Thursday, March 24, 2016

ကျွန်တော်နှင့်စမ်းချောင်း (၃)



ဒေါ်ကြီးတို့ဆိုင်သည်အမေ့ဆိုင်နှင့်ခြံကြီး၏ဟိုဘက်ထိပ်သည်ဘက်ထိပ်သဖွယ်ဖြစ်ပြီးကြားမှာဆိုင်နှစ်ဆိုင်ခန့်ခြားသည်။ နာမည်မှာ “စိန်စိန်ဆီချက်ခေါက်ဆွဲ” ဖြစ်သည်။ ဒေါ်ကြီးနှင့်ဖေဖေတို့၏မိခင်၊ ကျွန်တော်တို့အဖွား၏အမည်ကိုယူကာ ဆိုင်နာမည်ပေးထားသော်လည်းလက်ရာမှာဒေါ်ကြီးခင်ပွန်း တရုပ်လူမျိုးဦးလံဘား၏လက်ရာဖြစ်၏။ အပါး (သူ့သားသမီးတွေအခေါ်) သည် ဘဲကင်၊ အခေါက်အသားကင်စသည်တို့ကို ကိုယ်တိုင်လုပ်ရုံမက ခေါက်ဆွဲကိုပါကိုယ်တိုင်ကြိတ်သူဖြစ်သည်။ အဖီထုတ်ထားသောအိမ်ရှေ့မြေကွက်လပ်ပေါ်မှာ သစ်သားခုံကြီးခင်းပြီးအပါးတစ်ယောက်ခေါက်ဆွဲလုပ်ပြီဆိုလျှင် အိမ်နီးနားချင်း ကလေးတွေမလှမ်းမကမ်းမှလာကြည့်တတ်ကြစမြဲ။

အိတ်ထဲမှဂျုံမှုန့်တွေကိုခုံပေါ်သွန်ချပြီးအပုံကြီးတစ်ခုဖြစ်‌လာသည်အထိပုံကာ အလယ်တွင်ခွက်နေအောင်ပြုပြင်ပြီးမှကြက်ဥတွေဖေါက်ထည့်သည်။ တခြားလိုအပ်သည်များထည့်၍ မုန့်သားဖြစ်သည်အထိနှဲ(နယ်) ပြီးလျှင်ညီညာသောခုံကြီး၏ မျက်နှာပြင်ပေါ်တွင်သူ့လက်သန်ကြီးများဖြင့်အရင်ဖြန့်သည်။ ထို့နောက်အိမ်မကြီး၏ ခါးပန်းနှင့်တွဲလျက်ခုံအလျားနှင့်တစ်ပြေးညီတပ်ဆင်ထားသောတန်းအောက်သို့ လူတစ်ရပ်သာသာပွတ်လုံးသစ်သားဒလိမ့်တုံးကြီး၏အစွန်းတစ်ဘက်ကို ကုတ်လည်ချက်အဖြစ်ပို့လိုက်ပြီး အလယ်ပိုင်းကိုခုံပေါ်ရှိမုန့်သားများအပေါ်သို့ကန့်လန့်ဖြတ်တင်သည်။ ကျန်အစွန်းအားလက်နှစ်ဘက်ဖြင့်ထိန်းလျက် တစ်ဖြည်းဖြည်းချင်းလှိမ့်ပြီးဖြန့်ထားသောခေါက်ဆွဲသားတွေပြားသည်ထက်ပြားအောင်ကြိတ်လေသည်။ လိုအပ်သောအထူအပါးရသည်အထိဖိအားပေးဖို့ ဒလိမ့်တုံးအဖျားပေါ်ခြေတစ်ဘက်မြှောက်လျက်အနေအထားဖြင့်ခွစီးကာ ခုံကြီးအစမှအဆုံးထိခေါက်တုန့်ခေါက်ပြန် ခုန်ဆွခုန်ဆွလိုက်ပါလျက် ခေါက်ဆွဲကြိတ်နေသောအပါးကိုမြင်ရသည်မှာ သူ့အစားပင်ပန်းလှသော်လည်း ကြည့်၍တော့ကောင်းသည်။ တစ်ပတ်တစ်ခါလောက် အပါးခေါက်ဆွဲကြိတ်လျှင် ကျွန်တော်တို့ကလေးများသာမက မြင်နေကျမဟုတ်သောလမ်းသွားလမ်းလာလူကြီးလူရွယ်အချို့ပင်ရပ်တန့်ငေးမောကြသည်ကိုတွေ့ရဖူးလေသည်။

နောက်ဆုံးအဆင့်ကြိတ်ပြီးရလာသည့် အဝါရောင်ပါးလွှာသောခေါက်ဆွဲချပ်ကြီးကို အရွယ်တော်အချပ်ငယ်များရအောင်ဓားဖြင့်လှီးပြီးလက်လှည့်နန်းစက်ထဲသို့ထည့်လိုက်သောအခါ ခေါက်ဆွဲမျှင်များထွက်လာလေ၏။ ထိုခေါက်ဆွဲမျှင်များကိုလိုသလောက်ဖြတ်ယူကာ တစ်ပွဲစာခေါက်ဆွဲအပုံ (အခေါင်းဟုခေါ်သည်) လေးများဖြစ်အောင် သေသေသပ်သပ်လုံးပြီးလျှင် စက္ကူခံ ထားသည့် သစ်သားဘန်းငယ်များထဲမှာစီ၍ထည့်သည်။ ခေါက် ဆွဲမျှင်များစေးကပ်မသွားဘဲလပ်ဆတ်‌နေစေရန်အပေါ်မှဂျုံမှုန့်များဖြူးသည်။ လက်ဖြင့်လုပ်သည်မထင်ရ လောက်အောင် အရွယ်အစားရောပုံသဏ္ဍန်ပါညီညာလှသည့် ခေါက်ဆွဲခေါင်းလေးများကအပါး၏သဘာနှင့်ကျွမ်းကျင်မှုကိုပြသနေကြ၏။ တစ်ခါတစ်ရံ ကျွန်တော်ကခေါက်ဆွဲနန်းစက်လှည့်ပေးခြင်းဖြင့် အပါးကိုကူညီသည်။ အမှန်တော့ အပါးလုပ်သမျှကိုအနီးကပ်ကြည့်လိုခြင်းသာဖြစ်၏။ 

ကြိတ်ဖြတ်ပြီး  ခေါက်ဆွဲဘန်းတွေအထပ်လိုက်မပြီး အပါးကိုယ်တိုင်လမ်းထိပ်ရှိဆိုင်သို့အရောက်ပို့သည့်အခါပို့ အိမ်မှာအသင့်ထားသည့်အခါထားသည်။ ပြီးလျှင်ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်လျက် မျောက်ခြောက်ဟုခေါ်ကြသော တရုပ်လက်ဖက်ခြောက်ရေနွေးကြမ်းတစ်အိုး၊ တရုပ်သတင်းစာတစ်စောင်တို့နှင့်အတူအပါးအနားယူပြီ။ အပါးလက်ရာ ခေါက်ဆွဲရောအကင်တွေပါ ထိုခေတ်ထိုဝန်းကျင်မှာ အတော်အတန်နာမည်ရခဲ့၏။ တော်လှန်ရေးအစိုးရလက်ထက်နိုင်ငံခြားသားများအပေါ်တင်းကျပ်ချုပ်ချယ်မှုတွေများလာသည့်အခါ အပါးသူ့ဇာတိတရုပ်ပြည်သို့ပြန်သွားပြီး ဆိုင်ကိုလည်းပိတ်လိုက်ကြ၏။ ထိုအချိန်ကျွန်တော်တို့မိသားစုကသရက်တောလမ်းမှာမဟုတ်တော့ပြီ။ သည်ဘက်ခေတ် နိုင်ငံအချို့မှာလက်လုပ်ခေါက်ဆွဲ (Hand-made Noddles) ကို တစ်ခန်းတစ်နားအသားပေးရောင်းချကြတန်ဖိုးထားအားပေးကြသည်ကို ခရီးသွားဟန်မြင်တွေ့ရသည့်အခါတိုင်း အပါးကိုကျွန်တော် အမှတ်ရမိတတ်လေသည်။

အပါး၏လက်ရာနောက်တစ်မျိုးက အမှတ်မထင်ဈေးကွက်ဝင်သွားသည်လည်းရှိခဲ့၏။ အသားကင်လုပ်ရန် အတွက် ဝက်သားကိုအသားချည့်ထုတ်ယူပြီး ကျန်အဆီနှင့်အခေါက်ကိုဝက်ဆီချက်ကာ ဆိုင်မှာပြန်သုံးသည်။ ဝက်ဆီဖတ်ကိုမူ အိမ်မှာစားသည့်အခါစားကာ ဝယ်သူရှိလျှင်ရောင်းသည်။ တစ်ခါတွင်အပါးမည်သို့စိတ်ကူးရသည်မသိ (သို့မဟုတ်သူဘယ်မှာမြင်တွေ့လာသည်မသိ) ဝက်ဆီထုတ်ရာတွင် အဆီကိုသာသုံးပြီးအခေါက်ကိုပြုပြင်စီမံကာ အခြောက်လှမ်းပြီးနောက် လက်ညှိုးလက်သန်းအရွယ်အစားခန့်လှီးဖြတ်စိတ်ပိုင်း၍ အိမ်မှာစားဖို့သူကိုယ်တိုင်ကြော်၏။ ဝက်ခေါက်ကြော်ကြွတ်ကြွတ်ရွရွလေးမို့ အားလုံးကြိုက်ကြသည်။ ကျွန်တော်တို့မှာ အပါးဝက်ခေါက်ကြော်မည့်နေ့ကိုစောင့်နေမိကြသည်။ ဤတွင်ဒေါ်ကြီး၏အစီအမံဖြင့်ထိုဝက်ခေါက်ကြော်ကို ဈေးကွက်တင်ရန်ဖြစ်လာတော့သည်။ ရသမျှဝက်ခေါက်ကြော်ကို စားဖို့အနည်းအကျဉ်းချန်ပြီး (များများလည်းစားနိုင်ကြသည်မဟုတ်) စက္ကူကတော့လေးများတွင်ထည့်ကာ ဆိုင်ရှေ့၌ဘန်းကုံးငယ်ဖြင့်ခင်းကျင်းရောင်းချခြင်းဖြစ်၏။ 

ဝက်ခေါက်ကြော်သေးသေး ဆယ်ခုစာလောက်ကတော့တစ်ခုလျှင် ငါးပြားဖြင့်ရောင်းချရာပထမဆုံးရက်မှာစမ်းဝယ်ကြသဖြင့် နေ့တစ်ဝက်လောက်ကြာအောင်ရောင်းရသော်လည်း နောက်ရက်တွေမှာ တစ်နာရီပင်မကြာဘဲတစ်ဘန်းကုန်လေသည်။ သို့သော် ဒေါ်ကြီးနှင့်အပါးတို့ကထုတ်လုပ်မှုကိုမမြှင့်။ အဓိကလုပ်ငန်းဖြစ်သော ဆီချက်ခေါက်ဆွဲကိုသာ လက်ရည်မကျအောင်အားထုတ်ကြသည်။ ကျွန်တော် မှတ်မိသလောက် ဝက်ခေါက်ကြော်ကိုထိုအချိန်ကစ၍ မြင်ဖူးခြင်းဖြစ်ပြီး နောင်နှစ်များစွာအကြာမှာ ပလပ်စတစ်နှင့်ထုပ်ပိုးရောင်းချသော ဝက်ခေါက်ကြော်ဆိုသည်ကိုစားသောက်တိုင်များတွင်တွေ့လာရလေရာ “မုန့်ဟင်းခါးစားရင်ဟင်းရေတောင်းသောက်တဲ့အကျင့်ကိုငါ့အဖိုးကစခဲ့တာ” ဟု စာရေးဆရာကြီးတစ်ဦး ရေးခဲ့ဖူးသလို “ဝက်ခေါက်ကြော်အစအပါးက” ဟူသော ဥမတ္တကဝိစာရမျိုးပင်ဝင်ခဲ့ဖူးလေသည်။ ထားတော့။

#                  #

ဆိုင်အမည်ရှင် ကျွန်တော်တို့အဖွား ဒေါ်စိန်စိန် ကဒေါ်ကြီးတို့နှင့်အတူနေသည်။ ကျွန်တော်တို့နှင့်အတူနေသည်ဟုပြောလျှင်လည်းရသည်။ အဘယ်ကြောင့်ဆိုသော်အိမ်ကို (ဖိနပ်ချွတ်မပါ) ခြေရင်းခေါင်းရင်းနှစ်ခန်းခွဲကာ ဒေါ်ကြီးတို့ကခေါင်းရင်းခန်း ကျွန်တော်တို့ကခြေရင်းခန်းနေကြသောကြောင့်ဖြစ်သည်။ ထိုအချိန်ကကျွန်တော်တို့မှာ နှစ်ဘက်အဖိုးများမရှိကြတော့သော်လ်လး နှစ်ဘက်အဖွားတွေရှိကြသေး၏။ အမေ့ဘက်ကအဖွားမှာဝါးခယ်မတွင် သားအငယ် (ကျွန်တော့်ဦးလေး) နှင့်အတူနေပြီး ရန်ကုန်ကိုတစ်ခါတစ်လေမှလာလေ့ရှိသဖြင့် ကျွန်တော်တို့နှင့်သိပ်မရင်းနှီး။ ပြီးတော့သူကမြေးချစ်တတ်သူမဟုတ် (သူ့နှုတ်မှပြောသည်ကိုကြားရခြင်းဖြစ်၏)။ အဖွားဒေါ်စိန်ကတော့မြေးတွေကိုဂရုစိုက်သည်။ ကျွန်တော်တို့ ကျောင်းသွားချိန်မီအောင်မနက်မိုးမလင်းမီပဲပြုပ်သည်ကြီးကိုမှာထားပြီးသူကိုယ်တိုင်ဝယ်သည်။ ပြီးလျှင်ပဲပြုပ်နှင့်ထမင်းကိုယ်တိုင်နယ်ကာ ကျွန်တော်တို့အားလုံးကိုကျွေးသည်။ အမေ့ဆီမှမုန့်ဖိုးတောင်းပြီးကျောင်းသို့လာကြသောအခါ ဗိုက်ပြည့်နေကြပြီ။ 

သို့သော် မုန့်စားဆင်းသည်နှင့်ဗိုက်ပြန်ဆာကာမုန့်ဈေးတန်းကိုပြေးကြ၏။ မုန့်စားပြီးလျှင်အမေ့ဆိုင်သို့သွားကာ ကျောင်းတက်ခေါင်းလောင်းထိုးမှကျောင်းသို့ပြန်ကြ၏။ အဖွားစိန်သည် ထိုသို့ကျွန်တော်တို့ကိုဂရုစိုက်သလို ဆုံးမစရာရှိလျှင်မညှာတတ်။ ယောဂီဝတ်စုံကြီးဝတ်ကာစိတ်ပုတီးလက်ကမချသော်လည်း သူ့အာရုံကမြေးတွေအပေါ် အမြဲဖြန့်ကြက်ထားဟန်ရှိလေသည်။ အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်မှာနေရာယူထားသော သူ့အိပ်ယာနံဘေးမှာလည်း ဝါးစိမ်းတုတ်သေးသေးတစ်ချောင်းအမြဲဆောင်ထား၏။ ခြေနင်းကြမ်းလျှင်၊ အော်ဟစ်စကားပြောလျှင်၊ ဆဲဆိုလျှင်ရန်ဖြစ်လျှင်၊ ခိုင်းတာမလုပ်လျှင်၊ အတိုင်ခံရလျှင်သူ့အနားခေါ်ပြီး ထိုဝါးစိမ်းတုတ်ဖြင့် ခြေသလုံးကို ရိုက်လေ့ရှိသည်။ အပစ်အသေးအကြီးကိုလိုက်၍ အရှိုးထင်အောင်ရိုက်တတ်သဖြင့် ကျွန်တေ်တို့အားလုံးအဖွားစိန်ကိုကြောက်ကြ၏။ သို့သော် ချစ်လည်းချစ်ကြလေသည်။

ကျွန်တော်ပထမတန်းနှစ်တစ်နံနက်၌ ပဲပြုပ်သည်လာချိန်တွင် အဖွားစိန်အိပ်ယာမှမနိုးသေး။ ကျွန်တော်တို့ကလည်းမနှိုးရဲသဖြင့် စားနေကျပဲပြုတ်နှင့်ထမင်းလွတ်ကာ ကျောင်းသို့ထွက်လာကြ၏။ မုန့်စားဆင်းချိန် ထုံးစံအတိုင်းအမေ့ဆိုင်သို့လာသောအခါ အမေဆိုင်မဖွင့်သေး။ ဒေါ်ကြီးဆိုင်ဘက်ကြည့်ပြန်တော့ ပိတ်ထားသည်။ သို့နှင့် မောင်နှမတစ်တွေအိမ်သို့အပြေးပြန်လာကြ၏။ လမ်းမှာတွေ့သော အိမ်နီးချင်းတွေပြောသဖြင့်အဖွားဆုံးပြီဟုသိရလေသည်။ မနက်ကပဲပြုပ်သည်ပြန်သွားပြီး ဒေါ်ကြီးတို့ဆိုင်ထွက်ချိန်အထိ အဖွားအိပ်ယာမှမထသဖြင့် ခြင်ထောင်တွင်းဝင်ကြည့်မှအသက်မရှိတော့ကြောင်းသိကြရခြင်းဖြစ်လေသည်။ မနေ့ကအထိ ကျွန်‌ တော်တို့ကို ပဲပြုပ်နှင့်ထမင်းကိုယ်တိုင်နယ်‌ကျွေးခဲ့သောအဖွား၊ အသက် ၇၅ နှစ်ထိဒေါင်ဒေါင်မည်ခဲ့သောအဖွားက ဆုံးမည့်ဆုံးတော့တစ်ညအတွင်းမှာ လူမသိသူမသိ။ တစ်နည်း မည်သူ့ကိုမျှအပူမရှာဘဲထွက်ခွာသွားခဲ့၏။

ထိုနေ့က အစ်မနှစ်ယောက်ကအိမ်မှာနေခဲ့ပြီး ကျွန်တော်ကျောင်းသို့ပြန်သွားသည်။ မုန့်စားဆင်းပြီးနောက် ဂဏန်းသင်္ချာအချိန်ဖြစ်လေရာ ကျွန်တော်တို့သူငယ်ချင်းလေးငါးယောက်စုပြီးသင်္ချာအတွက်ပြိုင်နေကျ။ အဖွားနာရေးအတွက် ကူဖေါ်လောင်ဖက်မရမည့်အတူတူ ဂဏန်းတွက်ပြိုင်ပွဲကိုလည်း လက်မလွှတ်လိုသောကြောင့် ကျောင်းသို့ပြန်သွားခြင်းဖြစ်သော်လည်း သူငယ်ချင်းတွေကကျွန်တော့်အဖွားဆုံးသည့်အတွက် မပြိုင်ကြတော့ဘဲထိုနေ့အဖို့အနိုင်ရသူအဖြစ် ကျွန်တော့်ကိုပေးကြရာ ကျွန်တော်အံ့သြစွာဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရသည်။ အဖွားကိုကြံတော သင်္ချိုင်းမှာပင် မြေမြှုပ်သဂြိုလ်သည် (ထိုအချိန်က မီးသင်္ဂြိုလ်စက်မရှိသေး)။ 

ပြောရလျှင် ကျွန်တော်ချစ်သောအဖွားကိုအဖွားအဖြစ်သိစမှာပင် လက်လွှတ်ဆုံးရှုံးရခြင်းဖြစ်လေသည်။ အဖွားဆုံးတော့ဖေဖေပြန်လာသေး၏။ သို့သော် အသုဘကိစ္စပြီးသည်နှင့် ခရီးပြန်ထွက်လေသည်။ ဖေဖေဘာကြောင့် အိမ်မှာကြာကြာမနေနိုင်သည်ကို ကျွန်တော်မသိ။ သွားစိုက်ဆရာအလုပ်လုပ်ကြသူတွေ ကျွန်တော်သိသမျှမှာ အိမ်ခြေရာခြေအတည်တစ်ကျဆိုင်နှင့်ကန္နားနှင့်။ သီတင်းကျွတ်တိုင်း ကျွန်တော်တို့သွားကန်တော့နေကျ စမ်းချောင်းထဲမှ ဖေဖေ့ဆရာဦးတင်မောင်ဆိုလျှင် ဗားကရာလမ်းမပေါ်မှာဆိုင်အကြီးကြီး။ ဖေဖေ့ကျမှ နယ်လှည့်သွားစိုက်ဆရာဖြစ်နေရသည်မှာ ခရီးသွားဝါသနာကြောင့်ဖြစ်မည်လားမသိ။ အမေကတော့ ချိုသည်ခါးသည် တစ်ခွန်းမျှ (အနည်းဆုံးကျွန်တော်တို့ရှေ့မှာ) မပြောချေ။

ထိုနှစ်နွေရာသီကျောင်းပိတ်ရက်အတွင်း ထူးခြားချက်အချို့ကိုကျွန်တော်သတိထားမိသလိုရှိ၏။ ဃဂနဏ သိသည်တော့မဟုတ်။ သတင်းစာတွေထဲမှာမြင်နေကျဓါတ်ပုံတွေအစား မျက်နှာစိမ်းဓါတ်ပုံတွေပါပါလာ တတ်သည်။ ဝန်ကြီးချုပ်ဆိုသောစကားအစား ယခင်ကြားရခဲသည့်ဗိုလ်ချုပ်ဆိုသောစကားကိုပို၍ ကြားလာရသည်။ တစ်ရက်တွင်နှစ်အိမ်ကျော်မှဦးကြီးဝမ်းကွဲတစ်ဦး အမေ့ဆိုင်သို့ဝင်လာကထမင်းချက်နေသောအမေ့ကို (အမေသည်ဈေးရောင်းရင်းဆိုင်မှာပင်ချက်ပြုတ်စားသောက်လေ့ရှိ၏) မီးရေးထင်းရေးကိစ္စများသတိထားဖို့ပြောနေရင်းမှ ဆိုင်းမဆင့်ဗုံမဆင့် “ဗိုလ်ချုပ်တို့အာဏာသိမ်းလိုက်ပြီနော်” ဟုပြောလေ၏။ အနားမှာရှိနေသော ကျွန်တော်က အမေ့ကိုမဆီမဆိုင်ဆရာလာလုပ်နေသောထိုဦးကြီးအားစိတ်တိုသဖြင့် အမေဘာပြန်ဖြေလိုက်သည်ကို သတိမထားလိုက်မိတော့။ 

ထိုဦးကြီးပြန်သွားတော့မှ အာဏာသိမ်းတယ်ဆိုတာ ဘာလဲဟုအမေ့ကိုမေးရ၏။ သားရေးသမီးရေး စားဝတ်နေရေးမှလွဲ၍ ဘာမျှအလေးမထားနိုင်သောအမေက ကျေနပ်လောက်အောင်ရှင်းမပြနိုင်။ အာဏာသိမ်းတာနဲ့အမေထမင်းချက်တာဘာဆိုင်လို့ သူကလာပြောရတာလဲဆိုသောအမေးကိုတော့ “အမေလဲမသိပါဘူးသားရယ်” ဟုသာပြန်ဖြေခဲ့လေသည်။ သို့သော် အမေသည်ဈေးရောင်းမပျက်။ ဒေါ်ကြီးတို့ ဆိုင်မှာလည်းလူစည်ကားမပျက်။ ကျွန်တော်တို့ကလေးတွေအကစားမပျက်။ တော်လှန်ရေးအစိုးရဆိုသောအာဏာသိမ်းအစိုးရတစ်ရပ်တက်လာခြင်းကြောင့်ပြောင်းလဲမှုများကို သတိပြုမိဖို့ရာစောနေသေးသလို ကျွန်တော်တို့ကလည်း အတန်ငယ်သေးသည်။

#                  #

အာဏာသိမ်းခြင်းနှင့်မဆိုင်ဟုဆိုနိုင်သောပြောင်းလဲမှုတစ်ရပ်ကိုတော့ ကျွန်တော်တို့မိသားစုထဲမှာကြုံရလေ၏။ ကျောင်းပြန်မဖွင့်ခင်ကလေးတွင်မှာဖေဖေပြန်လာပြီးနောက် ကျွန်တော်တို့မိသားစုအားလုံးအမေ့ဇာတိ ဝါးခယ်မသို့ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပင်လေသည်။ ဆိုင်းမဆင့်ဗုံမဆင့်ပြောင်းခဲ့ကြခြင်းအတွက် အဓိက အကြောင်းရင်းက ဖေဖေတို့ညီအကိုမောင်နှမ (ဒေါ်ကြီးတို့နှင့်မျက်နှာချင်းဆိုင်မှာဖေဖေ့ညီမိသားစုရှိသေးသည်) ချင်းအခန့်မသင့်ကြသည့်ကိစ္စဖြစ်မည်လားတေ့မသိ။ ကျွန်တော်အခါလည်သားနှင့် ပန်းတနော်ဘက်သို့ပြောင်းခဲ့ကြခြင်းမှာလည်းထိုအကြောင်းကြောင့်ပင်ဖြစ်မည်ထင်သည်။ အမေ့ထံမှတစ်ခါတစ်လေ တစ်စွန်း တစ်စကြားရသည်က ဒေါ်ကြီးတို့အိမ်ခြေရင်းဘက်မြေကွက်သည် ကျွန်တော်တို့မြေကွက်ဖြစ်ပြီး ဖေဖေက မောင်နှမတွေအတူနေချင်သည်ဆိုကာထိုမြေကွက်ကိုရောင်း၍ ဒေါ်ကြီးတို့မြေကွက်ပေါ်မှာ အတူအိမ်ဆောက်ခဲ့ကြရာမှ အိမ်ထောင်ခွဲမောင်နှမတွေစိတ်အခန့်မသင့်သည့်အခါတိုင်းပြေးစရာမြေမရှိုဖြစ်ကာ တစ်နယ်တစ်ကျေးသို့ ရောက်ရောက်သွားခဲ့ရခြင်းဖြစ်၏။ 

သို့သော်ထိုအချက်ကိုလည်းအကြွင်းမဲ့လက္ခံရန်ခက်လှ၏။ မောင်နှမတွေအဆင်မပြေလျှင်ပင်၊  ပြေးစရာမြေမရှိလျှင်ပင် သည်နေရာတစ်ဝိုက်မှာ သို့မဟုတ် ရန်ကုန်ဆင်ခြေဖုံးတစ်နေရာရာမှာ မိသားစုအတူတကွနေထိုင်ဘို့ အိမ်ခန်းတစ်ခန်းငှါးမည်ဆိုငှါးနိုင်ခဲ့သည်ပဲ (ဖေဖေဆုံးပြီး ဝါးခယ်မမှရန်ကုန်သို့အပြီးအပိုင်ပြောင်းကြသည့်အခါ ကျွန်တော်တို့မိသားစုအိမ်ငှါးဘဝဖြင့်နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရဖူးသည်)။ ထစ်ကနဲရှိတစ်နယ်တစ်ကျေးအဝေးသို့သွားစရာမလို။ သားသမီးတွေပညာရေးလူမှုရေးကိုသည်နည်းနှင့်အပွန်းအပဲ့ခံစရာမလို။ ဤသည်တို့မှာ နောင်အရွယ်ရောက်မှစဉ်းစားတတ်လာခြင်းဖြစ်ပြီး ငယ်စဉ်ကတော့ဖေဖေပြောင်းမည်ဆိုပြောင်းရုံသာရှိ၏။ အမေတိုယ်တိုင်ဘာမျှဝေဖန်သည်မဟုတ်ချေ။

မည်သို့ဆိုစေသင်္ကြန်ကတော့ပျော်စရာကောင်းသည်။ ရှမ်းလမ်းသင်္ကြန်သည်ကြက်ပျံမကျဟုဆိုလောက်အောင်ပင်ရေပက်ခံကားများခြေလျင်လည်ပတ်ကြသူများနှင့်တိုးမပေါက်။ ရေပက်မဏ္ဍပ်တွေက လမ်းထိပ်တိုင်းတွင်ရှိလေရာ လမ်းနှစ်ခုဦးတိုက်သည့်နေရာတွေမှာဆိုလျှင်မဏ္ဍပ်ချင်းမျက်နှာချင်းဆိုင်ဖြစ်နေကြသည်။ မဏ္ဍပ်တိုင်းသူ့နာမည်နှင့်သူဖြစ်ကြပြီး သရက်တောလမ်းမဏ္ဍပ်အမည် နုယဉ်ကျေး ဆိုသည်လောက်သာ မှတ်မိတော့သည်။ ထိုနာမည် မည်သူပေးသည်မသိသော်လည်း နဒီ လှိုင်း ရွက်ဝါ စသော အခြားနာမည်များထဲမှာ တစ်မျိုးတော့ဆန်းသစ်နေသည်။ သို့သော် ကျွန်တော်တို့ကလေးများအတွက် နာမည်သည်အဓိကမဟုတ်ဘဲ  ရေများများရနိုင်ဘို့သာလိုသည်။ လမ်းထိပ်တိုင်းတွင် မြေအောက်မီးသတ်ပိုက်ခေါင်းတစ်ခုကျစီရှိလေရာ မဏ္ဍပ်တိုင်းအတွက်ရေရရှိရန်အခန့်သင့်ဖြစ်နေ၏။ 

ပြန်စဉ်းစားတော့ ဗားကရာလမ်းသည်ဘက်မှာတွင် မဏ္ဍပ်ဆယ့်လေးငါးခုရှိရာ ထိုမျှအရေအတွက်ရှိသောမီးသတ်ပိုက်ခေါင်းများကို နာရီပေါင်းများစွာ တစ်ပြိုက်နက်တည်းဖွင့်ချထားသည့်နှယ်ဖြစ်လေ၏။ ဗားကရာလမ်းဟိုမှာဘက်တွင် နာမည်ကျော်မင်းလမ်းတို့ ဆီဆုံလမ်းတို့ရှိသောကြောင့် ပိုလျှင်သာပိုမည်မလျှော့။ မီးသတ်ပိုက်ခေါင်းတို့၏သခင်ဖြစ်သော ဗားကရာလမ်းရှိ စမ်းချောင်းမီးသတ်မှာမူ ရေသာလျှင်ပေါများသည်မဟုတ်သေး မီးသတ်ပန့်အသုံးပြုကာ တိုက်ရိုက်ရေပက်သဖြင့် အခန့်မသင့်လျှင် ရေပက်ခံသူတို့အဝတ်အစားတွေ စုတ်ပြတ်သွားရသည့်သတင်းများကြားနေရ၏။ နောက်ထပ်ရေပက်ကြမ်းသည် ဟုသတင်းကြီးသောနေရာမှာရှမ်းလမ်းနှင့်ဝင်ဆာလမ်း (ယခုရှင်စောပုလမ်း) ထောင့်ရှိ ရေတပ်အရာရှိများနေထိုင်ရာအဏ္ဏဝါရိပ်သာရေပက်မဏ္ဍပ်ဖြစ်၏။  သို့သော် စမ်းချောင်းမှာရေပက်ခံသူတိုင်း အဏ္ဏဝါရိပ်သာနှင့်မီးသတ်ရှေ့မှမရောက်လျှင်မပြည့်စုံသည့်အလားထိုနေရာမှာကားတွေပြည့်ကျပ်အောင်တန်းစီနေကြမြဲ။

တောမှာ ဝါးပြွတ်ဖြင့်ပက်ခဲ့ဖူးသည့်ကျွန်တော် သည်မှာတော့သံဖြူဆိုင်မှလုပ်ရောင်းသောရေပြွတ်ဖြင့်ပက်ရသည်။ (ပလပ်စတစ်ပစ္စည်းတွေအသုံးမတွင်ကျယ်သေး)။ တစ်ချို့တတ်နိုင်သူတွေကကြေးပြွတ်တွေသုံးကြသည်။ ကြေးပြွတ်မှာဈေးကြီးသော်လည်းကြာရှည်အသုံးခံသည်။ သင်္ကြန်ပြီးလျှင်သိမ်းထားကာ နောက်တစ်နှစ်၌ ဝါရှာစသည်များလဲဖယ်ပြီးပြန်သုံးရုံပင်။ ကြေးပြွတ်ကရေအားလည်းပြင်းသဖြင့် ကလေးတွေရေစစ်တိုက်လျှင်အားကိုးရ၏။ ကျွန်တော်တို့သူငယ်ချင်းတစ်စု လက်ဆွဲပုံးနှစ်လုံးသုံးလုံးကိုရေဖြည့်ကာ အနီးအပါးလမ်းတွေထဲသွားပြီး လမ်းခံကလေးတွေနှင့် ဒါမှမဟုတ်လမ်းထဲသို့နယ်ကျွံလာသော အခြားလမ်းမှကလေးအုပ်စုတွေနှင့်စစ်တိုက်ကြ၏။ နေ့ခင်းဘက်မဏ္ဍပ်မှာခဏတစ်ဖြုတ်ရေပက်။ ပြီးလျှင် အမေ့ဆိုင်မှာထိုင်ကာ ရေပက်ခံကားတွေကိုမျက်စေ့တစ်ဆုံးလိုက်ကြည့် တော့၏။ 

ညဘက်တွင် အနီးပတ်ဝန်းကျင်ရှိဆုပေးမဏ္ဍပ်တွေကိုလျှောက်ရင်း ပြိုင်ပွဲဝင်နေမှုများကိုကြည့်ကြသည်။ မှတ်မိသလောက် ဇလွန်လမ်းဒေါင့်မှာရှိသော ဆုပေးမဏ္ဍပ် (အမည်မမှတ်မိတော့)က အနီးဆုံးမို့ ထိုတွင်သာအကြည့်များသည်။ သို့နှင့်ပင် ပျော်စရာသင်္ကြန်တစ်ခုပြီးဆုံးခဲ့ရ၏။ ရှမ်းလမ်းမ၏လမ်းပုခုံးနှစ်ဘက်စလုံး ရေတိုက်စားသဖြင့် သိသိသာသာနိမ့်ဆင်းသွားသည်။ သင်္ကြန်ကိုလွမ်းနေဆဲမှာပင်ဖေဖေပြန်လာသောအခါ လာမည့်နှစ်သင်္ကြန်သည်လိုပင်ပျော်နိုင်တော့မည်မဟုတ်ကြောင်းသိရ၏။ သို့သော် ထိုစဉ်ကတော့ထိုအတွေးမျိုးပေါ်ပေါက်ခဲ့သည်မဟုတ်။ မိသားစုစုံလင်စွာခရီးတစ်ခုအတူသွားကြရသည်ကိုပင် ပျော်စရာအဖြစ်မြင်ခဲ့သေးသည်။ စင်စစ် နေရာသစ်တစ်ခုသို့ ရွှေ့ပြောင်းခဲ့ကြခြင်းသာ ဖြစ်လေ၏။

ယ္ခုခါဗဟိုအမျိုးသမီးဆေးရုံဟုသိကြသောဂျင်မခါနာဆေးရုံတွင်ကျွန်တော့်ကိုမွေးခဲ့ခြင်းကြောင့် ချက်မြှုပ်ဟု အတိအကျမဆိုနိုင်စေကာမူ စမ်းချောင်းသည်ကျွန်တော့ဇာတိ။ ဆေးရုံကထုတ်ပေးသော မွေးစာရင်းထဲမှာနေရပ်လိပ်စာကို အမှတ် (---) ရှမ်းလမ်းဟုဖေါ်ပြထားပြီးသား။ သို့သော် အသက်ရှစ်နှစ်အရွယ်အထိ  မွေးသည့်နှစ်အပါအဝင်လေးနှစ်ပင်ပြည့်အောင်စမ်းချောင်းမှာမနေရသေး။ ယ္ခုလည်း စမ်းချောင်းကိုခွာရဦးတော့မည်။ ကံစေစားရာဆိုသောစကားသည် ကျွန်တော့်အတွက်သီးခြားထွက်ပေါ်လာလေရော့သလားဟု နောက်တစ်ကြိမ်စမ်းချောင်းနှင့်ပြန်ဆုံသည့်အခါတွင် ကျွန်တော်တွေးတောမိရ၏။ ထိုအချိန်မှာအသိဉာဏ် အတော်အတန်ဖွံ့ဖြိုးနေပြီဖြစ်သလို လောကဓံကလည်းအတော်အတန်ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်လေသည်။



 
 


Friday, March 18, 2016

ကျွန်တော်နှင့် စမ်းချောင်း (၂)


နေ့လည်နေ့ခင်းတွင် လမ်းပေါ် လမ်းကြား အိမ်အောက်မကျန်နေရာအနှံ့ကစားကြသလို ညနေခင်း ညဦးပိုင်းတွေလမ်းမပေါ်မှာစိန်ပြေးတမ်း သူခိုးပုလိပ် လိုက်တမ်းကစားကြသေးသည်။ ကျောင်းပိတ်ရက် ညနေခင်းမျိုး တစ်ခါတစ်ခါ မဟာမြိုင်ပန်းခြံအထိ (ဆိုရှယ်လစ်ခေတ်မှာပင်သိမ်းယူခံခဲ့ရပြီး ရဲဝန်ထမ်းအိမ်ယာဖြစ် ထိုမှတနွယ်ငယ်တစ်စဉ်ပါ စီးပွားရေး အလုပ်ရုံတွေဝင်ရောက်လာကာ ယ္ခုအခါအကျည်းတန်ရပ်ဝန်း(eyesore)တစ်ခုဖြစ်နေပြီ) သွားပြီး ဒန်းတွေလျှောတွေစီးကြသည်။ သို့သော် မဟာမြိုင်ပန်းခြံက ရပ်ကွက်ကျော်၍သွားရသည်မို့ လူကြီးသို့မဟုတ် ကလေးကြီးအဖေါ်မပါဘဲ အိမ်ကခွင့်မပြု။ ကျွန်တော်တို့ကလည်းသွားခဲသည်။ ကျောင်းက အိမ်စာများများပေးလေ့မရှိသလိုအိမ်ကအချိန်ပိုကျူရှင် အတင်းအကျပ်ထားခြင်းမျိုးမရှိ။ စိန့်ဖီလိုမီနာလိုမစ်ရှင်ကျောင်းတွေရှိသလို ထွန်းလိုအလွတ်ပညာသင် ကျောင်းတွေ ဇွဲအုံးချိန်လိုသက်မွေးပညာသင်ကျောင်းတွေရှိပါ၏။ သို့သော် ကျူရှင်တွေမပေါ်သေး။ အတန်းငယ်သေး၍ဟုပြောလျှင်လည်း မှတ်မိသလောက်အတန်းကြီးတွေကျူရှင်သွားကြသည်ကို မမြင်ဘူး။ ကျွန်တော်ကိုယ်တိုင် ရှစ်တန်းရောက်သည်အထိကျူရှင်ကိုမကြားဖူး၊ ဆယ်တန်းရောက်သည်အထိကျူရှင်မယူဖူးခဲ့ချေ။

အစားနှင့်ကစားသာသိကြသည့်အရွယ်ဖြစ်ရာ နေ့လည်နေ့ခင်းကစား၍အားရလျှင် ရှိစုမဲ့စုမုန့်ဖိုးလေးဖြင့် မုန့်ဆိုင်ပြေး အချိုကြိုက်လျှင်သကြားလုံးထန်းလျက်ဖြူဆုပ် ချိုချဉ်ကြိုက်လျှင် ဇီးငံစေ့ဇီးပေါင်း အဆိမ့်ကြိုက်လျှင်ပဲကြီးလှော်ဝယ်စားကြ။ ဇီးပေါင်းတို့ယိုစုံတို့မှာမဲပါသဖြင့်အဝယ်များကြသည်။ တစ်ချို့ယိုစုံတွေက အထုပ်ထဲမှာကာတွန်းစာအုပ်သေးသေးလေးတွေထည့်ထားတတ်ရာ အပျင်းပြေဖတ်၍ကောင်းသည်။ ပူပူနွေးနွေးနှင့်မွှေးနေသောခေါက်မုန့်ကိုစားလိုလျှင်တော့ ခေါက်မုန့်သည်အဒေါ်ကြီးက ခလေးမင်းခေါက်မုန့်ရပြီဟုပြောသည်အထိစောင့်နိုင်လျှင်ဖြစ်သည်။ ဒယ်ပြား နှစ်ဒယ်နှင့်လက်မလည်သော ကြိုးစက်ရပ်ကွက်ထဲမှထိုအဒေါ်ကြီးသည် သာမန်အားဖြင့်အစဉ်အတိုင်းလုပ်ပေးလေ့ရှိသော်လည်းတစ်ခါတစ်ခါ နောက်မှလာသူကို ကျော်ပေးတတ်သည်။ သားရယ်သူတို့ကသွားစရာရှိနေလို့ အရင်လုပ်ပေးလိုက်မယ်နော်ဟုဆိုလျှင် ကျွန်တော်ကရောဘာများတတ်နိုင်ပါဦးမည်နည်း။ ထို့ကြောင့်ခေါက်မုန့်ကိုကျွန်တော်စားခဲ၏။ ခေါက်မုန့်ထက်ပင်ပို၍ စောင့်ရသော်လည်း ကလေးအများစုမသွားဘဲမနေနိုင်သည့် ဆိုင်တစ်ဆိုင်ရှိသေး၏။ ရေခဲချစ်။ ရှမ်းလမ်းနှင့် ကြံခင်းလမ်းဒေါင့်မှာရှိသည်။ ကြံခင်းလမ်းရေခဲချစ်ဆိုင် သို့မဟုတ် ရေခဲချစ်ဆိုင်ဟုသိကြသောအအေးဆိုင်မှာ ထပ်ခိုးမှအပတစ်အိမ်လုံးနေရာယူကာ ဖွင့်လှစ်ထားသဖြင့် ခုခေတ်အနေအထားနှင့်ပြောရလျှင်ဆိုင်ကြီးဖြစ်၏။ ထိုဆိုင်မှာကြက်တံဆိပ်ဘိလပ်ရေမျိုးစုံ၊ ကြံရည်၊ အအေးစုံ၊ ရေခဲသုပ်၊ ရေခဲရိုးရိုးမှသည် ရေခဲချစ် အထိရောင်းသည်။ ရောင်းအားလည်းအတော်ကောင်းသည်။ ကြက်တံဆိပ်ဘိလပ်ရေကားကြီးဖြင့် ဘိလပ်ရေကပ်တွေ၊ ရေခဲတင်လော်ရီ ကားကြီးဖြင့် ရေခဲပေါင် နှစ်ရာတုံးကြီးတွေနေ့စဉ်လိုလို ဝင်ထွက်နေကြသည်။

ဆိုင်ကကျယ်ဝန်းသန့်ပြန့်ပြီး ထူးထူးထွေထွေတန်ဆာဆင်ထားခြင်းမရှိသော်လည်း နေ့ညစည်ကားသည်။ ယင်းမှာ ဆိုင်ရှင်တွေ၏ စေတနာအကျိုးပေးဖြစ်ဟန်တူလေသည်။ ထိုစကားကိုလူကြီးတွေ ပြောသံကြားရခြင်းဖြစ်ပါ၏။ ကျွန်တော်တို့လိုကလေးများကလည်း ထိုအတိုင်းမပြောတတ်၍မပြောဖြစ်ခဲ့သည့်တိုင် သဘောညီကြ၏။ သူတို့ကဆင်းရဲချမ်းသာမရွေး လူကြီးလူငယ်မရွေးတန်ဘိုးအနည်းအများမရွေး တစ်ပြေးညီဆက်ဆံရောင်းချသည်။ ငါးပြားတန်ရေခဲချစ်ဝယ်သူနှင့် တစ်မတ်တန် ရေခဲသုပ်ဝယ်သူ၊ ရေခဲပေါင်တစ်ရာမှာသူနှင့် ရေခဲတစ်မတ်ဘိုးဝယ်သူ ခွဲခြားပြောဆိုဆက်ဆံခြင်းမရှိ။ ထိုတွင် ကျွန်တော်တို့လိုကလေးတွေကိုပိုသည်ဟုပင်ပြော၍ရမည်ထင်သည်။ ကျွန်တော်မှတ်မိသလောက် သူတို့ဆိုင်မှရေခဲချစ်သည်တစ်ခြားဆိုင်တွေထက်အရွယ်ပိုကြီးပြီး အဝိုင်းခြင်းတူလျှင်ပင်ပိုထူသည် ပိုချို ပိုမွှေးသည်။ သည်ထဲမှာမှ ကျွန်တော်တို့ကအချိုရည်ကို အနီတစ်ခြမ်း အစိမ်းတစ်ခြမ်း ရွှဲရွှဲဆမ်းပေးပါပြောလျှင်ပြောသည့်အတိုင်းလုပ်ပေးသည်။ ရေခဲချစ်လက်တွင်းရောက်လျှင်မစားသေးဘဲ စီးကျနေသောအချိုရည်တွေကို ခံတွင်းကျယ်ကျယ်ဟ၍လျှာပေါ်ကျစေကာ တစ်စိမ့်စိမ့်အရသာခံပြီးမှ တစ်ဖြည်းဖြည်းစုပ်၍စားရသည်မှာစည်းစိမ်ကြီးလှ၏။ မှတ်မိသလောက်ထိုရေခဲချစ်ဆိုင် မဆလခေတ်အထိ ထိုနေရာတွင်ရှိနေခဲ့၏။ သို့သော် အများနည်းတူမျိုးဆက်တစ်ဆက်နှင့်ရပ်တန့်သွားပုံရလေသည်။

မုန့်ဘိုးတစ်ရက်ဆယ်ပြားသည် ထိုခေတ်ကလက်လုပ်လက်စားသားသမီးများ လူတန်းစေ့သုံးစွဲနိုင်အောင်လုံလောက်၏။ ကောက်ညှင်းပေါင်းငါးပြားဖိုးဆိုလျှင် ကလေးတစ်ယောက်ဗိုက်ဝပြီ။ ကျန်ငါးပြားဖြင့် ရေခဲချောင်းထန်းလျက်ချောင်းသို့မဟုတ် ကပ်စီးနဲသကြားချောင်းဝယ်စားနိုင်သေးသည်။ မုန့်ဟင်းခါး အကြော်မပါဆယ်ပြား ခေါက်ဆွဲသုပ်ဆယ်ပြား။ ငွေတန်ဘိုးနှင့်ပတ်သက်၍ ကျွန်တော်မှတ်မိတာတစ်ခုရှိသေး၏။ တစ်ရက်အမေ့ဆိုင်ရှေ့ကရေမြောင်းထဲ ရေစစ်ချိန်သဲပေါ်မှာအကြွေငါးမူးစေ့တစ်စေ့တင်နေသည်ကိုတွေ့ရသည်။ ကလေးတစ်ဦးအရပ်အမြင့်လောက်နက်သည့် မြောင်းထဲသို့ခက်ခက်ခဲခဲဆင်း၍ကောက်ပြီး သူငယ်ချင်းသုံးယောက် ရေခဲချစ်ဆိုင်ပြေးကာတစ်ယောက်တစ်ခုစီဝယ်စားကြ၏။ ပိုငွေဖြင့် ပုသိမ်လမ်းထိပ်စတိုးဆိုင်လေးတွင် စာမျက်နှာနှစ်ဆယ်ပါ ဗလာစာအုပ်တစ်အုပ် ခွေးတံဆိပ်ခဲတန်တစ်ချောင်း သစ်သားပေတံတစ်ချောင်းဝယ်၍ရသဖြင့်အတော်ပျော်ခဲ့လေသည်။ (သို့သော် အဖွားတို့အမေတို့ကကုန်ဈေးနှုံးတွေမြင့်လာသည့်အကြောင်း မဝေးသေးသောအတိတ်မူးခေတ်ပဲခေတ်ကိုပြန်လည်တမ်းတရင်းညည်းညူကြ၏။ ယ္ခုကျွန်တော်ဝဋ်လည်ပြီ။ စကားချပ်)။ တစ်ခါတစ်ရံ စားချင်လျှင်ရေခဲချစ်ဆိုင်နှင့်တစ်ဆိုင်ကျော် ရွှေနှင်းဆီကဖီးမှ နံပြားအလွတ်တစ်ချပ်သို့မဟုတ် နံပြားယိုသုတ်တစ်ခြမ်းဝယ်ပြီး ပူပူနွေးနွေးစားနိုင်သေးသည်။ ရွှေနှင်းဆီသည်လည်း ကျွန်တော်တို့ဒဏ်အတော်ခံရ၏။ နံပြားယိုသုတ်တစ်ချပ်ပြားနှစ်ဆယ်မပေးလို မပေးနိုင်၍ တစ်ခြမ်းဝယ်လျှင်လည်း မညည်းမညူရောင်းရှာသည်။ စဉ်းစားကြည့်တော့ ကျွန်တော်တို့ကိုရောင်းပြီးကျန်သည့်တစ်ခြမ်းကို လက်ငင်းဝယ်သူမရှိလျှင်သူတို့အရှုံး။ နံပြားဆိုသည်အေးသွားလျှင် စားမကောင်းရသည့်အထဲမှာမှ ယိုကသုတ်ထားပြီးနေပြီ။ ထိုမျှသာမကသေး အနီးအနားမှခေါင်းရွက် ဗျတ်ထိုးဈေးသည်တွေလဖက်ရည်ကော်ဖီဝယ်သည့်အခါ ပန်းကန်ကိုမထိမ်းသိမ်းလိုကြသဖြင့် အလွယ်တကူနို့ဆီခွက်ဖြင့် မှာသောက်လေ့ရှိရာဆိုင်မှဖေါက်ပြီးသားနို့ဆီခွက်ဖြင့် ထည့်ပေးရသည်။

စင်စစ် နို့ဆီခွက်အလွတ်တွေကဘော်တယ်ကုလားတွေဆီပြန်ရောင်း၍ရသည့်ဘေးထွက်ပစ္စည်းတွေဖြစ်ရာ တစ်ချို့ နို့ဆီဗူးလိုက်သုံးစွဲကြသည့်အိမ်တွေဆိုလျှင် တစ်ဗူးမှအလေအလွင့်မရှိအောင်ထိမ်းသိမ်းပြီး တစ်စု တစ်ဝေးကြီးပြန်ရောင်းကြသည်ကိုတွေ့ရဖူး၏။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနေနှင့်ဆို သည့်ထက်ပိုနိုင်မည်ဖြစ်သည်။ ရွှေနှင်းဆီကတော့သည်လိုတွက်ပုံမပေါ်။ ကိုယ့်ရပ်ကွက်ကိုယ့်ဖေါက်သည်တွေမို့ တွက်၍မရခြင်းလည်းဖြစ်နိုင်သည်။ ရပ်ကွက်ကလည်း မည်မျှအားထားသနည်းဆိုလျှင် တော်ရုံရေနွေးကိုအိမ်မှာတည်မသောက် ကလေးတစ်ယောက်ယောက်လွှတ်ပြီး ရွှေနှင်းဆီမှာတောင်းခိုင်းလိုက်၏။ ရွှေနှင်းဆီကလည်း လာတောင်းလျှင်အငွေ့တစ်ထောင်းထောင်းထနေသော ရေနွေးအိုးကြီးထဲမှချက်ခြင်းခပ်ထည့်ပေးပြီး ‘ခလေး အပူလောင်မယ်ကောင်းကောင်းကိုင်သွား’ ဟုပင်သတိပေးလိုက်သေးသည်။ ထိုခေတ်က ဈေးကွက်စီးပွားရေးဟုဆိုရမည်လားမသိ။ (စီမံကိန်းစီးပွားရေးခေတ်တစ်ခုတွင် နို့ဆီစစ်စစ်တွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ပြီး သာမန်စားသုံးသူတွေမသုံးစွဲနိုင်တော့၊ နို့ဆီအစားချက်နို့ဆီ သကြားအစားကြံသကာသုံးကြရဖူးသည်။ လက်ဖက်ရည်ဆိုင်တွေလည်းထိုနည်းနှင်နှင်)။ ယ္ခုရွှေနှင်းဆီမရှိတော့သလိုအနီးအပါးမှာဆိုင်နှင့်ကန္နားနှင့် လက်ဖက်ရည်ဆိုင်ဟူ၍မမြင်ရတော့။ လမ်းဘေးမှာစားပွဲနိမ့်နိမ့်ခုံပုပုလေးတွေနှင့် ခေတ်သစ်လက်ဖက်ရည် ဆိုင်တွေတော့အလျှိုအလျှိုဆိုသလိုမြင်နေရသည်။ ခုံမြင့်စားပွဲကုလားထိုင်ဆိုင်အများစုဘီယာဂါးဒင်းဖြစ်ကုန်ပြီ။ ထူးခြားချက်ဆိုရမည်လား ရွှေနှင်းဆီဆိုင်ဟောင်းကဦးထွန်းအောင်ခြံနှင့်မျက်နှာချင်းဆိုင်မှာ ရှိနေဆဲ။ သို့သော် ယိုယွင်းနေပြီ။ ရေခဲချစ်ဆိုင်အပါအဝင် တစ်တန်းလုံးကန်ထရိုက်တိုက်တွေဖြစ်ပြီး သည်နေရာတစ်ခုတည်းကျန်နေခြင်းမှာ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေထံမှကြားသိရသမျှ ပိုင်ဆိုင်မှုအထောက်အထားပြဿနာဟုဆို၏။ မြေဆီသြဇာခန်း၍ကုန်ထုတ်စွမ်းအားစုအပင်တွေလဲကာအကိုင်းတွေထင်းဖြစ်ရသည့်သနစ်မှာမှ သည်လိုဖုန်းဆိုးဖြစ်ရခြင်းများလည်းရှိခဲ့လေသည်။

ဘော်တယ်ကုလားဆို၍ လမ်းလျှောက်ဈေးသည်နှင့်ဝန်ဆောင်မှုတွေကိုအမှတ်ရမိ၏။ စာကလေးဗေဒင် ဒန်အိုးဒန်ခွက်ပဲလှော်နဲ့လဲတယ် သတင်းစာဝယ်တယ် နို့ဆီခွက်ဝယ်တယ် ပုလင်းဝယ်တယ် ဖေါင်တိန်ရောင်းတယ်ဝယ်တယ်ပြင်တယ် ဒန်အိုးပေါက်ကြီး(ကြေး)အိုးပေါက်ဖါတယ် ဓါးသွေးတယ် ကတ်ကြီး(ကြေး)သွေးတယ်စသည်တို့မှာ ကျွန်တော်တို့အလွတ်ရ နေသောအသံများဖြစ်ကြသည်။ ထိုတွင်ဒါးကတ်ကြေးသွေးသူမှာ စက်ဘီးသဏ္ဍန် ခြေနင်းဂီယာချိန်းကြိုးတို့နှင့်တွဲလျက် ကျောက်စက်သစ်သားခုံကြီးကိုထမ်းကာ နှုတ်ကလည်းအော်ရသေးသည်။ ခေါ်သူရှိလျှင် အိမ်ရှေ့အရိပ်ကောင်းကောင်းတွင်ခုံကိုချ၍ ခွထိုင်ပြီးခြေနင်းဖြင့်ကျောက်ပြားဝိုင်းကိုလည်စေကာ မီးတစ်ဖွားဖွားလွင့်သည်အထိဓားသွေးပညာစွမ်းကိုပြသည်။ စပ်စုသောကျွန်တော်တို့လို ကလေးတွေသူ့အပါးမှာဝိုင်းအုံကြသည်ကိုဂုဏ်ယူပုံရ၏။ လုပ်ငန်းခွင်အန္တရယ်ဆိုသည်ကို ကျွန်တော်တို့မသိ၊ သူလည်းသိပုံမရ၊ သို့သော် ထိမိခိုက်မိဖြစ်ခဲ့ဖူးခြင်းလည်းမရှိချေ။ ဒန်အိုးဒန်ခွက် အရာကြီးကတော့ ကျွန်တော်တို့နှင့်ပို၍ရင်းနှီးသည်။ အိမ်မှာဒန်ထမင်းဂျိုင့်ဒန်ရေခွက်စသည်အသစ်တစ်ခုဝယ်သည်နှင့် အဟောင်းကိုသူ့ထံအရောက် သယ်ဆောင်ပေးကြသောကြောင့်ဖြစ်၏။ ထိုအတွက်သူ့ဆီက ပါတာနီသို့မဟုတ်ကုလားပဲလှော်ကိုပစ္စည်းအလေးချိန်နှင့်အညီပြန်ရသည်။ သူ့ချိန်ခွင်မှန်မမှန်ကျွန်တော်တို့မသိသလို စိတ်လည်းမဝင်စား။ ရသမျှသူငယ်ချင်းတွေနှင့်ဝေမျှစားပြီးပျော်ကြ၏။ တစ်ချို့ပဲလှော်ရလိုဇောဖြင့် အသုံးပြုဆဲ ခွက်တွေအသုံးအဆောင်တွေမမေးမမြန်းဘဲယူလာမိသောကြောင့် အိမ်မှဆူပူမန်မဲခြင်းကိုခံရတတ်၏။ တစ်ခါတစ်ခါ အရာကြီးပါအဆစ်ပါလေသည်။ ထိုအခါမျိုးတွင် သူ့ကိုကုလားကြီးဟု စိတ်လိုက်မာန်ပါခေါ် သူတွေခေါ်ကြ၏။ သို့သော်သူကမနာ။ သူ့ဘဝက ကုလားကြီးနှင့်အရာကြီးကြားမှာဒန်သားများများရဘို့သာ လိုရင်းဖြစ်ပုံရလေသည်။

နေ့လည်နေ့ခင်း မုန့်ပဲသွားရည်စာလှည့်လည်ရောင်းချသည့်ဈေးသည်တွေကလည်း အမျိုးအစားစုံလှ၏။ အထူးသဖြင့် (ဆရာသော်တာဆွေ့စာတွေထဲမှာ ဂျာနယ်ကျော်မမလေးကိုနောက်ပြောင်ခေါ်ခဲ့ဘူးသည့်) ဂျာနေဂျိုတို့၊ ကူလ်ဖီးတို့လို အစားအသောက်မျိုးတွေရောင်းချသည့်အိန္ဒိယနွယ်ဘွားဈေးသည်ကြီးများက ပို၍ စိတ်ဝင်စားဘို့ကောင်းသည်။ ကူလ်ဖီးသည်ကြီးဆိုလျှင် ထောင်ထောင်မောင်းမောင်းနှုတ်ခမ်းမွှေးကားကား ဒိုတီကိုယ်ကျပ်အင်္ကျီနှင့်ခေါင်းခုကိုမေးသိုင်းကြိုးတပ်လျက် ပြောင်လက်နေသောဘဲဥပုံဒန်အိုးကြီးရွက်ကာ အိုးတင်ရန်ခေါက်သစ်သားထောက်ကိုပုခုံးမှာလွယ်ထားသည်။ တစ်အိမ်အိမ်ကခေါ်လျှင်ထောက်ကိုချအပေါ်တွင်အိုးကိုတင်ကာ အထဲမှရှည်မျောမျောကူလ်ဖီကတော့ကိုထုတ်၍ အသားများပန်းကန်ထဲသို့ပုံစံမပျက်ကျအောင်လက်ဖနောင့်ဖြင့်ဆတ်လျက်ခါချပုံမှာကြည့်၍ကောင်းသည်။ ဂျာနေဂျိုသည်ကြီးကျတော့ပန်းရောင်ခေါင်းပေါင်းကိုအစချလျက်ပေါင်းထားပြီး မှန်တပ်ထားသောဂျာနေဂျိုလေးထောင့်ပုံးကို သားရေကြိုးဖြင့်လွယ်ထားသည်။ မုန့်လက်ဆောင်း သာကူ ရွှေရင်အေး ဒိန်ချဉ် မုန့်လက်ကောက် အကြော်စုံစသည့် မြန်မာမုန့်သည်တွေလည်းရှိကြသည်။ ဈေးသည်အားလုံး၏ထူးခြားချက်က သူတို့၏အော်သံတွေ။ သံတိုသံရှည် အဆွဲအငင် အဖြတ် အတောက် အနိမ့်အမြင့်တွေနှင့် တေးဂီတဆန်သည်။ သို့သော် တစ်ခါတစ်ခါ အဓိပ္ပါယ် မပေါက်။ ကောက်ညှင်းနန်းကထိရောင်းသည့် အဒေါ်ကြီးဆိုလျှင်အသံဝဲဝဲမို့သူဘာအော်မှန်း ကျွန်တော်မသိ။ သို့သော် ချိုအေးသောအသံကနားထဲမှာစွဲနေသည်။ ထိုအဒေါ်ကြီးအော်သလို အိမ်မှာပြောင်ချော်ချော်လုပ်၍အော်မိရာ အမေကျွန်တော့်ကိုစိတ်ဆိုးဖူးသည်။ မင်းအမေလဲဈေးသည်ဆိုတာမမေ့နဲ့ ဆိုသောစကားကို ကျွန်တော့်တစ်သက်စွဲမှတ်စရာဖြစ်ခဲ့ရလေသည်။

သို့သော် ကလေးများစိတ်အဝင်စားဆုံးမှာရေခဲချောင်းသည်နှင့်ဇီးသီးမောင်းသည်ဟုအများသိကြသော ဆီးသီးသည်ကြီးဖြစ်မည်ထင်သည်။ ရေခဲချောင်းသည်ကတစ်ဦးတည်းမဟုတ် တံဆိပ်အမျိုးမျိုးလိုက်၍ ရောင်းသူ ကွဲပြားသလို တစ်ချို့ပုံးကိုလွယ်၍ တစ်ချိ့ ပုံးကြီးကြီးကိုဘီးသေးသေးတပ်ထားသောလှည်းကိုတွန်း၍ ရောင်းကြသည်။ သူတို့အားလုံးမှာတူညီသည့်အချက်က ဂလိုင် (ခေါင်းလောင်းငယ်) များခေါက်၍ရောင်းချကြခြင်းဖြစ်၏။ ထို့ကြောင့်သူတို့လာလျှင်အသံကို ခပ်ဝေးဝေးကကြားရသည်။ ရေခဲချောင်းအရောင်အမျိုးမျိုး အနံ့အရသာ (နွားနို့ သံပရာ လိမ္မော် သစ်ခွ) အမျိုးမျိုး အဆာအမျိုးမျိုး (အုန်းသီး ပဲ ကျောက်ကျော) ရှိပြီး သာမန်အားဖြင့်ငါးပြားတန်ဆယ်ပြားတန်နှစ်မျိုးရောင်းလေ့ရှိသည်။ မည်သည့်ဆိုးဆေးတွေကို မည်သို့သောအချိုးအစားသုံးထားသည်မသိ၊ ပြောသံဆိုသံလည်းမကြား။ သို့သော် ကလေးတွေရော မကြီးမငယ်တွေပါစားကြသည်။ တစ်ချို့ရေခဲချောင်းလှည်းတွေက မှန်ဘောင်သွင်း၍ထောင်ထားသောပစ်မှတ်ကို လေစုပ်ခွက်တပ် ကစားစရာသေနပ်ဖြင့်လက်တည့်စမ်းစေခြင်းဖြင့်ဈေးခေါ်တတ်၏။ ရေခဲချောင်းတစ်ချောင်းဝယ်လျှင် တစ်ခါပစ်၊ ပစ်မှတ်အဝိုင်းကို အုပ်အောင်ပစ်နိုင်လျှင် ရေခဲချောင်းသုံးချောင်း မအုပ်လျှင်တစ်ချောင်းရသည်။ ထိုအသည်မျိုးလာလျှင် ကလေးတွေဝိုင်းနေတော့၏။

ဆီးသီးမောင်းသည်ကြီးကအသက်ကြီးပြီမို့ ဘကြီးမောင်းသည်ဟုခေါ်ကြ၏။ မောင်းအသေးစားကလေး တစ်လုံးကိုလှည်းအမိုးတွင်ချိတ်ဆွဲထားပြီး လှည်းကိုတွန်းရင်းမောင်းတစ်နောင်နောင်တီးကာ အသံပေးတတ်သဖြင့်ဆီးသီးမောင်းသည်ဟုသိကြခြင်းဖြစ်သလို သူ့အရွယ်နှင့်သူ့အနေအထိုင်တို့ကြောင့် လေးစားခင်မင်ခံရ သူလည်းဖြစ်လေသည်။ စက်ဘီးသုံးဘီးတပ်လှည်းပေါ်တွင် စလေဆီးသီးအပါအဝင် ဇီးချိုသီးမျိုးစုံတို့ကို မှန်ပုံးများဖြင့်ထည့်ကာရောင်းချသည်။ ဝယ်သည့်အခါ စက္ကူကတော့ငယ်တွင်ထည့်၍ ငရုပ်သီးမှုန့်နွယ်ချိုမှုန့်များဖြူးပေးသည်။ ၎င်းအပြင် ကြွေရည်သုတ်ဇလုံကြီးများတွင် ဆီးသီးကိုထန်းလျက်ဖြင့် ထိုးထားသော ဆီးယို၊ သကြားရည် ငရုပ်သီးမှုန့် နွယ်ချိုမှုန့်နှင့် ဆီးသီးတို့ကို အချိုးကျရောစပ် ထားသောဆီးမဆလာစသည်တို့ကိုလည်းရောင်းသေးသည်။ မရန်းသီး သရက်သီး ပေါ်ချိန်ဆိုလျှင် သကြားရည်တွင်စိမ်ထားသည့်အချို၊ နွယ်ချိုနှင့်မဆလာရောထားသောအစပ်စသည်ဖြင့် အစုံရောင်းလေ့ရှိရာ ထိုအချိန်မျိုးဆိုလျှင်လမ်းထဲမှမိန်းကလေး ပျိုပျိုအိုအိုတွေဘကြီးမောင်းသည်၏လှည်းနံဘေးမှာ ဝိုင်းဝိုင်းလည်နေတတ်၏။ ကျွန်တော်တို့ကလေးတွေကတော့ လမ်းထိပ်မှဘကြီး၏မောင်းသံကြားသည်နှင့်အပြေးသွားကြကာလှည်းကိုကူတွန်းသူတွန်း မောင်းကိုမမီမကန်းအလုအယက်တီးသူတီးကြသည်။ ဘကြီးက‘ဟိတ်ကောင်တွေမောင်းပြုတ်ထွက်ဦးမယ်ကွ’ ဟု ရယ်ကာ မောကာ ပြောရင်းခြေတစ်လှမ်းစာလောက် ခွာ၍နောက်ကလိုက်လျှက် ဝယ်သူလာမှကျွန်တော်တို့ကို ဘေးဖယ်စေပြီး ဈေးရောင်း၏။ တစ်ခါတစ်ခါ ရပ်ကွက်ထဲမှာပွဲလမ်းရှိ၍ ညဘက်ဈေးထွက်သည့်အခါ ဇီးသီးပုံးထဲတွင်ဖယောင်းတိုင်များ ထွန်းထားသောဘကြီး၏လှည်းကို ဆီမီးပဒေသာလှည့်သည့်အလား မြင်ရသည်မှာ ကြည်းနူးဖွယ်ရာဖြစ်ပေသည်။

လမ်းထဲသို့လာကြသော ဈေးသည်များထဲမှာကျွန်တော်ထူးထူးခြားခြားမှတ်မိနေသော ဈေးသည်နောက်တစ်ဦးရှိသေး၏။ ဘားမားစတားစသော စာစောင်များရောင်းချသူဦးကြီးဖြစ်၏။ မှတ်မိနေခြင်းမှာအကြောင်းနှစ်ခု ကြောင့်ဖြစ်လေသည်။ တစ်ခုမှာထိုဦးကြီး၏ဥပဓိရုပ်ကြောင့်ဖြစ်သည်။ အသားလပ်လပ် အရပ်ကကူလ်ဖီသည်ကြီးလိုမြင့်မြင့် သို့သော်သူကပို၍ကျစ်လျစ်သည်။ ပုခုံးကျယ်ကျယ်မေးရိုးကားကား ကိုယ်နေတောင့်တင်းသောဟန်ပန်တွင်ဖျင်ကြမ်းအင်္ကျီ၊ တိုက်ပုံနှင့်ပုဆိုးကိုတိုတိုဝတ်လေ့ရှိသည်။ လွယ်ထားသော ဖျင်လွယ်အိပ်ကြီးထဲမှာ စာစောင်တွေပြည့်ဖေါင်းနေရုံမက လက်ထဲမှာလဲတစ်ပွေ့တစ်ပိုက်။ စာစောင်လေး ငါးခြောက်မျိုးတို့၏အမည်များကို သူ့အသံဝါကြီးဖြင့်တစ်လမ်းဝင်တစ်လမ်းထွက် အော်ရင်းရောင်းသည်။ သူ့ခြေလှမ်းကျဲကြီးများကြောင့် အိမ်ထဲမှအသံကြားကြားချင်း ထွက်လာသည့်တိုင်သူကအတော်ဝေးဝေးရောက်နေတတ်သဖြင့်ဝယ်မည့်သူကပြေးလိုက်လျှင်လိုက် သူကပြန်လှည့်လျှင်လှည့်အဆင်ပြေသလိုဝယ်ရသည်။ အကြောင်းသိသူများက လိုချင်သောစာစောင်ဝယ်မည့်နေ့ကိုသူလာတတ်သည့်ညနေစောင်းအချိန် အိမ်ပြင်ထွက်စောင့်ကြသည်။ ဒေါ်ကြီးတို့အိမ်ကဘားမားစတားဝယ်နေကျမို့ (သောကြာနေ့ထင်သည်) ကျွန်တော်ဒိုင်ခံစောင့်ပေးရသည်။ ထိုအတွက်ဆုလဘ်က စာစောင်ထဲမှဦးလူပေါကာတွန်းကိုအရင်ဆုံးဖတ်ခွင့်ရခြင်းပင်ဖြစ်လေ၏။ ကျွန်တော့်အစ်မဝမ်းကွဲဖတ်သောတိုင်းရင်းမေဂျာနယ်ကိုမူလပေးယူထားသဖြင့်စောင့်ဝယ်စရာမလိုတော့။ ထိုဦးကြီးအားမှတ်မိနေရခြင်းအကြောင်းရင်းနောက်တစ်ခုမှာ ကျွန်တော့်အတွက်ပို၍ထူးခြားသည်။ ကျွန်တော့် ပထမဆုံးပုံနှိပ်စာလုံးဖြင့်မြင်ရသည့် ကဗျာတိုကလေးပါလာသော ဆယ်ပြားတန်အချစ်တော်စာစောင်ကို သူ့ထံမှဝယ်ယူခဲ့ခြင်းကြောင့်ဖြစ်၏။ ထိုအချိန်မှာ ကျွန်တော်ကိုးတန်းရောက်နေပြီ။ စမ်းချောင်းမှာပင်နေသေးသော်လည်း သရက်တောလမ်းမဟုတ်တော့။ ခေတ်ကလည်းတော်လှန်ရေး အစိုးရခေတ်ထဲကို အတော်ပင်ချဉ်းနင်းရောက်ရှိနေပြီ။ ထိုစာစောင်သည်ကြီးပင်အရွယ်အတန်ကျနေပြီ။

စင်စစ် ထိုကာလတွေမှာ မုန်တိုင်းမကျမီသာယာခြင်းမျိုးဖြစ်ကောင်းဖြစ်မည်။ သို့သော် အရိုးနီးလေ အသားချိုလေ ဆိုစကားကလည်းရှိလေရာ ကျွန်တော်တို့လိုလူဘဝမှလွဲ၍ဘာမှမပိုင်ဆိုင်ပါပဲလူလာဖြစ်ခဲ့ရသူတွေ လူတန်းစေ့စေ့နေထိုင်ရှင်သန်ခွင့်ရရှိခဲ့ရာ၌ နောက်ဆုံးလက်ကျန်အသားကလေးတွေက ပို၍ပင်ချိုခဲ့လေ သလားမသိ။ နှစ်ပေါင်းငါးဆယ်ကျော်ကြာစွဲမြဲကျန်ရစ်သောအမှတ်တရများစွာထဲမှာထိုကာလသည် ပြစ်မျိုးမှည့်မထင်အောင်ပင်လှပဆဲ။ အထူးသဖြင့်အသိဉာဏ် စာရိတ္တဖွံ့ဖြိုးစအရွယ်မှာ ထူးထူးခြားခြားပြုစုပျိုးထောင်နိုင်ခြင်းမရှိပါဘဲ အိမ်လမ်းရွာကျောင်းဝန်းကျင်ကောင်းများအကြား ပျော်ပါးစွာဖြတ်သန်းရင်း ကောင်းဆိုးပြစ်မြင် ဆင်ခြင်နိုင်စွမ်းရှိလာခဲ့ရခြင်းအတွက် အနည်းဆုံးကျွန်တော့်ကိုယ်ကျွန်တော်တော့ဂုဏ်ယူစရာဖြစ်လေသည်။ ယင်းတွင် တစ်ခုသောလွပ်လပ်ရေးနေ့ အခန်းအနားသည်လည်း အပါအဝင်ဖြစ်မည်။ ပြည်လမ်းမပေါ်မှာကျင်းပသည့် ထိုခေတ်အခေါ်ဗိုလ်ရှုသဘင်သို့အိမ်ကလူကြီးများနှင့်အတူ ကျွန်တော်ရောက်ခဲ့ဘူး၏။ နောင်တွင်အသစ်တည်ဆောက်ခဲ့သည့်  ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတစ်ပါတီအစိုးရ၏ လွှတ်တော်အဆောက်အအုံနှင့်အမြင်မတော်(ဆင်တော်နှင့်ခလောက်ဖြစ်နေပုံရ)သောကြောင့် ဖျက်ဆီးဖယ်ရှားခြင်းခံခဲ့ရသောဗိုလ်ရှုခံစင်မြင့်သည် ဝင်ဆာလမ်း(ယ္ခုရှင်စောပုလမ်း)နှင့် အလုံလမ်းအကြားပြည်လမ်းမပေါ်တွင် ရွှေတိဂုံစေတီတော်ကို   ဖူးမျှော်လျှက်အနေအထားဖြင့်ရှိခဲ့ဖူးသည်။ နှစ်စဉ်လွပ်လပ်ရေးနေ့၌ နိူင်ငံတော်သမ္မတသည် ထိုစင်မြင့်ပေါ်မှနေ၍ တပ်မတော်သားများ၊ ဝန်ထမ်းများ။ ပုဂ္ဂလိကကုမ္ပဏီများနှင့်လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးတို့၏ချီတက်အလေးပြုခြင်းကိုခံယူမြဲဖြစ်သည်။

ရေဒီယိုမှ မြသက်မူ၏“ဗိုလ်ရှုသဘင်”တေးသီချင်းကိုနားဆင်ရင်း ပဒုမ္မာကွင်းကို ဖြတ်ကာ လူထုကြီးနှင့်အတူ ခုနှစ်နှစ်သားကျွန်တော် ဗိုလ်ရှုခံစင်မြင့်နှင့်နီးနိုင်သမျှနီးအောင်တိုး၍ကြည့်ဘူးသည်။ ပါတီ ကောင်စီ မီးသတ် လက်ပတ်နီ မည်သူ၏ဗိုလ်ကျစိုးမိုးမှုကိုမျှမကြုံရ။ ရဲတွေ ယဉ်ထိမ်းရဲတွေက လူထုကြီးကိုစည်းကမ်းနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်သည်။ ရဲတွေအပြင်တပ်ထိန်းဟုခေါ်သော အရပ်မြင့်မြင့် ဂိုက်ကောင်းကောင်း ဦးထုပ်လှလှကြီးတွေနှင့် စစ်သားများကိုပါကြိုကြားကြိုကြားတွေ့ရသည်။ သို့သော် သူတို့မှာလည်းမာရေကျောရေ အမူအယာမရှိကြ။ ထိုနေ့ကသမ္မတကြီးမန်းဝင်းမောင်အားချီတက်အလေးပြုကြပုံများကို အသေးစိတ်မမှတ်မိတော့သော်လည်း အပြန်မှာကလေးကြီးတွေလူကြီးတွေထံ တပ်ထိန်းအကြောင်းမေးခဲ့သည်ကိုတော့မှတ်မိနေသည်။ ဟိုတစ်စသည်တစ်စ စုစည်းလိုက်တော့ တပ်ထိန်းဆိုသည်မှာ တပ်မတော်သားများကိုဥပဒေနှင့်အညီထိန်းသိမ်းရသော စစ်ရဲ(Military Police)များဖြစ်ကြောင်း၊ လူထုထဲသွားလာဆက်ဆံရာတွင် လူထုအကြည်ညိုပျက်စေမည့် အမူအယာအကျင့်စရိုက်နှင့် (တပ်/အရပ်) ဥပဒေချိုးဖေါက်မှုမရှိစေရေးအတွက် လှည့်လည်စောင့်ရှောက်နေကြသူများ ဖြစ်ကြောင်းသိရသည်။

ထုံးဆံအတိုင်း သူရဲကောင်းပုံပြင်တွေကတော့ကပ်ပါလာစမြဲ။ တစ်ခုသောသင်္ကြန်တွင် ရှမ်းလမ်း ရေပက်ခံမဏ္ဍပ်တစ်ခု၌ မူးယစ်ရမ်းကားနေသော ဗိုလ်ကြီးအဆင့်တစ်ဦးနှင့်အပေါင်းအပါများအား နယ်မြေအတွင်း ကားဖြင့်လှည့်လည်နေသည့် တပ်ထိန်းအဖွဲ့မှဝင်ရောက်တားမြစ်သည်ကိုမနာခံသည့်အပြင် ရန်သတ္တရူပြုလာ ကြသဖြင့် အားလုံးကို(သူတို့ပြောစကားအတိုင်းဖေါက်သည်ချရလျှင်)နားရင်းအုပ် ဂုတ်ကဆွဲပြီးကားပေါ် ကြက်ကလေးငှက်ကလေးများလိုပစ်တင်ကာ မောင်းထွက်သွားကြသောဟူ၏။ လူထုကိုနိုင့်ထက်စီးနင်းပြုလျှင် စည်းကမ်းဖေါက်ဖျက်လျှင် အရာရှိတစ်ဦးကိုပင်ပရိဿတ်အလယ်မှာ ဆုံးမရဲသော (ဆုံးမခွင့်ရှိသော) တပ်ထိန်း သို့မဟုတ်စစ်ရဲများပေတကား။ ဟုတ်သည်မဟုတ်သည်အပထား (သူတို့ကတော့နာမည်နှင့်တစ်ကွ ပြောရာ အားလုံးစမ်းချောင်းသားတွေဖြစ်နေသည်) ထိုအချိန်မှစ၍ယူနီဖေါင်းခေါက်ရိုးကျ ကင်းဘတ်စလွယ်ဖြူ သံခမောက်အနားစင်းနှင့်မျက်နှာထားတည်ကြည်သောတပ်ထိန်းအဖြစ် ကျွန်တော့်ကိုယ် ကျွန်တော်မြင်မြင် ကြည့်မိသည်မှာ အတန်ကြီးပြင်းသည်အထိ။ သို့သော် ကျွန်တော်တပ်ထိန်းဖြစ်မလာရုံမက (ကျွန်တော့အရပ်အမောင်းနှင့် ဗလကလည်း ခွင့်ပြုမည်မဟုတ်၊ ထားတော့) ဆယ်တန်းအထိစိတ်ထဲမှာအာလယမပြတ်ခဲ့သောတပ်မတော်သို့ပင်မဝင်ဖြစ်ခဲ့။ မယ်သဲလည်းမိဖုရားခေါင်မဖြစ် ငါလည်းမင်းဆရာမဖြစ်ဆိုသလို ကျွန်တော်လည်း တပ်ထိန်းမဖြစ်တပ်ထိန်းတွေလည်းတပ်ထိန်းဖြစ်ခဲ့ကြပုံမပေါ်။ တပ်ထိန်းကိုတပ်ကထိန်းပြီး တပ်ကိုမည်သူမျှမထိန်းကြသောကာလတစ်ခုကိုသာဖြတ်သန်းခဲ့ရပြီး ထိုကာလအတွင်းမက်ခဲ့ဘူးသမျှအိမ်မက်တွေပျောက်ပျက်သွားခဲ့သည်နှင့်ကြုံခဲ့ရလေသည်။

ထိုနေ့ကလူအုပ်ကြီးနှင့်အတူငေးမောကြည့်ခဲ့ရသော“ဗိုလ်ရှုသဘင်အခမ်းအနား”သည် လွပ်လပ်သောမြန်မာ နိုင်ငံတွင် လွပ်လပ်သောပြည်သူတို့လွပ်လပ်သောသမ္မတတစ်ဦးအား လွပ်လပ်စွာဂုဏ်ပြုကြသည့်နောက်ဆုံးအခမ်းအနားအဖြစ်(ယနေ့အထိ)သမိုင်းဝင်ခဲ့၏။ ပရိဿတ်ထဲမှာ ခုနှစ်နှစ်အရွယ်စမ်းချောင်းသားကျွန်တော် ရှိနေခဲ့သည်။