Thursday, December 29, 2016

ကျွန်တော်နှင့်ဆေးရုံ

ကျွန်တော့်ဘဝတွင် ဆေးရုံတစ်ရုံနှင့်ပထမဆုံးထိတွေ့ဖူးခဲ့သည်မှာ ဖခင်ဖြစ်သူရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်၍ကုသမှုခံယူစဉ်ကဖြစ်၏။ အချိန်က တော်လှန် ရေးကောင်စီတက်ကာစ ၁၉၆၄ ခုနှစ်ဖြစ်လေသည်။ ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦး အကန့် အသတ်ဖြင့် (ဆေးရုံပေါ်သို့ ၁၂ နှစ်အောက်ကလေးများမတက်ရ) တွေ့မြင်မှတ်သားရမိသမျှ ဆေးရုံကြီးကသန့်ပြန့်သည်။ ဆရာဝန်တွေသူနာပြုတွေကြည့်လိုက်လျှင် အမြဲလိုလိုရွှင်ပြနေကြသည်။ လူနာတွေကိုဂရုစိုက်သည်။ ဆေးဝါးနှင့်ကုသမှုအခမဲ့ (ထိုက်သင့်သော အခကြေးငွေပေးရသည့် ပိုက်ဆံခန်းဟုခေါ်သော အထူးခန်းတွေလည်းရှိသည်ဟုကြားဖူး၏)။ ထမင်းမပို့နိုင်သည့်လူနာများကို ဆေးရုံမှကျွေးမွေးသည်။ ပေါင်တွင်းအကျိတ်ဟုလူကြီးတွေပြောသံ ကြားသောရောဂါကို ဆေးရုံသုံးခါတက်ပြီး သုံးခါခွဲစိတ်ကာ နောက်ဆုံးအခေါက်သုံးလအကြာဆေးရုံမှာပင်ကွယ်လွန်ခဲ့သော်လည်း ဆေးရုံ၏စောင့်ရှောက်မှုအပေါ် မည်သူမျှသံသယဖြစ် အပြစ်မြင်စကား ဆိုသည်ကိုမကြားခဲ့ရချေ။

နောက်တစ်ကြိမ်မှာ ကျွန်တော်ကိုယ်တိုင်လူနာဖြစ်၏။ ၁၉၇၅ တက္ကသိုလ်တတိယနှစ်မှာ ညာဘက်မျက်လုံးထဲမှ စူးအောင့်ပြီး မျက်ရည်တွေကျနေသဖြင့် ကန်တော်လေးအထက်ပန်းဆိုးတန်းလမ်း မျက်စေ့နားနှာခေါင်း လည်ချောင်းရောဂါ ပြင်ပလူနာကုဌာနသို့သွားရ၏။ အထူးကုဆရာဝန်ကြီးတစ်ဦးနှင့်တွေ့ခွင့်ရပြီးသူကနောက်တစ်နေ့အလံပြဘုရားလမ်း မျက်စေ့ နား နှာခေါင်း လည်ချောင်း ဆေးရုံကြီးသို့ လာရောက်ရန်ချိန်းသည်။ ဆေးရုံသို့ချိန်းဆိုသည့်အချိန် ရောက်သွားရာ ဆယ့်ငါးမီးနစ်ခန့်စောင့်ပြီးနောက်  အခန်းတစ်ခုအတွင်းသို့ဝင်ရပြီး ဆရာကြီးကိုယ်တိုင် ကိုင်တွယ်ကုသပေးသည်။ နောက်ပိုင်းဆေးမှတ်တမ်းကို တတ်သရွေ့မှတ်သရွေ့ဖတ်ကြည့်ခဲ့ရာ၌ မျက်ကြည်လွှာရှိအပေါက်ငယ်အား ဆေးဖြင့်ဖာထေးပေးခြင်းဟုနားလည်ရ၏။ နာရီဝက်ခန့်ကြာသည့်ကုသမှုအတွင်း နာကျင်မှုမရှိသော်လည်း ဆေးရုံမှအထွက်ဘတ်စကားဂိတ်သို့ လမ်းလျှောက်စဉ်မခံမရပ်နိုင်အောင်နာလာသောကြောင့် သုံးဘီးတစ်စီးတားပြီးအိမ်ပြန်ခဲ့ရ၏။ ထိုနေ့ကမျက်စေ့တစ်ဖက်ပတ်တီးအုပ်လျက် သုံးဘီးပေါ်မှဆင်းလာသောကျွန်တော့်ကိုမြင်၍ အိမ်သားတွေလန့်ဖြန့်သွားကြကြောင်းအဆိုရှိလေသည်။ သုံးဘီးခနှစ်ကျပ်ခွဲ (နှစ်ကျပ်ပြားငါးဆယ်) နှင့် အသွားဘတ်စကားခမှာထိုကုသမှုနှင့်စပ်လျဉ်း၍ ကျွန်တော်ကုန်ကျရသမျှဖြစ်ပြီး နောက်ထပ်လည်းသွားစရာမလိုတော့။

#                    #

ကျွန်တော့်သားသမီးသုံးဦးအနက်နှစ်ဦးကိုဗဟိုအမျိုးသမီးဆေးရုံကြီးတွင်မွေးဖွားသည်။ ယောက္ခမများအိမ်မှာဆေးရုံနှင့်နီးသည့်ပြင်  ထိုစဉ်ကထုံးဆံထင်ရှားသောအထူးကုဆရာဝန်ကြီးတစ်ဦးဦးနှင့် ကြိုတင်အပ်နှံထားလေ့ ရှိသောကြောင့် များစွာစိတ်မပူရ။ ကျွန်တော့်အလုပ်က ရန်ကုန်တစ်ဘက်ကမ်းမှာမို့ မွေးကာနီးတစ်ပတ်ခန့်အလိုတွင် ဇနီးသည်ကမိဘများအိမ်သွားနေပြီး မွေးမည့်နေ့ဆေးရုံသို့တက်၍မွေးဖွားရုံပင်။ သူ့မိဘနှင့်ညီမများလိုလေသေးမရှိ စောင့်ရှောက်ကြသောကြောင့် ဆေးရုံသို့ကျွန်တော် သိပ်မရောက်ဖြစ်။ တိတိကျကျပြောရလျှင် သားကြီးတုံးကဇနီးသည်ကိုအားပေးဖို့ တစ်ခေါက်သာရောက်ပြီး (ထိုအချိန်ယောက္ခမများနှနှင့်အဆင်မပြေခိုက်မို့‌) ဆေးရုံဆင်းသည့်အခါထပ်မရောက်တော့။ သားငယ်ကျတော့ ကျွန်တော်တာဝန်နှင့်အဝေးမှာမို့ တစ်ခေါက်ပင်မရောက်။ သမီးကျတော့ဆေးရုံတက်ရန်ချိန်းထားပြီးမှ ရင်းနှီးသောသူနာပြုဆရာမကြီးတစ်ဦးအိမ်လာလည်ခိုက် ကြုံကြိုက်သဖြင့်အိမ်မှာပင် ဆရာမကြီးကိုယ်တိုင်မွေးပေးသည်။ ဆိုလိုသည်မှာ  အမျိုးသမီးဆေးရုံနှင့်ပတ်သက်၍ ဝေဖန်ရန်ကျွန်တော်အရည်အချင်းမပြည့်မီ။  ကိုယ်တိုင်မွေးလူနာဖြစ်ခဲ့သော ဇနီးသည်ထံမှလည်း ဝေဖန်သံတစ်စုံတစ်ရာမကြားခဲ့မိ။ သားသမီးအားလုံးကို ထိုဆေးရုံမှာပင်မွေးဖွားရန်အားသန်ခဲ့သည်ကိုထောက်၍ စိုးရိမ်စရာစိတ်ပျက်စရာ အတွေ့အကြုံတစ်စုံတစ်ရာ မရှိခဲ့ဟုပြောနိုင်သည်။ ထိုစဥ်ကာလကအားကိုးစရာကလည်းသည်‌ဆေးရုံတစ်ရုံပဲရှိသည်ကိုး။ သို့သော် ကလေးဆေးရုံအတွေ့အကြုံကတော့ တစ်ခါဆိုဆိုသလောက် ဟုပြောရမည်။

၁၉၈၅-၈၆ တစ်ခုသောညသန်းကောင်ယံ၌ အခါလည်ကျော်သားကြီးသည် မီးနစ်အနည်းငယ်စီခြား၍ အကြိမ် နှစ်ဆယ်ခန့်ဝမ်းသွားလေ၏။ ဝမ်းက (မရိုသေ့စကား) စမြင်းလိုအတုံးအခဲတွေသာဖြစ်ပြီး အရည်အကျိအချွဲမပါ။ ကိုယ်ပူခြင်းမရှိ။ နုံးခွေသည့်အနေအထားမရှိ။ ခလေးကလန်းလန်း ဆန်းဆန်းပေမင့် ဆေးရုံကိုသွားခြင်းသာအသင့်တော်ဆုံးဟုသဘောရသည့်အတွက် ညတွင်းခြင်းနေထိုင်ရာဒလဘက်ကမ်းသင်္ဘောကျင်းမှ ကြိုပို့ရေယာဉ်ဖြင့် ရန်ကုန်သို့ကူးကာကားငှားပြီး ဟယ်လပင်လမ်း (ပြည်ထောင်စုရိပ်သာလမ်း) ကလေးဆေးရုံကြီးသို့ အပြေးလာခဲ့ကြ၏။ (ညဉ့်နက်သန်းကောင်မို့ ဆေးရုံအနီးရှိယောက္ခမများနေအိမ်သို့ပင်မဝင်ခဲ့)။ ဆေးရုံတွင်အရေးပေါ်ဌာနက ကုသဆောင်သို့ချက်ခြင်းတင်ပေးသည်။ ကုသဆောင်အတွင်းကုတင်အများစု လွတ်နေကြပါလျက် အိမ်သာနှင့်ကပ်လျက် အစွန်ဆုံးကုတင်မှာ သားကိုနေရာချပေးလေသည်။ ဆိုးရွားသော အနံ့အသက်များကလူကြီးပင်မခံနိုင်။ အိမ်သာခန်းနှင့်လျှောက်လမ်းပေါ်မှာ ဘယ်ကဘယ်လိုလျှံကျနေမှန်းမသိသော ညီစို့စို့ ရေတွေ ခြေကျင်းဝတ်မြုတ်လောက်သည်။ သား၏ကုတင်မှာလည်း အစွန်းအထင်းတွေက ဝါကျင်ကျင်မီးရောင်အောက်မှာပင်အထင်းသား။ ထို့ကြောင့် သားကိုကုတင်ပေါ်မချသေးဘဲ မအေ့ရင်ခွင်မှာနေစေရသည်။ တော်သေးသည် သားကဝမ်းထပ်မသွားတော့။ ကလေးလူနာတွေရော လူနာစောင့်တွေပါအိပ်နေကြသဖြင့် တိတ်ဆိတ်သောအဆောင်အတွင်း မီးမှိန်မှိန်အောက်မှာ ကြောင့်ကြအားငယ်စွာ ထိုင်နေကြရသည့် ထိုအချိန်သည် ဘဝ၏အဆင်းရဲဆုံး အချိန်တစ်ချိန်ဖြစ်ခဲ့လေသည်။

လင်းအားကြီးလောက်တွင် အပြာဝတ်သူနာပြုဆရာမတစ်ဦးလက်တွင်းမှာသောက်ရေခွက်ကိုင်လျက် ကျွန်တော်တို့ထံလျှောက်လာပြီး ‘ရော့ ဆေးတိုက်လိုက်’ ဆိုကာ ဆေးပြားတစ်ပြားပေးသည်။ ဇနီးသည်က လှမ်းယူပြီးအိပ်ပျော်စသားကိုနှိုး၍ဆေးတိုက်ရာ နဂိုဆေးကြောက်သည့်အခံကြောင့် အိပ်ချင်မူးတူးနှင့်ငြင်း ဆန်လေတော့၏။ မအေကချော့သားကငြင်းနေကြသည်ကိုရပ်ကြည့်နေသောသူနာပြုသည် သီးခံမှုအတိုင်းအတာလွန်သွားသည့်အလား မအေလက်တွင်းမှ ဆေးကိုဆတ်ကနဲယူ ကလေး၏ပါးနှစ်ဘက်ကိုလက် တစ်ဘက်ဖြင့်ညှစ်ပြီးအခြားတစ်ဘက်ဖြင့် ပွင့်လာသောပါးစပ်အတွင်းသို့ဆေးကို ဆောင့်ကြီးအောင့်ကြီးထိုးထည့်လိုက်ရာ ဆေးဝင်မဝင်မသိသော်လည်း သားကစူးစူးဝါးဝါးအော်ငိုလေတော့၏။ ကျွန်တော့်ရင်ထဲ အိမ်သာဘက်က အနံ့အသက်ထက်ပင်ပို၍အော်ဂလီဆန်သွားလေသည်။ တိုတိုပြောရလျှင်ထိုနေ့က ကျွန်တော့်သဘောနှင့် ကျွန်တော်လက်မှတ်ထိုးပြီးဆေးရုံမှချက်ခြင်းဆင်းခဲ့၏။ တာဝန်ကျဆရာဝန်အမျိုးသမီးက ကျွန်တော့်ဇနီးမှတစ်ဆင့် နံနက်လင်းသည်အထိစောင့်ဖို့ဖြောင့်ဖျ ပြောဆိုသည်ကိုပင်လက်မခံတော့။ ကံအားလျော်စွာသားကြီးဘာမှမဖြစ်။ ယ္ခုသင်းပင်ခလေးအဖေဖြစ်နေပြီ။ ထိုမှစ၍ ဆေးရုံဆိုလျှင်လူနာမေးပင်သွားရန် ဝန်လေးခဲ့လေ၏။ မိသားစုဝင်အားလုံးလည်း ပြင်ပဆေးခန်း (ပုဂ္ဂလိကဆေးရုံတွေ မပေါ်သေး) လောက်နှင့် ပြီးသော နာမကျန်းမှုမျိုးမှအပ ထွေလီကာလီရောဂါကြီးငယ် မရှိသောကြောင့် ဆေးရုံနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာပင် ကယိကထမများ ကသိကအောက် မဖြစ်ခဲ့ရပေ။ 

၁၉၉၀ ခုနှစ် အစောပိုင်းနှစ်များအတွင်း ကျွန်တော့်မှာခါးနာရောဂါစွဲကပ်ခဲ့၏။ အလုပ်ပင်ပန်းသောကြောင့် ဟု ယူဆကာ သက်သာသလိုနေထိုင်ရင်း အပြင်းအထန်နာသည့်တစ်နေ့ ဆေးခန်းသို့ရောက်ခဲ့ရာ ဓာတ်မှန်ရိုက်စေပြီးနောက် ကျောက်ကပ်အတွင်းကျောက်တည်သည်ဆိုကာ ခွဲစိတ်ကုဆရာဝန်ကြီးတစ်ဦးထံ လွဲပြောင်း ပေးခြင်းခံရ၏။ ဆရာကြီးကစစ်ဆေးကာ ကျောက်ကပ်နှစ်ဘက်စလုံးမှာကျောက်တည်နေသည်။ ဆီးလမ်းကြောင်း ပိတ်သွားနိုင်သည့် ညာဘက်ကိုအရင်ခွဲရမည်ဟုပြော၏။ မခွဲမစိပ်ဘဲချေလျှင် မရနိုင်ဘူး လားဆရာဟု (ကြားဘူးနားဝဖြင့်) မေးရာ ဆရာကြီးက သူ့အံဆွဲထဲမှလက်သုံးလုံးခန့် မီးခိုးရောင်မြစ်ကျောက် (ဟုထင်သည်) ခပ်ပြားပြားတစ်ခုကိုထုတ်ယူ၍ စာပွဲပေါ်သို့တင်လိုက်ပြီး “ခင်ဗျားကျောက်က အဲသည် လောက် ဖြစ်နေရင်ဘယ်လိုချေမှာလဲ” ဟုပြောလေသည်။ ထို့နောက် ဘယ်နေရာမှဘယ်လိုခွဲပြီးကျောက်ကိုထုတ်ယူမည်ကိုရှင်းပြလေ၏။ တိုတိုပြောရလျှင် ဆရာကြီးထံ နောက်တစ်ခေါက်ကျွန်တော်မရောက်တော့။ ထိုအချိန်က ကျွန်တော့်အတွေးမှာ (နည်းနည်းတော့ ကြောင်မည်လားမသိ) ဆရာကြီး အပြောအရဆိုလျှင် (ကျောက်ကပ်နှစ်ခုစလုံးအတွက်) ကျွန်တော့် ဝမ်းပိုက်မျက်နှာပြင်အပြည့် ခွဲစိတ်ရာကြီး သေရာပါသွားမည်ကို မရှုစိမ့်ခြင်းဖြစ်၏။ ထိုထက်ပို၍ အဓိကကျသောအချက်မှာ မတော်တဆခွဲရင်းစိပ်ရင်းတိမ်းပါးသွား ခဲ့သော်ဆိုသော စိုးရိမ်စိတ်ပင်ဖြစ်လေသည်။

သေခြင်းတရားကိုကျွန်တော်မသိ၍မဟုတ်။ သေခြင်းတရားဟူသည်ကြောက်၍လည်းအသနားမပို ရှောင်လွှဲ၍ မရနိုင်သည်ကိုကျွန်တော်နားလည်ပါ၏။ သို့သော် ရံဖန်ရံခါခါးနာသည်မှလွဲ၍ အကောင်းပကတိ လှုပ်ရှားသွားလာနေသူဖြစ်ရာ အသက်နှင့်ယှဉ်သောခွဲစိပ်ကုသမှုတစ်ရပ်ကိုမှားယွင်းစွာရွေးချယ်မိဖို့ မည်သို့မျှစဉ်းစား မရနိုင်ခဲ့ချေ။ သူများတွေ သည်လိုပဲခွဲစိတ်နေကြသည်၊ ခွဲတိုင်းသေသည်မဟုတ်၊ သွားနိုင်လာနိုင် ကျန်းမာတုန်း ခွဲစရာရှိ ခွဲတာကောင်းသည်၊ ကျောက်ကပ်ဆိုတာ ပျက်ပြီဆိုလျှင် ဝုန်းကနဲပျက်တတ်ပြီး ထိုအခါကျမှဆိုလျှင် ခွဲစိတ်ချိန်ပင်ရနိုင်မည် မဟုတ်တော့ စသည်စသည် ကျွမ်းကျင်မှုအမြင်များသည် ‘ခွဲစိတ်ရင်းမသေနိုင်ဟု ရာနှုံးပြည့် အာမမခံနိုင်’ ဆိုသော ထိုကျွမ်းကျင်သူတို့ကိုယ်တိုင်၏ ဝန်ခံချက်ကိုကျော်လွန်၍ ကျွန်တော့်အား ဆွဲဆောင်ခြင်းငှာမစွမ်းကြ။ ထိုအချိန် ကျွန်တော်သည်ဝန်ထမ်းတစ်ပိုင်းစီးပွားရေးသမားတစ်ပိုင်းဘဝတွင် နှစ်မျိုးစလုံးကိုအရှုံးဖြင့်ကျော်ဖြတ်နေရချိန်လည်းဖြစ်၏။ ဝန်ထမ်းဘဝ၏အရှုံးမှာ (နုတ်ထွက်ခွင့်တောင်းခံထားပြီးမို့) မတောင်းတာဟုဆိုရမည်ဖြစ်သော်လည်း စီးပွားရေးသမားဘဝ၏အရှုံးကမူ ငွေရေးကြေးရေး (တစ်နည်း) အကြွေးပါဝင်ပတ်သက်နေသည်။ လူတကာကိုပြုံးပြရုံကလွဲ၍ဘာမျှမတတ်ဟု ကျွန်တော်သတ်မှတ်ထားသောဇနီးသည်နှင့် လူမမယ်သားသမီးသုံးယောက်တို့အားအကြွေးထုပ်ကြီးနှင့် ထားရစ်မျက်ကွယ်ပြုဘို့ရာ စဉ်းစားမရနိုင်ခဲ့ချေ။ ကံအားလျော်စွာကျောက်ကပ်နှစ်ခုစလုံးတွင်ပြည့်နှက်နေသည်ဆိုသော အနှီကျောက်များသည် ဘဝတဏှာအတွက် ကျားကုပ်ကျားခဲထမ်းနေရသော ကျွန်တော့်ခန္ဓာဝန်ကိုစိုးစဉ်းမျှလေးပင်ခြင်း (ယ္ခုတိုင်)မရှိခဲ့ကြ။ မရှိသေးဟုဆိုလျှင်ပိုမှန်မည်။ ခေါက်ကနဲပြိုဆင်းခြင်းကိုတော့ ဘယ်သူမျှမတတ်နိုင်။

#                    #

ထိုနှစ်များအတွင်းမှာပင် ရွှေ့ပြောင်းလုပ်သား (တစ်ချို့က ဦးနှောက်ယိုစီးမှုဟုတင်တင်စီးစီးပြောကြသည်။ သူများခိုင်းတာလုပ်ရသည်ခြင်းအတူတူခြားနားသည်ဟု ကျွန်တော်တော့မထင်) ခရီးစဉ်အဖြစ် ဘန်ကောက်သို့   စတင်ထွက်ခွာဖြစ်သည်။ ဘန်ကောက်မှာခြောက်နှစ်ကြာစဉ်အတွင်း တစ်ကြိမ်တွင် အပြင်းအထန် ခါးနာသည့် ဝေဒနာခံစားရသဖြင့် ဆေးရုံကြီးတစ်ရုံသို့သွားပြရင်းခါးနာကုသောဆရာဝန်ကို ကျောက်ကပ်ကျောက်တည်နေကြောင်း မြန်မာနိုင်ငံရှိဆရာဝန်ကခွဲရန်ပြောထားဖူးကြောင်းပြောပြရာ ထိုဆရာဝန်သည် ကျွန်တော်၏ ဆီးနမူနာကိုချက်ခြင်းယူစေကာ (ဓါတ်မှန်တော့မရိုက်ခဲ့ရ) စစ်ဆေးပြီးနောက် ကိစ္စမရှိပါဟု ပြောသဖြင့်အားတက်ပြီး  နှစ်အတန်ကြာအောင်မေ့မေ့ပျောက်ပျောက်ဖြစ်ရပြန်၏။ ဘန်ကောက်မှ ပြန်လာပြီး စီးပွားရေးလောကအတွင်းပြန်လည်အခြေချဘို့မည်သို့မျှနေရာမရနိုင်သည့်အခါစင်္ကာပူသို့ပြန်ထွက်ရာ၌ ဗိုက်ထဲကကျောက်တွေငြိမ်ချက်သား ကောင်းဆဲပင်ဖြစ်လေသည်။ သို့ရာတွင်မမျှော်လင့်သောရောဂါတစ်ခုကိုတော့ စင်္ကာပူ၏တင်းကျပ်သောစည်းမျဉ်းစည်းကမ်းနှင့်အညီနှိမ်နင်းခဲ့ရ၏။ ကမ္ဘာကျော် တီဘီခေါ် အဆုတ်နာပင် ဖြစ်သတည်း။ 

စင်္ကာပူတွင် အလုပ်လုပ်ရန် ပဏာမခန့်စာကို ပို့လိုက်ကတည်းက တီဘီနှင့်အခြားကူးစက်ရောဂါတွေ ကင်းရှင်းကြောင်းဆေးမှတ်တမ်းယူလာရန်မှာသည့်အတိုင်း ဓာတ်မှန်အပါအဝင်အခြားဆေးစစ်ချက်များယူဆောင် တင်ပြခဲ့ရရုံမက အလုပ်ရှင်ညွှန်ပြသော ပြင်ပဆေးခန်းတစ်ခုတွင် ထပ်မံစစ်ဆေးပြီးအဖြေကို အလုပ်ရှင်ထံတိုက်ရိုက်အစီရင်ခံသောစံနစ်ဖြင့် အတည်ပြုပြီးမှသာလျှင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်ထုတ်ပေးခဲ့သည့်ကြားမှ ခြောက်လအကြာ၌ တီဘီသံသယအဝင်ခံရပုံမှာ ဒဏ္ဍာရီဆန်သည်ဟုပြောရမည်သို့ဖြစ်၏။ သာမန်အာဂန္တုအဖျားကို နီးစပ်ရာဆေးခန်းတွင်ပြရာမှ ဆရာဝန်ပေးသောဆေးပြင်းများကြောင့် အဖျားမကျဘဲသွေးဖြူဥတွေကျခဲ့ပြီး မြို့နယ်ဆေးခန်းသို့ပြောင်းလဲပြသပြန်ရာ သွေးဖြူဥကျလျှင်ကင်ဆာဟု ယိုးစွပ်ခံရသည်။ ထိုမှ စင်္ကာပူအမျိုးသားတက္ကသိုလ် ဆေးရုံသို့သွားရာ လေးငါးရက်ခန့်သီးသန့်ခန်းတွင်ထားပြီး မေးခွန်းအမျိုးမျိုးမေး ဆေးအမျိုးမျိုးပေးပြီး နောက်ဆုံးတွင် တီဘီဟုသတ်မှတ်ကာ ကူးစက်ဆေးရုံသို့လမ်းညွှန်လိုက်သည်။ ကူးစက်ဆေးရုံတွင် ထပ်မံစစ်သည့်နည်းနှစ်မျိုးအနက် တစ်မျိုးတွင်ပိုးမတွေ့ ကျန်တစ်မျိုးကမထင်ရှား သို့သော် ခြောက်လဆေးစားရန် ညွှန်ကြားလိုက်လေသည်။ ဤသို့ဖြင့် နှစ်အတန်ကြာက ရန်ကုန်ရုပ်မြင်သံကြားတွင် ရာဇာနေဝင်း လက်နှစ်ဘက်ကွေးကောက်ပြပြီး DOTS ဟု ကြော်ငြာသည်ကိုမြင်တိုင်း ဒီမောင်ဘာတွေလုပ်နေပါလိမ့်ဟု နားမလည်နိုင်ခဲ့သောကျွန်တော် စင်္ကာပူDOTSတွင် ကိုယ်တိုင်ပါဝင်ဖြစ်ခဲ့ရလေတော့၏။ မြို့နယ်ဆေးရုံသို့ နေ့စဉ်သွားကာ တာဝန်ကျသူနာပြု၏ ကြီးကြပ်မှုဖြင့်ဆေးများကိုခြောက်လတိုင်တိုင် မပျက်မကွက်သောက်ပြီးနောက် ဆရာဝန်ကထပ်မံစစ်ဆေးပြီး ဆေးမှန်မှန်သောက်ကြောင်းထောက်ခံစာထုတ်ပေးခြင်းဖြင့် တီဘီ ဇာတ်လမ်း ဇာတ်သိမ်းခန်း သို့ ရောက်ရှိခဲ့လေသည်။

စင်စစ် စင်္ကာပူရောက်စ ပထမသုံးနှစ်ခန့်မှာ ‘အလုပ်လာလုပ်တာလား ဆေးလာကုတာလား’ မေးရလောက်အောင်ပင် ဆေးရုံဆေးခန်းနှံ့ရုံသာမက အရေးပေါ် ပြင်ပလူနာ အတွင်းလူနာအဖြစ် ရက်အတန်ကျင်လည်ခဲ့ ရ၏။ ရောဂါစုံကုသနည်းစုံ အခန်းစုံ (သီးသန့်ခန်း၊ နေ့ခွဲစိတ်ခန်း၊ ပင်မခွဲစိတ်ခန်း) မှာ မသေရုံတမည်အထိ ဝင်ထွက်ခဲ့ရလေသည်။ တီဘီကိစ္စပြီးတော့ ရင်တွင်းကျောက်ကို တစ်ကပြန်စရပြန်သည်။ အစဖေါ်သူက မရွှေတောက်။ စဖြစ်ကတည်းက ခွဲစိတ်ဓားကိုရှောင်ကွင်းလာခဲ့သည်မှာ နှစ်ဆယ်စုချီရှိပြီမို့ သူမ၏စိုးရိမ်ချက်ကတစ်ကျော့ပြန်လာပြီ။ သည်အထဲဆရာဝန်ဖြစ်စသမီး၏ အတို့အထောင်တွေလည်းပါသည်။ ကျောက်ကပ်ထဲမှာ ကျောက်တည်နေပါလျက် (ကျွန်တော့်လို) မနာဘူးဆိုလျှင်ပိုကြောက်ရသည်။ အသံတိတ်လူသတ်သမား ဟု အမည်တွင်သော ကျောက်ခက် (stag horn) ဖြစ်နေလျှင်ခက်မည်စသည်ဖြင့် ကြားဖူးနားဝခြောက်လုံးများဖြင့် သူ့အမေကိုမီးထိုးပေး၏။ သို့နှင့် မိတ်ဆွေ ‌တစ်ဦးမှတစ်ဆင့်သိကျွမ်းလာသော မြန်မာဆရာဝန်ရှိရာ အလက်ဇန္ဒားဆေးရုံတွင်သူမကိုယ်တိုင်ကြိုတင်စာရင်းသွင်းပြီး ကျွန်တော့်ကိုဆွဲခေါ်ပြစေသည်။ ကျောက်အရွယ်အစားကို ဓာတ်မှန်တွင်မြင်သောအခါ အံ့သြသွားသော ဆရာဝန်ကအမြန်ခွဲစိတ်ဖို့အကြံပြုလေသည်။ 

သို့နှင့် နှစ်နှစ်ဆယ်နီးပါး ဖြစ်တည်နေသော ရင်တွင်းဖြစ်ကျောက်များကို စင်္ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံမှာတက်၍ နှစ်ကြိမ်နှစ်ခါဖေါက်ထုတ်ဖြစ်ခဲ့၏။ ခွဲထုတ်ခြင်းတော့မဟုတ် ကီးဟိုးခေါ်သော့ပေါက်ငယ်မှ တစ်ဆင့်ကျောက်များအားတစ်စစီချေပြီးထုတ်ယူခြင်းဖြစ်ရာ ကျွန်တော်စိုးရိမ်ဖူးသောဝမ်းပိုက်ပတ်လည် အမာရွတ်ထင်မည့်အရေးဝေးသွားသဖြင့်အောင့်ထားရကျိုးနပ်သည်ဆိုရမည်။ သို့သော်ယာဘက်ကျောက်ကပ် သာလျှင် ၉၅ရာနှုံး အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပြီး ဝဲဘက်မှာမူသွေးထွက်လွန်သဖြင့် ခွဲစိတ်မှုကိုရပ်လိုက်ရသည်။ ယာဘက်ကျောက်ကပ်ခွဲစဉ်ကထိုမျှကြီးသောကျောက်မျိုး ဤဆေးရုံမှာပထမဆုံးခွဲစိတ်ဘူးခြင်းဖြစ်သည်ဟုဆိုကာ ဆေးကျောင်းသားများလာရောက်အင်တာဗျူးခြင်းကိုခံရပြီး ဝဲဘက်ကျောက်ကပ်တွင်မူ ကျောက်ကမကုန်လူသာအသက်ကုန်မည်သို့ရှိသောကြောင့်တစ်ပိုင်းတစနှင့်ရပ်ပြီးသွေးနှစ်ပိုင့်သွင်းလိုက်ရ၏။ ကျွန်တော်လည်း မေ့ဆေးဆိုနားမှလေသာမကြားလိုပါဆိုသည့်အဖြစ်သို့ ရောက်ခဲ့ရလေသည်။ မည်သို့ဆိုစေ သူများ(ကုမ္ပဏီ)စရိတ်နှင့် သက်သောင့်သက်သာဆေးကုသခွင့်ရလိုက်ခြင်းမှာတော့ ကျေးဇူးကြီးမားလှပါသည်။ လူမစွမ်းနတ်မခြင်းဟု ပြောလျှင်လည်းရမည်။ ဘမ်ရွန်ဂရက် (Bumrungrad) တို့ မောင့်အီး (Mt. Elizabeth) တို့ကိုကော်ဖီလက်ဖက်ရည်ဆိုင်ပမာ သွားလာဝင်ထွက်နေကြသော ဘဝ၌အောင်မြင်ကြသူ မျက်နှာသိများနှင့်ဆုံလေတိုင်း မုဒိတာပြုံးနှင့်ရှက်ပြုံးတို့ပေါင်းစပ်အပ်သည့်အပြုံးတစ်မျိုးဖြင့်ပြုံးကာ သူတို့ပြောသမျှပြည်တွင်း ကျန်းမာရေးလောကမှအဆီအငေါ်မတည့်မှုများကို နားထောင်နေကျဖြစ်ရာငါများ တစ်ခုခုဖြစ်လျှင်ဆိုသော အတွေးကိုလည်း ရှောင်လွှဲမရနိုင်သောကြောင့်ဖြစ်၏။ သို့သော် ထိုအဆီအငေါ် မတည့်မှုများသာလျှင်အားကိုးရာရှိမည့် အရေးက မဝေးလှတော့သည်ကိုလည်း သတိချပ်မိပါသည်။

ကျွန်တော်ကမဝေးတော့ဟု သတိမူမိချိန်မှာ တစ်ချို့ကနဖူးတွေ့ဒူးတွေ့တွေ့နေကြရပြီ။ ပြည်တွင်း သို့ပြန်ရောက်ရောက်ခြင်းဆိုသလိုငယ်သူငယ်ချင်းအရင်းကြီး၏ဇနီး ပြည်သူ့ဆေးရုံတစ်ရုံတွင်တက်နေသည် ဆိုသဖြင့်ကမန်းကတန်းပြေး၍ သတင်းမေးဖြစ်သည်။ ခေတ်ပညာကိုသိပ္ပံဘွဲ့ရသည်အထိသင်ယူပြီးနောက် အရောင်းအဝယ်ဖြင့်အသက်မွေးပြီး အတော်အတန်အောင်မြင်ခဲ့ဖူးသော သူငယ်ချင်း၏လက်ရှိဘဝက မယုံကြည်နိုင်လောက်အောင်ပင်ကြမ်းတမ်းနေ၏။ အကြမ်းတမ်းဆုံးဖြစ်မည်က အသဲနှင့်ရင်သားကင်ဆာများ တစ်ပြိုင်နက်ခံစားနေရသောဇနီးသည်ကို သည်အတိုင်းကြည့်နေရသည့်အဖြစ်။ ခေတ်မီသလောက်ကြေးကြီး သည့်ကုထုံးမျိုးနေနေသာသာ သောက်ဆေးစားဆေးပင်ဆွေမျိုးမိတ်သင်္ဂဟအထောက်အပံ့ဖြင့် အနိုင်နိုင်ဝယ်နေရ၏။ မပူပါနဲ့သူငယ်ချင်း ဒါမျိုးဝေဒနာသည်တွေကို သည်ဆေးရုံမှာဆေးဝါးကအစအခမဲ့ကုသပေးနေပါတယ်လို့ ငါသတင်းစာထဲမှာတွေ့ထားတယ်ဟု ပူပူနွေးနွေးဖတ်ထားသောနိုင်ငံပိုင်သတင်းစာထဲမှ  သတင်းတစ်ပုဒ်ကိုးကားပြီး အားပေးသည်၌ သူ့မဲ့ပြုံးကိုမြင်ရ၏။ ငါဖတ်ပြီးသားပါကွာ ဒီနေ့မနက်ပဲအရေးကြီးသောက်ဆေးနှစ်မျိုးလိုလို့ဆရာဝန်ကြီးဆီ (သူအမည်ပြောသေး၏ သို့သော်မမှတ်မိတော့) သွားပါဆိုတာနဲ့သွားပြီးပြီ။ အလကားရဖို့နေနေသာသာ သူဝယ်ခိုင်းတဲ့ဆိုင်ကဈေးက အရင်တခြားဆိုင်မှာဝယ်ဖူးတဲ့ဈေးထက် နှစ်ဆလောက်မြင့်နေတယ်။ ဘာကြောင့်မှန်းတော့မသိဘူး အဲဒီဆေးက ခုဆိုအဲဒီဆိုင်တစ်ဆိုင်မှာပဲရနိုင်တော့တယ်။ တစ်လခန့်အကြာတွင် ထိုဆေးအလကားရသည်ဟုစုံစမ်းရရှိသော နောက်ဆေးရုံတစ်ရုံသို့ပြောင်းတက်၏ (တကယ်လည်း ဆေးကထိုဆေးရုံမှာအလကားရသည်)။  သို့သော် ထိုမှာပင်လူနာဆုံးပါးသွားခဲ့သည်။ လက်ဖက်ရည်ပန်းကန်ထဲကမုန်တိုင်းပမာ သူငယ်ချင်း၏ သောကကိုစာနာရင်း ဒါတွေနဲ့ငါနဲ့ဖြစ်မှ ဖြစ်ပါ့မလားဟု တွေးဖြစ်အောင်တွေးလိုက်သေး၏။ ပြီးမှ တိတ်တခိုးရှက်မိလေသည်။ 

နှစ်နှစ်အတွင်း ရွယ်တူတန်းတူဟုဆိုနိုင်သော မိတ်ဆွေရင်းချာလေးငါးဦးတို့၏ နာရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရပြီးနောက် ဇရာနှင့်မရဏကြားကဗျာဓိကိုလူလိုသူလိုကျော်လွှားနိုင်ရေးကိစ္စမှာ ထင်တာထက်ပင်ပိုခက်နေကြောင်းကျွန်တော်သတိပြုမိရ၏။ ထိုအတွင်း စောစောကဘမ်ရွန်တွေ မောင့်အီးတွေ တွက်ချေကိုက်မှန်းသိသော ပြည်တွင်းပြည်ပစီးပွားရေးသြဇာရှင်တွေကငွေတွေအများကြီးရမည့် ဆေးရုံအကြီးကြီးဆောက်လုပ်ရန်အလို့ငှါမြို့လည်ခေါင်ရှိစိတ်ကြိုက်မြေနေရာကို ရာဇဝင်ထဲကအစိုးရထံမှ ကြက်ကလေးငှက်ကလေးဖမ်းသလိုရယူသွားခဲ့ကြောင်း ဥပလက္ခိတံကြားလိုက်ရသောအခါ တစ်ခေတ်တစ်ခါကမင်းသားကြီး ဦးမြတ်လေး၏ အိုက်တင်နှင့် “ခင်ဗျားတို့ကဗျာ ကြောက်ပါတယ်ဆိုသူကိုမှ ဒူးထောက်ခိုင်းရုံတွင်မကဘူး လက်ပါမြှောက်ခိုင်းချင်တာကိုး” ဟူသောခနိုးခနဲ့အပြောကိုအမှတ်ရမိလေသည်။ သူတို့၏ဆင်ဝင်အောက်ကိုပင်မဝင်ဆန့်မှန်းသိ၍ကိုယ့်အရပ်ကိုယ်ပြန်လာကာမှ ထက်ချပ်မကွာလိုက်လာရက်သူတို့ကိုဝန်တိုရအခက် ကြိုဆိုရအခက်ဖြစ်မိသေး၏။ စပျစ်သီးနှင့်ဟိုအကောင်ပုံပြင်ကိုဆင်ခြင်လိုက်မှသက်သာရာရသောဟူ၏။ ထိုမှအစိုးရသစ်၏  တစ်နေ့တစ်လံအရွေ့အောက်မှာထိုမြေကြီးကိုလူထုအကျိုးငှာပြန်လည်သိမ်းဆည်းဖို့ လွှတ်တော်တွင်ဆုံးဖြတ်သည့်သတင်းကြားရသောအခါ ဝမ်းမြောက်ခြင်းကို မအောင့်မအည်းနိုင်သလိုဖြစ်ရပြန်သည်။ ပြည်သူ့အစိုးရဆိုတာဒါမျိုးကွဟု မစားရဝခမန်းစကားရောဖောသော လုပ်မိသည်အထိဖြစ်၏။ 

#                    #

လူသွားစင်္ကြန်ကျူးကျော်မှုမှသည် တပ်ပိုင်မြေဖောင်းပွခြင်းအထိ၊ လုယက်မှုမှသည် လူမှောင်ခိုအထိ၊ နယ်စပ်စည်းရိုးကျိုးပေါက်ခြင်းမှသည် တိုင်းရင်းသားအရေးအထိ၊ ခြောက်ဆယ့်ခြောက်(ဃ) မှသည် လေးရာသုံးဆယ့်ခြောက်အထိ ဖြေရှင်းစရာတွေများပြားစွာသောနုနုငယ်ငယ်အစိုးရအစား ကိုယ့်အတ္တနှင့်ကိုယ် ကြားကကျွန်တော်ရင်မောသည်မှာအမှန်။ သို့စဉ်လျက်ကိုယ်ဖေါ်သည့်ဆေးကိုယ်စားလေ့မရှိကြသည့်အဘတို့ခေတ်အလွန်မှာကိုယ့်ဆေးရုံကိုယ်သွားကိုယ့်သမားတော်ကိုယ်တိုင်ပင်ကာ ကိုယ့်ဝန်ထမ်း၏စောင့်ရှောက်မှုကိုကိုယ်ခံယူတတ်သည့်အလေ့ကို စံပြုအတုယူဘွယ်ပြသသည့် ဖြစ်ရပ်အချို့ကိုမြင်‌‌‌‌‌စပြုလာရသောအခါတွင်မူကား ကျွန်တော့်လောဘသည်လည်း မီးလောင်ရာလေပင့်သလို မြင့်ချင်ချင်ဖြစ်ရလေသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ကုန်သောပြည်သူတို့အတွက် အရည်အသွေးပြည့်ဝသည့် အိုးတန်ဆန်ခပ်ကျန်းမာရေးစောင့်ရှောက်မှု တစ်ရပ်ကို မမျှော်စဖူးအမျှော်ထူးကာစိတ်ကြီးပင်ဝင်ချင်မိတော့၏။ ဘမ်ရွန်နိုင်သူတွေရွန်ကြပါစေ။ မောင့်အီးလိုသူတွေလည်းအီးကြပါစေ။ ကျွန်တော်တို့လိုပြည်သူတွေလည်း ပြည်သူ့ဆေးရုံကြီးတွေမှာဘဝ၏နောက်ဆုံးဝေဒနာတွေ အဖိုးနည်းဝန်ပါလျော့ပါးသက်သာခွင့်ရနိုင်ကြပါစေ။ သေခြင်းတရား၏ ရှေ့မှောက်မှာ အားလုံးညီမျှစွာနာခွင့်ရဖို့ကို ကျွန်တော်မျှော်လင့်သည်။

သေသည်အထိ အတ္တကြီးမည့်သူဟုဆိုကာမှဆိုကြစေရော့။ 



Monday, October 31, 2016

ကျွန်တော်နှင့် ကျေးဇူးတရား

ငါ့မှာတာဝန်များစွာရှိသေးသည်။

ကုန်းပေါ်မှာနေနေ ရေထဲမှာသေသေ၊ 
လေထဲမှာကြေကြေ အထွဋ်အထိပ်မှာငါနေမည်။ 

လာမဲ့ဘေးပြေးမရှောင် တွေ့အောင်ငါသွားမည်။

အိမ်သည်ကိုဧည့်သည်မစော်ကားရ၊ 
ရန်သူကိုလက်စားခြေလော့၊ 
အာမဘန္တေ။  

(မင်းဆွေ၏ “ဓား” ) 


စစ်ပြီးခေတ်မြန်မာနိုင်ငံတွင်ထွက်ရှိသော ဝတ္ထုအများအပြားတို့၏နောက်ခံမှာ ကိုလိုနီခေတ် ဂျပန်ခေတ်စသည်တို့ဖြစ်ပြီး ဇာတ်လမ်းကျောရိုးမှာ လွတ်မြောက်ရေးတိုက်ပွဲနှင့်လူတန်းစားတိုက်ပွဲများဖြစ်ကြလေသည်။ ရသဝတ္ထုတို့၏သဘောသဘာဝအရ ချစ်ရေးကြိုက်ရေးစသည့်နှလုံးသားကိစ္စများတွင်အခြေခံသည့်တိုင်ယင်းတို့သည်ပင် တိုက်ပွဲ၏အငွေ့အသက်နှင့်မကင်း။ တိုက်ပွဲအတွင်းမှာ တိုက်ပွဲကခွင့်ပြုသလောက်ချစ်ပြီးတိုက်ပွဲကမကြည်ဖြူသည်နှင့်ကွဲကြရသောဝတ္ထုတွေများလေ၏။ အဖွဲ့အနွဲ့ ကောင်းလျှင်ကောင်းသလို ပရိဿတ် (အထူးသဖြင့် လူငယ်နှင့်လူလတ်ပိုင်း) ကြိုက်တွေ ဖြစ်ကြ၏။ အတိအကျမဟုတ်သော်လည်း မင်းဆွေ၏ ဓား မှာ ထိုဝတ္ထုမျိုးဖြစ်ပြီး အမိနိုင်ငံကျွန်ပြုခံရသည်ကိုမကျမချမ်း ဖြစ်နေသော လူငယ်တစ်ဦး၏သူရဲကောင်းဆန်ဆန်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ဟု မှတ်မိရသည်။ (စကားချပ်။ ထိုစာအုပ်ကို ကျွန်တော်အတန်အရွယ်ရောက်မှဖတ်ဖူးခဲ့ခြင်းဖြစ်သော်လည်း စစ်ကြိုခေတ်ကတည်းက ပထမအကြိမ်ထုတ်ဝေခဲ့ကြောင်းနောင်တွင်သိရှိရ၏)။ ကျူးကျော်သူတွေကို လက်စားချေရန်ကိုယ့်ကိုကိုယ်သတိပေးထားသည့်အထက်ပါစာပိုဒ်လေးမှာ ဝတ္ထုတွင်အပေါ်လွင်ဆုံးဖြစ်ပြီး ကျွန်တော်တို့စာရူးပေရူးဖြစ်ချိန်အထိအတော် အတန်ရေပန်းစားခဲ့ဘူး၏။ လက်စားချေခြင်းကိုပြုဘွယ်ကိစ္စတစ်ရပ်ဟုမယုံကြည် လက်မခံနိုင်သော်လည်းစာပိုဒ်တစ်ခုလုံးကိုကျွန်တော်ယနေ့တိုင်အလွတ်ရဆဲ။ 

#                #

၂၀၀၇ ခုနှစ်ရွှေဝါရောင်အရေးအခင်းဖြစ်ချိန်၌ ကျွန်တော်စင်္ကာပူတွင်အလုပ်ဝင်ကာစသာရှိသေးသည်။ တစ်ရက်လူ့စွမ်းအားအရင်းအမြစ်ဌာနမှုးမှမြန်မာတွေကိုအစည်းအဝေးခေါ်သဖြင့်သွားရ၏။ ထိုအချိန် ပြည်တွင်းမှာသံဃာတော်များနှင့်အတူလူထုကြီးကလမ်းပေါ်ထွက်ဆန္ဒပြနေကြသလို ပြည်ပရောက်မြန်မာများ၏ စိတ်ဓာတ်ရေးရာ ထောက်ခံအားပေးမှုရေချိန်မြင့်မားနေချိန်လည်းဖြစ်သည်။ စင်္ကာပူရောက်မြန်မာများအနေဖြင့် ဥပဒေချိုးဖေါက်ရာမရောက်စေဘဲ မိမိတို့၏ဆန္ဒမှန်ကိုဖေါ်ထုတ်ဘို့ အချင်းချင်းလက်တို့နေကြသည်ကိုသိထားသော်လည်း ယခုအစည်းအဝေးကထိုကိစ္စနှင့်သက်ဆိုင်လိမ့်မည်ဟု ကျွန်တော်တွက်ဆမထား။ အစည်းအဝေးတက်လာသူခြောက်ဦးအနက်ကျွန်တော်ကလုပ်သက်အနုဆုံးဖြစ်သည့်တိုင် အသက်အကြီးဆုံး။ ကျန်သူတွေကလူငယ်တွေ။ ကျောင်းဆင်းပြီးအလုပ်ဝင်ကာစ မိန်းခလေးအများစု။ အာလုံးကျွန်တော်နှင့်တစ်ဌာနတည်းမှဖြစ်၏။ အစည်းအဝေးကို ဌာနအလိုက်ခေါ်ယူခြင်းဖြစ်ရာ ကျန်ဌာနတွေမှာလည်း မြန်မာတွေရှိသေးသည်။ ကျွန်တော့်အဖြစ်ကကိုယ့်ဌာနမှကိုယ့်လူမျိုးကိုပင် စုံစုံလင်လင်မသိသည့်သဘော။ 

ဌာနမှုးမှာ ကျွန်တော့်ထက်အတန်ပင်ငယ်ရွယ်မည်ထင်ရသော လူလတ်ပိုင်းစင်္ကာပူအမျိုးသမီး တစ်ဦး ဖြစ်၏။ သူမထံမှဤသင်္ဘောကျင်းတွင်ကျွန်တော်တို့လိုဝန်ထမ်းများသာမကကန်ထရိုက်လုပ်သား မြန်မာလူမျိုး ရာနှင့်ချီရှိပြီး ထိုသူတွေအားလုံးသင်္ဘောကျင်းဝင်းအတွင်းရှိအဆောင်များတွင်နေထိုင်လျက်ရှိကြကြောင်းသိရသည်။ ထိုအခါမှ လက်ရှိအနေအထားအပေါ် သူတို့ဘက်မှစိုးရိမ်မည်ဆိုလျှင် စိုးရိမ်သင့်သည်ကိုကျွန်တော်သဘောပေါက်လာ၏။ သူမကပြည်တွင်းမှအခြေအနေများကို အလ္လာပသလ္လပသဘောမျိုးမေးမြန်းပြောဆိုပြီးနောက်ဤသင်္ဘောကျင်းမှ စင်္ကာပူရောက်မြန်မာများအနေဖြင့် ပြည်တွင်းအခြေအနေများနှင့် ထင်ဟပ်ပြီးလူစုလူဝေးပြုလုပ်နိုင်မည့်အလားအလာရှိမရှိ ရှိခဲ့လျှင်မည်သို့ကြိုတင်ကာကွယ်သင့်ကြောင်းသဘောထားတောင်းခံလေသည်။ လူငယ်တွေကို စတင်မေးမြန်းသည်ဖြစ်ရာ မိန်းခလေးအများစုဖြစ်သည်ကတစ်ကြောင်းသည်မှာအနေကြာကြပြီဖြစ်သည်ကတစ်ကြောင်းတို့ကြောင့်လားမသိ သူတို့လေးတွေအိုးတိုးအမ်းတန်းဖြစ်နေကြသည်ကိုတွေ့မြင်ရလေသည်။

ကျွန်တော့်အလှည့်သို့ရောက်သောအခါမပူပါနှင့်ထိုသို့ဖြစ်နိုင်ဘွယ်မရှိပါဟုပြောလိုက်သည်။ ဌာနမှုးကကျေးဇူးတင်ပါတယ်ဟုဆိုကာ ဘာကြောင့်ထိုသို့ပြောရကြောင်းကိုထပ်မံစူးစမ်းလေ၏။ ကျွန်တော်တို့လူမျိုးတွေမှာကျေးဇူးတရားကို အလေးထားတတ်သောအခြေခံစိတ်ဓာတ်ရှိသည်ကိုသိသောကြောင့်ဟုဖြေပြီးနောက်မှ အဆိုပါစကားကိုပုဂ္ဂလိကအမြင်အရပြောဆိုခြင်းသာဖြစ်သော်လည်း ယေဘုယျအားဖြင့်မှန်ကန်မည်ဟုယုံကြည်ကြောင်းအစချီကာကျေးဇူးရှင်ဟုသတ်မှတ်ထားသော လူပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းနိုင်ငံတစ်ခုခု၏ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်း ယုတ်စွအဆုံးစိတ်အနှောက်အယှက်ဖြစ်ရာဖြစ်ကြောင်းကိုပင်ရှောင်ရှားတတ်ကြသည်မှာကျွန်တော်တို့၏သဘာဝဖြစ်ပြီးကိုယ့်နိုင်ငံ၏မှားယွင်းသောစံနစ်နှင့်အုပ်ချုပ်မှုအပေါ် မကျေနပ်သည့်တိုင်ရောက်ရှိရာနိုင်ငံ၏ကျေးဇူးကိုချေဖျက်ရာရောက်မည့်အလုပ်မျိုးလုပ်လိမ့်မည်မဟုတ်ပါဟုတစ်ထစ်ချပင်ပင်ပြောလိုက်၏။ တစ်ဆက်တည်းအိမ်သည်ကိုဧည့်သည်မစော်ကားရ ဆိုသောအဆုံးအမတစ်ရပ်ကျွန်တော်တို့မှာရှိပြီးထိုအတိုင်းလိုက်နာကျင့်သုံးရန်ဝန်မလေးကြသူများဖြစ်သဖြင့်စိတ်မပူရန်ပြောရခြင်းဖြစ်ကြောင်းရှင်းပြလိုက်လေသည်။ 

စိတ်ထဲရှိသည့်အတိုင်းပြောလိုက်ပြီးနောက် ဌာနမှူးဖြစ်သူအတန်ငယ်စိတ်သက်သာရာရသွားသည် ကို မြင်ရသည့်အတွက်ဝမ်းသာရသည်။ တာဝန်လွတ်ပြောဆိုရခြင်းဖြစ်သည့်တိုင် မ တရာသားတွေမို့ ပြောသည့်အတိုင်းဖြစ်မလာခဲ့သော်ဆိုသောအတွေးတော့ဝင်ရောက်မိခဲ့သေး၏။ အထူးသဖြင့်အစည်းအဝေးပြီးသောအခါဌာနမှူးက ကျွန်တော့်ကိုလာမည့် စနေတနင်္ဂနွေပိတ်ရက်တွေမှာ အလုပ်ဆင်းပြီးသင်္ဘောကျင်းအတွင်းအသင့်အနေအထားဖြင့်စောင့်ရှောက်ပေးနိုင်မည်လားဟုမေးသောအခါ (သူတို့ ဘာသတင်းတွေရထားသည်မသိ) ထိုအတွေးကပို၍သိသာသည်။ တာဝန်ခံမှုပါလာသည့်အတွက်တာဝန်မရှိသည့်ကျွန်တော်ငြင်းလိုကငြင်းဆန်နိုင်သော်လည်း စိတ်လို လက်ရပင်လာပါမည်ဟုကတိပေးလိုက်သည်။ မိုးမပြိုဘူးပြိုခဲ့သော်ဆိုသောအတွေးကိုမူ ၈၈ အရေးအခင်းတုံးက အစိုးရယန္တယားကြီးရပ်တန့်သွားပြီးနောက် လူသတ်ခေါင်းဖြတ်ဖေါက်ထွင်းလုယက်မှုတွေကြားမှာ တစ်လသေသေတစ်လဆန်းဆန်းဆိုသလိုကိုယ့်သင်္ဘောကျင်းကိုယ်ဦးဆောင်ကာကွယ်ခဲ့ရသည်လောက်တော့စွန့်စားစရာလိုမည်မဟုတ်ပါဟု ကိုယ့်ကိုကိုယ် ရဲဆေးတင်ရလေတော့၏။

သို့သော် ထိုပိတ်ရက်ကျွန်တော်သင်္ဘောကျင်းသို့မသွားရ။ အစည်းအဝေးအပြီးနောက်တစ်ရက် အဆိုပါဌာနမှူးမှပင်ခေါ်ပြီးအခြားမြန်မာတစ်ဦးနှင့်မိတ်ဆက်ပေး၏။ သူသည်လုပ်သက်ရင့်စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်ကာကျွန်တော့်ထက်လေးငါးနှစ်ခန့်ကြီးပြီး စင်္ကာပူနိုင်ငံသားခံယူထားသူလည်းဖြစ်သည်။ ဌာနမှူးကသူ့ကိုပိတ်ရက်အတွင်းသင်္ဘောကျင်းတွင်တာဝန်ချထားပြီးဖြစ်၍ကျွန်တော်လာရန်မလိုတော့ သို့သော်အိမ်မှာအသင့်အနေအထားဖြင့်နေပေးရန်ပြောသည်။ စင်စစ်သူတို့ စိုးရိမ်သည့်အရာများ သင်္ဘောကျင်းမှာရော အခြားဘယ်မှာမှဖြစ်မလာခဲ့။ တိုပါးရိုး ဘုန်းကြီးကျောင်းတွင်တနင်္ဂနွေနေ့ ဆုတောင်းပွဲသဘောမျိုးပြုလုပ်ခဲ့သည့်တိုင်ဟော့ဟော့ ရမ်းရမ်းမရှိခဲ့။ အစိုးရမှလည်း တိုပါးရိုးလူစုပွဲကိုဝန်ကြီးတစ်ပါးကိုယ်တိုင်တက်ရောက်ပြီး ထိန်းသိမ်းကြပ်မတ်ပေးခြင်းဖြင့် နှစ်ဘက်မျက်နှာမပျက်စေရန်စီမံနိုင်ခဲ့လေသည်။ မည်သို့ဆိုစေ ကျွန်တော်လူတွင်ကျယ်လုပ်ပြီးပြောခဲ့သည့်အတိုင်း ဖေးမပေးခဲ့သည့်ကံကြမ္မာကိုကျေးဇူးတင်ရလေ၏။ 

#                #

ကျေးဇူးကိုမဆပ်နိုင်သည့်တိုင် မကန်းမိစေနဲ့ဆိုသော ဆုမ္မစကားကို ငယ်စဉ်ကတည်းကမှတ်သားဘူး၍လားမသိ ကျေးဇူးကန်းသည့်အဖြစ်ရောက်မှာ ကျွန်တော်အလွန်စိုးသည် (ကျေးဇူးကန်းသူဟုအထင်ရောက်ခံရမှာစိုးသလို ကျေးဇူးကန်းခြင်းဟုယုံကြည်လောက်သောအဖြစ်မျိုးနှင့် ကြုံလျှင်လည်း ဆိုင်သည်မဆိုင်သည်မစဉ်းစားခင်အရင်လက်ဝင်လျှိုတတ်သဖြင့် ကြားညပ်ရပေါင်းများပြီ)။ အရွယ်ရောက်သောအခါ ကျေးဇူးတရားနှင့်ပတ်သက်၍ရေးဖွဲ့ကြသည်များကိုဖတ်ရှုရပြီး အတွေ့အကြုံနှင့်ယှဉ်၍ ပိုမိုသိရှိလာရသည်များရှိသလို စွဲမြဲစွာလက်ခံကျင့်သုံးခဲ့သည်များလည်းရှိခဲ့သည်။ အထက်ကအဖြစ်အပျက်မှာသာဓကတစ်ခုဖြစ်၏။ ဧည့်သည်နေဧည့်သည်စားများသူကျွန်တော့်အဖို့ရာသည်ကိစ္စကအရေးပါသည်။ ကျေးဇူးရှင်ကို၊ မတင်ကျေးဇူး၊ တိမ်းမြူးသောအား၊ ပြန်ပြစ်မှား၍၊ ပျားစား လက်ဆေး၊ ရေရုပ်ရေးသို့ ဆိုသလိုမဖြစ်စေရန်ကျွန်တော်သတိထားသည်။ တစ်ခါတစ်ခါ အိမ်ရှင်စိတ်အခန့်မသင့်ချိန်နှင့်ကြုံပြီး အနေရအထိုင်ရကျပ်လေတိုင်း ကိုယ့်အိမ်ကိုယ့်ယာနေချင်ပါလျက် နေခွင့်မသာသောကံကြမ္မာကို ယူကြုံးမရဖြစ်မိသည့်တိုင် အိမ်ရှင်ကိုပစ်မှားလိုစိတ်တော့မပေါ်ပေါက်ခဲ့။ အိမ်ဦးခန်းမှာအခန့်သား ထိုင်စားရသည့် ဧည့်သည်မျိုးမဟုတ်ရပါဘဲလျက်အိမ်ရှင်ငြိုငြင်လျှင် ဖျာလိပ်ဘို့သာအတွင်တွင် စဉ်းစားနေမိ၏။ ကျွန်တော်တစ်ဦးတည်း၏အယူအဆဖြစ်ချင်ဖြစ်မည် သို့သော်ဧည့်သည်ဟူသည်လိုအပ်လျှင်ခုခံပိုင်ခွင့်မှအပအခြားအခွင့်အရေးမရဟုကျွန်တော်ထင်သည်။ အထူးသဖြင့် အိမ်ရှင်၏စည်းမျဉ်းကို ချေဖျက်ရာရောက်မည့်တောင်းဆိုပိုင်ခွင့်မျိုးဧည်သည်မှာမရှိ။ မတရားဘူးထင်လျှင်အိမ်ပြန်။ သည်နည်းနှင့်ကျွန်တော်ကိုယ်တိုင်လည်းအိမ်ပြန်ဘူးသည်။

ထိုင်းမှာအလုပ်လုပ်စဉ် စီမံကိန်းတစ်ခုကိုကျွန်တော်ကိုင်ရသည်။ အလုပ်ပိုင်ရှင်က ဒတ်ချ်ကုမ္ပဏီ တစ်ခု။ စီးပွားရေးနှင့်ပတ်သက်၍ဒတ်ချ်နည်းဒတ်ချ်ဟန် (Dutch Way) ဟု ကြားဘူးရာ ကျွန်တော်ကကိုယ်တွေ့ဖြစ်၏။ စင်စစ် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံအဖြစ်နည်းပညာရော စီးပွားရေးမှာပါ ကမ္ဘာတွင်နေရာရှိပြီးသားမို့ လေးစားစရာဖြစ်ပြီးနောက်ပိုင်းသူတို့လူမျိုးအချို့နှင့်အဆင်ပြေစွာလက်တွဲအလုပ်လုပ်ဘူးသည့်တိုင်ပွဲဦးထွက် ကြုံရသည့်ဒတ်ချ်အတွေ့အကြုံမှာ ကျွန်တော့်အတွက်သင်္ခမ်းစာအပြည့်။ ပို့ရမည့်ပစ္စည်းတွေကိုအချိန်မီမပို့သော်လည်း ပြီးရမည့်ရက်နောက်ကျလျှင်လက်မခံ။ စာချုပ်ပါလုပ်ငန်းထက်ပိုသောအလုပ်အတွက် ငွေတောင်းလျှင်စိတ်ဆိုးသည်။ အထောက်အထားခိုင်မာ၍မငြင်းသာသည့်အခါ ပြီးသမျှလုပ်ငန်းတွေကိုအပြစ်ရှာပြီးဈေးဆစ်သည်။ သည်လိုမှမရလျှင်သူဌေးကိုနားပူနားဆာလုပ်ပြီး (ထိုင်းတို့ကနားပူမခံတတ်) ကျွန်တော်လိုက်လျောအောင်ဖိအားပေးသည်။ သူဌေးကိုယ်တိုင်လိုက်လျောခိုင်းမှတော့ ကျွန်တော်ဘာမျှမတတ်သာ။ သို့ရာတွင် သူဌေးကိုပင် လိုက်လျောရန် မဖြစ်နိုင်သည့် နည်းပညာဆိုင်ရာကိစ္စမျိုး ထုံးတမ်းဥပဒေနှင့်မညီညွတ်သည့်ကိစ္စမျိုး ဖြစ်လျှင်ကျွန်တော်ကအလျော့မပေး။ ပေး၍လည်းမရ။ ထိုအခါ (သူ့အကျိုးစီးပွားကို ကာကွယ်ခြင်းဖြစ်သည့်တိုင်) သူဌေး၏အငြိုငြင်ကိုခံရသည်။ 

ပိုင်ရှင်ကကိုယ်စားလှယ်အဖြစ်စေလွှတ်ထားသူမှာ သူတို့ဆီမှာလျှပ်စစ်တပ်ဆင်ရေးကြီးကြပ်ဝန်ထမ်း(သူ့အပြောအရ) မျှသာဖြစ်သော်လည်း သည်မှာတော့မန်နေဂျာအဆင့်ဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသလောက်နိုင်ငံကြီးသားမပြီသစွာပြောသူလည်းဖြစ်၏။ အလုပ်ရှင်အဖြစ် တလေးတစားနေရာပေးဆက်ဆံသည်ကို စီးစီးပိုးပိုးတုန့်ပြန်ရုံမက လုပ်ငန်းမှန်သမျှသူ့လက်သူ့ခြေလုပ်ချင်သည်။ ထိုသို့ နေရာတကာစွက်ဖက်သည်များကိုစာချုပ်စာတမ်းအရကျွန်တော်ကန့်ကွက်ပြောဆိုသောအခါ လက်အောက်ငယ်သားအချို့ကိုသိမ်းသွင်းပြီး ကျွန်တော်မသိအောင်လုပ်၏။ နိုင်ငံခြားသားကြောက်သူနှင့် အလွန်အမင်းအရောတဝင်လုပ်လိုသူများသာရှိသော ဖွံ့ဖြိုးဆဲနိုင်ငံ လူသားရင်းမြစ်တို့၏ သဘာဝကိုနောကျေပုံံရသောသူ့အတွက်သူ့လူကိုယ့်ဘက်သားရွေးရသည်မှာခက်ခဲသောကိစ္စမဟုတ်။ ကျွန်တော့်မှာသာသတိကြီးစွာထားနေရသည်။ တစ်ခါတွင် သူတို့ဘက်မှထောက်ပံ့ရန်တာဝန်ရှိသည့်ပစ္စည်းတစ်ခုကိုလူယုံတစ်ဦး၏ လက်ထောက်ချပူးပေါင်းမှုဖြင့် စတိုတွင်ဝင်ရောက်ရှာဖွေ ထုတ်ယူပြီးတပ်ဆင်မည် ပြုခိုက်ကျွန်တော်နှင့်ပက်ပင်းတိုးသည်။ 

ကျွန်တော်က ပစ္စည်းသုံးလိုလျှင် စံနစ်တစ်ကျတောင်းခံတန်ဘိုးသင့်ပြီးမှသုံးရန်ပြောရာ ကောင်းဘွိုင်မင်းသားဟန်ဖြင့်ပုခုံးကလေးတွန့်ပြီးဒီသင်္ဘောကျင်းစတိုမှာရှိသမျှစိတ်ကြိုက်သုံးစွဲရန်သူ့သူဌေးမှလမ်းညွှန်ထားကြောင်းကျွန်တော့်သူဌေးကိုလည်းပြောလိမ့်မည်ဖြစ်ကြောင်းပြောသည်။ သူဌေးပြောသည်ဆိုတိုင်းသုံးခွင့်မရှိ တရားဝင်တောင်းခံပြီးမှသုံးပါဟုကျွန်တော်ကပစ္စည်းကိုပြန်သိမ်းစေသောအခါရှက်ရမ်းရမ်းပြီးကျွန်တော့်ကိုထိပါးပုတ်ခတ်ရုံမျှမကကျွန်တော့်သူဌေးကိုပါနှိမ်ချပြောဆိုသည်အထိစကားတွေလွန်လာခဲ့၏။ သူနှင့်ကျွန်တော်စကားအခြေအတင်ဖြစ်ရလေသည်။ အားလုံးမမှတ်မိတော့သော်လည်း ‘အိမ်သည်ကိုဧည့်သည်မစော်ကားရ’ ဆိုသောစကား ပါဝင်သည်ကိုတော့အမှတ်ရနေ၏။ ကိုယ်တိုင်ဧည့်သည်ဖြစ်ရုံမကဝန်ထမ်းပါဖြစ်နေသောကြောင့် အိမ်ရှင်၏အကျိုးစီးပွားကိုကာကွယ်ရန်ကျွန်တော့်မှာတာဝန်ရှိကြောင်းနှင့် အလုပ်အပ်နှံသူဖြစ်သည့်တိုင်ဧည့်သည်တစ်ဦးမျှသာဖြစ်သော သူ့အနေနှင့်လည်း သဘောတူညီချက်ကိုကျော်လွန်၍ မတရားအခွင့်အရေးရယူလျှင် အိမ်သည်ကိုစော်ကားရာရောက်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သူ့အကြံအစည်ပျက်ပြားရခြင်းအတွက်၊ သူ့ကိုဆရာလာလုပ်ခြင်းအတွက်(သူတို့လိုလူမျိုးတွေသည်ကျွန်တော်တို့လိုလူမျိုးတွေ၏ ဆရာအလုပ်ခံရခြင်းကိုများစွာနှစ်မြို့ကြပုံမပေါ်ချေ) ကျွန်တော့်အပေါ် အခဲမကြေကြောင်းသိ၏။ သို့သော် မတတ်နိုင်။

အတိုက်အခိုက်အညစ်အထေးတွေကြားမှ စီမံကိန်းကိုပြီးစီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ရသည်။ သို့သော် တိုက်ပွဲကိုနိုင်ပြီးစစ်ပွဲအားရှုံးရသူပမာကျွန်တော်ဖြစ်ခဲ့ရ၏။ ကျွန်တော်ရှိနေသမျှသူတို့ကုမ္ပဏီမှနောက်ထပ်အလုပ်အပ်နှံမည်မဟုတ်ဟုကျွန်တော့်သူဌေးကိုတိတ်တဆိတ်ပြောသွားခဲ့သောသူတို့၏စကားကျွန်တော်ပြန်ကြားရသောကြောင့်ဖြစ်လေသည်။ စင်စစ်သူတို့မှာအပ်နှံစရာအလုပ်မရှိတော့သည်ကိုလည်းကောင်း၊ ယ္ခုကျွန်တော်တို့ ဆောင်ရွက်ပြီးစီးခဲ့သော အလုပ်မျိုးမလေးရှားနိုင်ငံသင်္ဘောကျင်းတစ်ကျင်းတွင် တစ်ပြိုင်နက်တည်းအပ်နှံခဲ့ရာမှာ သူတို့၏တစ်ဘက်သတ်အမူအကျင့်တွေကြောင့်ပြဿနာများစွာကြုံရပြီးယ္ခုတိုင်မပြီးစီးနိုင်သေးသည်ကိုလည်းကောင်း ကျွန်တော်သိပြီးဖြစ်၏။ ထိုအလုပ်များ၏ တစ်ကယ့်ပိုင်ရှင် (သူတို့မှာ မိန်းကန်ထရိုက် အမည်ခံ ကြားပွဲစားမျှသာဖြစ်သည်) အဖွဲ့ လုပ်ငန်းစစ်လာရောက်စဉ်က ကျွန်တော့်ကို ပြောပြသွား ခဲ့သည်။ သူနှင့်ကျွန်တော် ကတောက်ကဆဖြစ်ထားမှန်းသိသည့် ထိုအဖွဲ့က ကျွန်တော့်အား “ခင်ဗျား နောက်ကျော လုံပါစေနော်” ဟုပင်ရင်းနှီးပွင့်လင်းစွာ သတိပေးသွားခဲ့သည်။ သို့သော် ထိုအရာအားလုံးသူဌေးကိုကျွန်တော်ပြောမပြတော့။ ဖောက် သည်တစ်ယောက်၏စကားကြောင့်ကျွန်တော့် စွမ်းဆောင်ရည်အပေါ် သံသယဝင်သည့် အရိပ်အယောင်မြင်သည်နှင့်ပင် ကျွန်တော့်ဘာသာ(တားသည့်ကြားမှ)ဖျာလိပ်ပြီးပြည်တော်ပြန်ခဲ့လေသည်။ 

#              #

အိမ်သည်နှင့်ဧည့်သည်အကြားပဋိပက္ခအသွင်ဆောင်သည်အထိဖြစ်ရသော ကျေးဇူးချေပွဲတစ်ရပ် ကိုတော့အင်ဒိုနီးရှားဘာတန်ကျွန်းမှာကြုံဘူးသည်။ အရှေ့အလယ်ပိုင်းကုမ္ပဏီတစ်ခုက ဘာတန်ရှိ သင်္ဘောကျင်းနှစ်ကျင်းကိုဝယ်ပြီးသူ့လူနှင့်သူလည်ပတ်ဘို့ကြိုးစား၏။ ဒေသခံတို့ကသူတို့အတွက် အလုပ်အကိုင်အခွင့်အလန်းတွေပေါ်ပေါက်လာသဖြင့်ထိုကုမ္ပဏီကို ကျေးဇူးရှင်အဖြစ် သဘောထားကြသည်။ သို့သော် တိုင်းတပါးသားကုမ္ပဏီဝန်ထမ်းအချို့က မိမိတို့၏ ဧည့်သည်အဖြစ်ကိုမေ့လျော့ပြီး အိမ်သည်ပမာမောက်မာကြရာမှ တကယ့်အိမ်သည်တွေနှင့်ပြဿနာဖြစ်ကြပြီး ပဋိပက္ခအဆင့်သို့ရောက်ရှိခဲ့ရ၏။ ဖြစ်ချင်တော့ ကျွန်တော်ကထိုသင်္ဘောကျင်းနှစ်ကျင်းအနက် (ပြဿနာမဖြစ်သော) တစ်ကျင်း၏ဝန်ထမ်း။ ပြီးတော့ တိုင်းတပါး(နိုင်ငံခြား)သား ဝန်ထမ်းဖြစ်၏။ အိမ်သည်ကိုစော်ကားရာမရောက်စေရန်သတိထားသည့်အမူအကျင့်ကြောင့် ကျွန်တော့်အတွက် ဒေသခံအောက်ခြေဝန်ထမ်း များနှင့် ဆက်ဆံရာတွင် အခက်အခဲ မရှိသော်လည်း မဇ္ဈိမတိုင်းသားအချို့မှာတစ်ဘာသာဖြစ်လေသည်။ 

စပ်မိ၍ ကျွန်တော့်အတွေ့အကြုံကိုပြောရလျှင် အထက်ဖားအာက်ဖိတတ်သော'ဇ'သည် မဇ္ဈိမတိုင်းသားအတော်များများမှာရှိကြသည်ဟူ၍ဖြစ်၏။ ဝမ်းနည်းစရာထပ်၍ပြောရပါက မဇ္ဈိမတိုင်းနှင့်နီး၍လားမသိသူတို့ပြီးလျှင်အထက်ဖားအောက်အဖိတတ်ဆုံးမှာ (တွေ့ရဘူးသလောက်) ကျွန်တော်တို့ လူမျိုးဖြစ်နေသည်။ ထိုသို့ပြောခြင်းသည် (ယ္ခုခေတ်တွင်) အန္တရာယ်ကြီးသည့်တိုင် လူတစ်ဦး၏စရိုက်အားဖုံးဖိ၍မရခြင်းနှင့်လူမျိုးတစ်မျိုး၏စရိုက်အားဖျောက်ဖို့ရာမလွယ်ကူခြင်းတို့ကိုမူ (အတိုင်းအတာတစ်ခုအထိ)လူမျိုးပေါင်းစုံနှင့်ထိတွေ့ဆက်ဆံဘူးသူတိုင်းသတိပြုမိကြမည်ထင်ပါသည်။ အထက်ကစကားကိုဆက်ရလျှင် သင်္ဘောကျင်းအတွင်း ဒေသခံပြင်ပကန်ထရိုက်လုပ်သားများနှင့်လုပ်ငန်းကိစ္စအခန့်မသင့် ဖြစ်ရာ၌ “အသုံးမကျတဲ့အင်ဒိုနီးရှားတွေ” ဟု ရေရွတ်လိုက်သောမဇ္ဈိမတိုင်းသားအလုပ်ကြပ် တစ်ဦးမှာသူ့ကိုလိုက်ရိုက်သူတွေကြားမှပြေးနိုင်၍လွတ်သွားသည့်တိုင် (မဲမဲမြင်တိုင်းရိုက်ရန်တာစူနေသည့် ဒေသခံအချို့ကြောင့်) ကျန်လူမျိုးခြားတွေပါတော်ရာပုန်းရသည်အထိရုန်းရင်းဆန်ခတ်ဖြစ်ပြီးမော်တော်ကားအချို့မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ ကြုံလျှင်ကြုံသလို လာဘ်ပေးလာဘ်ယူမကင်းသော်လည်းသူ့အလုပ်သူလုပ်ရာတွင်မခိုမကပ်လျှင်မြန်ဖြတ်လပ်လှသည့်အင်ဒိုရဲတို့အမြန်ပေါက်ချလာသဖြင့်သာနိုင်ငံခြားသားအထူးသဖြင့်အသားညိုများသက်သာရာ ရတော့သည်။ ဤသည်ပင်ကိုရွှေရဲတို့ကလူကိုသာအကာအကွယ်ပေးကာကျင်းထဲမှခေါ်ထုတ်နိုင်ခဲ့ပြီးကားတွေကိုမူ သင်းရို့ကိုယ်စားရိုက်ချင်ရိုက်ကြပါစေဟူသောသဘောဖြင့်ထားရစ်ခဲ့သည့်အလားမော်တော်ကားအချို့မှာအတော်ပင်ဖျက်ဆီးခံရလေ၏။ 

အခင်းဖြစ်ချိန် ကျွန်တော်က (ဝင်းချင်းကပ်ရက်) ကျွန်တော့်သင်္ဘောကျင်းထဲမှာ။ တစ်ဘက်ကျင်း တွင် ဖြစ်ပျက်နေသောကိစ္စသတင်းရပြီးနောက် ကျွန်တော်တို့ကျင်းသို့ပါကူးစက်လာမည်စိုး၍ (ကျွန်တော် တို့ဆီမှာလည်းမဇ္ဈိမသားတွေအများအပြား) ဗျာများကြခိုက် နိုင်ငံခြားသားအားလုံး သင်္ဘောဖြင့်ထွက်ခွာကြရန်ရုံးချုပ်မှအမိန့်ရောက်လာသောကြောင့် ရှိသမျှလူတွေဆွဲသင်္ဘောနှစ်စင်းပေါ်တက်ကာခပ်လှမ်းလှမ်းဆိပ်ကမ်းတစ်ခုသို့သွားကြရ၏။ ရဲတွေရောက်ရှိစောင့်ကြပ်နေကြသောထိုဆိပ်ကမ်းမှတစ်ဆင့်ရရာတက္တစီဖြင့်အိမ်သို့ပြန်ကြရသည်။ နောက်တစ်နေ့ မိမိအစီအစဉ်နှင့်မိမိကျင်းသို့ပြန်သွားသောအခါသင်္ဘောကျင်းတွင် နိုင်ငံခြားသားဆို၍ ကျွန်တော်တစ်ဦးသာအလုပ်ဆင်းကြောင်းတွေ့ ရလေသည်။ ကံအားလျော်စွာ ယမန်နေ့ကသည်အတိုင်းထားခဲ့ရသောကားကိုလည်းအကောင်းပကတိတွေ့ရ၏။ တစ်ဘက်ကျင်းမှာမူယနေ့အထိရဲတွေကအဓိကရုန်းနှိမ်းနင်းရေးကားများဖြင့်စောင့်ရှောက်နေရဆဲ။ နေ့စဉ်ထုတ်သတင်းစာတွေထဲမှာ ရုပ်မြင်သံကြားထဲမှာထိုကိစ္စကဟိုးလေးတကျော်ကျော်။ ပုံမှန်အခြေအနေရောက်ရန်သုံးရက်ခန့် အချိန်ယူရပြီး ပြဿနာကိုစတင်သူဟုစွတ်စွဲခံရသော မဇ္ဈိမတိုင်းသားအလုပ်ကြပ်မှာလုပ်ခွင်စည်းကမ်းအရအရေးယူကာအလုပ်မှထုတ်ပယ်ခံခဲ့ရ၏။ သူ့ကိုအကြောင်းပြု၍လူစုလူဝေးဖြင့်ခြိမ်းခြောက်ကာဖျက်လိုဖျက်ဆီးပြုခဲ့သူများကိုအရေးယူသည့်သတင်းကြားရခြင်းမရှိခဲ့ချေ။ အိမ်သည်၏သဘောထားကြီးမှုအတိုင်းအတာကိုခန့်မှန်းရခက်သလိုအခါတိုင်းမမျှော်လင့်အပ်သောသာဓက။ လာဘ်ပေါများသောအကျိုးစီးပွားကိုဆောင်ကြဉ်းသောဧည့်သည်ပင်ဖြစ်လင့် ကစားအိမ်သည်၏ ကျေးဇူးတရားကို ပြန်လှန်ထောက်ထားအပ်ကြောင်းသင်္ခမ်းစာများပင်ဖြစ်၏။

ဇာတိမြေကိုကျော်လွန်၍ သူတစ်ပါးတိုင်းပြည်တွင်အသက်မွေးဝမ်းကျောင်းဘို့ဆိုသည်ကလည်း စင်စစ် လွယ်ကူသည်တော့မဟုတ်။ ကျွန်တော့်အတွက် မူ မျှော်လင့် အပ်သော အရာပင် မဟုတ်ခဲ့။ အထူးသဖြင့် ထို အခွင့်အလန်း (ဆိုပါတော့) တွေ ငယ်ရွယ်စဉ်မှာရခဲ့ပါလျက် အစဉ်တစိုက်ငြင်းပယ်ခဲ့ပြီး ကြီးကောင် ကြီးမားကျမှ ငါ့ဝမ်းပူဆာမနေသာ ကမ္ဘာပတ်၍ရှာရခြင်းမျိုးက အတော်ပင်ကစဉ့်ကလျား နိုင်သည်။ ကံအား လျော်စွာမလဲမပြိုခဲ့ခြင်းအတွက် ယခုသက်ပြင်းချမိသည့်တိုင် စိတ်ဒဏ်ရာအချို့က မပျောက်မပျက်ကျန်ရစ်နေကြဆဲ။ ထို့ကြောင့်ပင်ကျွန်တော်တို့အနောက်တံခါးက ကျေးဇူးမဲ့ဧည့်သည်တွေအကြောင်း ဟိုမှာသည်မှာ ကြားရသည့်အခါ ဓားဝတ္ထုထဲမှ ဆရာမင်းဆွေ၏အဓိဋ္ဌာန်ကို ကျွန်တော့်ဧည့်သည်ဘဝအတွေ့အကြုံနှင့်ယှဉ်ကာ အမှတ်ရခြင်းဖြစ်မည်လားမပြောတတ်။ တညုတ ကတဝေဒိ မသိတတ်သူ ဗာလဟူ၏ ဟု မာဃဒေဝက ဆိုသည်။ လူမိုက်အားအရပ်ကိုစွန့်သဖြင့်ရှောင်ကျဉ်ရာ၏ဟုလောကနီတိကသွန်သင်၏။ အိမ်သည်ကလူမိုက်ဖြစ်နေလျှင်ဧည့်သည်အတွက်အရပ်ကိုစွန့်ရနလွယ်ကူ၏။ ဧည့်သည်ကလူမိုက်ဖြစ်နေလျှင်မူအိမ်သည်အဖို့ကိုယ့်အရပ်ကိုယ်ပြန်စွန့်ဘို့ရာမဖြစ်နိုင်။ သို့ဆိုလျှင် ဧည့်သည်မိုက်ကိုမည်သို့ ရှောင်ကျဉ်အံ့နည်း။

#                #

အင်ဒိုကိစ္စအတွင်း ကျွန်တော်စဉ်းစားမိသည်က အကဲဆတ်သောစကားတစ်ခွန်းအကြောင်းဖြစ်၏။ ရုန်းရင်း ဆန်ခတ်ဖြစ်သည်အထိ နာလုံးပေါက်စေခဲ့သော ‘အသုံးမကျ' (stupid) ဆိုသည့် စကားလုံးကို ကျွန်တော်လည်းသုံးခဲ့ဘူးသည်ပင် (စကားလုံးကြွယ်ဝမှု အကန့်အသတ်ကြောင့် ဖြစ်နိုင်သည်)။ သည်စကားက သည်လောက်ပေါက်ကွဲစေတတ်သလား ကျွန်တော်ယခင်ကမတွေးခဲ့မိရိုးအမှန်။ ရင်ထဲ မတင်မကျနှင့်ပင် စာရေးမကလေး တွတ်တီ ကို ကျွန်တော် ခေါ်လိုက်သည်။ တွတ်တီသည် ကျွန်တော့ အုပ်ချုပ်ရေးလက်ထောက် အင်ဒိုနီးရှားအမျိုးသမီးကလေးတစ်ဦးဖြစ်၏။ ကျွန်တော့်သမီးနှင့်ရွယ်တူ ကျွန်တော့်တပည့်ဟုပြော၍ရသလို (သူတို့ဘာသာ စကား ဓလေ့ထုံးဆံစသည်တို့ကိုမေးရမြန်းရလေ့ ရှိသဖြင့်) ဆရာလည်းဖြစ်သော တွတ်တီအား မနေ့က ဟိုဘက်သင်္ဘောကျင်းမှာဖြစ်ပွားခဲ့သော အရေး အခင်းသည် အသုံးမကျဘူးဆိုသောစကားကြောင့်ဖြစ်ရသည်ဆိုခြင်းမှာ အမှန်ပဲလားဟုမေးရာ သူမက မှန်ကန်ကြောင်းပြောသည်။ 

“လူအတော်များများ ဒီစကားပြောကြတာပဲ။ ငါတောင် မနေ့ကညည်းကို အဲသည်လိုပြောမိသေးလား လို့” ဟု ကျွန်တော်ပြောသောအခါ သူမကပြုံးနေသည်။ မနေ့က (ဟိုဘက်ကျင်းမှာ ရိုက်ကြ ပုတ်ကြ ဖြစ်ချိန်နှင့် မတိမ်းမယိမ်းလောက်မှာ) စာရင်းဇယားအမှားအချို့ကိုထောက်ပြရင်း ‘အသုံးမကျတဲ့ ကောင်မလေး’ ဟု သူမကိုကျွန်တော်ငေါက်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ သည့်အရင်ကလည်း သည်စကားဖြင့်ငေါက်ခဲ့ဘူးသည်။ “ဒါလေးနဲ့ ဒီလောက်တောင်ဖြစ်ရသလား”။ အပြုံးမပျက်သော သူမကပြန်ပြော၏။ “မတူဘူးလေ ဆရာကတွတ်တီကိုအသုံးမကျဘူးလို့ပြောတာ၊ သူတို့ကအင်ဒိုနီးရှားတွေအသုံးမကျဘူးလို့ပြောတာ”။ ကျွန်တော်သဘောပေါက်ပြီ။ သို့သော် “အော်” ဟု သံယောင်လိုက်ရင်းကသူမဘာပြောမည်ကိုဆက်၍နားစွင့်နေလိုက်၏။

“ဒီကုမ္ပဏီဟာသူတို့ကုမ္ပဏီဖြစ်ချင်ဖြစ်မယ်။ ဒီတိုင်းပြည်ကတော့သူတို့တိုင်းပြည်မဟုတ်ဘူးလေ။ ဒီတိုင်းပြည်မှာအခြေချပြီးအလုပ်လာလုပ်နေတဲ့အတွက်ဒီတိုင်းပြည်ကိုကျေးဇူးမတင်ချင် ရင်တောင် စော်ကားဖို့တော့မသင့်ဘူးပေါ့”

“ဒါဆို ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပေါ် ညည်းဘယ်လိုမြင်သလဲ”။

သည်မေးခွန်းကို ဖြေရခက်နိုင်သည်ဟု တွေးမိပါလျက်ကျွန်တော်မေးဖြစ်လေ၏။ သူမနှင့်ကျွန်တော် သည်လိုကိစ္စမျိုးရံဖန်ရံခါဆိုသလိုပြောဆိုဖြစ်နေကျမို့ ကျွန်တော့်မေးခွန်းအပေါ် သံသယဝင်မည်မဟုတ်သည်ကိုကျွန်တော်သိသည်။ အနည်းငယ်တည်သွားသလိုရှိသောသူမက တွေးတွေးဆဆ ဖြေ၏။  

“လူစုလူဝေးနဲ့ အနိုင်ကျင့်တာမျိုးကိုတော့ကျွန်မအားမပေးပါဘူး။ ဒါပေမယ့်ဘယ်လိုပြောရမလဲ။ ဥပမာ ဆရာတို့အိမ်မှာ တွတ်တီကဧည့်သည်ဆိုပါတော့။ အိမ်ရှင်ဖြစ်တဲ့ ဆရာ့မိသားစု ကို စော်ကားမော်ကားပြုလာရင်ဆရာဘာလုပ်မလဲ”
“ရိုက်ထုတ်လိုက်မှာပေါ့”
“ဒီသဘောပဲပေါ့ ဆရာရယ်”

နောက်ဆုံးစကားကို ကျည်စယ်လိုသောသဘောဖြင့်ပြောလိုက်ပြီးကာမှသတိဝင်ကာသူမကို ကပျာကယာတောင်းပန်ပြီးစကားလက်စသတ်လိုက်၏။ သည်ကလေးမအလုပ်မှာတော်ရုံသာမဟုတ်အပြောအဆိုလည်းချက်ချာပါပေသည်ဟုစိတ်ထဲမှကျိတ်၍ချီးကျူးနေလေသည်။ ဤသည်မှာလွန်ခဲ့သောငါးနှစ်ကျော်ခြောက်နှစ်ခန့်ကအတွေ့အကြုံ ဖြစ်ပါ၏။ 

ထိုနေ့က တွတ်တီပြောခဲ့ဘူးသော စကားများကို ရှိရှိသမျှလူ့ဗာလများအားလုံးကြားစေသိစေချင်သောစိတ်ယ္ခုအခိုက်အတန့် ကျွန်တော့်ရင်ထဲ၌ထူးထူးခြားခြားပေါ်ပေါက်နေသည်ကိုတော့ဝန်ခံ ရမည်သာဖြစ်လေသည်။





Friday, September 30, 2016

ကျွန်တော်နှင့် စမ်းချောင်း (၆)


ဝါးခယ်မပြန်ရောက်ချိန်မှာကျောင်းဖွင့်ရက်နီးနေပြီ။ နွေရာသီတစ်လျှောက်လုံး ရန်ကုန်တွင်နေခဲ့ရသဖြင့်ကျန်မိသားစုဝင်များနှင့်စာလျှင် အနေချောင်ခဲ့သည်ဟု ပြောနိုင်သည်။ သည်မှာတော့အမေကဆေးလုံးလုံး အစ်မကအငယ်နှစ်ယောက်ကိုထိန်းကျောင်းရင်းအိမ်မှု ကိစ္စလုပ်၊ ကျွန်တော့်အောက်ညီကဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား။ ယ္ခုပြန်စဉ်းစားကြည့်သည့်အခါ ထိုအချိန်လောက်ကျပ်တည်းသည့်ကာလများ ကျွန်တော်တို့မိသားစုတွင်ရှိခဲ့သည်မထင်။ 

ဖေဖေမဆုံးခင်နှင့်ဆုံးပြီးနောက်အမေဦးဆောင်လျက်လူတန်းစေ့အောင်ရုန်းကန်ခဲ့ကြရသမျှ ထိုကာလသည်လှော်ရင်းနစ်တော့မည့်အနေအထားဟုပင်ပြော၍ရသည်။ သည်ကြားထဲအမေ့တင်ပါးတွင်နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့သော ကွမ်းသီးလုံးခန့်အကျိတ်လုံးတစ်ခု ယ္ခုမှယောင်ယမ်းပြီးနာကျင်လာသည်။ အထိုင်များသောအလုပ်ကြောင့်ဖြစ်မည်လားမသိ။ နာကျင်မှုကိုအင်မတန်သည်းညည်းခံနိုင်သောအမေ သည်တစ်ခါဟန်ပင်မဆောင်နိုင်တော့။ ဇာတိပ္ဖိုလ်သီးစသည့်လက်လှမ်းမီရာပရဆေးများနှင့် အယောင်အကိုက်သက်သာအောင်မစွမ်းနိုင်တော့သည့်အဆုံး ဆေးရုံတက်၍ ခွဲစိတ်ရသည်။

အမေ့ဘဝ ဆေးရုံတက်ရသည်ပင်အူယားဖားယားနိုင်လှ၏။ အငယ်ဆုံးသားကအခါလည်သာသာ နို့ပင်မပြတ်သေး။ သူများတွေလို နို့မှုန့်တွေဘာတွေတတ်နိုင်သည်လည်းမဟုတ်။ မြို့နယ်ဆရာဝန်ကြီးက အမေ့ကိုညှာတာသောအားဖြင့် ကလေးပါခေါ်ခွင့်ပြုသည့်အတွက် အမေဆေးရုံဖြောင့်ဖြောင့်တက်နိုင်ခြင်းဖြစ်၏။ ထိုအချိန်က ဆေးရုံတွေလူမကျပ် ကူးစက်ရောဂါဆန်းတွေမပေါ်ပေါက်သေးသဖြင့် ဆေးရုံတက်သူအမေရော အမေမှတစ်ပါး အားကိုးအားထားမရှိသောကျွန်တော်တို့မိသားစုပါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ မကြုံကြရခြင်းဖြစ်၏။ ရက်သတ္တတစ်ပတ်ခန့် ဆေးရုံတက်သည့်အတွင်း အစ်မ၊ ညီမနှင့်ရင်ခွင်ပိုက်ညီအငယ်ဆုံးတို့ အမေနှင့်ဆေးရုံမှာလိုက်နေကြရာဆေးရုံမှာဘယ်လိုနေထိုင်ကြသည်ဆိုသည်ကိုမမှတ်မိတော့။ 

ကျွန်တော်ကညီနှင့်အတူ ဘုန်းကြီးကျောင်းလိုက်နေသည့်အခါနေပြီးအိမ်ပြန်အိပ်သည့်အခါအိပ်သည်။ အစ်မသည်မနက်ဆိုအိမ်ပြန်လာကာချက်ပြုတ်ပြီး ထမင်းချိုင့်နှင့်ဆေးရုံပြန်သွားရသည်။ မှတ်မိသလောက် တစ်ရက်တလေကျွန်တော့်ဘာသာ ထမင်းဟင်းချက်စားရသည်မျိုးလည်းရှိသည်။ ထိုအချိန် ကန်ဇွန်းရွက်ကြော်နှင့်ဘဲဥချဉ်ရည်ဟင်းကို  ကျွန်တော်ကောင်းကောင်း ချက်တတ်နေပြီ။ နောက်ပိုင်းအမေဆေးရုံတက်သည့်သတင်းကြားသဖြင့် ကျုံမငေးဘက်ရောက်နေသောအဖွားပြန်လာပြီး အိမ်မှာခေတ္တလာနေပေးသောအခါ အတော်အတန်အဆင်ပြေသွားသည်။ 

စင်စစ် အဖွားသည်ဘယ်မှာမှအတည်တကျနေသည်ဟူ၍မရှိ။ မော်လမြိုင်ကျွန်းတွင်ဘိုးဘွားလက်ကျန်လယ်မြေအနည်းအကျဉ်းကိုအငှါးချထားရာမှ လယ်လုပ်သူလယ်ပိုင်ရမည်ဆိုသောခေတ်သို့အရောက်အားလုံးလက်လွတ်ဆုံးရှုံးရသော်လည်း သက်ကြီးဝါကြီးဖြစ်သောသူ့ကိုသဒ္ဓါကြေးပေးလေ့ရှိကြသဖြင့် ကြုံသလိုသွားယူရင်း ထိုမှာနေလိုက်ရန်ကုန်ရောက်နေသောသား (အမေ့အောက်မောင်) ထံသွားရင်း ခဏတဖြုတ်နေလိုက် ကျုံမငေးရှိမောင်ဝမ်းကွဲမိသားစုရှိရာသွားနေလိုက်ဖြင့် အမြဲလိုလိုခရီးထွက်နေတတ်သည်။ အမေဆေးရုံတက်တုန်းခဏ ကျွန်တော်တို့နှင့်လာနေကာ ဆေးရုံဆင်းပြီးမကြာမီ ကျုံမငေးသို့ပြန်သွားသည်။ ထိုအချိန် ကျွန်တော် ကျောင်းတက်နေရပြီ။

#                  #

မိသားစုတစ်စုလုံးကသီလင်တအဖြစ်ဆုံးထိုနှစ်ဝက်ကာလ ကျွန်တော့်ပညာရေးဘဝမှာ အမှတ်ထင်ထင်ကျန်ရစ်စရာတွေများလှ၏။ စာနှင့်ပတ်သက်၍ဘာမျှအခက်အခဲမရှိသော်လည်း အခြားလူမှုရေးစီးပွါးရေးအပိုင်းတို့တွင်မူထိုအချိန်ကသတိမထားမိသည့်တိုင် ဆူးထအောင်ကြမ်းတမ်းခဲ့သည်ဟုဆိုရမည်။ ဤသည်ကိုကြီးပြင်းသည့်ကာလလူမှုဆက်ဆံရေးနယ်ပယ်တွင်ထိုဆူးများကြောင့်အထိအရှများစွာကြုံပြီးကာမှ ပြန်လည်သုံးသပ်ရင်းသိမြင်လာခြင်းဖြစ်၏။ ဥပမာအားဖြင့်ကျွန်တော့်အားအမြဲလိုနှိမ်ချလေ့ရှိသော ဆရာတစ်ဦး၏မိသားစုနှင့်ပတ်သက်သည့်ဖြစ်ရပ်မျိုး။ ထိုဆရာသည်ကျွန်တော်တို့ကျောင်းမှအလယ်တန်းပြတစ်ဦးဖြစ်၏။ ကျွန်တော်တို့နှင့်တစ်ရပ်ကွက်တည်းတွင်နေထိုင်ကြသလို သူ့သားနှင့်ကျွန်တော်သည်မူလတန်းကပင်စ၍တစ်တန်းတည်းသားသူငယ်ချင်းတွေဖြစ်ကြ၏။ 

အိမ်ချင်းမဝေးသည့်အလျောက် တစ်ရံတစ်ခါဆိုသလိုသူတို့အိမ်သို့ သူငယ်ချင်းနှင့်အတူလိုက်ပါဖူးသည်။ သည်ဘက်ပိုင်းဆရာအပါအဝင်သူ့မိသားစုကကျွန်တော့်ကိုနှစ်မြို့ကြဟန်မတူကြောင်းရိပ်စားမိလာသည်။ သူ့အမေနှင့်အစ်မကြီးတို့က သူငယ်ချင်းနှင့်ကျွန်တော်ကျောင်းသွားကျောင်းပြန် အတူတူတွေ့လျှင်မျက်စေ့မျက်နှာပျက်ကာ အကြောင်းတစ်ခုခုပြပြီးတစ်လမ်းစီသွားကြစေဖို့စီမံသည်ကိုသတိထားမိလာသည်။ ကလေးမို့သူတို့ အပြုအမူကိုရိပ်စားမိမည်မထင်သည်လား ထင်သည့်တိုင်ဟန်ဆောင်စရာမလိုဟုသဘောထားကြခြင်းလားမသိသော်လည်း ကျွန်တော့်တွင်အနာတရဖြစ်ခဲ့မှာတော့သေချာသည်။ ဤသည်ကို ကျောင်းတွင်းအားလပ်ချိန်ဆော့ကစားကြရာ၌ ထိုသူငယ်ချင်းပါဝင်လာလျှင် ခါတိုင်းလိုမပျော်ပိုက်တော့ခြင်းက သက်သေခံသည်။


ယင်းနှင့်ပတ်သက်ပြီးပို၍ထင်ရှားသိသာစေသော အဖြစ်အပျက်နှင့်တုန့်ပြန်မှုတစ်ရပ်ကိုမူ ကျွန်တော့်ကိုယ်ကျွန်တော်ပင်မယုံနိုင်အောင်ဖြစ်ခဲ့ရ၏။ တစ်ရက်မြစ်ထဲတွင်ရေချိုးရန် ကျွန်တော်အိမ်မှထွက်ခဲ့၏။ ကမ်းနားလမ်းသို့သွားရာလမ်းထောင့်ရှိသူတို့အိမ်ဘက်လှည့်မကြည့်ပါဘဲလျက် အိမ်တွင်းမှထွက်လာသောသူတို့အမေနှင့်ပက်ပင်းတိုးသည်။ သူမ၏လက်တွင်း၌ ကြိုးစတစ်စကိုင်ထားသည်ကိုတွေ့ရပြီးကြိုးစ၏ အခြားတစ်ဘက်ကိုမြေကြွက်အသေကြီးတစ်ကောင်ချည်နှောင်ထားလျက်တွေ့ရလေသည်။ ကြွက်ကသူ့ဘာသာသူသေသည်လား တစ်စုံတစ်ယောက်၏လက်ချက်ကြောင့်သေပြီးမှတော်ရာသွားပစ်ဖို့ ဆွဲထွက်လာသည်လားမသိပေ။ ဆရာကတော့်မျက်နှာတွင် အပြုံးစတစ်စမြင်လိုက်ရသလိုရှိသည့်တိုင် ကျွန်တော်မနှုတ်ဆက်မိ။

သည်လိုအပြုံးမျိုး ကျွန်တော့်ရှေ့တွင်မြင်ရခဲသည်မို့ အံ့အားသင့်သွားသောကြောင့်ဖြစ်ချင်ဖြစ်မည်။ ထိုအပြုံး၏ဇစ်မြစ်ကိုလည်း ကျွန်တော်ချက်ခြင်းလက်ငင်းပင်သိရလေသည်။ ဆရာကတော်သည် ကျွန်တော်မျက်နှာလွှဲထားမှန်းသိပါလျက် အမည်တတ်၍ခေါ်၏။ ပြီးနောက် “မင်းရေချိုးသွားရင်း ဒါလေး (ကြွက်သေ) မြစ်ထဲမျှောခဲ့ပေးပါကွယ်” (ထိုအချိန်က ခွေးတွေကြောင်တွေသေလျှင်မြစ်ထဲမျှောနေကျ) ဟု ပြောပြောဆိုဆိုကျွန်တော့်အားကြွက်သေကောင်ချည်ထားသောကြိုးစအားလှမ်းပေးလေ၏။ ဝန်ခံရလျှင် ကျွန်တော်မငြင်းသာ မငြင်းဝံ့ပါ။ ကျွန်တော့်အတွက်အပန်းမကြီးသည့်အလုပ်လည်းဖြစ်သည်မို့ ကြွက်သေကိုကပျာကယာဆွဲကာထွက်လာခဲ့တော့သည်။

ခြေနှစ်လှမ်းသုံးလှမ်းမျှလှမ်းပြီးသည်၌ ဆရာကတော်၏ခေါ်သံကြောင့်လှည့်ကြည့်ရပြန်၏။ ချွေးခံအင်္ကျီအိပ်တွင်းသို့ လက်နှိုက်နေသောဆရာကတော်သည် ‘ရော့ မင်းအတွက် မုန့်ဖိုးယူသွား’ ဟု ဆိုကာအကြွေစေ့တစ်စေ့ကျွန်တော့်အားထုတ်ပေးလေသည်။ ကျွန်တော့်တစ်ကိုယ်လုံးပူထူသွားသည့်အဖြစ်ကို ယ္ခုပင်အမှတ်ရဆဲဖြစ်၏။ ထိုအချိန်အိမ်ပေါက်ဝသို့သူ့သားကျွန်တော့်သူငယ်ချင်းထွက်လာသည်ကိုလည်းမြင်ရသည်။ ကျွန်တော့်ကိုယ်ကျွန်တော်သတိမပြုမိခင်မှာပင် လက်တွင်းမှကြိုးစကိုလွှတ်ချပြီးကျွန်တော်ထွက်လာခဲ့သည်။ ဒေါ်ဒေါ့်သားကိုသာအဲဒီမုန့်ဖိုးပေးပြီးသွားခိုင်းလိုက်ပါဟုပြောခဲ့သေးသည်။ ယ္ခုအချိန်အထိထိုစဉ်ကအပြုအမူကိုကောင်းစွာအမှတ်ရနေသည့်တိုင် မှားသည်မှန်သည်ဘာကြောင့်ကျွန်တော်ထိုသို့ပြုမူခဲ့သည်ကိုဝေခွဲမရသေး။

သို့သော် ရင်းနှီးမှုဖြင့်ကူညီသည့်အပေါ် ပိုက်ဆံ‌ကြေးငွေပေးလျှင် တန်ဖိုးဖြတ်လျှင် ခါးခါးသီးသီးဖြစ်တတ်သည့်အကျင့်က ယနေ့တိုင်ဖျောက်မရရှိနေဆဲ။ ထိုအကျင့်သည်ဝန်ထမ်းဘဝမှာရော ကိုယ်ပိုင်စီးပွါးရေးအလုပ်မှာပါ စွဲမြဲနေလေရာ ကိုယ်ပိုင်လုပ်ငန်းလုပ်စဉ်ကဆိုလျှင် ရင်းနှီးသူများနှင့်ငွေကြေးစကားပြောဖို့လိုအပ်သည့်အခါများစွာအခက်အခဲကြုံရသည်။ ကိုယ်ကသူများကိုရင်းနှီးမှုဖြင့်တစုံတရာအကူအညီတောင်းသည့်အခါများ၌လည်း ပိုက်ဆံစကားမပြောတတ်၍ သို့မဟုတ်မ ပြောမိ၍ထင်ယောင်ထင်မှားအမြင်ခံရခြင်းများရှိခဲ့ဖူးလေသည်။

ဖေဖေ့စာအုပ်များထဲမှ သာဓု၏အတာသည်မှတ်မိသလောက်ကျွန်တော်အစောဆုံးဖတ်ဘူးသောဝတ္တုဖြစ်သလို လွန်စွာနှစ်သက်ခဲ့ဖူး၏။ ဝတ္ထုထဲတွင် ဆင်းရဲသောအတာ့အပေါ် ဂရုဏာသက်ကြသည့်အိမ်နီးချင်းများက လက်တိုလက်တောင်းခိုင်းပြီးမုန့်ဖိုးပေးတတ်ကြရာ အတာသည်သူတို့တတွေအမြံတမ်းခေါ်ခိုင်းကြပါစေ ဟု မျှော်လင့်ခဲ့မိကြောင်းဆရာဦးသာဓုကရေးသားသရုပ်ဖေါ်ခဲ့သည်။ တစ်ခါတစ်ခါ ထိုဝတ္ထုနှင့်ကျွန်တော့်ကိုယ်တွေ့ကိုနှိုင်းယှဉ်ပြီး ငါကအတာ့လိုဂရုဏာသက်အောင်မနေတတ်တာဖြစ်နိုင်သလို ငါ့ပတ်ဝန်းကျင်မှာဂရုဏာသက်တတ်သူတွေရှိမနေကြတာလည်းဖြစ်နိုင်တာပဲဟု အသိဉာဏ်တိမ်တိမ်နှင့် စဉ်းစားမိ၏။ အတိအကျတော့မှန်ချင်မှမှန်မည်။ 

သို့သော် ကိုယ့်အပေါ် လူတကာကဂရုဏာသက်ခြင်းအား ငြိုငြင်ခံရခြင်းထက်ပို၍ နှစ်သက်စေကာမူ နှစ်မျိုးစလုံးကိုပင်မခံယူလိုသည့်စိတ်ဓါတ်အခြေခံကျွန်တော့်မှာရှိသည်ကိုတော့ဝန်ခံရမည်သာဖြစ်၏။ ဤသည်မှာ ကျွန်တော့်စိတ္တဇဟုပင်ဆိုနိုင်သည်။ ထိုစိတ္တဇကြောင့် လူတွေကိုယ့်ကိုမသနား (ဂရုဏာမပွား) အောင်ပြောဆိုနေထိုင်ရာမှ လူမြင်ကပ်စရာ (မုန်းစရာ) ဖြစ်သွားရသည်မျိုးလည်းရှိကောင်းရှိမည်။ စင်စစ်ထိုအချိန်က ကျွန်တော့်အပေါ် ဂရုဏာသက်သူအချို့ရှိကြသည်ဆိုသည်ကိုမထင်မှတ်ပဲကြုံတွေ့ရဖူးသည်လည်းရှိခဲ့ပါ၏။ ယ္ခုအချိန်ပြန်စဉ်းကာပြုံးမလင့်ကစား ထိုစဉ်ကတော့ အရယ်ခက်အငိုခက် ဖေါ်ပြရန်ပင်ခက်ခဲလှသည့် စိတ်ခံစားမှုတစ်ရပ်ပင်ဖြစ်လေသည်။

#                  #

ခြောက်တန်းနှစ်တက်စ၌ နာမည်ခေါ်ရခက်သောအင်္ကျီပိတ်စတစ်မျိုးကို ကျောင်းသားများအားမဲစံနစ်ဖြင့်ရောင်းချရာမဲပေါက်သူထဲမှာကျွန်တော်ပါဝင်သည်။ ဝတ်ကောင်းစားလှမရှိသူမို့ အသားချောချောအရောင်အသွေးစိုပြည်သည့် ထိုပိတ်စကိုကပျာကယာချုပ်ကာဝတ်ပင်ဝတ်နေပြီ။ ထိုအချိန်မှာပင်ကုန်သွယ်ရေးမှ ကျောင်းစိမ်းလုံချည်များရောက်ရှိလာရာမလုံမလောက်မို့ထုံးဆံအတိုင်းမဲဖေါက်ရန် ဖြစ်လာ၏။ အတန်းပိုင် ဆရာမခွင့်ရက်ရှည်ယူထားသည်နှင့်ကြုံသောကြောင့် အစားဝင်လာသည့်ဆရာက မျှမျှတတရှိစေရန်အင်္ကျီစရပြီးသူတွေကို ချန်လှပ်ပြီးကျန်သူများအားမဲမနှိုက်ဘဲ ဝယ်ခွင့်ပြုရန်စီစဉ်လေသည်။ 

ဖြစ်ချင်တော့ ထိုသို့ရောင်းချပြီးသည့်တိုင်လုံချည်တစ်ထည်စာကပိုနေပြန်၏။ ထိုအခါဆရာသည် လက်ကျန်တစ်ထည်စာကိုအင်္ကျီစရပြီးသူများထဲမှ ပြင်ပတွင်လုံချည်ဝယ်ရန်အခက်အခဲရှိမည့် ဆင်းရဲနွမ်းပါးသောကျောင်းသားသို့မဟုတ် ကျောင်းသူတစ်ဦးအား မဲဖေါက်ရောင်းချရန်ဆုံးဖြတ်၏။ စင်စစ် စာသင်ခန်းနှင့်မအပ်စပ်သောအလုပ်တွေသာဖြစ်ကြောင်းဆရာခံစားရပုံပေါ်သည်။ ကျွန်တော်ကတော့ ဆိုရှယ်လစ်စီးပွားရေးစံနစ်၏ အနိဋ္ဌာရုံတစ်ခုအဖြစ်ကြီးပြင်းလာမှရိပ်စားမိလေ၏။ “ဆင်းရဲတဲ့ကျောင်းသားတွေမတ်တပ်ရပ်ကြ” ဟု ဆရာပြောသောအခါ ကျောင်းသားအချို့မတ်တပ်ရပ်ကြသည်ကိုတွေ့ရ၏။ ကျောင်းသူတွေမရပ်ကြ။

ထိုအချိန်ထိ ကျွန်တော်မတ်တပ်ရပ်ရေးမရပ်ရေးဝေခွဲမရ။ ကျောင်းလုံချည်တစ်ထည်ပြင်ပမှာဈေးကြီးပေးဝယ်ဖို့မလွယ်သလို ကျွန်တော့်မှာကျောင်းလုံချည်အမှန်တကယ်လိုအပ်နေသည်ကိုသိသော်လည်း တစ်ထည်တည်းသော သက်သက်သာသာဝယ်ယူခွင့်အတွက် မဲနှိုက်ရန်မတ်တပ်ရပ်ပြရမည်ကို ကျွန်တော်ရှက်သလိုခံစားရ၏။ သို့သော် အင်္ကျီစရပြီးသားကျောင်းသားတွေအားလုံးလိုလို မတ်တပ်ရပ်ကြ​သည့်အပြင် သူတို့ထဲမှာ ကျွန်တော့်ထက်အပုံကြီးပိုချမ်းသာသည်ဟု သေချာပေါက်ပြောနိုင်သူများပါဝင်သည်ကိုတွေ့ရသောအခါ ဘာဘာညာညာမစဉ်းစားတော့ပဲ ကျွန်တော်ပါရော၍ထရပ်လိုက်ဖြစ်၏။ ကျောင်းလုံချည်တစ်ထည်အတွက် ဝယ်ယူရန်အဆိုပြုသူဆယ်ဦးခန့်ရှိသည်ကိုသိလိုက်ရသောဆရာအကြံအိုက်သွားပုံရလေသည်။ 

မူလမဲနှိုက်မည့်အစီအစဉ်ကိုပြောင်းလိုက်ပြန်ကာ မတ်တပ်ရပ်သူတွေထဲမှအလိုအပ်ဆုံးသူကိုရွေးချယ်ဖို့ အတန်းသူအတန်းသားများ၏ သဘောထားကိုရယူပြီးနောက် ယ္ခုမတ်တပ်ရပ်နေသူတွေထဲမှာ ဘယ်သူအဆင်းရဲဆုံးဖြစ်မည်လဲဟု မေးလေသည်။ ကျွန်တော့်နာမည်ကျွန်တော်ပြန်ကြားရခြင်းအတွက် သိမ်ငယ်ခြင်းမဟုတ်သည့်တိုင် ဝမ်းမသာနိုင်သည့်ခံစားမှုမျိုးနှင့်အတူ မတ်တပ်ရပ်လိုက်မိသည်ကိုနောင်တရသည့်စိတ်ဖြင့် ထူပူသွားရ၏။ အော်သံထဲမှာမိန်းခလေးသံတွေပိုကြားရသည့်အတွက်လည်း ရှက်စိတ်ကခေါင်ခိုက်လာသည်။ သို့သော် နောက်ကျခဲ့ပြီ။ ယ္ခုအခါ ရယ်စရာအဖြစ်သက်တောင့်သက်သာ ပြောပြနိုင်သည့်ထိုအဖြစ်အပျက်ကအူလည်လည် အဆုံးသတ်ခဲ့သဖြင့်လည်းပိုဆိုးသည်။ ထိုနေ့က လက်ကျန်လုံချည်ကိုကျွန်တော်ဝယ်ယူခွင့်မရလိုက်။ ခွင့်ယူထားသော အင်္ကျီစမရသေးသည့်ကျောင်းသားတစ်ဦး ရှိနေကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ဆင်းရဲသားရွေးချယ်ပွဲတွင်အမှတ်မထင်ပါဝင်ကာ ဗိုလ်စွဲခဲ့သောကျွန်တော် လုံချည်ဝယ်ယူခွင့်ကို စွန့်လွှတ်ခဲ့ရလေသည်။

ဖွတ်မရဓားမဆုံးခဲ့သောထိုဖြစ်ရပ်ကို သာမန်အားဖြင့်မေ့မေ့ပျောက်ပျောက်ရှိခဲ့ရာမှအတွေ့အကြုံတစ်ခုနှင့်ဆက်စပ်ကာအမှတ်တစ်ရဖြစ်ကျန်ခဲ့ရ၏။ တစ်ရက်ကျောင်းတက်ခေါင်းလောင်းမထိုးမီ ဈေးတန်းရှိတစ်ဆိုင်တည်းသောမုန့်ဟင်းခါးဆိုင်တွင် မကြာမကြာကျွန်တော်စားနေကျအတိုင်း အကြော်လွတ်မုန့်ဟင်းခါးတစ်ပွဲ (ဆယ်ပြားဖိုး) မှာကာ ခုံတန်း၌ဝင်ထိုင်ခိုက် “ဒေါ်ကြီးအဲဒီပန်းကန်ထဲကို ဘူးသီးကြော်နဲ့ငါးဖယ်ကြော်ထည့်ပေးပါဆိုသောအသံကိုကြားရသဖြင့် ကြည့်လိုက်မိသည်။ ဘေးဘက်ခုံတန်း၌ ကျွန်‌တော့်အလျင်ရောက်ကာစားသောက်နေဆဲ အတန်းထဲမှကျောင်းသူနှစ်ဦးကိုတွေ့ရ၏။ သူတို့အကြော်ထည့်ခိုင်းသည်မှာ ကျွန်တော့်ပန်းကန်မှန်းသိရသည်၌ ရှက်လွန်းသဖြင့်ပြောစရာစကားစရှာမရတော့။ ဆိုင်တွင်လူကလည်းရှုပ်လာပြန်ရာ ဘာမျှပြန်မပြောတော့ဘဲ အဒေါ်ကြီးထည့်ပေးသည့်အတိုင်းသာစားနေလိုက်သည်။ 

ထိုကျောင်းသူနှစ်ဦးစား၍အလျင်ပြီးကာ ကျွန်တော့်အတွက်ပါပိုက်ဆံရှင်းရုံမက ဆိုင်မှအထွက်တွင်နင်ဘာစားချင်သေးလည်းဟုမေးပြန်၏။ ခေါင်းကိုသာယမ်းပြလျက် အတန်းဘက်ဆီသုတ်ခြေတင်ခဲ့မိလေသည်။ ကျွန်တော်၏ အသနားမခံချင်သောစိတ်ဓါတ် အစပျိုးခြင်းတစ်ရပ်ဟုဆိုနိုင်မည်လားမသိ။ စင်စစ် ထိုကျောင်းသူနှစ်ဦးသည် တစ်တန်းထဲမှဖြစ်သည့်တိုင်ကျွန်တော်နှင့်မရင်းနှီးကြချေ။ အတန်းထဲတွင် ရှေ့ခုံနောက်ခုံရှိ ကျောင်းသားများမှလွဲ၍တစ်တန်းလုံးနှင့် ရင်းရင်းနှီးနှီးနေတတ်သူတစ်ဦးမဟုတ်သဖြင့် တစ်ဘက်ခြမ်းမှမိန်းခလေးများကို မိတ်ဆွေဖွဲ့ဖို့ရာခဲယဉ်းလှသည်။ အရွယ်ကလည်းဆယ်ကျော်သက်စ မိန်းခလေးတွေရှေ့မှာ ရှက်ကိုးရှက်ကန်းဖြစ်လာတတ်ပြီ။ စဉ်းစားကြည့်တော့ သူတို့နှစ်ဦးသည်ကျောင်းလုံချည်ကိစ္စတွင် ကျွန်တော့်ကိုရသင့်သူအဖြစ်ထောက်ခံပြီးမှ မရလိုက်သည့်အတွက်အားတုန့်အားနာဖြစ်ကာ ကြုံသည့်အခိုက်မုန့်ကျွေးလိုခြင်းဖြစ်သည်ဟုကျွန်တော်ယူဆသည်။ ကိုယ့်ကိုကိုယ်သတိမမူမိသည့်တိုင် ကျွန်တော်၏ဆင်းရဲနွမ်းပါးမှုမှာ သူတို့အပါအဝင်အများအမြင်တွင်ထင်ရှားပါ်လွင်နေပြီ။ 

ယင်းကိုသိသာစေသောနောက်တစ်ချက်မှာ ကျောင်းမှဖြစ်ရပ်တွေနှင့် မရှေးမနှောင်းဆိုသလိုအမေကကျွန်တော်တို့ ညီအစ်ကိုညဦးပိုင်းဈေးလည်ရောင်းဖို့ပြောဆိုစီစဉ်လာခြင်းပင်ဖြစ်လေသည်။ အမေသည်လိုစီစဉ်ခြင်းသည်မလွှဲကင်းသာလွန်း၍ဖြစ်ကြောင်း နားလည်သဖြင့် တစ်စုံတစ်ရာမကန့်ကွက်သော်လည်း ဈေးရောင်းသည့်အလုပ်ကိုကျွန်တော်မလုပ်လို။ နဂိုကမှဆင်းရဲသည်ဟု မြင်နေကြသည့်အထဲ လမ်းပေါ်ဈေးလျှောက်ရောင်းနေသည်ကိုတွေ့လျှင် ပိုအထင်သေးကြမည်။ အထူးသဖြင့်ကျွန်တော့်စိတ်ကိုမရိုးမသားခံစားမှုအချို့ကိန်းအောင်းစေသည့်  ကျောင်းသူတစ်ဦးတစ်လေမြင်သွားမှာကို စိုးရိမ်သည်။ အမှန်ပင်ဒါသည်ဟိုတုန်းကကျွန်တော့်ခံစားချက်။

သို့သော် အမေ့လိုအပ်ချက်တစ်နည်းမိသားစုလိုအပ်ချက်ကိုငြင်းဆန်လောက်သည့်ခံစားချက်မျိုးမဟုတ်သည်မို့ အမေပြောသည့်အတိုင်း ကျွန်တော်တို့ညီအစ်ကိုညဦးပိုင်း ခြင်းတောင်းကိုယ်စီဆွဲပြီး ‘မြေပဲပြုတ်.. ကောက်ညှင်းထုပ်’ လည်ရောင်းဖြစ်ခဲ့လေသည်။ မြို့၏မျဉ်းပြိုင်လမ်းမကြီးနှစ်ခုဖြစ်သော မြူရုံးလမ်းနှင့်ကမ်းနားလမ်းတစ်လျှောက် အရှေ့ပိုင်းအနောက်ပိုင်း မြို့မနှင့်ဆေးရုံရပ်ကွက်ကဲ့သို့သော လူကုံထံရပ်ကွက်များ ရုပ်ရှင်ရုံဝန်းကျင်စသည်ဖြင့် ညဦးပိုင်းမှသည်လူခြေတိတ်သည်အထိတစ်လမ်းဝင်တစ်လမ်းထွက် ရောင်းပြီးအိမ်ပြန်။ ရသမျှပိုက်ဆံအမေ့ကိုအပ်ပြီးနောက်တစ်နေ့စာအိမ်စာရှိလျှင်လုပ်၊ မရှိလျှင်အိပ်ယာဝင်။ မြေပဲပြုတ် တစ်ကတော့ ငါးပြား ကောက်ညှင်းထုပ်တစ်ထုပ် ငါးပြားလားဆယ်ပြားလားမမှတ်မိသော ထိုသွားရေစာရောင်းရငွေသည် မိသားစုရပ်တည်ရေးကိုကျားကန်ပေးရုံသာဖြစ်သော်လည်း လဲပြိုမသွားအောင်တော့ အထောက်အပံ့ဖြစ်ခဲ့မည်ထင်ပါသည်။ 

မိုးတွင်းမို့ တစ်ခါတစ်ရံမိုးသည်းလျှင် ရောင်းမကောင်းသည်များကြုံရတတ်၏။ ထိုအချိန်မျိုးတွင်ပင်ပန်းမှုကိုပို၍ခံစားရတတ်လေသည်။ ဈေးရောင်းရင်းခြင်းထဲမှာလက်ကျန်မည်မျှရှိသေးသည်ကို ကြည့်ပြီးရင်ဖိုရသည့်ဝေဒနာ (ဆိုပါတော့) ကို ရောင်းဖူးသူများသာသိနိုင်သည်။ ယနေ့တိုင်  အလားတူ (ဘဝတူ) ဈေးသည်တွေတွေ့ကာစိတ်ကူးပေါက်တိုင်း သိမ်းကြုံးဝယ်ယူမိခြင်းသည် ဈေးတောင်းထဲလက်ကျန်ရှင်းသည့်အခါ ဖြစ်ပေါ်သောအရသာကို (ကျွန်တော်ခံစားခဲ့ဖူးသလို) သူတို့တွေခံစားရစေလို၍ ဖြစ်၏။ စာနာမှုဟူသည်အဖြစ်ခြင်းတူလျှင်ပို၍ပြင်းပြတတ်သည်မဟုတ်ပါလား။  ပြောရလျှင် ကျွန်တော်တစ်ကြိမ်သာရခဲ့ဖူးသည့် ထိုခံစားချက်ကလည်းတွံတေးသိန်းတန်စောင်မ၍သာဖြစ်၏။ ကိုယ်တိုင်ဝယ်ယူအားပေးခြင်းမျိုးတော့မဟုတ်။ 

ထိုညက မိုးတဖြောက်ဖြောက်စွေနေသဖြင့်ရောင်းမကောင်း။ ရုပ်ရှင်ရုံတွေဘက်မှာပင် ထင်သလောက်မရောင်းရဘဲအချိန်ကုန်သွားသဖြင့်  ညီအစ်ကိုနှစ်ယောက် ဈေးလမ်းအတိုင်းလေးကန်စွာပြန်လာခဲ့ကြသည်။ လမ်းပေါ်မှာလူသူရှင်းစပြုပြီ။ အထူးသဖြင့်ဈေးလမ်းတစ်ဘက်ကမြို့မဈေး ကျန်တစ်ဘက်မှာရုံးအများစုမို့ ညအချိန်ပို၍တိတ်ဆိတ်၏။ ဝယ်လိုဝယ်ငြားအော်ရောင်းနေသော ညီဖြစ်သူ၏နောက်ခပ်လှမ်းလှမ်းမှလိုက်ပါရင်း ဘာရယ်မဟုတ်တွံတေးသိန်းတန်သီချင်းတစ်ပုဒ်ကို မတိုးမကျယ်ကျွန်တော်ဆိုလိုက်မိလေသည်။ သီချင်းအမည်က “ချစ်ရတုထံတျာ”။ နတ်သျှင်နောင်၏ ရတုတစ်ပိုဒ်ဖြင့် စထားသောသီချင်းကို ဆွေးဆွေးမြေ့မြေ့ဆို၍လျှောက်လာခိုက် ဟေ့ချာတိတ်ဟုခေါ်သံကြား၍ကြည့်လိုက်တော့ လမ်းတစ်ဘက် နလက (နယ်မြေလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မီတီ) ရုံးအား စောင့်ကြပ်နေကြသောတပ်မတော်သားနှစ်ဦးကိုတွေ့ရ၏။ 

သူတို့ကလှမ်းခေါ်သဖြင့် ကျွန်တော်တို့ညီအစ်ကိုအနားသို့ကပ်သွားသည်။ ခြံစည်းရိုးနောက်တွင် ‘ကင်းပုန်း’ ဝပ်နေကြသည်မို့ အစကမမြင်မိခြင်းဖြစ်ပြီး အနားရောက်တော့မှ နှစ်ဦးအပြင်နောက်ထပ် လေးငါးဦးခန့် မောင်းပြန်သေနပ်ကိုယ်စီလွယ်လျက်ခုံများပေါ်တွင်ထိုင်လျက်တွေ့ရ၏။ လိုရင်းပြောရလျှင် ခုနကျွန်တော်ဆိုသွားသောသီချင်းကိုအစအဆုံးဆိုပြလျှင် ခြင်းထဲမှာကျန်သမျှသူတို့ဝယ်မည်။ ကြွက်သေကောင်ပိုက်ဆံပေးပြီးဆွဲခိုင်းခြင်းထက်စာလျှင်တော်သေးသည်မို့ (ရှက်ရှက်နှင့်ပင်) ကျွန်တော်ဆိုပြလိုက်သည်။ ပြောသည့်အတိုင်းစစ်သားကြီးက မုန့်အားလုံးဝယ်သည့်အပြင် “ကြိုးစားကွရွှေမန်းတင်မောင်ဒီလိုကြိုးစားပြီးအောင်မြင်သွားတာ” ဟု အားပေးလိုက်သေးသည်။

အမှန်ဆိုရသော်ရွှေမန်းတင်မောင်သည်လိုပဲအောင်မြင်သည်ဆိုသောစကားသည် ကျွန်တော့်အတွက်ထိုမျှအားမဖြစ်။ ကျွန်တော်ရွှေမန်းကိုအားကျသည်မှမဟုတ်ပါပဲ။ သို့သော်ရောင်းမကုန်၍စိတ်ညှိုးငယ်စွာပြန်လာခိုက်လက်ကျန်အားလုံးဝယ်ယူအားပေးသဖြင့် ရရှိခဲ့သောအပျော်အတွက်ကိုမူ စဥ်းစားတိုင်းကျေးဇူးတင်မိပါ၏။ ထိုညက ခြင်းတောင်းလွတ်ကလေးတွေကိုယ်စီနှင့် ပေါ့ပါးစွာအိမ်ပြန်ကြသည့်လမ်းမှာ သီချင်းဆက်ဆိုဖြစ်သေးလားဆိုသည်ကို ကျွန်တော်မမှတ်မိတော့။

#                  #

အမေ့ကိုကူညီရန်လမ်းထွက်ဈေးရောင်းခြင်းကိုရပ်တန့်ဖို့ အမေကပင်ဆုံးဖြတ်ခဲ့လေသည်။ စင်စစ် အမေသည် မုဆိုးမဘဝနှင့်ဘယ်မှာအခြေချကာ သားသမီးများအားပျိုးထောင်မည်ကို ဝေခွဲမရဖြစ်ခဲ့ပုံရ၏။ ဝါးခယ်မသည်အမေ့ဇာတိဖြစ်ရာ တတ်နိုင်လျှင်ထိုမှာအခြေချလိုစိတ်ရှိခဲ့လိမ့်မည်။ သို့သော် ဝါးခယ်မထက် ဖေ့ဖေ့ဇာတိ ရန်ကုန်ကိုပို၍ယုံကြည်မှုရှိပုံလည်းရသည်။ သားသမီးများ၏ရှေ့ရေးအတွက်ရုန်းကန်ရှင်သန်ဖို့ရာ ရန်ကုန်ကပို၍ အခွင့်အလန်းသာမည်ဆိုသည်ကိုမလွဲမသွေမြင်မိပေမည်။ ညဘက်သားနှစ်ယောက်ဈေးရောင်းထွက်ရသည့်အလုပ်ကိုနှစ်လမပြည့်မီရပ်စေပြီးသည့်နောက် များမကြာမီမှာပင်ရန်ကုန်သို့ပြန်ပြောင်းကြမည့်အကြောင်း အမေကျွန်တော်တို့ကိုပြောပြသည်။ ရန်ကုန်တွင် အစ်ကိုကြီးကအိမ်တစ်လုံးကြိုငှါးထားမည်။ ဖေဖေမရှိသည့်နောက်သရက်တောလမ်းအိမ်မှာမနေသင့်တော့။ သီတင်းကျွတ်လျှင်ကျွတ်ခြင်း ကျွန်တော်တို့ပြောင်းကြမည်။ 

မိသားစုအနေအထားမှာ အချိန်မရွေးပြောင်း၍ဖြစ်နိုင်သော်လည်း ဝါတွင်းကြီးအပြောင်းအရွှေ့မလုပ်လိုခြင်းနှင့် ကျွန်တော့်ကျောင်းကို နှစ်ဝက်အတိအကျသည်မှာအပြီးသတ်စေလိုခြင်းတို့ကြောင့် သီတင်းကျွတ်သည်အထိစောင့်ခြင်းဖြစ်၏။ ထိုအတောအတွင်း အိမ်ထောင်ပရိဘောဂ (များများစားစားမရှိ) နှင့်ဖေဖေ့စာအုပ်များကို ဆရာတော်ကျောင်းသို့လှုဒါန်းသည်။ ဖေဖေ့သွားစိုက်လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း အလိုရှိသလိုစီမံပေးပါရန်ဆရာတော့်ထံအပ်နှံသည်။ ဖေဖေ့လက်ရာဘုရားစင်နှင့်ကျောင်းဆောင်များ၊ အိုးခွက်ပန်းကန်အချို့နှင့် အဝတ်အထည်များကိုသာယူဆောင်ဖို့ အမေကြိုတင်ပြင်ဆင်ထားလေသည်။ ကျွန်တော်တို့အားလုံးငယ်ရွယ်ကြသေးရာ ထိုပြင်ဆင်မှုများအားလုံး စားဝတ်နေရေးအတွက် ဆေးလုံးလုံးရသည့် ကြားမှ အမေဆောင်ရွက်ခဲ့ခြင်းဖြစ်၏။

ရန်ကုန်ကိုပြောင်းရမည့်အတွက်ပျော်သလိုရှိသည်။ ဝါးခယ်မကအပြီးအပိုင်ခွာရမည့်အတွက် ဝမ်းနည်းသလိုခံစားရသည်။ ဤသည်တို့မှာ ကျွန်တော့်ရင်ထဲ၌ဖြစ်ပေါ်နေခဲ့ကြသောဒွိဟတွေဖြစ်၏။ ကျွန်တော့်ဘဝ မည်မျှကြမ်းတမ်း၍ စိတ်ရောကိုယ်ပါပင်ပန်းရစေကာမူ ဝါးခယ်မကိုကျွန်တော်သံယောဇဉ်ဖြစ်နေပြီ။ စင်စစ် ဝါးခယ်မသည် ကျွန်တော်လူမှန်းစသိရသည့်အရပ်။ ဘဝဆိုသည်ကိုလည်းကောင်း၊ လူတွေ၏အကြောင်းကိုလည်းကောင်း(တစ်ခါတစ်ရံမချိမဆန့်) သိလာစေသည့်ရေခံမြေခံဖြစ်သလို သစ်ရွက်ကြွေသည်ကိုမြင်လျှင်ပင်ကတုန်ကယင်ဖြစ်တတ်သည်ဆိုသော ဆယ်ကျော်သက်မျဉ်းကို စတင်ချဉ်းနင်းရာအရပ်။ သို့သော် စိတ်ကူးယဉ်ခြင်း၌မွေ့လျော်သလောက် စိတ်ကူးယဉ်ခွင့်တစ်ရံတစ်ဆစ်မျှရလေ့မရှိသည့်ဘဝပေးအခြေအနေကိုလွန်ဆန်ဖို့ရာဖြစ်နိုင်သည်မဟုတ်။ 

ကျွန်တော်ပြောင်းမည့်ကိစ္စ သူငယ်ချင်းတစ်ဦးတစ်လေကိုမျှပြောမပြခဲ့။ အချိန်ကာလကလည်း ဆရာကန်တော့ပွဲအတွက် ပထမအစမ်းစာမေးပွဲအတွက်ပြင်ဆင်နေကြချိန်မို့ အများနှင့်ခပ်ခွာခွာနေနေသော ကျွန်တော်၏ ထူးခြားမှုကို (ရှိခဲ့လျှင်ပင်) သူတို့သတိပြုမိကြမည်မထင်။ စာမေးပွဲအတွက်ခုံတွေစီသည့်နေ့ ကျောင်းထွက်လက်မှတ်ယူရန် အတန်းပိုင်ဆရာမနှင့်အမေလာတွေ့သည့်အခါတွင်မှ ထိုကိစ္စကိုတစ်တန်းလုံးသိကြရ၏။ ဆရာမကတည်ငြိမ်စွာနှုတ်ဆက်ဆုံးမစကားဆိုသည်။ သူငယ်ချင်းများနှင့်ကျွန်တော့်အတွက် မုန့်ဟင်းခါးဖိုးရှင်းပေးခဲ့ဖူးသူနှစ်ဦးအပါအဝင် ဟိုတုန်းကခပ်တန်းတန်းနေခဲ့ကြသောကျောင်းသူအချို့ပင် ကျွန်တော့်ကိုလာနှုတ်ဆက်ကြသည်။ နောက်တစ်နေ့စာမေးပွဲမို့ ကျောင်းစောစောလွှတ်သဖြင့် အိမ်ပြန်လာရသော်လည်း ကျွန်တော့်စိတ်ကကျောင်းမှာကျန်ရစ်သလိုခံစားရ၏။ စာမေးပွဲပြီးလျှင်သီတင်းကျွတ်ကျောင်းပိတ်ရက်။ ကျောင်းပြန်ဖွင့်သည့်အခါသည်ကျောင်းမှာရောဝါးခယ်မမှာပါ ကျွန်တော်ရှိတော့မည်မဟုတ်။

#                  #

သီတင်းကျွတ်ပွဲတော်နောက်ဆုံးနေ့ည ထုံးဆံအတိုင်းအိမ်တွင်းအိမ်ပြင် ဖယောင်းတိုင်မီးပူဇော်ကြသည့်အခါ ပစ္စည်းတွေရွှေ့ပြောင်းသိမ်းဆည်းပြီးပြီမို့ တစ်အိမ်လုံးရှင်းလင်းခြောက်သွေ့နေလေသည်။ ခါတိုင်းကဲ့သို့အိမ်ပြင်ထွက်ပြီး လသာသာကောင်းကင်ယံ ခုလိုဝါကျွတ်ညမျိုးမှာတွေ့နေကျ မီးပုံးပျံတွေကို ရှာဖွေငေးမောရင်းငြင်းခုံပျော်ပါးဖို့ရာ အိမ်နီးနားချင်းကလေးလူကြီးတွေကလည်း (ကျွန်တော်တို့ကိုအနှောက်အယှက်ဖြစ်မှာ စိုး၍လားမသိ) မရောက်လာကြတော့။ သို့နှင့်နောက်တစ်နေ့နံနက်စာစားပြီးချိန်တွင်သင်္ဘောဆိပ်သို့ဆင်းခဲ့ကြလေသည်။ နေအိမ်မှတစ်မိုင်ခန့်ဝေးသော ကမ်းနားဆိပ်အထိခလေးလေးယောက်အပြင် ဝန်စီစလည်တွေနှင့် အမေတစ်ယောက်တည်း မည်သို့မည်ပုံရောက်သွားကြသည်ကိုမမှတ်မိတော့သော်လည်း ကမ်နားဆိပ်မှသင်္ဘောပေါ်အထိအတွေ့အကြုံတွေမှာ မေ့နိုင်စရာမရှိပေ။ 

ထိုနေ့ကအလှည့်ကျ ဒဂုံမေသင်္ဘောဆိုက်လာတော့ တစ်စင်းလုံးပြည့်ကျပ်ပြီး ပစ္စည်းမပြောနှင့်လူပင်လိုက်ပါရန်ခက်ခဲသောကြောင့် ကျွန်တော်တို့မိသားစုသာမက အခြားခရီးသည်အတော်များများပင်ကျန်ရစ်သည်။ မြို့တွင်းမှခရီးသည်တွေ အိမ်ပြန်သွားကြသော်လည်း ကျွန်တော်တို့မှာပြန်စရာအိမ်မရှိ။ ရှိခဲ့လျှင်ပင်သည်လူအုပ်သည်ပစ္စည်းတွေနှင့်သွားလိုက်ပြန်လိုက်လုပ်ဖို့ရာမလွယ်။ လက်ရှိပစ္စည်းတွေပုံထားရာ ကျောက်တိုင်ကွင်း (ပန်းခြံ) အတွင်းမှာပင်ညအိပ်ကြရတော့မည်။ မည်သည့်အရပ်မှမည်သည့်အကြောင်းဖြင့်ရောက်နေကြမှန်းမသိသော နွမ်းနွမ်းပါးပါးမိသားစုအချို့သည်လည်း ပန်းခြံထဲမှာစတည်းချနေကြသည်မို့ အဖေါ်တော့ရလေသည်။

မှောင်ရီပျိုးစအချိန်မှာ သင်္ဘောပေါ်တွင်စားရန်ချက်ပြုတ်ယူ‌ဆောင်လာသော ထမင်းချိုင့်ကိုဖွင့်ကာမိသားစုညစာစားခိုက် မထင်မှတ်ဘဲမိုးရွာချသည်နှင့်ကြုံရ၏။ ရှိသမျှအခင်းတွေထုတ်၍မိုးကာသော်လည်း မလုံသဖြင့်ကျွန်တော်တို့ အားလုံးစိုရွှဲကုန်ပြီး ထမင်းဟင်းပန်းကန်တွေထဲ မိုးရေဝင်ကာစားမဖြစ်တော့။ နှစ်နှစ်အရွယ်သားငယ်ကို ရင်ခွင်ထဲပွေ့ချီပြီး မိုးဒဏ်လေဒဏ်မှကာကွယ်ပေးကာ ငိုင်နေသောအမေ့ကိုကြည့်ရင်း ကျွန်တော်တို့တတွေ ကိုယ့်ကိုကိုယ်သတိမထားဖြစ်သလို ဆာလောင်မှုတွေကိုလည်းအမှတ်မရတော့။ မကြာမီမိုးတိတ်သွားပြီး ညအမှောင်ကကြီးစိုးလာသည်။ အားလုံးရေစိုဝတ်တွေနှင့်ပင်ထိုင်နေကြဆဲမှာ အမေ့နာမည်ကိုအော်ခေါ်လျှက် လျှောက်လာနေသော အမျိုးသမီးကြီးတစ်ဦး၏ပုံရိပ်ကိုမြင်ရသည်။ 

အနားသို့ရောက်လာပြီး တစ်ယောက်ကိုတစ်ယောက်တွေ့မြင်ကြသောအခါ ထိုအဒေါ်ကြီးက ဂရုဏာဒေါသဖြင့် အမေ့ကိုအပြစ်တင်လေသည်။ တစ်စုံတစ်ယောက်က ကျွန်တော်တို့မိသားစုဖြစ်အင်ကိုမြင်ပြီးလာပြောသဖြင့် သိသိခြင်းထွက်လာခဲ့ကြာင်း ဆွေမျိုးရင်းခြာတွေသည်လိုမစိမ်းသင့်ကြောင်းပြောပြီး သူတို့အိမ်ကိုလိုက်ခဲ့ကြဖို့ခေါ်၏။ အမေက အစပထမအားနာစွာ ငြင်းဆန်သော်လည်း လာခေါ်သောအဒေါ်ကြီးကိုလေးစားရင်းစွဲရှိသည်ကတကြောင်း၊ ကျွန်တော်တို့အနေအထားအရ အရိပ်အာဝါသအမှန်လည်းလိုအပ်နေသည်မို့တကြောင်းကြောင့်ဖြစ်မည်ထင်သည် လဲစရာအဝတ်အစားအချို့ထုတ်ကာအဒေါ်ကြီးနှင့်အတူလိုက်ပါခဲ့ကြ၏။ ကျန်ပစ္စည်းတွေကို ကွင်းထဲမှာသည်အတိုင်းထားခဲ့သည်။ တစ်ကယ်တန်း အဒေါ်ကြီးတို့အိမ်ကဝေးသည်မဟုတ်။ ပန်းခြံနှင့်မျက်နှာချင်းဆိုင်ကန္နားလမ်းပေါ်မှာမို့ လမ်းဖြတ်ကူးလိုက်ရုံနှင့်ရောက်သည်။ မည်သို့ဆိုစေ ဝါးခယ်မမှထွက်ခွာမည့်ညကို ကွင်းပြင်ထဲတွင်အိပ်စက်ရင်းကုန်ဆုံးရမည့်အဖြစ်မှ ကျွန်တော်တို့ကင်းလွတ်ခဲ့ရ လေသည်။

နောက်တစ်နေ့မှာရာသီဥတုသာယာသည်။ ထိုအဒေါ်ကြီးမှတစ်ဆင့် ဆိပ်ကမ်းလုပ်သားများ၏အကူအညီရသဖြင့် ညနေသင်္ဘော (ဝင်းစိန်) တွင်နေရာရကာပစ္စည်းရောလူပါသက်သက်သာသာချောင်ချောင်ချိချိ လိုက်ပါနိုင်ခဲ့သည်။ ကျွန်တော်တို့မိသားစုဝါးခယ်မနှင့်ခွဲခွာခန်းမှာ ဤသို့လျှင်အမှတ်ထင်ထင်ရှိခဲ့၏။ အခက်အခဲတွေကြားမှာ တန်ဖိုးမဖြတ်နိုင်သောစာနာထောက်ထားတတ်သူနှင့်တွေ့ရပုံမှာလည်း ဒဏ္ဍာရီဆန်ဆန်မမေ့နိုင်စရာဖြစ်လေသည်။ မည်သို့ဆိုစေ ထိုနေ့ညနေအဆင်ပြေချောမွေ့စွာထွက်ခွာလာနိုင်ခြင်းသည်ပင် မရေရောသောရှေ့ခရီးအတွက် အင်အားတစ်ရပ်ဟုဆိုရမည်ဖြစ်တော့၏။

နေ့သစ်တစ်ခု၏အစမှာ စမ်းချောင်းမြေကို ကျွန်တော်ပြန်လည်ခြေချဖြစ်လေသည်။





Monday, August 29, 2016

ကျွန်တော်နှင့် ဆေးတံ



ဆရာငြိမ်းကျော်၏ ဝတ္ထုတစ်ပုဒ်ထဲမှကိုယ့်ပစ္စည်းနှင့် ကိုယ်လူမုန်းခံရသည့်အရာသုံးခုရှိသည်ဆိုသောဇာတ် ကောင်တစ်ဦး၏ ပြောစကားကို ကျွန်တော် အမှတ်ရနေ၏။ ဝတ္ထုအမည်နှင့် ဇာတ်လမ်းကိုတော့မေ့နေပြီ။ ထိုစကားကိုကွက်၍အမှတ်ရနေသည်မှာ တိုက်ဆိုင် မှုကြောင့်ဟုပြောနိုင်လေသည်။ ဝတ္ထုထဲတွင်ပြောသောစကားက “လောကမှာကိုယ့်ပစ္စည်းနဲ့ကိုယ် လူမုန်းခံရတတ်တဲ့အရာသုံးခုရှိတယ်၊ တစ် နှုတ်ခမ်းမွှေး၊ နှစ် ဆေးတံနဲ့၊ သုံး မော်တော်ဆိုင်ကယ်” ဟူ၍ဖြစ်၏။ ထိုဝတ္ထုဖတ်ဖြစ်သည့်အချိန်၌ ကျွန်တော်နှုတ်ခမ်းမွှေးထားပြီး ဆေးတံသောက်တတ်သည်မှာ နှစ်အနည်းငယ်ပင် ကြာနေပြီ။ မော်တော်ဆိုင်ကယ်တော့ မရှိ။ ဝယ်စီးဘို့ပိုက်ဆံမရှိသလိုစီးဘို့ရာလည်းစိတ်မဝင်စား။ ထိုဝတ္ထု ထိုစာသားတွေကို ဖတ်သည့်အခိုက်ကိုယ့်ဘာသာကြိတ်ပြုံးမိရုံမှအပ ထူးထူးထွေထွေမရှိ။ လူမြင်အကပ်ခံရခြင်း၌ ထိုအရာတွေမပါဘဲနှင့်ပင်လုံလောက်နေသည်မို့လားတော့မသိ။

စဉ်းစားကြည့်တော့ ထိုစကားများသည် စာရေးဆရာ၏အတ္တနောမတိကို သူ့ဇာတ်ကောင်မှတစ်ဆင့်ဖေါ်ပြခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က အကြောင်းအားလျော်စွာပြောသည်ကို ပြန်လည်ဖေါက်သည်ချခြင်းဖြစ်နိုင်သည်။ လူမြင်ကပ်ခြင်းမကပ်ခြင်းသည် ထိုအကြောင်းအရာများနှင့်တိုက်ရိုက် ဆက်စပ်သည်ဟု ဆရာငြိမ်းကျော်ရှင်းပြမထားခဲ့သလို ကျွန်တော်လည်းမထင်။ ဥပမာ ဆရာကြီးရွှေဥဒေါင်းသည် သူ့စာသူ့စရိုက်ကြောင့် သူ့ဘဝမှာ အထင်အမြင်လွဲမှား(အမြင်ကပ်)ခံရခြင်းများကို ပြင်းပြင်းထန်ထန်ကြုံတွေ့ရဘူးသော်လည်း သူ၏ အမှတ်လက္ခဏာ ဆေးတံသောက်ခြင်းအတွက်မူ (ကျန်းမာရေးကြောင့်သတိပေးမှုမျိုးမှလွဲ၍) အားကျချီးကျူးခြင်းသာခံရ၏။ ရွှေဒေါင်းနဲ့မင်းနဲ့ဘာဆိုင်လို့လဲဟု (ဆေးတံသောက်ခြင်းအတွက်) ကျွန်တော့်ရှင်းလင်းချက်အား သဘောမတွေ့ခဲ့လျှင် ကျွန်တော်ဘက်ပြိုင်အငြင်းမပွားလိုပါ။

သို့စဉ်လျက် နည်းနည်းဖြစ်ဖြစ်အထွန့်တက်လိုက်ရမှကျေနပ်သူဟု ရင်းနှီးသူတွေအငေါ်တူးလေ့ရှိသော ကျွန်တော် (ဤသည်ပင်လူမြင်ကပ်စရာအကြောင်းဖြစ်နိုင်သည်) ငယ်စဉ်က အိမ်ချင်းကပ်နေထိုင်ခဲ့ဖူးသော ဘကြီးဦးမြတ်စံကိုသတိရမိသည်မှာတော့အမှန်ပင်ဖြစ်သည်။ ထိုစဉ်က ယ္ခုကျွန်တော့်အရွယ်ပင်ရှိပုံမပေါ်သေးသောဘကြီးကဆိုက်ကားနင်းသည်။ ဆေးတံလည်းသောက်သည်။ ဆေးဘူးကိုကျောဘက်ပုဆိုးအနားတွင်လိမ်၍ ဆေးတံကိုခါးကြားညှပ်ကာ ဆိုက်ကားတွန်းလျက်ထွက်လာသောသူနှင့် သတင်းစာပို့ရန်စက်ဘီးတွန်းလျက်ထွက်လာသောကျွန်တော်တို့ မနက်တိုင်းလိုလို အိမ်ရှေ့လမ်းမပေါ်တွင်ဆုံနေကျ။ တစ်ခါတစ်ခါသူ့ကိုဆေးတံကြီးခဲလျက်တွေ့ရတတ်၏။ သူနှင့် (ထိုစဉ်က ငါလည်းတစ်နေ့ကျလျှင်ဆေးတံသောက်မည်ဆိုသော ရည်မှန်းချက်မျိုးမရှိသည်နှင့်) စကားစမြည်မပြောဖူး။ သူကလည်း ဘဝဇာတ်ကြောင်းတွေဘာတွေ မတောက်တခေါက်ပင်ရေးဖူးမည်မဟုတ်သောကြောင့် သူ့ဆေးတံအတွေ့အကြုံကို ကျွန်တော်သိခွင့်မရခဲ့။ သို့သော် ရပ်ကွက်တွင်းအမြင်ကပ်ခံရသူတွေထဲမှာ ဘကြီးဦးမြတ်စံမပါသည်ကိုတော့ ကျွန်တော်သိသည်။ ထားတော့။

ကျော်ကြားလို၍ ဆေးတံသောက်ကြခြင်းမဟုတ်သည့်တိုင် ဆေးတံသောက်၍ကျော်ကြားကြခြင်းမဟုတ်သည့်တိုင် (တစ်ခေတ်က)ကျော်ကြားသူ အတော်များများဆေး တံသောက်ကြသည်မှာတော့သေချာသည်။ ကားလ်မာ့က “အရင်းကျမ်းရေးလို့ရတဲ့ငွေဟာ ကျုပ်ဆေးတံမီးညှိတဲ့မီးခြစ်ဆံဘိုးကိုတောင်မကာမိပါဘူး” ဟု ပြောခဲ့သည်။ အိုင်းစတိုင်းက ဆေးတံသောက်ခြင်းသည် လူရေးလူရာများစွာတို့၌ တည်တည်ငြိမ်ငြိမ် ဓမ္မဓိဋ္ဌာန်ကျကျ ချိန်ဆဘို့ရာအထောက်အပံ့ဖြစ်စေ၏ဟု ဆိုခဲ့ဖူးသည်။ ဂျော့ဝါရှင်တန်က ပိုက်ဆံမပို့ချင်နေဆေးတံသောက်ဆေးတော့ပို့ပေးပါဟု (ကွန်ဂရက်ကို)မှာဘူးသည်။ ရွှေဥဒေါင်းက ကျန်းမာရေးရှုဒေါင့်မှ လူထုဒေါ်အမာ သူ့အားသတိပေးသည့်အပေါ် ဆေးတံကကောင်းသည့်ဘက်က ပြောစရာတွေအများကြီးရှိပါတယ်၊ အင်မတန်အဖေါ်ရတယ်ဟု ရယ်မောကာပြောဆိုခဲ့ဘူးသည်။ ဤတွင် ဆေးတံတိုတစ်ညှိုလောက် ရော့သောက်တော့ပေးဟူသော နန်းတွင်းသူ မယ်ခွေတို့၏လွမ်းမောဘွယ်ဆေးတံဖွဲ့တွေမပါဝင်သေး။

သို့သော် ထိုပုဂ္ဂိုလ်ထိုစကားများကိုအားကျပြီး ကျွန်တော်ဆေးတံသောက်ခဲ့ခြင်းတော့မဟုတ်။ ဆေးတံနှင့် ပတ်သက်၍သူတို့ပြောစကားအများစုသည်ပင် မနေ့တစ်နေ့ကဆိုသလိုဂူဂယ်မှာတွေ့ရခြင်းဖြစ်၏။ ဆရာကြီးတွေလို ဆေးတံဋီကာဖွင့်ဘို့နေနေသာသာ အားကိုးအားထားရှာသည့်သဘောသူတို့၏စကားများ သည်မျှကိုးကားမိသည်ပင်လျှင်လွန်လှပြီ။ အခန့်မသင့်ပါက သံဃာစင်ပေါ်မှပရမတ္တသင်္ဂြိုလ်ဆရာကြီးများဝိုင်းတွင်းသို့ ဖိနပ်ခါးကြားထိုးပြီးခပ်တည်တည်ဝင်ထိုင်ရန်ကြိုးစားသည့်မရူးမနှမ်းကပ္ပိယပမာသြချစရာဖြစ်သွားနိုင်သည်။ မည်သို့ဆိုစေ  ကပ္ပိယလည်းဆေးတံသောက်ခွင့်တော့ရှိလေရာ ယ္ခုသို့ဆေးရွက်ကြီးကို ကမ္ဘာ့ရန်သူအဖြစ်ဟစ်အော်ကြွေးကြော်နေသည့်ကာလတွင်မှ ဆေးရွက်ထွက်ကုန်တစ်ခုဖြစ်သော ဆေးတံဆေးသောက်သုံးရှူရှိူက်ခြင်းအကြောင်း တခုတ်တရပြောပြ သည့်အပေါ်အပြစ်ရှိသည်ဟုကျွန်တော်မမြင်။ ဘဝစာမျက်နှာဆိုသည်မှာ ခြစ်ရာဖျက်ရာတွေနှင့်အမြဲတစေကင်းသည်မဟုတ်။

စင်စစ် ဘွဲ့ရသည်အထိကျွန်တော်ဆေးလိပ်မသောက်တတ်သေး။ ရိုးသားစွာဝန်ခံရလျှင်လက်တဲ့တော့စမ်းဖူးသည်။ ကိုးတန်းကျာင်းသားဘဝ တစ်ပတ်တစ်ခါဆိုသလိုကျွန်တော်ရုပ်ရှင်ကြည့်လေ့ရှိရာ ပိုက်ဆံတစ်ကျပ်ထဲမှသုံးမတ်တန်းလက်မှတ်ဝယ်ပြီး ကျန်တစ်မတ်ကိုသွားရည်စာမစားဘဲ စီးကရက်ဝယ်သောက်ခြင်းဖြစ်၏။ မြေနီကုန်း ရုပ်ရှင်ရုံလေးရုံအနက် ဇာတ်ကားသစ်တင်လေ့ရှိသော ရွှေမန်းနှင့်တပင်ရွှေထီးရုံတွင်အကြည့်များသည်။ ခေတ်ဟောင်းမြန်မာကားများ တင်လေ့ရှိသော ရတနာပုံရုံနှင့်နိုင်ငံခြားကားဟောင်းများတင်လေ့ရှိသော ဆန်းသီရိရုံတို့တွင်တစ်ခါတစ်ရံမှကြည့်ဖြစ်၏။ ညဦးပိုင်းအိမ်မှစောစောထွက်၉နာရီခွဲပွဲအတွက် လက်မှတ်ဝယ်ပြီးနောက် မြေနီကုန်းလေဟာပြင်ဈေးဘက်လျှောက်ကာ စာအုပ်အဟောင်းဆိုင်တွေကြည့် ပိုက်ဆံကျန်သေးလျှင် (ငါးမူးတစ်ကျပ်တန်)ဝယ် ဟိုငေးသည်ငေးနှင့်ကိုးနာရီထိုးသွားလျှင်ရုံဘက်ကိုပြန်လှည့်။ ရုပ်ရှင်ပြရန်မီးမှိတ်ချိန်မှရုံထဲဝင်လေ့ရှိ သည်။ တစ်ခါတစ်ရံ (အပြင်မှာဆေးလိပ်သောက်ချိန်ကြာသွားသဖြင့်) ဗဟိုရုပ်ရှင်သတင်းလို ရုံဝင်တော့မည့်ဇာတ်ကားနမူနာတို့လို ပြချိန်မှရောက်သွား တတ်သည်။

ယခု ဒဂုန်စင်တာနေရာတွင် ထိုစဉ်ကကုက္ကိုပင်ကြီးတစ်ပင်ရှိလေရာ လမ်းမီးအလင်းရောင်ကို အုပ်ဆိုင်းထားသလို ဖြစ်နေသောကြောင့်ဆေးလိပ်သောက်ရန် (အထူးသဖြင့်ကျွန်တော်တို့လိုလူမြင်သူမြင်မခံဝံ့သူတွေအတွက်) အလွန်သင့်လျော်၏။ အနီးနားကွမ်းယာဆိုင်တစ်ဆိုင်ဆိုင်မှ ဒူးယားပရုပ်အေးနှစ်လိပ်တစ်မတ်ပေး ဝယ်ပြီးဆိုင်မှာပင်မီးညှိကာ ကုက္ကိုပင်ကွယ်၍တစ်လိပ်ကုန်အောင်သောက်။ ပြီးလျှင် ကြည့်မည့်ရုံသို့ ကမန်း ကတန်းပြေးရ၏။ ကျန်စီးကရက်တစ်လိပ်ကို ရုပ်ရှင်လွှတ်ချိန်တွေ့ရာဆိုင်မှာမီးဝင်ညှိပြီး ပြည်လမ်းနှင့်မဟာမြိုင်လမ်းအတိုင်း အိမ်အပြန်စိတ်ကူးယဉ်လမ်းလျှောက်ရင်းသောက်။ ညအေးအေးလကလေးများသာသည့်အချိန် ပရုပ်အေးစီးကရက်မွှေးမွှေး၏အရသာက မေ့နိုင်စရာမရှိ။ (ထို့အတူတစ်ကြိမ်သောအခါက အစ်ကိုကြီးတို့ ဇနီးမောင်နှံလေဟာပြင်ညဈေးအလာနှင့်ပက်ပင်းတိုးနေသောကြောင့် ကပျာကယာလွှင့်ပစ်လိုက်ရသည့် သောက်လက်စ ပရုပ်အေးနှင့်ဇောချွေးတို့ကိုလည်း မေ့နိုင်စရာမရှိ။ ဤကား စကားချပ်)။

ဆယ်တန်းနှစ်ဆောင်းဦးပေါက် ကျောင်းကုန်းလမ်းစာပေဟောပြောပွဲတွင် သိပ္ပံမှူးတင်ကဆေးလိပ်အန္တရာယ် အကြောင်းဟောပြောသည်။ သုတသမားဆရာ့အာဝဇ္ဇန်းက ဘယာနကဝီရရသတို့ဖြင့် ပရိဿတ်ကိုဖမ်းစားသွားသည့်ပွဲဖြစ်၏။ သူက လူငယ်ပရိဿတ်ကို အဓိကဦးတည်ပြောခဲ့ရာတခြားလူငယ်တွေဘယ်လိုနေမည်မသိ ကျွန်တော့်အဖို့ထိုနေ့မှစ၍ (မစွဲသေးသည့်)ဆေးလိပ်နှင့်ကင်းကွာသွားသည်မှာဘွဲ့ရသည်အထိဖြစ်တော့သည်။ သို့သော် အမြီးကောက်ကိုစွပ်သော ကျည်တောက်အားချွတ်လိုက်သည့်အခါ ကျွန်တော်ကောက်ကိုင်သည်က ဆေးတံဖြစ်နေသည်။ စပ်မိ၍ပြောရလျှင် ကျွန်တော်တို့မိသားစုတွင်ဆေးလိပ်သောက်သူများ ရှိကြသော်လည်း ဆေးတံသောက်သူမရှိ။ မင်းကငါတို့အဖိုးနဲ့တူတာဟုကျွန်တော်ဆေးတံသောက်သည်ကိုကြည့်ပြီးအမေကပြောဘူးရာ အမျိုးထဲမှာ ဆေးတံသောက်သူရှိခဲ့ပုံတော့ရသည်။ အတုမြင်အတတ်သင်သည်ဟု ပြောရအောင်လည်း ဆေးပေါ့လိပ်နှင့်ဆေးပြင်းလိပ်သမားတွေကျော်၍ ကျွန်တော်က ဆေးတံကိုအစိမ်းသက်သက် စတင်သောက်သုံးခြင်းဖြစ်၏။ သောက်ဖြစ်ပုံမှာလည်း အိုးဆွဲခွက်ဆွဲတော့အနည်းငယ်နိုင်သည်။

ကျောင်းအပြီး မီးရထားဘက်တွင်အလုပ်ဝင်စတစ်ညနေခင်းမှာမြေနီကုန်းဘက်သို့ ကျွန်တော်လမ်းလျှောက် ထွက်ခဲ့သည်။ ရွှေမန်းရုံရှေ့ပလက်ဖေါင်းပေါ်တွင် စာအုပ်ဆိုင်များကိုလိုက်လံမွှေနှောက်ရင်း သူတို့အကြား ယခင်မမြင်ဘူးသောဆိုင်တစ်ဆိုင်၏ ပလပ်စတစ်အခင်းစပေါ်၌ ဆေးတံရောင်စုံနှင့်အတူ အခြားစုံစီနဖာများ ချခင်းထားသည်ကိုတွေ့ရ၏။ ကျွန်းသားဖြင့်လုပ်ထားသော ဆေးတံလေးများကကျွန်တော့်ကိုဆွဲဆောင်နေ ကြသည်။ ဘာရယ်မဟုတ်ကြည့်ရင်း အရိုးတိုဆေးတံတစ်ချောင်း၏ဈေးကိုမေးရာ ငါးကျပ်ဟုဆိုသည်။ ငါးကျပ်ဆိုသောပိုက်ဆံကသိပ်မနည်းလှ။ သည့်အပြင် ထိုအချိန်ထိဆေးလိပ်ပင်မသောက်တတ်သေး သည်မို့ တွေဝေနေသော ကျွန်တော့်ကိုကြည့်ပြီး ဈေးသည်ဦးကြီးကသုံးကျပ်နဲ့ယူသွားဟုပြောသည့် အခါ ငြင်းနိုင်စွမ်းမရှိတော့သလိုဖြစ်ရ၏။ သို့နှင့်ဝယ်ဖြစ်သွားသည် ဆိုပါစို့။ နောက်တစ်နေ့ လုပ်ငန်းခွင်ရှိရာ ရန်ကုန်ဘူတာကြီးမှအပြန် ဗိုလ်ချုပ်ဈေးအရှေ့ဘက်တန်းရှိ ဖြတ်သွားဖြတ်လာရင်းတွေ့ဖူးထားသောစားသောက်ကုန်ပစ္စည်း လုပ်ငန်းကော်ပိုရေးရှင်းအရောင်းဆိုင်တွင် အုန်းတောဆေးတံသောက်ဆေးသုံးအောင်စထုပ်တစ်ထုပ် နှစ်ကျပ်ခွဲပေးဝယ်ပြီးသည်နှင့် ကျွန်တော်ဆေးတံသမားဖြစ်တော့၏။

သောက်ကာစအာခေါင်တွေကွဲစပ်သည့်ဒုက္ခကိုအထူးမပြောလိုပြီ။ သို့သော် (ဆရာကြီးရွှေဥဒေါင်းရေးသလိုပင်) ဆေးတံသောက်စလူများဖြစ်လေ့ဖြစ်ထ မျက်စေ့ထဲတွင် ‘ထော်လော်ကန့်လန့်’ တော်တော်နှင့် ‘အသားမသေ’ နိုင်ခြင်းမျိုးရှိခဲ့မည်မှာတော့သေချာပါသည်။ ဘာကြောင့် ဆေးတံကိုမြင်မြင်ခြင်းဆိုသလိုတန်းတန်းစွဲဖြစ် ခဲ့ရသည်ကို ပြန်စဉ်းစားကြည့်သောအခါဖြစ်နိုင်ခြေဟူ၍ ခလေးဘဝကအဖြစ်တချို့ကိုသာပြောရန် ရှိတော့၏။ ကျွန်တော်တို့ မိခင်ဘက်က ရိုးရာမှာပြည်လယ်ပြင်မောင်နှမဖြစ်ပြီး ဝါးခယ်မမှာနေစဉ်က တစ်နှစ်တစ်ခါ အဖွားကိုယ်တိုင်ရိုးရာကန်တော့သည်ကို ကျွန်တော်အနီးကပ်မြင်ဘူးသည်။ အထူးသဖြင့်အိမ်ဦးခန်းတွင် တရိုတသေသိမ်းထားပြီးကန်တော့ချိန်ကျမှထုတ်လေ့ရှိသည့် အထုတ်နှစ်ထုတ်အနက် မောင်ဖြစ်သူကိုကိုယ်စားပြုသော အထုပ်တွင်းရှိပစ္စည်းများက ကျွန်တော့်ကိုစိတ်ဝင်စားစေ၏။ အနက်ရောင် ရှမ်းဘောင်းဘီ၊ တိုက်ပုံ၊ လွယ်အိပ်၊ ဆောင်ဓား၊ မြက်ဦးထုပ် ဆေးတံနှင့်ဆေးတံသောက်ဆေးဗူးတို့ဖြစ် လေသည် (ကြေးမီးခြစ်ကြီးပင်ပါသေး၏)။

အိမ်ရှေ့မြေကွက်လပ်ပေါ်တွင် သင်ဖျူးဖြာခင်းပြီးထိုပစ္စည်းတွေချကာမုန့်မျိုးစုံနှင့်ကန်တော့တိုင်း အဖွားအလစ်ကိုစောင့်၍ ကိုင်တွယ်ကြည့်ရှုလေ့ရှိရာ မိသွားလျှင်ခေါင်းခေါက်ခံရတတ်သည်။ သို့သော် တစ်နှစ်တစ်ခါ မှန်မှန်တော့ကြည့်စမြဲ။ ထိုစဉ်ကတည်းကအဝတ်အထည်နှင့်အခြားအသုံးအဆောင်များထက် ဆေးတံကို စိတ်အဝင်စားဆုံး (လင်းခေးဆေးတံသောက်ဆေးနာမည်ကိုထိုကတည်းကကြားဖူးခဲ့သည်) ဖြစ်ပြီး ဆေးမှုန့်ဗူးသာဖေါက်ပြီးသားဖြစ်နေလျှင် သို့မဟုတ် ယ္ခုခေတ်အချို့လူများ ဘိုးတော်မယ်တော်တင်သည့်စီးကရက်လို မီးညှိပြီးသားသာဆိုလျှင် ထိုဆေးတံကိုကျွန်တော်ယူဖွာမိမည်လားပင်မသိပေ။ မည်သို့ဆိုစေ ခလေးဘဝ၏ထိုအတွေ့အကြုံနှင့်အစွဲအလန်းက အရွယ်ရောက်သောအခါ ကျွန်တော်ဆေးတံသောက်ဖြစ်ဖို့အတွက် ပဌာန်းဆက်ဖြစ်သွားခဲ့လေသလားဟု (အကျိုးမရှိသော်ငြား) စဉ်းစားစရာဖြစ်နေလေသည်။ ယ္ခုအဖွားရောအမေရောမရှိ ရိုးရာတင်သည့်ဓလေ့ပပျောက်ပျက်ရုံမက အိမ်ထောင်လျက်သားကျကာ မျိုးရိုးတိမ်ကောလာချိန်တွင် ရိုးရာလက်ကျန်ကိုကျွန်တော်ကဆေးတံဖြင့် ထိန်းနေခြင်းဖြစ်သည်ဟု (ရယ်ရွှန်းပတ်ရွှန်း) ပြောလျှင်ပင် လူမြင်ကပ်မည်။ ဥပဒေတွေမှိုလိုပေါက်သည့်ခေတ်မို့ အခန့်မသင့်လျှင်ငြိစွန်းသွားနိုင်သည်။

ပြောရလျှင်ထိုခေတ် ဆေးတံသောက်ရသည်မှာဆရာကြီးရွှေဥဒေါင်းတို့ခေတ်လောက် (ဒန်ဟီးဆေးတံကို ရိုးကုန်တိုက်မှတစ်ဆင့်မှာယူနိုင်သည်အထိ) အဆင့်အတန်းမြင့်မြင့်အဆင်ပြေပြေမဟုတ်တော့လင့်ကစား အခက်အခဲသိပ်မရှိလှ။ ဘီလူးကျွန်းရွာလွတ်လုပ်ဆေးတံတွေက ပြည်ပသို့ရောင်းချနိုင်သည်အထိ အရည် အသွေးကောင်းသည်။ သိမ်ကြီးဈေးပြည်သူ့ကုန်တိုက်တွင်ရနိုင်သော ပြည်တွင်းဖြစ်ဆေးတံအိပ်ကလည်း သေသပ်လှပသည်။ အုန်းတောဆေးတံဆေးကအနံ့အရသာကောင်းမွန်ပြီး သုံးအောင်စဝင်ပလပ်စတစ်ထုပ်နှင့်ရောသံဗူးဝိုင်းနှင့်ပါလိုသလောက်ဝယ်ရနိုင်သည်။ ထို့အပြင် ယ္ခင်လင်းခေးဆေးတံသောက်ဆေးအား အမည်သစ်နှင့်ဆက်လက်ထုတ်လုပ်သည့်ဘလူးစတားသံဘူးခဲပိတ်ကို သိမ်ကြီးဈေးဒီရုံမှာ ဝယ်၍ရပြီး အုန်းတောလောက်မနူးညံ့သည့်တိုင် အရသာတစ်မျိုးထူးသည့်အပြင် ဈေးလည်းပို၍သက်သာသည်။ သို့ဖြစ်ရာ ကျွန်တော့်လိုလက်သင်ဆေးတံသမားတစ်ယောက် သွားလေရာဆေးတံအိပ်ကလေး ကိုင်လျက် ဟန်ကျ ပန်ကျ ရှိခဲ့ရပါ၏။ နိုင်ငံခြားဖြစ်ဆေးမှုန့်ကို သံတမန်ကုန်တိုက်တွင်ဝယ်ရနိုင်သည် ကြားဖူးသော်ငြား မဝင်ဆန့်နိုင်သလို ဂလုပ်ရုံ (ဂုဏ်ရုံ) ရှေ့နှင့် ဗိုလ်ချုပ်ဈေးတို့တွင် မှောင်ခိုရောင်းချသည့်ဈေးကလည်း ရသမျှလခထက် အပုံကြီးပိုများနေသောကြောင့် အနားပင်မသီနိုင်သည်မှာတော့ခေတ်၏သရုပ်ဟု ဆိုရမည်။

မီးရထားမှထွက်ပြီး မြန်မာ့ရေနံတွင်အလုပ်ဝင်သည့်အခါ မြေလတ်ပိုင်း၌တာဝန်ကျသည်။ ဆေးတံနှင့်အသား ကျကာစွဲသည့် အဆင့်သို့ရောက်နေပြီ။ ဆေးမှုန့်ရှာရသည့်အလုပ်ပိုလာသော်လည်း မင်းဘူးမကွေးတို့တွင် ဝယ်ရနိုင်သဖြင့် အခက်အခဲမရှိ။ သို့တိုင်အောင်တစ်ကြိမ်မှာတော့ အတော်ပင်ဒုက္ခရောက်ခဲ့ရဘူးသည်။ မန်းရေနံမြေမှမြစ်ဝကျွန်းပေါ်ဘက်သို့ ရေနံတွင်းသစ်တူးဖေါ်ရန်ပြောင်းရွှေ့စဉ် စက်ပစ္စည်းများတင်သည့် ရေယာဉ်တစ်စင်းပေါ်တွင်တာဝန်ခံအဖြစ် ကျွန်တော်လိုက်ပါရသည်။ ဧရာဝတီမြစ်ရိုးအတိုင်းစုန်ဆင်းကြရာ ကျွန်တော့်အတွက်အလုပ်မည်မည်ရရမရှိသည်မို့ အခန်းတွင်း၌ဆေးတံသောက်ရင်းစာဖတ်လိုက် ကုန်းပါတ် ဘက်ထွက်လေညှင်းခံကာ ဆေးတံသောက်ရင်းသဘာဝအလှ တွေထဲမှာနစ်မြောလိုက်နှင့် အတော်ပင်ဟန်ကျနေခိုက် လက်ကျန်ဆေးမှုန့်ကုန်သွားသည်နှင့်ကြုံရ၏။ ပြည်မှာညအိပ်သည့်အခါ ဝယ်ရနိုင်မည်ဟုမျှော်လင့်သော်လည်းမရ။ ရေယာဉ်နားသည့်နေရာမှာသရက်တစ်ပင်ဆိပ်မို့ မြို့တွင်းနှင့်အတန်လှမ်းသည့် တိုင် ဆေးမှုန့်ရလိုဇောကြောင့် စက်ဘက်ဝန်ထမ်းတစ်ဦးကိုအဖေါ်ပြုလျက်ကားကြုံဖြင့် ရွှေဆံတော်ဘုရားထိအရောက်သွား ဘုရားကိုပုဆိန်ပေါက်ဖူးမြော်ပြီးသည်နှင့် ဆေးတံဆေးရှာပုံတော်ဖွင့်ရာ အချိန်ကုန်သည်အထိ မတွေ့ဘဲ ပြန်လာခဲ့ရသည်။ သင်္ဘောပေါ်မှာဘာအလုပ်မှမရှိ သောက်စရာဆေးတံဆေးလည်းမရှိသည့် ဒုက္ခကစာပင်မဖွဲ့သာချေ။ ကံအားလျော်စွာဒါးကတံတားတွင် ရေစောင့်ရင်းရပ်နားခိုက် ကျောင်းကုန်းမြို့ပေါ်တက်ရှာတော့ မထင်မရှားကုန်စုံဆိုင်ငယ်တစ်ခုတွင် ဝယ်၍ရသဖြင့်အဆင်ပြေသွားသည်။ ကာမစ္ဆန္ဒ နီဝရဏတရားကား အားကြီးစွ ဟု ထိုစဉ်ကရှက်တွေးတွေးခဲ့မိသေး၏။

ထို့နောက် ကျွန်တော်ပြောင်းရွှေ့ရာအလုပ်ကပြည်တွင်းရေကြောင်း။ သုံးကျောင်းပြောင်းသောရှင်ဆိုသလို ကျွန်တော်ပြောင်းသောအလုပ်သုံးဌာနရှိပြီ။ အသက်ကလည်း သုံးဆယ်နားနီးပြီ။ စင်စစ် ပြောင်းချင်လွန်း၍ ပြောင်းသည်တော့မဟုတ်။ ပထမအလုပ်နှစ်ခုကဆွဲခန့်သဘောမျိုး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့တွင်လျှောက်ထားဆဲအလုပ်မရမီ လုပ်ကိုင်ရသည့်အလုပ်များသာဖြစ်ကြ၏။ ကျွန်တော်တို့ခေတ် ကျွန်တော်တို့ဆီမှာ အလုပ်ကိုလူကရွေးခွင့်မရှိ အလုပ်ကသာလူကိုရွေးခွင့်ရှိသည်မို့ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ကခန့်အပ်သောအလုပ်သည်သာအမြဲတန်းဖူးစာရှင်အဖြစ် ရိုးမြေကျပေါင်းဖို့ကြိုးစားရ၏။ သို့သော် အရပ်ဘက်ဝန်ထမ်းအများစုတို့ ယောက္ခမအိမ်တက်သမက်မျက်နှာငယ်ကြရသည်ကများလေသည်။ ကမောက်ကမမလောက်မငှတွေနှင့် အသက်တွေသာကြီးလာကြရ၏။ ကံအားလျော်စွာ အလုပ်သစ်တွင်ကျွန်တော်နေခွင့်ရသောအိမ်ကရန်ကုန်မြစ်ကမ်းနဖူးမှာမို့ ညနေခင်းအိမ်ရှေ့ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ မြစ်ဘက်လှည့်ဆေးတံဖွာရင်း မရေရာသောအနာဂါတ်ကိုဘေးချိတ်ထားရသည့်စည်းစိမ်မှာ မြို့ပိုင်မင်းမောင်လူအေးနှင့် နင်လားငါလားထင်လောက်သည်။ သို့သော်သည်ဆေးတံ၏ဒဏ္ဍာရီကလည်းသည်းထိတ်ရင်ဖိုအပြည့်။ ဘာဘာညာညာတွေ အသာထား ဆေးတစ်အိုးကျွမ်းဘို့အရေးပင်လျှင် အခက်အခဲ တွေကတင်းကြမ်း။

စစ်အစိုးရလက်ထက် လွတ်လပ်သောစီးပွားရေးစနက်မှာ အုန်းတောဆေးတံသောက်ဆေးဈေးကွက်ထဲမှပျောက်သွား၏။ သို့သော် ကျွန်တော်နှင့်ဆေးတံကံမကုန်ချင်တော့ဘလူးစတားသံဗူးက ရနိုင်သေးသည်။ သည်မှာ အိမ်သူမရွှေတောက်ကအားကိုးရလေသည်။ လမ်းမတော်ထဲရှိ ကျောင်းတစ်ကျောင်းတွင်အလုပ်လုပ်နေသောသူမသည် ကျောင်းမှအပြန်စိန်ဂျွန်းဈေးတွင်ဝင်၍ ဆေးမှုန့်ဝယ်လာပေးလေ့ရှိသောကြောင့် ကျွန်တော် အိမ်မကွာအိုးမကွာဆေးတံဖွာနေနိုင်ခဲ့၏။ တစ်နေ့သ၌ ကျောင်းစိမ်းလုံချည်အင်္ကျီဖြူနှင့် ဆေးတံသောက်ဆေးဝင်ဝယ်သည့်သူမကို မျက်မှန်းတန်းမိနေသောဆိုင်ရှင်အဒေါ်ကြီးသည် ဖေါ်ရွေပျူငှါစွာဖြင့် “ဒီဆရာမလေးက အဖေအတွက်ဆေးတံဆေးမှုန့်ဝယ်ဘို့ဝတ္တရားမပျက်ဘူးနော်လိမ်မာလိုက်တာ” ဟု ထောမနာပြုသည်နှင့်ကြုံရ၏။ ခင်ပွန်းသည်အတွက်ဖြစ်ကြောင်းပြန်ဖြေလိုက်ရာ အားတုံ့အားနာတောင်းပန်ရှာသည်ဟု မရွှေတောက်ကကျွန်တော့်ကိုပြန်ပြောပြသည်။ ကြည့်လဲလုပ်ပါကွာ တော်ကြာငါ့ကိုမယားငယ်ငယ်လေးကြွေးနဲ့သိမ်းထားတဲ့အဖိုးကြီးထင်နေပါဦးမယ် ဟု ကျွန်တော်ကပြော၏။ သို့သော် မရွှေတောက် ဈေးဝယ်မပျက်သလို ထိုအဒေါ်ကြီး နောက်ထပ်စပ်စုပုံလည်းမရချေ။

ပြည်တွင်းသို့ ရာဘခေါ်မြင်းဆေးတွေလှိုင်လှိုင်ဝင်ရောက်လာသည်နှင့် (ကြားရသည့်အတိုင်းသာမှန်လျှင် ကွမ်းယာဆိုင်တိုင်းမှာရနိုင်သလိုလို) တိုက်ဆိုင်စွာပင် ဆေးတံဆေးမှုန့်တွေပါးရှားလာကြသည်မှာ ကျွန်တော့်အတွက်တော့ ခါးသီးသောအမှန်တရားဖြစ်နေ၏။ ကံအားလျော်စွာ (ကံတောင်းထောက်မစွာဟုမဆိုလို) ဆေးတံသောက်သောကျွန်တော် ပြည်တွင်းမှာအကြံကုန်သဖြင့် ပြည်ပသို့ဂဠုန်ဆားချက် ခရီးထွက်ခဲ့ရပြန်ရာ ထိုအတွက် သက်သာရာရခဲ့ရပြန်သည်။ သို့ပင်ဖြစ်ငြား  ဆေးတံဆေးမှုန့်၏ လောကဓံကလည်း ကျွန်တော်နှင့် မတိမ်းမယိမ်းကံတူကျိုးပေးဟုပင်ဆိုရလောက်လေ၏။ ဝန်ထမ်းအဖြစ်မှမနှုတ်ထွက်မီ ပြည်ပခရီးတစ်ခုမှအပြန် ဘန်ကောက်တွင်ခေတ္တလှည့်လည်စဉ် ဆိုဂိုကုန်တိုက်၌ဆေးတံကောင်တာနှင့် တည့်တည့်တိုးသဖြင့် ကရင်ထန်းလျက်အိုးတွေ့သလိုကျွန်တော်ပျော်ခဲ့ဘူး၏။ နောက်ထပ် နှစ်နှစ်အကြာထပ်ရောက်သည့်အခါ ဆိုဂိုမှာ ဝယ်မရတော့။ ဝန်ထမ်းအဖြစ်မှနှုတ်ထွက်ပြီးသည့်နောက် ဘန်ကောက်တွင်အလုပ်လုပ်ဖြစ်သည့်အခါ တနေ့စင်ထရယ်ကုန်တိုက်သို့သွားခဲ့ရာမှ ဆေးတံနှင့်ဆက်စပ်ပစ္စည်းများရောင်းချသည့် ကောင်တာကို ခလုပ်တိုက်မိသလိုကြုံရပြန်သည်။ ထိုမှခြောက်နှစ်ကြာသော် စင်ထရယ်မှာမရောင်းတော့ သို့သော် ဝေါထရိတ်စင်တာရှိ ဂျပန်ကုန်တိုက် (ဈာန်လားမသိ) မှာရသဖြင့်ဟန်မပျက်။ လွန်ခဲ့သောငါးနှစ်ဘန်ကောက်သို့ အလည် ရောက်ခိုက်သွားရှာရာ ထိုကုန်တိုက်မှာမရှိတော့။ သဘောကောင်းသောဝန်ထမ်းတစ်ဦး၏လမ်းညွှန်မှုဖြင့် ပါရာဂွန်မြေတိုက်ခန်းထဲအထိသွားဝယ်ခဲ့ရသည်။

စင်္ကာပူအတွေ့အကြုံမှာပိုပြီးရိုမန်တိကဖြစ်မည်လားမသိ။ ရောက်ကာစဆေးမှုန့်ရှာပုံတော်အတွင်း သြောချာ့တ်ဘူတာထဲလမ်းပျောက်ကာ ခြေဦးတည့်ရာသွားနေခိုက် ဣစ္ဆိတန်ကုန်တိုက်တွင်းသို့ရောက်သွား၏။ ကိုယ့်ဝေဒနာနှင့်ကိုယ်မို့ တွေ့သမျှဆိုင်ခန်းတွေကွေ့ရှောင်ပြီး အမြန်ဆုံးအပြင်ထွက်ရန်ရွေးချယ်ခဲ့သည့် လူသွားလမ်းကလေးက ငွေရှင်းကောင်တာတစ်ခုကိုဦးတိုက်နေတော့ရာ ထိုငွေရှင်းကောင်တာနောက်ဖက် မှန်ဘီရိုထဲဝယ် ကနွဲ့ကရစံပယ်နေကြသော ၅၀ ဂရမ် ဆေးတံဆေးမှုန့် အထုတ်ငယ်များနှင့်ကျွန်တော် စက္ခုရူပေနသံဝါသဖြစ်လေတော့သည်။ ကျွန်တော်မည်မျှ စိတ်လှုပ်ရှားသွားသည်ကိုမဖေါ်ပြတတ်တော့။ စင်္ကာပူတွင်ရောင်းသောဆေးရွက်ပစ္စည်းမို့ ဈေးတော့အတော်ကြီးပါ၏။ သို့သော် ကျွန်တော်ကလည်းဒါမှဒါဖြစ်နေပြီမို့ ငါတခြားအသုံးအဖြုံးမှမရှိတာဟု (ဒါကိုတော့ဖြုံးမည်ဟူလို) ကိုယ့်ကိုကိုယ်လူမိုက်အားပေးလုပ်လိုက်သည်။ နောက်တော့ ထိုဆိုင်မှာဖေါက်သည်ဖြစ်သွားလေသတည်း။ ကျွန်တော်မှမပြတ်နိုင်တာ မဖြစ်၍လည်းမဖြစ်။ တစ်ခြားဆိုင်ရှာမရသလို ပြည်ပကအထုပ်အတိုင်းယူလာ၍လည်းမရ။

အင်ဒိုနီးရှား (ဘာတန်)တွင်အလုပ်လုပ်စဉ် စင်္ကပူဈေးထက်ခြောက်ဆသက်သာသောနှုံးဖြင့်ဝယ်ရသဖြင့်ဟိုမှာဇိမ်ကျသော်လည်းသည်ဘက်ကမ်းပြန်လျှင်မယူဘဲထားခဲ့ရသည်။ တစ်ကြိမ်တွင် ကမန်းကတန်းဝယ်ပြီး မဖေါက်ဘဲထည့်လာမိသောဆေးမှုန့်တစ်ထုပ်ကြောင့် ကပ်စတန်နှင့်အတော်ရှင်းလိုက်ရဘူးသည်။ သို့သော် မရွှေတောက် မြန်မာပြည်မှအပြန်ဟိုဘက်လေဆိပ် အခွန်လွတ်ဆိုင်တွင်ဆေးတံဆေးမှုန့်တွေ့ပြီး အားရ ဝမ်းသာဝယ်ထည့်လာသည့် ဆေးမှုန့်ခြောက်ထုပ်တော့ ကိုရွှေကပ်စတန်တွေ၏မျက်စေ့အောက်ကပင် အိမ်အရောက်ပါလာခဲ့ဖူးရာ နောက်မလုပ်ဖို့မရွှေတောက်ကြောက်အောင်ခြောက်ထားခဲ့ရသည်။ မဖြစ်စလောက် အနောက်နိုင်ငံအတွေ့အကြုံနှင့်ပြောရလျှင်ဟိုမှာကဝယ်ဘို့လွယ်သလိုသောက်ဘို့လည်း သည်မှာလောက်နေရာမရွေးရ။ ပြီးတော့ စင်္ကာပူနှင့်စာလျှင် ဈေးကသိသိသာသာသက်သာသည်။ ဒါသည်ပင် လွန်ခဲ့သောနှစ်နှစ်ခန့်အထိကအတွေ့အကြုံမို့နောင်ဆိုလျှင်မည်သို့ရှိမည်မသိ။ ယ္ခုအထိတော့ဆေးတံသီးသန့်ဆိုင်တွေရှိဆဲဖြစ်သလို အွန်လိုင်းမှာလည်းတခုတ်တရရောင်းနေကြတုန်း။ ထုံးဆံအတိုင်း အသင်းတွေဘာတွေပင်ဝင်ခိုင်းပြီး ဆေးတံဆေးမှုန့် မီးချစ်ဆက်စပ်ပစ္စည်း လိုသမျှရောင်းနေကြတုန်း။ ဆေးတံသောက်ခြင်းအလေ့အထကို ခေါင်းမာစွာ (ကျွန်တော့်လို) ဖက်တွယ်ထားသူတွေရှိနေဆဲဆိုသည်မှာထင်ရှားသည်။  ထားတော့။

ဝယ်နေကျ ဣစ္ဆိတန်မှာယ္ခုဆေးတံသောက်ဆေးမရောင်းပြန်တော့။ သို့သော် သည်မှာအနေကြာလာပြီမို့ နောက်တစ်နေရာရှာရသည်ကသိပ်အပန်းမကြီး။ အထူးသဖြင့် ကျွန်တော်နှင့်ဆေးတံအကျိုးပေးမှု (တစ်လွဲဝိရိယ) ကြောင့် ရေငတ်တိုင်းရေတွင်းရှေ့ခလုပ်တိုက်လဲတတ်ခြင်းမှာ အစဉ်အလာလိုဖြစ်နေသည်။ ထိုသဘောဖြင့်ပင် တာကာရှီမာယာကုန်တိုက်နှင့်မန်ဒရင်သြောချာ့ဟိုတယ်တို့၌ ဆေးတံစတိုးဆိုင်များကိုရှာဖွေတွေ့ရှိ အားပေးနေနိုင်သေးသည်။ ဆေးရွက်ကြီးပစ္စည်းများကို လူမြင်ကွင်းတွင်ပြ၍ မရောင်းရဆိုသော စင်္ကာပူ၏ အသစ်စက်စက်ဥပဒေကြောင့် (ဆေးတံတော့ပြ၍ရသည်) အတွင်းခန်းထဲဝင်ကြည့်ပြီးဝယ်ရခြင်းသာရှိ၏။ စာထဲမှာဖတ်ဘူးသော ဟိုခေတ်ကဘိန်းခန်းသွားသည့်အတွေ့အကြုံနှင့်ဆင်မည်လားမသိ။ ကျွန်တော်ကတော့ မိဘမောင်ဖွားအကွပ်အညှပ်များသည့် ရွက်ပုံးသီးကွမ်းတောင်ကိုင်ကလေးကို ခိုးကြောင်ခိုးဝှက်သွားသွားတွေ့ရသော ကာလသားစိတ်ဓါတ်မျိုးမွေးကာတက်ကြွဆဲ။ မြန်မာပြည်ပြန်နေသော အခိုက်အတန့်များ၌မူ ကဇော်သမားတွေပြောလေ့ရှိသလို ရွာရောက်တော့လဲချက်ကြီးဘဲပေါ့ကွာဆိုသည်မျိုး တစ်ခုတည်းသောတံဆိပ် ထရိုင်စတားကိုသာအားထားရ၏။ သို့တိုင်အောင် တစ်မျိုးတည်းသောထိုဆေးတံသောက်ဆေးက ဗိုလ်ချုပ်ဈေး၏ တစ်ခုတည်းသောဆိုင်တွင်သာပစ္စည်းမှန်ဈေးနှုန်းမှန်ရနိုင်သည်။ ဆေးမှုန့်ဝယ်ချင်မှသာဗိုလ်ချုပ်ဈေးသို့သွားလေ့ရှိသောကျွန်တော် အရှေ့ဘက်တန်းစင်္ကြန်ရှိ ကျွန်တော်တို့ခေတ်ကပေါင်ချိန်စက်ကြီးရှိနေသေးသည်ကို (ကောင်းမကောင်း ယ္ခင်ကလိုဗေဒင်စာရွက်နှင့်တစ်ကွ အဖြေထွက်ဆဲဟုတ်မဟုတ်မသိရ) ကြည့်ပြီး “အုန်းတောခေတ်” အား ပြန်လည်တသလွမ်းဆွတ်ရသည်မှာတော့ အရသာထူးကဲလှပါသည်။

ဆေးတံခေါင်းစဉ်တပ်ပြီး ဆေးမှုန့်အကြောင်းတွေချည့်ပြောနေဖြစ်သည်မှာတစ်လွဲဆံပင်ကောင်းသလို ဖြစ်နေမည်လားမသိ။ သို့သော် ဆရာကြီးများစိတ်ညစ်သွားလောက်အာင်ခိုင်းနှိုင်းရလျှင် ကျွန်တော့်အတွက်ဆေးတံနှင့်ဆေးမှုန့်က စွယ်တော်လိုနှစ်လွှာပေါင်းမှတစ်ရွက်မို့ မထူး။ ဆေးတံရှားသည်ဆိုလျှင်ပင် (ယ္ခုရွာလွတ်ဆေးတံမထွက်တော့) တစ်နေရာရာမှာရနိုင်ဆဲ။ ၎င်းအပြင် ဆေးတံကတစ်ခါဝယ်လျှင်သုံးပေတော့။ ဝယ်သည့်အခါ အသားအရောင် အဆင်အသွေး အလေးအပေါ့အားလုံးကို ဈေးနှုံးနှင့်တကွချင့်ချိန်ရသည်မျိုးတော့ရှိသည်။ ကျွန်တော့် ဆေးတံသက်နှစ်လေးဆယ်နီးပါးအတွင်း သုံးစွဲခဲ့သောဆေးတံ အရေအတွက် (အပျောက်အရှအပါအဝင်) ဆယ်ဂဏန်းမျှသာရှိမည်ဖြစ်သော်လည်း ဆေးမှုန့်အထုပ်ရောဗူးပါထောင်နှင့်ချီလိမ့်မည်။ ခင်ကြီးဦးကျည်ပွေ့လိုသာအမှတ်ထား တတ်လျှင် ကျွန်တော်အကျွတ်တရားရလောက်ပြီ။ သို့သော် ပြီးခဲ့သောနှစ်ဆန်းပိုင်းလောက်ကမှ ဆေးတံအသစ်တစ်ချောင်းထပ်ဝယ်ဖြစ်ခဲ့၏။ သည်ဆေးတံဆယ်နှစ်တော့ အသုံးခံကြောင်း ကျွန်တော်ကောင်းကောင်းသိ၏။ ကျွန်တော်မသိသည်မှာ နောက်ထပ်ဆယ်နှစ် ကျွန်တော်နေခွင့်ရှိမရှိပင်ဖြစ်လေသည်။ ဒါကိုကံတရားဟုပြောလျှင် ကိုယ့်စကားနှင့်ကိုယ်လူမြင်ကပ်ခံရဦးမှာလားမသိ။

အပြစ်ရှိ၍အကျိုးကင်းသော အမှုတို့ကိုပြုလွယ်တတ်ကြ၏၊ အပြစ်ကင်း၍အကျိုးရှိသောအမှုတို့ကို ပြုနိုင်ခဲကြလေသည်။  (ဓမ္မပဒ ၁၆၃။ အတ္တဝဂ်)

Well! It (pipe) keeps my hands busy and my mouth shut. (Anonymous)

Thursday, July 21, 2016

ကျွန်တော်နှင့် ကဗျာတစ်ပုဒ်



တစ်လောက စာအုပ်ဟောင်းတစ်အုပ်ရှာရန် မဖွင့်သည်မှာအတန်ကြာပြီဖြစ်သော စာအုပ်ဘီရိုကိုဖွင့်ဖြစ်သည်။ အွန်လိုင်းမီဒီယာနှင့် အဆွေ ခင်ပွန်းဖြစ်ကတည်းက သည်စာအုပ်ဘီရိုကိုမထိတို့ဖြစ်သလောက်ရှိသည်မှာကြာပြီ။ ဘဝကိုရေမျောကမ်းတင်သာသာကျဉ်လည်နေရခြင်းသည်လည်းအကြောင်းတစ်ကြောင်းဖြစ်မည်ထင်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်မှသည် ယနေ့ထက်တိုင်ကျွန်တော့်မှာနေရာအတည် တကျမရှိသလိုဖြစ်နေသည်ဆိုလျှင်အပိုပြောခြင်းမဟုတ်။ စည်းမျဉ်းခံ ဝန်ထမ်းဘဝကို ရူးသွပ်စွာမက်မောခဲ့ပါလျက် ဝန်ထမ်းလောကမှ စောစီးစွာထွက်ခွာရသည့်အချိန်မှစသည်။ ဆောလျင်စွာဟုပြောလျှင် ပို၍ တိကျစွာမှန်ကန်မည်။ ကျောင်းပြီးသည်မှစ၍ ဌာနဆိုင်ရာသုံးခု စုစု ပေါင်းလုပ်သက်တစ်ဆယ့်ရှစ်နှစ်သည် တစ်ချို့ဌာနအချို့သောသူများသာဆိုပင်စင်အမျိုးအမည်တစ်ခုခုခံစားနိုင်သည်အထိ လုံလောက်သော်ငြား ကျွန်တော်ကမည်သည့်ခံစားချက်မှရယူခြင်းမရှိ ရယူရန်မကြိုးစားဘဲ (ဆိုပါတော့) ဖုတ်ဖက်ခါထွက်လာခဲ့ခြင်းသာဖြစ်ပါ၏။ ထားတော့။

ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ကာနီးနှင့်နုတ်ထွက်ပြီးချိန်တွင် ဖွင့်လှစ်စဈေးကွက်စီးပွားရေးအတွင်း ယောင်ပေယောင်ပေ နေလိုက်သေးသည်။ စပ်မိစပ်ရာ အခန်းပေးအခန်းယူဆောက်လုပ်ရေး ကန်ထရိုက်တာဖြစ်လိုဖြစ်၊ မြို့တော်တွင်း သယ်ယူပို့ဆောင်ရေးဘတ်စကားလိုင်းထောင်လိုထောင်၊ တောကြီးမျက်မဲထဲ ရေအားလျှပ်စစ်ပိုက်တွေဆင်လိုဆင် လုပ်သမျှအရာမထင် ကြွေးတင်ကျွန်ဖြစ်ကိန်းကြီးသည်ထက်ကြီးလာသည်၌ ကျွေးမတင်သည့်ကျွန်အဖြစ်ကိုရွေးရသည့်အဖြစ်သို့ရောက်လေတော့သည်။ ဤသည်မှာအခြားမဟုတ် အိမ်နီးချင်းနိုင်ငံတွင် ကုမ္ပဏီဝန်ထမ်းအဖြစ်သွားရောက်၍ အခစားအလုပ်လုပ်ရခြင်းဖြစ်၏။ ဆရာသမားတစ်ဦး၏ ခေါ်ယူမှုကြောင့် တစ်နှစ်မိုးခိုရန်ဟုသွားရောက်ခဲ့သည်မှစ၍ (တစ်ခေါက်တစ်ကျင်းပြန်လာဘူးသည်မှအပ) ပြည်တွင်းနှင့်အဆက်ပြတ်ခဲ့ရာ နှစ်နှစ်ဆယ်အကြာမှာ ပြန်ရောက်သည်ဆိုသော်ငြား ယ္ခုတိုင်အထိုင်ကမကျနိုင်။ အိမ်မှာနေရာတကာမှာ ဧည့်သည်နေဧည့်သည်စားမို့ ကိုယ့်စာအုပ်ဗီရိုပင်ကိုယ်ဖွင့်ရန် မေ့လျော့သလိုဖြစ်နေသည်။ ဖတ်ရှုစရာစာအုပ် ရှာဖွေစရာသတင်းအချက်အလက်အများစုကို စာအုပ်ဖွင့်စရာမလိုဘဲရနိုင်ခြင်းကြောင့်လည်း စာအုပ်များရှိရာနေရာဘက်မလှည့်ဖြစ်ခြင်းဖြစ်မည်။

ထိုနေ့ကစာအုပ်ဗီရိုကို နှစ်နှစ်ဆယ်တွင်းပထမဆုံးအကြိမ်အဖြစ်ဖွင့်လိုက်သောအခါကွဲကွာနေသောဆွေမျိုး များနှင့် အမှတ်မထင်ပြန်တွေ့ရသည့်ပျော်ရွှင်မှုမျိုးကိုကျွန်တော်ခံစားရလေသည်။ ရှာလိုသည်က အွန်လိုင်းတွင်မတွေ့သည့် ပျို့ကဗျာစာအုပ်တစ်အုပ်ဖြစ်သော်လည်း ကေသီပန်ကျောင်းသုံးမြန်မာစာ စာအုပ်မှသည် နတ်သျှင်နောင်၏ရတုများအထိ၊ မောင်သာရ၏ အရုပ်မျက်နှာပန်းမျက်နှာမှသည် ဦးလတ်၏စံပယ်ပင်အထိ၊ ဂေါ်ကီ၏အမေမှသည် ဒယ်နီယယ်ဒီဖိုး၏ရောဘင်ဆန်ကရူးဆိုးအထိ၊ ချားဒစ်ကင်၏ဒေးဗစ်ကောပါးဖီးမှသည်  အလက်ဇန္ဒားဒူးမား၏မွန်တီခရစ်စတိုမြို့စားကြီးအထိ တွေ့သမျှစာအုပ်တွေကို (ဖတ်သည်လည်း မဟုတ်) လှန်လှောကြည့်ရင်း နာရီအတန်ကြာမျှပင်ကုန်လွန်သွားသော အချိန်တွေကိုမေ့လျော့နေမိသည်။ ဆွေမျိုးများကို တစ်အိမ်တက်ဆင်းနှုတ်ဆက်ရုံနှင့်နေကုန်သွားသော ကျောင်းပိတ်ရက်အိမ်ပြန်လာသည့် ရွာခံလူငယ်တစ်ဦးပမာ မမောမပန်းသာဟုဆိုရမည်။ ရှာလိုသည့်စာအုပ် (ကိုးခန်းပျို့)ကို မတွေ့နိုင်သည့်အဆုံး လက်လျှော့ပြီးဖွထားသည့် စာအုပ်တွေနေသားတကျပြန်ထားခိုက် တစ်ခုသောချောင်တွင် ကပ်နေသည့်စာအုပ်ပါးကလေးကိုမြင်ကာ စပ်စုလိုစိတ်ဖြင့်ထုတ်ကြည့်လိုက်သည့်အခါ ကျွန်တော့အရုံတွေထွေပြားနေရာမှ ဝေဝါးကုန်ကြ၏။ အတိတ်ခိုးတွေ ရိုက်ခတ်လာသောကြောင့်ဖြစ်နိုင်သည်။

ပညာပဒေသာမှတ်စုဟု အဖုံးတွင်ရိုက်နှိပ်ထားသော မှတ်စုစာအုပ်ငယ်၏နဂိုစစ်တောင်းစက္ကူစက်ထုတ် စက္ကူသားများမှာ ဖြူလျော့လျော့မို့အရောင်မှိန်ရသည့်အထဲ နှစ်ပါင်းများစွာကြာခဲ့ခြင်း၏ လက္ခဏာအဖြစ် (ယ္ခုအထိဆိုလျှင် နှစ်လေးဆယ်သီသီစွန်းပြီ) ဝါကျင်ကျင်ညိုညစ်ညစ် အရောင်သို့ပြောင်းနေပြီ။ ပညာပဒေသာ စာစောင်ဝယ်စဉ်က လက်ဆောင်ရရှိခဲ့သည်ဟု ပြန်လည်အမှတ်ရလာသော ထိုမှတ်စုစာအုပ်အတွင်းမှာ ကျွန်တော့်လက်ရေးနှင့်ကဗျာအချို့ကို တွေ့ရသည်။ စုစုပေါင်း (၃၁) ပုဒ်။ ကဗျာအချို့မှာဖေါ်ပြထားသောရက်စွဲများအရ ကျွန်တော်တက္ကသိုလ်တက်နေစဉ်နှင့် ကျောင်းပြီး အလုပ်ဝင်စကာလ များအတွင်းရေးခဲ့သော ကဗျာများဖြစ်လေ၏။ ကဗျာနှစ်ပုဒ်၏အောက်ခြေ၌ စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းဟု ရေးမှတ်ထားရာ ယင်းတို့မှာကျောင်းနှစ်လည်မဂ္ဂဇင်းတွင်ဖေါ်ပြဘူးသောကဗျာများ ဖြစ်ကြောင်းသိနိုင်သည်။ သို့သော် ကျွန်တော့်အမှတ်သညာတွင်တစ်ပုဒ်သာရှိနေပြီး ကျန်တစ်ပုဒ်ကိုယ္ခုမှတ်စုစာအုပ်တွင်းပြန်တွေ့သည့်အခါမှသာ အမှတ် ရလေ၏။ သို့တိုင်အောင် မည်သို့သောစေ့ဆော်မှုမှရလာသည့်အတွေးဖြင့်ထိုကဗျာရေးဖြစ်ခဲ့သည်ကိုမူ စဉ်းစား၍မရတော့။ ကဗျာကိုပြန်ဖတ်ပြီး စိတ်တွင်ပေါ် လာသောအသိကတော့ ပေးဆပ်ခြင်းဆိုသည်ပင်ဖြစ်လေသည်။ သို့သော် ကဗျာ၏ခေါင်းစဉ်က “ငြိမ်းချမ်းခြင်း” ဖြစ်နေသည်။

[၁]
အရွက်ချင်းယှက်၊
ခက်လက်စိမ်းမြ၊ မိုးမခစဉ်။

ခရီးသွားတို့
နားကြခိုကြ၊ ချိုမြသီးနှံ
ချွေကြချိုင်ကြ၊ သုံးဆောင်ကြနှင့်
အားရဝမ်းသာရှိဘူးပြီ။

ရွာနီးချုပ်စပ်
ထက်ရပ်ဝန်းကျင်၊ အစဉ်အဆက်
ဝင်ကြထွက်ကြ၊အေးမြအရိပ်
မှေးကြမှိတ်ကြ၊ စုဝေးကြနှင့်
ရွှင်ပြမြူးပျော်ခဲ့ဘူးပြီ။

ဇရာထောင်း၍
ရိပ်ကောင်းသီးမွန်၊ မကျေပွန်နိုင်
ယိမ်းယိုင်ချိနဲ့၊ အားမာန်ယဲ့စဉ်
ဖဲ့ဖြတ်ပိုင်းထုတ်၊ သစ်ခုတ်သမား
ထိုလူသား၏၊ လွှသွားထက်မှာ
ကြည်သာနှလုံး၊ ရွှင်အပြုံးနှင့်
နောက်ဆုံးလက်ဆောင်ပေးခဲ့ပြီ။

[၂]
ခရီးသွားနှင့်
အနီးအပါး၊ ဖြတ်သွားဖြတ်လာ
သူသူငါတို့၊ ရံတစ်ခါမျှ
မလာအပါး၊ ငါ့အားမမြင်
ဝန်းကျင်ရွာသား၊ အနားမသီ
မေ့ကြပြီကော၊ ကြာပြီမှပဲ
ရေထဲလေထဲ၊ နေထဲမိုးထဲ
အားခဲရှင်သန်
အကြည့်တန်သည့်၊ အထီးကျန်ငါ။

[၃]
ဝေချိန်သင့်၍
ဝင့်ဝင့်ကြွားကြွား၊ အများသူငါ
မှီရာခိုရာ၊ အားထားရာဖြစ်
တာဝန်ကျေခဲ့၊ ကြွေလှည့်ကြုံက
ကြွေရမည်သာ၊ ဓမ္မတာပေါ့
ဘာဖြစ်သေးလည်း၊ ဝမ်းမနည်းဘူး
မွဲညစ်ယိုယွင်း၊ အဆင်းသိမ်နုပ်
သစ်ငိုအိုဘဝမှာ ငါပျော်ပါတယ်။

ဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တိုကဗျာကိုအားကျကာ ထိုကဗျာကိုကျွန်တော်စပ်ခဲ့မိလေသလား မပြောတတ်။ သို့သော် ပျဉ်းမငုတ်တိုတွင် ဆရာကြီးက လေဒဏ် မိုးဒဏ် စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံရင်း နွေအသစ်တွင် အားသစ်အင်သစ်ဖြင့် ငယ်ရုပ်ဆင်လေသောပျဉ်းမပင်အကြောင်းကိုသီကုံးထားခြင်းဖြစ်၏။ ပြီးတော့ သစ်ငုတ်တိုကိုမြင်ကာ သံဝေဂယူသောစာဆို၏ပြောစကားဖြင့်ရေးဖွဲ့ထားသည်။ ဖတ်ရှုသူများအား စိတ်ဓါတ်တက်ကြွမှုကိုပေးစွမ်းနိုင်သဖြင့် ဝီရရသမြောက်ကြောင်းအထက်တန်းတုန်းကသင်ခဲ့ရဘူး၏။ ကျွန်တော့် ကဗျာထဲမှသစ်ပင်မှာမူ အမျိုးအမည်အားဖြင့်မထင်ရှားသော သစ်ပင်တစ်ပင်ဖြစ်ပြီး လူသားတို့ကိုအဖေါ်ပြုသည် အရိပ်ပေးသည်၊ အသီးပေးသည်၊ နောက်ဆုံးအနေနှင့် မီးဖိုချောင်သုံးထင်းအဖြစ်ဖြည့်ဆီးပေးသည်။  ပေးဆပ်စရာမည်မည်ရရမကျန်သောသစ်ငုတ်တိုဘဝတွင် အများ၏မေ့လျော့ခြင်းကိုခံရသည့်တိုင် ဝမ်းမနည်း အထီးကျန်ဘဝကိုကျေနပ်စွာခံယူသည့်အကြောင်း သစ်ပင်ကပြောသောစကားဖြင့် ရေးသားဖွဲ့ဆိုထားခြင်းဖြစ်လေသည်။ နွေဦး လေပြည် ရွက်သစ် စသည် အားတက်ဖွယ်နိမိတ်ပုံတွေ မျှော်လင့်ချက်တွေမပါဝင်။ ဝီရမဖြစ်။ ရောင့်ရဲခြင်း သန္တရသတော့မြောက်ကောင်းမြောက်မည်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဆိုသလို ကိုယ့်ကဗျာကိုယ် ဂုဏ်အလင်္ကာ ရသရှာသည့်အလုပ် ကျွန်တော်မလုပ်လိုမလုပ်သင့်။ ကျွန်တော်ပြောလိုရင်းက မေ့လျော့နေသော ပုံနှိပ်ကဗျာတစ်ပုဒ်ကျွန်တော့်မှာရှိခဲ့ဘူးသည်။ ပန်းတနော်သားပြောသလိုမျိုး ကျွန်တော်သည်တစ်ပုဒ်ပိုင်မဟုတ်။ နှစ်ပုဒ်ပိုင်။

ကဗျာကိုပြန်လည်ဖတ်ရှုရင်း တွေးမိသမျှအတွေးများထဲမှာ ထိုကဗျာကိုကျွန်တော်ရေးစဉ်ကခံစားချက်ကိစ္စ ပါဝင်သည်။ ပညာရှာဆဲအသက်အရွယ်နှစ်ဆယ်စွန်းစွန်း ကျောင်းသားတစ်ယောက်၏အဘိဓမ္မာတွင် ဘာကြောင့်ရောင့်ရဲခြင်းက လွှမ်းနေခဲ့သည်ကိုတိတိပပကျွန်တော်မသိ။ ဘဝပေးအခြေအနေကြောင့်ဖြစ်နိုင် သည်။ သို့သော် အသက်ခြောက်ဆယ်ကျော်လာပြီဖြစ်သည့်ယ္ခုပြန်ဖတ်သည့်အခါ ဟိုတုန်းကမမြင်ခဲ့သည့် တရားတစ်ခုကိုမြင်မိလေသည်။ တစ်ခြားမဟုတ်အလှတရား။ တိတိကျကျပြောရလျှင် အကျည်းတန်အလှ။ အကျည်းတန်သည့်သစ်ငုတ်အိုဟုထိုစဉ်ကအမြင်ဖြင့် ကျွန်တော်တင်ပြခဲ့သည်။ အရွက်အသီးမဲ့ပင်စည်မဲ့အကိုင်းအခက်မဲ့သစ်ငုတ်ချည်းထည်းတည်းမို့ အကျည်းတန်သည်မှာအမှန်ပင်ဖြစ်ပါ၏။ အကျည်းတန်ခြင်း၏နောက်ကွယ်မှ လောကဝန်တာကျေပွန်စွာပေးဆပ်ခြင်း ထိုပေးဆပ်ခြင်းအတွက် နှစ်သက်ဝမ်းမြောက်သည်မှအပ တစ်စုံတစ်ရာပြန်လည်တောင့်တရယူလိုမှုမရှိခြင်းစသည်တို့သည် ရှိခေါင့်ရှိခဲအလှတရားများပင်မဟုတ်ပါလား။ ထိုအခါ အကျည်းတန်ဆိုသောအသုံးအနှုံးအတွက်အားတုန့်အားနာဖြစ်ရသလို ကျွန်တော့်အာရုံမှာ သစ်ငုတ်အို၏အလှကိုတစ်စစမြင်ယောင်လာခဲ့ ရသည်။ တစ်နည်းအားဖြင့် အကျည်းတန်အလှဆိုသည်ကို ယ္ခုမှကျွန်တော် ခံစားရမိလေသည်။

ထိုကဗျာရေးသည်မှာ လူ့ဘုံခန်းဝါအတွင်းဝံ့ဝံ့စားစားလျှောက်လှမ်းရန်ပြင်ဆင်ဆဲကာလက ဖြစ်သည်။ မျှော်လင့်ချက်တို့ပြင်းပြသလို နာကျင်မှုတို့မြဲမြံတတ်ကြသော ကာလဟုလည်းဆိုနိုင်သည်။ ထို့ကြောင့်ပင် မာန တစ်နည်းအားဖြင့် မာန်၏သဘော ကဗျာတွင်သက်ဝင်နေခြင်းဖြစ်မည်။ ဆယ်စုနှစ်လေးခုအလွန် ယ္ခုမူကား သန်းကောင်ညလယ်တောအုပ်ဝယ် ရှစ်နယ်ပတ်လုံးအမှောင်ဖုံးသည့်အဝိဇ္ဇာတောမှာ သက်တန်းတစ်ဝက်ကျော်မျှ ဖြတ်သန်းခဲ့ပြီးသော ခရီးသွားတစ်ဦး၏အဖြစ်က ပီပြင်လာသည့်အလျောက် ခံစားမိသည့်ဝေဒနာချင်းအထိုက်အလျောက်ကွာခြားနေမည်မှာသေချာပါသည်။ အထူးသဖြင့်မိမိကိုယ်မိမိရွာအပြင် ခင်တန်း အစပ်မှဖုထစ်ရွတ်တွငှက်ဠင်းတနှယ် တင့်တယ်ခြင်းကင်းသောသစ်ငုတ်အိုအဖြစ် မြင်ကြည့်မိသည့်အခါ ရောင့်ရဲခြင်းထက်စာနာခြင်းလွမ်းတခြင်းဝေဒနာတို့ကအလေးသာကြ၏။ အထူးတစ်လည် အားထုတ်ရခြင်းမရှိသလို မြင်ကြည့်ရန်လည်းမခက်ခဲပေ။ ဇရာနယ်တွင်းသက်ဆင်းစပြုသူတိုင်း သစ်ငုတ်အိုပမာရောင်ဝါ မွဲပျက်အညှိတက်သောခန္ဓာကိုယ်၏ ဇာတိဘာဝကိုကြုံကြရသည်မဟုတ်ပါလား။ လောကဓမ္မတာကို သူတကာ အမှုမဲ့အမှတ်မဲ့နေတတ်ကြခြင်းအတွက် အနှီသစ်ငုတ်တိုက တရားဥပစာဖြစ်မည်။ ထိုသို့ ကျွန်တော်ဆင်ခြင်ဖြစ်လေသည်။ ကဗျာရေးစဉ်က စိတ်တွင်း၌သာဖန်ဆင်းရှုမြင်ခံစားခဲ့သော သစ်တစ်ပင်၏ပုံပြင်သည် ယ္ခုအခါ လူသားတစ်ယောက်၏ဘဝ နိမိတ်ပုံဖြစ်နေပြီ။ ဒါသည်ပင် လူတစ်ယောက်၏သမိုင်းဖြစ်နိုင်သည်။

အပင်တစ်ပင်ရှင်သန်ရန် မြေရေလေအခြေခံရှိမှဖြစ်၏။ အပင်၏အမျိုးအနွယ်နှင့်ဇာတိကိုလည်းချန်လှပ်၍မရ။ သရက်ပင'ဆီးပင်ဖြစ်ဖြစ် မိမိဝန်းကျင်ကိုမိမိအတိုင်းအတာနှင့်မိမိ အကျိုးတော့ပြုသင့် သည်။ ပြုလည်းပြုကြပါသည်။ ထိုအတွက် သရက်ပင်ဆိုလျှင်သရက်ပင်ပြီသစွာ ဆီးပင်ဆိုလျှင်ဆီးပင် ပြီသစွာ ကြီးပြင်းသီးပွင့်ဘို့တော့လိုသည်။ ပြီးလျှင် ဆက်စပ်ရာဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေမည့်အရိပ်ပေးမည် အသီးအပွင့်ပေးမည် အကိုင်းအခက်ပင်စည်စသည်ဖြင့်ပေးအပ်မည်။ တစ်ချိန်တည်းမှာအနာဂါတ်တွင်မိမိကဲ့သို့လောကကိုပေးဆပ် အကျိုးပြုနိုင်မည့် မျိုးဆက်သစ်တွေပွားထားရစ်မည်။ မျိုးဆက်ပွားနိုင်ခြင်းကိုတည်၍ သိပ္ပံပညာကလူသားကဲ့သို့ သစ်ပင်တွေကိုသက်ရှိစာရင်းသွင်းပြီးလေ့လာသည်။ ဗုဒ္ဓကမူသြကာသလောကသား အဝိညာတကဝတ္ထုအဖြစ်ဟောဖေါ်ပြသည်။  သို့သော် သင်္ခါရလောကသားတွေမို့ ဖြစ်တည်ပျက်ခြင်းအရာ၌ သစ်ပင်နှင့်လူသာအတူတူပင်ဖြစ်ကြ၏။ ထို့ကြောင့်လည်းပေးဆပ်တာဝန်ကျေပြီးသောသစ်ငုတ်တိုနှင့် ဇရာချဉ်းသော လူသားတို့ထပ်တူကျစွာပမာပြုနိုင်းယှဉ်ခြင်းဖြင့် လောကဓမ္မတစ်ရပ်ကိုမြင်သာအောင် ကဗျာဖြင့်ဖေါ်ကျူး နိုင်ခြင်းဖြစ်မည်။ ခြားနားချက်အဖြစ်သရက်ပင်ကဆီးသီးမသီးသော်လည်း လူသားဘုရင်ဗိမ္မိသာရမှာထွန်းကား ခဲ့ဖူးသည်။ ထားတော့။

လောကအတွင်းသို့ ကံကြမ္မာကပစ်ချခဲ့ရာနေရာသည်ကျွန်တော့်အတွက်ရေခံမြေခံအားဖြင့် ပြည့်စုံသည်ဟုမဆိုသာသည့်တိုင်ကျပ်တီးမြေတစ်ခုတော့မဟုတ်ခဲ့။ သဝိညာတကလူသားတစ်ဦးရရှိသော မိမိဘာသာပြုစုပျိုးထောင်ခွင့်ကိုအသုံးချနိုင်ခဲ့ပြန်ရာ သင့်တင့်သောဘဝပင်စည်တစ်ခုဖြစ်ထွန်းခဲ့ပြီး အကိုင်းအခက်အရွက်အသီး အထိုက်အလျှောက်ဖြင့်ပွားစီးဝေသီ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့သည်။ ငှက်တစ်သောင်းမဟုတ်သော်လည်းတစ်ခုသောငှက်အပေါင်းအစု၏ နားခိုရာဖြစ်ခဲ့ဘူးသည်။ ဆိုလိုသည်မှာ လူ့ဘောင်တစ်ခု လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၏အကျိုးစီးပွားကို မဆောင်နိုင်ခဲ့စေကာမူ (ဆောင်နိုင်သူတွေအားကျဘွယ်ရာအမှန်ပင်ရှိ၏) မိမိ အသိုက်အဝန်းမိမိမျိုးဆက်တို့၏ အကျိုးကိုတော့ကြည်ဖြူစွာဆောင်ကျဉ်းခဲ့၏။ သည့်ထက်ပို၍  လူသားတစ်ဦးအဖြစ် မိမိပါဝင်သောလူ့အဖွဲ့အစည်းသာမက မည်သည့်လူ့အဖွဲ့အစည်း၏အကျိုးစီးပွားကိုမျှ ထိခိုက်ပျက်စီးစေခြင်းမရှိခဲ့။  အရိပ်ဖြင့်မအေးစေနိုင်သည့်တိုင်အဆိပ်တို့မပေးဝေခဲ့။ ထိုသစ္စာတရားကိုတော့ ကျွန်တော် လက်ကိုင်ထားသည်။ ထို့အတူ နားခိုပြီးပျံထွက်သွားသဖြင့် ကိုင်းဖျားဆတ်ခါ နာကျင်ပါသည်ဆိုသော ခံစားညည်းညူမှုမျိုးကိုကျွန်တော်ပြုမည်မဟုတ်။ အခက်ကုန်ရွက်မစုံ အသီးကင်းသည့် သစ်ငုတ်အို ဘဝသို့ရောက်သည့်တိုင် နေသာသူကျွန်တော်ဖြစ်ချင်သည်။ ဆည်းဆာပန်းချီကားတစ်ချပ်ကို အတ္တအရောင် စူးစူးဖြင့် ကျွန်တော်မချယ်မှုန်းလို။  ဘဝအမောတွေကို ဇရာတောမှာချွေးသိပ်ခွင့်ရလျှင်နေပျော်ပြီ။ သို့မှသာ ဆည်းဆာကလှမြဲလှနေမည်ဟု ကျွန်တော်စွဲမြဲစွာယုံကြည်သည်။  သို့နှင့်ကဗျာကိုကျွန်တော်သန်သလို ပြန်ရေးဖြစ်လေတော့သည်။


“ဆည်းဆာ၏ပန်းချီကားတစ်ချပ်”

သစ်ငုတ်အို။
ဘဝကိုပုံခိုင်း
နှိုင်းရချက်အလို။

အလှရွှန်းခဲ့မြဝန်းညို
ခဏကွန်းခိုသူများ။

အတိတ်လွမ်းမသယ်ပါဘု
စိတ်နွမ်းလွယ်ဇရာရိပ်မှာ
ချွေးသိပ်လျက်သား။

လွန်ခဲ့သောနှစ်လေးဆယ် နုပျိုသစ်လွင်စဉ်ကျွန်တော်ရေးခဲ့သောကဗျာတစ်ပုဒ်က ယ္ခုတော့ဟောင်းသွားပြီ။ ထိုကဗျာကိုပင် မူကွဲအဖြစ်ယ္ခုအသစ်ပြန်ရေးတော့ ကျွန်တော်ကဟောင်းနေပြီ။ ဘဝဆိုသည်မှာသည်လို ဟောင်းသစ်နေသည့် ဖြစ်စဉ်များကိုခေါ်လေသလားဟု အဘိဓမ္မာဆန်ဆန်ကျွန်တော်တွေးနေမိလေသည်။

Monday, June 6, 2016

မောင်ဝင်းနှင့် ကျွန်တော်



                                               [၁]

ကျေးညီနောင်ဇာတ်လမ်းကိုလူတိုင်းကြားဖူးကြပါလိမ့်မည်။ အလားတူကျွန်တော်တို့သက်တမ်းလောက်ရောက်လာကြပြီဆိုမှဖြင့်မိသားစုတွင်းမှာမဟုတ်လျှင်ပင်ဆွေမျိုးညာတိ၊ မိတ်ဆွေရောင်းရင်းအပေါင်းအသင်းများအကြားအလားတူဇာတ်လမ်းမျိုးတခုတလေမျှတော့ကြားဖူးကြုံဖူးကြမည်ထင်ပါ၏။ ပုံပြင်၏ဆိုလိုရင်းမှာ လူသားအပါအဝင် သတ္တဝါတိုင်းသတ္တဝါတိုင်းမျိုးရိုးဗီဇတူပါလျက်ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲတတ်သည်ဟူ၍ဖြစ်သည်။ ကျွန်တော်ကတော့ သည်ပုံပြင်မှာမျိုးရိုးဗီဇအပြင်စိတ်ဝင်စားစရာနောက်တခုကိုတွေ့သည်။ လေပြင်းမုန်တိုင်း။ ဟုတ်သည်။ လေပြင်းမုန်တိုင်းသာမကျရောက်ဖူးဆိုလျှင်ကျေးညီနောင်တနေရာစီရောက်စရာအကြောင်းမှမရှိသည်ပဲ။

မောင်ဝင်းကိုအမှတ်ရလိုက်တိုင်းမောင်ဝင်းအကြောင်းစဥ်းစားမိတိုင်း ထို "လေပြင်းမုန်တိုင်း" ဆိုတာကြီးအားမြင်ယောင်မိသလို ဆုပ်ကိုင်ဖမ်းဆီးမရမှန်းသိပါလျက်ကကျွန်တော်ပုံဖော်နေမိ၏။ အ,အ အိပ်မက်သည့်နှယ်ဟုပြောလျှင်လည်းခံရပါမည်။

                                                                                  [၂]

သရက်တောလမ်းထဲမှာကျွန်တော်နှင့်အတွဲဖြစ်ဆုံးကမောင်ဝင်းဖြစ်၏။ သူ့ဖခင်သည် ကျောင်းဆရာတစ်ဦးဟုသိရသည်။ ကိုယ်ဟန်ပါးပါးအရပ်ပျပ်ပျပ် အသားညိုညို မျက်နှာထားတည်တည်ဟုသာမှတ်မိသည်။ မနက်အလုပ် (ကျောင်း) သွားချိန် ညနေအလုပ်ပြန်ချိန်တို့တွင် တိုက်ပုံအင်္ကျီဝတ် လွယ်အိပ်လွယ်လျက်တွေ့ရတတ်သည်မှအပ အိမ်ပြင်ထွက်လေ့မရှိ။ တစ်ခါတစ်ရံမောင်ဝင်းနှင့်လိုက်သွားသည့်အခါ စွပ်ကျယ်လက်ပြတ် အိမ်နေရင်းလုံချည်အနွမ်းတို့ဖြင့် ဆေးပေါ့လိပ်ခဲကာ စာဖတ်နေသော သူ့ဖခင်ကိုတွေ့ရသည်။ ကျောင်းမှာတော့မသိ။ အိမ်မှာတော့ အိမ်သားတွေကိုပင်စကားဟဟပြောလေ့ရှိပုံမရပေ။ ကျွန်တော်သတိထားမိသလောက် မောင်ဝင်းကလည်းသူ့ဖခင်နှင့်တစ်ရင်းတနှီးပြောဆိုနေထိုင်သည်ကိုမတွေ့ရ။

မိခင်နှင့်တစ်ဦးတည်းသောညီမတို့က မောင်ဝင်းနှင့်ပိုရင်းနှီးသလိုသူတို့၏ဝေယျာဝစ္စကိုလည်း မောင်ဝင်းက စိတ်လိုလက်ရ ဆောင်ရွက်ပေးတတ်သည်။ ဝေယျာဝစ္စဆိုသည်မှာ မနက်တိုင်းရွှေနှင်းဆီဆိုင်မှလ္ဘက်ရည် ဂျိုင့်ဆွဲဝယ်ပေးခြင်း ရေနွေးယူပေးခြင်းနှင့် နေ့လည်နေ့ခင်းလမ်းထိပ်ရှိပြည်သူ့ဆိုင်တွင် ဆန်ထုတ်ပေးခြင်း စသည်တို့ ဖြစ်လေသည်။ သူတို့မိသားစုသည် ကျွန်တော်တို့ဝါးခယ်မပြောင်းသွားပြီးမှ လမ်းထဲသို့ရောက်လာ ကြသူများဖြစ်ရာ  မောင်ဝင်းနှင့်ကျွန်တော်သူငယ်ချင်းဖြစ်ချိန်မှာ ကျွန်တော်ကျောင်းပိတ်ရက်အလည်လာရင်း အစ်ကိုကြီး၏သတင်းစာပို့လုပ်ငန်းကိုကူညီနေခိုက်ဖြစ်၏။ 

နှစ်ယောက်စလုံးအားလပ်နေကြသည်ခြင်းအတူတူ သူကလမ်းပေါ်ပိုအနေများသည်။ မနက်စောစော ကျွန်တော်သတင်းစာ ပို့ရန်ထွက်လာချိန် မောင်ဝင်းတစ်ယောက် လ္ဘက်ရည်ဂျိုင့်တစ်ဂျိုင့်နှင့်နှီးကြိုးသီထားသောနံပြားများကိုဆွဲကာ ရွှေနှင်းဆီကဖီးဘက်မှပြန်လာသည်ကိုတွေ့ရပြီး သတင်းစာပို့ရင်းသရက်တောလမ်းထဲသို့ နောက်တစ်ခေါက်ဖြတ်သွားချိန်၌ မောင်ဝင်းကို သူတို့အိမ်နှင့်မလှမ်းမကမ်း လမ်းပေါ်တစ်နေရာရာမှာ ယောင်ပေယောင်ပေတွေ့နေရသည်။ ထိုမှကျွန်တော်အလုပ်သိမ်းပြီး ပြန်လာချိန်အထိသူလမ်းပေါ်မှာ ရှိနေဆဲ။

နေ့လည်နေ့ခင်းညနေစောင်းအပြင်ထွက်လျှင် အရင်ဆုံးတွေ့ရသည်မှာမောင်ဝင်းဖြစ်နေတတ်သောကြောင့် သူနှင့်ကျွန်တော်တွဲဖြစ်သွားခြင်းဖြစ်နိုင်သည်။ တခြားကလေးတွေမှာ အိမ်ကခွင့်ပြုချက်မရသည်လား မထွက်ချင်ကြသည်လားမသိအိမ်ပြင်သိပ်မထွက်။ မောင်ဝင်းမှာသူ့သဘောနှင့်သူဝင်လိုဝင်ထွက်လိုထွက်။ ဧည့်သည် သာသာဖြစ်‌သူကျွန်တော်သည်လည်း မောင်ဝင်းလောက်မလွတ်လပ်သည့်တိုင် မိဘကွယ်ရာမှာအတန်ကြားချောင်နေသည်။ ထို့ကြောင့်ပင်ကျွန်တော်နှင့်မောင်ဝင်း ဈေးသွားအတူတူဆန်ထုတ်အတူတူရန်ဖြစ်အတူတူ ကစားရာမှာအတူတူဖြစ်နေတော့၏။ 

ထို့အပြင်သူနှင့်ကျွန်တော်ကအိမ်နီးချင်းတွေ။ ဒေါ်ကြီးတို့အိမ်နှင့်မျက်နှာချင်းဆိုင်ရှိ သုံးခန်းတွဲတန်းလျားအိမ်ခေါင်းရင်းဘက်အစွန်ဆုံးအခန်းမှာ သူတို့မိသားစုငှါးနေကြခြင်းဖြစ်၏။ အိမ်ကိုလမ်းမနှင့်ဆယ့်လေးငါးပေခွာ၍ဆောက်ထားပြီးလွတ်နေသောမြေကွက်လပ်ခေါင်းရင်းဘက်အခြမ်း၌ အိမ်ရှင်အဖွားကြီး၏ တဲရှိနေသဖြင့် လမ်းပေါ်မှရုတ်တစ်ရက်ကြည့်လျှင်  မောင်ဝင်းတို့အခန်းကိုမမြင်ရ။  ပြောင်းလာသည်မှာမကြာသေးသည့်အပြင်မိသားစုကလည်းငြိမ်ငြိမ်သက်သက်မို့ရပ်ကွက်ထဲမှာ အသိအကျွမ်းမများလှချေ။

မောင်ဝင်းနှင့်ကျွန်တော်တွဲဖြစ်သောအခြားအကြောင်းတစ်ခုမှာ သူ၏စွမ်းအချို့နှင့်ဆိုင်သည်။ သူကသားရေကွင်းပစ်အလွန်တော်၏။ တိုင်ထောင်ပစ်ဟုခေါ်သော ဆေးပေါ့လိပ်အစီခံကလေးထောင်ကာ သရေကွင်းတွေချိတ်ပြီးပစ်မည်လား အပုံပစ်ခေါ်စည်းဝိုင်းငယ်ကလေးအတွင်းသရေကွင်းတွေပုံထပ်ပြီး စည်းအပြင်ရောက်အောင်ပစ်မည်လား မောင်ဝင်းကိုမီသူမရှိသလောက်ရှားသည်။ ကျွန်တော်သည် သားရေကွင်းပစ်အလွန်ညံ့သောကြောင့်  (တကယ်‌တော့ဘယ်‌နေရာမှာမှလဲမတော်ပါ) သူ့ကိုအထင်ကြီး၏။ သူကလည်းကျွန်တော့ဆိုလျှင်ညှာသည်။ 

ကျွန်တော်ပါသည့်ပွဲမှာသူအကုန်လုံးနိုင်သည့်အခါ ကျွန်တော်ရှုံးသမျှပြန်ပေးလေ့ရှိသည်။ သူနှင့်လက်ရည်တူတွေပွဲဆိုလျှင် ကျွန်တော့်ကိုမပါခိုင်းတော့ဘဲ သူတစ်ဦးတည်းရေကုန်ရေခမ်းကစား၏။ ထိုအခါ ကျွန်တော်ကပွဲကြည့်ပရိသတ်။ ပြီးလျှင်နိုင်သမျှထဲမှအရင်းကိုဖယ် ကျန်သရေကွင်းတွေကိုဝယ်ချင်သူရှိလျှင်ပြန်ရောင်း (ဆိုင်မှာသရေကွင်းအသစ် ၅ ပြားဖိုးဆယ်ကွင်းဆိုလျှင် အဟောင်းအကွင်းနှစ်ဆယ်) သည်။ ပြီးလျှင် ကျွန်တော်တို့ ရေခဲချစ်ဆိုင်ပြေးကြ၏။ ဝယ်သူမရှိလျှင်လည်းသူ့လက်ကောက်ဝတ်နှစ်ဘက်မှာ သားရေကွင်းတွေအပြည့်ရှိသည်ကို ကြည့်လျက် နှစ်ယောက်စလုံးပျော်နေကြလေသည်။ 

                                                                                         [၃]

သားရေကွင်းမပစ်သည့်အချိန်များတွင် မောင်ဝင်းနှင့်ကျွန်တော် (တစ်ခြားအဖေါ်တွေကိုစောင့်ရင်း) ရောက်တတ်ရာရာပြောကာအချိန်ကုန်တတ်၏။ သည်မှာမောင်ဝင်း၏ပုံပြောစွမ်းရည်ကို သတိပြုမိရပြန်သည်။ ဖတ်ဖူးသည့်ကာတွန်းတွေ ကြည့်ဖူးသည့်ရုပ်ရှင်တွေအကြောင်းသာမက ကြားဖူးနားဝရှိသမျှကို နားထောင်ကောင်းအောင်သူကစီကာပတ်ကုံးပြောတတ်၏။ သိပြီးသားအကြောင်းအရာတွေပင်လျှင် မောင်ဝင်းထံမှပြန်ကြားရသောအခါ တစ်မျိုးတစ်ဘာသာဆန်းသစ်နေသလိုဖြစ်၏။ 

အထူးသဖြင့်သူရဲကောင်းဇာတ်လမ်းတွေပြောသည့်အခါ အားနှင့်မာန်နှင့်အမူအယာနှင့်ဟန်ပါပါ ပြောတတ်သောကြောင့် ပို၍စိတ်ဝင်စားစရာကောင်းသည်။ ကျွန်တော်သာမဟုတ် လမ်းထဲမှရွယ်တူသူငယ်ချင်းတွေအားလုံး မောင်ဝင်း၏ အပြောတွင်မမျောဖူးသူမရှိသလောက်ပင်။ ထိုခေတ်က ရေပန်းစားသော ဂျက်ဆီဂျိန်း တာဇံ ဟာကျူလီ စသည့်ဇာတ်လမ်းတွေအကြောင်းပြောလျှင် မောင်ဝင်းဘေးမှာသူငယ်ချင်းများဝိုင်းအုံကာမပျင်းမယိနားထောင်ရင်းကစားဖို့ကိုမေ့နေတတ်ကြလေသည်။

သူပြောသည့်ဇာတ်လမ်းတွေက မည်မျှမှန်ကန်သည်ကျွန်တော်မသိ။ သို့သော်အချက်အလက်မှန်ကန်ခြင်းအပေါ်စိတ်ဝင်စားခြင်းမဟုတ်ပဲ သူ့အပြောကိုသာနှစ်သက်သည့်အရွယ်မို့ကိစ္စမရှိ။ တာဇံအကြောင်းပြောလျှင် မျောက်ကလေးကိုပုခုံးပေါ်တင်၍သွားပုံ သစ်ပင်တစ်ပင်မှတစ်ပင်နွယ်ကြိုးဖြင့်လွှဲ၍ခုန်ကူးပုံတို့ကိုမြင်ယောင်လာသည်အထိပြောရုံမကတာဇံလိုပင်ဆွဲဆွဲငင်ငင်အော်ပြလိုက်သေးသည်။ သူ့လိုကျွန်တော်တို့မအော်တတ်။ တစ်ခါတစ်ခါလူစုံချိန် ကစားရန်စိတ်သိပ်မပါသည့်အခါမျိုးတွင် ထိုအော်သံကြားလိုသောကြောင့် မောင်ဝင်းကို တာဇံအကြောင်းပြောခိုင်းကြ၏။ သူကလည်းမငြင်း။ တာဇံအကြောင်းသာမက ဂျက်ဆီဂျိန်း သေနပ်ပစ်ဟန် ဟာကျူလီသံကြိုးကွင်းဆွဲဖြတ်ဟန်စသည်ဖြင့် မောင်ဝင်းပြောသမျှပြန်လှန်မေးခွန်းမထုတ်ပဲ စိတ်ဝင်တစား နားထောင်ဖြစ်ကြသည်။ 

ပြီးလျှင်သူက “ငါ့အဖေစာအုပ်တွေထဲမှာ ရှိသေးတယ်ကွ နောက်မှထပ်ကြည့်ပြီး မင်းတို့ကို အသစ်တွေပြောပြမယ်” ဟု ဆိုကာပွဲသိမ်းတတ်သည်။ ကျွန်တော်တို့ကလည်းကျေကျေနပ်နပ်ပင် သူ့ဆီကနောက်တစ်ခါပြောမည့်အချိန်ကိုစောင့်ကြ၏။ ပြန်စဉ်းစားကြည့်တော့မောင်ဝင်းပြောသမျှ သူ့အဖေစာအုပ်တွေထဲမှအကုန်လုံးဟုတ်ချင်မှဟုတ်မည်။ မြေနီကုန်းဆန်းသီရိရုံတွင်တင်လေ့တင်ထရှိသော ရုပ်ရှင်ကားဟောင်းများထဲ၌ ထိုဇာတ်ကားအမည်တွေကြားဖူးသည်။ ကြည့်တော့မကြည့်ဖူး။ ထိုရုပ်ရှင်တွေသူကြည့်ပြီးဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ပွဲဈေးတန်းမှာ ၅ပြားပေးကြည့်ရသောဆလိုက်ဘူးလေးများမှာလည်းတာဇံတွေဟာကျုလီတွေကြည့်၍ရနိုင်သည်။ 

မှန်ဘီလူးသေတ္တာနှင့်တူသောထိုဘူးတွင် ယ္ခုခေတ်စီဒီအရွယ်အနားတစ်လျှောက် ၁၆မီလီဖလင်ပြားလေးများ အစီအရီဖေါက်ထည့်ထားသော ကဒ်ထူပြားကိုထောင်လိုက်ထည့်ကာ အလင်းဘက်လှည့်ကြည့်လျှင် ရောင်စုံပုံများကိုကြည်လင်ပြတ်သားစွာမြင်ရသည်။ ကြည့်နေရင်း ဘူးနံဘေးရှိခလုပ်ကိုလက်ဖြင့်ဆွဲချကာ ကဒ်ပြားလည်သွားစေခြင်းဖြင့် တစ်ပုံပြီးတစ်ပုံကူးသွားသည်။ ထိုခေတ်ပွဲဈေးတန်းသွားခလေးများအကြားခေတ်စားသောဖျော်ဖြေရေးတစ်ခုဖြစ်၏။ ပလက်ဖေါင်းပေါ်ဖြန့်ခင်းထားသော အခင်းဘေးတွင်အကျအနထိုင်ကာ ၅ပြားပေးပြီးနှစ်သက်ရာရွေးကြည့်နိုင်သည်။   ဇာတ်လမ်းကိုကိုယ့်ဘာသာကိုယ်ခံစားယူ။ မောင်ဝင်းလိုအတွေးကြွယ်သူအဖို့သူများစိတ်ဝင်စားအောင်ပြန်ပြောနိုင်သည်အထိဆွဲဆောင်မှုရှိလေသည်။

နောက်တစ်မျိုးမှာကျွန်တော်တို့အကြား တုံချမ် တုံချမ် ဟုအသိများသော လမ်းဘေးခလေးရုပ်ရှင်ရုံလေးများဖြစ်၏။ မိုးလေကင်းစင်သောကာလ ညနေခင်းများတွင်ထိုရုပ်ရှင်ရုံလေးများ ရပ်ကွက်တွင်းသို့ရောက်လာတတ်သည်။ အရှည်ဆယ်ပေကျော် အကျယ်ငါးပေအမြင့်ငါးပေခန့် အလုံပိတ်ရုံကလေးများဖြစ်ပြီး ထိပ်တစ်ဖက်တွင်ပြစက်ခန်း အခြားတစ်ဖက်မှာ ပိတ်ကားဆင်ထားသည့်ဝင်ထွက်တံခါးရှိကာ အတွင်းခန်းဘေးနှစ်ဖက်တွင် နံရံကပ်ခုံတန်းနှစ်ခုကို အလျားလိုက်ချထားသည်။ ဘီးတပ်ထားသဖြင့် (လူအားဖြင့်) ရွှေ့ပြောင်းနိုင်သည်။ ရှမ်းလမ်းလိုလမ်းကျယ်ပုခုံးမြေကွက်လပ်တစ်ခုပေါ်တွင်နေရာချကာရပ်ထားပြီးသည်နှင့် ဗုံသေးသေးတစ်လုံးနှင့် လင်းကွင်းတစ်ချပ်တို့ကို တုတ်ချောင်းဖြင့်တီးခတ်၍လူခေါ်သည်။ 

တုံချမ် တုံချမ် ဆိုသည်မှာ ထိုလူခေါ်သံကိုကျွန်တော်တို့ကြားသည့်အတိုင်းအမည်မှည့်ခေါ်ကြခြင်းဖြစ်၏။ တစ်ခါကြည့်ငါးပြားလားဆယ်ပြားလားမမှတ်မိ။ ဆယ်မီးနစ်စာခန့်ဇာတ်ကားဟောင်းအပိုင်းအစလေးများကိုအသံတိတ်ပြသခြင်းသာဖြစ်ပြီး ပြသူကဇာတ်ကြောင်းပြောပြပေးသဖြင့်ဆလိုက်ထက်စာလျှင်ပို၍ကြည့်ကောင်းသလိုရှိ၏။ မြန်မာကားဟောင်းထဲမှ  ဒိုင်ဗင်တင်လှ၏စတန့်များ၊ တာဇံလိုချာလီချက်ပလင်လိုစွန့်စားခန်းများ ဟာသများကို နောက်ခံစကားပြောပိုင်ပိုင်နှင့်ကြည့်ရသည်မှာ ခလေးတစ်ယောက်အတွက်ဖျော်ဖြေမှုအတော်အတန်ပေးစွမ်းနိုင်သည်။ တစ်နေရာ လေးငါးခြောက်ပွဲ ကလေးအုပ်စုကုန်သည်အထိပြပြီး နောက်တစ်နေရာသို့ရွှေ့ကာပြသကြ၏။ ကျွန်တော့်စိတ်ထဲမှာ  မောင်ဝင်းသာဇာတ်ကြောင်းပြောလျှင်ပို၍ကြည့်ကောင်းမည်ဟုပင် ထင်မိသေးသည်။

                                                                                         [၄]

သူရဲကောင်းပုံပြင်အပြောကောင်းသလောက် မခံချိမခံသာအောင်စတတ်သည်မှာတော့ မောင်ဝင်း၏ အားနည်းချက်ဟုဆိုရမည်ထင်သည်။ သူ၏မထီတရီအပြောက ရယ်စရာသက်သက်မကပဲ နာသာခံခက်ဖြစ်သွားတတ်သဖြင့် သူငယ်ချင်းများအကြားမကြာခဏစိတ်ဆိုးစိတ်ကောက်ဖြစ်ကြရ၏။ အမှန်မှာ မောင်ဝင်းက အပျော်သက်သက်စရုံစပြီး စိတ်ဆိုးမှန်းသိလျှင်ဆက်မစတော့သလို သူ့ကိုရိုက်မောင်းပုတ်မောင်းလုပ်လာလျှင်လည်းလက်တုံ့မပြန်သီးခံတတ်သဖြင့်ရန်စမရှည်။ တစ်နေ့ညနေခင်း ကျွန်တော်တို့နှစ်ဦးသားလမ်းထိပ်မှာရပ်နေကြစဉ် လမ်းထဲမှကျွန်တော့်ဝမ်းကွဲ ညီမမြင့်မြင့် ရှေ့မှဖြတ်လျှောက်သွားသည်ကို “ဟဲဟဲ သူ့ကိုယ်သူချန်ပီယံပေါ့လေ” ဟု မောင်ဝင်းကလှမ်းနောက်သည်။ 

မြင့်မြင့်မှာ သရက်တောလမ်းထုတ်ဆီးတိုးအသင်း၏အားထားရသောကစားသမားတစ်ဦး။ လွပ်လပ်ရေးနေ့အပြေးပြိုင်ပွဲတွေမှာ ဗိုလ်စွဲနေကျ။ သွက်လက်ဖြတ်လပ်သလို စိတ်ဆတ်၏။ ဒါကိုသိလျက် မောင်ဝင်းကစခြင်းဖြစ်၏။ သူ့ကိုပြောမှန်းသိသော မြင့်မြင့်ကချာကနဲလှည့်ကာ ကျွန်တော်ပင်တားချိန်မရမီ မောင်ဝင်း၏ရင်ဘတ်ကိုအားကုန်တွန်းလိုက်ရာ မောင်ဝင်းဖင်ထိုင်လဲလေတော့သည်။ ဒါကိုပင်ဆက်ရိုက်မည်လုပ်နေသဖြင့် ကျွန်တော်ကမြင့်မြင့်ကိုဆွဲခေါ်ပြီးသူ့လမ်းသူသွားရန် တောင်းတောင်းပန်ပန်လွှတ်လိုက်ရသည်။ မောင်ဝင်းသည် လဲကျရာမှပြန်ထပြီး ရှက်ကိုးရှက်ကန်းနှင့် “ငါက သူ့ကို မိန်းခလေးမို့ ညှာလိုက်တာကွ” ဟု ကျွန်တော့်ကိုပြောလေ၏။

ကျွန်တော့်ညီမကိုမိန်းခလေးမို့ညှာလိုက်သောမောင်ဝင်း ကုန်းပေါ်သားတစ်ယောက်ကိုညှာလိုက်သဖြင့် ကျွန်တော်နာရသည့်အဖြစ်ကိုမူ ကျွန်တော့်ညာဘက်နထင်ရှိအမာရွတ်ကသက်သေဖြစ်၏။ သရက်တောလမ်းအပါအဝင်ရှမ်းလမ်းနှင့်လင်းလွန်းလမ်းကိုဆက်ထားသောလမ်းသွယ်များအား ကုန်းပေါ်နှင့်ကုန်းအောက်ဟူ၍ မြေမျက်နှာပြင်အရပိုင်းခြားခေါ်လေ့ရှိ၏။ ရှမ်းလမ်းကလင်းလွန်းလမ်းထက်နိမ့်လေရာ လမ်းသွယ်များအားလုံး ရှမ်းလမ်းဘက်မှဝင်လျှင် သုံးပုံနှစ်ပုံခန့်မြေညီဖြစ်ပြီးထိုမှ လင်းလွန်းလမ်းရောက်သည်အထိ တစ်ဖြည်းဖြည်းမြင့်တက်သွားသည်။ မြေညီပိုင်းကိုကုန်းအောက် ကုန်းမြင့်ပိုင်းကိုကုန်းပေါ်ဟု မှတ်သားခေါ်ကြသည်။ 

ထိုမှ ပညတ်သွားရာဓါတ်သက်ပါပြီး ကုန်းပေါ်နေနှင့်ကုန်းအောက်နေသူတို့ အနည်းနှင့်အများဆိုသလို မသင့်မတင့်ဖြစ်တတ်ကြသည်မှာ မြန်မာတို့၏စရိုက်ဟုပင်ဆိုရမည်လားမသိ။ ကလေးတွေကလည်း သူ့အစုနှင့်သူနေကာ ကုန်းပေါ်ကုန်းအောက် အရောတဝင်ရှိခဲသည့်အပြင် တစ်ခါတစ်ရံမတည့်သည်အထိ ဖြစ်တတ်ကြလေသည်။ ထိုသို့ မသင့်မြတ်တတ်ရသည့်အထဲ မိန်းခလေးတွေချည့်ရှိသော ကုန်းထိပ်အိမ်တစ်အိမ်မှ ညီအစ်မများကို မောင်ဝင်းကစလေ့နောက်လေ့ရှိသောကြောင့် သူ့မိဘများထံလာရောက်အတိုင်ခံရဖူး၏။ သို့သော် ကိုယ်တော်ကကြုံလျှင်ကြုံသလိုစလေနောက်လေရာ ထိုမိသားစုကမောင်ဝင်းဆိုလျှင်အမြင်ကပ်ကြလေသည်။

စင်စစ် သည်ဇာတ်လမ်းတွေကနောက်မှကျွန်တော်သိရခြင်းဖြစ်၏။ ထိုနှစ်ကျောင်းပိတ်ရက် ပုသိမ်ဘက်မှ မောင်ဝမ်းကွဲတစ်ယောက် ထိုမိသားစုထံအလည်ရောက်နေသည်။ တစ်ရက်သူတို့မောင်နှမတွေ ဖြတ်သွားသည်ကို မောင်ဝင်းက“တောသားတွေ” ဟု မကြားတကြားလှမ်းပြောရာ ဧည့်သည်ပုသိမ်သားက တစ်ခုခုလုပ်မည်ပြုသဖြင့် အစ်မတွေကဆွဲခေါ်သွားကြကြောင်း မောင်ဝင်းကကျွန်တော့်ကိုပြောပြ၏။ သူ့ဘာသာသူသွားစ ကာ ကုန်းပေါ်သို့တစ်ယောက်တည်းမသွားရဲတော့သဖြင့် ကျွန်တော့်ကိုအဖေါ်ခေါ်လိုသောကြောင့်ပြောခြင်းဖြစ်လေသည်။ 

တစ်လမ်းတည်းသားတွေ မသင့်မည့်သာမသင့်မည် ရှောင်လွှဲ၍ရကြသည်မဟုတ်။ ရှမ်းလမ်းဈေး သွားလျှင် (တစ်ခြားလမ်းမှကွေ့မသွားပါက) ကုန်းအောက်ကိုဖြတ်ရသလို လင်းလွန်းလမ်းရှိပြည်သူ့ဆိုင်သို့သွားလျှင်ကုန်းပေါ်ကိုဖြတ်ကြရသည်ချည်း။ ယ္ခုမောင်ဝင်းဆန်ထုတ်ရန် ပြည်သူ့ဆိုင်ကိုသွားရန် ကုန်းပေါ်မှဖြတ်ရမည်ဖြစ်ရာ အဖေါ်မပါဘဲမသွားရဲတော့။ တစ်ခြားလမ်းကသွားရန် (မလိုက်လိုသဖြင့်) အကြံပေးသော်လည်း ကျွန်တော့်ကိုသာတွင်တွင်ခေါ်နေသဖြင့်မငြင်းသာပြန်။ နှစ်ယောက်သားကုန်းပေါ်ကိုဖြတ်ချိန်မှာ ပုသိမ်သားနှင့်ညီအစ်မတစ်တွေအိမ်ပေါက်ဝမှာထိုင်နေကြသည်ကိုတွေ့ရလေသည်။

ကျွန်တော်တို့ကိုတစ်ခုခုများလှမ်းပြီးရန်စလေမည်လားဟုတွေးရင်း ကျွန်တော်အိန္ဒြေရရဆက်လျှောက် လိုက်၏။ သူတို့ကဘာမျှမပြော မောင်ဝင်းကသာအိမ်ဘက်လှည့်မကြည့်ပဲ “ကမ်းမွန်ချဲလင်း” ဟု ပြောလိုက်ရာ သူ့ကိုကျွန်တော်မျက်စောင်းလှည့်ထိုးလိုက်ပြီးဆက်လျှောက်ခဲ့၏။ နောက်မှလိုက်လာကြမည်လား စိုးရိမ်မိသေးသော်လည်းလိုက်မလာကြသဖြင့်စိတ်အေးရသည်။ ပြည်သူ့ဆိုင်တွင်သူဆန်ထုတ်သည်ကို စောင့်ပြီးအပြန်တွင်သူရန်သွားစခဲ့သည်ကိုအြစ်တင်ရင်းကြံခင်းလမ်းဘက်မှလှည့်ပြန်ဖို့ပြောရာ သူတို့ကိုကြောက်သွားသည်ထင်လိမ့်မည်ဆိုပြီး သူကကျွန်တော့်ကိုဆွဲခေါ်၍လာလမ်းအတိုင်းပြန်ကြလေသည်။ ကုန်းထိပ်ရောက်သည်နှင့်အိမ်ရှေ့လမ်းမပေါ်ထွက်ရပ်နေကြသော ဟိုမောင်နှစ်မတွေကိုလှမ်းမြင်ရလေသည်။ ထိုအချိန်ကျမှလှည့်ပြန်၍ မဖြစ်တော့။ နှစ်ယောက်သားဟန်မပျက်ဆက်လျှောက်လာခဲ့ကြ၏။ 

ထိုအိမ်ရှေ့အရောက်တွင် သူတို့မောင်နှစ်မတွေဝိုင်းလာကြသည်။ “ခုန မင်းဘာပြောသွားတာလဲ” ပုသိမ်သား၏အမေးကိုမောင်ဝင်းကမဖြေ။ သူကမောင်ဝင်းအင်္ကျီစကိုဆွဲပြီး လက်သီးဖြင့်ထိုးရန်ရွယ်လိုက်သည်။ သူတစ်ကယ်ထိုးမည်လား ခြောက်လှန့်ဖို့ရွယ်သည်လား ကျွန်တော်မသိ။ မောင်ဝင်းလက်ထဲမှာဆန်ထုပ်နှင့်မို့သူထိုးလျှင်လွတ်လွတ်ကြီးခံရတော့မည်ဖြစ်ရာ ကျွန်တော်ကရွယ်လိုက်သော ပုသိမ်သား၏လက်ကိုဝင်ဆွဲသည်။ မောင်ဝင်းလွတ်သွားသဖြင့်မောင်နှစ်မအားလုံး ကျွန်တော့်ကိုမဲကြတော့၏။ မျက်စေ့ထဲမှာမောင်ဝင်းပြေးထွက်သွားသည်ကိုမြင်လိုက်ရသော်လည်း ကျွန်တော်မပြေးနိုင်။ 

သူတို့တစ်တွေထိုးကြရိုက်ကြသည်ကိုလက်ဖြင့်ကာရင်းက အနီးဆုံးပုသိမ်သားကိုဝင်လုံးလိုက်၏။ ထို့နောက် သူ့ကိုမြေကြီးပေါ်သို့ဆွဲလှဲလိုက်ပြီး လည်ပင်းကိုတန်တောင်ဆစ်ကွေးဖြင့်ညှစ်ထားလိုက်သည်။ ကျွန်တော့်အပေါ်မှ ညီအစ်မများကဝိုင်း၍ခွစီးကာ ရိုက်ပုတ်ကြသည်ကို ဂရုမစိုက်အားဘဲပုသိန်သား၏လည်ပင်းကိုသာ မလွတ်အောင်ညှစ်ထားခဲ့ရာ သူကမိရာဖမ်းကိုက်သည့်သဘောကျွန်တော့်နားထင်ကိုကိုက်လေတော့သည်။ ကျွန်တော် ကျန်လက်တစ်ဘက်ဖြင့်သူ့ပါးကိုထပ်ခါထပ်ခါထိုးသောအခါမှ သူဆက်မကိုက်နိုင်တော့ဘဲ လွှတ်ပေးလေ၏။

လူကြီးတွေမြင်ပြီး ကျွန်တော်တို့ရန်ပွဲကိုဖျင်ကြသည့်အခါ ကျွန်တော့်နားထင်မှာအကိုက်ခံထားရသဖြင့် သွေးအရဲရဲ။ သူ့ဆီကသွေးလား ကျွန်တော့်ဆီကသွေးလားမသိ ပုသိန်သားနုတ်ခမ်းမှာလည်းသွေးအလိမ်းလိမ်း။ အိမ်ပြန်ရောက်တော့ ဒေါ်ကြီးတို့ကကျွန်တော့ကိုဆူပြီးအကိုက်ခံရသည့်နေရာကို မိကျောင်းကွမ်းဖတ် အုံပေးသည်။ မောင်ဝင်းနှင့်တွေ့၍ မင်းဘာကြောင့်ပြေးရတာလဲဟုမေးသောအခါ သူက “ငါကဆန်ထုပ်အိမ်ပြန်ထားမလို့လေကွာ” ဟုဖြေလေသည်။ သို့သော် ထိုကိစ္စကြောင့်ကျွန်တော်တို့အတွဲမပျက်ကြ။

                                                                                    [၅]

ကျွန်တော်ဝါးခယ်မသို့ပြန်ကာနီးတစ်ရက်၌ မောင်ဝင်းတို့အိမ်ဘက်မှအော်သံဟစ်သံတွေကြားရ၏။ ယခင်က မကြားစဘူးသူ့ဖခင်၏ဒေါသသံတွေအပြင် သူ့မိခင်တစ်ချက်တစ်ချက်ပြန်အော်သံတို့ကြောင့် သူတို့ချင်း ရန်ဖြစ်နေကြကြောင်းသိနိုင်လေသည်။ ရန်ပွဲကအတော်ကြာသည်အထိမပြီးရုံမက ရိုက်မောင်းပုတ်မောင်းတွေ ပါလာပုံရသဖြင့် ဖျန်ဖြေရန်ဘေးခန်းမှလူတွေမောင်ဝင်းတို့အခန်းဘက်သို့ ကူးသွားကြသည်ကို အိမ်ရှေ့မှကျွန်တော်မြင်နေရ၏။ ဖျန်ဖြေနေကြသံကိုလည်းကြားရ၏။ ခေါင်းရင်းအိမ်မှ ပလပ်စတစ်အလုပ်ရုံပိုင်ရှင်ဦးလေးကြီးထွက်လာကာ မောင်ဝင်းတို့အိမ်ထဲသို့ဝင်သွားပြီး ခဏအကြာပြန်ထွက်လာသည်ကိုတွေ့ရသည်။ ထိုဦးလေးကြီးနှင့် ရန်ပွဲကိုလာရောက်စပ်စုပုံရသော အခြားအိမ်တစ်အိမ်မှလူကြီးတစ်ယောက်တို့စကားပြောသံကို ကျွန်တော်နားစွင့်နေလိုက်သည်။

“နလေးမ (နားလေးမ) ဖဲရိုက်ပြန်ပြီနဲ့တူတယ်”
“ဒါပဲပေါ့ဗျာ၊ ဒီလောက်အေးတဲ့ သူ့ယောင်္ကျား ဒေါသူပုန်ထနေတာကြည့်ပါလား”
“ကလေးတွေ သနားပါတယ်ဗျာ”

နားလေးမဆိုသည်မှာ မောင်ဝင်းတို့အမေကိုရည်ညွှန်းခြင်းဖြစ်သည်။ သူ့အမေနားအတန်လေးသဖြင့် စကားပြောလျှင် အော်၍ပြောရသည်ကို မောင်ဝင်းနှင့်အိမ်လိုက် သွားတိုင်းကြားဖူးထားသည်။ လူတွေက ကွယ်ရာမှာသူ့ကို နားလေးမဟုရည်ညွှန်းပြောဆိုကြသည်ကိုလည်းသိသည်။ သို့သော် မောင်ဝင်းအမေ ဖဲရိုက်သည်ကိုမူ ယ္ခုမှကြာဖူးခြင်းဖြစ်၏။ သူတို့ပြောသလိုဆိုဖဲရိုက်သည့်အလေ့ပင်ရှိပုံရ၏။ သို့သော် တိတိကျကျကျွန်တော်မသိ။ မကြာမီရန်ဖြစ်သံတွေငြိမ်သက်သွားပြီး မောင်ဝင်းထွက်လာကာ ကျွန်တော့်ဘေးမှာလာထိုင်သည်။ သူ့မျက်နှာမကောင်းသော်လည်းဘာမျှမပြော။ 

ကျွန်တော်ကလည်းမမေး။ မိဘနှစ်ပါး အော်ကြီးဟစ်ကျယ်ရန်ဖြစ်သည့်အခါမည်သို့ခံစားရသည်ကို စာနာမိသောကြောင့်မမေးခဲ့ခြင်းဖြစ်၏။ ကျွန်တော့်မိခင်ရောဖခင်ပါဖဲမရိုက်သော်လည်းသည်လိုမျိုးတော့ရန်ဖြစ်တတ်သည်။ လွန်ခဲ့သောတစ်နှစ်ဖခင်ကွယ်လွန်သည့်အချိန်မှစ၍သည်လိုရန်ပွဲမျိုးကျွန်တော်တို့မိသားစုမှာမကြုံရတော့။ ထိုအခါသည်လိုကြုံခွင့်ရှိနေသောမောင်ဝင်းကိုပင် အားကျမိသလိုလိုဖြစ်ရပြန်လေသည်။

နောက်ပိုင်း မောင်ဝင်းနှင့်ကျွန်တော်သိပ်မတွေ့ဖြစ်။ အဓိကအကြောင်းက မောင်ဝင်းကိုလမ်းထဲမှာ သိပ်မတွေ့ရခြင်းဖြစ်လေသည်။ ကျွန်တော်ပြန်မည့်နေ့မနက်ပိုင်းသူ့အိမ်ကိုသွားမေးတော့အပြင်သွားသည်ဆိုသော အဖြေသာရခဲ့သဖြင့် ကျွန်တော်လည်းမပြန်ခင်မောင်ဝင်းနှင့်တွေ့ဖို့လက်လျှော့လိုက်၏။ သို့သော် ကျွန်တော်မောင်ဝင်းကိုတွေ့ဖြစ်အောင်တွေ့လိုက်ရပါသည်။ လှမ်းမြင်လိုက်ရသည်ဆိုလျှင်ပိုမှန်မည်။ ထိုနေ့နေ့ခင်းပိုင်း သင်္ဘောဆိပ်မဆင်းမီအိမ်ကခိုင်းသဖြင့် ဗားကရာလမ်းဘက်သို့အသွား ရှမ်းလမ်းနောက်ဖေးလမ်းကြားအတိုင်း ကျွန်တော်လျှောက်လာပြီးကျိုက်လတ်လမ်းကိုဖြတ်ကူးစဉ် သူ့ကိုလှမ်းမြင်လိုက်ခြင်းဖြစ်၏။ 

သူကျွန်တော့်ကိုမြင်မမြင်မသိသလို အော်ခေါ်လျှင်ကြားလောက်သည့် အကွာအဝေးဖြစ်သော်လည်း ကျွန်တော်မခေါ်လိုက်။ ထိုအချိန်မောင်ဝင်းကကျိုက်လတ်လမ်း နောက်ဖေးလမ်းကြားထဲမှထွက်ကာ ပန်းတနော်လမ်းဘက်သို့ချိုးသွားကာစရှိသေး၏။ သူသည်ပစ္စည်းပျောက်တစ်စုံတစ်ရာကို ရှာဖွေနေသည့်နှယ်ခေါင်းငိုက်စိုက်ချလျက် ဟိုကြည့်သည်ကြည့်။ လက်တစ်ဖက်တွင်တုတ်ချောင်းတစ်ချောင်းရှိလျက် အခြားတစ်ဘက်က ပုခုံးပေါ်လွှဲတင်ထားသော အတန်ဖေါင်းကားနေသည့် ဂုံနီအိပ်ပါးတစ်လုံးကိုဆွဲကိုင်ထားသည်။ မောင်ဝင်းပလပ်စတစ်ကောက်နေသည်ဆိုသောအသိက လှမ်းခေါ်တော့မည့်ကျွန်တော့်ကိုနှုတ်ဆိတ်စေသည်။

မောင်ဝင်းတို့အိမ်ခေါင်းရင်း ပလပ်စတစ်အလုပ်ရုံသို့ရွယ်တူတန်းတူမျက်နှာစိမ်းခလေးတွေ လူကြီးပိုင်းတွေသူတို့လှည့်လည်ကောက်ယူရရှိသမျှ ပလပ်စတစ်အိပ်ခွံတွေပစ္စည်းဟောင်းတွေ လာရောင်းကြသည်ကို ကျွန်တော်မြင်ဖူး၏။ ကုန်ကြမ်းရှားပါးသောခေတ်မို့ထိုအဟောင်းပစ္စည်းတွေဆေးကြောနေလှမ်းပြီး အရည်ကြိုကာ ပစ္စည်းသစ်ပြန်ထုတ်ရန်အတွက်ဖြစ်သည်။ ဟိုတစ်နေ့ကထိုစက်ရုံမှဦးလေးကြီးမောင်ဝင်းတို့အိမ်ထဲဝင်သွားသည်နှင့်ဆိုင်မဆိုင်မသိသော်လည်း ယ္ခုအတိုင်းဆိုလမ်းထဲမှာပလပ်စတစ်ကောက်ပြီးပြန်သွင်းသောအလုပ်စတင်လုပ်သူမောင်ဝင်းဖြစ်နေ၏။ ထိုမြင်ကွင်းထိုအသိကကာလအတန်ကြာကျွန်တော့်ရင်မှာ မသက်မသာခိုအောင်းနေခဲ့လေသည်။

                                                                                        [၆]

ထိုနေ့ကလှမ်းမြင်လိုက်ရပြီးနောက်ပိုင်း မောင်ဝင်းနှင့်ကျွန်တော်ထပ်မတွေ့တော့။ ဝါးခယ်မကိုပြန်လာကာ သီတင်းကျွတ်ကျောင်းပိတ်ရက် ရန်ကုန်သို့အပြီးအပိုင်ပြောင်းရွှေ့ခဲ့ပြီး သရက်တောလမ်းထိပ် ရှမ်းလမ်းမပေါ်ရှိကွက်သစ်ကျောင်းမှာပင်ကျောင်းဆက်တက်သော်လည်း ကျွန်တော်တို့မိသားစုသရက်တောလမ်းမှာမနေတော့။ မကြီးကြီးလမ်းမှာအိမ်ငှါးနေကြရင်း အမေကဈေးရောင်း အစ်ကိုကြီးကပန်းထိမ်လုပ် အစ်မကစက်ချုပ် ကျွန်တော်နှင့်ညီဖြစ်သူတို့ကသတင်းစာပို့ကာ ဘဝကိုခက်ခဲစွာရုန်းကန်ခဲ့ကြ၏။ ပြန်ရောက်ရောက်ချင်းဆိုသလို မောင်ဝင်းနှင့်တွေ့ရန်သရက်တောလမ်းကိုသွားခဲ့သေးသော်လည်း သူတို့နာနတ်တောဘက်သို့ပြောင်းသွားကြကြောင်းသာသိရ၏။ သရက်တောလမ်းသို့ရံဖန်ရံခါလာတတ်သည်ဆိုသည့်တိုင် ကျွန်တော်နှင့်မဆုံ။ ဆုံမည့်ဆုံတော့နောက်ထပ်ဆယ်နှစ်အကြာမှာ ဒဏ္ဍာရီဆန်ဆန်ပြန်ဆုံခဲ့ရ၏။ သရက်တောလမ်းမှာမဟုတ်။ မုန့်လုပ်ဆောင်းကုန်း ရွှေနှင်းဆီလမ်းမှာ ဖြစ်လေသည်။

ထိုအချိန်ကျွန်တော်သည်တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားဖြစ်နေပြီ။ အိမ်ပိုင်ယာပိုင်မရှိသူတွေမို့ အဆင်ပြေသလို ပြောင်းရွှေ့နေထိုင်ရင်းရွှေနှင်းဆီလမ်းတွင်ရောက်နေကြရကာ ထိုလမ်းထဲမှာပင်ဒုတိယမြောက်အိမ်သို့ ပြောင်းရွှေ့ပြီးစကာလလည်းဖြစ်၏။ ပထမအိမ်နှင့်ဒုတိယအိမ်တို့မှာကပ်လျက်ခြေရင်းခေါင်းရင်း တည်ရှိပြီး ပထမအိမ်၏အပေါ်ထပ်အလယ်ခန်းမှသည် ပိုမိုကျယ်ဝန်းပြီးလျှပ်စစ်မီးပါရသော ဒုတိယအိမ်(အထပ်မရှိ) ခြေရင်းခန်းသို့ပြောင်းရွှေ့ရခြင်းဖြစ်ရာ အိမ်နှစ်အိမ်၏အနေအထားကြောင့်ပင် မောင်ဝင်းနှင့်ပြန်ဆုံရပုံက ဒဏ္ဍာရီဆန်နေခြင်းဖြစ်လေ၏။ 

မိုးအေးအေးတစ်နံက် လင်းအားကြီးသုံးနာရီခန့် အိမ်ရှေ့ခန်းမှာအိပ်နေသော ကျွန်တော်နာမည်ခေါ်သံကြောင့်နိုးလာသည်။ ကပျာကယာတံခါးဖွင့်ပြီးဆင်းလာသည့်အခါ ခြေရင်းအိမ်နှင့်လက်ရှိကျွန်တော်တို့အိမ်ကြားတည့်တည့် လမ်းမပေါ်မှာခြေရင်းအိမ်ပိုင်ရှင် (ကျွန်တော်တို့အိမ်ရှင်ဟောင်း) ကို လူငယ်တစ်ယောက်နှင့်အတူတွေ့ရ၏။ အမှတ် (၁) ဘတ်စလိုင်းကားမောင်းသူ ထိုအိမ်ရှင်သည်နေ့စဉ်အလုပ်သိမ်းချိန်အိမ်ပြန်ရောက်လျှင် အောက်ထပ်ခေါင်းရင်းဘက်သူတို့အခန်းရှေ့မှာ ဇရက်မင်းစည်းစိမ်နှင့်အိပ်စက်လေ့ရှိပြီးသည်လိုအချိန်ပြန်နိုးနေကျမို့မဆန်းသော်လည်း သူ့ရှေ့မှလူငယ်ကိုကျွန်တော်ဇဝေဇဝါဖြစ်နေသည်။ “ငါ မောင်ဝင်းလေကွာ” ဟု သူကဆိုမှမှတ်မိတော့၏။

မောင်ဝင်း ငယ်ရုပ်မပျောက်သော်လည်းညှင်းသိုးသိုးပိန်ညှော်ညှော်ဖြစ်နေသည်။ ကျွန်တော်ရှုတ်ထွေးစွာစကားစရှာမရစဉ်မှာပင်အိမ်ရှင်ဦးလေးက သူ့ကိုအိမ်ရှေ့ရေစည်တွေနား မှောင်ရိပ်မှာတွေ့လို့ငါမေးတော့ မင်းဆီလာတာဆိုပြီး အပေါ်ထပ်ကိုလက်ညှိုးထိုးပြတယ်။ ဒါနဲ့မင်းကိုငါခေါ်လိုက်တာဟုပြော၏။ ကျွန်တော်အိမ်ပြောင်းသွားမှန်းမသိသည့်အချိန်အခါမဲ့မှောင်ရိပ်ခိုသူငယ်ချင်းကို သူသင်္ကာမကင်းဖြစ်ပုံရလေသည်။ ဘုရားသွားမှာမင်းများလိုက်မလားလို့ဝင်ခေါ်တာဟုမောင်ဝင်းကဝင်ပြော၏။ သရက်တောလမ်းမှာနေစဉ်အခါကြီးနေ့ကြီးရက်များမှာ မနက်စောစောထ၍သူနှင့်ကျွန်တော်ရွှေတိဂုဏ်ဘုရားဖူးသွားခဲ့ကြဖူးသည်ကို အာရုံတွင်မြင်ယောင်မိရင်း “ငါ မလိုက်နိုင်သေးပါဘူးသူငယ်ချင်းရယ်” ဟုသာကျွန်တော်ပြောနိုင်၏။ သူကကျွန်တော့်မိသားစု မာကြောင်းသာကြောင်းမေးမြန်းပြီး ဒါဆိုငါသွားမယ်ဆိုကာထွက်သွားတော့၏။ 

သူလျှေက်သွားရာနောက်သို့ လိုက်ပါငေးကြည့်ရင်းတွေဝေနေသောကျွန်တော် အိမ်ရှင်ဦးလေး၏ “မင်းသိတယ်ဆိုလို့ နို့မို့သူ့ကိုရဲစခန်းအပို့ပဲ” ဆိုသောစကားကိုငယ်ငယ်ကသူငယ်ချင်းပါမတွေ့တာကြာပါပြီဟုပြန်ဖြေလိုက်သည်။ ထိုဦးလေးကပင်ဆက်၍ မင်းတို့အိမ်မှာပစ္စည်းတွေဘာတွေအပျောက်အရှရှိလားကြည့်လိုက်ဦးဆိုကာ သူကိုယ်တိုင်လည်းအိမ်ပတ်ဝန်းကျင်ကို လက်နှိပ်ဓါတ်မီးတစ်လက်နှင့်လိုက်ကြည့်၏။ ကျွန်တော်က တံခါးမရှိသောကျွန်တော်တို့အိမ်ဘိနပ်ချွတ်ကိုဝတ်ကျေတန်းကျေကြည့်ပြီး ဘာမှခြေရာလက်ရာမပျက်ပါဘူးဟု သတင်းပေးသောအခါသူ့အခန်းသူပြန်ဝင်သွားသည်။ ထိုညအတွက် မောင်ဝင်းကျွန်တော့်လိပ်စာကို (လွန်ခဲ့သောလပိုင်းအထိမှန်ကန်စွာ) ဘယ်ကဘယ်လိုသိနေပါလိမ့်ဆိုသောအတွေးဖြင့် ကျွန်တော်ပြန်အိပ်၍မရတော့။

နောက်တစ်နေ့ ကျွန်တော်ကျောင်းမှပြန်ရောက်ချိန်အိမ်မှာမြို့နယ်ကောင်စီဝင်တစ်ဦးနှင့် ရပ်ကွက်လူကြီး တစ်ဦးတို့ကိုတွေ့ရသည်။ ညကကိစ္စအတွက်ဟုသိရ၏။ သတင်းပေါက်ကြားမှုနှုံးသည်မျှမြန်ဆန်ခြင်းကို အံ့သြရသလို ထိုကိစ္စအပေါ်ဘာကြောင့်အရေးတယူဖြစ်နေကြသည်ကို မစဉ်းစားတတ်အောင်ဖြစ်ရ၏။ ပထမအကြိမ်ပြည်သူ့ကောင်စီသက်တန်းမို့ ကိုယ်စားလှယ်တော်ကြီးများတက်ကြွစွာအလုပ်မရှိအလုပ်ရှာနေခြင်း ဖြစ်ကြောင်း သူတို့မေးခွန်းတွေအရသိရသော်လည်း အခန့်မသင့်လျှင်နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးသူများ စာရင်းဝင်သွားနိုင်သည်ကိုလည်းသဘောပေါက်မိသည်။ မောင်ဝင်းဆိုသည်မှာဘယ်သူဘယ်မှာနေ ဘယ်တုန်းကသိ ဘယ်လောက်ကြာကြာကွဲနေ ညကဘာလာလုပ် စသောမေးခွန်းတွေကိုသူတို့ကမေးသည်။ 

အားလုံးကျွန်တော်သိထားသည့်အတိုင်းဖြေပြီးသည့်အခါ အချိန်မတော်တွေ့ရသူကိုဘာကြောင့်သက်ဆိုင်ရာသို့အကြောင်းကြားမအပ်နှံရသလဲဆိုသည့်မေးခွန်းသို့ရောက်၏။ ကျွန်တော်ကလက်ရှိအနေအထားအရ ကောင်းမှန်းဆိုးမှန်းမသိ မဖိတ်ခေါ်မမျှော်လင့်ဘဲရောက်လာသည့်ငယ်သူငယ်ချင်းတစ်ဦးကို ဘာအထောက်အထားမှမရှိပါဘဲလူဆိုးအဖြစ်သတ်မှတ်ကာဆိုင်ရာအပ်သည့်အလုပ်ကိုလုပ်ဖို့ကျွန်တော်သတိမရ ရသည့်တိုင်လုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဖြေလိုက်၏။ တက္ကသိုလ်ကျောင်းသားတစ်ဦး၏စာရိတ္တကိုယုံကြည်စွာ ကျွန်တော်ပြောသမျှလက္ခံပါကြောင်း နောင်ထူးခြားဖြစ်စဉ်များရှိလာပါက သတင်းပို့ရန်တိုက်တွန်းကြောင်းပြောကာသူတို့ပြန်ကြလေသည်။ သည့်အတွက်ကို ပညာ၏ ကျေးဇူးဟုသာမှတ်ယူရတော့၏။

                                                                                      [၇]

ဒဏ္ဍာရီဆန်ဆန်မောင်ဝင်းနှင့်ပြန်ဆုံရသောထိုဖြစ်ရပ်တွင် ကျွန်တော်ရင်နင့်စွာထိန်ချန်ထားခဲ့သည့် အချက် တစ်ချက်ရှိပါ၏။ ယင်းကိုခြေရင်းအိမ်ရှင်ဦးလေး သို့မဟုတ် အထက်ကလူကြီးမင်းတို့သာသိရှိခဲ့လျှင် မည်သို့သောအကျိုးဆက်တွေကြုံရမည်ကိုမခန့်မှန်းတတ်သလို တက္ကသိုလ်ကျောင်းသားတစ်ဦး၏စာရိတ္တအပေါ် အနည်းဆုံးယုံကြည်မှုပျက်ပြားသွားမည်လား ကျွန်တော်မပြောတတ်။ ထိုညမောင်ဝင်းထွက်သွားပြီးနောက် အိမ်ပေါ်ပြန်တက်ကြည့်လိုက်သည့်အခါ ထင်သည့်အတိုင်း ကျောင်းသွားကျောင်းပြန်စီးရန် လေဟာပြင်ဈေးတွင် ပြီးခဲ့သည့်ရက်ပိုင်းကလေးကမှဝယ်ထားသည့် မိုးတွင်းစီးယိုးဒယားဖြစ်ဆင်ကြယ်ဖိနပ်အသစ်ကလေး ဖိနပ်စင်ပေါ်မှာမရှိတော့။ ထို့အတူ ဖိနပ်ချွတ်ဝရံတာပေါ်မှာ ညကကျွန်တော်လှမ်းထားခဲ့သည့် ရေလဲလုံချည်တစ်ပတ်ရစ်လေးလည်းမတွေ့တော့။ မောင်ဝင်းနှင့်စကားပြောစဉ်နှင့်သူထွက်သွားစဉ် လမ်းတစ်ဘက်ရှိ ဓါတ်တိုင်မှအလင်းရောင်ဖြင့် ဝတ်ထားသောလုံချည်နှင့် စီးထားသောဖိနပ်တို့ကို ကျွန်တော်သတိပြုမိခဲ့သော်လည်း မသိသယောင်နေခဲ့ပြီးသူ့ကိုသင်္ကာမကင်းသော ခြေရင်းအိမ်ပိုင်ရှင်ဦးလေး၏ ပစ္စည်းအပျောက်အရှစစ်ဆေးဖို့သတိပေးသည်ကို အနေအထားဘာမျှမပျက်ဟု သာပြောခဲ့သည်။

ညနေကအိမ်ကိုရောက်လာသည့်ပြည်သူ့ကိုယ်စားလှယ်လူကြီးမင်းများ ကျွန်တော့်အိမ်ဖိနပ်ချွတ်တွင်ထိုအချိန်ထိလွှင့်မပစ်ရသေးသည့် မောင်ဝင်းချန်ထားခဲ့ပုံရသောဂျပန်ဘိနပ်ဖင်ပြတ်ကလေးကို သဲလွန်စအဖြစ်သတိပြုမိကာ စစ်စစ်ပေါက်ပေါက်မေးခွန်းတွေမမေးခဲ့ကြသည့်အတွက်စိတ်သက်သာရာရမိ၏။ ကျွန်တော့်ဖိနပ်မှန်းမသိသဖြင့်သာ ကျွန်တော့်ကိုခြေရင်းအိမ်မှာနေသည်ဟုသိနေခဲ့သောမောင်ဝင်း လဲစီးသွားခြင်းဖြစ်သည်ဟု ကျွန်တော်ယုံကြည်ဆဲ။ ဥပဒေမကျွမ်းကျင်သော်လည်း ထိုကိစ္စထိန်ချန်ခြင်းငှါမသင့်ကြောင်းကိုလည်း ကျွန်တော်သဘောပေါက်သည်။ သို့သော် မောင်ဝင်း၏အရှက်သိက္ခာနှင့်ဘဝကို ကျွန်တော့်ပယောဂဖြင့် တစ်စုံတစ်ရာမထိခိုက်စေချင်သောစေတနာအား လူမှု့ဥပဒေအရမည်သို့စီရင်နိုင်မည်ကို ကျွန်တော်အမှန်ပင်သိလိုခဲ့၏။ (စကားချပ်၊ အရှက်သိက္ခာနှင့်ဘဝကိုမထိခိုက်စေချင်ဘူးဆိုပြီး ခုဘာပြုလို့ရေးသလဲ ဟုတွေးမိသူများရှိချင်ရှိမည်။ ထိုအတွက်လုံလောက်သောအဖြေ ကျွန်တော့်မှာမရှိပါ။) 

တစ်လောက သတင်းတစ်ပုဒ်တွင် အီတလီ နိုင်ငံကုန်တိုက်တစ်ခုအတွင်းပိုက်ဆံမလောက်သဖြင့် စားသောက်ဖွယ်အချို့ကိုငွေမချေပဲယူခဲ့သည့်အခြေအနေမဲ့တစ်ဦးအပေါ် တရားရုံးချုပ်မှတရားသေလွှတ်ခဲ့ကြောင်းဖတ်ရှုရသောအခါ အရင်ဆုံးပြေးမြင်သည်ကမောင်ဝင်း၏မျက်နှာဖြစ်နေသည်။ ကျွန်တော်တို့ဆီကတရားဥပဒေမှာ သည်လိုဆင်ခြင်တုံတရားတွေပေါ်ပေါက်ရန် ရှိမရှိကိုလည်းစိတ်ဝင်စားမိလေသည်။ နှစ်ပေါင်းလေးဆယ်ကျော်အကြာယခုအချိန်မောင်ဝင်းတစ်ယောက်ဘယ်ဆီဘယ်ဝယ်ရောက်နေပြီ ကျွန်တော်မသိ။ တစ်ခါတစ်ခါ ငယ်ဘဝနှင့်ယှဉ်လျက်မောင်ဝင်းကိုသတိရမိကာစိတ်ထဲမှာလေးလံသလိုလို ယူကျုံးမရသလိုလိုခံစားမိရတတ်ပါ၏။ တကယ့်ဘဝသည်စိတ်ကူးယဉ်ထက်ပို၍ဆန်းကြယ်ကြောင်းကိုလည်းထိုအခါများမှာကျွန်တော်ဆင်ခြင်မိလေသည်။