Thursday, December 31, 2015

ကျွန်တော်နှင့်ကျီးကန်း


ငယ်ငယ်ကညလူခြေတိတ်ချိန် ကျီးကန်းတွေအုပ်စုလိုက် ထထပျံရင်းအော်သည်နှင့်ကြုံလျှင် ကျီးပြိုသည်ဟု လူကြီးတွေ ပြောကြောင်း မှတ်သားဘူးသည်။ နယ်ဘက် မြို့ကလေး၏ ညတွေက တိတ်ဆိတ်လွန်းသည်မို့ ကျီးပြိုသည့်အသံမှာ တစ်မျိုးခြောက်ခြားစရာကောင်းသည်။ သည်ကြားထဲအချို့လူကြီးတွေက ကျီးပြိုလျှင်မျက်စေ့ပျက်မျက်နှာပျက်ဖြစ်ကြ၊ ရသမျှဘုရားစာတွေဆိုကြ လုပ်တတ်ပြန်ရာ ဘာမှန်းမသိသောကျွန်တော် ရင်တွေခုန်ရ၏။ မေးပြန်တော့လည်း ‘ကျီးပြိုရင်မကောင်းဘူး’ ဆိုသော တုံးတိတိအဖြေကလွဲပြီး မရတတ်သဖြင့် နောက်ဆိုမမေးတော့ပဲ ကိုယ့်ဘာကိုယ်စိုးရွံ့အားငယ်စွာ နေကျင့်ရသွားတော့သည်။ ထိုစဉ်ကတော့ ရန်သူသို့မဟုတ် အနှောက်အယှက်တစ်စုံတစ်ရာပေါ်ပေါက်လာခြင်းကြောင့်ညကြီးအချိန်မတော်ထအော်ကြခြင်းဖြစ်မည်ဟူ၍ မစဉ်းစားတတ်သေး။ ညီညွတ်ခြင်းအရာမှာကျီးကန်းတွေ စာတင်လောက်သည်ကိုလည်းမသိနားမလည်တတ်သေး။

တစ်ကယ်တန်းကျီးကန်းနှင့်ကျွန်တော် နဖူးတွေ့ဒူးတွေ့ကြုံရသည်က အချိန်ပိုင်းဘုန်းကြီးကျောင်းသားဘဝမှာဖြစ်၏။ မိဘများကိုးကွယ်သည့်အိမ်နားကဘုန်းကြီးကျောင်းသို့ ကျောင်းပိတ်ရက်တိုင်းသွားပြီး ဘုန်းကြီးကျောင်းသားအဖြစ် ကျွန်တော်လုပ်အားပေးလေ့ရှိရာဆွမ်းခံလိုက်ခြင်းသည်လည်းတစ်ခု အပါအဝင်ဖြစ်လေသည်။ တွဲဘက်ကိုရင်တစ်ပါးကသပိတ်ပိုက် ကျွန်တော်ကဆွမ်းဟင်းဗျတ်(လင်ပန်း)ကိုခေါင်းပေါ်ရွက်ကာ နံက်ဆွမ်းခံဝင်ချိန်တွင် သတ်မှတ်နယ်မြေအတွင်း ဆွမ်းခံအိမ်စေ့လိုက်၍ ဆွမ်းခံရသည်။ ဆွမ်းလောင်းသူကကိုရင့်သပိတ်တွင်းသို့ဆွမ်းလောင်းပြီးသည့်အခါ ကျောင်းသားဖြစ်သောကျွန်တော်စီစဉ်ပေးသောဝတ်ခွက် (ဆွမ်းဟင်းခွက်)အတွင်းသို့ဆွမ်းဟင်းလောင်းသည်။ ဆွမ်းခံအိမ်ရှိသလောက် ဆွမ်းဟင်းခွက်အရေအတွက်မရှိသဖြင့် နှစ်ခွက်တစ်ခွက်တူရာဟင်းချင်းပေါင်းထည့်သည့်တိုင် တစ်ခါတစ်ရံမလုံလောက်သည့်အခါ ဝတ်ခွက်ဖုံးဖွင့်ကာပက်လက်လှန်ပြီးဆွမ်းဟင်းထည့်ရခြင်းများရှိတတ်၏။ သည်တွင်ကိုရွှေကျီးတို့နှင့်နှစ်ပါးသွားရတော့သည်။

ဝတ်ခွက်အဖုံးဖွင့်ပြီးထည့်ရလောက်အောင်ဆွမ်းဟင်းတွေရသည့်တိုင် ကျွန်တော်စိတ်ချလက်ချမပျော်နိုင်။ လစ်လျှင်လစ်သလိုနီးစပ်ရာသစ်ပင်သစ်ကိုင်းပေါ်မှတစ်ဟုန်ထိုးပြေးဆင်းလာပြီး အဖုံးထဲမှဟင်းလျာများကို သုတ်ချီတတ်သောကျီးကန်းတွေကြောင့် တစ်ခါတစ်ရံဝတ်ခွက်ဗန်းမှောက်သည်အထိကြုံပြီး ဆွမ်းမငတ် သည့်တိုင် လူကြားထဲအရှက်ရမည့်အန္တရာယ်ကရှိနေသည်။ ဝါရင့်ဘုန်းကြီးကျောင်းသားများသင်ကြားထား သည့်အတိုင်းလက်တစ်ဘက်ကဆွမ်းဟင်းဗျတ်ကိုထိမ်းကိုင်လျက်အသင့်ယူဆောင်လာသော ဝါးစိမ်း တုတ်ချောင်းငယ်အား ကျန်လက်တစ်ဘက်ဖြင့်ယမ်းကာယမ်းကာ ကျီးခြောက်ရသည်မှာ ကျောင်းသို့ပြန်ရောက်သည်အထိဖြစ်လေသည်။ ကျောင်းရောက်၍ကပ္ပိယကြီးထံဆွမ်းကွမ်းများ လိုအပ်သလိုစီမံဆောင်ရွက်ရန် ချောချောမောမောအပ်နှံပြီးမှသာသက်ပြင်းချနိုင်၏။ လှယ်ပြီးသောဝတ်ခွက်များကို ဆေးကြော အခြောက်ခံခြင်းအလုပ်ပြီးလျှင် ဆွမ်းခံသည့်အလုပ်ပြည့်စုံပြီ။

တစ်ရက်ဆွမ်းခံကပြန်လာပြီးဝတ်ခွက်များဆေးရန်ကျောင်းဝင်းအတွင်းရှိရေတွင်းသို့ ကျွန်တော်ထွက်လာ ခဲ့၏။ ခြံစည်းရိုးတစ်လျှောက် စီတန်းစိုက်ထားသော ကွမ်းသီးပင်များအောက်မှဖြတ်လျှောက်လာစဉ် လမ်းနံဘေးမြေကြီးပေါ်တွင် နုတ်ခမ်းနီတျာတျာ ကျီးကန်းသားပေါက်လေးတစ်ကောင်ကို မြင်ရသည်။ သူ့ခမျာ ပျံနိုင်ပုံမရဘဲ အကူအညီတောင်းသည့်ဟန်ဖြင့်သာတစ်စာစာအော်နေ၏။ ကွမ်းသီးပင်ပေါ်ရှိအသိုက်တွင်းမှ ကျပြီး ကယ်ဆယ်မည့်သူမရှိဖြစ်နေကာ ကျောင်းဝင်းအတွင်းရှိခွေးကြောင်တစ်ကောင်ကောင်နှင့်သာ တွေ့လျှင် အကျိုးနည်းတော့မည်။ လက်တွင်းမှဝတ်ခွက်ဗန်းနှင့် ဆပ်ပြာခွက်တို့ကိုအောက်သို့ချပြီး ထိုကျီးကန်းအာနီလေးကို ကျွန်တော်အသာအယာကောက်ယူကာ ဘေးကင်းရာရွှေ့ဘို့ နေရာတစ်ခုခုရှိလိုရှိငြားအနီးအပါးတွင်ရှာဖွေနေမိ၏။ ရုတ်ခြည်းဆိုသလိုပင်ကျွန်တော့်ခေါင်းမှာပူကနဲခံစားလိုက်ရပြီး နံဘေးတွင်လည်းဘယ်ကရောက်လာမှန်းမသိသော ကျီးကန်းတွေကစူးစူးရှရှဝိုင်းဝန်းအော်ဟစ်နေကြသည်ကို သတိထားမိလေသည်။ သူတို့၏သားငယ်ကို ဘေးလွတ်ရာပို့ပေးမည့်သူအပေါ်မသိသားဆိုးရွားစွာရန်မူနေသည့် ထိုကျီးကန်းတွေကို စိတ်လည်းဆိုးကြောက်လည်းကြောက်သွားကာ ကျီးပေါက်ကလေးအား မြေပြင်ပေါ်သို့ပြန်ချပြီးနောက် ဝတ်ခွက်နှင့်ဆပ်ပြာခွက်တွေကမန်းကတန်းဆွဲ၍ရေတွင်းဆီသို့ပြေးခဲ့ရတော့၏။ ထိုနေ့မှစ၍ ကျီးကန်းကို ကျွန်တော် မုန်းတတ်ခဲ့လေသည်။

ကျွန်တော်တို့လိုဘုန်းကြီးကျောင်းသားဗျတ်ထဲမှဆွမ်းဟင်းတွေကျီးကန်းသုတ်မှာစိုးသလို အရပ်ထဲကအိမ်တွေမှာလည်း သင်းတို့ရန်ကအမြဲတစ်စေရှိနေသည်။ ချက်ပြုတ်ပြီးချက်ပြုတ်ရန်ပြင်ဆင်ဆဲ သားငါးဟင်းလျာတွေကို မီးဖိုချောင်ထဲအထိအတင့်ရဲစွာဝင်ဆွဲတာမျိုးကတော့အိမ်ရှင်မတို့အဖို့ရိုးနေပြီဆိုရမည်။ တောနယ်ကျေးလက်မို့သားငါးဈေးကျချိန် တစ်ပိုင်တစ်နိုင်ငါးခြောက်ငါးခြမ်းခွဲပြီးစကောထဲထည့်နေလှန်းသည့်အလေ့ ရှိကြလေရာ ကိုရွှေကျီးကန်းတို့အတွက်ပွဲတော်အုပ်အရံသင့်တည်ပေးထားသည့်နှယ်ဖြစ်တော့၏။ သည်မှာ အလိုလျောက်ကျီးခြောက်ပေးနိုင်သည့် ကျေးလက်နည်းပညာတစ်ရပ်မှာချီးကျူးမှတ်သားဘွယ်ရာဖြစ်သည်။ ငါးခြောက်စသည့် ကျီးကြိုက်အစားအစာတွေ အိမ်ပြင်ထုတ်နေလှမ်းသည့် အခါကြည့်မှန်ဟောင်း (အပိုင်းအစဖြစ်စေ) အရွယ်တော်တစ်ချပ်ဗန်းထဲမှာထောင်ထားလိုက်ခြင်းပင်ဖြစ်သည်။ လောဘအရာတွင်လူကိုယှဉ်နိုင်သော်လည်း ပညာမဲ့သည့်ကျီးခမျာဗန်းထဲမှအစာကိုအလစ်သုတ်ဖို့ထိုးဆင်းလာတိုင်း သူ့ပုံရိပ်သူလှစ်ကနဲမြင် ရန်သူထင်ပြီး အပြေးဆုတ်ခွာပျံတက်ရတော့သည်။ ရှေးလူကြီးတွေအကြံပိုင်ပုံကိုတွေးမြင်ရင်း ကျွန်တော့်ကို ဆိတ်ခဲ့ဘူးသော သင်းရို့တစ်တွေအလှည့်စားခံရသည်ကိုဝမ်းသာအားရဖြစ်ခဲ့မိလေသည်။

ရန်ကုန်ကိုပြောင်းလာခဲ့ပြီးနောက်ကျီးကန်းနှင့်နပန်းလုံးရသည့်ဘုန်းကြီးကျောင်းသားဘဝမှ လွတ်မြောက်ခဲ့၏။ သို့သော် ထစ်ကနဲဆိုတစ်ဆွေမျိုးလုံးဝိုင်းအုံရန်တွေ့တတ်ကာအရပ်ထဲမှာလည်း ‘ကျီးကန်းအုပ်စု’ ဟုကျော်ကြားသည့် တစ်လမ်းတည်းနေအမဲသားသည်မိသားစု၏အယုတ္တအနတ္တတွေကို ကိုယ်တိုင်ကြားရဖန်များသည့်အခါ ယ္ခင်ခေါင်းဆိတ်ခံရဘူးသည့်အတွေ့အကြုံနှင့်အတူကျီးတွေကို အမှတ်ရရပြန်လေသည်။ ထိုသို့ကိုယ့်အတ္တနှင့်ကိုယ်ကျီးကန်းကိုရွံကြောက်ကြောက်နေခိုက် တွံတေးသိန်းတန်၏ ‘သာပါလိမ့်မယ်ရွှေကျီးညို’ သီချင်းကလည်းခေတ်စားလာပြန်ရာ ‘မောင်ပြန်ရောက်ချိန်ကို ခါခါခွန်းချိုသာပါလိမ့်မယ်ရွေကျီးညို’ ဆိုသောတေးသွားလေးကို မညည်းဘဲမနေနိုင်ခဲ့။ တေးထဲကလိုမျှော်နေမည့်ချစ်သူကျွန်တော့်မှာမရှိ။ ပြောရလျှင် ထိုမျှအထိအရွယ်မရောက်သေး။ သို့သော် စာတွေဖတ်သီချင်းတွေ နားထောင်ပြီးရင်ခုန်တတ်စပြုပြီ။ ရှစ်တန်းစာမေးပွဲအပြီးနွေရာသီကျောင်းပိတ်ရက်အတွင်းမှာတော့ကျီးနှင့်ကျွန်တော်စစ်ပြေငြိမ်းစရာ တစ်နည်းအားဖြင့် ကျီးတို့အပေါ် ကျွန်တော်အမျက်ပြေစရာအကြောင်းတစ်ရပ်ပေါ်ပေါက်ခဲ့လေ၏။

မှတ်မှတ်ရရ စာမေးပွဲဖြေပြီးနောက်တစ်ရက်ကစနေနေ့။ နံက်စောစောဝရံတာမှာကျွန်တော်ထိုင်နေစဉ် အိမ်ရှေ့ဗာဒန်ပင်ပေါ်မှကျီးသာသည့်အသံကြားရသည်။ တစ်ဖက်ခန်းမှအဒေါ်ကြီး၏ ကျီးသာကြောင်းသူ့အိမ်သားတွေကိုသတင်းပေးသံနှင့် ရောယောင်ကာကျွန်တော် သတိပြုခဲ့မိခြင်းဖြစ်၏။ နောက်ဆက်တွဲ စကားတွေအရ သူတို့မိသားစုဧည့်သည်မျှော်နေသည်ဟုနားလည်ရလေသည်။ ထိုနေ့ကသူတို့မျှော်သည့်ဧည့်သည်ရောက်မရောက်ကျွန်တော်မသိ။ သို့သော် ကျွန်တော့်နာမည်နှင့်စာတစ်စောင်တော့နေ့လည်ပိုင်းမှာမမျှော်လင့်ပဲ ကျွန်တော်တို့ အိမ်သို့ရောက်လာခဲ့သည်။ (စကားချပ်။ ထိုခေတ် စာတိုက်မှ တံဆိပ်ခေါင်း၅ပြားကပ်ရသော ရန်ကုန်မြို့တွင်းပို့စာများသည်နေ့ပို့လျှင်နောက်တစ်နေ့ရောက်သည်။ ပြည်တွင်းပို့စာများတံဆိပ်ခေါင်း၁၅ပြားကပ်ရ၍ ပုံမှန်သုံးရက်ကြာတတ်သည်။ စာပျောက်ခြင်းစာမရောက်ခြင်းများမရှိသလောက်နည်းပါး၏။)။ စာမှာတစ်တန်းတည်းသူငယ်ချင်းကျောင်းသူတစ်ဦးထံမှဖြစ်ပြီး စာမေးပွဲဖြေနိုင်လားမေးမြန်းခြင်းနှင့်အတူ သူငယ်ချင်းတွေနှင့်ခွဲခွာရသဖြင့်ကျောင်းပိတ်ရက်မှာပျော်မည်မထင်ကြောင်းဘာကြောင်းညာကြောင်း စာရေးစက္ကူတစ်မျက်နှာခန့်ရေးသားထားသည်။ ထို့နောက်ကျောင်းပိတ်ရက်လွန်မြောက်သည်အထိ သူနှင့် ကျွန်တော် စာလေးငါးစောင်လောက်အပြန်အလှန်ရေးဖြစ်ကြလေသည်။ ကျောင်းပြန်ဖွင့်သောအခါ ဝိဇ္ဇာတွဲဖြင့်အောင်သောသူ တစ်ခြားကျောင်းသို့ပြောင်းသွားသည်မှစ၍အဆက်အသွယ်မရတော့။ ကျွန်တော့်ဘဝတွင်ယနေ့တိုင် စာတိုက်မှတစ်ဆင့်အကြောင်းအရာအမျိုးမျိုးပါ စာအမျိုးမျိုးကိုအကြိမ်ကြိမ် အဖန်ဖန်လက္ခံရရှိနေသည့်တိုင် ထိုကျောင်းပိတ်ရက်အစတွင်ရခဲ့သောသူငယ်ချင်း၏စာတိုကလေးက အမှတ်ထင်ထင်ရှိနေဆဲ။ ယင်းမှာ ကျီးသာခြင်းနှင့်ဆက်စပ်နေမည်လားမသိ။ အရာရာကိုနှလုံးသားနှင့် ရှုမြင်တတ်သောအရွယ်ပေကိုး။

ကျီးကန်းနှင့်ပတ်သက်၍ ဦးနှောက်ဖြင့်ဆင်ခြင်မိသည်မှာ ပြည်ပ(ဘန်ကောက်)တွင် သွားရောက်အလုပ်လုပ်ကိုင်ရာမှပြန်လာခိုက်တွင်ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုကာလအတွင်းအိမ်ရှေ့ခြံစည်းရိုးပေါ် ရက်ခြားဆိုသလိုလာလာနားပြီး ငြိမ့်ညောင်းစွာသာလေ့ရှိသောကျီးတစ်ကောင်ကလည်းရှိနေသည်။ ပုံပန်းသဏ္ဍန်နှင့်အသံကိုလေ့ကျက်ကာ တစ်ကောင်ဟုပြောရသော်လည်း စင်စစ်တစ်ကောင်တည်းဟုတ်ချင်မှဟုတ်မည်။ ဘုန်းကြီးကျောင်းသား၏ ဆွမ်းခံဗျတ်ထဲမှဟင်းခွက်တွေကိုလုယက်ဘို့လောဘဇောတက်နေကြသည့်ကျီးကန်းများ၊ သူရို့အမျိုးအာနီကလေးအားကောက်ချီသူကို ရန်သတ္တရုပြုအော်ဟစ်တိုက်ခိုက်ခဲ့ကြသည့်ဒေါသကုမ္မာရကျီးကန်းများနှင့်ယ္ခုဧည့်စေတမန်ကျီးကန်းတို့ကိုနှိုင်းယှဉ်မြင်တွေးရင်းသတ္တဝါတို့၏ စေတသိတ်သဘောကို ကျွန်တော်မတောက်တစ်ခေါက်စောကြောဖြစ်ခဲ့သည်။ အစာရှာရာမှာရဲတင်း၊ အမျိုးအတွက်ရန်လိုတတ်ကာဝမ်းမီးငြိမ်းချိန်မှာသာယာညှင်းပြောင်းလေ့ရှိသောကျီးနှင့်လူသား ဘာများခြားသနည်းဟု ကျွန်တော်တွေးတောမိ၏။ စင်စစ် အစာအတွက် သူတစ်ပါးထမင်းလုပ် အတင်းပုတ်ကြ၊ အာဏာအတွက် အရှက်သိက္ခာမငဲ့ကွက်ကြသော လူသားဆိုသူတွေကျွန်တော်တို့ ပတ်ဝန်းကျင်မှာဒုနှင့်ဒေး။ တစ်ချို့ ဝမ်းမီးငြိမ်းချိန်မှာပင် ကျီးလိုဂဏာမငြိမ်တတ်ကြ။

ကျီးနှင့်လူတူပေစွဟုနောက်တစ်ကြိမ်အတွေးပေါက်မိသည်မှာ အိန္ဒိယကျီးကန်းတွေ အာဖရိကမှာမင်းမူနေကြကြောင်း ဖေါ်ပြထားသော ဘီဘီစီ သတင်းဆောင်းပါးကို ဖတ်ရှုစဉ်ကဖြစ်သည်။ ၁၉ရာစုနှောင်းပိုင်း၌ အာဖရိကတိုက် ကင်ညာနိုင်ငံတွင်အမှိုက်ပုံများအားကြီးလွန်းသဖြင့် အုပ်ချုပ်သူတွေကအမှိုက်ကြိုက်သော ကျီးကန်းများကို အိန္ဒိယမှတင်သွင်းမွေးမြူခဲ့ရ၏။  ယ္ခုအခါ ထိုကျီးကန်းတွေပေါက်ပွားပြီးအမှိုက်ပုံသာမက အိမ်မီးဖိုချောင်ရောစားသောက်ဆိုင်တွေအထိပါဝင်ရောက်ကာ မြင်မြင်ရာဆွဲလွဲနေကြသဖြင့် ဂျောက်ကျနေကြရသည်။ ခေါ်စဉ်ကခေါ်ပြီးနှင်ချင်တိုင်းနှင်၍မရသည့်ထိုဖြစ်ရပ်တွင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့်လူသားရင့်မကြီးတွေလက်မှိုင်ချရသည့် ‘ကျီးတို့၏မာယာ’ မှာ ပြုံးချင်စဘွယ်လည်းဖြစ်၏။ ကင်ညာတွင်နေသားကျကာမှ သူတို့အမျိုးတွေကိုနောက်ထပ်မခေါ်တော့သောအခါ ထိုကျီးအနွယ်တို့သည်အတောင်အားကိုးပျံသည့်အခါပျံ ပင်လယ်ကူးသင်္ဘောကြီးများပေါ်မှာနားခိုရင်းလမ်းကြုံလိုက်သည့်အခါ လိုက်ကြခြင်းဖြင့်အိန္ဒိမှ အာဖရိကသို့သူတို့သဘောနှင့်သူတို့ဝင်လာမစဲတသဲသဲဖြစ်နေကြလေသည်။ ထို့ပြင်တစ်ဝ အင်အားကြီးထွားလာသောသူတို့ကိုနှိမ်နင်းရန် ထောင်ခြောက်ဆင်သူများကိုမှတ်သားရှောင်ရှားတတ်ရုံမက မတော်တစ်ဆထောင်ခြောက်တွင်းသို့သက်ဆင်းရသည့်အခါများမှာလည်း လွယ်လင့်တစ်ကူရုန်းထွက်နိုင်ကြသည်။ ဒါကြောင့်လည်း ကမ္ဘာကျော်စာရေးဆရာကြီး မာ့တွိန် (Mark Twain) က သူ၏ အီကွေတာနှင့်လိုက်ပါခြင်း (Following the Equator) စာအုပ်တွင်အိန္ဒိယမှာကြုံခဲ့ဘူးသည့်ကျီးကန်းတွေကိုသရုပ်ဖေါ်ရာ၌ အလေးဂရုပြုခြင်း (care) ဝမ်းနည်းခြင်း (sorrow) နောင်တရခြင်း (remorse) အလျှင်းမရှိသူများဟု လူသားသဘွယ်တင်စားရေးသား ခဲ့ခြင်း ဖြစ်မည်ဟု ကျွန်တော်တွေးမိ၏။

ဘီဘီစီမဂ္ဂဇင်းဖတ်ရချိန်မှာပြည်ပဒုတိယအကြိမ်အဖြစ် စင်္ကာပူတွင်ကျွန်တော်ရောက်နေပေပြီ။ ပြည်တွင်း၌ ကျီးလိုလုယက်အသက်ဆက်ရတော့မည့်အနေအထားတစ်ရပ်ကို ရှောင်လွှဲထွက်ခွာလာခဲ့ခြင်းလည်းဖြစ်၏။ သပ္ပာယမျှတသည့်နယ်မြေသစ်မှာကျီးတွေလိုလုယက်မစားရကျီးတွေလောက်အမုန်းပွားမခံရသည့်တိုင် ဠင်းတကြားမှစာသူငယ်လိုငြိုငြင်ခံမွမ်းကျပ်စရာတွေရှိကြောင်း ကျွန်တော်မှတ်သားမိသည်။ ၎င်းပြင် ဇာတိမာနကိုချိုးနှိမ်ရန်ကလည်းအတော်အားထုတ်ရသည်။ သို့သော် မာ့ခ်တွိန်ပြောသည့်ကျီးမျိုးမဖြစ်စေရန် ကျင့်ဝတ်တစ်ရပ်အနေဖြင့်ကျွန်တော့်ကိုယ်ကျွန်တော်စောင့်ရှောက်နိုင်ခဲ့သည်မှာ ပြည်တော်ပြန်သည်အထိဖြစ်၏။ ထိုအချိန် တိုင်းပြည်မှာကကောင်းမျိုးအထွေထွေချွန်စေမြစေဘို့ ဒေါင်းအိုးဝေတို့တွန်နေကနေကြချိန်။ ကျွန်တော်ကတော့ ဖြစ်နိုင်လျှင်ဝမ်းမီးငြိမ်းစကျီးတစ်ကောင်လို 'သာနေခွင့်' ကိုသာမျှော်လင့်၏။

ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်ဘယ်နည်းနှင့်မှမဖြစ်စေဖို့တော့အရေးကြီးမည်ထင်သည်။

Tuesday, September 15, 2015

ကျွန်တော်နှင့် တောက်တဲ့



ကျွန်တော်သုံးလေးနှစ်အရွယ် ပန်းတနော်ဘက်က ရွာလေးတစ်ရွာ မှာနေစဉ်ကအိမ်နှင့်မလှမ်းမကမ်း ညောင်ပင်ကြီးမှညညဆိုတောက်တဲ့အော်သံတွေကြားရကြောင်းမှတ်မိနေ၏ (မြင်ဖူးခဲ့သည်ဟုတော့မထင်)။ ကလေးသဘာဝစူးစမ်းလိုစိတ်ဖြင့် ခုအော်နေတာဘာကောင်လဲဟုမေးမိရာမှတောက်တဲ့မှန်းသိခဲ့ရခြင်းဖြစ်မည်။ မွေးရာပါ စပ်စုတတ်သောညဉ်ကြောင့် နောက်ဆက်တွဲမေးခွန်းတွေ မေးခဲ့မည်မှာ သေချာသော်လည်း ဘယ်သူ့ကိုဘယ်လိုခေါင်းခြောက်အောင်ဘာတွေမေးခဲ့သည်ကို စဉ်းစားမရတော့။ တောက်တဲ့ဆိုသည့်သတ္တဝါလူကိုကပ်လျှင်ခွာချ၍မရပဲမိုးခြိမ်းမှသူ့အလိုလိုကွာကျသည် ဆိုသောစကားကိုတော့ယခုတိုင်မမေ့။ သည်ကြားထဲ အခါလည်သားကျွန်တော့်ညီ ညဘက်တခါတရံငိုသည့်အချိန် ညောင်ပင်မှတောက်တဲ့အော်သည်နှင့်ကြုံလျှင် လူကြီးတွေက သူတို့ခေါ်တိုင်းဟိုကလာတော့မည့်စတိုင်နှင့် တောက်တဲ့ကိုအသံထွက်ခေါ်ကာတိုင်တောပြီး ကလေးအငိုတိတ်အာင်ခြောက်လှန့်တတ်ကြသေး၏။ မှတ်မိသလောက် ထိုအခါမျိုးတွင် ကလေး (ကျွန်တော့ညီ) ကလည်းအငိုရပ်သွားတတ်၏။ အငိုရပ်သည်မှာတောက်တဲ့ကြောင့်ဟုတ်မဟုတ်၊ တောက်တဲ့ကိုကျွန်တော့်ညီတကယ်ကြောက်မကြောက် ကျွန်တော်မသိ မေးလည်းမမေးဖြစ်ခဲ့။ သို့ရာတွင် ကျွန်တော်ကတော့ တောက်တဲ့ကိုအသေအလဲကြောက်သွားခဲ့သည်မှာ ယ္ခုထက်တိုင်ဖြစ်လေသည်။

သာမန်အားဖြင့်အန္တရာယ်မရှိသည့်ပတ်ဝန်းကျင်၊ အသုံးအဆောင်၊ အကောင်ဘလောင်စသည်တို့ကို မည်မည်ရရမရ အကြောင်းမပြနိုင်ပါဘဲကြောက်ရွံ့နေခြင်းသည်စိတ်ရောဂါတစ်မျိုးဖြစ်ကြောင်း ကြာဖူးသည်။ ထိုပုထုဇန္နောဥမတ္တကောတွေထဲမှာ ကိုယ့်ထက်ဆိုးသည်ဟုယူဆနိုင်သူများအကြောင်း (ဥပမာ ပုရွက်ဆိပ်ကြောက်တတ်သူ)  ကြားရသောအခါတော်သေးတာပေါ့ဟုတွေးမိသော်လည်း ဘာမှမဟုတ်သည့်တောက်တဲ့လို တိရစ္ဆာန်ကိုမှ အူတုန်သည်းတုန်ကြောက်ရသည်ဟုကိုယ့်ကိုကိုယ်သိပ်မကျေနပ်ချင်။ အန္တရာယ်ပြုနိုင်သောတိရစ္ဆာန် ကျားခြင်္သေ့စသည်တို့ကိုကြောက်တာမျိုးနှင့်လည်းမတူ။ ထိုသားရဲတိရစ္ဆာန်တွေကို အန္တရာယ်ကင်းလောက်သောအစီအမံရှိလျှင် လှောင်အိမ်ထဲထည့်ထားလျှင် ကြောက်စိတ်မဝင်တော့။ ဆိုပါစို့ တိရစ္ဆာန်ရုံထဲမှာ လှောင်အိမ်အပြင်ဘက်မှနေ၍ဒင်းတို့မျက်နှာကို စေ့စေ့ကြည့်ရုံမကစိမ်ပြေနပြေလည်းကြည့်နိုင်သည်။ တောက်တဲ့ကျတော့သည်လိုမဟုတ်။ အသံကြားရုံနှင့်ကျောချမ်းသည်။ ဓါတ်ပုံမြင်လျှင် ကြက်သီးထသည်။ အရှင်လတ်လတ်မြင်လျှင် စိမ်ပြေနပြေကြည့်ဘို့နေနေသာသာ စေ့စေ့ပင်မကြည့်ရဲ။ အူတွေအသည်းတွေပြောင်းပြန်လန်သလိုခံစားရသည်။ ကျောင်းသားဘဝကပုသိမ်ဘက်သို့အလည်သွားစဉ် တည်းခိုသည့်သူငယ်ချင်းအိမ်ထင်းစင်ထဲမှာ တောက်တဲ့တစ်ကောင်မွေးထားသည်ကို အိမ်သာဘက်သွားရင်းမြင်ဖူးသောကြောင့် ထိုခံစားချက်အားပြောပြနိုင်ခြင်းဖြစ်၏။ ထိုစဉ်က တောက်တဲ့ကြောက်တတ်ကြောင်းပြောရမှာ ရှက်သဖြင့် နှစ်ရက်တာတည်းခိုစဉ်အတွင်း အိမ်သာကိုအတတ်နိုင်ဆုံးရှောင်နေခဲ့ရာ ဆီးချုပ်ဝမ်းချုပ်သည် အထိဖြစ်ရသည်။ တက္ကသိုလ်ရောက်နေပြီမို့ငယ်တော့သည့်အရွယ်မဟုတ်လေရာ မနူးမနပ်ကလေးကြောက်ကြောက်ခြင်းတော့ မဟုတ်တန်ရာ။ ကံအားလျော်စွာ ထိုနောက်ပိုင်းတောက်တဲ့တစ်ကောင်တစ်လေနှင့် မရှောင်သာလမ်းမြှောင်ကြားမှာ နောက်ထပ်မဆုံတော့သည့်အတွက် ကျွန်တော်၏နောက်ဆုံးပေါ်တောက်တဲ့အကြောက် ဒီကရီနှင့်သရုပ်သကန်ကိုထုတ်ပြန်ဖေါ်ပြနိုင်ခြင်းမရှိ။ သို့သော် ကြောက်မြဲကြောက်ဆဲသာဖြစ်လေသည်။

စင်စစ် ကျွန်တော့်ငယ်စဉ်ဘဝသည် မြို့ပြထက် ကျေးလက်တွင်အများအားဖြင့်ကုန်လွန်ခဲ့သည်မို့ ကျေးလက်နှင့် မစိမ်းသလို ကျေးလက်တိရစ္ဆာန်တွေနှင့်ပါစိမ်းလှသည်တော့မဟုတ်။ မြစ်ဝကျွန်းပေါ်ဘက်မှာနေစဉ် ဝါဆိုဝါခေါင်အိမ်အောက်ကိုရေရောက်သည်နှင့် အပျော်ငါးမျှားဖို့တီကောင်ရှာဘူးသည်။ တီကောင်ရှာရင်း ပုဇွန်လုံးဖမ်းဘူးသည်။ ငါးရှဉ့်မြင်လျှင်တွင်းထဲအထိလိုက်နှိုက်ဘူးသည်။ ဖါးတွေ့လျှင်ရိုက်ဘူးသည်။ ဖါးပြုပ်တွေ ဖါးဂုံညှင်းတွေ အိမ်ထဲတွေ့လျှင် သူတို့ကြောင့်မြွေလာမည်စိုး၍ ဖမ်းပြီးအိမ်ပြင်ထုတ်ဖူးသည်။ မြွေဝင်လာလျှင်ခြောက်ထုတ်ဖူးသည် (မြွေကိုမရိုက်ရမသတ်ရဟုလူကြီးတွေကမှာထား၏)။ ပုရစ်ကောက်ဖူးသည်။ ကြွက် ဗျိုင်း ထောင်ဖူးသည်။ ကလေးဘဝနေရာတစ်ကာစူးစမ်းလွန်းသဖြင့် အဆိပ်ရှိအဆိပ်မဲ့သတ္တဝါတွေနှင့် ထိခိုက်ခါအနာတရဖြစ်ရသည်မှာလည်းအမော။ တစ်ခါတစ်လေ မသေကောင်းမပျောက်ကောင်းအဆင့်သို့ပင်ရောက်သည်။ ပုရွက်ဆိပ်ခါချဉ်အကိုက် မျှော့ကျွတ် အတွယ်ခံရသည်မှာ မရေမတွက်နိုင်။ ပျားပိတုန်းဘောက်ဖတ် အတုတ်ခံရဖူးသည်။ နွားကန်ခံရဖူးသည်။ ပင့်ကူရှပ်ခံရဖူးသည်။ ခွေးကိုက်ခံရဖူးသည်။ ကြောင်ကုတ်ခံရဖူးသည်။ ကင်းခြေများကင်းမြီးကောက် မီးလောင်ပိုးအထိုးခံရဖူးသည်။ ရှားရှားပါးပါး (ထူးထူးဆန်းဆန်း)  ကြွက်ပင်အကိုက်ခံရဖူးသည်။ ကြွက်ကိုက်ခံရစဉ်ကဆို ကလေးပင်မဟုတ်တော့၊ ကြီးကောင်ကြီးမား။ ပြည်တွင်းမှာလည်းမဟုတ်၊ ပြည်ပဘန်ကောက်မှာ)။ ဆိုလိုသည်မှာ ကျွန်တော်သည် ထွေလီကာလီအကောင်ဘလောင်တွေနှင့် အတော်အတန်ပတ်သက်ခဲ့ဖူးပြီး (သူတို့ကြောင့်အနာတရ ဖြစ်ရဖူးသည့်တိုင်) ကြောက်ရွံ့သွားခြင်းမျိုးမရှိပါပဲ တစ်ခါမျှမပတ်သက်ခဲ့ဖူးသောတောက်တဲ့ကိုမှကြောက်တတ်ခြင်းမှာ သဘာဝမကျဟူ၍ဖြစ်ပါသည်။ သို့သော် ကျွန်တော်ကရောဘာများတတ်နိုင်ပါဦးမည်နည်း။

တောက်တဲ့သာကြောက်သည် သူနှင့်အမျိုးတူပုတ်သင်ညိုကိုတော့ကျွန်တော်မကြောက်။ ငယ်ငယ်က ပုတ်သင်ညိုတွေ့လျှင်ကစားဖေါ်တွေနှင့်အတူ “ပုတ်သင်ညိုအပျိုလိုချင်ခေါင်းညှိတ်” ဖို့အော်ရသည်မှာ အမော။ သူ့သဘာဝနှင့်သူခေါင်းညှိတ်သည်ကိုပင် ကျွန်တော်တို့အော်၍ညှိတ်သလိုမျိုး ထင်ကာပျော်ကြ သည်။ နောင် မဟော်သဓာဇာတ်တော်ထဲမှ ဝိဒေဟရာဇ်မင်းနှင့်ပုတ်သင်ညိုတို့၏ ဇာတ်လမ်းနှင့် ဂဏန်း ပုတ်သင် ကိုင်းပင် လိပ်မျိုး အစရှိသည့် သိင်္ဂါလောဝါဒလာအနာယကဂုဏ်တွေကိုဖတ်ရှုလေ့လာရသည့်အခါ၊ မိမိပတ်ဝန်းကျင်မှ ပုတ်သင်ညိုလိုရမ်းသန်းခေါင်းညှိတ်တတ်သူတွေကိုဝေဖန် သုံးသပ်လာနိုင်သောအခါ ရှေးကပညာရှိကြီးများ၏ လောကအမြင်စူးရှပုံကို ကြည်ညိုမိရပြန်လေသည်။ ပုတ်သင်ညိုလို မကြာမကြာတွေ့တတ်သောအခြားသတ္တဝါတစ်မျိုးကကင်းလိပ်ရှောဖြစ်၏။ သင်းကို တောက်တဲ့လောက်မကြောက်သည့်တိုင် နည်းနည်းတော့ ခေတ်စကားနှင့်ပြောရလျှင်ဖြုံသည်။ ကိုက်လျှင်သေတတ်သည်ဟုကြားဖူးသောကြောင့်ဖြစ်၏။ သို့သော် ကင်းလိပ်ရှောတွေ့လျှင်အသက်အောင့်ပြီး တံတွေးသုံးချက်မြိုလိုက်ပါက အကိုက်မခံရတော့ဟု ကလေးချင်းပြောစကားကိုယုံကြည်လိုက်နာလိုက်သောအခါ ကြောက်စိတ်ဟူ၍မရှိတော့။ ပြန်စဉ်းစားကြည့်လျှင်ရယ်ချင်စရာဖြစ်သလို စိတ်ဝင်စရာလည်းကောင်းသည်(ဟုထင်သည်)။ ကိုယ့်တံတွေးကိုယ် အသက်အောင့်ပြီးမြိုချလိုက်ရုံနှင့် အကောင်တစ်ကောင်မကိုက်နိုင်ဟုဆိုခြင်းမှာ အဓိပ္ပါယ်မဲ့လှသော်လည်း မလိမ်မိုးမလိမ်မာကလေးတစ်ဦးအတွက် စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်ခဲ့သည်ကို ကိုယ်တိုင်ကြုံခဲ့ဘူးသောကြောင့်ပင်။ ထိုသဘောကိုဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုတစ်ပုဒ်ထဲမှာလည်းဖတ်ရဖူးသည်။ ထိုမှာကတော့ အသက်အရွယ်ပင်ကြီးသော်ငြား စာပေမတတ်သည့် တောသူတောင်သားတစ်ဦး၏ လွဲမှား (သည်ဟုဆိုနိုင်) သောယုံကြည်မှုတစ်ခု။ ကာလဒေသမကြည့်ဘဲထိုယုံကြည်မှုမှားယွင်းကြောင်း ပညာပေးလိုသူ ခေတ်ပညာတတ်လူငယ် ဦးဖိုးကျားကို ဆင်ခြင်တုံတရားနှင့်ပြည့်ဝသောလူကြီးတစ်ဦးက တန်ပြန်ပညာပေးလိုက်သည့်ဖြစ်ရပ်။ ဒါက ကျွန်တော်တို့ မမွေးခင်ကကိစ္စ။ မနေ့တစ်နေ့ကအထိမြွေကိုက်ခံရသူအချို့ ကိုက်သည့်မြွေ၏အမြီးကိုဖြတ်ပြီးမျိုချလိုက်လျှင်မသေနိုင်တော့ဟုပေါ့တန်စွာ ယုံကြည်လိုက်နာနေကြသည့် သတင်းမျိုးကြားနေရခြင်းကိုမူ ကျွန်တော်တို့နိုင်ငံ၏ပညာရည်တိုးတက်မှုအစီရင်ခံစာဟုယူဆ၍ရနိုင်မည်လားမသိ။ ထားတော့။

ကင်းလိပ်ချောကြောက်သည့်စိတ်ကို ဖြေဆေး (ရဲဆေး)ဖြင့်ကျော်လွှားနိုင်ခဲ့သော်ငြား တောက်တဲ့ကြောက် စိတ်ကိုရဲဆေးတင်၍မရ။ ဆေးနည်းလည်းမသိ။ ငယ်ငယ်တုံးက တောက်တဲ့နှင့်ခြောက်ခဲ့သူတွေဖြေဆေးလေးမှပြောမသွားခဲ့သဖြင့်လည်း သည်မျှတာရှည်နေခြင်းဖြစ်မည်။ ကံအားလျော်စွာ တောက်တဲ့ဆိုသည် နေရာတစ်ကာတွေ့ရတတ်သည့်အကောင်မျိုးမဟုတ်သောကြောင့် ကျွန်တော့်အကြောက်ကို သွေးတိုးစမ်းခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခဲ့သည်။ တောမှာနေစဉ်အသံလောက်ကြားရသေးသော်လည်း ရန်ကုန်ပြန်ရောက်သည့်အချိန်မှစ၍ အနည်းဆုံးကျွန်တော်နေသည့်ရပ်ကွက်မှာ အသံပင်မကြားရတော့။ ပုတ်သင်ညိုကိုတော့ တွေ့ရမြဲ။ ရန်ကုန်၏လမ်းကြီးလမ်းငယ်အသွယ်သွယ်မှာ ဟိုတုန်းက ဗန်ဒါ၊ ကုက္ကို၊ ပျဉ်းမ၊ ပိတောက်၊ စိန်ပန်း စသည့် အရိပ်ရသစ်ပင်တွေနေရာအနှံ့ရှိခဲ့ပြီး (ယ္ခုရှားသွားပြီ) လူဦးရေကားဦးရေမှာလည်း ယ္ခုလောက်မထူထပ်သေးသောကြောင့်လမ်းမပေါ်ထွက်သည်နှင့် တစ်ကြိမ်မဟုတ်တစ်ကြိမ် အနီးအပါးသစ်ပင်ပေါ်မှဆင်းလာသည့်ပုတ်သင်ညိုတစ်ကောင်တစ်လေနှင့်ဆုံရတတ်သည်။ သည်မှာလည်း ကိုရွှေပုတ်သင်ကိုကလေးများစိတ်ဝင်စားကြ၏။ ဉာဏ်ပိုရွင်သောသူတို့၏ကျီစယ်သံကမူ ကျွန်တော်တို့တောမှာတုံးကနှင့်မတူပဲ စာသံပေသံပို၍ပေါက်လာသည်။ ‘ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညှိတ်တတ်တယ်ဆို’ ဟူ၏။ ယင်းမှာကျွန်တော်တို့မသင်ခဲ့ရဘူးသော သူငယ်တန်းဖတ်စာသစ်ထဲမှကဗျာလေးဖြစ်ကာ ကလေးတွေသဘာဝတိရစ္ဆာန်များနှင့်ရင်းနှီးစေဘို့ ရွတ်ဆို၍ကောင်းအောင် အသံသာသာရေးဖွဲ့ထားပြီး ယုန်၊ ကြောင်၊ ကြွက်၊ ဇီးကွက်၊ ရွှေကျေး (ကျီး) နှင့် ပုတ်သင်အားလုံးပါဝင်သည်။ ပြောရလျှင်တောက်တဲ့ပင်ပါသေးသည် (မိုးလေဝသဗေဒင်ဟော တောက်တဲ့ကိုလူချော)။ သည်လိုဆိုတော့ တောက်တဲ့လည်းခေသူမဟုတ်။ ကျွန်တော့်စိတ်ထဲမှာ ငယ်ငယ်ကထိုကဗျာသာ သင်ဖြစ်ခဲ့လျှင် တောက်တဲ့ကြောက်ရောဂါအတွက်ဖြေဆေးဖြစ်နိုင်သည်ဟု အရှက်ပြေတွေးမိသေး၏။ ပြောသာပြောရသည် ပုသိမ်မှာအနီးကပ်တွေ့ခဲ့ပြီးသည့်နောက် ကျွန်တော့်ဘဝမှာ တစ်ကယ့်တောက်တဲ့တစ်ကောင်နှင့်ရင်ဆိုင်တွေ့ရခြင်းမရှိတော့။ တစ်ကယ်မဟုတ်သောတောက်တဲ့နှင့်တော့တွေ့ခဲ့ရရုံမကအနီးကပ်ဆုံးနေရာမှာယနေ့ထက်တိုင်ရှိနေဆဲဖြစ်လေသည်။ ယ္ခုပြောလိုသည်မှာလည်း ထိုအကြောင်းပင်ဖြစ်ပါသည်။

တစ်ကယ်မဟုတ်သောတောက်တဲ့ဆိုလျှင် အလကားတောက်တဲ့ပေါ့ဟုအမှတ်မှားဘွယ်ရာရှိသည့်အတွက် တစ်ကယ်မဟုတ် အလကားလည်းမဟုတ်သောတောက်တဲ့ဖြစ်ကြောင်းရှင်းလင်းဘို့လိုကောင်းလိုမည်လားမသိ။ ထိုတောက်တဲ့ကဗေဒင်မတွက်သလိုဟောလည်းမဟော။ ဗေဒင်မေးရသည်ကိုတော့ အထူးဝါသနာပါသည်။ တောက်တဲ့အစစ်ကပ်လျှင် (ကျွန်တော်ကြောက်ရခြင်းအကြောင်းရင်း) မိုးခြိမ်းသံကြားမှ ကွာကျသည်ဟုအဆိုရှိလင့်ကစား အနှီတောက်တဲ့က မိုးခြိမ်းလျှင်(ကြောက်သဖြင့်) ပိုကပ်သည်။ ယင်းအဆိုမှန်ပါက တစ်ကယ့်တောက်တဲ့တစ်ခါကပ်လျှင် အကြာဆုံးတစ်နွေနှင့်တစ်ဆောင်းသာဖြစ်မည်ဖြစ်သော်လည်း ထိုတောက်တဲ့ကဥတုသုံးပါးသာမက နှစ်ပေါင်းများစွာကပ်လိုလျှင်ကပ်နိုင်သောအာနိသင်ရှိသည် (ကျွန်တော့်အတွေ့အကြုံအရနှစ်ပါင်းသုံးဆယ်ကျော်)။ ထိုတောက်တဲ့အသူနည်း။ သည်မျှဆိုရိပ်မိလောက်ပါပြီ။ လေဒီတောက်ဟုနားခံသာအောင်အားနာပါးနာခေါ်သည့်အခါခေါ်ကြလင့်ကစား တောက်တဲ့ဟူ၍သာရှေ့တွင်ရော ကွယ်ရာမှာပါအနွတ္တသညာပြုထားကြသည့် ကျွန်တော်၏ဇနီးသည်မရွှေတောက်ပင်ဖြစ်ပါသည်။  သူ ကတော့ထိုအမည်ကို ယနေ့ကာလခေတ်အစားကြီးစားနေသည့် သုဓမ္မဘာဆိုလားဘွဲ့ထူးဂုဏ်ထူးထက်ပင်နှစ်သက်ပုံရလေ၏။ အကြောင်းမူကား သူမကိုထိုအမည်တစ်ခုခုနှင့်ပဋိသန္တာရအပြုခံရသည့် အခါတိုင်း၌ ကျေကျေနပ်နပ်ပြုံးနေတတ်သည်ကို ကျွန်တော်မြင်ရသောကြောင့်ဖြစ်၏။ အမှန်တော့ ထိုဘာဆိုလားဘွဲ့ကိုလည်း ခမျာရနိုင်သည်တော့မဟုတ်။ သိန်းထောင်ချီ၍ကုန်ကျမည့်ကိစ္စသူမ မတတ်နိုင်သလို ကျွန်တော်ကလည်း သည်မျှအဖြစ်မရှိ။ ထားပါတော့။

မိဘအသိုင်းအဝန်းကြားမှာ လူလူသူသူနာမည်ဖြင့်ပေါက်ဖွားကြီးပြင်းလာခဲ့ပြီးကျွန်တော်နှင့်အကြောင်းပါ ကာမှ ဘာကြောင့်ဘယ်လိုတောက်တဲ့ဖြစ်သွားရသည်ကို မရှင်းလင်းမီ ထိုအမည်ပေးခဲ့သူကို အရင်မိတ်ဆက်သင့်သည်ထင်သည်။ ပန်းတနော်လမ်းသားမှိုင်းရာပြည့်အရေးအခင်းတွင်ထောင်လေးနှစ်ကျသွားတော့ ကျွန်တော်နှင့်ထီးတန်းသားတို့ “အဉ္ဇလီ” မှာကျန်ရစ်သည်။ ထိုမှာ ပန်းတနော်လမ်းသားနောက်တစ်ဦးနှင့် သူငယ်ချင်းဖြစ်ခဲ့ကြ၏။ ပန်းတနော်လမ်းသား(၂)ဟု ဆိုပါတော့။ ပန်းတနော်လမ်းသား(၁) မရှိခိုက်သူ့မိဘများကိုစောင့်ရှောက်ရင်း ထိုအိမ်မှာဖွင့်ထားသည့်အဉ္ဇလီကိုပါ ရွာခံအနေနှင့်ဝန်းရံပေးခဲ့သည့်သဘော။ ကျွန်တော်တို့ အချင်းချင်းလည်းအရင်းအခြာတွေလို ခင်မင်သွားကြကာ ယ္ခုတိုင်အတွဲမပျက်ကြ။ သူ၏ထူးခြားချက်တစ်ခုကိုသူ့စကားအတိုင်းပြောရလျှင်ကြောက်တတ်သော အာနိသင်ရှိခြင်းပင်ဖြစ်၏။ မည်မျှကြောက်တတ်သည်ကို ယ္ခုတိုင်လူပျိုကြီးဆိုသောသူ့ဂုဏ်ပုဒ်က သက်သေခံမည်ထင်သည်။ နောက်ထူးခြားချက်တစ်ခုက စကား အလွန်များသော်လည်း မငြီးငွေ့အောင်ပြောနိုင်ခြင်းဖြစ်လေသည်။ ကျောင်းပြီးကာစ အလုပ်အကိုင်အတည်တစ်ကျမရှိကြသေးခင် သူငယ်ချင်းတွေဆုံသည့်စနေညတစ်ညမှာ သူပြောသမျှနားထောင်ရင်း ထီးတန်းသားက ကက်ဆက်ဖြင့် ဖမ်းထားရာ စီ၉၀ (တစ်နာရီခွဲ) ကြာသည်အထိတစ်ဦးတည်းမရပ်မနား ပြောခဲ့ကြောင်း မှတ်တမ်းဝင်ထားသည်။ ထိုမျှပြောနိုင်ပြီး ဟုတ်သည်မဟုတ်သည်အပထား စိတ်ဝင်စားအောင်ပွဲထိန်းနိုင်သူလည်းဖြစ်၏။ ကျွန်တော်အိမ်ထောင်ကျတော့ သူကရန်ကုန်မိုးလေဝသရုံးမှာအလုပ်လုပ်နေပြီး ပန်းတနော်လမ်းသား(၁)က သာစည်မီးရထားဘက်မှာ။ ထီးတန်းသားကသိမ်ကြီးဈေးမှာဆိုင်ဖွင့်လျက် အိမ်ထောင်ရှင် သားသည်အဖေဖြစ်နေပြီ။ နီးနီးနားနားလူလွတ်တစ်ယောက်ဖြစ်သူပန်းတနော်လမ်းသား(၂)က တစ်ပတ်လျှင်တစ်ရက်နှစ်ရက်ဆိုသလို ရုံးဆင်းချိန်တွင်ကျွန်တော်ရှိရာ တစ်ဘက်ကမ်းသင်္ဘောကျင်းအထိ လိုက်လာပြီးနှစ်ယောက်သားရန်ကုန်ဘက်ပြန်ကူးကာ ပန်းဆိုးတန်းမှာလက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိကြသည်။ မှောင်ရီပျိုးမှ သူကစမ်းချောင်းဘက်ကိုပြန်၊ ကျွန်တော်ကသင်္ဘောကျင်းထဲမှကျွန်တော့်အိမ်ကိုပြန်။ မရွှေတောက်လိုက်ချင်သော်လည်းအစပိုင်းမှာမြစ်ကူးချောင်းခြားအကြောင်းပြပြီးကျွန်တော်မခေါ်။ သူမကလည်း မြစ်ကူးချောင်းခြားအကြောင်းပြကာ ကျွန်တော့်ကိုစိတ်မချ။ နောက်တော့ ဇာဂနာပြောဘူးသလိုအားလည်းနာခင်လည်းခင်သဖြင့် ကျွန်တော်လက်ဘက်ရည်ဆိုင်သွားတိုင်းသူ့ကိုပါ ခေါ်ဖြစ်လေတော့သည်။

ထိုမှစ၍ လက်ဖက်ရည်ဆိုင်ရောင်းရင်းများ ပန်းတနော်လမ်းသားနှင့်ကျွန်တော့်အလုပ်ထဲမှ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးစနှစ်ဦးစအကြား ‘တောက်တဲ့’အမည်ထင်ရှားလာတော့၏။ အမည်ပေးသူက ပန်းတနော်လမ်းသား(၂)။ ဆရာသမားလူရည်လည်ပုံမှာတောက်တဲ့ရှေ့ရောက်သည့်အခါ လေဒီတောက်ဟုနားခံသာအောင် သုံးနှုံးခေါ်ဆိုလိုက်ခြင်းအားဖြင့် မရွှေတောက်ခမျာတစ်စုံတစ်ရာမစောကြောသာပဲ လက္ခံလိုက်ရသောအခြေသို့ဆိုက်တော့၏။ နောင်တော့လည်း ကြုံလျှင်ကြုံသလို တောက်တဲ့ခေါ်လိုက်လေဒီတောက်ခေါ်လိုက်နှင့် တစ်စတစ်စယဉ်ပါးသွားပြီး ယခုဆိုအသိုင်းအဝန်း အထူးသဖြင့်မိတ်ဆွေအပေါင်းအသင်းများအကြားမှာ အမည်သညာခေါ်တွင်ရာကား တောက်တဲ့ဟူ၍ဖြစ်နေချေပြီ။ နာမည်စီးသွား၍လားမသိအိမ်ထောင့်တာဝန်တွေဖြင့် လက်ဖက်ရည်ဆိုင်ဘက်ခြေဦးမလှည့်ဖြစ်တော့သည့်တိုင် တစ်ခြားနေရာတကာမှာမရွှေတောက်ကပါစမြဲ (ဝါ) ကပ်စမြဲ။ ဘယ်သွားသွား။ ပြည်တွင်းပြည်ပ တောကြိုအုံကြား သာရေးနာရေးမှအစ ရုံးပြင်ကန္နားအဆုံး။ ဒါကိုကျွန်တော်ကလည်းမကန့်ကွက်။ သည်တောက်တဲ့ကိုတော့ကျွန်တော်မကြောက်။ မကြောက်သည့်ပြင်ကြာတော့ ခွာသွားမှာပင်စိုးသလိုဖြစ်နေလေသည်။ ဟိံသစ္စံ ဤစကားမှန်၏။ စင်စစ် ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သောအကြောင်းကလည်းရှိနေသည်။ ကြီးပြင်းလာကြသောပတ်ဝန်းကျင်ခြင်းမတူသည်ကြောင့်လားဘာလား မသိ ကျွန်တော်ကလူတောတိုးရမှာကြောက်သလောက် သူကလူတွေထဲမှာပျော်သည်။ ကျွန်တော်က မျက်နှာကြောတင်းလေသံပြင်းသလောက်သူကမျက်နှာချိုပြီးလေသံပြော့သည်။ ကျွန်တော်ကစကားနည်းသလောက်သူကစကားများသည် (တစ်ချို့ကစကားများမှကြိုက်ကြ၏)။ ကျွန်တော်ကဒေါသကြီးသလောက် သူကသည်းခံသည်။ သည်လို တောက်တဲ့မျိုးနေရာတစ်ကာ‘ကပ်’ပါနေခြင်းက ကျွန်တော့်အတွက်အကျိုးယုတ်လှနည်းနည်းပါးပါးသာရှိမည်မဟုတ်ပါလား (ဥပမာ။ မိန်းမမရှိလျှင်မနေတတ်သူစသည့်စကားတင်းဆိုခံရခြင်းမျိုး)။ တစ်ကယ်လည်း တောက်တဲ့မပါဘယ်ဟာမှမပြီးမဟုတ်သည့်တိုင် ကျွန်တော့်အတွက် ခက်သည်တွေတောက်တဲ့ကြောင့်လွယ်သွားရသည့်ဖြစ်ရပ်များအသေအချာရှိခဲ့ဘူးလေ၏။

ဆိုပါစို့လူကြီးများ အထူးသဖြင့်လူကြီးမိသားစုများနှင့်ပေါင်းသင်းဆက်ဆံရသည့်ကိစ္စ။ ဝန်ထမ်းဘဝမှာရော စီးပွားရေးသမားတစ်ပိုင်းဘဝမှာပါ ထိုအရာတွေကအရေးပါသည်။ မနေသာလို့တစ်ပြေတစ်ရွာသို့ပြေးခဲ့ရသည့်တိုင် ဝန်ထမ်းဘဝမှာအရိုးထုတ်ဖို့ဆုံးဖြတ်ထားသူပြီပြီ လုပ်ငန်းတာဝန်ကျေပွန်ရေးနှင့် ဌာနတွင်းဌာနပြင် အထက်အောက်ဝန်ထမ်းများနှင့်အဆင်ပြေရေးတို့အတွက် ကျွန်တော်ကြိုးပန်းဆောင်ရွက်ခဲ့ရာ၌ အခါအားလျော်စွာအထက်လူကြီးများနှင့် လုပ်ငန်းပြင်ပ၌တွေ့ရကြုံရဆက်ဆံရခြင်းမျိုးတွေလည်းရှိတတ်သည်။ များသောအားဖြင့်လူမှုရေးကိစ္စတွေဖြစ်လေရာ လူကြီးကတော်တွေသားသမီးတွေ တစ်ခါတစ်ခါ သားမက်တွေ ချွေးမတွေပါဝင်လာတတ်ပြီး များသောအားဖြင့်လူကြီးထက်အရေးပါကြ အရေးပါလိုကြသူတွေဖြစ်သည့်အလျောက်တော်ရုံတန်ရုံနိဝါတောစဖြင့်ဆက်ဆံ၍မရ။ သည်လိုပွဲမျိုး ရှားရှားပါးပါးကြုံရသည့်အခါ မရွှေတောက်သည်ကျွန်တော့်တပ်ဦး။ သူတို့အချင်းချင်းရယ်ကာမောကာ သည်လိုတော့ရယ်တတ်ပြုံးတတ်ကြသား ရှိကြသည်ကို တစ်နေရာရာမှာမယောင်မလယ်လုပ်ကာငေးရင်း ကျွန်တော်မုဒိတာပွားရုံသာ။ တစ်ချို့လုပ်ဘော်ကိုင်ဘက်ဝန်ထမ်းတို့၏ လူမှုရေး အထူးသဖြင့်သာရေးကိစ္စများဆိုလျှင် ကျွန်တော်ပင်မလိုက်တော့။ သူ့ချည်းလွှတ်ပြီးကျွန်တော်အိမ်စောင့်ချန်ရစ်လိုက်သည်။ သူကမညည်းမညူသွားရုံမကပြန်လာလျှင် တွေ့ခဲ့သမျှလူကြီးလူငယ်မိသားစုများနှင့်ပြောခဲ့သမျှစကားစမြည်တို့ကိုတားယူရသည်အထိဖေါက်သည်ပြန်ချသေးသည်။ မင်း၊မိန်းမ၊ နွယ် ထိုသုံးမျိုးတို့သည်ကားနီးရာဘက်ကိုသာ ယိမ်းတတ်ကြ၏ ဆိုသောလောကနီတိထွန်းကားရာကျွန်တော်တို့လူ့အဖွဲ့အစည်းတွင် မင်းခစားကျွန်တော်က အပြစ်ခြောက်ပါးကင်းသည့်မနီးမဝေးအရပ်၌သာ နေလိုသူဖြစ်ခဲ့၏။ ထိုအတွက် မရွှေတောက်၏ အထောက်အကူကတစ်တပ်တစ်အားဖြစ်စေခဲ့သည်။ မတတ်သာသည့်အဆုံး ဝန်ထမ်းဘဝကိုစွန့်လွှတ်၍ ကိုယ်ပိုင်စီးပွားရေးလုပ်ဖြစ်သောအခါ၌လည်း သူမ၏ အစွမ်းအစနှင့်မကင်းခဲ့။ အာဏာရှင်ခေတ်မို့ ဘာပဲလုပ်လုပ်သူတို့နှင့်မကင်းလေရာ မရွှေတောက်ပါလာလျှင် ညှိရနှိုင်းရပိုလွယ်ကူသလိုဖြစ်လေသည်။ ဟိုဘက်ကမိန်းမဖေါ်ပါလာပြီဆိုလျှင်တော့ ကျွန်တော်တို့ယောက်ကျားချင်းပြောဆို၍မပြီးမီ သူတို့မိန်းမချင်းအဖွဲ့ကျနေပြီ။ ထိုအချက်သည် လုပ်ငန်းအောင်မြင်ဘို့ရာ အတော်တာသွားကြောင်းအတွေ့အကြုံအရ ကျွန်တော်ပြောနိုင်သည်။ ထို့ကြောင့်လည်း ထိုတောက်တဲ့ကပ်သည်မှာ ကျွန်တော့်အတွက် စုပ်မဝင်သည့်တိုင် (ဒါကတော့ ရှင်းပါသည်) လာဘ်တော့ဝင်ခဲ့ပါသည်ဟု ခုချိန်တွင်စိတ်လိုလက်ရကျွန်တော်ပြောနိုင်ခြင်းဖြစ်၏။

သည်အတွက်မကောင်းသည့်အချက်ကအကြောင်းကြောင်းကြောင့် ကျွန်တော့်ဘာသာသွားရလာရမည့်ကိစ္စမျိုးတွေမှာကျွန်တော်လေးကန်လာခြင်းဖြစ်၏။ ထိုအခါမျိုးမှာ ကျွန်တော်အင်တင်တင်ဖြစ်ပြီး လိုက်ခဲ့ပါပြောရမှာလည်းဝန်လေးနေသည်ကိုရိပ်မိလျှင် ‘သွားရမှာပျင်းနေရင်လိုက်ခဲ့ပေးမယ်လေ’ ဟုပြောကာ လိုက်ဘို့ ပြင်ဆင်တော့၏။ ကျွန်တော်က ဣန္ဒြေဆည်ကာ ‘မလိုက်ပါနဲ့ကျုပ်ဘာသာကျုပ်သွားပါ့မယ်’ ဆိုလျှင် “ဒီမှာအဝတ်အစားတောင်လဲပြီးနေပြီ၊ ပြန်မလဲနိုင်တော့ဘူးလိုက်ခဲ့မယ်ဆိုကာထလိုက်လေတော့၏။ ကျွန်တော်ကလည်းတားမရ၍ခေါ်ရသည့်မျက်နှာပေးဖြင့်သွားလိုက်ဖြစ်ပြီး ကျေးဇူးကိုစိတ်ထဲတင်ရလေသည်။ တော်ရုံ တန်ရုံ မျက်နှာပူရမည့်ကိစ္စမျိုး (ဥပမာ။ ရစရာရှိတာတွေ မရသေးသည့်အတွက်ပေးစရာရှိတာတွေ ဆိုင်းငံ့ပေးဘို့ပြောရမည့်ကိစ္စ)တော့ ‘ကျွန်မဘာသာသွားလိုက်ပါ့မယ် ဆိုကာ’ သူ့ဘာသာသွားရှင်းတတ်သည်များလည်းရှိခဲ့၏။ ကျွန်တော်နုတ်ရေးကြွယ်ကာလူစွမ်းကောင်းလုပ်မှုကြောင့်ကြားကသူတန်ဆာခံဖြစ်ရသည်လည်း ကြုံရဖူးသည်။ နဝတတက်ခါစခေတ်ပျက် သူဌေးလုပ်လိုသူတွေပေါများစဉ်ကဖြစ်လေသည်။ ကျွန်တော်ဝန်ထမ်းဘဝကိုစိတ်ကုန်ပြီး နုတ်ထွက်ခွင့်စောင့်ဆိုင်းနေချိန်လည်းဖြစ်၏။ စစ်တက္ကသိုလ်လားကာကွယ်ရေးတက္ကသိုလ်လားမမှတ်မိတော့သော တပ်ဘက်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်းတစ်ဦး ကျွန်တော့်လုပ်ငန်းခွင်သို့ရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်ကာဌာနဆိုင်ရာအကူအညီတစ်ရပ်တောင်းခံခဲ့ရာ ထိုအကူအညီကို ကျွန်တော်မပြောနှင့်ကျွန်တော်တို့ ဌာနမှူးပင်ဆောင်ရွက်မပေးနိုင်ကြောင်း ရှင်းပြသည့်တိုင် လက်မလျှော့ဘဲကူညီဘို့ကိုသာတွင်တွင်ပြောနေခဲ့၏။ သူ့အမူအယာနှင့်ဟန်ပန်များမှာထိုခေတ်မှစ၍ယနေ့တိုင်အောင်တွေ့နေကျ (ငါတပ်ကကွဟူသော) မာရေကျောရေမျိုးမရှိ၊ ပကတိအခက်အခဲကြုံနေပုံပေါက် သည်ဟုယူဆသဖြင့် ဌာနဆိုင်ရာအကြီးအကဲထံတရားဝင်တောင်းခံပါရန်နှင့် ကျွန်တော့်ဘက်မှအတတ်နိုင်ဆုံး နားပေါက်အောင်ဆောင်ကျဉ်းပေးပါမည်ဟု ကတိကဝတ်ပြုလိုက်မိ၏။

လုပ်ငန်းကိစ္စကလွဲလျှင် မိမိကိုယ်ရေးကိုယ်တာအတွက်ပင်အထက်လူကြီးထံဆက်သွယ်တောင်းခံဖူးခြင်းမရှိ။ ပို၍ဆိုးသည်က ဌာနအကြီးအကဲဆိုသည်မှာကျွန်တော်တို့အဆင့်နှင့် လုပ်ငန်းကိစ္စပင်တိုက်ရိုက်ဆက်သွယ်ခွင့်မရှိပါဘဲ ယ္ခုသို့တစိမ်းတရံဆန်သူတစ်ဦး၏ကိစ္စကိုတင်ပြပေးပါမည်ဟု အားနာပါးနာစကားခံလိုက်မိ သည်မှာ လွန်စွာမိုက်မဲခြင်းတစ်ရပ်ဖြစ်ကြောင်းထိုပုဂ္ဂိုလ်ကြီးထွက်သွားပြီးပြီးခြင်း ကျွန်တော့်ကိုယ်ကျွန်တော်ကျိန်ဆဲရင်းသိလိုက်၏။ သို့ရာတွင် စကားကလွန်သွားပြီ။ ကိုယ်မှလုပ်မပေးနိုင်တာစကားလွန်လဲမတတ်နိုင်ဟု အသာငြိမ်နေလိုက်လျှင်ဖြစ်သည့်တိုင် ကိုယ့်စကားကိုယ်တန်ဘိုးမထားရာရောက်မည်မို့ မရွှေတောက်အကူအညီရယူပြီး သူနှင့်ရင်းနှီးသောဌာနအကြီးအကဲ၏သမီးချွေးမဖြစ်သူမှတစ်ဆင့်ပြောဆိုပေးလိုက်၏။ ထို့နောက်အတန်ကြာမေ့မေ့ပျောက်ပျောက်ဖြစ်နေရာမှ အစည်းအဝေးတစ်ခုတွင်ဌာနကြီးမှူးမှ အလွတ် သဘောပြောသည့်စကားပြန်ကြားရသည်၌ ရင်ထုမနာဖြစ်ရတော့သည်။ “ချွေးမကတစ်ဆင့်အကူအညီတောင်းတာနဲ့ကူညီလိုက်တာ အဲဒီလူငါ့ဆီလာပြီးဒိုင်ယာရီစာအုပ်တစ်အုပ်လက်ဆောင်ပေးသွားလို့ ဖွင့်ကြည့်လိုက် တော့အထဲမှာငွေငါးထောင်ညှပ်ထားတာတွေ့ရတယ်။ ဒီခလေးမ (မရွှေတောက်ကိုဆိုလိုသည်) ဘာတွေ ရှုပ်ရှုပ်ယှက်ယှက်လုပ်နေသလဲမသိဘူး” ဟူ၏။ ထိုစကားမည်မျှတာသွားသည်ကိုရှင်းပြရန်ခက်သည့်တိုင် စေတနာသန့်သန့်ဖြင့်ကူညီလိုက်သည့်ကိစ္စအပေါ်ထိုသို့မှတ်ချက်ချခံရစရာဖြစ်လာခြင်းအတွက်ကိုမူ မရွှေတောက်ကိုယ်စားကျွန်တော်စိတ်ထိခိုက်ရ၏။ စင်စစ် ထိုပုဂ္ဂိုလ်ကိုယခင်ကမသိ၊ ကြားပင်မကြားဘူး။ ထိုတစ်ခါပြီး နောက်မှာလည်းမမြင်ရတော့။ သူ့ကိစ္စအောင်မြင်သွားပြီဟုကျေးဇူးတင်စကားဝေးစွ အသိပေးဖေါ်ပင်ရခဲ့သည်မဟုတ်။ ထိုအကြောင်းတွေ ဌာနကြီးမှူးထံသွား၍ရှင်းလင်းပြောဆို (တောင်းပန်) မည်ပြုသည်ကို မရွှေတောက်က ‘မသွားပါနှင့်တော့’ ဟုတားသည်။ သူကိုယ်တိုင်လည်းသူ့သူငယ်ချင်း ဌာနကြီးမှူးချွေးမမှတစ်ဆင့်ရှင်းပြဘို့မကြိုးစားတော့။ ‘လူဆိုးလူမိုက်ဆိုတာဂျိုမပါဘူးလို့ငယ်ငယ်ကကြားရုံကြားဘူးတာ၊ ခုတော့လူကြီးလူကောင်းဆိုတာဂျိုမပါပါလားလို့သိလိုက်ရတာပေါ့။’ သူဘာကိုဆိုလိုသည်ကျွန်တော်မသိ။ သို့သော် မေးရန်လည်းမကြိုးစားတော့။

ထိုအချိန်ကျွန်တော့်မှာတောက်တဲ့သာမကအိမ်မြောင်ခရုနှင့်ပက်ကျိတို့ပါရှိနေကြပြီ။ ယင်းမှာသားသမီးတွေကို ဘာရယ်မဟုတ်ရည်ညွှန်းခြင်းဖြစ်ပြီး သူပေးသောအမည်ဆွေမဟုတ်သည့်တိုင် ပန်းတနော်လမ်းသား(၂)က ဇာတ်လမ်းထဲပါနေပြန်သည်။ တစ်ရက် စမ်းချောင်းရှိမိခင်နှင့်အကိုကြီးမိသားစုတို့ထံသွားရင်း သူ့အိမ်သို့ဝင်ရောက်လည်ပတ်ဖြစ်သည်။ ထိုအချိန်မှာသူကသင်္ဘောလိုက်ရာမှပြန်လာပြီး ဝါသနာပါရာဗေဒင်ပညာကိုအပျော်တန်းလေ့လာခိုက်ဖြစ်၏။ ကျွန်တော့်ကိုမြင်သည်နှင့်ထိုင်ရာမှမထဘဲ ‘ဟာ ကြီးကျယ်(သူခေါ်နေကျအမည်) ပါလား၊ တောက်တဲ့ရောမပါဘူးလား’ ဟု ထုံးဆံအတိုင်းပဋိသန္ဓာရပြုလေသည်။ ကျွန်တော်က စိတ်တွင်ရုတ်တရက်ပေါ်လာသည့်အတိုင်း “တောက်တဲ့တွင်မကဘူး အိမ်မြောင်ရော ခရုနဲ့ပက်ကျိပါ ပါပါတယ်ဗျာ” ဟု အိမ်ဝ၌ရပ်နေကြသည့် မရွှေတောက်နှင့်သားသမီးသုံးဦးတို့ကိုညွှန်ပြရင်းပြောလိုက်ရာမှ သူတို့ (သားနှစ်သမီးတစ်) ခမျာမှာလည်းချွဲကျိကျိသတ္တဝါတွေဖြစ်ကုန်ကြတော့၏။ တောက်တဲ့မှအပ တခြားနာမည်တွေမတွင်ကျယ်ခဲ့သည်မှာတော်သေးသည်ပြောရမည်။ စင်စစ် နာမည်ပေးခြင်းမဟုတ်သော်လည်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ရည်ညွှန်းခဲ့သည့်သတ္တဝါအမည်တစ်ခုလည်း ရှိသေး၏။ ဒါကိုတော့ ပန်းတနော် လမ်းသားပင်မသိ။

တောက်တဲ့မှပေါက်လာသည့် အဆိုပါအိမ်မြောင်ခရုနှင့်ပက်ကျိတို့ကလည်းတောက်တဲ့နည်းတူကပ်ချင်ကြသည်။ ကျွန်တော်မို့အပြင်ထွက်သည်နှင့်လိုက်မည်ဆိုကာ တောက်တဲ့ကိုပင်မစောင့်ဘဲပါလာတတ်ကြ၏။ တစ်ခါတစ်ခါ မလိုက်ရမှာစိုး၍မသိအောင်ကားထဲဝင်ပြီး သူတို့ကိုယ်ခန္ဓာလေးတွေနှင့်ထိုင်ခုံတွေကြားထဲ ဝင်ပုံးနေတတ်ကြရာအန္တရာယ်ရှိသောကြောင့်တင်းကျပ်စွာတားမြစ်ရရုံမက အပြင်မထွက်မီကားထဲလှန်လှောရှာရသည့်အလုပ်ပိုပါလုပ်ရသေးသည်။ ကျွန်တော်ဆိုသောကျွန်တော်ကလည်းမလိုက်ခဲ့ဘို့တစ်ခါကနှစ်ခါပြောမရလျှင်အလုပ်ကိစ္စကလွဲ၍ခေါ်ဖြစ်သည်သာများလေသည်။(စကားချပ်။ ထိုစဉ်ကနိုင်ငံတော်အကြီးအကဲအား ဗိုလ်ပုံအလည်မှာမြေးလက်ဆွဲလျက်တီဗီဖလ်သားပြင်ပေါ်၌တွေ့တွေ့နေရသည်ကို အစတွင်စိတ်ထဲစနိုးစ နောင့်ဖြစ်မိသော်လည်း သူလည်းငါ့လိုနေမှာပေါ့လေဟုမတန်မရာနှိုင်းပြီးကိုယ်ချင်းစာဖြစ်လိုက်သေးသည်)။ ကျွန်တော်ပြည်တွင်းမှာကိုယ်ပိုင်လုပ်ငန်းလုပ်စဉ်က တစ်ကြိမ်မှာမြေလတ်ပိုင်းသို့လုပ်ငန်းအနေအထားလေ့လာရန် သွားဖို့ဖြစ်လာသည်။ ကျွန်တော်နှင့်အတူ အထောက်အကူပြု ယောက်ကျားသားသုံးယောက်အပြင် ဧည့်သည်အချို့ပါမည်မို့ မိုက်ခရိုဘတ်စ်တစ်စီးငှားပြီးသွားရန်စီစဉ်ကာမှ မရွှေတောက်ဦးဆောင်ကာ ကျောင်းပိတ်ရက်ကြုံသဖြင့်ဘုရားဖူးလိုက်လိုကြောင်းအရေးဆိုလာကြ၏။ အတူသွားမည့်သူများကလည်း အကြောင်းသိတွေဖြစ်ရကားလိုက်ချင်လိုက်ကြပါစေကားလည်းချောင်နေတာပဲဟု မြှောက်ပေးကြသဖြင့် ထုံးဆံအတိုင်းတစ်ပြုံကြီးလုပ်ငန်းပြအပျော်ခရီးထွက်ဖြစ်ကြတော့သည်။ ထိုလုပ်ငန်းမှာဝန်ကြီးဌာနတစ်ခု၏ အရေးပေါ်လုပ်ငန်းဖြစ်သည့်အားလျော်စွာ သက်ဆိုင်ရာ၏ပံ့ပိုးမှုအထိုက်အလျောက်ရရကား ဌာနပိုင်ဧည့်ရိပ်သာတွင် တစ်ညတာတည်းခိုရန်စီစဉ်ထားခဲ့ကြသည်။ ရိပ်သာကအဆင့်မြင့်မြင့် သားသားနားနားမို့ တစ်နေ့တာခရီးပန်းသမျှကျကျနနအနားယူအိပ်စက်ခဲ့ကြ၏။ တစ်ရေးနိုးသည့်အခါ သူတို့လေးတွေ ဘယ်လိုနေပါလိမ့်ဟုထကြည့်တော့ကိုယ်တော်မြတ်တွေနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်လျက်သုံးယောက်ထဲမှနှစ်ယောက်မှာ ရှူရှူတွေနှင့်ရွှဲနေသဖြင့်ကျွန်တော်ခေါင်းနပန်းကြီးသွားသည်။ ဖြစ်ခေါင့်ဖြစ်ခဲသည်လိုနေရာမှာလာဖြစ်ရ လေခြင်းဟုစိတ်ပျက်ဒေါသထွက်သည့်ကြားမှပင် စိုသွားသောအိပ်ယာခင်းတွေမွေ့ယာတွေကို တတ်နိုင်သလောက်ပြန်လည်သန့်ရှင်းရေးလုပ်ရသည်မှာအာရုဏ်ကျင်းပြီးပြန်အိပ်မရတော့ (သင်းတို့တွေက အဝတ် အစားလဲ အိပ်ယာပြောင်းပြီးပြန်အိပ်နေကြပြီ)။

ထိုအလုပ်မှာ ကျွန်တော်ပြည်တွင်းတွင်ရပ်တည်ဘို့ကျားကုတ်ကျားခဲ့လုပ်ဆောင်ခဲ့သမျှလုပ်ငန်းတစ်ခုစနှစ်ခုစအပြီး သည်တစ်ခါအခြေကျပြီဟုမျှော်မှန်းအားထုတ်ခဲ့သောလုပ်ငန်းဖြစ်ကာ ဝန်ကြီးဌာနမှလိုလားသည့်တိုင် ဌာနဆိုင်ရာညှိနှိုင်းမှုဝင်္ကပါထဲမှာခြာခြာလည်ပြီး လက်မြှောက်ထွက်ရလာသောအလုပ်လည်းဖြစ်၏။ ကျွန်တော်၏ ညှိနှိုင်းလိုက်လျောနိုင်စွမ်းနည်းပါးမှုကြောင့်အဓိကဖြစ်သလို အခြားအကြောင်းတရားတွေလည်းရှိခဲ့သည်။ ထားတော့။ မကြာမီ ဘန်ကောက်မှာအလုပ်ရသဖြင့် ထွက်ခွာလာခဲ့ရာ ပထမတောက်တဲ့ နောက်အိမ်မြှောင်တို့အဖွဲ့ပါ အစဉ်အလာအတိုင်းပါဝင်ခဲ့တော့သည်။ တစ်ပြည်တစ်ရွာမှာ သည်မိသားစုကွက်ကွက်သာရှိသဖြင့် ယခင်ကပ်ရုံကပ်သူတွေ ယခုလုံးထွေးနေကြသည့် အခြေသို့ရောက်တော့၏။ ကျွန်တော် အလုပ်သွားချိန် ကျောင်းမှာ (တောက်တဲ့ လိုက်ပါ စောင့်ရှောက်သည်) သူတို့ တစ်တွေတစ်လုံးလုံး၊ ပြန်လာလျှင်အိမ်မှာကျွန်တော်အပါအဝင်တစ်ရုန်းရုန်း။ ပိတ်ရက်ဟိုသည်သွားလျှင် ယုတ်စွအဆုံးအနီးအပါးမှာဈေးဝယ်နာဝယ်ထွက်လျှင်ပင်တစ်ပြုံလုံး။ သည်မှာကျွန်တော့ငယ်ဘဝတစ်ခုကိုတွေးတောမိရသည်။ ဖခင်ဆုံးပါးပြီးမိခင်ကလည်း စားဝတ်နေရေးအတွက်ပင်ပန်းကြီးစွာရှာဖွေရသည်မို့ ကျွန်တော်တို့ငယ်ငယ်ကယခုကျွန်တော့်သားသမီးတွေလို မိဘအနားကပ်ခွင့်မရ။ သို့သော် တစ်ခါတစ်လေ သီတင်းကျွတ်လိုအချိန်မျိုး ဆွေမျိုးရင်းခြာတွေဆီကန်တော့ရင်းလည်ပတ်ကြသည့်အခါမိသားစုရှားရှားပါးပါးစုဝေးသွားလာဖြစ်ကြသည်။ မြို့ပတ်ရထား ဘတ်စကားအကြာကြီးစီးရသည့်ခရီးမျိုးဆို ကျွန်တော်တို့တစ်တွေပျော်ပြီး နည်းနည်းပါးပါးကဲချင်သည်။ ထိုနည်းနည်းပါးပါးက တစ်ယောက်ထဲမဟုတ်သည့်အခါ ဟဲ့မရဟင်းမရ အမေဗျာများရပြီ။ သည်အခါ အမေ့လက်သုံးစကားက ‘ငါ့နှယ်ခွေးသအုပ်မကြီးကျနေတာပဲ’ ဟူ၍ဖြစ်၏။ သို့သော် ကျွန်တော်ကတော့ ထိုခွေးသအုပ်မကြီးဘဝကို ကျေနပ်နေပုံရသောအမေ့မျက်နှာကိုမြင်ဖြစ်အောင်မြင်ပြီး မှတ်ဖြစ်အောင်မှတ်မိခဲ့လေသည်။ ယ္ခုလည်းကျွန်တော့်မှာ ရေခြားမြေခြားတွင်နေရေးထိုင်ရေး (နေထိုင်ခွင့်ရရှိရေး) စားဝတ်နေရေး ပညာရေးကအစခေါင်းထဲထည့်ရ၊ သူ့စကားကိုယ်မသိကိုယ့်စကားသူမသိမို့ သွားလေရာလူအုပ်မကွဲအောင်စောင့်ရှောက်ရ (ဒါတောင် ကုန်တိုက်တစ်ခုတွင်အငယ်ကောင်လူကွဲကျန်ရစ် သဖြင့်ခေါင်းမီးတောက်ရဘူးသည်) နှင့်မို့ အမေပြောဘူးသည့်ခွေးသအုပ်မကြီးကိုမြင်ယောင်သည်အထိ ဖြစ်ရ၏။ တစ်နေ့ ထိုအကြောင်းခေါင်းထဲရောက်ပြီး “ငါလဲအမေပြောတဲ့ခွေးသအုပ်မကြီးဖြစ်နေပြီ” ဟုအရွန်းဖေါက်မိရာ မရွှေတောက်ကအတည်ပေါက်နှင့် ‘ခွေးသအုပ်မကြီး မဟုတ်ပါဘူးဆရာရယ်’ ဟုပြောလေသည် (သူက ကျွန်တော့်ကို ဆရာဟုလည်းခေါ်တတ်သည့်အပြင် လူရှေ့သူရှေ့ရောက်လေဆရာများများခေါ်လေမို့ ရိုးမှရိုးရဲ့လားဟုကျွန်တော်အငေါ်တူးဘူး၏)။ ဒါဆိုဘာဖြစ်မလဲ ဟုမေးသောအခါ မဆိုင်းမတွပင် ‘ခွေးသအုပ်ထီးကြီးပေါ့’ ဟုဖြေပြီးမှ ‘ကန်တော့နော်ကန်တော့’ ဟု ကျွန်တော်စိတ်ဆိုးမည်စိုးသဖြင့်တောင်းပန်သည်။ စိတ်ဆိုးစိတ်တိုလွယ်သည့်ကျွန်တော် ထိုစကားကိုတော့စိတ်မဆိုးဖြစ်ခဲ့ပါ။ ရယ်ပင်ရယ်မော ဖြစ်ခဲ့ပါသေးသည်။

ယ္ခုတော့ ခွေးသအုပ်ကြီးကခွေးအိုကြီးဖြစ်စပြုနေပြီ။ မိသားစုထဲမှာတောက်တဲ့တို့တစ်တွေအပြင် တတိယမျိုးဆက်ဝင်တစ်ဦးပင်တိုးလာပြီ။ မပီကလာပီကလာနှင့် တီတီတာတာလုပ်တတ်နေပြီဖြစ်သော သင်းကလေးကို စူးစူးရှရှအော်တတ်သဖြင့် 'ပုရစ်'ဟုခေါ်လျှင်ကောင်းမည်လား ရင်ခွင်ထဲကိုခုန်ပေါက်တိုးဝှေ့၍ဝင်ဝင်လာ တတ်သောကြောင့်' နှံကောင်'ဟုခေါ်လျှင်ကောင်းမည်လားစဉ်းစားမိသေး၏။ သို့သော် ဘယ်လိုမှမခေါ်ဖြစ်။ မျိုးဆက်တစ်ဆက်ခြားသွားပြီမို့ အရေးမပိုင်တော့ဟုသဘောရသောကြောင့်ဖြစ်၏။ သည်မျိုးဆက်သစ်ကလေးက အမှုပွေသူသူ့အဖေ ကျွန်တော့်သားထက်ကျွန်တော့်ကိုပိုခင်ကာပိုကပ်သည်တွင် ကျွန်တော်က အားအားယားယားမို့နွားပြာကြီးအောက်သွားမရှိဖြစ်နေရပြန်လေသည်။ ပြောမည့်သာပြောရသည် ကျွန်တော်တို့လိုသက်တန်းမှာက သုံးစားမရသောအတိတ်တွေသာများနေပြီး မျှော်လင့်စရာအနာဂါတ်ကနည်းသည်ထက်နည်းလာပြီမို့ တရားဘာဝနာလိုက်စားချင်လိုက်စား မလိုက်စားလျှင် ကျီးစောင့်ကြက်နှင်မြေးထိန်းရင်း သေခြင်းတရား၏ တံခါးခေါက်သံကိုနားစွင့်နေရုံသာရှိတော့သလိုဖြစ်နေသည်။  နေရာဟောင်းကိုလွန်အောင်းမေ့တတ်သော ကျွန်တော်တို့အတွက် ဒုတိယလမ်းသည်အထင်အရှား။ စဉ်းစားကြည့်လိုက်လျှင် ကိန်းဂဏန်းအရ ကမ္ဘာကလက်ခံထားသောမြန်မာတို့၏ပျမ်းမျှသက်တန်းနယ်မိတ်မျဉ်းကလက်တစ်ကမ်းအလိုကိုရောက်လာပြီ။ ကံစိတ်ဥတုနှင့်အာဟာရနောက်မှာဂဏန်းသင်္ချာကိုလည်းပစ်ပယ်ထား၍မရ။ ကြည့်၊ လက်နှစ်ဖက်ချိုးရေတွက်လျှင်ပင်ရနိုင်သောငယ်သူငယ်ချင်းတွေထဲမှာ လက်တစ်ဖက်စာနီးပါးကမုဆိုးဖိုတွေဖြစ်နေကြပြီ။ ထီးတန်းသားဆိုလျှင်နှစ်ပတ်ပင်မလည်သေးသည့် မုဆိုးဖိုပူပူနွေးနွေး။ ဇာတ်ထဲကပြောသလိုမျိုး (မဆိုင်သူမကပ်ကြနဲ့မင်းတို့မိန်းမတွေမုဆိုးမဖြစ်ကုန်ကြမယ်) မိန်းမကိုမုဆိုးမအဖြစ်ချန်ရစ်ကာလောကကြီးထဲမှထွက်ခွာသွားသူရယ်လို့တော့ ကျွန်တော်တို့ထဲမှာခုထိ မရှိသေး။ ဘယ်သူဈေးဦးပေါက်ဖြစ်မည်လည်းမဆိုနိုင်။

ပြောလိုသည်ကတစ်ယောက်တည်းလာပြီးတစ်ကိုယ်တည်းပြန်ရမည့်လူ့ဘုံခန်းဝါထဲမှာ ရှေ့သွားနောက်လိုက် ညီသည် ဆိုသောစကားအပေါ် နုပျိုစဉ်ကလိုရင်မခုန်တော့။ အပြန်ခရီးသည်မရဏခရီး။ သည်ခရီးက ရင်ခုန်စရာမကောင်း။ ပြီးတော့ အသွားနှင့်အလိုက်ညီဘို့ကလည်းမဖြစ်နိုင်။ ဘယ်သူရှေ့ကသွားပြီးဘယ်သူနောက်ကလိုက်ကာ ဘယ်မှာပြန်ဆုံကြမည်ကိုလည်းကျွန်တော်တို့ဉာဏ်ဖြင့်မသိ။ ကျွန်တော်တို့မှာကောင်းကင်ဘုံမရှိ၊ တစ်ဘဝတည်းကျွတ်တန်းဝင်ဘို့ဆိုတာလည်းမဖြစ်နိုင် (သောတာပန်ပင်ခုနှစ်ဘဝစောင့်ရသည်ဆိုလား)။ ဝိစိကိစ္ဆာတွေများပါ့ငါ့လူရာ ဒီလိုပုံနဲ့သေလို့ကတော့ ပြိတ္တာဘုံကိုတန်းကနဲပဲဟု စိတ်တိုလွယ်သော ဓမ္မဝါသီ တစ်ဦးဦးက ငေါက်လျှင်လည်းလက်အုပ်ချီဝန်ချရုံသာ။ စီးနေသောအာသဝေါတွေသည်ဘဝမှာတော့ရပ်မည်မထင်။ " တေဘုမ္မဝဋ်နန်းလယ်မှာ၊ ကျွတ်တမ်းကွယ်စာမလိတ်ချင်ဘု၊ အဝါဇိတ်မှိုင်းမှောင့်ညစ်ပေ၊ ရိုင်းခေါင့်ဖြစ်စေ၊ နောက်ချန်၍အပိုနေမယ်၊ နှစ်ကိုယ်ရေပျော်စမ်းချင်လို့လေး" ဟု ဦးပုညတို့လိုသံသရာကိုဆွဲမဆန့်လိုသော်ငြား ပစ္စုပ္ပန်ကိုတော့ရသမျှတာရှည်စေချင်သည်။ သမုဒယလို့ဆိုဆို ဘဝတဏှာဟုပြောပြော ကျွန်တော့်မှာတွယ်တာစရာတွေရှိသေးသည်။ ထိုတွင်အနီးဆုံးမှာရှိကြသည်က တောက်တဲ့တို့တစ်တွေ။ သူတို့လည်း သည်သို့ပင်တွယ်တာကြပေမည်။ သို့သော် သူ့လမ်းသူ၊ ကိုယ့်လမ်းကိုယ်။ အမှတ်စဉ်အတိုင်းဆို ကျွန်တော်ကအရင်ဆုံးလက်တွဲဖြုတ်ရမည့်သူ။ ကပ်နေသော တစ်ကယ့်တောက်တဲ့တစ်ကောင် တစ်ကယ်ကွာမကွာ ကျွန်တော်မသိ။ သေခြင်းတရားဆိုသောမိုးခြိမ်းလာခဲ့လျှင် တောက်တဲ့တို့ကို တစ်ကယ်ခွာရမည်က ကျွန်တော်ဖြစ်နေသည်။

ကလေးဘဝကရခဲ့သည့်တောက်တဲ့ကြောက်ရောဂါ ယခုထိကျွန်တော့်မှာရှိနေဆဲလားပျောက်သွားပြီလား မသေချာ။ သို့သော် မိုးခြိမ်းမှာကြောက်သည့်ရောဂါတစ်ခု အိုကြီးအိုမကျကာမှစနေပြီ ဆိုသည်မှာတော့ သေချာသလောက်ဖြစ်လေသည်။

Monday, May 18, 2015

ကျွန်တော်နှင့်တိုက်ပုံ


ကျွန်တော်ရှစ်နှစ်သားအရွယ် ဒုတိယတန်းမှာ တိုက်ပုံအင်္ကျီဝတ်ဖူးသည်။ မြန်မာလူမျိုးယောင်္ကျားလေးတစ်ယောက် တိုက်ပုံဝတ်သည်မှာမဆန်းသော်ငြား ရှစ်နှစ်ဆိုသောအရွယ်ကတော့ နည်းနည်း ငယ်နေမည်လားမသိ။ မရှိဘူးတော့မဟုတ်။ ရှိတော့ရှိတယ်ရှားတယ် ဆိုသည်မျိုး။ စင်စစ် ကျွန်တော်ထိုအသက်အရွယ်မှာ တိုက်ပုံဝတ်ဖြစ်သည် ကလည်း ရှားရှားပါးပါး ဖြစ်စဉ်တရပ်ပင်။

ကမ္ဘာ့ကုလသမဂ္ဂနေ့အထိမ်းအမှတ် ကျောင်းတွင်း နှုတ်မှုရေးရာ ပြိုင်ပွဲပြုလုပ်ရာ အတန်းပိုင်ဆရာမကကျွန်တော့်ကို မူလတန်းပုံပြောပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်စေသည်။ အိမ်ကိုပြောပြသောအခါ ဖေဖေက တိုက်ပုံအင်္ကျီနှင့်မှ ကောင်းမည်ဆိုပြီး ဈေးမှာအသင့်ချုပ်ပြီးသား သွားရှာသော်လည်းမရခဲ့။ သည်ကိစ္စကြားသွားသောအဖွား (အမေ့အမေ) က သူ့မှာအဆင်သင့်ရှိသည့်ပင်နီစတစဖြင့် ဆွေမျိုးမကင်းသော အိမ်နီးချင်းအပ်ချုပ်ဆိုင်မှာ နေ့ချင်းပြီးချုပ်စေသည်။ ပုဆိုးကိုလည်းထိုနည်း၎င်း။ သို့နှင့် ပြိုင်ပွဲဝင်သောအခါ ကျွန်တော့်မှာ ပင်နီတိုက်ပုံလွန်းပျံပုဆိုးတို့ဖြင့်အချိုးကျကျဖြစ်သွားတော့၏။ ကျွန်တော်ပြိုင်ပွဲဝင်သည့် ပုံပြင်က ဒုတိယတန်းဖတ်စာထဲမှ ဗုဒ္ဓဝင်သုတ္တံဝတ္ထုတွေထဲကကောက်နှုတ်ထားခြင်းဖြစ်ကြောင်းနောင်ကြီးပြင်းလာသောအခါမှာသိခဲ့ရသည့် မင်းသားနှင့်တမာရွက်ပုံပြင်။ အမျက်စောင်မာန်ကြီး၍ ခက်ထန်ကြမ်းကြုတ်သော မင်းသား (ဘုရင့်သား) အား ပညာရှိရသေ့ကြီးကတမာပင်ငယ်တပင်မှ အရွက်ကိုဝါးကြည့်စေပြီး အပင်ငယ်စဉ်ကပင်ခါးသက်သော တမာရွက်ကိုလူတကာမနှစ်မြို့ကြ။ ထို့အတူ ငယ်ရွယ်စဉ်ကပင် အမျက်စောင်မာန်ကြီးသူတို့သည် လူအပေါင်း၏ကဲ့ရဲ့ပစ်ပယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်းဆုံးမရာ မင်းသားအမြင်မှန်ရသွားသောပုံပြင်ဖြစ်၏။ (စကားချပ်။ သည်ဘက်ခေတ်တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့၏သားသမီးတွေမြေးတွေကို သည်လိုဆိုဆုံးမ၍ရပါစ။ ကျွန်တော်တော့မထင်။ ရသည်မရသည်ထား အချို့ဆိုဆုံးမခြင်းမရှိရုံမက အာဏာဖြင့်လိုက်၍ဖုံးအုပ်ကာကွယ်ပေးနေကြသည့်အဖြစ်တွေ သတင်းတွေမြင်ကြားရလေတိုင်း ထိုပုံပြင်ကို ကျွန်တော်အမှတ်ရသည်။ သည်ဘက်ခေတ် ကျောင်းသုံးစာအုပ်တွေမှာ ဘာကြောင့်သည်လိုပုံပြင်မျိုးတွေ နေရာမရကြတော့သည်ကိုလည်းနားမလည်နိူင်အောင်ဖြစ်ရသည်။)

ထိုနေ့ကပြိုင်ပွဲမှာ ကျွန်တော်ပထမရသည်။ ကျွန်တော်တော်တာထက်အတန်းပိုင်ဆရာမ၏ ရသမျှအချိန် တရက်အတွင်း အသေးစိတ်သင်ကြားလေ့ကျင့်ပေးမှုနှင့် ဆရာမသင်သည့်အတိုင်းကျွန်တော် အတိအကျလိုက်နာခဲ့မှုကြောင့်အနိူင်ရခြင်းဖြစ်မည်ထင်သည်။ ပြန်စဉ်းစားကြည့်တော့ ဆရာမ၏သင်ကြားမှုက အတော် အသေးစိတ်သည်။ ဥပမာ ဟိုး ရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးမင်းပြုခဲ့ပါသတဲ့ ဆိုသောစကားကိုတပိုဒ်ခြင်းလေယူလေသိမ်းအမူအယာလက်ဟန်ခြေဟန်ကအစသင်ပေးပြီး သူကျေနပ်သည်အထိ အထပ်ထပ်ပြန်ပြောခိုင်းသည်။ မင်းသားငယ်၏စရိုက်သဘာဝနှင့် ရသေ့ကြီး၏ပညာကြီးရင့်မှုတို့ကိုပေါ်လွင်စေမည့်လေသံနှင့်ဟန်ပန်အစရှိသည်ဖြင့် အတန်းရှေ့မှာ(လူအများရှေ့မှာ)လေ့ကျင့်ပေးခဲ့သောကြောင့် စင်မြင့်ပေါ်တွင် အမှားနည်းနည်းပြောနိူင်ခဲ့ခြင်းဖြစ်မည်။ အထူးသဖြင့်ပုံပြင်ဆုံးသောအခါ ‘ဒီပုံပြင်လေးကိုထောက်ရှုပြီးတော့ကျွန်တော်တို့အားလုံး ငယ်ရွယ်စဉ်ကစ၍ တမာလိုမခါးဘဲပျားသကာလိုချိုသောလူသားများဖြစ်အောင်ကြိုးစားနေထိုင်ကြပါစို့’ …စသည်ဖြင့် ဆရာမစိတ်တိုင်းကျ နိဂုံးစကားလေးများကြောင့်ဖြစ်မှာသေချာသည်။ ရှစ်နှစ်အရွယ် သူငယ်လေးတစ်ယောက် ပင်နီတိုက်ပုံနှင့်လူကြီးဂိုက်ဖမ်းထားတာလည်း အမှတ်ပေးသည့်အထဲ အနည်းအကျဉ်းပါကောင်းပါမည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တိုက်ပုံနှင့်ရင်းနှီးသွားပြီ။ ပြောရလျှင်ထိုတိုက်ပုံမှာ ကျွန်တော့်အတွက်လာခြင်းကောင်းခဲ့၏။ နောက်တနှစ် အတန်းလိုက်ပညာရည်ချွန် ဆုများပေးရာ ကျွန်တော်က တတိယတန်းမှာဒုတိယဆုရသည်။ ထိုတိုက်ပုံကိုပင်ဝတ်၍ကျွန်တော်ဆုတက်ယူခဲ့ လေသည်။

မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်သည်ထိ နောက်ထပ်ကျွန်တော် တိုက်ပုံမဝတ်ဖြစ်တော့။ ကျောင်း နှစ်ကြိမ်ပြောင်းခဲ့ရသောအလယ်တန်းနှင့်အထက်တန်းတွေမှာ မဖြစ်မနေတိုက်ပုံအင်္ကျီဝတ်ရမည့် အခန်းအနားမျိုး (ဥပမာ ဆုပေးပွဲ)မတက်ဖြစ်တော့။ တက်ခွင့်မရတော့ဟုဆိုလျှင်ပိုမှန်မည်။ ငယ်ငယ်ကကဲ့သို့ စင်တော်ကောက်မခံရတော့သလို ကိုယ့်ဘာသာကိုယ်စင်ပေါ်တက်ခွင့်ရှိသည့် ကျောင်းတွင်းလှုပ်ရှားမှုတွေမှာမပါဝင်ခဲ့။ ကျွန်တော့်မှာ တိုက်ပုံအင်္ကျီတထည်တလေရှိကောင်းရှိခဲ့မည်ဖြစ်သော်လည်း ဘယ်သို့ဘယ်ပုံ ကျွန်တော်မမှတ်မိတော့။ စိတ်လှုပ်ရှားစရာအဖြစ်အပျက် ငယ်ငယ်ကလိုမရှိခဲ့၍ဖြစ်နိူင်သည်။ စိတ်ဝင်စားမှု လျော့နည်းခဲ့ခြင်းကြောင့်လည်း ဖြစ်မည်။ စာပိုးကဗျာပိုးတွေဝင်လာကြပြီ။ တိုက်ပုံအင်္ကျီဝတ်ဖြစ်ခဲ့သည်ဆိုလျှင်လည်း ပိုသီဖတ်သီပဲဖြစ်လိမ့်မည်။ ထိုခေတ်က လူငယ် (ဆိုပါတော့) စာရူးပေရူးလေးတွေ ဆံပင်ဘုတ်သိုက်တိုက်ပုံအင်္ကျီပိုသီဖတ်သည်ဖြင့် ညနေခင်းတွေမှာလ္ဘက်ရည်ဆိုင်ထိုင်ရင်းငြင်းကြခုံကြသည်မှာ စတိုင်တမျိုးလိုဖြစ်နေ၏။ လမ်းဘေးဘီယာဥယျာဉ်တွေမပေါ်သေး။ တမျိုးတော့ကံကောင်းသည်ဆိုရမည်လားမသိ။ သို့နှင့်ဆယ်တန်းအောင်သောအခါ တက္ကသိုလ်တက်ရန်စိတ်ကူးဖြင့် မြူးသည့်အချိန်သို့ ရောက်တော့၏။

ဆယ်တန်းအောင်သည်မှတက္ကသိုလ်ဖွင့်သည်အထိသုံးလခန့်မှာ လွန်စွာစိတ်လှုပ်ရှားရသောကာလများ ဖြစ်ကြလေ၏။ တက္ကသိုလ်ကျောင်းသားဘဝကိုမှန်းဆ၍ပျော်ရွင်ရသည့်တိုင် မိမိလျှောက်ထားသော ကျောင်း သို့မဟုတ် ဘာသာရပ်ဝင်ခွင့်ရမှရပါ့မည်လားဟုရင်တမမဖြစ်ရသေးသည်။ ပြီးခဲ့သောနှစ်က ဝင်ခွင့်အမှတ်များကိုကြည့်၍ လျှောက်ထားကြခြင်းဖြစ်သောကြောင့်များသာအားဖြင့် ဝင်ခွင့်ရကြသော်လည်း သေချာပေါက်တွက်၍မရ။ အထည (အထက်တန်းပညာဦးစီးဌာန) မှ တရားဝင်ကြေငြာမှကိုယ်တကယ်တက်ခွင့်ရသည့်ကျောင်းကိုသိရသလို ထိုအချိန်မှာကျောင်းဖွင့်ရက်ကနီးကပ်နေပြီ။ ထိုအခါမှ အပြီးသတ်ပြင်ဆင်မှုတွေလုပ်ရ၏။ တတ်နိူင်သလောက် စိတ်ကူးယဉ်ကာအစွမ်းကုန်ပြင်ဆင်ကြသည့်အချိန်ဖြစ်မည်ထင်သည်။ ငွေကြေးချို့တဲ့သောကျွန်တော်တို့လိုအသိုင်းအဝိုင်းမျိုးတွင် ရေရှည်အတွက်အထိုက်အလျောက် ပူပန်ရသည့်တိုင် အပျော်နှင့်ဂုဏ်ယူမှုတွေကအလေးသာကြသည်။ စင်စစ် ထိုခေတ်ထိုအသိုင်းအဝိုင်း မိသားစုတစုတွင် တက္ကသိုလ်ပညာသင်ခွင့်ရသူတဦးရှိလျှင် အာဂ။ ဆရာဝန်အင်ဂျင်နီယာ ကျောင်းသားမျိုးဆိုလျှင် တိုင်းထက်အလွန်ဖြစ်ဆဲ။ ဦးဖိုးကျား၏ အခမဲ့ကူလီထမ်းခြင်းအကျိုးဝတ္ထုထဲက ကောလိပ်ကျောင်းသား မောင်သောင်း၏ အမေ နှမတွေလောက်မဟုတ်သည့်တိုင် မိသားစုအတွင်းမှတက္ကသိုလ်တက်မည့်သူကို မောင်ရင်လောင်းလို ကွမ်းတောင်ကိုင်လို ဦးစားပေးကြစမြဲ။ အဝတ်အထည်စာအုပ်စာရေးကရိယာမှစ အသုံးစရိတ်မုန့်ဘိုးအထိ။

သာမန်အားဖြင့် အဝတ်အစားချေးများလေ့မရှိသလို များများစားစားလည်းမရှိသော ကျွန်တော့်အတွက် တက္ကသိုလ်တက်ရန် အဝတ်သစ်အစားသစ်လိုအပ်လာပြီ။ ပြီးတော့တိုက်ပုံ။ တက္ကသိုလ်ကျောင်းသားအဖြစ် တိုက်ပုံကောင်းကောင်းလေး တထည်တလေတော့ရှိသင့်သည်မို့ စက်ချုပ်ဆိုင်မှာတစ်ပါတည်းအပ်ဖြစ်လေ၏ စကားစပ်မိ၍ပြောရလျှင် တက္ကသိုလ်မှာအမျိုးသားဝတ်စုံကိုတိုက်ပုံနှင့်မှ အနောက်တိုင်းဝတ်စုံကို လည်စည်းနှင့်မှ လက္ခံသောစည်းကမ်းရှိသည်ဟု အတည်ပေါက်ပြောသံကြားခဲ့ရဖူးသလို အနောက်တိုင်းဝတ်စုံကို လည်စီးနှင့်တကွဝတ်ပြီးကျောင်းတက်သူအချို့ကိုလည်း ကျွန်တော်တို့ခေတ်မှာ မြင်ခဲ့ရဖူးသည်။ ကျွန်တော်ကတော့ လေဟာပြင်မှောင်ခိုဈေးတန်းမှာအင်္ကျီအတွက်ဖေါ့ရှန်အဖြူနှင့် တိုက်ပုံအတွက် တက်ထရက်မီးခိုးရင့်ရောင်ဝယ်ပြီးရပ်ကွက်ထဲမှရင်းနှီးသောဆိုင်မှာချုပ်ခဲ့ခြင်းဖြစ်ကြောင်းမှတ်မိနေသည်။  ရှပ်အင်္ကျီလည်ကတုံးကို ငယ်ငယ်ကကျွန်တော့်ဖခင်ဝတ်လေ့ဝတ်ထရှိသည်ကိုမြင်ဘူးထားသည့်အတိုင်း ကြယ်သီးပေါက်နှင့် ခေါက်လက်နှင့်ဆိုင်ကိုအတော်ရှင်းပြချုပ်ထားပြီးကာမှ ကြယ်သီးရှာရခက်သည်နှင့်ကြုံရသေးသည်။ ကံအား လျော်စွာအနော်ရထာလမ်းလမ်းဘေးဈေးဆိုင်တဆိုင်တွင် နှစ်မျိုးစလုံး(ရှေ့နှင့်လက်ကြယ်သီးစုံ)ဝယ်ရခဲ့သဖြင့် ချုပ်ထားသောအင်္ကျီတွေမပစ်လိုက်ရသည်မှာလည်းအမှတ်တရဖြစ်လေသည်။

သို့နှင့် ‘တခုသောနံက်ခင်း၌ ရှပ်အင်္ကျီလည်ကတုံးအဖြူ မီးခိုးရင့်ရောင်တိုက်ပုံနှင့် ကချင်လုံချည်အနက်ကွက် တို့ကို အကျအနဝတ်ဆင်ထားသော လူငယ်တဦးသည် စမ်ချောင်းရပ်မကြီးကြီးလမ်းမှထွက်ကာ ပြည်လမ်းမကြီးကိုဖြတ်ကူးပြီးနောက် တဘက်စင်္ကြန်ရှိမဟာမြိုင်ဘတ်စကားမှတ်တိုင်ဆီသို့ဦးတည်၍လျှောက်လာ သည်ကိုတွေ့မြင်နိူင်ကြပေသည်။’ ဟု ရှေးရှေးဆရာကြီးများရေးခဲ့ဖူးသလိုရေး၍ရနိုင်သည့် ကျွန်တော့်တက္ကသိုလ်ပထမနေ့သို့ရောက်လေတော့၏။ ‘ရေညှိရောင်အင်းလေးလွယ်အိပ်လွယ်ထားသောထိုလူငယ်သည် ကျောင်းသားတဦးဖြစ်ပုံရသော်လည်း ဆံတန်းဘိနပ်အသစ်ကျပ်ချွတ်ကလည်း အသားမသေဟန်မရ ခွကျကျ ရှိလေရကား ခမျာမှာတောသူကြီးသားမြို့ဘုရားဖူးလာသည်နှင့် အပုံကြီးပို၍တူလှပေသည်’ ဟု ဆက်ရေးလျှင်ဖြစ်နိူင်မည်။ အကြောင်းမှာ ဆယ်တန်းမှစ၍တက္ကသိုလ်တတိယနှစ်တိုင်အောင် ကျွန်တော်ဆံရှည်ဂုတ်ဝဲ လမ်းသရဲပုံစံပေါက်နေခဲ့သောကြောင့်ဖြစ်၏။ လမ်းသရဲပုံစံဖမ်းသည်ဟုဆိုလျှင်ပိုမှန်မည်လားမသိ။ ထိုခေတ်က ယောက်ကျားလေးဆံပင်နည်းနည်းရှည်လျှင်လမ်းသရဲ (ဆိုးသွမ်းလူငယ်)ဟု သမုတ်ကြသည်ကိုသဘောမတူနိူင်သော ကျွန်တော်တို့လို ခပ်ရွဲ့ရွဲ့ခပ်စောင်းစောင်း လူငယ်အချို့ဆံရှည်ထားကြသည် (တချို့လည်း ကြည့်ကောင်းသည်ထင်၍ ထားခြင်းဖြစ်နိူင်သည်)။ ခေတ်ကလည်း ဟစ်ပီ (Hippy) ခေတ်ပေကိုး။ ဆံပင်ရှည်ရှည်ထားတဲ့ မောင့်ဘဝကိုခင်တွယ် တော်တန်ရုံမိန်းခလေးမစဉ်းစားပါတယ်ဆိုသော စတီရီယိုသီချင်းမျိုး ထွက်ပေါ်ခဲ့ဘူးသလို ဆံပင်ရှည်ထားတိုင်းလမ်းသရဲမဟုတ်ပါဟု တုံ့ပြန်ပြောဆိုသက်သေပြလိုသူတွေရှိခဲ့သည်။ သုံးနှစ်သုံးမိုး ဆံရှည်ကြီးနှင့်ကျောင်းတက်ခဲ့သည်မှာလည်းထိုသဘောပင်ဖြစ်ချေ၏။ မလိမ်မိုးမလိမ္မာ အတ္တ၏ပြယုဂ်တစ်ခုဟု ယ္ခုတော့သဘောပေါက်မိသလိုရှိလေသည်။

မဟာမြိုင်မှတ်တိုင်မှ အမှတ်(၈) ဘတ်စ (လင်းစဒေါင်း-အင်းစိန်) စီး၍ ကြို့ကုန်း ဘီပီအိုင်မှတ်တိုင်တွင် ဆင်းလျှင် ကျောင်းသို့ရောက်ပြီ။ ကားစီးချိန် နာရီဝက်မှမိနစ်လေးဆယ်။ ယာဉ်စီးခ (၂၀) ပြား (ဆူးလေ-အင်းစိန် အမြန်ဘတ်စကားဆိုလျှင် ဟံသာဝတီ-ဘီပီအိုင်(၃၀)ပြား)။ ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာ ကားကျပ်တတ်သော်လည်းသာမန်အားဖြင့်အဆင်ပြေပြေသွားလာ၍ရသည်။ တိုက်ပုံအင်္ကျီအသားကျဝတ် ဘတ်စကားအိန္ဒြေရရစီးကာကျောင်းသွားကျောင်းပြန်ဟန်ကြီးနိူင်ခဲ့သောထိုကာလမှာ မုန်တိုင်းကြိုကာလ၏တည်ငြိမ်ခြင်းမျိုးဖြစ်လင့်ကစား ကျွန်တော့်အတွက်အရာရာသည်မိန်းမောဘွယ်ရာ။ (စကားချပ်။ ဟာဝေယံရှပ် ခေါင်းလောင်းဘောင်းဘီခွာမြင့်ရှူးဘိနပ်တို့ဖြင့်စတိုင်ထွားသူတွေလည်းရှိကြ၏။ သို့ရာတွင် ထိုလူတန်းစားအများစုကဘတ်စကားမစီးချေ)။ သေချာပြန်စဉ်းစားတော့ ကျွန်တော်ယစ်မူး(လို)သောတက္ကသိုလ် တနည်း စိတ်ကူးထဲကတက္ကသိုလ်မှာ ကျွန်တော်တို့ရှေ့ကစံပြတက္ကသိုလ်တွေမို့ ပြောရလျှင်ပစ္စက္ခနှင့် အတန်ပင်ကွာဟနေပြီ။ သိုရာတွင်ကျွန်တော်ကစွဲမိစွဲရာစွဲတုံး ထင်ရာမြင်ရာပြောတုံး။ ထို့ကြောင့်ပင် ရှိစုမဲ့စုအပေါင်းအသင်းကြားမှာ ကျွန်တော်ကဖက်ရှင်ဟောင်းကြီး (Old-fashioned) ပမာ ရယ်စရာဖြစ်နေတတ်သည်ကိုလည်း အမှတ်ရမိသည်။ ကျောင်းသားဘဝတွင် ‘ထီးကောက်ကြီး’ ဟူသောအမည်ပြောင်ရသည်အထိ တိုက်ပုံအင်္ကျီ ထီးကောက်တကားကားနှင့်သွားလာနေထိုင်ဘူးခဲ့သောကျွန်တော် လုပ်ငန်းခွင်မှာထိုအတိုင်း စခန်းသွားမိသဖြင့် အထက်အရာရှိဖြစ်သူ မှ ‘နွားပွဲစားအင်ဂျင်နီယာ’ ဟု နောက်ကွယ်တွင်ထောမနာပြုခံရသည်လည်း ရှိခဲ့သည်။ ကျွန်တော်ကတော့ ရှင်သာရိပုတ္တရာကြီးပင်ကိလေသာကိုဝါသနာနှင့်တကွ မပယ်နိူင်ဆိုသော ကြားဘူးနားဝ စကားဖြင့် နူတ်လှံထိုးကာ ရေစွယ်တိုးသည့်အခြမ်းကကမ်းနားသစ်ပင်ဘဝကိုခံယူခဲ့သည်သာဖြစ်၏။

ထိုကမ်းနားသစ်ပင် ရေစီးကြောင့်ပြိုလဲကာမျောရပြန်တော့ ဦးစွာတင်သည့်ကမ်းကပြည်ပမှာ။ ထိုမှ ပြည်တော်ပြန် နွားပွဲစားအင်ဂျင်နီယာဘဝပြန်လည်ခံယူဘို့ ကျွန်တော်ပြန်လာသည်။ တစ်ရက် လုပ်ငန်းတခုအတွက် ညှိနှိုင်းရန်အလို့ငှါဌာနတခုသို့ကျွန်တော်သွားရ၏။ ရုံးကိစ္စဖြစ်သည့်ပြင် ဌာနကြီးမှူးကိုယ်တိုင် တက်ရောက်နိူင်သည်ဆိုသဖြင့် သင့်တင့်လျောက်ပတ်စွာ (ကျွန်တော့်အထင်) ဝတ်စားသွားသည်။ ရုံးသို့ရောက်ရှိ သတင်းပို့သောအခါ စာရေးဖြစ်သူကကျွန်တော့်အားခပ်စိမ်းစိမ်းကြည့်နေသည်ကိုသတိထားမိ၏။ နောက် အစည်းဝေးခန်းထဲမှာ အရင်ရောက်နှင့်နေသော ရင်းနှီးသူအရာရှိကြီးတဦးက ကျွန်တော့်ကို ‘ပင်နီတိုက်ပုံကြီးနဲ့ပါလားဗျ’ ဟု ရယ်ရွှန်းပတ်ရွန်းနှုတ်ဆက်သောအခါ ကျန်လူများ၏အဓိပ္ပါယ်အားဖြင့် မထင်ရှားသော အကြည့်တမျိုး ကျွန်တော့အပေါ်ဝေ့ဝဲလာကြပြန်ကုန်သည်။ ထိုအခါမှ ကျွန်တော်မှအပဖိတ်ကြားခံရသူပြင်ပစီးပွားရေးသမားအားလုံးမှာ ပေါ့ပေါ့ပါးပါးအဝတ်အစား (Casual Dress) တွေနှင့်သာဖြစ်သည်ကိုသတိပြုမိ၏။ တိုက်ပုံအင်္ကျီဝတ်ဆို၍အိမ်ရှင်အရာရှိကြီးများနှင့်ကျွန်တော်သာဖြစ်ကြကာ ယင်းတို့အနက် ကျွန်တော်တစ်ဦးသာ ပင်နီတိုက်ပုံနှင့်ဖြစ်လေသည်။ကံအားလျှော်စွာ ထိုလုပ်ငန်းညှိနိူင်းပွဲမျိုး ထိုတကြိမ်သာတက်ခဲ့ရသည်။ ဆရာစောကတော်ကြက်သားဟင်းမချက်တတ်၍မဟုတ် ကြက်သားဖိုးမတတ်နိူင်၍ဖြစ်သည် ဆိုသည်မျိုး ကျွန်တော်လုပ်ငန်းမလိုချင်၍မဟုတ်လုပ်ငန်း(ရှင်တွေ) ကကျွန်တော့်ကိုလိုချင်ပုံမရခြင်းကြောင့်ဖြစ်သည်။ သို့နှင့် ဒုတိယအကြိမ် ပြည်ပသို့ကျွန်တော်ထွက်ဖြစ်ခဲ့ပြန်၏။ မျောပေဦးတော့ မောင်ဗေဒါရေ။

သည်တခါပြည်တော်ပြန်လာတော့ တိုက်ပုံကိုကျွန်တော်မေ့မေ့ပျောက်ပျောက်ဖြစ်နေသည်။ အကြောင်း မညီညွတ်စွာ လူတောထဲဘောင်းဘီအဝတ်ကြာခဲ့သောကြောင့်ဖြစ်မည်။ မလိုအပ်တော့ (လူတောသူတောသိပ်မတိုးဖြစ်တော့) ခြင်းသည်လည်းတကြောင်းပါမည်။ လမ်းသွားလျှင် တိုက်ပုံအင်္ကျီလေးပါမှအထာကျသလို ဖြစ်ခဲ့သည့် ငယ်မူငယ်တွေးလေးတွေလွင့်ပြယ်ကြ၍လည်းဖြစ်နိူင်သည်။ နင့်ဟယ်ဒီအသက်ဒီအရွယ်လေးနဲ့ တိုက်ပုံကြီးတကားတကား လူကြီးပုံဖမ်းဖမ်းမနေစမ်းပါနဲ့ဆိုသော ဆွေမျိုးရင်းချာအမကြီးအဒေါ်ကြီးများ ခုနေမြင်လျှင် ဘာပြောကြမည်မသိ။ လူကြီး(လူအို)ပုံကဖမ်းစရာမလိုဖုံး၍ဖိ၍ပင်မရတော့ပြီလေ။ သည်ကြားထဲ တိုက်ပုံအင်္ကျီကို ချိတ်လုံချည်အဆင်ဆန်းတွေနှင့် တောက်ပစွာဝတ်ဆင်တတ်ကြသော မျက်နှာပြောင်ပြောင် လူတန်းစားတရပ်ကိုမြင်ပြီးစိတ်မထားတတ်ရာမှအဘိဇ္ဈာတွေပွားမိကာတိုက်ပုံနှင့်ကျွန်တော် အလှမ်းဝေးသွားသလိုခံစားရသေးသည်။ ထိုမှစွတ်ကျယ်လက်ပြတ် ပုဆိုးခါးပုံကျကွမ်းသွေးတပျစ်ပျစ်နှင့် အော်ကြီး ဟစ်ကျယ် ကိုရွှေစပယ်ယာတွေကိုမြင်ပြန်သောအခါ တိုက်ပုံအင်္ကျီဒိုဘီကျနှင့်ဟန်ပါပါစီးခဲ့ခြေခြေငံငံဆက်ဆံခံခဲ့ရဖူးသောတက္ကသိုလ်ကျောင်းသားဘဝက ဘတ်စကားတွေ စပယ်ယာ(လက်မှတ်ရောင်း)တွေကို (တိုက်ပုံနှင့်အတူ)လွမ်းမိသလိုလိုဖြစ်ရပြန်လေသည်။ သောင်စဉ်ရေမရတွေ ခိုင်းနှိုင်းပြောဆိုနေသည်ဟု ထင်လိုထင်နာလိုသူတွေနာကြပါစေ ကျွန်တော့်အတွက်တော့ ထိုမြင်ကွင်းတွေထက်ပို၍ပီပြင်သောခေတ်သရုပ်မရှိပြီ။

မကြာမီ ကျွန်တော်နှင့်တိုက်ပုံရှောင်လွှဲမရနိူင်သည့်ကာလတခုသို့ ရောက်လာခဲ့လေသည်။ ရင်းနှီးသော သူငယ်ချင်းတဦး၏သမီးမင်္ဂလာဆောင်ကိုမသွားမဖြစ်ကျွန်တော်သွားရမည်။ ဒါမျိုးကျ လူကြီးစင်စစ်ဖြစ်ပါလျက် လူကြီးပုံမဖမ်းမဖြစ်တော့။ ဗမာလူမျိုးတဦးအတွက်ဟုတ်သော်ရှိမဟုတ်သော်ရှိ တိုက်ပုံလေးဝတ်လိုက်လျှင် လူကြီးဆန်သွားပြီ။ ခက်သည်က ကျွန်တော့်မှာတိုက်ပုံအလွယ်တိုက်ပုံအလွယ်မရှိ။ ရှိသမျှတိုက်ပုံတွေက အသိမ်းလွန်နေကြရာ ထို (အလွန်တရာ) အသိမ်းအဆည်းသန်သူမရှိဘဲ ကျွန်တော်မရှာနိူင်။ အဝတ်အစားဆိုတာ မင်းအတွက်မင်းဝတ်တာမဟုတ်ဘူး သူများအတွက်မင်းဝတ်တာကွမှတ်ထားဟု ဝန်ထမ်းဘဝတုံးက ကျွန်တော် ပိုသီဖတ်သီနိူင်ပုံကိုကြည့်ကာ အားမလိုအားမရဆိုဆုံးမခဲ့ဖူးသော ဌာနမှူး၏စကားကို ယ္ခုမှနားလည်သလိုဖြစ်ကာတိုက်ပုံမပါဘဲသွားရမှာကိုလည်း ကျွန်တော်ဝန်လေးနေလေသည်။ ပြည်ပမှရောက်ကာစမို့  ပြည်ပဒွါဒရာ ဘောင်းဘီလည်စီးကြောင်ရှာသီးတွေနှင့် သွားရအောင်လည်း ကျွန်တော်အလေ့မထုံ အသားမကျ။ ကံအားလျှော်စွာ ပင်နီတိုက်ပုံခေါက်ရိုးကျတစ်ထည် ဘီရိုထဲမှာရှာတွေ့သဖြင့်ဘာဘာညာညာ မတွေးအားဘဲဝတ်စားကာ မင်္ဂလာပွဲသို့ရောက်ဖြစ်တော့၏။ ထိုတိုက်ပုံမှာတစ်ချိန်သောအခါက ဌာနဆိုင်ရာတစ်ခုသို့အလုပ်ကိစ္စအလို့ငှါအသွားတွင်ဝတ်ဆင်ခဲ့ဘူးပြီး အောင်မြင်စွာဆုတ်ခွာခဲ့ရဘူးသော တိုက်ပုံမှန်းသိသော်လည်း အပြောင်းအလဲခေတ်ခေါင်းထဲအသစ်တွေရောက်လောက်ပြီမို့ ပြာအလဲ့ဇာချဲ့မနေချင်တော့။

မင်္ဂလာဆောင်မှာကျောင်းနေဘက်သူငယ်ချင်းတွေပြန်ဆုံကြသဖြင့်ဟိုတုံးလိုရယ်မောပြောဆိုပျော်ရွှင်ကြရာ တယောက်သောသူကမင်းနိူင်ငံရေးလုပ်ဖို့ပြန်လာတာလားဟု တိုက်ပုံအင်္ကျီစကိုအသာအယာဆွဲ၍ရယ်ကျဲကျဲဖြင့်မေး၏။ ဒီလိုပါပဲကွာဟုခပ်ကြောင်ကြောင်ဖြေလိုက်ပြီးမှ အဓိပ္ပါယ်ပေါက်သလိုရှိသော်လည်း ပြန်လှန်မေးခွန်းမထုတ်တော့ဘဲတခြားအကြောင်းတွေသာပြောဖြစ်ခဲ့ကြလေသည်။ ထိုမှ မင်္ဂလာဆောင်နောက်တခုတွင်ကျောင်းပြီးကတည်းကမတွေ့ဖြစ်ကြသော သူငယ်ချင်းနောက်တဦးနှင့်ဆုံပြန်ရာအားရဝမ်းသာနှုတ်ဆက်ရင်း အချိန်မရသဖြင့်ထပ်မံဆက်သွယ်ဖို့အချိန်းအချက်ပြုခဲ့ကြ၏။ နောက်တနေ့သူ့ထံဖုန်းဆက်ပြီး မာကြောင်းသာကြောင်း မိသားစုအကြောင်း သူ့အကြောင်းကိုယ့်အကြောင်းတွေ ပြောဖြစ်ဆိုဖြစ်ကြပြန်လေသည်။ တနေရာတွင်သူက ခုခင်ဗျား XXX မှာလားဟု မေးလာ၏။ ပြည်သူ့အသည်းကျော်နိူင်ငံရေးပါတီကြီးတခုတွင် ပါဝင်ပတ်သက်သူတဦးအဖြစ် အထင်ခံရနည်းသလားဟု သဘောပိုက်နိူင်လျှင်မဆိုးသောမေးခွန်းဖြစ်လေသည်။ စင်စစ် ကျွန်တော်ကိုယ်တိုင် ထိုပါတီကိုနှစ်လိုသူတဦးဖြစ်သဖြင့် မေးခွန်းအတွက်စိတ်မကွက်သည့်တိုင် ဟိုနေ့ကသူငယ်ချင်း၏နိူင်ငံရေးလုပ်ဘို့ပြန်လာတာလားဟူသောမေးခွန်းနှင့် ယ္ခုမေးခွန်းတို့ကိုဆက်စပ်မိသောကြောင့် အနည်းငယ်တူးဆွလိုစိတ်ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် သူငယ်ချင်း၏အမေးကို ဘယ်ပါတီမှမဝင်ရပါဘူးဗျာ ဒါထက်ခင်ဗျားကဘာပြုလို့မေးတာတုံးဟု ဖြေမေးမေးလိုက်ဖြစ်လေသည်။ သူ့အဖြေက‘ဘာရယ်ဟုတ်ပါဘူး ကျောင်းမှာကတည်းခင်ဗျားဒါမျိုးဝါသနာပါတတ်တယ်မို့လား။ ပြီးတော့လဲ အဲသည်နေ့ ခင်ဗျားက ပင်နီတိုက်ပုံကြီးနဲ့ဆိုတော့’။ စိတ်မောသွားသည့်ကြားမှ ကျွန်တော်သူ့ကိုလေပြေကလေးဖြင့် ပြန်ပြောလိုက်၏။ “ဒါမျိုးဝါသနာပါတာနဲ့ ဒီပါတီဝင်စရာမလိုပါဘူးဗျာ။ ပြီးတော့ ကျွန်တော်ပင်နီတိုက်ပုံဝတ်တာကလည်း ခင်ဗျားပြောတဲ့ XXX ဆိုတာကြီးမပေါ်ခင်ကတည်းကပါ”။

ကျွန်တော်သည် အဝတ်အစားနှင့်ပတ်သက်လျှင်ခြိုးခြံလေ့ရှိသူ(နမော်နမဲ့နိူင်သူ)ဖြစ်၏။ သာဓကတခု အနေဖြင့် ဟိုခေတ်ကဝန်ထမ်းတိုင်းတက်ခဲ့ကြရသောဖေါင်ကြီးသင်တန်းခေါ် ပြည်သူ့ရေးရာဝန်ထမ်းလောင်းသင်တန်းတက်ခဲ့စဉ်ကအဖြစ်ကိုပြော၍ရမည်ထင်သည်။ သင်တန်းဝတ်စုံတွေထုတ်ပေးသည့်အခါ အများစုက မတော်မတန်တွေမို့ ကိုယ့််အစီအစဉ်နှင့်ကိုယ်ပြုပြင်ပြီးမှဝတ်ဆင်ကြရ၏။ ကျွန်တော်ကမပြုပြင်ဘဲ  ပေးသည့်အတိုင်းသာဝတ်သည်တွင်ဘောင်းဘီမှာ ခါးတော်သော်လည်းတင်အဆမတန်ကြီးနေသဖြင့် အတော်ကြည့်ရ ဆိုးလေသည်။ တချို့ကသင်တန်းသူဝတ်စုံနှင့်မှားနေသည်ဟု ကျွန်တော့်ကိုစကြသည်။ ကျွန်တော်က ခွန်းတုံ့မပြန်။ သင်တန်းသူအားလုံးနီးပါးနှင့်သင်တန်းသားအချို့တို့ ကျောင်းမှပေးသည့်ဝတ်စုံကို ပြင်၍ပင်မဝတ်ဘဲ ကိုယ်ပိုင်ဝတ်စုံကို စိတ်တိုင်းကျချုပ်ပြီးသေသေသပ်သပ်ဝတ်စားနေကြချိန်မှာကျွန်တော်က ကျောင်းမှပေးသော ထိုဝတ်စုံမတော်တရော်ဖြင့်စစ်ရေးပြကွင်းမှာစာသင်ခန်းတွေမှာစာသူငယ်ကြားဠင်းတနားသလို တဆောင်တည်းနေသူ တပ်စုတစုတည်းအတူသွားအတူလာနေကြရသူတွေအကြား ထီးထီးကြီးဖြစ်နေခဲ့ဖူးသည်။ အဝတ်အစားနှင့်ပတ်သက်၍ နှစ်ပေါင်းသုံးဆယ်ကျော်ကအမှတ်တရတစ်ခု။

ယ္ခုအခိုက်အတန့်မှာတော့ (ပင်နီမဟုတ်သော) တိုက်ပုံတထည်အသစ်ချုပ်ရကောင်းမည်လားဟု ကျွန်တော် စဉ်းစားနေလေသည်။






 

Monday, April 20, 2015

ကျွန်တော်နှင့်မျက်ရည်


ကျွန်တော့်ကိုယ်ကျွန်တော် မျက်ရည်လွယ်သူတဦး အဖြစ်လက္ခံထားသည်။ ငယ်စဉ်ကထစ်ကနဲဆို မျက်ရည်ကျတတ်သဖြင့် အကိုကြီးကမင်းအခြောက် (မိန်းမရှာ)လားဟု မေးသည့်အခါမေး ရိုက်သည့်အခါ ရိုက်ခြင်းကိုခံရ၏။ ဟိုတုံးကယ္ခုလိုမိန်းမရှာ အခွင့် အရေးတွေဘာတွေမရှိသေးတော့ ထိုသို့အခေါ်ခံရလျှင်လူဖြစ်ရှုံးပြီမှတ်။ ရိုက်သည်ကိုနာခြင်းထက် မိန်းမရှာဟုအခေါ်ခံရမည်ကိုရှက်လွန်းသောကြောင့်  မျက်ရည်မကျအောင် ကြိုးစားသည့်ကြားထဲက အရေးဆိုဘယ်ကဘယ်လိုမျက်ရည်တွေရောက်လာမှန်းမသိ။ လူထူထူမှာ ဒါမျိုးဝမ်းနည်းခံပြင်းကြုံမည် စိုးသဖြင့် ရှောင်ရသည်မှာလည်းအမော။ ကလေးဘဝတုံးကကိစ္စသိပ်မရှိဆိုရသည့်တိုင် အလွယ်တကူ မျက်ရည်ကျသဖြင့် အစအနောက်ခံရသည်မှာသက်သာလှသည်တော့မဟုတ်။ မျက်ရည်နှင့်ပတ်သက်သည့် အမှတ်တရများလည်း ဘဝမှာအတော်အတန်တော့ ရှိခဲ့လေသည်။ ဟိုးငယ်စဉ် အကလေးဘဝမှသည် မနေ့တနေ့ကအထိ။

နှစ်တန်းလားသုံးတန်းလားမမှတ်မိတော့သော ကျောင်းတက်ရက်တစ်ရက် ကျောင်းတက်ခေါင်းလောင်းမထိုးမီကျွန်တော်တို့ကစားနေခဲ့ကြသည်။ ယောက်ကျားလေးများသဘောကျသောစစ်တိုက်တန်းဖြစ်၏။ ပါးစပ်သေနပ်တဒိုင်းဒိုင်းပစ် လက်ပစ်ဗုံးတွေတဝုံးဝုံးထုနေကြရင်း ဈာန်ဝင်သွားသူတစ်ယောက်က ပြောင်းဖူးရိုးကို လက်ပစ်ဗုံးပမာပစ်လိုက်သည်မှအစ ကျွန်တော်တို့တိုက်ပွဲမှာလည်း လေတိုက်ပွဲမှသည်ပြောင်းဖူးရိုးတိုက်ပွဲအသွင်သို့ရုပ်ခြည်းဆိုသလိုပြောင်းသွားလေတော့၏။ ပျော်ပျော်ပါးပါးပြောင်းဖူးရိုးရှာပြီး ကစားကြသည်မှာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့မြေကွက်လပ်ထဲသို့ ဘယ်လိုရောက်လာကြသည်မသိ၊ အရိုက်ကြမ်းသည်ဟု ကျော်ကြားသော ဒု ကျောင်းအုပ်ဆရာကြီး ရုံးခမ်းထဲမှခါးထောက်ကြည့်နေသည်ကိုလည်းမမြင်မိကြတော့။ သို့နှင့် ကျွန်တော်တို့အားလုံးရုံးခမ်းရောက် တန်းစီ၍အရိုက်ခံရသည်။ ကျွန်တော့် အလှည့်မှာ လက်လှည့်သင့်အောင်လက်ပိုက်၍ ဆရာနှင့်ဘေးတိုက်အနေအထားရပ်စဉ် မျက်ရည်တွေဒလဟောကျနေသည်ကိုမြင်သောဆရာကြီးက ‘မရိုက်ရသေးဘူးဘာလို့ငိုနေတာလဲ’ ဟု သူ့အသံသြောကြီးဖြင့်မေးရာ ကျွန်တော်ကပျာပျာသလဲ “သားသားငိုတာ မဟုတ်ပါဘူးဆရာကြီး၊ မျက်ရည်တွေက သူ့အလိုလိုကျလာတာပါ” ဟု ပြောခဲ့သည် (နောင်တွင် မျက်နှာကြောတင်း စကားတိုဘုကျဂွစာတယောက်အဖြစ် အသိုင်းအဝိုင်းအကြားလူသိများသော ကျွန်တော်ငယ်စဉ်ကစကားပြောလျှင် သားသား သားသားဟု ချိုသာစွာပြောဆိုသုံးနှုံးလေ့ရှိခဲ့၏။ ငယ်စဉ်အတူနေခဲ့ဘူးကြသောလူကြီးတွေနှင့်ကျွန်တော်လူလတ်ပိုင်းမှာပြန်ဆုံသည့်အခါတိုင်း ငယ်ငယ်ကသားသား သားသား နဲ့ စကားပြောတာမင်းလားဟုအမေးခံရလေ့ရှိသည်။ ဤကားစကားချပ်)။

ဆိုင်သည်မဆိုင်သည်အပထား ကျွန်တော်ထိုနေ့ကအရိုက်မခံရ။ ဆရာကြီးကသွားဟုကျွန်တော့်ကို ငေါက်ထုတ်ပြီး နောက်တယောက်ကိုရိုက်ဖို့ခေါ်သည်။ သူတို့အားလုံးတစ်ချက်စီအရိုက်ခံရကာ ကျွန်တော်တစ်ယောက်ထည်းလွတ်သွားသဖြင့် မကျေနပ်သူတွေရှိခဲ့ကြပြီး အဲဒါမျက်ရည်အရင်ကျလို့ ဂန်ဒူးမို့အရိုက်မခံရတာဟု နာအောင်ပြောသူပြောကြသော်လည်း ကျွန်တော့်ခြေသလုံးမှာသူတို့လိုအရှိုးမထင်သည်ကိုတော့ မကျေနပ်လည်း သူတို့ဘာမှမတတ်နိူင်။ အိမ်မှာတော့ မရိုက်ခင်မျက်ရည်ကြိုကျလျှင်မကြိုက်။ အထူးသဖြင့် အကိုကြီးက မျက်ရည်ကျလျှင်ပိုရိုက်သည်။ ငယ်ငယ်ရွယ်ရွယ်မှာ ဖခင်ဆုံးပြီး သည်အကိုကြီး၏အုပ်ချုပ်မှုဖြင့် ကြီးပြင်းရသည်ဆိုတော့ ကျွန်တော်မည်မျှပို၍အရိုက်ခံရမည်မှာ ဗေဒင်မေးစရာမလို။ သို့သော် လူပျိုပေါက်ဖြစ်လာသည့်အချိန်မှစ၍ ကျွန်တော်လည်းကိုယ့်မျက်ရည်ကိုယ်ထိမ်း အကိုကြီးကလည်းသူ့ဒေါသသူထိမ်းနိူင်ကြ၍လားမသိ သိပ်အရိုက်မခံရတော့သလို မှတ်မိသလောက်မျက်ရည်ကျရသည့်အဖြစ်လည်းမရှိခဲ့။ ဖြစ်မည့်ဖြစ်တော့ တက္ကသိုလ်ကျောင်းသားဘဝမှာမှဘာမဟုတ်တာလေးနှင့် မျက်ရည်ကျရသည်။ ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက် မှာဖြစ်၏။

ထိုစဉ်က ပြည်လုံးကျွတ်စာတတ်မြောက်ရေးလုပ်အားပေးစီမံကိန်းတွေရှိလေရာ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တခု၏ နွေရာသီစာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ကျွန်တော်တို့လုပ်အားပေးလိုက်ပါခဲ့သည်။ တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများပါဝင်သောအထူးရထားကြီးဖြင့် ရန်ကုန်သာစည်မှအောင်ပန်း ထိုမှ ကားများဖြင့် ရွာငံ ပင်းဒယ စသည့် ဒေသအသီးသီးသို့ ထွက်ခွာကြရာဖွင့်ပွဲအခမ်းအနားကျင်းပရာမြို့သို့ အရောက်တွင်ကြီးကြပ်သူဆရာများမှကျွန်တော်တို့အဖွဲ့ထဲမှတယောက်ကိုရန်ကုန်သို့ပြန်ပို့ရန် (Return to Unit) စီစဉ်ခဲ့ကြသည်။ စင်စစ် ပြန်ပို့ခံရမည့်သူမှာ ကျွန်တော်နှင့်တွဲဘက်။ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၏။ စိတ်သဘောထားကောင်းသော်လည်း လူအမြင်ကပ်အောင်နေတတ်သူ သို့မဟုတ် လူအတော်များများကိုအမြင်ကပ်နေသူ။ ထိုအရာတွေမှာတူနေ၍လားတော့မသိ သူနှင့်ကျွန်တော်အတော်အတွဲညီပြီး (အထူး သဖြင့်သူ့အသံနက်ဖြင့်အော်ကြီးဟစ်ကျယ်နောက်ပြောင်မှုတွေကြောင့်) မြင်ပြင်းအကပ်ခံကြရသည်။ ယ္ခုလည်း တလမ်းလုံးရထားပေါ်ကားပေါ်မှာမြင်မြင်ကရာ အော်ဟစ်နောက်ပြောင်လာခဲ့ခြင်းကြောင့် ကျောင်းသားအရပ်သားအချို့တို့မှတိုင်ကြားခဲ့သည်ဆိုကာ အုပ်ချုပ်သူတွေကပြန်ပို့ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။  သူတို့ဖွင့်မပြောသော်လည်း အခြားအကြောင်းတစ်ခုရှိသေးသည်ဟု ကျွန်တော်ထင်သည်။ ယင်းမှာ ရထားပေါ်မှာတုန်းကမိန်းကလေးတစ်ဖွဲ့နှင့်ပယောပယီလုပ်နေသော ဆရာတစ်ဦးအား သူငယ်ချင်းကကြည့်မရဖြစ်ကာအော်ဟစ်ရာမှ ထိုဆရာနှင့်ကတောက်ကဆဖြစ်ခဲ့ကြခြင်းဖြစ်၏။ ခုတော့ ထိုကိစ္စမပါအခြားအကြောင်းပြချက်နှင့်သူ့ကို ပြန်ပို့လုပ်နေကြပြီ။

ကြိုတင်သတိပေးတားမြစ်ခဲ့ခြင်း ညှိနူင်းဖြေရှင်းခွင့်ပြုခြင်းမျိုးမရှိ (ခုပြန်စဉ်းစားတော့ ခြောက်ရုံလှန့်ရုံလုပ်တာမျိုးလည်းဖြစ်နိူင်သည်)။ တကယ်တန်းကျ ကျွန်တော့်သူငယ်ချင်းလည်း အတော်စိုးရိမ်သွားခဲ့သည်။ သူ့ဖခင်က စည်းကမ်းကြီးသောအဆင့်မြင့်တပ်မတော်အရာရှိကြီးတဦးဖြစ်ပြီး ဤကိစ္စသာနားပေါက်သွားလျှင် သူ့ကို ချမ်းသာပေးမည်မဟုတ် (အာဏာရှင်ခေတ်ချင်းအတူတူ ထိုခေတ်ကလူကြီးသားသမီးဆိုတိုင်း ကျောင်းမှာ အခွင့်ထူးခံမရသည့်သဓကတခုဖြစ်၏။ ကျွန်တော့်သူငယ်ချင်းဆိုလျှင် နောက်တနှစ်မှာစာမေးပွဲပင်ကျလိုက်သေးရာဘယ်သူမှဘာမှမတတ်နိူင်)။ ယ္ခုလည်း သူနှင့်ကျွန်တော်လုပ်အားပေးရန် တရွာတည်းကျသည်မို့ သူ့ပြန်ပို့လျှင်ကျွန်တော့်ကိုရောဘာလုပ်ကြမှာလဲ။ အားလုံးပျော်ရွင်နေကြချိန်မှာ ကျွန်တော်တို့ နှစ်ယောက် အခမ်းအနားကျင်းပရာကျောင်းနှင့် မလှမ်းမကမ်းရှိ စိန်ပန်းပြာပင်ကြီးအောက်မှာ ကြောင့်ကျစွာထိုင်နေဖြစ်ခဲ့ကြသည်။ ထိုအချိန် ကျွန်တော်တို့ဆီကိုနောက်သူငယ်ချင်းတစ်ယောက် သုတ်သီးသုတ်ပျာရောက်လာ၏။ သူငယ်ချင်းဆိုရသည့်တိုင် သူကကျွန်တော်တို့နှစ်ဦးစလုံးနှင့်ဆန့်ကျင်ဘက်။ အေးဆေးတည်ငြိမ်ပြီး လူချစ် လူခင်ပေါများသူဖြစ်၏။ အတူလာကြသည့်တိုင်သူနှင့်ကျွန်တော်တို့ကအဖွဲ့ချင်းမတူ။ ယ္ခုကျွန်တော်တို့သတင်းကိုကြားကြားခြင်း  စိတ်ပူစွာလိုက်လာခဲ့ခြင်းဖြစ်ပြီး ဆရာတွေနှင့်သင့်အောင်မနေရကောင်းလားဟု ဆူ(အပစ်တင်)သည်။ ဆူရင်းဆူရင်းသူမျက်ရည်ကျလာတော့ရာ ကာယကကံရှင်ကျွန်တော်တို့အဖို့ရာ ငိုချင်ရက်လက်တို့ဆိုသလိုဖြစ်လေတော့၏။

ကံအားလျော်စွာ ထိုအဖြစ်အပျက်မှာပျော်ရွှင်ဖွယ်နိဂုံးဖြင့်အဆုံးသတ်ခဲ့ရ၏။ သူငယ်ချင်း(နောက်ရောက်) က သူငယ်ချင်း(ဆိုးသူ)ကိုဆူ၍ဝသောအခါ အုပ်ချုပ်သူဆရာတွေထံသွား၍သူ့သူငယ်ချင်းကိုသူတာဝန်ယူပြီး သူ့အဖွဲ့နှင့်ခေါ်မည် ရန်ကုန်ပြန်မပို့ပါနှင့်ဟုပြောသည်။ လူရည်ချွန်နှစ်ထပ်ကွမ်းရဖူးသူလမ်းစဉ်လူငယ်ခေါင်းဆောင်တယောက်၏တာဝန်ယူမှုကိုအဘယ်ဆရာသည်လျစ်လျူပြုအံ့နည်း။ ၎င်းပြင် ဤသို့သောခရီးစဉ်ကိုကျောင်းသားတယောက်အာတီယူ (RTU) ဖြစ်ရခြင်းဖြင့်အကျည်းတန်စေရန် အဘယ်သူစိတ်အားထက်သန်ပါမည်နည်း (သူ့ဖခင်၏ရာထူးအရှိန်အဝါကိုထည့်သွင်းစဉ်းစားကောင်းလည်းစဉ်းစားခဲ့ပေမည်)။ သို့နှင့် ပြန်မပို့တော့ဘဲအဖွဲ့ချင်းလူလဲရုံသာလဲလိုက်ကြ၏။ ကျွန်တော်တို့လည်း ပျော်ရွှင်စွာခရီးဆက်ဖြစ်ခဲ့ကြလေသည်။ ယောက်ကျားသားသူငယ်ချင်းသုံးဦး တစ်ရပ်တစ်ကျေးကစိန်ပန်းပင်အောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် မျက်ရည်လည်ရွဲဖြစ်ခဲ့ကြရပုံမှာ လွမ်းမောဘွယ်မကောင်းလှသော်လည်း မေ့နိူင်စရာမရှိ။ လူမုန်းများဆုံးပုဂ္ဂိုလ်က ဌာနတခု၏အဆင့်မြင့်အရာရှိဘဝမှယ္ခုအငြိမ်းစားယူပြီ။ လူချစ်လူခင်ပေါများသူ(ကယ်တင်ရှင်)က ဌာနဆိုင်ရာတခု၏နှိပ်စက်ညှင်းပန်းမှုကိုမခံနိူင်သည့်အဆုံး ကြီးကောင်ကြီးမားမှ ကျွန်တော့်လို စင်္ကာပူလာပြီးအသက်ဆက်နေရှာသည်။ တလောကသူနှင့်တွေ့တော့ ထိုအကြောင်းစမြုံ့ပြန်ရင်း ‘အဲသည်တုံးကမင်းကဘာလို့ငိုရတာလဲ’ ဟု စလိုက်ရာ ရယ်ကျဲကျဲဖြင့် သူက ‘မင်းကရော ဘာလို့လိုက်ငိုရတာလဲ’ ဟု ပြန်မေးသည်။ အဖြေမရှိသောပုစ္ဆာတစ်ရပ်မှန်း နှစ်ယောက်စလုံးသိနေကြသလိုပင်။

ကျောင်းပြီး၍အလုပ်ဝင်ကာ ဘဝကိုရင်ဆိုင်ကြရတော့စိတ်ဓါတ်ကပိုမိုကြံခိုင်လာသည်လား။ ဒါမှမဟုတ် လောကဓံကိုမျက်ရည်ခံထိုးရာရောက်မည်စိုး၍လားမသိ မျက်ရည်ပိုခိုင်လာသလောက်ကိုယ်နှုတ်နှလုံးသုံးပါးတို့ပို၍ကြမ်းတမ်းလာကြသည်ကိုသတိပြုမိရလေသည်။ တွေ့ကြုံဖြတ်သန်းရသမျှမှာလည်း စိတ်နှလုံးအေးချမ်းစရာ တစ်နေ့တစ်ခြားနည်းပါးလာ၏။ သည်ကြားထဲ ဝှေ့တတ်သည့်နွားကိုရှောင်ပြန် ကန်တတ်သည့်နွားနှင့်တိုးဆိုသလို တပါတီအာဏာရှင်စံနစ်ကိုဖြုတ်ချလိုက်နိူင်ကာမှ အကြွင်းမဲ့စစ်အာဏာရှင်စံနစ်၏ လက်တွင်းသို့သက်ဆင်းကြရပြန်သည်။ ဗဟိုလ်ဦးစီးစံနစ်မှသည်စစ်ဘုရင်စံနစ်သို့နမူးဆူးတိုးပြောင်းခိုက် ပြည်ဘဏ္ဍာမင်းဟာမှတ် မင်းဘဏ္ဍာကိုယ်ဟာမှတ်နေကြသည့် မုသားညီညီအပလီဗိုလ်မင်းတွေနှင့် ပညာမဲ့အခြေခံလူတန်းစားအကြားက နိူင်ငံ့ဝန်ထမ်းဘဝမှာ အမှန်ပြောရလျှင် စက်ဆုပ်ဘွယ်အတိဖြစ်နေပြန်သည်။ သို့ရာတွင် လူမှုတာဝန်တွေလေးလံဖိစီးချိန်မို့ထိုဝန်ထမ်းဘဝကို စွန့်လွှတ်ဘို့ဆုံးဖြတ်ရခြင်းမှာလည်း လွယ်ကူလှသည်မဟုတ်။ ထိုအချိန်မှာပင်မိခင်ဆုံးသည်။ အကိုကြီးအိမ်တွင်မြေမချမီပြင်ဆင်ထားသော မိခင်၏ရုပ်အလောင်းကိုကြည့်ရင်း သားကျွေးမှုမယားကျွေးမှုတွေနှင့်ဗျာများကာ မိခင်အပေါ်တာဝန်မကျေမှုများရှိခဲ့ခြင်းအတွက်ခွင့်လွှတ်ပါရန် (မလိုအပ်တော့မှန်းသိလျက်) ရင်တွင်းမှတောင်းပန်ခိုက် တာကျိုးသလိုပြိုဆင်းလာကြသော မျက်ရည်တွေကို တားဆီးဖို့မကြိုးစားတော့။ မြေချသည့်နေ့လိုက်ပါပို့ဆောင်ကြသူတွေရှေ့မှာ မျက်ရည်တစ်ပေါက်မကျခဲ့ခြင်းတွက် ကျွန်တော့် 'စိတ်ခိုင်မှု’ ကိုချီးမွမ်းခြေကျောက်လုပ်လာသူအချို့ကြုံရသောအခါတွင်လည်းထူး၍ခံစားမိခြင်းမရှိတော့။ မိခင်ဆုံးပါးရခြင်း၌ကြေကွဲသည်ထက်ပိုသောခံစားချက်လောကမှာမရှိကြောင်း သူတို့နားလည်လက္ခံနိူင်အောင်ကျွန်တော်ရှင်းမပြလို။

ကိုယ့်မျက်ရည်နှင့်ကိုယ်ပေမင့် လူသူလေးပါးရှေ့မျက်ရည်ကျတာမျိုးကတော့မသင့်။ ဒါက ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အထူးသဖြင့်ယောက်ကျားသားများအတွက် ဥပဒေသတစ်ရပ်လိုဖြစ်နေသည်။ သို့ရာတွင် မျက်ရည်ဆိုသည်ကလည်းကျချင်တိုင်းကျ၍မရသလိုကျလျှင်လည်းတားဖို့ရန်ခက်ခဲ၏။ စိတ်လှုပ်ရှားခြင်း၏ ဘေးထွက်ဖြစ်သောမျက်ရည်ကြောင့် ကမောက်ကမဖြစ်ရသောသာဓကတွေ ရှိခဲ့ဖူးသည်။ ဆိုပါစို့ မိခင်ဌာနမှ ကျွန်တော့်အပေါ်ဌာနပိုင်ပစ္စည်းခွင့်ပြုချက်မရဘဲကိုယ်ရေးကိုယ်တာကိစ္စရပ်တွင် သုံးစွဲသည်ဟုစွတ်စွဲကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည့်ကိစ္စ။ မဆလတခေတ်လုံးဝမ်းခေါင်ခဲ့ကြရသောဌာနဆိုင်ရာတွေကို ‘ကိုယ့်ဘာသာကိုယ်လည်သလိုရှာစားရန်’ လွှတ်ပေးလိုက်သည်နှင့်အရင်ဆုံးလုပ်ကြသည်မှာ မြေနေရာငှါးစားခြင်း စွန့်ပစ္စည်းထုတ်ရောင်းခြင်းစသည့် ဆူလွယ်နပ်လွယ်အလုပ်တွေဖြစ်ပြီး အရင်ဆုံးဖြည့်ဆည်းကြသည်မှာ ကိုယ့်အိပ်ကပ်ကိုယ်ဖြစ်လေသည်။ မဖြည့်လျှင်လည်း အိပ်ကပ်တွေကပြားချပ်နေပြီ။ အစိုးရကသူတို့ ရှင်သန်ရေးအတွက်ကမ္ဘာမှာနာမည်ဆိုးဖြင့်အကျော်ကြားခံကာ သယံဇာတတွေထုတ်ရောင်းနေခိုက် လုပ်ပိုင်ခွင့်ရှိသောဝန်ထမ်းတွေကလည်း မိုးရွာတုန်းရေခံသလို သူတို့လုပ်ပိုင်ခွင့်နှင့်နိူင်ငံအရင်းအနှီးတွေကို ဈေးဖြတ်ကာ ခါတော်မီသူဌေးတွေထံကျိတ်ရောင်းရင်း အိတ်ဖေါင်းအောင်ကြံကြဖန်ကြ၏။ ရွဲကုန်သည်ဇာတ်ထဲကမြေးအဖွား ရွှေခွက်ရောင်းသလိုဖြစ်၏။ သို့ရာတွင် သူတို့မှာကယ်တင်မည့်ဘုရားအလောင်း ရွဲကုန်သည်ရှိခဲ့သည်။ သည်မှာက ရသာလျှင်ဘနဖူးသိုက်တူးမည့်သူချည့်။ သည်လိုအရှုပ်တွေထဲမှာရှင်းအောင်နေလွန်းသဖြင့် သင်းကွဲမျောက်ဖြစ်လာသည့်အခါ အင်မတန်မြတ်နိူးခဲ့ဖူးသောဝန်ထမ်းဘဝကိုပင် စွန့်လွှတ်ဖို့ဆုံးဖြတ်၍ နှုတ်ထွက်ခွင့်ကိုစောင့်မျှော်ဆဲ ဝန်ထမ်းတစ်ပိုင်းစီးပွားရေးသမားတစ်ပိုင်းဘဝသို့ရောက်ခဲ့ရလေသည်။ တစ်ချို့ စိတ်ပြတ်သူတွေကျတော့နေ့ပင်မဆိုင်း။ လုပ်ဖေါ်ကိုင်ဖက် စာရင်းအင်းအရာရှိတစ်ဦးဆိုလျှင် ဘာကဘယ်လို ဖြစ်သွားသည်မသိ ‘တစ်နေ့တစ်ခြားကိုယ်စားတဲ့ထမင်းလုပ်ကိုယ်မျိုမကျတော့ပါဘူးရှင်’ ဟု မဲ့ပြုံးကလေးနှင့် ပြောကာ နောက်တစ်နေ့ရုံးသို့မရောက်တော့သည်ကို ယနေ့ထိကျွန်တော်အမှတ်ရဆဲ။ သို့ရာတွင် ကိုယ့်ကိုကိုယ်တော့သည်လိုလုပ်ဖြစ်ရလိမ့်မည်မထင်ခဲ့။ တကယ်တန်းကျ သူ့လိုမဲ့ပြုံးကလေးနှင့်ပြောနိူင်စွမ်းပင် မရှိတော့သည့် အဖြစ်မျိုးကြုံရ၏။

တည်ဆောက်ပြုပြင်မြန်ပြည်တစ်ခွင်ဆိုလား တိုင်းပြည်နေရာအနှံ့အစိုးရဦးစီးသောစီမံကိန်းကြီးများ ဆောင်ရွက်ရာ၌ ရုပ်ရှင်တွေထဲမှာသာကြည့်ဖူးသော ကျွန်တော်တို့မမီလိုက်သည့် ဂျပန်စစ်သားတွေ အိမ်ပေါက်စေ့ကြက်ဥရှာသလိုမျိုး ဌာနဆိုင်ရာတွေမှာရှာဖွေကာ အသုံးဝင်သမျှယူတတ်ကြသည်ကို ထိုခေတ် ဝန်ထမ်းတိုင်းသိကြသည်။ တစ်ချို့ကြည်ကြည်ဖြူဖြူ အခွင့်အရေးမျှော်၍ပေးကြသည်။ တချို့မကြည်ဖြူသော်လည်း စကားနဲရန်စဲပေးကြသည်။ ပေးရသည်ချင်းတော့အတူတူပင်။ ထိုအချိန်က သမိုင်းဝင်ဈေးကြီးတစ်ခုဆောက်ရန်သမိုင်းဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးအား အစိုးရမှလုပ်ငန်းအပ်နှံခဲ့ရာပံ့ပိုးမှုတစ်ရပ်အဖြစ် ကျွန်တော်တို့သင်္ဘောကျင်းပိုင်မြေတစ်ကွက်ကို အလုပ်ရုံဖွင့်ရန်အလို့ငှါအသုံးပြုခွင့်ပေးခဲ့ရ၏။ အုပ်ချုပ်ရန်အကြီးတန်းအရာရှိတဦးအပြင် ကျွမ်းကျင်လုပ်သားစက်ကရိယာနှင့်ကုန်ကြမ်းပစ္စည်းကအစ လိုအပ်၍တောင်းခံလျှင်ပံ့ပိုးရ၏။ (စကားချပ်။ လုပ်ငန်းတွေပြီးဆုံးသည့်တိုင်ထိုမြေကွက်မူလပိုင်ရှင် (ကျွန်တော်တို့)ထံပြန်မရောက်ခဲ့။ စူ့ထက်စူလူစွမ်းကောင်းများလက်ဆင့်ကမ်းအသုံးတော်ခံခဲ့ကြရာမှယ္ခုအခါ နှစ်တရာကျော်သက်တန်းရှိ၍ သမိုင်းတန်ဖိုး(ထားတတ်လျှင်)အတော်အတန်မြင့်သော ထိုမြေကွက်အပါအဝင် သင်္ဘောကျင်းတခုလုံး ကမ္ဗည်းကျောက်စာတချပ်တလေမျှပင်တင်မကျန်ရစ်တော့သည့် ကုန်သေတ္တာစခန်းတခုဖြစ်သွားခဲ့ပြီ)။ ထားတော့။

ထိုသို့ ပံ့ပိုးထိုက်သူများအားပံ့ပိုးရန်ညွှန်ကြားချက်ကိုနာခံဆောင်ရွက်ဖူးသူပြီပြီအတုမြင်အတတ်သင်သည်ဟုပြောစရာကျွန်တော့်မှာရှိခဲ့လေသည်။ ကျွန်တော့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက်မဖြစ်မနေသုံးရန် လိုအပ်လာသည့် တခုသောကာလတွင်မပြောပလောက်သောဌာနပိုင်စက်ကရိယာတစ်ခုတလေကို (တရားဝင်နည်းလမ်းများဖြင့်ခွင့်ပြုချက်တောင်းသော်လည်းမရသည့်အဆုံး) ကျွန်တော့်သဘောနှင့်ကျွန်တော်ယူဆောင်အသုံးပြုဖို့ဝန်မလေးခဲ့သောကြောင့်ဖြစ်သည်။ နောင်တမရသော်လည်းသင်္ခမ်းစာတွေအပြည့်ရခဲ့သော ထိုဖြစ်ရပ်တွင်ငယ်စဉ်ကဖတ်ခဲ့ဘူးသည့်“ဂုဏ်ရည်တူလူတရပ်တို့ကလည်း တတ်မည်ကိုစိုးရိမ် လိမ္မာလျှင်မကြိုက် မိုက်လျှင်ဝမ်းသာ ချမ်းသာလျှင်မြင်ပြင်း ဆင်းရဲလျှင်အားရ” ဆိုသောစာသားလေးများအား စွဲမှတ်စရာဖြစ်ခဲ့လေ၏။ သို့ရာတွင် ဌာနမှူးဦးဆောင်သောခုံရုံးအဖွဲ့သို့မူ “စည်းကမ်းဟူ၍မည်မည်ရရမရှိတော့သော ကာလနှင့်ဒေသမျိုးမှာကျွန်တော့်အပြုအမူသည်မည်သည့်စည်းကမ်းကိုချိုးဖေါက်သည်ဟု သတ်မှတ်ရန်ခက်သလို လက္ခံရန်လည်းခက်ခဲပါကြောင်း” ထုခြေချက်နှင့်တကွတောင်းခံထားခဲ့ပြီးဖြစ်သောနူတ်ထွက်စာကို အမြန်ဆုံးစဉ်းစားခွင့်ပြုပေးရန်ကိုသာတင်ပြရင်း“ဆရာတို့တတွေသေဖို့ပြင်နေကြတဲ့အချိန်မှာ (ဌာနမှူးအပါအဝင်ခုံအဖွဲ့ဝင်တွေမှာပင်စင်နားနီးကြပြီ) ကျွန်တော်တို့က နေဖို့ပြင်နေရတယ်ဆိုတာမမေ့ကြပါနဲ့” ဟု မျက်ရည်နှင့်ပြောဖြစ်ခဲ့၏။ ထိုနေ့မှစ၍လုပ်ငန်းခွင်သို့ကျွန်တော်မသွားတော့။ ယ္ခုကျွန်တော်ကိုယ်တိုင်သေဖို့ပြင်ရမည့်အချိန်မျိုးကိုရောက်လာတော့ ထိုဆရာသမားတွေကိုအားတုံ့အားနာဖြစ်ရသော်လည်း တောင်းပန်လိုစိတ်တော့မပေါ်ပေါက်မိ။ ဖြစ်နိူင်လျှင်သာ ထိုစကားတွေကို ပေါ့ပေါ့တန်တန်မဖြစ်အောင် မျက်ရည်မကျဘဲ ပြန်ပြောလိုခဲ့သည်။

နောက်တခါ မျက်ရည်ကျဖြစ်သည်ကဘန်ကောက်မှာ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှာပါ သင်းကွဲမျောက် ဖြစ်လာသောအခါ ကျွန်တော့်အတွက်ပြည်တွင်းမှာပါနယ်ကကျဉ်းလာပြီ။ ထိုအချိန် ဆရာသမားတဦးက ဘန်ကောက်မှလှမ်းခေါ်သဖြင့်လိုက်သွားသည်။ ထူထောင်စအများပိုင်သင်္ဘောကျင်းတစ်ကျင်းမှာဖြစ်၏။ အလုပ်အကိုင်လစာ နေရာထိုင်ခင်းအစစအဆင်ပြေသည်။ ပို၍အဆင်ပြေသည်မှာ ပြည်တွင်းကလုပ်ဖေါ်ကိုင်ဖက်ဟောင်းဆရာသမားဟောင်းတွေနှင့် အတူတကွပြန်လည်လုပ်ကိုင်ရ၍ဖြစ်သည်။ အားလုံးပညာအရည်အချင်း လုပ်သက်အတွေ့အကြုံရင့်ကျက်ကြသူတွေချည့်မို့ ‘ဦးနှောက်ယိုစီးမှု’ဆိုသည်ကို မျက်ဝါးထင်ထင်တွေ့ကြုံရခြင်းလည်းဖြစ်၏။ ကိုယ့်ဝေဒနာနှင့်ကိုယ်မို့ ထိုကိစ္စကိုသီးခြားကိစ္စတရပ်အဖြစ်သာရှုမြင်ခဲ့ရာ တစ်ရက် အေဘက် (ABAC) တက္ကသိုလ် (Assumption University) သို့ ရောက်သွားခိုက် ရန်ကုန်တက္ကသိုလ်အသီးသီးမှဝါရင့်ပါမောက္ခကြီးများအပါအဝင်(ပါမောက္ခချုပ်ပင်ပါသေး၏)ဆရာဆရာမ အငြိမ်းစား ရော အငြိမ်းစားရန်အပုံကြီးလိုသေးသူအများအပြား (ထိုအချိန်ကတရာကျော်ဟုသိခဲ့ရသည်)ကို မြင်ရကြားရမှ ကမ္ဘာနာတခုဖြစ်နေပြီမှန်းသိရသလိုအမျိုးအမည်မထင်ရှားသောဝေဒနာတရပ်၏ ပြင်းပြစွာနှိပ်စက်မှုကိုလည်းခံစားရလေ၏။ နောက်ဆုံး ဒါသည်ပင်ပဌာန်းဆက်တွေပါလားဟုမှတ်ယူကာ ရဲဘော်ဟောင်းသစ် ဆရာသမားဟောင်းသစ်တွေနှင့် ကိုယ့်အဝန်းအဝိုင်းလေးထဲမှာ‘ထမင်းရှာစားခြင်း’အလုပ်အဖြစ်သာနှလုံးသွင်းရင်း လုပ်ကိုင်နေခဲ့လေသည်။ သို့ရာတွင် ရေစိမ်းမြေစိမ်းပတ်ဝန်းကျင်စိမ်းမှာ စရိုက်စိမ်းတို့၏ဇာတိကခေသည်တော့မဟုတ်။

အချုပ်တန်းဆရာဖေတွေးတွေးပြီးအရိုးနာခဲ့သော ကျွန်တော်တို့မျိုးရိုးဉာဉ်သည်သခင်တွေသာပြောင်းသွား သော်လည်းဟောင်းသည်ဟုမရှိခဲ့။ ညီညွတ်အောင်လုပ်သင့်သူတွေကိုယ်တိုင်မညီညွတ်ခြင်းက သာ၍ဆိုးရွား၏။ ငယ်စဉ်ကဖတ်ခဲ့ဘူးသောစာသားလေးတခုက 'ထိုသို့အမြဲတန်းအရေးကြီးအလုပ်များ ဟန်ဆောင်ရခြင်းမှာ ၎င်းတို့အတွက်မရှိမဖြစ်လိုအပ်ချက်တခုဖြစ်သလို တန်ဘိုးမဖြတ်နိူင်သော ဇိမ်ခံနည်း တစ်ရပ်လည်းဖြစ်လေသည်' ဟုဆိုထားသလိုပင် မညီညွှတ်ခြင်းကိုအရသာခံနေကြသည့်အလား အင်တိုက် အားတိုက်ဦးဆောင်သူဆောင်နောက်လိုက်သူလိုက်ဖြစ်နေကြ၏။ ကျွန်တော့်မျက်စေ့ထဲဝယ် ဟင်အိုးထဲမရောက်ခင် အချင်းချင်းအားရပါးရဗိုလ်ကျနေကြသောခြင်းထဲကကြက်တွေကိုမြင်ယောင်ရင်း ဆရာဖေညည်းခဲ့သလိုပင် ခုဖြစ်ပုံကြောင်းတွေသိတာမို့ ခေါင်းကြွေယိခွေကာ လောင်းတေမိဆွေမဟာလို နေသာအောင်နေရ နားမျက်စေ့ခံတွင်းတော် ကင်းသနော်ရွေးမျှမဟမိဘို့ သတိနှင့်သာနေခဲ့ရတော့သည်။ သို့သော် တိုင်တန်းမှုတစ်ခုကြောင့် အုပ်ချုပ်ရေးပိုင်းသို့နားပေါက်ကာ လူ့စွမ်းအားဌာနမှကော်လာဖြူရွှေမြန်မာအားလုံးပါဝင်သော ညှိနိူင်းအစည်းအဝေးတစ်ရပ်ခေါ်ယူညှိနှိုင်းရသည်အထိဖြစ်ခဲ့ရလေသည်။ လိုရင်းဆိုရသော် ထိုအစည်းအဝေးမှာကာယကံရှင်တွေဖြစ်ကြသည့်စီနီယာကြီးနှစ်ဦး(တစ်ဦးယ္ခုမရှိတော့ပြီ)တို့ အော်ကြီးဟစ်ကျယ်ဖြစ်ကာ အဖြေမရဘဲပွဲသိမ်းရမည်သို့ရှိခိုက် ကျွန်တော်ကတစ်စခန်းထမိသည်။ သူများတိုင်းပြည် သူများလူမျိုးတွေရှေ့မှာမရှက်ကြဘူးလားဟုစီနီယာတွေကိုဘုတော၊ အစထောင်သူဂျူနီယာကိုမာန်မဲ၊ မျက်နှာသေဖြင့် ငေး၍ကြည့်နေသည့်တူအရွယ်သားအရွယ်သူတို့လူမျိုး (ထိုင်း)ဖြန်ဖြေရေးသမား အထွေထွေမန်နေဂျာကို တောင်းပန်ရင်း ကျွန်တော်မျက်ရည်ကျခဲ့သည်။ ထိုမျက်ရည်အတွက် ဆုလဘ်အဖြစ် ဘုတောခဲ့သော စီနီယာတွေနှင့်မာန်မဲလိုက်မိသည့်ဂျူနီယာတို့၏ သုံးပွင့်ဆိုင်အမျက်ကြားမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဆောက်တည်ရန်ခက်ခဲလာသည့်အပြင် လုပ်ငန်းခွင်သာယာရေးကိုပါထိပါးလာကြောင်းတွေ့ရှိရပြီးနောက် စာချုပ်စေ့လျှင်စေ့ချင်း ထိုအလုပ်မှကျွန်တော် ထွက်ခွာဖြစ်တော့သည်။

မျက်ရည်နှင့်ပတ်သက်၍ ငိုအားထက်ရယ်အားသန်စရာအဖြစ်ကြုံရသည်လည်းရှိ၏။ လွန်ခဲ့သောငါးနှစ်ခန့်က ရက်ဆက်ဆိုသလိုမျက်လုံးစူးကာအောင့်သဖြင့် ဆေးခန်းပြရာ ဆရာဝန်ကမျက်ရည်ခမ်းသောရောဂါ (Dry Eye Symptoms) ဟု ဆုံးဖြတ်၏။ ထိခိုက်ဒဏ်ရာ အသက်အရွယ်သို့မဟုတ်ကွန်ပြူတာရှေ့အထိုင်များခြင်း တို့ကြောင့်ဖြစ်တတ်သည်ဟုဆိုသည်။ တိုင်းထွာစစ်ဆေးပြီးနောက် မျက်စဉ်းနှစ်မျိုးပုံမှန်ခတ်ရန်နှင့် မျက်လုံးကိုပုံမှန်အနားပေးရန်ညွှန်ကြားသည်။ သည်လောက်မျက်ရည်လွယ်တဲ့သူမှဒီရောဂါရသတဲ့လားဟု တွေးမိရင်း တပါတည်းမျက်ရည်တွေခမ်းကုန်တာလဲခပ်ကောင်းကောင်းပါလေ လူတောထဲမျက်ရည်ထိန်းမရတာမျိုး ဖြစ်စရာမရှိတော့ဘူးပေါ့ဟု စိတ်တွင်းမှပြောမိ၏။ ငိုရလွန်းအားကြီးလို့ မျက်ရည်တွေခမ်းသွားတာဖြစ်မယ် ဟု မရွှေတောက် (ဇနီးသည်) အားကျီစယ်မိရာ ‘နေရာမရှာပါနဲ့တော် ငိုတိုင်းသာမျက်ရည်ခန်းရရင် ကိသာဂေါတမီတို့ဘယ်လိုလုပ်မလဲ’ ဟု ပြန်ပက်ခံရ၏။ အင်းလေ ငိုရလွန်းတဲ့ ယောက်ျားရဲ့မိန်းမမျိုးတော့သူဘယ်ဖြစ်ချင်ပါမလဲ။ ကံအားလျှော်စွာနှစ်ပတ်ခန့်မျက်စဉ်းခပ်ရုံနှင့်ထိုရောဂါသက်သာရာရပြီး ပုံမှန်အနေအထားသို့ရောက်၏။ မျက်စဉ်းတော့ယခုတိုင်ဆောင်ထားရလေသည်။ ရောဂါကြောင့်ခန်းသောမျက်ရည်နှင့် ရင်ထဲကမျက်ရည်တို့ မည်သို့မည်ပုံဆက်စပ်မှန်းကျွန်တော်မပြောနိူင်။ ရင်ထဲကမျက်ရည်တွေခန်းအောင် လုပ်နိူင်သည့်ရောဂါ တကယ်ရှိမရှိလည်းကျွန်တော်မသိ။ သို့သော် ကျွန်တော့်မှာမျက်ရည်တကယ်မခန်းရုံမက ကြွယ်ဆဲလွယ်ဆဲဖြစ်ကြောင်း မနေ့တနေ့ကသိခွင့်ရ ရပြန်လေသည်။

ကျွန်တော့်ကိုယ်ကျွန်တော် အတ္တကြီးမားသူတယောက်အဖြစ်လက္ခံနိူင်ခဲ့သည့်အကြောင်းတခုက ကျွန်တော် မျက်ရည်လွယ်သည်မှာကိုယ့်ကိစ္စနှင့်ကိုယ်သာဖြစ်ပြီး သူတထူးကိစ္စတွင်မျက်ရည်ကျခဲခြင်းဖြစ်၏။ သို့တိုင်အောင် မျှော်လင့်ချက်တစ်ခုအတွက် မိုင် ၄၀၀ ကျော်ခရီးကို ခြေလျှင်ဖြတ်သန်းခဲ့ကြသော လက်နက်မဲ့ ပရိယယ်မကြွယ်သားအရွယ်သမီးအရွယ်တွေကို အများသူငါသွားလာကြသည့်ပေတရာလမ်းမပေါ်မှာ စစ်မြှူသလိုမြှူစစ်ခင်းသလိုခင်းပြီး(ကန်တော့ပါရဲ့လူမဆန်စွာ)နိူင်လိုမင်းထက်ပြုကြသည်ကိုတော့ သူတထူးကိစ္စဟု ကျွန်တော်သဘောမပေါက်နိူင်။ ထိုသို့ သားသမီးချင်းမစာမနာ ငြိုးသူရန်ဘက်ပမာသာမက တိရစ္ဆာန်အလား ကျူးလွန်ရိုက်ပုတ်နှိပ်စက်နေသောမြင်ကွင်းကို မျက်ရည်ခိုင်ခိုင်ဖြင့်ကြည့်နိူင်စွမ်းကျွန်တော့မှာမရှိ။ သူတို့လေးတွေ တရားခံတွေလား။ သူတို့ မခိုး မဝှက် မလိမ် မကောက်ကြ။ သူတို့ လော်လီဖေါက်ပြား ဆေးဝါးမူးယစ်ဖြစ်ချင်တိုင်းဖြစ်နေသူတွေမဟုတ်ကြ။ သူတို့သည် ကိုယ်တိုင်သူပုန်သူကန်မဟုတ်သလို သူပုန်သူကန်နှင့် ဆက်သွယ်ထောင်ထားခြားနားသူတွေလည်းမဟုတ်ကြ (သူပုန်သူကန်အစစ်တွေနှင့်ပင်လျှင် သေနပ်မဖေါက်ရှန်ပိန်သောက်ကြဘို့သယံဇာတအချိုးအစားတွေနှင့်ကြိုးစားကာနေနိူင်ကြသေးသည်)။ သမိုင်းမှာအားလုံးညံ့ဖျင်းခဲ့ကြ၍ ကမ္ဘာ့အလယ်မျက်နှာငယ်ရှက်ဖွယ်လိလိဖြစ်နေကြရပြီ။ မအေဖအေကြွေးပူ၍သူတို့ဝမ်းစာသူတို့ရှာစားနေကြရသော သားသမီးများလို ကျွန်တော်တို့လက်ရောက်မပေးနိူင်ခဲ့သော တူတူတန်တန်ပညာရေးစံနစ်သစ်တရပ် သူတို့လက်ထက်မှာဖန်တီးဘို့ ကြိုးစားကြသည်ကို (မှားသည်ထားဘိဦး) ဘာကြောင့်များ  သီးခံဖြောင့်ဖျ မုဒိတာထားအားမပေးနိူင်ကြပါလိမ့်။ ခန္တီမုဒိတာအစား အတ္တအာဃာတ မစ္ဆေရတွေနှင့် ဘာကြောင့်များထိန်းမနိူင်သိမ်းမရဖြစ်နေကြပါလိမ့်။ ဒါသည်ပင် ကျွန်တော်တို့သမိုင်းလား။ ဒါသည်ပင် သေဘို့ပြင်နေကြသောကျွန်တော်တို့တတွေကနေဘို့ပြင်နေကြသောသူတို့လေးတွေကိုပေးထားရစ်မယ့်အမွေလား။ အံကိုတင်းတင်းကြိတ်ရင်းက ကျလာသောမျက်ရည်ကိုကျွန်တော်မသိမ်းဆည်းလိုတော့။ ထိုမျက်ရည်သည် ဘဝမှာကျခဲ့ဘူးသောမျက်ရည်များအနက်သူတပါးအတွက်ကျခဲ့ရ၍ တန်ဖိုးအရှိဆုံးမျက်ရည်ပင်ဖြစ်မည်လားမသိ။ နောက်ဆုံးမျက်ရည်လည်းဖြစ်စေချင်ခဲ့မိ၏။ ယောက်ကျားတန်မဲ့မျက်ရည်ကျရမှာရှက်စရာဟုခံယူဆဲ အတ္တနောမတိကြောင့်ဖြစ်လေသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုရက်ပိုင်းကကွယ်လွန်ခဲ့သူစင်္ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယူ (Lee Kuan Yew) ၏ ‘ကြေကွဲရခဏတာ (A Moment of Anguish) ကို သူ့အကြောင်းသတင်းတိုလေးတွေထဲမှာတွေ့ရ၏။ မလေးရှားပါလီမန်၏ဆုံးဖြတ်ချက်အရ စင်္ကာပူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအပြီးအပိုင်ဖယ်ထုတ်ခံလိုက်ရသည့်အကြောင်းသတင်းစာရှင်းလင်းပွဲမှာ စိတ်ထိခိုက်ကာမျက်ရည်မထိန်းနိူင်တော့သည့်အတွက် သတင်းစာရှင်းလင်းပွဲအားခေတ္တရပ်နားစေခဲ့သောဖြစ်ရပ်ပင်။ သဘောက စိတ်ဓါတ်ခိုင်မာပြတ်သားသူဟု ကျော်ကြားသောလီကွမ်ယူလိုပုဂ္ဂိုလ်မျိုးပင်မျက်ရည်နှင့်မကင်း။ သူနှင့်မနှိုင်းသာသည့်တိုင်ကျွန်တော်လိုလူမျိုးအတွက်တော့ဖြေသိမ့်စရာဖြစ်၏။

စင်စစ်ကျွန်တော့်အတွက်ဖြေသိမ့်စရာနောက်တခုရှိသေးသည်။ အကြောင်းအားလျော်စွာမျက်ရည်ကျဖြစ်တိုင်း ကျွန်တော့်ခေါင်းထဲရောက်ရောက်လာတတ်သည့်ကဗျာအပိုင်းအစလေးဖြစ်လေသည်။ ထိုကဗျာကို လွန်ခဲ့သောနှစ် ၃၀ ကျော်က ရှုမဝမဂ္ဂဇင်းမှာကျွန်တော်ဖတ်ခဲ့ဘူးပြီး စာသားအချို့(အကုန်လုံးမဟုတ်)ယနေ့တိုင်မှတ်မိနေဆဲဖြစ်၏။ ကဗျာတပုဒ်လုံးမပြောနှင့်ကဗျာရေးသူအမည်ကိုပင်ဇဝေဇဝါဖြစ်နေသည့် (ဆရာတင်မိုးလားဆရာမောင်စွမ်းရည်လားတစ်ယောက်ယောက်ဖြစ်မည်) ထိုကဗျာတပိုင်းတစ ကျွန်တော့်ထံတွင်ဘာကြောင့် ‘ကျန်’ နေရသည်ကိုတော့ ထိုစာသားများကသက်သေပြုပါလိမ့်မည်။

အလံမလှဲပမေဲ့၊ အံခဲတာနာတဲ့အခါ
ငိုတာထက်၊ ဘာများကောင်းတာ
ရှိသေးပါလဲ၊ လာကြကွယ်
အားငယ်ပြန်ရင်
ဟန်မလုပ်တန်းငိုရအောင်
ယောက်ျားမျက်ရည် မြေပေါ်ကျ
မီးထတောက်ချင်တောက်စေရော့။

ကျွန်တော်တွေးမိသည်။ ယနေ့ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်ခမန်းဖြစ်နေသည်မှာယောက်ျားမျက်ရည်တွေ မြေခရလွန်းသောကြောင့်လေလားဟု။

Friday, March 20, 2015

လက်ပံတန်းဥဒါန်း




လက်ပံတန်း၊
အဖျက်သရမ်းကြုံပြန်၊
အငြိုးသန်သန်နဲ့၊
သူခိုးဟန်ယိုးပြန်လှစ်
ညစ်တဲ့အကြံ။

အပစ်မဲ့အသက်နှံသည်၊
သမဂ္ဂံရင်သွေး၊
ပညာရေးလောင်းမဟော်၊
ဒေါင်းအမော် ကျောင်းတော်ပျံမည့်အရေး။

သပိတ်စိတ်ဣဿာဝင်
အဘိဇ္ဈာယှဉ်တွေး၊
မိစ္ဆာဝင် မနှေးဘို့၊
အခွင့်ပေးအာဏာ၊
ပြည်ဘဏ္ဍာရိက္ခာစားတွေက၊
အိပ်ယာအနား စားတဲ့သုနက္ခာ။

မရှုရက်ပြုချက်နာသည်၊
မှုတွက်ကာ အယူဖျင်းနဲ့၊
လူခပင်း ငဲ့ကွက်မညှာ၊
ရက်စက်လှစွာ၊
အရှက်မဲ့ အတ္တဝါဒီ၊
ဘဒ္ဒကမ္ဘာ ကြေဘူးပြီထင့်လေး။



[၁၀/၀၃/၁၅ ရက်နေ့ ၁၃း၀၀ နာရီအချိန် လက်ပံတန်းတာဆုံရှိ ဗကသဦးဆောင်သော ကျောင်းသားများ ပညာရေးဥပဒေကို ကန့်ကွက်သည့် သပိတ်စခမ်းအား အကြမ်းဘက်ဖြိုခွဲခံရခြင်း အမှတ်တရ] (updated)