Friday, December 17, 2021

ကျွန်တော်နှင့်မြစ်ဆုံ

တလောကကျောင်းနေဖက်သူငယ်ချင်းတစ်ဦး၏နေအိမ်မှာကိစ္စတစ်ခုဖြင့်သူငယ်ချင်းလေးငါးဆယ်ယောက်တွေ့ဆုံ ဖြစ်ကြ၏။ ထိုအထဲမှတစ်ဦးကကျွန်တော့်ကိုနုတ်ဆက်ရင်း ဒေါသလျှော့ဖို့ပြောသည်နှင့်ကြုံလေသည်။ ရုတ်တရက်သူဘာကိုဆိုလိုမှန်းမသိသော်လည်းတခဏအတွင်းသဘောပေါက်မိပါ၏။ ကျွန်တော်ရေးသမျှဒိုင်ခံဖတ်ကာအဖိုးတန်ကွန်မင့်များဖြင့်အားပေးလေ့ရှိသူမို့သူပြောသောဒေါသဆိုသည်မှာစာပေဒေါသဖြစ်မည်။ သူကသည်အတိုင်းရှင်းပြသလိုကိုယ့်ကိုကိုယ်လည်းသိနေသည်။ နာကျင်မှုတိုင်းကိုဥပက္ခာပြုချင်ပြု မပြုလျှင်ဟာသလုပ်ပစ်နိုင်လောက်အောင်ပါရမီဓာတ်ခံမရင့်သန်သူမို့ သည်ဘက်ပိုင်းကျွန်တော်ရေးသမျှအနည်းနှင့်အများဆိုသလိုဒေါသ စွက်နေမည်မှာသေချာ၏။ ထို့ကြောင့်သူပြောသည့်စကားအားဖြောင့်ကွယ်ကွယ်လျက်သာလက်စသတ်ခဲ့ရလေသည်။

ထိုအကြောင်းပြန်ပြောသည်မှာအကြောင်းရှိပါ၏။ ယခုခေါင်းစဉ်ကိုမြင်သည်နှင့်အနှီမိတ်ဆွေအပါအဝင်ဖတ်ရှုသူအချို့တို့၏ စိတ်အလျဉ်မှာဒီလူတော့လုပ်ပြန်ပြီဟုအထင် ရောက်နိုင်ကြောင်းတွေးမိသောကြောင့်ဖြစ်လေသည်။ ခေတ်အဆက်ဆက်မြစ်ဆုံဆိုသောအမည်နာမသည်သာယာခြင်းအေးမြကြည်လင်ခြင်းငြိမ်းပျော်ရွှင်ခြင်းများနှင့်တစ်ထပ်တည်းကျလွမ်းတဖွယ်ဖြစ်ခဲ့ရာ ပြီးခဲ့သောကာလတစ်ခုမှစတင်ကာ နာကျင်နာကျည်းယူကြုံးမရစရာတွေတစစဖုံးလွှမ်းလာသည်မို့ယခုသို့ထိုအမည်စာတမ်းထိုးလိုက်သည့်အခါ ရုတ်တရက်ကျွန်တော်များရာဇဝတ်အိုးတုတ်နှင့်ထိုးတော့မှာလားဟု ထင်စရာအကြောင်းလည်းရှိနေသည်။

သို့သော်ထိုမြစ်ဆုံသည်ကျွန်တော်နှင့်မနီးစပ်မကျွမ်းဝင် အဝေးမှလွမ်းမောချစ်ခင်မိသည့်တိုင် ရောက်ပင်မရောက်ဖူးချေ။ ထိုမြစ်ဆုံကိုအကြောင်းပြုလျက် ရွှေဘုန်းတော်တိုးပါလို့ငွေမိုးတွေရွာလောက်အောင်အကျိုးစီးပွားမယှက်နွယ်သလိုစောစောကပြောသကဲ့သို့ရာဇဝတ်အိုးတုတ်နှင့်ထိုးရလောက်အောင်လည်းဉာဏ်မမီပါ။ ပြောလိုသည်မှာထိုမြစ်ဆုံသည်တခုတ်တရစာဖွဲ့ချင်လျှင်ပင်လက်လှမ်းမမီကျွန်တော်နှင့်မအပ်စပ်ဟူ၍ဖြစ်ပါသည်။ ယခုဖေါ်ပြအံ့သောမြစ်ဆုံသည်ကားကျွန်တော်ကျွမ်းဝင်ခဲ့ဖူးသောခွဲခွာခဲ့ရသည်မှာကြာသည့်ပြင်လောကကြီးမှာရှိပင်ရှိသေးရဲ့လားမသေချာသောမြစ်ဆုံဖြစ်ပါသည်။ ကျွန်တော့်ဒီဇင်္ဘာအလွမ်းစာမျက်နှာထဲမှာအထင်ကရကျန်ရစ်ကာ နာကျင်မှုကင်းကင်း ဆွတ်ပျံ့ခြင်းအတိဖြင့်ပြီးသောမြစ်ဆုံလည်းဖြစ်ပါ၏။ အသို့နည်း။

​ကျွန်တော်တွယ်တာသောဝန်ထမ်းဘဝနိဋ္ဌိတံခဲ့ရာဌာနသည်ကိုလိုနီခေတ်တုန်းကမြန်မာတွင်မကကမ္ဘာတွင်လှပစွာဧရာဝတီဖလိုတီလာဟူသောအမည်နာမဖြင့်ကျော်ကြားခဲ့ဖူးသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနဖြစ်လေသည်။ လွတ်လပ်ရေးခေတ်တွင်စောစီးစွာပြည်သူပိုင်အသိမ်းခံရပြီးနောက်ဖွဲ့စည်းပုံအမျိုးမျိုးအမည်နာမအပြားပြားပြောင်းလဲလျက်လှုပ်ရှားလည်ပတ်ခဲ့သည့်တိုင် ဧရာဝတီဟူသောအမည်ရင်းဖြင့်ယနေ့တိုင်အသိအမှတ်ပြုခံရဆဲဖြစ်သလိုပြောင်းလဲလာသောပို့ဆောင်ရေးနည်းနာနှင့်မူဝါဒလောကဓံတွေအကြား အများ နည်းတူရုန်းကန်ရင်းရှင်သန်နေဆဲအဖွဲ့အစည်းတစ်ရပ်လည်းဖြစ်ပါ၏။ တိုက်တိုက်ဆိုင်ဆိုင်ဝန်ထမ်းဘဝနေဝင်ခဲ့ရာထိုဌာနသည်ကျွန်တော့်ဘဝသစ်တစ်ခုအစပြုခဲ့ရာဌာနလည်းဖြစ်နေ၏။ ထိုမှာကျွန်တော်အိမ်ထောင်ကျခဲ့သည်ကိုး။ ယခုပြောမည့်ဇာတ်လမ်းကယင်းနှင့်နှီးနွယ်နေသည်။

ဘွဲ့ရပြီးပြီးချင်းမီးရထားမှာတစ်နှစ်ခွဲ၊ ရေနံမှာတစ်နှစ်၊ ထို့နောက်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ခန့်အပ်မှုဖြင့်ဧရာဝတီသို့ကျွန်တော်ရောက်သည်။ သည်မှာလည်းလုပ်ခဲ့ဖူးသမျှကိုလိုနီခေတ်အထင်ကရစီးပွားရေးအဖွဲ့အစည်းတွေမှာချည့်ဖြစ်ခြင်းကတိုက်ဆိုင်နေပြန်သည်။ ဧရာဝတီပိုင်သင်္ဘောကျင်းငါးကျင်းရှိသည့်အနက်ရန်ကုန်တစ်ဘက်ကမ်းဒလသင်္ဘောကျင်းမှာတာဝန်ချထားခံရသည်။ အစပိုင်းတွင်ကျွန်တော်နေထိုင်ရာစမ်းချောင်းမှနေ့စဉ်အလုပ်ဆင်းအလုပ်တက်ပြုသော်လည်း သုံးလေးလအကြာမှာ သင်္ဘောကျင်းဝင်းအတွင်းရန်ကုန်မြစ် ကမ်းနဘေးဝယ် အစီအရီဆောက်လုပ်ထားသည့် ကိုလိုနီလက်ကျန်အရာရှိအိမ်များအနက် အိမ်တစ်ဆောင်အားလပ်သောကြောင့်ထိုအိမ်သို့ပြောင်းရွှေ့နေထိုင်သည်။ သည်မှာမြစ်ဆုံနှင့်ရင်းနှီးရ၏။ မြစ်ဆုံဟူသည်အရာရှိအိမ်ယာနေမိသားစုများရန်ကုန်သို့ကူးသန်းသွားလာသည့်အခါအပို့အကြိုလုပ်ပေးရသော မော်တော်ဘုတ်တစ်စင်း၏အမည်ပင်ဖြစ်သတည်း။

သင်္ဘောကျင်းမြစ်ဘက်မျက်နှာစာမှာဆိပ်ခံနှစ်ခုရှိသည့်အနက်တစ်ခုကို ရန်ကုန်ဘက်အလုပ်သမားအကြိုအပို့အပါအဝင်ကိစ္စရပ်များအတွက်အသုံးပြုပြီးသင်္ဘောလတ်တစ်စင်းစီစဉ်ပေးထား၏။ ကျန်ဆိပ်ခံတစ်ခုမှာသင်္ဘောကျင်းမန်နေဂျာ (ယခင်အသုံးအနှုန်း) နှင့်တကွအရာရှိများအရာရှိအိမ်ယာမိသားစုများအတွက်ဖြစ်လေသည်။ သင်္ဘောငယ်နှစ်စင်းရှိသည်။ ယူ(၇) နှင့်မြစ်ဆုံ။ အရွယ်အစားအရယူ(၇)ကစက်တစ်လုံးတပ်မို့ပို၍ငယ်သည်။ ပေါ့ပေါ့ပါးပါးသွားလာဝင်ထွက်နိုင်ပြီးဆိုဖာကူရှင်တပ်ထိုင်ခုံနှင့်မို့မန်နေဂျာစသည် လူကြီးစီးအဖြစ်သတ်မှတ်ကြသည့်တိုင်ကျန်အရာရှိများနှင့်အိမ်ယာနေမိသားစုများပါအသုံးပြုကြသည်။ မြစ်ဆုံမှာအလျားပေအစိတ်အနံခုနှစ်ပေခန့်ရှိပြီးစက်နှစ်လုံးတပ်ဖြစ်သဖြင့်ယူ(၇)ထက်ပိုကြီးကာခရီးသည်နှင့်ဝန်ပိုဆန့်သည်။  နှစ်စင်းစလုံးနေ့ပိုင်းတွင် ရန်ကုန်ဘက်မှမန်နေဂျာနှင့်စာရင်းကိုင်အရာရှိကြိုပို့ခြင်းအပြင် အခြားရုံးလုပ်ငန်းအကူးအသန်းတို့ကိုပူးတွဲဆောင်ရွက်၏။ ညဘက်တွင်မူအလှည့်ကျတာဝန်ယူကြလေသည်။ 

ယူ(၇)ကိုလူကြီးစီးအဖြစ်နားလည်ထားကြလေရာသူကအရွယ်အစားငယ်သော်ငြားအဟန့်ပိုကြီး၏။ ထို့ကြောင့်လူမကြီးတကြီး ကျွန်တော်ကဲ့သို့အရာရှိပေါက်စများမြစ်ဆုံကိုအစီးပိုများကြသည်။ တစ်ခုကောင်းသည်မှာမြစ်ဆုံကစက်နှစ်လုံးတပ်မို့အရံအင်အားပိုပြီးညရေးညတာပိုစိတ်ချရသည်။ ကျွန်တော်တစ်ဦးတည်းညဘက် လိုက်ပါသည့်အခေါက်ရေလယ်မှာကြုံခဲ့ဖူးသော တွဲရေယာဉ်တစ်စင်းနှင့်တိုက်လုနီးပါးဖြစ်ရပ်တုန်းကဆိုလျှင်စက်အားကောင်းသည့်မြစ်ဆုံမို့သာသေကံမရောက်သက်မပျောက်ခဲ့ခြင်းဖြစ်၏။ သို့ဆိုသော်ငြားယူ(၇)မြစ်ဆုံအပါအဝင် သင်္ဘောကျင်းနှင့်ရန်ကုန်လူးလာခေါက်ပြန်ပို့ဆောင်ရသောရေယာဉ်ဟူသမျှ ရာဇဝင်ချီကာအန္တရာယ်ကင်းကြသည်ချည့်ဖြစ်ပါ၏။ ကျွန်တော်ပင်လျှင်မိသာစုနှင့်အတူ ထိုမှာကိုးနှစ်ကြာနေထိုင်ကာနေ့နေ့ညညကူးသန်းခဲ့သည့်ပဲ။

ယင်းမှာယူ(၇)ထက်စာလျှင်မြစ်ဆုံနှင့်ကျွန်တော်ပိုရင်းနှီးရခြင်းအကြောင်းတစ်ရပ်ဖြစ်လေသည်။ နောက်တစ်ကြောင်းကပုဂ္ဂလိကနည်းနည်းဆန်သည်။ မြစ်ဆုံကိုမောင်းနှင်သူနှစ်ဦးစလုံး (အရပ်အခေါ်ဆလင်) မှာလူလတ်ပိုင်းတွေမို့ သူတို့နှင့်ဆက်ဆံရတာပိုလွတ်လပ်သည်။ ယူ(၇)ဆလင်တွေကလုပ်သက်ရင့်လူကြီးပိုင်းတွေမို့ထိုအချိန် အသက်သုံးဆယ်ပင်မရှိသောကျွန်တော်နှင့်ဆက်ဆံရာမှာဂုဏဝုဒ္ဓိဝယဝုဒ္ဓိတွေများများကြားခံလျက်မနေတတ်မထိင်တတ်ဖြစ်ရ၏။ သို့လျှင်ကြိုပို့ဖယ်ရီသင်္ဘောနှစ်စင်းအနက်တစ်စင်းဖြစ်သောမြစ်ဆုံသည် ကျွန်တော့်ဘဝအတွင်းပိုမို၍အထင်ကရဖြစ်လာခဲ့လေသည်။။

#                  #

မြစ်ဆုံရေယာဉ်မောင်းနှင်ကြသူနှစ်ဦးမှာကိုလှအုန်းနှင့်ကိုသိန်းလွင်တို့ဖြစ်ကြသည်။ ကိုလှအုန်းကအသက်ပိုကြီးပြီးရာထူးမဟုတ်လျင်ပင်လုပ်သက်ပိုရင့်ပုံရသည်။ ကိုလှအုန်းမျက်နှာတည်သလောက်ကိုသိန်းလွင်ကမျက်နှာ ချိုသည်။ တာဝန်ကိုလေးစားကျေပွန်သည့်အပြင်စိတ်ထားကောင်းမွန်ကြပုံမှာတော့နှစ်ဦးစလုံးအတူတူဟုကျွန်တော်ထင်သည်။ ကျွန်တော်ဆက်ဆံဖူးသမျှပြောရခြင်းဖြစ်သလိုကိုလှအုန်းနှင့်စပ်လျဉ်း၍ ကျွန်တော်သတိပြုမိတာတစ်ခုလည်းရှိသေးသည်။

ထိုအချိန်ကျွန်တော်သည်နတ်မောက်လမ်းစက်မှုလက်မှုအထက်တန်းကျောင်းတွင်ဖွင့်လှစ်ထားသောအီးတီအီးစီ ခေါ် ညနေပိုင်းအင်ဂျင်နီယာသင်တန်းများ၌အချိန်ပိုင်းစာပြနေသည်မို့တပတ်လျှင်သုံးရက်ပုံမှန်ညနေပိုင်းရန်ကုန်သို့ကူးရ၏။ ည၈နာရီအပြန်တွင် ရန်ကုန်ဘက်မှာတာဝန်ကျရေယာဉ်တစင်းစင်းက လာကြိုပေးသည်။ များသောအားဖြင့်ကျွန်တော်တစ်ဦးတည်းဖြစ်သော်လည်း သင်္ဘောကျင်းဝင်းအတွင်းနေထိုင်သူများကျင်းတင်ရေယာဉ်ဝန်ထမ်းများတခါတရံအကြုံလိုက်ပါလေ့ရှိကြသည်။ မျက်နှာသိရင်းနှီးသူတွေရှိသလိုမျက်နှာစိမ်းတွေလည်းပါတတ်၏။ မြစ်ဆုံအလှည့်ကျသည့်တစ်ညမှာကျွန်တော်မမြင်ဖူးသူတစုလိုက်ပါလာကြသည်။ သူတို့ထဲမှတစ်ဦးက ဆရာခင်ပါတယ်ဟေ့ဟုအော်ဟစ်ကာပြောပြောဆိုဆို ဦးပိုင်းခရီးသည်ခုံတွေမှာသွားထိုင်နေကြသည်။ ကျွန်တော်ကထုံးစံအတိုင်းကိုလှအုန်းနှင့်အတူတက္မခန်းတွင်းမှာ။

မြစ်လယ်ခေါင်သို့အရောက်တက်မခန်းထောင့်မှန်လည်ပြတင်းမှမျက်နှာတစ်ခုပေါ်လာပြီးဆရာခင်,ပါတယ်နော်ဟုပြောပြန်သည်။ ကိုလှအုန်းကမည်သို့မျှမတုန့်ပြန်။ မည်သူ့ကိုပြောမှန်းမသိသောကျွန်တော်ကလည်းငေးကြည့်ရုံသာတတ်နိုင်သည်။ ပဟေဠိသဖွယ်ဖြစ်နေသောထိုအနေအထားတွင်နစ်မြောလျက်ပြောနေကျအလ္လပသလ္လပစကားမျှပင်မဆိုဖြစ်တော့ပဲသင်္ဘောကျင်းဆိပ်ကမ်းသို့ရောက်လေ၏။ သင်္ဘောပေါ်မှကျွန်တော်ဆင်းသည့်အခါလူကြုံလိုက်လာသည့်အဖွဲ့ဆိပ်ခံပေါ်ရောက်နှင့်ကြပြီ။ သို့သော်ဆက်မသွားကြဘဲမြစ်ဘက်သို့လှည့်ကာတစုံတရာရှာဖွေနေကြဟန်ရှိ၏။ ကျွန်တော့်ကိုလည်းကွက်ကြည့်ကွက်ကြည့်လုပ်နေကြသဖြင့်သူတို့အားရှောင်ကွင်းလျက်ကျွန်တော်တံတားပေါ်သို့တက်ခဲ့၏။ ဇဝေဇဝါဖြင့်ဂိတ်အဝင်မှာသမင်လည်ပြန်ကြည့်မိသည်၌သင်္ဘောပေါ်မှကိုလှအုန်းဆင်းလာပြီးထိုလူအုပ်ကိုပင်ဖြတ်လျက်တံတားပေါ်တက်လာနေသည်ကိုမြင်ရသည်။ 

ကျွန်တော်လည်းအိမ်ဘက်သို့ဆက်လျှောက်လာခဲ့တော့၏။ ကိုက်ငါးဆယ်ခန့်ကွာသောအိမ်ခြံထောင့်အရောက်တွင်ထိုလူအုပ်ရှိရာဘက်မှတစုံတယောက်သောသူ၏အော်ဟစ်ပြောဆိုသံကတိတ်ဆိတ်စညဦးယံကိုထွင်းဖေါက်လျက်ပျံ့လွင့်လာလေသည်။

"ဘယ်အင်ဂျင်နီယာ့ယောက်ဖလဲမသိပါဘူးကွာ"

ကျွန်တော်လှည့်ကြည့်လိုက်သည့်အခါဆိပ်ခံပေါ်မှာသမ္ဗာန်တစ်စင်းခေါ်ပြီးစုပြုံတက်နေကြသောသူတို့ကိုမြင်ရ၏။ ကျွန်တော့်နောက်ခပ်လှမ်းလှမ်းမှငိုက်စိုက်ငိုက်စိုက်လှမ်းလာနေသောကိုလှအုန်းကမူလှည့်၍ပင်မကြည့်။ အခြေအနေကိုရိပ်စားမိပြီဖြစ်သောကျွန်တော် တကိုယ်တည်းပြုံးမိလေသည်။ ကြည့်ရတာဆရာခင်ဆိုသူသည်ဧရာဝတီပိုင်သင်္ဘောတစ်စင်းမှလူသိများဝန်ထမ်းတစ်ဦးဖြစ်ပုံရသည်။ ရေလယ်ဗော်ယာတစ်ခုတွင်ရပ်နားထားဟန်တူသောသူတို့သင်္ဘောသို့ပို့ပေးစေလိုသောဆန္ဒဖြင့် (လမ်းကြုံသောကြောင့်အပန်းမကြီးဟူသောအထင်နှင့်) မြစ်ဆုံကိုအကြုံစီးခဲ့ရာ၌ နှစ်ကြိမ်တိုင်တိုင်အမည်ကိုထုတ်ဖေါ်ပြောပါလျက်ကျွန်တော်တို့ကပို့မပေးခဲ့ကြရာသည်ဘက်ကမ်းရောက်မှသမ္ဗာန်တဆင့်ငှါးပြီးပြန်လှည့်သွားရသည့်အတွက်မကျေမချမ်းဖြစ်ပုံရကြသည်။ ဒါကသိပ်ပြီးမထူးဆန်း။ နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီးနဂိုသမ္ဗာန်နှင့်ကူးသန်းနေကျမို့သူတို့အတွက်များစွာနစ်နာသည်မဆိုနိုင်။

ထိုလွဲမှားမှုအတွက်ကျွန်တော့်ကိုအင်ဂျင်နီယာ၏နှမပေးယောက်ဖအဖြစ်ဆဲရေးတိုင်းထွာသွားသည်မှာတော့ခုခေတ်အသုံးအနှုန်းနှင့်ဆိုနည်းနည်းများသွားပြီဟုဆိုရမည်သို့ရှိသည်။ မြစ်ဆုံသည်အင်ဂျင်နီယာမိသားစုများစီးနင်းသောသင်္ဘောဖြစ်ပြီးအင်ဂျင်နီယာမှန်လျင်သူ့ကိုသိရမည်ဟုယုံကြည်ထားပုံရသည့် ဆရာခင်နှင့်တပည့်များ သည်သူတို့ကိုမသိသော သူတို့ကလည်းမသိသောကျွန်တော့်အားအင်ဂျင်နီယာမဖြစ်နိုင်အင်ဂျင်နီယာထံကပ်ရပ်နေသောနှမပေးယာက်သာဖြစ်ရမည်ဟု (ခပ်ထွေထွေနှင့်) ကောက်ချက်ချလိုက်ပုံကရယ်အားထက်ငိုအားသန်လောက်၏။ ပြောသာပြောရသည်မိမိကိုယ်ရောင်ကိုယ်ဝါကလည်းစကားပြောသလားမှမသိသည်ကိုး။ ဒါသည်ပင်စာသင်ရာမှအပြန်မို့တိုက်ပုံအင်္ကျီကိုယ်တွင်စွပ်လျက်ရှိနေသေးသည်။

နောက်ရက်များတွင် ထိုအကြောင်းအစဖေါ်မပြောဖြစ်ကြတော့သည့်တိုင် ကိုလှအုန်းကိုကျွန်တော်စိတ်ထဲကကျိတ်၍ချီးမွမ်းမိတာတစ်ခုရှိသည်။ လုပ်သက်နုကျွန်တော်ဆရာခင်ကိုမသိဘူးထား လုပ်သက်ရင့်ရေယာဉ်ဝန်ထမ်းချင်းမို့သူသိမှာသေချာသည်။ ထိုဆရာခင်သည်သူ့အတွက်တစုံတရာပြန်၍အကျိုးပြုနိုင်သူဖြစ်ကောင်းဖြစ်မည်။ သို့သော်ထိုအမည်နာမဖြင့်သူ့တာဝန်ချိန်မှာတာဝန်မဲ့ဩဇာလွှမ်းမိုးဖို့ကြိုးစားသည်ကိုအလေးဂရုမပြု။ ပြောမည်ဆိုလျှင်တာဝန်အရ ထိုသင်္ဘောခေါက်အတွက်ခရီးစဉ်ကိုညွှန်ကြားခွင့်ရှိသူသည် ကျွန်တော်သာဖြစ် သည်မို့ကြားဖြတ်ပို့ဆောင်ရေးအတွက်ကျွန်တော့်ထံခွင့်မတောင်းဘဲသူ့ကိုလာပြောခြင်းမှာတရားမဝင်ကြောင်းတိတ်ဆိတ်စွာ သဘောထားပေးလိုက်သည့် သူ့စိတ်ဓာတ်ကိုမြင်သောကြောင့်ဖြစ်သည်။ ခွစာချင်းမို့ သိနား လည်သည်ဟုဆိုကာမှဆိုရော။ 

ထိုအတွက်ကြောင့်လည်းတာဝန်အရစီးနင်းခြင်းထက်ပိုသည့်ကိုယ်ရေးကိုယ်တာကိစ္စရပ်မျိုးမှာမြစ်ဆုံကိုအသုံး ပြုရန်အားတုန့်အားနာဖြစ်ဝန်လေးသည်လည်းရှိပါ၏။ ဥပမာမင်္ဂလာဆောင်အတွက်ပြင်ဆင်ဖို့ရန်ကုန်နှင့်ကူးချည်သန်းချည်ပြုရသည့်အခါမျိုး။ သို့သော်ကျွန်တော့်မင်္ဂလာကိစ္စမှာယူ(၇)ရောမြစ်ဆုံပါစေတနာအပြည့်ကူညီပေးခဲ့ကြပါသည်။ စီမံခန့်ခွဲမှုအဆင်ပြေစေရေးအတွက်သာမန်အားဖြင့်နာရီဝက်တစ်ခေါက်သာသင်္ဘောကိုအသုံးပြုကြဖို့သဘောတူထားကြသည့်တိုင်ထိုရက်ပိုင်းသင်္ဘောဆိပ်သို့ကျွန်တော်ဆင်းလာသည်ကိုမြင်သည်နှင့်အချိန်မရွေးစက်နှိုးကြိုးဖြည်ပြီးအသင့်စောင့်နေကြသည်။ အပြန်ကိုလည်းအချိန်မလင့်စေဘဲသီးသန့်ကြိုပေးကြသည်။ ထိုကြောင့်ပင်တရားရုံးမှာလက်မှတ်ထိုးသည်မှစ၍ဧည့်ခံပွဲကျင်းပသည်အထိရန်ကုန်နှင့် အကူး အသန်း မှန်သမျှကြောင့်ကျမှုကင်းခဲ့၏။ သည်ကြားထဲပြုံးတော်မူအလွဲတွေကြားသူတို့ခမျာကန့်လန့်ကန့်လန့်ပါရသေး။

ခန်းဝင်ပစ္စည်းကိုဘားလမ်းရှိဘုံဘေဘားမားကဲ့သို့သောဆိုင်များမှဝယ်ယူရန်ဆွေမျိုးတွေရင်းနှီးသူတွေအကြံပြုသည့်ကြားမှပင်ကျွန်တော်ကဆိပ်ကမ်းနှင့်နီးသဖြင့်သယ်ယူပို့ဆောင်ရလွယ်ကူသည်ဟူသောအကြောင်းပြချက်ဖြင့်လွစ္စလမ်းထဲရှိတက်သစ်စပရိဘောဂတိုက်တစ်တိုက်တွင်အပ်နှံမှာယူသည် (ဈေးနှုန်းသက်သာတာလည်းပါသည်)။ ပစ္စည်းများရသည့်အခါမြစ်ဆုံပေါ်သို့ဂရုတစိုက်တင်လျက်သယ်ယူပြီးအိမ်မှာနေရာချကြ၏။ ဘီရိုနှင့်မှန်တင်ခုံအဆင်ပြေသော်လည်းခုတင်ဆင်သည့်အခါပြဿနာဖြစ်လေသည်။ ခုတင်ကမည်သို့ပင်ဆင်ဆင်ပြီးသည်နှင့်ယိုင်ထိုးနေ၏။ သင်္ဘောကျင်းမှဝါရင့်အချောထည်လက်သမားများကိုယ်တိုင်လက်မှိုင်ချပြီးထိုကုတင်ကိုဆိုင်တွင်ပြန်လဲဖို့အကြံပြုကြသည်၌ကျွန်တော်မငြင်းသာတော့။ သည်အတွက်သင်္ဘောနောက်တစ်ခေါက်သုံးဖို့အားလည်းနာရှက်လည်းရှက်သလိုခံစားရသည်။

မတတ်သာသည့်အဆုံးခုနမြစ်ဆုံ ခုတစ်ခေါက်ယူ(၇) သုံးပါမည်ပြောတော့ကိုလှအုံးကမပြုံးစဖူးပြုံးကာလာပါဆရာရယ်ကျွန်တော်ပဲပို့ပေးပါမယ်ဆိုကာပို့ပေးပြီးအပြန်ပါတပါတည်းစောင့်ခေါ်သည်။ ပရိဘောဂဆိုင်မှာလဲစရာခုတင်အဆင်သင့်ရှိသည်မို့အဆင်ပြေသွား၏။ သည်လိုအလွဲမျိုးကြုံတောင့်ကြုံခဲကြုံရသည်ထက်အယူသီးတတ်သူများသာဆိုမင်္ဂလာဦးမှာ ခုတင်လဲ၍ပြန်ဆင်ရသည့်အဖြစ်အပေါ်မည်သို့ကောက်ချက်ချကြမည်မသိ။ ခုတင်လဲလျှင်လူလဲရတတ်သည်ဟုများ ခုနေပြောလာခဲ့သည်ရှိသော် ကျွန်တော်ရယ်မိမှာသေချာသည်။ အကြောင်းမှာအိမ်ခြေယာခြေအတည်တကျမရှိခဲ့သူပြီပြီ ကျွန်တော်ပြည်ပမှာရှိတုန်း သူတပါးကိုအားထားရသောအိမ်ပြောင်းအိမ်ရွှေ့ကိစ္စရပ်များအတွင်းအဆိုပါအိမ်ထောင်ဦးခုတင်ကြီးသာဘယ်ရောက်ကာဘယ်ပေါက်မှန်းမသိပျောက်ပျက်သွားသည်လူတွေကတော့ယနေ့ထက်တိုင်အလိုက်ပေး၍ပင်လဲမရနိုင်သောကြောင့်ဖြစ်ပါသတည်း။ 

သည်စာရေးခိုက်ဝင်ရောက်လာသောအရွယ်နှင့်ယှဉ်သည့်သံဝေဂစကားဖြည့်စွက်ရသော်လဲမရပေမဲ့အချိန်တန်လျှင်တော့ခွဲကြရမည်သာဖြစ်ပါသည်ဟူ၍။

#                  #

သို့နှင့်မင်္ဂလာဆောင်တနည်းမင်္ဂလာဧည့်ခံပွဲကျင်းပမည့်နေ့သို့ရောက်လာတော့၏။ ဘဝမှာအခြေအနေအရရောအမူအကျင့်အရပါ (ခုခေတ်တာစားနေသောအသုံးအနှုန်းဖြင့်) ပလင်ဟူ၍ဘာတစ်ခုမျှမည်မည်ရရမရှိခဲ့ဖူးသူပြီပြီကျွန်တော့်မင်္ဂလာဆောင်သည်လည်းအိုးစွဲခွက်စွဲဟုသာဆိုရမည်။ မင်္ဂလာဆောင်ဖို့ဆုံးဖြတ်သည်မှတစ်လခွဲခန့်သောအချိန်အတွင်းဆောင်ရွက်ခဲ့သည်ဖြစ်ရာ သူတကာမောင်နှံတွေလိုဟော်တယ်ကိုခြောက်လတစ်နှစ်ကြို တင်စာရင်းပေးမထားနိုင်။ သတို့သမီးဘက်က အင်းယားလိပ်မှအင်းယားလိပ်ဖြစ်နေသည်မို့ ဟိုတုန်းကရှားရှားပါးပါးတခြားဟော်တယ်များလည်းစဉ်းစား၍မဖြစ်။ သို့နှင့်ဒီဇင်္ဘာလအတွင်းရနိုင်သည့်ကြားရက်တစ်ခုကိုသာရွေးချယ် (လက္ခံ) ရတော့၏။ ထိုရက်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့်အခါမှာလည်းကြားဖူးနားဝတတ်အားသမျှဆောင်ရွက်ထားပြီးမို့အဆင်ပြေမည်ဟုသာအားတင်းရတော့သည်။ လွဲလျှင်အနည်းအကျဉ်းပေါ့ဒါတော့လည်းမတတ်နိုင်။

သတို့သမီးနှင့်မိသားစုကိုသူတို့စိတ်ကြိုက်ငှါးထားသော မိတ်ကပ်အဖွဲ့နှင့်အတူဟော်တယ်သို့သွားရန်ချိန်းထားပြီးပြီ။ အတူနေမိခင်ကြီးကလည်းသားဖြစ်သူဗျာများနေသည်ကိုမကြည့်ရက်သည်လား ဒီကိစ္စအမေတို့ဘာမှဝင်မပါပါနှင့်ဟုမိုက်တိမိုက်ကမ်းပြောထားသည့်သားအပေါ်ငဲ့ညှာသည်လားမသိလွန်ခဲ့သောရက်ပိုင်းကပင်ရန်ကုန်ဘက်ရှိသားကြီးအိမ်သို့ခေတ္တသွားဦးမည်ဆိုကာသွားနေပြီ။ မင်္ဂလာဆောင်ကိုထိုမှအခြားသားသမီးမြေးများနှင့်အတူလာလိမ့်မည်။ မင်္ဂလာဆောင်ကညနေပိုင်းမို့နေ့လည်ထမင်းစားပြီးချိန်လောက်တွင်တပည့်တစ်ယောက်ကိုအိမ်စောင့်ထားကာ ဟိုမှာလဲဖယ်မည့်အဝတ်အစားထုပ်ကိုဆွဲလျက်ဟော်တယ်သို့ကျွန်တော်ထွက်ခဲ့၏။ သင်္ဘောဆိပ်တွင်ရေယာဉ်နှစ်စင်းစလုံးမြင်သည်၌နီးစပ်ရာယူ(၇)ပေါ်သို့တက်ရင်းညပြန်ကြိုဖို့ဒီညဘယ်သူတာဝန်ကျသလဲဟုမေးသော် ကိုလှအုန်းကယူ(၇)တာဝန်ကျတယ် ဒါပေမဲ့ကျွန်တော်လာကြိုမှာပါဆရာစိတ်ဖြောင့်ဖြောင့်သာသွားဟုလှမ်းပြောလေသည်။

အချိန်တန်တော့လည်းမင်္ဂလာပွဲသည် ဝှဲချီးပြီးမြောက်အောင်မြင်ခြင်းသို့ရောက်ပါခဲ့၏။ အလွဲကတော့ဖြင့်မကင်းနိုင်ပါ။ မကင်းသည်မှတော်ရုံတန်ရုံမဟုတ်ကြေးစည်ပင်ကောင်းသော်လည်းတိုက်မောင်းကိုဂုဏ်ခံ၍ဆန်တလမြူပေးချူရုံနှင့်ဒူဟူဟူမမြည်ဝံ့ချေဆိုသလိုမျိုးပရိသတ်ဗိုလ်ပုံအလယ်မှာသာမကတသက်တာပါမျက်နှာ ငယ်ရမည့်အလွဲမျိုး။ အင်းလျားကန်ဟော်တယ်သမိုင်းမှာအခန်းအနားမှူးမပါပဲကျင်းပသောမင်္ဂလာပွဲဟူ၍ရှိလိမ့်မည်ဟုကျွန်တော်မထင်။ ကိုယ့်ကျကာမှအခန်းအနားမှူးငှါးရန်မေ့လျော့ခဲ့သဖြင့်ပွဲပျက်လျှင်ပျက်မပျက်လျှင်ရာဇဝင်တွင်ရစ်တော့မည့်ထိုအလွဲကိုအစီအစဉ်စတင်ရန်မိနစ်ပိုင်းအလိုတွင်မှသတိပြုမိသည်နှင့်ကြုံတော့ ၏။ စန္ဒယားဘိုကြည်တေးဂီတဝိုင်းနှင့်အတူပါဝင်လာသောအစ်မကြီးဒေါ်တင်တင်မြ၏ စေတနာသဘာနှင့်စာနာမှုတို့ကြောင့်သတို့သမီးပင်မသိလိုက်ဘဲထိုအလွဲကိုကျော်ဖြတ်နိုင်ခဲ့သည်မှာကံရောဉာဏ်ရောဖြစ်မည်ထင် သည်။ မိနစ်ပိုင်းအတွင်းကျွန်တော်ရေးပေးသောနုတ်ခွန်းဆက်လွှာနှင့်အတူအခန်းအနားကိုအမကြီးကသူ့သီချင်းသူသီဆိုရင်းအပိုအလိုမရှိဦးဆောင်ကျင်းပပေးသွားခဲ့သောကြောင့်ဖြစ်လေသည်။ 

ဧည့်သည်တွေရှင်းသည်နှင့်ဓာတ်ပုံရိုက်ခြင်းစသည်များကိုစက်ရုပ်သဖွယ်ပါဝင်ပြီးနောက်အိမ်ပြန်ရန်ကျွန်တော်ထွက်ခွာ၏။ ဟော်တယ်ဆင်ဝင်အောက်မှာသူငယ်ချင်းဖြစ်သူဗိုလ်ချုပ်သားကူညီစီစဉ်ပေးသောဆင်စွယ်ရောင်မာဇဒါ၃၂၃ကားလေးကအသင့်စောင့်ကြိုနေသည်။ (စကားချပ်၊ မနေ့တနေ့ကပင်ထိုဗိုလ်ချုပ်သားသူငယ်ချင်းနှင့်လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်ခဲ့ကြသော်လည်းထိုအတွက်သူ့ကိုယနေ့ထက်တိုင်ကျေးဇူးတင်စကားမဆိုဖြစ်သေး။ မင်္ဂလာဆောင်ပြီးနှစ်ပေါင်းများစွာမတွေ့ဖြစ်ကြပဲ ပြန်ဆုံသည့်အခါတိုင်းမှာထိုအကြောင်းကိုစကားမစပ်ဖြစ်နှစ်ယောက်စလုံးမေ့နေကြပြီ။ မေ့လည်းမေ့လောက်ချေပြီလေ။) ကားအတွင်းသို့ရောက်သော်သတို့သမီးကမင်္ဂလာဆောင်သို့မလာရောက်နိုင်သည့်ဖိုးအေကိုဝင်ကန်တော့လိုပါသည်ဆိုသဖြင့်ပို့ပေးရ၏။ သူဝင်ကန်တော့သည်ကိုမလိုက်ပါဘဲကားထဲမှသာစောင့်နေရစ်သည်။ ခုပြန်စဉ်းစားရင်းငါသည်မျှပင်ရိုင်းခဲ့ပါလားဟုတွေးမိသည့်တိုင်ထိုအချိန်ကျွန်တော့်ရင်ထဲမှာကေးဝဋ်ပုဏ္ဏားနှလုံးသားမျိုးကိန်းဝပ်နေခဲ့သည်ကိုတော့အပြစ်ဟုမြင်ရန်ခက်ခဲဆဲရှိပါ၏။ သည်အကြောင်းအမေ့ကိုပြောပြစဉ်အမေကမင်းကိုယ်မင်းမိမဆုံးမဖမဆုံးမသားဖြစ်အောင်လုပ်တာတော့လဲအမေမတတ်နိုင်ဘူးလေကွယ်ဟုဆိုသည်ကိုလည်းပမှတ်ရနေမိသည်။

ပန်းဆိုးတန်းဆိပ်ကမ်းသို့ သတ်မှတ်ချိန်ထက်နာရီဝက်ခန့်နောက်ကျပြီးမှရောက်သည်။ ထိုစဉ်ကအများသုံးကူးတို့ဆိပ်ခံတံတားနှင့်ယှဉ်လျက်ဌာနဆိုင်ရာရေယာဉ်ငယ်များဆိုက်ကပ်ရာသီးသန့်ဆိပ်ခံဗောတံတားရှိသည် (ယခုဖျက်သိမ်းလိုက်ကြပြီ)။ ကမ်းပေါ်တက်၍စောင့်ကြိုနေဟန်တူသောကိုလှအုန်းကပွဲနေပွဲထိုင်အဝတ်အစားများဝတ်ဆင်ထားဆဲကျွန်တော်တို့နှစ်ဦးကိုရှေ့မှဦးဆောင်လျက်ထိုတံတားပေါ်မှသွားကြ၏။ ဘဝမှာအပျော်ဆုံးနေ့တစ်နေ့အဖြစ်သတ်မှတ်ကြသည့်မင်္ဂလာဆောင်သောနေ့မှာကျွန်တော်ပျော်ပါသလား။ မပျော်ဘူးဆိုလျှင်ကျွန်တော်မုသားသုံးရာကျမည်။ သို့သော်ယခုအချိန်မှာပြန်လည်ဆုပ်ကိုင်ဖမ်းဆီးဖို့ကြိုးစားရခက်ဆဲဖြစ်သည့်ထိုအပျော်ကိုအပျော်ဆုံးအဖြစ်ခံယူရန်မဝံ့သည်ကိုလည်းဝန်ခံရမည်။ မြစ်ပြင်ကျယ်ကိုဖြတ်သန်းတိုက်ခတ်လာသောလေနုအေးကတနွဲ့နွဲ့နော့နေခဲ့၏။ ထိုလေညှင်းကြောင့်ဗဟိဒ္ဓမှာအေးမြသည့်တိုင်ရင်ထဲမှာအပူတစ်ခုကိန်းဝပ်နေသည်ကိုလည်းကျွန်တော်တစ်ယောက်ထဲခံစားသိသိနေခဲ့သည်။ ထိုအပူကိုတော့အနောတတ္ထရေစင်ဖျန်းလျှင်ပင်လန်းပါ့မည်လားမဆိုနိုင်ချေ။

ဆိပ်ကမ်းပေါ်မှာမာကျူရီမီးများဖြင့်လင်းထိန်သည့်တိုင် တံတားနှင့်ဗော်ယာပေါ်မှာအလင်းဓာတ်ကအားနည်းနေ၏။ မြစ်ဆုံပေါ်သို့ရောက်ရန်အတွင်းဘက်မှာရပ်ထားသောအခြားဌာနဆိုင်ရာရေယာဉ်ငယ်သုံးစင်းကိုကျော်ဖြတ်ရမည်ဖြစ်ရာအရိပ်ကြောင့်မှောင်နေသဖြင့်သတိထားရသည်။ ခါတိုင်းတယောက်တည်းကူးသန်းနေကျဖြစ်သည့်တိုင် ယခုမှကိုယ့်ဘဝတွင်းသို့ဝင်ရောက်လာသူတစ်ဦးကို အတူဖေးမလက်တွဲခေါ်ယူနေရသည်မို့ပို၍ဂရု စိုက်ရလေ၏။ ဒါသည်ပင်ဘဝဖြစ်သည်ဟုဆိုရမည်လားမသိပါချေ။ နောက်ဆုံးသင်္ဘောကိုဖြတ်စဉ်မြစ်ဆုံမှစက်နှိုးသံကိုကြားရသည်။ ထို့နောက်မြစ်ဆုံဆိုက်ကပ်ထားရာနံဘေးသို့ရောက်၏။ ကိုလှအုန်းကသင်္ဘောပေါ်အရင်တက်ပြီးကျွန်တော်တို့အတက်အဆင်းပြုရာမှာကူညီဖို့စောင့်နေသည်။ 

ထိုအခိုက်အတန့်ကလေးမှာရုတ်တရက်မီးများလင်းပြီးမြစ်ဆုံတစ်စင်းလုံးဝင်းထိန်သွားလေသည်။

#                #

“တူနှစ်ဖြာ xx ရွှေဂဟေဆက် xx သွေမပျက်တဲ့မေတ္တာ.. ရေစက်ရဲ့ရှေးအလာ....မနှေးခါခါချင့်တွေး.. ချစ်ရေးခု x သမုဒယနွယ်လာ xx အော် ချစ်ရေး..ခု x သမုဒယနွယ်လာ.....ခုဘဝတကယ်xဘယ်မမုန်းတော့လေး...”

မီးရောင်စုံလင်းလက်သွားသည်နှင့်တပြိုင်နက်မှာပင်အဆိုတော်တွံတေးသိန်းတန်၏တေးသံကရေယာဉ်ပေါ်ရှိဆောင်းဘောက်မှတဆင့်ကြည်ကြည်မြမြကြီးထွက်ပေါ်လာသည်။ သင်္ဘောရှေ့ခန်းတစ်ခုလုံးမှာလည်းဖဲကြိုးတွေရောင်စုံမိုးပျံပူဖေါင်းတွေအပြည့်လှပစွာတန်ဆာဆင်ထားကြ၏။ တက္မကိုင်တာဝန်ယူထားသောကိုသိန်းလွင်၏အပြုံးကခါတိုင်းထက်ပို၍ချိုမြနေသည်။ တပြည်သူမရွှေထားဝတ္ထုထဲကငြိမ်းမောင်လိုလောကကြီးကိုအမြဲမကျေနပ်သည့်အသွင်ဆောင်နေကျကိုလှအုန်းသည်ပင်ကြည်လင်သောအပြုံးတို့ဖြင့်သွက်လက်နေ၏။ ခါတိုင်းတွေ့ရခဲသောမျက်နှာသိအခြားရေယာဉ်ဝန်ထမ်းတွေမှာလည်းအပြုံးကိုယ်စီနှင့်။ 

ကျွန်တော်တို့သင်္ဘောပေါ်ရောက်ပြီးနေရာတကျဖြစ်သည်နှင့်သင်္ဘောဆိပ်ကမ်းမှခွာသည်။ အခန်းတွင်းမှာမတ်တပ်ရပ်လိုက်ပါကြသော ကိုလှအုန်းနှင့်အဖွဲ့ကိုလွတ်နေသည့်ခုံတန်းများမှာဝင်ထိုင်ဖို့ပြောသည့်အခါအားလုံးကအပြုံးဖြင့်ငြင်းပယ်ပြီးနဂိုအတိုင်းသေသပ်စွာရက်လျက်သာနေကြ၏။ သည်ပွဲမှာငါတို့ရဲ့စစ်မှန်တဲ့ဂုဏဝုဒ္ဓိကိုပြသကြရမယ်ဟုများစွဲမှတ်ထားကြလေသလားမသိ။ ကျွန်တော့်ရင်ထဲတနေကုန်တင်းကျပ်နေကြသည်များလွင့်ပါးသွားသလိုခံစားရလေသည်။ အနောတ္ထရေစင်တွေနေရာတိုင်းမှာရှိနေကြပါလား။ မျက်ရည်လွယ်သောကျွန်တော့်ကိုယ်ကျွန်တော်ဆင်ခြင်ရင်းသတို့သမီးမျက်နှာကို (ယနေ့အဖို့ရာပထမဆုံး) ငဲ့ကြည့်မိသည့်အခါရွှန်းလဲ့စိုစွတ်သောမျက်ဝန်းတစုံကိုမြင်ရလေသည်။

တေးသံဆုံးသည်နှင့်မရှေးမနှောင်းမှာပင်သင်္ဘောကျင်းဆိပ်ကမ်းသို့ကပ်၏။ သတို့သမီးလက်ကိုဆွဲလျက်သင်္ဘောမှဆင်းကာတံတားပေါ်သို့ကျွန်တော်တက်သည်။ ကမ်းပေါ်မှာရပ်လျက်စောင့်ကြိုနေကြသောဒုမန်နေဂျာ (ယခင်အခေါ်) အပါဝင်အရာရှိမိသားစုများအခြားမျက်နှာသိများကိုလှမ်းမြင်နေရသည်။ လုံခြုံရေးဒလက်ကိုဖြတ်ပြီးဂိတ်တံခါးဝသို့အရောက် ဒုမန်ဂျောကတော်ဥရောပသူနှင့်အခြားအရာရှိကတော်တစ်ဦးတို့လက်ချင်းဆက်လျက်တားထားသည်နှင့်ကြုံလေ၏။ ဘိုမကြီး (ဝန်ထမ်းများအကြားကွယ်ရာမှာသူ့ကိုချစ်စနိုးရည်ညွှန်းလေ့ရှိကြသည့်နာမ်စား) ဘာတွေများလုပ်ဦးမှာပါလိမ့်ဟုကျွန်တော်တွေးမိခိုက်ဥရောပသူကြီးကစဉ်းငယ်ဝဲသော်လည်းရှင်းလင်းပြီသသောမြန်မာစကားဖြင့်ပြုံးရွှင်စွာတောင်းဆိုလေသည်။

"ဒီကဖြတ်ချင်ရင်သတို့သားကသတို့သမီးကိုအနမ်းလက်ဆောင်ပေးရပါမယ်ရှင့်"

ဝေးကနဲထောက်ခံသံတွေကြားမှာကျွန်တော်မင်တက်မိသလိုဖြစ်သွားသည်။ ဥရောပသူကြီးတောင်းဆိုသောအနမ်းဆိုသည်ဥရောပဆန်ဆန်အနမ်းဖြစ်မည်ဟုအဓိပ္ပါယ်ပေါက်မိသောကြောင့်ဖြစ်၏။ ငြင်းဖို့ရာမသင့်သလိုလူထူထူရှေ့မှာနမ်းပြရမည်ကိုလည်းဝန်လေးသည်နှင့်အရှက်ပြေရယ်မောရင်းတွန့်ဆုတ်နေမိ၏။ အကျဉ်းအကျပ်ကြုံလျှင်ဉာဏ်နီဉာဏ်နက်ထွက်တတ်သောဟိုတုန်းကညဉ်သည်နေရာမှာတော့အသုံးဝင်ပါ၏။ ရုတ်တရက်ပေါ်လာသောထိုဉာဏ်ဖြင့်သတို့သမီး၏ ပခုံးနှစ်ဘက်ကိုအယာအယာဆွဲယူကာကျွန်တော်ဘက်သို့လှည့်လိုက်သည်။ ထို့နောက်သူမ၏နဖူးပြင်ပေါ်သို့အနမ်းတစ်ပွင့်ချွေပြလိုက်လေသည်။ လက်ခုပ်ဩဘာသံများနှင့်အတူဘိုမကြီးများကန့်ကွက်နေဦးမလားတွေးမိသေး၏။ သို့သော်သူမကရယ်မောလျက်တားထားသောလက်ကိုရုပ်သိမ်းပေး၏။ ကျွန်တော်တို့လည်းထိုနေရာမှထွက်ခွာခဲ့တော့၏။ 

မြစ်ဆုံပေါ်မှာမီးရောင်စုံတွေထွန်းညှိထားကြဆဲ။ သင်္ဘောနံဘေးဆိပ်ခံပေါ်မှာရပ်လျက်ကြည့်နေကြသောကိုလှအုန်းတို့လူသိုက်ကိုလှမ်း၍လက်ပြနုတ်ဆက်သည့်အခါ သူတို့အားလုံးလက်တွေဝှေ့ယမ်းကာပျော်ရွှင်စွာတုန့်ပြန်ခဲ့ကြ၏။ ထိုနေ့ကမထင်မှတ်ပဲ လမင်းတရာနှစ်ရာသာသောညခင်းလေးကိုကျွန်တော်ကြုံကြိုက်ခဲ့ရပါသည်လေ။

#                #

ကျွန်တော့်ဘဝတဒေါင့်တနေရာမှာသို့လျှင်အထင်ကရရှိခဲ့ဖူးသောမြစ်ဆုံ ခုများဖြင့်ဆီဘယ်ဝယ်ရောက်နေပြီကျွန်တော်မသိ။ ဧရာဝတီမှာပဲဇရာနှင့်ဗျာဓိကိုကုစားရင်းအသုံးတော်ခံနေဆဲလား။ ပုဂ္ဂလိကစီးပွားရေးခေတ်လက်ပြောင်းလက်လွှဲထဲပါဝင်ကာအမည်သစ်ဖြင့်ဘဝသစ်တစ်ခုမှာရှင်သန်နေသည်လားမမှန်းဆနိုင်။ သည်လိုမှမဟုတ် သက်တမ်းလွန်ဖျက်သိမ်းစာရင်းထဲပါဝင်ကာ တစ်စစီဖြတ်တောက်သိမ်းဆည်းပြီးနောက်သံတိုသံစဈေးကွက် (အများသိကြသောကြက်တန်း) သို့အပို့ခံလိုက်ရပြီလား။ ဘာပဲဖြစ်ဖြစ် မြစ်ဆုံကတော့နောက်ဆုံးအသားစိုင်တစ်စကျန်သည်ထိလူသားအကျိုးကိုသည်ပိုးသွားမှာသေချာသည်။

ထို့အတူကျွန်တော်နှင့်အရွယ်ချင်းမတိမ်းမယိမ်းမြစ်ဆုံ၏သခင် ကိုလှအုန်းတို့ရောဇရာကိုဘယ်လိုဖြတ်သန်းနေကြပါလိမ့်။ ရှိရောရှိကြသေးရဲ့လား။ ကြမ်းရှသောလောကဓံကိုကျွန်တော့်ထက်ပို၍ကြုံတွေ့ရဖွယ်ရှိလေရာသူတို့တွေအားလုံး ခေတ်လှိုင်းစံနစ်လှိုင်းမှန်သမျှသက်ရှည်နာကင်းအောင်မြင်ခြင်းအဖုံဖုံဖြင့်ကျော်ဖြတ်နိုင်ကြပါစေဟုကျွန်တော်ဆန္ဒပြုပါ၏။ မည်သို့ဆိုစေကျွန်တော့်ဒီဇင်္ဘာအတွေးမျှင်များထဲမှာတော့သူတို့အားလုံးနွေးထွေးစွာရှင်သန်နေကြဆဲသာဖြစ်ကြပါ၏။


(ပါလ)

၁၅/၁၂/၂၀၂၁ 

(၂၁:၄၅) နာရီ


ဓာတ်ပုံ၊ Pinterest မှယူပါသည်။

Thursday, January 21, 2021

ကျွန်တော်နှင့်ကွာရန်တင်း


ခေတ်ကြီးက ကျူဝင်မှလူထင်တဲ့ခေတ်ကွဟု ခပ်ရွှတ်ရွှတ် သူငယ်ချင်းတစ်ဦးကပြောဖူးသည်။ ကြာပါပြီ။ ကိုဗစ်နာမြန်မာပြည်ရောက်ကာစ ကာကွယ်ကုသရေးခြေနိုင်လက်နိုင်ဖြစ်ချိန်။ ရောဂါတကယ်ရှိသူရောသံသယရှိသူတွေပါ သက်သောင့်သက်သာဖြတ်သန်းနိုင်ကြချိန်။ ကိုဗစ်ဟာတကယ်သေတတ်ပါလားဟုကောင်းစွာသဘောမပေါက်ကြချိန်။ 

ခုသူလည်းရွှတ်နိုင်မည်မထင်တော့။ ရွှတ်ဖို့နေနေသာသာ ကျူဝင်လျှင်လူပင်ဆက်ဖြစ်ခွင့်ရပါတော့မလားစဉ်းစားကောင်းစဉ်းစားနေရလောက်ပြီ။ အကြောင်းမှာကျူဝင်သည်နှင့်ပီရန်အခွင့်အလန်းများလာပြီမို့တည်း။ အခြေအနေအရပ်ရပ်ကြားမှာပီပြီးလျှင်လည်း ဒီဖို့ကအတော်အတန်နီးစပ်နိုင်သည်လေ။ ကိုယ့်ပတ်ဝန်းကျင်မှာကျူပင်မကျူလိုက်ရပဲ တခါတည်းဒီသူတွေပင်ကြားနေမြင်နေရပြီ။ ဤ၌ကျူသည်သံသယ၊ ပီကသေချာ၊ ဒီမှာမရဏဟုသာမှတ်ကြကုန်ရာ၏။ တစ်နေ့တစ်နေ့ပီသူထောင်ချီပြီး ဒီသူတွေရာဂဏန်းသို့ချဉ်းသည့်အခါ ကျူဝင်လို့လူထင်စရာအကြောင်းလည်းမရှိချေပြီ။ သို့သော်လူမမြင်သူမမြင် ကိုယ့်ဘာသာကိုယ်ကျူရခြင်းကတော့ရှိသည်။

လွတ်လပ်ရေးနှင့်အတူ လွတ်လပ်စွာထကြွလာကြသောပြည်တွင်းသောင်းကျန်းမှုခေတ်တုန်းက ကျေးလက်စကားတစ်ခွန်းထင်ရှားရှိခဲ့ဖူး၏။ မနက်မိုးလင်းတာနဲ့သစ်စရာမျက်နှာကိုယ့်မှာကျန်သေးရဲ့လားအရင်စမ်းကြည့်ရတယ်ဟူ၍ ဖြစ်လေသည်။ ခုလည်းပဲမနက်မိုးလင်းသည်နှင့် အိမ်သားတွေထဲမှာဘယ်သူချောင်းဆိုးသလဲ အရင်စနည်းနာရသည်။ သူ့အတွက်မဟုတ်ကိုယ့်အတွက်။ ချောင်းဆိုးသူရှိလျှင်ဝေးဝေးရှောင်မည်။ ထိုနည်းတူ ကိုယ့်ကိုယ်ကိုယ်လည်း နှာစေးသလား ချောင်းဆိုးသလားဆိုးခဲ့လျှင်ချောင်းစိုလားချောင်းခြောက်လား ကိုယ်ပူသလား ခေါင်းကိုက်သလား မောပန်းနွမ်းနယ်သလားမေးခွန်းများဖြင့် စောကြောရသည်မှာအမော။ ပြီးတော့ အောက်ဆီဂျင်။ ဒါကအခရာကျသည်။
အိမ်ကမြေးလေး ပေါက်ပေါက်ရှာရှာနာမည်ပေးထားသည့် လက်သည်းညှပ်အကြီးစားကြီးကို လက်ညှိုးထိပ်မှာတပ်ကာအောက်ဆီဂျင်အတက်အကျတိုင်းရ၏။ သူငယ်ချင်းနှင့်အရင်လိုတွေ့နေကျသာဆို (မတွေ့ရတာ လက်ဖက်ရည်ဆိုင်တွေပိတ်ကတည်းက) ဟေ့မင်းပြောသလို ကျူဝင်မှလူထင်တဲ့ခေတ်မဟုတ်တော့ဘူး၊ ခေတ်မှီသူတိုင်း အောက်ဆီဂျင်တိုင်းကြသည်ဆိုတဲ့ခေတ်ကိုရောက်နေပြီကွ ဟုပင်ပြောချင်သည်။ ထားတော့။

လက်သည်းညှပ်လိုလိုပေပါကလစ်ပါလိုလို ထိုကရိယာလေးနှင့်တိုင်းရင်းထွာရင်း ကျွန်တော့်အာရုံမှာ ဒါလေးနှင့်ငါရင်းနှီးဖူးသလိုပါလား ဟုခံစားမိလေသည်။ ယခု ဆေးရုံ ဆေးခန်းတွေမှာအသုံးများလာသောကြောင့် ကြုံရသည့် အာဂန္တုကရင်းနှီးပုံမျိုးမဟုတ်။ နီးနီးစပ်စပ်ထိတွေ့ခဲ့ဖူးသည်ကိုစဉ်းစားရင်းလွန်ခဲ့သောဆယ်နှစ်ကျော်က အဖြစ်အပျက်တစ်ရပ်ခေါင်းထဲပေါ်လာသည်။
ဝန်ခံရလျှင် ထိုကရိယာကိုထိုအချိန်မှစမြင်ဖူးခဲ့ပြီး မနေ့တစ်နေ့ကမှ သွေးထဲရှိအောက်ဆီဂျင်ရာနှုံး တိုင်းတာသည့်ကရိယာဖြစ်ကြောင်းသိရှိရခြင်းဖြစ်ပါသည်။ ကျွန်တော်ကားကျန်မာရေးဗဟုသုတဤမျှခေါင်းပါးခဲ့ပါ၏။ ယခုလည်းကရိယာနှင့်ဆက်စပ်တွေးတောမိကာမှအဲသည်တုန်းကငါ့ကိုကွာရင်တင်းလုပ်ခဲ့တာပါလားဟုသိလိုက်ရခြင်း ဖြစ်လေသည်။ အရာရာနောက်ကျတတ်သည့်ကျွန်တော် ကျူဝင်ရာမှာတော့နောက်မကျခဲ့ခြင်းအပေါ်ကြံဖန်ဂုဏ်ယူရမလိုဖြစ်ပါ၏။ ယူစရာဂုဏ်ကလည်းရှားပါးလှသည်ကိုး။
# #
၂၀၀၆ ခုနှစ်အနှောင်းပိုင်းကာလမှာ ကျွန်တော်စင်္ကာပူကိုရောက်သည်။ ခြောက်လခန့်အကြာတစ်ရက် ကျွန်တော်ဖျား သည်။ ထုံးစံအတိုင်းဆေးပင်မသောက်ပဲပြုနေကျခေါင်းလျှော်ရေချိုးအလုပ်ဆင်းရာကအလုပ်ထဲမှလေအေးစက်ဒဏ်ဖြင့် အဖျားမကျပဲပိုဆိုးလာ၏။ ထိုအထိပေါ့ပေါ့တန်တန်သဘောထားကာ သောကြာနေ့တစ်ရက်ဆေးခွင့်ယူလိုက်လျှင်စနေတနင်္ဂနွေနှင့်ဆက်အနားရပြီ းပြန်ကောင်းလာမည်ယူဆလျက် အနီးရှိဆေးခန်းမှာပြခဲ့၏။ ဆရာဝန်ကဆေးခွင့်အပြင်အဖျားကျဆေးနှင့်ပဋိဇီဝဆေးအချို့ပေးလိုက်သည်။ သို့သော် ထိုဆေးများသောက်ရင်းအဖျားပိုတက်ကာအိပ်ယာထဲကျွန်တော်လဲတော့၏။
ဖျားလျှင်နာလျှင် ဓာတ်ကြမ်းတိုက်သည်ဆိုကာ ထင်ရာလုပ်တတ်သောကျွန်တော့်အကျင့်က သည်တခါတွယ်ရာမဲ့စေပြီ။ သူများရပ်ရွာရောက်ကာစ မိဿင်္ဂဟနည်းပါး အသွားအလာမရှိ။ အလုပ်နှင့်အိမ်ဆိုသလိုသာအချိန်ကုန်သဖြင့် ယခုသို့ဖြစ်သောအခါ ဘာလုပ်ရမည်မသိ။ ရင်းနှီးပြီးအသွားအလာရှိသူတစ်ဦးစနှစ်ဦးစတို့မှာလည်းသူလိုကိုယ်လိုမို့ဘာမှအကြံမပေးနိုင်။ သည်မှာနေတာနှစ်နှစ်ဆယ်ခန့်ကြာပြီဖြစ်သောအစ်မကြီးတစ်ဦးက ဂျူရောင်းအိစ်ကပေါ်လီကလင်းနစ်မှာမြန်မာဆရာဝန်တစ်ဦးရှိသည်ဟု အမည်နှင့်တကွသတင်းပေး၏။ သူ့ထံသွားရန်ကိုလည်းအကြံပြုလေသည်။
နောက်တနေ့နံက်စောစော မရွှေတောက်နှင့်ကျွန်တော်တို့နှစ်ယောက်သား ဂျူရောင်းသို့သွားရန်ထွက်ခဲ့သည်။ ကျွန်တော်တို့နေထိုင်ရာရီရွှန်းနှင့်ဂျူရောင်းက အတော်​ဝေးသောခရီးဖြစ်လေရာ​ အကင်းပါးသောတက္ကစီဆရာကြီးက ဂျူရောင်းပေါ်လီကလင်းနစ်ကို ဘာသွားလုပ်ကြမှာလဲဟုမေးလေသည်။ အကျိုးအကြောင်းကျွန်တော်ရှင်းပြတော့ သူကနေမကောင်းလို့ပြတာဂျူရောင်းသွားစရာမလို ရီရွှန်းမှာလည်းပေါ်လီကလင်းနစ်ရှိတယ်ဟုဆိုသည်။ စင်စစ်ထိုအချိန်အထိ ရီရွှန်းမှာပေါ်လီကလင်းနစ်ရှိကြောင်း ကျွန်တော်မသိ။ သို့သော်သူများစကားမှာသာလမ်းဆုံးလေ့ရှိသူပြီပြီကျွန်တော်ကဂျူရောင်းပဲပို့ပေးပါ အဲဒီမှာမြန်မာဆရာဝန်ရှိတယ်ဟုဆက်ပြောသည်၌ ကျွန်တော့်ထက်အသက်ကြီးပုံရသော တက္ကစီဆရာသည် နောက်ကြည့်မှန်မှတစ်ဆင့် ကျွန်တော့ကိုတစ်ချက်ကြည့်လျက် အောက်ပါအတိုင်းပြောလေ၏။
"ဟေ့ စင်္ကာပူမှာဘယ်ပေါ်လီကလင်းနစ်ဖြစ်ဖြစ်အတူတူပဲ။ ဂျူရောင်းကပိုမကောင်းနိုင်သလိုမြန်မာဆရာဝန်လဲဘာမှမထူးဘူး။ မင်းကြည့်ရတာအတော်နေထိုင်မကောင်းဖြစ်နေပုံရတယ်။ အဲဒီသွားရင်အချိန်ကုန်မယ်ကားခပိုကုန်မယ်။ ငါပိုရမဲ့ပိုက်ဆံလဲမလိုချင်ဘူး။ မင်းလဲအဲဒီမသွားနဲ့"
ပြောပြောဆိုဆိုကားကိုချိုးကွေ့ဝင်လိုက်ပြီး အဆောက်အဦတစ်ခုရှေ့မှာရပ်လိုက်သည်နှင့် ပေါ်လီကလင်းနစ်ရီရွှန်း ဆိုသောဆိုင်းဘုတ်ကိုမြင်ရလေသည်။ ကျသင့်ငွေ ငါးဒေါ်လာမပြည့်တပြည့်ကိုအတိအကျ အမ်းယူလျက်သူကဘာမှမပူနဲ့အဲဒီမှာပြကြားလားဂွဒ်လပ်ဆိုကာ ကျွန်တော်တို့ကိုထားရစ်ပြီးထွက်ခွာသွားတော့၏။ ကျွန်တော်တို့လည်းယောင်တိယောင်တနှင့်ပင်အတွင်းသို့ဝင်ရလေသည်။
ဆရာဝန်ခန်းလေးငါးခန်းရှိသည့်အနက် ကျွန်တော်ဝင်ပြရသောဆရာဝန်မှာ သက်လတ်ပိုင်းခေါင်းမြီးခြုံ မလေးလူမျိုးဆရာဝန်မလေးဖြစ်သည်။ သူမကကျွန်တော့်အခြေအနေနှင့်သွေးစစ်အဖြေတို့ကိုကြည့်ကာ အနည်းငယ်မေးမြန်းပြီးနောက်သောက်လက်စဆေးများကိုရပ်ခိုင်းပြီးဆေးအသစ်ထပ်ပေး၏။ နောက်သုံးရက်ကြာလျှင်ပြန်လာပြရန်ကိုလည်းရက်ချိန်းပေးလိုက်သည်။
ထိုဆေးသောက်ပြီးနောက်တစ်နေ့မှာပင်အဖျားကျကာလူလည်းသက်သာလာသည်။ သည်ဆရာဝန်နှင့်တစ်ခါထပ်ပြရလျှင်ပြီးပြတ်ပြီယူဆရ၏။ ကံဆိုးချင်တော့သူထပ်မံချိန်းသည့်ရက်ကသောကြာနေ့ဖြစ်ပြီးကျွန်တော်ကလည်းထုံးစံအတိုင်းအေးတိအေးစက်မို့နေ့လည်ပိုင်းမှဆေးခန်းသို့ရောက်သွားသည်။ ပုံမှန်အားဖြင့်ပြနေကျဆရာဝန်ကိုဦးစားပေးလေ့ရှိသော်လည်းထိုဆရာဝန်မလေးကဘာသာရေးအရဝတ်ပြုရန်သွားနေသဖြင့်အခြားတခန်းသို့ဝင်ရ၏။ သည်မှာပြဿနာတက်တော့သည်။
စင်္ကာပူတရုပ်လူငယ်တစ်ဦးဖြစ်ဟန်တူသော ဆရာဝန်သည် သွေးစစ်ထားသည့်အဖြေများကို တစ်ခုချင်းကြည့်လိုက်ကျွန်တော့်အားစူးစူးရဲရဲကြည့်လိုက်လုပ်နေ၏။ ပြီးမှဘာဖြစ်တာလဲဟုမေးလေသည်။ ထိုနောက် ကျွန်တော်ရှင်းပြသည်ကိုပင်နားမထောင်ပဲ ခင်ဗျားမှာသွေးဖြူဥတွေကျနေတာအဲဒါကင်ဆာဗျ၊ ဒါကိုကုဖို့ ဘယ်သူအကုန်အကျခံမှာလဲဟုပြော ၏။ တော်ရုံလူသာဆိုပုံလျက်သားလဲသွားနိုင်သည့်စကား။ ကျွန်တော်လည်းအတန်အသင့်တော့စိတ်ပူသွားသည်။ သူ့ရှေ့မှာဖြန့်ချထားသောသွေးစစ်ချက်စာရွက်တွေကိုမြင်လိုက်မှသတိဝင်ပြီးသူ့ကိုစကားပြောနိုင်သည်။
"ဘယ်သူအကုန်အကျခံတာမခံတာခဏထားပါဦး၊ ကျွန်တော်ဆရာဝန်မဟုတ်ပါဘူး၊ ဒါပေမဲစစ်ထားတဲ့သွေးအဖြေထဲကဟေမိုဂလိုဘင်အတက်အကျလောက်တော့ဖတ်လို့ရပါတယ်၊ အဲဒီမှာဂရပ်နဲ့လဲပြထားတယ်။ သုံးကြိမ်မှာတစ်ကြိမ်ထက်တစ်ကြိမ်သိသိသာသာတက်လာတာမြင်နေရတာပဲ။ အဲဒါကင်ဆာလား"
သားအရွယ်ဆရာဝန်သည်ထိုအခါမှစာရွက်တွေကိုသေချာထပ်ကြည့်ပြီး ခက်တာပဲဗျာဟုပြော၏။ ဘာခက်မှန်းတော့မသိ။ ထို့နောက်ဒါမျိုးကဆေးရုံတက်ရမှာဗျဟုပြောပြန်သည်။ ဆေးရုံတက်ဆိုလဲတက်တာပေါ့ဗျာ။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့သေသေချာချာမစစ်ဆေးပဲကင်ဆာလို့တန်းပြောတာကြီးကတော့အင်မတန်ဆင်ခြင်တုံတရားကင်းမဲ့ရာကျပါတယ်ဟုပြောရင်းစိတ်တိုလာသောကျွန်တော့်နှုတ်မှထွက်သွား၏။ တစ်ဆက်တည်းဒါဆိုကျွန်တော်ဘာလုပ်ရမှာလဲဆေးရုံတက်ရမှာလားဟုဆက်မေးဖြစ်သည်။ သူကရေရေရာရာမဖြေ။
ထိုနေ့ကမအီမလည်ကြီးပြန်လာခဲ့ရ၏။ ဆေးမှတ်တမ်းတွေရည်ညွှန်းစာတွေထုတ်ပေးလိုက်သော်လည်းဆေးရုံတက်ရန်ဆရာဝန်ညွှန်ကြားချက်မရှိ ဆိုသောအဖြေသာရခဲ့သည်။ ကျွန်တော်လည်း အဖျားတွေပြန်တက်ကာ နဂိုဆေးဆက်သောက်သည့်တိုင်မထူးခြားလာတော့။ တနင်္ဂနွေနေ့ရောက်တော့အလုပ်အားလပ်ရက်မို့ ရင်းနှီးသောမိတ်ဆွေမိသားစုအချို့သတင်းလာမေးကြသည်။ သူတို့မျက်နှာတွေမှာအကဲမရသလိုမြင်နေရ၏။
ကျွန်တော်ငြင်းဆန်သည့်ကြားမှပင်ဆေးရုံတက်ရန်တိုက်တွန်းကြသည်။ ဘယ်ဆေးရုံတက်ရမည်လဲမေးသည့်အခါသူတို့မဖြေနိုင်ကြ။ ကျေနပ်ဖွယ်ရာ စင်္ကာပူကျန်းမာရေးစောင့်ရှောက်မှုများအား နောက်ပိုင်းတွင် ကိုတိုင်ကိုယ်ကျထိတွေ့ ခံစားခဲ့ရသည့်တိုင်ထိုအချိန်ကအားကိုးရာမဲ့ခဲ့သည်မှာလည်းအမှန်ပင်ဖြစ်ပါသည်။ နောက်ဆုံး တစ်ခုတည်းသောကြား ဖူးနားဝဖြင့် အမျိုးသားတက္ကသိုလ်ဆေးရုံသို့သွားရန်သူတို့ဆုံးဖြတ်ကြလေသည်။ ကျွန်တော်ကရောဘာများကန့်ကွက်နိုင်ပါဦးမည်နည်း။
# #
ထိုနေ့က မိတ်ဆွေမိသားစုပြန်လျှင်ပြန်ချင်း သားအမိသားအဖသုံးယောက်စလုံး တက္ကစီတစ်စင်းဖြင့် အမျိုးသား တက္က သိုလ် ဆေးရုံသို့ထွက်ခဲ့ကြ၏။ အရေးပေါ်ဌာနအဝင်မှာအသိသူနာပြုဆရာမလေးကကြိုစောင့်နေသည်။ သို့သော်သူ့ဌာနနှင့်သူမို့ မိတ်ဆွေဆရာမလေးကူညီနိုင်သည်က သွားရမည့်နေရာကိုလမ်းညွှန်ခြင်းနှင့် မရွှေတောက်တို့သားအမိအားအဖေါ်ပြုခြင်းသာဖြစ်ပြီးကျန်တာကိုယ်ထူကိုယ်ထဖြစ်၏။ မလှုပ်မရှားနိုင်ဆိုလျှင်တော့တစ်မျိုးဖြစ်ပေမည်။
လူနာမှတ်ပုံတင်သည့်စာပွဲသို့ရောက်သည့်အခါဝန်ထမ်းအမျိုးသမီးကအမည်အသက်စသည်မေးပြီးအလုပ်ပါမစ်ကဒ်ကိုတောင်းကြည့်၏။ ထို့နောက်မှတ်ပုံတင်ကြေးဒေါ်လာငါးဆယ်ကိုငွေသားနှင့်ပေးမှာလားကဒ်နှင့်ပေးမှာလားဟုမေးလေသည်။ ထိုအချိန်အခန်းဝမှာသူနာပြုတစ်ဦးထွက်လာပြီးကျွန်တော့်နာမည်ကိုခေါ်၏။ ကျွန်တော်သွားမည်ပြုတော့ ဝန် ထမ်းကပိုက်ဆံအရင်ပေးပြီးမှဝင်ရန်ပြောသဖြင့်ဘဏ်ကဒ်ကိုထုတ်ပေးကာမလှမ်းမကမ်းမှကြည့်နေသောမရွှေတောက်အားလှမ်းခေါ်ထားခဲ့ရသည်။ ထို့နောက်သူနာပြုဆရာမခေါ်ဆောင်ရာသို့ထွက်လာခဲ့တော့၏။
(စကားချပ်။ အရေးပေါ်ဆေးရုံလာပြသည်ကိုပိုက်ဆံပေးပြီးမှဝင်ပါဟုအပြောခံရသည်မှာအတော်ပင်မခံချိမခံသာဖြစ်စရာရှိ၏။ ဖြစ်လည်းဖြစ်ခဲ့ပါသည်။ သို့သော်နောက်ထပ်ခြောက်လခန့်အကြာထိုငွေအားချက်လက်မှတ်ဖြင့်စာတိုက်မှတစ်ဆင့်အိမ်အရောက်ပြန်ပို့ပေးခဲ့သည့်အခါတွင်မှသူတို့၏ရုံးလုပ်ငန်းဆောင်ရွက်ပုံကိုအံ့ဩသဘောပေါက်ရပါ၏။)
ကျွန်တော့်ကိုအခန်းငယ်တစ်ခုအတွင်းကုတင်ပေါ်လှဲနေစေကာဆရာဝန်တစ်ဦးကစမ်းသပ်သည်။ ဓာတ်မှန်လည်းရိုက်သည်။ တစ်နာရီကျော်သည်အတိုင်းထားခဲ့ပြီးမှပြန်လာကြပြီးတွန်းလှဲဖြင့်အပေါ်ထပ်အခန်းတစ်ခုသို့ခေါ်သွား၏။ အခန်းကကုတင်တစ်လုံးသာရှိသောသီးသန့်ခန်း။ အတွင်းလူနာတစ်ဦး၏ အဆောင်အယောင်များဆင်မြန်းစေကာကုတင်ပေါ်ရွှေ့ပြောင်းပြီးနောက်ကျွန်တော့ကိုအောက်ဆီဂျင်ပိုက်တပ်သည်။ အတိုးအလျော့ခလုပ်နှင့်တကွဆောင်ရွက်ပုံတွေပြောပြသည်။
အတူကျန်ရစ်မည့်မရွှေတောက်ကို အခန်းတွင်းမှာနှာခေါင်းစည်းအမြဲတမ်းတပ်ဆင်ထားဖို့မှာသည် (သားငယ်ကိုအိမ်ပြန်လွှတ်လိုက်ပြီ)။ ကျွန်တော့်မှာအဆုတ်အအေးမိသည့်ရောဂါလက္ခဏာရှိကြောင်း၊ လိုအပ်ပါကတာဝန်ကျဆေးအဖွဲ့အားခေါ်ရန်နှင့်ခေါ်ရမည့်အချက်ပေးခလုပ်ကိုပြသည်။ ထို့နောက်ဆရာဝန်ရောသူနာပြုတွေပါအခန်းတွင်းမှထွက်ခွာကြလေ၏။ ဤကားကျွန်တော့်ကွာရန်တင်းအစတည်း။ သူတို့ချင်းပြောသည့်စကားထဲမှာအိုက်ဆိုလေးရှင်းဟုသာကြားနေရသဖြင့်ကွာရန်တင်းမှန်းအစကသတိမထားမိခဲ့ခြင်းဖြစ်မည်။
ထိုမှာနေခဲ့သောတစ်ပတ်ခန့်အတွင်းပြုစုစောင့်ရှောက်မှုတွေမှာအထူးတလည်မရှိ။ ကျွန်တော်ကလည်းအဖျားတက်သည်မှအပထူးထူးထွေထွေခံစားရခြင်းမျိုးမှမရှိသည်ကိုး။ သုံးနာရီခြားတစ်ခါအဖျားတိုင်းသွေးပေါင်ချိန်သည်။ မြေးပြောသောလက်သည်းညှပ်အကြီးစားဖြင့်အောက်ဆီဂျင်တိုင်းသည်။ ဆေးသွင်းဆေးတိုက်အချိန်မှန်လုပ်သည်။ မနက်နေ့လည်ညစာပုံမှန် ကျွေးသည်။ တစ်ခုပဲရှိသည်မနက်စာမှလွဲ၍ ဆေးရုံကကျွေးသောအစားအသောက်ပေါ့ရွှတ်ရွှတ်တွေကျွန်တော်မစားနိုင်။ ထို့ကြောင့်မရွှေတောက်ကိုစားစေပြီးကင်တင်းမှာသူဆင်းဝယ်ပေးသောထမင်းခေါက်ဆွဲစသည်ကိုကျွန်တော်စားသည်။
ကျွန်တော်အေးဆေးသလောက်ဆရာဝန်တွေအေးဆေးပုံမရကြ။ နှစ်ရက်သုံးရက်ခန့်ညစဉ်လူခြေတိတ်ချိန်တွင်ဆရာဝန်တစ်ဦးလာကာ ကျွန်တော့်ကိုမေးခွန်းများမေးသည်။ မေးခွန်းတွေကရိုးရိုးပင်။ အရင်ကမကြာမကြာဖျားဖူးသလား။ ချောင်းဆိုးဖူးသလား။ ကိုယ်အလေးချိန်လျော့ဖူးလား။ မိသားစုထဲမှာကင်ဆာဖြစ်ဖူးသလားတီဘီဖြစ်ဖူးသလား။ ရိုးစင်းသောထိုမေးခွန်းများနောက်ကွယ်တွင်သူတို့၏အတ္တနောမတိကသိပ်မရိုးစင်းလှသည်ကိုတော့သုံးရက်မြောက်နေ့စီနီယာဆရာဝန်မိန်းမငယ်တစ်ဦးနှင့်ကြုံတော့မှသိရလေသည်။ သူကအထက်ပါမေးခွန်းအပြင်ခရီးသွားရာဇဝင်ပါမေးသည်။ ကျွန်တော့်အဖြေကိုအားမရသည့်နှယ်လှည့်ပတ်၍လည်းမေးသည်။
နောက်ဆုံးသူကကျွန်တော့်ကိုပြီးခဲ့သောလများအတွင်းဘရိုသဲလ် (ဇိမ်ခန်း) သို့သွားခဲ့ဖူးပါသလားဟုမေးသည်အထိကျွန်တော်အံ့ဩသည့်တိုင်မတုန်လှုပ်။ သူ့ကိုလည်းတည်ငြိမ်စွာပင်ပြီးခဲ့တဲ့လကရောဘဝတစ်လျှောက်လုံးခုချိန်ထိဘယ်ဘရိုသယ်ကိုမှမသွားခဲ့ဖူးပါဘူးဟုဖြေလိုက်၏။ ထိုအခါအားနာသွားပုံရသောသူမကကပျာကယာတောင်းပန်လေသည်။ "စိတ်မရှိပါနဲ့နော်အန်ကယ်ကမြန်မာပြည်ကမို့ကျွန်မဒီလောက်အသေးစိတ်မေးနေရတာပါ" ဟူသတည်း။ ထိုအခါကျွန်တော်တုန်လှုပ်ရလေ၏။ မြန်မာပြည်ဒီလောက်တောင်ဖြစ်နေပြီလားဒေါက်တာရယ်ဆိုသောစကားကိုမူသူမကမှတ်ချက်တစ်စုံတစ်ရာမပေးခဲ့။
မြန်မာပြည်ကပဲစုတ်ပြတ်နေလို့လားကျွန်တော်ကပဲစုတ်ပြတ်နေလို့လားမသိ။ ပေါ်လီကလင်းနစ်ကဆရာဝန်ကျွန်တော့်ကို ရွှေ့ပြောင်းလုပ်သားသဖွယ်ဆက်ဆံသည်ကိုထည့်တွက်လျှင် ကျွန်တော်ပဲ ဖြစ်ဖို့များသည်။ နောက်တစ်နေ့ နံက်ဆရာဝန်ကြီးများလာရောက်ကြည့်ရှုပြီးအပြန်တွင်သူတို့အဖွဲ့ထဲမှအငယ်တစ်ဦးချန်ရစ်လျက်ကျွန်တော့ကိုအိပ်ချ်အိုင်ဗီပိုးစစ်ကြည့်လိုပါကြောင်းခွင့်တောင်းပြန်သည်။ စစ်ချင်တာသာစစ်ကြပါဟုကျွန်တော်ပြောလိုက်၏။ (မှတ်ချက်၊ ထိုစဉ်ကစင်္ကာပူမှာ ဆေးရုံတက်လူနာများအား လိုအပ်လျှင်အိပ်ချ်အိုင်ဗီစစ်ဆေးခြင်းကို လူနာထံမှသဘောတူညီချက် မတောင်းခံဘဲ ပြုလုပ်ခွင့်ဥပဒေမပြဋ္ဌာန်းရသေး၊ ယခုပြဋ္ဌာန်းထားပြီ)။
နောက်တစ်နေ့နံက်ဆရာဝန်တစ်ဦးလာပြီးကျွန်တော့်မှာ အဖျားမရှိတော့၊ တခြားဘာရောဂါမှမတွေ့။ အိပ်ချ်အိုင်ဗီလည်းမရှိကြောင်းဝမ်းမြောက်ဝမ်းသာသတင်းပေး၏။ ခါတိုင်းလိုသူ့မှာနှာခေါင်းစည်းတပ်မထားသကဲ့သို့မရွှေတောက်ကိုလည်းနှာခေါင်းစည်းတပ်ရန်မလိုတော့ကြောင်းတစ်ရက်နှစ်ရက်အတွင်းဆေးရုံဆင်းရတော့မည်ဖြစ်ကြောင်းပြောလေသည်။ ပုံမှန်လာနေကျသူနာပြုဆရာမမှလွဲပြီးတနေ့လုံးဆရာဝန်တွေမလာကြတော့။ ကျွန်တော်တို့လည်းပျော်ကြသည်။
သို့သော်ဘာကဘယ်လိုဖြစ်ရပြန်သည်မသိ။ နှစ်ရက်ခန့်ကျပြီးသားအဖျားထိုညမှာပြန်တက်လေသည်။ မနက်ရောက်သော်ဆရာဝန်တွေလာကြည့်ရင်းခေါင်းချင်းဆိုင်ကြပြန်၏။ ထို့နောက်ဆေးတစ်လုံးချိတ်ပေးရာအဖျားချက်ချင်းပြန်ကျသည်။ တစ်ရက်ဆက်၍စောင့်ကြည့်ပြီးမူလအစီအစဉ်အတိုင်းဆေးရုံမှဆင်းခွင့်ပြုလေသည်။ ကွာရန်တင်းမှကျွန်တော်လွတ်ပြီ။ အားနည်းသလိုရှိသည်မှအပသွားလာစားသောက်အားလုံးပုံမှန်ဖြစ်၏။ သို့သော်ပုံမမှန်ဟုဆိုရမည့်အခြေအနေတစ်ရပ်သည်လည်းတပါတည်းကပ်ပါလာခဲ့သည်။
ကျွန်တော်တို့ဆီမှာနိုင်ငံရေးအကျဉ်းသားများလွှတ်သည့်အခါ (ရာဇဝတ်သားတွေအပါအဝင်ဖြစ်မဖြစ်မသိ) ၄၀၁ ဆိုသောနှောင်ကြိုးဖြင့်တည်းပေးလိုက်သည့်အစဉ်အလာတစ်ခုရှိခဲ့ကြောင်းကြားဖူးသည်။ သဘော သဘာဝရော အနှစ် သာရပါမတူသည့်တိုင်ခံစားချက်ခြင်းတူနိုင်သည်မို့ နှိုင်းယှဉ်ပြောရလျှင် ဆေးရုံမှဆင်းခွင့်လက်မှတ်နှင့်အတူ စင်္ကာပူကူးစက်ရောဂါနှိမ်နင်းရေးဗဟိုသို့တစ်ပတ်အတွင်းသတင်းပိုရန်စာကိုလည်းထုတ်ပေးလိုက်သည်။ ရည်ရွယ်ချက်ကတီဘီခေါ်အဆုတ်ရောဂါစစ်ဆေးဖို့။
လွန်ခဲ့သောခြောက်လအလုပ်ဝင်စဉ်ကပင် ကုမ္ပဏီမှသတ်မှတ်ပေးသောဆေးခန်းမှာဓာတ်မှန်ရိုက်စစ်ဆေးပြီး ကင်းစင်ကြောင်းအဖြေကိုသူတို့ချင်းတိုက်ရိုက်ဆက်သွယ်ရယူထားပြီးဖြစ်ပါလျက်ယခုသို့ညွှန်ကြားခြင်းအပေါ် နားလည်ရခက်သည့်တိုင်မလိုက်နာ၍မဖြစ်။ ၄၀၁ လိုလက်မှတ်မထိုးပဲနေကာအထုပ်ဆွဲပြီးမူလနေရာပြန်ဖို့ရာလည်းမဖြစ်နိုင်ချေ။ သို့သော် သည်ကိစ္စသည်နေရာမှာလည်းမပြောတော့ပြီ။
# #
ပြန်စဉ်းစားကြည့်တော့ ထိုအချိန်၌စင်္ကာပူတွင်ကမ္ဘာကျော်ဆားစ်ခေါ် အသက်ရှူလမ်းကြောင်းကူးစက်ရောဂါကျရောက်ပြီးသည်မှာပင်မကြာသေး။ နောက်ဆက်တွဲစီးပွားရေးလူမှုရေးဒဏ်ရာတို့မှနာလံထူရန်လုံးပန်းနေဆဲမို့အရာရာသတိဖြင့်ချဉ်းကပ်လုပ်ဆောင်ခြင်းတစ်ရပ်ဟုဆိုနိုင်ပါ၏။ မပြောဟုဆိုသော်လည်းမပြောလျှင်မဖြစ်သောအရာတစ်ခုကျန်နေသည်။ ကုန်ကျစရိတ်။ ကျွန်တော့်ဘဝတွင်အမြဲတမ်းလိုလို (ယခုခေတ်စကားနှင့်) ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်တတ်ပြီးအကျဉ်းအကျပ်ရောက်သည့်အခါ တိုင်းပွဲထဲကလို ဘိုးတော်သကြားမင်းဆင်းပြီး ကယ်တော်မူခန်းနှင့်ကြုံရလေ့ရှိသောအပိုင်းလည်းဖြစ်ပါ၏။ ယခုလည်းထိုနည်းနှင်နှင်ဆိုရမည်။
ကျွန်တော့်သွင်ပြင်ကိုကြည့်ပြီး ပေါ်လီကလင်းနစ်ကဆရာဝန်လေးသုံးသပ်သည်မှာမှန်၏။ စင်္ကာပူ၏ထိပ်တန်းပုဂ္ဂ လိကဆေးရုံကြီးတွေမှာမြန်မာပြည်မှလူ့မလိုင်ကြီးများခြေချင်းလိမ်နေကြသည်ကို ထိုဆရာဝန်လေး မသိပဲနေမည်မဟုတ်။ ထို့ကြောင့်လည်းပေါ်လီကလင်းနစ်တစ်ခုတွင်သူ့နိုင်ငံသားမဟုတ်သောစုတ်တိစုတ်ချာဗမာတစ်ယောက်အားညှောင်နာနာဖြင့်မြင်ရကတည်းကဖဲသမားစကားနှင့်ပြောရလျှင် (ကန်တော့ပါရဲ့) ချီးနင်းထားတာမှန်းအသိသာကြီး။ တကယ်လည်းသူမဆင်မခြင်ပြောထွက်ခဲ့သောရောဂါသာအမှန်ဖြစ်ခဲ့လျှင်အထုပ်ဆွဲကာရွာမှာပဲပြန်၍အသေခံရုံအပြင်အခြားမရှိ။
ဆေးရုံကိုတက်တက်ဆို၍တက်လာရသည့်အခါမှာလည်းကိုယ့်ဝေဒနာနှင့်ကိုယ်မို့ထိုအကြောင်းမစဉ်းစားမိခဲ့။ မှတ်ပုံ တင်သည့်နေရာမှာဒေါ်လာငါးဆယ်သာအလျင်ပေးခဲ့ရသဖြင့်ထိုကိစ္စအကျယ်အကျ္ပယ်မငြိမ်းဖွယ်မဖြစ်ခဲ့ချေ။ အဖျား ကျပြီးနေသာထိုင်သာရှိသည်နှင့် ထိုအကြောင်းခေါင်းထဲရောက်လာသည့်တိုင် ကြီးကြီးမားမားကုသခံရခြင်းမျိုးမဟုတ်မနိုင်ရင်ကာမဖြစ်လောက်ပါဟုတွေးလျက်ခပ်အေးအေးနေခဲ့လေသည်။ ထိုအတွင်းဘိုးတော်သိကြားဆင်းလာသည်။ တိတိကျကျဆိုလျှင် မယ်တော်မဏိမေခလာဟုပြောရမည်။ ပြီးတော့ဆင်းလာခြင်းမဟုတ်ခရီးသွားဟန်လွှဲဝင်ကြည့်ခြင်းဖြစ်၏။
ကျွန်တော်ရောက်ပြီးနောက်တစ်နေ့ မြန်မာအမျိုးသမီးသူနာပြုတစ်ဦး (နှာခေါင်းစည်းတပ်လျက်) အခန်းတွင်းသို့ဝင်လာသည်။ မနေ့ကကျွန်တော်တို့ကိုလိုက်ပါကူညီခဲ့သော အသိသူနာပြုထံမှသတင်းအကြားဖြင့် လာရောက်အားပေးခြင်းဖြစ်သည်။ ထိုအချိန်ကျွန်တော့်မှာအောက်ဆီဂျင်ပိုက်တန်းလန်းနှင့်မို့စကားမပြောနိုင်။ မရွှေတောက်ကိုသာအားပေးစကားပြောပြီးပြန်သွားသည်။ ကျွန်တော်သက်သာချိန်သူရောက်သည်နှင့်ကြုံသည်တွင်စကားပြောရင်းကျွန်တော့် အလုပ်ဌာနကိုမေး၏။ ထို့နောက်ရှင်တို့ဌာနကဒီဆေးရုံမှာကျန်းမာရေးအာမခံရှိတယ်ကုန်ကျစရိတ်ကုမ္ပဏီကိုပေးခိုင်းဟုပြောလေသည် (သူသည်ကျွန်တော်နှင့်အသက်အရွယ်အားဖြင့်မတိမ်းမယိမ်းဖြစ်၏)။ ကျွန်တော်အင်းမလှုပ် အဲမလှုပ်။
သူတာဝန်ကျရာအဆောင်သည်ကျွန်တော့်အခန်းနှင့်မနီးမ​ဝေးဖြစ်ရာသည်ဘက်ကိုကြုံတိုင်းဝင်လာပြီးထိုကိစ္စပြော၏။ ကျွန်တော့်ဘာသာပဲပေးပါ့မယ်ဆရာမရယ်ဟုပြောလျှင် ဘာလို့ပေးရမှာလဲရှင့်မှာခံစားခွင့်ရှိနေတာကို ဟုပြောသည်။ ထုံးစံအတိုင်းအငုံစိတ်ဖြင့်ကျွန်တော်က အလုပ်ဝင်တာမှတစ်နှစ်တောင်မပြည့်သေးတာ ခံစားခွင့်ရှိမယ်မထင်ပါဘူးဟုပြောလျှင် ဘာလို့မရှိရမှာလဲဟုဆို၏။ စင်္ကာပူမှာ သူမည်မျှကြာပြီမသိသော်လည်း သူ့ဟန်ပန်မှာ စင်္ကာပူသူတစ်ယောက်နှယ်ယုံကြည်မှုအပြည့်ရှိကြောင်းသတိထားမိသည်။ သို့သော်ကျွန်တော်ကလည်းအလုပ်ထဲရောက်သည်မှမကြာသေးဆေးရုံတက်စရိတ်ပေးရသည်ဆိုသောအပြောအဆိုမခံချင်စိတ်ကိုဖျောက်မရ။ စင်စစ်အညံ့စိတ်မှန်းသိပါလျက်မပြင်နိုင်။ နောက်ထပ်သူလည်းမလာတော့။
ဆေးရုံမဆင်းခင်တစ်ရက်မှာသူရောက်လာပြီးကျွန်တော့်ကုမ္ပဏီရုံးဖုန်းနံပါတ်တောင်းသည်။ ကျွန်တော်ပေးလိုက်ရ၏။ နာရီပိုင်းခန့်အကြာရှင့်ကုမ္ပဏီကို ကျွန်မဖုံးဆက်ပြီးပြီ၊ အားလုံးအဆင်ပြေတယ် မနက်ဖြန်ဘာမှပေးစရာမလိုဘူးလက်မှတ် ထိုးပြီးဆင်းသွားရုံပဲဟုအခန်းဝမှလှမ်းပြောကာလှည့်ပြန်သွားလေသည်။ အံ့ဩဝမ်းမြောက်စွာကျွန်တော်ပြောသောကျေးဇူးတင်စကားကိုကြားဟန်ပင်မတူချေ။ ပွဲထဲကဖိုးသိကြားကမှကယ်ဆယ်ပြီးစက်ကြိုးယန္တရားနှင့်ပျံတက်ကာကောင်းကင်ယံတွင်ကိုယ်ထင်ပြချင်ပြဦးမည်။ သူ့ကိုကျွန်တော်ထပ်မမြင်ရတော့သည်မှာယနေ့ထိ။
ကျေးဇူးနှင့်ပတ်သက်လျှင်ပျားစားလက်ဆေးရေရုပ်ရေးသို့ဟုမာဃဒေဝတွင်ဆိုထားသည်။ တင်ခဲ့ဖူးသောကျေးဇူးကိုအလွယ်မေ့ပျောက်ခြင်းဟူသောအဓိပ္ပါယ်ဖြစ်၏။ ကျေးဇူးကိုမမေ့သော်လည်း ထိုကျေးဇူးရှင်၏အမည်ကိုမေ့နေပြီ။ နာမည်မှတ်သားရာဝယ်လွန်စွာညံ့ဖျင်းသောကျွန်တော့်အားနည်းချက်ကြောင့်ဖြစ်၏။ စင်္ကာပူတွင်တစ်မျိုးပြီးတစ်မျိုးသောလောကဓံများအကြား နှစ်အတန်ကြာဆက်လက်၍ လွန့်လူးရှင်သန်စဉ်ကြိုက် ပွဲဦးထွက် ထိုအတွေ့အကြုံအကြောင်းတွေးမိစကားစပ်မိတိုင်းသူ့ကျေးဇူးကိုအမှတ်တရဖေါ်ပြောဖြစ်သည့်တိုင်လူချင်းတွေ့ဆုံပြောဆိုခွင့်မရခဲ့။ သူကလည်းတတမ်းတတဂုဏ်ရည်ပြလိုသူတစ်ဦးဟုတ်ဟန်မတူပါချေ။
သို့သော်သူ့ခင်ပွန်းစင်္ကာပူမှပြန်ပြီး ရန်ကုန်တွင်အိမ်ဆောက်နေသည်ဆိုသော ထိုစဉ်ကစကားအရ သူတို့လည်းခုဆိုရန်ကုန်ပြန်ရောက်နေကြလောက်ပြီထင်သည်။ ကွာရန်တင်းအကြောင်းတောင်တွေးမြောက်တွေးတွေရေးဖြစ်ရာမှ ပြန် လည်အမှတ်ရလာသောကျေးဇူးရှင်မိသားစုရောက်ရာအရပ်ရှိရာနေရာမှာသုခပေါင်းစုံ၊ တတိုင်းကုံလုံလျက်၊ လုံခြုံနွေးထွေး၊ ကပ်ရောဂါဘေးမှလည်းကင်းဝေးကြပါစေကြောင်းလှိုက်လှဲစွာဆုတောင်းရပါသတည်း။ ကိုယ်တွေ့ကွာရန်တင်းမှတ်တမ်းဤတွင်ရွေ့နိဋ္ဌိတံ။