Tuesday, February 28, 2017

ကျွန်တော်နှင့်နေခြင်းတရား

"ဟောဒီက ခြောက်ဆယ်ကျော်
နောက်ဘယ်ကိုခေါ်မှာလည်း။
ဓမ္မငယ်အခံနှင့်
မရဏံအလိုကြိုက်ရာ
လိုက်ဘို့ပါပဲ။"

လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က ကွယ်လွန်သူဖခင်၏ ဒိုင်ယာရီစာအုပ်ကို ကျွန်တော်သိမ်းဆည်း ထားခဲ့ဘူးသည် (စာအုပ်ဘီရိုထဲမှာ ရှိနိုင်သေး၏)။ မကွယ်လွန်မီ ရက်ပိုင်းအတွင်း ဆေးရုံပေါ်မှာ ရေးခဲ့သော မှတ်တမ်းတွေအနက် ကဗျာတစ်ပုဒ်ပါဝင်ကြောင်း ကျွန်တော်မှတ်မိနေဆဲဖြစ်၏။ သို့သော် ယခုတိုင် ကျွန်တော် အလွတ်ရနေသည်က ကဗျာကိုမဟုတ်။ “ဆေးရုံပေါ်မှာ စိတ်လေလေနှင့်ရေးသောကြောင့် စိတ်လေလေကဗျာ ဟု ခေါင်းစဉ်တပ်ရမည်ထင်သည်” ဆိုသည့် ဖေဖေ့မှတ်ချက်တိုလေးကိုသာဖြစ်၏။ သို့ဆိုလျှင် သောင်စဉ်ရေမရ တွေစဉ်းစားရင်း အိမ်မှာရေးသော အထက်ကကျွန်တော့်ကဗျာတိုလေးကို သောင်စဉ်ရေမရကဗျာဟု ခေါ်လျှင် ကောင်းမည်လားဟု တွေးမိလေသည်။ ဆုံးပါးစဉ်က ဖခင်၏အသက်သုံးဆယ့်ရှစ်နှစ်။ အရွယ်ကောင်းဟု ဆိုနိုင်သေးသည့်အရွယ်။ ဖခင်ဘာကြောင့် စိတ်လေသည်ကိုစဉ်းစားလျှင် သေကောင်ပေါင်းလဲရောဂါ၊ ဆင်းရဲတွင်းနှင့် မိသားစုတာဝန်စသည်တို့ကိုအထင်းသားမြင်နိုင်သည်။ နင်တို့အဖေကတော့ စောစောစီးစီးဝဋ်ကျွတ်သွားတာပေါ့ဟု သားသမီးတွေအပေါ်အားမလိုအားမရဖြစ်သည့်အခါ အမေညည်းငြီးငြီးငြူငြူပြောတတ်သည့် စကား ကျွန်တော့်အတွေးထဲမှာ သောင်စဉ်ရေမရကြားယောင်လာခြင်းအတွက်ကိုမူ ဘာကြောင့်ဟုပြောရ ခက်လှ၏။ ခုတော့ အမေလည်းမရှိတော့ပြီ။ ဖခင်နှင့်မိခင် နှစ်သုံးဆယ်ခြားကာတိမ်းပါးကြသည်မို့ အမေဝဋ်ကျွတ်ခဲ့သည်ပင်နှစ်နှစ်ဆယ်ကျော်ပြီ။

ပြီးခဲေ့သာ နိုဝင်္ဘာလမှာကျွန်တော့်အသက်ခြောက်ဆယ့်နှစ်နှစ်ပြည့်ခဲ့သည်။ ဘဝတစ်လျှောက်လုံးမွေးနေ့ ကို အထိမ်းအမှတ်ရက်တစ်ရက်အဖြစ် မှတ်သားနေကျမဟုတ်သောကြောင့် တစ်ခါတစ်ရံကိုယ့်မွေးနေ့ကိုယ် ရောက်လို့ရောက်မှန်းမသိဖြစ်ရသည်များပင်ရှိခဲ့၏။ သို့သော် ဘာအလုပ်မှမည်မည်ရရမရှိသော လွန်ခဲ့သည့် နှစ်နှစ်လောက်မှစ၍ မွေးနေ့ကိုမွေးနေ့မှန်းသိသည့်အဖြစ်သို့ ပြန်ရောက်၏။ ခြောက်ဆယ်ဆိုသည်မှာမငယ်တော့ဆိုသည်ထက်(ကျွန်တော်တို့လူမျိုး၏ပျမ်းမျှသက်တန်းအရ)မကြာတော့ဟုပြောရမည်ကိုလည်း ဆင်ခြင်မိ၏။ သည်အထဲ ကျွန်တော်ကအနေအထိုင်အသွားအလာ အစားအသောက် ဆင်ခြင်တတ်သူမဟုတ်သဖြင့် မကြာမည့်အထဲမှာပါဝင်ရန်ဖြစ်နိုင်ခြေကပို၍များသည်။ သေမှာမကြောက်ဘူးဟုတော့ မပြောလို။ နာမှာသေမှာကို ကိုယ့်ထက်ပိုကြောက်သူတွေနှင့်အကြောင်းတိုက်ဆိုင်စွာအနေများပြီး ဘာကိုဘယ်လိုကြောက်ရမှန်း မသိ ဖြစ်သွားရသည်လား အကြောက်တရားတွေ ငုတ်လျှိးကုန်ကြသည်လား ဒါမှမဟုတ်ဟန်ကြီးပန်ကြီးနိုင်သည်လားဟု တစ်ခါတစ်ခါ တွေးမိသည်အထိ ကျန်းမာရေးနှင့်ပတ်သက်လျှင် ကျွန်တော်ကလက်လွတ်စပယ်နိုင်သူ တစ်ဦးဖြစ်၍နေလေသည်။ ပြောသာပြောရသည် ထိုအကြောက်လွန်တတ်သူတွေက ကျွန်တော့်ကိစ္စကိုသူတို့ကိစ္စလုပ်ပြီး တွန်းတွန်းတိုက်တိုက်စောင့်ရှောက်ကြသဖြင့်သာ ကျွန်တော်သည်လိုထင်ရာပြောခွင့်ရနေခြင်းလည်း ဖြစ်နိုင်သည်။ 

အိုပါသည်ဆိုပါမှ သည်အရွယ်မှာအနာမျိုးကကိုးဆယ့်ခြောက်ပါးအပြင်နောက်တစ်ပါးကတိုးလာသေးသည်။ ပင်စင်နာခေါ် မလှုပ်မရှားအနေများသဖြင့် ဇီဝကမ္မရုပ်တွေအပျက်မြန်ကာအဖျက်သန်သောနာမ်နှင့်တွေ့လျှင် အတုန်းအရုန်းဘုံးဘုံးလဲတတ်သည့်အနာဖြစ်၏။ သည်မှာလည်း ပစ္စုပ္ပန်ကိုတည့်တည့်မရှုတတ် အာရုံနောက် ကို စေတသိတ်ဆိုးတွေလိုက်တတ်သည့် ကျွန်တော့်ညဉ်သည်ကျန်းမာရေးနှင့်ပီဘိဆန့်ကျင်ဘက်။ ဆိုတော့ကာ မကြာသောအရွယ်သို့ ရောက်လာကြသူချင်းအတူတူ ကျွန်တော်ကလက်ဦးဘို့များနေသည်။ မရှက်တမ်းဝန်ခံရလျှင် 'ကိုယ်နှင့်ရွယ်တူ ကိုယ့်အောက်လူ ကြီးသူသေကြ များလှပြီ' ဆိုသောဆုံးမစာများကို စာပေလင်္ကာတစ်ရပ်အဖြစ်မှတ်သားဘူးသော်ငြား တရားကိုယ်ကိုကျွန်တော်ဆင်ခြင်နိုင်စွမ်းမရှိသေး။ သံဝေဂအရာတွင် ကျွန်တော်သည်ဆေးမတိုးသည့်လူနာတစ်မျိုးပမာသာဖြစ်နေဆဲ။ သေမျိုးမှန်းသိသည်။ သေရက်လက်ကျန်နည်းနေပြီဆိုသည်ကိုလည်းသိသည်။ အများပြောသလိုသေဘို့ပြင်ဆင်ရန်အတွက်ကိုတော့ အာရုံမရတတ်သေး။ ငါ့မိသားစုငါ့မျိုးရိုးငါ့ဂုဏ်သိက္ခာငါ့တာဝန်စသည့် အတ္တတွေနှင့်တစ်မိုးလုံးဖျောက်ဆိပ် လုပ်ရင်းက သံဝေဂကိုဘေးချိတ်ထားခဲ့၏။ မိမိကိုယ်ကို၊ အလိုရှိရာ၊ ငါပြုနိုင်စွ၊ အစိုးရဟု၊ မှတ်ကြသူဝယ်၊ သေမင်းရယ်၏ဆိုသလို သေမင်းရယ်ဖွယ်ဖြစ်နေသည်ကိုလည်းသတိမထားမိခဲ့။ ယခုသတိပြုမိခိုက် ဂယောင်ချောက်ချား (ကဗျာဖြင့်) ကျွန်တော် ငြီးတွားမိခြင်းဖြစ်နိုင်သည်။

သို့သော် မွေးနေ့ကိုဆင်ခြင်ရာမှာသေခြင်းတရားတွေချည့် တွေးတောပြောဆိုနေခြင်းကို ကျွန်တော်မပြုလို။ မသေခင် နေသွားရဦးမည်ဖြစ်လေရာ နေခြင်းတရားတွေကိုလည်း စဉ်းစားသင့်သည်ဟုကျွန်တော် မြင်သည်။ နေခြင်းဆိုရာ၌ မရဏံမေဘဝိဿတိဟုတစ်ဖွဖွရွတ်ဆိုရင်း သုံးစားမရတော့သည့်ဘဝကို မေ့ထားဘို့ကြိုးစား သည့်နေခြင်းမျိုးကိုတော့ဘဝင်ကျစရာမရှိ။ ထို့အတူ စိတ်ပျိုကိုယ်နုရာကြံဆရင်းကိလေသာမီးပွားတွေတစ်ဖွားဖွားလွင့်စင်သည်အထိ ဇရာကိုလှည့်ဖျားနေထိုင်ခြင်း မျိုးမှာလည်းဟန်မရ (သည်အမျိုးအစားနှစ်ရပ်က အများသား)။ အနည်းဆုံးကိုယ်ဘယ်လိုနေထိုင်ခဲ့သည်၊ ကိုယ့်ကြောင့်လူ့အဖွဲ့အစည်းနှင့်လူ့ပတ်ဝန်းကျင်တွင် ကောင်းဆိုးနှစ်တန်မည်မျှကျန်ရစ်မည်ဆိုသည်လောက်တော့ ဆင်ခြင်တိုင်းထွာနေထိုင်ခြင်းမျိုးရှိသင့်သည်။ ဤသည်မှာ ကျွန်တော့်သဘောထားဖြစ်၏။ ကျွန်တော့်ခံယူချက်ဟုပြောလျှင်လည်းရသည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ရှင်သန်လာခဲ့သော လူ့ဘုံခန်းဝါအတွင်းမှာ ထည်ထည်ဝါဝါပြစရာ မည်မည်ရရမရှိခဲ့သည့်တိုင်ထိုဘဝကိုနောက်ဆုံးအချိန်ထိဖက်တွယ်သွားလိုသည့်ဆန္ဒအရာတွင်မူပုထုဇဉ်အားလုံးတို့ထက်ကျွန်တော်  လျော့မည်တော့မဟုတ်။

နေခွင့်ရသမျှအချိန်ကလေးအတွင်းမှာ တသံဝေဝေတပေလျှင်းလျှင်းတညှင်းဆိုးဆိုးတညှိုးငယ်ငယ်တတွယ် တာတာဖြင့် လောကကြီးအတွင်းသို့ နောက်ဖေးပေါက်မှဝင်ပြီးအိမ်ဦးခန်းသို့အရောက် သူများထက် ပို၍လျှောက်ခဲ့ရသည်များကို မြင်ယောင်၏။ အိမ်ဦးခန်းကိုလျှောက်ရင်း မီးဖိုချောင်ထဲယောင်လည်လည်ဖြစ် မကျန်ရစ်သည့်အတွက်ကိုရင်ဖိုရ၏။ အဆင်းမဲ့ဆန်း လူ့ပေါက်ပန်းဖြစ် လောကကိုညစ်ထေးစေခဲ့ခြင်းမရှိ သည့်အတွက် စိတ်လက်ပေါ့ပါး ရ၏။ သည့်ထက်ပို၍ မျိုးဆက်သစ်တွေကို အိမ်ဦးခန်းတိုင်အောင် ထက်ချပ်မကွာ သည်ပိုးခေါ်ဆောင်လျက် ထိုက်သင့်စွာနေရာချထားပေးနိုင်ခဲ့ခြင်း အတွက်ကိုလည်း ဝမ်းမြောက်ပီတိ ပွားလိုက်ချင်သေးသည်။ ဝေဿန္တရာဇာတ်တော်လာ အမျိုးစည်းစိမ်အရောင်အဝါ ရှိလင့်ကစား အတတ်ပညာမရှိသောယောင်္ကျားသည်အချည်းနှီးသာတည်း။ အဖိုးတစ်သိန်းထိုက်သောအဝတ်တန်းဆာကို ဝတ်ဆင်လင့်ကစား အကျင့်မရှိသောသူသည် အချည်းနှီးသာတည်း ဆိုသည့် ဘဝလမ်းညွှန်များကို နောင်လာနောက်သားတို့ ဆက်လက်ယုံကြည်လိုက်နာ ကျင့်သုံးကြစေဘို့ သခွတ်ပင်ကမီးတစ်ကျည်ကျည်ပြုလိုက်ချင် သေးသည်။ စင်စစ်တွင်မူ ဘဝတဏှာအရှုပ်တွေကြားမှာ အလှကဗျာတစ်ပုဒ်ဖြစ်ဖြစ် ဖွဲ့သီနေလိုသေးသည့် အန္ဓဘာဝသာဖြစ်ကြောင်းကိုလည်း ကောင်းစွာ ကျွန်တော်သဘောပေါက်လေသည်။

စင်စစ် အိမ်ဦးခန်းဟူသည် အိမ်တစ်အိမ်၏အထွဋ် အမြတ်။ တန်ဘိုးရှိသောအရာ တန်ဘိုးထားသော အရာများ သတ်မှတ်ထားရှိရာနေရာဖြစ်၏။ ပြီးတော့ အိမ်သူအိမ်သားတွေ ဧည့်ကောင်းစောင်ကောင်းတွေ သက်တောင့်သက်သာ စုဝေးရာနေရာလည်းဖြစ်၏။ သည်သို့ပင် ကျွန်တော်သဘောရ၏။ လောကကို အိမ်သဘွယ် မှတ်ယူတင်စားလျှင် သည်အိမ်တွင်းသို့ရောက်လာသူမှန်သမျှ သည်နေရာမှာအေးအေးလူလူ အထိုင်ကျဘို့  မျှော်မှန်းကြသည်ချည်း။ သို့သော် ကံ ဉာဏ် ဝိရိယ အခင်းအကျင်းကိုလိုက်၍ ဘဝကိုအိမ်ဦးခန်းမှ စကာ အိမ်ဦးခန်းမှာဆုံးခွင့်ရသူတွေရှိသလို အိမ်ဦးခန်းကိုရောက်ဘို့ အိမ်ဘေးအိမ်နောက် မလွယ်ပေါက်များမှတစ်ဆင့် (ကျွန်တော်တို့လို) ခက်ခက်ခဲခဲဝင်လာရသူတွေ ရှိကြ၏။ ထို့အတူ အိမ်ဦးခန်းကိုရောက်ပါလျက် မလွယ်ပေါက်မှပြန်ထွက်သွားကြရသူတွေရှိသလို အိမ်ဦးခန်းသို့လျှောက်ရင်းက မရောက်နိုင်ကြသူတွေ (ဖေဖေတို့လို) ရှိကြ၏။ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့ ကျွန်တော်က ဒုတိယတန်းစား အမျိုးအစားမှာ စာရင်းဝင်သူ။ အိမ်ဦးခန်းဆိုသော လူတလုံးသူတလုံးဘဝရောက်ဘို့ရာ အားထုတ်ရတာတွေများသလို ချိုးနှိမ်ချုပ်တည်းရတာတွေ အများကြီး။ သည်အထဲမှာ 'ခရီးအဆုံးကျရင် နည်းသုံးသမျှတရားဝင်သည်' (ends justify means) ဆိုသည်မျိုး၊ 'မနိုင်နိုင်လျှင်ပေါင်းလိုက်ပါ' (can’t beat them, join them) ဆိုသည့်အတွေးအခေါ်မျိုးကို တက်ကျမ်းအဖြစ်လက်မခံသောငြင်းဆန်မှုနှင့် ထိုအယူဝါဒများဖြင့်တွင်ကျယ်နေသူတို့ အိမ်ဦးခန်းမှာအောင်သေအောင်သားစားနေကြသည့်အပေါ် ရှုစိမ့်ဖြစ်အောင်ကြိုးပန်းမှုတို့က နေရာယူထားကြ၏။ အိုနာသေဖျား ဤတရားကို များများစိတ်မှာ ပူဆာသောက မကြောင့်ကျမိစေဘို့ ကံ စိတ် ဥတု အာဟာရဖြင့် တည့်မတ်ရသည့် ယ္ခုလိုကာလမျိုးတွင်မူ ထိုချိုးနှိမ်မှုထို  အားထုတ်မှုအလေ့အကျင့်တွေက အတော်ပင်အထောက်အကူဖြစ်ကြာင်းတွေ့ရှိ ရလေသည်။ 

နေ့စဉ်မှတ်တမ်းကို (စာအုပ်စင်နှင့်ဝေးရာမှာမို့) ကိုးကားခွင့်မရသဖြင့် စာသားအတိအကျ ကျွန်တော်မမှတ်မိသော်လည်း ဖေဖေ့ကဗျာက သံဝေဂလင်္ကာတစ်ပုဒ်မဟုတ်သည်ကိုတော့ အသေအချာပြောနိုင်သည်။  ဆေးရုံပေါ်မှသေအံ့မူးမူးဝေဒနာသည် အိမ်ထောင်ဦးစီးတစ်ယောက်၏ မိသားစုအရေးရတက်မအေးသည့်အရေးအသား အစပ်အဆိုများသာဖြစ်ကြပါ၏။ ထိုအချိန်မျိုး၌ ဘဝကူးကောင်းဘို့ ဖေဖေ စိတ်ဝင်စားနိုင်မည်မထင်။ စဉ်းစားဖြစ်လိမ့်မည်လည်းမဟုတ်။ ဖခင်တစ်ဦး၏ဘဝကိုနှစ်ပေါင်း များစွာပိုင်ဆိုင်ခဲ့ပြီးသော ပိုင်ဆိုင်နေဆဲလည်းဖြစ်သော ကျွန်တော်ဒါကိုကောင်းစွာနားလည်ခံစားနိုင်သည်။ စင်စစ် ကျွန်တော့်အတွေးသို့ ဝင်ရောက်လာသည့်အချက်က ထိုကဗျာရေးချိန်မှသည် လောကတွင်းမှအမှန်တကယ်ထွက်ခွာသွားချိန်အထိ ဖေဖေဘယ်လိုနေသွားပါလိမ့် ဆိုသည်ကိုပင်ဖြစ်၏။ ရက်ပိုင်းမျှသာကြာခဲ့သောထိုကာလကို (အနည်းဆုံး စာတွေ့ရှိထားပြီးမို့) ဝေဒနာနုဿတိပွားရင်း ကျော်ဖြတ်ဘို့ ဖေဖေစဉ်းစားကောင်းစဉ်းစားနိုင် သည့်တိုင် လက်တွေ့ကျင့်ကြံဖြစ်မည်ဟုတော့ ကျွန်တော် မထင်။ သားရေးသမီးရေးကိစ္စ ဖခင်တစ်ဦး၏စိုးနှောင့်ဗျာပါကို စာနာလျက် ကျွန်တော်တစ်ထစ်ချပြောနိုင်သည်။ ထိုအတိုင်းဆိုလျှင် ဘဝကူးတော့မည့်အချိန်မှာပေါ်လာတတ်သည်ဆိုသော ဖေဖေ့ အာရုံနိမိတ်တွေမှာ သောက ဗျာပါဒ ကုက္ကုစ္စ တွေသာပြည့်နေမှာသေချာသည်။ ဒါသည်ပင် သံသရာကို သယ်ဆောင်သွားမည့်ဝဋ်တွေလား ကျွန်တော်အတွေးပွား ရ၏။ 

ဖခင်ထက်အသက်ပိုရှည်နေခြင်းသည်ပင် ကျွန်တော်ကပို၍ကံကောင်းသည်ဆိုရမည်ဖြစ်သလို လောကကြီးကို နောက်ဖေးပေါက်မှ ဝင်ရောက်ကြရသည်ချင်းအတူတူ ဖခင်ရောက်မသွားရသော အိမ်ဦးခန်းသို့မည်ကာမတ္တပင်ဖြစ်စေ ကျွန်တော်ရောက်ခဲ့သည်မှာလည်း ဝမ်းမြောက်ဖွယ်ဖြစ်၏။ သည့်ထက်ပို၍ နောင်လာမည့်မျိုးဆက်ကို (ကျွန်တော်တို့ထက်) အတိုင်းအတာတစ်ခုအထိသာအောင် ပျိုးထောင်နိုင်ခဲ့ခြင်းအတွက် အသေဖြောင့်ပြီဟု ဆိုနိုင်သည်။ အနည်းဆုံး သေခြင်းတရားနှင့်ရင်ဆိုင်တွေ့ချိန်မှာအာရုံနိမိတ်ဆိုးတွေ ပေါ်ဘို့အလားအလာ ဖခင်ထက်စာလျှင် ကျွန်တော့်မှာပို၍လျော့ပါးနိုင်ခဲ့ပြီဖြစ်လေသည်။ ဖေဖေကဲ့သို့ စိတ်လေလေ ကဗျာမျိုး ရေးစရာ အကြောင်းမရှိတော့ဟုသာမာန်အားဖြင့် ယူဆသော်ရကောင်း၏ (သောင်စဉ်ရေမရကဗျာတစ်ပုဒ်တစ်လေ ရေးဖြစ်နေဦးမှာတော့သေချာသည်)။ သို့သော် ဘဝဆိုသည်ပုံသေကားကျမရှိ၊ ပုံဆောင်ခဲလိုမတည်မြဲတတ်။ ကျွန်တော့် ကာယကံမှု ဝစီကံမှု တို့ကြောင့် ကျွန်တော်ကိုယ်တိုင် နောက်ဖေးပေါက်မှ ပြန်ထွက်သွားရနိုင်သလို ကျွန်တော်မဟုတ်သောမျိုးဆက်ထဲမှတစ်ယောက်ယောက်၏ကံသုံးပါးကြောင့်လည်း တစ်အိမ်လုံးပြားပြားဝပ်အောင် ပြိုလဲပျက်စီးသွားနိုင်သည်။  ကျွန်တော်မျက်ကွယ်မပြုမီ မျိုးဆက်တစ်ခုလုံး ပျက်သုဉ်း ၍လည်း သွားနိုင်သည်။ သို့တည်းမဟုတ် ကျွန်တော်အလေးထားသောကျွန်တော် အလေးထားစေချင်သော စိတ်ဓာတ်ခွန်အားတွေကျင့်ဝတ်စံနှုံးတွေကို ကျွန်တော်မျက်ကွယ်ပြုချိန်မှာ ကျွန်တော့်မျိုးဆက်ကိုယ်တိုင်က သွေဖည်ကောင်းသွေဖည်ကြလိမ့်မည်။ ပြောရလျှင် သူတို့ခေတ်က ဖြစ်ပျက်မြန်သည်။ သူတို့အလိုအရ စိမ်ခေါ်မှုတွေ အလွန်များသည်။ စိမ်ခေါ်မှုကို အခွင့်အလန်းအဖြစ်သူတို့ မြင်ကောင်းမှမြင်ကြမည် သို့တည်းမဟုတ် အခွင့်အလန်းကို တစ်မျိုးအဓိပ္ပါယ်ဖွင့်ကာအလွဲသုံးစားပြုချင်ပြု ဖြစ်ကြလိမ့်မည်။

ဤသည်မှာ မျိုးဆက်သစ်ကိုအပေါ်စီးမှအမြဲကြည့်နိုင်ဘို့ တစ်နည်း (သံဝေဂကင်းစွာ) မျိုးဆက်သစ်တွေ ထဲမှာ ဆက်လက်အရာဝင်လိုမှုတို့အတွက် ဆင်ခြေ တစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်တော်၏ နေခြင်းတရား ထဲမှာတော့သူကအခရာ။ အထူးသဖြင့် ဗျဿနတရားတွေကို အမြိုက်ဆေးနှယ်နိစ္စဓူဝ မြိန်ရည်ယှက်ရည် မှီဝဲသုံးဆောင်နေကြသည့်ဖြစ်စဉ်ဖြစ်ရပ်တွေအကြားမှာ လမ်းဆုံးလျှင်ရွာရောက်မည် ယုံမှတ်ကြတာမျိုး မနိုင်မည်စိုး၍ဦးချိုးကြသည်မျိုးသည်မျိုးရိုးထဲမှာ အနည်းဆုံးကျွန်တော့်တစ်သက်ကင်းပအောင်ထိန်းကျောင်း ဖို့ နေနိုင်သရွေ့နေချင်သေးသည်။ နှမ်းတစ်လုံးနှင့်ဆီမဖြစ်သည့်တိုင် နှမ်း၏သဘာဝ နှမ်း၏သတ္တိတို့ကိုကို ပျောက်ပျက်ခံ၍ မဖြစ်။ သည်အတွက် ကျွန်တော့်မျိုးဆက်အပေါ် ကျွန်တော် တာဝန်ခံရမည်။ သည်လိုနှမ်းတွေ ပေါင်းစည်းပြီး ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံမည့် စနည်းတွေတဘောင်တွေ ကျွန်တော့်တစ်သက် ကြားနာခွင့်မရတော့သည့်တိုင် နောက်မျိုးဆက်တစ်ဆက်ဆက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့သည် ဆိုလျှင်ပင်ကျေနပ်လောက်သည်။ ဒါသည်ပင် မျိုးဆက်တစ်ခု၏ရှင်သန်ခြင်းဟု ကျွန်တော် နားလည်ထားလေသည်။

သံသရာတည်းဟူသောဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှါဟု အခါအားလျော်စွာ ကျွန်တော်တို့ ရွတ်ဆိုလေ့ရှိကြသည်။ ဆင်းရဲခြင်း၏အကြောင်းဖြစ်သော ခန္ဓာအသစ်ဖြင့် ဘုံအသစ်ဘဝအသစ် တစ်ခုခုတွင် ပြန်လည် မွေးဖွားရခြင်းမှကင်းပသောအကျိုးတို့ကိုသာ အလိုရှိအပ်ကြောင်း ကျွန်တော်နားလည်ထားသည်။ လောကကိုကျော်လွန်သော(လောကတ္တရာ)နယ်ပယ်၌ ထိုသို့ကျဉ်လည်ရခြင်းမှ လွတ်ကင်းစေရန် ရည်သန်လျက် ကာယကံ ဝစီကံ မနောကံတို့ကို ထိန်းသိမ်းစောင့်ရှောက်ဘို့အားထုတ်ကြသည်။ သို့သော် သံသရာတစ်လျှောက် လှည်းလမ်းကြောင်းပမာ ထက်ချပ်မကွာလိုက်ပါကြသော ဝိပါက်ခေါ် ကုသိုလ်အကုသိုလ်တို့၏ အကျိုးတရား တစ်နည်းသံသရာဝဋ်ဆင်းရဲတို့ကို ဘဝများစွာပင် ဖျောက်ဖျက်၍မရတတ်ဟုဆိုသည်။ သံသရာနှင့်ချီ၍ ပေးဆပ်ရခြင်းကြာင့် သံသရာဝဋ်ဟုခေါ်လျှင် မျက်မှောက်ဘဝမှာပေးဆပ် ရလေသမျှလောကဝန်တာကျေပွန်စရာတွေကို လောကဝဋ်ဟုခေါ်ရမည်လား တိတိပပမပြောနိုင်သော်လည်း သစ်တောနှင့်သစ်ပင်ပမာ ဆက်စပ်မှုရှိမည်မှာတော့သေချာပါသည်။ အင်းဝခေတ် ဆရာတော်ဦးဗုဓ်က နန်းတော်မယ်နုအား ဆုံးမခဲ့သော “ဝဋ်ကျွေးရှိလျှင် ကျေအောင်ဆပ်ရတယ်” ဆိုသောစကားနှင့် အကြောင်းတိုက်ဆိုင်သည့်အခါ အမေပြောခဲ့သော နင်တို့အဖေကတော့ ဝဋ်ကျွတ်သွားတောပေါ့ဆိုသည့် စကားနှစ်ရပ်တို့မှာ ကာလဒေသနောက်ခံနှင့် ပညာ သဒ္ဓါ အနုအရင့်ချင်း မုချကွာသော်လည်း သဘောသဘာဝချင်းတော့ မကွာခြားလှပါဟု ကျွန်တော် ဆိုချင်သည်။ 

ဖေဖေက သုံးဆယ့်ရှစ်နှစ်မှာဝဋ်ကျွတ်သည်။ အမေကခြောက်ဆယ့်ကိုးနှစ်မှာဝဋ်ကျွတ်သည်။ ကျွန်တော်က ခုချိန် ခြောက်ဆယ့်နှစ်နှစ်ထိဝဋ်မကျွတ်သေး။ ပြောရလျှင်ကျွတ်လည်းမကျွတ်လိုသေး။ ကျွန်တော့်အတွက် သည်ဝဋ်ကကျွတ်ချင်စရာဝဋ်မဟုတ်ဆိုလျှင် တစ်ချို့မေးငေါ့ကြမည်။ သို့သော် ပျိုမြစ်စဉ်တုန်းက သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်ဟု ရင်နှင့်အမျှသီကျူးခဲ့သူတွေ အရွယ်လေးနည်းနည်းရချိန်မှာ အရိုးစု အပုပ်ကောင်ကို အဟုတ်ယောင်မထင်ကြဘို့ ရွာဆော်ကြိးလုပ်ကြသည်နှင့် ကြုံရလေတိုင်း ကျွန်တော် ကြားကမျက်နှာအထားရခက်တတ်သည်မှာလည်းအမှန်ပင်ဖြစ်၏။ မည်သို့ဆိုစေ မျိုးဆက်သစ်တို့တေးဆိုဖြစ်ကြသည့်တိုင်ကျွန်တော်နေလိုသေးသည်။ သတ္တဝါခပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျှင် တစ်စက်ကမှမရှိကြသည့်တိုင် မရဏံအလို ကြိုက်ရာကိုသာလိုက်ဘို့ ကြိုတင်မြွက်ဟရင်း  နေခြင်းနှင့်သေခြင်းအကြား သစ္စာထားတေးတစ်ပုဒ်လောက်တော့ ရွေးထုတ်ဘို့ကျွန်တော် ကြိုးစားကြည့် ချင်သေးသည်။