ကျွန်တော့်ဘဝ ကသောင်းကနင်းတွေ မွေးကတည်းက စသည်ဟု ဆိုရ မည်လားမသိ။ စမ်းချောင်းဇာတိ ကျွန်တော့် မှတ်ပုံတင်က ပန်းတနော် နံပါတ်၊ နောက်ပိုင်းနိုင်ငံသား ကဒ်ခေတ်တွင် ဒလနံပါတ် ဖြစ်သွား၏။ နံပါတ်ပြောင်းသွားသော်လည်း မွေးဖွားရာ ဇာတိကို ရန်ကုန်ဟုသာ တောက်လျှောက် ဖေါ်ပြခဲ့ရာမှ နိုင်ငံကူးလက်မှတ်ထဲတွင်မူ မွေးဖွားရာ ဒေသ ဝါးခယ်မဖြစ်ရ ပြန်သည်။ ထိုသို့ အဆီအငေါ် မတည့်မှုတွေက သူ့အလိုလိုဖြစ်လာကြသည်တော့မဟုတ်။ အားလုံးပင် သူ့အကြောင်းနှင့် သူ၊ သူ့အဆက်အစပ်နှင့် သူ ဖြစ်ကြရသည် ချည်းပင်။
ကျွန်တော် (အမေ့စကားအတိုင်းပြောရလျှင်) အခါလည်သားတွင် ဖေဖေ့ အဆုံးအဖြတ်ဖြင့် မိသား တစ်စုလုံး ပန်းတနော် ကျုံတုံး ကျေးရွာ သို့ပြောင်းရွှေ့နေထိုင် ခဲ့ကြ၏။ ထိုမှာနေခိုက် မှတ်ပုံတင်တွေ အိမ်တိုင်ယာရောက် ကွင်းဆင်း ဆောင်ရွက်ပေး သည်နှင့် ကြုံကြိုက်သောကြောင့် အသက်ပြည့်သူတွေ (အဖေ အမေနှင့် အစ်ကိုကြီး) ကို ကဒ်ပြားထုတ်ပေးကာ ကျန်မိသားစုဝင်များကို မှတ်ပုံတင်အမှတ် သတ်မှတ် ပေးပြီး စာရင်းသွင်း ထားခဲ့လေရာ လေးနှစ်သားကျွန်တော်အပါအဝင် မိသာစုအားလုံး မှတ်ပုံတင် နံပါတ်ကိုယ်စီနှင့်ဖြစ် ခဲ့ကြလေသည်။ အချိန်တန်သည့် အခါ (ဆယ့်နှစ်နှစ်ပြည့်သည့်အခါ) ထိုအမှတ်နှင့်ပင် မှတ်ပုံတင်ကဒ်ကို ဆိုင်ရာမြို့နယ်ရုံး သို့သွားရောက် ထုတ်ယူလိုက် ရုံပင်ဖြစ်သည်။ အနှီစီမံချက်အရ ရန်ကုန်ဇာတိအဖေနှင့် ဝါးခယ်မဇာတိအမေသာမက ရန်ကုန်မှာ မွေးကြသော သားသမီးများ အားလုံး မှတ်ပုံတင်မှာ ပန်းတနော်နံပါတ်တွေချည့်ဖြစ်ကုန်ကြတော့၏။
ထိုအစီအစဉ်သည် ကျွန်တော်တို့လိုအိမ်ခြေယာခြေမမြဲသူတွေအတွက် အဆင်ပြေသင့်သမပြေခဲ့။ ကျွန်တော် အသက် ဆယ့်နှစ်နှစ်ပြည့်မှတ်ပုံတင် လုပ်ရမည့်အချိန်တွင်ရန်ကုန်မှာ ပြန်လည် အခြေချနေပြီ ဖြစ်သဖြင့် နေထိုင်ရာမြို့နယ် (စမ်းချောင်း) အမျိုးသား မှှတ်ပုံတင်ရုံးသို့သွားရ၏။ ပထမဆုံး အကြိမ် မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်သော်လည်း သန်းကောင်စာရင်းတွင် ပန်းတနော်နံပါတ်ရေးသွင်း ပြီးဖြစ်ခြင်းကြောင့် စမ်းချောင်းရုံးမှ မှတ်ပုံတင်ထုတ်မပေး။ ဆိုင်ရာမြို့နယ် (ပန်းတနော်) မှသာ ထုတ်ပေး ခွင့်ရှိသည်။ မြို့နယ်ခြင်းဆက်သွယ် တောင်းခံပေးမည်ဆိုကာ ယာယီမှတ်ပုံတင်စာရွက်သာ ထုတ်ပေး လိုက်သည်။ မစုတ်မပြဲအောင် အထူးသတိထားရသည့် ဖူးစကက်စာရွက်တစ်ဝက်စာ ထိုယာယီ မှတ်ပုံတင် သည် ကျွန်တော်ကျောင်းသားဘဝတစ်လျှောက်လုံးသာမက လုပ်ငန်းခွင်ဝင်သည့်တိုင် ကိုင်ဆောင်ခဲ့ရသော နိုင်ငံသားအသိအမှတ်ပြုလက်မှတ်ဖြစ်လေသည်။
မြို့နယ်ချင်း ဆက်သွယ်တောင်းခံပေးမည်ဆိုသော မှတ်ပုံတင်ကဒ်ပြားမရောက်လာသည့်အပြင် ယာယီ စာရွက်က ဟောင်းနွမ်းဆွေးမြေ့ နေပြီး ကိုယ်တိုင်ပြန်တမ်းဝင်အရာတစ်ယောက်ဖြစ်သည့်တိုင် ယာယီ မှတ်ပုံတင် ကိုင်နေရသည်ကိုလည်း ရှက်လာသည့်အဆုံး ကလေးဘဝ က ဖြတ်သွားဖြတ်လာရုံမှအပ မရောက်ဘူးခဲ့သည့် ပန်းတနော်မြို့သို့ရေလမ်းခရီးဖြင့် ကိုယ်တိုင် သွားရောက်ကာ (ထိုအချိန်က ကားလမ်း ခရီးတွေ မရှိသေး) အသိတစ်ယောက် မိတ်ဆက်ပေးထားသော မှတ်ပုံတင်ရုံးအရာရှိထံ ဝင်တွေ့ပြီးနောက် နေ့ချင်းပြီးမှတ်ပုံတင်ကဒ်ကို ပြုလုပ်ခဲ့ရ၏။ မှတ်မိသလောက် ထိုကဒ်ပြားသည်မှတ်ပုံတင်ကဒ်ပြားသာ ဖြစ်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြု ကဒ်ပြားမဟုတ်ကြောင်းကို ‘မည်သည့် နိုင်ငံသားဟုဖေါ်ပြရုံဖြင့် ဤလက်မှတ်ကိုင်ဆောင်သူသည် အကယ်စင်စစ် ထိုနိုင်ငံသားဖြစ်သည် ဟု သက်သေခံခြင်း အလျင်း မရှိစေရ’ ဟု ထင်ရှားစွာရိုက်နှိပ်ထားလေသည်။ ငါးနှစ်ခန့် ထိုကဒ်ပြားကို ကိုင်ဆောင်ပြီးနောက် နဝတ အစိုးရတက်လာပြီး နိုင်ငံသားကဒ်တွေ အသစ် ထုတ်ပေးသည့်အခါ ကျွန်တော်က လုပ်ငန်းခွင်ရှိရာ ဒလ မြို့နယ်မှာနေသည်မို့ ဒလနံပါတ်ဖြင့်ထွက်ရှိခဲ့၏။ ယင်းမှာ စမ်းချောင်း ဇာတိကျွန်တော် နိုင်ငံသား မှတ်ပုံတင် အလိုအရ ဒလသားဖြစ်ရခြင်းအကြောင်းဖြစ်လေသည်။
ပြည်တွင်းမှာဝမ်းဟာလာသည့်အခိုက် ကံကောင်းထောက်မစွာ ဘန်ကောက်တွင်အလုပ်လုပ်နေသောဆရာသမားတစ်ဦးကခေါ်သည်နှင့်ကြုံသဖြင့် တစ်နှစ်တော့လုပ်ကြည့်ပါမည်ဆိုကာသွားဖို့ပြင်ဆင်သည်။ သည်တွင်အခက်အခဲတစ်ခုကြုံရ၏။ ကျွန်တော်ဝန်ထမ်းဘဝနှင့်နိုင်ငံခြားသွားခဲ့ဖူးရာ ယခုသို့ပတ်စပို့လျှောက်မည်ဆိုတော့အမြန်ရအောင်ထုံးစံအတိုင်းပွဲစားလက်အပ်ရသည်။ ကျွန်တော့်မှာအထူးပတ်စပို့(အစိမ်းရောင်)ရှိမှန်းသိသောသူက ကိုယ်ရေး အချက် အလက်အားလုံးတူနေလျှင်ပြဿနာရှိနိုင်သည်ဆိုကာ မွေးရာဇာတိကိုပညာသင်ကြားဖူးသောကျောင်းများထဲမှယူပြီးဝါးခယ်မဟူ၍ဖြည့်စွက်ခဲ့၏။ ကျွန်တော်ကလည်းမကန့်ကွက်ခဲ့။ မရမှာကြောက်သည်ကိုး။
ဝါးခယ်မဆိုသည်မှာလည်း မိခင်ဇာတိမြို့ဖြစ်သည့်ပြင် မမေ့နိုင်သောကျွန်တော့်ငယ်ဘဝဖြစ်တည်ရာမို့ အချက်အလက်လွဲသည့်တိုင် ထူးထူးထွေထွေပြောစရာမရှိ။ မပြောရုံမကစာအုပ်သစ်လေးငါးခါပြုလုပ်ပြီးဖြစ်သည့် ယခုတိုင်မွေးရာဇာတိဝါးခယ်မကိုကျေနပ်စွာထည့်သွင်းခံယူထားဆဲဖြစ်ပါ၏။ ဝန်ခံရလျှင်ကိုယ်ကအချက်အလက်မှန်စေချင်၍ ပြောင်းကာမှပိုရှုပ်ကုန်မှာစိုးသည်လည်းပါသည်။ သည်နိုင်ငံပတ်စပို့ကကမ္ဘာမှာမျက်နှာငယ်သလောက်ပြည်တွင်းမှာအလွန်တရာနတ်ကြီးကြောင်းကြုံဖူးသူတိုင်းသိကြမည်ဖြစ်ရာ ကျွန်တော့်အဖြစ်ကိုလည်း နားလည်စာနာနိုင်ကြမည်ထင်ပါ၏။
# #
ဝန်ခံရလျှင် ယ္ခုအခါကမ္ဘာကျော်နေသော ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံသားဥပဒေကိုတိတိကျကျကျွန်တော် မသိ။ ယင်းမှာ ကျွန်တော် သည်မွေးရာပါနိုင်ငံသားဖြစ်သောကြောင့် ထိုဥပဒေနှင့်အကျုံးဝင်ပြီးဖြစ်ခါ သိရန် မလိုဟု ယူဆထား၍ဖြစ်မည်။ နိုင်ငံသားမိဘနှစ်ပါးတို့မှ နိုင်ငံအတွင်းမှာမွေးဖွားခဲ့ခြင်းသည် မွေးရာပါနိုင်ငံသား ဖြစ်ဘို့ရာ လုံလောက်သောအချက်မဟုတ်ပါလား။ သို့သော် ဤအချက်ဖြင့်ပင် ကျွန်တော်တို့၏ မိဘတွေ နိုင်ငံသားများ ဖြစ်ကြောင်းပြောဘို့ရာ အတန်ခက်မည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တစ်တွေ ကိုလိုနီခေတ်မှာ မွေးဖွားခဲ့ကြသောကြောင့်ဖြစ်၏။ မိဘများ၏မိဘ ကျွန်တော့်ဘိုးဘွားများ မွေးဖွားချိန်ဆိုလျှင် ကိုလိုနီခေတ်ဦးပိုင်း ဖြစ်ရာ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ တိကျရေရာသော ဥပဒေတစ်ရပ်ပင်ရှိပုံမပေါ်။ တိုင်းတစ်ပါးသားတို့၏လက်အောက်မှာ တိုင်းရင်းသားမဟုတ် သူများ ဝင်ထွက် သွားလာအခြေချမှုနှင့် သွေးနှောမှုတွေ မလွဲမသွေ ကြုံရမည်ဖြစ်ရာ ဥပဒေတစ်ရပ်သတ်သတ်မှတ်မှတ် မရှိသည့်အခါ မည်သူတွေနိုင်ငံသားဖြစ်ထိုက်သည်ကို တိတိပပပြောဘို့ရာမလွယ်။ နိုင်ငံသားဆိုသည်ကို သတ်မှတ်ရာတွင်လည်း နိုင်ငံတစ်ခုအတွင်း အစဉ်အဆက် နေထိုင်ရုံ ထိုနိုင်ငံမှာမွေးဖွားရုံနှင့် ပြီးပြည့်စုံသည် မဆိုသာ။
အထူးသဖြင့် ယခုကဲ့သို့နိုင်ငံကူးပြောင်းအခြေချသူတွေပိုမိုများပြားလာသည့်ကာလမျိုးတွင် ထိုကိစ္စ ပိုမို ရှုပ်ထွေး၍ အငြင်းပွားဘွယ် ရာတွေရှိနိုင်သည်။ နိုင်ငံတစ်ခု၏အစီးအပွားနှင့် ဓလေ့ထုံးဆံ ဘာသာစကား စာပေယဉ်ကျေးမှု အစရှိသည်တို့ကို နှစ်သက်မြတ်နိုး တန်ဘိုးထားစိတ် တိုးတက်အောင်ကြံဆောင်လိုစိတ် ခြုံ၍ပြောရလျှင် နိုင်ငံချစ်စိတ်ဆိုသည် ထိုနိုင်ငံမှာမွေးဖွားခြင်းနှင့်နေထိုင်ခြင်းတို့ဖြင့် သာလျှင် တိုင်းတာ၍ မရစကောင်း။ ထိုသို့တိုင်းတာသရွေ့ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုဘောင်ခတ် ထားသလိုရှိမည်။ ဒါက ကျွန်တော့်အမြင်သာဖြစ်ပါသည်။ စင်စစ် လူ့သမိုင်းဆိုသည်ကိုက ရွေ့လျားအမဲလိုက်သမားများ (Hunter-gatherers) အစုအဖွဲ့လိုက် ရွှေ့ပြောင်း အခြေချရင်း နှစ်သန်းပေါင်းများစွာအတွင်း လူသားမျိုးနွယ်စုများ အဖြစ်ပေါ်ပေါက် ခဲ့ခြင်းဖြစ်ရာ နယ်မြေကူးသန်းမှုများ သမိုင်းစဉ်ဆက် ရှိနေကြမည်သာဖြစ်၏။ အနောက်နိုင်ငံသားအချို့ သူတို့၏မျိုးရိုးစဉ်ဆက်ကို နာမည်မှတစ်ဆင့်လိုက်လံရှာဖွေရာတွင် ရေခြားမြေခြား သမုဒ္ဒရာခြားသည်အထိရောက်ရှိ အဆုံးသတ်ကြသည်မှာ ထိုသဘောပင်ဖြစ်သည်။ ဒီအင်အေ စံနစ် ပေါ်ပေါက်လာသောအခါ ရှာဖွေရပိုမိုလွယ်ကူတိကျလာသည်နှင့်အမျှ နဖူးစာရွာလည်သွေးနှောသည့် သာဓက ပိုမိုထင်ရှားလာလေသည်။
# #
ကျွန်တော့်မိခင်ဘက်မျိုးဆက်သည် မန္တလေးမှဖြစ်ကြ၏။ အဖွားမကွယ်လွန်မီက တစ်ခါတစ်ခါ စိတ်ပါ ဝင်စားစွာ ပြေပြချက်များအရ အဖွားတို့ဘိုးဘွားတွေက မင်းခစားနန်းတွင်းသူနန်းတွင်းသားတွေဖြစ်သည်။ သီပေါမင်း ပါတော်မူသည့်အခါ (ခေတ်ပျက်တော့ဟု အဖွားပြောလေ့ရှိသည်) နန်းတွင်းကိုစွန့်ခွာကြရာ၌ အချို့က ပြည်နယ် တွေဘက် အချို့မြေလတ်ပိုင်း အချို့့ကအောက်အရပ်သို့တိုင်အောင် ရောက်ရှိကြသည်။ အဖွားတို့က အောက်အရပ်သို့စုန်ဆင်းသည့်အစုအဖွဲ့တွင်ပါဝင်ပြီး မြစ်ဝကျွန်းပေါ်ဒေသ ဝါးခယ်မနှင့် ကျုံမငေးတို့ဘက်မှာ အခြေချခဲ့ ကြခြင်းဖြစ်သည်။ စင်စစ် မန္တလေးသည်ပင်အဖွားတို့မျိုးရိုးဇာတိ အစစ် အမှန်ဖြစ်ချင်မှဖြစ်မည်။ ဤသည်ကိုတော့ အဖွားပြောပြခြင်းမဟုတ်ဘဲ ကျွန်တော့်ဘာသာဆင်ခြင် မိခြင်းဖြစ်၏။ အဖွားမကွယ်လွန်မီက တစ်နှစ်တစ်ခါ ဝါကျွတ်တိုင်း ပြည်လယ်ပြင်မောင်နှမခေါ် ရှမ်းမောင်နှမကို ရိုးရာအဖြစ်ကန်တော့လေ့ရှိရာ အဖွားတို့ဘက်တွင် ရှမ်းမျိုးရှမ်းနွယ်ရှိခဲ့ပုံရသည်ဟု ဟု ယူဆစရာဖြစ်လေသည်။ အဖွား၏ ပုံပန်းသဏ္ဍန်ကလည်း ရှမ်းတိုင်းရင်းသူလို ဖြူဖြူသွယ်သွယ်ဖြစ်၏။ မိခင် ဘက်မှအဖိုးကို ကျွန်တော်မမြင်ဘူး။ သို့သော်ကျွန်တော့်မိခင်က အသားညိုဖြစ်ရာ အဖွားနှင့်မတူ အဖိုးနှင့်တူပုံရသည်။ မည်သို့ဆိုစေ ကျွန်တော့်မိခင်ဘက်မှာ ရှမ်းဗမာ တိုင်းရင်းသား စစ်စစ်တွေဟု ပြောနိုင်လေသည်။
ဖခင်ဘက်ကျတော့ တိုင်းရင်းသားမစစ်။ နိုင်ငံသားမစစ်ဟုပင်ပြော၍ရမည်လားမသိ။ အကြောင်းမှာ ဖခင် ဘက်မှ ကျွန်တော့်အဖိုးသည် တရုပ်ပြည်ယူနန်နယ်ဘက်မှကူးသန်းဝင်ရောက်လာသူတစ်ဦး ဖြစ်သော ကြောင့်ပင်။ ဖခင်၏မိခင် ကျွန်တော့်အဖွားသည်လည်း ဝါးခယ်မဇာတိ ဖြစ်ရာ သူတို့တွေမည်သို့တွေ့ဆုံပြီး အကြောင်းပါကြသည်မသိသော်လည်း အိမ်ထောင်ပြုပြီးနောက် ရန်ကုန်မှာပင် အခြေချကြပြီး ကျွန်တော့် ဖခင်အပါအဝင် သာသမီးလေးဦးကို လမ်းမတော် ၁၉ လမ်းမှာနေထိုင်စဉ်မွေးဖွားခဲ့၏။ ကျွန်တော်၏ ဖခင်သည် တတိယမြောက် ဖြစ်သော်လည်း ပထမဆုံးသားယောက်ကျားလေးဖြစ်သောကြောင့် (တရုပ် အသိုင်းအဝန်းထုံးဆံ) မျိုးနွယ်ကို စောင့်ရှောက်ရန် ရည်ရွယ် အားထားခံခဲ့ရပုံရလေသည်။ ဤသည်မှာ လူကြီးစကားဝိုင်းထဲဝင်၍ နားထောင်လေ့ရှိသော ကျွန်တော်ငယ်စဉ်ကတည်းက ကြားသိ ခဲ့ရခြင်းဖြစ်ပြီး ထိုအတွက်ဖခင်၏ ရပ်တည်ချက်နှင့် စွန့်စားခန်းမှာလည်း ကျွန်တော့်အတွက် သူရဲကောင်းပုံပြင် တစ်ခုနှယ် မှတ်သားစရာ ဖြစ်ခဲ့လေသည်။
အဖိုးအဖွားတို့က သမီးကြီးနှစ်ယောက်ကို မိန်းခလေးမို့ ပညာရေးအားမပေးသော်လည်း ကျွန်တော့် ဖခင်ကိုမူ သားကြီးသြရဿအဖြစ် (သူတို့နည်းသူတို့ဟန်) ပညာတတ်ဖြစ်စေချင်ခဲ့ပုံရ၏။ ထို့ကြောင့် သူတို့ခေတ်က တရုပ်မိသားစုများအားထားရာ တရုပ်ကျောင်း တစ်ကျောင်းတွင် အပ်နှံကာပညာသင်စေ သည်။ ဖခင်ကတရုပ်ကျောင်း မတက်ဟုငြင်းဆန်သည်။ အတင်းအကြပ် တက်စေသောအခါ ကျောင်း လွယ်အိပ်ကို ကွမ်းယာဆိုင်မှာ ပိုက်ဆံပေး၍ အပ်နှံပြီးတစ်နေကုန်လျှောက်သွားကာ ကျောင်ဆင်းချိန်ကျမှ လွယ်အိပ်ယူ၍ အိမ်ပြန်သည်။ လူကြီးများ သိသွားသောအခါ ကျောင်းမပြေးစေလိုလျှင် ဗမာကျောင်းထားပေး ရန် အတိုက်အခံပြုပြော သဖြင့် နောက်ဆုံး မိဘများကလိုက်လျောပြီး ကျောင်းပြောင်းပေးရသောဟူ၏။ သို့သော် အလယ်တန်းအရောက်တွင် စစ်ကြီးဖြစ် လာသောကြောင့် ပညာရေးရပ်ဆိုင်းသွားခဲ့ရသည်။ ထိုမှ အဖွား၏ဇာတိ ဝါးခယ်မဘက်သို့ စစ်ရှောင်ရင်း ဝါးခယ်မသူအမေနှင့် ဖူးစာဆုံပြီး ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျသည်။ ဂျပန်ခေတ်တွင် ရန်ကုန်သို့ပြန်လာကာ စမ်းချောင်းဘက်မှာနေ၍ ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်ကြ၏။ ထိုမှာပင် ကျွန်တော်တို့ (ကျွန်တော့်အထိ) သားသမီးလေးယောက် မွေးသည်။ ကျန်သားသမီး သုံးယောက်ကိုမူ ပန်းတနော်မှာနှစ်ယောက် ဝါးခယ်မမှာ တစ်ယောက်မွေးခဲ့ခြင်းဖြစ်၏။
ဤသို့လျှင် ကျွန်တော့် မှတ်ပုံတင်နံပါတ်မှာ ဒေသတွေကွဲပြားသလို ကျွန်တော်တို့ ညီအကိုမောင်နှမများ၏ မွေးရာဇာတိတွေ ကွဲပြား ကြသော်လည်း နိုင်ငံသားဖြစ်ခြင်းနှင့်ပါတ်သက်၍ (ဖခင်ဘက်ကသွေးနှော သည့်တိုင်) စိုးစဉ်းမျှ သံသသယမရှိခဲ့ကြ။ ထိုသွေးနှောသူ အဖိုးက စစ်အတွင်းမှာပင်ဆုံးပါးခဲ့ပြီး ဖခင်မှာလည်း ငယ်ငယ်ရွယ်ရွယ် ကွယ်လွန်ခဲ့ပြန်ရာ ကျွန်တော်တို့မိသားစုသစ်ပင်၏ သွေးနှော ရာဘက် အကိုင်းမှာ စောစောစီးစီးလဲပြို ကျိုးပြတ်သလိုဖြစ် နေသည်။ သို့သော် မျိုးရိုးဇာတိဆိုသည်က ဆွေခုနှစ် ဆက်မျိုးခုနှစ်ဆက် ပျောက်ပျက်တတ် သည်တော့မဟုတ်။ ကျွန်တော့်မှာရှိပြီးသား တိုင်းခြားသွေးနှစ်ဆယ့် ငါးရာခိုင်နှုံးကို မည်သည့်အကြောင်းနှင့်မျှ ဖျောက်ဖျက်၍မရ။ ငြင်းပယ်ရန်လည်းမဖြစ်နိုင်။ ယ္ခုခေတ် တွင်ကျယ်နေသောပုံခိုင်းဖြင့် မြင်သာအောင်ပြောရလျှင် ကျွန်တော်သည် သွေးအရာတွင် တစ်မတ်သား စွန်းထင်းသူ။ ထိုအတွက် ကျွန်တော်ဘာတစ်ခုမျှတတ်နိုင် သည်တော့မဟုတ်။ သို့သော် စိုးနှောင့်ဗျာပါ တစ်စုံတစ်ရာမရှိ။ နိုင်ငံသားတစ်ဦးပြီသရေးကို ဗီဇသွေးရာခိုင်နှုံးဖြင့် တိုင်းတာလျှင်ပြီးပြည့်စုံသည်ဟု ကျွန်တော်မယုံကြည်သလို နိုင်ငံသားတစ်ဦး အဖြစ် ကိုယ်ရေးခဲ့သောသမိုင်းကိုကိုယ် ရာနှုံးပြည့် အားရ ကျေနပ်မှု ရှိသောကြောင့်ဖြစ်၏။
# #
ငယ်စဉ်က တရုတ်စာသင်ရန်ငြင်းဆန်ခဲ့သောဖခင်သည် ငှက်ပျောပင်စိုက်မိလိုက်ဘပါ ဆိုသောသဘော ကိုပင် လက်မခံပဲ အရာရာမြန်မာဆန် ခဲ့သူတစ်ဦးဖြစ်ရုံမက မြန်မာမှုကိုလွန်စွာ အလေးထားသူတစ်ဦး ဖြစ်ကြောင်း ကျွန်တော်သိမီသမျှ ပြော၍ရသည်။ ပြီးတော့ ခေတ်ပညာမတောက်တစ်ခေါက်သာ တတ် သော်ငြား စာဖတ်နာ သောကြောင့် ခေတ်မီစွာတွေးခေါ်မြော်မြင်တတ်သည်ကိုလည်း အိမ်မှာ ဧည့်သည် မပြတ်သော စကားဝိုင်းများမှ တစ်ဆင့်သော်လည်းကောင်း ကွယ်လွန်သည့်အခါကျန်ရစ်သော မှတ်စု မှတ်တမ်းများ အရသော်လည်းကောင်း ကျွန်တော်ပြောနိုင်၏။ နိုင်ငံရေး၌တက်ကြွသူတစ်ဦးအဖြစ် အိမ်စောင့်အစိုးရလက်ထက်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ တည်မြဲကြီးစိုးသောအရပ်မှာ သန့်ရှင်းအနိုင် ရအောင် စည်းရုံးခဲ့သဖြင့် (နိုင်လည်းနိုင်ခဲ့သည်) တည်မြဲကို သွယ်ဝိုက်စွာ အားပေးသော စစ်တပ်၏ ညိုညင်မှုခံရ သည်အထိဖြစ်ခဲ့ဘူးသည်။ ကျွန်တော် စာဖတ်ဝါသနာပါခြင်းနှင့် နိုင်ငံရေးမှာ (ကိုယ်တိုင် မလှုပ်ရှား သည့်တိုင်) စိတ်ဝင်တစားရှိခြင်းသည် ဖခင်ဘက်မှ ဗီဇ ကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ ပြောရလျှင် လူဆိုတာနိုင်ငံရေးသတ္တဝါဖြစ်သည် ဆိုသော အရစ္စတိုတယ်၏စကားကို အရွယ်မရောက်ခင် ကပင် ကြားဘူး နားဝရှိနေခဲ့ခြင်းမှာ ဖခင်အမွေဟုဆိုနိုင်သော မှတ်စုများ၏ကျေးဇူး ကြောင့်ဖြစ်လေသည်။
မိခင်ဘက်မှာ နိုင်ငံရေးဗီဇမရှိ။ သို့သော် ပညာရေးဗီဇတော့ရှိသည်။ ကျွန်တော့်မိခင်သည် အတန်းစာ ဟုတ္တိပတ္တိ သင်ယူခဲ့ ဘူးခြင်းမရှိသည့်တိုင် သူမ၏မိခင်ဘက်မှအဖိုး (ကျွန်တော့် အဘိုး) က နယ်လှည့် ပညာဝန်ဟု ခေါ်ကြ သော ပညာရေး ဝန်ထမ်းဖြစ်၏။ ထို့ကြောင့်ပင် အမေ့ထက်စာလျှင် အဖွားက စာပိုတတ်ခြင်းဖြစ်မည် ထင်သည်။ အဖွားနှင့်အမေတို့၏ စကားများ အတိုင်းပြန်ပြောရလျှင် ထိုကျွန်တော်၏ အဘိုးမှာ သူ့ခေတ်နှင့်သူ ဝါးခယ်မတွင် ထင်ရှားသောကျောင်းဆရာတစ်ဦီးဖြစ်ပြီး သူ၏တပည့်တွေထဲမှာ နောင်တွင်ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနုနှင့် စာရေးဆရာမကြီး ခင်နှင်းယုဖြစ်လာမည့် ဒေါ်ခင်စုတို့ မောင်နှစ်မ အပါအဝင်ဖြစ်ခဲ့ကြ၏။ ထိုသို့သော အဘိုးက သူ့သမီး (ကျွန်တော့်အဖွား) နှင့် သား (အဖွား၏မောင်) တို့ကို ပညာတတ်ကြီးများဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ ခြင်းအတွက်မူ သံဝေဂအဖြစ်ဆင်ခြင်ရန်သာရှိတော့၏။ အဖွား၏မောင်ဆိုလျှင် ဦးနုနှင့်အတန်းတူသူငယ်ချင်း ဖြစ်ခဲ့ဘူးသည့်တိုင် ပညာရေးနှင့်ပတ်သက်၍ အထက်တန်း အဆင့်ပင် ပြီးဆုံးခဲ့ဟန်မတူချေ။ သို့သော် မျိုးဆက် တစ်ဆက်ခြားသည့် ကျွန်တော့် မိခင်၏ သားသမီးများထဲ၌ အတန်းပညာကိုခုံမင်သူအဖြစ်ကျွန်တော်တစ်ယောက် (ကျန်ညီအစ်ကိုများမှာ အမေ့ဖခင် ဘက်နွယ်ကာ လက်မှုပညာဘက်မှာ အားသာကြသည််) ပါဝင်လာသောအခါ ဘမျိုးဘိုးတူသူအဖြစ် အမေနှင့်အဖွားတို့က ကျွန်တော့်ကိုပြောကြသည်။ မည်သို့ဆိုစေ ကျွန်တော်ကလည်း ထိုသို့သတ်မှတ် ခံရခြင်းအပေါ်ကျေနပ်မိသည်သာဖြစ်လေသည်။
ပညတ်သွားရာဓာတ်သက်ပါသည်လားမသိ ကျွန်တော့်ဖခင်မှာတရုတ်သွေးတစ်ဝက်ပါသော်ငြား တရုတ်နှင့် မတူ။ အထူးသဖြင့် အသားအရေမှာ အသားလတ်ဟုသာဆိုနိုင်သည့် မဖြုမညိုဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မိသားစုနှင့်ထိတွေ့ဆက်ဆံရာ ပတ်ဝန်းကျင်က ကျွန်တော်တို့မှာ ကကသစ် (တိုင်းခြားသွေး တစ်ဝက်ရောလျှင် ကပြား တစ်စိတ်ရောလျှင် ကကသစ်ဆိုလားကကတစ်ဆိုလား အရပ်အခေါ်ရှိကြောင်း မှတ်သားဘူးသည်) တွေ ဖြစ်ကြောင်း မပြောလျှင်မသိကြ။ တက္ကသိုလ်တတိယနှစ်နွေရာသီ၌ သူငယ်ချင်း တစ်ဦးနှင့်အတူ ခရီးထွက်ကြ ရင်း တောင်ကြီးနှင့်မန္တလေးရှိ အဒေါ်ရင်းများ (ကျွန်တော့်ဖခင်၏ အစ်မနှစ်ဦး) ထံအလည်ရောက်ကာ ၄င်းတို့၏ သားသမီး (ကျွန်တော့်ဝမ်းကွဲ အစ်ကိုအစ်မ) များနှင့်ပါ တွေ့ဆုံနှုတ်ဆက် ခဲ့သည်။ အပြန်တွင် ကျွန်တော့် သူငယ်ချင်းက တအံ့တသြနှင့် “မင်းတို့ ဂန္ဓာလရာဇ်မျိုးတွေဆိုတာ ငါခုမှယုံတယ်ကွာ” ဟုပြောလေသည်။ ကျွန်တော်ကလည်း “မင်းမှမဟုတ်ဘူး ငါလဲငါ့ကိုယ်ငါ ဘယ်အမျိုးမှန်း ခုမှစိတ်ချလက်ချသိတော့တယ်” ဟု သူ့စကားကို ထောက်ခံလိုက်၏။ ပြောမည်ဆို ပြောလောက်သည်။ ကျွန်တော့်ဖခင်က မိခင် (ကျွန်တော့်အဖွား) ဘက်လိုက်ကာ အသားညိုသော်လည်း သူ့အစ်မနှစ်ယောက်စလုံးက ဖခင် (ကျွန်တော့် အဖိုး) ဘက်သို့လိုက် သည်လားမသိ အသားဖြူကာ မျက်ရစ်မပါသော ပေါက်ဖေါ်ရုပ်တွေဖြစ်နေကြ၏။ ပြီးတော့ သူတို့အိမ်ထောင်ဖက် တွေကလည်း ပေါက်ဖေါ် စစ်စစ်ကြီးတွေဖြစ်ကာ သားသမီးနာမည်ကအစ အချုံတို့ အံကားတို့ ကင်မလင်းတို့ဖြစ် နေကြသည်ကိုး။
ထိုအခါကျမှ သည်လိုအသိုက်အဝန်းထဲမှ တစ်မျိုးတစ်ဘာသာခွဲထွက်လျက် ဘဝကိုထူထောင်ခဲ့သော ဖခင်ကို (ကွယ်လွန်ပြီးမို့) ရည်မှန်းကာ ကျေးဇူးတင်ရ၏။ ဖခင်ကြောင့်သာမဟုတ်လျှင် ကျွန်တော် အင်ဂျင်နီယာ ဖြစ်လာစရာ အကြောင်းမရှိ။ ထိုခေတ်ကတည်းကပင် အက်ဖအာစီခေါ် နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ရသူတို့၏ သားသမီးများ (ပြည်တွင်းမှာမွေးသည့်တိုင်) ဆရာဝန် အင်ဂျင်နီယာစသည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခွင့် မရှိခြင်းကြောင့်ဖြစ်၏။ အချို့ဆိုလျှင် ကျောင်းဝင်ခွင့်ပြုပြီး ပညာသင်နှစ်အတန်ရမှ မိဘတစ်ဦးဦး အက်ဖအာစီဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်၍ဟုဆိုကာ ရောက်သည့် အတန်းမှ ထွက်ရသည်များပင်ရှိခဲ့ရာ နေထိုင်ရာရပ်ကွက်အထိလျှို့ဝှက်ကွင်းဆင်း စစ်ဆေးစဉ် မိသားစုအတွင်း တိတ်ကြိုင်တို့ အန်းကူတို့လို နာမည်တွေရှိသည်ဟုတွေ့ရှိသွားပါက ကိုယ်ကျိုးနည်းနိုင်သည်။ နိုင်ငံတော် ကောင်စီဝင်တွေ အစိုးရအဖွဲ့ဝင် တွေပင် သည်ကနေ့ခန့် နောက်တစ်နေ့ပြုတ် ရလောက်အောင် လက်သံပြောင်လှသည့် ထိုအက်ဖအာစီ တစ္ဆေသည် ကျွန်တော်တို့လိုသွေးမစစ်သူတွေကို ဘွဲ့မရမချင်းခြောက်လှန့်နေခဲ့ခြင်းမှာ သဘာဝကျပါ၏။ သို့သော် မျက်ကမ်းတစ္ဆေမကြောက်ဟု ပြောကာမှပြောရော ကျွန်တော့်အတွက် ထိုတစ္ဆေသည် ထင်သလောက် အနှောက်အယှက် မဖြစ်ခဲ့။
# #
တလောက ရေဒီယိုထဲမှာ မန္တလေးမြို့ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၏ ရိုးရာအမွေ အနှစ် ပိသုကာလက်ရာများအကြောင်း အသံလွှင့်ချက်တစ်ရပ်ကို အမှတ်မထင်နားထောင်မိရာက ကျောင်း အလှူရှင်မှာ သီပေါမင်း၏မြေးတော်စပ်သော နန်းတွင်းသူ တစ်ဦးနှင့်အကြောင်းပါသည့် ယူနန်နယ်သား တရုပ်လူမျိုးတစ်ဦးဟု ကြားရသည့်ခဏ ကျွန်တော်ပြုံးမိ၏။ ဝန်ခံရလျှင် ထိုအပြုံးကို မြေခွေးပြုံးဟု ဆိုရမည်။ နှစ်ပေါင်းတစ်ရာကျော်က မြန်မာ့ဗိသုကာလက်ရာကို အံ့ချီးရာမှ ရုတ်တရက်အမှတ်မထင် (မနှိုင်းကောင်း နှိုင်းကောင်း) မြေခွေးအမြီးပြတ်ပုံပြင်ကို ဖျတ်ကနဲသတိရမိလိုက်သောကြောင့်ဖြစ်လေသည်။ ဘကြီးတော် ဘုရား လက်ထက်နောက်ဆုံးထား ဝင်ရောက်သူများကိုသာ မွေးရာပါနိုင်ငံသားအဖြစ် သတ်မှတ်သည် ဆိုသော နိုင်ငံသားဥပဒေသာ ထိုစဉ်ကတည်းက ပြဌာန်းပြီးဖြစ်ခဲ့လျှင် သူတို့ သားသမီးတွေ (ဘုရင့်မြေးမြစ် တွေဖြစ်ကြစေကာမူ) နိုင်ငံသားဖြစ်ခွင့်အပြည့်အဝ ရှိမည်မဟုတ်သလို ကျွန်တော်လည်း ကြီးကောင်ကြီးမား ကျမှ တစ္ဆေခြောက်ခံရမည်။ သို့သော် ထိုနိုင်ငံသား ဥပဒေထွက်ရှိချိန်မှာ သူတို့မြေးတော် မြစ်တော် တွေပင် လူ့ပြည်ညည်းကြပြီးဖြစ်ကာ ကျွန်တော်လည်းနိုင်ငံသား ဖြစ်ခဲ့ပြီးပြီ။ ဥပဒေတစ်ရပ်သည် နောက်ကြောင်းပြန် သက်ရောက်ခြင်းမရှိစေရ။ ထိုသို့သော ကပ်သီးကပ်သပ် အတွးဖြင့် ကျွန်တော်ပြုံးမိခြင်း ဖြစ်လေသည်။
စင်စစ် သည်ဥပဒေကလည်း အခြားဥပဒေတွေလိုမျက်နှာအများသား။ လွပ်လပ်ပြီးခေတ်မြန်မာ့သမိုင်းမှာ အထင်ကရ လမ်းစဉ်ပါတီဥက္ကဌကြီး၏ မုဆိုးဖို (လား တစ်ခုလပ်လား) ဘဝ ပြည်ပခရီးစဉ်တစ်ခုတွင် ဥရောပသူဖြစ်နှင့်ပြီးသား ကုန်းဘောင်မင်းဆက် မဟာဆီမဟာသွေး (တစ်ခုလပ်) တစ်ဦးနှင့် တွေ့ဆုံ ကျွမ်းဝင်ကာ တရားဝင်ထိမ်းမြားရန်အရေးအတွက် တည်ဆဲနိုင်ငံသားဥပဒေကို လွှတ်တော်သို့ရဲရဲတင်ပြီး လိုက်လျော ညီထွေစွာ ပြောင်းလဲပစ်သည့်သာဓက ရှိခဲ့ဘူးသည်။ ထိုကဲ့သို့ တိုင်းခြားသွေးမဟုတ် သည့်တိုင် ဥပဒေအရတိုင်းခြားသူတစ်ဦးကို တည်ဆဲဥပဒေနှင့် မညီညီအောင်ညှိပြီး နိုင်ငံသားလုပ်၍ရသလို မွေးရာပါနိုင်ငံသားစင်စစ်ဖြစ်ပါလျက် နိုင်ငံသားအခွင့်အရေးမပေးလိုသည့်အခါ တိုင်းတပါးသားနှင့်အကြောင်းပါသည်ကို အပြစ်လုပ်ကာ မဖြစ်မနေကန့်သတ် ဥပဒေပြုခဲ့ကြသည်မျိုးလည်းရှိသည်။ လူလုပ်ဥပဒေတွေ ထွေပြားလွန်းသော တိုင်းပြည်မို့လည်း နိုင်ငံသား ဖြစ်ခြင်းမဖြစ်ခြင်းကို သင်ဓုန်းဓားပေါ်က ပျားရည်စက်ပမာ တင်စားရ မလိုပင် ဖြစ်နေသည်။
# #
မည်သို့ဆိုစေ နိုင်ငံသားတစ်ဦးမှာ ရပိုင်ခွင့်ရှိသလိုတာဝန်ရှိလည်းရှိလေရာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်းဆိုသည့်တာဝန်မှာအဓိကဖြစ်သည်ဟု ကျွန်တော်ထင်သည်။ ရပိုင်ခွင့်ဆိုရာမှာလည်း ဆင်းရဲသောတိုင်းပြည် အထူးသဖြင့်စံနစ်အလွဲ အုပ်ချုပ်မှု အလွဲများကြောင့် အဘက်ဘက်မှ ယိုသွင်း နေသော တိုင်းပြည်တစ်ခုတွင် ထိုအလွဲများအပေါ် အခွင့်ကောင်းယူရန် ဝန်လေးသူတစ်ဦးအဖို့ နိုင်ငံသားအဖြစ်ဖြင့် ရရှိနိုင်မည့်အခွင့်အရေးဆိုသည်မှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ (ပွင့်ပွင့်လင်းလင်း ပြောရလျှင်) မက်မက်စက်စက် ရှိလှသည်မဟုတ်။ ဖွံ့ဖြိုးပြီး သို့မဟုတ် အတော်အတန် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ ကြီးကြီးကျယ်ကျယ်တွေပြောနေကြသလို မဲပေးပိုင်ခွင့်သည် အဓိကရပိုင်ခွင့်မဟုတ် သလော ဟု ပြောရလောက်အောင်လည်း ကျွန်တော်တို့ဆီမှာ ထိုအခွင့်အရေး ပီပီပြင်ပြင်ရသည်မှာပင် မကြာတတ်သေး။ တာဝန်ကျပြန်တော့ ကြီးလှသည်မဆိုသာသော်လည်းရှုပ်ထွေးသည်။ အနည်းဆုံး စိုးမိုးမှု မရှိသော တရားဥပဒေတွေကို အလေးထားလေးစားကာ လိုက်နာနေရသည်ကပင်လျှင် တစ်ခါတစ်ခါ ရူးလောက်သည်။ မလိုက်နာလို့လည်း ဘာမှမဖြစ်ဘူးဟု သက်သေပြပြ သွားကြသူတွေအကြား သနားစရာ သတ္တဝါ အဖြစ်ကိုခံယူဘို့က သတ္တိခေါ်ခေါ် မိုက်မဲမှုခေါ်ခေါ် စိတ်ဓာတ်ခိုင်မာမှုတစ်ရပ်တော့ ရှိဘို့လိုသည်။ ဒါကြောင့်လည်း ခေတ်ပြိုင်အတော်များများ ဓနအင်အားစုဆောင်းကောင်းရုံလောက်သာ နိုင်ငံသားအဖြစ် ကို ဖက်တွယ်ကြပြီး သူရို့ မျိုးဆက်သစ်တွေကျ သည်နိုင်ငံနှင့်ကင်းနိုင်သမျှကင်းစေဘို့ အခွင့်ရှာကာ ကြံဆောင်နေကြ ခြင်းဖြစ်မည်လားမသိ။
သို့သော် ကျွန်တော်ကတော့ ဆရာမောင်ထင်၏ ထားဝယ်လုံချည် ဇာတ်လမ်းထဲက မြင်းပန်းတိမ်သည်၏ ဇနီး သူ့လင်သူချစ်သလိုမျိုး ကျွန်တော့်နိုင်ငံသားဘဝကိုကျွန်တော် ယခုတိုင် ချစ်မြတ်နိုးဆဲ။ တစ်မတ်သားက သည်စကားမျိုးပြောရကောင်းလားဟု ကမ္ဘာ့နေရာ အနှံ့အပြားမှာ စည်းစိမ်ကြီးနေကြသူ ဇာမဏီတွေ သာကီဝင်တွေ ရယ်ချင်ရယ်ကြမည်။ ရှိစေတော့။
No comments:
Post a Comment