Saturday, May 18, 2013

ကျွန်တော်နှင့် ကဗျာ



"အနုပညာနဲ့ပတ်သက်လာရင် ဇွဲ နဲ့ သမာဓိ ရှိဘို့က အလိုအပ်ဆုံးဘဲ။"
(မူရင်းမမှတ်မိ၊ ပါရဂူဘာသာပြန်)

ကျွန်တော်ရှစ်တန်း(အဋ္ဌမတန်း)၌ ကျွန်တော်တို့ ကျောင်း(အ.ထ.က(၂)ကြည့်မြင်တိုင်)မှာ နံရံကပ် စာ စောင်ထုတ်သည်နှင့်ကြုံသည်။ ကျောင်းသား ကျောင်းသူများအားလုံးပါဝင်ရေးသားကြပါ ဆိုသော ဖိတ်ခေါ်စာကိုကြော်ငြာသင်ပုံးမှာ တွေ့ပြီးကတည်း ကပါဝင်လိုစိတ်ပြင်းပြင်းပြပြဖြစ်ပေါ်ခဲ့သည်။

မြန်မာစာကိုစိတ်ဝင်စား၍ စာစီစာကုံးရေးရခြင်း၌ပျော်ပိုက်သည်မှအပ စာပေနှင့်ကျွန်တော်မနီးစပ်လှ။ သို့ရာတွင် ကိုယ့်စာမူကိုလက်ရေးနှင့်ပင်ဖြစ်ဖြစ် အများဖတ်ရှုနှစ်ခြိုက်စေလိုသောဆန္ဒနှင့် ထိုသို့နှစ်ခြိုက်ခံ ရသဖြင့်ရရှိမည့်ပီတိတို့ကိုစိတ်ကူးယဉ်လျှက် တစ်ခုခုရေးသားနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့သည်။ စကားပြေ ရေးသားဖို့ ခေါင်းစဉ်အချက်အလက်စိတ်တိုင်းကျရှာမရ။ အာရုံမရဟုဆိုရမည်။ ဉာဏ်မမီတာလည်း ဖြစ်နှိုင်သည်။ ကျွန်တော့်အာရုံမှာ လွယ်လင့်တကူဝင်လာကြသည်က အလယ်တန်းမြန်မာကဗျာ လက်ရွေးစင်စာအုပ်မှ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့၏ကဗျာများ။ သုံးသီးစားနှင့်စည်ဗျောသံ၊ ဗေဒါလမ်း၊ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးနေ့အတွေး၊ ပျဉ်းမငုတ်တို၊ သပြေညို။ ပြီးတော့ ဆရာဗန်းမော်ညိုနွဲ့၊ ဆရာမင်းယုဝေ၊ ဆရာမ ငွေတာရီတို့၏ကဗျာများ။

ရွတ်ဆိုရအသံသာသလောက်(သဒ္ဓါလင်္ကာရ) အနက်အဓိပ္ပါယ်နက်နဲကြွယ်ဝလှသည့်(အတ္တာလင်္ကာရ) ထို ဆရာကြီးဆရာမကြီးများ၏ကဗျာအားလုံးလိုလိုကိုကျောင်းသင်္ခမ်းစာအဖြစ်ထက်ပို၍နှစ်ချိုက်စွာ နုတ်တက် လေ့ကျက်ပြီး တစ်ခါတစ်ခါတေးချင်းအဖြစ်ပင်ညည်းလေ့ရှိသဖြင့် တခုခုရေးရန်ကြံရွယ်သောအခါ ဤသို့လျှင် ကဗျာဘက်သို့အားသန်သွားခြင်းဖြစ်ပေမည်။ သို့နှင့်သတ်မှတ်ကာလ ရက်သတ္တနှစ်ပတ်အတွင်း ကဗျာနှစ်ပုဒ်ရေးပြီးပို့ဖြစ်ခဲ့လေသည်။ ကံအားလျော်စွာထိုနှစ်ပုဒ်စလုံးဖေါ်ပြခံရသည်။ ရွေးချယ်ဖေါ်ပြခြင်းမျိုးဟုတ်ချင်မှဟုတ်မည်။ ကျွန်တော့်ကဗျာများသည်အကောင်းဆုံးဖတ်ရှုသူအနှစ်သက်ဆုံးမဖြစ်မှာ မဖြစ်ခဲ့တာသေချာသည်။ သို့ရာတွင် ကျွန်တော်ပျော်ခဲ့သည်။ ဆရာကြီးများ၏ကဗျာများကိုအတုခိုး၍ အသံသာသာကာရန်ကျကျကြိုးစားရေးဖွဲ့ခဲ့သော်လည်း ကိုယ့်ကဗျာကိုယ်လေးချိုးလားဒွေးချိုးလား ခေတ်စမ်းလားပင်အမျိုးအစားခွဲခြားမသိခဲ့။ အကြောင်းအရာမှာ ထုံးစံအတိုင်းတိုင်းပြုပြည်ပြုပဲဖြစ်သည်။ ကဗျာတပုဒ်ကိုလူငယ်တွေညီညာစွ ချီလာကြတို့ပြည် လှပဘို့ရည်ဟုအစချီထားသည်ကိုယ္ခုတိုင်အမှတ်ရနေခြင်းမှာ ထိုအထဲမှစကားလုံးတစ်လုံးကြောင့် ဖြစ်လေသည်။

အချိုးတချိုးတွင် ကျွန်တော်ကခေတ်ဟောင်းကိုမြေလှန်ရစ်ခေတ်သစ်သို့ဦးတည်ဟူ၍ရေးခဲ့ရာ တကယ်တန်း စာစောင်ထဲမှာခေတ်ဟောင်းကိုတွန်းလှန်ရစ်ခေတ်သစ်သို့ဦးတည်ဟုဖြစ်နေသည်။ ပိုမိုထိရောက်အင်အားရှိမည်ဟုယုံကြည်ပြီးသေသေချာချာရွေးချယ်သုံးနှုံးခဲ့သောစကားလုံးကိုမှ ပြင်ဆင်ခံရသည့်အတွက် အမှန်ပြောရလျှင်ကျွန်တော်ဘဝင်မကျ။ ဦးဆောင်ထုတ်ဝေသော ဆရာတွေဆရာမတွေအပေါ် စောဒကလည်းမတက်ဝံ့။ နောက်တော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ ထိုမှကျွန်တော်ဆယ်တန်းတွင် အလံနီပါတီဥက္ကဋ္ဌသခင်စိုးအား နိုင်ငံတော်ပုန်ကန်မှုဖြင့်ရုံးတင်စစ်ဆေးသည့်သတင်းနိုင်ငံပိုင်သတင်းစာများတွင်ရက်ဆက်ဖတ်ရှုရသော အခါ မြေလှန်ဆိုသောစကားနှင့်အလံနီကွန်မြူနစ်တို့၏ဆင်စွယ်ရွာလူသတ်မှုဆက်စပ်ပုံတို့ကိုသိခွင့်ရခဲ့သည်။ ထိုအခါမှ ကျွန်တော့်ကဗျာပါစာသားကိုပြင်ဆင်ခဲ့သောဆရာဆရာမများ၏ဗဟုသုတနှင့်အမြော်အမြင်ကို သဘောပေါက်တော့သည်။ နောက်ပိုင်းတွင် ထိုစကားမှာ င်္ဂလိပ်ဝေါဟာရ scorched-earth ကိုဆီလျှော်စွာ မြန်မာမှုပြုထားခြင်းဖြစ်ကြောင်းတွေးတောသိရှိလာသောအခါ ဟိုခေတ်နိုင်ငံရေးသမားကြီးများ၏ ဘာသာဗေဒအစွမ်းကို (သူတို့ဝါဒအပေါ်ဉာဏ်မမီဝေဖန်နိုင်စွမ်းမရှိသည့်တိုင်) လေးစား၍မဆုံးနိုင်အောင် ဖြစ်ခဲ့ရပါသည်။

ထိုနှစ်မှာ ကဗျာစန်းပွင့်သည်ဟုဆိုရမည်လောမသိ။ နံရံကပ်စာစောင်မှာဖေါ်ပြခံရသည်မှစ၍ ကျွန်တော့်ထံသို့ ကဗျာပိုးသိသိသာသာဝင်ရောက်နေလေတော့ရာကဗျာဖတ်ခြင်းကဗျာမှတ်ခြင်းကဗျာစပ်ခြင်းများကို ကျောင်းစာ နှင့်အပြိုင်ပင်လုပ်ဖြစ်လေသည်။ လက်လှမ်းမီရာစာနယ်ဇင်း(ဟိုတုံးကအခေါ်)များ၌ ကဗျာကိုတစ်ခုတ်တစ်ရဖတ်ရှုဖြစ်သည်။ နွေရာသီအားလပ်ရက်တွင်ရေးဖြစ်သောကဗျာတပုဒ်ကိုဆယ်ပြားတန်စာစောင်တစ်ခုသို့စမ်းပို့လိုက်၏။ တလခန့်(ထင်၏)အကြာ စာစောင်တွင်ပါလာရာကိုယ့်မျက်စေ့ကိုယ်မယုံနိုင်ဆိုသလိုဖြစ်ရလေသည်။ ထိုနေ့က ကဗျာပါသောစာစောင်ကိုင်ပြီးပန်းတနော်လမ်းသားအိမ်သို့အပြေးသွားပြီးကြွားမိသည်။ ကြွားစရာကလည်းသူတစ်ဦးပဲရှိသည်ကိုး။ ပန်းတနော်လမ်းသားကကျွန်တော့်ကဗျာတိုလေးလုံးစပ်လေးကိုဖတ်ပြီးဘာမှမဝေဖန်။ ကျွန်တော့်ကိုပြုံး၍ကြည့်ပြီးမင်းကဗျာဆရာဖြစ်သွားပြီဟုပြောသည်။ သူနှင့်ကျွန်တော်ကား ပီဘိဘုန်းကြီးရူးနှင့်လှေလူး။ သို့ရာတွင် သူလူးတိုင်းကျွန်တော်မရူးသည်လည်းရှိခဲ့သည်။

တစ်ရက် သူကျွန်တော့်ကိုစကားဆန်းတစ်ခုပြောလာသည်။ သူ့စကားကိုမူရင်းအတိုင်းပြန်ပြောရပါက ဗိုလ်ချုပ်နေဝင်း(ထိုအချိန်ကဦးနေဝင်းမဖြစ်သေး)ကိုဆဲသောကဗျာတစ်ပုဒ်လောက်ရေးပါလားဟူ၍ဖြစ်သည်။ ကျွန်တော်ကကျွဲမြီးတိုစွာဖြင့် သူ့ဟာသူနေတာငါကဘာလုပ်ဆဲရမှာတုန်းဟု ပြန်ပြောလိုက်သည်။ သူသိပ်ကျေနပ်ပုံမရသော်လည်းဘာမှတော့ထပ်မပြော။ တဖြည်းဖြည်း ဇာတ်ရည်လည်လာသည်ကကျောင်းချိန်ပြင်ပတွင်သူနှင့်တွဲနေသူများမှာလက်ဝဲအယူဝါဒသက်ဝင်ယုံကြည်သူများဖြစ်ကြရာ ထိုသူတွေစုပေါင်း၍လက်ရေးကဗျာစာအုပ်ထုတ်ရန်အစီအစဉ်ရှိသဖြင့်ကျွန်တော့်အားပါဝင်လိုကပါဝင်ရန်(သူ့သဘောထားတစ်ခုတည်းဖြင့်) ဖိတ်ခေါ်ခြင်းဖြစ်သည်။ ထိုခေတ်ကနိုင်ငံရေးနိုးကြားတက်ကြွသောလူငယ်တွေအတွက်လေ့လာစရာဆို၍ အညမညသဘောတရားနှင့်ကွန်မြူနစ်ဝါဒသာရှိသလိုဖြစ်နေရာမိမိပတ်ဝန်းကျင်ရှိပါတီကေဒါဆိုသူတွေကိုမြင်တွေ့ဖန်များသည်၌အညမညအပေါ်ရွံရှာသွားကြပြီးအတုံးလိုက်အတစ်လိုက်လက်ဝဲဖြစ်ကုန်ကြတော့သည်။

ပန်းတနော်လမ်းသားကိုထိုစာရင်းဝင်သူဟုပြောလျှင်ရမည်ထင်၏။ ကျွန်တော်ပင်လျှင်သူ့ကိုအထင်ကြီးစွာဖြင့် သူပေးသော လက်ဝဲကျမ်းတွေမနိုင်ရင်ကာလေ့လာဘူးသည်။ သို့ရာတွင် ထိုကျမ်းတွေကကျွန်တော့်ကို ဦးပုည၏မေတ္တာစာလောက်မဆွဲဆောင်နိုင်ကြ။ ထားတော့။ ကျွန်တော်မပါဝင်လိုသောဆဲကဗျာ (အမှန်မှာစံနစ်တစ်ခု၏ယိုယွင်းမှုနှင့်ဒဏ်ရာဒဏ်ချက်များအားစူးစူးရှရှရှုအမြင်ဖြင့်ဝေဖန်ထားသည့်အစပ်အဆိုအရေးအသားများသာ) စာအုပ်ကိုသူတို့ရဲဝန့်စွာထုတ်ဝေခဲ့ကြပါသည်။ ထိုအတွက်သူတို့ထဲမှနှစ်ဦးလောက်ကိုထောက်လှန်းရေးမှခေါ်ယူမေးမြန်းပြီးလအနည်းငယ်ခန့်ထိန်းသိမ်း(ဖမ်းဆီး)ခံခဲ့ရကာ"ပဲ့တင်သံ"ဟုလှပစွာအမည်ပေးထားသောသူတို့၏စာပေဝိုင်းလည်းနိဋ္ဌိတံသွားခဲ့ပါသည်။

ထိုမှအပပန်းတနော်လမ်းသားနှင့်ကျွန်တော်တို့နှစ်ယောက်ကဗျာတွေရေးကာလက်လှမ်းမီသမျှစာစောင်တွေ (မဂ္ဂဇင်းများကိုမလှမ်းရဲသေး) ဆီပို့ကြ၊ တစောင်လေမှာပါနိုးနိုးမျှော်လိုက်ကြ ထပ်ပို့လိုက်ကြ၊ ထပ်မျှော်လိုက်ကြနှင့်အထက်တန်းကျောင်းသားဘဝမှာ မြောက်ကြွမြောက်ကြွအတွဲညီခဲ့ကြလေ၏။ ပို့သမျှတစ်ပုဒ်တလေပင်မစွံသော်လည်းစိတ်မပျက်ခဲ့။ သိုနှင့်ဆယ်တန်းဒုတိယနှစ်သို့တိုင်လေတော့သည်။ ထိုအတွင်းကဗျာနှင့်ပတ်သက်သည့်အတွေ့အကြုံတစခုတော့ကျွန်တော်ရလိုက်ပါ၏။ စာပေဝိုင်းတခုမှကဗျာစာအုပ်ထုတ်ဝေမည်ဖြစ်၍ဝါသနာရှင်များပါဝင်ရေးသားနိုင်ကြောင်းသတင်းစာကြော်ငြာအရ ကျွန်တော့်တွင်အသင့်ရှိပြီးကဗျာသုံးလေးပုဒ်ခန့်ပို့လိုက်သည်။ နှစ်လခန့်အကြာကျွန်တော့်ထံစာပြန်လာသည်။ ကျွန်တော်၏ “___” ကဗျာအားရွေးချယ်ထားပြီးဖြစ်ပါကြောင်း၊ စာအုပ်အဖြစ်ရိုက်နှိပ်နေပြီးမကြာမီဆိုင်ပေါ်ရောက်တော့မှာဖြစ်ကြောင်းပါရှိသည်။ ထိုနောက်မှမေတ္တာလက်ဆောင်ကဗျာစာအုပ်ကိုစာတိုက်မှရေစစ္စတြီ(Registry)လုပ်ပြီးအိမ်အရောက် ပို့ပေးနိုင်ရန်အတွက် တံဆိပ်ခေါင်းအပို(--)ဖိုးနှင့်အတူဤစာအားပြန်ကြားပါရန်ဟူ၍ရေးထားသည်။

ဘာပြောစရာလိုပါမည်နည်း။ ကိုယ့်ကဗျာပါသောစာအုပ်ကိုယ့်ထံအရောက်ပို့ပေးမည့်ကိစ္စ။ ကျွန်တော်မဆိုင်းမတွပင်ပြောသမျှတံဆိပ်ခေါင်းအရေအတွက်အပိုထည့်လျှက်စာပြန်လိုက်သည်။ ဘာကြောင့်မှန်းတော့မသိ ထိုစာအုပ်ကျွန်တော့်ထံရောက်မလာခဲ့။ ထိုကဗျာကိုပုံနှိပ်စာလုံးဖြင့်မမြင်တွေ့ခဲ့ရ၊ လက်ရေးမူမှာလည်း မှတ်စုစာအုပ်နှင့် အတူပျောက်ကွယ်ပြီးဖြစ်ခဲ့ရလင့်ကစား (နှစ်လေးဆယ်တိုင်ခဲ့ပြီ) ထိုကဗျာကျွန်တော့်ရင်ထဲမှာယနေ့ထိပြီပြီသသကျန်နေရစ်သည်။ ဆန်းဆန်းပြားပြားတော့မဟုတ်။ ငယ်ရွယ်သူတို့သဘာဝအချစ်ဖွဲ့ လေးသာဖြစ်ပါ၏။

နုတ်ခမ်းမဲ့၍
စိမ်းလှဲ့တမူ၊ မကြည်ဖြူဟန်
ငြူစူမာန်ဝင်၊ မုန်းဟန်ဆင်လည်း
ကြည်လင်တင့်ရွှန်း၊ မင်းမျက်ဝန်းက
ချစ်ခွန်းစကားဆိုနေတယ်။

ယ္ခုအမြင်နှင့်ဖိန်းတိန်းတိန်းရှိန်းတိန်းတိန်းရှိလှသော “မိညာလေးသို့..” ဟု ကျွန်တော်မချင့်မရဲအမည်ပေးထားသည့် ရိုးရိုးစင်းစင်းထိုကဗျာလေးအားအဘယ်ကြောင့်မမေ့မပျောက်ရှိနေရသည်ကို စဉ်းစားကြည့်တော့ အချက်နှစ်ချက်တွေ့သည်။ တန်းဝင်ကဗျာဆရာတစ်ဦးမဟုတ်သည့်အတွက်ကျွန်တော့်မှာရွေးချယ်မှတ်မိစရာ မည်မည်ရရမရှိ၍။ နောက်တချက်က(နည်းနည်းတော့ကလေးကလားဆန်မည်လားမသိ)ထိုကဗျာကို ကျွန်တော်(ခေတ်စကားနှင့်ပြောရလျှင်)ရင်ဘတ်နှင့်ရေးခဲ့မိခြင်းဖြစ်၍။ ထိုစဉ်ကကျွန်တော်သည် ဆယ်ကျော်သက်။ ထိုကာလ၌ခေတ်စားခဲ့ဘူးသောချစ်ဖူးသူတိုင်းရူးကြသည်ဆိုသောစာသားလေးကဲ့သို့ပင် ကျွန်တော်ရူးခဲ့ဖူး၍ဖြစ်မည်။

ဆယ်တန်းကိုဒုတိယအကြိမ်ဖြေဆိုအောင်မြင်ကြသည့်အခါကျွန်တော်နှင့်ပန်းတနော်လမ်းသားတို့ (ထီးတန်းသားအပါအဝင်)တက်ရသည့်ကျောင်းချင်းမတူကြတော့။ ခေတ်ကအူမတောင့်၍သီလစောင့်စေအံ့ဟူသောဆောင်ပုဒ်အောက်မှာ တစ်တိုင်းပြည်လုံးချွတ်ခြုံကျစပြုနေသောခေတ်။ တက္ကသိုလ်ပရိဝုဏ်မှာမူ ငြိမ်းချမ်းသည်ဟုမဆိုသာသည့်တိုင်စိုပြည်ဆဲ။ ငြိမ်းချမ်းသည်မဆိုသာသည်မှာတော့သေချာသည်။ ကျွန်တော်တို့ရောက်သည့်နှစ်မှစ၍ဖြစ်လိုက်သည့်အရေးအခင်း၊ ပိတ်လိုက်ရသည့်ကျောင်း။ သည်ကြားထဲရသမျှ ကျောင်းဖွင့်ရက်လေးတွေမှာပျော်လိုက်ကြသည့်ကျွန်တော်တို့။ ပန်းတနော်လမ်းသားကကမာရွတ်၊ ထီးတန်းသားကသမိုင်း၊ ကျွန်တော်ကကြို့ကုန်း၊ တစ်ယောက်တစ်နေရာစီမို့နေ့ဘက်မှာမဆုံကြလင့်ကစား ညနေညဦးပိုင်းနှင့်ကျောင်းပိတ်ရက်တွေမှာတစ်တွဲတွဲ။ ကျောင်းပိတ်ရက်တွေပိုများလေ ကျွန်တော်တို့တတွေ ပို၍ တွဲဖြစ်ကြလေ။ "အဉ္ဖလီ" ဖွင့်ဖြစ်သောအခါကျွန်တော်နှင့်ထီးတန်းသားတို့အိမ်ပင်ပုံမှန်မပြန်ဖြစ်ကြတော့။

တနှစ်မှာခြောက်လမျှအနိုင်နိုင်ဖွင့်ရသည့်ကြားမှပင်တက္ကသိုလ်မှာအနုပညာတို့ဝေစည်ဆဲ။ စာပေ၊ဂီတ၊ပန်းချီ၊ သင်းဖွဲ့လှုပ်ရှားမှုတွေကတရံမလပ်။ မဲဇာဟု အချင်းချင်းနောက်ပြောင်ခံရသည့်ကျွန်တော်တို့ကျောင်းမှာပင်လျှင်နံရံကပ်ကာတွန်း၊ စက်မှုသတင်းစဉ်တို့ဖြင့်ထည်ထည်ဝါဝါ။ ကျင်းပဖြစ်သမျှဆရာကန်တော့ပွဲတွေ ကျောင်းနှစ်ပတ်လည်ကပွဲတွေမှာသဘင်ဂီတဖျော်ဖြေမှုတွေကဝါရင့်သဘာရင့်ပညာရှင်တွေအလား။ ကျွန်တော့်မှာမှင်တက်မိနေရသည်နှင့်ပါဝင်လှုပ်ရှားဘို့မစဉ်းစားမိ။ စာတွေပို၍ဖတ်ဖြစ်သည်။ ကဗျာတော့ရေးဖြစ်သည်။ သို့သော် များသောအားဖြင့်ရေးရေးပျောက်ပျောက်။ ရေးသမျှတွေကလည်းကိုယ်ရေးကိုယ်တာဆန်သည်။ ထိုကိုယ်ရေးကိုယ်တာကဗျာများထဲမှတစ်ပုဒ်မှာမူ ၃၉လမ်းသားကြောင့် အမှတ်ရစရာဖြစ်ခဲ့ရဖူး၏။ မှိုင်းရာပြည့်အရေးအခင်းဖြင့်ကျောင်းများပိတ်ထားချိန်တွင်ဖြစ်လေသည်။

တစ်နေ့နံနက်ပိုင်း ကျွန်တော်နှင့်ထီးတန်းသားတို့ (ပန်းတနော်လမ်းသားကထောင်တွင်းမှာ) အဉ္ဖလီမှာရှိနေခိုက် ၃၉လမ်းသားရောက်လာသည်။ သူချည်းမဟုတ်၊ သူ့ကောင်မလေးပါ။ သူတို့နှစ်ဦးစလုံးမျက်နှာမသာမယာရှိကြသည်မို့တစ်ခုခုဖြစ်လာကြမှန်းတော့သိသာသည်။ ကိုယ်တော်မြတ်ကဘယ်သူ့ကိုမှအဖက်လုပ် စကားပြောလိုပုံမရစွာဖြင့်ဆိုင်နောက်ဘက်ကွပ်ပျစ်ပေါ်သွား၍လဲလျောင်းကာသူဆောင်းနေကျတောလည်ဦးထုပ်ပျော့ဖြင့်မျက်နှာကိုအုပ်လျက် ဧကစာကျင့်နေ၏။ တစ်ကျောင်းတည်းသူဖြစ်သောသူ့ကောင်မလေးကသာ“ရှင့်သူငယ်ချင်းကဘာသဘောလည်း” ဟုသူ့လူသူမေးမည့်အစားကျွန်တော့်ကိုမေးရင်းစာရွက်တစ်ရွက်ထုတ်ပေးလေသည်။ စာရွက်ပေါ်မှာကဗျာတပုဒ်။ လက်ရေးကသင်း(၃၉လမ်းသား)လက်ရေး၊ ကဗျာကကျွန်တော့်ကဗျာ။ အောက်ဘက်မှာမောင်ဗေဒါဟုကြုံရာကျဖမ်းကျွန်တော်ပေးထားသောကလောင်အမည်ပင်ပါသေး။ ကျွန်တော့်မှာသူများလက်ရေးဖြင့်ရေးထားသော ကိုယ့်ကဗျာကိုယ်ပြန်ဖတ်ရင်းကဟစ်၍ရယ်ရမလို စာရွက်ထုတ်ပေးသောသူနှင့်ရောယောင်ငိုရမလိုဖြစ်သွားခဲ့ရပါသည်။

သူမက ဒါဘာသဘောလဲမောင်ဗေဒါဆိုတာဘယ်သူလဲဟုတွင်တွင်ကြီးမေးနေလေတော့ရာ ကျွန်တော့်မှာငိုအားထက်ရယ်အားသန်ဖြစ်ရပါသေးသည်။ မေးမည်ဆိုလည်းမေးချင်စရာ။ ကဗျာကအစမှာပင် “ခွဲခွာပြေးလေမှ အသဲနာတေးလည်းသီမနေချင်..” ဟုချီထားသည်။ အလယ်ပိုဒ်မှာကလည်း “မကြင်နာစတမ်း သခင်မှာတမ်းချွေပြီမို့ အလွမ်းပြေခြေရာကောက်သလိုပ” စသည်ဖြင့်နာနာကျဉ်ကျဉ်တွေချည့်။ ပြီးတော့မှ “သနစ်နှောင်းအမွေမထောက်ကောင်းအမှန်မတွေးမိစေဘို့၊ အချစ်ဟောင်းရေနောက်ကြောင်းပြန်လှည့်မကြည့်ကြေး” ဟု တူးတူးခါးခါးအဆုံးသတ်ထားသည်။ သီချင်းတပုဒ်ထဲက မလွမ်းဘယ်သူနေပါ့မယ်ဆိုသည်မျိုး။ ထိုကဗျာဖတ်ရသည့်သူမအဖို့ရာမကြမ်းဘယ်သူနေပါ့မယ် ဖြစ်၍နေသည်ကိုစာနာလောက်ပါသည်။

အမှန်တော့ထိုကဗျာရေးခဲ့သည်မှာတစ်နှစ်ခန့်ပင်ရှိခဲ့ပြီ။ အဆောင်ရှေ့တွင်စိမ်ပြေနားပြေထိုင်ကာရီးစားစာတွေ(ထင်သည်)မီးပုံရှို့နေသောကျောင်းသားတဦးကိုအမှတ်မထင်မြင်မိရာမှအတွေးငှါးဖြင့်ရေးထားခဲ့သောကဗျာ။ ဒါကို၃၉လမ်းသားသိသည်။ သူဒီလောက်မှတ်မိနေလိမ့်မည်ဟုကားမထင်မိခဲ့။ ကျွန်တော်ပင် မေ့မေ့ပျောက်ပျောက် ရှိနေခဲ့သည်ကိုး။ သို့ရာတွင် သင်းကမမေ့။ မမေ့ရုံမကအပ်ချမတ်ချပြန်လည်ဆန်းသစ်ကာရီးစားနှင့်အခန့်မသင့်ခိုက်ပေးဖြစ်အောင်ပေးလိုက်သေးသည်။ အပေးခံရသူခမျာမှာလည်းလုံးကောက်အဓိပ္ပါယ်တွေပေါက်ကာ အမှန်ထင်၍ခုန်ဆွခုန်ဆွဖြစ်နေပြီ။ ကျွန်တော်ဘာလုပ်ရပါ့။ ဘယ်အကြောင်းကြောင့် ဘာတွေဖြစ်ကာ ဘယ်ပုံဘယ်နည်းဒီအခြေဆိုက်လာကြသည်ကို(ကာယကံရှင်)ဘယ်သူကမှလည်းမပြောကြ။
နောက်ဆုံးသူ့ပပ၏အထူကိုစောင့်နေပုံရသော ၃၉လမ်းသားအားကျွန်တော်ပင်ကွပ်ပျစ်ပေါ်မှဆွဲထူ၍နှစ်ဦးစလုံးကိုမိုး(လ္ဘက်ရည်ဆိုင်)သို့ပင့်ဖိတ်ပြီးမောင်ဗေဒါဆိုသည်မှာကျွန်တော်သာလျှင်ဖြစ်ပါကြောင်း၊ “နုတ်ဆက်မီးပုံပွဲလေး” ဟု အမည်ရသောထိုကဗျာကိုကျွန်တော်မည်သူ့ကိုမျှမရည်ရွယ်ဘဲရေးခဲ့သည်မှာမှန်ပါကြောင်း။ ကဗျာအကြောင်းအရာနှင့်စာသားများသည်ရေးသားသူကျွန်တော်၏အာဘော်သာဖြစ်သဖြင့် ထိုစာသားတခုကြောင့်ဖြစ်စေ သို့မဟုတ်စာသားအားလုံးကြောင့်ဖြစ်စေ သူမအနေနှင့်စိတ်မသက်သာစရာဖြစ်ရသည်ဆိုလျှင် ကျွန်တော့်ကိုသာအပစ်တင်စေလိုကြောင်း။ သူ့(၃၉လမ်းသား)ကိုမူအပြစ်တော်မတင်ဘဲ အချစ်တော်သာဝင်သင့်ကြောင်း၊ ဘာကြောင်းညာကြောင်း သောင်စဉ်ရေမရတွေပြောရင်းဖျောင့်ဖျရလေ၏။ ထိုနေ့ကသူတို့နှစ်ယောက်ပြုံးပျော်စွာပြန်သွားမှကျွန်တော်သက်ပြင်းချမိရလေသည်။ ပြီးတော့မှထီးတန်းသားကို အကြောင်းစုံပြန်ပြောရင်းရယ်မောနိုင်လေသည်။

ပန်းနော်လမ်းသား ထောင်မှလွတ်လာပြီးရက်အတန်ကြာ တစ်နေ့သ၌စကားစမြည်ပြောကြရင်းထိုအကြောင်းသို့ရောက်သွားသည်။ သူနှစ်ခြိုက်စွာရယ်သည်။ ပြီးမှတွေးတွေးဆဆဖြင့် “မင်းကဗျာဆက်မရေးရင်ကောင်းမယ်ကွာ” ဟုပြောသည်။ ကျွန်တော်နာသာခံခက်ဖြစ်သွား၏။ ကျွန်တော့်လက်တွင်းမှာသူဖတ်ချင်သည်ဆို၍ အိမ်မှတကူးတကန့်ရှာဖွေယူလာရသော ကျွန်တော်တို့တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းရှိနေသည်။ ထိုမဂ္ဂဇင်းထဲမှာ ကျွန်တော့်ကဗျာပါသည်။ ဒင်းမို့ပြောရက်ပလေဟူသောလေသံဖြင့် ဘာဖြစ်လို့လဲဟုကျွန်တော်ပြန်မေးလိုက်ဖြစ်၏။ “စဉ်းစားကြည့်လေကွာ၊ မင်းကဗျာကိုလူနှစ်ယောက်ထဲဖတ်တာအဲသည်နှစ်ယောက်ပြဿနာဖြစ်တယ်၊ တကယ်လို့များတစ်တိုင်းတပြည်လုံးမင်းကဗျာတွေဖတ်ကြရရင်ဘယ်လိုနေမလဲ” ဟု မင်သေသေဖြင့်ဖြေတော့မှ သူအတည်ပေါက်နှင့်နောက်မှန်းသိကာငြိမ်နေလိုက်တော့သည်။ မဂ္ဂဇင်းထဲမှကဗျာကိုတော့ မဆိုးပါဘူးဟုသူပြောဘော်ရသည်။ မဆိုးပါဘူးဆိုတာ မကောင်းပါဘူးလို့ပြောချင်တာမဟုတ်လားဟု ခါတိုင်းလို ကျွန်တော်အထွန့်မတက်တော့။ (စကားချပ်၊ ကျွန်တော့်ကဗျာဖတ်၍ပြဿနာတက်သည်ဟုမှတ်ချက်ပြုခံရသူနှစ်ဦးအနက်တစ်ဦး (၃၉ လမ်းသား)ကတော့အခွင့်သင့်တိုင်းသမိုင်းဝင်ထိုကဗျာကိုရွတ်ဆိုဆဲ။ ပြီးခဲ့သောနှစ် ကြီးကောင်ကြီးမားမှသူတို့မိသားစုအမေရိကားမှာသွားရောက်အခြေချဖို့ကြုံလာပြီးမသွားခင်တယ်လီဖုံးဖြင့်နုတ်ဆက်စကားပြောကြရာမှာပင် “ခွဲခွာပြေးလေမှအသဲနာတေးလည်းသီမနေချင်တော့ပါဘူးကွာ” ဟု (လုပ်) သွားသေးသည်။ သည်တခါသူ့ပပ၏မျက်စောင်း(ထိုးခဲ့လျှင်)ကိုတော့တယ်လီဖုံးထဲမှကျွန်တော်မြင်ခွင့်မရလိုက်ပါ။)

စာသင်နှစ်၆နှစ်အတွင်း နှစ်လည်မဂ္ဂဇင်းသုံးကြိမ်ထုတ်ဖြစ်သည့်အနက်ကျွန်တော့်ကဗျာပါသောမဂ္ဂဇင်းမှာ တတိယနှင့်ကျွန်တော်တို့ အတွက်နောက်ဆုံးမဂ္ဂဇင်းဖြစ်၏။ ကျောင်းပြီးသည်နှင့်မရေရာသောဘဝစရတော့မည်ကိုတွေးမိရင်းရေးထားသောကဗျာကို “မွန်းတည့်သံဝေ” ဟုကျွန်တော်အမည်ပေးခဲ့သည်။ ဘဝတစ်ခုကို သုံးပိုင်းပိုင်းကာ တနေ့တာ၏နံက်ချိန်မွန်းတည့်ချိန်နေကျော်ချိန်တို့ဖြင့်နှိုင်းယှဉ်ကြည့်သည်။ ဘွဲ့ရပညာတတ် တယောက်အတွက်တစ်နေ့တာ၏ အလင်းချင်းဆုံးစွမ်းအားအပြည့်ဆုံးမွန်းတည့်ချိန်နှင့်နီးကပ်နေပြီ။ ပြီးသည်နှင့်မွန်းလွဲချိန် (ဝိကာလ)နေကျော်ချိန် ထိုမှနေဝင်ချိန်တို့မလွဲမသွေရောက်လာကြမည်။ သတ္တကမ္ဘာအတွင်းအလင်းဖြာစအာရုဏ်ဦးမှသည်တစ်နံက်ခင်းလုံးပြုံးပျော်ရယ်မောလိုက်ငိုညည်းကျည်းရှိုက်လိုက်ဖြင့်လောကကြီးကိုမေ့နေခိုက် “ဖြတ်ကနဲမျှော်၊ မော်၍အကြည့်၊ မွန်းတည့်လုပြီ၊ ယ္ခုမှပင်သတိဝင်လာ..” ရသည့်အကြောင်းဝန်ခံထားသည်။

မွန်းတည့်ချိန်လျှင် အရှိန်ညီးညီး ထီးထီးမားမား စွမ်းပကားဖြင့် အားမာန်ဝင့်ကာ တင့်တယ်စွာရောက်ရှိလာမည့် ထိုကာလသည်လူသားတိုင်းမလွဲမသွေပိုင်ဆိုင်ရမည့်တန်ခိုးရှိန်စော်အာနုဘော်ကြီးမားသောကာလဖြစ်သော်ငြား လောဘမောဟ သောကသမုဒယ အထူပြောဆုံးကာလလည်း ဖြစ်သည့်အားလျော်စွာ တည်တံ့ခိုင်မာသောစိတ်ဇွဲဆုံးဖြတ်ချက်နှင့်အားထုတ်မှုတို့ကသာဝိကာလကိုပြဌာန်းကြောင်းမြင်လာရသည်။ မြင်သည့်အခိုက် ကျွန်တော့်ကိုယ်ကျွန်တော်သုံးသပ်ရမိသည်ကိုမူ ကဗျာအဆုံးပိုင်းတွင် ဤသို့ဖေါ်ပြ ခဲ့လေသည်။

မွန်းတည့်လုပြီ..
ယ္ခုတိုင်တိုင် ပိုင်ပိုင်ဆန်းစစ်
အနှစ်မဲ့သော သုညတောမှာ
နစ်မျောငိုက်မြည်း ခရီးအလျဉ်
စီစဉ်တကျ ဃဏရေရာ
ခိုင်မာသုံးသပ် ဆုံးဖြတ်မပိုင်
ငေးဆဲငိုင်လျှက် မှိုင်ဆဲတွေတွေ
ဝေဆဲခဏ ဝိကာလက
လက်ပြခေါ်နေ။

ထိုကဗျာသည်ပန်းတနော်လမ်းသားကျွန်တော့်ကို“တစ်ပုဒ်ပိုင်”ဟုအမည်တွင်စေခဲ့သည့်တစ်ပုဒ်တည်းသော မဂ္ဂဇင်းကဗျာဖြစ်ခဲ့ပါသည်။ ကဗျာမဆန်ကာရံမညီလှသောလက်တွေ့ဘဝတလျှောက်ကျွန်တော်ကဗျာမရေးဖြစ်၊ ရေးဖြစ်သော်လည်းမပို့ဖြစ်၊ ပို့ဖြစ်သော်လည်းမပါရစ်သည့်အဖြစ်မျိုးမဆိုသလောက်ရှိခဲ့ခြင်းမှာ ကျွန်တော်နှင့်ကဗျာသံယောဇဉ်ဖေမပြတ်သော်ကြောင့်ဟုသာဆိုရမည်။ သို့တိုင်အောင်ကျွန်တော်ဘုရားစူး ကဗျာတပုဒ်မကြာသေးမီကရေးဖြစ်ခဲ့ပါ၏။ စာရူးကဗျာရူးဘွဲ့ကိုနှစ်ခြိုက်ခုံမင်စွာခံယူခဲ့ဘူးသည့်နုပျိုစဉ်(နံက်ခင်း)ကာလနှင့်ချိန်ဆကာမကြာသေးမီကဟုပြောလိုက်ရသော်လည်းအမှန်ကထိုကဗျာရေးသည်မှာ လွန်ခဲ့သောသုံးနှစ်ကျော်ကဖြစ်လေသည်။

ပညာမတတ်လျှင်လူ့အောက်သူ့အောက်ကျမည်ဟု ငယ်စဉ်ကလူကြီးသူမများဆုံးမစကားသံမှိုနှက်သလိုစွဲနေသဖြင့်ပညာတတ်ဖြစ်အောင်ကြိုးစားခဲ့ရသည်မှာအမော။ ထိုက်သင့်သလောက်ပညာလေးတတ်လာပြန်တော့ ကျလိုက်သည့်ပညာတန်ဖိုးကဇောက်ထိုးမိုးမျှော်။ အသက်မွေးဘို့အသာထားအသက်ဆက်နိုင်အောင်ပင် အနိုင်နိုင်။ မတတ်သာသည့်အဆုံးအောက်ဈေးနှင့်ထုတ်၍ရနိုင်သေးသည့်အရပ်တပါးသို့ထွက်လာခဲ့သည့်တိုင် ပညာမဲ့အမိတိုင်းပြည်၏အရိပ်မဲကြီးအောက်မှာကျွန်စုပ်ပြစ်သည့်သရက်စေ့နှယ်မဖွယ်မရာတွေများလှသည်မို့ စိတ်ပျက်လှည့်ပြန်ခဲ့ဖြစ်ရပြန်၏။ ထိုကာလအတွင်း တစ်ခုသောညနေခင်းမှာငယ်ငယ်ကပုံရိပ်လေးများကို တသရင်းကျွန်တော်လမ်းလျှောက်ထွက်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝကကျောင်းမှအိမ်သို့ပြန်နေကျအောက်ကြည့်မြင်တိုင်လမ်းမကြီးအတိုင်း ဟုမ်းလမ်း(ယ္ခုပန်းလှိုင်လမ်း)မှသံတံတားလမ်းအထိ။

ရှောလမ်း(ယ္ခုခတ္တာလမ်း)သံလမ်းကျော်တံတားကိုလွန်သည်နှင့်ရထားလမ်းနှင့်ကားလမ်းအကြားလူသွားလမ်းမြေကပိုကျယ်လာသည်။ ဟိုတုံးကသည်နေရာမှာညနေပိုင်းဆိုအနီးအပါးရပ်ကွက်များမှလူငယ်တွေ ခြင်းခတ်ဘော်လုံးကန်နေကျ။ ယ္ခုအမျိုးအမည်မသိတဲငယ်အချို့တွေ့ရသည်။ ပြီးတော့ကြုံလှီလှီ မွဲခြောက်ခြောက် အပင်မမည်အကိုင်းမမြောက်ဟိုတပေါက်ဒီတပေါက်ကြက်ဆူပင်များ။ နောက်ဗားကရာချောက်အပေါ်မှဖြတ်ကာအလံချိုးရုံနှင့်ကြည့်မြင်တိုင်ဘူတာကုန်းတံတား။ ထိုမှသံတံတားလမ်းကုန်းကျော်တံတား။ တစ်ချိန်ကသည်နေရာတလျှောက် ကြည့်မြင်တိုင်ညဈေးဟုကျော်ကြားခဲ့ဖူးသည်။ ဈေးသည်ပေါင်းစုံ ဆိုင်ပေါင်းစုံအမျိုးအမည်စုံ။ ကျွန်တော့်နားထဲမှာကလေးဘဝကသည်နေရာကိုဖြတ်ရတိုင်းကြားနေကျ ရှာလပတ်ရည်သည်များ၏မှန်ပုံးနှင့်သတ္တုခွက်ထိခတ်သံများ၊ လည်နေသောကြံရည်ကြိတ်စက်မှ ခြူသံလေးများ ကိုကြားယောင်ရင်းလွမ်းမိသလိုဖြစ်ရသေးသည်။ ထိုအလွမ်းများသည်ပစ္စက္ခ၌လူသွားလမ်းပေါ်ပိုင်စိုးပိုင်နင်းနေရာယူထားကြသောထိုဗျောက်သောက်ပင်အစုအစုတို့ကိုမြင်ရသည်၌ရုတ်ခြည်းပျောက်ကွယ်ကြရပြန်၏။ လွမ်းခွင့်ပင်မသာသောဘဝပေတကား။

နှစ်နှစ်ခွဲခန့်ချစ်သောမွေးရပ်မြေမှာဟိုမရောက်သည်မရောက်နိုင်သည့်အဆုံးပြည်ပသို့နောက်တကြိမ်ပြန်ထွက်ခဲ့ရသည့်အခါ မင်းမူနိုင်လွန်းသောထိုကြက်ဆူမြင်ကွင်းတွေကကျွန်တော်နှင့်အတူကပ်ညိ၍ပါလာခဲ့ကြသည်။ သွားလေရာမတင့်တယ်သောကျွန်တော်တို့အဖြစ်၊ ရောက်လေရာမဝင်ဆန့်သည့်ကျွန်တော်တို့ဘဝတွေကို ထိုကြက်ဆူရှင်ကြီးသိမှသိပါလေစ။ ကိုယ့်နိုင်ငံကိုယ့်ရေကိုယ့်မြေမှာထမင်းကြမ်းယပ်ခတ်စားခွင့်ပင်မရနိုင်၍ သူတစ်ပါးနိုင်ငံလာပြီးကိုယ်စွမ်းဉာဏ်စွမ်းမှန်သမျှကိုအပေါဆုံးဈေးဖြင့်ရောင်းချစားသောက်ပြီးရိုးရိုးကုတ်ကုတ်နေထိုင်လျက်ရှိသည့်တိုင်ကျွန်တော်တို့အဖြစ်ကဈေးရုံနားကပ်လာသည့်အရပ်တပါးမှခွေးငတ်တွေပမာ ဈေးစောင့်တွေကမောင်းထုတ်ချင်ကြသလို၊ ရွာခံခွေးတွေကလည်းမာန်စောင်ရန်ပြုချင်ကြသည်။ ဘယ်သူ့ အားကိုးရမှန်းမသိသလိုဘယ်သူ့လက်ညှိုးထိုးရမှန်းလည်းမသိသည့်မွန်းကြပ်မှုများအောက်မှာ “ခုဖြစ်ပုံကြောင်းတွေသိတာမို့ ခေါင်းကြွေယိခွေကာ လောင်းတေမိဆွေမဟာလို နေသာအောင်နေရ” ဟူသော ရှေးဟောင်းသံဝေဂတေးထပ်အပိုင်းအစလေးများကလည်းမသက်မသာအတွေးတွင်ဝင်ဝင်လာကြသည့်အဆုံး ထိုကဗျာကိုကျွန်တော်ရေးစပ်ခဲ့မိခြင်းဖြစ်ပါသည်။ ကဗျာဆိုသော်လည်းအမှန်ကတေးထပ်တစ်ပုဒ်သာဖြစ်ပါ၏။

ဗမာတွေဘုံပျောက်၊
မယုံလောက်ဖြစ်အင်၊
ကြုံသဘောက်ယာဇ်ပုလ္လင်မှာ၊
စစ်ဘုရင်သူဖျင်း၊
မင်းအလွဲပွဲကြာတယ်၊
ငရဲတာရှည်ရတဲ့အခင်း။

အပျက်ဆက်အခက်စွာ၊
မက်စရာအရှင်း၊
ရတက်ဖြာခပင်းတို့၊
ကမ္ဘာဝင်းလွင့်စင်၊
အပွင့်ကျင်အရွက်ကျဲရယ်နဲ့၊
မျက်နှာမွဲခဲပစ်ကြချင်။

ညစ်လှချက်ရာဇဝင်နှယ်၊
ဗမာမြင်ဈေးရုံကပ်လာတဲ့၊
ချေးပုံဟပ်ခွေးငတ်အသွင်၊
သွေးသပ်သူမြင်၊
ဝေးရပ်က ကြက်ဆူရှင်ရယ်၊
အရှက်ဇမ္ဗူဆင်ခြင်သင့်ဘိခြင်း။

ကဗျာမြင်ရုံနှင့်ပင်ဘယ်စာစောင်ဘယ်မဂ္ဂဇင်းကမှလက်ခံမည့်အမျိုးအစား(ဝါ)ပန်းတနော်လမ်းသား စကားဦး သန်းဖူးသလို ဘယ်သူမှမဖတ်လျှင်အကောင်းဆုံးဆိုသောကဗျာမျိုးဖြစ်သည်ကို သိနိုင်လောက်ပါသည်။ လွန်ခဲ့သောသုံးနှစ်ခန့်အထိထိုကဗျာသည်လူသိမခံဝံ့သောကဗျာမျိုးလည်းဖြစ်ခဲ့ပါသည်။ သို့ရာတွင်ကျွန်တော် ရေးဖြစ်ခဲ့သလိုယ္ခုသို့ကိုယ့်အကြောင်းကိုယ်ပြောသည့်အခါရူးသွပ်ခဲ့ဖူးသောကဗျာသမားဘဝကို အကြောင်း ကြောင်းကြောင့် (အဓိကအကြောင်းမှာဇွဲနှင့်သမာဓိနုံ့နည်းမှု) မရောက်ရှိနိုင်ခဲ့သည့်တိုင်ကဗျာသည်ရင်တွင်းဖေါ်အဖြစ်ကျွန်တော့်မှာရှိနေဆဲဖြစ်ကြာင်းတွေ့ရှိဖေါ်ပြဖြစ်ပြန်ပါသည်။ ဝီရအတွေးသိင်္ဂါရအတွေးတွေနှင့် အစပြုခဲ့သောကျွန်တော့်ကဗျာလမ်းမှာဝိဘစ္စဝေဒနာဘယာနကအတွေးတို့စိုးမိုးဝင်ရောက်လာခြင်းကိုမူ ဘဝပေးဟုသာဆိုရပါတော့မည်။

ဝိကာလကလက်ပြခေါ်ခံရယုံတွင်မဟုတ်သူ့လက်ကြမ်းကြီးများဖြင့် တရကြမ်းဆွဲငင်ခေါ်ယူခြင်းခံနေရသည့် ယ္ခုလိုအဆစ်အပိုင်းမှာပင်ကဗျာဆန်ချင်နေသေးသောကျွန်တော့်ကိုယ်ကျွန်တော်အံ့သြရသည်။ စင်စစ်ကျွန်တော်ကား မသေခင်ကဗျာတစ်ပုဒ်လောက်ရေးချင်စိတ်ကိုတားမရနိုင်သူတည်း။