Monday, April 20, 2015

ကျွန်တော်နှင့်မျက်ရည်


ကျွန်တော့်ကိုယ်ကျွန်တော် မျက်ရည်လွယ်သူတဦး အဖြစ်လက္ခံထားသည်။ ငယ်စဉ်ကထစ်ကနဲဆို မျက်ရည်ကျတတ်သဖြင့် အကိုကြီးကမင်းအခြောက် (မိန်းမရှာ)လားဟု မေးသည့်အခါမေး ရိုက်သည့်အခါ ရိုက်ခြင်းကိုခံရ၏။ ဟိုတုံးကယ္ခုလိုမိန်းမရှာ အခွင့် အရေးတွေဘာတွေမရှိသေးတော့ ထိုသို့အခေါ်ခံရလျှင်လူဖြစ်ရှုံးပြီမှတ်။ ရိုက်သည်ကိုနာခြင်းထက် မိန်းမရှာဟုအခေါ်ခံရမည်ကိုရှက်လွန်းသောကြောင့်  မျက်ရည်မကျအောင် ကြိုးစားသည့်ကြားထဲက အရေးဆိုဘယ်ကဘယ်လိုမျက်ရည်တွေရောက်လာမှန်းမသိ။ လူထူထူမှာ ဒါမျိုးဝမ်းနည်းခံပြင်းကြုံမည် စိုးသဖြင့် ရှောင်ရသည်မှာလည်းအမော။ ကလေးဘဝတုံးကကိစ္စသိပ်မရှိဆိုရသည့်တိုင် အလွယ်တကူ မျက်ရည်ကျသဖြင့် အစအနောက်ခံရသည်မှာသက်သာလှသည်တော့မဟုတ်။ မျက်ရည်နှင့်ပတ်သက်သည့် အမှတ်တရများလည်း ဘဝမှာအတော်အတန်တော့ ရှိခဲ့လေသည်။ ဟိုးငယ်စဉ် အကလေးဘဝမှသည် မနေ့တနေ့ကအထိ။

နှစ်တန်းလားသုံးတန်းလားမမှတ်မိတော့သော ကျောင်းတက်ရက်တစ်ရက် ကျောင်းတက်ခေါင်းလောင်းမထိုးမီကျွန်တော်တို့ကစားနေခဲ့ကြသည်။ ယောက်ကျားလေးများသဘောကျသောစစ်တိုက်တန်းဖြစ်၏။ ပါးစပ်သေနပ်တဒိုင်းဒိုင်းပစ် လက်ပစ်ဗုံးတွေတဝုံးဝုံးထုနေကြရင်း ဈာန်ဝင်သွားသူတစ်ယောက်က ပြောင်းဖူးရိုးကို လက်ပစ်ဗုံးပမာပစ်လိုက်သည်မှအစ ကျွန်တော်တို့တိုက်ပွဲမှာလည်း လေတိုက်ပွဲမှသည်ပြောင်းဖူးရိုးတိုက်ပွဲအသွင်သို့ရုပ်ခြည်းဆိုသလိုပြောင်းသွားလေတော့၏။ ပျော်ပျော်ပါးပါးပြောင်းဖူးရိုးရှာပြီး ကစားကြသည်မှာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့မြေကွက်လပ်ထဲသို့ ဘယ်လိုရောက်လာကြသည်မသိ၊ အရိုက်ကြမ်းသည်ဟု ကျော်ကြားသော ဒု ကျောင်းအုပ်ဆရာကြီး ရုံးခမ်းထဲမှခါးထောက်ကြည့်နေသည်ကိုလည်းမမြင်မိကြတော့။ သို့နှင့် ကျွန်တော်တို့အားလုံးရုံးခမ်းရောက် တန်းစီ၍အရိုက်ခံရသည်။ ကျွန်တော့် အလှည့်မှာ လက်လှည့်သင့်အောင်လက်ပိုက်၍ ဆရာနှင့်ဘေးတိုက်အနေအထားရပ်စဉ် မျက်ရည်တွေဒလဟောကျနေသည်ကိုမြင်သောဆရာကြီးက ‘မရိုက်ရသေးဘူးဘာလို့ငိုနေတာလဲ’ ဟု သူ့အသံသြောကြီးဖြင့်မေးရာ ကျွန်တော်ကပျာပျာသလဲ “သားသားငိုတာ မဟုတ်ပါဘူးဆရာကြီး၊ မျက်ရည်တွေက သူ့အလိုလိုကျလာတာပါ” ဟု ပြောခဲ့သည် (နောင်တွင် မျက်နှာကြောတင်း စကားတိုဘုကျဂွစာတယောက်အဖြစ် အသိုင်းအဝိုင်းအကြားလူသိများသော ကျွန်တော်ငယ်စဉ်ကစကားပြောလျှင် သားသား သားသားဟု ချိုသာစွာပြောဆိုသုံးနှုံးလေ့ရှိခဲ့၏။ ငယ်စဉ်အတူနေခဲ့ဘူးကြသောလူကြီးတွေနှင့်ကျွန်တော်လူလတ်ပိုင်းမှာပြန်ဆုံသည့်အခါတိုင်း ငယ်ငယ်ကသားသား သားသား နဲ့ စကားပြောတာမင်းလားဟုအမေးခံရလေ့ရှိသည်။ ဤကားစကားချပ်)။

ဆိုင်သည်မဆိုင်သည်အပထား ကျွန်တော်ထိုနေ့ကအရိုက်မခံရ။ ဆရာကြီးကသွားဟုကျွန်တော့်ကို ငေါက်ထုတ်ပြီး နောက်တယောက်ကိုရိုက်ဖို့ခေါ်သည်။ သူတို့အားလုံးတစ်ချက်စီအရိုက်ခံရကာ ကျွန်တော်တစ်ယောက်ထည်းလွတ်သွားသဖြင့် မကျေနပ်သူတွေရှိခဲ့ကြပြီး အဲဒါမျက်ရည်အရင်ကျလို့ ဂန်ဒူးမို့အရိုက်မခံရတာဟု နာအောင်ပြောသူပြောကြသော်လည်း ကျွန်တော့်ခြေသလုံးမှာသူတို့လိုအရှိုးမထင်သည်ကိုတော့ မကျေနပ်လည်း သူတို့ဘာမှမတတ်နိူင်။ အိမ်မှာတော့ မရိုက်ခင်မျက်ရည်ကြိုကျလျှင်မကြိုက်။ အထူးသဖြင့် အကိုကြီးက မျက်ရည်ကျလျှင်ပိုရိုက်သည်။ ငယ်ငယ်ရွယ်ရွယ်မှာ ဖခင်ဆုံးပြီး သည်အကိုကြီး၏အုပ်ချုပ်မှုဖြင့် ကြီးပြင်းရသည်ဆိုတော့ ကျွန်တော်မည်မျှပို၍အရိုက်ခံရမည်မှာ ဗေဒင်မေးစရာမလို။ သို့သော် လူပျိုပေါက်ဖြစ်လာသည့်အချိန်မှစ၍ ကျွန်တော်လည်းကိုယ့်မျက်ရည်ကိုယ်ထိမ်း အကိုကြီးကလည်းသူ့ဒေါသသူထိမ်းနိူင်ကြ၍လားမသိ သိပ်အရိုက်မခံရတော့သလို မှတ်မိသလောက်မျက်ရည်ကျရသည့်အဖြစ်လည်းမရှိခဲ့။ ဖြစ်မည့်ဖြစ်တော့ တက္ကသိုလ်ကျောင်းသားဘဝမှာမှဘာမဟုတ်တာလေးနှင့် မျက်ရည်ကျရသည်။ ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက် မှာဖြစ်၏။

ထိုစဉ်က ပြည်လုံးကျွတ်စာတတ်မြောက်ရေးလုပ်အားပေးစီမံကိန်းတွေရှိလေရာ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တခု၏ နွေရာသီစာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ကျွန်တော်တို့လုပ်အားပေးလိုက်ပါခဲ့သည်။ တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများပါဝင်သောအထူးရထားကြီးဖြင့် ရန်ကုန်သာစည်မှအောင်ပန်း ထိုမှ ကားများဖြင့် ရွာငံ ပင်းဒယ စသည့် ဒေသအသီးသီးသို့ ထွက်ခွာကြရာဖွင့်ပွဲအခမ်းအနားကျင်းပရာမြို့သို့ အရောက်တွင်ကြီးကြပ်သူဆရာများမှကျွန်တော်တို့အဖွဲ့ထဲမှတယောက်ကိုရန်ကုန်သို့ပြန်ပို့ရန် (Return to Unit) စီစဉ်ခဲ့ကြသည်။ စင်စစ် ပြန်ပို့ခံရမည့်သူမှာ ကျွန်တော်နှင့်တွဲဘက်။ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၏။ စိတ်သဘောထားကောင်းသော်လည်း လူအမြင်ကပ်အောင်နေတတ်သူ သို့မဟုတ် လူအတော်များများကိုအမြင်ကပ်နေသူ။ ထိုအရာတွေမှာတူနေ၍လားတော့မသိ သူနှင့်ကျွန်တော်အတော်အတွဲညီပြီး (အထူး သဖြင့်သူ့အသံနက်ဖြင့်အော်ကြီးဟစ်ကျယ်နောက်ပြောင်မှုတွေကြောင့်) မြင်ပြင်းအကပ်ခံကြရသည်။ ယ္ခုလည်း တလမ်းလုံးရထားပေါ်ကားပေါ်မှာမြင်မြင်ကရာ အော်ဟစ်နောက်ပြောင်လာခဲ့ခြင်းကြောင့် ကျောင်းသားအရပ်သားအချို့တို့မှတိုင်ကြားခဲ့သည်ဆိုကာ အုပ်ချုပ်သူတွေကပြန်ပို့ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။  သူတို့ဖွင့်မပြောသော်လည်း အခြားအကြောင်းတစ်ခုရှိသေးသည်ဟု ကျွန်တော်ထင်သည်။ ယင်းမှာ ရထားပေါ်မှာတုန်းကမိန်းကလေးတစ်ဖွဲ့နှင့်ပယောပယီလုပ်နေသော ဆရာတစ်ဦးအား သူငယ်ချင်းကကြည့်မရဖြစ်ကာအော်ဟစ်ရာမှ ထိုဆရာနှင့်ကတောက်ကဆဖြစ်ခဲ့ကြခြင်းဖြစ်၏။ ခုတော့ ထိုကိစ္စမပါအခြားအကြောင်းပြချက်နှင့်သူ့ကို ပြန်ပို့လုပ်နေကြပြီ။

ကြိုတင်သတိပေးတားမြစ်ခဲ့ခြင်း ညှိနူင်းဖြေရှင်းခွင့်ပြုခြင်းမျိုးမရှိ (ခုပြန်စဉ်းစားတော့ ခြောက်ရုံလှန့်ရုံလုပ်တာမျိုးလည်းဖြစ်နိူင်သည်)။ တကယ်တန်းကျ ကျွန်တော့်သူငယ်ချင်းလည်း အတော်စိုးရိမ်သွားခဲ့သည်။ သူ့ဖခင်က စည်းကမ်းကြီးသောအဆင့်မြင့်တပ်မတော်အရာရှိကြီးတဦးဖြစ်ပြီး ဤကိစ္စသာနားပေါက်သွားလျှင် သူ့ကို ချမ်းသာပေးမည်မဟုတ် (အာဏာရှင်ခေတ်ချင်းအတူတူ ထိုခေတ်ကလူကြီးသားသမီးဆိုတိုင်း ကျောင်းမှာ အခွင့်ထူးခံမရသည့်သဓကတခုဖြစ်၏။ ကျွန်တော့်သူငယ်ချင်းဆိုလျှင် နောက်တနှစ်မှာစာမေးပွဲပင်ကျလိုက်သေးရာဘယ်သူမှဘာမှမတတ်နိူင်)။ ယ္ခုလည်း သူနှင့်ကျွန်တော်လုပ်အားပေးရန် တရွာတည်းကျသည်မို့ သူ့ပြန်ပို့လျှင်ကျွန်တော့်ကိုရောဘာလုပ်ကြမှာလဲ။ အားလုံးပျော်ရွင်နေကြချိန်မှာ ကျွန်တော်တို့ နှစ်ယောက် အခမ်းအနားကျင်းပရာကျောင်းနှင့် မလှမ်းမကမ်းရှိ စိန်ပန်းပြာပင်ကြီးအောက်မှာ ကြောင့်ကျစွာထိုင်နေဖြစ်ခဲ့ကြသည်။ ထိုအချိန် ကျွန်တော်တို့ဆီကိုနောက်သူငယ်ချင်းတစ်ယောက် သုတ်သီးသုတ်ပျာရောက်လာ၏။ သူငယ်ချင်းဆိုရသည့်တိုင် သူကကျွန်တော်တို့နှစ်ဦးစလုံးနှင့်ဆန့်ကျင်ဘက်။ အေးဆေးတည်ငြိမ်ပြီး လူချစ် လူခင်ပေါများသူဖြစ်၏။ အတူလာကြသည့်တိုင်သူနှင့်ကျွန်တော်တို့ကအဖွဲ့ချင်းမတူ။ ယ္ခုကျွန်တော်တို့သတင်းကိုကြားကြားခြင်း  စိတ်ပူစွာလိုက်လာခဲ့ခြင်းဖြစ်ပြီး ဆရာတွေနှင့်သင့်အောင်မနေရကောင်းလားဟု ဆူ(အပစ်တင်)သည်။ ဆူရင်းဆူရင်းသူမျက်ရည်ကျလာတော့ရာ ကာယကကံရှင်ကျွန်တော်တို့အဖို့ရာ ငိုချင်ရက်လက်တို့ဆိုသလိုဖြစ်လေတော့၏။

ကံအားလျော်စွာ ထိုအဖြစ်အပျက်မှာပျော်ရွှင်ဖွယ်နိဂုံးဖြင့်အဆုံးသတ်ခဲ့ရ၏။ သူငယ်ချင်း(နောက်ရောက်) က သူငယ်ချင်း(ဆိုးသူ)ကိုဆူ၍ဝသောအခါ အုပ်ချုပ်သူဆရာတွေထံသွား၍သူ့သူငယ်ချင်းကိုသူတာဝန်ယူပြီး သူ့အဖွဲ့နှင့်ခေါ်မည် ရန်ကုန်ပြန်မပို့ပါနှင့်ဟုပြောသည်။ လူရည်ချွန်နှစ်ထပ်ကွမ်းရဖူးသူလမ်းစဉ်လူငယ်ခေါင်းဆောင်တယောက်၏တာဝန်ယူမှုကိုအဘယ်ဆရာသည်လျစ်လျူပြုအံ့နည်း။ ၎င်းပြင် ဤသို့သောခရီးစဉ်ကိုကျောင်းသားတယောက်အာတီယူ (RTU) ဖြစ်ရခြင်းဖြင့်အကျည်းတန်စေရန် အဘယ်သူစိတ်အားထက်သန်ပါမည်နည်း (သူ့ဖခင်၏ရာထူးအရှိန်အဝါကိုထည့်သွင်းစဉ်းစားကောင်းလည်းစဉ်းစားခဲ့ပေမည်)။ သို့နှင့် ပြန်မပို့တော့ဘဲအဖွဲ့ချင်းလူလဲရုံသာလဲလိုက်ကြ၏။ ကျွန်တော်တို့လည်း ပျော်ရွှင်စွာခရီးဆက်ဖြစ်ခဲ့ကြလေသည်။ ယောက်ကျားသားသူငယ်ချင်းသုံးဦး တစ်ရပ်တစ်ကျေးကစိန်ပန်းပင်အောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် မျက်ရည်လည်ရွဲဖြစ်ခဲ့ကြရပုံမှာ လွမ်းမောဘွယ်မကောင်းလှသော်လည်း မေ့နိူင်စရာမရှိ။ လူမုန်းများဆုံးပုဂ္ဂိုလ်က ဌာနတခု၏အဆင့်မြင့်အရာရှိဘဝမှယ္ခုအငြိမ်းစားယူပြီ။ လူချစ်လူခင်ပေါများသူ(ကယ်တင်ရှင်)က ဌာနဆိုင်ရာတခု၏နှိပ်စက်ညှင်းပန်းမှုကိုမခံနိူင်သည့်အဆုံး ကြီးကောင်ကြီးမားမှ ကျွန်တော့်လို စင်္ကာပူလာပြီးအသက်ဆက်နေရှာသည်။ တလောကသူနှင့်တွေ့တော့ ထိုအကြောင်းစမြုံ့ပြန်ရင်း ‘အဲသည်တုံးကမင်းကဘာလို့ငိုရတာလဲ’ ဟု စလိုက်ရာ ရယ်ကျဲကျဲဖြင့် သူက ‘မင်းကရော ဘာလို့လိုက်ငိုရတာလဲ’ ဟု ပြန်မေးသည်။ အဖြေမရှိသောပုစ္ဆာတစ်ရပ်မှန်း နှစ်ယောက်စလုံးသိနေကြသလိုပင်။

ကျောင်းပြီး၍အလုပ်ဝင်ကာ ဘဝကိုရင်ဆိုင်ကြရတော့စိတ်ဓါတ်ကပိုမိုကြံခိုင်လာသည်လား။ ဒါမှမဟုတ် လောကဓံကိုမျက်ရည်ခံထိုးရာရောက်မည်စိုး၍လားမသိ မျက်ရည်ပိုခိုင်လာသလောက်ကိုယ်နှုတ်နှလုံးသုံးပါးတို့ပို၍ကြမ်းတမ်းလာကြသည်ကိုသတိပြုမိရလေသည်။ တွေ့ကြုံဖြတ်သန်းရသမျှမှာလည်း စိတ်နှလုံးအေးချမ်းစရာ တစ်နေ့တစ်ခြားနည်းပါးလာ၏။ သည်ကြားထဲ ဝှေ့တတ်သည့်နွားကိုရှောင်ပြန် ကန်တတ်သည့်နွားနှင့်တိုးဆိုသလို တပါတီအာဏာရှင်စံနစ်ကိုဖြုတ်ချလိုက်နိူင်ကာမှ အကြွင်းမဲ့စစ်အာဏာရှင်စံနစ်၏ လက်တွင်းသို့သက်ဆင်းကြရပြန်သည်။ ဗဟိုလ်ဦးစီးစံနစ်မှသည်စစ်ဘုရင်စံနစ်သို့နမူးဆူးတိုးပြောင်းခိုက် ပြည်ဘဏ္ဍာမင်းဟာမှတ် မင်းဘဏ္ဍာကိုယ်ဟာမှတ်နေကြသည့် မုသားညီညီအပလီဗိုလ်မင်းတွေနှင့် ပညာမဲ့အခြေခံလူတန်းစားအကြားက နိူင်ငံ့ဝန်ထမ်းဘဝမှာ အမှန်ပြောရလျှင် စက်ဆုပ်ဘွယ်အတိဖြစ်နေပြန်သည်။ သို့ရာတွင် လူမှုတာဝန်တွေလေးလံဖိစီးချိန်မို့ထိုဝန်ထမ်းဘဝကို စွန့်လွှတ်ဘို့ဆုံးဖြတ်ရခြင်းမှာလည်း လွယ်ကူလှသည်မဟုတ်။ ထိုအချိန်မှာပင်မိခင်ဆုံးသည်။ အကိုကြီးအိမ်တွင်မြေမချမီပြင်ဆင်ထားသော မိခင်၏ရုပ်အလောင်းကိုကြည့်ရင်း သားကျွေးမှုမယားကျွေးမှုတွေနှင့်ဗျာများကာ မိခင်အပေါ်တာဝန်မကျေမှုများရှိခဲ့ခြင်းအတွက်ခွင့်လွှတ်ပါရန် (မလိုအပ်တော့မှန်းသိလျက်) ရင်တွင်းမှတောင်းပန်ခိုက် တာကျိုးသလိုပြိုဆင်းလာကြသော မျက်ရည်တွေကို တားဆီးဖို့မကြိုးစားတော့။ မြေချသည့်နေ့လိုက်ပါပို့ဆောင်ကြသူတွေရှေ့မှာ မျက်ရည်တစ်ပေါက်မကျခဲ့ခြင်းတွက် ကျွန်တော့် 'စိတ်ခိုင်မှု’ ကိုချီးမွမ်းခြေကျောက်လုပ်လာသူအချို့ကြုံရသောအခါတွင်လည်းထူး၍ခံစားမိခြင်းမရှိတော့။ မိခင်ဆုံးပါးရခြင်း၌ကြေကွဲသည်ထက်ပိုသောခံစားချက်လောကမှာမရှိကြောင်း သူတို့နားလည်လက္ခံနိူင်အောင်ကျွန်တော်ရှင်းမပြလို။

ကိုယ့်မျက်ရည်နှင့်ကိုယ်ပေမင့် လူသူလေးပါးရှေ့မျက်ရည်ကျတာမျိုးကတော့မသင့်။ ဒါက ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အထူးသဖြင့်ယောက်ကျားသားများအတွက် ဥပဒေသတစ်ရပ်လိုဖြစ်နေသည်။ သို့ရာတွင် မျက်ရည်ဆိုသည်ကလည်းကျချင်တိုင်းကျ၍မရသလိုကျလျှင်လည်းတားဖို့ရန်ခက်ခဲ၏။ စိတ်လှုပ်ရှားခြင်း၏ ဘေးထွက်ဖြစ်သောမျက်ရည်ကြောင့် ကမောက်ကမဖြစ်ရသောသာဓကတွေ ရှိခဲ့ဖူးသည်။ ဆိုပါစို့ မိခင်ဌာနမှ ကျွန်တော့်အပေါ်ဌာနပိုင်ပစ္စည်းခွင့်ပြုချက်မရဘဲကိုယ်ရေးကိုယ်တာကိစ္စရပ်တွင် သုံးစွဲသည်ဟုစွတ်စွဲကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည့်ကိစ္စ။ မဆလတခေတ်လုံးဝမ်းခေါင်ခဲ့ကြရသောဌာနဆိုင်ရာတွေကို ‘ကိုယ့်ဘာသာကိုယ်လည်သလိုရှာစားရန်’ လွှတ်ပေးလိုက်သည်နှင့်အရင်ဆုံးလုပ်ကြသည်မှာ မြေနေရာငှါးစားခြင်း စွန့်ပစ္စည်းထုတ်ရောင်းခြင်းစသည့် ဆူလွယ်နပ်လွယ်အလုပ်တွေဖြစ်ပြီး အရင်ဆုံးဖြည့်ဆည်းကြသည်မှာ ကိုယ့်အိပ်ကပ်ကိုယ်ဖြစ်လေသည်။ မဖြည့်လျှင်လည်း အိပ်ကပ်တွေကပြားချပ်နေပြီ။ အစိုးရကသူတို့ ရှင်သန်ရေးအတွက်ကမ္ဘာမှာနာမည်ဆိုးဖြင့်အကျော်ကြားခံကာ သယံဇာတတွေထုတ်ရောင်းနေခိုက် လုပ်ပိုင်ခွင့်ရှိသောဝန်ထမ်းတွေကလည်း မိုးရွာတုန်းရေခံသလို သူတို့လုပ်ပိုင်ခွင့်နှင့်နိူင်ငံအရင်းအနှီးတွေကို ဈေးဖြတ်ကာ ခါတော်မီသူဌေးတွေထံကျိတ်ရောင်းရင်း အိတ်ဖေါင်းအောင်ကြံကြဖန်ကြ၏။ ရွဲကုန်သည်ဇာတ်ထဲကမြေးအဖွား ရွှေခွက်ရောင်းသလိုဖြစ်၏။ သို့ရာတွင် သူတို့မှာကယ်တင်မည့်ဘုရားအလောင်း ရွဲကုန်သည်ရှိခဲ့သည်။ သည်မှာက ရသာလျှင်ဘနဖူးသိုက်တူးမည့်သူချည့်။ သည်လိုအရှုပ်တွေထဲမှာရှင်းအောင်နေလွန်းသဖြင့် သင်းကွဲမျောက်ဖြစ်လာသည့်အခါ အင်မတန်မြတ်နိူးခဲ့ဖူးသောဝန်ထမ်းဘဝကိုပင် စွန့်လွှတ်ဖို့ဆုံးဖြတ်၍ နှုတ်ထွက်ခွင့်ကိုစောင့်မျှော်ဆဲ ဝန်ထမ်းတစ်ပိုင်းစီးပွားရေးသမားတစ်ပိုင်းဘဝသို့ရောက်ခဲ့ရလေသည်။ တစ်ချို့ စိတ်ပြတ်သူတွေကျတော့နေ့ပင်မဆိုင်း။ လုပ်ဖေါ်ကိုင်ဖက် စာရင်းအင်းအရာရှိတစ်ဦးဆိုလျှင် ဘာကဘယ်လို ဖြစ်သွားသည်မသိ ‘တစ်နေ့တစ်ခြားကိုယ်စားတဲ့ထမင်းလုပ်ကိုယ်မျိုမကျတော့ပါဘူးရှင်’ ဟု မဲ့ပြုံးကလေးနှင့် ပြောကာ နောက်တစ်နေ့ရုံးသို့မရောက်တော့သည်ကို ယနေ့ထိကျွန်တော်အမှတ်ရဆဲ။ သို့ရာတွင် ကိုယ့်ကိုကိုယ်တော့သည်လိုလုပ်ဖြစ်ရလိမ့်မည်မထင်ခဲ့။ တကယ်တန်းကျ သူ့လိုမဲ့ပြုံးကလေးနှင့်ပြောနိူင်စွမ်းပင် မရှိတော့သည့် အဖြစ်မျိုးကြုံရ၏။

တည်ဆောက်ပြုပြင်မြန်ပြည်တစ်ခွင်ဆိုလား တိုင်းပြည်နေရာအနှံ့အစိုးရဦးစီးသောစီမံကိန်းကြီးများ ဆောင်ရွက်ရာ၌ ရုပ်ရှင်တွေထဲမှာသာကြည့်ဖူးသော ကျွန်တော်တို့မမီလိုက်သည့် ဂျပန်စစ်သားတွေ အိမ်ပေါက်စေ့ကြက်ဥရှာသလိုမျိုး ဌာနဆိုင်ရာတွေမှာရှာဖွေကာ အသုံးဝင်သမျှယူတတ်ကြသည်ကို ထိုခေတ် ဝန်ထမ်းတိုင်းသိကြသည်။ တစ်ချို့ကြည်ကြည်ဖြူဖြူ အခွင့်အရေးမျှော်၍ပေးကြသည်။ တချို့မကြည်ဖြူသော်လည်း စကားနဲရန်စဲပေးကြသည်။ ပေးရသည်ချင်းတော့အတူတူပင်။ ထိုအချိန်က သမိုင်းဝင်ဈေးကြီးတစ်ခုဆောက်ရန်သမိုင်းဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးအား အစိုးရမှလုပ်ငန်းအပ်နှံခဲ့ရာပံ့ပိုးမှုတစ်ရပ်အဖြစ် ကျွန်တော်တို့သင်္ဘောကျင်းပိုင်မြေတစ်ကွက်ကို အလုပ်ရုံဖွင့်ရန်အလို့ငှါအသုံးပြုခွင့်ပေးခဲ့ရ၏။ အုပ်ချုပ်ရန်အကြီးတန်းအရာရှိတဦးအပြင် ကျွမ်းကျင်လုပ်သားစက်ကရိယာနှင့်ကုန်ကြမ်းပစ္စည်းကအစ လိုအပ်၍တောင်းခံလျှင်ပံ့ပိုးရ၏။ (စကားချပ်။ လုပ်ငန်းတွေပြီးဆုံးသည့်တိုင်ထိုမြေကွက်မူလပိုင်ရှင် (ကျွန်တော်တို့)ထံပြန်မရောက်ခဲ့။ စူ့ထက်စူလူစွမ်းကောင်းများလက်ဆင့်ကမ်းအသုံးတော်ခံခဲ့ကြရာမှယ္ခုအခါ နှစ်တရာကျော်သက်တန်းရှိ၍ သမိုင်းတန်ဖိုး(ထားတတ်လျှင်)အတော်အတန်မြင့်သော ထိုမြေကွက်အပါအဝင် သင်္ဘောကျင်းတခုလုံး ကမ္ဗည်းကျောက်စာတချပ်တလေမျှပင်တင်မကျန်ရစ်တော့သည့် ကုန်သေတ္တာစခန်းတခုဖြစ်သွားခဲ့ပြီ)။ ထားတော့။

ထိုသို့ ပံ့ပိုးထိုက်သူများအားပံ့ပိုးရန်ညွှန်ကြားချက်ကိုနာခံဆောင်ရွက်ဖူးသူပြီပြီအတုမြင်အတတ်သင်သည်ဟုပြောစရာကျွန်တော့်မှာရှိခဲ့လေသည်။ ကျွန်တော့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက်မဖြစ်မနေသုံးရန် လိုအပ်လာသည့် တခုသောကာလတွင်မပြောပလောက်သောဌာနပိုင်စက်ကရိယာတစ်ခုတလေကို (တရားဝင်နည်းလမ်းများဖြင့်ခွင့်ပြုချက်တောင်းသော်လည်းမရသည့်အဆုံး) ကျွန်တော့်သဘောနှင့်ကျွန်တော်ယူဆောင်အသုံးပြုဖို့ဝန်မလေးခဲ့သောကြောင့်ဖြစ်သည်။ နောင်တမရသော်လည်းသင်္ခမ်းစာတွေအပြည့်ရခဲ့သော ထိုဖြစ်ရပ်တွင်ငယ်စဉ်ကဖတ်ခဲ့ဘူးသည့်“ဂုဏ်ရည်တူလူတရပ်တို့ကလည်း တတ်မည်ကိုစိုးရိမ် လိမ္မာလျှင်မကြိုက် မိုက်လျှင်ဝမ်းသာ ချမ်းသာလျှင်မြင်ပြင်း ဆင်းရဲလျှင်အားရ” ဆိုသောစာသားလေးများအား စွဲမှတ်စရာဖြစ်ခဲ့လေ၏။ သို့ရာတွင် ဌာနမှူးဦးဆောင်သောခုံရုံးအဖွဲ့သို့မူ “စည်းကမ်းဟူ၍မည်မည်ရရမရှိတော့သော ကာလနှင့်ဒေသမျိုးမှာကျွန်တော့်အပြုအမူသည်မည်သည့်စည်းကမ်းကိုချိုးဖေါက်သည်ဟု သတ်မှတ်ရန်ခက်သလို လက္ခံရန်လည်းခက်ခဲပါကြောင်း” ထုခြေချက်နှင့်တကွတောင်းခံထားခဲ့ပြီးဖြစ်သောနူတ်ထွက်စာကို အမြန်ဆုံးစဉ်းစားခွင့်ပြုပေးရန်ကိုသာတင်ပြရင်း“ဆရာတို့တတွေသေဖို့ပြင်နေကြတဲ့အချိန်မှာ (ဌာနမှူးအပါအဝင်ခုံအဖွဲ့ဝင်တွေမှာပင်စင်နားနီးကြပြီ) ကျွန်တော်တို့က နေဖို့ပြင်နေရတယ်ဆိုတာမမေ့ကြပါနဲ့” ဟု မျက်ရည်နှင့်ပြောဖြစ်ခဲ့၏။ ထိုနေ့မှစ၍လုပ်ငန်းခွင်သို့ကျွန်တော်မသွားတော့။ ယ္ခုကျွန်တော်ကိုယ်တိုင်သေဖို့ပြင်ရမည့်အချိန်မျိုးကိုရောက်လာတော့ ထိုဆရာသမားတွေကိုအားတုံ့အားနာဖြစ်ရသော်လည်း တောင်းပန်လိုစိတ်တော့မပေါ်ပေါက်မိ။ ဖြစ်နိူင်လျှင်သာ ထိုစကားတွေကို ပေါ့ပေါ့တန်တန်မဖြစ်အောင် မျက်ရည်မကျဘဲ ပြန်ပြောလိုခဲ့သည်။

နောက်တခါ မျက်ရည်ကျဖြစ်သည်ကဘန်ကောက်မှာ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှာပါ သင်းကွဲမျောက် ဖြစ်လာသောအခါ ကျွန်တော့်အတွက်ပြည်တွင်းမှာပါနယ်ကကျဉ်းလာပြီ။ ထိုအချိန် ဆရာသမားတဦးက ဘန်ကောက်မှလှမ်းခေါ်သဖြင့်လိုက်သွားသည်။ ထူထောင်စအများပိုင်သင်္ဘောကျင်းတစ်ကျင်းမှာဖြစ်၏။ အလုပ်အကိုင်လစာ နေရာထိုင်ခင်းအစစအဆင်ပြေသည်။ ပို၍အဆင်ပြေသည်မှာ ပြည်တွင်းကလုပ်ဖေါ်ကိုင်ဖက်ဟောင်းဆရာသမားဟောင်းတွေနှင့် အတူတကွပြန်လည်လုပ်ကိုင်ရ၍ဖြစ်သည်။ အားလုံးပညာအရည်အချင်း လုပ်သက်အတွေ့အကြုံရင့်ကျက်ကြသူတွေချည့်မို့ ‘ဦးနှောက်ယိုစီးမှု’ဆိုသည်ကို မျက်ဝါးထင်ထင်တွေ့ကြုံရခြင်းလည်းဖြစ်၏။ ကိုယ့်ဝေဒနာနှင့်ကိုယ်မို့ ထိုကိစ္စကိုသီးခြားကိစ္စတရပ်အဖြစ်သာရှုမြင်ခဲ့ရာ တစ်ရက် အေဘက် (ABAC) တက္ကသိုလ် (Assumption University) သို့ ရောက်သွားခိုက် ရန်ကုန်တက္ကသိုလ်အသီးသီးမှဝါရင့်ပါမောက္ခကြီးများအပါအဝင်(ပါမောက္ခချုပ်ပင်ပါသေး၏)ဆရာဆရာမ အငြိမ်းစား ရော အငြိမ်းစားရန်အပုံကြီးလိုသေးသူအများအပြား (ထိုအချိန်ကတရာကျော်ဟုသိခဲ့ရသည်)ကို မြင်ရကြားရမှ ကမ္ဘာနာတခုဖြစ်နေပြီမှန်းသိရသလိုအမျိုးအမည်မထင်ရှားသောဝေဒနာတရပ်၏ ပြင်းပြစွာနှိပ်စက်မှုကိုလည်းခံစားရလေ၏။ နောက်ဆုံး ဒါသည်ပင်ပဌာန်းဆက်တွေပါလားဟုမှတ်ယူကာ ရဲဘော်ဟောင်းသစ် ဆရာသမားဟောင်းသစ်တွေနှင့် ကိုယ့်အဝန်းအဝိုင်းလေးထဲမှာ‘ထမင်းရှာစားခြင်း’အလုပ်အဖြစ်သာနှလုံးသွင်းရင်း လုပ်ကိုင်နေခဲ့လေသည်။ သို့ရာတွင် ရေစိမ်းမြေစိမ်းပတ်ဝန်းကျင်စိမ်းမှာ စရိုက်စိမ်းတို့၏ဇာတိကခေသည်တော့မဟုတ်။

အချုပ်တန်းဆရာဖေတွေးတွေးပြီးအရိုးနာခဲ့သော ကျွန်တော်တို့မျိုးရိုးဉာဉ်သည်သခင်တွေသာပြောင်းသွား သော်လည်းဟောင်းသည်ဟုမရှိခဲ့။ ညီညွတ်အောင်လုပ်သင့်သူတွေကိုယ်တိုင်မညီညွတ်ခြင်းက သာ၍ဆိုးရွား၏။ ငယ်စဉ်ကဖတ်ခဲ့ဘူးသောစာသားလေးတခုက 'ထိုသို့အမြဲတန်းအရေးကြီးအလုပ်များ ဟန်ဆောင်ရခြင်းမှာ ၎င်းတို့အတွက်မရှိမဖြစ်လိုအပ်ချက်တခုဖြစ်သလို တန်ဘိုးမဖြတ်နိူင်သော ဇိမ်ခံနည်း တစ်ရပ်လည်းဖြစ်လေသည်' ဟုဆိုထားသလိုပင် မညီညွှတ်ခြင်းကိုအရသာခံနေကြသည့်အလား အင်တိုက် အားတိုက်ဦးဆောင်သူဆောင်နောက်လိုက်သူလိုက်ဖြစ်နေကြ၏။ ကျွန်တော့်မျက်စေ့ထဲဝယ် ဟင်အိုးထဲမရောက်ခင် အချင်းချင်းအားရပါးရဗိုလ်ကျနေကြသောခြင်းထဲကကြက်တွေကိုမြင်ယောင်ရင်း ဆရာဖေညည်းခဲ့သလိုပင် ခုဖြစ်ပုံကြောင်းတွေသိတာမို့ ခေါင်းကြွေယိခွေကာ လောင်းတေမိဆွေမဟာလို နေသာအောင်နေရ နားမျက်စေ့ခံတွင်းတော် ကင်းသနော်ရွေးမျှမဟမိဘို့ သတိနှင့်သာနေခဲ့ရတော့သည်။ သို့သော် တိုင်တန်းမှုတစ်ခုကြောင့် အုပ်ချုပ်ရေးပိုင်းသို့နားပေါက်ကာ လူ့စွမ်းအားဌာနမှကော်လာဖြူရွှေမြန်မာအားလုံးပါဝင်သော ညှိနိူင်းအစည်းအဝေးတစ်ရပ်ခေါ်ယူညှိနှိုင်းရသည်အထိဖြစ်ခဲ့ရလေသည်။ လိုရင်းဆိုရသော် ထိုအစည်းအဝေးမှာကာယကံရှင်တွေဖြစ်ကြသည့်စီနီယာကြီးနှစ်ဦး(တစ်ဦးယ္ခုမရှိတော့ပြီ)တို့ အော်ကြီးဟစ်ကျယ်ဖြစ်ကာ အဖြေမရဘဲပွဲသိမ်းရမည်သို့ရှိခိုက် ကျွန်တော်ကတစ်စခန်းထမိသည်။ သူများတိုင်းပြည် သူများလူမျိုးတွေရှေ့မှာမရှက်ကြဘူးလားဟုစီနီယာတွေကိုဘုတော၊ အစထောင်သူဂျူနီယာကိုမာန်မဲ၊ မျက်နှာသေဖြင့် ငေး၍ကြည့်နေသည့်တူအရွယ်သားအရွယ်သူတို့လူမျိုး (ထိုင်း)ဖြန်ဖြေရေးသမား အထွေထွေမန်နေဂျာကို တောင်းပန်ရင်း ကျွန်တော်မျက်ရည်ကျခဲ့သည်။ ထိုမျက်ရည်အတွက် ဆုလဘ်အဖြစ် ဘုတောခဲ့သော စီနီယာတွေနှင့်မာန်မဲလိုက်မိသည့်ဂျူနီယာတို့၏ သုံးပွင့်ဆိုင်အမျက်ကြားမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဆောက်တည်ရန်ခက်ခဲလာသည့်အပြင် လုပ်ငန်းခွင်သာယာရေးကိုပါထိပါးလာကြောင်းတွေ့ရှိရပြီးနောက် စာချုပ်စေ့လျှင်စေ့ချင်း ထိုအလုပ်မှကျွန်တော် ထွက်ခွာဖြစ်တော့သည်။

မျက်ရည်နှင့်ပတ်သက်၍ ငိုအားထက်ရယ်အားသန်စရာအဖြစ်ကြုံရသည်လည်းရှိ၏။ လွန်ခဲ့သောငါးနှစ်ခန့်က ရက်ဆက်ဆိုသလိုမျက်လုံးစူးကာအောင့်သဖြင့် ဆေးခန်းပြရာ ဆရာဝန်ကမျက်ရည်ခမ်းသောရောဂါ (Dry Eye Symptoms) ဟု ဆုံးဖြတ်၏။ ထိခိုက်ဒဏ်ရာ အသက်အရွယ်သို့မဟုတ်ကွန်ပြူတာရှေ့အထိုင်များခြင်း တို့ကြောင့်ဖြစ်တတ်သည်ဟုဆိုသည်။ တိုင်းထွာစစ်ဆေးပြီးနောက် မျက်စဉ်းနှစ်မျိုးပုံမှန်ခတ်ရန်နှင့် မျက်လုံးကိုပုံမှန်အနားပေးရန်ညွှန်ကြားသည်။ သည်လောက်မျက်ရည်လွယ်တဲ့သူမှဒီရောဂါရသတဲ့လားဟု တွေးမိရင်း တပါတည်းမျက်ရည်တွေခမ်းကုန်တာလဲခပ်ကောင်းကောင်းပါလေ လူတောထဲမျက်ရည်ထိန်းမရတာမျိုး ဖြစ်စရာမရှိတော့ဘူးပေါ့ဟု စိတ်တွင်းမှပြောမိ၏။ ငိုရလွန်းအားကြီးလို့ မျက်ရည်တွေခမ်းသွားတာဖြစ်မယ် ဟု မရွှေတောက် (ဇနီးသည်) အားကျီစယ်မိရာ ‘နေရာမရှာပါနဲ့တော် ငိုတိုင်းသာမျက်ရည်ခန်းရရင် ကိသာဂေါတမီတို့ဘယ်လိုလုပ်မလဲ’ ဟု ပြန်ပက်ခံရ၏။ အင်းလေ ငိုရလွန်းတဲ့ ယောက်ျားရဲ့မိန်းမမျိုးတော့သူဘယ်ဖြစ်ချင်ပါမလဲ။ ကံအားလျှော်စွာနှစ်ပတ်ခန့်မျက်စဉ်းခပ်ရုံနှင့်ထိုရောဂါသက်သာရာရပြီး ပုံမှန်အနေအထားသို့ရောက်၏။ မျက်စဉ်းတော့ယခုတိုင်ဆောင်ထားရလေသည်။ ရောဂါကြောင့်ခန်းသောမျက်ရည်နှင့် ရင်ထဲကမျက်ရည်တို့ မည်သို့မည်ပုံဆက်စပ်မှန်းကျွန်တော်မပြောနိူင်။ ရင်ထဲကမျက်ရည်တွေခန်းအောင် လုပ်နိူင်သည့်ရောဂါ တကယ်ရှိမရှိလည်းကျွန်တော်မသိ။ သို့သော် ကျွန်တော့်မှာမျက်ရည်တကယ်မခန်းရုံမက ကြွယ်ဆဲလွယ်ဆဲဖြစ်ကြောင်း မနေ့တနေ့ကသိခွင့်ရ ရပြန်လေသည်။

ကျွန်တော့်ကိုယ်ကျွန်တော် အတ္တကြီးမားသူတယောက်အဖြစ်လက္ခံနိူင်ခဲ့သည့်အကြောင်းတခုက ကျွန်တော် မျက်ရည်လွယ်သည်မှာကိုယ့်ကိစ္စနှင့်ကိုယ်သာဖြစ်ပြီး သူတထူးကိစ္စတွင်မျက်ရည်ကျခဲခြင်းဖြစ်၏။ သို့တိုင်အောင် မျှော်လင့်ချက်တစ်ခုအတွက် မိုင် ၄၀၀ ကျော်ခရီးကို ခြေလျှင်ဖြတ်သန်းခဲ့ကြသော လက်နက်မဲ့ ပရိယယ်မကြွယ်သားအရွယ်သမီးအရွယ်တွေကို အများသူငါသွားလာကြသည့်ပေတရာလမ်းမပေါ်မှာ စစ်မြှူသလိုမြှူစစ်ခင်းသလိုခင်းပြီး(ကန်တော့ပါရဲ့လူမဆန်စွာ)နိူင်လိုမင်းထက်ပြုကြသည်ကိုတော့ သူတထူးကိစ္စဟု ကျွန်တော်သဘောမပေါက်နိူင်။ ထိုသို့ သားသမီးချင်းမစာမနာ ငြိုးသူရန်ဘက်ပမာသာမက တိရစ္ဆာန်အလား ကျူးလွန်ရိုက်ပုတ်နှိပ်စက်နေသောမြင်ကွင်းကို မျက်ရည်ခိုင်ခိုင်ဖြင့်ကြည့်နိူင်စွမ်းကျွန်တော့မှာမရှိ။ သူတို့လေးတွေ တရားခံတွေလား။ သူတို့ မခိုး မဝှက် မလိမ် မကောက်ကြ။ သူတို့ လော်လီဖေါက်ပြား ဆေးဝါးမူးယစ်ဖြစ်ချင်တိုင်းဖြစ်နေသူတွေမဟုတ်ကြ။ သူတို့သည် ကိုယ်တိုင်သူပုန်သူကန်မဟုတ်သလို သူပုန်သူကန်နှင့် ဆက်သွယ်ထောင်ထားခြားနားသူတွေလည်းမဟုတ်ကြ (သူပုန်သူကန်အစစ်တွေနှင့်ပင်လျှင် သေနပ်မဖေါက်ရှန်ပိန်သောက်ကြဘို့သယံဇာတအချိုးအစားတွေနှင့်ကြိုးစားကာနေနိူင်ကြသေးသည်)။ သမိုင်းမှာအားလုံးညံ့ဖျင်းခဲ့ကြ၍ ကမ္ဘာ့အလယ်မျက်နှာငယ်ရှက်ဖွယ်လိလိဖြစ်နေကြရပြီ။ မအေဖအေကြွေးပူ၍သူတို့ဝမ်းစာသူတို့ရှာစားနေကြရသော သားသမီးများလို ကျွန်တော်တို့လက်ရောက်မပေးနိူင်ခဲ့သော တူတူတန်တန်ပညာရေးစံနစ်သစ်တရပ် သူတို့လက်ထက်မှာဖန်တီးဘို့ ကြိုးစားကြသည်ကို (မှားသည်ထားဘိဦး) ဘာကြောင့်များ  သီးခံဖြောင့်ဖျ မုဒိတာထားအားမပေးနိူင်ကြပါလိမ့်။ ခန္တီမုဒိတာအစား အတ္တအာဃာတ မစ္ဆေရတွေနှင့် ဘာကြောင့်များထိန်းမနိူင်သိမ်းမရဖြစ်နေကြပါလိမ့်။ ဒါသည်ပင် ကျွန်တော်တို့သမိုင်းလား။ ဒါသည်ပင် သေဘို့ပြင်နေကြသောကျွန်တော်တို့တတွေကနေဘို့ပြင်နေကြသောသူတို့လေးတွေကိုပေးထားရစ်မယ့်အမွေလား။ အံကိုတင်းတင်းကြိတ်ရင်းက ကျလာသောမျက်ရည်ကိုကျွန်တော်မသိမ်းဆည်းလိုတော့။ ထိုမျက်ရည်သည် ဘဝမှာကျခဲ့ဘူးသောမျက်ရည်များအနက်သူတပါးအတွက်ကျခဲ့ရ၍ တန်ဖိုးအရှိဆုံးမျက်ရည်ပင်ဖြစ်မည်လားမသိ။ နောက်ဆုံးမျက်ရည်လည်းဖြစ်စေချင်ခဲ့မိ၏။ ယောက်ကျားတန်မဲ့မျက်ရည်ကျရမှာရှက်စရာဟုခံယူဆဲ အတ္တနောမတိကြောင့်ဖြစ်လေသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုရက်ပိုင်းကကွယ်လွန်ခဲ့သူစင်္ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယူ (Lee Kuan Yew) ၏ ‘ကြေကွဲရခဏတာ (A Moment of Anguish) ကို သူ့အကြောင်းသတင်းတိုလေးတွေထဲမှာတွေ့ရ၏။ မလေးရှားပါလီမန်၏ဆုံးဖြတ်ချက်အရ စင်္ကာပူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအပြီးအပိုင်ဖယ်ထုတ်ခံလိုက်ရသည့်အကြောင်းသတင်းစာရှင်းလင်းပွဲမှာ စိတ်ထိခိုက်ကာမျက်ရည်မထိန်းနိူင်တော့သည့်အတွက် သတင်းစာရှင်းလင်းပွဲအားခေတ္တရပ်နားစေခဲ့သောဖြစ်ရပ်ပင်။ သဘောက စိတ်ဓါတ်ခိုင်မာပြတ်သားသူဟု ကျော်ကြားသောလီကွမ်ယူလိုပုဂ္ဂိုလ်မျိုးပင်မျက်ရည်နှင့်မကင်း။ သူနှင့်မနှိုင်းသာသည့်တိုင်ကျွန်တော်လိုလူမျိုးအတွက်တော့ဖြေသိမ့်စရာဖြစ်၏။

စင်စစ်ကျွန်တော့်အတွက်ဖြေသိမ့်စရာနောက်တခုရှိသေးသည်။ အကြောင်းအားလျော်စွာမျက်ရည်ကျဖြစ်တိုင်း ကျွန်တော့်ခေါင်းထဲရောက်ရောက်လာတတ်သည့်ကဗျာအပိုင်းအစလေးဖြစ်လေသည်။ ထိုကဗျာကို လွန်ခဲ့သောနှစ် ၃၀ ကျော်က ရှုမဝမဂ္ဂဇင်းမှာကျွန်တော်ဖတ်ခဲ့ဘူးပြီး စာသားအချို့(အကုန်လုံးမဟုတ်)ယနေ့တိုင်မှတ်မိနေဆဲဖြစ်၏။ ကဗျာတပုဒ်လုံးမပြောနှင့်ကဗျာရေးသူအမည်ကိုပင်ဇဝေဇဝါဖြစ်နေသည့် (ဆရာတင်မိုးလားဆရာမောင်စွမ်းရည်လားတစ်ယောက်ယောက်ဖြစ်မည်) ထိုကဗျာတပိုင်းတစ ကျွန်တော့်ထံတွင်ဘာကြောင့် ‘ကျန်’ နေရသည်ကိုတော့ ထိုစာသားများကသက်သေပြုပါလိမ့်မည်။

အလံမလှဲပမေဲ့၊ အံခဲတာနာတဲ့အခါ
ငိုတာထက်၊ ဘာများကောင်းတာ
ရှိသေးပါလဲ၊ လာကြကွယ်
အားငယ်ပြန်ရင်
ဟန်မလုပ်တန်းငိုရအောင်
ယောက်ျားမျက်ရည် မြေပေါ်ကျ
မီးထတောက်ချင်တောက်စေရော့။

ကျွန်တော်တွေးမိသည်။ ယနေ့ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်ခမန်းဖြစ်နေသည်မှာယောက်ျားမျက်ရည်တွေ မြေခရလွန်းသောကြောင့်လေလားဟု။

No comments:

Post a Comment