Wednesday, August 7, 2013

ကျွန်တော်နှင့် နိုင်ငံရေး (၁)


“လူဆိုသည်မှာနိုင်ငံရေးသတ္တဝါတစ်မျိုးသာလျှင်ဖြစ်ပေသည်” ဆိုသောစကားကိုကျွန်တော်မှတ်သားရသည်မှာ ဖေဖေ့မှတ်စုစာအုပ်ထဲမှ ဖြစ်သည်။ ဖေဖေကစာအလွန်ဖတ်သလို မှတ်စုမှတ်တမ်းမပြတ်ရေးလေ့ရှိသူလည်းဖြစ်၏။ မကွယ်လွန်မီရက်ပိုင်းအလိုအထိဆေးရုံခုတင် ပေါ်တွင်ရေးခဲ့သောနေ့စဉ်မှတ်တမ်းအပါအဝင် ဖေဖေ့မှတ်တမ်း စာအုပ်အတော်များများကျွန်တော့်အတွက် ရတနာသိုက်သဖွယ် ကျန်ရစ်ခဲ့ဖူးသည်။ အိမ်ခြေရာခြေအတည်တကျမရှိသည့်အခြေအနေတွေကြားမှာ ထိုရတနာသိုက်ကြီးပါပျောက်ပျက်ခဲ့ရာ၌ အချို့နုတ်တက်ရသရွေ့သာကျန်ရစ်တော့လေရာ အထက်ပါစာသားလေးတစ်ခု အပါအဝင်ဖြစ်သည်။ အစကမည်သူ့လက်ရာမှန်းပင်မသိခဲ့။ အတွေးအခေါ်ပညာရှင်ကြီးအရစ္စတိုတယ်(Aristotle)၏ကမ္ဘာကျော် အဆိုအမိန့်တစ်ခုဖြစ်ကြောင်းမူရင်းစာသားနှင့်အတူတကွနောက်ပိုင်းတွင်မှသိရှိခဲ့ရသည်။

နိုင်ငံရေးဆိုသည်ကိုတိကျသောအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်တစ်ကွ ယ္ခုအချိန်ထိကျွန်တော်နားမလည်။ သို့ရာတွင် ယ္ခုအခါတွင်တွင်ကျယ်ကျယ်ပြောဆိုနေကြသောဗမာပြည်နိုင်ငံရေးရေစီးကြောင်းထဲမှာ အနိမ့်ဆုံးမြေဇာပင် တစ်ပင်အဖြစ်ဖြင့်တော့အလျဉ်မပြတ်စီးမျောခဲ့ရစီးမြောနေဆဲလည်းဖြစ်သည်။ လူ့အဖွဲ့အစည်းထဲကလူသားတယောက်မို့ မရှောင်လွှဲသာခဲ့။ ရှောင်လွှဲ၍ရနိုင်မည်မမျှော်လင့်သလို ရေစီးကြောင်းတစ်ခုလုံးရပ်တန့်သွားစေဖို့ သို့တည်းမဟုတ်ပြောင်းလဲသွားစေဖို့ သို့တည်းမဟုတ်ရေဆန်ကိုအကြောက်အကန်ကူးခတ်ဖို့အားထုတ်ခြင်းမျိုးလည်းမပြုခဲ့။ အခါအားလျော်စွာကျရောက်လာသောလှိုင်းတန်ပိုးများအောက်နစ်မြုပ်မသွားရအောင် အပြင်းအထန်ရုန်းကန်ရခြင်းမျိုးတော့ရှိသည်။ ဒါသည်ပင်ဘဝဟုကျွန်တော်ယုံကြည်သည်။ ဆိုလိုသည်မှာ လူသားတယောက်အနေနှင့် ကျွန်တော်သည် နိူင်ငံရေးသတ္တဝါဘဝကို နိုင်ငံရေးသားကောင်သို့မဟုတ်နိူင်ငံရေးမုဆိုးဘဝထက်ပို၍နှစ်ခြိုက်ခုံမင်သည်။ သားကောင်လည်းမဟုတ်မုဆိုးလည်းမဟုတ်သောဘဝမှာ လိပ်ပြာ သန့်သန့်နေထိုင်နိုင်ရေးသည်သာ ကျွန်တော့်အာသီသဖြစ်သည်။ အကြောင်းမှာ တောတွင်းဥပဒေသ (Law of the Jungle) အလျှင်းမကင်းစင်သေးသမျှ (ကျွန်တော် ဉာဏ်မီသလောက် ပြောရလျှင် ကင်းစင်မည့် လမ်းစလဲ သိပ်မမြင်) မုဆိုးလည်းသားကောင်၊ သားကောင်လည်းမုဆိုးဖြစ်တတ်သောကြောင့်ပင်။

ဘဝမှာအစောဆုံးမှတ်မိသည့်နိုင်ငံရေးဆိုသည်ကိုအိမ်စောင့်အစိုးရလက်ထက်တွင်ကြုံခဲ့သည်။ ပန်းတနော်မြို့နယ်အတွင်းရှိရွာငယ်တစ်ခုမှာနေထိုင်စဉ်ကဖြစ်သည်။ စကားကြီးစကားကျယ်ပြောရလျှင် ကျွန်တော့်ဘဝယက်ဖျင်ကအဆန်းသားဟုဆိုချင်သည်။ ရန်ကုန်သားဖခင်နှင့်မြစ်ဝကျွန်းပေါ်သူမိခင်တို့မှ ကျွန်တော့်ကိုရန်ကုန်တွင်မွေးပြီးတစ်နှစ်သားအရွယ်မှာဖခင်၏ဆန္ဒအရထိုရွာငယ်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်၏။ ခေတ် ကာလမငြိမ်မသက်သည့်ကြားမှာဘာကြောင့်များရန်ကုန်လိုနေရာမျိုးကိုစွန့်ခွာပြီးဇာတိမဟုတ်သည့်အရပ်သို့ (အမေကမြစ်ဝကျွန်းပေါသူဖြစ်သော်ငြားပန်းတနော်ဇာတိမဟုတ်) ပြောင်းရွှေ့နေထိုင်သည်ကိုတော့ ဖခင်သာ အသိဆုံးဖြစ်ပေမည်။ စီးပွားရေးကြောင့်ဟုပြောရအောင်ဖခင်၏အလုပ်အကိုင်ဖြစ်သော သွားစိုက်ဆရာနှင့် ထိုဒေသသိပ်ဆက်စပ်လှသည်လည်းမဟုတ်။ ဇာတိဒေသမဟုတ်လင့်ကစားရွာဦးကျောင်းဆရာတော်မှအစ တစ်ရွာလုံးကဆွေမျိုးရင်းခြာပမာစောင့်ရှောက်ကြသည်ကိုတော့ ထိုရွာမှာလေးနှစ်လေးမိုးနေထိုင်ခဲ့သည့်ကာလအတွင်းကျွန်တော်အမှတ်ရသမျှပြောနိုင်သည်။ အမှန်တော့ကျွန်တော့် ပညာရေးအစပြုခဲ့သည်မှာလည်း ထိုရွာဦးကျောင်းမှာပင်ဖြစ်သည်။ ဆရာတော်တည်ထောင်သောစာသင်ကျောင်းမှာရွာမှကလေးများနည်းတူသင်ပုံးကြီးကုန်သည်အထိတက်ရောက်သင်ယူရင်းစာရေးစာဖတ်တတ်ခဲ့ခြင်း ဖြစ်လေသည်။

ရွာမှာမန္တလေးမဟာမြတ်မုနိဘုရားကြီးပုံတူရုပ်ပွားတော်တစ်ဆူတည်ထားကိုးကွယ်ထားသည်မို့ဒေသတွင်း အထင်ကရဖြစ်သလိုနှစ်စဉ်ကျင်းပမြဲဘုရားပွဲတော်မှာလည်းစည်ကားသည်။ မြန်မာနှင့်ကရင်လူမျိုးအများစု နေထိုင်ကြပြီးလယ်ယာချောင်းမြောင်းကိုအမှီပြု၍အသက်မွေးကြသည်။ ကျေးလက်ဓလေ့ဆင်းရဲချမ်းသာမခွဲခြားညီညွတ်စွာနေထိုင်ကြသည်မို့လည်းသာမန်အားဖြင့်ငြိမ်းချမ်းသည်ဟုဆိုနိုင်သည်။ သူခိုးသူဝှက်ကင်းသည်။ သို့ရာတွင်သူပုန်သူကန်တော့မကင်း။ ဤသည်ပင်ကျွန်တော်ဆိုလိုသော တနည်းအားဖြင့် လူကြီးတွေပြောသံကြားဖန်များ၍နားယဉ်ခဲ့ရသောနိုင်ငံရေးဖြစ်လေသည်။ ဘယ်ရွာကရဲကင်း(ရဲစခန်း)သူပုန်ဝင်စီးသွားတယ်၊ ဘယ်နားမှာတိုက်ပွဲတွေဖြစ်နေကြပြန်ပြီ၊ ဘယ်သူ့ကိုသူပုန်သတ်သွားလို့တဲ့ ဆိုသောသတင်းတွေမှာ ကျွန်တော်တို့ကလေးတွေအတွက်ရွေယုံရွှေကျားသက်ကယ်ရိတ်သွားသတဲ့ဆိုသည်ထက်ပင် ပိုကြားရတတ်သောအိပ်ယာဝင်ပုံပြင်များဖြစ်ခဲ့ကြလေသည်။ ပုဂံခေတ်သူရဲကောင်းတစ်ဦးဖြစ်သော ပျူစောထီးအကြောင်းကိုစတုတ္ထတန်းရောက်မှသင်ခဲ့ရသော်လည်း ပျူစောထီးဟူသောအမည်ကိုကြားဖူးသည်မှာ ကျောင်းမနေရသေးသောထိုကာလကပင်ဖြစ်၏။ ပျူစောထီးအမည်ဖြင့်ကျေးရွာကာကွယ်ရေးတပ်တွေဖွဲ့သည့်အကြောင်း လူကြီးတွေပြောပြောနေကြသောကြောင့်ဖြစ်သည်။

ဒူးလေးတွေ၊ နှစ်ဖက်ချွန် (နှစ်ဘက်စလုံး ချွန်ထားသော တပေခွဲခန့်အရှည်အရွယ်တော်မျောတိုင်)၊ တစ်ဖက်ချွန် (တစ်ဘက်တည်းချွန်ထားသောမျောတိုင်ရှည်) တွေကိုကိုယ်တိုင်မြင်ဖူးသည်မှာလည်းထိုကာလပင်ဖြစ်လေသည်။ အိမ်တွင်းဖြစ်ထိုလက်နက်များဖြင့်မိမိအိမ်ယာမိမိရွာအားမည်သို့ကာကွယ်ကြသည်ကိုလက်တွေ့ မမြင်ဖူး၍မမှတ်မိခဲ့။ လေးငါးနှစ်သားအရွယ်ကျွန်တော်ကောင်းစွာမှတ်မိခဲ့သည့်အဖြစ်အပျက်အချို့မှာထိုစဉ်က ကလေးပြီပြီ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ၊ အရွယ်လေးရလာတော့ဆင်ခြင်တွေးတောစရာတွေဖြစ်ပြီး ယ္ခုသို့ အရွယ်လွန်ချိန်မှာတော့ မသိမမီလိုက်ကြသောမျိုးဆက်သစ်များ သင်္ခမ်းစာယူနိုင်အောင်ပြောပြချင်စရာတွေ ဖြစ်ခဲ့ရပါသည်။ ရွာပြင်မှာသူပုန်နှင့်အစိုးရတပ်ရင်ဆိုင်တိုက်ပွဲဖြစ်သဖြင့်ရွာရှိသက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးများအားလုံး လုံခြုံမည်ထင်သောနေရာအဖြစ်ရွာ၏တစ်ခုတည်းသောဘုန်းတော်ကြီးစာသင်ကျောင်း အတွင်းသို့ ပြေးလွှားပုန်းအောင်းကြကာသေနတ်သံစဲမှအိမ်ပြန်နိုင်ကြသည့်အဖြစ်။ သေနတ်သံတွေအောက်မှာ ကြောက်ဒူးတွေတုန်ရင်း မတော်တဆကျည်ဆံတွေများကိုယ့်ထံရောက်လာမှဖြင့်ဟုတွေးတောတချို့ ငိုကြွေးကာ ပူပန်ရသည့်အဖြစ်တို့မှာပြောမယုံကြုံဖူးမှသိနိုင်မည်ဖြစ်သလို သမိုင်းတွင်မည်သည့်နည်းနှင့်မျှ လက်ဆင့်မကမ်းသင့်သောအရာများလည်းဖြစ်နေခြင်းကြောင့်ပင်။

သူပုန်ဆို၍ပုန်လိုက်ရသော်လည်းဘာသူပုန်မှန်းပင်မသိခဲ့။ ထိုအချိန်ကဖြစ်ဝကျွန်းပေါ်တစ်ဒေသလုံးကို စိုးမိုးထားနိုင်ခဲ့သောကေအင်ဒီအိုခေါ်တိုင်းရင်းသားအဖွဲ့အစည်း သို့မဟုတ် တောခိုရဲဘော်ဖြူအဖွဲ့သို့မဟုတ် ကွန်မြူပါတီ သို့မဟုတ် အဖွဲ့ပေါင်းစုံ။ ရောင်စုံသူပုန်ဟုဆိုကြပါစို့။ အစိုးရတပ်နှင့်ထိုသူပုန်ရောင်စုံတွေကြားမှာ မြေဇာပင်ဖြစ်ကြရသောပြည်သူတွေမှာလည်းဒဏ်ရာကမျိုးစုံ။ အသက်အိုးအိမ်စည်းစိမ်မိသားစုဘဝ။ နာကျင်ဖွယ်ဇာတ်လမ်းတွေများစွာထဲမှာကျွန်တော်မြင်ခဲ့ကြားခဲ့သည့်အဖြစ်အပျက်နှစ်ခုကို ယ္ခုပင်အမှတ်ရမိသည်။ ထိုရွာသူကြီး၏တစ်ဦးတည်းသောသား ကိုဝင်းကြည်ဟုကျွန်တော်မှတ်မိနေသူမှာ ပျူစောထီးတပ်သားဖြစ်သည်။ သူကြီးသားမို့အုပ်ချုပ်သူတွေအလိုကျပါရခြင်းဖြစ်လေမလားမသိ။ တစ်ခုသောမိုးဦးကျမှာ အစိုးရ၏ကမကထဖြင့်ကျေးရွာအုပ်စုစုပေါင်းလယ်ယာထွန်ယက်ပွဲတစ်ခုပြုလုပ်ဖို့စီစဉ်ကြရာ ရွာမှတစ်စီးတည်းသောထွန်စက်ကိုမောင်း၍သူကြီး၏တစ်ဦးတည်းသောသားကိုဝင်းကြည်ပါဝင်ဆင်နွှဲဖို့ဖြစ်လာလေသည်။

အားလုံးအစီအစဉ်တွေဆွဲထားပြီးဖြစ်သည့် ထိုနေ့မတိုင်မီတစ်ရက်မှာသူပုန်ဘက်ကလူလွှတ်ပြီး သူ့သားမပါစေဖို့သူကြီးကိုမှာသည်။ သူတို့(သူပုန်တို့)ကထိုပွဲကိုဖျက်မည်။ သားအသက်ကိုနှမျောလျှင်မလွှတ်နှင့်။ လိုရင်းပြောရလျှင်ထိုနေ့ကစုပေါင်းထွန်ယက်ပွဲကိုသူတို့စကားအတိုင်းသူပုန်တွေဝင်ရောက်စီးနင်းသည်။ ကိုဝင်းကြည် ထွန်စက်ပေါ်မှာတွင်ကျဆုံးသည်။ လူကြီးတွေပြောစကားအရ ဦးခေါင်းတခုလုံးပွင့်ထွက်ကာ မရှုမလှသေဆုံးရခြင်းဖြစ်၏။ တစ်ရွာလုံးစိတ်မကောင်းကြ။ သူကြီးမိသားစု၏ပူဆွေးငိုကြွေးမှုများကို ယ္ခုတိုင် ကျွန်တော်မြင်ယောင်နေမိသည်။ နောက်တယောက်ကဦးထွန်းစိန်။ ခရီးအတန်လှမ်းသော အခြားရွာမှဖြစ်သော်လည်း မိသားစုချင်းခင်မင်သဖြင့် အိမ်ကိုအဝင်အထွက် ရှိသည်။ ကျွန်တော်မှတ်မိသလောက် ကလေးချစ်တတ်သည်။ လူတကာနှင့်လည်းသင့်သည်။ တစ်နေ့သူစိမ်းရွာသားတယောက် ကျွန်တော်တို့အိမ်သို့ရောက် လာပြီးလူကြီးတွေနှင့်စကားပြောနေရာသို့ စပ်စုတတ်သောကျွန်တော်မယောင်မလည်သွား၍နားထောင်မိရာ ပြီးခဲ့သည့်ညကဦးထွန်းစိန်အသတ်ခံရသည့်သတင်းဖြစ်နေလေသည်။ ယူကြုံးမရဖြစ်နေပုံရသောလူကြီးတွေမှာ ကျွန်တော်ဝင်ရောက်နားထောင်နေသည်ကိုပင်တားဖို့ (တချို့စကားဝိုင်းတွေမှာကျွန်တော်တို့ကိုအနားကပ်ခွင့်မပေး) သတိရဟန်မတူသောကြောင့်အဖြစ်အပျက်အစုံကိုကြားသိခွင့်ရလိုက်၏။

ညဦးပိုင်း ဦးထွန်းစိန်ဘုရားရှိခိုးနေခိုက်သူပုန်နှစ်ဦးအိမ်သို့ရောက်လာပြီး ဦးထွန်းစိန်နှင့်တွေ့လိုကြောင်းပြောသည်။ ဇနီးဖြစ်သူကခေါ်ပေးမည်ပြုရာ သူတို့စောင့်ပါမည်ဆိုပြီးမခေါ်စေခဲ့။ ခါတိုင်းလည်းအိမ်သို့ အဝင်အထွက်ရှိကြသူတွေမို့ တစ်စုံတစ်ရာသင်္ကာမကင်းမဖြစ်မိသော ဦးထွန်းစိန်၏ဇနီးက ဧည့်ဝတ်ကျေစွာ လ္ဘက်ရည်နှင့်မုန့်ပဲသွားရေစာများပင်တည်ခင်းလိုက်သေးသည်။ တနာရီခန့်အကြာဘုရားရှိခိုးပြီးသည်၌ အိမ်အပြင်ထွက်စကားပြောဘို့ခေါ်သဖြင့် ဖူးစောင်(မျက်နှာသုပ်ပဝါ)လည်မှာပတ်လျက်သား ဦးထွန်းစိန်လိုက်ပါသွားသည်။ ချက်ချင်းဆိုသလိုပင်သေနပ်သံနှစ်ချက်ကြားရသဖြင့်အိမ်သားများထွက်ကြည့်ကြသည်။ ခြံဝသွေးအိုင်ထဲမှာဦးခေါင်းဒဏ်ရာများဖြင့်အသက်မဲ့နေပြီဖြစ်သောဦးထွန်းစိန်ကိုတွေ့ကြရသည်။ (လွန်ခဲ့သောနှစ်ပေါင်း၅၀ကျော်က ကျွန်တော်ကြုံခဲ့ဘူးသည့်ထိုအဖြစ်အပျက်မျိုး ထိုအနိဋ္ဌာရုံမျိုး ပြည်တောင်စုအတွင်း ၌ ယနေ့တိုင်မချုပ်ငြိမ်းနိုင်ခြင်းမှာဝမ်းနည်းဖွယ်ရာပင်။ မချုပ်ငြိမ်းရုံသာမကဖြစ်ပေါ်တိုးတက်လာသောနည်းပညာ၊ လက်နက်အထောက်အကူနှင့် တစ်စစချို့တဲ့လာသောစစ်မြေပြင်ကျင့်ဝတ်တွေကြောင့် အဖျက်စွမ်းအားများပိုမို၍လာနေလေရာ ယနေ့ပဋိပက္ခများအကြားကပြည်သူတွေ၏ဘဝမှာ ကျွန်တော်တို့ခေတ်ကထက်များစွာဆိုးရွားကြမည်ဆိုသည်ကိုသံသယဖြစ်ဖွယ်မရှိချေ။ဤကားစကားချပ်)။ ဦးထွန်းစိန်တို့ ကိုဝင်းကြည်တို့၏ မိသားစုတွေလိုပူဆွေးသောကရောက်ရမည့်ကိန်းမျိုး ကျွန်တော်တို့မိသားစုမကြုံခဲ့ရသည်မှာလည်း ကံကြီးလွန်း၍သာဟုဆိုရမည်။ မြန်မာပြည်၏ပါလီမန်ဒီမိုကရေစီ နောက်ဆုံးရွေးကောက်ပွဲဟုပြောနိုင်မည့် အိမ်စောင့်အစိုးရလက်ထက်ရွေးကောက်ပွဲတွင်အင်အားကြီးပါတီများဖြစ်ကြသောသန့်ရှင်းနှင့်တည်မြဲ တို့အနက် စစ်တပ်(အစိုးရ)ကတည်မြဲဖက်မှပြောင်ပြောင်တင်းတင်းရပ်တည်သည်။ နယ်တွေမှာတည်မြဲ အနိုင်ရရေးအတွက်ဖြောင့်ဖျနည်းရောခြိမ်းခြောက်နည်းပါသုံး၍ကြိုးပန်းကြချိန်မှာ ကျွန်တော့်ဖခင်ကသန့်ရှင်းပါတီ၏မဲကိုယ်စားလှယ်အဖြစ်ဝင်ရောက်လှုပ်ရှားခဲ့သည်။ တစ်ချိန်ထဲမှာကျွန်တော့်မိခင်ကရွာမှာသူတို့ဖွဲ့ပေးထားသောတည်မြဲအမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်နေလေရာ တပ်မှ ဖေဖေ့အပေါ်အစပိုင်းမကျေနပ်သော်လည်း ခါးခါးသီးသီးတော့မရှိခဲ့။ သူတို့ကိုယ်သူတို့အပိုင်တွက်ထားပြီးဖြစ်၍လားတော့မသိ။ သို့ရာတွင် အခြေအနေက ရုတ်ခြည်းဆိုသလိုပြောင်းလဲသွားသည်။

ရွေးကောက်ပွဲမှာ သန့်ရှင်းက(ခုခေတ်စကားနှင့်)တောင်ပြိုကမ်းပြိုနိုင်သည်။ လူကြီးတွေပြောစကားအရ သန့်ရှင်းမဲပုံးလျှံသွားသည်ဟုဆို၏။ အုပ်ချုပ်သူများ ယမ်းပုံမီးကျဖြစ်ကုန်ကြသည်။ အိမ်မှာကျွန်တော့်မိခင်က အုပ်ချုပ်သူတွေ၏အညိုအညင်ခံရသလို ဖခင်မှာသူတို့၏အညိုးအတေးကိုခံရသည်။ နုတ်မဆင်ခြင်သော တပ်အရာရှိတဦးက “ခင်ဗျားယောင်္ကျား အပေါက်ကျဉ်း(သေနပ်ပြောင်း)နဲ့တွေ့မယ် ကြပ်ကြပ်သတိထား” ဟု ရိုင်းရိုင်းပြပြပြောသည်အထိကြုံရသည်။ ဟိုမှသည်မှကြားရသောသတင်းတွေအရ ရွာလူကြီးများက ကျွန်တော့်ဖခင်ကို ရွာမှခေတ္တရှောင်နေရန်ဖျောင့်ဖျကြသည်။ ဖခင်ခမျာသူတသသနှင့် ရွာရိုးကိုးပေါက်သွားလေရာ အားကိုးပြုသောရာလေး (Raleigh) စက်ဘီးသစ်လေးကိုပင်သည်တခါ ထားရစ်၍ခြေရာဖျောက်ရလေ၏။ သူသွားမှအိမ်ကိုလာမေးသူတွေပိုများလာသလိုလာမေးသူတွေထဲမှာအစိုးရပိုင်းမှသာမကသူပုန်ဘက်မှပါ ပါနေကြပြီးသူတို့မျက်နှာထားတွေက မိတ်ဘက်ထက်ရန်ဘက်အသွင်ပို၍ဆောင်နေကြသည်ကို ကလေးဖြစ်သူ ကျွန်တော်ပင် ရိပ်စားမိသည်။ တနည်းအားဖြင့် ထိတ်လန့်စရာလည်းဖြစ်၏။

အမေတစ်ယောက်တည်းညရေးညတာ ကလေးတွေနှင့်အားငယ်မည်စိုး၍ အိမ်နီးချင်းမိန်းမငယ်များ အလှည့်ကျအိမ်မှာလာအိပ်ရင်းစောင့်ရှောက်ကြရာ တစ်စုံတစ်ရာအားတက်ဖွယ်ဖြစ်ပါ၏။ သို့ရာတွင် ခွေးဟောင်သံကြားတိုင်း ရှိသမျှမီးအိမ်တွေငြှိမ်းကာအမှောင်ထဲစုထိုင်ကြရင်း ဘာများလဲဘယ်သူများလဲ ဟု နားစွင့်ရသည်မှာ ခြောက်ခြားစရာ ကောင်းလှသည်။ ထိုကာလမျိုးမည်မျှကြာကြာဖြတ်သန်းခဲ့ကြရသည်ကို ကျွန်တော်မမှတ်မိ။ နောက်ဆုံး အမေကဆုံးဖြတ်ချက်တစ်ခုယတိပြတ်ချကာ အိမ်၊ ဖေဖေ့စက်ဘီးနှင့် မိုးတွင်းအခါ မိသားစုအသုံးပြုသော လှေငယ်နှစ်စီးအပါအဝင် ရှိသမျှပစ္စည်းအားလုံးရောင်းချပြီးသားသမီးများနှင့် အတူ ရန်ကုန်သို့အပြီးအပိုင်ပြောင်းရွှေ့ခဲ့တော့သည်။ ဖေဖေ့ကိုတိုင်ပင်ချိန်မရ။ တိုင်ပင်ရအောင် သူ့ကို ဘယ်လိုဆက်သွယ်ရမှန်းလည်းမသိ။

ရန်ကုန်ရောက်တော့ စမ်းချောင်းရှိ ဖခင်၏အစ်မကြီးအိမ်တွင်အခန်းတခန်းခွဲ၍နေကြသည်။ သားသမီးတွေ အားလုံးကိုလမ်းထိပ်ရှိအစိုးရကျောင်းမှာထားသည်။ ကျွန်တော်အတန်းကျောင်းစတက်ရသောအချိန်ဖြစ်လေသည်။ အမေက ရပ်ကွက်ဈေးမှာကုန်ခြောက်ရောင်း၍မိသားစုရပ်တည်ကြသည်။ လအတန်ကြာမှ ဖေဖေလိုက်လာသည်။ အခြေအနေအေးချမ်း၍သူရွာသို့ပြန်သွားတော့မှ ကျွန်တော်တို့ရန်ကုန်ရောက်နေသည်ကို သိရကြောင်း၊ သိသိခြင်းသူ့ကိုမတိုင်ပင်ရကောင်းလားဟုအမေ့ကိုစိတ်ဆိုးပြီး ချက်ခြင်းလိုက်မလာခြင်းကြောင့် ဤမျှကြာသွားခြင်းဖြစ်ကြောင်း အမေပြန်ပြော၍သိရသည်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် ဖေဖေ စိတ်ဆိုးသည်မှာမှန်သော်လည်း မိသားစုဘဝအတွက်အမေ့ဆုံးဖြတ်ချက်နှင့်လုပ်ရပ်ကပို၍မှန်ကန်ကြောင်း ကျွန်တော်တို့အားလုံးသိကြသည်။ ဖခင်ကိုယ်တိုင်လည်းသိပေမည်။ ထို့ကြောင့်ပင် သူတို့ချင်း အကျယ် အကျယ်မငြိမ်းဘွယ်တွေဆက်မဖြစ်ကြတော့ခြင်းဖြစ်မည်။ ကျွန်တော်တို့သားသမီးတွေမှာလည်း အစစ အရာရာ ပိုမိုအေးချမ်းသောရန်ကုန်လိုနေရာမျိုးမှာပညာရေးလူမှုရေးအခွင့်အလမ်းတွေ အတိုင်းအတာတခုထိရရှိနေထိုင်နိုင်ခဲ့ကြခြင်းဖြစ်လေသည်။ စဉ်းစားကြည့်တော့ ကျွန်တော်တို့မိသားစုမှာအဖေကအုပ်ချုပ်သူဖြစ်ပြီးအမေကသာဦးဆောင်သူဖြစ်နေလေသည်။ တကယ့်အကျဉ်းအကျပ်တွေမှာအုပ်ချုပ်သူထက် ဦးဆောင်သူကပို၍အခရာကျကြောင်း ထိုအိမ်တွင်းနိုင်ငံရေးက ကျွန်တော့် ကိုစွဲမြဲယုံကြည်စေခဲ့၏။

ကျွန်တော် ပထမတန်းစာမေးပွဲဖြေပြီးစမှာစစ်တပ်မှအာဏာသိမ်းသည်။ ထိုသတင်းကို ကျွန်တော်ကြားရပုံမှာလည်းအူလည်လည်နိုင်လှသည်။ အိမ်မှာကရေဒီယိုမရှိသတင်းစာမရှိမို့ယင်းရုံးအပြန်အိမ်ရှေ့မှ ခပ်အုပ်အုပ် အော်ပြောသွားသောကြောင့်သိလိုက်ရခြင်းဖြစ်၏။ သူ့စကားက ဟေ့နင်တို့အိမ်မှမီးကြွင်းမီးကျန်တွေသတိ ထားကြနော်နွေရောက်လာပြီ၊ ဒီမနက်စစ်တပ်ကလည်းအာဏာသိမ်းလိုက်ပြီဟူသတည်း။ ခြောက်သွေ့ရာသီ ရောက်ပြီဆိုသည်နှင့် မီးလောင်မှုတွေမီးလန့်မှုတွေကြုံရတတ်သဖြင့်ထိုဦးကြီးပြောသောစကားမှမီးကြွင်းမီးကျန်လောက်ကိုသာနားလည်ပြီးကျန်တာနားမရှင်းလှ။ သူပုန်မရှိသောအရပ်မို့အာဏာမကလို့ဘာဘဲသိမ်းသိမ်း စိုးရိမ်ထိတ်လန့်စရာမလိုဟုကလေးတွေးတွေးရင်းအစားမပျက်ကစားမပျက်နေဖြစ်ခဲ့လေသည်။

များမကြာမီ ဖေဖေ့လောဆော်မှုနှင့်ပင်ရန်ကုန်ကိုခွာ၍ဖြစ်ဝကျွန်းပေါ်တစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရပြန်လေသည်။ သည်တခါ ပန်းတနော်မဟုတ်။ အမေ့ဇာတိဝါးခယ်မ။ ပြီးတော့ သည်တခါဘယ်ပါတီအတွက်မှ အဖေ မဲကိုယ်စားလှယ်လုပ်စရာမလိုတော့။ ဘာရွေးကောက်ပွဲမှမရှိတော့သောကြောင့်ဖြစ်လေ၏။ ထိုမြို့ရောက်ကာစ အမျိုးအိမ်တစ်အိမ်သို့သွားလည်ကြရာလူကြီးအချင်းချင်းပြောဆိုသံတွေအရ ရန်ကုန်မှာကျောင်းသား ဆန္ဒပြပွဲနှိမ်နင်းခံရသည့်သတင်းနှင့်ကျဆုံးကျောင်းသားတွေထဲမှာထိုအိမ်၏အိမ်နီးချင်းမိသားစုထဲမှတစ်ဦး ပါဝင်သည့်သတင်းကိုစိတ်မချမ်းမြေ့ဖွယ်ကြားခဲ့ရသည်။ ထိုစဉ်ကတော့သမိုင်းဝင်(၇)ဇူလိုင်အရေးအခင်း အကြောင်းပြောနေကြမှန်းမသိသလို ကျောင်းသားသမဂ္ဂအဆောက်အဦဗုံးခွဲဖျက်ဆီးခံသည့်အကြောင်းပါဝင်သည်ဟုလည်းမမှတ်မိခဲ့။

ရွေးကောက်ပွဲတွေမရှိတော့သည့်တိုင်သူပုန်ကတော့ရှိနေဆဲ။ မကြာမကြာတိုက်ပွဲသံတွေကြားရဆဲ။ နေ့ခင်း ကြောင်တောင်မြို့ကိုဝင်စီးဖို့ကြိုးစားသောသူပုန်တွေနှင့်အစိုးရတပ်တို့အပြန်အလှန်ပစ်သံခတ်သံတွေကြားမှာ ကျောင်းမှအိမ်သို့အပြေးအလွှားပြန်ရကြသည့်အဖြစ်မျိုးတွေတစ်ကြိမ်မကကြုံရဆဲ။ ကြာတော့အထူးအဆန်းမဟုတ်သလိုပင်ဖြစ်လာသည်။ တစ်ခါတစခါ ငိုအားထက်ရယ်အားသန်စရာတွေကြုံရကြားရသည်လည်း ရှိတတ်သည်။ တစ်ညမှာ ဘယ်ကဘယ်လိုမှန်းမသိ သူပုန်တွေမြို့တွင်းထိဝင်လာကြသည်။ သမဝါယမဆိုင် (လလသသ)ကိုစိတ်တိုင်းကျမွှေပြီးလိုချင်တာတွေယူငင်ကြကာပြန်အထွက်သေနပ်ဖေါက်တော့မှသူတို့ရောက်နေမှန်းသိကြရသည်။

အချိန်ကရုပ်ရှင်လွှတ်ချိန်မို့လမ်းပေါ်မှာလူတွေဥဒဟိုသွားလာနေကြရာသူပုန်နှင့်မျက်နှာချင်းဆိုင်တိုးသူတိုးကြသော်လည်းအန္တရာယ်မပြု။ ကျွန်တော်တို့နှင့်အိမ်နီးချင်းမီးသတ်တပ်ဖွဲ့ဝင်ဦးခင်မောင်ကြည်ကိုတော့ ယူနီဖေါင်းဝတ်ကြီးနှင့်ရုပ်ရှင်ကြည့်ရပါမည်လောဟုကြိမ်းမောင်းကာ သူပုန်တွေကယူနီဖေါင်းချွတ်ယူသွားခဲ့သည်။ ထိုညကသေနပ်သံတွေကြားပြီးစိတ်ပူနေခိုက်အတွင်းခံစွပ်ကျယ်၊ ဘောင်းဘီတိုလေးဖြင့်အိမ်ပေါ်သို့တက်လာသောဦးခင်မောင်ကြည်ကိုဇနီးဖြစ်သူက ဘုမသိဘမသိမြည်တွန်တောက်တီးရာမှသူတို့လင်မယား အော်ကြီး ဟစ်ကျယ် ရန်ဖြစ်ကြသည်။ အမြဲသင့်မြတ်သောလင်မယားမို့ ထိုကိစ္စအဆန်းတကျယ်ဖြစ်သွားသလို ဦးခင်မောင်ကြည်ယူနီဖေါင်းအချွတ်ခံရသည့်သတင်းလည်းဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့လေ၏။

သည်တခါသူပုန်အဖွဲ့နှင့်ခေါင်းဆောင်အမည်ကိုမှတ်မှတ်သားသားရှိနိုင်သည့်အရွယ်လည်းရောက်ခဲ့ပြီ။ မှတ်မိ သည် ဆိုသော်လည်းတိတိပပတော့သိပ်မဟုတ်လှ။ စင်စစ် ကေအင်ဒီအိုဗိုလ်ကွက်ကော့ဆိုလျှင်ထိုခေတ်က မြစ်ဝကျွန်းပေါ်နေသူတိုင်းမသိမရှိ။ နောက်ပိုင်းတိုက်ပွဲတခုမှာဗိုလ်ကွက်ကော့ကျသွားသည်ဟုသိရ၏။ အစိုးရ ကမူသူ့ကိုအသေဖမ်းဆီးရမိသည်ဟုကြေငြာသည်။ စစ်ရေးနှင့်လုံခြုံရေးဘက်မှ ထိုအပြောင်းအလဲတွေ ပေါ်ပေါက်ချိန်မှာ စီးပွားရေးမူဝါဒတွေကလည်းတစ်မျိုးပြီးတစ်မျိုး။ ရာတန်တွေငါးဆယ်တန်တွေ တရားမဝင်ကြေငြာသည်။ စီးပွားရေးလုပ်ငန်းတွေပုဂ္ဂလိကကျောင်းတွေပြည်သူပိုင်သိမ်းသည်။ ပပက ခေါ် ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်းနှင့်အတူပြည်သူ့ဆိုင်တွေနေရာအနှံ့ပေါ်လာသည်။ “တန်းစီတိုးစားလူအများတို့..လေး”  ဟူသော ပြက်လုံးတွခေတ်စားလာသည်။

မျှမျှတတပြောရလျှင် အညမညခေတ်ဦးပိုင်းကျောင်းသားဘဝမှာကျွန်တော့်အမြင် ဆိုးလှသည်တော့မဟုတ်။ လူငယ်တွေ၏ဗလငါးတန်ဖွံ့ဖြိုးရေးကိုဦးတည်သောသင်ကြားရေးစံနစ်၊ ဘာသာရပ်နှင့်ဝါရင့်ဆရာဆရာမကြီးတွေ ကျောင်းတိုင်းမှာရှိနေဆဲ။ ပြည်သူ့နီတိလို ဘာသာရပ်တွေပြဋ္ဌာန်းသင်ကြားဆဲ။ နိုင်ငံရေးရည်မှန်းချက်ဖြင့် ရှေ့ဆောင်လူငယ်လို၊ ကျောင်းကောင်စီလို အဖွဲ့အစည်းတွေဖွဲ့စည်းလျက်စည်းရုံးလှုပ်ရှားကြသည့်တိုင် ပညာရေးအနှစ်သာရတွေမျက်ချေမပြတ်ကြဆဲ။ ဆရာတွေအစီအစဉ်အရကျွန်တော်ပါဝင်ခဲ့ဖူးသော ကျောင်းကောင်စီနှစ်ပတ်လည်အစည်းအဝေး(ထင်သည်)ဖျော်ဖြေရေးအစီအစဉ်တစ်ခု အတွေးထဲမှာလျှပ်တစ်ပျက်ပေါ်လာသည်။ ဆရာတဦးကလက်ဆွဲဘာဂျာတီးလျှက်ကျွန်တော်အပါအဝင်ပဉ္စမတန်းကျောင်းသား ကျောင်း သူတစ်စုမြန်မာ့အသံလူငယ်ကဏ္ဍမှမကြမကြာထုတ်လွှင့်လေ့ရှိသောရှေ့ဆောင်လူငယ်သစ္စာအဓိဋ္ဌာန်(၅)ချက် သီချင်းနှင့်တာဝန်(၁၂)ပါးသီချင်းများသီဆိုခဲ့ကြခြင်းဖြစ်၏။

စဉ်းစားရင်းကအဆိုပါသီချင်းနှစ်ပုဒ်အနက်မှတစ်ပုဒ်ကိုယ္ခုတိုင်ကောင်းစွာမှတ်မိနေသေးကြောင်းတွေ့ရာ ကျွန်တော့်ကိုကျွန်တော်အံ့သြမိသည်။ အလွန်နှစ်သက်ဖူးပြီးအခွင့်သင့်တိုင်းဆိုညည်းနေနေကျနှစ်နှစ်ဆယ် သီချင်းအချို့ကိုအစဖေါ်မရဖြစ်တတ်သောအရွယ်မှာဤသို့သောပေါ်လစီတေးမျိုးအားနှစ်ငါးဆယ်နီးပါးမမေ့ခြင်း အတွက်ကိုယ့်ကိုကိုယ်ပင်ဘဝင်မြင့်ရမလို၊ မမေ့အောင်ကျွန်တော့်ခေါင်းတွင်းသို့ ရိုက်သွင်းပေးခဲ့သည့် သူများအားချီးကျူးရမလိုဖြစ်နေ၏။

(ကျွန်ုပ်တို့သည်)၂ x x မြန်မာနိုင်ငံနှင့် x x တိုင်းရင်းသား လုပ်သားပြည်သူအပေါ် x x သစ္စာရှိကြမည် ဟေ့ သစ္စာရှိကြမည်။ လုပ်အားတန်ဘိုးချစ်မြတ်နိုးတဲ့ x x စိတ်ကိုအရင်းတည် x x လုပ်သားကောင်းဖြစ်မြောက်အောင် x x ဖြစ်အောင် ကြိုးစားမည်။ လူလူချင်းညှာတာ x x ထောက်ထားတဲ့ အသိစိတ်ဓါတ်နဲ့ x x ဆက်ဆံပါမည် x x ဆက်ဆံပါမည်။ ဆိုရှယ်လစ်လူ့ဘောင် x x တည်ဆောက်သူများ x x စောင့်ရှောက်သူများ x ဖြစ်အောင် x x ကြိုးပန်းအားထုတ်မည်။ ပေးအပ်တဲ့တာဝန် x x ဝတ္တရားများကို x ကျေပြွန်စွာဘဲ x ထမ်းဆောင်ကြမည် x x ထမ်းဆောင်ကြပါမည်။ ရှေ့ဆောင်လူငယ် x သစ္စာအဓိဋ္ဌာန် (ငါးချက်ကိုသာအတည်)၂ x x ဒို့လူငယ်တွေ အလံတော်ရှေ့မှာ x x နေ့စဉ်နေ့တိုင်း ကိုင်းရှိုင်းစွာx x ဆိုမည်။

ကြိုက်သော်ရှိမကြိုက်သော်ရှိဓမ္မဒိဋ္ဌာန်ကျကျသုံးသပ်ရလျှင်ထိုသီချင်းကိုအများနှင့်အတူစိတ်ပါလက်ပါ တစ်ကြိမ် သီဆိုခဲ့ဘူးခြင်းကြောင့်၎င်း၊ ထိုသီချင်း နှစ်ရှည်လများ ခေါင်းထဲစွဲကျန်ရစ်ခြင်းကြောင့်၎င်း၊ ကျွန်တော့်အားတစုံတရာအဆိပ်အတောက်ဖြစ်ခဲ့ခြင်းတော့မရှိ။ စင်စစ် ဆိုရှယ်လစ်လူ့ဘောင်ဆိုသော စားသောက်ကောင်းရုံ ရောစပ်ထားသည့်စာသားလေးများကိုဖယ်လိုက်ပါက လူငယ်တွေအတွက် ခံယူကျင့်သုံးလျှင်ပင်မမှားလောက်သော ကိုယ်ကျင့်တရားများဖြစ်ကြောင်းတွေ့ရှိနိုင်ပေသည်။ မိမိကိုယ်၌က မရေရာသည့်အယူဝါဒတခုကိုသူတပါးယုံကြည်အောင် ပြုနိုင်ဖို့ခဲယဉ်း၏။ တတိုင်းပြည်လုံးကို အယုံသွင်းရန်ကြိုးစားခဲ့ကြခြင်းမှာမူ အချို့သောနိုင်ငံရေးသမားနှင့်အနုပညာရှင်တို့သမိုင်းတွင်စွန့်ပစ္စည်းသဖွယ်ဖြစ်ရခြင်း၏ အကြောင်းရင်းဟု ကြီးကြီးကျယ်ကျယ်ကျွန်တော်တွေးမိသည်။ ထိုအတွင်း ကျွန်တော်တို့မိသားစုနိုင်ငံရေးမှာလည်းကြီးမားသော အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။ ကျွန်တော့်ဖခင်ကွယ်လွန်သည်။ လူမမည်အများစုဖြစ်သောမိသားစု၏ ဦးဆောင်တာဝန်သည် ရုတ်ချည်းဆိုသလိုမိခင်ထံသို့ကျရောက်လာလေတော့ရာ အမေသည်သူမ၏ဇာတိမြေကို ဒုတိယနှင့်(ပထမအကြိမ်မှာအိမ်ထောင်ကျပြီးအဖေ့နောက်သို့လိုက်စဉ်က) နောက်ဆုံးအကြိမ်အဖြစ်စွန့်ခွာ၍ မိသားစုဘဝရှင်သန်ရန်အခွင့်အလန်းပိုများသောရန်ကုန်သို့ပြန်လည်ထွက်ခွာခဲ့လေတော့သည်။ စင်စစ် ဤတခါပြောင်းရွေ့ခြင်းမှာ နယ်မှရန်ကုန်သို့နောက်ဆုံးအကြိမ်ပြောင်းရွှေ့ခြင်းဖြစ်ပြီး အမေ့ခမျာ ကွယ်လွန်သည်အထိ ဇာတိမြေသို့အလည်တစ်ခေါက်မရောက်နိုင်တော့ချေ။

ရန်ကုန်သို့ ပြန်ရောက်ပြီး နေသားမှမကျသေးမီတွေ့ကြုံကြရသည်က တရုပ်ဗမာ အရေးခင်း။ အချို့က (တော်လှန်ရေး) အစိုးရ၏လှည့်ကွက်တခုအဖြစ်သုံးသပ်ကြသည်။ အစိုးရ၏စီမံခန့်ခွဲမှုအလွဲတွေကြောင့် ပြည်တွင်းမှာအရံဆန်နည်းပါးနေသည်။ ထိုနှစ် ရာသီဥတုကြောင့်စပါးသီးနှံတွေပျက်စီးသည်။ တတိုင်းပြည်လုံး ဆန်တွေဈေးတက်လာသည်။ စစ်တွေဘက်မှာဆန်လုပွဲဖြစ်သည်။ ဤသည်ကိုအကြောင်းပြု၍ အုံကြွမှုတွေ ဖြစ်မလာနိုင်အောင် အာရုံပြောင်းသည့်အနေဖြင့် တရုပ်ဗမာအရေးအခင်းကို အစိုးရကဖန်တီးခြင်းဖြစ်သည်ဟုပြောကြသည်။ တရုပ်ပြည်တွင် ထိုအချိန်ကယဉ်ကျေးမှုတော်လှန်ရေးစတင်ချိန်မို့ ကျောင်းတွေ တက္ကသိုလ်တွေမှာ လူငယ်ကလူကြီးကို၊ ကျောင်းသားကဆရာကိုဝေဖန်ရေးတွေလုပ်ခုံရုံးတင်အပြစ်ပေးနေကြချိန်။ ရန်ကုန်ရှိ ပြည်သူပိုင်သိမ်းပြီးတရုပ်ကျောင်းတစ်ကျောင်းတွင် ကျောင်းသားအချို့ယဉ်ကျေးမှုတော်လှန်ရေး၏အမှတ်အသားတစ်ခုအဖြစ် ဥက္ကဋ္ဌကြီးမော်(မော်စီတုံး)ပုံရင်ထိုးများ တပ်ဆင်ကြသည်ကို အတန်းပိုင်ဆရာမကတားမြစ်ရာမှအခြေအတင်ဖြစ်ပြီး (အစိုးရသတင်းစာအလိုအရ) ထိုဆရာမအား ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ စာသင်ခန်းတခုအတွင်း ပိတ်လှောင်ထားခြင်းများရှိခဲ့သည်။ မည်သို့ဆိုစေ လူမျိုးရေးပဋိပက္ခတခုပေါ်ပေါက် လာခဲ့လေသည်။

ပီကင်း အသံလွှင့်ဌာန ၏ “ဖေါက်ပြန်သော ဗမာအစိုးရသည်..” အစချီသည့် ရန်စွယ်ငေါငေါလွှင့်ထုတ်မှုများ ကို နေ့စဉ်ကြားရသည်။ ပြည်တွင်းနေရာအနှံ့အပြားမှာ တရုပ်လူမျိုးပိုင် အိမ်တွေ၊ ဆိုင်တွေ စီးပွားရေး လုပ်ငန်းတွေနှင့် ဘုံကျောင်းတွေအများအပြားဖျက်ဆီးခံရသည်ထိခိုနာကျင်အသက်ဆုံးရှုံးမှုတွေရှိသည်။ ကွန်မြုနစ်တရုပ်ပြည်နှင့်စတင်ခဲ့သောရန်မီးပွားသည်ပြည်တွင်းရှိကွန်မြူနစ်(ပြည်မကြီး)နှင့်လစ်ဘရယ်(ထိုင်ဝမ်) နွယ်ဖွားတရုပ်အားလုံးကိုထိခိုက်လောင်ကျွမ်းစေခဲ့လေသည်။ ကျွန်တော်တို့အိမ်နှင့် မျက်စောင်းထိုးကုန်စုံဆိုင်မှာထိုင်ဝမ်အဆက်အနွယ်တွေဖြစ်ကြ၏။ အရေးအခင်းအတွင်းသူတို့ဆိုင်အဖျက်ခံရသည်ကို အစအဆုံးကျွန်တော်မြင်ခဲ့ရသည်။ ပါဝင်သူအားလုံးမျက်နှာစိမ်းတွေ။ ခိုင်ခံ့သောကျွန်းတံခါးကြီးများကို ပုဆိန်များဖြင့်ခုတ်ထစ်ဖျက်ဆီးပြီးဝင်ရောက်ကြသည်။ ရှိုးကေ့စ်မှန်ကြီးများကိုခွဲ၍ အတွင်းမှပစ္စည်းအားလုံး လမ်းမသို့ထုတ်ပြီး ပေါက်ခွဲထုချေဖျက်ဆီးပစ်ကြသည်။ မယူကြနဲ့၊ ဘာပစ္စည်းမှမယူကြနဲ့ဟုအော်ဟစ်သတိပေးသံတွေ ကြားနေရသည်။ သို့ရာတွင် ကျွန်တော်ရပ်ကြည့်နေရာဘက်၌ လူအချို့သူတို့စီးလာကြသောဘိနပ် အဟောင်းတွေနှင့် ဆိုင်ထဲမှထုတ်လာသော ဆင်ကြယ် (ယိုးဒယား)ဖိနပ်အသစ်တွေလဲ၍ စီးသွားကြသည်ကို တွေ့နေရ၏။

တရုပ်ဗမာအရေးအခင်းအတွင်းဆန်ရှားပါးသဖြင့် ကျွန်တော်တို့မိသားစုဆန်ပြုတ်တစ်ရက်သောက်လိုက်ရသည်ကိုလည်းကျွန်တော်မမေ့။ အမှန်တော့ဆန်ကမရှား၊ ငွေကရှားခြင်းဖြစ်သည်။ အိမ်တွင်းနိုင်ငံရေးမှတ်တိုင်တစ်ခုဟု ပြောလျှင်ရမည်လားတော့မသိ။