Tuesday, May 3, 2016

ကျွန်တော်နှင့်စမ်းချောင်း (၅)



ဖေဖေ့အသုဘကိစ္စပြီးပြီးချင်းဆိုသလို ဝါးခယ်မကိုပြန်ကြသည်။ ပထမအစမ်းစာမေးပွဲပြီး၍ သီတင်းကျွတ် ကျောင်းပိတ်ရက်ပင်ကုန်ပြီမို့ ကျောင်းပျက်ရက်အတော်များနေပြီ။ သို့သော် မသွားခင်ကခွင့်တိုင်သွားခြင်းကြောင့်၎င်း၊ ဖခင်ဆုံးထားသည်ကိုသိရှိကြသဖြင့်၎င်း၊ ကျောင်းမှထူးထူးထွေထွေမပြော။ စာတွေနောက်ကျသော်လည်းဒုတိယအစမ်းနှင့်စာမေးပွဲကြီးကိုကျွန်တော်ကောင်းစွာဖြေနိုင်ခဲ့သည်။ မူလတန်းအဆင့်ပြီးပြီ။ 

ကျောင်းကအလယ်တန်းကျောင်းမို့ ငါးတန်းတက်ဖို့ကျောင်းပြောင်းရန်မလိုသည်မှာကံကောင်းသည်ဆိုရမည်။ ထိုအချိန်မျိုးတွင်ကျောင်းအသစ်ပြောင်းအပ်ရမည့်ကရိကထတွေကိုခံနိုင်ရည်ရှိမှာမဟုတ်။ ဖေဖေကွယ်လွန်ခြင်းနှင့်အတူသားရေးသမီးရေးကိစ္စတွေတစ်လှေကြီးဆိုသလို ကျန်ရစ်ခဲ့ပြီးစီးပွားရေးကလည်းထောက်ထောက်ခံခံမရှိ။ ပုဗ္ဗေကတ ရှေးဘဝက ပုညဆင်းရဲ ကံမွဲချို့တဲ့ ဘုန်းမဲ့သသူဆိုသလို သံသရာအဆက်ဆက်ကုသိုလ်တရားနည်းပါးခဲ့ပုံရသောသည်မိသားစုမှာ ဖေဖေဆုံးပြီးနောက်အမေသည်အကြီးအမှူး။ သို့သော် လောကဓံ ကိုကျော်လွှားရန်လုံလောက်သောလက်နက်ရိက္ခာပင်မရှိသည့်အကြီးအမှူးဖြစ်နေရုံမက ငိုအားထက်ရယ်အားသန်စရာထိုလောကဓံ၏ အားစမ်းမှုကိုလည်းရှေးဦးမဆွမှာပင်ကြုံရသေး၏။

မိသားစု၏အိမ်ဦးနတ်သံသရာခရီးကိုအပြီးအပိုင်ထွက်ခွာသွားခြင်းအပေါ် ပူဆွေး၍မှမျက်ရည်မခြောက်ခင် အကြီးဆုံးသမီး (ကျွန်တော့အစ်မအကြီးဆုံး) ကယောက်ကျားနောက်လိုက် (ခိုးရာလိုက်) သွားသည်။ ဖေဖေဆုံးပြီးတစ်ဆယ့်လေးရက် မမအသက်တစ်ဆယ့်ခြောက်နှစ်စွန်းစွန်းမှာဖြစ်၏။ ဆေးရုံကိစ္စလူမမာကိစ္စတွေနှင့် ရှုပ်ထွေးနေကြချိန်မှာ ဖေဖေ့အချစ်ဆုံးသမီးချောမမနှင့်တစ်လမ်းကျော်မှဆောက်လုပ်ရေးဒုတိယတန်းကလပ်ဘော်လုံးသမားတစ်ဦးတို့၏ နှလုံးသားအရေးကိုမည်သူမျှအာရုံမစိုက်နိုင်ခဲ့ကြ။ 

ဝါးခယ်မပြန်ဖို့ နှစ်ရက်အလိုမှာထိုကိစ္စဖြစ်တော့အမေသည်လင်သေပြီးနောက်တိုးတိုးဖေါ်တိုးတိုးဖက်သမီးကြီးအဖြစ် ရည်ရွယ်ထားပုံရသောမမ၏ အဝတ်အစားများအသင့်ထည့်ပြီးသားခရီးဆောင်ကြိမ်ခြင်းကလေးကို ကြည့်ကာငိုင်နေပြီးမှ ‘အဆက်အသွယ်ရလျှင်ပေးလိုက်ဖို့’ ကိုသာမှာကြားလျက် ကျန်သားသမီးများ (အစ်ကိုကြီးကလူငယ့်ရေးရာညကျောင်းတက်ရင်းကိုးတန်းပြန်ဖြေဖို့နေရစ်သည်) ကိုခေါ်ဆောင်ပြီးပြန်ခဲ့၏။ ကလေးတွေမို့ အမေပြောမပြသော်လည်းသူတို့အချင်းချင်းစကားသွားစကားလာတွေအရ ကျွန်တော်တို့သိရသောကိစ္စတစ်ခုလည်းရှိသေး၏။ အမေ့မှာ နောက်ထပ်ကိုယ်ဝန်လွယ်ထားရသည်။

#                  #

ပြန်စဉ်းစားကြည့်တော့ တစ်ခါတစ်ခါတကယ့်အဖြစ်အပျက်တွေသည် စိတ်ကူးယဉ်ပုံပြင်ဝတ္ထုတွေထက် ပိုဆန်းကျယ်ပို၍ဇာတ်နာတတ်သည်ဆိုသောသဘောကိုကျွန်တော့်ငယ်ဘဝမှာအများကြီးတွေ့ရ၏။ အထူးသဖြင့် ဖေဖေဆုံးပြီးဝါးခယ်မမှာပြန်နေကြသည့်ကာလတွေမှာ မှောင်လွန်းသောညများဟုပင်ကဗျာဆန်ဆန်တင်စားရမည်သို့ဖြစ်၏။ ထိုကာလတွေကို ကျော်လွှားရုန်းကန်ခဲ့သမျှတွေမှာအမေသည်အခရာ။ မဆုတ်နစ်သော အမေ့ဇွဲ အားမာန်နှင့်ဆင်ခြင်တုံတရားကြောင့်သာမဟုတ်လျှင် ကျွန်တော်အပါအဝင်သားသမီးတွေ ယနေ့လူတန်းစေ့ရုံဘဝမျိုးကိုပင်ရောက်ကြလိမ့်မည်မဟုတ်။ ပို၍တိတိကျကျပြောရလျှင်ယနေ့လိုအမှီခိုကင်းကင်း ကိုယ်စားသည့်ထမင်းကိုယ်စိတ်‌ဖြောင့်လက်ဖြောင့်မျိုကျနိုင်သည့်ဘဝမျိုးကိုရမည်ရောက်မည်မထင်။ အနည်းဆုံးမိသားစုဆို‌သောအသိုက်အမြုံနှင့်လုံခြုံခွင့်ဆုံးရှုံးပြီး ဆင်းရဲခြင်းထက်ပိုဆိုးသောဝေဒနာနှင့်ကြီးပြင်းရမှာ‌သေချာသည်။ 

ဝါးခယ်မပြန်ရောက်ရောက်ချင်းဆေးလုံးလုံးသည့်အလုပ်အမေပြန်လုပ်သည်။ ဖေဖေ့အတွက်တစ်လပြည့်ဆွမ်းကျွေးအိမ်မှာလုပ်တော့မြို့ပေါ်နှင့်ရွာနီးချုပ်စပ်မှလာကြသမျှဆွေမျိုးတွေ အမေ့ကိုဂရုဏာသက်ကြ၏။ အတော်များများကအမေ့မှာမပေါ့မပါးကြီးနှင့် လူမမယ်ကလေးတွေတစ်ဖက်စားဝတ်နေရေးတစ်ဖက်မို့ အငယ်တွေ (ကျွန်တော်အပါအဝင်သုံးယောက်) သူတို့ကူမွေးပေးမည်။ အနည်းဆုံးအမေမွေးဖွားပြီးသည်အထိသူတို့ထံပို့ထားရန်ဝိုင်းပြောကြသည်။ အမေကအပြုံးနှင့်တွင်တွင်ငြင်းလေသည်။ ဆွေမျိုးတွေကစစ်မှန်သောမေတ္တာတရားနှင့်ကမ်းလှမ်းကြခြင်းဖြစ်သော်ငြား အဖရင်း၏မေတ္တာကိုဆုံရှုံးပြီးစရင်သွေးများအားအမိရင်း၏မေတ္တာ ခေတ္တခဏပဲဖြစ်ဖြစ်ထပ်မံမဆုံးရှုံးစေဖို့အမေသံန္နိဋ္ဌာန်ချထားပုံရ၏။ ပြောရလျှင် ထိုအတွက်မဆိုင်သူတွေဘေးမှအမနာပသည်ကိုရင်ဆိုင်ရခြင်းမျိုးလည်း (ကျွန်တော့်အသိဉာဏ်သေးသေးဖြင့် တိုင်းတာမိသလောက်) ရှိခဲ့ပါ၏။

ထိုအမျိုးများထဲမှ ဖေဖေ့ညီဝမ်းကွဲ (ဖေဖေ့ဘက်ကကျွန်တော်တို့အဖွားသည်လည်း ဝါးခယ်မသူဟုသိရသည်) လင်မယားမှာအတော်ဇွဲသန်သည်ဆိုရမည်။ သူတို့ကမြို့နှင့်မလှမ်းမကမ်းလှေနှင့်နာရီဝက်ခန့်သွားရသော ဇုက္ကနိရွာကလေးမှဖြစ်သည်။ ရေလုပ်ငန်းလုပ်ကိုင်ကြပြီးအတော်အတန်ချောင်လည်ပုံရ၏။ သားသမီးမထွန်းကား။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကိုမြင်မြင်ချင်း သားသမီးလိုချစ်ခင်သဖြင့်သူတို့မွေးပါရစေဟုပူဆာသည်။ အမေကအလိမ္မာနှင့်ပြတ်ပြတ်သားသားငြင်းသည့်တိုင်လက်မလျှော့။ လာမည့်ကျောင်းပိတ်ရက်မှာတစ်ခါလာပါဦးမည်ဆိုကာပြန်သွားပြီးနောက် ဒီဇင်္ဘာကျောင်းပိတ်ရက်ထပ်လာကာ ကျွန်တော်တို့ကိုအလည်အပတ်ဖြစ်ဖြစ်ထည့်ပေးပါရန်ပြောပြန်၏။ အမေမငြင်းသာတော့။ ကျွန်တော်တို့ကိုသာ ကောင်းကောင်းမွန်မွန်နေကြရန်မှာကြားပြီး အလည်ထည့်လိုက်သည်။ 

အစ်မငယ်နှင့်ညီမလေးတို့က အမေနှင့်ကျန်ရစ်သည်။ ကျွန်တော်တို့ကတော့လှေစီးပြီးခရီးထွက်ရသည်မို့ပျော်သည်။ ဦးခွေးလေး (အမျိုးတွေခေါ်သောအမည်) တို့အိမ်ကဇုက္ကနိချောင်းအဝင်လောက်မှာရှိသည်။ အိမ်မှာကုန်စုံဆိုင်ဖွင့်ထားသဖြင့်ကျွန်တော်တို့အတွက်မုန့်ပဲသရေစာမရှား။ ထို့ထက်ပို၍ သားငါးလတ်လတ်ဆတ်ဆတ် နေ့တိုင်းစားရသဖြင့်အကောင်းကြိုက်ဟုအိမ်မှာအမည်တွင်သူကျွန်တော့်အတွက်ဟန်ကျနေ၏။ မနက်စောစော ဦးလေးကလှေတစ်စင်းနှင့်ငါးဖမ်းထွက်လျှင် ကျွန်တော်တို့ကအိမ်မှာဒေါ်လေးဒေါ်ကျားမေနှင့်ကျန်ရစ်သည်။ ဒေါ်လေးကချက်ပြုတ် ဆွမ်းလောင်းရင်းဈေးရောင်းချိန် ကျွန်တော်တို့ညီအစ်ကို အိမ်ရှေ့ချောင်းကမ်းပါး သို့မဟုတ် အိမ်နောက်လယ်ကွင်းထဲရှိ စပါးခင်းတွေကြားထဲလျှောက်သွားကြ၏။ 

နေ့လည်ထမင်းစားချိန် ဦးလေးပြန်လာလျှင်အတူစားမလာသေးဘူးဆိုလျှင်ကျွန်တော်တို့ကိုအရင်ထမင်းကျွေးသည်။ ညနေခင်းချောင်းထဲမှာရေဆင်းကူးလျှင် ဒေါ်လေးကအတူလိုက်ပြီးမလှမ်းမကမ်းမှစောင့်ရှောက်သည်။ ရေကူးရင်းလတာပြင်ပေါ်မှာငါးမြွေထိုးဖမ်းသူတွေကိုငေးရသည်မှာစိတ်ဝင်စားစရာကောင်း၏။ အသွားချင်းထိလုနီးပါးကွေးထားသည့် ချိတ်သဏ္ဍန်ဓားကွေးကို ဝါးအရိုးထိပ်ဖျားမှာတပ်ထားသောကရိယာဖြင့်လတာပြင်ထဲစိုက်ချပြီးပြန်နှုတ်လိုက်လျှင် ငါးမြွေထိုးတစ်ကောင်ဓားသွားနှစ်ဘက်ကြားမှာ ညပ်လျက်သားပါလာသည်။ မျက်စေ့ဖြင့်မမြင်နိုင်သောလတာပြင်အောက်မှာငါးရှိမှန်းဘယ်လိုသိကြပါလိမ့်ဆိုသောအတွေးက ကျွန်တော်တို့ကိုဖမ်းစားနေသဖြင့်ရေမကူးဖြစ်တော့ဘဲလိုက်ကြည့်နေမိသည်မှာ ဒေါ်လေးအတန်တန်ခေါ်မှ ကမ်းပေါ်တက်ဖြစ်တော့သည်။

ဇုက္ကနိမှာရှိစဉ်အမှတ်ရစရာတစ်ခုမှာမုန့်ဆန်းဖြစ်၏။ စပါးတွေအောင်စအချိန်လသာညတွေမှာ မုန့်ဆန်းထောင်းပြီး သကြားအုန်းသီးနှင့်နယ်ကာ အိမ်သားတွေရောဧည့်သည်တွေပါ ပျော်ပျော်ပါးပါးဝိုင်းဖွဲ့စားကြခြင်းဖြစ်၏။ တစ်ခါတစ်ခါရွာနီးချုပ်စပ်အထိလှေဖြင့်သွားကြရာ ဦးလေးတို့ကကျွန်တော်တို့ကိုပါခေါ်သည်။ အေးမြသောရာသီညဉ့်ဦးယံ  ထိန်ထိန်သာသောလမင်းကြီးအောက် သီချင်းတအေးအေးလှေလှော်နေကြသော ကာလသားကြီးများ၏အပျော်နှင့်အလွမ်းများကျွန်တော့်ကိုပါကူးစက်ပြီး လောကကြီးကို (အိမ်မှာကျန်ရစ်သောအမေတို့ကို) မေ့လျော့နေတော့၏။ ထိုအချိန်ခေတ်စားစတွံတေးသိန်းတန်၏ ဘယ်ပန်းသာလို့ယဉ်သီချင်းကိုအဆိုများလေရာ တွံတေးသိန်တန်ကြိုက်ကျွန်တော်နှင့်အံကိုက်ဖြစ်၍နေလေသည်။ 

ကျောင်းဖွင့်ကာနီး၍ အိမ်ကိုပြန်ကြတော့ကျွန်တော်တို့နှင့် ဦးလေးတို့မိသားစုအတော်ပင်ရင်းနှီးကျွမ်းဝင်မှုရှိပြီဖြစ်ရာ သူတို့၏မွေးစားလိုစိတ်ကလည်းပို၍ပြင်းပြလာပုံရလေသည်။ နှစ်ယောက်စလုံးမဟုတ်လျှင်ပင် အငယ်ကောင် (ကျွန်တော့်ညီ) ကို မွေးစားခွင့်ပေးပါရန်အမေ့ထံအတန်တန်တောင်းဆိုသော်လည်း အမေခွင့်မပြုခဲ့ (စကားနည်း၍ ရှုတည်တည်နေတတ်သောကျွန်တော့်ညီမှာ ဒေါ်လေးဒေါ်ကျားမေ၏အသည်းကျော်ဖြစ်သည်)။ သူတို့ပြန်သွားပြီးနောက် ဘာကြောင့်ညီလေးကိုမွေးစားခွင့်မပြုတာလဲဟု ကျွန်တော်မေးသောအခါ မင်းညီကစိတ်နည်းနည်းကြမ်းတယ် ငါးရှာဖါးရှာသူတွေလက်ထဲမှာကြီးပြင်းလို့မဖြစ်ဘူးဟု အေးအေးသက်သာပြန်ပြော၏။ ဒါဆိုကျွန်တော့်ကိုရောဟုထပ်မမေးဖြစ်တော့။ မမေးရဲတာပါသလို မေးလျှင်လည်းအမေ့မှာခိုင်လုံသောအဖြေရှိနေမှာသေချာသောကြောင့်ဖြစ်လေသည်။

စရိုက်နည်းနည်းကြမ်းသည်ဆိုသော ကျွန်တော့်ညီကကျောင်းထားတုံးကလည်း အပြင်းအထန်ငြင်းဆန်သဖြင့်အိမ်ရှေ့ဘုန်းကြီးကျောင်းမှာအပ်ထားရသည်။ ဖေဖေရှိစဉ်ကတော့ဘုန်းကြီးကျောင်းမှသင်ပုန်းကြီးလောက်ကုန်အောင်သင်ပြီး စာနှင့်ယဉ်ပါးမှအတန်းကျောင်းပြောင်းထားဘို့ဖြစ်၏။ သို့သော်ဖေဖေကွယ်လွန်ခဲ့လေရာ ဘုန်းကြီးကျောင်းမှာပင်သောင်တင်နေတော့သည်။ ကျွန်တော့်အထက်ကအစ်မမှာလည်း စာဘက်တွင်သိပ်စိတ်မဝင်စားသဖြင့်ပြန်လာပြီးနောက်ကျောင်းဆက်မတက်ဖြစ်တော့။ အစ်မကြီးအိမ်‌ထောင်ပြုသွားသည်မို့ အမေ့အတွက် အစ်မငယ်သာလက်ကသုံးတောင်ဝှေးဖြစ်လေသည်။ ကျွန်တော်တစ်ယောက်သာကျောင်းသားရှိတော့၏။ 

အမေကမွေးဖွားကာနီးအထိ ဆေးလုံးလုံးသည့်အလုပ်ကိုလုပ်ပြီး ညီအငယ်ဆုံးကိုမွေးဖွားပြီးနောက် လသားအရွယ်လောက်မှာပင်ခလေးနှင့်အတူရန်ကုန်နှင့်ကူးချည်သန်းချည်လုပ်ကာဒေသတွက် ပစ္စည်းလေးတွေအရောင်းအဝယ်လုပ်သည်။ အရွယ်ရောက်စအစ်မငယ်နှင့်ညီမကိုလည်းထားခဲ့၍မဖြစ်သဖြင့် အသွားအပြန်ခေါ်ရသည်။ ထိုအခါကျွန်တော်သည်လည်းကျွန်တော့်ညီနှင့်အတူ ဘုန်းကြီးကျောင်းမှာ (အမေရန်ကုန်သွားသည့်ရက်များအတွင်း) ကျောင်းအိပ်ကျောင်းစားဖြစ်ရလေသည်။ ကျောင်းမှာဘုန်းကြီးကျောင်းသားတွေနှင့်အတူ ဝေယျာဝစ္စလုပ် ညီကသူတို့နှင့်အတူစာပါသင်။ ကျွန်တော်က အတန်းကျောင်းကိုသွား။

#                  #

ထိုကြမ္မာလှိုင်းများအကြားနစ်မြုပ်မသွားခဲ့ခြင်းသည် ကံကြီးလွန်း၍ဟုပြောလျှင်ရနိုင်သလို အမေတည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ရုန်းကန်သမျှကျွန်တော်တို့က မသွေဖီခဲ့သောကြောင့်လည်းဖြစ်မည်ထင်သည်။ ဆင်းရဲခြင်းသည်ရှက်စရာမဟုတ်၊ ခိုးဝှက်လိမ်ညာလက်ဖြန့်တောင်းခံခြင်းသာရှက်စရာဟုအမေပြောသလိုလုပ်သည့်အတိုင်း အမေ့နောက်မှကျွန်တော်တို့ကလည်းထပ်ချပ်လိုက်ခဲ့ကြရ၏။ လောကထုံးဆံချမ်းသာဆင်းရဲခွဲခြားခံရခြင်းမျိုးကြုံလျှင်အမေမတုန်လှုပ်သလို ကျွန်တော်တို့လည်းကြံ့ကြံခံနိုင်ခဲ့သည်။ သို့သော် နုနယ်သောကျွန်တော့်မှာ ထိုအတွက်တသက်တာစွဲသည့်ဒဏ်ရာဒဏ်ချက်များရှိခဲ့မှာတော့အသေအချာပင်။ 

ငါးတန်းနှစ်ကျောင်းဖွင့်စအတန်းထဲမှာကြုံခဲ့ရသည့်အဖြစ်က ထိုအချက်ကိုသက်သေခံ၏။ (တော်လှန်ရေးအစိုးရခေတ် စံနစ်သစ်ကုန်ပစ္စည်းဖြန့်ဖြူးရေးအလေ့အရ) ကွန်ပါဘူးမဲဖေါက်ရောင်းရာတွင် မဲပေါက်သည့်အထဲမှာကျွန်တော်ပါသည်။ ဆရာမကနောက်တစ်နေ့ကွန်ပါဘူးဖိုးယူလာကြရန်နှင့် ငွေမသွင်းနိုင်လျှင်ပေါက်ထားသောမဲဆုံးမည်ဖြစ်ကြောင်းပြောသည်။ အမေရန်ကုန်သွားနေချိန်မို့ပေးစရာ ငွေငါးကျပ်ကျွန်တော့်မှာမရှိ။ မရှိလည်းမယူရုံပေါ့ နောက်ထပ်ထပ်ရောက်လာရင်ဝယ်လို့ရဦးမှာပါဟုတွေးပြီးစိတ်လျှော့ထားလိုက်သည်။

နောက်တစ်နေ့ ကျွန်တော်မှအပမဲပေါက်သူကျောင်းသားအားလုံးပိုက်ဆံယူလာကြသည်။ ကျွန်တော့်ဘေးမှာထိုင်သောသူငယ်ချင်းက သူယူလာသောတစ်ဆယ်တန်ကိုပြပြီး မင်းရောယူလာလားဟုမေးသည်ကို ကျွန်တော်က ငါ့အမေနှစ်ရက်သုံးရက်နေမှပြန်လာမှာမို့ယူမလာနိုင်ဘူး မင်းပိုက်ဆံထဲကငါ့ကိုချေးပါလားကွ ဟုပြောလိုက်၏။ စင်စစ်ဘာရယ်မဟုတ်အမှတ်တမဲ့ပြောခဲ့ခြင်းသာဖြစ်‌သော်လည်း  သူတကယ်ချေးလျှင်ကျွန်တော်ယူဖြစ်မည်လားမသိပါ။   သည်‌နေ့မှပိုက်ဆံမသွင်းနိုင်လျှင်ကွန်ပါဘူးကိုလက်လွတ်ဆုံးရမည်ဆို‌သောအသိက လွှမ်းမိုးနေသည်ကိုး။ ဖြစ်ရပုံများမုန့်စားဆင်းပြီးကျောင်းပြန်တက်ချိန် ဆရာမကိုယ်စားငွေလာသိမ်းသည့်အခါထိုသူငယ်ချင်း၏ လွယ်အိပ်ထဲမှာပိုက်ဆံမရှိတော့။ 

သင်္ချာအချိန်မှာဖြစ်သည်မို့ ထိုကိစ္စကိုဆရာကကိုင်တွယ်သည်။ အရင်ဆုံးဘေးချင်းကပ်ခုံမှကျွန်တော့်ကိုမေးသည်။ ကျွန်တော်ကသူပိုက်ဆံတစ်ဆယ်တန်ယူလာသည်ကိုကျွန်တော်မြင်ကြောင်း ကျွန်တော့်ကိုချေးပါလားဟုပင်ပြောခဲ့သေးကြောင်းရှင်းပြ၏။ ထိုအကြောင်းထည့်မပြောလျှင် ကျွန်တော်မရိုးသားရာကျမည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ ဆရာသည်ကျွန်တော့်လွယ်အိပ်ကိုသွန်ချခိုင်းပြီး အသေးစိတ်ရှာဖွေ၏။ မတွေ့သောအခါ ရှေ့နောက်ခုံများမှကျောင်းသားများ၏ လွယ်အိပ်များကိုရှာဖွေ၏။ ရှာမတွေ့သည့်အခါ ကျွန်တော့်ကို ‘မင်းကဘာပြုလို့သူ့ဆီကပိုက်ဆံချေးပါလားလို့ပြောရတာလဲ’ ဟုတွင်တွင်မေးလေသည်။ ကျွန်တော် ဘာဖြေရမှန်းမသိတော့။ ကျွန်တော့်သူငယ်ချင်းကိုယ်တိုင်ကသူမယူဘူးဆိုတာကျွန်တော်ယုံတယ်ဟုဝင်ပြောသည့်တိုင် ဆရာ့အကြည့်သည် ကျွန်တော့်အပေါ်စူးစူးဝါးဝါး။

ထိုနေ့ကကျွန်တော့်သူငယ်ချင်းပိုက်ဆံပျောက်၍ကျွန်တော်စိတ်မကောင်း။ သူကလည်း ကျွန်တော့်အပေါ်ဆရာတစ်မျိုးမြင်သွားသဖြင့်စိတ်မကောင်း။ ထိုပိုက်ဆံကိုတကယ်ယူသူ (ရှေ့ခုံမှကျောင်းသား) က နောက်တစ်ကြိမ်တွင်လက်ပူးလက်ကြပ်မိသဖြင့် အမှုနှစ်ခုစလုံးအတွက်ဝန်ခံလိုက်ခြင်းကြောင့် စိတ်သက်သာရာရရသည့်တိုင် ထိုအတောအတွင်း ခံစားခဲ့ရသောအချိန်တို့မှာပူ‌လောင်လှ၏။ အထူးသဖြင့် ထိုဆရာ၏အချိန်တိုင်းမှာ ဆရာ့အကြည့်တွေကျွန်တော့်အပေါ်စိမ်းကားဆဲဖြစ်ကြောင်းကျွန်တော်သတိထားမိသည်။ စင်စစ် ဆရာသည်ကျွန်တော်နှင့်တစ်လမ်းတည်းနေသူ။ သူ့သားနှင့်ကျွန်တော်သည် မူလတန်းကတည်းကအလွန်ခင်မင်ကြသောသူငယ်ချင်းတွေ။ ဖေ‌ဖေ မဆုံးခင်ကအထိသူ့အိမ်ကိုယ့်အိမ် သွားလာကစားနေကြ။  

သို့သော် သည်ဘက်ပိုင်းဆရာ့ဇနီးနှင့်သမီးကြီးတို့က သူတို့သားသူတို့မောင် ကျွန်တော်နှင့်ပေါင်းသည်ကိုသဘောမတွေ့ကြောင်းကို (ဥပမာ ကျွန်တော်တို့အတူကစားနေသည်ကိုမြင်တိုင်း အကြောင်းတစ်ခုခုပြပြီးချက်ချင်းခေါ်သွားခြင်းမျိုး) ရိပ်မိသော်လည်း ဆရာကိုယ်တိုင်သည်သို့ဖြစ်လိမ့်မည်ဟု ကျွန်တော်မထင်ခဲ့။ နောက်ပိုင်း (အတန်းချင်းလည်းကွဲသွားပြီမို့) ကျွန်တော်ကပင်သူ့သားကျွန်တော့်သူငယ်ချင်းကို ရှောင်နေလိုက်တော့၏။ ကျွန်တော့်အတွက် အဆိုးထဲမှအကောင်းဟုပြော၍ရသည်မှာ ပိုက်ဆံပျောက်မှုကြောင့်ကွန်ပါဘူးရောင်းသည့်ကိစ္စတစ်ရက်နှစ်ရက်ကြန့်ကြာသွားချိန်အတွင်း အမေရန်ကုန်မှပြန်ရောက်လာသဖြင့်ကျသင့်ငွေပေးနိုင်ပြီးမဲပေါက်ပါလျက် ကွန်ပါဘူးမရသည့်အဖြစ်မှလွတ်ကင်းခဲ့ရခြင်းပင်ဖြစ်လေသည်။ သို့သော် ထိုအချိန်မှစ၍ မူလတန်းတုန်းကအပျော်နှင့်လွတ်လပ်မှုမျိုး ပျောက်ဆုံးခဲ့ပြီဖြစ်ကြောင်း ကျွန်တော်ရိပ်စားမိလေသည်။

#                  #

နွေရာသီကျောင်းပိတ်ရက်ရောက်ရောက်ခြင်းဆိုသလို ရန်ကုန်မှအစ်ကိုကအမေ့ထံကျွန်တော့်အားလွှတ်ပေးဖို့ လှမ်းမှာလေသည်။ အစ်ကိုသည်နံက်ပိုင်းသတင်းစာပို့ရင်းစက်ရုံတစ်ခုမှာအလုပ်ဝင်ကာ လူငယ့်ရေးရာညကျောင်းလည်းတက်နေ၏။ တခါတခါသတင်းစာနောက်ကျလျှင်စက်ရုံအလုပ်ဝင်ချိန်မမီတော့ဘဲ ရက်ပျက်တွေများလာသဖြင့်သူ့ထံမှသတင်းစာတစ်ဝက်ခွဲယူပြီး ကျွန်တော်ကကူပို့ပေးရန်ဖြစ်သည်။ မိသားစုကိုတစ်ဖက်တစ်လမ်းမှအထောက်အပံ့ဖြစ်နေသောအလုပ်မို့ အစ်ကိုကြီး၏တောင်းဆိုမှုကိုအမေမငြင်းသာ။ သူတိုယ်တိုင်လည်းလိုက်မပို့နိုင်သဖြင့် ကျွန်တော်တစ်ယောက်တည်း ရန်ကုန်သို့သွားဖို့ပြင်ဆင်ရတော့၏။ 

ထူးထူးထွေထွေမဟုတ် ကျောင်းလွယ်အိတ်ထဲမှစာအုပ်တွေထုတ်ပြီး အဝတ်အစားရှိသမျှနှင့်အခင်းလုပ်ရန်အိမ်မှာဘယ်တုန်းကတည်းကအိမ်မှာရှိနေမှန်းမသိသော ပလပ်စတစ်ဓာတ်မြေသြဇာအိပ်ခွံကိုခေါက်၍ ထည့်လိုက်ခြင်းပင်ဖြစ်သည်။ စရိတ်စကအဖြစ်အမေကကျွန်တော့်ကို ပိုက်ဆံသုံးကျပ်ထုတ်ပေးသည်။ နှစ်ကျပ်က သင်္ဘောခ(ကလေးခ) ကျန်တစ်ကျပ်ကအခြားစရိတ်။ လွယ်အိတ်ကိုလွယ်ကျပ်တန်သုံးရွက်ကို ခေါက်၍ အင်္ကျီအိတ်တွင်းတရိုတသေထည့်ကာ သင်္ဘောဆိပ်သို့ကျွန်တော် ဆင်းခဲ့သည်။ ဆိပ်ကမ်းရောက်တော့ ထိုနေ့အတွက်ရန်ကုန်သို့ထွက်မည့်သင်္ဘောမှာ “ဒဂုန်မေ” ဖြစ်ကြောင်းသစ်သားသင်ပုန်းပေါ်မှာ မြေဖြူနှင့်ရေးထားသောဆိုင်းဘုတ်အရသိရ၏။ မြောင်းမြဘက်မှလာမည့် ဒဂုန်မေမဆိုက်သေးသောကြောင့် အခြားခရီးသည်များနှင့်အတူဆိပ်ခံတံတားပေါ်တွင်စောင့်ရင်းငေးမောနေမိ၏။ 

စင်စစ် ခရီးသည်အများစုကကျောက်တိုင်ဆိပ်ခေါ် ခရီးသည်အတက်အဆင်းလုပ်ရန်သတ်မှတ်ထားသည့်ဆိပ်တွင်စောင့်ကြသည်မို့ ကျွန်တော်ရောက်နေသောဈေးဆိပ် (ဝဲကြီးဆိပ်) မှာခရီးသည်အနည်းစုသာရှိသည်။ သည်ဆိပ်မှာ ကုန်တင်ကုန်ချအတွက်ဖြစ်သောကြောင့် ကုန်စည်တွေအလုပ်သမားတွေသာ ယောက်ယက်ခတ်နေ၏။လူကြီးမိဘမပါဘဲကုန်းလမ်းရေလမ်း ခရီးဝေးတစ်ခါမျှမသွားဖူးသော်လည်း ကျွန်တော့်မှာ (စိတ်လှုပ်ရှားတက်ကြွမနေသည့်တိုင်) အားငယ်ကြောက်ရွံ့မှုမရှိသည်ကိုအမှတ်ရနေသည်။ အတန်ကြာစောင့်နေပြီး သင်္ဘောဆိုက်လာသဖြင့် ခရီးသည်တွေကုန်တင်ကုန်ချအလုပ်သမားတွေနှင့်အတူတိုးဝှေ့လျက် ကျွန်တော်တက်ခဲ့လေသည်။

သ‌င်္ဘောအပေါ်ထပ်မှာနေရာမရှိတော့။ ဝဲယာနှစ်ဘက်စလုံးခရီးသည်တွေပြည့်နေပြီ။ ပဲ့ဘက်ထမင်းဆိုင်ရှေ့ ပက်လက်ကုလားထိုင်အချို့အားလပ်နေသော်လည်း ပိုက်ဆံပေးရမည်မို့ကျွန်တော်မထိုင်ရဲ။ အောက်ထပ်စက်ခန်းနောက်မှာ ကျွဲနွားတွေတင်ထားပြီးဘေးဘယ်ညာနှင့်ရှေ့ဘက်မှာ ငါးစည်တွေကုန်မျိုးစုံအိတ်တွေအပြည့်ရှိနေသည်။ စာရေးခန်းနှင့်တက္မစင်ဘေးမှဖြတ်ကာ သင်္ဘောဦးပိုင်းသို့သွားကြည့်ရာ ကျောက်စက်နှင့် ကြိုးချည်တိုင် (ဘုံလုံတိုင်) နံဘေးမှာနေရာလွတ်ရှိသည်။ ဟိုတုန်းကတော့ သည်နေရာတွေမှာဥပဒေအရခရီးသည်တင်ဆောင်ခွင့်စီးနင်းခွင့်မရှိသည်ကိုမသိ။ 

ခရီးသည်ယောက်ကျားကြီး (ရေယာဉ်ဦးပိုင်းသို့မိန်းမများမသွားရ) တစ်ယောက်စနှစ်ယောက်စတို့ကိုမြင်သဖြင့် ကျွန်တော်ပါဝင်ရောနေလိုက်၏။ ဆိပ်ကမ်းမှသင်္ဘောခွာသည်နှင့် ထိုနေရာမှာရေယာဉ်လုပ်သားတွေမရှိတော့။ ဘယ်ဘက်ကြိုးချည်တိုင်နံဘေး ကုန်းပတ်ပေါ်တွင်ပလပ်စတစ်စလေးထုတ်ခင်းလိုက်သော် ကျွန်တော့်အတွက်နေရာရပြီ။ အမိုးအောက်မှာမဟုတ်။ လှိုင်းကာရှိသဖြင့်အထိုက်အလျောက်လေကွယ်တော့ရသည်။ သက်သောင့်သက်သာမရှိလှသည့် ကျောတစ်ခင်းစာနေရာဖြစ်၏။ ထိုနေရာမှာပါလာသည့် အဝတ်လွယ်အိပ်ကိုမှီ၍ထိုင်နေလိုက်သည်။ ဝါးခယ်မမှနေဝင်ဖျိုးဖျအချိန်ထွက်လာသောကြောင့် မကြာမီအမှောင်လွှမ်းလာသည်။ ထို့နောက် လက်မှတ်စစ်အသံကြားရလေ၏။ 

ခရီးသည်တွေမှာအချို့ကလက်မှတ်ပေါက်တွင် သွားရောက်ဝယ်ယူကြပြီး အချို့ကလက်မှတ်စစ်ထံမှတိုက်ရိုက်ဝယ်ကြသည်။ အနီးအနားမှခရီးသည်များအား ရောင်းချပြီးနောက် လက်မှတ်စစ်ဦးလေးကျွန်တော့်ထံရောက်လာသောအခါ အိပ်တွင်းမှငွေနှစ်ကျပ်ထုတ်ပြီးသူ့ကိုပေးလိုက်သည်။ သူကလှမ်းယူလိုက်ပြီး ကျွန်တော့်ကို စေ့စေ့ကြည့်ကာ “ခလေးမင်းမှာလူကြီးမပါဘူးလား” ဟုမေး၏။ ကျွန်တော်ကမပါကြောင်းဖြေလိုက်သည့်အခါ လက်နှိပ်မီးဖြင့်ကျွန်တော့်ကိုယ်ပေါ်တစ်ချက်ဝေ့ကာကြည့်လိုက်ပြီးနောက် ပိုက်ဆံကိုကျွန်တော့်ထံပြန်ပေးပြီး လှည့်ထွက်သွားလေတော့သည်။ ကျပ်တန်လေးနှစ်ရွက်ကိုင်ကာ ထိုဦးလေးဘယ်သူ့ကိုများသွားခေါ်ပါလိမ့်ဟု ကျွန်တော်တွေးရင်းစောင့်နေမိ၏။ သို့သော် ရန်ကုန်ရောက်သည်အထိသူမပေါ်လာတော့။

ထိုညက ပလပ်စတစ်ခင်းလေးပေါ်တွင်လွယ်အိပ်ခေါင်းအုံးလျက်လဲလျောင်းရင်း ကြယ်ကလေးတွေကိုမော့ကြည့်ကာ အိပ်နိုးတစ်ဝက်ဖြင့်ကျွန်တော်လိုက်ပါခဲ့၏။ ရွှေလောင်းမှာခဏရပ်သည်၌ ကျွန်တော်ကြိုက်သော ကောက်ညှင်းငချိတ်ပေါင်းနှင့်ငါးသလောက်ကြော်တစ်ခုဝယ်စားပြီး စည်းစိမ်ယစ်လိုက်သေးသည်။ ပုံမှန်ဆို ပိုက်ဆံမလောက်မှာစိုး၍ဝယ်စားဖြစ်မည်မထင်။ ယ္ခုကျွန်တော့်မှာလက်မှတ်စစ်ဦးလေးပြန်ပေးသွားသည့်ငွေနှစ်ကျပ်ရှိနေသည်မို့ စိတ်အလိုလိုက်ပစ်လိုက်ခြင်းဖြစ်သည်။ မအူပင်ကိုကျော်ပြီးနောက် တွံတေးတူးမြောင်းအတွင်းဝင်ပြီး မကြာမီလျှပ်စစ်မီးလုံးများဖြင့် ပုံဖေါ်အပ်သောရွှေတိဂုံစေတီတော်ကိုဖူးမြင်ရပြီ။ လက်ပန်ကုန်း အကောက်ရုံးသို့ ရောက်ချိန်တွင်ဝေလီဝေလင်း ရန်ကုန်ရောက်တော့မိုးစင်စင်လင်းပြီ။ 

အေးမြသော နံက်ခင်းမှာ လမ်းမတော်ဆိပ်ကမ်းမှကမ်းနားလမ်းမပေါ်သို့ကျွန်တော်တက်လာသည့်အခါ ဦးစွာသတိပြုမိသည်က ရန်ကုန်နံ့ဟုကျွန်တော့်ဘာသာအမည်ပေးထားသော မော်တော်ယဉ်များ၏အိပ်ဇောဓာတ်ဆီငွေ့အနံ့။ ကျွန်တော်နှစ်သက်သောရနံ့ (အဆိပ်ငွေ့မှန်းမသိတတ်သေးချေ)။ ဘာပဲဖြစ်ဖြစ် ခရီးတစ်ခုကိုတစ်ကိုယ်တည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင်လာဖြစ်ခဲ့ပြီ။ ညောင်ပင်လေးဈေးမှတ်တိုင်မှ နံပါတ်(၉) ဘတ်စကိုစောင့်စီး၏။ စစ်လက်ကျန်ချက်ပလက်ခေါင်းတိုဘတ်စကားသည် ဘုန်းကြီးလမ်းမှတက်ပြီး ရန်ကုန်ထောင်ကြီးကို ဗိုလ်ချုပ်လမ်းနှင့်ဂေါ်ဒဝင်လမ်း (ယခုမြို့မကျောင်းလမ်း) ဘက်မှပတ်ခါ ပြည်လမ်းမအတိုင်း မင်္ဂလာဒုံသို့သွားသည်။ မြေနီကုန်းပြီးနောက်တစ်မှတ်တိုင်သည် ကျွန်တော်ဆင်းရမည့်မဟာမြိုင်မှတ်တိုင်။ ဘတ်စကားခကတစ်ဆယ့်ငါးပြား။ မဟာမြိုင်လမ်းအတိုင်းဆင်းပြီး မြောင်းမြလမ်းရှမ်းလမ်းမှသည် သရက်တောလမ်းအရောက် ဆယ်မီးနစ်ခန့် လမ်းလျှောက်ရသည်။

ရောက်ပြီးနောက်တစ်နေ့နံက်စောစောမှာပင် အစ်ကိုကြီးကသူ့ဟမ်းဘားစက်ဘီးရှေ့တွင် ကျွန်တော့်ကိုတင်နင်းပြီး ရှမ်းလမ်းအောင်မင်္ဂလာသိဒ္ဓိစာသင်တိုက်အဝင်ဝဆီသို့လာခဲ့၏။ ကျောင်းအဝင်မုခ်ဦးကြီးအောက် ကွန်ကရစ်လမ်းနှင့်ကပ်လျက်ကွမ်းယာဆိုင်ဟောင်းတစ်ခု၏နံဘေးတွင် လူငယ်လူလတ်လေးငါးယောက်အား စက်ဘီးကိုယ်စီနှင့်တွေ့ရလေသည်။ အစ်ကို့လိုသတင်းစာပို့လုပ်သားတွေဖြစ်ကာ ဤနေရာသည်သူတို့ဆုံရပ်ဖြစ်ကြောင်းသိရ၏။ မနက် ရး၀၀ ခန့်တွင်အသက်ငါးဆယ်ခန့်လူကြီးတစ်ဦးနှင့်အသက်နှစ်ဆယ်ခန့်လူငယ်တစ်ဦးတို့ စက်ဘီးနောက်ခုံတွင်သတင်းစာအထုပ်ကြီးများကိုယ်စီတင်လျက်ရောက်လာကြ၏။ လူကြီးမှာ သတင်းစာလက်ခွဲကိုယ်စားလှယ်ဖြစ်ပြီး လူငယ်ကသူ့အကူဖြစ်သည်။ သတင်းစာတွေကစုံလင်၏။ လုပ်သားပြည်သူ့နေ့စဉ် မြန်မာ အင်္ဂလိပ်နှင့် ကြေးမုံတို့မှာ စောင်ရေအများဆုံး။ မြန်မာ့အလင်း ဗိုလ်တထောင် ဟံသာဝတီ ရန်ကုန်နှင့် ဂါဒီးယန်းသတင်းစာတွေက စောင်ရေအနည်းငယ်သာပါဝင်သည်။ 

ကိုယ်စားလှယ်က သတင်းစာထုပ်ကြီးများထဲမှ မည်သည့်သတင်းစာမည်သူစောင်ရေမည်မျှဟူ၍ မှတ်သားခွဲဝေပေးပြီးသည်နှင့် အသီးသီးမိမိစက်ဘီးပေါ်တင်ပြီးလှည့်လည်ပို့ရန်ထွက်ခွာကြ၏။ အစ်ကို့သတင်းစာစုစုပေါင်းစောင်ရေ တစ်ရာ့ငါးဆယ်ခန့်အနက် တစ်ရာခန့်ကိုစက်ဘီးပေါ်တင်ပြီး အစ်ကိုကကြည့်မြင်တိုင်ဘက်တွင်ပို့သည်။ ကျွန်တော်က ကျန်စောင်ရေငါးဆယ်ခန့်ကို လက်ဖြင့်ပွေ့လျက်စမ်းချောင်းတွင်ပို့ရန်ဖြစ်သည်။ သတင်းစာအိမ်တွေ မှတ်မိစေရန်ပထမတစ်ရက်နှစ်ရက်ခန့် ကိုယ်စားလှယ်ဦးလေးကြီးကိုယ်တိုင်သူ့စက်ဘီးပေါ် ကျွန်တော့်ကိုတင်၍ လိုက်ပြရင်းပို့စေသည်။ နောက်နေ့များမှစ၍ ကျွန်တော့်ဘာသာလမ်းလျှောက်ပို့ရ၏ (ကျွန်တော့်အတွက် စက်ဘီးမရှိသလို ကျွန်တော်စက်ဘီးမစီးတတ်သေး)။

စင်စစ်သတင်းစာပို့သည့်အလုပ်သည် နေ့စဉ်အိပ်ယာစောစောထရခြင်းနှင့်နေပူမိုးရွာမရှောင်လုပ်ရခြင်းမှအပ ပင်ပန်းသည့်အလုပ်တစ်ခုမဟုတ်။ လမ်းလျှောက်ရသည့်တိုင် သူခိုးပုလိပ်ကစားသလောက်မပင်ပန်းဟု ကျွန်တော်ထင်သည်။ ထိုသို့ခံယူခြင်းကြောင့်လည်း ကျွန်တော့်အတွက်အခက်အခဲမရှိ။ ကျွန်တော့်နယ်မြေက ပန်းတနော်လမ်းမှအစပြုကာတစ်လမ်းဝင်တစ်လမ်းထွက် ဇေယျဝတီလမ်းထိ တစ်ခါတစ်ရံအစ်ကိုစက်ဘီးဖြင့် နောက်ဆုံးပို့သော ဝေဠုဝန်လမ်းကျယ်နှင့် ဦး‌ရွှေမှန်လမ်းတို့မှတစ်အိမ်စနှစ်အိမ်စကိုနောက်ကျမည်စိုး၍ကူပို့ပေးရခြင်းလောက်သာရှိ၏။ ပို့ချိန်တစ်နာရီသာသာဆိုလျှင် အလုပ်ပြီးပြီ။ 

သတင်းစာလပေးတစ်စောင်လျှင်ငါးကျပ်ခွဲ ပို့ခတစ်စောင်ပြားငါးဆယ်ဖြစ်ရာ ညီအကိုနှစ်ယောက်တစ်မနက်စာအလုပ်မှတစ်လခုနှစ်ဆယ်ရှစ်ဆယ်ခန့် ဝင်ငွေရသည့်သဘောဖြစ်၏။ အနိမ့်ဆုံးလခရှစ်ဆယ့်နှစ်ကျပ်ခေတ်တွင် ထိုဝင်ငွေမှာမိသားစုအတွက် အတော်အတန်အထောက်အကူဖြစ်စေသည်။ တန်ဘိုးရှိသောအတွေ့အကြုံတွေလည်းရ၏။ မောက်မာသောအိမ်၊ စာနာသောအိမ်၊ ယဉ်ကျေးသောအိမ်၊ ရိုင်းပြသောအိမ်စသည်ဖြင့် နေ့စဉ်ဆက်ဆံရသောအိမ်တို့မှကွဲပြားသောစရိုက်များကိုသိခွင့်ရသည်။ ထို့ထက်တန်ဘိုးပိုရှိသောအတွေ့အကြုံမှာ သတင်းစာများစွာနှင့်နေ့စဉ် ထိတွေ့ဖတ်ရှုရခြင်းပင်ဖြစ်၏။ နောင်တွင်အာဏာရှင်စံနစ်၏ဆိုးကျိုးအဖြစ် အစဉ်အလာရှိသည့်သတင်းစာတွေ တစ်စောင်ပြီးတစ်စောင်ရပ်ဆိုင်းသွားရသည့် သတင်းစာသင်္ခါရကိုလည်း အနီးကပ်ကြုံခွင့်ရရှိခဲ့လေသည်။

#                  #

သည်တစ်ခေါက်စမ်းချောင်းပြန်ရောက်ရာတွင် သတိပြုခဲ့မိသောပြောင်းလဲမှုအချို့မှာအပါး (ဒေါ်ကြီး၏ ခင်ပွန်း) ပြည်ကြီး (တရုပ်ပြည်သို့) ပြန်သွားခြင်း၊ ဒေါ်ကြီးတို့ဆီချက်ခေါက်ဆွဲဆိုင်ပိတ်လိုက်ခြင်းနှင့် ပြည်သူ့ဆိုင် (ပပကဆိုင်) များပေါ်ပေါက်လာခြင်းဖြစ်၏။  အခြေခံစားသောက်ကုန်အားလုံးလိုလို ဆိုင်မှာသွားထုတ်ရသည်။ လိုသလောက်ဝယ်ချင်၍မရ ခွဲတမ်းပေးသလောက်သာဝယ်ခွင့်ရှိသည်။ အဝတ်အထည်လူသုံးကုန်ပစ္စည်းဆိုလျှင် အကြာကြီးနေမှတစ်ခါဆိုင်ပေါ်ရောက်လေ့ရှိပြီး မဲစနစ်ဖြင့်သာရောင်းချသည်။ လိုအပ်သူတွေမဲမပေါက်၊ မဲပေါက်သူတွေကမလိုအပ်သောကြောင့် အမြတ်ပေးဝယ်ပြီးအမြတ်ထပ်တင်ရောင်းချသော လူတန်းစားတစ်ရပ်ပေါ်လာသည်။ အမြတ်ကြီးစားတိုက်ဖျက်ဖို့ကြွေးကြော်ရင်းအမြတ်သေးစားတွေကို မွေးထုတ်သလိုဖြစ်နေ၏။ 

မှောင်ခိုလုပ်ငန်းမှောင်ခိုဈေးတွေ ပြောင်ပြောင်တင်းတင်းပေါ်ပေါက်လာခြင်း၏ နိဒါန်းဖြစ်လေသည်)။ ဤသည်သည်မှာ နည်းနည်းအရွယ်ရောက်လာချိန်မှာကျွန်တော်တွေးမိခြင်းဖြစ်၏။ ထိုစဉ်ကတော့ လူကြီးတွေက ပပကဆိုင်မှာဆန်သွားထုတ်ဆိုသွားလိုက်ရုံ ဆီသွားဝယ်ဆိုဝယ်လိုက်ရုံပင်။ ပလပ်စတစ်အိမ်တွင်းမှုလုပ်ငန်းငယ်တွေထူထောင်စမှာ (သရက်တောလမ်းထဲမှာပင်စက်ရုံတစ်ရုံရှိသည်) ကုန်ကြမ်းဝယ်မရတော့သဖြင့် ဆင်းရဲသားမိသားစုအချို့၏သားသမီးများ လမ်းပေါ်လမ်းကြားတွေထဲမှာစွန့်ပစ်ပလပ်စတစ်တွေရှာဖွေကောက်ယူပြီးစက်ရုံသို့ပြန်သွင်းခြင်းများကိုမြင်လာရသည်။ ထိုအထဲမှာကျွန်တော်နှင့်ကစားဖေါ်အချို့ပါဝင်သည်ကိုတွေ့သဖြင့် ဝမ်းနည်းရသည်ကိုလည်းမှတ်မိနေသည်။

ဒေါ်ကြီးတို့အိမ်ရှေ့မြေကွက်လပ် ယ္ခင်အပါးခေါက်ဆွဲကြိတ်သည့်နေရာတွင် သွပ်မိုးမြေစိုက်သမံတလင်းခင်း သစ်သားနံရံအပေါ်ပိုင်းတစ်လျှောက် မှန်များပတ်ပတ်လည်ကာရံထားသည့် ပန်းထိမ်ဖိုတစ်ခုဆောက်ထားသည်။ ပန်းထိမ်ဖိုကိုဦးစီးသူ (ပန်းထိမ်ဆရာ)မှာ ကျွန်တော်တို့ဦးလေး (အမေ့မောင်) ဖြစ်၏။ အမေ့ဖခင် သည် ရွှေပန်းထိမ်ဆရာတစ်ဦးဖြစ်လေရာဦးလေးကဖခင်အမွေဆက်ခံ၍ပန်းထိမ်အလုပ်ဖြင့် အသက်မွေးသည်။ လူပျိုကြီးတစ်ဦးဖြစ်သူဦးလေးသည်ရိုးသားပြီး သဘောကောင်းလွန်းသဖြင့် လူငယ်တွေချစ်ခင်သော်လည်း လေးစားမှုသိပ်မခံရ။ သို့သော် (ပန်းတိမ်) ပညာတော်သဖြင့်အားထားကြသည်။ လုပ်သားအားလုံးလိုလိုဝါးခယ်မမှဖြစ်ကြကာ နေ့ရောညပါမီးချောင်းတွေထိန်နေအောင်ထွန်းထားပြီး သီချင်းတအေးအေးတေးတကျော်ကျော် ပျော်ရွင်စွာလုပ်ကိုင်ကြသည်ကိုမြင်ရသည်မှာအားကျစရာဖြစ်၏။ အစ်ကိုကြီးသည် အားလပ်သည့်အခါများ၌ တူရိုက်နန်းဆွဲကူညီရင်း ဦးလေးထံမှပန်းထိမ်သင်လေ့ရှိသည်။ 

ကျွန်တော်ကမနက်တွင် သတင်းစာပို့ပြီး နေ့လည်ပိုင်းပန်းထိမ်ဖိုထဲဟိုကြည့်သည်ကြည့် သို့မဟုတ်ကစားဖေါ်ရှိလျှင်ကစား။ ညနေစောင်းအပူလျော့ပါးချိန်ရောက်လျှင် ဇလွန်လမ်းထဲရှိစက်ဘီးအငှါးဆိုင်ကိုသွား၍ တစ်နာရီငါးမူး (ပြားငါးဆယ်) နှုံးဖြင့် စက်ဘီးငှါးကာစက်ဘီးစီးသင်သည်။ သင်သည်ဆိုရာ၌ နောက်မှသူငယ်ချင်း တစ်ယောက်ယောက်ကလိုက်တွန်းပေးပြီး ခပ်လှမ်းလှမ်းရောက်လျှင်လက်လွှတ်ပေးလိုက်ခြင်းသာဖြစ်၏။ တစ်ခါနှစ်ခါလဲကျပွန်းပဲ့ပြီးနောက်စီးတတ်သွားသော်လည်း စက်ဘီးအတက်အဆင်းကိုသီးခြားလေ့ကျင့်ရ၏။ ကျွန်တော့်သူငယ်ချင်းအများစု ဇလွန်လမ်းဆိုင်မှပင်စက်ဘီးငှါးပြီးစီးတတ်သွားကြခြင်းဖြစ်လေသည်။ ထိုဆိုင်ကသဘောကောင်းသလောက် နည်းနည်းပါးပါးအချိန်လွန်သွားလျှင်ဘာမျှမပြော။ များများလွန်လျှင် နာရီဝက်ကိုတစ်မတ်နှုံးထပ်ပေးရ၏။ မယုံရဘူးထင်လျှင်အင်္ကျီချွတ်ယူထားပြီး ပိုက်ဆံယူလာမှပြန်ပေးခြင်းမျိုးလုပ်လေ့ရှိရာ သူငယ်ချင်းတစ်ဦးနှစ်ဦးစထိုအဖြစ်မျိုးကြုံဖူးလေသည်။

ပန်းထိမ်ဖိုရောက်လာသည့်အတွက် ကျွန်တော်တို့ကလေးတွေပျော်ရသည့်အချက်မှာ မှန်ပြတင်းများမှကျော်ထွက်လာသောမီးချောင်းအလင်းရောင်ဖြင့် လမ်းပေါ်မှာကစားနိုင်ခြင်းကြောင့်ဖြစ်၏။ ညဦးပိုင်းရောက်သည်နှင့် ယောက်ကျားလေးရောမိန်းကလေးများပါ အိမ်ရှေ့သို့ရောက်လာကြပြီး ဖန်ခုန်တမ်း လိပ်ဥဖွက်တမ်း စိန်ပြေးတမ်း အတူတူကစားကြသည်။ ကစားဖေါ်မစုံသည့်အခါများတွင်မူ မြောင်းနုတ်ခမ်းနှင့်ကပ်နေသော ပန်းထိမ်ဖိုမှန်ပြူတင်းများမှတစ်ဆင့် အတွင်းရှိပန်းတိမ်လုပ်သားများ တံဇဉ်းတိုက် ဂဟေဆော် နန်းဆွဲနေကြသည်များကို (မမြင်ဖူးကြသဖြင့်) ငေးကြည့်ကြသည်မှာ အိပ်ယာဝင်ချိန်အိမ်ပြန်သည်အထိဖြစ်လေသည်။ သတင်းစာပို့သည့်အလုပ်က နေ့တစ်ဝက်နီးပါးအချိန်ယူထားသဖြင့် သည်နှစ်ကျောင်းပိတ်ရက် ကျွန်တော့်မှာအားလပ်ခွင့်သိပ်မရှိသော်လည်း ကျွန်တော်ပျော်သည်။ အထူးသဖြင့်သင်္ကြန်မှာပို၍ပျော်သည်။ 

မဏ္ဍပ်မှာလူကြီးတွေနှင့်ရောပြီး ရေပက် အော်ဟစ်နောက်ပြောင်ရသည်ကိုသဘောကျသည်။ သို့သော် အမေနှင့်အစ်မ ညီညီမတွေဝါးခယ်မှာကျန်ရစ်သည်ကို စိတ်ရောက်သွားသည့်အခါများ၌ ရင်ထဲဟာတာတာခံစားရလေသည်။ သတင်းစာကျွမ်းကျွမ်းကျင်ကျင်ပို့တတ် စက်ဘီးအတန်ကျင်လည်စွာစီးတတ် (အစ်ကို့စက်ဘီးကို မမီမကမ်းယူနင်းတတ်နေပြီ) ချိန်တွင် ကျောင်းပြန်ဖွင့်တော့မည်မို့ဝါးခယ်မပြန်ရန်ပြင်ဆင်ရ၏။ ကျွန်တော့်သတင်းစာအိမ်တွေကို အစ်ကိုဆက်ပို့လိမ့်မည်။ အလာတုန်းကတစ်ယောက်တည်းလာခဲ့သော်လည်း ယ္ခုအပြန်မှာ အမျိုးထဲကလူကြုံရှိသဖြင့် သူတို့နှင့်အတူပြန်ရန် ဦးလေးကစီစဉ်ပေးသည်။ ပန်းထိမ်လုပ်သားတစ်ဦး၏ဇနီးနှင့် ကျွန်တော်နှင့်ရွယ်တူအတန်းတူ (ကျောင်းချင်းတော့မတူ) သူ့ညီမတို့ကျောင်းဖွင့်အမီပြန်မည်မို့ကျွန်တော့်ကိုပါ ကူညီ ခေါ်ဆောင်သွားရန် ဖြစ်၏။

#                  #

ကျွန်တော့်ကိုအတူခေါ်သွားမည့်အစ်မ၏ဖခင်မှာ ဝါးခယ်မရန်ကုန်ပြေးဆွဲနေသောအောင်မျိုးညွန့်ရေယာဉ်မှ ဆလင်ကြီး (ရေယာဉ်အုပ်) ဖြစ်သည်မို့အလာတုန်းကလိုပင် ကျွန်တော်သင်္ဘောခမကုန်။ အလာတုန်းက ကျောက်ဆူးဘေးမှာအိပ်ခဲ့ရသော်လည်း အပြန်မှာဆလင့်မိသားစုဝင်နှင့်အတူမို့အောက်ထပ်ဦးခန်းမှာ နေရာရသည်။ အစ်မနှင့်သူ့ညီမကအိပ်စင်တစ်ခု ကျွန်တော်တစ်ယောက်တည်းအိပ်စင်တစ်ခု။  ဒါတွင်မက သူတို့ချက်ပြုတ်ယူဆောင်လာသော ထမင်းဟင်းတွေကိုလည်းစေတနာအပြည့်နှင့်ကျွေးသဖြင့်စားရသည်။

အခြေအနေနှစ်ရပ်ကိုယှဉ်ကြည့်ရင်း ဘဝမာယာတွေကိုခလေးဉာဏ်ဖြင့်ကျွန်တော်ဆင်ခြင်ကြည့်မိလေသည်။ သို့သော်အဖြေမရ။ အစ်မတို့နှင့်စကားပြောလိုက် အပြင်ထွက်မတ်တပ်ရပ်ရင်းငေးလိုက် အိပ်စင်ပေါ်လဲလျောင်းရင်း ငိုက်မျည်းလိုက်နှင့် နောက်တစ်နေ့လင်းအားကြီးတွင် ဝါးခယ်မသို့ရောက်၏။ အစ်မတို့က တစ်ဘက်ကမ်းထော်ကနွတ်ရပ်မှာနေသဖြင့် သမ္ဗာန်တစ်စင်းငှါး၍ထွက်သွားကြသည်။ သူတို့ကိုနုတ်ဆက် ပြီးနောက်ကျွန်တော်အိမ်ကိုပြန်ခဲ့၏။ ဆယ့်တစ်နှစ်သားလူငယ်တစ်ဦး၏တစ်ကိုယ်တော်ခရီး ဤသို့လျှင်ပြီးဆုံးခဲ့သည်။ 

တစ်ကယ့်ဘဝခရီးနှင့်စာလျှင် ထိုခရီးကမပြောပလောက်သည်မှာအမှန်။ သို့သော် ဘဝခရီးဟူသည်သည်လိုခရီးငယ်တွေ၏အပေါင်းအစုဖြစ်သလိုသဟဇာတပစ္စယအထောက်အပံ့ဖြစ်သည်ဟုလည်း ကျွန်တော်ရိုးသားစွာယုံကြည်သည်။


[စကားချပ်။ မရွှေတောက်၏မိဘ (ကျွန်တော့်ယောက္ခမများ) ပိုင်ရေယာဉ်တစ်စင်း၏အမည်မှာလည်း အောင်မျိုးညွန့်ပင်ဖြစ်လေသည်။ ကျွန်တော့်ဘဝဖြစ်လေ့ဖြစ်ထတိုက်ဆိုင်မှုတွေထဲကတစ်ခုဖြစ်၏။ ထိုနှစ်စင်း အတူတူဟုတ်မဟုတ်ကျွန်တော်မသိ၊ စူးလည်းမစူးစမ်းမိ။ ရေ‌ယဥ်များနှင့်ထိစပ်ရသည့်အလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းသူဖြစ်လင့်ကစားသမီးယောက္ခမဆက်ဆံ‌ရေးမပြေပြစ်သည်‌ကြောင့်ရော၊ အမှီအခိုကင်းရေးမူဝါဒအရပါ ထိုရေယာဉ်နှင့်ကျွန်တော်ထိတွေ့ ဆက်ဆံပတ်သက်မှုမရှိခဲ့။ သို့သော် ပြီးခဲ့သောအနှစ်သုံးဆယ်လုံးလုံးသူတို့ဘက်ကမျိုးဆက်နှစ်ဆက်အကူးအပြောင်းကာလအတွင်းဝေဝေဆာဆာတင်ဆက်ခဲ့သော 'အမွှေ' ဇာတ်လမ်းတွဲကြီးကိုမူအဆုံး၌ (ဆိုပါတော့) ကြားလူစားကာပွဲသိမ်းသည်အထိ ပရိသတ်တစ်ယောက်အနေနှင့်ရိုးအီအောင်မြင်ခဲ့ကြားခဲ့ သံဝေဂတွေပွားခဲ့ရဖူးသည်။ ခေါက်ရှာငှက်ပျံသလို (နိမ့်တုံမြင့်တုံ) ဟူသောရှေးပညာရှိများ၏လောကဓံလှိုင်းအပေါ် ခိုင်းနှိုင်းပြောဆိုခဲ့မှုအားပို၍နားလည်သဘောပေါက်ရလေသည်။]