Monday, February 29, 2016

ကျွန်တော်နှင့် စမ်းချောင်း (၁)


ပြီးခဲ့သည့်လက ရှမ်းလမ်းဂွဈေးနှင့်ကပ်လျက် မြသီတာလမ်းတွင် မီးလောင်မှုဖြစ်ပွားချိန် သာကေတအိမ်မှာကျွန်တော်ရှိနေသည်။ သံတံတားလမ်းဘက်သို့အလုပ်ကိစ္စနှင့်ရောက်နေသောထီးတန်းသား လှမ်း၍ ဖုန်းဆက်သောကြောင့်မီးသတင်းကိုချက်ခြင်းသိရ၏။ ကျွန်တော့်ညီအစ်ကိုမောင်နှတွေ ဂွဈေးအနီးအနားတစ်ဝိုက်တွင်ရှိနေကြရာ သတင်းကိုကြားကြားခြင်းစိတ်ပူမိသော်လည်း သေချာစဉ်းစားတော့ အစ်ကိုကြီးအိမ်ကကျွန်းတောလမ်းမို့ အတန်ဝေးသေးသည်။ ညီအငယ်ဆုံးကရှမ်းလမ်းမှာပေမင့် ဂွဈေးနှင့်ကိုက်သုံးလေးရာခန့်ကွာသည်မို့စိုးရိမ်စရာမရှိ။ နောက်ထပ်ညီတစ်ယောက်က ဇေယျဝတီလမ်း (ယ္ခုဗဟိုလမ်း) မှာ၊ ဝမ်းကွဲအစ်ကိုတွေအစ်မတွေက သရက်တောလမ်းနှင့်ရွှေလောင်းလမ်း။ 

အားလုံးစိတ်အေးလောက်သည့် အကွာအဝေးအတွင်းမှာမို့ သူတို့တွေထံလှမ်းပြီးမေးမြန်းခြင်းပင်မပြုလိုက်တော့။ ဆုံးရုံးမှုအနည်းဆုံးနှင့် အမြန်ဆုံးမီးငြိမ်းပါစေဟုသာဆုတောင်းနေမိသည်။ ကျွန်‌တော်ပြောပြ၍သိသွားသော အိမ်သူမရွှေတောက်ကမူ မီးလောင်ပြီးစမင်္ဂလာဈေးမှမိတ်ဆွေအချို့၏ဒုက္ခသုက္ခတွေကိုရေရွတ်ရင်း မီးထဲပါမည့်ဈေးသည်တွေအတွက်မမြင်ရဘဲပူပန်နေလေ၏။ ပြောရလျှင်သည်ဂွဈေးကလည်းလွန်ခဲ့သောသုံးနှစ်ခန့်ကမှ မီးတစ်ကြိမ်လောင်ထားပြီးသား။ သည်တစ်ခါမီးသည် ‌ဈေးမှာလောင်ခြင်းမဟုတ် သို့သော်ဈေးနှင့်ကပ်နေသောလမ်း ဆိုင်ငယ်တွေအများအပြားရှိသည့်လမ်းမို့မီးကြီးလျှင်ကူးစက်ဖို့အလားအလာများသည်။

နေ့လည်ပိုင်းသတင်းတွေအွန်လိုင်းပေါ်တက်လာသည့်အခါမီးငြိမ်းပြီဟုသိရ၏။ သို့တိုင်အောင် မီးစွဲနေသည့်နှစ်ထပ်အိမ်အိုကြီးပုံကို ဓါတ်ပုံထဲမှာမြင်ပြီး စိတ်ထဲဇဝေဇဝါဖြစ်ရသည်။ မီးကဈေးဘက်ကိုမကူးဘဲ အခြားတစ်ဘက်ကိုကူးသွားသည်လား သို့တည်းမဟုတ် ထိုအိမ်ကြီးကပင်စ၍ မီးလောင်သည်လားစဉ်းစားစရာဖြစ်ရလေသည်။ သည့်ထက်ပို၍ ထိုအိမ်ကြီးနှင့်အတူခြံရှေ့ဘက်ဆိုင်ခန်းတွေရော မီးထဲပါသွားသေးသလားဟု ကျွန်တော်တွေးနေမိ၏။ နောက်တစ်နေ့ စမ်းချောင်းဘက်ရောက်၍ ရှမ်းလမ်းအတိုင်းလမ်းလျှောက်ရင်းကြည့်တော့မှ မြသီတာလမ်းမှစကာလောင်သောမီးသည် ကပ်လျက်ခြံဝင်းကျယ်ကြီးအတွင်းမှအိမ်အိုကြီး၏ အပေါ်ထပ်သို့ကူးစက်ခဲ့ခြင်းဖြစ်ကြောင်းမြင်တွေ့ရလေ၏။ 

မီးကထိုမှာပင်ရပ်သွားခဲ့ပုံရသည်။ ကြက်သွေးရောင် အုတ်နံရံတွေကို သည်အတိုင်းလှမ်းမြင်နေရသောကြောင့်ဖြစ်၏။ အိမ်မျက်နှာစာ ရှမ်းလမ်းဘက်ခြံစည်းရိုး တစ်လျှောက်ရှိ ဆိုင်ခန်းတွေလည်းရောင်းဝယ်ဖေါက်ကားမပျက်ကြ။ စိတ်လက်ပေါ့ပါးသလို ခံစားလိုက်ရခြင်းအား ကျွန်တော့်ကိုယ်ကျွန်တော်သတိပြုမိသည်။ သည်လမ်းမပေါ်မကြာမကြာဆိုသလိုဖြတ်သန်းရလင့်ကစား သည်ဆိုင်တွေကို အမှုမဲ့အမှတ်မဲ့နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါလျက် သည်နေ့မှကောက်ကာငင်ကာ စိတ်ဝင်တစားဖြစ်ရပြန်သည့်အပေါ် ကျွန်တော့်ဘာသာနားလည်နိုင်သော်လည်းရှင်းပြရန်ခက်လှ၏။ သံယောဇဉ်ဟုဆိုရမည်လား။ ဘဝမှတ်တိုင်ဆိုသည်မှာလည်း တစ်ခါတစ်ခါခလုပ်တိုက်မိကာမှဘွားကနဲပေါ်လာတတ်သည်ကို ကြုံဖူးလျှင်သိကြပါလိမ့်မည်။

မှတ်တိုင်ဆိုလျှင် သည်မှတ်တိုင်ကရာစုနှစ်ဝက်ပင်ကျော်ခဲ့ပါပြီ။ ရန်ကုန်၏လက်လွတ်စပယ်နိုင်လှသော မြို့ပြရေစီးကြောင်းအတွင်း အဆောက်အအုံတွေအားလုံးလိုလို အထပ်မြင့်ကွန်ကရစ်တွေဖြစ်သွားခဲ့သည့် ဤအရပ်ဤဝန်းကျင်မှာရှားရှားပါးပါး သည်အိမ်အိုကြီးတစ်လုံးမပြောင်းမလဲကျန်နေသဖြင့်သာ ကျွန်တော့်အတွက် အတွေးမှတ်တိုင်လေးတစ်ခုဟုပြော၍ရခြင်းဖြစ်၏။ အိမ်ကြီးနှင့်အတူ ခြံဝင်းမျက်နှာစာရှမ်းလမ်းပေါ်ရှိ (ဟိုတုန်းကသည်အိမ်မှပင်ပိုင်ဆိုင်ခဲ့သော) လုံးချင်းဆိုင်ခန်းလေးများမပျက်မယွင်းရှိနေခြင်းမှာ အဓိကအကြောင်းတစ်ခုဖြစ်မည်။ တစ်ခုသောထိုဆိုင်ခန်း၌ ကျွန်တော့်မိခင်၏သစ်သီးဆိုင်ကလေးရှိခဲ့ဖူးသည်ကို အမှတ်ရစေသောကြောင့် ဖြစ်၏။ 

စင်စစ်ဤအိမ်ဤဆိုင်ခန်းလေးတွေမှအပ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ မမှတ်မိနိုင်အောင်ပင်ပြောင်းလဲသွားခဲ့ပြီ။ ရှမ်းလမ်းမသည်ယခင်လိုမငြိမ်သက်တော့။ တောဘုရားပွဲတစ်ခုပမာ မြောက်များစွာသော လမ်းဘေးဈေးသည်များဝဲယာခြံရံလျက် ယဉ်တစ်ထပ်လူတစ်ထပ် အကြားအလပ်မရှိ အနားအသတ်မရှိသော သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်နေပြီ။ မြစ်ဝကျွန်းပေါ်မြို့များ၏အမည်နာမဖြင့် ခန့်ညားခဲ့ဘူးသော လမ်းသွယ်များမှာလည်းကားနှင့်အိမ်လည်ချင်းယှက်ကာ လူတွေနင်းစရာမြေမရှိဖြစ်နေကြပြီ။ ပစ္စက္ခကိုရှုမြင်ရင်း ကျွန်တော်မွေးဖွားကြီးပြင်းခဲ့ရာသည်အရပ်၏အတိတ်တစ်ခုကို  ကောက်ရိုးပုံထဲကျသွားသောအပ်ပမာ အကျိုးမဲ့စွာရှာဖွေလိုသောအတ္တကတိုးတိုက်၍လာလေ၏။

#                  #

ရပ်ရွာမအေးချမ်းသဖြင့် ပန်းတနော်မှရန်ကုန်သို့ပြန်ပြောင်းလာသော ကျွန်တော်တို့မိသားစု သရက်တောလမ်းရှိ ဖခင်ဘက်မှအစ်မကြီး၏အိမ်မှာနေထိုင်ကြသည်။ ဖခင်၏အစ်မအိမ်မှာနေသော်လည်း ဖခင်ကအတူပါလာသည်မဟုတ်။ ပြီးခဲ့သည့်ပါလီမန်ရွေးကောက်ပွဲ (ပါလီမန်ခေတ်နောက်ဆုံးရွေးကောက်ပွဲ) တွင် သန့်ရှင်းပါတီအောင်နိုင်ရေးအတွက်တက်ကြွစွာလှုပ်ရှားခဲ့သောကျွန်တော့်ဖခင်အား ရွေးကောက်ပွဲမှာရှုံးနိမ့်သွားသော တည်မြဲဘက်တော်သားလက်နက်ကိုင်အဖွဲ့များက အပေါက်ကျဉ်းနှင့်တွေ့မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ရွာထဲအိမ်မှာမနေရဲဘဲရှောင်နေရသည်။ 

ခလေးများကျောင်းဖွင့်ချိန်ရောက်သောအခါအခြေအနေကိုသည်းမခံနိုင်တော့သောမိခင်သည်ဖခင်ကိုပင်အကြောင်းမကြားဘဲ အိမ်အပါအဝင်ရှိသမျှထုခွဲရောင်းချကာ ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်၏။ သည်မှာ ကျွန်တော်တို့မောင်နှစ်မအားလုံးကို လမ်းထိပ်ရှိကွက်သစ်ကျောင်းဟုသိကြသော ယ္ခုမီးတစ်ပိုင်းတစ်စမီးလောင်ခံရသောအိမ်ကြီးနှင့်တစ်ခြံကျော် အစိုးရကျောင်းမှာကျောင်းအပ်သည်။ နှစ်ချိန်ကျောင်းဖြစ်ရာ မူလတန်းအစ်မနှစ်ယောက်နှင့်ကျွန်တော်ကမနက်ပိုင်း၊ အလယ်တန်းအစ်ကိုကြီးကနေ့လည်ပိုင်းတက်ကြရသည်။ ကျွန်တော့်အဘို့ရာပထမဆုံးအတန်းကျောင်းတက်ရခြင်းဖြစ်လေ၏။ ကျောင်းအပ်စဉ်မှတ်မှတ်ရရနှစ်ခုကြုံရသည်။

ကျွန်တော့်အသက်က လာမည့်နိုဝင်ဘာလတွင်မှခြောက်နှစ်ပြည့်မည်မို့ကျောင်းကလက်မခံ။ အမေသည် ကျွန်တော့်လက်ကိုဆွဲကာ ကျောင်းအုပ်ဆရာကြီးအားဝင်တွေ့ပြီး ရွာဘုန်းကြီးကျောင်းတွင်သင်ပုန်းကြီးကုန်ခဲ့ပြီးဖြစ်၍ တစ်နှစ်စောင့်ရမည်ဆိုလျှင်ကလေးနစ်နာပါသည်၊ နှစ်ကုန်၍အတန်းမတင်ပေးလျှင်နေပါ ကျောင်းကိုတော့တက်ခွင့်ပြုပါဟုတောင်းပန်လေသည်။ အလွန်စည်းကမ်းတင်းကြပ်သည်ဟုသတင်းကြီးသော ဆရာကြီးကအစ၌အတန်တန်ငြင်းသော်လည်း နောက်ဆုံးတွင်အမေ၏တိုးလျှိုးမှုကိုအလျှေ့ပေးကာ သူ့စာပွဲ (ဟိုခေတ်က မူလတန်းကျောင်းအုပ်ကြီး၏စာပွဲ) ပေါ်မှာအသင့်ရှိနေသည့် ထိုနေ့ထုတ်သတင်းစာတစ်‌စောင်အားယူလျက် ကျွန်တော့်ကိုပေးပြီး ‘ဖတ်ပြစမ်း’ ဟုပြောလေ၏။ ဆရာကြီးပေးသောသတင်းစာမျက်နှာဖုံးပေါ်ရှိစာတွေ (သတင်းတွေမှန်းတော့မသိတတ်သေး) တစ်ကြောင်းချင်းစီကို သူမရပ်ခိုင်းမချင်းအသံထွက်၍ဖတ်ပြခဲ့ပြီးနောက် ကျွန်တော်ကျောင်းနေခွင့်ရခဲ့လေသည်။ 

ကျောင်းအပ်ခွင့်ပြုရုံမကသတင်းစာဖတ်သည့်အလေ့အထကိုပါ ဆရာကြီးကပျိုးထောင်လိုက်သလိုလည်းဖြစ်ခဲ့ပါသည်။ ထိုနေ့မှစ၍သတင်းစာမြင်လျှင်ဖတ်ရန်ဆိုသောအသိကိုရခဲ့ခြင်းကြောင့်ဖြစ်ပြီး အထောက်တော် မိုးကြိုး ကြေးမုံ စသည့်သတင်းစာများ ဖတ်ခဲ့ဖူးကြောင်းမှတ်မိနေသည်။ ထိုနှစ်ကျွန်တော့်ပညာရေးနှစ်ထပ်ကွမ်းကံကောင်းပုံမှာ သူငယ်တန်းလေးတွင်တစ်ရက်သာနေရပြီး သူငယ်တန်းကြီးသို့တက်ရ၏။ ကျောင်းတက်ရက်ပထမနေ့မှာ အတန်းပိုင်ဆရာမကကကြီးခခွေး အလွတ်ဆိုနိုင်သူတွေမတ်တပ်ရပ်ဟုပြော၏။  တစ်တန်းလုံးမှာကကြီးခခွေး အလွတ်ဆိုပြနိုင်သူဟူ၍ကျွန်တော်နှင့်ကျွန်တော့်အစ်မငယ်တို့နှစ်ဦးသာရှိလေသည်။ 

နောက်တနေ့ဆရာမလာခေါ်ချိန်တွင် အစ်မကခုံပေါ်မျက်နှာအပ်ပြီးအိပ်နေသဖြင့် မင်းအရင်လိုက်ခဲ့ဆိုကာကျွန်တော့်အားပထမတန်းသို့ပို့ပေး၏။ အစ်မကိုနောက်မှပို့ပေးမည်ဟုလည်းပြောသည်။ သို့သော် ကျွန်တော့်အစ်မထိုနှစ်အဖို့ ပထမတန်းသို့ရောက်မလာတော့။ ထို့ကြောင့် အစ်မသည်ဖခင်ဆုံးပြီးကျောင်းမှထွက်ရသည်အထိ ကျောင်းနေစဉ်တစ်လျှောက် ကျွန်တော့်ထက်တစ်တန်းငယ်ကာ အမြဲလိုလိုအိမ်မှာစစရာနောက်စရာဖြစ်နေတော့သည်။ (စကားချပ်။ ကျောင်းတုံးကနောက်မှာကျန်ခဲ့သောအစ်မ တမလွန်ကိုတော့ အလျင်ထွက်ခွာသွားခဲ့၏။ လွန်ခဲ့သော ၅နှစ် အသက် ၆၀ မတိုင်မီဆုံးပါးခဲ့သောအစ်မမှာ ညီအစ်ကိုမောင်နှမများထဲတွင် ဦးဆုံးကွယ်လွန်သူအဖြစ် ကျွန်တော်တို့အားလုံးကိုတပ်လှန့်ထားရစ်ခဲ့လေသည်။)

#                  #

လအတန်ကြာသည်အထိ ဖေဖေလိုက်မလာသောအခါ စားဝတ်နေရေးအလို့ငှါအမေဈေးရောင်းရ၏။ အထက်တွင်ပြောခဲ့သလို (ပါလီမန်အမတ်တစ်ဦး၏အိမ်ဟုသိထားကြသော) အိမ်ကြီးတည်ရှိရာခြံဝန်းကျယ်ကြီး၏ ရှမ်းလမ်းဘက်မျက်နှာစာတွင် ခြံစည်းရိုးအပြည့်မရှိ။ အုတ်ရိုးတိုင်အခိုင်အခံ့တွင်အမြဲလိုလိုဖွင့်ထားတတ်သည့်သစ်သားတံခါးကြီးနှစ်ချပ်စီတပ်ဆင်ထားသော ဝင်ပေါက်နှစ်‌ပေါက်နှင့်ပုဏ္ဏရိပ်စည်းရိုးအချို့ရှိပြီး ကျန်နေရာများတွင်ဆိုင်ခန်းတွေဆောက်ကာအငှါးချထားသည်။ ထိုဆိုင်ခန်းများအနက် တစ်ခန်းတွင်ဒေါ်ကြီးတို့၏ ဆီချက်ခေါက်ဆွဲဆိုင်ရှိသည်။ လွတ်နေသောဆိုင်ခန်းနောက်တစ်ခန်းကိုငှါးကာ သစ်သီးဆိုင်တစ်ဆိုင်ကိုအမေ ဖွင့်ဖြစ်လေသည်။ သစ်သီးဆိုင်ဆိုသော်လည်း ရာသီစာဖြစ်သော မာလကာသီး၊ သစ်တော်သီး၊ မင်းဂွတ်သီး၊ သရက်သီး၊ ကြံ စသည်တို့သာဖြစ်ပြီးသိမ်ကြီးဈေးကီလီဈေးတို့တွင် အမေကိုယ်တိုင်သွားဝယ်ကာ တစ်ဆင့်ပြန်ရောင်းချခြင်းသာဖြစ်သဖြင့် အမြတ်အစွန်းကြီးကြီးမားမားရသည်မဟုတ်။ သို့သော် ဖေဖေ့ရှာစာဖွေစာကို စောင့်ဆိုင်းရသည့်အခိုက်မိသားစုစားဝတ်နေရေးအတွက်တော့လောက်ငှပုံရလေ၏။ 

အမေ့ခမျာသားသမီးဘုစုခရုတွေနှင့်မည်မျှပင်ပန်းရှာမည်မသိ။ ကျွန်တော့်အတွက်တော့ထိုအချိန်ကာလတွေမှာပျော်စရာအတိဖြစ်ခဲ့သည်။ မနက်စောစောဆိုင်ဖွင့်ချိန်တွင်အမေနှင့်အတူလိုက်၍ သို့မဟုတ်အစ်များးနှင့်အတူ အိမ်မှထွက်ကာကျောင်းကိုသွား။ ကျောင်းဆင်းလျှင်အမေ့ဆိုင်ကိုပြန်ကာဆိုင်မှာပင်တစ်နေကုန်နေလျက် စားသောက်ကစား ညဘက်ဆိုင်သိမ်းမှအမေနှင့်အတူအိမ်ပြန်။ အပူအပင်ကင်းတဲ့ခလေးဘဝကိုတစ်ခါပြန်ပြီးရချင်သေးတယ်ဆိုသောစိုင်းထီးဆိုင်သီချင်းပေါ်ကာစက တက္ကသိုလ်မှာသူငယ်ချင်းတစ်ယောက်နှင့်စကားနိုင်လုရင်း “ပြန်၍ငယ်ရွယ်လိုသောသူသည်နှစ်ခါပြန်၍မိုက်မဲလိုသူဖြစ်၏တဲ့ကွ” ဟုပညာရှိလေသံနှင့်ကျွန်တော်ပြောခဲ့ဖူး၏။ ယ္ခုကျွန်တော်တစ်ခါတစ်ခါထိုသီချင်းကိုစိတ်ပါလက်ပါ ညည်းမိကြောင်း ကမ္ဘာတစ်ဘက်ခြမ်းတွင်အသားကျနေထိုင်လျက်ရှိသည့် ထိုသူငယ်ချင်းအားဝန်ခံလိုက်လျှင်မူ 'လူမိုက်နောက်မှအမြင်မှန်ရတတ်တာဘာဆန်းလို့လဲကွာ’ ဟုဗိုလ်အောင်ဒင်ဂိုက်နှင့်ပြောလိမ့်မည်လား မသိ။

ခြံဝင်းကျယ်ကြီးမျက်နှာစာတွင်ဆိုင်ဖွင့်ထားသော်လည်း ထိုခြံတွင်းမှအိမ်ကိုကျွန်တော်တစ်ခါမျှမကြည့်ဖြစ်ခဲ့။ အိမ်ကကြီးမားသည့်အပြင်အမေတို့ဒေါ်ကြီးတို့ဆိုင်များ၏ပိုင်ရှင်အိမ်ဖြစ်သည်မို့ ကလေးသဘာဝရွံ့နေခြင်းဖြစ်မည် (ယ္ခုမီးလောင်ခံရသည့်အခြေအနေကိုသွားကြည့်ရာမှာလည်း အိုကြီးအိုမနှင့်စပ်စုလှချည်လားဟုအထင်ခံရမည်စိုးသောကြောင့်လမ်းမပေါ်ခပ်လှမ်းလှမ်းမှသာကြည့်ဖြစ်ခဲ့ပြန်သည်)။ အုတ်ကြွပ် မိုး၊ အုတ်ပတ်ကား နီညိုရောင်၊ နှစ်ထပ်၊ အနက်ရောင်ပြတင်းပေါက်ကျယ်ကြီးများရှိသည်ဟုသာအမှတ်ရတော့သည်။ သို့သော်ကပ်လျက်ခြံကမူကျွန်တော့်ကို အတော်ဖမ်းစားခဲ့ဘူး၏။ စိန်ဘန်းခြံဟုရပ်ကွက်အတွင်းနှုတ်ကျိုးနေကြသော ဦးစိန်ဘန်း၏ခြံကသည်ဘက်ခြံထက်ကျဉ်းသယောင်ရှိသော်လည်း ပို၍ခေတ်မီသစ်လွင်သည်။ မျက်နှာစာတွင်သံတိုင်ခြံစည်းရိုးနှင့် သံတံခါးတပ်ဝင်ပေါက်ကျယ်တစ်ခုရှိသည်။ ကျယ်ဝန်းသော မျက်နှာစာရှိမြက်ခင်းစိမ်းစိမ်းနှင့် အုတ်ကျွတ်မိုးဖက်ဖူးရောင် တစ်ထပ်တိုက်ပုကလေးက ပနံရလှပနေသည် (ဟု ကျွန်တော်ထင်သည်)။

ရှမ်းလမ်းအရှေ့ဘက်ခြမ်း မကြီးကြီးလမ်းနှင့်ပုသိမ်လမ်းအကြားတွင် ဂွဈေး၊ ယ္ခုမီးစလောင်ရာ မြသီတာလမ်း (ယခင်ကနှစ်ကျပ်ကွက်သစ်ဟုလူသိများခဲ့၏)၊ ဆိုင်များရှင်ပါလီမန်အမတ် (ဦးထွန်းအောင်ဟုကြားဖူးသ်) ခြံ၊ ဦးစိန်ဘန်းခြံ၊ ပြီးလျှင်ကွက်သစ်ကျောင်းဟူ၍အစဉ်အတိုင်းရှိကြရာ ကျောင်းမှအမေ့ဆိုင်သို့ပြန်တိုင်း ဦးစိန်ဘန်းခြံရှေ့မှဖြတ်လျှောက်ရသည်ကိုကျွန်တော်ပျော်၏။ နေ့ခင်းညနေခင်းထိုခြံရှေ့လမ်းပုခုံးပေါ်မှာကစားရင်း ခြံတွင်းသို့ငေးမောရသည်ကိုလည်း ရိုးအီသည်မရှိ။ အလယ်တန်းတွင်သင်ရသောအင်္ဂလိပ်ဖတ်စာအုပ် (Archway English) ထဲမှ အဓိကဇာတ်ဆောင်ဖြစ်သူ ဦးမောင်ကလေးမိသားစုတို့၏ အိမ်သရုပ်ဖေါ်ပုံကိုမြင်သောအခါ ထိုအိမ်နှင့်တူသဖြင့် (နေရာခြင်းတော့မတူ ဦးမောင်ကလေးတို့အိမ်ကအင်းလျားလမ်းမှာ) စာဖတ်ရသည်ကိုပိုပြီးစိတ်ဝင်စားသည်အထိဖြစ်ခဲ့၏။ 

သို့သော် ယ္ခု (ဦး) စိန်ဘန်းခြံမရှိပြီ။ သည်ဘက်ခေတ် လူရွင်တော်တွေပြက်ကြသလို နဖူးပြောင်ပြောင်မြင်လျှင်ပင်ကန်ထရိုက်တိုက်ဆောက်လိုကြသောကွန်ကရစ်ရေစီးကြောင်းအတွင်းဦးစိန်ဘန်းခြံနှင့်အတူကျွန်တော်ငေးခဲ့ဖူးသည့်တိုက်နှင့်မြက်ခင်းစိမ်းတို့ပါမျောပါသွားခဲ့ပြီ။ မီးအချို့အဝက်လောင်ကျွမ်းခံရသောဦးထွန်းအောင်ခြံကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည့်ကျွန်တော် ဦးစိန်ဘန်းခြံနေရာဘက်သို့လှည့်ကြည့်မိသောအခါ မဆီမဆိုင်လွမ်းမိရ၏။ လောကဇာတ်ခုံဟူသည် ညဉ့်နက်လေဇာတ်ရှိန်တက်လေဖြစ်တတ်စမြဲ။ ယ္ခုသို့ပွဲသိမ်းအာရုံချဉ်းချိန်မှာ ဖျာလိပ်သူတွေလိပ်သွားကြပြီ။ သည်အထဲမှာကျွန်တော်လည်း အပါအဝင်ဟုပြောလျှင်ရသည်။

ဦးစိန်ဘန်းခြံကိုအငေးကောင်း၍ ကျွန်တော့်ညီကားတိုက်ခံရသည့်အဖြစ်သည်လည်း မိသားစုအတွင်း ပြော စမှတ်ဖြစ်ခဲ့ရဖူး၏။ တစ်ရက်နေ့လည်ခင်းဆိုင်အတွင်းဘက်မှာ ကျွန်တော်တို့ညီအစ်ကိုအိပ်နေကြရာမှ ကျွန်တော်ကအရင်နိုးလာသဖြင့် တစ်ယောက်တည်းဦးစိန်ဘန်းခြံရှေ့     ကစားနေကျနေရာသို့ထွက်လာခဲ့၏။ ကတ္တရာလမ်းနှင့်ခြံဝင်းနယ်နိမိတ်ရေမြောင်းအကြား လမ်းပုခုံးကအတော်ကျယ်ပြန့်လေရာ ထိုနေရာရှိသဲမြေပေါ်မှာဖန်ဂေါ်လီလေးတွေနှင့် ကျွန်တော်တစ်ယောက်တည်းကစားနေစဉ် ကိုယ်ပိုင်ကားလှလှလေးတစ်စီး ခြံတွင်းသို့ဝင်သွားသည်ကိုလှမ်းမြင်လိုက်ရသည်။ နဂိုကမှသည်ခြံကိုစိတ်ဝင်စားရသည့်အထဲမှာ ကားလှလှလေးကဆွဲဆောင်ပြန်သည်မို့ ကျွန်တော့်သည်ကစားနေရာမှ ထိုကားကိုမျက်စေ့တစ်ဆုံးလိုက်ကြည့်ရင်း ငေးမောနေမိတော့၏။ ရုတ်တစ်ရက်လမ်းမပေါ်မှကားဘရိတ်အုပ်သံနှင့်အတူ အော်သံဟစ်သံတွေကြားသဖြင့် လှည့်ကြည့်လိုက်တော့ လမ်းတစ်ဘက်သရက်တောလမ်းဒေါင့် ကေစိန်ဓာတ်ပုံတိုက်ရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုတွေ့ရ၏။ 

ရေညှိရောင် စစ်သုံးဒေါ့ဂျစ်ကားတစ်စီးရပ်ထားသည်ကိုပါမြင်ရသည့်အခါ ကားတိုက်ခံရခြင်းဖြစ်မည်ဆိုသောအသိဝင်လာသဖြင့် စပ်စုလိုစိတ်ဖြင့်အပြေးသွားကြည့်ခဲ့သည်။ လူအချို့တစ်ယောက် တစ်ပေါက်ပြောဆိုဝိုင်းအုံနေသောကြားမှာ အမေ့ကိုမျက်ရည်စက်လက်တွေ့ရလေသည်။ ကျွန်တော့ညီက အမေ့ရင်ခွင်ထဲမှာ။ သွေးသံရဲရဲမဟုတ်သည်ကိုတော့မှတ်မိနေသည်။ အနီးရှိစစ်ဝတ်စုံနှင့်လူကြီးတစ်ယောက်က ‘ကျွန်တော်ဖြေးဖြေးမောင်းလာတာပါ၊ ကလေးရုတ်တစ်ရက်ပြေးဝင်လာတာမြင်လို့ရှောင်ရင်း ဘရိတ်အုပ်လိုက်တဲ့ကြားကပွတ်တိုက်မိသွားတာပါ’ ဟု ဖြေရှင်းနေသည်။ ထို့နောက် အမေနှင့်ညီတို့ကို အဖေါ်တစ်ယောက်နှင့်အတူကားပေါ်တင်ပြီးထွက်သွားကြတော့မှ ကစားစရာတွေသိမ်းကာကျွန်တော်ဆိုင်ကိုပြန်ခဲ့၏။ ဆိုင်မှာအစ်မကြီးရောအစ်မငယ်ပါရောက်နေကြပြီ။

အမေတို့သားအမိကို စောစောကကားကြီးဖြင့်ပင်အိမ်ကိုပြန်ပို့သည်။ ညီကိုအိမ်တွင်ထားရစ်ပြီး ဆိုင်သို့အမေပြန်လာမှ ဦးဝိစာရလမ်းစစ်ဆေးရုံသို့ရောက်ခဲ့ကြကြောင်းသိရ၏။ ဆရာဝန်ကစစ်ဆေး၍ အတွင်းဒဏ်ရာမရှိကြောင်းအတည်ပြုပြီးပွန်းပဲ့သောနေရာများကိုဆေးထည့်ပေးသည်။ ယဉ်ဘက်ဆိုင်ရာအရာရှိကိုယ်တိုင်အမေတို့ကိုဆေးရုံမှာလာရောက်တောင်းပန်ပြီးကလေးအတွက်စိတ်မပူရန်နှင့်ယဉ်မောင်းကိုအမှုဖွင့်လိုသေးလားဟု မေးမြန်းသည်။ အမေကအမှုမလုပ်လိုပါ ကလေးဘာမှမဖြစ်လျှင်ပြီးတာပါပဲဟုပြောခဲ့သည်။ နောက်နှစ်ရက်သုံးရက်အကြာထိုအရာရှိကိုယ်တိုင်အိမ်သို့လိုက်လာပြီးအခြေအနေမေးမြန်းတော့ ကျွန်တော့်ညီကလမ်းပေါ်မှာကစားနေပြီဖြစ်၏။ 

ကားတိုက်ခံရသောနေ့ခင်းက လေးနှစ်အရွယ်သားငယ်အိပ်ယာမှနိုးလာပြီး ဆိုင်အပြင်ဘက်ထွက်သွားသည်ကို  ဈေးရောင်းနေခိုက်မို့အမေသတိမထားမိလိုက်နိုင်။ ကျွန်တော်ကလည်းမြင်နိုင်သောအကွာအဝေးဖြစ်ပါလျက် ငေးမောနေသဖြင့်မမြင်မိ။ ကံကောင်းထောက်မစွာကြီးကြီးမားမားထိခိုက်မှုမရှိသည်ကိုကျေးဇူးတင်ရသည်။ အမေကတော့ ထိုနေ့ကသူတို့သားအမိကိုကြင်နာစွာဆက်ဆံခဲ့သောစစ်ဆေးရုံမှ စစ်ဆရာဝန်ကိုရောအိမ်တိုင်ယာရောက်စောင့်ရှောက်ပေးသည့် (သူ့စကားအရ) သဘောသက္ကာယကောင်းမွန်သောစစ်ကားဒရိုင်ဘာနှင့်သူ့အရာရှိဆိုသူတို့ကိုပါ ကျေးဇူးတင်ကာမေတ္တာပို့၍မဆုံး။ သူ့သားကားတိုက်ခံရသည်ကိုပင်မေ့လျော့နေလေသလားမသိ။

#                  #

သို့သော် အမေသည်ထိုနေ့မှစ၍သားသမီးများ အထူးသဖြင့်ကျွန်တော်တို့အငယ်နှစ်ကောင်၏ အသွားအလာကို ပိုမိုဂရုစိုက်ရုံသာမကလမ်းထွက်ရသည့် လက်တိုလက်တောင်းခိုင်းစေမှုမျိုးကိုပင်မလုပ်တော့။ မခိုင်းသော်လည်း ကျွန်တော်တို့ဘာသာသွားကြသည်ကိုတော့အမေလည်းအမြဲလိုက်မကြည့်နိုင်။ သို့သော် ကျွန်တော်တို့ကလည်း တစ်ခါကြုံဖူးထားသည်မို့လမ်းကူးလျှင်ပို၍သတိထားတတ်လာသည်။ ဆိုင်နှင့်အိမ်ကလမ်းမကြီးတစ်ဘက်တစ်ချက်မှာဖြစ်လေရာ အမေမခိုင်းသည့်တိုင် အိမ်ရှိရာ၊ ကစားဝိုင်းတွေရှိရာလမ်းထဲကိုအခေါက်ခေါက်အခါခါကူးနေတတ်ကြ၏။ ယခုသို့ကားတွေတဝီဝီ မရှိသည်မို့လည်းသာမန်အားဖြင့် အန္တရာယ်မများလှပါ။ ကစားဝိုင်းဆိုသည်မှာ ကလေးကြီးတွေ ဂေါ်လီရိုက်၊ သားရေကွင်းပစ်၊ စီးကရက်ဘူးံထပ်ကြသည့်နေရာများကိုဆိုလိုပြီး ကျွန်တော်တို့လိုအငယ်တွေပါဝင်ခွင့်မရှိသော်လည်းဘေးကထိုင်ကြည့်၍ရသည်။

ရွယ်တူချင်းစုမိ၍ကစားကြလျှင်များသောအားဖြင့် စိန်ပြေး၊ ခွက်ပြစ်သည်ဟုဆိုသောတူတူပုန်းကစားနည်းတမျိုး၊ ထွေပစ်၊  တစ်ခါတစ်ခါ မိန်းကလေးတွေနှင့်ရော၍ကုလားမစည်းတိုး စသည်တို့သာဖြစ်သည်။ သို့မဟုတ်လျှင် ထိုခေတ်ကကာတွန်းစာအုပ်တွေဖြစ်သည့် ဦးရှံစား၊ ဦးလူပေါ၊ ဖိုးဆိတ်ဖြူ၊ ဦးစိတ်တို (မော်ဒန်ကာတွန်း)၊ ဗိုလ်ပုချို၊ အင်္ဂါဂြိုလ်နှင့်နိုးတူး၊ မောင်ကမ္ဘာစသည်တို့ကို အိမ်မှာဝယ်ထားသူတွေနှင့် အရိပ်အာဝါသကောင်းသည့်နေရာမှာဆုံပြီးစု၍ဖတ်ကြသည် (အငှါးဆိုင်တွေမပေါ်သေး) ။ ထိုအခါမျိုးတွင်အချိန်ကုန်နေကုန်၍ တစ်ယောက်ယောက်အိမ်ကလိုက်ခေါ်မှပြန်ဖြစ်ကြ၏။ ဦးရှံစား၏အလွဲ၊ ဦးစိတ်တို၏ဒေါသတို့က ကျွန်တော်တို့အားဖျော်ဖြေမှုပေးသလို ဒီလုံးနှင့်ဗိုလ်ပုချိုတို့၏ စွမ်းအား၊  မောင်ကမ္ဘာ၏ ရေခြားမြေခြားစွန့်စားခမ်းများက စိတ်အားတက်ကြွစေသည်ဟု ကျွန်တော်စဉ်းစားတိုင်းအမှတ်ရမိလေသည်။

အရိပ်အာဝါသဆိုရာ၌ တောနယ်ကျေးလက်တွေလိုသစ်ရိပ်ဝါးရိပ်မဟုတ်။ ထိုခေတ်ကအိမ်တွေမှာများသော အားဖြင့် မြေစိုက်အိမ်တွေဖြစ်ပြီးကြမ်းခင်းအမြင့်လေးငါးပေရှိတတ်ကြရာ ကလေးများအိမ်အောက်ကို အလွယ်တကူဝင်ထွက်နိုင်သဖြင့် ကျွန်တော်တို့စာဖတ်ရန်အတွက် အကောင်းဆုံးနေရာများဖြစ်ကြ၏။ လူကြီးတစ်ချို့ပင်နေ့လည်နေခင်းပူအိုက်သည့်အခါ အိမ်အောက်သို့ဆင်း၍စာဖတ်ရင်း တစ်ရေးတစ်မောအိပ်လေ့ရှိသည်။ အိမ်ချင်းလည်းကပ်မနေ၊ အိမ်ရှေ့အိမ်နောက်မြောင်းတွေက ရေစီးရေလာကောင်းမွန်ပြီး လမ်းကြားများသန့်ရှင်းသဖြင့် သာမန်အားဖြင့်အနံ့ဆိုးမရှိ၊ ခြင်မရှိ။ ချွင်းချက်အဖြစ်ထိုအချိန်ကဇလားအိမ်သာအချို့ရှိနေဆဲမို့အပတ်စဥ်မိလ္လာသိမ်းကားများလာသည့်အချိန်မျိုးမှာလေသင့်လျှင်အိမ်သာနံ့ရတတ်သည်။ အကြာကြီးတော့မဟုတ်။

ခြင်မကိုက်သည့်အကြောင်းပြန်စဉ်းစားကြည့်တော့ ထိုစဉ်ကလမ်းဘေးမြောင်းတွေထဲပုံမှန်ခြင်ဆေးဖြန်းလေ့ရှိသည့် မြူနီစီပယ်(စည်ပင်) ဝန်ထမ်းတစ်ဦးကိုမြင်ယောင်လာသည်။ ကျောပေါ်မှာဆေးပုံးထမ်းပြီး တစ်ပတ်တစ်ခါလောက်တစ်လမ်းဝင်တစ်လမ်းထွက်မြောင်းရှိသမျှဆေးလိုက်ဖြန်းသည်။ နောက်တစ်ဦးကျတော့ တစ်လနှစ်လကြာလျှင်တစ်ခါဆိုသလိုရောက်လာတတ်၏။ သူကခြင်ဆေးမဖျန်းဆေးပုံးမထမ်း။ ဆေးပုံးအစား ကတ္ထူစာအုပ်ရှည်ကြီးတစ်အုပ်နှင့် ယောက်ချိုဇွန်းသဏ္ဍန် အရိုးရှည်တပ်ခွက်တစ်ခွက်ကိုခါးတွင်ချိတ်ထား၏။ သူသည်ရပ်ကွက်အတွင်းရှိ ရေမြောင်းတိုင်းအားလိုက်ကြည့်ကာ ရေတွေကိုထိုခွက်ဖြင့်ခပ်ကြည့်လိုက်ပြန်သွန်လိုက်လုပ်ပြီး စာအုပ်ထဲမှာရေးမှတ်လေ့ရှိသည်ကို (ကျွန်တော်နောက်ကလိုက်ကြည့်ဖူးသဖြင့်) မြင်ရသည်။ ထိုစဉ်ကသူဘာတွေလုပ်နေမှန်းကျွန်တော်မသိ။ ခြင်ပေါက်ပွားမှုကိုမှတ်တမ်းတင်ခြင်းဟု နားလည်သည့် အရွယ်သို့ရာက်သောအခါတွင်မူ သူတို့ကိုလမ်းပေါ်မှာမမြင်ရတော့ချေ။ 

(စကားချပ်။ ယ္ခုတစ်လောစင်္ကာပူမှာသွေးလွန်တုပ်ကွေးအဖြစ်များသည်ဆိုကာဆိုင်ရာအဖွဲ့အစည်းတွေ ခြင်နှိမ်နင်းရေးဆောင်ရွက်ကြရာ၌ ထိုလှုပ်ရှားမှုများအဓိကပါဝင်သည်ကိုရုပ်မြင်သံကြားမှတစ်ဆင့်မြင်ရ၏။ တီဗီကြည့်ရင်း “ဖေဖေတို့ဆီမှာလည်း ဒါမျိုးတွေလုပ်ခဲ့ကြဖူးပါတယ်ကွာဟု မွေးကတည်းကဒါမျိုးမတွေ့မမြင်ဖူးခဲ့ကြသောသားသမီးတွေကိုပြောမိ‌‌လေသည်။ ရှေးဟောင်းနောက်ဖြစ်တွေပြောမည်ဆိုလျှင်အများကြီးရှိသေး ပြောလိုသေးသော်ငြားလည်းသူတို့၏ အဓိပ္ပါယ်ပါသောအပြုံးနှင့်အကြည့်တို့ကိုရှောင်ရှားလိုသောအားဖြင့် ထိုစကားထိုမှာရပ်ခဲ့ရသည်။ သူတို့တွေအိပ်ရာဝင်ပုံပြင်နားထောင်တတ်သည့်အရွယ်မဟုတ်ကြတော့။) 

အမှိုက်ဆိုလျှင်လည်းထိုနည်းတူ။ မြူနီစီပယ်ကပုံမှန်သိမ်းဆည်းသလိုလမ်းသူလမ်းသားတွေတစ်ပါတ်တစ်ခါဆိုသလိုစုပေါင်းရှင်းလင်းကြသည်။ လမ်းပေါ်ရောနောက်ဖေးလမ်းကြားတွေမှာပါ ရေဆိုးမဝပ်၊ ခြုံပုတ်မရှိ၊ ကျူးကျော်မရှိ၊ အမှိုက်မရှိ။ ထိုနေရာတွေသည် ကျွန်တော်တို့ကလေးတွေလမ်းပေါ်ထွက်စရာမလိုဘဲ ပြေးလွှားဆော့ကစားရာနေရာတွေဖြစ်ခဲ့ကြသည်။ ထို့အတူ လူကြီးလူငယ်မရွေး သွားလာအသုံးပြုကြသော အရံလမ်းတွေလည်းဖြစ်ခဲ့ကြပါ၏။ ထိုလမ်းကြားတွေကိုသာ စံနစ်တစ်ကျထိန်းသိမ်းပြီးဖွံ့ဖြိုးတိုးတက်စေခဲ့လျှင် ယနေ့ကာလဤမှာဘက်ရှမ်းလမ်းတစ်လျှောက်သာမက ရန်ကုန်ဆင်ခြေဖုံးအတော်များများမှာ နေ့စဉ်ကြုံတွေ့နေရသော ယဉ်နှင့်လူအလုအယက်သွားလာရင်း အပြန်အလှန်ပိတ်ဆို့နေတတ်သည့် မြို့ပြအနိဋ္ဌာရုံများမရှိသလောက်နည်းပါးလိမ့်မည်ဟူ၍ မတွေးသာတွေးသာ ကျွန်တော်တွေးမိလေသည်။ 

မြို့ပြအင်္ဂါရပ်နှင့်အညီတည်ဆောက်ခဲ့ကြသော လမ်းတွေလမ်းကြားတွေ မြို့ပြပီသစွာသာတိုးတက်လာခဲ့လျှင် ထိုကိစ္စမဖြစ်နိုင်စရာမရှိ။ နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ပါလျက်မြို့တော်လိုမတိုးတက် ယုတ်စွအဆုံးသာမန်မြို့ပြငယ်လိုပင်မတိုးတက်ခဲ့ဘဲ ဇနပုဒ်လိုအိုမင်းခဲ့ရသည်မှာ ယူကျုံးရစရာမရှိ။ သို့ရာတွင် ဆင်းရဲသည့်ကြားမှအပူအပင်မရှိ အပြစ်ကင်းတင်းအနှောက်အယှက်ကင်းစွာ ပျော်စရာမရှားသည့် ကလေးဘဝကိုတော့ အမှန်ပင်ကျွန်တော်ဖြတ်သန်းခဲ့ရဖူးသည်။ ပြောရလျှင်လွမ်းလည်းလွမ်းပါသည်လေ။