Thursday, November 20, 2014

ကျွန်တော်နှင့် ရှစ်ဆယ့်ရှစ် (၃)


ထိုညတညလုံး ကျွန်တော်အိပ်မပျော်နိူင်။ တီဗီထဲမှ အာဏာသိမ်းကောင်စီ၏ အမိန့်များ ညွှန်ကြားချက် များထံ စိတ်ရောက်နေသည်။ ဖွဲ့စည်းစ နဝတအဖွဲ့၏ ဥက္ကဌမှတပ်မှူးများအား ထိပ်တိုက်ရင်ဆိုင် ဆန့်ကျင်မှုများကြုံလာခဲ့လျှင် အသက်ပေး၍နှိမ်နင်းရန် လူသိ ရှင်ကြားညွှန်ကြားထားသည်။ စင်စစ် ထိပ်တိုက်ရင်ဆိုင်မည့်သူများရှိခဲ့လျှင် အရောင်အသွေးမည်မျှ ကွဲပြားသည်ဖြစ်စေ ပြည်သူထဲမှပြည်သူတွေသာမို့ အသက်ပေး၍ ပြည်သူကိုနှိမ်နင်းကြဟုအဓိပ္ပါယ်ဖွင့်ဆိုရမည်ကဲ့သို့ ဖြစ်နေလေ၏။ ဘာဘဲပြောပြောမနက်ဖြန်သည်စစ်ဦး။

နောက်တနေ့မနက်စောစော တဘက်ကမ်းသို့ကျွန်တော်ကူးသွားသည်။ သမ္ဗန်ဆိပ်မှသင်္ဘောကျင်းသို့အလာလမ်းမှာ သေနပ်ဖေါက်သံလေးငါးချက်ကြားရပြီး ကျောင်းစိမ်းဝတ်လူငယ်တစုပြေးလာကြသည်ကိုတွေ့ရ၏။ သူတို့လေးတွေအချင်းချင်းပြောစကားနှင့်လမ်းပေါ်မှလူအချို့တို့၏စကားများကိုဆက်စပ်ကြည့်ရာ ထိုလူငယ်လေးများရဲစခန်းသို့သွားဝိုင်းကြသဖြင့်ရဲစခန်းမှခြောက်လှန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရေရွတ်ဆဲဆိုရင်း ဖရိုဖရဲပြေးလာကြသူအများစုမှာ ဟိုတစ်နေ့ကတာဝန်မှူးရုံးခမ်းသို့ရောက်လာသော သမ္ဗန်သမားသူငယ်လေးအရွယ်တွေ။ ကျွန်တော်ရင်မောသွား၏။ ဘာဘဲဖြစ်ဖြစ်ရဲစခန်းမှခြောက်လှန့်ပစ်ခတ်သည်လောက်နှင့်သာပြီးပါစေတော့ဟုဆုတောင်းမိသည်။ ခုလိုအချိန်မျိုးမှာသူတို့လေးတွေအတွက်ကိုယ့်အိမ်ကိုယ့်ယာသာလျှင်အလုံခြုံဆုံးဖြစ်ပေမည်။

သင်္ဘောကျင်းထဲမှာတော့ငြိမ်ငြိမ်သက်သက်။ အာဏာသိမ်းသတင်းကိုပေါ့ပေါ့ပါးပါးခံစားချက်မပါဘဲ ပြောဆိုနေကြသောလူငယ်အချို့၏စကားဝိုင်းမှာဝင်ထိုင်ရင်းသူတို့ဘာလုပ်ကြမည်ကိုအကဲခတ်နေ၏။ မူလစီစဉ်ထားသော ယနေ့မနက်ရန်ကုန်ဘက်ကူး၍လူထုစစ်ကြောင်းများနှင့်ပူးပေါင်းချီတက်မည့်ကိစ္စမဖြစ်တော့။ ခါတိုင်းလို သင်္ဘောကျင်းလုံခြုံရေးဂရုတစိုက်ရှိကြဘို့မှာရသည်။ ကျွန်တော်စကားပြောနေသောဝန်ထမ်းလူငယ်တွေထဲမှတိုက်ပွဲမှာ ခြေတဘက်ဆုံးရှုံးပြီး အရပ်ဘက်သို့ပြောင်းလာသောတပ်မတော်သားဟောင်းတတစ်ဦး ပါဝင်ရာ သူ့ထံပြင်ပမှလူငယ်လေးများမကြာမကြာလာကြသည်ကိုသတိပြုမိသည်။ ရပ်ကွက်ထဲကခလေးတွေပါဟု မရေမရာအဖြေသာသူ့ထံမှရသဖြင့် လမ်းမှာတွေ့ခဲ့ရသော ရဲစခန်းသွားဝိုင်းသည့်ကျောင်းသားငယ်များအကြောင်းပြောပြီးတစ်ရပ်တည်းသားလူငယ်များမမှားသင့်တာမမှားရအောင်မသင့်သောအကူအညီမပေးမိဖို့ သတိပေးရ၏။ ပြန်ကာနီးအချိန်ထိသူ့ကို ထိုအကြောင်းထပ်တလဲလဲ ပြောနေသဖြင့်သူက “စိတ်ချပြန်ပါ ဘာမှမဖြစ်စေရပါဘူးကျွန်တော်ဘာမှမလုပ်ပါဘူး” ဟု အခြားလုပ်ဖေါ်ကိုင်ဘက်များကိုသက်သေထူရင်းပြော၏။

သင်္ဘောကျင်းမှရုံးချုပ်ဘက်သို့လှည့်ဝင်ရာမျက်နှာသိတဦးတလေမှမတွေ့။ ပစ်သည့်ခတ်သည့်သတင်းအချို့ကြားရသည်။ ရုံးချုပ်မှာကြက်ခြေနီအဖွဲ့တဖွဲ့လိုအပ်လျှင်အကူအညီပေးဘို့ရှိနေကြသည်။ ထိုမှကမ်းနားလမ်းတလျှောက်လက်နက်ကိုင်စစ်သားများတင်ဆောင်ထားသည့် ကားကြီးများဖြတ်သန်းသွားလာကြသည်မှအပ ရုတ်ရုတ်သဲသဲမတွေ့ရ။ ထိုနေ့တစ်နေ့လုံး ကျွန်တော်အိမ်ပြင်မထွက်တော့။ ညဘက်ရုပ်မြင်သံကြားသတင်းမှာရန်ကုန်တဘက်ကမ်း xx မြို့နယ်ရဲစခန်းအားဆူပူသူများဝင်ရောက်စီးနင်းမှုကြောင့်တိုက်ပွဲဖြစ်ပွားပြီး ဒု ရဲအုပ် ၂ ဦးအပါအဝင် ရဲ ၇ ဦးကျဆုံးသည့်သတင်းကိုတွေ့ရသည်။ ကျွန်တော့်အာရုံမှာမနက်ကရဲဘော်ဟောင်းလုပ်သား၏အသွင်ကိုမြင်လာသည်။ လေ့ကျင့်ထားသောတစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့ဝင်ထို၍ထိုမျှထိခိုက်ရှနာစေခဲ့သည့်ပဋိပက္ခတွင်အခြားတစ်ဘက်မှာလည်းလေ့ကျင့်ထားသူသို့မဟုတ် လေ့ကျင့်သားရှိဖူးခဲ့သူ တစ်ဦး တလေအနည်းဆုံးပါဝင်ရမည်ဟု ကျွန်တော်သုံးသပ်သည်။ သို့ဆိုလျှင် ဘာမှမလုပ်ပါဘူးပြောခဲ့သော ထိုရဲဘော်တစ်ခုခုများလုပ်ခဲ့ပြီလား။

ကျွန်တော့်သုံးသပ်ချက်ရောစိုးရိမ်ပူပန်ခဲ့မှုပါမှန်ကန်ကြောင်း ဆက်စပ်သတင်းများအရမကြာမီသိခွင့်ရခဲ့၏။ စိတ်ချလက်ချပြန်ပါဟုကျွန်တော့်အားပြောခဲ့သော ထိုရဲဘော်ဟောင်းလုပ်သားမှာ အစတွင်လာခေါ်သမျှငြင်းဆန်ခဲ့သော်လည်းလူအင်အားဖြင့်မြို့နယ်ရုံးကိုစီးနင်းသိမ်းပိုက်လာခဲ့ကြသည့်ဘရင်းဂန်းတလက် အပါ အဝင်လက်နက်ငယ်မျိုးစုံသူ့ထံသို့ယူဆောင်လာသောအခါတွင်မူမနေသာတော့ သို့မဟုတ်မနေနိူင်တော့။ မနက်ကသေနပ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့သောရဲစခန်းကိုစီးနင်းရန်အလို့ငှါ သူတို့ခေါ်ဆောင်ရာလိုက်ခဲ့လေတော့၏။ ရဲစခမ်းကအစွမ်းကုန်ခုခံကာကွယ်သဖြင့် သူတို့မသိမ်းပိုက်နိူင်။ နောက်ဆုံး တပ်ကူများရောက်ရှိလာသောကြောင့်ဆုတ်ခွာခဲ့ရ၏။ ထို့နောက် သူအဖမ်းခံရသည်။ ကျဆုံးသူများ၏ ဒဏ်ရာအနေအထားအရ ပစ် ခတ်သူမှာတပ်မတော်သားဟောင်းတစ်ယောက်ဖြစ်ရမည်ဟူသောတွေ့ရှိချက်ကိုသူမချေဖျက်နိူင်ခဲ့။ ရဲဝန်ထမ်း ၇ဦးကျဆုံးပြီး ၅ဦးဒဏ်ရာရစေခဲ့သောထိုပုန်ကန်မှုအတွက် (ပုန်ကန်သူတွေဘက်မှ ထိခိုက်ကျဆုံးမှုအရေအတွက် မထုတ်ပြန်ခဲ့) စစ်ခုံရုံးမှသူ့ကိုသေဒဏ်ကျခံစေရန်အမိန့်ချ၏။ လွတ်ငြိမ်းသက်သာခွင့်တွေ လှိုင်လှိုင်ပေးနေသောသည်ဘက်ခေတ်မှာသူများပြန်လွတ်လာပြီလားဟု တခါတခါစဉ်းစားမိသလို ထိုနေ့က ဘယ်လိုဘယ်ပုံဘယ်သူ့ဆွဲဆောင်ရာပါပြီးဘာတွေဖြစ်ခဲ့သည်ကိုသူ့နူတ်ထွက်အတိုင်းကြားချင်စိတ်ယနေ့တိုင် ကျွန်တော့်မှာရှိနေဆဲ။ စင်စစ် ဒါတွေသည်ပင်သမိုင်းမဟုတ်ပါလား။

အာဏာသိမ်းပြီးနောက် နဝတအစိုးရကဝန်ထမ်းများနောက်ဆုံးလုပ်ငန်းခွင်ဝင်ရက်ကိုသတ်မှတ်ပေး၏။ ထိုနေ့အထိသင်္ဘောကျင်းကိုကျွန်တော်မသွားတော့။ အကြောင်းနှစ်ချက်ရှိသည်။ ပထမအချက်မှာ အုပ်ချုပ်ရေး ပြန်လည် အသက်ဝင်လာပြီမို့ ဗရမ်းပတာအခြေအနေတွေကြားမှာ တစ်လကျော်ကြာ စိတ်ပန်းကိုယ်ပန်းဖြစ်ခဲ့သမျှအနားယူလို၍။ နောက်တချက်ကပြီးမြောက်အောင်မြင်ခြင်းမရှိခဲ့သည့်တိုင် ယုံကြည်ရာကိုနောက်ဆုံးအချိန်ထိတက်ကြွလှုပ်ရှားရင်းအသက်အိုးအိမ်စည်းစိမ်စွန့်လွှတ်သွားကြရသူများအား ထောက်ထားစာနာသောအားဖြင့်။ ထိုအတွင်း ရုံးချုပ်သမဂ္ဂတွင်ခေတ္တဆုံလိုက်ရသူ လူငယ်တဦးမှဆက်သွယ်လာကာ နယ်စပ်လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့်အဆက်အသွယ်ရပြီမို့ ၎င်းတို့သွားမည်ဟုသတင်းပေးရင်း ဆန္ဒရှိကလိုက်ပါနိူင်ကြောင်းကမ်းလှမ်း၏။ ဆန္ဒမရှိပါကြောင်း အကြောင်းပြန်လိုက်သည်။ တဆက်တည်း အစိုးရသစ်မှသမဂ္ဂဖွဲ့စည်းလှုပ်ရှားကြသူများအားအရေးယူမှုတွေရှိလာနိူင်ကြောင်းထောက်ပြသည့်အပေါ် မိမိလုပ်ဆောင်ခဲ့သမျှ တာဝန်ယူရင်ဆိုင်ဖြေရှင်းသွားရန်ဆုံးဖြတ်ပြီးဖြစ်ကြောင်းပြောပြလိုက်၏။

ထောက်လှမ်းရေးဘက်မှကျွန်တော်ရုံးမတက်သေးဘူးလားဟုမကြာခဏဆိုသလိုမေးနေကြောင်း ကျွန်တော်အလုပ်ပြန်ဝင်ချိန်မှာစက်ရုံမှူးပြောပြ၍သိရသည်။ အုပ်ချုပ်ရေးပြန်လည်အသက်ဝင်သည့်တိုင်တည်တည်ငြိမ်ငြိမ်မဟုတ်သေးသည်ကိုတာဝန်မှူးရုံးစင်္ကြန်တွင်ဆင်ထားသော အမျိုးအမည်မသိမောင်းပြန်သေနပ်တစ်လက်ကသက်သေပြနေ၏။ စစ် သို့မဟုတ် မာဖီးယားဇာတ်ကြမ်းတွေထဲမှာတွေ့ရလေ့ရှိသော ထိုစက်သေနပ်မှာ ရုပ်ရှင်ထဲကလိုပင်ကျည်တွဲကြီးတန်းလန်းဖြင့် သင်္ဘောကျင်းမိန်းတံခါးမကြီးရှေ့မြေကွက်လပ်ဆီသို့ အသည်းယားရင်ဖိုဘွယ်ရာအပေါ်စီးမှချိန်လျက်ရှိနေ၏။ ဝတ်စုံပြည့်ရေတပ်သားတစ်ဦးမှ ထိုသေနပ်၏မောင်းကွင်း (ခလုပ်ကွင်း)ပေါ်လက်တင်ပြီးထောက်ပေါ်မှသေနပ်ကိုဟန်ပါပါယမ်းလျက်ကင်းစောင့်နေသည့် ရုပ်ပုံလွှာမှာ ယနေ့တိုင်မြင်ကွင်းထဲမှထွက်စရာမရှိ။ ဆရာမောင်သာရ၏ ဥပစာအငှါးဖြင့် သရုပ်ဖေါ်ရသော် အသားနက်မ အောင်လံကြီးထူနေသည်သို့။

သည့်နောက်တွင်ဥပဒေမရှိဘူးအမိန့်ဘဲရှိတယ်ဆိုသောအုပ်ချုပ်ရေးပုံစံတခုဖြစ်ထွန်းလာ၏။ ကျောင်းသားများ နယ်စပ်ရောက်ကုန်ကြပြီး ဝန်ထမ်းတွေဒယ်အိုးထဲမှမီးပုံထဲသို့ဆင်းကြရသည်။ အလယ်အဆင့်စီမံခန့်ခွဲသူများကြောင့်အရေးအခင်းဖြစ်ခဲ့ရသည်ဟုစစ်တန်းထုတ်ပြီး ထိုအဆင့်ထိဝန်ထမ်းများကို မိုးကျရွှေကိုယ် တပ်ထွက်များဖြင့်အစားထိုးရန်ပြင်ဆင်သည် (အထက်ဆင့်ဝန်ထမ်းများအရပ်သားမဟုတ်တော့သည်မှာကြာပြီ)။ မြို့ပြစီမံခန့်ခွဲရေးအလွှာအားလုံးကိုချုပ်ထိန်းနိူင်ရန်လုံလောက်သောအရေအတွက်ရရှိဘို့ စစ်တက္ကသိုလ်ဝင်ခွင့်ဦးရေတိုးပြီးစာသင်နှစ်တွေလျှော့ချသည်။ အရပ်သား ပညာသည်တွေခေါင်းမော်ခွင့်မရနိူင်အောင် သူတို့မရှိလည်းဖြစ်အောင် စစ်ဘက်ပညာရပ်(ဆေး/စက်မှု)တက္ကသိုလ်တွေထူထောင်သည်။ အရပ်ဘက်တက္ကသိုလ်တွေဇနပုဒ်သို့ရွှေ့သည်။ စစ်ဆေးရုံ စစ်စက်ရုံ စစ်အသံလွှင့်ရုံ စစ်ဘဏ် စစ်ကော်ပိုရေးရှင်း စစ်ဦးပိုင် စစ်အငြိမ်းစားအဖွဲ့။ လစာစရိတ်ခံစားခွင့်လုပ်ပိုင်ခွင့်အရာရာမှာတပ်ကိုအရပ်ထက် ခေါင်းတစ်လုံးသာသာ အမြဲမြှင့်ထားသည်။ အချုပ်ဆိုသော်တပ်မတော်သည်သာပြည်သူ့မဏ္ဍိုင်ဖြစ်ပြီး ပြည်သူသည်တပ်မတော်၏မဏ္ဍိုင်မဖြစ်စေရန်စံနစ်တကျစီမံထားသကဲ့သို့ဖြစ်ချေ၏။ ရလဒ်ကားယနေ့တိုင်းပြည်သည် ချုပ်ရာထက်ဖါရာတွေ များနေသောလက်နှီးစုတ်သဘွယ် ကမ္ဘာ့အလယ်မတင့်တယ်နိူင်တော့ခြင်း။

ပြောရလျှင် ဒါတွေအားလုံးသမိုင်းထဲမှာကျန်ရစ်ပြီ (ဆက်လက်မသယ်ဆောင်ဘို့တော့လိုမည်ထင်သည်)။ ကိုယ့်အကြောင်းကိုယ်ပြန်ဆက်ရလျှင် အရေးအခင်းလွန်ကာလ ခေါက်ရိုးမကျိုး သမဂ္ဂနံ့မစင်သော ဝန်ထမ်းဘဝကိုပြောရမည်။ ခေါက်ရိုးမကျိုးခြင်းမှာကျွန်တော့်ဝသီဖြစ်သော်လည်း သမဂ္ဂနံ့မစင်ခြင်းမှာမူကျွန်တော့်ကိုယ်ကျွန်တော်ပင်မသိ။ လုပ်ငန်းအစည်းအဝေးတခုတွင် နဝတလက်ထက်ဦးဦးဖျားဖျားလစာတိုးသည့်ကိစ္စအသိပေးရင်းဝန်ထမ်းများ (အရာရှိမပါ အရာရှိများအချိန်ပိုခံစားခွင့်မရှိ) လက်ရှိခံစားနေသောအချိန်ပိုလုပ်ခများအားလစာတိုးသည့်နေ့မှစ၍ခံစားခွင့်မပြုတော့ဟု ဒုစက်ရုံမှူးမှပြောသည့်အပေါ် ကျွန်တော်ကလက်ရှိလစာတိုးသည့်ပမာဏသည် ယခင်လစာနှင့်အချိန်ပိုနှစ်ခုပေါင်းထက်နည်းနေဆဲဖြစ်ရာ အချိန်ပိုကိုဖြတ်တောက်လိုက်ခြင်းဖြင့်ခံစားခွင့်ရှိသူဝန်ထမ်းများအတွက်လစဉ်ဝင်ငွေတိုးမလာဘဲလျော့သွားမည်ကို စဉ်းစားသင့်သည်ထင်ကြောင်းတင်ပြ(လျှာတံရှည်)မိရာ ဒုစက်ရုံမှူးဖြစ်သူမှမျက်ထောင့်နီကြီးဖြင့် 'ဒါသမဂ္ဂအစည်းအဝေးမဟုတ်ဘူး မောင်ရင့်သမဂ္ဂလေသံတွေဒီမှာလာမပြောနဲ့' ဟု မိုးကြိုးပစ်သလိုဟိန်းဟောက်ခံရသောအခါတွင်မှငါ့ကိုသမဂ္ဂနိူ့နံ့မစင်သေးဘူးလို့ပြောတာကိုးဟု သဘောပေါက်လာရခြင်းဖြစ်ပါ၏။

တဆက်တည်း ဉာဏ်မီသရွေ့လေ့လာသုံးသပ်မိရာအစိုးရကလစာတိုးသည့်အမိန့်စာတွင် လစာတိုး၍အချိန်ပိုရပ်ရမည်မပါရှိခြင်း (အမိန့်စာကိုကိုယ်တိုင်လက်ခံအကောင်အထည်ဖေါ်ရသူမဟုတ်သဖြင့် ထိုကိစ္စကျွန်တော် သေချာပေါက်တော့မပြောနိူင်) အခြားနီးစပ်ရာဝန်ထမ်းအဖွဲ့အစည်းများမှမိတ်ဆွေသူငယ်ချင်းတွေအဆိုအရ သူတို့ဆီမှာအလားတူညွှန်ကြားချက်များမရှိခြင်းစသည်တို့ကိုသိရ၏။ ထိုအခါမှပြီးခဲ့သောဆူပူမှု (အရေးအခင်း) သည်အလယ်ဆင့်စီမံခန့်ခွဲသူများညံ့ဖျင်းမှုကြောင့်ဖြစ်ပေါ်ခဲ့ရသည်ဆိုသောစစ်အစိုးရ၏သုံးသပ်ချက်အားကိုယ်တိုင်အလယ်ဆင့်ဖြစ်ပါလျက် လက္ခံရမည်သို့ဖြစ်ရပါတော့သည်။ စင်စစ် အုပ်ချုပ်ရေးတွေဖရိုဖရဲဖြစ်စဉ်ကတက်ကြွသောလူငယ်များသင်္ဘောကျင်းသမဂ္ဂဖွဲ့ရန်စိုင်းပြင်းနေကြသည်ကိုသိလျှင်သိခြင်း အထိန်း အကွပ်သဘောမျိုးရစေရန်ပါဝင်ဖို့ လူငယ်အရာရှိဖြစ်သောကျွန်တော့်ကိုစက်ရုံမှူးကိုယ်တိုင် ခေါ်ယူခိုင်းစေ တာဝန်ပေးခဲ့သည်ကို ထိုဒုစက်ရုံမှူးတကယ်မသိသည်လားမသိသားဆိုးရွားသည်လား မစောကြောလိုတော့။ သူ့သမိုင်းသူရေးကိုယ့်သမိုင်းကိုယ်ရေး။ မတူသောသမိုင်းတွေကြားမှာအားသာရာသမိုင်းကလူ့အဖွဲ့အစည်းတခုကိုထိန်းကျောင်းသွားလိမ့်မည်။

ထောက်လှန်းရေးအဖွဲ့မှရုံးတိုင်ရာရောက်လာရောက်မေးမြန်းမှတ်တမ်းတင်ခံရခြင်းနှစ်ကြိမ်။ ဝသီပါ ခေါက်ရိုးမကျိုးမှုအပေါ်နားလည်မှုလွဲမှားစွာတံဆိပ်ကပ်မှုကြောင့်ရုံးတွင်းခုံရုံးဖွဲ့စည်းစစ်ဆေးခံရခြင်းတစ်ကြိမ် နှင့် (ဆရာဌာနမှူးအလို) ဇိကုတ်၍နတ်ပြည်တင်ခံရခြင်းတစ်ကြိမ်တို့မှာ ရှစ်ဆယ့်ရှစ်အလွန်ဝန်ထမ်းဘဝ ကျွန်တော့်သမိုင်းစာမျက်နှာမှမှတ်တမ်းအချို့သာဖြစ်ခဲ့ကြပါ၏။ ဇိကုတ်နတ်ပြည်တင်ခဲ့သည်ထက် အဝီဇိဂျိုးကပ်မှာစိုး၍ဂုတ်ကိုဆွဲခဲ့ခြင်းဆိုသည်က ခိုင်းနှိုင်းရန်ပိုသင့်တော်မည်လားတော့မပြောတတ်။ အစိုးရမှ ရန်ငါမျဉ်းဖြတ်ရန်အလို့ငှါ ဝန်ထမ်းထုအတွင်း ရှာပစ် (Searching fire) ပစ်ခဲ့သော နဝတ၏ကမ္ဘာကျော် (၃၃) ချက် စစ်တမ်းနှင့်ပတ်သက်၍ဖြစ်ပါသည်။ ခုချိန်မှာ အားလုံးထဲမှတစ်ချက်ကို ကောင်းစွာမှတ်မိနေခြင်းမှာလည်း ထိုအဖြစ်အပျက်ကြောင့်သာဖြစ်လေ၏။ ‘တပ်မတော်ကိုရန်သူသဖွယ်သဘောထားသူများအား မည်သို့ဆက်ဆံသင့်သလဲ’ ဆိုသောမေးခွန်းကို ကျွန်တော်က “သဘောထားကြီးကြီး သတိရှိရှိဆက်ဆံသင့်ပါသည်” ဟု ဖြေခဲ့သည်။

ထိုစာရွက်ဌာနမှူးထံသို့ရောက်သွားသောအခါ ကျွန်တော်ရှိရာသင်္ဘောကျင်းသို့ဆင်းလာပြီး တပ်မတော်ကို သဘောထားကြီးခိုင်းရအောင်မင်းကဘာကောင်မို့လဲဟု အဓိပ္ပါယ်ရသောစကားဖြင့်ကျွန်တော့်အား “ချဲ” ပါတော့သည်။ ကျွန်တော်ကကျွန်တော်ရေးခဲ့သည်မှာသဘောထားကြီးကြီး သတိရှိရှိဖြစ်ပါကြောင်း ထိုစကားနှစ်လုံးပေါင်းသည်သာထိုမေးခွန်းအတွက် ကျွန်တော့်အဖြေဖြစ်ပါကြောင်းပြန်လည်ရှင်းပြခဲ့ပြီး ဒုက္ခရောက်သွားချင်သလားဆိုသော နိမိတ်ပြမေးခွန်းကိုမူမည်သူ့ကိုမျှဒုက္ခရောက်စေရန်မရည်ရွယ်သော စာသားတခုက ဒုက္ခပေးလာခဲ့လျှင်ခံယူယုံသာရှိကြောင်းပြောကြားဖြစ်ခဲ့၏။ ဆက်လက်၍သဘောထားကြီးခြင်းသည် မင်းကောင်းစိုးကောင်းတို့၏အင်္ဂါရပ်ဖြစ်သည်ဟူသော ရေကင်းပြစကားကိုမူအဆုံးပင်သတ်ခွင့်မရလိုက်ရဘဲ ကျွန်တော်ရောမွေးမိခင်ပါခွေးဖြစ်သည်အထိရေရွတ်တိုင်းထွာရင်း ကျွန်တော့်ကိုသူ့ကားပေါ်တင်ဆောင်လျှက် သူ့ရုံးခမ်းရှိရာရုံးချုပ်သို့ခေါ်ဆောင်သွားခဲ့လေသည်။ (ဤစာရေးနေရင်း တကယ်တော့ဆရာဌာနမှူးက ငါ့ကို ဇိကုတ်ပြီးကားပေါ်တင်သွားခဲ့တာပါလားဟု အတွေးပေါက်ကာပြုံးမိရပြန်ပါသည်။)

ပြောရလျှင် ဆရာ့ရှေ့မှောက်ဆရာ့စာပွဲမှာ ဆရာ့အလိုကျဆရာခိုင်းသည်ကို အသစ်ပြန်ရေးလျက် လက်မှတ် ထိုးပြီးဆရာ့လက်ထဲထည့်ရသည့်အလုပ်မှာ ၇၄ ဖွဲ့စည်းပုံတုံးက ‘သူတို့ဒီလောက်တောင် ပြဌာန်းချင်နေကြတာ ပြဌာန်းကြပါစေ’ ဟူသော စေတနာဗရပွနှင့်ထောက်ခံသည့်အစဉ်အလာရှိခဲ့ဘူးသူ ကျွန်တော့်အတွက် အပန်းတကြီးမဟုတ်လေရကား ထိုနေ့ကဆရာဒကာညီညွတ်ရေးမှာ ပြောပလောက်စရာအထစ်အငေါ့မရှိဘဲ ပြီးဆုံးအောင်မြင်ခဲ့ပါတော့သည်။ ဌာနမှူးအပါအဝင်လူကြီးများမှ အမှန်တကယ် ဇိကုတ်နတ်ပြည်တင်ခဲ့သည့် သီးခြားကိစ္စတရပ်မှာမူ ထိုခေတ်ဝန်ထမ်းများ၏ “ထီ” ဟုဆိုနိူင်သော နိူင်ငံခြားခရီးစဉ်နှင့်ပတ်သက်၍ဖြစ်ပြီး ဤနေရာတွင်စာလေးမည်စိုး၍မဖေါ်ပြလိုတော့။ သို့ရာတွင် နောင်ပြည်ပမှာထမင်းရှာစားရသည့် အခြေသို့ဆိုက်ခဲ့ရာ၌ထိုနတ်ပြည်ပြန်အတွေ့အကြုံများက အထောက်အကန်ပြုခဲ့သည့်အတွက်ကိုမူ ကတညုတ ကတဝေဒီ ဆိုသလို မှတ်တမ်းတင်ရမည်သာဖြစ်ပေသည်။ မှတ်တမ်းတင်ပါ၏။

သမိုင်းမှာ ‘အကယ်၍သာ’ မရှိ (In history there is no IF) ဟု ပညာရှင်တွေဆိုခဲ့ကြ၏။ “အကယ်၍ ဗာဆိုင်း စာချုပ်ကြီးသာပေါ်ပေါက်မလာခဲ့လျှင်”၊ “အကယ်၍အမေရိကန်ကသာ ဂျပန်ကိုအနူမြူဗုံးကြဲမချခဲ့လျှင်”၊ “အကယ်၍အနိစ္စတရားကို ၆၂ ခုနှစ်မတိုင်မီကတည်းကသာ ဦးနေဝင်းသဘောပေါက် နားလည်လက္ခံနိူင်ခဲ့လျှင်”၊ “အကယ်၍ ၈၈တုံးက ကျောင်းသားသမဂ္ဂကို ဦးမောင်မောင်နှင့်ပျော်ပျော်ပါးပါးသာ အုဌ်မြစ်ချနိူင်ခဲ့ကြလျှင်”၊ “အကယ်၍ ကျွန်တော်ဝန်ထမ်းဘဝမှာသာဆက်ရှိနေခဲ့လျှင်” စသည်တို့မှာ သမိုင်းကိုအထောက်အပံ့ ပြုနိူင်ငြားသော်လည်းသမိုင်းမဟုတ်။ တကယ့်သမိုင်းက အရေးအခင်းပြီးနောက်တနှစ်ကျွန်တော်ရုံးချုပ်သို့ပြောင်းရွှေ့ရသည်။ ထိုမှ နှစ်နှစ်ကြာသောအခါ ရန်ကုန်ဘက်ကမ်း သင်္ဘောကျင်းတကျင်းတွင်တာဝန်ချထားခံရပြီး နောက်ထပ်ငါးနှစ်အကြာထိုသင်္ဘောကျင်းမှာပင်ဝန်ထမ်းဘဝနိဌိတံခဲ့သည်။ (စကားချပ်။ နှစ်အတန်ကြာပြည်ပတွင်ကြက်ယက်သလိုယက်၍အသက်မွေးနေထိုင်ပြီးပြန်လာချိန်မှာ ကျွန်တော့်ဝန်ထမ်းဘဝနိဌိတံခဲ့ရာ ထိုသင်္ဘောကျင်းကိုယ်တိုင်ပင်လျှင် နိဌိတံခဲ့ပြီးဖြစ်သည်ကိုကြေကွဲစွာတွေ့မြင်ခဲ့ရပါသည်။)

လူတယောက်ရဲ့သမိုင်းကိုလူ့လောကကြီးကသူ့ပခုံးအပေါ်တင်လိုက်တဲ့တာဝန်ကို သူဘယ်လောက်ကျေပြွန်အောင်ထမ်းဆောင်နိုင်ခဲ့သလဲဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်ဟုဆရာဗန်းမော်တင်အောင်ပြောခဲ့၏။ ငယ်စဉ်က ရပ်ရေးရွာရေးကိစ္စဆောင်ရွက်ကြသည့်အခါ လူကြီးသူမတွေအမြင်မတော်လျှင်ပြောလေ့ရှိကြသော ‘ဒီကောင်တွေကွာ ဝါးဘိုးတလုံးကိုယီးလေးခိုထမ်းနေကြတယ်’ ဆိုသည့် အားမလိုအားမရစကားသံတွေကိုလည်းမှတ်သားရဘူးသည်။ ကျွန်တော်ကတော့ ကျွန်တော်တို့မျိုးဆက်၏ပုခုံးပေါ်မှ ‘ခေတ်ဝါးဘိုးကြီး’ ကို ထမ်းမလိုနှင့်ခိုသည့်သူတယောက်ဖြစ်မိမှာ အစိုးရိမ်ဆုံးဖြစ်၏ (မျက်နှာပြောင်တိုက်ကာခွစီးလိုကြသည့်သူတွေကိုတော့စာဖွဲ့ရန်ပင်မလိုဟုထင်သည်)။ ဒါသည်ပင် သမိုင်းဆိုင်ရာကျွန်တော့်မူဝါဒဖြစ်သလို ဒါသည်ပင် ကျွန်တော့်သမိုင်းဖြစ်မည်ဟု စွဲမြဲစွာယုံကြည်လျှက်ရှိလေသည်။

No comments:

Post a Comment