Sunday, July 9, 2017

ကျွန်တော်နှင့် ဂျင်မခါနာ


လွန်ခဲ့သောနှစ်ရက်ခန့်က ဗဟိုအမျိုးသမီးဆေးရုံ နှစ် (၁၂၀) ပြည့်အခန်းအနား ကျင်းပသည့်သတင်းကို ဖတ်မိရာ မိမိချက်မြှုပ်ရာနေရာ (အမှန်တော့စွန့်ပစ္စည်းအဖြစ်ဖျက်ဆီးပစ်ရာနေရာ) မို့ စိတ်ဝင်စားစွာဖတ်ရှုမိလေသည်။ သတင်းတို့ထုံးစံ မည်သူတွေတက်ရောက်ပြီးသကာလ မည်သူတွေ အမှာစကား ပြောကြားကာ မည်သူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်ကိုဦးစားပေးရ သဖြင့် ဆေးရုံ၏သမိုင်းကြောင်းမှာ မှုံပြပြသာ (၁၈၉ရ ခုနှစ်တွင်စတင်ဖွင့်လှစ်သည်) ဖေါ်ပြပါရှိပါ၏။ သို့သော် ထိုမှုံပြပြသည်ပင်လျှင် ကျွန်တော့်စိတ်အစဉ်ကို လွှမ်းခြုံသွားသည်ဖြစ်၍ လက်လှမ်းမီသမျှအချက်အလက်များအား ကိုယ့်ဘာသာကိုယ်ရှာဖွေမိတော့့၏။ ကျွန်တော့်ကို အမိဝမ်းမှကျန်းမာစွာပကတိ မွေးဖွားသန့်စင်ပေးခဲ့သောဆေးရုံဖြစ်သည်မဟုတ်ပါလား။ လက်လှမ်းမီသည်မှာ လက်ကသုံးတောင်ဝှေးပမာအသုံးပြုနေကျ လပ်တော့ကွန်ပြူတာတစ်လုံးသာဖြစ်ပြီး ရှာဖွေမွှေနှောက်ရသည်ကလည်းနှစ်တစ်ရာစာမို့ စိတ်သွားတိုင်းကိုယ်မပါသလိုတော့ ဖြစ်ရသည်။

ဆေးရုံ၏နောက်ကျောတွင် မြို့ပတ်ရထားလမ်းရှိရာ ယင်းနှင့်ကပ်လျက်ဘူတာကိုဂျင်မခါနာဘူတာဟု ခေါ်ပြီး ဆေးရုံရှေ့မစ်ရှင်လမ်း (ယ္ခုမင်းရဲကျော်စွာလမ်း) ပေါ်ရှိဘတ်စကားမှတ်တိုင်ကို (ယခင်က က.ပ.ရ အမှတ် (၁၂) လိုင်းကားများဖြတ်သန်းပြေးဆွဲဘူးသည်) ဂျင်မခါနာမှတ်တိုင်ဟုခေါ်ကြောင်း ကျွန်တော်သိပြီးဖြစ်သည်။ (စကားချပ်။ ဘာကြောင့်မှန်းတော့မသိ ဆင်သေကိုပင်ဆိတ်ရေနှင့်မလုံလုံအောင်ဖုံးရမှအားရကျေနပ်ကြသူတွေက ကျွန်နံ့ပျောက်အောင်ဆိုပြီး သမိုင်းဝင်နာမည်တွေရောသမမွှေခဲ့ကြသော်လည်း အနှီ ဂျင်မခါနာပါမသွားခဲ့။) ဆရာကြီးရွှေဥဒေါင်း၏ဝတ္ထုတွေထဲမှာတွေ့ရတတ်သော မျက်နှာဖြူများသာဝင်ဆန့်သည့် ဂျင်မခါနာကလပ်က ထိုနေရာနှင့်ဆိုခရီးတစ်မိုင််ခန့်ဝေးသည့် ပြည်လမ်းဘက်အခြမ်း ဟယ်လပင် (ပြည်ထောင်စုရိပ်သာ)လမ်းမှာရှိခဲ့သည်မို့ ထိုကလပ်ကိုမှီ၍ ထိုဘူတာအမည်တွင်ခြင်း မဖြစ်တန်ရာ။ သို့သော် ကလေးဆေးရုံနေရာမှာ ဂျင်မခါနာကစားကွင်းနှင့် ရေကူးကန်ရှိခဲ့ဘူးသည်ဆိုရာ ယင်းကိုမှီ၍ ဂျင်မခါနာ အမည်တွင်ခြင်းဖြစ်နိုင်သည်။ ဆေးရုံနှင့်မဆိုင်။

ရှာ၍ရသမျှ တိုရေရှားရေအွန်လိုင်းဆေးရုံသမိုင်းမှာ လော့ဒပ်ဖရင်ကတော် လေဒီဒပ်ဖရင်ကိုအစွဲပြု၍ ဒပ်ဖရင် ဆေးရုံဟုခေါ်ဆိုခဲ့ကြောင်းဖေါ်ပြကြပြီး စတင်တည်ထောင်သည့်ခုနှစ်ကို ၁၈၈ရ ဟုပြောထားသည်။ ထိုမှ တစ်ပါး အခြားဆက်စပ်စာသားဓာတ်ပုံမတွေ့ရ။ ကျွန်တော်တို့ငယ်စဉ်အောက်ကြည့်မြင်တိုင်လမ်းမ ချန်မာဖီလမ်း (ယ္ခုနှင်းဆီလမ်း) ထိပ်မှာ ဒပ်ဖရင်သားဖွားဆေးရုံဆိုင်းဘုတ်နှင့် ပြင်ပလူနာကုဌာနတစ်ခုရှိခဲ့ဖူးသည်။ သို့သော် ဆေးရုံနှစ်ခုကယ္ခုခေတ်အလိုအရပင် အတန်ကွာဝေးနေသည်။ သို့ဖြစ်ရာ ဂျင်မခါနာဘူတာ အနီးကဆေးရုံအမည် ဒပ်ဖရင်ဖြစ်နေသည့်ရာဇဝင်ကို တိတိပပကျွန်တော် မစူးစမ်းနိုင်ခဲ့။ သိပ်ပြီးအရေးကြီးလှသည်မဟုတ်သည့်တိုင် သည်ဆေးရုံကိုဂျင်မခါနာဆေးရုံဟုမှတ်ယူထားခဲ့ဘူးသည့်အတွက် သည်မျှကျွန်တော် အားထုတ်ခဲ့ခြင်းဖြစ်၏။ သို့သော် အရာမရောက်။ ထားတော့။

အမေက ကျွန်တော့်ကိုဂျင်မခါနာမှာမွေးသည်ဟုပြောခဲ့ဖူးပြီး ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း ထိုဆေးရုံကို (ဗဟိုအမျိုးသမီးဆေးရုံခေတ်မှာပင်) ဂျင်မခါနာဟုသာမှတ်ယူပြောဆိုခဲ့ကြသဖြင့် (ဆေးကျောင်းသား ဆရာဝန်စသည့်ဆေးဘက်လောကသားတွေကမူ ဟိုတုန်းကတည်းကဒပ်ဖရင်ဟုသုံးစွဲလေ့ရှိကြကြောင်း သတိပြုမိခဲ့ရာ ပညာတတ်အခေါ်နှင့်အရပ်အခေါ်ကွာခြားသည်ဟုသာမှတ်ယူရမည်သို့ရှိ၏။) ကျွန်တော် ကတော့ ထိုဆေးရုံကိုဂျင်မခါနာဆေးရုံဟုပင် ဆက်လက်စွဲမြဲနေလိမ့်ဦးမည်ဖြစ်လေသည်။ သည်ဆေးရုံ အပါအဝင်ဂျင်မခါနာရပ်ဝန်းမှာ ဘဝ၏အထင်ကရမှတ်တိုင်အချို့ရှိနေခဲ့ကြသည်လည်းဖြစ်ရာ ယ္ခုသို့ ခေတ် အဆက်ဆက် (ကိုလိုနီခေတ် လွပ်လပ်သော ပါလီမန်ခေတ် ဆိုရှယ်လစ်အာဏာရှင်ခေတ် စစ်အာဏာရှင်ခေတ် တစ်ကျော့ပြန်ဒီမိုကရေစီခေတ်) ဖြစ်ပျက်မျိုးစုံအဖုံဖုံသော လောကဓံတို့ကို ကြံ့ကြ့ံခံလျက် အသက်တစ်ရာ့နှစ်ဆယ်တိုင်သည့်အတွက်ကို (ဆိုင်သည်မဆိုင်သည်အပထား) အမှန်ပင် ကျွန်တော်ဝမ်းမြောက်ရသည်။ အနည်းဆုံး ခရိုနီတွေလက်တွင်းသက်ဆင်း မသွားခဲ့သည်ပင် အဟောဝတ ပြောရမည့်အခြေပေကိုး။

သည်ဆေးရုံအသက်ခြောက်ဆယ်နီးပါး၌ (တိတိကျကျပြောရလျှင်ငါးဆယ့်ခုနှစ်နှစ်) တစ်ရက်သောအခါမှာ သူ့ထံသို့ အားကိုးတကြီးရောက်လာသော သူဆင်းရဲမိန်းမရွယ်တစ်ဦး၏သန္ဓေသားကို အယုတ်အလတ် အမြတ်မရွေးဘဲ မွေးဖွားပေးခဲ့ရာ ထိုသန္ဓေသားမှာကျွန်တော် ဖြစ်လေသည်။ ထိုစဉ် အမေတို့က ရှမ်းလမ်းမ ပေါ်ရှိ စာဖြူသင်းချိုင်းဟုခေါ်ကြသော ကရင်သင်္ချိုင်းကုန်းရှေ့မှာ အများနည်းတူကျူးကျော်နေထိုင်ကြ၏။ နောင်မှသရက်တောလမ်းတွင်မြေကွက်ဝယ်ကာပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည် (နောက်တော့ ထိုမြေကွက်ကိုပင် ဖေဖေကချရောင်းပြီးကပ်လျက်အစ်မဖြစ်သူမြေကွက်မှာအိမ်အတူဆောက်ကြရာမှ ကျွန်တော်တို့တစ်သက်တာ မြေရောအိမ်ပါမဲ့သွားခဲ့ရသည်ဟု အဆိုရှိခဲ့လေသည်)။ ဆရာဝန် ဆရာမတွေသဘောကောင်း မကောင်း အမေဝေဖန်သံမကြားသလို ဘယ်၍ဘယ်မျှကန်တော့ရသည်ဟု ပြောသံလည်းမကြားရ။ သို့သော် ခလေးမှားသည့်အကြောင်းကိုတော့ အခါအခွင့်သင့်သလိုပြောလေ့ပြောထရှိသဖြင့် ကျွန်တော်ကောင်းစွာမှတ်မိနေသည်။ သည်လိုဆိုပြန်တော့လည်း မွေးကတည်းကစွန့်စားခန်းများနှင့် ကျွန်တော်ဟုဆိုရမလိုဖြစ်နေပြန်၏။

ခုခေတ်တိုးတက်သောနိုင်ငံတွေမှာပင် မွေးကင်းစခလေးမှားတတ်ကြသေးရာ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ကျော်က ဖြစ်ရပ်အတွက် မည်သူ့ကိုမျှအပြစ်တင်စရာမလို။ အမေပြန်ပြောသမျှမှာလည်း အပြစ်တင်လိုခြင်းအလျှင်းမပါ ပြောစမတ်ဆန်းပါတဲ့ လောကဓာတ်ခန်းတစ်ရပ်အဖြစ်သာ ပြန်လည်ကာဖေါက်သည်ချခြင်းဖြစ်ပြီး ပြောသည့်အချိန်တိုင်းမှာလည်း ရယ်ရယ်မောမောဖြစ်သည်။ အထူးသဖြင့် ကျွန်တော် ပါဝင်နားထောင်နေသည့် အခါမျိုး၌ “အဲသည်တုန်းက ငါသာအမှုမဲ့အမှတ်မဲ့နေခဲ့ရင် ခုလောက်ဆို မင်း ကုလားအမျိုးထဲရောက်နေပြီ” ဟုပင်ကျီစားရင်းစကားလက်စသတ်လေ့ရှိ၏။ ကျွန်တော်နှင့်မှားသော ခလေး၏မိခင်မှာအမေ့ထက်အသက်အနည်းငယ်ကြီးပုံရသော ဆာရီဝတ်ကုလားမကြီးတစ်ယောက်ဖြစ်ခြင်းက ထိုဇာတ်လမ်းကိုပို၍ အသက်ဝင်စေခဲ့သည်။ ပြီးတော့ ကျွန်တော့်ဒူးခေါင်းမှ မွေးရာပါအမှတ်အသားကြောင့် ဇီဝမိခင်တွေသူတို့ရင်သွေးများနှင့် တစ်သက်တာကွဲကွာကြရမည့်အရေးမှ ကင်းဝေးခဲ့ကြရသည်မှာလည်း အဓိကအခန်းမှ ပါဝင်နေသည်။

အမေ့အကင်းပါးပုံကိုလည်း စံတင်သင့်သည်ဟု ကျွန်တော်ထင်သည်။ ရက်သားအရွယ်ကလေးငယ်ချင်း တော်ရုံ ခွဲခြားရန်မလွယ်သည်မှာ ဆေးရုံတွေမှာ မွေးပြီးပြီးခြင်း အသေးစိတ်အချက်အလက်နှင့်တစ်ကွ တံဆိပ်တွေ လက်ပတ်တွေ (ယ္ခုခေတ် ချစ်ပ်စတွေ) ဖြင့်ခွဲခြားသည့်ကြားမှပင် မကြာခဏမှားနေကြခြင်းက သက်သေ ခံ၏။ ကျွန်တော်တို့ကိုလည်းထိုနည်းအတိုင်း မှတ်သားထားပါလျက် လက်ပတ်တွေပျောက်သွားသဖြင့် နို့တိုက်ချိန်တွင် သူနာပြုဆရာမ၏ဆဌအာရုံစေစားရာမိခင်ထံ နို့သက်ခံရန်ရောက်ကြရခြင်းဖြစ်လေသည်။ အမေ့စကားအတိုင်းဆိုလျှင် ထိုနေ့ကဧည့့်ချိန်လည်းဖြစ်သည်မို့ရောက်လာသောဧည့်သည်နှင့် စကားပြောဆဲ ဆရာမလာပေးသောခလေးကိုရင်ခွင်မှာထားကာဆက်ပြောနေခဲ့သည်။ ခဏအကြာ နို့တိုက်တော့မည်ဟု ကြည့်မိသည့်အခါတွင်မှ မိမိခလေးမဟုတ်သလို ခံစားရသောကြောင့် သေချာစေရန် အနှီးအောက်မှ ယာဘက်ဒူးခေါင်းအားစစ်ဆေးကြည့်ပြီး မှားယွင်းမှုကိုအတည်ပြုနိုင်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော် (ကျွန်တော်ဆယ်ကျော်သက်အရွယ်မှာပြောသည့်အခိုက်) က အတိတ်ကိုဆောင်နေခြင်းဖြစ်ပါလျက်အမေ့မျက်နှာပေါ်မှ စိုးရိမ်စိတ်တွေကို ကျွန်တော်အထင်းသားမြင်နေရသလိုရှိလေသည်။ တိုတိုပြောရလျှင် အမေကတာဝန်ကျသူနာပြုဆရာမကြီးကို အော်ခေါ်ကာကလေးမှားနေသည်ဟုပြော ဆရာမတွေက ကလေးတစ်ဦးချင်းလိုက်စစ်ရာမှ အခန်းဒေါင့်ကုတင်ပေါ်ရှိဆာရီခြုံကုလားမကြီးတစ်ဦး၏ရင်ခွင်ထက်မှာနို့ဝပြီးအိပ်မောကျနေသည့် ကျွန်တော့်ကိုတွေ့ကြရသောဟူ၏။

ထိုဇာတ်လမ်းနောက်ဆက်တွဲများအဖြစ် “နင်က ကုလားမနို့စို့ထားလို့ အသားမဲတာ” ဟု ကျွန်တော့် အထက်က အစ်မဖြစ်သူနှင့်စကားနိုင်လုသည့်အခါ “အဲဒါဘာဖြစ်လဲ အစ်မတို့စို့ချင်တိုင်းစို့လို့ရလို့လား” ဟု ပြန်ပက်ရသည့်အလုပ် (တရုပ်သွေးနှောသာ မောင်နှမတွေထဲမှာ ကျွန်တော်ကအသားအညိုဆုံး)၊ “ကုလားနို့ စို့တဲ့ကုလားသား” ဟု ကျွန်တော့်အောက်ညီကစိတ်အခန့်မသင့်ချိန်ပြောလျှင် “မင်းက နွားနို့စို့တဲ့နွားသား” ဟု မခံချင်စိတ်ဖြင့် မိဘတွေပါမနေရအောင် ပြန်ပြောရသည့်အလုပ် (ကျွန်တော့်ညီငယ်စဉ်ကအမေနို့မျက်သဖြင့်နို့ဗူးတိုက်ရဖူးသည်) တို့ပါဝင်လာသည်။ တော်လှန်ရေးကောင်စီလက်ထက်နိုင်ငံခြားသားတွေ အစုလိုက် အပြုံလိုက်စွန့်ခွာကြရာ၌ မိုဟာမဒီသင်္ဘောနှင့်အိန္ဒိယနိုင်ငံသားအပြီးပြန်တို့၏သတင်းကိုဖတ်ရသည့်အခါများတွင်လည်း ခလေးမှားတုန်းကသာမသိလိုက်ရင်ငါလည်းအဲသည်သင်္ဘောကြီးနှင့်ပါနေလောက်ပြီဟု အားအားလျားလျားတွေ့မိသည်အထိ ဖြစ်သည့်အခါဖြစ်တတ်ရလေသည်။ (စကားချပ်။ ဤစာတွင် ကုလားဟု ရေးသားသုံးစွဲသမျှမှာ မည်သို့သောအမျိုးဘာသာအယူအစွဲအနှောင်အဖွဲ့မျှပါဝင်ခြင်းမရှိကြောင်း ဖေါ်ပြလိုပါသည်။)

မွေးရာပါအမှတ်အသားများသည် လူကိုအကျိုးပြုတတ်သည်ဆိုသောအယူအဆသာရှိလျှင် ကျွန်တော့် ဒူးခေါင်းပေါ်က အမှတ်အသားကလည်း သည်တစ်ချက်တည်းနှင့် ကျွန်တော့်ကို ကောင်းစွာအကျိးပြုသည် ဆိုရမည်။ ထိုအမှတ်ဖြင့်သာထင်ရှားသက်သေမပြနိုင်ခဲ့လျှင် သူ့ခလေးကိုယ့်ခလေးအတည်ပြုလက္ခံဘို့ရာ အတော်ခက်ခဲမည် (ဒီအင်အေဆိုသည်မှာလည်းထိုခေတ်ကမပေါ်သေး) ဖြစ်လေသည်။ ညာဒူးခေါင်းပေါ်မှာ မြေပုံဆွဲထားသလို ထင်းထင်းကြီးပေါ်နေသောထိုအမှတ်ကိုမြင်လျှင် စူးစမ်းသောအကြည့်ဖြင့်အကြည့်ခံရမှာ စိုးသောကြောင့် ဘောင်းဘီတိုဖြင့်ဝတ်စားသွားလာရမှာ ယနေ့တိုင်ပင်ကျွန်တော်ဝန်လေးနေတတ်ဆဲဖြစ်၏။ မြင်သာအောင်ပြောရလျှင် ကျွန်တော့်လိုအမှတ်အသားမျိုး ဆိုဗီယက်သမ္မတဟောင်းဂေါ်ဗာချော့မှာလည်းပါရှိရာ သူကနဖူးထိပ်မှာဖြစ်သဖြင့် ကျွန်တော့်ထက်ပို၍သိသာထင်ရှားပြီး ကျော်ကြားသောအမှတ်တံဆိပ်ဖြစ်နေသည်။ စင်စစ် အမှတ်အကြောင်းတိုက်ဆိုင်၍ပြောခြင်းသာဖြစ်ပြီး ကျွန်တော်နှင့်ဂိုဗာချော့ မည်သို့မျှနိုင်းယှဉ်အပ်သည်တော့မဟုတ်။ ပန်းတနော်လမ်းသားကဆိုလျှင် ကျွန်တော့်အမှတ်ကိုကြည့်ပြီး “မင်းကွာ အမှတ်ပါချင်ရင်လည်း နဖူးမှာပါလိုက်ပါလား ဂိုဗာချော့လိုခေါင်းဆောင်လေးဘာလေးဖြစ်လိုဖြစ်ငြားပေါ့။ ကြံကြံဖန်ဖန် မင်းအမှတ်ကဒူးခေါင်းမှာဆိုတော့ ဟိုကခေါင်းဆောင် မင်းကအောင်းကောင်ဖြစ်နေတော့တာပေါ့” ဟု လူတောမတိုးသည့် ကျွန်တော့်ညဉ်ကိုသွယ််ဝိုက်စွာနှိပ်ကွပ်ရင်းပြောခဲ့ဘူးလေသည်။

ဤသို့လျှင် ဂျင်မခါနာမှာအရာရာအကြောင်းကြောင်းဖြင့် မွေးဖွားခဲ့သောကျွန်တော် နောက်ထပ်ဆယ့်ရှစ်နှစ် အကြာမှာ ဂျင်မခါနာဘက်သို့စက်ကျဖြစ်ခဲ့ပြန်သည်။ သည်တစ်ခါဆေးရုံမဟုတ် ဆေးရုံနှင့်ကပ်လျက်ခြံကို ဖြစ်ပြိး စက်ကျရာအကြောင်းက ကရာတေးဟုအများသိကြသော ဂျပန်ရိုးရာကိုယ်ခံပညာဖြစ်လေ၏။ ဆယ်တန်း ဒုတိယနှစ်ဖြေပြီးချိန်တွင် ကျွန်တော်တို့သုံးဦး (ထီးတန်းသား၊ ပန်းတနော်လမ်းသားနှင့် ကျွန်တော်) နွေရာသီမှာအကျိုးရှိရာရှိကြောင်း တစ်ခုခုလုပ်ဘို့တိုင်ပင်ကြပြီးနောက်ကရာတေးသင်ဘို့ဆုံးဖြတ်ကာ ပန်းတနော်လမ်းသား၏ ညီအကိုတော်တစ်ဦး၏ အဆက်အသွယ်ဖြင့်ထိုနေရာသို့ရောက်ရှိခဲ့ကြခြင်းဖြစ်လေသည်။ ကရာတေးကိုအားကစားတစ်ရပ်အဖြစ် အစိုးရကအသိအမှတ်မပြုသေးသောကြောင့် နွေရာသီအားကစားသင်တန်းတွေဖွင့်လှစ်ရာအောင်ဆန်းကွင်းလိုနေရာမျိုးမှာ ကရာတေးသင်တန်းမရှိ (ဂျူဒိုသင်တန်းတော့ရှိသည်)။ သို့သော် ကရာတေးပညာရပ်လူငယ်များအကြား ရေပန်းစားချိန်ဖြစ်ရာကျယ်ကျယ်ဝန်းဝန်း ရှိသောနေရာတွေမှာ ကျွမ်းကျင်သူတွေဦးစီးဖွင့်လှစ်သောသင်တန်းများ အလျှိုအလျှိုထွက်ပေါ်လာကြသည်။ မစ်ရှင်လမ်း ဂျင်မခါနာဆေးရုံနံဘေးက ခြံကြီးထဲ၌တိုက်ဂါးကရာတေးအသင်းပေါ်ပေါက်လာခြင်းမှာ ထိုသဘောပင် ဖြစ်လေသည်။ (ဆာမူရိုင်းရုပ်ရှင်တွေ ဂျပန်ကိုယ်ခံပညာဇာတ်ကားတွေ ခေတ်စားချိန်မို့ဖြစ်မည်။ ကိုရီးယား ဒရမ်မာတွေ ခေတ်စားသော ယခုအချိန်တွင် ကျားမပျိုအိုမရွေး ခေါင်းပေါ်မှာမြောင်းဖေါ်ထားသလို ဖြူယော် ကြောင်ကျားဆံပင်များတောထလာကြသည်မျိုးဖြစ်၏။ စကားချပ်။)

မစ်ရှင်လမ်းနှင့်ရှမ်းလမ်း (ဖိုက်ချလမ်း) ဆုံရာမှသည်ဆေးရုံဝင်းတံတိုင်းအထိ ခြံကြီးမှာ နှစ်ဧကခန့်ကျယ်ဝန်းပြီးမီးရထားပိုင်မြေကွက်ဖြစ်၏။ အတွင်းမှာအုတ်ပတ်ကားနှစ်ထပ်တိုက်အိမ်ကြီးတစ်လုံး တင်းနစ်ကစားကွင်း တစ်ကွင်းနှင့်အလုပ်သမားတန်းလျားများရှိရာ အိမ်ကြီးမှာမြန်မာ့မီးရထားမှအင်ဂျင်နီယာချုပ်မိသားစုတို့နေထိုင်ကြသည်။ တစ်ပတ်လျှင်သုံးရက် တင်းနစ်ကွင်းနှင့် အိမ်ကြီးရှေ့ဘက်မြေကွက်လပ်တွေထဲမှာ အဆင့်အလိုက်နေရာခွဲပြီးကရာတေးလေ့ကျင့်ကြသည်။ အိမ်ရှင်များက သဘောကောင်းသည့်အပြင် သူတို့၏ သားသမီးများပါ တက်ကြွစွာပါဝင်ကြသည်မို့ မိသားစုအသင်းတစ်ခုပမာ ပျော်ရွှင်စွာသင်ကြားလေ့ကျင့်နိုင်ခဲ့လေသည်။ နွေရာသီကျောင်းပိတ်ရက်ပြီးသည့်အခါအချို့သင်တန်းသားတွေမလာရောက်ကြတော့သော်လည်း အချို့ကဆက်လက်ကစားကြ၏။ ကျွန်တော်တို့မှာ စာမေးပွဲအောင်စာရင်းကို ကစားရင်းစောင့်ကာ တက္ကသိုလ်တွေဖွင့်ပြန်တော့ ကျောင်းတက်ရင်းဆက်ကစားကြလေသည်။ ပန်းတနော်လမ်းသားက နိုင်ငံရေးပိုးဝင်နေပြီမို့ ရက်မမှန်တော့။ နောက်ပိုင်း နိုင်ငံရေးမှုနှင့်ပင်ထောင်ကျပြီးလုံးဝအဆက်အသွယ်ပြတ်သွားသည်။ ကျွန်တော်နှင့်ထီးတန်းသားတို့သာရေဆုံးမြေဆုံးဆက်လက်ကစားရင်း အသင်းတွင်ကျန်ရစ်၏။ ကျောင်းပြီး၍ဘွဲ့ရချိန်မှာခါးစည်းနက်အဆင့်သို့တိုင်ပြီးနောက် လုပ်ငန်းနယ်ပယ်အသီးသီးသို့ဝင်ရောက်သည့်အချိန်ထိအသင်းမှာကျွန်တော်တို့ရှိခဲ့ကြသလို အသင်းတည်ရာအိမ်ကြီး၏ မိသားစုဝင်များနှင့်လည်း ဆွေမျိုး ရင်းချာပမာခင်မင်ကာဝင်ထွက်သွားလာခဲ့ကြ၏။ ကျွန်တော့်ပထမဆုံးဝန်ထမ်းအလုပ်ဖြစ်သော မီးရထားဘက်မှအလုပ်မှာထိုအိမ်ရှင်အင်ဂျင်နီယာချုပ်အန်ကယ်၏အကူအညီဖြင့်ရရှိခဲ့ခြင်းဖြစ်လေသည်(အသိမရှိလျှင် အလုပ်တစ်ခုရဘို့ အင်မတန်ခက်ခဲသော ခေတ်ဖြစ်၏)။

ဂျင်မခါနာမှာမွေးပြီး ဂျင်မခါနာရပ်ဝန်းသို့ ပြန်လည်ရောက်ရှိခဲ့သောကျွန်တော် ထိုမှာပင်ဘဝတစ်ခုအစပြုဖို့ကြုံလာပြန်သည်မှာတော့ ပဌာန်းဆက်လားရေစက်လားဆိုရမည်သို့ရှိ၏။ ယင်းမှာ ဆေးရုံနှင့်မျက်စောင်းထိုး (ကရာတေးကလပ်တည်ရှိရာခြံကြီးနှင့် မျက်နှာချင်းဆိုင်) မစ်ရှစ်လမ်းမပေါ်တွင် မရွှေတောက်တို့နေထိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။ ပြောရလျှင် မရွှေတောက်သည်ပင် ဂျင်မခါနာမှာ ကျွန်တော်မွေးပြီးခြောက်နှစ်အကြာ၌ မွေးဖွားခဲ့သူဖြစ်ပြီး ကျွန်တော်နှင့်အကြောင်းပါပြီးနောက် ရင်သွေးသုံးဦးအနက်သားနှစ်ဦးကိုဂျင်မခါနာမှာပင် တက်ရောက်မွေးဖွားခဲ့ပါ၏။ သမီးကိုတော့ဆေးရုံတက်ရန်ရက်ချိန်းစောင့်နေစဉ်ဗိုက်နာခိုက် အလည်ရောက် လာသော သူနာပြုဆရာမနှင့် အိမ်မှာပင်မွေးဖွားခဲ့လေရာ သူကလေးလည်း ဂျင်မခါနာသူဟုပြောလျှင်မမှားဟုထင်သည်။ အိမ်ထောင်ကျပြီးကျွန်တော့်အလုပ်ရှိရာဒလဘက်ကမ်းသို့လိုက်နေသော မရွှေတောက်ကိုအကြောင်းပြု၍သူ့မိဘအိမ်သို့ဝင်ထွက်နေပြန်ရကား ကျွန်တော်နှင့်ဂျင်မခါနာတို့ဝေးကွာသည်ဟူ၍မရှိသလောက် ဆိုရမည်ဖြစ်ပေသည်။

အရေးအခင်းကာလ ဆေးရုံဂိုဒေါင်တွေဖေါက်ပြီး (မစားရက်လောက်တက်ဆိုသလို) ဆေးရုံသုံးကိရိယာတွေ လမ်းမပေါ်မှာမတန်တဆေးချရောင်းခဲ့ကြသည်ကို၎င်း၊ နဝတအစိုးရတက်လာပြီးနောက်ပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံတိုးချဲ့ဆောက်လုပ်ရန်အလို့ငှါ ကပ်လျက်မီးရထားဝင်းအားသိမ်းပိုက်လိုက်ကြသည်ကို၎င်း စိတ်မသက်သာစွာမြင်ခွင့်ကိုလည်းရရှိခဲ့ပါ၏။ ထိုအချိန် ကျွန်တော်သည် ဒလဘက်ကမ်းမှ ရန်ကုန်ဘက်ကမ်းသို့ပြောင်းရွှေ့တာဝန်ချထားခံရပြီး အိုးပိုင်အိမ်ပိုင်လည်းမရှိသည်မို့မရွှေတောက်၏မိဘများနှင့်အတူနေထိုင်နေရပြီဖြစ်လေသည်။ မီးရထားဝင်းကိုသိမ်းကာစ၌ အိမ်ကြီးမှအပကျန်သောအဆောက်အအုံများကိုဖျက်သိမ်းပြီး ဆေးရုံနှင့်ပတ်သက်သောအဆောက်အဦများစတင်ဆောက်လုပ်ခဲ့သည်။ အိမ်ကြီးကိုမူလပုံစံအတိုင်းဆေးသုတ်မွမ်းမံပြီး ဆရာဝန်ကြီးနေအိမ်အဖြစ်နှစ်အနည်းငယ်ဆက်လက်ထားရှိခဲ့ရာမှ နောက်ပိုင်းတွင်အပြီးတိုင်ဖြိုဖျက်ကာ လက်ရှိဆေးရုံနှင့်ဆက်စပ်လျက် အသစ်ပြန်လည်တည်ဆောက်ခဲ့လေသည်။ ကျွန်တော့်အာရုံထဲမှာ တရုပ်ကပ်ပြတင်းနှင့်ဆင်ဝင်မြင့်မြင့် မှန်တံခါးအပြည့်ဧည့်ခန်းနှင့် အိပ်ခန်းကျယ်များ ပါဝင်ဖွဲ့စည်းအပ်သော အုတ်ကျွပ် အုတ်ရိုး အမိုးနီနီ အသားမြေဆီရောင် ကိုလိုနီခေတ်နှောင်းပိုင်း ဗိသုကာလက်ရာ အဆောက်အဦ ကြီးကို တသစွာမြင်ယောင်ဆဲ။ ကျွန်စော်နံသည်ပဲဆိုဆို။

#                  #

သူများအပျက်တွေပြောပြီး ကိုယ့်အပျက်ကိုယ်ပြောရလျှင် ဆေးရုံသက်တမ်းနှစ်တစ်ရာပြည့်သည့် ၁၉၉ရ ခုနှစ်သို့ ရောက်သောအခါ ပြည်တွင်းမှာကျွန်တော်မရှိတော့။ ကုလားမကြီးနို့စို့ဘူးသူပြီပြီ ကြာဖူးနားဝ ကုလားသံ နှော၍ပြောရပါက ဘိုင်ဆပ်တွေကိုကြောက်လွန်းသောကြောင့် ယေး ဒိုး တင်း ဆလံသကာ ခါနာမကောင်း မာလကာမဂျောင်းခင် ပြာတာကောင်းအဖြစ် (အကျိုးများလိုများငြားယိုးဒယားကိုကိုးစားလျက်) ကပျာကယာညောင်းခဲ့ပြီဖြစ်၏။ အိမ်ရှေ့မှဆေးရုံ နှစ်တစ်ရာပွဲတော်ကျင်းပခဲ့ကြသလားမသိမကြားမိ။ ထိုအချိန် မရွှေတောက်တို့နန်းတွင်းမှာလည်း ထီးမွှေနန်းမွှေဆက်ခံရန်အရေးရှုပ်ထွေးစပြုပြီ။ စင်စစ် သူတို့မှာလည်း ပြည်တွင်းပြည်ပရန်စွယ် (သွေးသားအရင်းအခြာနှင့်သွေးနှောစွက်ဖက်ကြသူများ) တွေကမသေးလှ။ မှတ်တမ်းဝင်စကားပြောရလျှင် ထိုအထဲတော့ကျွန်တော်မပါ။ ခရစ်သက္ကရာဇ် ၂၀၀၀ သို့ ကူးပြောင်းပြီး နှစ်မှမလည်သေးခင် ထိုပယောဂဖြင့်ပင်အညီအညွတ်ပြိုကွဲကြကာ ဂျင်မခါနာရပ်ဝန်းကိုအပြီးတိုင်သူတို့စွန့်ခွာကြလေ၏။ သူတို့တွေစွန့်မှတော့ ဒုတိယတန်းစားမိသားစုဝင်ဂျင်မခါနာသားကျွန်တော် ဂျင်မခါနာမှာပျော်ခွင့်ကို မျှော်ချင့်၍မရပြီ။

မရွှေတောက်တို့အစုအတွင်း သူတစ်လူငါတစ်မင်းတွေနှင့်အတူ ကျွန်တော်ပါစီးမျောရင်း ဘောက်ထော်လိုလို စမ်းချောင်းလိုလိုဟိုအကွေ့သည်အကွေ့တွေမှာ ခေတ္တခဏရပ်တန့်ကြလျက်က နောက်ဆုံးတွင်ပေါရိသလမ်းကဗျာထဲကလို ဘာမဆိုတာဝေငှသော်လည်း ရာဇဂြိုလ်မဟုတ်သည့်သာကေတဘက်မှာ နာဂစ်မုန်တိုင်းနှင့် မရှေးမနှောင်းဆိုသလိုအခြေချဖြစ်ခဲ့ကြသည်။ သည်မှာခေါင်းချသူတွေချ အပြောင်းအလဲမလှစွာမြောင်းထဲကျသူတွေကျနှင့် လူ့သမိုင်းကိုကြုံရာကဏ္ဍအသီးသီးမှာဆက်လက်ကပြရင်းရှင်သန်နေကြဆဲ။ သည်လိုနှင့် မရဏစင်မြင့်ပေါ်တက်ဘို့အခေါ်စောင့်ကြသည့်အထဲ ရှေ့ဆုံးတန်းမှာပင်ကျွန်တော်ထိုင်ခုံရနေပြီ။ ဂျင်မခါနာဘက်သို့ အရောက်အပေါက်နည်းသွားသလို မျိုးဆက်သစ်တွေ၏မွေးခြင်းဖွားခြင်းကိစ္စရပ်များမှာလည်း သူတို့၏ ရွေးချယ်မှုထဲမှာဂျင်မခါနာပါဝင်ဟန်မတူတော့။ တစ်ခါတစ်ရံဖြတ်သန်းသွားလာခိုက် ငဲ့စောင်းကြည့်မိသည့်အခါများ၌ အနည်းဆုံးမစ်ရှင်လမ်း (မင်းရဲကျော်စွာလမ်း) ပေါ်က အဆောက်အအုံတွေပုံစံပြောင်းသွားကြသည်ကိုတွေ့မြင်ရလေသည်။ ငိုအားထက်ရယ်အားသန်ဆိုသလိုပြောရလျှင် ဆေးရုံရှေ့မျက်နှာစာရှိ ယ္ခင်ဝင်းခြံတွေအားလုံးနီးပါး၏နေရာမှာအထပ်မြင့်အဆောက်အဦများနေရာယူလာကြရာ၌ မရွှေတောက်တို့၏နေအိမ်ကတော့ ယ္ခင်ပုံစံမပျက် သစ်သစ်လွင်လွင် (ထိန်းထိန်းသိမ်းသိမ်း)ကျန်ရှိနေခြင်းဖြစ်၏ (ကိုယ်မပိုင်တော့သည်သာ ထောက်ပြစရာစရာရှိသည်)။

ထိုအချိန် ဗဟိုအမျိုးသမီးဆေးရုံ ယ္ခင်ဒပ်ဖရင်ဆေးရုံ သို့မဟုတ် ကျွန်တော့်သညာဂျင်မခါနာဆေးရုံ အသက် ၁၂၀ ပြည့်မြောက်ကြောင်းသတင်းက လျှပ်ပြက်သလိုပေါ်လာသည်။ ထိုလျှပ်စီး ရင်တွင်းအထိလင်းလက်သွားသည့်အပေါ် ထူး၍ကျွန်တော်မအံ့သြလို။ မည်သည့်အမည်ဖြင့်ပင်ဖြစ်စေ နှင်းဆီသည်မွှေးမြဲ ဆိုသကဲ့သို့ သည်ဆေးရုံကိုဗဟိုပြုသော ဂျင်မခါနာရပ်ဝန်းသည် ကျွန်တော့်ရင်ထဲမှာတော့ အခါမလပ်ဆွတ်ပျံ့ဖွယ်သာ ရှိနေမှာ သေချာ၍ပါတည်း။