ခေတ်ကြီးက ကျူဝင်မှလူထင်တဲ့ခေတ်ကွဟု ခပ်ရွှတ်ရွှတ် သူငယ်ချင်းတစ်ဦးကပြောဖူးသည်။ ကြာပါပြီ။ ကိုဗစ်နာမြန်မာပြည်ရောက်ကာစ ကာကွယ်ကုသရေးခြေနိုင်လက်နိုင်ဖြစ်ချိန်။ ရောဂါတကယ်ရှိသူရောသံသယရှိသူတွေပါ သက်သောင့်သက်သာဖြတ်သန်းနိုင်ကြချိန်။ ကိုဗစ်ဟာတကယ်သေတတ်ပါလားဟုကောင်းစွာသဘောမပေါက်ကြချိန်။
ခုသူလည်းရွှတ်နိုင်မည်မထင်တော့။ ရွှတ်ဖို့နေနေသာသာ ကျူဝင်လျှင်လူပင်ဆက်ဖြစ်ခွင့်ရပါတော့မလားစဉ်းစားကောင်းစဉ်းစားနေရလောက်ပြီ။ အကြောင်းမှာကျူဝင်သည်နှင့်ပီရန်အခွင့်အလန်းများလာပြီမို့တည်း။ အခြေအနေအရပ်ရပ်ကြားမှာပီပြီးလျှင်လည်း ဒီဖို့ကအတော်အတန်နီးစပ်နိုင်သည်လေ။ ကိုယ့်ပတ်ဝန်းကျင်မှာကျူပင်မကျူလိုက်ရပဲ တခါတည်းဒီသူတွေပင်ကြားနေမြင်နေရပြီ။ ဤ၌ကျူသည်သံသယ၊ ပီကသေချာ၊ ဒီမှာမရဏဟုသာမှတ်ကြကုန်ရာ၏။ တစ်နေ့တစ်နေ့ပီသူထောင်ချီပြီး ဒီသူတွေရာဂဏန်းသို့ချဉ်းသည့်အခါ ကျူဝင်လို့လူထင်စရာအကြောင်းလည်းမရှိချေပြီ။ သို့သော်လူမမြင်သူမမြင် ကိုယ့်ဘာသာကိုယ်ကျူရခြင်းကတော့ရှိသည်။
လွတ်လပ်ရေးနှင့်အတူ လွတ်လပ်စွာထကြွလာကြသောပြည်တွင်းသောင်းကျန်းမှုခေတ်တုန်းက ကျေးလက်စကားတစ်ခွန်းထင်ရှားရှိခဲ့ဖူး၏။ မနက်မိုးလင်းတာနဲ့သစ်စရာမျက်နှာကိုယ့်မှာကျန်သေးရဲ့လားအရင်စမ်းကြည့်ရတယ်ဟူ၍ ဖြစ်လေသည်။ ခုလည်းပဲမနက်မိုးလင်းသည်နှင့် အိမ်သားတွေထဲမှာဘယ်သူချောင်းဆိုးသလဲ အရင်စနည်းနာရသည်။ သူ့အတွက်မဟုတ်ကိုယ့်အတွက်။ ချောင်းဆိုးသူရှိလျှင်ဝေးဝေးရှောင်မည်။ ထိုနည်းတူ ကိုယ့်ကိုယ်ကိုယ်လည်း နှာစေးသလား ချောင်းဆိုးသလားဆိုးခဲ့လျှင်ချောင်းစိုလားချောင်းခြောက်လား ကိုယ်ပူသလား ခေါင်းကိုက်သလား မောပန်းနွမ်းနယ်သလားမေးခွန်းများဖြင့် စောကြောရသည်မှာအမော။ ပြီးတော့ အောက်ဆီဂျင်။ ဒါကအခရာကျသည်။
အိမ်ကမြေးလေး ပေါက်ပေါက်ရှာရှာနာမည်ပေးထားသည့် လက်သည်းညှပ်အကြီးစားကြီးကို လက်ညှိုးထိပ်မှာတပ်ကာအောက်ဆီဂျင်အတက်အကျတိုင်းရ၏။ သူငယ်ချင်းနှင့်အရင်လိုတွေ့နေကျသာဆို (မတွေ့ရတာ လက်ဖက်ရည်ဆိုင်တွေပိတ်ကတည်းက) ဟေ့မင်းပြောသလို ကျူဝင်မှလူထင်တဲ့ခေတ်မဟုတ်တော့ဘူး၊ ခေတ်မှီသူတိုင်း အောက်ဆီဂျင်တိုင်းကြသည်ဆိုတဲ့ခေတ်ကိုရောက်နေပြီကွ ဟုပင်ပြောချင်သည်။ ထားတော့။
လက်သည်းညှပ်လိုလိုပေပါကလစ်ပါလိုလို ထိုကရိယာလေးနှင့်တိုင်းရင်းထွာရင်း ကျွန်တော့်အာရုံမှာ ဒါလေးနှင့်ငါရင်းနှီးဖူးသလိုပါလား ဟုခံစားမိလေသည်။ ယခု ဆေးရုံ ဆေးခန်းတွေမှာအသုံးများလာသောကြောင့် ကြုံရသည့် အာဂန္တုကရင်းနှီးပုံမျိုးမဟုတ်။ နီးနီးစပ်စပ်ထိတွေ့ခဲ့ဖူးသည်ကိုစဉ်းစားရင်းလွန်ခဲ့သောဆယ်နှစ်ကျော်က အဖြစ်အပျက်တစ်ရပ်ခေါင်းထဲပေါ်လာသည်။
ဝန်ခံရလျှင် ထိုကရိယာကိုထိုအချိန်မှစမြင်ဖူးခဲ့ပြီး မနေ့တစ်နေ့ကမှ သွေးထဲရှိအောက်ဆီဂျင်ရာနှုံး တိုင်းတာသည့်ကရိယာဖြစ်ကြောင်းသိရှိရခြင်းဖြစ်ပါသည်။ ကျွန်တော်ကားကျန်မာရေးဗဟုသုတဤမျှခေါင်းပါးခဲ့ပါ၏။ ယခုလည်းကရိယာနှင့်ဆက်စပ်တွေးတောမိကာမှအဲသည်တုန်းကငါ့ကိုကွာရင်တင်းလုပ်ခဲ့တာပါလားဟုသိလိုက်ရခြင်း ဖြစ်လေသည်။ အရာရာနောက်ကျတတ်သည့်ကျွန်တော် ကျူဝင်ရာမှာတော့နောက်မကျခဲ့ခြင်းအပေါ်ကြံဖန်ဂုဏ်ယူရမလိုဖြစ်ပါ၏။ ယူစရာဂုဏ်ကလည်းရှားပါးလှသည်ကိုး။
# #
၂၀၀၆ ခုနှစ်အနှောင်းပိုင်းကာလမှာ ကျွန်တော်စင်္ကာပူကိုရောက်သည်။ ခြောက်လခန့်အကြာတစ်ရက် ကျွန်တော်ဖျား သည်။ ထုံးစံအတိုင်းဆေးပင်မသောက်ပဲပြုနေကျခေါင်းလျှော်ရေချိုးအလုပ်ဆင်းရာကအလုပ်ထဲမှလေအေးစက်ဒဏ်ဖြင့် အဖျားမကျပဲပိုဆိုးလာ၏။ ထိုအထိပေါ့ပေါ့တန်တန်သဘောထားကာ သောကြာနေ့တစ်ရက်ဆေးခွင့်ယူလိုက်လျှင်စနေတနင်္ဂနွေနှင့်ဆက်အနားရပြီ းပြန်ကောင်းလာမည်ယူဆလျက် အနီးရှိဆေးခန်းမှာပြခဲ့၏။ ဆရာဝန်ကဆေးခွင့်အပြင်အဖျားကျဆေးနှင့်ပဋိဇီဝဆေးအချို့ပေးလိုက်သည်။ သို့သော် ထိုဆေးများသောက်ရင်းအဖျားပိုတက်ကာအိပ်ယာထဲကျွန်တော်လဲတော့၏။
ဖျားလျှင်နာလျှင် ဓာတ်ကြမ်းတိုက်သည်ဆိုကာ ထင်ရာလုပ်တတ်သောကျွန်တော့်အကျင့်က သည်တခါတွယ်ရာမဲ့စေပြီ။ သူများရပ်ရွာရောက်ကာစ မိဿင်္ဂဟနည်းပါး အသွားအလာမရှိ။ အလုပ်နှင့်အိမ်ဆိုသလိုသာအချိန်ကုန်သဖြင့် ယခုသို့ဖြစ်သောအခါ ဘာလုပ်ရမည်မသိ။ ရင်းနှီးပြီးအသွားအလာရှိသူတစ်ဦးစနှစ်ဦးစတို့မှာလည်းသူလိုကိုယ်လိုမို့ဘာမှအကြံမပေးနိုင်။ သည်မှာနေတာနှစ်နှစ်ဆယ်ခန့်ကြာပြီဖြစ်သောအစ်မကြီးတစ်ဦးက ဂျူရောင်းအိစ်ကပေါ်လီကလင်းနစ်မှာမြန်မာဆရာဝန်တစ်ဦးရှိသည်ဟု အမည်နှင့်တကွသတင်းပေး၏။ သူ့ထံသွားရန်ကိုလည်းအကြံပြုလေသည်။
နောက်တနေ့နံက်စောစော မရွှေတောက်နှင့်ကျွန်တော်တို့နှစ်ယောက်သား ဂျူရောင်းသို့သွားရန်ထွက်ခဲ့သည်။ ကျွန်တော်တို့နေထိုင်ရာရီရွှန်းနှင့်ဂျူရောင်းက အတော်ဝေးသောခရီးဖြစ်လေရာ အကင်းပါးသောတက္ကစီဆရာကြီးက ဂျူရောင်းပေါ်လီကလင်းနစ်ကို ဘာသွားလုပ်ကြမှာလဲဟုမေးလေသည်။ အကျိုးအကြောင်းကျွန်တော်ရှင်းပြတော့ သူကနေမကောင်းလို့ပြတာဂျူရောင်းသွားစရာမလို ရီရွှန်းမှာလည်းပေါ်လီကလင်းနစ်ရှိတယ်ဟုဆိုသည်။ စင်စစ်ထိုအချိန်အထိ ရီရွှန်းမှာပေါ်လီကလင်းနစ်ရှိကြောင်း ကျွန်တော်မသိ။ သို့သော်သူများစကားမှာသာလမ်းဆုံးလေ့ရှိသူပြီပြီကျွန်တော်ကဂျူရောင်းပဲပို့ပေးပါ အဲဒီမှာမြန်မာဆရာဝန်ရှိတယ်ဟုဆက်ပြောသည်၌ ကျွန်တော့်ထက်အသက်ကြီးပုံရသော တက္ကစီဆရာသည် နောက်ကြည့်မှန်မှတစ်ဆင့် ကျွန်တော့ကိုတစ်ချက်ကြည့်လျက် အောက်ပါအတိုင်းပြောလေ၏။
"ဟေ့ စင်္ကာပူမှာဘယ်ပေါ်လီကလင်းနစ်ဖြစ်ဖြစ်အတူတူပဲ။ ဂျူရောင်းကပိုမကောင်းနိုင်သလိုမြန်မာဆရာဝန်လဲဘာမှမထူးဘူး။ မင်းကြည့်ရတာအတော်နေထိုင်မကောင်းဖြစ်နေပုံရတယ်။ အဲဒီသွားရင်အချိန်ကုန်မယ်ကားခပိုကုန်မယ်။ ငါပိုရမဲ့ပိုက်ဆံလဲမလိုချင်ဘူး။ မင်းလဲအဲဒီမသွားနဲ့"
ပြောပြောဆိုဆိုကားကိုချိုးကွေ့ဝင်လိုက်ပြီး အဆောက်အဦတစ်ခုရှေ့မှာရပ်လိုက်သည်နှင့် ပေါ်လီကလင်းနစ်ရီရွှန်း ဆိုသောဆိုင်းဘုတ်ကိုမြင်ရလေသည်။ ကျသင့်ငွေ ငါးဒေါ်လာမပြည့်တပြည့်ကိုအတိအကျ အမ်းယူလျက်သူကဘာမှမပူနဲ့အဲဒီမှာပြကြားလားဂွဒ်လပ်ဆိုကာ ကျွန်တော်တို့ကိုထားရစ်ပြီးထွက်ခွာသွားတော့၏။ ကျွန်တော်တို့လည်းယောင်တိယောင်တနှင့်ပင်အတွင်းသို့ဝင်ရလေသည်။
ဆရာဝန်ခန်းလေးငါးခန်းရှိသည့်အနက် ကျွန်တော်ဝင်ပြရသောဆရာဝန်မှာ သက်လတ်ပိုင်းခေါင်းမြီးခြုံ မလေးလူမျိုးဆရာဝန်မလေးဖြစ်သည်။ သူမကကျွန်တော့်အခြေအနေနှင့်သွေးစစ်အဖြေတို့ကိုကြည့်ကာ အနည်းငယ်မေးမြန်းပြီးနောက်သောက်လက်စဆေးများကိုရပ်ခိုင်းပြီးဆေးအသစ်ထပ်ပေး၏။ နောက်သုံးရက်ကြာလျှင်ပြန်လာပြရန်ကိုလည်းရက်ချိန်းပေးလိုက်သည်။
ထိုဆေးသောက်ပြီးနောက်တစ်နေ့မှာပင်အဖျားကျကာလူလည်းသက်သာလာသည်။ သည်ဆရာဝန်နှင့်တစ်ခါထပ်ပြရလျှင်ပြီးပြတ်ပြီယူဆရ၏။ ကံဆိုးချင်တော့သူထပ်မံချိန်းသည့်ရက်ကသောကြာနေ့ဖြစ်ပြီးကျွန်တော်ကလည်းထုံးစံအတိုင်းအေးတိအေးစက်မို့နေ့လည်ပိုင်းမှဆေးခန်းသို့ရောက်သွားသည်။ ပုံမှန်အားဖြင့်ပြနေကျဆရာဝန်ကိုဦးစားပေးလေ့ရှိသော်လည်းထိုဆရာဝန်မလေးကဘာသာရေးအရဝတ်ပြုရန်သွားနေသဖြင့်အခြားတခန်းသို့ဝင်ရ၏။ သည်မှာပြဿနာတက်တော့သည်။
စင်္ကာပူတရုပ်လူငယ်တစ်ဦးဖြစ်ဟန်တူသော ဆရာဝန်သည် သွေးစစ်ထားသည့်အဖြေများကို တစ်ခုချင်းကြည့်လိုက်ကျွန်တော့်အားစူးစူးရဲရဲကြည့်လိုက်လုပ်နေ၏။ ပြီးမှဘာဖြစ်တာလဲဟုမေးလေသည်။ ထိုနောက် ကျွန်တော်ရှင်းပြသည်ကိုပင်နားမထောင်ပဲ ခင်ဗျားမှာသွေးဖြူဥတွေကျနေတာအဲဒါကင်ဆာဗျ၊ ဒါကိုကုဖို့ ဘယ်သူအကုန်အကျခံမှာလဲဟုပြော ၏။ တော်ရုံလူသာဆိုပုံလျက်သားလဲသွားနိုင်သည့်စကား။ ကျွန်တော်လည်းအတန်အသင့်တော့စိတ်ပူသွားသည်။ သူ့ရှေ့မှာဖြန့်ချထားသောသွေးစစ်ချက်စာရွက်တွေကိုမြင်လိုက်မှသတိဝင်ပြီးသူ့ကိုစကားပြောနိုင်သည်။
"ဘယ်သူအကုန်အကျခံတာမခံတာခဏထားပါဦး၊ ကျွန်တော်ဆရာဝန်မဟုတ်ပါဘူး၊ ဒါပေမဲစစ်ထားတဲ့သွေးအဖြေထဲကဟေမိုဂလိုဘင်အတက်အကျလောက်တော့ဖတ်လို့ရပါတယ်၊ အဲဒီမှာဂရပ်နဲ့လဲပြထားတယ်။ သုံးကြိမ်မှာတစ်ကြိမ်ထက်တစ်ကြိမ်သိသိသာသာတက်လာတာမြင်နေရတာပဲ။ အဲဒါကင်ဆာလား"
သားအရွယ်ဆရာဝန်သည်ထိုအခါမှစာရွက်တွေကိုသေချာထပ်ကြည့်ပြီး ခက်တာပဲဗျာဟုပြော၏။ ဘာခက်မှန်းတော့မသိ။ ထို့နောက်ဒါမျိုးကဆေးရုံတက်ရမှာဗျဟုပြောပြန်သည်။ ဆေးရုံတက်ဆိုလဲတက်တာပေါ့ဗျာ။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့သေသေချာချာမစစ်ဆေးပဲကင်ဆာလို့တန်းပြောတာကြီးကတော့အင်မတန်ဆင်ခြင်တုံတရားကင်းမဲ့ရာကျပါတယ်ဟုပြောရင်းစိတ်တိုလာသောကျွန်တော့်နှုတ်မှထွက်သွား၏။ တစ်ဆက်တည်းဒါဆိုကျွန်တော်ဘာလုပ်ရမှာလဲဆေးရုံတက်ရမှာလားဟုဆက်မေးဖြစ်သည်။ သူကရေရေရာရာမဖြေ။
ထိုနေ့ကမအီမလည်ကြီးပြန်လာခဲ့ရ၏။ ဆေးမှတ်တမ်းတွေရည်ညွှန်းစာတွေထုတ်ပေးလိုက်သော်လည်းဆေးရုံတက်ရန်ဆရာဝန်ညွှန်ကြားချက်မရှိ ဆိုသောအဖြေသာရခဲ့သည်။ ကျွန်တော်လည်း အဖျားတွေပြန်တက်ကာ နဂိုဆေးဆက်သောက်သည့်တိုင်မထူးခြားလာတော့။ တနင်္ဂနွေနေ့ရောက်တော့အလုပ်အားလပ်ရက်မို့ ရင်းနှီးသောမိတ်ဆွေမိသားစုအချို့သတင်းလာမေးကြသည်။ သူတို့မျက်နှာတွေမှာအကဲမရသလိုမြင်နေရ၏။
ကျွန်တော်ငြင်းဆန်သည့်ကြားမှပင်ဆေးရုံတက်ရန်တိုက်တွန်းကြသည်။ ဘယ်ဆေးရုံတက်ရမည်လဲမေးသည့်အခါသူတို့မဖြေနိုင်ကြ။ ကျေနပ်ဖွယ်ရာ စင်္ကာပူကျန်းမာရေးစောင့်ရှောက်မှုများအား နောက်ပိုင်းတွင် ကိုတိုင်ကိုယ်ကျထိတွေ့ ခံစားခဲ့ရသည့်တိုင်ထိုအချိန်ကအားကိုးရာမဲ့ခဲ့သည်မှာလည်းအမှန်ပင်ဖြစ်ပါသည်။ နောက်ဆုံး တစ်ခုတည်းသောကြား ဖူးနားဝဖြင့် အမျိုးသားတက္ကသိုလ်ဆေးရုံသို့သွားရန်သူတို့ဆုံးဖြတ်ကြလေသည်။ ကျွန်တော်ကရောဘာများကန့်ကွက်နိုင်ပါဦးမည်နည်း။
# #
ထိုနေ့က မိတ်ဆွေမိသားစုပြန်လျှင်ပြန်ချင်း သားအမိသားအဖသုံးယောက်စလုံး တက္ကစီတစ်စင်းဖြင့် အမျိုးသား တက္က သိုလ် ဆေးရုံသို့ထွက်ခဲ့ကြ၏။ အရေးပေါ်ဌာနအဝင်မှာအသိသူနာပြုဆရာမလေးကကြိုစောင့်နေသည်။ သို့သော်သူ့ဌာနနှင့်သူမို့ မိတ်ဆွေဆရာမလေးကူညီနိုင်သည်က သွားရမည့်နေရာကိုလမ်းညွှန်ခြင်းနှင့် မရွှေတောက်တို့သားအမိအားအဖေါ်ပြုခြင်းသာဖြစ်ပြီးကျန်တာကိုယ်ထူကိုယ်ထဖြစ်၏။ မလှုပ်မရှားနိုင်ဆိုလျှင်တော့တစ်မျိုးဖြစ်ပေမည်။
လူနာမှတ်ပုံတင်သည့်စာပွဲသို့ရောက်သည့်အခါဝန်ထမ်းအမျိုးသမီးကအမည်အသက်စသည်မေးပြီးအလုပ်ပါမစ်ကဒ်ကိုတောင်းကြည့်၏။ ထို့နောက်မှတ်ပုံတင်ကြေးဒေါ်လာငါးဆယ်ကိုငွေသားနှင့်ပေးမှာလားကဒ်နှင့်ပေးမှာလားဟုမေးလေသည်။ ထိုအချိန်အခန်းဝမှာသူနာပြုတစ်ဦးထွက်လာပြီးကျွန်တော့်နာမည်ကိုခေါ်၏။ ကျွန်တော်သွားမည်ပြုတော့ ဝန် ထမ်းကပိုက်ဆံအရင်ပေးပြီးမှဝင်ရန်ပြောသဖြင့်ဘဏ်ကဒ်ကိုထုတ်ပေးကာမလှမ်းမကမ်းမှကြည့်နေသောမရွှေတောက်အားလှမ်းခေါ်ထားခဲ့ရသည်။ ထို့နောက်သူနာပြုဆရာမခေါ်ဆောင်ရာသို့ထွက်လာခဲ့တော့၏။
(စကားချပ်။ အရေးပေါ်ဆေးရုံလာပြသည်ကိုပိုက်ဆံပေးပြီးမှဝင်ပါဟုအပြောခံရသည်မှာအတော်ပင်မခံချိမခံသာဖြစ်စရာရှိ၏။ ဖြစ်လည်းဖြစ်ခဲ့ပါသည်။ သို့သော်နောက်ထပ်ခြောက်လခန့်အကြာထိုငွေအားချက်လက်မှတ်ဖြင့်စာတိုက်မှတစ်ဆင့်အိမ်အရောက်ပြန်ပို့ပေးခဲ့သည့်အခါတွင်မှသူတို့၏ရုံးလုပ်ငန်းဆောင်ရွက်ပုံကိုအံ့ဩသဘောပေါက်ရပါ၏။)
ကျွန်တော့်ကိုအခန်းငယ်တစ်ခုအတွင်းကုတင်ပေါ်လှဲနေစေကာဆရာဝန်တစ်ဦးကစမ်းသပ်သည်။ ဓာတ်မှန်လည်းရိုက်သည်။ တစ်နာရီကျော်သည်အတိုင်းထားခဲ့ပြီးမှပြန်လာကြပြီးတွန်းလှဲဖြင့်အပေါ်ထပ်အခန်းတစ်ခုသို့ခေါ်သွား၏။ အခန်းကကုတင်တစ်လုံးသာရှိသောသီးသန့်ခန်း။ အတွင်းလူနာတစ်ဦး၏ အဆောင်အယောင်များဆင်မြန်းစေကာကုတင်ပေါ်ရွှေ့ပြောင်းပြီးနောက်ကျွန်တော့ကိုအောက်ဆီဂျင်ပိုက်တပ်သည်။ အတိုးအလျော့ခလုပ်နှင့်တကွဆောင်ရွက်ပုံတွေပြောပြသည်။
အတူကျန်ရစ်မည့်မရွှေတောက်ကို အခန်းတွင်းမှာနှာခေါင်းစည်းအမြဲတမ်းတပ်ဆင်ထားဖို့မှာသည် (သားငယ်ကိုအိမ်ပြန်လွှတ်လိုက်ပြီ)။ ကျွန်တော့်မှာအဆုတ်အအေးမိသည့်ရောဂါလက္ခဏာရှိကြောင်း၊ လိုအပ်ပါကတာဝန်ကျဆေးအဖွဲ့အားခေါ်ရန်နှင့်ခေါ်ရမည့်အချက်ပေးခလုပ်ကိုပြသည်။ ထို့နောက်ဆရာဝန်ရောသူနာပြုတွေပါအခန်းတွင်းမှထွက်ခွာကြလေ၏။ ဤကားကျွန်တော့်ကွာရန်တင်းအစတည်း။ သူတို့ချင်းပြောသည့်စကားထဲမှာအိုက်ဆိုလေးရှင်းဟုသာကြားနေရသဖြင့်ကွာရန်တင်းမှန်းအစကသတိမထားမိခဲ့ခြင်းဖြစ်မည်။
ထိုမှာနေခဲ့သောတစ်ပတ်ခန့်အတွင်းပြုစုစောင့်ရှောက်မှုတွေမှာအထူးတလည်မရှိ။ ကျွန်တော်ကလည်းအဖျားတက်သည်မှအပထူးထူးထွေထွေခံစားရခြင်းမျိုးမှမရှိသည်ကိုး။ သုံးနာရီခြားတစ်ခါအဖျားတိုင်းသွေးပေါင်ချိန်သည်။ မြေးပြောသောလက်သည်းညှပ်အကြီးစားဖြင့်အောက်ဆီဂျင်တိုင်းသည်။ ဆေးသွင်းဆေးတိုက်အချိန်မှန်လုပ်သည်။ မနက်နေ့လည်ညစာပုံမှန် ကျွေးသည်။ တစ်ခုပဲရှိသည်မနက်စာမှလွဲ၍ ဆေးရုံကကျွေးသောအစားအသောက်ပေါ့ရွှတ်ရွှတ်တွေကျွန်တော်မစားနိုင်။ ထို့ကြောင့်မရွှေတောက်ကိုစားစေပြီးကင်တင်းမှာသူဆင်းဝယ်ပေးသောထမင်းခေါက်ဆွဲစသည်ကိုကျွန်တော်စားသည်။
ကျွန်တော်အေးဆေးသလောက်ဆရာဝန်တွေအေးဆေးပုံမရကြ။ နှစ်ရက်သုံးရက်ခန့်ညစဉ်လူခြေတိတ်ချိန်တွင်ဆရာဝန်တစ်ဦးလာကာ ကျွန်တော့်ကိုမေးခွန်းများမေးသည်။ မေးခွန်းတွေကရိုးရိုးပင်။ အရင်ကမကြာမကြာဖျားဖူးသလား။ ချောင်းဆိုးဖူးသလား။ ကိုယ်အလေးချိန်လျော့ဖူးလား။ မိသားစုထဲမှာကင်ဆာဖြစ်ဖူးသလားတီဘီဖြစ်ဖူးသလား။ ရိုးစင်းသောထိုမေးခွန်းများနောက်ကွယ်တွင်သူတို့၏အတ္တနောမတိကသိပ်မရိုးစင်းလှသည်ကိုတော့သုံးရက်မြောက်နေ့စီနီယာဆရာဝန်မိန်းမငယ်တစ်ဦးနှင့်ကြုံတော့မှသိရလေသည်။ သူကအထက်ပါမေးခွန်းအပြင်ခရီးသွားရာဇဝင်ပါမေးသည်။ ကျွန်တော့်အဖြေကိုအားမရသည့်နှယ်လှည့်ပတ်၍လည်းမေးသည်။
နောက်ဆုံးသူကကျွန်တော့်ကိုပြီးခဲ့သောလများအတွင်းဘရိုသဲလ် (ဇိမ်ခန်း) သို့သွားခဲ့ဖူးပါသလားဟုမေးသည်အထိကျွန်တော်အံ့ဩသည့်တိုင်မတုန်လှုပ်။ သူ့ကိုလည်းတည်ငြိမ်စွာပင်ပြီးခဲ့တဲ့လကရောဘဝတစ်လျှောက်လုံးခုချိန်ထိဘယ်ဘရိုသယ်ကိုမှမသွားခဲ့ဖူးပါဘူးဟုဖြေလိုက်၏။ ထိုအခါအားနာသွားပုံရသောသူမကကပျာကယာတောင်းပန်လေသည်။ "စိတ်မရှိပါနဲ့နော်အန်ကယ်ကမြန်မာပြည်ကမို့ကျွန်မဒီလောက်အသေးစိတ်မေးနေရတာပါ" ဟူသတည်း။ ထိုအခါကျွန်တော်တုန်လှုပ်ရလေ၏။ မြန်မာပြည်ဒီလောက်တောင်ဖြစ်နေပြီလားဒေါက်တာရယ်ဆိုသောစကားကိုမူသူမကမှတ်ချက်တစ်စုံတစ်ရာမပေးခဲ့။
မြန်မာပြည်ကပဲစုတ်ပြတ်နေလို့လားကျွန်တော်ကပဲစုတ်ပြတ်နေလို့လားမသိ။ ပေါ်လီကလင်းနစ်ကဆရာဝန်ကျွန်တော့်ကို ရွှေ့ပြောင်းလုပ်သားသဖွယ်ဆက်ဆံသည်ကိုထည့်တွက်လျှင် ကျွန်တော်ပဲ ဖြစ်ဖို့များသည်။ နောက်တစ်နေ့ နံက်ဆရာဝန်ကြီးများလာရောက်ကြည့်ရှုပြီးအပြန်တွင်သူတို့အဖွဲ့ထဲမှအငယ်တစ်ဦးချန်ရစ်လျက်ကျွန်တော့ကိုအိပ်ချ်အိုင်ဗီပိုးစစ်ကြည့်လိုပါကြောင်းခွင့်တောင်းပြန်သည်။ စစ်ချင်တာသာစစ်ကြပါဟုကျွန်တော်ပြောလိုက်၏။ (မှတ်ချက်၊ ထိုစဉ်ကစင်္ကာပူမှာ ဆေးရုံတက်လူနာများအား လိုအပ်လျှင်အိပ်ချ်အိုင်ဗီစစ်ဆေးခြင်းကို လူနာထံမှသဘောတူညီချက် မတောင်းခံဘဲ ပြုလုပ်ခွင့်ဥပဒေမပြဋ္ဌာန်းရသေး၊ ယခုပြဋ္ဌာန်းထားပြီ)။
နောက်တစ်နေ့နံက်ဆရာဝန်တစ်ဦးလာပြီးကျွန်တော့်မှာ အဖျားမရှိတော့၊ တခြားဘာရောဂါမှမတွေ့။ အိပ်ချ်အိုင်ဗီလည်းမရှိကြောင်းဝမ်းမြောက်ဝမ်းသာသတင်းပေး၏။ ခါတိုင်းလိုသူ့မှာနှာခေါင်းစည်းတပ်မထားသကဲ့သို့မရွှေတောက်ကိုလည်းနှာခေါင်းစည်းတပ်ရန်မလိုတော့ကြောင်းတစ်ရက်နှစ်ရက်အတွင်းဆေးရုံဆင်းရတော့မည်ဖြစ်ကြောင်းပြောလေသည်။ ပုံမှန်လာနေကျသူနာပြုဆရာမမှလွဲပြီးတနေ့လုံးဆရာဝန်တွေမလာကြတော့။ ကျွန်တော်တို့လည်းပျော်ကြသည်။
သို့သော်ဘာကဘယ်လိုဖြစ်ရပြန်သည်မသိ။ နှစ်ရက်ခန့်ကျပြီးသားအဖျားထိုညမှာပြန်တက်လေသည်။ မနက်ရောက်သော်ဆရာဝန်တွေလာကြည့်ရင်းခေါင်းချင်းဆိုင်ကြပြန်၏။ ထို့နောက်ဆေးတစ်လုံးချိတ်ပေးရာအဖျားချက်ချင်းပြန်ကျသည်။ တစ်ရက်ဆက်၍စောင့်ကြည့်ပြီးမူလအစီအစဉ်အတိုင်းဆေးရုံမှဆင်းခွင့်ပြုလေသည်။ ကွာရန်တင်းမှကျွန်တော်လွတ်ပြီ။ အားနည်းသလိုရှိသည်မှအပသွားလာစားသောက်အားလုံးပုံမှန်ဖြစ်၏။ သို့သော်ပုံမမှန်ဟုဆိုရမည့်အခြေအနေတစ်ရပ်သည်လည်းတပါတည်းကပ်ပါလာခဲ့သည်။
ကျွန်တော်တို့ဆီမှာနိုင်ငံရေးအကျဉ်းသားများလွှတ်သည့်အခါ (ရာဇဝတ်သားတွေအပါအဝင်ဖြစ်မဖြစ်မသိ) ၄၀၁ ဆိုသောနှောင်ကြိုးဖြင့်တည်းပေးလိုက်သည့်အစဉ်အလာတစ်ခုရှိခဲ့ကြောင်းကြားဖူးသည်။ သဘော သဘာဝရော အနှစ် သာရပါမတူသည့်တိုင်ခံစားချက်ခြင်းတူနိုင်သည်မို့ နှိုင်းယှဉ်ပြောရလျှင် ဆေးရုံမှဆင်းခွင့်လက်မှတ်နှင့်အတူ စင်္ကာပူကူးစက်ရောဂါနှိမ်နင်းရေးဗဟိုသို့တစ်ပတ်အတွင်းသတင်းပိုရန်စာကိုလည်းထုတ်ပေးလိုက်သည်။ ရည်ရွယ်ချက်ကတီဘီခေါ်အဆုတ်ရောဂါစစ်ဆေးဖို့။
လွန်ခဲ့သောခြောက်လအလုပ်ဝင်စဉ်ကပင် ကုမ္ပဏီမှသတ်မှတ်ပေးသောဆေးခန်းမှာဓာတ်မှန်ရိုက်စစ်ဆေးပြီး ကင်းစင်ကြောင်းအဖြေကိုသူတို့ချင်းတိုက်ရိုက်ဆက်သွယ်ရယူထားပြီးဖြစ်ပါလျက်ယခုသို့ညွှန်ကြားခြင်းအပေါ် နားလည်ရခက်သည့်တိုင်မလိုက်နာ၍မဖြစ်။ ၄၀၁ လိုလက်မှတ်မထိုးပဲနေကာအထုပ်ဆွဲပြီးမူလနေရာပြန်ဖို့ရာလည်းမဖြစ်နိုင်ချေ။ သို့သော် သည်ကိစ္စသည်နေရာမှာလည်းမပြောတော့ပြီ။
# #
ပြန်စဉ်းစားကြည့်တော့ ထိုအချိန်၌စင်္ကာပူတွင်ကမ္ဘာကျော်ဆားစ်ခေါ် အသက်ရှူလမ်းကြောင်းကူးစက်ရောဂါကျရောက်ပြီးသည်မှာပင်မကြာသေး။ နောက်ဆက်တွဲစီးပွားရေးလူမှုရေးဒဏ်ရာတို့မှနာလံထူရန်လုံးပန်းနေဆဲမို့အရာရာသတိဖြင့်ချဉ်းကပ်လုပ်ဆောင်ခြင်းတစ်ရပ်ဟုဆိုနိုင်ပါ၏။ မပြောဟုဆိုသော်လည်းမပြောလျှင်မဖြစ်သောအရာတစ်ခုကျန်နေသည်။ ကုန်ကျစရိတ်။ ကျွန်တော့်ဘဝတွင်အမြဲတမ်းလိုလို (ယခုခေတ်စကားနှင့်) ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်တတ်ပြီးအကျဉ်းအကျပ်ရောက်သည့်အခါ တိုင်းပွဲထဲကလို ဘိုးတော်သကြားမင်းဆင်းပြီး ကယ်တော်မူခန်းနှင့်ကြုံရလေ့ရှိသောအပိုင်းလည်းဖြစ်ပါ၏။ ယခုလည်းထိုနည်းနှင်နှင်ဆိုရမည်။
ကျွန်တော့်သွင်ပြင်ကိုကြည့်ပြီး ပေါ်လီကလင်းနစ်ကဆရာဝန်လေးသုံးသပ်သည်မှာမှန်၏။ စင်္ကာပူ၏ထိပ်တန်းပုဂ္ဂ လိကဆေးရုံကြီးတွေမှာမြန်မာပြည်မှလူ့မလိုင်ကြီးများခြေချင်းလိမ်နေကြသည်ကို ထိုဆရာဝန်လေး မသိပဲနေမည်မဟုတ်။ ထို့ကြောင့်လည်းပေါ်လီကလင်းနစ်တစ်ခုတွင်သူ့နိုင်ငံသားမဟုတ်သောစုတ်တိစုတ်ချာဗမာတစ်ယောက်အားညှောင်နာနာဖြင့်မြင်ရကတည်းကဖဲသမားစကားနှင့်ပြောရလျှင် (ကန်တော့ပါရဲ့) ချီးနင်းထားတာမှန်းအသိသာကြီး။ တကယ်လည်းသူမဆင်မခြင်ပြောထွက်ခဲ့သောရောဂါသာအမှန်ဖြစ်ခဲ့လျှင်အထုပ်ဆွဲကာရွာမှာပဲပြန်၍အသေခံရုံအပြင်အခြားမရှိ။
ဆေးရုံကိုတက်တက်ဆို၍တက်လာရသည့်အခါမှာလည်းကိုယ့်ဝေဒနာနှင့်ကိုယ်မို့ထိုအကြောင်းမစဉ်းစားမိခဲ့။ မှတ်ပုံ တင်သည့်နေရာမှာဒေါ်လာငါးဆယ်သာအလျင်ပေးခဲ့ရသဖြင့်ထိုကိစ္စအကျယ်အကျ္ပယ်မငြိမ်းဖွယ်မဖြစ်ခဲ့ချေ။ အဖျား ကျပြီးနေသာထိုင်သာရှိသည်နှင့် ထိုအကြောင်းခေါင်းထဲရောက်လာသည့်တိုင် ကြီးကြီးမားမားကုသခံရခြင်းမျိုးမဟုတ်မနိုင်ရင်ကာမဖြစ်လောက်ပါဟုတွေးလျက်ခပ်အေးအေးနေခဲ့လေသည်။ ထိုအတွင်းဘိုးတော်သိကြားဆင်းလာသည်။ တိတိကျကျဆိုလျှင် မယ်တော်မဏိမေခလာဟုပြောရမည်။ ပြီးတော့ဆင်းလာခြင်းမဟုတ်ခရီးသွားဟန်လွှဲဝင်ကြည့်ခြင်းဖြစ်၏။
ကျွန်တော်ရောက်ပြီးနောက်တစ်နေ့ မြန်မာအမျိုးသမီးသူနာပြုတစ်ဦး (နှာခေါင်းစည်းတပ်လျက်) အခန်းတွင်းသို့ဝင်လာသည်။ မနေ့ကကျွန်တော်တို့ကိုလိုက်ပါကူညီခဲ့သော အသိသူနာပြုထံမှသတင်းအကြားဖြင့် လာရောက်အားပေးခြင်းဖြစ်သည်။ ထိုအချိန်ကျွန်တော့်မှာအောက်ဆီဂျင်ပိုက်တန်းလန်းနှင့်မို့စကားမပြောနိုင်။ မရွှေတောက်ကိုသာအားပေးစကားပြောပြီးပြန်သွားသည်။ ကျွန်တော်သက်သာချိန်သူရောက်သည်နှင့်ကြုံသည်တွင်စကားပြောရင်းကျွန်တော့် အလုပ်ဌာနကိုမေး၏။ ထို့နောက်ရှင်တို့ဌာနကဒီဆေးရုံမှာကျန်းမာရေးအာမခံရှိတယ်ကုန်ကျစရိတ်ကုမ္ပဏီကိုပေးခိုင်းဟုပြောလေသည် (သူသည်ကျွန်တော်နှင့်အသက်အရွယ်အားဖြင့်မတိမ်းမယိမ်းဖြစ်၏)။ ကျွန်တော်အင်းမလှုပ် အဲမလှုပ်။
သူတာဝန်ကျရာအဆောင်သည်ကျွန်တော့်အခန်းနှင့်မနီးမဝေးဖြစ်ရာသည်ဘက်ကိုကြုံတိုင်းဝင်လာပြီးထိုကိစ္စပြော၏။ ကျွန်တော့်ဘာသာပဲပေးပါ့မယ်ဆရာမရယ်ဟုပြောလျှင် ဘာလို့ပေးရမှာလဲရှင့်မှာခံစားခွင့်ရှိနေတာကို ဟုပြောသည်။ ထုံးစံအတိုင်းအငုံစိတ်ဖြင့်ကျွန်တော်က အလုပ်ဝင်တာမှတစ်နှစ်တောင်မပြည့်သေးတာ ခံစားခွင့်ရှိမယ်မထင်ပါဘူးဟုပြောလျှင် ဘာလို့မရှိရမှာလဲဟုဆို၏။ စင်္ကာပူမှာ သူမည်မျှကြာပြီမသိသော်လည်း သူ့ဟန်ပန်မှာ စင်္ကာပူသူတစ်ယောက်နှယ်ယုံကြည်မှုအပြည့်ရှိကြောင်းသတိထားမိသည်။ သို့သော်ကျွန်တော်ကလည်းအလုပ်ထဲရောက်သည်မှမကြာသေးဆေးရုံတက်စရိတ်ပေးရသည်ဆိုသောအပြောအဆိုမခံချင်စိတ်ကိုဖျောက်မရ။ စင်စစ်အညံ့စိတ်မှန်းသိပါလျက်မပြင်နိုင်။ နောက်ထပ်သူလည်းမလာတော့။
ဆေးရုံမဆင်းခင်တစ်ရက်မှာသူရောက်လာပြီးကျွန်တော့်ကုမ္ပဏီရုံးဖုန်းနံပါတ်တောင်းသည်။ ကျွန်တော်ပေးလိုက်ရ၏။ နာရီပိုင်းခန့်အကြာရှင့်ကုမ္ပဏီကို ကျွန်မဖုံးဆက်ပြီးပြီ၊ အားလုံးအဆင်ပြေတယ် မနက်ဖြန်ဘာမှပေးစရာမလိုဘူးလက်မှတ် ထိုးပြီးဆင်းသွားရုံပဲဟုအခန်းဝမှလှမ်းပြောကာလှည့်ပြန်သွားလေသည်။ အံ့ဩဝမ်းမြောက်စွာကျွန်တော်ပြောသောကျေးဇူးတင်စကားကိုကြားဟန်ပင်မတူချေ။ ပွဲထဲကဖိုးသိကြားကမှကယ်ဆယ်ပြီးစက်ကြိုးယန္တရားနှင့်ပျံတက်ကာကောင်းကင်ယံတွင်ကိုယ်ထင်ပြချင်ပြဦးမည်။ သူ့ကိုကျွန်တော်ထပ်မမြင်ရတော့သည်မှာယနေ့ထိ။
ကျေးဇူးနှင့်ပတ်သက်လျှင်ပျားစားလက်ဆေးရေရုပ်ရေးသို့ဟုမာဃဒေဝတွင်ဆိုထားသည်။ တင်ခဲ့ဖူးသောကျေးဇူးကိုအလွယ်မေ့ပျောက်ခြင်းဟူသောအဓိပ္ပါယ်ဖြစ်၏။ ကျေးဇူးကိုမမေ့သော်လည်း ထိုကျေးဇူးရှင်၏အမည်ကိုမေ့နေပြီ။ နာမည်မှတ်သားရာဝယ်လွန်စွာညံ့ဖျင်းသောကျွန်တော့်အားနည်းချက်ကြောင့်ဖြစ်၏။ စင်္ကာပူတွင်တစ်မျိုးပြီးတစ်မျိုးသောလောကဓံများအကြား နှစ်အတန်ကြာဆက်လက်၍ လွန့်လူးရှင်သန်စဉ်ကြိုက် ပွဲဦးထွက် ထိုအတွေ့အကြုံအကြောင်းတွေးမိစကားစပ်မိတိုင်းသူ့ကျေးဇူးကိုအမှတ်တရဖေါ်ပြောဖြစ်သည့်တိုင်လူချင်းတွေ့ဆုံပြောဆိုခွင့်မရခဲ့။ သူကလည်းတတမ်းတတဂုဏ်ရည်ပြလိုသူတစ်ဦးဟုတ်ဟန်မတူပါချေ။
သို့သော်သူ့ခင်ပွန်းစင်္ကာပူမှပြန်ပြီး ရန်ကုန်တွင်အိမ်ဆောက်နေသည်ဆိုသော ထိုစဉ်ကစကားအရ သူတို့လည်းခုဆိုရန်ကုန်ပြန်ရောက်နေကြလောက်ပြီထင်သည်။ ကွာရန်တင်းအကြောင်းတောင်တွေးမြောက်တွေးတွေရေးဖြစ်ရာမှ ပြန် လည်အမှတ်ရလာသောကျေးဇူးရှင်မိသားစုရောက်ရာအရပ်ရှိရာနေရာမှာသုခပေါင်းစုံ၊ တတိုင်းကုံလုံလျက်၊ လုံခြုံနွေးထွေး၊ ကပ်ရောဂါဘေးမှလည်းကင်းဝေးကြပါစေကြောင်းလှိုက်လှဲစွာဆုတောင်းရပါသတည်း။ ကိုယ်တွေ့ကွာရန်တင်းမှတ်တမ်းဤတွင်ရွေ့နိဋ္ဌိတံ။
No comments:
Post a Comment