခဲ့သော မြန်မာ့ပထမဆုံးအခြေခံဥပဒေသည်  ၁၄နှစ်သားအရွယ်မှာ စစ်အာဏာရှင်လက်ချက်ဖြင့် ဇီဝိန်ချုပ်ခဲ့ရသည်။ နောက်ထပ်၁၂နှစ်အကြာ ၁၉၇၄ ခုနှစ်တွင် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် တစ်ခုတည်းသောနိုင်ငံရေးပါတီဖြစ်၍နိုင်ငံတော်ကိုဦးဆောင်သည်” ဟု      အစချီသော  ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ဆန္ဒခံယူအတည်ပြုခဲ့သည်။ တနည်းအားဖြင့်တစ်ပါတီအုပ်ချုပ်ရေးယန္တရားကိုအသက်သွင်းခဲ့သည်။ ၉၃%ထောက်ခံမဲရရှိခဲ့သည်ဆိုသော ထိုဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ထီးတန်းသား၏အတွေ့အကြုံကမှတ်တမ်းတင်လောက်သည်။ “ငါ့ကွာ ဒါကြီးကဘယ်လိုပဲဖြစ်ဖြစ်အတည်ဖြစ်တော့မှာသိနေပေမယ့် ရာနှုံးပြည့်ထောက်ခံတယ်လို့သမိုင်းမတွင်ရစ်အောင်ဆိုပြီး အမဲပုံးထဲသေသေချာချာထည့်လိုက်ပါတယ်၊ အချိန်ကုန်လို့မဲရေတဲ့အခါကျတော့ဘယ်လိုကဘယ်လိုဖြစ်သွားတယ် မသိဘူး  ၁၀၀% အဖြူဆိုပြီး မဲရုံရှေ့မှာခပ်တည်တည်ကြော်ငြာကပ်သွားတယ်၊ သမိုင်းလိမ်ကြီးကွ”။ 

ထုံးဆံအတိုင်း ပန်းတနော်လမ်းသားကကွန်မြူနစ်ဝါဒ၌သက်ဝင်ယုံကြည်သူဖြစ်သဖြင့် တိတိကျကျပြောရလျှင်ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်တွင်သက်ဝင်ယုံကြည်သူဖြစ်သဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ ရေးဆွဲသောအခြေခံဥပဒေကိုထောက်ခံမဲမပေး။ သူ့စကားအရရန်ငါမျဉ်းပြတ်သည်။ ဉာဏ်ကျယ်လေးဟု ရင်းနှီးသူတွေကခေါ်လေ့ရှိသောထီးတန်းသားကျတော့ ကိုယ့်သမိုင်းကိုယ်ရေးရင်း ကန့်ကွက်ခဲ့သည်။ ကျွန်တော်ကမူ သာမန်ကာလျှံကာအတွေးဖြင့် ဒါကြီးကိုဒီလောက်ပြဋ္ဌာန်းချင်နေကြတာ  ပြဋ္ဌာန်းကြပါစေဟု အလွယ်တကူထောက်ခံမဲပေးခဲ့သည်။ ကျွန်တော့်နိုင်ငံရေးအမြင်က ထိုမျှအူလည်ဆူလည်နိုင်သည်၊ တနည်း ထူပြိန်းသည်။ နောက်ပိုင်း ရှစ်ဆယ့်ရှစ်အရေးအခင်းလိုမျိုးဖြစ် ထိုဖွဲ့စည်းပုံကိုလက်ညှိုးထိုးစရာကြုံလာသည့်အခါ စိတ်မသက်မသာဖြစ်ရသော်လည်းထူးထူးထွေထွေနောင်တရသည်မျိုးတော့မရှိခဲ့။ နှမ်းတစေ့ကြောင့် ဆီဖြစ်ခဲ့သည်မဟုတ်။ သို့ရာတွင် ဘဝမှာနှမ်းဖြစ်ခဲ့ဖူးသည်ကိုလည်းငြင်းကွယ်၍တော့မရ။ 

စင်စစ် ၁၉၇၄ ခုနှစ်သည်ကျွန်တော်တို့နိုင်ငံ၏သမိုင်းတွင်အထင်ကရဖြစ်ခဲ့သည်အမှန်။ ဖွဲ့စည်းပုံအေခြေခံဥပဒေသစ်ကိုလွပ်လပ်ရေးနေ့ထက်တစ်ရက်စော၍ ဇန္နဝါရီလ(၃)ရက်နေ့တွင်အောင်ပွဲခံပြဋ္ဌာန်းခဲ့ခြင်း၊ ထိုဥပဒေအရပြည်သူ့ကိုယ်စားလှယ်ဆိုသူတို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြခြင်းနှင့်ထိုပြည်သူ့ကိုယ်စားလှယ်ဆိုသူ တို့ဖြင့် ပြည်သူ့လွတ်တော်ဆိုသည်ကိုကျင်းပခဲ့ခြင်းတို့မှာအုပ်ချုပ်သူတို့၏သမိုင်းဖြစ်ခဲ့ပြီး ဇွန်လအလုပ်သမား အရေးအခင်းနှင့် ဒီဇင်္ဘာလဦးသန့်အရေးအခင်းတို့မှာအုပ်ချုပ်ခံပြည်သူတို့၏ သမိုင်းအဖြစ်အထင်ကရ ကျန်ရစ်ခဲ့ကြသည်။ ထိုအချိန်တွင် တက္ကသိုလ်ရောက်နေပြီမို့အဖြစ်အပျက်တွေအပေါ် ကောင်းစွာချင့်ချိန်နိုင်စွမ်းရှိပြီဖြစ်သလို ယုံကြည်ချက်ခံယူချက်တို့ဖြစ်တည်စပြုလာကြပြီ။ သို့ရာတွင် နိုင်ငံရေးနှင့်ပတ်သက်လာလျှင် ကျွန်တော့်အမြင်ကမစူးရှ။ ပန်းတနော်လမ်းသားစကားဖြင့်ပြောရလျှင်တွေဝေတတ်၏။ ထို့ကြောင့်လည်း ၇၄ ဖွဲ့စည်းပုံဥပဒေကိုအလွယ်တကူထောက်ခံခဲ့ခြင်းဖြစ်ပေမည်။ တနိုင်ငံလုံးကိုဖိနှိပ်မည့်ဖွဲ့စည်းပုံကို အလွယ်တကူထောက်ခံခဲ့ပြီး ရပ်ကွက်ကိုယ်စားလှယ်ရွေးကောက်ပွဲကျကာမှ အတိုက်အခံပြုစင်ပြိုင်မဲပုံးထောင်ရာတွင်တက်ကြွဖူးခဲ့သည်လည်းရှိသည်။ ထိုအဖြစ်အပျက်ကြောင့် ထိုဖွဲ့စည်းပုံနှင့်တစ်ခါဆက်ဆံ ဆယ်ခါလန်ဖြစ်ရသလို၊ ကိုယ့်ကိုကိုယ်နိုင်ငံရေးမအူမလည်အဖြစ်သိခဲ့ရခြင်းဖြစ်သလို ထိုအဖြစ်အပျက်ကြောင့် ပန်းတနော်လမ်းသား၏ “ဆိတ်ခေါင်းချည်ပြီးခွေးသားရောင်းမှန်းသိသိကြီးနဲ့ဝယ်ပြီးကာမှ အရိုးများသောချေးခါးသောမင်းကသွားလုပ်ချင်တာကိုး၊ ခံရတာကောင်နည်းသေး” ဟု အတွယ်ခံခဲ့ရခြင်းလည်းဖြစ်ပေသည်။ 

ဖြစ်ပုံမှာ ပထမအကြိမ်ရွေးချယ်ပွဲတွင်ကျွန်တော်တို့ရပ်ကွက်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရန် လက်ရှိရပ်ကွက်လုံခြုံရေးကော်မီတီဝင်ကို ပါတီကအမည်စာရင်းသွင်းခဲ့၏။ ထိုပုဂ္ဂိုလ်သည်မော်လမြိုင် အဆက်အနွယ်ဖြစ်ပြီး မှောင်ခိုကုန်ကူးသည့်လုပ်ငန်းဖြင့်အသက်မွေးသည်ကိုတစ်ရပ်ကွက်လုံးအသိ။ ထိုခေတ် အနေအထားအရ မှောင်ခိုလုပ်ငန်းလုပ်ကိုင်ခြင်းသည် သာမာန်ရပ်ကွက်သားအနေဖြင့်ရော ဗဟိုဦးစီးစံနစ်ဖြင့် ခန့်ထားခံခဲ့ရသောရပ်ကွက်လူကြီးတစ်ဦးအနေနှင့်ပါ အထူးတလည်ပြောစရာမရှိ။ ပုဂ္ဂိုလ်ရေးအရလည်း သူ၏သားတွေမှာကျွန်တော်တို့နှင့်ဘော်လုံးကန်ဖက်။ မိသားစုချင်းလည်းရင်းနှီးကြသည်။ သို့ရာတွင် တည်ဆဲဥပဒေများနှင့်မညိစွန်းသူဟုအတိအလင်းသတ်မှတ်ထားသည့်ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခြင်းငှါမူမသင့်ဟုယူဆကြသည်။ ရွာလွန်ရွက်တိုက်သည်ဟုမခံချည့်မခံသာဖြစ်သူတွေဖြစ်ကြသည်။ ဦးဆောင်ပါတီမှတင်မြှောက်သည့် ကိုယ်စားလှယ်သောဘာသောနားမလည်ဟုဆိုသူတွေဆိုကြသည်။  ပြည်သူ့ဥပဒေပြည်သူ့ဆန္ဒပြည်သူ့ကိုယ်စားလှယ်ပြည်သူ့အစိုးရစသည်ဖြင့် ပြည်သူချင်းမိုးမွှန်နေသော အသစ် စက်စက်အခြေခံဥပဒေကို ယုံကြည်စွာခြေကန်ပြီးမိုက်လိုကြသူတွေနှင့်အတူ ကျွန်တော်ပါဝင်လှုပ်ရှားခဲ့သည်။ အများလေးစားကြသော တစ်လမ်းတည်းနေ ပညာတတ်လုပ်ငန်းရှင်လူရွယ်တစ်ဦးအား သူ့ဇနီးဖြစ်သူက အတန်တန်တားမြစ်သည့်ကြားမှ အမည်စာရင်းတင်ကာစင်ပြိုင်အရွေးခံနိုင်ရန် ကြိုးပန်းခဲ့ကြသည်။ 

တိုတိုပြောရလျှင်ကျွန်တော်တို့ရှုံးသည်။ ရပ်ကွက်နှစ်ခြမ်းကွဲရမလိုအထိသတင်းကြီးခဲ့သောထိုဖြစ်စဉ်အပြီးမှာ ကျွန်တော်အပါအဝင်တက်ကြွလှုပ်ရှားလူငယ်များအားလုံးနှစ်ဖက်အငြိုငြင်ခံလိုက်ကြရသည်။ နောက်ပိုင်း ကျွန်တော်တို့မိသားစုတစ်ခြားရပ်ကွက်သို့ပြောင်းရွှေ့နေထိုင်ကြသောကြောင့်အလှမ်းဝေးသွားသည့်တိုင် ထိုအဖြစ်တို့က အနည်းဆုံးကျွန်တော့်အတွက်အမှတ်တရကျန်ခဲ့သည်။ ပို၍အမှတ်ရစရာဖြစ်သွားရသည်က ဝေဖန်ရန်ခက်သောတစ်ဆင့်စကားအချို့ကြောင့်ဖြစ်၏။ ထိုနှစ်ကုန်ပိုင်းဦးသန့်အရေးအခင်းတွင်ပါဝင်လှုပ်ရှားရင်း ဘွဲ့နှင်းသဘင်ခန်းမ၌ စင်မြင့်ပေါ်မှကျွန်တော်စကားပြောခဲ့သည်။ ထိုခေတ်ထုံးဆံအတိုင်းမျက်နှာကိုမမှတ်မိအောင်လက်ကိုင်ပုဝါစည်းလျက်ပြောခဲ့ခြင်းဖြစ်သလိုထိုခေတ်ထုံးဆံအတိုင်းထောက်လှမ်းရေး၏ ဓါတ်ပုံမှတ်တမ်းတွင်ပါသွားနိုင်သည်ကိုသိလျက်သတ္တိခဲလုပ်ကာပြောခဲ့ခြင်းလည်းဖြစ်၏။ နောက်ပိုင်းကြားသိရသည်မှာ ထိုဓါတ်ပုံအပါအဝင်ဓါတ်ပုံအချို့ ကျွန်တော်နေခဲ့ဖူးသောရပ်ကွက်မှကျွန်တော်ကန့်ကွက်ခဲ့ဖူးသော ပြည်သူ့ကိုယ်စားလှယ်ထံသို့ရောက်ရှိအတည်ပြုချက်တောင်းခံခဲ့ရာ ထိုပုဂ္ဂိုလ်မှကျွန်တော်မဟုတ်ကြောင်း အခိုင်အမာပြောဆိုအာမခံလိုက်သည်ဆို၏။ ယုံသည်မယုံသည်ထား၊ မမေ့နိုင်စရာတိုက်ဆိုင်မှုတခုတော့ ဖြစ်ခဲ့ရပေသည်။ 

အမှန်စင်စစ်တက္ကသိုလ်ကျောင်းသားဘဝ ကျွန်တော်ပထမဆုံးကြုံခဲ့ရသောလူထုအုံကြွမှုမှာ အလုပ်သမား အရေးအခင်းဖြစ်၏။ ဒုတိယနှစ်အတန်းတင်စာမေးပွဲဖြေဆိုကာနီးဇွန်လတွင်ဖြစ်လေသည်။ စားဝတ်နေရေး ကျပ်တည်းမှုကိုအကြောင်းပြု၍ရန်ကုန်နှင့်မန္တလေးရှိ ပြည်သူပိုင်စက်ရုံအချို့တွင်အလုပ်သမားများ၏ဆန္ဒပြတောင်းဆိုမှုများရှိကြကြောင်း သတင်းတွေဖြစ်ပေါ်နေသော်လည်း သတင်းစာနှင့်အသံလွှင့်ဌာနများက သတင်းမှောင်ချထားကြသည်။ အကြောက်တရားနှင့်ကောဠာဟလအကြားလုံးပါးပါးနေပြီဖြစ်သော ပြည်သူတွေမှာလည်း ဟိုအရေးသည်အရေးထက်ကိုယ့်အရေးကိုယ်ဦးစားပေးဘို့ ဘဝပေးအသိအရလှုပ်ရှားနေကြသလို စာမေးပွဲရာသီမို့တက္ကသိုလ်ကျောင်းသား အများစုစာဘက်တွင်အာရုံကျချိန်ဖြစ်နေရာ အလုပ်သမားအရေးအခင်းသတင်းမှာနေရာရသင့်သလောက်မရ၊ ကြားသင့်သလောက် မကြားရသလိုဖြစ်နေလေ၏။ သို့ရာတွင် ဇွန်လ၆ရက်နေ့ ညနေပိုင်းအတန်းတွေပြီး၍အိမ်ပြန်ရန်ကျောင်းပြင်သို့ ကျွန်တော်ထွက်လာချိန်၌ ကားမှတ်တိုင်တွင် ကျောင်းသားကျောင်းသူတွေသာရှိပြီး ဘတ်စကားတစ်စင်းတလေမျှလမ်းပေါ်မတွေ့ရ။ သမိုင်းချည်စက်မှဆန္ဒပြလုပ်သားထုချီတက်ဖို့လမ်းပေါ်ထွက်လာကြသည်ကို ပိတ်ဆို့ထားသဖြင့် ဘတ်စကားများ လှည်းတန်းမှလှည့်ပြန်ကြရသည်ဟုပြောဆိုသံကြားရသည်။ တခြားရွေးစရာမရှိသည်ရောစပ်စုလိုစိတ်ကြောင့်ရောအင်းစိန်လမ်းမကြီးအတိုင်းလမ်းလျှောက်ပြန်ရန်ဆုံးဖြတ်ခဲ့သည်။ 

သမိုင်းချည်စက်ရှေ့တွင်ခေါင်းဆောင်ပိုင်းဖြစ်ဟန်တူသူအလုပ်သမားတစုကို ဘာရေးထားမှန်းမမှတ်မိတော့သောနဖူးစည်းစာတမ်းကိုင်လျက်တွေ့ရသည်မှအပ ထူးထူးခြားခြားလှုပ်ရှားမှုမရှိ။ ယ္ခုခေတ်အလို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသည့်သရုပ်သကန်ဟုဆိုရပေမည်။ လမ်းဘေးဝဲယာတွင်ရပ်ကြည့်နေသူ အတန်အသင့်များပြားသောလူထုတွေထံမှာလည်း ဆူဆူပူပူအရိပ်အယောင်မမြင်။ အုတ်ကျင်းဂုန်နီစက်ရုံလမ်းအလွန် အင်းစိန်လမ်းမကြီးပေါ်တွင်သံဆူးကြိုးပေါင်များကန့်လန့်ဖြတ်ချထားပြီး ဒိုင်းတွေလွှားတွေအသင့်နှင့်ရဲတပ်ဖွဲ့ဝင်အချို့ရှိနေကြ၏။ ဗါဒါဘက်စက်မှုအိမ်ယာဝင်းအလွန် လမ်းဘေးမြေကွက်လပ်တွင်မူဂျီ(၃)လက်နက်ကိုယ်စီဖြင့် တပ်ဖွဲ့တဖွဲ့ကိုတွေ့ရသည်။ တပ်သားအများစုမှာအသက်၂၀ပင်ကျော်ပုံမရ။ နေလောင်ထားသည့် အသားအရေညိုညစ်ညစ်တို့အောက်ဝယ် နုနယ်သောရုပ်ရည်သွင်ပြင်တွေကမဖုံးနိုင်မကွယ်နိုင် အထင်းသား။ ဝန်းကျင်ရပ်ကွက်များမှဖြစ်ဟန်တူသော ကလေးသူငယ်အချို့ သူတို့အားဝိုင်းရံလျက်မျောက်ပွဲကြည့်သလို ကြည့်နေကြ၏။ 

ထိုအခိုက်အတန့်မှာပင်လမ်းမပေါ်မှပေါက်ကွဲသံအချို့နှင့်အတူ လူများလမ်းဘေးသို့ပြိုဆင်းလာကြသည်။ မျက်ရည်ယိုဗုံး၊ လက်ကိုင်ပုဝါ၊ ရေစသောအသံတွေကြားရပြီး အတန်ငယ်ရုပ်ရုပ်သဲသဲဖြစ်သွားသည်။ ဒါမျိုးအတွေ့အကြုံမရှိခဲ့ဖူးသော ကျွန်တော်ရုတ်တရက်ဘာလုပ်၍ဘယ်သွားရမှန်းမသိ။ သူများတွေနှင့်ရော၍ မပြေးချင်၊ ကိုယ့်နယ်မြေမဟုတ်သဖြင့်ပြေးလည်းမပြေးတတ်။ အခြေအနေကသိပ်ရှုပ်ရှုပ်ထွေးထွေး မဟုတ်သေးသည်မို့  မလှုပ်မယှက်ရပ်နေကြသော ထိုလက်နက်ကိုင်တပ်ဖွဲ့၏ရှေ့မှပင်ဖြတ်ကာ အိန္ဒြေမပျက်ဆက်လျှောက်ခဲ့သည်။  ရှေ့ဆုံးတန်းနှင့်လေးငါးပေခန့်သာကွာမည်။ ထိုစဉ် ဝိုင်းအုံကြည့်နေကြသောကလေးအုပ်စုတွင်းမှ ကိုးနှစ်ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးက ဘာမပြောညာမပြောအုတ်ခဲပိုင်းတစ်ခုကိုကောက်ပြီး ကျွန်တော့်ရှေ့မှပြေးထွက်သွားသည်။ 

ကျွန်တော် ထိုခလေးကိုတားမြစ်ချိန်ပင်မရလိုက်။ သူပစ်လိုက်သောခဲကရှေ့ဆုံးတန်းရဲဘော်တစ်ဦး၏ ရင်ဘတ်ကိုတည့်တည့်မှန်သည်။ ကျွန်တော့်အံ့သြမှုကခလေးထံမှထိုစစ်သားငယ်ဆီသို့ ရောက်သွားရ၏။ ကလေးကပစ်သည်ဆိုပေမင့် ပစ်သည့်အကွာအဝေးနှင့်အုတ်ခဲပိုင်းအရွယ်အစားကြောင့် ထိမှန်အားမသေးကြောင်းရပ်နေသောပုံစံပျက်သွားခြင်းနှင့်သူ့မျက်နှာတချက်ရှုံ့သွားခြင်းတို့ကြောင့်သိနိုင်၏။ သို့ရာတွင် ထိုစစ်သားငယ်သည်၎င်း၊ သူတို့အတွင်းမှတစ်ဦးတယောက်သည်၎င်း ကလေးကိုတစုံတရာပြောဆိုလက်တုံ့ပြန်ခြင်းမပြုကြ။ ကိုင်စွဲထားသော လက်နက်နှင့်တစ်ခုခုတုံ့ပြန်လျှင်လည်း ပစ်ပြေးပြေးသည့်ခလေးထက်အံ့အားသင့်ကျန်ရစ်သောကျွန်တော်အပါအဝင် လူကြီးတစ်ဦးစနှစ်ဦးစတို့သာကိုယ်ကျိုးနည်းဘွယ် ရှိလေသည်။ 

ထိုနေရာမှ ဆက်လျှောက်လာပြီးလူအုပ်ပါးသည့်နေရာလမ်းမပေါ်သို့ပြန်တက်ချိန်တွင်မြန်မာ့အသံမှပုဒ်မ ၁၄၄ ကြေငြာချက်ထုတ်လွှင့်သည်ကိုကြားရသည်။ မီးနစ်အနည်းငယ်အကြာတွင် စောစောကရုပ်ရုပ်သဲသဲဖြစ်သည့် နေရာလောက်ဆီမှပစ်ခတ်သံတွေထွက်ပေါ်လာ၏။ အမိန့်အရပစ်သူတွေထဲမှာခဲမှန်ခံထားရသော စစ်သားငယ်ပါ၊ မပါ၊ ပါခဲ့လျှင်ဘယ်လိုခံစားချက်နှင့်ဘယ်သူတွေကို ဦးတည်ပစ်ခတ်မည်ကိုကျွန်တော်မသိ။ ပုဒ်မ ၁၄၄ သာ မီးနစ်အနည်းငယ်စော၍ထုတ်ပြန်ခဲ့လျှင်ဟူသောအတွေးဝင်လာသည်ကိုတော့မှတ်မိနေသည်။ ထိုနေ့က အိမ်ပြန်မရောက်မီ တစ်နိုင်ငံလုံးရှိတက္ကသိုလ်၊ကောလိပ်၊ သိပ္ပံနှင့်အခြေခံပညာကျောင်းများအားလုံး ရက်အကန့်အသတ်မရှိပိတ်သည့်ကြေငြာချက်ကိုကြားရလေသည်။ အရေးအခင်းကြောင့်ကျောင်းရက်ရှည်ပိတ်ခြင်းကိုတက္ကသိုလ်တွင်ပထမဆုံးနှင့်ကျောင်းသားဘဝတွင် (တရုပ်ဗမာ အရေးအခင်းပြီးလျှင်) ဒုတိယ အကြိမ်အဖြစ်ကြုံရခြင်းဖြစ်လေ၏။ ထိုမှစ၍ကျောင်းသက်တန်းတစ်လျှောက် ဖွင့်ရက်ထက်ပိတ်ရက်ပိုများခြင်း၊ စာမေးပွဲများတစ်နှစ်နှစ်တန်းနှုံးဖြေရခြင်း၊ မြို့နယ်များတွင်ဖြေဆိုရခြင်းစသည်များဆက်တိုက်ကြုံခဲ့ရခြင်းမှာ ကျွန်တော်တို့မျိုးဆက်၏နိုင်ငံရေးပုံရိပ်တခုဟုဆိုလျှင်ရမည်လားမသိ။