Friday, November 28, 2014

ကျွန်တော်နှင့်ကျွန်တော် သို့မဟုတ်




“ကိုယ်ရေးအကျဉ်း”

                       
နဂိုမရိုင်းပေမယ့်
လိုတိုင်းတမပြည့်ဝတတ်သူ။

ဂျင်မခါနာချက်မြှုပ်
လဂ်မနူပ်ပါဘူး
မဟုတ်မခံတတ်တာကလွဲရင်
အသဲပျော့ရာမှာသူမတူ။

နတ်မောက်ကို
ကြည်ညိုပေမယ့်မရောက်ဘူး
လူထူးအချို့စန်းပျော်ရာ
ပန်းတနော်နဲ့ ဝါးခယ်မမှာနေဘူးသူ။

ပညာခိုကိုး
“စက်မှုတတ်မျိုး ပြည်အကျိုး” လို့
သည်ပိုးသမျှ မရေရာ
မနေသာတဲ့အဆုံး
တပြေတရွာမှာ မသေစာအတွက်ရုန်းရပေမယ့်
လင်ကုန်ရှုံးတဲ့တိုင်းပြည်အပေါ်
အမေခေါ်လို့မဝ
သည်ရင်ခွင်မှ ခေါင်းချပျော်လိုသူ။

ယန္တရားတွေကြားက စမ်းတဝါးဝါးလူ
လမ်းမသလားပေမယ့်
တခါတခါ အရမ်းစကားများတဲ့သူ။

တွေဝေတတ်တဲ့သူူ
လေနေတတ်တဲ့သူ
ဝေလေလေမတတ်သလို
အခြေအနေတွေနဲ့လည်းမအပ်စပ်ခဲ့တဲ့သူ။


ဒီလူ
သည်အယူနဲ့
ဇမ္ဗူတလွှား။
ဝေဒနာကြေညာစကား                                               
သောင်းတိုက်ကကြားစေသား။  

Thursday, November 20, 2014

ကျွန်တော်နှင့် ရှစ်ဆယ့်ရှစ် (၃)


ထိုညတညလုံး ကျွန်တော်အိပ်မပျော်နိူင်။ တီဗီထဲမှ အာဏာသိမ်းကောင်စီ၏ အမိန့်များ ညွှန်ကြားချက် များထံ စိတ်ရောက်နေသည်။ ဖွဲ့စည်းစ နဝတအဖွဲ့၏ ဥက္ကဌမှတပ်မှူးများအား ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်မှုများကြုံလာခဲ့လျှင် အသက်ပေး၍နှိမ်နင်းရန် လူသိ ရှင်ကြားညွှန်ကြားထားသည်။ စင်စစ် ထိပ်တိုက်ရင်ဆိုင်မည့်သူများရှိခဲ့လျှင် အရောင်အသွေးမည်မျှ ကွဲပြားသည်ဖြစ်စေ ပြည်သူထဲမှပြည်သူတွေသာမို့ အသက်ပေး၍ ပြည်သူကိုနှိမ်နင်းကြဟုအဓိပ္ပါယ်ဖွင့်ဆိုရမည်ကဲ့သို့ ဖြစ်နေလေ၏။ ဘာဘဲပြောပြောမနက်ဖြန်သည်စစ်ဦး။

နောက်တနေ့မနက်စောစော တဘက်ကမ်းသို့ကျွန်တော်ကူးသွားသည်။ သမ္ဗန်ဆိပ်မှသင်္ဘောကျင်းသို့အလာလမ်းမှာ သေနပ်ဖေါက်သံလေးငါးချက်ကြားရပြီး ကျောင်းစိမ်းဝတ်လူငယ်တစုပြေးလာကြသည်ကိုတွေ့ရ၏။ သူတို့လေးတွေအချင်းချင်းပြောစကားနှင့်လမ်းပေါ်မှလူအချို့တို့၏စကားများကိုဆက်စပ်ကြည့်ရာ ထိုလူငယ်လေးများရဲစခန်းသို့သွားဝိုင်းကြသဖြင့်ရဲစခန်းမှခြောက်လှန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရေရွတ်ဆဲဆိုရင်း ဖရိုဖရဲပြေးလာကြသူအများစုမှာ ဟိုတစ်နေ့ကတာဝန်မှူးရုံးခမ်းသို့ရောက်လာသော သမ္ဗန်သမားသူငယ်လေးအရွယ်တွေ။ ကျွန်တော်ရင်မောသွား၏။ ဘာဘဲဖြစ်ဖြစ်ရဲစခန်းမှခြောက်လှန့်ပစ်ခတ်သည်လောက်နှင့်သာပြီးပါစေတော့ဟုဆုတောင်းမိသည်။ ခုလိုအချိန်မျိုးမှာသူတို့လေးတွေအတွက်ကိုယ့်အိမ်ကိုယ့်ယာသာလျှင်အလုံခြုံဆုံးဖြစ်ပေမည်။

သင်္ဘောကျင်းထဲမှာတော့ငြိမ်ငြိမ်သက်သက်။ အာဏာသိမ်းသတင်းကိုပေါ့ပေါ့ပါးပါးခံစားချက်မပါဘဲ ပြောဆိုနေကြသောလူငယ်အချို့၏စကားဝိုင်းမှာဝင်ထိုင်ရင်းသူတို့ဘာလုပ်ကြမည်ကိုအကဲခတ်နေ၏။ မူလစီစဉ်ထားသော ယနေ့မနက်ရန်ကုန်ဘက်ကူး၍လူထုစစ်ကြောင်းများနှင့်ပူးပေါင်းချီတက်မည့်ကိစ္စမဖြစ်တော့။ ခါတိုင်းလို သင်္ဘောကျင်းလုံခြုံရေးဂရုတစိုက်ရှိကြဘို့မှာရသည်။ ကျွန်တော်စကားပြောနေသောဝန်ထမ်းလူငယ်တွေထဲမှတိုက်ပွဲမှာ ခြေတဘက်ဆုံးရှုံးပြီး အရပ်ဘက်သို့ပြောင်းလာသောတပ်မတော်သားဟောင်းတတစ်ဦး ပါဝင်ရာ သူ့ထံပြင်ပမှလူငယ်လေးများမကြာမကြာလာကြသည်ကိုသတိပြုမိသည်။ ရပ်ကွက်ထဲကခလေးတွေပါဟု မရေမရာအဖြေသာသူ့ထံမှရသဖြင့် လမ်းမှာတွေ့ခဲ့ရသော ရဲစခန်းသွားဝိုင်းသည့်ကျောင်းသားငယ်များအကြောင်းပြောပြီးတစ်ရပ်တည်းသားလူငယ်များမမှားသင့်တာမမှားရအောင်မသင့်သောအကူအညီမပေးမိဖို့ သတိပေးရ၏။ ပြန်ကာနီးအချိန်ထိသူ့ကို ထိုအကြောင်းထပ်တလဲလဲ ပြောနေသဖြင့်သူက “စိတ်ချပြန်ပါ ဘာမှမဖြစ်စေရပါဘူးကျွန်တော်ဘာမှမလုပ်ပါဘူး” ဟု အခြားလုပ်ဖေါ်ကိုင်ဘက်များကိုသက်သေထူရင်းပြော၏။

သင်္ဘောကျင်းမှရုံးချုပ်ဘက်သို့လှည့်ဝင်ရာမျက်နှာသိတဦးတလေမှမတွေ့။ ပစ်သည့်ခတ်သည့်သတင်းအချို့ကြားရသည်။ ရုံးချုပ်မှာကြက်ခြေနီအဖွဲ့တဖွဲ့လိုအပ်လျှင်အကူအညီပေးဘို့ရှိနေကြသည်။ ထိုမှကမ်းနားလမ်းတလျှောက်လက်နက်ကိုင်စစ်သားများတင်ဆောင်ထားသည့် ကားကြီးများဖြတ်သန်းသွားလာကြသည်မှအပ ရုတ်ရုတ်သဲသဲမတွေ့ရ။ ထိုနေ့တစ်နေ့လုံး ကျွန်တော်အိမ်ပြင်မထွက်တော့။ ညဘက်ရုပ်မြင်သံကြားသတင်းမှာရန်ကုန်တဘက်ကမ်း xx မြို့နယ်ရဲစခန်းအားဆူပူသူများဝင်ရောက်စီးနင်းမှုကြောင့်တိုက်ပွဲဖြစ်ပွားပြီး ဒု ရဲအုပ် ၂ ဦးအပါအဝင် ရဲ ၇ ဦးကျဆုံးသည့်သတင်းကိုတွေ့ရသည်။ ကျွန်တော့်အာရုံမှာမနက်ကရဲဘော်ဟောင်းလုပ်သား၏အသွင်ကိုမြင်လာသည်။ လေ့ကျင့်ထားသောတစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့ဝင်ထို၍ထိုမျှထိခိုက်ရှနာစေခဲ့သည့်ပဋိပက္ခတွင်အခြားတစ်ဘက်မှာလည်းလေ့ကျင့်ထားသူသို့မဟုတ် လေ့ကျင့်သားရှိဖူးခဲ့သူ တစ်ဦး တလေအနည်းဆုံးပါဝင်ရမည်ဟု ကျွန်တော်သုံးသပ်သည်။ သို့ဆိုလျှင် ဘာမှမလုပ်ပါဘူးပြောခဲ့သော ထိုရဲဘော်တစ်ခုခုများလုပ်ခဲ့ပြီလား။

ကျွန်တော့်သုံးသပ်ချက်ရောစိုးရိမ်ပူပန်ခဲ့မှုပါမှန်ကန်ကြောင်း ဆက်စပ်သတင်းများအရမကြာမီသိခွင့်ရခဲ့၏။ စိတ်ချလက်ချပြန်ပါဟုကျွန်တော့်အားပြောခဲ့သော ထိုရဲဘော်ဟောင်းလုပ်သားမှာ အစတွင်လာခေါ်သမျှငြင်းဆန်ခဲ့သော်လည်းလူအင်အားဖြင့်မြို့နယ်ရုံးကိုစီးနင်းသိမ်းပိုက်လာခဲ့ကြသည့်ဘရင်းဂန်းတလက် အပါ အဝင်လက်နက်ငယ်မျိုးစုံသူ့ထံသို့ယူဆောင်လာသောအခါတွင်မူမနေသာတော့ သို့မဟုတ်မနေနိူင်တော့။ မနက်ကသေနပ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့သောရဲစခန်းကိုစီးနင်းရန်အလို့ငှါ သူတို့ခေါ်ဆောင်ရာလိုက်ခဲ့လေတော့၏။ ရဲစခမ်းကအစွမ်းကုန်ခုခံကာကွယ်သဖြင့် သူတို့မသိမ်းပိုက်နိူင်။ နောက်ဆုံး တပ်ကူများရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရ၏။ ထို့နောက် သူအဖမ်းခံရသည်။ ကျဆုံးသူများ၏ ဒဏ်ရာအနေအထားအရ ပစ် ခတ်သူမှာတပ်မတော်သားဟောင်းတစ်ယောက်ဖြစ်ရမည်ဟူသောတွေ့ရှိချက်ကိုသူမချေဖျက်နိူင်ခဲ့။ ရဲဝန်ထမ်း ၇ဦးကျဆုံးပြီး ၅ဦးဒဏ်ရာရစေခဲ့သောထိုပုန်ကန်မှုအတွက် (ပုန်ကန်သူတွေဘက်မှ ထိခိုက်ကျဆုံးမှုအရေအတွက် မထုတ်ပြန်ခဲ့) စစ်ခုံရုံးမှသူ့ကိုသေဒဏ်ကျခံစေရန်အမိန့်ချ၏။ လွတ်ငြိမ်းသက်သာခွင့်တွေ လှိုင်လှိုင်ပေးနေသောသည်ဘက်ခေတ်မှာသူများပြန်လွတ်လာပြီလားဟု တခါတခါစဉ်းစားမိသလို ထိုနေ့က ဘယ်လိုဘယ်ပုံဘယ်သူ့ဆွဲဆောင်ရာပါပြီးဘာတွေဖြစ်ခဲ့သည်ကိုသူ့နူတ်ထွက်အတိုင်းကြားချင်စိတ်ယနေ့တိုင် ကျွန်တော့်မှာရှိနေဆဲ။ စင်စစ် ဒါတွေသည်ပင်သမိုင်းမဟုတ်ပါလား။

အာဏာသိမ်းပြီးနောက် နဝတအစိုးရကဝန်ထမ်းများနောက်ဆုံးလုပ်ငန်းခွင်ဝင်ရက်ကိုသတ်မှတ်ပေး၏။ ထိုနေ့အထိသင်္ဘောကျင်းကိုကျွန်တော်မသွားတော့။ အကြောင်းနှစ်ချက်ရှိသည်။ ပထမအချက်မှာ အုပ်ချုပ်ရေး ပြန်လည် အသက်ဝင်လာပြီမို့ ဗရမ်းပတာအခြေအနေတွေကြားမှာ တစ်လကျော်ကြာ စိတ်ပန်းကိုယ်ပန်းဖြစ်ခဲ့သမျှအနားယူလို၍။ နောက်တချက်ကပြီးမြောက်အောင်မြင်ခြင်းမရှိခဲ့သည့်တိုင် ယုံကြည်ရာကိုနောက်ဆုံးအချိန်ထိတက်ကြွလှုပ်ရှားရင်းအသက်အိုးအိမ်စည်းစိမ်စွန့်လွှတ်သွားကြရသူများအား ထောက်ထားစာနာသောအားဖြင့်။ ထိုအတွင်း ရုံးချုပ်သမဂ္ဂတွင်ခေတ္တဆုံလိုက်ရသူ လူငယ်တဦးမှဆက်သွယ်လာကာ နယ်စပ်လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့်အဆက်အသွယ်ရပြီမို့ ၎င်းတို့သွားမည်ဟုသတင်းပေးရင်း ဆန္ဒရှိကလိုက်ပါနိူင်ကြောင်းကမ်းလှမ်း၏။ ဆန္ဒမရှိပါကြောင်း အကြောင်းပြန်လိုက်သည်။ တဆက်တည်း အစိုးရသစ်မှသမဂ္ဂဖွဲ့စည်းလှုပ်ရှားကြသူများအားအရေးယူမှုတွေရှိလာနိူင်ကြောင်းထောက်ပြသည့်အပေါ် မိမိလုပ်ဆောင်ခဲ့သမျှ တာဝန်ယူရင်ဆိုင်ဖြေရှင်းသွားရန်ဆုံးဖြတ်ပြီးဖြစ်ကြောင်းပြောပြလိုက်၏။

ထောက်လှမ်းရေးဘက်မှကျွန်တော်ရုံးမတက်သေးဘူးလားဟုမကြာခဏဆိုသလိုမေးနေကြောင်း ကျွန်တော်အလုပ်ပြန်ဝင်ချိန်မှာစက်ရုံမှူးပြောပြ၍သိရသည်။ အုပ်ချုပ်ရေးပြန်လည်အသက်ဝင်သည့်တိုင်တည်တည်ငြိမ်ငြိမ်မဟုတ်သေးသည်ကိုတာဝန်မှူးရုံးစင်္ကြန်တွင်ဆင်ထားသော အမျိုးအမည်မသိမောင်းပြန်သေနပ်တစ်လက်ကသက်သေပြနေ၏။ စစ် သို့မဟုတ် မာဖီးယားဇာတ်ကြမ်းတွေထဲမှာတွေ့ရလေ့ရှိသော ထိုစက်သေနပ်မှာ ရုပ်ရှင်ထဲကလိုပင်ကျည်တွဲကြီးတန်းလန်းဖြင့် သင်္ဘောကျင်းမိန်းတံခါးမကြီးရှေ့မြေကွက်လပ်ဆီသို့ အသည်းယားရင်ဖိုဘွယ်ရာအပေါ်စီးမှချိန်လျက်ရှိနေ၏။ ဝတ်စုံပြည့်ရေတပ်သားတစ်ဦးမှ ထိုသေနပ်၏မောင်းကွင်း (ခလုပ်ကွင်း)ပေါ်လက်တင်ပြီးထောက်ပေါ်မှသေနပ်ကိုဟန်ပါပါယမ်းလျက်ကင်းစောင့်နေသည့် ရုပ်ပုံလွှာမှာ ယနေ့တိုင်မြင်ကွင်းထဲမှထွက်စရာမရှိ။ ဆရာမောင်သာရ၏ ဥပစာအငှါးဖြင့် သရုပ်ဖေါ်ရသော် အသားနက်မ အောင်လံကြီးထူနေသည်သို့။

သည့်နောက်တွင်ဥပဒေမရှိဘူးအမိန့်ဘဲရှိတယ်ဆိုသောအုပ်ချုပ်ရေးပုံစံတခုဖြစ်ထွန်းလာ၏။ ကျောင်းသားများ နယ်စပ်ရောက်ကုန်ကြပြီး ဝန်ထမ်းတွေဒယ်အိုးထဲမှမီးပုံထဲသို့ဆင်းကြရသည်။ အလယ်အဆင့်စီမံခန့်ခွဲသူများကြောင့်အရေးအခင်းဖြစ်ခဲ့ရသည်ဟုစစ်တန်းထုတ်ပြီး ထိုအဆင့်ထိဝန်ထမ်းများကို မိုးကျရွှေကိုယ် တပ်ထွက်များဖြင့်အစားထိုးရန်ပြင်ဆင်သည် (အထက်ဆင့်ဝန်ထမ်းများအရပ်သားမဟုတ်တော့သည်မှာကြာပြီ)။ မြို့ပြစီမံခန့်ခွဲရေးအလွှာအားလုံးကိုချုပ်ထိန်းနိူင်ရန်လုံလောက်သောအရေအတွက်ရရှိဘို့ စစ်တက္ကသိုလ်ဝင်ခွင့်ဦးရေတိုးပြီးစာသင်နှစ်တွေလျှော့ချသည်။ အရပ်သား ပညာသည်တွေခေါင်းမော်ခွင့်မရနိူင်အောင် သူတို့မရှိလည်းဖြစ်အောင် စစ်ဘက်ပညာရပ်(ဆေး/စက်မှု)တက္ကသိုလ်တွေထူထောင်သည်။ အရပ်ဘက်တက္ကသိုလ်တွေဇနပုဒ်သို့ရွှေ့သည်။ စစ်ဆေးရုံ စစ်စက်ရုံ စစ်အသံလွှင့်ရုံ စစ်ဘဏ် စစ်ကော်ပိုရေးရှင်း စစ်ဦးပိုင် စစ်အငြိမ်းစားအဖွဲ့။ လစာစရိတ်ခံစားခွင့်လုပ်ပိုင်ခွင့်အရာရာမှာတပ်ကိုအရပ်ထက် ခေါင်းတစ်လုံးသာသာ အမြဲမြှင့်ထားသည်။ အချုပ်ဆိုသော်တပ်မတော်သည်သာပြည်သူ့မဏ္ဍိုင်ဖြစ်ပြီး ပြည်သူသည်တပ်မတော်၏မဏ္ဍိုင်မဖြစ်စေရန်စံနစ်တကျစီမံထားသကဲ့သို့ဖြစ်ချေ၏။ ရလဒ်ကားယနေ့တိုင်းပြည်သည် ချုပ်ရာထက်ဖါရာတွေ များနေသောလက်နှီးစုတ်သဘွယ် ကမ္ဘာ့အလယ်မတင့်တယ်နိူင်တော့ခြင်း။

ပြောရလျှင် ဒါတွေအားလုံးသမိုင်းထဲမှာကျန်ရစ်ပြီ (ဆက်လက်မသယ်ဆောင်ဘို့တော့လိုမည်ထင်သည်)။ ကိုယ့်အကြောင်းကိုယ်ပြန်ဆက်ရလျှင် အရေးအခင်းလွန်ကာလ ခေါက်ရိုးမကျိုး သမဂ္ဂနံ့မစင်သော ဝန်ထမ်းဘဝကိုပြောရမည်။ ခေါက်ရိုးမကျိုးခြင်းမှာကျွန်တော့်ဝသီဖြစ်သော်လည်း သမဂ္ဂနံ့မစင်ခြင်းမှာမူကျွန်တော့်ကိုယ်ကျွန်တော်ပင်မသိ။ လုပ်ငန်းအစည်းအဝေးတခုတွင် နဝတလက်ထက်ဦးဦးဖျားဖျားလစာတိုးသည့်ကိစ္စအသိပေးရင်းဝန်ထမ်းများ (အရာရှိမပါ အရာရှိများအချိန်ပိုခံစားခွင့်မရှိ) လက်ရှိခံစားနေသောအချိန်ပိုလုပ်ခများအားလစာတိုးသည့်နေ့မှစ၍ခံစားခွင့်မပြုတော့ဟု ဒုစက်ရုံမှူးမှပြောသည့်အပေါ် ကျွန်တော်ကလက်ရှိလစာတိုးသည့်ပမာဏသည် ယခင်လစာနှင့်အချိန်ပိုနှစ်ခုပေါင်းထက်နည်းနေဆဲဖြစ်ရာ အချိန်ပိုကိုဖြတ်တောက်လိုက်ခြင်းဖြင့်ခံစားခွင့်ရှိသူဝန်ထမ်းများအတွက်လစဉ်ဝင်ငွေတိုးမလာဘဲလျော့သွားမည်ကို စဉ်းစားသင့်သည်ထင်ကြောင်းတင်ပြ(လျှာတံရှည်)မိရာ ဒုစက်ရုံမှူးဖြစ်သူမှမျက်ထောင့်နီကြီးဖြင့် 'ဒါသမဂ္ဂအစည်းအဝေးမဟုတ်ဘူး မောင်ရင့်သမဂ္ဂလေသံတွေဒီမှာလာမပြောနဲ့' ဟု မိုးကြိုးပစ်သလိုဟိန်းဟောက်ခံရသောအခါတွင်မှငါ့ကိုသမဂ္ဂနိူ့နံ့မစင်သေးဘူးလို့ပြောတာကိုးဟု သဘောပေါက်လာရခြင်းဖြစ်ပါ၏။

တဆက်တည်း ဉာဏ်မီသရွေ့လေ့လာသုံးသပ်မိရာအစိုးရကလစာတိုးသည့်အမိန့်စာတွင် လစာတိုး၍အချိန်ပိုရပ်ရမည်မပါရှိခြင်း (အမိန့်စာကိုကိုယ်တိုင်လက်ခံအကောင်အထည်ဖေါ်ရသူမဟုတ်သဖြင့် ထိုကိစ္စကျွန်တော် သေချာပေါက်တော့မပြောနိူင်) အခြားနီးစပ်ရာဝန်ထမ်းအဖွဲ့အစည်းများမှမိတ်ဆွေသူငယ်ချင်းတွေအဆိုအရ သူတို့ဆီမှာအလားတူညွှန်ကြားချက်များမရှိခြင်းစသည်တို့ကိုသိရ၏။ ထိုအခါမှပြီးခဲ့သောဆူပူမှု (အရေးအခင်း) သည်အလယ်ဆင့်စီမံခန့်ခွဲသူများညံ့ဖျင်းမှုကြောင့်ဖြစ်ပေါ်ခဲ့ရသည်ဆိုသောစစ်အစိုးရ၏သုံးသပ်ချက်အားကိုယ်တိုင်အလယ်ဆင့်ဖြစ်ပါလျက် လက္ခံရမည်သို့ဖြစ်ရပါတော့သည်။ စင်စစ် အုပ်ချုပ်ရေးတွေဖရိုဖရဲဖြစ်စဉ်ကတက်ကြွသောလူငယ်များသင်္ဘောကျင်းသမဂ္ဂဖွဲ့ရန်စိုင်းပြင်းနေကြသည်ကိုသိလျှင်သိခြင်း အထိန်း အကွပ်သဘောမျိုးရစေရန်ပါဝင်ဖို့ လူငယ်အရာရှိဖြစ်သောကျွန်တော့်ကိုစက်ရုံမှူးကိုယ်တိုင် ခေါ်ယူခိုင်းစေ တာဝန်ပေးခဲ့သည်ကို ထိုဒုစက်ရုံမှူးတကယ်မသိသည်လားမသိသားဆိုးရွားသည်လား မစောကြောလိုတော့။ သူ့သမိုင်းသူရေးကိုယ့်သမိုင်းကိုယ်ရေး။ မတူသောသမိုင်းတွေကြားမှာအားသာရာသမိုင်းကလူ့အဖွဲ့အစည်းတခုကိုထိန်းကျောင်းသွားလိမ့်မည်။

ထောက်လှန်းရေးအဖွဲ့မှရုံးတိုင်ရာရောက်လာရောက်မေးမြန်းမှတ်တမ်းတင်ခံရခြင်းနှစ်ကြိမ်။ ဝသီပါ ခေါက်ရိုးမကျိုးမှုအပေါ်နားလည်မှုလွဲမှားစွာတံဆိပ်ကပ်မှုကြောင့်ရုံးတွင်းခုံရုံးဖွဲ့စည်းစစ်ဆေးခံရခြင်းတစ်ကြိမ် နှင့် (ဆရာဌာနမှူးအလို) ဇိကုတ်၍နတ်ပြည်တင်ခံရခြင်းတစ်ကြိမ်တို့မှာ ရှစ်ဆယ့်ရှစ်အလွန်ဝန်ထမ်းဘဝ ကျွန်တော့်သမိုင်းစာမျက်နှာမှမှတ်တမ်းအချို့သာဖြစ်ခဲ့ကြပါ၏။ ဇိကုတ်နတ်ပြည်တင်ခဲ့သည်ထက် အဝီဇိဂျိုးကပ်မှာစိုး၍ဂုတ်ကိုဆွဲခဲ့ခြင်းဆိုသည်က ခိုင်းနှိုင်းရန်ပိုသင့်တော်မည်လားတော့မပြောတတ်။ အစိုးရမှ ရန်ငါမျဉ်းဖြတ်ရန်အလို့ငှါ ဝန်ထမ်းထုအတွင်း ရှာပစ် (Searching fire) ပစ်ခဲ့သော နဝတ၏ကမ္ဘာကျော် (၃၃) ချက် စစ်တမ်းနှင့်ပတ်သက်၍ဖြစ်ပါသည်။ ခုချိန်မှာ အားလုံးထဲမှတစ်ချက်ကို ကောင်းစွာမှတ်မိနေခြင်းမှာလည်း ထိုအဖြစ်အပျက်ကြောင့်သာဖြစ်လေ၏။ ‘တပ်မတော်ကိုရန်သူသဖွယ်သဘောထားသူများအား မည်သို့ဆက်ဆံသင့်သလဲ’ ဆိုသောမေးခွန်းကို ကျွန်တော်က “သဘောထားကြီးကြီး သတိရှိရှိဆက်ဆံသင့်ပါသည်” ဟု ဖြေခဲ့သည်။

ထိုစာရွက်ဌာနမှူးထံသို့ရောက်သွားသောအခါ ကျွန်တော်ရှိရာသင်္ဘောကျင်းသို့ဆင်းလာပြီး တပ်မတော်ကို သဘောထားကြီးခိုင်းရအောင်မင်းကဘာကောင်မို့လဲဟု အဓိပ္ပါယ်ရသောစကားဖြင့်ကျွန်တော့်အား “ချဲ” ပါတော့သည်။ ကျွန်တော်ကကျွန်တော်ရေးခဲ့သည်မှာသဘောထားကြီးကြီး သတိရှိရှိဖြစ်ပါကြောင်း ထိုစကားနှစ်လုံးပေါင်းသည်သာထိုမေးခွန်းအတွက် ကျွန်တော့်အဖြေဖြစ်ပါကြောင်းပြန်လည်ရှင်းပြခဲ့ပြီး ဒုက္ခရောက်သွားချင်သလားဆိုသော နိမိတ်ပြမေးခွန်းကိုမူမည်သူ့ကိုမျှဒုက္ခရောက်စေရန်မရည်ရွယ်သော စာသားတခုက ဒုက္ခပေးလာခဲ့လျှင်ခံယူယုံသာရှိကြောင်းပြောကြားဖြစ်ခဲ့၏။ ဆက်လက်၍သဘောထားကြီးခြင်းသည် မင်းကောင်းစိုးကောင်းတို့၏အင်္ဂါရပ်ဖြစ်သည်ဟူသော ရေကင်းပြစကားကိုမူအဆုံးပင်သတ်ခွင့်မရလိုက်ရဘဲ ကျွန်တော်ရောမွေးမိခင်ပါခွေးဖြစ်သည်အထိရေရွတ်တိုင်းထွာရင်း ကျွန်တော့်ကိုသူ့ကားပေါ်တင်ဆောင်လျှက် သူ့ရုံးခမ်းရှိရာရုံးချုပ်သို့ခေါ်ဆောင်သွားခဲ့လေသည်။ (ဤစာရေးနေရင်း တကယ်တော့ဆရာဌာနမှူးက ငါ့ကို ဇိကုတ်ပြီးကားပေါ်တင်သွားခဲ့တာပါလားဟု အတွေးပေါက်ကာပြုံးမိရပြန်ပါသည်။)

ပြောရလျှင် ဆရာ့ရှေ့မှောက်ဆရာ့စာပွဲမှာ ဆရာ့အလိုကျဆရာခိုင်းသည်ကို အသစ်ပြန်ရေးလျက် လက်မှတ် ထိုးပြီးဆရာ့လက်ထဲထည့်ရသည့်အလုပ်မှာ ၇၄ ဖွဲ့စည်းပုံတုံးက ‘သူတို့ဒီလောက်တောင် ပြဌာန်းချင်နေကြတာ ပြဌာန်းကြပါစေ’ ဟူသော စေတနာဗရပွနှင့်ထောက်ခံသည့်အစဉ်အလာရှိခဲ့ဘူးသူ ကျွန်တော့်အတွက် အပန်းတကြီးမဟုတ်လေရကား ထိုနေ့ကဆရာဒကာညီညွတ်ရေးမှာ ပြောပလောက်စရာအထစ်အငေါ့မရှိဘဲ ပြီးဆုံးအောင်မြင်ခဲ့ပါတော့သည်။ ဌာနမှူးအပါအဝင်လူကြီးများမှ အမှန်တကယ် ဇိကုတ်နတ်ပြည်တင်ခဲ့သည့် သီးခြားကိစ္စတရပ်မှာမူ ထိုခေတ်ဝန်ထမ်းများ၏ “ထီ” ဟုဆိုနိူင်သော နိူင်ငံခြားခရီးစဉ်နှင့်ပတ်သက်၍ဖြစ်ပြီး ဤနေရာတွင်စာလေးမည်စိုး၍မဖေါ်ပြလိုတော့။ သို့ရာတွင် နောင်ပြည်ပမှာထမင်းရှာစားရသည့် အခြေသို့ဆိုက်ခဲ့ရာ၌ထိုနတ်ပြည်ပြန်အတွေ့အကြုံများက အထောက်အကန်ပြုခဲ့သည့်အတွက်ကိုမူ ကတညုတ ကတဝေဒီ ဆိုသလို မှတ်တမ်းတင်ရမည်သာဖြစ်ပေသည်။ မှတ်တမ်းတင်ပါ၏။

သမိုင်းမှာ ‘အကယ်၍သာ’ မရှိ (In history there is no IF) ဟု ပညာရှင်တွေဆိုခဲ့ကြ၏။ “အကယ်၍ ဗာဆိုင်း စာချုပ်ကြီးသာပေါ်ပေါက်မလာခဲ့လျှင်”၊ “အကယ်၍အမေရိကန်ကသာ ဂျပန်ကိုအနူမြူဗုံးကြဲမချခဲ့လျှင်”၊ “အကယ်၍အနိစ္စတရားကို ၆၂ ခုနှစ်မတိုင်မီကတည်းကသာ ဦးနေဝင်းသဘောပေါက် နားလည်လက္ခံနိူင်ခဲ့လျှင်”၊ “အကယ်၍ ၈၈တုံးက ကျောင်းသားသမဂ္ဂကို ဦးမောင်မောင်နှင့်ပျော်ပျော်ပါးပါးသာ အုဌ်မြစ်ချနိူင်ခဲ့ကြလျှင်”၊ “အကယ်၍ ကျွန်တော်ဝန်ထမ်းဘဝမှာသာဆက်ရှိနေခဲ့လျှင်” စသည်တို့မှာ သမိုင်းကိုအထောက်အပံ့ ပြုနိူင်ငြားသော်လည်းသမိုင်းမဟုတ်။ တကယ့်သမိုင်းက အရေးအခင်းပြီးနောက်တနှစ်ကျွန်တော်ရုံးချုပ်သို့ပြောင်းရွှေ့ရသည်။ ထိုမှ နှစ်နှစ်ကြာသောအခါ ရန်ကုန်ဘက်ကမ်း သင်္ဘောကျင်းတကျင်းတွင်တာဝန်ချထားခံရပြီး နောက်ထပ်ငါးနှစ်အကြာထိုသင်္ဘောကျင်းမှာပင်ဝန်ထမ်းဘဝနိဌိတံခဲ့သည်။ (စကားချပ်။ နှစ်အတန်ကြာပြည်ပတွင်ကြက်ယက်သလိုယက်၍အသက်မွေးနေထိုင်ပြီးပြန်လာချိန်မှာ ကျွန်တော့်ဝန်ထမ်းဘဝနိဌိတံခဲ့ရာ ထိုသင်္ဘောကျင်းကိုယ်တိုင်ပင်လျှင် နိဌိတံခဲ့ပြီးဖြစ်သည်ကိုကြေကွဲစွာတွေ့မြင်ခဲ့ရပါသည်။)

လူတယောက်ရဲ့သမိုင်းကိုလူ့လောကကြီးကသူ့ပခုံးအပေါ်တင်လိုက်တဲ့တာဝန်ကို သူဘယ်လောက်ကျေပြွန်အောင်ထမ်းဆောင်နိုင်ခဲ့သလဲဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်ဟုဆရာဗန်းမော်တင်အောင်ပြောခဲ့၏။ ငယ်စဉ်က ရပ်ရေးရွာရေးကိစ္စဆောင်ရွက်ကြသည့်အခါ လူကြီးသူမတွေအမြင်မတော်လျှင်ပြောလေ့ရှိကြသော ‘ဒီကောင်တွေကွာ ဝါးဘိုးတလုံးကိုယီးလေးခိုထမ်းနေကြတယ်’ ဆိုသည့် အားမလိုအားမရစကားသံတွေကိုလည်းမှတ်သားရဘူးသည်။ ကျွန်တော်ကတော့ ကျွန်တော်တို့မျိုးဆက်၏ပုခုံးပေါ်မှ ‘ခေတ်ဝါးဘိုးကြီး’ ကို ထမ်းမလိုနှင့်ခိုသည့်သူတယောက်ဖြစ်မိမှာ အစိုးရိမ်ဆုံးဖြစ်၏ (မျက်နှာပြောင်တိုက်ကာခွစီးလိုကြသည့်သူတွေကိုတော့စာဖွဲ့ရန်ပင်မလိုဟုထင်သည်)။ ဒါသည်ပင် သမိုင်းဆိုင်ရာကျွန်တော့်မူဝါဒဖြစ်သလို ဒါသည်ပင် ကျွန်တော့်သမိုင်းဖြစ်မည်ဟု စွဲမြဲစွာယုံကြည်လျှက်ရှိလေသည်။

Wednesday, November 12, 2014

ကျွန်တော်နှင့်ရှစ်ဆယ့်ရှစ် (၂)


ရုတ်ရုတ်ယက်ယက်ကာလထဲ    ဆန်လာထုတ်သူ မိသားစုများမြီရှင်မြီစားများ (ဆန်ကိုကြိုပွိုင့်စံနစ်ဖြင့် ရောင်းချပေါင်နှံထားသူများရှိကြသည်)ဖြင့် စည်ကား နေလေရာလူဝင်လူထွက်နှင့် ဘေးပယောဂ ကင်းအောင်ကြပ်မတ်ရသည့်တိုင်စိုးရိမ်ဘွယ်  အနေ အထားတော့မရှိ။ဝန်ထမ်းအများစုမှာဤ သင်္ဘောကျင်း တွင်ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်လာကြသူများဖြစ်ကြသောကြောင့်ပင်။ ထိုအချိန်သင်္ဘော ကျင်းသက်တန်းက နှစ်တရာကျော်နှစ်ရာနီးပါး ရှိပြီ။

သင်္ဘောကျင်းအပေါ်လက်ငုတ်လက်ရင်း ထမင်းအိုးသဘွယ်ခင်တွယ်ကြခြင်းသည် ထိုထမင်းအိုးကထမင်း ဝဝ  ကျွေးနိူင်ခြင်းမကျွေးနိုင်ခြင်းကိုအပထား ယ္ခုသို့ မငြိမ်မသက်ဖြစ်နေချိန်မှာမရဒဿကချိုင်လိုစိတ်နှင့် လတ်တလောနေရာအနှံ့ကြုံနေရသည့်အကျိုးမဲ့ဖျက်လိုဖျက်ဆီးလုပ်လိုစိတ်များမှ သက်သာရာအကြောင်းတခု ဖြစ်နေလေသည်။ သမဂ္ဂအဖွဲ့တွင် ဦးဆောင်ပါဝင်သူလူငယ်များကိုယ်၌ကထိုသဘောထားမျိုးရှိကြသည်မို့ အုပ်ချုပ်ရေးပိုင်းနှင့်ထူးထူးခြားခြားသဟဇာတမဖြစ်စရာမရှိ။ ထိုကာလမျိုး၏ထုံးဆံအတိုင်းအုပ်ချုပ်သူအချို့အပေါ် ပုဂ္ဂိုလ်ရေးနှင့်ယှဉ်သောဝေဖန်ပုတ်ခတ်မှုများတောင်းဆိုမှုများတစ်ခုတလေရှိခဲ့လင့်ကစားအချင်းချင်းဖေးမထိန်းသိမ်းမှုကြောင့်အုတ်အော်သောင်းတင်းအဖြစ်မျိုးရောက်မလာခဲ့။ ထို့ကြောင့်လည်းနယ်မြေတွင်းအကြီးဆုံးစက်ရုံတရုံမှာအရေးအခင်းကာလအတွင်း အတည်ငြိမ်ဆုံးရပ်တည်နိူင်ခဲ့ခြင်း ဖြစ်မည်ထင်သည်။

တဘက်မှနိူင်ငံအဝှမ်းပြင်းပြင်းပြပြတောင်းဆိုနေကြသော တစ်ပါတီစံနစ်ဖြုတ်ချရေး စက်ရုံပြင်ပတောင်းဆို ပွဲတွေမှာ သဘောထားညီညီပါဝင်ပူးပေါင်းကြသော်လည်း ‘သပိတ်လက်နက်’ အတိုင်းအတာမဲ့စွဲကိုင်ခြင်းမျိုးကိုအားမကျခဲ့။ ညီနောင်သင်္ဘောကျင်းတခု၏ “ဒီမိုကရေစီရရှိရေးအတွက်အစာငတ်ခံဆန္ဒပြပွဲ”ကို သုံးသပ်ရင်းပူးပေါင်းပါဝင်ရန်သို့မဟုတ် မိမိအစီအစဉ်နှင့် မိမိပြုလုပ်ရန်ဆွေးနွေးစဉ် လူငယ်တစ်ဦး၏ အလွတ် သဘောမှတ်ချက်က စိတ်ဝင်စားဘို့ကောင်းသည်။ 'ကျွန်တော်တို့ကငတ်နေပြီးသားပဲ နောက်ထပ်အငတ်ခံပြီးဆန္ဒပြဖို့လိုသေးလို့လားဆရာရယ်'။ ရိုးသားစွာဝန်ခံရလျှင် သူအတည်ပြောတာလား အပျော်အပြက်ပြောတာလားပင်ဝေခွဲရခက်၏။ သို့ရာတွင် ကျွန်တော့်အတွက် သူ့မျက်နှာထားနှင့်သူ့စကားက ယနေ့တိုင်စဉ်းစားစရာ အဓိပ္ပါယ်တွေရှိနေဆဲ။ အစာငတ်ခံခြင်းအပါအဝင် အခြားထွေလီကာလီတွေမှာမပါဝင်ဖြစ်ခဲ့ကြခြင်းအတွက် ထိုလူငယ်နှင့်မပတ်သက်စေကာမူ သူ့စကား၏လွှမ်းမိုးမှု အတော်အတန်ရှိခဲ့သည်ကိုတော့ဝန်ခံရပေမည်။ စင်စစ် မင်းမဲ့သလိုဖြစ်နေသောကာလတခုမှာမင်းမဲ့စရိုက်၏သားကောင်တွေမဖြစ်အောင်အားထုတ်ရသည်ကပင် လူမမြင်သူမမြင်အလုပ်ကြီးတစ်လုပ်ဖြစ်သည်ကိုကြုံဖူးမှသိကြမည်။

ညဦးပိုင်းတစ်ခုမှာရုံးခမ်းတွင်းအလှည့်ကျတာဝန်မှူးအဖွဲ့နှင့်ကျွန်တော်စကားစမြည်ပြောနေခဲ့သည်။ သတင်းတွေကစုံသလောက်စိတ်မသက်သာစရာတွေ။ ပြည်သူ့ဆန္ဒလေ့လာရေးကော်မရှင်ကိုဖျက်သိမ်းပြီး သုံးလအတွင်း ရွေးကောက်ပွဲကျင်းပရန် သမ္မတကကတိပေးသည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို ပျော်ပျော်ပါးပါးအုဌ်မြစ်ချကြရအောင်ဟုဖိတ်ခေါ်သည်။  ကျောင်းသားများနှင့်ထင်ရှားသော အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေကအစိုးရအဖွဲ့ဖျက်သိမ်းရန် ကြားဖြတ်အစိုးရဖွဲ့စည်းရန်ကိုသာ တစိုက်မတ်မတ်လိုလားသည်။ လမ်းပေါ်ရောက်လူထုအလွှာစုံတို့၏ သမ္မတနူတ်ထွက်ရေး လွတ်တော်ဖျက်သိမ်းရေး ကြားဖြတ်အစိုးရဖွဲ့စည်းရေးကြွေးကြော်သံတွေ တစ်နေ့တခြားပိုမိုကျယ်လောင်လာကြသည်။ အာရှဒေသတွင်းအာဏာရှင်စံနစ်မှဒီမိုကရေစီစံနစ်သို့ကူးပြောင်းခြင်းနှင့်ပတ်သက်၍ ဝါရင့်အမေရိကန်အောက်လွှတ်တော်အမတ်တဦးမှလက်ရှိအကြပ်အတည်းဖြစ်စဉ်တွင်အကူအညီပေးအပ်ရန် အစိုးရနှင့်လာရောက်ဆွေးနွေးသည်။ တပ်မတော်သားနှင့်ရဲတပ်ဖွဲ့ဝင်အချို့လူထု(ပြည်သူ)နှင့်ပူးပေါင်းကြသည်။ တပ်ရင်းတပ်ဖွဲ့များအလိုက် ပူးပေါင်းရန်အလားအလာများရှိနေသည်ဟု ပြောသူတွေပြော ဖြန့်သူတွေဖြန့်၍ ယုံသူတွေယုံနေကြသည်။

ရှက်ဘို့ကောင်းသောသတင်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကဲ့သို့သောအဖွဲ့အစည်းမျိုးကိုပင်ချမ်းသာမပေးသောကုလသမဂ္ဂရုံးတွေပြည်သူပိုင်ကုန်တိုက်တွေသိုလှောင်ရုံတွေအဖေါက်ခံရခြင်းသတင်းနှင့်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ သံရုံးများမှဝန်ထမ်းနှင့်မှီခိုသူများအား ဆိုင်ရာတိုင်းပြည်များမှအထူးလေယာဉ်များဖြင့် (ပုံမှန်လေကြောင်းခရီးစဉ်များရပ်တန့်ကုန်ပြီ) လာရောက်ခေါ်ထုတ်သူတို့အခေါ်ကယ်ဆယ် (Rescue) နေကြသည့်သတင်းများဖြစ်ကြ၏။ ထို့အပြင် တန်ပြန်ထောက်လှန်းရေးအဖွဲ့များဖွဲ့စည်း၍ လူထုချီတက်ရာလမ်းမနှင့် မြို့နယ်အချို့တွင်အဖျက်အမှောက်လုပ်ငန်းများလုပ်နေကြသည်ဆိုသော သတင်းများက နေရာအနှံ့ထွက်ပေါ်နေသည်။ ထိုလုပ်ရပ်နှင့်ဆက်နွယ်သည်ဟုသံသယရှိသူအချို့ဖမ်းဆီးခံရပြီး လူစုလူဝေးဖြင့် ရက်စက်စွာကွပ်ညှပ်သတ်ဖြတ်ခြင်းခံကြရသည်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးနောက်ပိုင်း စစ်တပ်မှ မြို့ပြရေးရာများနှင့်သိသိသာသာပင်ကင်းကွာလာသည် ဝါ လက်ရှောင်လာသည် (ဗဟိုဘဏ်မှသန်း ၆၀၀ ၎င်းတို့အတွက်ထုတ်ယူသွားခြင်းမှအပ)။ ထိုအချက်သည်ပင်ထိုးမည့်ဆင်ဟုစစ်တပ်အားယိုးစွပ်ဘွယ်ရာဖြစ်လေသည်။ ၎င်းတို့ကလည်းအာဏာသိမ်းလိုက်ခြင်းဖြင့်ထိုအဆိုမှန်ကန်ကြောင်းအတည်ပြုခဲ့ကြသည်။ ဝမ်းနည်းဘွယ်ကောင်းသည်မှာ ထိုကာလအထိအတိုက်အခံအင်အားစုအတွင်းယာယီသဘောမျှပင် ညီညွတ်မှုမတည်ဆောက်နိူင်သေးခြင်းပင်။

ည ဂး၀၀ နာရီရေဒီယိုသတင်းကြေငြာပြီးစလောက်မှာ လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့်ရဲတစ်ဦးတို့က မျက်နှာစိမ်းနှစ်ဦးကိုခေါ်ဆောင်လျက် တာဝန်မှူးရုံးအတွင်းသို့ဝင်ရောက်လာသည်။ တစ်ဦးက လူရွယ် အသက် ၄၀ ခန့် အသားမဲမဲ စကားဝဲဝဲ (တိုင်းရင်းသား ဖြစ်ပုံရ၏) နောက်တဦးမှာ အသက် ၁၃-၄နှစ်ရွယ် လူမမယ်။ လူငယ်လေးကသမ္ဗန်သမား လူကြီးဖြစ်သူကခရီးသည်ဟုသိရ၏။ နှစ်ဦးစလုံး တစ်ဘက်ရပ်ကွက်သားတွေ။ လုံခြုံရေးဝန်ထမ်းပြောပြချက်အရ ချွန်း(သင်္ဘောကျင်းနယ်နိမိတ်)အနီး သမ္ဗန်ဖြင့်ဖြတ်သွားသည်ကို မသင်္ကာသဖြင့် ရပ်တန့်စေပြီး ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရေကျချိန်ရေအဆန်ခရီး၌သမ္ဗန်သမားတိုင်းကမ်းအနီးကပ်ပြီး ရေသာခိုလှော်ခတ်တတ်ကြ၏။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး သင်္ဘောကျင်းပိုင်နက်မြေပေါ်တွင်ရပ်နား လူပစ္စည်းအတင်အချမရှိခဲ့လျှင် ဖမ်းဆီးခြင်းမပြုသင့်ချေ။ တာဝန်ကျလုံခြုံရေးနှင့် ရဲပူးပေါင်းအဖွဲ့မှာထိုအချက်ကိုအမှတ်မဲ့ဖြစ်ပြီး ဝိရိယလွန်ကာဖမ်းဆီးသကဲ့သို့ဖြစ်နေလေ၏။ စစ်ဆေးမေးမြန်းမိသမျှလည်းသမ္ဗန်သမားရောခရီးသည်မှာပါ အခြားမသင်္ကာဘွယ် တစုံတရာမတွေ့ရ။ ပုံမှန်အတိုင်းသာဆို မှတ်တမ်းစာအုပ်တွင်ရေးသွင်းပြီး ၎င်းတို့ကိုပြန်လွှတ်ရုံသာရှိ၏။ သို့ရာတွင် ဟိုဘက်ရပ်ကွက်သား ဆိုသောအချက်ကသတိထားစရာရှိလာသည်။ မကြာသေးမီကမှ ထိုရပ်ကွက်နှင့်သင်္ဘောကျင်းရပ်ကွက်တို့ရန်ဖြစ်ကြတိုက်ကြခိုက်ကြပြီးသင်္ဘောကျင်းရပ်ကွက်မူလတန်းကျောင်း မီးရှို့ခံခဲ့ရဖူးသည်။ ထိုစဉ်က ဤသင်္ဘောကျင်းကိုပင် မီးလာရှို့မည်ဆိုသောကောလာဟဠကြောင့် ဗျာများခဲ့ရဖူးသည်။ ကြားရသမျှထိုမီးစမငြိမ်းတတ်သေး။ သူတို့နှစ်ဦးကိုအလွှတ်မတော်၍ (သည်ဘက်နယ်မြေမှာ) သည်အရပ်ထဲက လူတွေလက်ထဲတနည်းနည်းဖြင့်ရောက်သွားခဲ့သော်အန္တရာယ်။ အပစ်မဲ့လူသားနှစ်ဦး၏ အသက်အန္တရာယ်ဆိုသည်ကိုမစဉ်းစား၍မဖြစ်။

သို့စဉ်းစားမိသဖြင့် လုံခြုံရေးမှူးကိုခေါ်ကာအကျိုးအကြောင်းပြောပြီး ၎င်းကိုယ်တိုင်ထိုသူနှစ်ယောက်ကို သမ္ဗန်ပေါ်သို့တင်ပို့၍ ဘေးလွတ်ရာရောက်သည်အထိစောင့်ကြပ်ကြည့်ရှုရန်စီစဉ်ဆဲ အောက်ထပ်ဂိတ်ဝဘက်ဆီမှ ဆူညံသံများကြားရလေသည်။ ချက်ချင်းဆိုသလို လုံခြုံရေးဝန်ထမ်းတဦးတက်လာပြီး ဂိတ်ရှေ့လမ်းမပေါ်မှာလူစုလူဝေးဖြင့် တာဝန်မှူးရုံးခမ်းတွင် ရောက်နေသော လူနှစ်ဦးကိုထုတ်ပေးရန်အော်ဟစ်တောင်းဆိုနေကြကြောင်းသတင်းပို့သည်။ သူသတင်းပို့ခိုက်မှာပင်အသံများပို၍ဆူညံလာသည့်ပြင် ဂိတ်တံခါးမကြီးအား ထုနှက်သံ တွန်းထိုးသံများ ကြားလာရသည်။ ထိုမျှတိုတောင်းလှသောအချိန် (အလွန်ဆုံး ၁၅ မိနစ်) အတွင်း သတင်းပေါက်ကြားမှုပျံ့နှံ့မှုနှုံးများကို အံ့သြမဆုံးဖြစ်ရခြင်းနှင့်တပြိုင်နက်မှာပင် မျက်နှာမှာကြောက်စိတ်တွေအထင်းသားမြင်နေရသောထိုသူနှစ်ဦး၏ အန္တရာယ်ကင်းရှင်းရေး မလိုလားအပ်သောအနိဌာရုံများမပေါ်ပေါက်စေရေးတို့အတွက်ဘာလုပ်ရမည်မသိနိူင်လောက်အောင်ဖြစ်ရလေ၏။ အမှန်တော့ စဉ်းစားချိန်လည်းမရှိ။ အချိန်ဆွဲ၍ရကောင်းသည့်ကိစ္စလည်းမဟုတ်။ အရာရာမှာလူစုလူဝေးသည်သာအခရာလိုဖြစ်နေခြင်းကို မျက် ကွယ်ပြု၍မရ။ ခေတ္တမျှစဉ်းစားပြီးနောက် ခရီးသည်ဖြစ်သူကိုအချိန်မှတ်ရုံးအတွင်းသို့ခေါ်သွားပြီးလူမမြင်အောင်ထိန်းသိမ်း(ဝှက်)ထားရန် လုံခြုံရေးမှူးအားတာဝန်ပေးလိုက်သည်။ လူမမယ်သမ္ဗန်သမားကလေးကိုမူ တာဝန်မှူးအဖွဲ့ဝင်တဦးနှင့်အတူ ရုံးခမ်းတွင်ထားရစ်ပြီး ကျွန်တော်နှင့်အခြားတာဝန်မှူးတို့က သတင်းလာပို့သောလုံခြုံရေးဝန်ထမ်းကိုခေါ်၍ အောက်ထပ်သို့ ကပျာကယာဆင်းလာခဲ့ကြသည်။

ဂိတ်ဝအပြင်ဘက်မှာ လူ သုံး-လေးဆယ်ခန့်စုဝေးနေကြသည်။ တချို့အော်ဟစ်နေကြ၏။ တံခါးမကြီး သစ်သားတိုင်များကြားမှ မြင်ရသမျှ အများစုမှာမျက်နှာသိတွေချည့်။ ကျွန်တော်တို့ကိုမြင်သည်၌ အော်ဟစ်သံများရပ်သွား၏။ လူအုပ်ကြီးသည့်ထက်ကြီးထွားမလာခင်သည်ကိစ္စရှင်းမှဖြစ်မည်။ လုံခြုံရေးဝန်ထမ်းအား တံခါးဖွင့်ရန်ကျွန်တော်အမိန့်ပေးလိုက်၏။ တာဝန်မှူးဖြစ်သူ၏ ‘ဖြစ်ပါ့မလား' ဆိုသောစောဒကကြောင့် သော့ကိုင်ဝန်ထမ်းကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ ကျွန်တော်ကဖွင့်မှာသာဖွင့်ပါဆိုသောသဘောမျိုး လက်ဟန်ခြေဟန်ဖြင့်ခိုင်းလိုက်သည်။ သူတို့စိုးရိမ်ကြသည်ကိုကျွန်တော်သဘောပေါက်၏။ ကျွန်တော် စိုးရိမ်သည်ကိုသူတို့သဘောပေါက်ကြဟန်မတူ။ ရှင်းလည်းရှင်းမပြအား။ ကျွန်တော့်အမိန့်ဖြင့်ဖွင့်သော လူဝင်ပေါက်တံခါးပွင့်လျှင်ပွင့်ချင်းကျွန်တော်ထိုအပေါက်မှထွက်၍တံခါးဝကိုပိတ်ပြီးရပ်နေလိုက်သည်။ ပြီးမှ “ဘာ ကိစ္စရှိလို့လဲ” ဟု အားလုံးကိုဝေ့ကြည့်ရင်းကြားလောက်သောအသံဖြင့်မေးလိုက်၏။

“×× (ဟိုဘက်ရပ်ကွက်) ထဲကကောင်တွေဖမ်းထားတယ်ကြားလို့လိုချင်လို့” ဟု တယောက်ကရှေ့သို့တိုးထွက်ရင်း ခပ်ဆတ်ဆတ်ပြန်ဖြေသည်။ ထိုသူမှာ ကျွန်တော်နှင့်အရွယ်မတိမ်းမယိမ်း လက်သမားဌာနမှအဆိုင်းခေါင်းဆောင်တဦး ဖြစ်၏။ ပြောမကောင်းဆိုမကောင်းဆိုကာ အုပ်ချုပ်သူအဆက်ဆက်လျစ်လျူပြုထားခံရသူ။ တခြားအပစ်ကြီးကြီးမားမားမရှိသဖြင့် ယ္ခုတိုင်အလုပ်မြဲနေသူ။ ပြောရဲဆိုရဲလက်ရဲဇက်ရဲနိူင်သူတဦးဟုလည်းသိထားကြသည်။ ယ္ခုထိုသူကကျွန်တော့်ကိုစေ့စေ့ကြည့်လျက် သူဦးဆောင်လာသူတွေ၏ကိုယ်စား လိုချင်တာတောင်းနေ၏။ တခြားမဟုတ် လူ့အသက်။ သူ့အသွင်ကမာကျောပြီးသူ့အကြည့်ကအေးစက်၏။ သူနှင့်ငြင်းခုံသူ့ကိုနားချတရားပြနေရလျှင်လူတွေပိုအုံလာရုံမှအပ အကျိုးများဘွယ်မမြင်။ ပြောရန်စကားစလည်း ရုတ်တရက်ရှာမရသဖြင့်ဘာမျှပြန်မပြောသေးဘဲဟိုဟိုဒီဒီကြည့်နေလိုက်၏။

လူအုပ်ကြီး၏ နောက်နားလမ်းတဘက်မှာ သူ့ဖခင်ကိုမားမားကြီး (အရှည်ကြီးသားအဖဟု သူတို့ကိုတခါတခါခေါ်ကြသည်)တွေ့လိုက်သည်။ သူ့ဖခင်သည် ကျွမ်းကျင်လွန်းကျင်းအလုပ်ဆရာတဦး။ ကျွန်တော်တာဝန်ယူရသောဌာနမှာအားထားရသောကြီးကြပ်ဝန်ထမ်းတဦးဖြစ်ပြီး တာဝန်ပေးလျှင်မည်မျှပင်ခက်ခက်ခဲခဲ မငြီးငြူစတမ်းထမ်းရွက်တတ်သူ။ ကျွန်တော့်စိတ်ထဲမှာသည်ကိစ္စ အဖေမှတစ်ဆင့်သားကိုဆက်သွယ်ခြင်းသာ အကောင်းဆုံးဟုတွက်မိသည်။ ဘာဘဲဖြစ်ဖြစ် အဖေကသားထက်စာလျှင် ကျွန်တော်ပြောတာပို၍လက်သင့်ခံနိူင်မည်။ ပြီးတော့သူလက္ခံသလို သူ့သားလက္ခံအောင်ဖြောင့်ဖျနိူင်မည်။ သားသမီးတွေအပေါ်သူအတော် အတန် သြဇာညောင်းသည်ဟုလည်း ကြားဘူးထားသည်။ ထို့ကြောင့် သူ့ဖခင် ဦးxx ကိုရှေ့သို့ထွက်လာရန် လှမ်းခေါ်လိုက်၏။ တပါတည်းအနီးအပါးတွင်တွေ့ရသောရပ်ကွက်သားဝန်ထမ်း လူကြီးသူမနှစ်ဦးစသုံးဦးစကိုပါခေါ်ထားလိုက်သည်။

“ဦးxx နဲ့နောက်တဦး ကျွန်တော်နဲ့အပေါ်ကိုလိုက်ခဲ့ပါ။ ကျန်တဲ့သူတွေကသည်ရှေ့မှာ လူစုလူဝေးမလုပ်ကြဖို့ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ဖြောင့်ဖျပေးကြပါ။ ဦးxx သားကိုလည်းအိမ်ကပဲပြန်စောင့်ပါစေဗျာ။ မတော်ဘေးလူတွေ ပါလာကြရင် ဘယ်သူ့အတွက်မှမကောင်းပါဘူး”။ ဤတွင် ဦးxx မှသူ့သားနားကပ်၍တစုံတခုပြောသည်ကိုမြင်ရ၏။ သူဘယ်လိုတုန့်ပြန်မလဲ ကျွန်တော်ကြည့်နေစဉ်မှာပင် လူအုပ်ကြားမှတိုးထွက်သွားသည်ကိုတွေ့လိုက်ရသည်။ ကျွန်တော့်ရင်ထဲ အပူတစ်လုံးကျသွား၏။ သူပြန်သဖြင့် သူ့အဖွဲ့သားတွေလိုက်ပြန်ကြသည်။ အချို့ပြန်ရေးမပြန်ရေးဝေခွဲရဟန်မတူသူတွေကို ကျွန်တော်ခေါ်ယူထားသောရပ်ကွက်လူကြီးတွေက ဖျောင့်ဖျဦးဆောင်သွားကြမည်။ လူစုလူဝေးကုန်သည်အထိစောင့်ပြီးသောအခါ ဦးxx နှင့်ရပ်မိရပ်ဖတဦးတို့အား ဦးဆောင်လျက် တာဝန်မှူးရုံးဆီကျွန်တော်ပြန်တက်ခဲ့၏။

ရုံးးခန်းတွင်းခုံအလွတ်တခုမှာ ကတုန်ကယင်ထိုင်နေသော ကလေးသာသာသူငယ်လေးအား ‘အဲဒါ ကျုပ်တို့ဖမ်းထားတယ်ဆိုတဲ့ xx ကသမ္ဗန်သမားပဲ’ ဟု ကျွန်တော်ပြလိုက်သောအခါ သူတို့တွေမှင်တက်မိကုန်ကြ၏။ ရာဇဝတ်မှုဆိုသည်ကိုအသာထား သည်လိုအပြစ်မဲ့ခလေးသာသာအရွယ်ကို အာဃာတ၏သားကောင်အဖြစ် နှိပ်စက်နာကျင်စေခြင်းငှါသင့်မသင့်။ ဤသင်္ဘောကျင်းနယ်နိမိတ်အတွင်းဤဖြစ်ရပ်မျိုးကို မည်သည့်ချိန်ခါ မည်သည့်နည်းနှင့်ဖြစ်စေအားပေးအားမြှောက်ပြုသင့်မပြုသင့်။ သားစဉ်မြေးဆက်စောင့်ရှောက်ခဲ့ကြသော သင်္ဘောကျင်း၏အမည်နှင့်ဂုဏ်သိက္ခာမိမိလက်ထက်တွင်စွန်းထင်းစေခြင်းငှါသင့်မသင့်။ အားလုံး သဘော ပေါက်အောင်ရှင်းပြပြီးသည်နှင့် သူတို့ရှေ့မှာပင်သမ္ဗန်သမားလူငယ်ကိုခေါ်ပြီးယ္ခုကိစ္စမှရပ်ကွက်နှစ်ခုမသင့်မတင့်ထပ်မံမဖြစ်အောင်ပြောဆိုနေထိုင်ဖို့ သတိပေး ဝန်ခံချက်ရယူကာလုံခြုံရေးမှူးနှင့် တာဝန်မှူးအဖွဲ့ဝင်တဦး လိုက်ပါကြည့်ကြပ်စေလျက်သမ္ဗန်နှင့်အတူပြန်လွှတ်လိုက်၏။ ပြီးမှ ဦးxx ကို သူ့သားထံအချိန်မီသွားပြီး ရှင်းလင်းဖြောင့်ဖျရန်နှင့် သူ့သားအပါအဝင်လူငယ်အားလုံး အုပ်ချုပ်ရေးလျော့ရဲသည်ကိုအခွင့်ကောင်းယူ၍ ဖျက်ရခက်သောအမှားမျိုးမကျူးလွန်မိစေရန် ထိမ်းသိမ်းပေးဖို့ပြောပြီးပြန်လွှတ်လိုက်၏။ အချိန်အတန်ကြာသည်အထိ ဂိတ်ဝမှာရောမြစ်ကမ်းဘက်မှာပါငြိမ်သက်နေသောအခါ သမ္ဗန်သမားအတွက်စိတ်အေးရပြီ။ ထိုအခါမှ ခရီးသည်ကိစ္စ ခေါင်းထဲဝင်လာသည်။

စင်စစ် သမ္ဗန်သမားသူငယ်တစ်ဦးတည်းကို မျက်မြင်သက်သေတွေရှေ့တွင်ပြန်လွှတ်လိုက်ခြင်းမှာ ပြင်ပမှထကြွဘို့တာစူနေကြသူများအရှိန်လျော့သွားစေရန်ဖြစ်ပြီး မကြီးမငယ်ခရီးသည်ကိုမူအခြေအနေကြည့်၍ ရန်ကုန်ကူးမည့်သင်္ဘောခေါက်သို့မဟုတ်သမ္ဗန်တစင်းစင်းတွင်တင်ပေးလိုက်ဘို့စိတ်ကူးရှိခဲ့သည်။ သို့ရာတွင်ညဉ့် နက်လာသည်နှင့်အမျှထိုကိစ္စအဆင်မပြေ။ သင်္ဘောခေါက်မရှိသမ္ဗန်တွေမမြင်ရ။ ထိုအခါ သူ့ကိုတာဝန်မှူးရုံးမှာ ညသိပ်ရမည်သို့ဖြစ်လာသည်။ စာစောပိုင်းကအဖြစ်အပျက်ကြောင့် ယင်းမှာစိတ်ချလောက်သည့် အစီအမံ မဟုတ်။ အခန့်မသင့်လျှင် အန္တရာယ်ကိုဖိတ်ခေါ်သလိုဖြစ်မည်ဟု တွေးမိသည်။ နောက်ဆုံး တွေးတွေးဆဆဖြင့် တာဝန်မှူးအဖွဲ့နှင့်တိုင်ပင်ပြီး ကျွန်တော့်အိမ်သို့ ခေါ်သွားရန်သာဆုံးဖြတ်လိုက်၏။ မိသားစုကိုရန်ကုန်ပို့ထားခိုက်မို့ အိမ်မှာကျွန်တော်တစ်ယောက်တည်း။ အိမ်ကမြစ်ဆိပ်ဘက်မှာရှိသဖြင့် လမ်းမနှင့်ဝေးပြီး အရေးအကြောင်းဆို ရှောင်သာတိမ်းသာလည်းရှိသည်။ တခုတော့ရှိသည် ကိုယ်ကယ်ဆယ်ဘို့ ကြိုးစားနေသော ထိုသူစိမ်းခရီးသည်၏ရိုးဖြောင့်မှုနှင့်စေတနာနှင့်ထိုက်တန်မှု။ သည်အတွက်ဆဌမအာရုံနှင့် ကံကံ၏အကျိုးတို့ကိုသာ မျှော်လင့်အားကိုးရတော့မည်။

လုံခြုံရေးမှူးနှင့်လိုအပ်သည်များစီစဉ်ပြီး အိမ်ပြန်တော့ညဉ့်အတန်နက်ပြီ။ အိမ်ရောက်မှညစာမစားရသေးမှန်းသတိရလာ၏။ အစားအသောက်ဇီဇာကြောင်သောကျွန်တော့်အတွက် ဇနီးသည်လူကြုံဖြင့် ပို့ပေးထားသောထမင်းချိုင့်ကစားပွဲပေါ်မှာအဆင်သင့်။ ကျွန်တော်မစားလိုတော့သည့်အတွက် တစ်ညဦးပိုင်းလုံး အခန်းကျဉ်းလေးထဲမှာပုန်းခဲ့ရပြီးပင်ပန်းနေပုံရသော ထိုခရီးသည်ကိုဆာလျှင်စားနိူင်ကြောင်းပြောရာ ဝမ်းသာအားရပင်ယူစား၏။ ပြီးသော် ပန်းကန်ခွက်ယောက်များဆေးကြောသိမ်းဆည်းပေးသည်။ ထို့နောက် ဧည့်ခန်းရှိနှစ်ယောက်ထိုင်ကြိမ်ဆက်တီပေါ်တွင် အိပ်လိုကအိပ်ရန်နေရာချထားပေးပြီးနောက် မလိုလဲလိုလဲ မြွေပါးကင်းပါး ခြောက်လှန့်ရန်ဆောင်ထားသည့် တစ်လံခန့်ဝါးဆစ်ပိတ်တုတ်ကိုကိုင်ရင်း “ဒီအိမ်မှာဒီညခင်ဗျားနဲ့ကျုပ် နှစ်ယောက်တည်းရှိမယ်။ တပွဲတလမ်း စမ်းချင်သပဆိုလဲစမ်းကြည့်ပေါ့” ဟု ဗိုလ်အောင်ဒင်လေသံ (ဖြစ်နိူင်သည်) နှင့်ပြောလိုက်၏ (ပြန်စဉ်းစားတော့ ရယ်ချင်သည် ခုတော့ ရယ်မည်ဆိုလည်း ရယ်နိူင်ပေပြီ)။ သူက ပြာပြာသလဲ “ကျွန်တော်လူဆိုးမဟုတ်ပါဘူးဆရာရယ် ဆရာတို့ကျေးဇူးကိုလဲမကမ်းဝံ့ပါဘူး” ဟု ဝဲတဲဝဲတဲ ပြောသည်။

ကျေးဇူးမကမ်းဝံ့တာလားမကမ်းလိုတာလား ပင်ပန်းလွန်းတာလားတစ်ခုခုတော့ဖြစ်မည်။ ဆက်တီပေါ် ခေါင်းချသည်နှင့် နှစ်ချိုက်စွာသူအိပ်ပျော်သွားသည်။ ကျွန်တော့်မှာသာမလှမ်းမကမ်းရှိ ပက်လက်ကုလားထိုင်ပေါ် ဝါးရင်းတုတ်ဘေးချထိုင်ရင်း သူ့အရိပ်အကဲကြည့်ရ အပြင်မှအသံဘလံများနားစွင့်ရနှင့်တမှေးမျှမှေးမရ။ မနက်ငါးနာရီမှာထားသည့်အတိုင်းလုံခြုံရေးမှူးနှင့်ရေယာဉ်အုပ်တို့ရောက်လာတော့မှသူ့ကိုနှိူးပြီး ထိုသူများထံအပ်နှံလိုက်ရသည်။ ရန်ကုန်ဆိပ်ကမ်းသို့ဘေးကင်းစွာပို့ဆောင်ပြီးကြောင်း ရေယာဉ်အုပ်မှသတင်းလာပို့တော့ မိုးစင်စင်လင်းပြီ။ ထိုအခါမှ ကျွန်တော်အိပ်ယာဝင်နိူင်သည်။ လူ့အသက်တစ်ချောင်းကယ်တင်နိူင်ခဲ့သည်ဟုဆိုနိူင်သည့်အတွက်ဝမ်းသာမိသော်လည်း တိုင်းပြည်၏အခြေအနေကပြည်သူပြည်သား အသက်ပေါင်းများစွာကိုခြိမ်းခြောက်လျက်ရှိကြောင်းဆင်ခြင်မိရ၏။ ကျွန်တော်ကရောဘာများတတ်နိူင်ပါဦးမည်နည်း။

နောက်ရက်ပိုင်း ကုန်သွယ်ရေးဝန်ကြီးဌာနရုံးအပေါ်ထပ်တွင်စခန်းချထားသော တပ်စိတ်တစ်စိတ်၏ရန်လို ရန်စသောအပြုအမူကြောင့် ပြည်သူလူထုကရုံးပေါ်တက်လက်နက်သိမ်းသည့် သတင်းကြားရသည်။ အလား တူလူထုလှုပ်ရှားမှု ပြိုကွဲရာပြိုကွဲကြောင်းတန်ပြန်ဆောင်ရွက်နေသည့် ထောက်လှမ်းရေးအရာရှိများကို ဖေါ်ထုတ်ရမိသည့်သတင်းများ ကြိုးကြားကြိုးကြားဆိုသလိုထွက်ပေါ်လာသည်။ မကြာမြင့်မီ လွှတ်တော်မှာ ပြောသော သမ္မတ၏မိန့်ခွန်းတခုတွင် ‘ခု ချိန်ကစပြီး မကောင်းဆိုးဝါးတွေပြေးဘို့သာပြင်ကြပေတော့’ ဟု ပါလာသည်၌ ခြောက်ခြားဘွယ်အခြေအနေတရပ်လက်တကမ်းအကွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း အတိတ်စိမ်းပေးလိုက်သလိုဖြစ်၏။ တခုစိုးရိမ်စရာရှိသည်မှာ ထိုအတိတ်စိမ်းသည်ကျွန်တော်တို့လူမျိုး စိတ်ချယုံကြည်လွန်းသဖြင့် အစဉ်တစိုက်ကိုးစားလေ့ရှိကြသည့် အကောင်အထည်မဲ့စွမ်းအားများအကြားမထင်မရှားပျောက်ပျယ်သွားမှာကိုဘဲ ဖြစ်သည် (ပျောက်လဲပျောက်ကွယ် ခဲ့သည်)။

နိူင်ငံရေးဇာတ်ကွက်ကြီး အီနေခိုက်မှာပင်သမဂ္ဂပြန်လည်ဖွဲ့စည်းရေးအစည်းအဝေးတစ်ရပ် ရုံးချုပ်မှာပြုလုပ်ရာသို့ ကျွန်တော်ကိုဖိတ်သဖြင့်တက်ရောက်ရသည်။ မှတ်မှတ်ရရ အစည်းအဝေးတွင်လူငယ်အဖွဲ့ဝင်တစ်ဦးမှ အရာရှိတွေဆိုသော အသုံးအနှုံးကိုသုံးရင်း ပြင်းပြင်းထန်ထန်ဝေဖန်ဆွေးနွေးသွားသည်။ အရာရှိတစ်ဦးတစ်ယောက် သို့မဟုတ် အများနှင့်ပတ်သက်လိမ့်မည်လားမသိမမှတ်မိ။ ထိုမှအပ လူငယ်မှာဖြတ်လတ်တက်ကြွ ရည်ရည်မွန်မွန်ရှိသူတစ်ဦးအဖြစ်သတိထားမိသည်။ ဆွေးနွေးချက်အများအပြားမှာ လမ်းပေါ်တိုက်ပွဲဆင်နွဲရေး ကိစ္စရပ်များသာဖြစ်ရာလမ်းပေါ်တိုက်ပွဲကြာလွန်းလျှင်ဈေးပေါသွားမည်ကိုမမေ့သင့်ကြောင်း တခွန်းတလေဝင်ရောက်ဆွေးနွေးဖြစ်၏။ အများအားဖြင့်နားထောင်သမားသာဖြစ်လေသည်။ ထူးခြားချက်မှာ ကျွန်တော်စိုးရိမ်သော “အတိတ်စိမ်း” ကိစ္စ တဦးတယောက်မျှဝေဖန်သံမကြားရ။ သတိထားမိပုံသို့မဟုတ် အရေးစိုက်ပုံမပေါ်။ ငါအတွေးချော်နေတာများလားဟူသောအညံ့စိတ်ဖြင့် ကျွန်တော်လည်းနူတ်ဆိတ်နေမိသည်။

အစီအစဉ်အရ အမှုဆောင်အဖွဲ့ကိုရွေးချယ်ကြ၏။ မည်သူမည်ဝါမမှတ်မိတော့သူတယောက်က ကျွန်တော့်အား ဒုဥက္ကဌတစ်နေရာအတွက်အဆိုပြုသည်။ နောက်တဦးကထောက်ခံသည် (ကြိုတင်ညှိထား ညှိမထား ကျွန်တော်မသိ ညှိထားသည်ဆိုလျှင်လည်း ထိုအထဲမှာကျွန်တော်မပါ)။ လက်တွေ့တွင် ကျွန်တော်ကထိုင်ရာမှထ၍အားလုံးကိုတောင်းပန်ပြီး ‘ကျွန်တော်ဟာအရာရှိတယောက်ဖြစ်နေတဲ့အတွက်အမှုဆောင်ထဲပါနေရင် (အမှန်တော့အစည်းအဝေးတက်လာသူလေးဆယ်ရာနှုံးခန့်မှာအရာရှိတွေဖြစ်၏) စောစောကရဲဘော်တဦး ဆွေးနွေးသွားသလို အဖွဲ့အစည်းရဲ့ညီညွတ်ရေးကိုထိခိုက်မှာစိုးရိမ်ပါတယ်။ ဒါကြောင့် အမှုဆောင်အဖွဲ့ရဲ့ပြင်ပကနေပဲလှုပ်ရှားပါဝင်ခွင့်ပြုဘို့တောင်းဆိုလိုပါတယ်’ ဟုပြောလိုက်၏။ အစည်းဝေးခန်းအတွင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရုံးဝန်ထမ်းအခြားအဆင့်တစ်ဦးဖြစ်သူ အစည်းအဝေးသဘာပတိထံမှ စကားသံကိုငံ့လင့်နေကြ၏။ ခဏအကြာတွင် စောစောကအရာရှိတွေအပေါ်အမြင်တမျိုးဖြင့်ဝေဖန်သွားသူ လူငယ် ထိုင်ရာမှထပြီး သူပြောခဲ့သည်များကိုရုပ်သိမ်းကြောင်း ကျွန်တော့်ကိုလည်းအမှုဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် ထပ်မံအဆိုပြုပါကြောင်းပြောသည်။ ကန့်ကွက်သံ ထောက်ခံသံ ဝေဖန်သံ မကြားရ။ ကျွန်တော်လည်းထပ်မံ အစဖေါ်ငြင်းခုံဖို့ မကြိုးစားလိုတော့။ သို့နှင့် အမှုဆောင်အဖွဲ့ဝင်(ဒုဥက္ကဌ ၁လား ၂လား) နေရာကိုကျွန်တော် လက္ခံ ဖြစ်သွားလေသည်။

အမှုဆောင်အဖွဲ့သစ်၏ပထမဆုံးလှုပ်ရှားမှုမှာ မနက်ဖြန်နံနက်ဝန်ထမ်းပေါင်းစုံအင်အားပြချီတက်ပွဲဖြစ်၏။ တပါတီစံနစ်ဖျက်သိမ်းရေးပါတီစုံဒီမိုကရေစီဖေါ်ဆောင်ရေး ကြားဖြတ်အစိုးရဖွဲ့စည်းရေး ကြွေးကြော်တောင်းဆိုကြမည်။ ‘ငတ်နေပြီးသား ဟာကိုဘာလို့များထပ်အငတ်ခံဆန္ဒပြရဦးမှာလဲဆရာရယ်' ဆိုသော ဟိုဘက်ကမ်းကပညာရှိစကားကြားယောင်ကာပြုံးမိ၏။ သို့သော် ဆွေးနွေးရန်အချိန်မကျသေး။ ရုံးချုပ်ရှေ့ကို မနက်ဖြန်အတွက် စုရပ်အဖြစ်သတ်မှတ်ကြပြီးနောက် အစည်းအဝေးပြီးဆုံးသည်။ မနက်ဖြန် လာရဦးမည်မို့ တဘက်ကမ်းပြန်မကူးတော့ဘဲ (ကျွန်တော့် တာဝန်မှူးကြီးအလှည့်ကလည်း ပြီးနေပြီ) ရန်ကုန်တွင်ညအိပ်ရန်စဉ်းစား၏။ ပုံမှန်ဘတ်စကားရရန်မလွယ်ကူသဖြင့် ပန်းဆိုးတန်းမှအလုံထိလမ်းလျှောက်ပြန်ခဲ့သည်။ စက်တင်ဘာညနေ ခြေခင်းလက်ခင်းသာသာမှာ ပိုစတာတွေ လမ်းဘေးသတင်းစာတွေ မြို့လည်ခေါင်သစ်တပ် (ခြံစည်းရိုး) တွေဟိုငေးသည်ငေးနှင့်လမ်းလျှောက်ရသည်မှာပင်ပန်းသည်မထင်ရ။ ကုန်သည်လမ်းပေါ် ၂၉ လမ်းထိပ်ဘက်ရှိတိုက်တလုံး၏မျက်နှာစာတွင် ဆန္ဒပြသူများအားကုန်သွယ်ရေးရုံးပေါ်မှ ရန်စပစ်ခတ်ခဲ့သည်ဆိုသော ပူပူနွေးနွေးကျည်ဆံထိမှန်ထားရာနေရာအား ဆေးဖြင့်ဝိုင်းပြထားသည်ကိုတွေ့ခဲ့ရ၏။ တပ်နှင့်ပြည်သူ မကြည်ဖြူကြတော့သည့်လက္ခဏာ တစ်ရပ်။

သခင်မြပန်းခြံအောက်ဘက် ကမ်းနားလမ်းကိုဖြတ်တော့ ညနေလေးနာရီသာသာ။ မြန်မာ့ရုပ်မြင်သံကြားမှ ညနေပိုင်း တေးဂီတအစီအစဉ်အသံလွှင့်နေပြီ။ တခုခုထူးခြားသလိုပင်။ လွှင့်ထုတ်သမျှအားလုံးစစ်ချီတေးတွေချည်း။ ထူးခြားသောထိုအခြအနေကိုအဖြေရှာရခက်နေဆဲ အထူးသတင်းတရပ်ကြေငြာသည်ကိုကြားရ၏။ နိူင်ငံတော်ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၈၈။ အတိတ်စိမ်းအတွက်ပေါက်ကောင်ဖွင့်ပြီ။ သမိုင်းဝင်ထိုနေ့စွဲက ၁၉၈၈ စက်တင်္ဘာ ၁၈ ရက်။