၁၉၇၅ နှစ်ဆန်းပိုင်းဦးသန့်အရေးအခင်းကြောင့် ကျောင်းများပိတ်ထားသည့်ကာလ။ စိုးရိမ်လွန်စိတ်ဖြင့် တိုက်တွန်းကြသောလူကြီးများ၏အစီအမံဖြင့်ထန်းတစ်ပင်ဘက်ရှိရွာတစ်ရွာသို့ ခေတ္တသွားရောက်လည်ပတ်နေထိုင်ပြီးပြန်လာသည်နှင့်ဘာအလုပ်မှမည်မည်ရရမရှိတော့။ တစ်တစ်နေ့ အိမ်၊ သူငယ်ချင်းအိမ်၊ ရံဖန်ရံခါရုပ်ရှင်ရုံနှင့် လက်ဖက်ရည်ဆိုင်တို့တွင်သာအချိန်ကုန်သလိုဖြစ်နေသည်။
ကျွန်တော်တို့ထိုင်နေကျလ္ဘက်ရည်ဆိုင်ကဗားဂရာလမ်းရှိ “မိုး” သို့မဟုတ် “ရှိန်း”။ ဗားဂရာလမ်းမကြီးခြားလျက်မျက်နှာချင်းဆိုင်တည်ရှိနေကြသည့်ဆိုင်နှစ်ဆိုင်။ နေရာအကျယ်အဝန်းပိုသာသောမိုးမှာ ကျွန်တော်တို့ အထိုင်ပိုများသည်။ နေ့နေ့ညညဆိုသလို မိုးသည်ကျွန်တော်တို့အတွက် အိုအေစစ်။ ကျွန်တော်တို့ဆိုရာ၌ အဓိကအားဖြင့်အထက်တန်းကျောင်းကတည်းကတွဲလာကြသောသူငယ်ချင်းသုံးဦးသာဖြစ်သည်။ ကျွန်တော်က ကျွန်းတောလမ်း။ တစ်ယောက်က ပန်းတနော်လမ်း။ နောက်တစ်ယောက်က ကြည့်မြင်တိုင်ထီးတန်း။ တစ်ယောက်နှင့်တစ်ယောက် အိမ်ချင်းလည်းသိပ်မဝေးကြ။ နေ့စဉ် ကျွန်တော်တို့၏ဆုံရပ်ကမိုး။
တစ်နေ့ မိုးမှာထိုင်ရင်းပြောစရာစကားတွေကုန်ခိုက် ကျောင်းဖွင့်ရက်မရေရာသည့်အတူတူ ကျောင်းပိတ်တုန်းဝင်ငွေရှာသည့်အလုပ်တစ်ခုလုပ်ကြရန်စဉ်းစားဖြစ်ကြသည်။ ကျွန်တော်တို့အားလုံးမှာ ကူညီစရာမိဘစီးပွားရေးလုပ်ငန်းတွေဘာတွေမရှိကြ။ လခစားအလုပ်တခုရဖို့ကလည်းဖြစ်နိုင်ခြေမရှိ။ နောက်ဆုံးမှာစာအုပ်အငှါးဆိုင်ဖွင့်ကြမည်ဟု တညီတညွတ်တည်းဆုံးဖြတ်ဖြစ်ကြသည်။ သုံးယောက်စလုံး၏အိမ်တွင်းစာကြည့်တိုက်မှာ စုဆောင်းပြီးသားစာအုပ်အတော်အတန်ရှိနေသည်၊ ခြေငြိမ်ငြိမ်နှင့်စာပိုဖတ်နိုင်မည်၊ကျောင်းပြန်ဖွင့်သည့်တိုင်သည်အလုပ်ကိုလုပ်လိုကဆက်၍လုပ်နိုင်သည် စသည်ဖြင့်အားတွေတက်ခဲ့ကြသည်။ နေရာထိုင်ခင်းအတွက်လည်းပူစရာမလို။ ပန်းတနော်လမ်းသား၏အိမ်က သည်အတွက်ရည်ရွယ်ပြီးဆောက်ထားသလားအောင်းမေ့ရသည်။ ကိုင်းဘာလိုသေးလဲ အရပ်ကတို့။
နောက်တစ်နေ့ ပန်းတနော်လမ်းသားအိမ်မှာဆုံ အိမ်ရှေ့မြေကျန်ပေါ်မှာနေရာရွေးပြီး ဆိုင်ပုံစံအကြမ်းထုတ်ကြသည်။ ပြီးတော့ ကြည့်မြင်တိုင်ကမ်းနားဘက်သွား သစ် ဝါး ဓနိ ထရံ လိုသလောက်ဝယ်ကြကာ ၆’ x ၁၀’ x ၈’ ခန့် မြေစိုက်ခေါင်နိမ့်ဓနိမိုးဝါးထရံကာတစ်ဖက်ရပ်တဲတစ်လုံးနေ့ချင်းပြီးဆောက်ကြသည်။ မျက်နှာစာအပြည့်ဖွင့် ဝါးတံခါးရွက်အရှင်ထိုးတံခါး။ ဆိုင်နောက်ဘက်တွင် ပတ္တာဆက်တံခါးနှင့်ဝင်ထွက်ပေါက်ထားသည်။ ထို့နောက် လျှပ်စစ်ပစ္စည်းဝယ်မီးဆင်၊ ပန်းတနော်လမ်းသားအခန်းထဲမှနံရံကပ်စာအုပ်စင်အချို့ရွှေ့အချို့အသစ်ထပ်ရိုက်၊ သူ့အခန်းထဲမှပင် အံဆွဲပါ ဗီရိုပုနှင့် ကုလားထိုင်ထုတ်၍နေရာချ။ ပိုလျှံသောသစ်ဝါး အပိုင်းအစလေးများဖြင့် ဆိုင်အတွင်းပိုင်းခြေရင်းဘက်နံရံမှာ ၅’ x ၂’ ခန့်ကွပ်ပြစ်လေးတစ်ခု ရိုက်ထားလိုက်သည်။ ဒါကအလည်လာပရိဿတ်အတွက်သီးသန့်။
အိမ်မှာစုဆောင်းထားသမျှ စာအုပ်တွေကိုယ်စီသယ်လာပြီး နေရာချလိုက်သောအခါ ပြီးပြည့်စုံသော စာအုပ်ဆိုင်ကလေးတစ်ခုဖြစ်လာပြီ။ မဂ္ဂဇင်းအသစ်၊ ကာတွန်းနှင့် အငှါးရသွက်မည့် ထွက်ရှိပြီးထွက်ရှိဆဲစာအုပ်များ ထပ်မံအားဖြည့်ပြီးသည်နှင့်ဆိုင်ဖွင့်နိုင်မည်။ ဤတွင် တစ်ယောက်ကသတိပေးလာ၏။ ဆိုင်နာမည်။ ဟုတ်သားပဲ ဆိုင်နာမည်မရှိသေး။ မှိုင်း၊ ရိုးမ၊ ငြိမ်းချမ်းရေး၊ ဗန်းမော်၊ အလင်းနီ၊ စွန်ရဲ၊ ဆိတ်ဖလူး၊ ခေါဘဏီ၊ ဣန္ဒြာ၊ လဝန်း၊ မက္ခရာ၊ ခရေ၊ ခရေဖူး၊ ရောင်ခြည်၊ မိုးသောက်၊ ဒီပါ အားလုံးဟန်မကျ။ အချို့မှာရှိပြီးသားနာမည်တွေဖြစ်နေ၍။ အများစုမှာသဘောမညီမျှကြ၍။ ခေါင်းရော အာရော ခြောက်လာသောအခါ ထုံးစံအတိုင်းမိုးသို့ချီတက်ကြလေ၏။ ကျွန်တော့် ထိုစဉ်ကအကျင့်အတိုင်း ဖတ်လက်စစာအုပ် တစ်အုပ်သည်လည်း လက်မှာစွဲလျက်အတူပါလာခဲ့သည်။ ဆရာပါရဂူ ဘာသာပြန်သော ဂီတဉ္ဇလီ။
မိုးမှာအားလုံးစဉ်းစားခန်းဝင်နေခိုက် ကျွန်တော်ကယူလာသောစာအုပ်ကို အမှတ်မထင်ဖွင့်ကြည့်မိသည်။ စာအုပ်အစပိုင်းမှာပင်ဂီတဉ္ဇလီ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုတွေ့ရလေသည်။ ဂီတဉ္ဇလီ၊ ဂီတ အဉ္ဇလီ၊ ဂီတဖြင့် ဦးညွှတ်ခြင်း။ တနည်း အဉ္ဇလီဆိုသည်မှာဦးညွှတ်ခြင်း။ ထို့နောက်ဆိုင်နာမည်ကို “အဉ္ဇလီ” ဟု ကျွန်တော် အဆိုပြုလိုက်လေသည်။ ပန်းတနော်လမ်းသားက မင်းဟာဘာအဓိပ္ပါယ်လဲဟုမေး၏။ မှတ်ထားသော စာမျက်နှာဖွင့်လျက်သား စာအုပ်ကိုသူတို့ထံထိုးပေးလိုက်သည်။ ထီးတန်းသားကကောင်းသားဘဲ ဟုပြောသည်။ ပန်းတနော်လမ်းသားက ခပ်မဆိတ်။ သို့နှင့်“အဉ္ဇလီ” အမည်အတည်ဖြစ်သွားလေသည်။
ကျန်ကိစ္စများကို ထီးတန်းသားကပင်ဦးဆောင်သွားသည်။ ရွေဘော်ထိုးပြီးသား ၁” အထူ ၉”x ၆” ကျွန်းပြား ငယ်ကိုဝယ်၍သူကိုယ်တိုင်အရောင်တင်သည်။ သူကိုယ်တိုင်ပင်ဆေးအဖြူသုံး၍လေးထောင့်စပ်စပ်ထိပ်အဝိုင်းစာလုံးဖြင့် အဉ္ဇလီဟုရေးသည်။ အဉ္ဇလီစာပေဟုမရေး။ ပြီးတော့အပေါ်ဘက်မှာ ကွင်းသံကြိုးငယ်နှစ်ချောင်းကိုဝက်အူစုပ်ပြီး အရှည်အတိုလိုသလောက်ဖြတ်သည်။ ထို ဆိုင်းဘုတ်ကို ခေါင်းရင်းနံရံနှင့်တစ်တန်းတည်း လမ်းဦးတိုက်လျက်အနေအထားဖြင့် ဆိုင်တံစက်မြိတ်အမိုးအောက်မှာချိတ်သည်။ လမ်းသွားလမ်းလာတွေ ခပ်လှမ်းလှမ်းမှပင်မြင်နိုင်ကြအောင်ဖြစ်သည်။ ဆိုင်မျက်နှာစာတံစက်မြိတ်အလယ်ရှိ နှစ်ပေမီးချောင်းအလင်း ကို ညဘက်တွင်ဆိုင်းဘုတ်အပေါ်သို့ဖြာကျစေသည်။ အားလုံးစိတ်တိုင်းကျဖြစ်တော့မှဆိုင်ကို ဖွင့်လှစ်ခဲ့ကြလေ၏။
ဤသို့လျှင် ပန်းတနော်လမ်းအိမ်အမှတ်(--)မှာလွန်ခဲ့သောနှစ်လေးဆယ်က အဉ္ဇလီ မွေးဖွားဖြစ်တည်ခဲ့ပါ၏။ ပန်းတနော်လမ်းကုန်းပေါ်ဘက်မှ ဆင်းလာလျှင်ရှမ်းလမ်းသို့မထွက်မီလမ်းကြားနှင့်ကပ်လျှက် ညာဘက်၊ ရှမ်းလမ်းဘက်မှဝင်လာလျှင်ဝင်ဝင်ခြင်းလမ်းကြားနှင့်ကပ်လျက်ဘယ်ဘက်မှာ အဉ္ဇလီ ရှိခဲ့သည်။ သွပ်မိုးအုဌ်ပတ်ကား (ထိုစဉ်က) တစ်ထပ်အိမ်အိုကြီး၏ ခြေရင်းဘက်မျက်နှာစာရှိ ဓနိမိုးဝါးထရံကာ စာအုပ် အငှါးဆိုင်လေးအဉ္ဇလီသည် မထည်ဝါသော်ငြားဧည့်ဝတ်တော့ကျေပါသည်။ စာငှါးပရိဿတ်တို့ကို ပျုငှါစွာ ဝန်ဆောင်ခဲ့သည့်နည်းတူ တစ်ရံတဆစ်ဆိုသလိုလာရောက်ကြသော လမ်းနီးချုပ်စပ်မှလူငယ်လူရွယ်များကိုလည်းသင့်လျော်သောနေရာထိုင်ခင်းဖြင့်ခရီးဦးကြိုခဲ့သည်သာဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် အများအနှောက်အယှက်မဖြစ်စေလောက်သောဂီတဝိုင်းလေးများဖြင့် စည်ကားတတ်ပေသေးရာ အဉ္ဇလီသည်ရပ်ကွက်တွင်း လူငယ်ရိပ်မြုံလေးသဖွယ် ဖြစ်ခဲ့ဖူးပါသည်။ သို့ရာတွင် အဉ္ဇလီကိုယ်၌ကမုန်တိုင်းကင်းလှသည်တော့ မဟုတ်ခဲ့ပါ။
၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းအပြီး ညတစ်ညမှာ ပန်းတနော်လမ်းသားအထိန်းသိမ်းခံရသည်။ စစ်ထောက်လှမ်းရေးက အိမ်မှာ(အဉ္ဇလီမှာ)လာရောက်ခေါ်ဆောင်သည့်အချိန် ကျွန်တော်တို့အားလုံးရှိနေကြ၏။ ပင်နီဖျင်ကြမ်းတိုက်ပုံဝတ်၍ စစ်သုံးမာဇဒါဂျစ်ဖြင့်ရောက်လာကြကုန်သော သူကောင်းသားနှစ်ဦးတို့သည် ပန်းတနော်လမ်းသား၏ အိပ်ခန်းအတွင်းသို့ဝင်ရောက်ရှာဖွေပြီး စာရွက်စာတမ်းအများအပြားသိမ်းဆည်းသွားခဲ့ကြသော်လည်း အဉ္ဇလီကိုမူချမ်းသာပေးခဲ့ကြသည်။ ထို့နောက် သူ့ကိုထောင်(၄)နှစ်ချလိုက်ကြသည်။ ခံပြင်းမှုတွေကြားမှပင် ကျန်ရစ်သောကျွန်တော်တို့နှစ်ဦးအဉ္ဇလီမှာ အတန်ကြာအောင်ဆက်လက်ရပ်တည်ရစ်ကြသည်။ သို့ရာတွင် ကျွန်တော်တို့ထက်ပို၍နာကျည်းခံပြင်းကာ ကျွန်တော်တို့ကို မြင်တိုင်းမချိတင်ကဲဖြစ်ကြရှာမည့် သူငယ်ချင်း၏ မိသားစုကိုအားနာသည်တစ်ကြောင်း၊ ခုဖွင့်ခုပိတ်သံသရာတွေကြားမှပင် အတန်းတွေ ကြီးလာကာကျောင်းစာတွေများလာကြသည်တစ်ကြောင်းတို့ကြောင့် နောက်ထပ်တစ်နှစ်မပြည့်တပြည့်မှာပင် အဉ္ဇလီကိုကန့်လန့်ကာချရစ်ဖို့ နာကျင်စွာကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြလေသည်။ ထုခွဲသိမ်းဆည်း ပြုဖွယ်ကိစ္စများပြီးသော် ဆိုင်းဘုတ်ကလေးကိုဆွေးဆွေးမြေ့မြေ့ကြည့်ရင်းထီးတန်းသားက “ဒါလေး ငါ သိမ်းထားမယ်ကွာ” ဟု ဆိုသည်။ ကျွန်တော်ခေါင်းညှိတ်ပြလိုက်၏။
ယ္ခုနှစ်လေးဆယ်အကြာမှာ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်သုံးသပ်ကြည့်မိတော့ သူငယ်ချင်းတွေနှင့်ဝေးရာမှာ ဆိုက်ဘာလှိုင်းတန်ပိုးတွေအကြား မကြီးမငယ်လူးရင်းလွန့်ရင်း သူများစကားမှာချည့်လမ်းဆုံးနေသည် ကိုတွေ့ရလေ၏။ သို့နှင့် ကိုယ့်အကြောင်းကိုယ်ပြောရင်ကောင်းမည်လားစဉ်းစားမိသောအခါ ဦးစွာသတိရ လိုက်သည်ကငယ်သူငယ်ချင်းတွေ။ ပြီးတော့ ကိုယ့်အကြောင်းကိုယ်အလုအယက်ပြောခဲ့ကြသောကာလတွေထဲက “အဉ္ဇလီ”။ ကျွန်တော့ဘဝ အဉ္ဇလီမှစခဲ့သည်မဟုတ်သော်လည်း အဉ္ဇလီသည်ကျွန်တော့်ဘဝ၏ အထင်ကရများစွာထဲမှအရိုးစင်းဆုံးအထင်ကရတစ်ခုဖြစ်၍နေဆဲ။ သို့နှင့်ပင် ဤကျွန်တော့် ပထမဆုံးဘလော့ကို “အဉ္ဇလီ” ဟု အမည်ပေးလိုက်ဖြစ်လေသည်။
သည်တခါ “အဉ္ဇလီ” နှင့်(ရှင်ကွဲ)ကွဲကွာစရာမရှိတော့ဟုကျွန်တော်ယုံသည်။