Wednesday, April 17, 2013

ကျွန်တော်နှင့် အရက်


ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်အရက်ဆိုင်ထိုင်ခြင်းသည် လက်ဖက်ရည်ဆိုင်စထိုင်ခြင်းနှင့် မရှေးမနှောင်းဖြစ်သည်။ စဉ်းစားကြည့်တော့လက်ဖက်ရည်ဆိုင်ထက်ပင်သူကရက်အနည်းငယ်စောဦးမည်။ အကြောင်းမှာ ကိုးတန်းစာမေးပွဲကြီးအပြီး ကျောင်းပိတ်ရက်တွင်မှ လက်ဖက်ရည်ဆိုင်စထိုင်တတ်ခဲ့သော ကျွန်တော်သည် ကိုးတန်းစာမေးပွဲနောက်ဆုံးနေ့မှာကတည်းက  အရက်ဆိုင်သို့ရောက်ခဲ့ပြီးဖြစ်သောကြောင့်ပင်။ လ္ဘက်ရည်တုန်းကဆရာဖြစ်ခဲ့သော ပန်းတနော်လမ်းသားသည် အရက်တွင်လည်းဆရာဖြစ်သည်ကို အထူးပြောဖွယ်ရာမရှိသော်လည်းလက်ဖက်ရည်သောက်ခေါ်တုံးကပထမတစ်ကြိမ်ငြင်းခဲ့ပြီး အရက်ကျတော့ဘာကြောင့်နှစ်ခါအခေါ်မစောင့်ခဲ့ပါလိမ့်ဟု ကျွန်တော့်ကိုယ်ကျွန်တော်ခုမှပြန်မေးမိသည်။ သို့သော်တိကျရေရာသောအဖြေမရ။ အပျော်ကြူးခြင်းတစ်ရပ်ဟုသာဆိုရပေတော့မည်။

ထိုနေ့ကစာမေးပွဲအပြီးကျွန်တော်တို့နှစ်ယောက်ဘယ်သွားရကောင်းနိုးနိုးဖြစ်နေကြသည်။ အတန်းတင် စာမေးပွဲကောင်းစွာဖြေဆိုခဲ့ပြီးသောကျောင်းသားတဦး၏စာမေးပွဲနောက်ဆုံးနေ့ခံစားချက်နှင့်အပျော်ကို ကြုံဖူးသူတိုင်းနားလည်နိုင်ကြပါလိမ့်မည်။ ကျွန်တော်တို့တစ်ယောက်စီမှာ ထိုနှစ်အတွက်ပေးစရာမလိုတော့သော ကျောင်းလခတစ်လစာ (၆ကျပ်) စီရှိနေကြ၏။ အိမ်မှပေးနေကျအတိုင်းပေးသည်ကိုကျွန်တော်တို့ကမငြင်းဆန်ဘဲယူထားလိုက်သဖြင့် ထိုငွေမှာကျွန်တော်တို့ပိုင်ဖြစ်သွားလေတော့ရာလက်ကျန်မုန့်ဖိုးနှင့်ပေါင်းလျှင်တစ်ယောက်တစ်ဆယ်လောက်ချမ်းသာနေကြသည်။ ပထမမြို့ထဲသွား၍ရုပ်ရှင်ကြည့်ရန်စိတ်ကူးသေးသော်လည်း ကျောင်းသားအတော်များများသွားကြမှာသေချာသည်မို့လူကြပ်မည်ဆိုကာထိုအကြံကိုပယ်လိုက်ကြ၏။ ဒါဆိုကျောင်းသားအများစုမသွားမည့်နေရာက။ သို့နှင့် “ချမ်းစိန်”သို့နှစ်ဦးသဘောတူယွန်းဖြစ်ကြလေ၏။ ချမ်းစိန်ဆိုသည်မှာကျွန်တော်တို့အရွယ်စမ်းချာင်းသားတိုင်းသိကြမည်ဖြစ်သော“ဘား”ခေါ် အရက်နှင့်ခေါက်ဆွဲဆိုင်ဖြစ်ပြီးမြေနီကုန်းပြည်လမ်းမပေါ်မှာဆန်းသီရိ ရုပ်ရှင်ရုံနှင့်ယှဉ်လျက်တည်ရှိ၏။

ဟိုတုန်းကအရက်ဆိုင်ဝင်ရန်အသက်ကန့်သတ်ချက်ဥပဒေမရှိသေး။ မြန်မာပြည်မှာခုထိလဲသည်ဥပဒေမျိုးရှိသည်ဟုမကြားမိသေး။ ချမ်းစိန်မှာပန်းတနော်လမ်းသားမှဦးဆောင်ဦးရွက်ပြု၍ရေခဲစိမ်မန္တလေးဘီယာတစ်လုံး (ကျွန်တော့်အတွက်)၊ အိုးဘရန်ဒီတစ်ပက်လားနှစ်ပက်လားမသိ (သူ့အတွက်) နှင့်၊ အသားကင်ခေါက်ဆွဲကျော်စသည်များမှာကြရာဘီယာမှအပအားလုံးကုန်အောင်သုံးဆောင်နိုင်ကြသည်။ ဘီယာကိုမူကြိတ်မှိတ်သောက်သော်လည်း တစ်ငှဲ့စာပင်မကုန်ချင်။ မူး၍မဟုတ်။ ချဉ်စုပ်စုပ်အရသာကိုမခံနိုင်၍ဖြစ်သည်။ ဘီယာကြိုက်သူများရှေ့တွင်တစ်ခါကထိုအကြောင်းပြောမိရာကျွန်တော့်ကို (ဘီယာကိုမဟုတ်) နှာခေါင်းရှုံ့ကြဖူးသည်။ ထိုနေ့က ကျွန်တော်မသောက်နှိုင်သောဘီယာကိုဆက်သောက်မည်ဟုကြိမ်းဝါးသောပန်းတနော်လမ်းသားသည်လည်းဆက်မသောက်နိုင်။ သူ့ရေချိန်ရောက်သွား၍ဟုဆိုသည်။ သူကားဤသို့သောစကားမျိုးဖြင့် ကျွန်တော် အထင်ကြီးအောင်လည်းပြောတတ်လေသလေ။ သို့လျှင် ကျွန်တော်နှင့်အရက်မိတ်ဆက်ပွဲမှာလည်းမအူမလည်ပြီးဆုံးသွားလေ၏။ ဘီယာကိုအရက်ဟုမသတ်မှတ်သူများသီးခံကြပါကုန်။

နောက်တကြိမ်မှာတော့အရက်နှင့်ကျွန်တော်နဖူးတွေ့ဒူးတွေ့တွေ့ဖြစ်ကြသည်။ တွေ့ဖြစ်ပုံမှာလည်း ဇာတ်သိမ်းပိုင်းသာပီပြင်ခဲ့လျှင်လွမ်းလောက်စရာဖြစ်ပါ၏။ တက္ကသိုလ်တတိယနှစ်မှာကျွန်တော်ရီးစားပူမိကာ သူငယ်ချင်းများအဆိုအရခွေးထိုင်ထိုင်ပြီးမျောက်မှိုင်မှိုင်နေခိုက် တစ်ယောက်ကဒါမျိုးငါကုတတ်တယ်လာလိုက်ခဲ့ဆိုကာသူ့အိမ်သို့ခေါ်သွားသည်။ လမ်းမှာကုန်သွယ်ရေးနိုင်ငံခြားအရက်ဆိုင်တစ်ဆိုင်ဝင်၍ အိုးဘရန်းဒီ ပုလင်းပြားတစ်လုံးဝယ်သည်။ ၃၉လမ်းရှိသူ့အိမ်သို့ ရာက်သောအခါကျွန်တော့်ကိုအိမ်ရှေ့ခန်းမှာထိုင်စေပြီးမီးဖိုထဲဝင်၍တွဲဖက်အစားအစာများကိုကိုယ်တိုင်ပြင်ဆင်သည်။ ကျွန်တော်ဝင်ကူမည်ဆိုသည်ကိုပင်လက်မခံ။ အိမ်မှကူဖော်လောင်ဖက်ကလေးမလေးကိုလည်း“ညည်းအသာနေ”ဆိုကာဘာမျှမခိုင်း။ အားလုံးသူကိုယ်တိုင်စီမံပြီးစီးသောအခါကျွန်တော်တို့နှစ်ယောက်အိမ်ရှေ့ခန်းတွင်စကားပြောရင်းစားကြသောက်ကြသည်။ များသော အားဖြင့်ကျွန်တော်ကအပြောသမား။ သူကစားရင်းသောက်ရင်းကျွန်တော်ရင်ဖွင့်သမျှနားထောင်ရင်းတစ်ခွန်းစနှစ်ခွန်းစဝင်ထောက်လိုက်အရက်ကုန်လျှင်ထပ်ငှဲ့လိုက်၊ အစားကုန်လျှင်ထယူလိုက်။

ဘီယာကိုချဉ်စုပ်စုပ်မို့မသောက်နိုင်ခဲ့သောကျွန်တော်ဘရန်ဒီပူခါးခါးကိုအရသာခံ၍မရ။ သို့ရာတွင်ထိုနေ့ကတော့သူထည့်ပေးသမျှကြိတ်မှိတ်မျိုချရင်းများလည်းမများပါဘဲခေါင်းစိုက်သွားသည်။ ပြီးတော့(မရိုသေ့စကား)ကျွန်တော်အံသည်။ အစာသစ်အစာဟောင်းအကုန်အံပြီးသည့်တိုင်အမူးမရပ်။ တကိုယ်လုံးလည်းနီရဲပြီးယားယံလာသည်။ အမှန်တော့ ကျွန်တော်သောက်တာများလှသည်မဟုတ်၊ သူငယ်ချင်းပြောသလိုကျွန်တော်ကိုကအူရိုင်း၍ဖြစ်သည်။ နောက်ပြီး အရက်နှင့်မတည့်သည့်ဓါတ်ခံကျွန်တော့်မှာရှိနေ၍ဖြစ်သည်။ ထိုနေ့က ၃၉ လမ်းသားခမျာခေါင်းဆင်နင်းခံရကိန်းကြုံရှာသည်ကိုတော့ ခုတိုင်အမှတ်ရဆဲ။ အံတော့မည်မှန်းသိ၍ကျွန်တော်ရေချိုးခန်းသို့ပြေးသော်လည်းမရောက်လိုက်။ ထို့ကြောင့်အနီးနားကြမ်းပြင်တခုလုံးပေပွကုန်သည်။ သူ့ခမျာသည်တခါကလေးမလေးကိုညည်းအသာနေဟုမပြောနိုင်တော့ဘဲအကူအညီတောင်းပြီးအံဖတ်တွေကိုယ်တိုင်ဝင်ကြုံး၊   သန့်ရှင်းရေးလုပ်၊ ကြမ်းတိုက်နှင့်အတော်ဖါးသွားပုံလေသလေ။ ပြီးတော့မှ ကျွန်တော့်ကိုသူ့အိပ်ယာထဲလှဲနေစေပြီးသူတစ်ယောက်တည်းလက်ကျန်အရက်ဆက်ရှင်းသည်။   အားလုံးကုန်၍အိုးခွက်ပန်းကန်တွေဆေးပြီးသည်အထိ ကျွန်တော်မထနိုင်သေးသည့်အခါစာဖတ်ရင်းဆက်စောင့်ရှာသည်။

သို့ရာတွင် ရုံးဆင်းချိန်ရောက်သည်အထိကျွန်တော်မထနိုင်သောအခါတွင်မူသူဗျာများရတော့သည်။ သူ့အမေကဆူးလေဘုရားလမ်းရုံးတစ်ရုံးမှာလုပ်သည်မို့မကြာမီအိမ်ပြန်ရောက်တော့မည်။ ကျွန်တော့်လိုပင် သူ့မှာအဖေမရှိတော့။ သူကသားအကြီးဆုံး။ သူ့ညီနှစ်ယောက်လည်းကျောင်းမှပြန်လာကြတော့မည်။ အတန်းမတက်ဘဲအိမ်မှာပုလင်းထောင်တာသိသွားလျှင်သူရောကျွန်တော်ပါမျက်နှာပျက်ကြရမည်။ မတတ်သာသည့်အဆုံးသူကျွန်တော့်ကိုနှိုး၍ရေမိုးချိုးစေပြီး အငှါးကားကိုယ်တိုင်ခေါ်ကာကားပေါ်တင်ပေးလိုက်တော့သည်။ အမူးပြေသော်လည်း တစ်ခေါင်းလုံးပွင့်ထွက်မတတ်ကိုက်ခဲနေသဖြင့် ကျွန်တော်အိမ်ပြန်ရောက်ရောက်ချင်း အိပ်ယာထဲဝင်ခွေလိုက်သည်မှာနောက်နေ့သို့တိုင်လေ၏။ နောက်ပိုင်း ၃၉လမ်းသား၏အိမ်သို့ရောက်တိုင်း ကျွန်တော့်ကြောင့်အိမ်အပိုသန့်ရှင်းရေးလုပ်လိုက်ရသော ကလေးမလေး၏ပြုံးစစမျက်နှာပေးကိုမမြင်အောင်ရှောင်ရသည့်အလုပ်တခုတိုးလာလေသည်။

အရက်နှင့်ကျွန်တော်သဟဇာတမဖြစ်လှကြောင်း အတွေ့အကြုံများကသက်သေခံလင့်ကစား မဖြစ်ညစ်ကျယ် ညဉ်ဆိုးလေးရှိနေသည်မို့ လွယ်လင့်တကူကျွန်တော်လက်မလျှော့။ မကြုံကြုံအောင်ဖန်တီးခြင်းမဟုတ်သည့်တိုင် ကြုံလျှင်ကြုံသလို ရင်းနှီးကျွမ်းဝင်မှုရအောင်ကြိုးပန်းမြဲ။ ကျောင်းသားဘဝမှာများများစားစားမရှိလှသောသူငယ်ချင်းတွေစုဝေးပြီးစားကြသောက်ကြတိုင်းကျွန်တော်ပါမြဲ။ သူငယ်ချင်းတွေကလည်း မဖြစ်စလောက်သောက်ပြီးခြေလက်မျက်နှာတွေရဲရဲနီနေတတ်၊ ပြီးလျှင်ဇက်ကျိုးသွားတတ်သောကျွန်တော့်ကိုသဘောကျ၍ဆိုကာသူတို့ဝိုင်းဖြစ်တိုင်းခေါ်သည်။ သာမန်အချိန်မှာစကားကြီးစကားကျယ်ကပ်သီးကပ်သပ်တွေပြောတတ်လွန်း၍သူတို့လက်မြှောက်ရသောကျွန်တော်တယောက်အရက်ဝိုင်းတွင် မစို့မပို့သောက်ရုံဖြင့်မူးပြီးငြိမ်သွားလျှင် စကားပြောအောင်အမျိုးမျိုးစကြသည်။ ကျွန်တော်မည်သို့မျှနုတ်လှန်မထိုးနိုင်သည်ကိုကြည့်၍လည်း ခပ်ထွေထွေနှင့်ဟားကြသည်။ ဤသို့ရယ်ပွဲဖွဲ့ခံရသည်ကိုကျွန်တော်ဗွေမယူ။ ကျွန်တော်အရက်နှင့်ယဉ်ပါးလိုသည်။ တချိန်ချိန်မှာ အများနည်းတူခွက်ခြင်းလှည့်လိုသည်။  အရက်နှင့်လူမတည့်သည်မရှိ သောက်ဖန်များလျှင်တည့်သည်ချည်းဟု ကြားဖူးသောကြာင့်ဖြစ်သည်။

သူငယ်ချင်းတွေကလည်းအားကိုးရပါသည်။ ဘရန်ဒီကအဝင်ဆိုးသည်ဆိုလျှင် (ကျောင်းသားတွေမို့အကောင်းစားဝီစကီတွင် မဝင်ဆန့်ကြသေး) ကောင်းနိုးရာရာဖျော်ရည်တွေနှင့်သီးသန့်ရောစပ်ပေးကြသည်။ တစ်ကြိမ်တွင်မူအနံ့ရောအရသာပါသိပ်မပြင်းသည့်အပြင်ကျွန်တော်ပင်အတော်များများသောက်၍ရသည့် အရက်တစ်မျိုးကျွန်တော့်ကိုပေးကြရာကျွန်တော်သဘောကျသွားသည်။ ဘာအရက်လဲဟုမေးသည်ကိုမဖြေကြ။ မချိုမချဉ်မျက်နှာပေးများနှင့်သာကြည့်နေကြသည်။ ထိုနေ့ကကျွန်တော်ခါတိုင်းနှင့်မတူအာသွက်လျှာသွက်ဖြစ်နေလေရာ ဝိုင်းကလည်းပိုစည်နေ၏။ ပွဲပြီးကာနီးကျွန်တော့်ကိုတိုက်ကြတာဘာအရက်လဲဟုထပ်မေးသည့်အခါမှ တယောက်က “မီးနေသည်သောက်တဲ့အရက်ကွ” ဟုရယ်ကျဲကျဲနှင့်ဖြေသည်။ ရက်စဘယ်ရီဝိုင်ဟုနောက်ပိုင်းသိရ၏)။ ဘာဘဲဖြစ်ဖြစ်ကျွန်တော်နှင့်မီးနေသည်အရက်အတန်ငယ်တော့သင့်မြတ်သွားကြသည်။ နောက်ပိုင်း ကျွန်တော့်ကိုအရက်ဝိုင်းသို့ခေါ်လျှင် “မီးနေသည်သောက်တဲ့အရက်ပါရဲ့လား” ဟုအတည်ပေါက်မေးဖြစ်လေ၏။

#                  #

ကျွန်တော့်အတွက်အရက်ထရိန်နင်ဆင်းရန်အခွင့်အလမ်းကို ကျောင်းအပြီးမြေလတ်ပိုင်းရေနံမြေတစ်ခုတွင်အလုပ်ဝင်ခိုက်ရရှိခဲ့လေသည်။ ညနေအလုပ်ပြီး ရေမိုးချိုး၍ထမင်းမစားမီရိပ်သာမှာတစ်ခွက်တစ်ဖလား မော့လေ့ရှိကြသောလုပ်ဖော်ကိုင်ဖက်များနှင့်အတူ မယောင်မလည်လိုက်ကာ အသောက်ကျင့်ခြင်းဖြစ်၏။ ကျွန်တော်တို့ထဲမှတဦးမှာ အရက်ကိုဟန်ကျပန်ကျသောက်လေ့ရှိသူဖြစ်သည်။ ဟန်ကျပန်ကျဆိုရာ၌ အရက် ၄-၅ ပက်ကို ဘာမှမရောဘဲရယ်မောစကားပြောမပျက်တစိမ့်စိမ့်သောက်နိုင်သူဖြစ်ရာ သူ့ကိုအားကျစွာ ကျွန်တော်ကြိုးစားသော်လည်းအဆင်မပြေခဲ့။ သူကအစပိုင်းတွင် ဒါမျိုးကကျင့်ယူလို့ရပါတယ်ကွာ ဆိုကာအားပေးခဲ့သော်လည်း အတူသောက်ရင်းကျွန်တော့်ဖြစ်အင်ကိုမြင်ဖန်များသောအခါ စိတ်မသက်မသာဖြင့် “လုပ်မနေပါနဲ့တော့ မင်းနဲ့အရက်နဲ့ဟန်မကျပါဘူး” ဟုပြောပြီးနောက်ထပ်မံတိုက်တွန်းခြင်းမပြုတော့။ ပေကပ်ကပ်ကျွန်တော်ပုံမှန်လိုက်သောက်နေသည်ကိုမူတားဖြစ်ခြင်းမပြုခဲ့ချေ။ တစ်နှစ်အကြာကျွန်တော်နောက် အလုပ်တစ်ခုသို့ ပြောင်းဖြစ်ခဲ့သည်အထိကျွန်တော့်ရေချိန်ကလည်းတစုံတရာတိုးတက်မှုမရှိခဲ့။

ထိုပြောင်းသောအလုပ်မှာပြည်တွင်း၌လုပ်ခဲ့သမျှနောက်ဆုံးအလုပ်ဖြစ်ပြီးဆယ့်ငါးနှစ်ခန့်ကြာမြင့်ခဲ့သည်။ ထိုအတွင်းမှတ်မှတ်ရရနှစ်ကြိမ်အရက်နှင့်ဆုံဖြစ်ခဲ့သည်။ အလုပ်ထဲရောက်ပြီးနှစ်နှစ်အကြာတွင် ကျွန်တော် အိမ်ထောင်ပြုရာ လုပ်ဖော်ကိုင်ဖက်များ၏တောင်းဆိုချက်အရ သီးသန့်ဧည့်ခံပွဲတခုအိမ်မှာကျင်းပခဲ့သည်။ ဝန်ထမ်းလောကမှေးမှိန်စပြုနေပြီမို့ခန်းခန်းနားနားတော့မရှိလှ။ ယမကာသုံးဆောင်လိုသူရွှေပွဲလာများအတွက်ဘီယာနှင့်မန္တလေးရမ်စီစဉ်ပေးသည်။ သူတို့ကိုဧည့်ခံရင်းကျွန်တော်လည်းသောက်သည်။ ကိုယ့်အကြောင်းကိုယ်သိသဖြင့်ချို၍သောက်နေသည့်ကြားမှပင် ဘယ်လောက်ပုံပန်းပျက်သွားသည်မသိ၊ အတူသောက်နေသောကျွန်တော်တို့ဌာနမှူးမှ “ဟေ့ တော်တော့မင်းသောက်လို့မရဘူး” ဟုကျွန်တော့်မျက်နှာကိုလက်ညှိုးထိုးပြီး အထိတ်တလန့်တားခြင်းကိုခံရလေသည်။ ကျွန်တော်နှင့်အရက်အဆက်ပြတ်ရခြင်း၏အကြောင်းရင်းများထဲမှာ ထိုနေ့ကတားမြစ်ခံခဲ့ရခြင်းသည်လည်းတစ်ကြောင်းအပါအဝင်ဖြစ်ခဲ့လေသည်။

ဆရာသမားဖြစ်သူ၏တားမြစ်ခြင်းခံရခြင်းသတင်းပြန့်သွားပြီးနောက် ဧည့်ခံပွဲများမိတ်ဆုံပွဲများကြုံတိုင်း ရင်းနှီးသူများကသူတို့နှင့်အတူယမကာဝိုင်းသို့ခေါ်ရန်အားနာစကားဆိုတတ်လာကြသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း မသောက်နိုင်သည့်အတူတူမသောက်ဘဲနေတာကောင်းမည်ဟု အတွေးပေါက်လာခဲ့လေသည်။ တခါတခါတော့လည်းလဘ်ပိတ်သည်ဟု (ကျွန်တော်တို့ထဲမှတစ်ဦးမှတ်ချက်ပြုသလို) တွေးမိပြန်သည်။  ပြည်ပကုမ္ပဏီများနှင့်အခါအားလျော်စွာဆက်ဆံရသည့်အလျောက်ဧည့်ခံပွဲများတွင် တံဆိပ်စုံအရောင်အသွေးစုံအရက်များပါဝင်လေ့ရှိ၏။ ဟိုတုန်းကနိုင်ငံခြားမဂ္ဂဇင်းကြော်ငြာများတွင်သာမြင်ဖူးခဲ့သော အရက်မျိုးစုံကိုတကယ်တန်းသောက်ခွင့်ကြုံသောအခါ မြီးစမ်းခြင်းပင်မပြုဘဲထိုင်ကြည့်ရသည့်အဖြစ်မှာ ပြောရလျှင်မရိုးမရွဖြစ်စရာ။ သို့ရာတွင် ထိုအချိန်ကျမှထ၍ခွက်ဆွဲဖို့ရန်မသင့်သလိုသောက်ပြီးနောက်လူကြားထဲဘာမှမဖြစ်ဟု ကျွန်တော့်ကိုယ်ကျွန်တော်အစိုးရသည်လည်းမဟုတ်။ အရက်သည်အရက်သာဖြစ်သည်။ ပြီးတော့ဧည့်ခံပွဲဆိုသည်ကအိမ်တို့ဆိုင်တို့လိုမဟုတ်။ ဤသို့လျှင်မတတ်သာ၍ခပ်ခွာခွာနေရရင်းကအရက်နှင့်တစိမ်းပြင်ပြင်ဖြစ်ခဲ့ရလေသည်။ စိမ်းလက်စနှင့်ဝန်ထမ်းဘဝပြည်ပခရီးစဉ်တစ်ခုတလေအတွင်းလေယာဉ်ပေါ်မှာဧည့်ခံသည့်အမျိုးကောင်းယမကာများကိုပင်ကိုယ်နှင့်ဘာမျှမသက်ဆိုင်သလိုနေဖြစ်ခဲ့လေသည်။

လေယာဉ်ပေါ်မှာသူစိမ်းပြင်ပြင်နေနိုင်ခဲ့သောအရက်နှင့်ဆိုင်ရာတိုင်းပြည်ရောက်မှဒက်ထိတိုးသည်လည်းရှိခဲ့သည်။ ထိုတကြိမ်မှာဝန်ထမ်းအဖြစ်ဖြင့်နောက်ဆုံးအရက်သောက်ဖြစ်ခဲ့ခြင်းလည်းဖြစ်ပါသည်။ နဝတအစိုးရလက်ထက် ကိုတရုပ်ကြီးတို့ချေးသောငွေကိုယူကာ သူတို့ရောင်းသောပစ္စည်းပြန်ဝယ်ရသည့် ရှေးရိုးစဉ်လာ ထောင်ကဲစီးပွားရေးမူဝါဒတစ်ခုအရသူတို့ဆီမှပြည်နယ်အချို့သို့ အလုပ်သဘောသွားရောက်သည့်းအဖွဲ့တဖွဲ့၌ ကျွန်တော်ပါဝင်ခဲ့ဖူးလေသည်။ စီးပွားဖက်များဖြစ်သော ကျွန်တော်တို့ကိုဧည့်ခံရာတွင် မပါမဖြစ်ပါဝင်သည့် အစီအစဉ်တခုကခွက်ခြင်းယှဉ်၍အရက်ပြိုင်တူမော့ကြခြင်းဖြစ်သည်။ နှုတ်မှလဲ “ကမ်ပေ့”ဟု အော်ကြရသေး၏။ အင်္ဂလိပ်စကား Bottom’s up နှင့် အနက်တူသလား၊ Cheers နှင့်တူသလားမကွဲပြားသော ထိုကမ်ပေ့မှာ အရက်မသောက်သူကျွန်တော်နှင့်အခြားတဦးတို့အတွက်အနေအထားပျက်စရာဖြစ်၍နေသည် မှာတော့အမှန်။ အကြိုးအကြောင်းပြောပြီး သူတို့ကအရက်ကိုယ်ကအချိုရည်ဖြင့်ရူးသလိုလိုပေါသလိုလို ကမ်ပေ့ကာ လေးငါးပွဲဖြတ်သန်းပြီးမှ ဒီလိုမလုပ်နဲ့လေဟုပြုံးစနဲ့နှင့်ဆိုလာသူကိုကြုံရလေ၏။ ပြောသူက အိမ်ရှင်ကုမ္ပဏီမှ စာရင်းကိုင်အမျိုးသမီးချောတစ်ဦး။

ထိုနေ့က နုတ်ဆက်ပွဲဖြစ်၍ နှစ်ဖက်လူစုံတက်စုံတက်ရောက်ကြသည်။ လူကြီးများကတစ်ဝိုင်း၊ ကျွန်တော်တို့ လူငယ် (ရာထူးငယ်) များကနှစ်ဝိုင်းသုံးဝိုင်း။ စားသောက်ဖွယ်ရာများအားထိုအမျိုးသမီးကဦးဆောင်၍ တည်ခင်းဧည့်ခံလျက်ရှိရာတွင် အစီအစဉ်တခုကိုမူသူမကိုယ်တိုင်ဆောင်ရွက်လေ၏။ ယင်းမှာ ဗန်းကလေးတခုပေါ်တွင် အရက်ပုလင်းနှင့်ခွက်ငယ်တင်ဆောင်လျက်တက်ရောက်လာသူများထံလိုက်လံနုတ်ဆက်ရင်း တစ်ဦးစီနှင့်ခွက်ချင်းယှဉ်သောက်ခြင်း (ဝါ) ကမ်ပေ့ခြင်းဖြစ်၏။ ကျွန်တော်တို့ဧည့်သည်ချည်းပင်ဆယ်ဦးခန့်ရှိသည်ဖြစ်ရာ သူမ၏သောက်နိုင်စွမ်းကိုမျက်မြင်သာမဟုတ်ခဲ့လျှင်ယုံရန်ခက်ပေလိမ့်မည်။ သူမကမူဗန်းကလေးကိုလှပစွာကိုင်လျက်အပြုံးမပျက်ခြေလှမ်းမပျက်စားပွဲတခုမှတခုလှုပ်လီလှုပ်လဲ့သွားလိုက် တစ်ယောက်ယောက်၏ ခွက်တွင်းသို့အရက်ငှဲ့ပေးလိုက် ခွက်ချင်းထိပြီးကမ်ပေ့ဟုအော်ကာ တစ်ကြိုက်တည်းမော့သောက်လိုက်၊ နောက်တယောက်ကိုအရက်ငှဲ့ပေးလိုက် ယ္ခင်အတိုင်းသောက်ပြလိုက်နှင့် (ကျွန်တော်အတွက်တေ့) ရင်သပ်ရှုမောဖွယ်ရာတွေပြုနေချေသည်။ တစ်ချို့ခပ်ရွှင်ရွင်ခပ်သောသောခပ်ထွေထွေပုဂ္ဂိုလ်များ၏တောင်းဆိုမှုဖြင့်တစ်ကြိမ်မကခွက်လှည့်ရပြန်လေရာသူ့အစားကြားကကျွန်တော်ရင်မောမိသည်။

တစ်ဖြည်းဖြည်းကျွန်တော်တို့ဝိုင်းသို့လာရောက်သောက်တော်ခေါ်လေရာ ကျွန်တော်နှင့်အတူအရက်မသောက်တတ်သည့်နောက်ဝိုင်းတော်သားတဦးတို့၏အလှည့်သာကျန်တော့၏။ ကျွန်တော်ကအရက်နှင့်မတည့်ကြောင်းတောင်းတောင်းပန်ပန်ငြင်းသည်၌ နိုး နိုး ဒီလိုမပြောပါနှင့်ဟု လက်ကလေးကာလျက်နှစ်လိုဖွယ်ပြောလေ၏။ ထို့နောက်ကျွန်တော့်ရှေ့မှလွတ်နေသောခွက်နှင့် ဗန်းအတွင်းမှသူမ၏ခွက်အတွင်းသို့အရက်များငှဲ့လေတော့သည်။ သူမ၏ဆွဲဆောင်မှုကြောင့်လား ကိုယ်တိုင်ဓာတ်ခံရှိနေ၍လားပြောရမှာခက်သော်လည်းထိုနေ့ကကျွန်တော်တစုံတရာထပ်မံငြင်းဆန်ခြင်းမပြုတော့။ လက်ခုပ်သြဘာသံတွေကြားမှာသူမနှင့်ပျော်ပျော်ကြီးကမ်ပေ့လိုက်ဖြစ်လေသတည်း။ ဒါတွင်မကသေးသူရာမေရိယကံကိုအသက်နှင့်လဲ၍စောင့်ထိမ်းပါမည်ဟု ခံယူထားပုံရသောကျန်အဖွဲ့သားနှင့်သူမတို့အကြားရုပ်ပျက်ဆင်းပျက်အငြင်းမပွားစိမ့်သောငှါ လူငယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူကျွန်တော်ကအစားဝင်ရောက် ကမ်ပေ့လိုက်ခြင်းဖြင့် (အ)ကုသိုလ်ယူခဲ့ပါသေးသည်။ နောက်တခါကျွန်တော့်ချည်းသက်သက်ကို တောင်းဆိုလာသောအခြားဝန်ထမ်း (သူမ မဟုတ်) တစ်ဦးနှင့်ထပ်မံ၍ကမ်ပေ့ရပြန်ရာ ထိုနေ့ကသုံးခါကမ်ပေ့ပြီးလုံးခြာပြန်မေ့မတတ်ဖြစ်ခဲ့ရလေ၏။  အံ‌တော့မအံ။ တည်းခိုရာအခန်းနှင့်လည်းနီးသဖြင့်သာတော်တေ့သည်။ ကျွန်တော်သောက်ခဲ့ဖူးသမျှတွင်အပြင်းဆုံး (ရင်ထဲမီးစထိုးသလိုခံစားရသည့်) အရက်ဖြစ်ခဲ့သည်မို့ပင်။

#                 #

အနှစ်နှစ်ဆယ်ကြာခဲ့ပြီဖြစ်သော ယ္ခုအခါကျွန်တော်ပြည်တွင်းမှာမဟုတ်တော့။ အရက်နှင့်ပတ်သက်၍ ဆွဲဆောင်မည့်သူရောတားမြစ်မည့်သူပါမရှိသလို ကျွန်တော်လည်းအရက်နှင့်ခရီးသွားဟန်လွှဲမျှပင်မဆုံစည်းဖြစ်တော့။ ထိုအနှစ်နှစ်ဆယ်ကာလအတွင်း ပန်း၍လည်းအရက်ကိုသတိမရ၊ လွမ်း၍လည်းအရက်ကိုမတမ်းတမိ။ အရက်ကိုအဖေါ်ပြုရပါသည်ဟုဆင်ခြေပေးစရာခိုင်လုံသည့်အကြောင်းလည်းကျွန်တော့်မှာမရှိ။ ကျွန်တော့်မှာ အဖေါ်တွေရှိပြီးသား။ သည်ခေတ်ကြီးထဲမှာမိသားစုတစ်စုကိုလူချင်းတူတူသူချင်းမျှမျှမွေးမြူဘို့ရာလွယ်ကူလှသည်မဟုတ်။ ဤအတွက်အချိန်နှင့်အမျှအာရုံကျနေရခြင်းလောက်စွဲမြဲသောအဖေါ်ရှိပါဦးမည်လော။ ပြောရမည်ဆိုလျှင်ထိုသမုဒယအမူးတွေ၏ ပြင်းအားကလည်း အရက်ထက်မပိုလျှင်နေမည်လျော့တော့မလျော့။ ဒါကကိုယ်တွေ့။ သို့ရာတွင် လူဆိုသည်မှာတခါတခါ အမူးပိုလေးတွေတမ်းတတတ်ကြသည်မှာသဘာဝပေလားမသိ။

မကြာသေးခင်တရက် မိသားစုထမင်းဝိုင်းမှာဘာရယ်မဟုတ်ကျွန်တော်က “ဒီအစားအသောက်တွေက အရက်ကလေးနဲ့ဆိုပိုအဆင်ပြေမယ်ထင်တယ်” ဟုစကားစမိသည်။ သူတို့တသက်မှာတစ်ခါမှမကြားဖူးသောစကားဖြစ်၍အံ့သြဟန်ရှိသော်လည်း (ဖအေတူ) သားနှစ်ယောက်က အားတက်သရောထောက်ခံကြသည်။ အငယ်ကောင်ကဆို “သွားဝယ်ပေးမယ်လေ၊ ဘာဝယ်ရမလဲပြော” ဟုတက်တက်ကြွကြွပြောလာသည်။ ကျွန်တော့်မှာမစွမ်းရင်းကလည်းရှိနေသဖြင့် ဝိုင်လောက်ဆိုတော်ပါပြီကွာဟုပြောလိုက်မိရာ ချက်ခြင်းအဝတ်အစားလဲပြီးထွက်လေတော့သည်။ မကြာမီ အနီးနားရှိကုန်စုံဆိုင်မှဝိုင်တလုံးဆွဲလျှက်သားငယ်ပြန်ရောက်လာသည်။ သူ့အသက်ကိုမယုံသဖြင့်ကျောင်းသားကဒ်ပြခဲ့ရကြောင်း (၁၈နှစ်အောက်အရက်ဆေးလိပ်မရောင်းရ) ကြွားသလိုလိုရယ်မောပြောဆိုနေသေးရာ သူ့အမေမျက်စောင်းသူ့အပေါ်ကျမှငြိမ်သွားသည်။ ထိုနေ့ ညစာကို သားအဖသုံးယောက်တို့ဝိုင်အရက်ချိုဖြင့်ပွဲတော်တည်ကြရာ လွန်စွာမှခံတွင်းတွေ့ကြသောဟူ၏။ အရက်ဓါတ် ၁၄% ပျော့ပျော့ပါဝင်သော ဝိုင်လီတာသုံးမတ်ပုလင်းကို သုံးယောက်သောက်ပြီးမမူးခြင်းမှာ  ကျွန်တော့်အတွက်တော့ ကျေနပ်စရာဖြစ်နေပါတော့သည်။

ဤတွင် အရက်သူငယ်နာပြန်ထလေရကားနောက်တခါ ကျရင် ူတီဖရီးကနေနေစကီကောင်းကောင်းဝယ်ခဲ့မယ်ဟုသားတွေကိုအားတက်သရောနှပ်ကြောင်းပေးမိလေတော့သည်။ နယ်စပ်ကျော်၍သွားရောက်အလုပ်လုပ်နေသူဖြစ်သဖြင့် ဂျူတီဖရီးသည်ကျွန်တော်နှင့်မစိမ်း။ ရင်းနှီးသူအချို့အတွက် တစ်ခါနှစ်ခါဝယ်ပေးရဖူးသောကြောင့် ထိုဆိုင်မှာအရက်တွေဈေးချိုသည်ကိုလည်းသိထားသည်။ သို့သော်.. “ဒီအသက်အရွယ်ရောက်မှဘာရောဂါထရပြန်တာတုန်း၊ တော်ကြာကိုယ့်တပ်ကိုယ်မနိုင်မှဟုတ်ပေ့ဖြစ်နေမယ်၊ သားတွေမွေးထားတာ။ အစရှိအနောင်နောင်နဲ့အရက်ကလူကိုနိုင်သွားမှဖြင့်..” ဆိုသောသားတို့အမေ၏ စက်သေနတ်စကားတွေကြောင့်ရှေ့ဆက်အတိုင်အဖေါက်မညီနိုင်ဘဲပွဲသိမ်းလိုက်ရပါတော့သည်။

ကျွန်တော့်မိခင်၏မောင်ငယ်ကျွန်‌တော့်ဦးလေးအရင်းဖြစ်သူမှာ အရက်ကြောင့်ဘဝပျက်ပြီးအသက်တိုရသူဖြစ်သည်။ အသက်လေးဆယ်တွင်မှအရက်စသောက်တတ်ပြီးငါးဆယ်ကျော်တွင်အရက်ကြောင့်ရသောရောဂါဖြင့်ကွယ်လွန်သည်။ “အရက်ကသူ့ကိုနိုင်သွားတာလေ” ဟုသူ့ထက်အသက်သုံးနှစ်ကြီးသော အမေကသူကွယ်လွန်သည့်သတင်းကြားကြားခြင်းပြောသည်။ တစ်ဆက်တည်းအနားတွင်ရှိနေသော ထိုစဉ်ကတက္ကသိုလ်ကျောင်းသားကျွန်တော့်ဘက်လှည့်၍ “နင်တို့လည်းသတိထားကြ” ဟုပြောသည်။ ကျွန်တော် အရက်သောက်တတ်မှန်းမသောက်တတ်မှန်း အမေသိသည်မဟုတ်။ ကြုံကြိုက်တုံးသတိပေးဆုံးမခြင်းသာဖြစ်သည်။ သို့ရာတွင် သားသမီးတွေထဲမှာစကားတောင်စားဘွဲ့ရထားသောကျွန်တော်က အနာပေါ်ဒုတ်ကျဆိုသလို “စိတ်ချပါအမေရာ၊ အရက်ကကျွန်တော့်ကိုမနိုင်စေရပါဘူး။ ကျွန်တော်ကလည်းအရက်ကိုမနိုင်ပါဘူး၊ ကျွန်တော်တို့ကအမြဲတန်းသရေဖြစ်နေမှာပါ” ဟု ရွှတ်နောက်နောက်အထွန့်တက်ခဲ့ဖူးသည်။

ယ္ခုအမေမရှိတော့။ ကျွန်တော်ကိုယ်တိုင်သားပျိုသမီးပျိုတို့၏ဖခင်တစ်ဦးဖြစ်နေပြီ။ သို့တိုင်အောင်  အခွင့်သင့်လျှင်အရက်နှင့်သရေပွဲလောက်ဖြစ်ဖြစ်ကစားရန်ကျွန်‌တော်စိတ်အားထက်သန်တုန်း။