Thursday, December 31, 2015

ကျွန်တော်နှင့်ကျီးကန်း


ငယ်ငယ်ကညလူခြေတိတ်ချိန် ကျီးကန်းတွေအုပ်စုလိုက် ထထပျံရင်းအော်သည်နှင့်ကြုံလျှင် ကျီးပြိုသည်ဟု လူကြီးတွေ ပြောကြောင်း မှတ်သားဘူးသည်။ နယ်ဘက် မြို့ကလေး၏ ညတွေက တိတ်ဆိတ်လွန်းသည်မို့ ကျီးပြိုသည့်အသံမှာ တစ်မျိုးခြောက်ခြားစရာကောင်းသည်။ သည်ကြားထဲအချို့လူကြီးတွေက ကျီးပြိုလျှင်မျက်စေ့ပျက်မျက်နှာပျက်ဖြစ်ကြ၊ ရသမျှဘုရားစာတွေဆိုကြ လုပ်တတ်ပြန်ရာ ဘာမှန်းမသိသောကျွန်တော် ရင်တွေခုန်ရ၏။ မေးပြန်တော့လည်း ‘ကျီးပြိုရင်မကောင်းဘူး’ ဆိုသော တုံးတိတိအဖြေကလွဲပြီး မရတတ်သဖြင့် နောက်ဆိုမမေးတော့ပဲ ကိုယ့်ဘာကိုယ်စိုးရွံ့အားငယ်စွာ နေကျင့်ရသွားတော့သည်။ ထိုစဉ်ကတော့ ရန်သူသို့မဟုတ် အနှောက်အယှက်တစ်စုံတစ်ရာပေါ်ပေါက်လာခြင်းကြောင့်ညကြီးအချိန်မတော်ထအော်ကြခြင်းဖြစ်မည်ဟူ၍ မစဉ်းစားတတ်သေး။ ညီညွတ်ခြင်းအရာမှာကျီးကန်းတွေ စာတင်လောက်သည်ကိုလည်းမသိနားမလည်တတ်သေး။

တစ်ကယ်တန်းကျီးကန်းနှင့်ကျွန်တော် နဖူးတွေ့ဒူးတွေ့ကြုံရသည်က အချိန်ပိုင်းဘုန်းကြီးကျောင်းသားဘဝမှာဖြစ်၏။ မိဘများကိုးကွယ်သည့်အိမ်နားကဘုန်းကြီးကျောင်းသို့ ကျောင်းပိတ်ရက်တိုင်းသွားပြီး ဘုန်းကြီးကျောင်းသားအဖြစ် ကျွန်တော်လုပ်အားပေးလေ့ရှိရာဆွမ်းခံလိုက်ခြင်းသည်လည်းတစ်ခု အပါအဝင်ဖြစ်လေသည်။ တွဲဘက်ကိုရင်တစ်ပါးကသပိတ်ပိုက် ကျွန်တော်ကဆွမ်းဟင်းဗျတ်(လင်ပန်း)ကိုခေါင်းပေါ်ရွက်ကာ နံက်ဆွမ်းခံဝင်ချိန်တွင် သတ်မှတ်နယ်မြေအတွင်း ဆွမ်းခံအိမ်စေ့လိုက်၍ ဆွမ်းခံရသည်။ ဆွမ်းလောင်းသူကကိုရင့်သပိတ်တွင်းသို့ဆွမ်းလောင်းပြီးသည့်အခါ ကျောင်းသားဖြစ်သောကျွန်တော်စီစဉ်ပေးသောဝတ်ခွက် (ဆွမ်းဟင်းခွက်)အတွင်းသို့ဆွမ်းဟင်းလောင်းသည်။ ဆွမ်းခံအိမ်ရှိသလောက် ဆွမ်းဟင်းခွက်အရေအတွက်မရှိသဖြင့် နှစ်ခွက်တစ်ခွက်တူရာဟင်းချင်းပေါင်းထည့်သည့်တိုင် တစ်ခါတစ်ရံမလုံလောက်သည့်အခါ ဝတ်ခွက်ဖုံးဖွင့်ကာပက်လက်လှန်ပြီးဆွမ်းဟင်းထည့်ရခြင်းများရှိတတ်၏။ သည်တွင်ကိုရွှေကျီးတို့နှင့်နှစ်ပါးသွားရတော့သည်။

ဝတ်ခွက်အဖုံးဖွင့်ပြီးထည့်ရလောက်အောင်ဆွမ်းဟင်းတွေရသည့်တိုင် ကျွန်တော်စိတ်ချလက်ချမပျော်နိုင်။ လစ်လျှင်လစ်သလိုနီးစပ်ရာသစ်ပင်သစ်ကိုင်းပေါ်မှတစ်ဟုန်ထိုးပြေးဆင်းလာပြီး အဖုံးထဲမှဟင်းလျာများကို သုတ်ချီတတ်သောကျီးကန်းတွေကြောင့် တစ်ခါတစ်ရံဝတ်ခွက်ဗန်းမှောက်သည်အထိကြုံပြီး ဆွမ်းမငတ် သည့်တိုင် လူကြားထဲအရှက်ရမည့်အန္တရာယ်ကရှိနေသည်။ ဝါရင့်ဘုန်းကြီးကျောင်းသားများသင်ကြားထား သည့်အတိုင်းလက်တစ်ဘက်ကဆွမ်းဟင်းဗျတ်ကိုထိမ်းကိုင်လျက်အသင့်ယူဆောင်လာသော ဝါးစိမ်း တုတ်ချောင်းငယ်အား ကျန်လက်တစ်ဘက်ဖြင့်ယမ်းကာယမ်းကာ ကျီးခြောက်ရသည်မှာ ကျောင်းသို့ပြန်ရောက်သည်အထိဖြစ်လေသည်။ ကျောင်းရောက်၍ကပ္ပိယကြီးထံဆွမ်းကွမ်းများ လိုအပ်သလိုစီမံဆောင်ရွက်ရန် ချောချောမောမောအပ်နှံပြီးမှသာသက်ပြင်းချနိုင်၏။ လှယ်ပြီးသောဝတ်ခွက်များကို ဆေးကြော အခြောက်ခံခြင်းအလုပ်ပြီးလျှင် ဆွမ်းခံသည့်အလုပ်ပြည့်စုံပြီ။

တစ်ရက်ဆွမ်းခံကပြန်လာပြီးဝတ်ခွက်များဆေးရန်ကျောင်းဝင်းအတွင်းရှိရေတွင်းသို့ ကျွန်တော်ထွက်လာ ခဲ့၏။ ခြံစည်းရိုးတစ်လျှောက် စီတန်းစိုက်ထားသော ကွမ်းသီးပင်များအောက်မှဖြတ်လျှောက်လာစဉ် လမ်းနံဘေးမြေကြီးပေါ်တွင် နုတ်ခမ်းနီတျာတျာ ကျီးကန်းသားပေါက်လေးတစ်ကောင်ကို မြင်ရသည်။ သူ့ခမျာ ပျံနိုင်ပုံမရဘဲ အကူအညီတောင်းသည့်ဟန်ဖြင့်သာတစ်စာစာအော်နေ၏။ ကွမ်းသီးပင်ပေါ်ရှိအသိုက်တွင်းမှ ကျပြီး ကယ်ဆယ်မည့်သူမရှိဖြစ်နေကာ ကျောင်းဝင်းအတွင်းရှိခွေးကြောင်တစ်ကောင်ကောင်နှင့်သာ တွေ့လျှင် အကျိုးနည်းတော့မည်။ လက်တွင်းမှဝတ်ခွက်ဗန်းနှင့် ဆပ်ပြာခွက်တို့ကိုအောက်သို့ချပြီး ထိုကျီးကန်းအာနီလေးကို ကျွန်တော်အသာအယာကောက်ယူကာ ဘေးကင်းရာရွှေ့ဘို့ နေရာတစ်ခုခုရှိလိုရှိငြားအနီးအပါးတွင်ရှာဖွေနေမိ၏။ ရုတ်ခြည်းဆိုသလိုပင်ကျွန်တော့်ခေါင်းမှာပူကနဲခံစားလိုက်ရပြီး နံဘေးတွင်လည်းဘယ်ကရောက်လာမှန်းမသိသော ကျီးကန်းတွေကစူးစူးရှရှဝိုင်းဝန်းအော်ဟစ်နေကြသည်ကို သတိထားမိလေသည်။ သူတို့၏သားငယ်ကို ဘေးလွတ်ရာပို့ပေးမည့်သူအပေါ်မသိသားဆိုးရွားစွာရန်မူနေသည့် ထိုကျီးကန်းတွေကို စိတ်လည်းဆိုးကြောက်လည်းကြောက်သွားကာ ကျီးပေါက်ကလေးအား မြေပြင်ပေါ်သို့ပြန်ချပြီးနောက် ဝတ်ခွက်နှင့်ဆပ်ပြာခွက်တွေကမန်းကတန်းဆွဲ၍ရေတွင်းဆီသို့ပြေးခဲ့ရတော့၏။ ထိုနေ့မှစ၍ ကျီးကန်းကို ကျွန်တော် မုန်းတတ်ခဲ့လေသည်။

ကျွန်တော်တို့လိုဘုန်းကြီးကျောင်းသားဗျတ်ထဲမှဆွမ်းဟင်းတွေကျီးကန်းသုတ်မှာစိုးသလို အရပ်ထဲကအိမ်တွေမှာလည်း သင်းတို့ရန်ကအမြဲတစ်စေရှိနေသည်။ ချက်ပြုတ်ပြီးချက်ပြုတ်ရန်ပြင်ဆင်ဆဲ သားငါးဟင်းလျာတွေကို မီးဖိုချောင်ထဲအထိအတင့်ရဲစွာဝင်ဆွဲတာမျိုးကတော့အိမ်ရှင်မတို့အဖို့ရိုးနေပြီဆိုရမည်။ တောနယ်ကျေးလက်မို့သားငါးဈေးကျချိန် တစ်ပိုင်တစ်နိုင်ငါးခြောက်ငါးခြမ်းခွဲပြီးစကောထဲထည့်နေလှန်းသည့်အလေ့ ရှိကြလေရာ ကိုရွှေကျီးကန်းတို့အတွက်ပွဲတော်အုပ်အရံသင့်တည်ပေးထားသည့်နှယ်ဖြစ်တော့၏။ သည်မှာ အလိုလျောက်ကျီးခြောက်ပေးနိုင်သည့် ကျေးလက်နည်းပညာတစ်ရပ်မှာချီးကျူးမှတ်သားဘွယ်ရာဖြစ်သည်။ ငါးခြောက်စသည့် ကျီးကြိုက်အစားအစာတွေ အိမ်ပြင်ထုတ်နေလှမ်းသည့် အခါကြည့်မှန်ဟောင်း (အပိုင်းအစဖြစ်စေ) အရွယ်တော်တစ်ချပ်ဗန်းထဲမှာထောင်ထားလိုက်ခြင်းပင်ဖြစ်သည်။ လောဘအရာတွင်လူကိုယှဉ်နိုင်သော်လည်း ပညာမဲ့သည့်ကျီးခမျာဗန်းထဲမှအစာကိုအလစ်သုတ်ဖို့ထိုးဆင်းလာတိုင်း သူ့ပုံရိပ်သူလှစ်ကနဲမြင် ရန်သူထင်ပြီး အပြေးဆုတ်ခွာပျံတက်ရတော့သည်။ ရှေးလူကြီးတွေအကြံပိုင်ပုံကိုတွေးမြင်ရင်း ကျွန်တော့်ကို ဆိတ်ခဲ့ဘူးသော သင်းရို့တစ်တွေအလှည့်စားခံရသည်ကိုဝမ်းသာအားရဖြစ်ခဲ့မိလေသည်။

ရန်ကုန်ကိုပြောင်းလာခဲ့ပြီးနောက်ကျီးကန်းနှင့်နပန်းလုံးရသည့်ဘုန်းကြီးကျောင်းသားဘဝမှ လွတ်မြောက်ခဲ့၏။ သို့သော် ထစ်ကနဲဆိုတစ်ဆွေမျိုးလုံးဝိုင်းအုံရန်တွေ့တတ်ကာအရပ်ထဲမှာလည်း ‘ကျီးကန်းအုပ်စု’ ဟုကျော်ကြားသည့် တစ်လမ်းတည်းနေအမဲသားသည်မိသားစု၏အယုတ္တအနတ္တတွေကို ကိုယ်တိုင်ကြားရဖန်များသည့်အခါ ယ္ခင်ခေါင်းဆိတ်ခံရဘူးသည့်အတွေ့အကြုံနှင့်အတူကျီးတွေကို အမှတ်ရရပြန်လေသည်။ ထိုသို့ကိုယ့်အတ္တနှင့်ကိုယ်ကျီးကန်းကိုရွံကြောက်ကြောက်နေခိုက် တွံတေးသိန်းတန်၏ ‘သာပါလိမ့်မယ်ရွှေကျီးညို’ သီချင်းကလည်းခေတ်စားလာပြန်ရာ ‘မောင်ပြန်ရောက်ချိန်ကို ခါခါခွန်းချိုသာပါလိမ့်မယ်ရွေကျီးညို’ ဆိုသောတေးသွားလေးကို မညည်းဘဲမနေနိုင်ခဲ့။ တေးထဲကလိုမျှော်နေမည့်ချစ်သူကျွန်တော့်မှာမရှိ။ ပြောရလျှင် ထိုမျှအထိအရွယ်မရောက်သေး။ သို့သော် စာတွေဖတ်သီချင်းတွေ နားထောင်ပြီးရင်ခုန်တတ်စပြုပြီ။ ရှစ်တန်းစာမေးပွဲအပြီးနွေရာသီကျောင်းပိတ်ရက်အတွင်းမှာတော့ကျီးနှင့်ကျွန်တော်စစ်ပြေငြိမ်းစရာ တစ်နည်းအားဖြင့် ကျီးတို့အပေါ် ကျွန်တော်အမျက်ပြေစရာအကြောင်းတစ်ရပ်ပေါ်ပေါက်ခဲ့လေ၏။

မှတ်မှတ်ရရ စာမေးပွဲဖြေပြီးနောက်တစ်ရက်ကစနေနေ့။ နံက်စောစောဝရံတာမှာကျွန်တော်ထိုင်နေစဉ် အိမ်ရှေ့ဗာဒန်ပင်ပေါ်မှကျီးသာသည့်အသံကြားရသည်။ တစ်ဖက်ခန်းမှအဒေါ်ကြီး၏ ကျီးသာကြောင်းသူ့အိမ်သားတွေကိုသတင်းပေးသံနှင့် ရောယောင်ကာကျွန်တော် သတိပြုခဲ့မိခြင်းဖြစ်၏။ နောက်ဆက်တွဲ စကားတွေအရ သူတို့မိသားစုဧည့်သည်မျှော်နေသည်ဟုနားလည်ရလေသည်။ ထိုနေ့ကသူတို့မျှော်သည့်ဧည့်သည်ရောက်မရောက်ကျွန်တော်မသိ။ သို့သော် ကျွန်တော့်နာမည်နှင့်စာတစ်စောင်တော့နေ့လည်ပိုင်းမှာမမျှော်လင့်ပဲ ကျွန်တော်တို့ အိမ်သို့ရောက်လာခဲ့သည်။ (စကားချပ်။ ထိုခေတ် စာတိုက်မှ တံဆိပ်ခေါင်း၅ပြားကပ်ရသော ရန်ကုန်မြို့တွင်းပို့စာများသည်နေ့ပို့လျှင်နောက်တစ်နေ့ရောက်သည်။ ပြည်တွင်းပို့စာများတံဆိပ်ခေါင်း၁၅ပြားကပ်ရ၍ ပုံမှန်သုံးရက်ကြာတတ်သည်။ စာပျောက်ခြင်းစာမရောက်ခြင်းများမရှိသလောက်နည်းပါး၏။)။ စာမှာတစ်တန်းတည်းသူငယ်ချင်းကျောင်းသူတစ်ဦးထံမှဖြစ်ပြီး စာမေးပွဲဖြေနိုင်လားမေးမြန်းခြင်းနှင့်အတူ သူငယ်ချင်းတွေနှင့်ခွဲခွာရသဖြင့်ကျောင်းပိတ်ရက်မှာပျော်မည်မထင်ကြောင်းဘာကြောင်းညာကြောင်း စာရေးစက္ကူတစ်မျက်နှာခန့်ရေးသားထားသည်။ ထို့နောက်ကျောင်းပိတ်ရက်လွန်မြောက်သည်အထိ သူနှင့် ကျွန်တော် စာလေးငါးစောင်လောက်အပြန်အလှန်ရေးဖြစ်ကြလေသည်။ ကျောင်းပြန်ဖွင့်သောအခါ ဝိဇ္ဇာတွဲဖြင့်အောင်သောသူ တစ်ခြားကျောင်းသို့ပြောင်းသွားသည်မှစ၍အဆက်အသွယ်မရတော့။ ကျွန်တော့်ဘဝတွင်ယနေ့တိုင် စာတိုက်မှတစ်ဆင့်အကြောင်းအရာအမျိုးမျိုးပါ စာအမျိုးမျိုးကိုအကြိမ်ကြိမ် အဖန်ဖန်လက္ခံရရှိနေသည့်တိုင် ထိုကျောင်းပိတ်ရက်အစတွင်ရခဲ့သောသူငယ်ချင်း၏စာတိုကလေးက အမှတ်ထင်ထင်ရှိနေဆဲ။ ယင်းမှာ ကျီးသာခြင်းနှင့်ဆက်စပ်နေမည်လားမသိ။ အရာရာကိုနှလုံးသားနှင့် ရှုမြင်တတ်သောအရွယ်ပေကိုး။

ကျီးကန်းနှင့်ပတ်သက်၍ ဦးနှောက်ဖြင့်ဆင်ခြင်မိသည်မှာ ပြည်ပ(ဘန်ကောက်)တွင် သွားရောက်အလုပ်လုပ်ကိုင်ရာမှပြန်လာခိုက်တွင်ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုကာလအတွင်းအိမ်ရှေ့ခြံစည်းရိုးပေါ် ရက်ခြားဆိုသလိုလာလာနားပြီး ငြိမ့်ညောင်းစွာသာလေ့ရှိသောကျီးတစ်ကောင်ကလည်းရှိနေသည်။ ပုံပန်းသဏ္ဍန်နှင့်အသံကိုလေ့ကျက်ကာ တစ်ကောင်ဟုပြောရသော်လည်း စင်စစ်တစ်ကောင်တည်းဟုတ်ချင်မှဟုတ်မည်။ ဘုန်းကြီးကျောင်းသား၏ ဆွမ်းခံဗျတ်ထဲမှဟင်းခွက်တွေကိုလုယက်ဘို့လောဘဇောတက်နေကြသည့်ကျီးကန်းများ၊ သူရို့အမျိုးအာနီကလေးအားကောက်ချီသူကို ရန်သတ္တရုပြုအော်ဟစ်တိုက်ခိုက်ခဲ့ကြသည့်ဒေါသကုမ္မာရကျီးကန်းများနှင့်ယ္ခုဧည့်စေတမန်ကျီးကန်းတို့ကိုနှိုင်းယှဉ်မြင်တွေးရင်းသတ္တဝါတို့၏ စေတသိတ်သဘောကို ကျွန်တော်မတောက်တစ်ခေါက်စောကြောဖြစ်ခဲ့သည်။ အစာရှာရာမှာရဲတင်း၊ အမျိုးအတွက်ရန်လိုတတ်ကာဝမ်းမီးငြိမ်းချိန်မှာသာယာညှင်းပြောင်းလေ့ရှိသောကျီးနှင့်လူသား ဘာများခြားသနည်းဟု ကျွန်တော်တွေးတောမိ၏။ စင်စစ် အစာအတွက် သူတစ်ပါးထမင်းလုပ် အတင်းပုတ်ကြ၊ အာဏာအတွက် အရှက်သိက္ခာမငဲ့ကွက်ကြသော လူသားဆိုသူတွေကျွန်တော်တို့ ပတ်ဝန်းကျင်မှာဒုနှင့်ဒေး။ တစ်ချို့ ဝမ်းမီးငြိမ်းချိန်မှာပင် ကျီးလိုဂဏာမငြိမ်တတ်ကြ။

ကျီးနှင့်လူတူပေစွဟုနောက်တစ်ကြိမ်အတွေးပေါက်မိသည်မှာ အိန္ဒိယကျီးကန်းတွေ အာဖရိကမှာမင်းမူနေကြကြောင်း ဖေါ်ပြထားသော ဘီဘီစီ သတင်းဆောင်းပါးကို ဖတ်ရှုစဉ်ကဖြစ်သည်။ ၁၉ရာစုနှောင်းပိုင်း၌ အာဖရိကတိုက် ကင်ညာနိုင်ငံတွင်အမှိုက်ပုံများအားကြီးလွန်းသဖြင့် အုပ်ချုပ်သူတွေကအမှိုက်ကြိုက်သော ကျီးကန်းများကို အိန္ဒိယမှတင်သွင်းမွေးမြူခဲ့ရ၏။  ယ္ခုအခါ ထိုကျီးကန်းတွေပေါက်ပွားပြီးအမှိုက်ပုံသာမက အိမ်မီးဖိုချောင်ရောစားသောက်ဆိုင်တွေအထိပါဝင်ရောက်ကာ မြင်မြင်ရာဆွဲလွဲနေကြသဖြင့် ဂျောက်ကျနေကြရသည်။ ခေါ်စဉ်ကခေါ်ပြီးနှင်ချင်တိုင်းနှင်၍မရသည့်ထိုဖြစ်ရပ်တွင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သည့်လူသားရင့်မကြီးတွေလက်မှိုင်ချရသည့် ‘ကျီးတို့၏မာယာ’ မှာ ပြုံးချင်စဘွယ်လည်းဖြစ်၏။ ကင်ညာတွင်နေသားကျကာမှ သူတို့အမျိုးတွေကိုနောက်ထပ်မခေါ်တော့သောအခါ ထိုကျီးအနွယ်တို့သည်အတောင်အားကိုးပျံသည့်အခါပျံ ပင်လယ်ကူးသင်္ဘောကြီးများပေါ်မှာနားခိုရင်းလမ်းကြုံလိုက်သည့်အခါ လိုက်ကြခြင်းဖြင့်အိန္ဒိမှ အာဖရိကသို့သူတို့သဘောနှင့်သူတို့ဝင်လာမစဲတသဲသဲဖြစ်နေကြလေသည်။ ထို့ပြင်တစ်ဝ အင်အားကြီးထွားလာသောသူတို့ကိုနှိမ်နင်းရန် ထောင်ခြောက်ဆင်သူများကိုမှတ်သားရှောင်ရှားတတ်ရုံမက မတော်တစ်ဆထောင်ခြောက်တွင်းသို့သက်ဆင်းရသည့်အခါများမှာလည်း လွယ်လင့်တစ်ကူရုန်းထွက်နိုင်ကြသည်။ ဒါကြောင့်လည်း ကမ္ဘာကျော်စာရေးဆရာကြီး မာ့တွိန် (Mark Twain) က သူ၏ အီကွေတာနှင့်လိုက်ပါခြင်း (Following the Equator) စာအုပ်တွင်အိန္ဒိယမှာကြုံခဲ့ဘူးသည့်ကျီးကန်းတွေကိုသရုပ်ဖေါ်ရာ၌ အလေးဂရုပြုခြင်း (care) ဝမ်းနည်းခြင်း (sorrow) နောင်တရခြင်း (remorse) အလျှင်းမရှိသူများဟု လူသားသဘွယ်တင်စားရေးသား ခဲ့ခြင်း ဖြစ်မည်ဟု ကျွန်တော်တွေးမိ၏။

ဘီဘီစီမဂ္ဂဇင်းဖတ်ရချိန်မှာပြည်ပဒုတိယအကြိမ်အဖြစ် စင်္ကာပူတွင်ကျွန်တော်ရောက်နေပေပြီ။ ပြည်တွင်း၌ ကျီးလိုလုယက်အသက်ဆက်ရတော့မည့်အနေအထားတစ်ရပ်ကို ရှောင်လွှဲထွက်ခွာလာခဲ့ခြင်းလည်းဖြစ်၏။ သပ္ပာယမျှတသည့်နယ်မြေသစ်မှာကျီးတွေလိုလုယက်မစားရကျီးတွေလောက်အမုန်းပွားမခံရသည့်တိုင် ဠင်းတကြားမှစာသူငယ်လိုငြိုငြင်ခံမွမ်းကျပ်စရာတွေရှိကြောင်း ကျွန်တော်မှတ်သားမိသည်။ ၎င်းပြင် ဇာတိမာနကိုချိုးနှိမ်ရန်ကလည်းအတော်အားထုတ်ရသည်။ သို့သော် မာ့ခ်တွိန်ပြောသည့်ကျီးမျိုးမဖြစ်စေရန် ကျင့်ဝတ်တစ်ရပ်အနေဖြင့်ကျွန်တော့်ကိုယ်ကျွန်တော်စောင့်ရှောက်နိုင်ခဲ့သည်မှာ ပြည်တော်ပြန်သည်အထိဖြစ်၏။ ထိုအချိန် တိုင်းပြည်မှာကကောင်းမျိုးအထွေထွေချွန်စေမြစေဘို့ ဒေါင်းအိုးဝေတို့တွန်နေကနေကြချိန်။ ကျွန်တော်ကတော့ ဖြစ်နိုင်လျှင်ဝမ်းမီးငြိမ်းစကျီးတစ်ကောင်လို 'သာနေခွင့်' ကိုသာမျှော်လင့်၏။

ဒေါင်းယောင်ဆောင်သော ကျီးတစ်ကောင်ဘယ်နည်းနှင့်မှမဖြစ်စေဖို့တော့အရေးကြီးမည်ထင်သည်။