Monday, September 15, 2014

ကျွန်တော်နှင့်ရှစ်ဆယ့်ရှစ် (၁)

[စကားပလ္လင်။ လွန်ခဲ့သောနှစ်ဆယ့်ခြောက်နှစ်တာ လုံးလုံး တပြောတည်းပြောလာခဲ့ကြသော၊ ပြောနေဆဲဖြစ်သော၊ ကာလအတန်ကြာဆက်၍ပြောနေကြ ဦးမည်ဖြစ်သော ရှစ်လေးလုံးတမ်းချင်းတွေကို ကြားရသည့်အခါတိုင်း အဲသည်တုံးက ငါဘယ်မှာများပါလိမ့်ဟု မနေနိူင်မထိုင်နိူင်တွေးမိသမျှကို ယ္ခုမှရေးဖြစ်ပါသည်။]


ရှစ်ဆယ့်ရှစ်အရေးအခင်း သို့မဟုတ် ရှစ်လေးလုံး အရေးတော်ပုံရောက်တော့ ကျွန်တော် သားသည်အဖေတစ်ဦးဖြစ်နေပြီ။ ရန်ကုန်တစ်ဖက်ကမ်းသင်္ဘောကျင်းတခုတွင် အင်ဂျင်နီယာအရာရှိဘဝဖြင့် မိသားစုနှင့်အတူ သင်္ဘောကျင်းဝင်းအတွင်းမှာပင်နေထိုင်သည်။ ဝန်ထမ်းသက်ကိုးနှစ် အိမ်ထောင်သက်ငါးနှစ် သားကြီးအသက်လေးနှစ်နှင့် သမီးလတ်အသက်နှစ်နှစ် အသီးသီးရှိကြပြီ။ ရွေးချယ်ခဲ့သော အရပ်ဘက်ဝန်ထမ်းဘဝမှာ တော်လ်စတွိုင်းပြောခဲ့ဖူးသလို နဂါးကြီး၏ရန်ကြောင့်ပြေးရင်းလွှားရင်းကျင်းနက်ကြီးထဲအကျ ကျင်းအဝနံရံမှာကြွက်ဖြူကြွက်မဲတို့အလှည့်ကျ အမြစ်ကိုက်ဖြတ်ခြင်းခံနေရသော ညောင်ကပ်ပါးပင်အကိုင်းကိုတွဲခိုရင်းမှပင် ညောင်ရွက်ပေါ်မှပျားရည်စက်ကို တရှိုက်မက်မက်သုံးဆောင်ခုံမင်နေခဲ့သည့် ခရီးသွားတစ်ဦးပမာဖြစ်လေသည်။ တော်လ်စတွိုင်းအလိုအရ ကျင်းနက်ကြီး၏အောက်ခြေမှာ အခြားကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်ကလည်း ခံတွင်းတပြင်ပြင်နှင့်စောင့်နေသည်။ ယ္ခုသို့ မှီတွယ်ရာညောင်ပင်အမြစ်တည်းတည်း ကျန်ချိန်မှာပင်အမှုမထားနိူင်ပေသေးရာ ထိုစဉ်ကထိုသတ္တဝါကြီးအကြောင်း ခေါင်းထဲတွင်မရှိခဲ့သည်မှာသဘာဝကျ သည်ဟုထင်ပါသည်။

ဝန်ထမ်းအဖြစ်နေထိုင်ရာအိမ်က သင်္ဘောကျင်းဝင်းအတွင်းမှာဖြစ်ပြီးရန်ကုန်မြစ်ကမ်းစပ်မှာရှိသည်။ စစ်ပြီးစကဆောက်လုပ်ခဲ့သော အရာရှိအိမ်ယာပြီပြီ အိမ်လုံးကြီးကြီးခြံဝင်းကျယ်ကျယ် တင်းနစ်ကွင်းနှင့်မြက်ခင်းနှင့် မီးဖိုဆောင်နှင့်တန်းလျားနှင့် အင်္ဂါစုံစုံသားသားနားနားဖြစ်သော်လည်း ခေတ်၏ ပေယျာလကံအောက်မှာ နိုင်ငံပိုင်ဖြစ်ပြီးကတည်းက ယိုယွင်းခြင်းကြီးစွာရပ်တည်လာရသည့် အိမ်ကြီးတအိမ်ဖြစ်လေသည်။ ဒါတောင် ကျွန်တော့်လက်ထက်မှာ အိမ်ချည့်သက်သက်ကိုဖါဖါထေးထေးသုံး၍ရရုံမျှမက မိသားစုတစ်စုကျယ်ကျယ်ဝန်းဝန်း သီးသီးသန့်သန့်နေခွင့်ရခဲ့သေးသည်။ နောက်ပိုင်းတွင် ထိုအိမ်ကို ဖြစ်သလိုနှစ်ပိုင်းပိုင်းကာ (ဝင်ပေါက် ဧည့်ခန်း မီးဖိုခန်းဘုံ) မိသားစုနှစ်စု တွန်းတွန်းတိုက်တိုက် နေကြရသည်ဆိုသောသတင်းကို စိတ်မချမ်းမြေ့ဖွယ်ရာကြားရသေး၏။ အရပ်သားဝန်ထမ်းလောက ပျက်စီးခြင်းငါးပါးဆိုက်သောအချိန်ဖြစ်လေသည်။ ကံအား လျော်စွာ ထိုအချိန်မှာကျွန်တော် ဝန်ထမ်းမဟုတ်တော့။ ထားတော့။

ရုံးပိတ်ရက်ရန်ကုန်မကူးဖြစ်လျှင်စာဖတ်ရင်းငေးစရာဟူ၍ မြစ်ပြင်ကြီးနှင့် ရန်ကုန်ဘက်ကမ်းက အဆောက် အဦတွေသာရှိသည်။ မြစ်တို့၏ထုံးဆံ ရန်ကုန်မြစ်မှာလည်း တစ်နေ့နှစ်ကြိမ် ရေတက်ရေကျရှိကာ ရေတက်ပြီးပြန်မကျခင် မီးနစ်သုံးဆယ်ခန့်ရေအီလေ့ရှိသည်။ ရေအီချိန်မှာမြစ်အတွင်းရေမျက်နှာပြင်အမြင့်ဆုံးနှင့်ရေစီးနှုံး အနှေးဆုံးဖြစ်၏။ ယင်းအပြင်တစ်လနှစ်ကြိမ် (လပြည့်လကွယ်) ရေတိုးရေထ (ဒီရေတက်) လေ့ရှိ၏။ ရန်ကုန်မြစ်၏ရေအီချိန်များမှာ တမျိုးတော့ လွမ်းဘို့ကောင်းသည်။ အစာဝပြီး အိပ်မောကျနေသော နဂါးကြီးပမာ မြစ်ပြင်ကျယ်ကြီးတခုလုံး မလှုပ်မယှက်။ ကြားနေကျ ကူးတို့စက်သမ္ဗာန်တို့၏ မောင်းနှင်သံများပင်လျှင် (ရေးစီး ချိန်မောင်းသလို စက်ကုန်ဖွင့်စရာ မလို၍လားမသိ) တိုးညှင်းငြင်သာ လာသယောင်ထင်ရ၏။ ဘဝကိုမြစ်ပြင်ကျယ်နှင့် နှိုင်းယှဉ် စဉ်းစားမိသည်မှာ ထိုစဉ်ကတည်း ကဖြစ်၏။ ကျွန်တော် စိတ်ကူးဖြင့်ဆွဲကြည့်သော ဘဝ၏ပုံပြမျဉ်းကွေး(Curve)တွင် ရေအီချိန်သည် အမြင့်ဆုံးအပိုင်း(Summit)။ တဘက်တချက် မှာတော့ ရေတက်နှင့်ရေကျ ဆင်ခြေလျှော (Slopes) များ။ ရေအီချိန်ရေ အမြင့်နှင့် ရေတက်ရေကျနှုံးတို့မှာ ရေတိုးသည့် ပမာဏပေါ်တွင် တည်သလို ရေအီချိန် ပြီးလျှင် ရေကျရ စမြဲဖြစ်၏။ ရေကျချိန်မှာ ရေစီးပို၍ သန်တတ်သည်။ ဘဝ၏ ရေကျချိန်များလည်း ထို့အတူဖြစ်ချိမ့်မည်။

သို့သော် ကျွန်တော်အပါအဝင် ထိုစဉ်က ဝန်ထမ်းတွေ၏ဘဝမှာ ရေမစီးသောမြစ်ကောကြီးနှင့် ပို၍တူသည်ဟု ဆိုရမည်။ ဗဟိုဦးစီးစံနစ်၏စီမံကိန်းစီးပွားရေးယန္တယားကြီးက အစုပ်နှင့်အထုတ်မှားနေသော ပန့်အိုကြီးပမာရေစီးရေလာ မမျှရုံမကအနည်အနှစ်တွေ တစ်ပုံတပင်ပို့ချနေခဲ့သည်။ ကြာတော့မြစ်မမည်သော အိုင်ပျက်ကြီးပမာ ခိုလှုံရာဝန်ထမ်းဟူသမျှရေနည်းငါးဘဝသို့ရောက်ကြရတော့၏။ အောက်ခြေဝန်ထမ်းများမှာ အနစ်နာဆုံးဖြစ်၏။ ၁၉၈၅ နှင့် ၁၉၈၇ နှစ်များအတွင်း ငွေစက္ကူအချို့နှစ်ကြိမ်တိုင်တိုင် တရားမဝင်ကြေငြာခံရသည်၌အနာကိုဆားပက်သည့်နှယ် ဖြစ်ကြရပြန်သည် (၁၉၈၇ ငွေသိမ်းမှုတွင် ကျောင်းသားများ၏ ကန့်ကွက်ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ကြသေးသော်လည်း အစိုးရက လျှင်မြန်စွာထိမ်းချုပ်နိုင်ခဲ့သည်)။ ဝန်ထမ်းများအနေဖြင့်မူ (အရပ်စကားဖြင့်) အသံပင်မထွက်နိုင်ကြတော့။ နှစ်ပေါင်းများစွာတင်းကျပ်နှောင်တည်း ထားအပ်သော အကြောက်တရား၌လည်းအသားကျ၍နေကြပြီ။ ဆာလောင်မွတ်သိပ်မှုသည် ဒေါသကို ကြီးထွားစေသည် မှန်သော်လည်း အငတ်ဘေး၏ ခြိမ်းခြောက်မှုကအရာရာကျိုးနွံအောင် စွမ်းဆောင်နိူင် လေရော့သလား မသိ။

ရန်ကုန်ဘက်မှကျောင်းသားလှုပ်ရှားမှုသတင်းတွေကိုတော့(စိတ်တွင်းမှကြိတ်၍) အားတက်ဘွယ်ရာကြားနေရ၏။ ကျောင်းသားဆိုသည်အနှောင်အဖွဲ့ကင်း၍အကြောက် တရားလည်းနည်းပါးသည် မဟုတ်ပါလား။ ဘုန်းမော်အရေးအခင်းနှင့် တံတားဖြူအရေးအခင်းတို့တွင် ညှိုးသူရန်ဘက်ပမာ ရိုက်နှက်သတ်ဖြတ်ရုံမက လက်ရဖမ်းဆီးမိသူအများအပြားအားလူမဆန်စွာညှင်းပန်းချုပ်နှောင်မတွေရော ဒေသခံပြည်သူတွေပါပါဝင်လာပြီး လက်မရွံ့လုံထိန်းတပ်ဖွဲ့များကို ထိပ်တိုက်ရင်ဆိုင်ကြသည် အထိဖြစ်ခဲ့ကြသည်။ အာဏာသက် နှစ်နှစ်ဆယ်ကျော်အတွင်း အပြင်းထန်ဆုံးအာခံမှုများပင်ဖြစ်ကြ၏။ ဤသည်ကို (ထုံးဆံအတိုင်း) အကြမ်းဖက်၍ဖြေရှင်းရာမှ မမျှော်လင့်သော အကျိုးဆက်များ ပေါ်ပေါက်လာရပြီးနောက် ပြည်ထဲရေးဝန်ကြီး ရာထူးမှနူတ်ထွက်သွားခဲ့သည်။ သို့ရာတွင် ထိုထိုသော အုံကြွမှုတွေမှာ ရေခဲလွှာကြီး၏ အဖျားအနားလေးမျှသာ (Tip of the Iceberg) ဖြစ်သည်ကို (အာဏာမာန်အခံဖြင့်) မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်း ရှိခဲ့ပုံမပေါ်။

ထိုနှစ် (၁၉၈၈) ဇူလိုင်လအတွင်း (မြန်မာ့ဆိုရှယ်လစ်) လမ်းစဉ်ပါတီ၏ အရေးပေါ်ပါတီညီလာခံကို ကျင်းပခဲ့လေသည်။ ထိုအချိန်တွင် (ယူနီဖေါင်းဝတ်) အမြုတေ ပါတီအဖြစ် ၁၂နှစ် နှင့် (ယူနီဖေါင်းချွတ်/ အရပ်ဝတ်) ပြည်သူ့ပါတီအဖြစ် ၁၄နှစ် စုစုပေါင်း နှစ်ဆယ့်ခြောက်နှစ် ကြာ ဦးဆောင်လျှက် တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲ ဆုံးနိူင်ငံ စာရင်းသို့ ပူပူနွေးနွေး သွတ်သွင်းခဲ့ကြပြီးဖြစ်သည့်တိုင် ညီလာခံအပေါ် ကောက်ရိုးမြှင်မျှော်လင့်ချက်မျိုး ပြည်သူများမှ ထားရှိခဲ့ကြပါ၏။ စင်စစ် ညီလာခံ အစီအစဉ်များအရလည်း ထိုမျှော်လင့်ချက်ကို ရောင်ပြန်ဟပ်သည့် အနေအထားကို တွေ့ရှိရလေသည်။ ဥပမာအားဖြင့် ပါတီလမ်းညွှန်မူဝါဒ (လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား) အား လိုအပ်သလိုပြင်ဆင်နိူင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မီတီသို့ လုပ်ပိုင်ခွင့်အပ်နှင်းရန် အဆိုနှင့် ထိုအဆိုကို ညီလာခံမှသဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ မူဝါဒပြင်ဆင်ခြင်းသည် ပြုပြင်ပြောင်းလဲခြင်း၏ အခြေခံပင်မဟုတ်ပါလား။ သို့ရာတွင် ပြည်သူကို အဖက်မလုပ်လိုသော အာဏာရှင်၏အတ္တနှင့် မာန်စွယ်တွေက လုပ်သင့်လုပ်ထိုက်သည်များကို လုပ်သင့်သည့်အချိန်တွင် လုပ်ဘို့ရာ ကြီးစွာသော အတားအဆီးဖြစ်ခဲ့ကြလေသည်။ အပ်နှင့်ထွင်းရမည့်အရေး အတ္တကြောင့် ပုဆိန်နှင့်ပေါက်ရမည်ကိုလည်း ဝန်မလေးခဲ့ကြ။

မည်သို့ဆိုစေ ဥက္ကဌကြီး၏ ညီလာခံအဖွင့် အမှာစကားကတော့ ကမ္ဘာကျော်သွားခဲ့သည်။ ကျောင်းသားများကို ဓါးဓါးချင်းလှံလှံချင်းဟု စိန်ခေါ်ကာ နိူင်ငံရေး စာမျက်နှာသစ်တရပ် ဖွင့်လှစ်ခဲ့သော တော်လှန်ရေးကောင်စီဥက္ကဌကြီးသည် လမ်းစဉ်ပါတီဥက္ကဌကြီးအဖြစ်မှ သူအနားယူမည့်အကြောင်းကို မပြောမီ ညီလာခံစင်မြင့်ပေါ်မှနေ၍ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်ဟု လူသိရှင်ကြား ခြိမ်းခြောက်လိုက်ပြန်သည်။ တဆက်တည်းမှာပင် ၁၉၆၂ ဇူလိုင် ၇ အရေးအခင်း တွင် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဖြိုဖျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဖေါက်ခွဲမိန့်ကို သူပေးခဲ့ခြင်းမဟုတ်ပါ ဟု (ဦးအောင်ကြီး၏ ၄၁ မျက်နှာစာတမ်းအား တုံ့ပြန်လျက်) သီးခြားဖြေရှင်းခဲ့သည်။ အကြပ်အတည်းများကြားမှ နိုင်ငံ့ဥသျှောင်တစ်ဦး၏ ဇာတိပြစကားများဟု ဆိုနိုင်မည်လားမသိ။ ထိုစကားများနှင့်အတူ သုံးရက်ကြာညီလာခံ၏ ဆုံးဖြတ်ချက်များက ပါတီတွင်း သူ၏အရှိန်အဝါနှင့်သြဇာတို့ကို မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့လေသည်။

ဥက္ကဌကြီး၏အဖွင့်မိန့်ခွန်းပါ တပါတီလားပါတီစုံလား လူထုဆန္ဒခံယူပွဲပြုလုပ်ပေးရန် (တောင်းဆို) လမ်းညွှန်ချက်အား ညီလာခံမှ လိုက်နာခြင်းမရှိခဲ့။ ပြီးခဲ့သော အရေးအခင်းများနှင့် ပတ်သက်၍ တာဝန်မကင်းဟု ခံယူသည့်အလျောက် ၎င်းအားပါတီမှနူတ်ထွက် ခွင့်ပေးရန်တောင်းဆိုချက် အပေါ်တွင်လည်း နူတ်ထွက်ခွင့်အစား အငြိမ်းစားသာပေးခဲ့သည်။ ဥက္ကဌကြီးနှင့်တပါတည်း နူတ်ထွက်ရန် တင်ပြထားသည်ဆိုသော ကော်မီတီဝင်ငါးဦးတို့အနက် တစ်ဦးကိုသာ အနားယူခွင့်ပြုပြီး ကျန်လေးဦး ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဆက်လက်ပါဝင်လာခဲ့ရာ ၎င်းတို့အနက် ၁၉၆၂ ကျောင်းသားလှုပ်ရှားမှုအား ဦးဆောင်ဖြိုခွင်းခဲ့သည်ဟု သတင်းကြီးခဲ့သူ၊ ၁၉၇၀ ခုနှစ်များအတွင်း အလုပ်သမားနှင့်ကျောင်းသား အရေးအခင်းများအားနှိမ်နင်းရာမှ သန္ဓေတည်လာသည့် လုံခြုံမှုထိန်းသိမ်းရေး တပ်ရင်း (လုံထိန်း) များအား ဖွဲ့စည်း တည်ထောင်ခဲ့သူ၊ ၁၉၈၀ ခုနှစ်များ အတွင်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ကို ဖွဲ့စည်းလျက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စရပ်များဆောင်ရွက် ခဲ့သူ၊ သဘောထားတင်းမာသည်ဟုကျော်ကြားသူ တွဲဘက်ကြီး (တွဲဘက် အထွေထွေ အတွင်းရေးမှူး) မှာ ပါတီဥက္ကဌဖြစ်၍ လာခဲ့လေသည်။ 

ထိုနေ့မှာပင် ပြီးခဲ့သောမတ်လအရေးအခင်းဖြစ်ပွားရခြင်းတွင်တာဝန်မကင်းဟုဆိုကာ ဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှား ခဲ့သည်။ နောက်တစ်နေ့ ပြည်သူ့လွှတ်တော် ကြားဖြတ်အရေးပေါ်အစည်းအဝေးတွင် ထိုအသစ်စက်စက်ပါတီဥက္ကဌမှာ နိူင်ငံတော်ကောင်စီဥက္ကဌ (နိူင်ငံတော်သမ္မတ) ဖြစ်လာခဲ့သည်။ အမနာပ ခိုင်းနှိုင်း ရလျှင်မြင်းကိုဂျိုတပ်ပေးလိုက်သည့်နှယ်ဖြစ်၏။ တိုင်းပြည်ပျက်ကာနီးမှ ယောင်တီးယောင်တ မင်းဖြစ်လာရသည့် သူကလည်း ပါတီရောအစိုးရမှာပါခေါင်းဆောင်ဖြစ်လာခိုက် အခြားသောပြုပြင်ပြောင်းလဲရေး များထက် “ပြည်တင်း” သည့်အရေးကိုသာ ဦးစားပေးကိုင်တွယ်ရင်း အာဏာရှင်တို့လမ်းစဉ်အတိုင်းပင် ဖမ်းဆီး ချုပ်နှောင်ထိန်းသိမ်းခြင်း စစ်အုပ်ချုပ်ရေးပြဌာန်းခြင်း လက်နက်ကိုင်တပ်ဖွဲ့များဖြင့် အင်အားပြခြိမ်းခြောက်ခြင်းစသည်တို့ကို မဆိုင်းမတွလုပ်ဆောင်ခဲ့လေ၏။ ပဒိုင်းပင်က သရက်မသီး သည့်သဘော။

ထိုသို့သော အနေအထားများကြားမှပင်ကျောင်းစိမ်းဝတ်စုံခွပ်ဒေါင်းနဖူးစည်းများဖြင့် ကြွေးကြော်ချီတက်ကာ လုံခြုံရေးတပ်ဖွဲ့များမရောက်မီ ကိုယ်ရောင်ဖျောက်တတ်ကြသောပြောက်ကျားကျောင်းသား ရဲဘော်များ မြို့တွင်းနေရာအနှံ့ပေါ်ပေါက်ခဲ့ကြလေသည်။ ကြွေးကြော်သံအသစ်တစ်ခု (တပါတီစံနစ်ဖျက်သိမ်းရေး) တိုးလာသကဲ့သို့ လောလောလတ်လတ် “သေနပ်ကြိမ်းကြိမ်း” ခံထားရသဖြင့်မိအေးနှစ်ခါနာနေကြသောပြည်သူများ၏ထောက်ခံအားပေးမှုကိုလည်းပိုမိုရရှိနေကြသည်။ တစ်ရက်ကျွန်တော်အလုံဘက်သို့အသွား လမ်းမတော်ကမ်းနားလမ်းမပေါ်တွင်အဆိုပါကျာင်းသားငယ်တစ်စုဆန္ဒပြကြသည်နှင့်ဆုံခဲ့ဖူးသည်။ စစ်အုပ်ချုပ်ရေးကာလမို့ စစ်သားတွေနေရာတကာတပ်စွဲထားလေရာ ထိုနေ့ကလည်းကျောင်းသားတွေကြွေးကြော်သံမဆုံးမီ ကွန်မန်ဒိုတပ်စိတ်တစိတ်လည်စီးနီနီမောင်းပြန်သေနတ်ကိုယ်စီဖြင့်သူတို့တွေရှိရာဘက်သို့အမြန်လျှောက်ပုံစံ ချီတက်လာခဲ့ကြသည်။

ဘာတွေဖြစ်လာဦးမလဲဟုစိတ်မသက်သာစွာကြည့်နေခိုက်မှာပင်ကျောင်းသားများလူစုခွဲလျက်နီးစပ်ရာလမ်းဘေးဈေးဆိုင်များအတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားကြလေသည်။ လုံခြုံရေးတပ်စိတ်ထိုနေရာသို့အရောက်တွင်မူအရောင်းအဝယ်မပျက်အရယ်အမောအပြောအဆိုမပျက်သော ဈေးတန်းတစ်ခုကိုသာမြင်တွေ့ ကြရလေ၏။ ဖတ်ခဲ့ဘူးသောစာများထဲမှဖက်ဆစ်တော်လှန်ရေး ကာလအတွင်းကင်ပေတိုင်ဘေးမှဝေးစေဘို့ တော်လှန်ရေးရဲဘော်အားသမီးပျို၏ခြင်ထောင်တွင်းသွင်း၍ဝှက်ပေးခဲ့သည့်ဇာတ်လမ်းများကို အမှတ်ရစရာဖြစ်ခဲ့လေသည်။ မသိမှီလိုက်သည့်ဂျပန်ခေတ်ကဇာတ်လမ်းများနှင့်မျက်ဝါးထင်ထင်မြင်တွေ့ရသော ထိုနေ့ကမြင်ကွင်းမျိုးထပ်တူပြုခိုင်းနှိုင်းရမှာ လူမျိုးခြားဖက်ဆစ်နှင့်အမျိုးသားအာဏာရှင်မို့ ရင်နာစရာတော့ကောင်းပါ၏။ တပတ်လည်တိုင်းရာဇဝင်ဖြစ်သည်မဟုတ်ချေ။ 

ထိုအတွင်း သြဂုတ်လရှစ်ရက်(၈/၈/၈၈)တွင်ကျောင်းသားများမှဦးဆောင်လျက်တစ်တိုင်းပြည်လုံး အထွေထွေသပိတ်ဆင်နွှဲမည်ဟုကြေငြာလိုက်ကြလေသည်။ ဆက်သွယ်ရေးနည်းပညာများချို့တဲ့သည့်အပြင် သတင်းလွတ်လပ်ခွင့်လည်း မရှိသောကြောင့် နိုင်ငံတကာသတင်းဌာန (VOA, BBC စသည်) အချို့ကသာထိုသတင်းကို အသားပေးဖေါ်ပြသဖြင့်နားစွင့်ကြရသည်။ သို့တိုင်အောင်သတင်းပင်မများမှာအစိုးရသတင်းဌာနနှင့် အရပ်စကားများသာဖြစ်ကြပြီး နှစ်မျိုးစလုံး ဘက်လိုက်ခြင်းမကင်းကြလေရာ များသောအားဖြင့်အတည်မပြုနိူင်သောသတင်းများသာဖြစ်တတ်တတ်ကြ၏။ ဒေသခံသတင်းထောက်များမှာလည်းအစိုးရ၏ထိန်းချုပ်ကို တနည်းမဟုတ်တစ်နည်းခံနေကြရသည်။ ဥပမာ ထိန်းသိမ်းခံကျာင်းသူတဦးထောင်တွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုသောသတင်းမျိုး။ ထိုသတင်းသည် အထွေထွေသပိတ်ကြီးဖြစ်မြောက်လာရန်အရေးပါသော တွန်းအားတစ်ရပ်ဖြစ်ခဲ့သည့်တိုင် ဘီဘီစီ၏လွှင့်ထုတ်ချက်နှင့်လေလှိုင်းပေါ်မှအင်တာဗျူးတို့အပေါ် သီးခြား အတည်ပြုချက်ရယူနိူင်သည့်အနေအထားမျိုးမရှိခဲ့သလို အစွပ်စွဲခံအဖွဲ့အစည်းဘက်မှလည်း တစ်စုံတစ်ရာ အရေးတယူဖြေရှင်းခြင်းငြင်းဆိုခြင်းမပြုခဲ့။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မှ ထိုကိစ္စမဟုတ်မှန်ခဲ့ကြောင်း လည်ဆယ်၍တိုင်တန်းခဲ့ကြောင်း ကာယကံရှင်မိန်းခလေးကိုယ်တိုင်ဖြောင့်ဆိုသည်ဟု တပ်မတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်တခုတွင်ပါရှိခဲ့သည်။

ကာယကံရှင်ပုဂ္ဂိုလ်များအဖွဲ့အစည်းများသာမက သတင်းပေးသတင်းယူ သတင်းထုတ်ပြန်သူအားလုံးတို့၏ ကျင့်ဝတ်သိက္ခာညွှန်းကိန်းတခုဖြစ်လာနိူင်ဘွယ်ရှိသည့် ထိုသတင်းနှင့်သတင်းနောက်ခံတို့မှာ ယနေ့တိုင်ဝိုးတဝါး။ ကျွန်တော်မျက်ခြေပြတ်သွားတာဖြစ်ချင်ဖြစ်မည်။ မည်သို့ဆိုစေမိုးပြိုမည်ကိုလက်ဝါးဖြင့်ကာ၍မရနိူင်သကဲ့သို့ ပြည်သူတွေ၏အထွေထွေမကျေနပ်ချက်ကိုခြိမ်းခြောက်လှည့်ဖျားရုံဖြင့်မရပ်တန့်စေနိူင်။ လူထုအုံကြွမှုတစ်ရပ် သတ်မှတ်ရက်မှာသတ်မှတ်ထားသည့်အတိုင်း မျိုးဆက်သစ်ကျောင်းသားများ၏ ဦးဆောင်မှုဖြင့်ပေါ်ပေါက်ခဲ့လေသည်။ လွတ်လပ်ပြီးမြန်မာနိူင်ငံသမိုင်းတွင် အုပ်ချုပ်သူအစိုးရအပေါ်ကိုင်စွဲခဲ့သည့် ပထမဆုံး လူထုအထွေထွေသပိတ်နှင့် အကြီးမားဆုံးလူထုအုံကြွမှုကြီးဖြစ်ပြီး အာဏာရှင်အစိုးရလက်ထက်မှာဖြစ်ခဲ့ခြင်းနှင့် ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ် (ရှစ်လေးလုံး) ရက်စွဲ၌ဖြစ်ပေါ်လာခဲ့ခြင်းတို့မှာထူးခြားသည့်လက္ခဏာများဟုယူရမည်သို့ဖြစ်၏။

မှတ်မှတ်ရရ ထိုနေ့ထိုရက်မှာကျွန်တော်ကသင်္ဘောကျင်း၏အလှည့်ကျတာဝန်မှူးကြီးဖြစ်နေသည်။ ထိုခေတ်က ‘စစ်သားကွစစ်တိုက်တာကလွဲရင်အကုန်လုပ်တတ်တယ်’ ဆိုသောပြက်လုံးတခုရှိခဲ့ဘူးရာ (လယ်ထွန် ကောက်စိုက် လမ်းပြင် ကျောင်းဆောက် နေရာတကာမှာ မျက်စေ့နောက်အောင် စစ်သားတွေ ပါကြခြင်းကို ရည်ညွှန်းသည်) အရပ်ဘက်ဝန်ထမ်းတွေပါထိုနည်းနှင်နှင်ဖြစ်နေကြ၏။ အရာရာကိုလုံခြုံရေးအမြင်ဖြင့်သာ ကြည့်လေ့ရှိသောစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးနည်းနာတွေကြောင့် အင်ဂျင်နီယာလည်းအင်ဂျင်နီယာအလုပ် မလုပ်ရသလောက်ဖြစ်နေပြီ။ မဲရုံစောင့် မြောင်းဖေါ် လုံခြုံရေး အမှုစစ် တရားလိုလုပ် တရားခံရှာ ညီလာခံတက် တရားရုံးသက်သေလိုက်သည့်အလုပ်တွေကမင်းမူနေကြသည်။ ယ္ခု တာဝန်မှူးအဖွဲ့လုပ်ငန်းမှာလည်း သည်သဘောသာဖြစ်၏။ အဓိကအားဖြင့်သင်္ဘောကျင်းနယ်မြေနှင့် သင်္ဘောကျင်းပိုင်(ပြည်သူပိုင်)ပစ္စည်းများ၏လုံခြံရေးကို ၂၄ နာရီစောင့်ရှောက်ရေး။ လုံခြုံရေးမှူးဦးစီးသောလုံခြုံရေးဝန်ထမ်းများအား တာဝန်ပေးကြီးကြပ် လိုအပ်လျှင်တရားဥပဒေစိုးမိုးရေးဝန်ထမ်း ပြည်သူ့ရဲများနှင့်ပူးပေါင်းဆောင်ရွက်။ တနည်းအားဖြင့် နယ်မြေ/ပစ္စည်းလုံခြုံရေးကိုတာဝန်ယူရန်ဖြစ်၏။ တာဝန်မှူးကြီးမှာတာဝန်မှူးအဖွဲ့များအား တာဝန်ကျကာလတစ်လအတွင်း စီမံခန့်ခွဲရေးကိုယ်စား နေ့စဉ်ဦးဆောင်ကြီးကြပ်ရန်ဖြစ်လေသည်။

သြဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်ဘက်မှဝန်ထမ်းအများစုလုပ်ငန်းခွင်သို့မလာရောက်ကြ။ တစ်ဦးစနှစ်ဦးစဆိုသလိုရောက်လာသူတွေထံမှမည်မည်ရရသတင်းမရကြ။ အလုပ်သမားတွေဟုတ္တိပတ္တိအလုပ်မလုပ်ကြဘဲ ဟိုနေရာတစုသည်နေရာတစုပါးစပ်သတင်းတွေဖလှယ်ကြဝေဖန်ကြ။ အရာရှိတွေက အခြေအနေ သုံးသပ်ရင်း မသိလိုက်မသိဘာသာနေကြဟန်နှင့် သူတို့ချင်းတွေ့သည့်အခါ တီးတိုးတီးတိုးသဖန်းပိုးတွေလုပ်ကြရင်းအချိန်ကိုကုန်လွန်နေစေကြလေသည်။ လုံခြုံရေးအထူးသတိပြုရန်ညွှန်ကြားချက်အရ တာဝန်မှူးရုံးတွင်သာအနေများသည့်အတွက်သတင်းစုံရရှိနိူင်မည့်အခွင့်အရေးရှိသော်လည်း မှတ်မိသလောက် ထိုနေ့တစ်နေ့လုံးသတင်းထူးခြာမှုမရှိ။ ရန်ကုန်မှာအထွေထွေသပိတ်စနေပြီ။ အများစိုးရိမ်ကြသည့် ပစ်ခတ်နှိမ်နင်းမှုတွေမတွေ့ရသေးဆိုသည်လောက်သာသိရ၏။ တိုက်တိုက်ဆိုင်ဆိုင် ရုံးချုပ်မှဌာနဆိုင်ရာအကြီးအကဲဖြစ်သူ လက်အောက်ခံဌာနတွေလိုက်လံစစ်ဆေးရင်း သပိတ်ကိစ္စနှင့်ပတ်သက်၍ သွေးထွက်သံယိုမှု ရှောင်ရှားနိူင်အောင်သမ္မတ(သစ်)ကြီး ကိုယ်တိုင်ကြပ်မတ်ထိမ်းသိမ်းကိုင်တွယ်နေပြီး မည်သည့်လုံခြုံရေးတပ်ဖွဲ့ကိုမှပစ်မိန့်ပေးပိုင်ခွင့်ပေး မထားကြောင်း အတွင်းစကားပြောသွားရာ (ခြင်းထဲကကြက်ပမာ) စိတ်သက်သာရာရမိသေးသည်။

သို့ရာတွင် မြို့တော်ခန်းမရှေ့မှသပိတ်စခန်းကိုထိုညမှာပင်လက်နက်ဖြင့်ဖြိုခွဲခဲ့လေသည်။ ထိခိုက်အနာတရစာရင်းအသုံးပြုသည့်လက်နက်စသည်တို့မှာ ထုံးစံအတိုင်းအစိုးရထုတ်ပြန်သည့်သတင်းနှင့်အရပ်သတင်းတို့ကွာခြားကြ၏။ သေချာသည်မှာသေနတ်ပြောင်းကိုပြည်သူတွေဘက်လှည့်ခဲ့ကြခြင်းဖြစ်လေသည်။ ထိုမှနောက်နှစ်ရက်နိူင်ငံတစ်ဝှမ်းဆန္ဒပြသတင်းများအပစ်အခတ်သတင်းများကောဠာဟလများ ရံဖန်ရံခါမောင်းပြန်သေနပ်သံများ ရန်ကုန်မြစ်ကိုဖြတ်၍ရောက်လာကြသည်။ ရန်ကုန်ဆေးရုံကြီးရှေ့ပစ်ခတ်မှု မြောက်ဥက္ကလာပလူထုအုံကြွမှုစစ်ကိုင်းလူသတ်ပွဲစသည့်သတင်းများပျံ့နှံ့လာသည်။ တုံလှုပ်ခြောက်ခြားဖွယ်ဖြစ်ရပ်များအပေါ် အမြင်ချင်းသဘောထားခြင်း မတိုက်ဆိုင်မှုများလည်းကြုံရသည်။ ထူးခြားချက်မှာ ‘လမ်းပေါ်ထွက်သူများမှာသူပုန်များသာဖြစ်ပြီး ပစ်ခတ်နှိမ်နင်းခြင်းမှာမှန်ကန်သောလုပ်ရပ်ဖြစ်သည်’ ဟု မှတ်ချက်ပြုသူ တစ်ဦးတလေတွေ့ရခြင်းပင်ဖြစ်၏။ သာမာန်သဘောထားမတိုက်ဆိုင်မှုများအပေါ် လုပ်ငန်းနှင့်မပတ်သက်လျှင် ဧည့်ထောက်ခံဆွေးနွေးငြင်းခုံလေ့မရှိသော်လည်း ထိုနေ့ကတာဝန်မှူးအဖွဲ့၏အလွတ်သဘော စကားဝိုင်းမှာမူ ထိုတစ်ဦးသောပုဂ္ဂိုလ် မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်ဟောင်းသင်္ဘောကျင်းစီမံဝန်ထမ်း ကို အပြင်းထန်ဆုံးစကားလုံးများဖြင့် တုံ့ပြန်ပြောဆိုခဲ့မိကြောင်း အမှတ်ရနေသည်။

“အငြိမ်းစားပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ဆီကဒီစကားကြားရတာ နှလုံးနာတယ်ဗျာ။ ခင်ဗျားသိသင့်တာက တကယ့်သူပုန်ဟာလမ်းပေါ်ကလူတွေမဟုတ်ဘူးဗျ။ လူတွေကိုလမ်းပေါ်မရောက်ရောက်အောင်လုပ်နေတဲ့အစိုးရဆိုတာဘဲ။ ခုလိုမျိုးလက်နက်ဆိုလို့အပ်တိုတစ်ချောင်းတောင်မပါတဲ့ သားသမီးအရွယ်တွေကို လမ်းပေါ်မှာလက်နက်အားကိုးဗိုလ်ကျရဲတဲ့အစိုးရကတော့ သူပုန်အဆင့်တောင်မရှိတော့ဘူး သူခိုးဓါးပြအဆင့်လို့သာမှတ်။"

ထိုညနှင့်နောက်တနေ့လုံး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ နိူင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ မေတ္တာ ရပ်ခံချက်ကိုကြားရသည်။ နောက်တစ်နေ့ ပူပူနွေးနွေးပါတီဥက္ကဌနှင့်သမ္မတသစ်ရာထူးမှနှုတ်ထွက်သွားသည်။ လမ်းပေါ်ပစ်ခတ်မှုများလည်းရပ်ဆိုင်းသွားသည်။ ဆန္ဒပြပွဲများဆက်လက်ဖြစ်ပေါ်နေသည့်ကြားမှ ထပ်မံတင်မြှောက်ခဲ့သော ဥက္ကဌ (သမ္မတ)သစ်မှာ လမ်းစဉ်ပါတီ (နောင်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ၏ နောက်ဆုံးဥက္ကဌနှင့်တစ်ပါတီအစိုးရ၏နောက်ဆုံးသမ္မတဖြစ်သလို စစ်အစိုးရခေတ်တစ်လျှောက် တစ်ဦးတည်းသော အရပ်သားနိူင်ငံအကြီးအကဲလည်း ဖြစ်လေသည်။ တိုတောင်းသောသက်တမ်းအတွင်း စစ်အုပ်ချုပ်ရေးရုပ်သိမ်းခြင်း အရေးပေါ်ပါတီညီလာခံ(လမ်းစဉ်ပါတီ၏နောက်ဆုံးညီလာခံ)ခေါ်ယူပြီးတစ်ပါတီစံနစ်ဖျက်သိမ်းကာ ပါတီစုံစံနစ်ကျင့်သုံး၍ရက်ပေါင်း၉၀အတွင်းရွေးကောက်ပွဲများကျင်းပပေးရန်ကတိကဝတ်ပြုခြင်းစသည့်အပြောင်းအလဲများ လိုက်လျောမှုများနှင့်ပြောင်းလဲရန်အစပျိုးမှုများကိုလည်း သတိပြုစရာဖြစ်သည်။ သို့ရာတွင် ထိုအချိန်၌လမ်းပေါ်သို့ရောက်နှင့်ပြီးဖြစ်သော လူထုကြီး၏သံသယနှင့်အမျက်တို့မှာ သိကြားမင်းနကင်းကြီးနှင့်ဆင်းပြီးတားလျှင်ပင်ပြေပျောက်ဖွယ်မမြင်တော့။

သမ္မတသစ်က ဆန္ဒပြပွဲတွေကိုတားမြစ်ခြင်းမပြု။ စစ်သားစစ်ကားနှင့်ဆန္ဒပြကြသူများ ဒွေးရောယှက်တင် မြင်လာကြရပြီ။ ထို့နောက် စစ်အုပ်ချုပ်ရေးရုပ်သိမ်းလိုက်၏။ လုံခြုံရေးတပ်တွေသံချပ်ကာကားတွေ အားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။ လမ်းပေါ်မှာလူတွေနှင့် (ပြောရလျှင်)တောကြောင်တွေသာ ကျန်ရစ်၏။ ပြည်သူ့တပ်မတော်သည် သူတို့ကိုအာခံသည့်ပြည်သူတွေကိုသူတို့ဆုံးမချင်တိုင်း(မိုးပေါ်မထောင် တည့်တည့်ပစ်ခြင်းအားဖြင့်)မဆုံးမရသောအခါ လုပ်ချင်တာမလုပ်ရလျှင်လုပ်သင့်တာလဲမလုပ်လိုသည့်ခလေးဆိုးကြီးပမာ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကိုပြောင်ပြောင်တင်းတင်းပင် လျစ်လျူရှုလိုက်ကြလေသည်။ နှစ်ပေါင်းများစွာအသိပညာမဲ့ဆင်ခြင်တုံတရားမဲ့စီးပွားမဲ့အောင် ထိန်းကျောင်းခံခဲ့ရသော လူ့အဖွဲ့ အစည်းအတွင်း၌ ဥပဒေလက်ကြားယိုသည်ကိုအခွင့်ကောင်းယူလိုသည့် မတော်လောဘအတ္တအာဃာတသမားများနှင့် ရာဇဝတ်မှုနှင့်ယဉ်ပါးသူများခေါင်းထောင်လာခဲ့ကြသည်။ ထိုအချိန်၌ (ဆိုပါတော့ အချိန်နှင့်တပြေးညီ) အကျဉ်းထောင်အသီးသီးမှအကျဉ်းသားများအား အစုလိုက်အပြုံလိုက်လွှတ်ပေး (ထောင်ခါ) ခြင်းနှင့်ကြုံကြိုက်ရပြန်ရာ ရန်ကုန်မြို့လည်ခေါင်မှာပင်လမ်းတိုင်းခြံစည်းရိုးခတ် ကိုယ့်လုံခြုံရေးကိုယ်ယူရသည့် အခြေသို့ရောက်ကြရလေ၏။ ပြည်သူပိုင်စက်ရုံအလုပ်ရုံနှင့်ကုန်လှောင်ရုံဖေါက်ထွင်းမှုများ (အရပ်သားရော တပ်မတော်သားတွေပါပါဝင်ကြောင်းအပြန်အလှန်လက်ညှိုးထိုးကြဖူးသည်) အုပ်စုဖွဲ့အနိူင်ကျင့်မှုများ ဥပဒေမဲ့အကြောင်းမဲ့သတ်ဖြတ်မှုများနေရာအနှံ့ဖြစ်လာသည်။ အုပ်ချုပ်ရေးယန္တရားတခုလုံးရပ်ဆိုင်းသွားပြီး ဝန်ထမ်းတွေတွယ်ရာမဲ့ဖြစ်ရသည်။ အစိုးရ၏ကျောထောက်နောက်ခံဖြင့်ဖွဲ့စည်းထားသောအလုပ်သမား အစည်းအရုံးတွေ ငုတ်လျှိုးသွားကြပြီးသမဂ္ဂတွေပေါ်လာသည်။

အခြားနေရာတွေတော့မသိ။ သင်္ဘောကျင်းသမဂ္ဂကိုပျာယိပျာယာထ၍ ဖွဲ့ကြခြင်းဖြစ်သောကြောင့် အိုးဆွဲခွက်ဆွဲသမဂ္ဂဟု ကျွန်တော်ရယ်ရွန်းပတ်ရွန်းပြောမိရာပါဝင်သူအချို့မနှစ်မြို့ကြ။ ကျွန်တော်ကိုယ်တိုင်က (ဆွဲခန့်) ဒုဥက္ကဌမို့ နှုတ်လှံမထိုးကြသော်လည်းသမိုင်းဝင်လှုပ်ရှားမှုကြီးတခုအတွင်းမှ သူတို့၏ပုံရိပ်ထိခိုက်မည်ကို စိုးရိမ်ကြပုံရသည်။ သူတို့၏ကြောင့်ကြမှုကိုနားလည်နိူင်သည့်ကြားမှပင် “အိုးဆွဲခွက်ဆွဲတာအိုးနင်းခွက်နင်းတာထက်တော့ကြားလို့ကောင်းပါသေးတယ်ရဲဘော်တို့ရာ။ တကယ်တန်း ခုချိန်ထိကျုပ်တို့လုပ်သမျှတွေကလဲ အိုးနင်းခွက်နင်းတွေချည်းဘဲမို့လား” ဟု အတည်ပေါက်ပြောဖြစ်သည်။ သို့ရာတွင် နောက်ထပ်ထိုအသုံးအနှုံးဖြင့်ဝေဖန်ခြင်းမျိုးကို (စည်းရုံးရေးအရ)မပြုတော့။ စင်စစ် အိုးနင်းခွက်နင်းရုံမကဆန်စင်ရာကျည်ပွေ့လိုက်သလို ဖြေရှင်းရခြင်းမျိုးပင်အမှန်တော့ ရှိခဲ့သည်။

စစ်အုပ်ချုပ်ရေးရုပ်သိမ်းသည့်ညမှာ သင်္ဘောကျင်းရပ်ကွက်နှင့်အခြားရပ်ကွက်တစ်ခုတို့ လူငယ်ချင်း ကတောက်ကဆဖြစ်ရာမှ တစ်ဖက်နှင့်တစ်ဖက်အုပ်စုဖွဲ့ရိုက်နှက်ကြသည်အထိပြင်းထန်သွားသည်။ အကျိုး ဆက်အဖြစ် သင်္ဘောကျင်းရပ်ကွက်မူလတန်းကျောင်းမီးတင်ရှို့ခံရသည်။ နောက်ရက်တွေမှာသင်္ဘောကျင်းကို မီးလာရှို့မည်ဟုသတင်းတွေထွက်နေသဖြင့် လုံခြုံရေးတိုးမြှင့်ရုံမကညအချိန်မြစ်ဘက်ခြမ်းတွင် မြို့နယ် ရဲတပ်ဖွဲ့အကူအညီဖြင့် လက်နက်ကိုင်ရဲအစောင့်အရှောက်ထားပြီးကာကွယ်ကြရသည်။ လုံခြုံရေးအခြေအနေ တနေ့တခြားမရေရာလာသည့်အလျောက်ဇနီးနှင့်သားသမီးတို့ကို အလုံဘက်ရှိယောက္ခမများထံပို့ထားပြီး ကျွန်တော်တစ်ယောက်တည်း သင်္ဘောကျင်းအိမ်တွင်နေရစ်သည်။ အရာရှိရိပ်သာနေအခြားမိသားစုတွေလည်းထိုအတိုင်းပင်။ တချို့အရာရှိတွေမှာ မိသားစုနှင့်အတူလိုက်ပါသွားရာမှပြန်မလာကြတော့။ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေအသက်မဝင်ပြီ။ ခြောက်ခြားဘွယ်ရာအကာအကွယ်မဲ့သောထိုကာလမျိုးမှာ တာဝန်သိဝန်ထမ်းတဦး၏အဖြစ်ကိုမည်သူရွေးချယ်ကြအံ့နည်း။

ပြောရလျှင် အဖြစ်ကကိုယ့်ထမင်းကိုယ်စား ဘုံနွားကျာင်းသလိုမျိုး။ ပြီးတော့ စားကျက်တွင်းမှာကျောင်းရသည်မျိုးမဟုတ် သတ်ကွင်းထဲမှာ။ နောက်ပိုင်းတွင်အရေးအခင်း (အစိုးရအသုံးအနှုံး ဆူပူမှု)ကာလအတွင်း ပျက်စီး သို့မဟုတ် ဖျက်ဆီးခံရသည့် နိုင်ငံပိုင်စက်ရုံများစာရင်းတွင် ကိုယ့်စက်ရုံမပါသောအခါ ဘာပဲပြောပြော ဘုံနွားကျောင်းရကျိုးနပ်သည်ဟုအထင်ရောက်မိ၏။ [စကားချပ်။ ထိုအတွက်အာဏာသိမ်းပြီးနောက်ပိုင်း 'စောင့်ကြည့်စာရင်း(Watch List)'သွင်းခံရခြင်း၊ လက်ဝဲယိမ်း (Left-Lean) အယူရှိသူဟုစာရိတ္တလုပ်ကြံ (Character Assassination)ခံရခြင်း၊ စီမံခန့်ခွဲရေးပိုင်းမှ အခွင့်သင့်တိုင်းနှိမ်ချဆက်ဆံ(Humiliation)ခံရခြင်းစသည့်ဆုလာဘ်များစွာရရှိခဲ့လေသည်။ အစည်းအဝေးတခုတွင်ဝန်ထမ်းရေးရာကိစ္စတရပ်နှင့် ပတ်သက်၍ အရေးအခင်းကာလတစ်လျှောက်မိသားစုနှင့်အတူတကွရန်ကုန်သို့လုံခြုံစွာပြောင်းရွှေ့နေထိုင်ခဲ့သော အထက်အရာရှိဖြစ်သူမှ 'သမဂ္ဂလေသံတွေလာမပြောနဲ့' ဟု အသားလွတ်သတိပေးခံရခြင်းမှာ သာဓကတစ်ရပ်သာ ဖြစ်လေသည်။] ထိုစဉ်က စောင့်ရှောက်သည်ဆိုငြားဘာညွှန်ကြားချက်ဘာလုပ်ပိုင်ခွင့်ဘာအာဏာမှရှိ၍တော့မဟုတ်။ ညွှန်ကြားချက်အတွက် ရုံးချုပ်နှင့်ဆက်သွယ်ဖို့ရာ တယ်လီဖုံးမှာ နဂိုကတည်းက နိူင်ငံပိုင်လုပ်ပြီးကတည်းကမရှိခဲ့။ အရေးပေါ်လုံခြုံရေးကိစ္စရပ်များတွင်သုံးစွဲရန်ဆိုကာထုတ်ပေးထားသော လမ်းလျှောက် စကားပြောစက်မှာလည်း လုံခြုံရေးအကြောင်းပြချက်နှင့်ပင် ပြန်လည်သိမ်းဆည်းခံခဲ့ရပြီ။ လိုအပ်လျှင် ဆက်သားလွှတ်နိူင်ဘို့ဝန်ထမ်းကြိုပို့ရေယာဉ်ငယ်တစ်စီးတလေရှိ၍သာတော်တော့၏။ ဟိုမှာဘက်ဆီ၌စစ်ရေယာဉ်တစ်စင်းကြိုးချည်ရပ်ထားရာ ရန်ကုန်ဆိပ်ကမ်းသို့မျှော်ကြည့်ရင်းကြောင်ရုပ်နှင့်ကြွက်ခြောက်ဆိုသောစကားကိုအမှတ်ရမိလိုက်သည်။ စင်စစ် ကြောင်ကအရုပ်လားကြွက်ကအရုပ်လားပင်မကွဲပြားသည့်အနေအထားတစ်ရပ်။  

မိမိထမင်းအိုးမိမိခွဲသည့် ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေမပေါ်ပေါက်စေရန်ဟူသော သိမ်းသွင်းမှုဖြင့်သမဂ္ဂမှဦးဆောင်ကာ သင်္ဘောကျင်းတွင်းပြင်လုံခြုံရေးကိစ္စရပ်များဦးစားပေးဆောင်ရွက်နေဆဲမှာပင် လစဉ်ပေးနေကျဝန်ထမ်းဆန်ဖြန့်ဖြူးချိန်သို့ရောက်လာ၏။ ခါတိုင်း အစည်းအရုံးနှင့်ဝန်ထမ်းသက်သာတို့မှ တာဝန်ယူ ဆောင်ရွက်နေကျဖြစ်ပြီး အရေးကြီးကုန်ပစ္စည်းအဖြစ်ဦးစားပေးကြသည်။ ယ္ခု အစည်းအရုံးမရှိသက်သာဆိုင်မရှိတော့။ ပြောရလျှင် အလုပ်ဆင်းအလုပ်တက်ပင်သတ်သတ်မှတ်မှတ်မရှိတော့။ သို့ရာတွင် နိစ္စဓူဝစားသောက်ရေးကရှိနေဆဲ။ ထိုအတွက် အနည်းဆုံးဆန်လိုသည်။ ဆင်းရဲသားဝန်ထမ်းအများစုမို့ ပြင်ပမှဝယ်စားနိူင်ဘို့မလွယ်။ ခေတ်ပျက်ဈေးကမောက်ကမတွေကြားမှာပို၍ဆိုးသည်။ အဆိုးဆုံးက မိသားစုအတွက်ဆန်အိုးထဲမှာဆန်မရှိသော ဝန်ထမ်းများ၏စိတ်ဓါတ်တည်ငြိမ်ကြံခိုင်မှုနှင့်ဆင်ခြင်တုံတရား။ ထိုအရာအားလုံး အုပ်ချုပ်ရေးမဏ္ဍိုင်ပြိုပျက်ပြီးဖြစ်သောစံနစ်တခု၏ နိူင်ငံပိုင်စက်ရုံတရုံအတွင်းမှာအမှန်တကယ်ဖြစ်နေသည်။ ဤသည်ကို ဖွဲ့စည်းစသမဂ္ဂအဖွဲ့ဝင်တွေ ကိုယ်တိုင်ထောက်ပြတောင်းဆိုလာကြသည်။ ကျွန်တော့စိတ်ထဲမှာ မီးစတစ်စပင်မြင်လာရသလိုလို။ နှစ်ပေါင်းများစွာတွဲဖက်လုပ်ကိုင်လာကြသူတွေမို့ သူတို့ဘဝကိုကျွန်တော်သိသလို သူတို့အခက်အခဲကိုစာနာနိူင်သည်။ သို့ရာတွင် ထိုအခက်အခဲများဖြေရှင်းရန် ကျွန်တော့်တွင်တာဝန်မရှိသလိုလုပ်ပိုင်ခွင့်လည်းမရှိ။ ခက်သည်ကတာဝန်ရောလုပ်ပိုင်ခွင့်ပါရှိသူတွေကိုလည်းလက်လှမ်းမမီနိူင်ကြ။

နံက်စောစော တာဝန်မှုးရုံးခမ်းတွင်ထိုကိစ္စပြောဆိုပြီး အချိန်မီရုံးချုပ်သို့ကိုယ်တိုင်သွား၍အကျိုးအကြောင်း တင်ပြရန် သင်္ဘောဆိပ်သို့ဆင်းလာရာ လူပြတ်သောလမ်းခွတ်လပ်တနေရာတွင် ဓါးလှံလေးမြားအပြည့်အစုံကိုင်စွဲထားသော လူငယ်အချို့နှင့်အတူတာဝန်ကျဒုလုံခြုံရေးမှူးတဦးကိုတွေ့ရလေ၏။ ကိုယ့်လုံခြုံရေးကိုယ်ယူရသောအချိန်မျိုးမို့ ထိုသို့သောလက်နက်များကိုင်စွဲခြင်းသည်အဆန်းတကြယ်မဟုတ်။ သို့သော် သူတို့မျက်နှာထားနှင့်လမ်းပိတ်နေရာယူထားပုံကမူအကဲမရစရာ။ ဒုလုံခြုံရေးမှူးမှအပ ကျန်လူများကိုကျွန်တော်မသိ။ မြင်လည်းမမြင်ဖူး။ သင်္ဘောကျင်းဝန်ထမ်းပင်ဟုတ်ဟန်မတူ။ ပုံမှန်အားဖြင့် တလေးတစား ဆက်ဆံလေ့ရှိသော ဒုလုံခြုံရေးမှူး၏ အမူအရာကသိသိသာသာပျက်နေ၏။ ကြိုတင်စီစဉ်ထားသည့်အလား ကျွန်တော့်ကို မသိမသာဝိုင်းပတ်၍ နေရာယူကြပြီးနောက် သူကလေသံပြတ်ဖြင့်‘ဆန်ဘယ်တော့ ရမှာလဲ’ဟု မေးလေသည်။ စိတ်ထဲတွင်အောင့်သွားသော်လည်း အခြေအနေကိုသုံးသပ်လျက် ကျွန်တော်ကယ္ခုရုံးချုပ်ကိုသွားမည်မှာ ဆန်ကိစ္စပင်ဖြစ်ကြောင်း ရမည်မရမည်နှင့် ဘယ်တော့ရမည်မပြောနိူင်သေးကြောင်းရှင်းပြလိုက်သည်။ 

‘ဒီမှာဆရာ မရရအောင်လုပ်ခဲ့ပါ။ ငတ်စရာရှိခင်ဗျားတို့အရာရှိတွေကငတ်တာမဟုတ်ဘူး။ ကျုပ်တို့ကငတ်ရမှာ’ ဆိုသောစကားကို သူ့လူတွေရှေ့မှာခြိမ်းခြောက်သံဖြင့်ဆက်၍ပြောသည်၌ ကျွန်တော့်နှုတ်ကျွန်တော်မစောင့်စည်းနိူင်တော့။ “ဒီမယ်ကိုယ့်လူ အရာရှိလဲငတ်တဲ့သူရှိချင်ရှိမယ် ငတ်တဲ့အခါရှိချင်လဲရှိမှာဘဲ။ ဒါပေမဲ့ အရာရှိတိုင်းတော့ရဲဘော်ရဲဘက်စိတ်ရှိချင်မှရှိမယ်။ ဟုတ်လား။ ကျုပ်မငတ်ပေမဲ့အားလုံးကိုမငတ်စေချင်လို့ လိုက်လုပ်နေတာ စေတနာပျက်အောင်လာမလုပ်နဲ့။ ဒါပဲပြောမယ်။ သွား..ကိုယ့်အလုပ်ကိုယ်လုပ်။ ခင်ဗျားလူတွေခေါ်ပြီး ကျုပ်ရှေ့ကခုထွက်သွား” ဟုအော်ဟစ်မောင်းထုတ်ပစ်လိုက်သည်။ ဒေါသဖြင့်တုန်ရီနေသော ကျွန်တော့်ကိုကြည့်ပြီး နဂိုကမောင်းတင်လာဟန်ရှိသည့်သူတို့အားလုံးလှည့်ထွက်သွားမှ ကျွန်တော်အသိပြန်ကပ်လာ၏။ အာဃာတတစ်ချက်အသက်တစ်ချောင်းဆိုရမလောက် လူရင်းလူကျက်မရွေးလုပ်ဖေါ်ကိုင်ဖက် အထက်လူအောက်လူမကွဲပြားဘဲ စကားနောက်မှာဒုတ်တွေဓါးတွေပါနေကြသည့်ကာလဝိပ္ပတ္တိမှာ အကယ်၍ သူတို့များကျွန်တော့်စကားနားမထောင်ဘဲရှေ့တိုးရင်ဆိုင်ခဲ့သော်ဟူသောအတွေးကခြောက်ခြားစရာ။ ခေါင်းနှင့်ကိုယ်အိုးစားကွဲမည့်ကိန်းဟု တကိုယ်တည်းမချိပြုံးပြုံးမိ၏။ ထိုအချိန်ထိအိုးစားမကွဲသေးသော ခန္ဓာကိုယ်ကို လေးလေးပင်ပင်သယ်လျှက်ကတစ်ဘက်ကမ်းရုံးချုပ်သို့ ကျွန်တော်ရောက်ခဲ့လေသည်။   

ရုံးချုပ်မှာလည်းကျီးနှင့်ဖုတ်ဖုတ်ဟုပြောရမည်။ တာဝန်မှူးရုံးမှတယ်လီဖုန်းဖြင့်ကျွန်တော့်ကိစ္စ (ဆန်ကိစ္စ) တင်ပြရန်စက်ရုံမှူးထံဖုန်းဆက်၏။ စက်ရုံမှူးအိမ်မှာမရှိ။ သူ့အထက်ဌာနမှူးထံဆက်သည်။ ဌာနမှူးဘာမျှမတတ်နိူင်။ “ဒီလောက်ရှုပ်ယှက်ခပ်နေတာကွာ” ဟု (ဘာအဓိပ္ပါယ်မှန်းတော့မသိ) ညည်း၏။ “ရူပ်ယှက်ခတ်နေလဲ ထမင်းတော့စားရမှာပဲမဟုတ်လားဆရာရယ်” ဟုပြောသော ကျွန်တော့်လေသံမှာထေ့သံပါနေမည်လား မသိ။ သို့တည်းမဟုတ်ဆရာအပေါ်နွဲ့ဆိုးဆိုးနေကျလေသံဖြစ်နိူင်သည်။ သို့ရာတွင် ဆရာ့ထံမှခါတိုင်းလို “တယ် ဒီခွေးကောင်..မင်းပါးစပ်ပိတ်ထားစမ်း” ဆိုသည့်တုန့်ပြန်သံမကြားရ။ ကျွန်တော့်ကိုခဏစောင့်ခိုင်းပြီး ဟိုဟိုသည်သည်လှမ်းဆက်နေပုံရ၏။ ဆယ့်လေးငါးမီးနစ်အကြာသူ့ထံမှဖုန်းပြန်ဆက်လာသည်။ “ဆောရီး သူဘာမျှမတတ်နိူင် လက်ရှိအခြေအနေအရဘယ်လိုမှမဖြစ်နိူင်”။ အကျိုးသင့်အကြောင်းသင့် ရှင်းပြနေသောသူ့စကားအဆုံးကျွန်တော်ကတည်ငြိမ်စွာပင်ပြောလိုက်သည်။ “ကျွန်တော်သဘောပေါက်ပါတယ် အားလုံးကို ဒီအတိုင်း သဘောပေါက်အောင်ရှင်းပြဖို့လည်းလိုပါလိမ့်မယ်။ မနက်ကအတွေ့အကြုံအရ(အဖြစ်အပျက်ကိုအကျဉ်းရုံးပြောပြလိုက်သည်) အခက်အခဲနည်းနည်းရှိနိူင်ပါတယ်။ ဆရာတို့သိအောင်တင်ပြထားတာပါ။ ကျွန်တော်ကတော့အတတ်နိူင်ဆုံးအကောင်းဆုံးနည်းလမ်းရှာပြီးဖြေရှင်းသွားမှာပါ”။

ရုံးပေါ်မှပြန်ဆင်းလာစဉ် အရင်ဆုံးအတွေးထဲပေါ်လာသည်မှာ မနက်တုန်းကဒုလုံခြုံရေးမှူး၏မျက်နှာ။ သူတို့ တကယ်များငတ်နေကြပြီလား။ သို့မဟုတ် ဒီလအတွက်ဝန်ထမ်းဆန်မရလျှင် (မဖြစ်နိူင်ဟု ခုနလေးတွင်သိလိုက်ရပြီ) သူတို့တကယ်ငတ်တော့မှာလား။ မဆီမဆိုင်ငယ်စဉ်က ဖတ်ခဲ့ဘူးသော မောင်သာရ၏ (အမျိုးသားစာပေဆုရ) မတ်တပ်ရပ်၍လမ်းမှာငို ဝတ္ထုကိုသွားအမှတ်ရလိုက်ပြန်သည်။ အားလုံးကိုမဟုတ်။ “လမ်းမပေါ်မှာ စိုးကျော်တစ်ယောက်တည်း” ဆိုသော နောက်ဆုံးစာပိုဒ်မှနောက်ဆုံးဝါကျလေးသာဖြစ်၏။ စင်စစ် ခုလမ်းမပေါ်မှာကျွန်တော်တစ်ယောက်တည်းတော့မဟုတ် လူတွေအများကြီး။ သို့ရာတွင် တစ်ယောက်တည်းလို ခံစားရသည်တော့အမှန်။ ထိုအခိုက် လက်ပွေ့သတင်းစာရွက် (သတင်းစာမဟုတ်) အရောင်းသမားလေး တစ်ယောက် အရေးကြီးသတင်းတစ်ပုဒ်ကို အော်ဟစ်နေသံကြားရ၏။ ဗဟိုလ်ဘဏ်မှငွေ ကျပ်သန်း ၆၀၀ အားစစ်တပ်မှကားများဖြင့်သယ်ထုတ်သွားသည်ဆိုသောသတင်း။ ပြောချင်တာတွေပြော လုပ်ချင်တာတွေ လုပ်နေကြသောအချိန်မို့ ထိုသတင်းတွေမည်၍မည်မျှမှန်ကန်မည်မမှန်းဆတတ်။ ထိုငွေများကိုလက်နက်ကိုင်အဖွဲ့အစည်းများအား အငတ်မထားနိူင်သဖြင့်ထုတ်ယူခဲ့ကြောင်း နောက်ပိုင်းတွင်တပ်မတော်အကြီးအကဲက လူသိရှင်ကြားထုတ်ဖေါ်ဝန်ခံခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းတွေကို အငတ်ထားနိုင်သည် ထားခဲ့သည်ဟု အဓိပ္ပါယ်ကောက်၍ရမည်လားတော့မသိ။

သင်္ဘောဆိပ်ဆင်းရန်ကမ်းနားလမ်းကိုဖြတ်ကူးတော့ အမှန်ပင်ကျွန်တော်တစ်ယောက်တည်း။ လမ်းလယ်ခေါင်အရောက် နောက်မှပြေးလိုက်လာသည့်ခြေသံကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ရုံးချုပ်မှစာရေးဝန်ထမ်းတဦးကိုတွေ့သည်။ ‘ဒီအီး (ဌာနမှူး) ထံမှ တယ်လီဖုန်းလာနေသည်’ဆို၍ လှည့်ပြန်ရ၏။ တာဝန်မှူးရုံး စာပွဲပေါ်မှာတင်လျက်သား တယ်လီဖုံးခွက်ကို ကောက်ကိုင်လိုက်သည်နှင့် ဌာနမှူး၏စကားသံကိုကြားရသည်။ “ထွေ/ဂျာ (အထွေထွေမန်နေဂျာ) နှင့်အဆက်အသွယ်ရသည်၊ ဝန်ထမ်းဆန်များ ဗိုလ်တထောင်ကုန်ရုံမှ ထုတ်ပေးရန်စီစဉ်ပြီးပြီ။ သွားရောက်ထုတ်ယူရန်လုပ်ဆောင်ပါ..”။ ကျန်မှာကြားချက်များ (ဘယ်သူနှင့်ဆက်သွယ်ဘာလုပ်ဘာမလုပ်နဲ့) မှာ နားထဲဝင်တချက်မဝင်တချက်။ လူကြီးစင်စစ်ဖြစ်သောဌာနမှူးပင် စိတ်လှုပ်ရှားမှုကြောင့် အသံများတုန်ယင်နေသည်ဆိုပါက လူငယ်လူရွယ်ကျွန်တော့်မှာဆိုဖွယ်ရာမရှိတော့။ “ကျေးဇူးတင်ပါတယ်ဆရာ၊ ကျွန်တော့်အသက်ကိုကယ်လိုက်သလိုပါဘဲ” ဟု နှစ်နှစ်ကာကာပြောလိုက်မိ၏။ နဂိုရုပ်မဆိုးပါဘဲ ပြုံးနေလျှင်အရိုသေတန်မှာစိုးသည့်အလားအမြဲတန်းမျက်နှာရှစ်ခေါက်ချိုးနှင့် စကားမိုးကြိုးသံတွေသာဆိုလေ့ရှိသောဌာနမှူး၏ တယ်လီဖုန်းထဲမှ“ငါ့တပည့်ဘေးရန်ကင်းပါစေ” ဆိုသောအသံမှာ နူညံ့လွန်းနေသည်။

ဆိပ်ကမ်းတွင်အသင့်စောင့်နေသောမော်တော်ဘုတ်ဖြင့်ပြန်ခဲ့သည်။ သင်္ဘောကျင်းဆိပ်ခံမှအတက် သတင်း မေးရန် စောင့်နေကြသောလူအုပ်ထဲမှာ မနက်ကဒုလုံခြုံရေးမှူးကိုမတွေ့။ မျက်နှာချင်းမဆိုင်လို၍ ရှောင်နေသည်လား၊ ကင်းလှည့်နေသည်လား၊ တနေရာရာမှာတစ်စုံတစ်ရာကြံစည်တွေးတောအားထုတ်နေသည်လားမသိ။ လုံခြုံရေးမှူးကိုတော့တွေ့သည်။ မျှော်လင့်သောစူးစမ်းသောအကဲစမ်းသော မယုံနိုင်သော အကြည့်ပိုင်ရှင်အားလုံးတို့အတွက်နာလိုသောစကားတခွန်းကျွန်တော်ပြောနိူင်ခဲ့ပြီ။ “အားလုံးအဆင်ပြေပါတယ်”။ ထိုနေ့ကနေ့ချင်းပြီးဆန်သယ်ယူသည့်ခရီးစဉ်မှာ သမ္ဗာန်တစ်စီးနှင့်လူစိမ်းတစ်စုတို့တွဲပေါ်သို့တက်ရန် အကြိမ်ကြိမ်ကြိုးပန်းကြသည့်အတွက် အစောင့်အရှောက်အဖြစ်လိုက်ပါလာသော ရဲတပ်သားမှခြောက်လှန့်ပစ်ခတ်နှင်ထုတ်ရသည်မှအပ ဘေးမသီရန်မခခဲ့။ နောက်ပိုင်းသတင်းတစ်ရပ်တွင်မူ ထိုနှင်ထုတ်ခံသမ္ဗာန်တစ်ဖက်ကမ်းအရောက် အခြားလူတစ်စုနှင့်တွေ့ကာသမ္ဗာန်ပေါ်ပါလူငယ်လေးတစ်ဦးအကြောင်းမဲ့ ခေါင်းဖြတ်သတ်ခံခဲ့ရသည်ဟု စိတ်မချမ်းမြေ့ဖွယ်ကြားခဲ့ရသည်။ မည်သို့ဆိုစေ ပါလာသောဆန်အိပ်များအား ညတွင်းချင်းသယ်ယူနေရာချကြပြီး နောက်တနေ့မှာပင် လက်လှမ်းမီသမျှဝန်ထမ်းအားလုံးသို့ ပုံမှန်အတိုင်း ဖြန့်ဝေပေးနိုင်ခဲ့လေသည်။

ဆန်အိပ် ၆၀၀ မပြည့်တပြည့်ကပေးအပ်သောပီတိကိုကျွန်တော့်လုပ်ဖေါ်ကိုင်ဘက်တွေထံမှာ ကျွန်တော်မြင်ခဲ့ရပြီ။ ထိုပီတိတွေ တစ်လတာမျှတည်တံ့ကြမည်ဆိုသည်ကိုလည်း ကျွန်တော်သိသည်။ ထိုခေတ်ကငွေ ကျပ်သန်းပေါင်း၆၀၀ တင်းပြည့်ကျပ်ပြည့်က ပေးအပ်သောပီတိမည်သူတွေထံမှာ မည်၍မည်မျှတည်တံ့ကြမည် ဆိုသည်ကိုမူကျွန်တော်မခန့်မှန်းတတ်။ သင်္ချာသဘောအရ နိူင်း၍ရနိူင်သည်လည်းမဟုတ်။ နိူင်း၍ရအပ်သော အရာတွေမဟုတ်သော်လည်း ကျွန်တော်နိူင်းနေမိ၏။ ပီတိတွေကွယ်ပျောက်လျှင် ဘာဖြစ်ကြမည်နည်း။ အထူးသဖြင့်ပီတိတွေတစ်ဖက်သတ်ပျောက်ကွယ်ခဲ့လျှင် ဘာတွေဖြစ်လာကြမည်နည်း။ ရေရှည်စစ်ဆိုသည်ကို ကျွန်တော်စာထဲမှာဖတ်ဖူးရုံသာရှိပြီး မမြင်ဖူးမကြုံဖူးခဲ့။ သည်ပုံဆိုကြုံရဦးမည်လားမဆိုနိူင်။ အနည်းဆုံး တစ်ဖက်ကတော့ ထိုအတွက်ပြင်ဆင်နေသလိုမျိုး ကျွန်တော်ခံစားရသည်။