Monday, December 29, 2014

ဆုံဆည်းဆာ သာတဲ့လ






"ဆုံဆည်းဆာ သာတဲ့လ"


ဇရာ
ဓမ္မာအရှိ
ခန္ဓာငြိ
စာအသိမဟုတ်တော့။

ပြေဖျော့ကြုံလှီ
ချင်ဆီခမ်းပျောက်
မွဲခြောက်ခန္ဓာ
ရောက်လာကြပေါ့ အရွယ်လျော့။

ဖြေလျှော့ရမာန်အလျင်
ဘဝနေဝင်ရော့။

သို့တည်းလျှင်
တို့ချည်းပင်ဖေါ်မကင်းပါဘု
ရင်တွင်းကိုယ်စီအလွမ်းတွေနဲ့
ချစ်ခြင်းဟိုသည်ကမ်းကာပ
ရယ်ရွှန်းကာအနုသာသနတဲ့ပြင်

အစုဂါရဝ ပြုလာသမျှ
ကုသလာဓမ္မအပုံအယင် ဂုဏ်အင်ရွယ်ကာ
ခုံမင်တွယ်တာ မယွင်းပျက် ထိုသမယမှာတော့ ဝစနာအနော့
(ဆရာတပည့် ငယ်ခပင်းတို့ရယ်..)
ဘုံအစဉ်မှာ ဆုံလျှင်သာ
စုံလင်စွာ စာရင်းဆက်လိုကြပါပေါ့ သံသရာတစ်ကြော့။


(ရန်ကုန်စက်မှုတက္ကသိုလ် နှစ်ငါးဆယ် ရွှေရတုပွဲနေ့ အမှတ်တရ)


Tuesday, December 23, 2014

ကျွန်တော်နှင့်ဒီဇင်္ဘာ


ကျွန်တော်ကနိူဝင်္ဘာမွေးဆိုတော့ ဒီဇင်္ဘာနှင့် နီးစပ်သည်။ ဒါကြောင့်လားမသိ ဥတုသုံးပါးထဲမှာ ကျွန်တော်က ဆောင်းဥတုကိုအနှစ်သက်ဆုံးဖြစ်နေသည်။ ဒီဇင်္ဘာမှာဆောင်း၏သရုပ်ကအပီပြင်ဆုံး မဟုတ်ပါလား။ နှင်းမြူတွေဝေ့ဝဲသည့် ချမ်းမြမြနံက်ခင်းတွေ ဒီဇင်္ဘာမှာကြုံရမြဲဖြစ်၏။

ငယ်စဉ်ကနေထိုင်ဖူးသောမြစ်ဝကျွန်းပေါ်မြို့ကလေး မှာဆို (မြစ်နားနီး၍ ထင်သည်) ဒီဇင်္ဘာမှာနှင်းတွေ ပိန်းပိတ်အောင်ကျတတ်၏။ ထိုအချိန်တွေကျောင်းတက်ရသည်မှာအလွန်ပျော်စရာကောင်းကြောင်းမှတ်မိနေသည်။  အမှန်ကကျောင်းသွားရသည်ကို ပျော်ခြင်းဖြစ်၏။ နှင်းမှုံတွေကြားတိုးဝင်သွားခိုက် ဘာရယ်မဟုတ်ထိုစဉ်ကကျော်ကြားသော တွံတေးသိန်းတန်၏ ဆောင်းနှင်းမြူနှင့်ကိုယ့်ချစ်သူသီချင်းကို အသံထွက်ညည်းမိသည်အထိ ဆောင်း၏ဖမ်းစားခြင်းကိုခံရတတ်လေသည်။ ကျောင်းစောစောသွားပြီး နှင်းမှုံကြားမှာကစားရတာပျော်စရာကောင်းသည့်တိုင် သူများကလေးတွေလိုမကစားဘဲ  ကျောင်းနောက်ဘက်ရေဆိပ်တံတားပေါ်မှ နှင်းခြုံလွှာထူထူထဲထဲ မြစ်ပြင်ထဲငေးရသည်မှာအလုပ်တခုဖြစ်၏။ သီချင်းထဲကနှင်းပွင့်ပန်းချီဆိုတာ ဒါပါလားဟု ကြည့်ရင်းကျွန်တော်ကျေနပ်နေ တတ်လေသည်။ ထိုအခါမျိုးဆို ကျောင်းတက်ခေါင်းလောင်းသံပင်နားဝင်မချိုချင်တော့။

အလယ်တန်းကျောင်းသားဘဝနှင့်ရန်ကုန်ပြန်ရောက်တော့ကျောင်းကနေ့ခင်းပိုင်းဖြစ်သဖြင့် နံက်ခင်းနှင်းမှုံကြားမှာ ကျောင်းတက်ရသည့်အပျော်ကိုမရနိုင်တော့။ သို့သော် နှင်းမှုံတွေကြားအလုပ်လုပ်ရသည်ကတော့ပျော်စရာပင်။ ကျွန်တော်ကကျောင်းမသွားခင်မနက်ပိုင်း သတင်းစာပို့ရသည်လေ။ ရန်ကုန်ကနယ်မှာလို နှင်း (မြူ) အကျမစိပ်မသိပ်သည်းတတ်ပေမယ့် ချမ်းမြသောဒီဇင်္ဘာဆောင်းသရုပ်တော့ ပီပီပြင်ပြင်ရှိတတ်မြဲ။ ခုတော့လည်း ရန်ကုန်ဆောင်းကနှင်းပျောက်တဲ့ဆောင်းဖြစ်နေသည်မှာကြာပြီပဲ။ ကြည့်မြင်တိုင် ဗားကရာလမ်းမှ ဟံသာဝတီလမ်းအထိ တလမ်းဝင်တလမ်းထွက်စက်ဘီးတစီးနှင့်သတင်းစာပို့ရသောအလုပ်မှာ အေးသောရာသီနှင့်အကိုက်ပင်ဖြစ်လေသည်။ ပြီးတော့ မြင်ကွင်းတွေကလည်း အခြားရာသီဥတုတွေနှင့်ခြားနားသည်။ မိုးနှင့်နွေမှာတွေ့ရခဲသော မိမိအိမ်ခြံဝင်း အိမ်ရှေ့ လူသွားလမ်းမပေါ် စိတ်လက်ပေါ့ပါးစွာထွက်၍ နေစာလှုံလိုကြသူတို့အတွက် ကျွန်တော်လိုသတင်းစာပို့သမားကမျှော်လင့်စောင့်စားအပ်သူ။ နှစ်ဦးနှစ်ဘက် ကြည်ဖြူလန်းဆန်းစေသည့် ဆောင်းနံက်ခင်းများကသာသာယာယာရှိစမြဲ။ နှင်းတွေထူထူထဲထဲကျသည့်အခါဆိုလျှင် စက်ဘီးနင်းတိုင်းမျက်နှာပေါ်နှင်းငွေ့လေးတွေထိတွေ့လာကြသည်မှာ ပစ္စက္ခကိုမေ့လောက်သည်အထိ ကြည်နူးစရာဖြစ်ခဲ့၏။ သည်တခါ နှင်းပွင့်ပန်းချီကမြို့ပြနောက်ခံဖြင့်ဆန်းသစ်စွာတမျိုးလှပနေပေသည်။

ဒါတွင်လားဆိုတော့မဟုတ်သေး။ ခေတ်ကာလက အရာရာကိုပြည်သူတံဆိပ်ကပ်ပြီးကျုံးသွင်းတတ်သည့်ခေတ်မို့ ဒီဇင်္ဘာမှာလည်းအလိုလိုနေရင်းပြည်သူ့အားကစားလဖြစ်သွားရလေရာ အရှင်မွေးနေ့ချင်းကြီးဆိုသလို အစိုးရဦးဆောင်သောလူထုလှုပ်ရှားမှုတွေ အခန်းအနားတွေဖြင့်ဝေဆာနေလေတော့၏။ ဗိုလ်ချုပ်ပြောသလိုကောက်ရိုးမီးတွေဖြစ်ကြသည်ကတစ်ကြောင်း၊ အုပ်ချုပ်မှုအလွဲများအကြားစားဝတ်နေရေး တစ်စစလျော့ပါးနိမ့်ကျလာသည်ကတကြောင်းတို့ကြောင့် နောက်ပိုင်းအဖျားရှူးသွားကြသည့်တိုင် စောစောပိုင်းကာလများ၌အတော်ပင်စည်ကားသိုက်မြိုက်ခဲ့၏။ ထိုကာလတွေကိုခလေးသာသာအရွယ်ဖြင့်ဖြတ်သန်းရသောကျွန်တော့်အတွက် ဒီဇင်္ဘာသည်အမှတ်ရစရာတွေချည့်။ ရေဒီယိုမှမရိုးနိူင်အောင်ကြားရသော အားကစားလလှုံ့ဆော်တေးသီချင်းတွေနှင့်အတူ ရပ်ကွက်အတွင်းရှိလမ်းတိုင်းလိုလို ရက်သတ္တပတ်အကြို နံနက်ခင်းလမ်းလျှောက်ပွဲတွေ ညခင်းအားကစားပြပွဲပြိုင်ပွဲတွေက အခြားလူမှုရေးဘာသာရေးပျော်ပွဲရွှင်ပွဲများနှင့်အပြိုင်ပင်စည်ကားကြသည်။ ဒီဇင်္ဘာကျောင်းပိတ်ရက်တွင်အာရုံ (Holiday Mood) ဝင်စားနေသော ကျွန်တော်တို့အပေါ်ဆွဲဆောင်အားလည်း ကောင်းခဲ့သည်။

ထိုကစားပွဲမျိုးမှ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတွေပေါ်ထွက်ခဲ့ဖူးသည်ကိုလည်းအမှတ်ရမိ၏။ အာရှချန်ပီယံမြန်မာဘော်လုံးအားကစား ဒေသတွင်းမှာမျက်နှာပန်းလှချိန်ဖြစ်သလို‘မြန်မာနိူင်ပြီ’သီချင်းရေပန်းစားချိန်ဖြစ်လေသည်။ တလောကဒေသတွင်းဘော်လုံး ပြိုင်ပွဲတစ်ခုမှာမြန်မာအသင်း ရှားရှားပါးပါး အနိူင်ရသဖြင့် ကျွန်တော်တို့နှင့်မရှေးမနှောင်းမျိုးဆက်တန်းဝင် ပြန်ကြားရေးဝန်ကြီးမှ‘မြန်မာနိုင်ပြီ’သီချင်းထုတ်လွှင့်ဘို့ မြန်မာ့အသံကိုညွှန်ကြားရာ ရုတ်တရက်ထိုသီချင်းရှာမရသောကြောင့် အခြားသီချင်းတစ်ပုဒ်အစားထိုးလွှင့်ထုတ်ခဲ့ရသည်ဟုကြားရ၏။ မဆီမဆိုင်ကျွန်တော်ဝမ်းနည်းသလိုခံစားမိခဲ့လေသည်။ အနိူင်ကိုဂုဏ်ယူခဲ့ဖူးသောမျိုးဆက်မှသည်အရှုံးနှင့်ယဉ်ပါးသောမျိုးဆက်သို့လိုလိုလားလားရောက်ရှိခဲ့ခြင်းမဟုတ်သည်မှာသေချာသည်။ ထိုမှ နိူင်မှန်းရှုံးမှန်းပင်မသိသောမျိုးဆက်သို့ရောက်ရဦးမည်ဆိုလျှင်တော့ ကျွန်တော်တို့သမိုင်းရိုင်းပြီသာမှတ်။ ပြောသာပြောရသည် ကျွန်တော့်မှာလည်းထိုမျိုးဆက်ဝင်တွေကအပြိုင်းအရိုင်း။ ထားတော့။

တက္ကသိုလ်ရောက်တော့ ဒီဇင်္ဘာကပို၍လှလာသည်ထင်ရသလို ပျော်ရွင်ခြင်းအပြင်ကြည်နူးခြင်းတွေပါ သိမ်းရုံးပေါင်းစုရတုသစ်ပမာတင်စားလောက်ပါ၏။ ကျွန်တော်တို့ကျောင်းမှာအထင်ကရ စွယ်တော်ပင်တို့၏ နှစ်လွှာဆိုင်ရွက်ချပ်ကလေးများ ဆောင်းအခါနှင်းရည်လူးကြလေတိုင်း နှစ်ကိုယ်ထွေးရန်အရေးကြုံပြီ ဆိုသော မေလှမြိုင်၏ ‘ဆောင်းအမီ’သီချင်းကိုသတိရမိတတ်လေသည်။ ထိုအချိန်၌ ‘ဆောင်းနှင်းမြူနှင့်ကိုယ့်ချစ်သူ’ အားခံစားချက်နှင့်သီဆိုတတ်ပြီဖြစ်သလို ခင်မောင်ကြီး၏‘တက္ကသိုလ်မှာဝေတဲ့နှင်း'ကိုလည်း နှစ်သက်တတ်ပြီ။ ကျောင်းသားဘဝဒီဇင်္ဘာခြောက်ကြိမ်ဖြတ်သန်းရသည့်အနက်တခုသောဒီဇင်္ဘာကိုမူ နှင်းမြူမကူပါဘဲအမှတ်ရစရာဖြစ်ခဲ့ရ၏။ ဦးသန့်ဈာပနအရေးအခင်းသည် ၁၉၈၈မတိုင်မီ အာဏာသိမ်းစစ်အစိုးရကို စိမ်ခေါ်ခဲ့သော ကျောင်းသားလှုပ်ရှားမှုများအနက်အပြင်းထန်ဆုံးဖြစ်ပြီး ၁၉၇၄ ခုဒီဇင်္ဘာလအတွင်းဖြစ်ပေါ်ခဲ့သည်။ ကျွန်တော်ပန်းတနော်လမ်းသားနှင့်ထီးတန်းသားတို့သုံးဦးထိုအရေးအခင်းမှာလက်တိုလက်တောင်း ပါဝင်ခဲ့ကြသည်။ ဈာပနအတွက်ကျောင်းသားများတောင်းဆိုသောနှစ်နေရာအနက်မှ တစ်နေရာ (ရွှေတိဂုံ ဘုရားတောင်ဘက်မုခ် လက်ရှိဗိမ္မာန်တည်ရှိရာ)ကိုခွင့်ပြုကြောင်း အစိုးရမှအကြောင်းကြားပါလျက် သမဂ္ဂဝင်းအတွင်း၌သာမြှုပ်နှံကြဘို့ဦးစီးဦးဆောင်လုပ်သူတွေကဆုံးဖြတ်ကြသည့်နေ့မှာ ကျွန်တော်တို့အိမ်ပြန်လာခဲ့ကြ၏။ ပန်းတနော်လမ်းသားကနောက်ရက်မှာကျောင်းတွင်းသို့ပြန်ဝင်၍ ဆက်လက်လှုပ်ရှားသည်။ အစိုးရက တပ်အင်အားဖြင့်ဝင်ရောက်ဖြိုခွဲရာ၌အဖမ်းခံရသူများထဲမှာသူပါဝင်ခဲ့လေသည်။

မကြာသေးမီက ဦးသန့်ဂူဗိမ္မာန်ပုံစံသစ်ဖြင့်ပြန်လည်တည်ဆောက်ရေးကိုဆန္ဒပြကျောင်းသားဟောင်းများ သဘောမတူဆိုသည့်သတင်းတစ်ခုထွက်ပေါ်လာရာ မီဒီယာရှေ့တွေ့ရသူမှာမျက်နှာသိတွေထဲကဖြစ်သဖြင့် ပန်းတနော်လမ်းသားကိုလှမ်းမေးရ၏။ သူက ‘ဦးသန့်အရေးအခင်းအထိဒီပုဂ္ဂိုလ် တက္ကသိုလ်မရောက်သေးတာတော့ငါသိတယ်’ ဟုသာထိမ်းထိမ်းသိမ်းသိမ်းဖြေသည်။ “ဒါဆိုမင်းတခုခုပြောသင့်တယ်လို့ မထင်ဘူးလား”ဟု ဆန်းသစ်တိုးတက်နေသောမီဒီယာတွေအားကိုးနှင့် ကျွန်တော်အားမလိုအားမရပြောသောအခါ မထုံတက်တေးလေသံဖြင့် စကားလက်စသတ်ဖို့သူကြိုးစားခဲ့လေသည်။ ‘ချေးခြောက်ရေနှူးဒါတွေမပြောချင်ပါဘူးကွာ၊ ပြောလို့လဲ ဒီလိုလူတွေကန့်လန့်ကာနောက်ပြန်ဝင်မှာမှ မဟုတ်တာ’။ သူ့ဥပစာကြောင့် ကျွန်တော်ကျွဲမြီးတိုပြီး လေသံပြင်းပြင်းခွန်းတုံ့ပြန်မိသည်အထိဖြစ်ခဲ့ရ၏။ “ချေးခြောက်မဟုတ်ဘူးသမိုင်းကွသမိုင်း၊ မင်းနဲ့မင်းခေတ်ရဲ့သမိုင်းအတွက် တခုခုပြောသင့်တယ်လို့မင်းမထင်ဘူးလား”။ အနည်းငယ်လေသံပြောင်းလာသည်မှအပ ကျွန်တော့်စကားကို ဟိုတုံးကလိုပင်စာရင်းထဲထည့်သင့်သည်ဟုသူမှတ်ယူပုံမရ။ ‘ကြီးကြီးကျယ်ကျယ်တွေပြောမနေပါနဲ့ကွာ၊ လူတယောက်စာတကြောင်းနဲ့သမိုင်းမဖြစ်သလို မျက်နှာပြောင်တိုက်တိုင်းလဲသမိုင်းမဟုတ်ပါဘူး’ ဆိုကာအကြောင်းတစ်ခုပြပြီးဖုန်းချသွားခဲ့လေသည်။ သူ့စကားမှာထောက်ပြစရာတွေရှိနေပေမင့် ကျွန်တော်သူ့ကိုထပ်မဆက်တော့။ မျက်နှာပြောင်တိုက်တိုင်းသမိုင်းမဖြစ်သော်လည်း မျက်နှာပြောင်တိုက်တတ်သူတွေပွဲမလှန့်နိူင်အောင်သမိုင်းသတိရှိစေဘို့ လူတစ်ယောက်စာတစ်ကြောင်းက အထောက်အကူပြုနိူင်သည်ဆိုသည်ကို သူနှင့်မျက်နှာချင်းဆိုင်တွေ့လျှင် ဆွေးနွေး(ငြင်းခုံ)ဖို့သာ ကျွန်တော်စာရင်းတို့ထားလိုက်ဖြစ်၏။

နောက်ပိုင်းဒီဇင်္ဘာတွေမှာတော့စိတ်ကူးမယဉ်သာလောက်အောင် လက်တွေ့ဘဝတွေမှာလှုပ်ရှားရုန်းကန်နေခဲ့ရ၏။ သို့တိုင်အောင် ဒေါသမူစိတ်စေတသိတ်တွေအကြားတစ်နှစ်တာမလူးသာမလွန့်သာဖြစ်ရသမျှ ဒီဇင်္ဘာရောက်လျှင် အနွမ်းတွေအပန်းတွေအတန်ပြေသလိုခံစားရသည်ကိုတော့သတိပြုမိဆဲ။ ဘုရားသွားကျောင်းတက်သည်ချင်းအတူတူ ဒီဇင်္ဘာမှာပို၍စိတ်စက်ကြည်လင်ကာတရားထူးတရားမြတ်ရသလို အတွေးဝင်တတ်ခြင်းများရှိနေဆဲ။ ကျွန်တော်၏အစွဲကြောင့်သာဖြစ်မည်။ သို့မဟုတ် နှစ်သစ်တစ်ခုသို့ ဝင်ရောက်ရန်ပြင်ဆင်ရသောလမို့ မျှော်လင့်ချက်အသစ်အသစ်တွေဖြစ်တည်နိူင်သောကြောင့်ပေလား ကျွန်တော်တွေးမိသည်။ သည်သဘောကိုတော့ ကျွန်တော်ရောက်ဖူးရာနိူင်ငံဒေသအချို့မှာလည်းဂရုပြုမိသည်။ သူတို့ဆီမှာ နာတာလူးပွဲတော်ကာလလည်းဖြစ်သည်မို့ စီးပွားပညာရှာရန်အလို့ငှါခွဲခွာနေကြရသော မိသားစုတွေပြန်လည်ဆုံစည်းကြ နှစ်သစ်ကိုအတူကြိုကြသည့်အပျော်အပြုံးတွေအလျှံပယ်မြင်တွေ့ကြားနာ မုဒိတာပွားဘွယ်ရာ ဖြစ်လေသည်။ ခရစ်စမတ်နေ့တရားဝင်ရုံးမပိတ်သည့်နိုင်ငံမျိုးမှာပင် ထိုအပျော်တွေမြင်သာရာ ဒီဇင်္ဘာသည် ကမ္ဘာကိုအပျာ်ကူးစေသောလပေလားဟုကျွန်တော်တွေးမိ၏။ ‘ကျုပ်တို့ဆီမှာ ခရစ်စမတ်ကို အပူချိန် ၄၀ စင်တီဂရိတ်မှာကျင်းပကြတာဗျ’ ဆိုသော ကမ္ဘာ့တောင်ဘက်ခြမ်းနိူင်ငံသားတဦး၏ စကားကိုကြားရသည်၌ ခရစ်စမတ်ဘိုးဘိုးကြီး (Santa Claus) နှင့် ဆီးနှင်းထုတွဲမြင်နေကျကျွန်တော် သတိမမူ၍ ဂူမမြင်ခဲ့သမျှအာရုံထွေပြားရသည့်တိုင် မယုတ်လျှော့သောသူ့အပျော်ကိုအသိအမှတ်ပြုမိပြန်၏။ တဆက်တည်း ဒီဇင်္ဘာကိုဆောင်းနှင့်ယှဉ်တွဲစွဲမက်ခဲ့ဘူးသည့် စွဲမက်နေဆဲလည်းဖြစ်သည့်ကျွန်တော့်ကိုယ်ကျွန်တော် ဒီဇင်္ဘာတိုင်းဆောင်း မဟုတ်ဟု အနူသာသနဆုံးမခြင်းပြုရသည်။ ဒီနိူင်ငံမှာရာသီဥတုနှစ်မျိုးရှိတယ် မိုးရွာတာနဲ့မိုးမရွာတာဟု သူတို့ဆီကလူရွှင်တော်တွေပြက်ဘူးသောစင်္ကာပူတွင် ထိုအဆုန်းအမဖြင့်ဒီဇင်္ဘာတွေကို ကျွန်တော်ကျော်ဖြတ်နိူင်ခဲ့လေသည်။

ဒီဇင်္ဘာသည် ကျွန်တော့်ဘဝမှာအရေးပါသောကာလတခုလည်းဖြစ်ခဲ့ဘူးသည်။ ကျွန်တော်အိမ်ယာတည်ထောင်ခဲ့သည်မှာဒီဇင်္ဘာလဖြစ်၏။ ကိစ္စများမြောင်လူတို့ဘောင်ဝယ် အိမ်ထောင်သက်မွေးခြနှယ်မြေးသားဆိုသလို အိမ်ထောင်တခု၏တာဝန်ကိုထမ်းရင်းမျိုးဆက်သစ်တွေတိုးတက်ရစ်စေဘို့ ရုန်းကန်လှုပ်ရှားနေရသည်နှင့် ဒီဇင်္ဘာကိုတစ်ခုတ်တစ်ရအမှတ်မထားဖြစ်သည်မှာကြာတောင့်ကြာပြီ။ သားသမီးတွေ အရွယ်ရောက်ကာ သူတို့ဘဝသူတို့ထောက်မနိူင်သည်အထိပြည်တွင်းရောပြည်ပကရေကြည်ရာမျက်နူရာတွေမှာ မာနကိုမြေအယောင်ဝိရိယကိုမြင့်မိုရ်တောင်ပမာအားထုတ်ကျင့်ကြံပျိုးထောင်၍မှ လက်စမသတ်သေး (ဘယ်တော့မှလဲလက်စသတ်လိမ့်မည်မထင်)လူကတစစ်စအိုပယ် (အို၍အပယ်ခံရခြင်း) ဖြစ်လာနေပြီ။ သည်တော့မှပင် ဒီဇင်္ဘာပေါင်းများစွာကျွန်တော့်ဘဝထဲမှ ဖယ်ခွာသွားကြပြီးဖြစ်သည်ကိုသတိပြုမိရ၏။ ကျွန်တော့်ဘဝထဲမှာ နောက်ထပ်ဘယ်နှစ်ဒီဇင်္ဘာလောက်ကျန်နိူင်တော့မည်ကို စိတ်တွက်တွက်သည့်အလုပ်ကိုလည်းလုပ်ဖြစ်လေသည်။ သင်္ချာသဘောအရကိန်းဂဏန်းတွေကိုခိုင်မြဲသည်(ကိန်းသေ)ဟုသတ်မှတ်ကြသော်လည်း ကျွန်တော့်ဒီဇင်္ဘာလက်ကျန်ကိန်းဂဏန်းတွေ ဘယ်လိုမှမခိုင်မြဲနိူင်သည်ကို သိပါလျက် ကျွန်တော်ရေတွက်နေမိ၏။

သို့ပါလျက် ဆယ်စုနှစ်အတွင်းပထမဆုံးပြန်ဆုံခွင့်ရသောအခါ ဒီဇင်္ဘာသည်အေးမြခြင်းကင်းနေသလိုပင်။ ဆောင်းမရှိသောအရပ်မှာအနေကြာနေခဲ့သော ကျွန်တော်ဆောင်းမပီသောဒီဇင်္ဘာကိုဘယ်လိုနားလည်ရပါ့။ ပြီးတော့ ဆောင်းချစ်သူပြီပြီကျွန်တော်မွတ်သိပ်သောဆောင်းဖွဲ့ဆောင်းနောက်ခံ တေးချင်းအနူပညာတွေ မျိုးဆက်သစ်မှာပါးလျားလာခြင်း။ ဒါကတော့ ဆောင်းမှမဟုတ်။ အရေပြားတထောက်စာအလှအပနှင့် ဖေါဌဗ္ဖာရုံကိုသာအသားပေးအနူစိတ်ချယ်မှုံးလိုသောယဉ်ကျေးမှုတစ်ရပ် ထိုးဖေါက်ဝင်ရောက်လာသည်၏နောက်မှာ ဆောင်းနွေမိုးသုံးပါးလုံး၏အလှတွေအပယ်ခံပီဘိဖြစ်နေသည်မှာမသင့်တော်သလို ကျွန်တော်ခံစားရ၏။ သဘာဝအလှကို အလေးထားခံစားတတ်မှုချို့တဲ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်တွေယိုယွင်းလာမှု မည်သို့မည်ပုံဆက်စပ်သည်ကိုလည်းကျွန်တော်ပြောမပြတတ်။ သို့သော် ရင်ထဲတော့မကောင်း။

လွန်ခဲ့သောတစ်ပတ်က သားအငယ်ကောင်တယ်လီဖုန်းဆက်လာ၏။ ကျောင်းဆင်းပြီး လုပ်ငန်းခွင်ဝင်ကာစမှာ တာဝန်ကလည်းကျေချင် သင်စရာမှတ်စရာလေ့လာစရာတွေကလည်းများ သည်ကြားထဲကလေးတယောက်လို ဝေယျာဝစ္စဆောင်ရွက်ပေးနေကျမအေကလည်း အနားမှာမရှိသည်မို့ (မရွှေတောက်က ကျွန်တော့်ဒီဇင်္ဘာကိုပြည့်စုံစေချင်လို့လားမသိ အကြောင်းမရှိအကြောင်းရှာလိုက်လာသဖြင့် ယ္ခုတော့ကျွန်တော့်အနားမှာ ရှိနေပြန်သည်) သားထံက ဖုန်းဆက်သည်ဆိုခြင်းမှာကျွန်တော်တို့အတွက် မျှော်လင့်သော်လည်း အတန်ငယ်ထူးခြားသည်တော့အမှန်။ စကားထွေထွေထူးထူးပြောလေ့မရှိသူက အလုပ်တွေများနေ၍ဖုန်းဆက်ဘို့မေ့နေကြောင်းတောင်းပန်စကားလိုလိုပြောနေပြန်ရာ ပို၍စိတ်ဝင်စားစရာဖြစ်လာသည်။ သူ့အဖေ ကျွန်တော်ကလည်း စာကိုသာဖွဲ့နွဲ့ရေးချင်ရေး စကားမှာလေးလုံးတစ်ပါဒပြည့်အောင်စိတ်မရှည်တတ်သူပြီပြီ “မင်းဘာပြောချင်လို့လဲဟု” သာမေးချလိုက်လေ၏။ လေဒီတောက်ခေါ်မရွှေတောက်ကတော့ သူ့သားကိုဒီလိုပြောရပါ့ဟုနံဘေးကနေမျက်စောင်းတစ်ချီချီ။

‘မနေ့က ဖေဖေနဲ့မေမေတို့နှစ်သုံးဆယ်ပြည့်တဲ့နေ့လေ’ ဟု ကိုလူပျိုရှက်ကိုးရှက်ကန်းနှင့် ပြောသံကြားမှ အမှန်ပင်ကျွန်တော်သတိရလိုက်၏။ သူပြောသည့်နေ့ (မတိုင်မီတရက်နေ့) က ကျွန်တော်တို့ သူ့အဖေနှင့်အမေ အိမ်ထောင်သက်သုံးဆယ့်တစ်နှစ်ပြည့်သည့်နေ့။ လူရေးလူရာအဖြာဖြာတွေကြားမှာ ဒါတွေမေ့လျော့ သည်ကို အပစ်လိုကျွန်တော်မမြင်။ ကိုယ့်ကိုကိုယ်ပင်အပစ်မမြင်မှတော့သားသမီးဆိုသည်ဝေလာဝေး။ “ဒါလေးများကွာ” ဟုစေတနာနှင့်မတန်သောစကားကိုကျွန်တော်ပြောလိုက်ပြန်သည်။ “နှစ်သုံးဆယ်မဟုတ်ဘူးသားရဲ့၊ သုံးဆယ့်တစ်နှစ်”။ ကျွန်တော်သားသမီးတွေနှင့်စကားပြောလျှင်တယ်လီဖုန်းစပီကာကို ဖွင့်ထားလေ့ရှိရာ ဘေးမှနားထောင်နေသော သူ့အမေက ဒီအဖေနှင့်တော့မဖြစ်ချေဘူးဟူသောလေသံနှင့် စကားရောဖေါသောဝင်လုပ်ရင်း ပြင်ဆင်ချက်ပါတစ်ပါတည်းထုတ်လွှင့်လေ၏။ သတင်းစာတွေဘာတွေထဲမထည့်ကြဘူးလားဆိုသောသား၏အမေးကိုတော့ (အချို့အချို့တွေလိုအဖေအမေအတွက်သားသမီးတွေကဆုတောင်းပေးသည်မျိုးကိုဆိုလိုတာလားမသိ)မထည့်ဖြစ်ပါဘူးသားရယ်ဟုသာသူဖြေလေသည်။ ဟိုးအရင်ကျောင်းသားဘဝအိမ်ထောင်မကျခင်ကာလတုန်းကဖတ်မိသလိုနီးစပ်သူတွေကိုလည်းဖေါက်သည်ချခဲ့ဘူးသော ကာတွန်း တစ်ပုဒ်ကိုကျွန်တော်အမှတ်ရလိုက်မိသဖြင့် အပျာ်လိုလိုအပြက်လိုလိုမရွှေတောက်ကြားသာအောင် သားကို ပြောဖြစ်ခဲ့၏။

“ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ကြတာသုံးဆယ့်တစ်နှစ်ကြီးများတောင်ရှိသွားပြီလို့ လူတကာသိအောင်အဖေမကြေငြာ ပါရစေနဲ့ငါ့သားရယ်၊ မင်းတို့လည်းမလုပ်ကြပါနဲ့။”

သည်အဖေအကြောင်းကောင်းကောင်းသိသောသားအမိနှစ်ယောက်စလုံးပင် စိတ်လိုလက်ရရယ်ခဲ့ကြ၏။ မိသားစုအပျော်ဆိုသည်မှာဒါမျိုးထင်သည်။ သည်ဒီဇင်္ဘာမှာကျွန်တော်ကတော့ ဘဝဆိုတာဒုက္ခတွေကို တန်းဆာဆင်ခြင်းတရပ်လေလားဟု အဘိဓမ္မာဆန်ဆန်တွေးနေဖြစ်လေသည်။

Thursday, December 11, 2014

ကျွန်တော်နှင့်အင်းယားလိက်



တစ်လောက သူငယ်ချင်းတဦး၏သမီးမင်္ဂလာဆောင် အင်းယားလိက်ဟော်တယ် (Inya Lake Hotel) မှာ သွားဖြစ်ခဲ့သည်။ မသွားမဖြစ်လို့ဟုပြောလျှင်ရမည်။ ထိုပွဲမျိုးသွားရမှာအလွန်ဝန်လေးသလောက် ကျွန်တော့်ကို ထိုပွဲမျိုးဖိတ်သူအလွန်ရှားသည်။ ဒါကိုပင် ကျွန်တော်အလွန်ဝမ်းသာရ၏။ သည်အတွက် ကံကကျွန်တော့်ဘက်မှာရှိနေသလားမသိ။ ဖိတ်ကြားသူ အလွန်နည်းသည့်ကြားမှမသွားမဖြစ်သောပွဲမျိုး တစ်ခုတစ်လေရှိချိန်တွင် ကျွန်တော်တမင်ရှောင်လွှဲခြင်း မဟုတ်ပါဘဲတစ်နည်းနည်းဖြင့် အဝေးရောက်နေတတ်သည်။ မိတ်ဆွေသူငယ်ချင်းတွေထားဦး ညီအစ်ကိုမောင်နှမ အသိုင်းအဝန်းမှာပင်ထိုအချက်ကသိသာလွန်းသည်။ ထို့ကြောင့် ကျွန်တော့်တူတူမအရင်းအခြာတွေမင်္ဂလာဆောင်သာမကကလေးကင်ပွန်းတပ်အထိကျွန်တော်မတက်ဖြစ်သည်ကများသည်။ သူတို့ကလည်း အကြောင်းသိတွေမို့ကျွန်တော့်ကိုဖိတ်လျှင် မင်း နင်အလုပ်များလို့ (တကယ်တော့ ဘာအလုပ်မှမရှိဘဲ ထိုင်နေတာ သိသိကြီးနှင့်) မလာနိူင်လဲ မင့် နင့်မိန်းမလာပေစေပေါ့၊ ဦးမလာအားရင်အန်တီ့ကို ဆက်ဆက် လွှတ်ပါနော် စသည်ဖြင့် စကားခံလေးတွေနှင့်ဖိတ်ကြသည်။ သူတို့ညီမအစ်မ သူတို့အန်တီ ကျွန်တော့်ဇနီးကလည်း ဒါမျိုးဆိုဖိုးကျိုင်းတုတ်အဟုတ်ကြီးမို့ ကြာတော့နှစ်ဘက်ဆွေမျိုးနှင့်မိတ်ဆွေရင်းချာတွေအကြား လူမှုရေးပွဲလမ်းတွေမှာကျွန်တော့်ဇနီးသာ စတားဖြစ်ပြီးကျွန်တော့်ကိုတော့ လမ်းချော်လာသည့် ဥက္ကာပျံပမာ ပေယျာလကံထားကြတော့လေသည်။ သည်အတွက်ဇနီးနှင့်တကွသူတို့အားလုံးကိုကျေးဇူးတင်ရသေး၏။

ပြောရလျှင် ဒီကိစ္စကဆွေမျိုးမိသင်္ဂဟကြားမှာတွင်မကမိသားစုအတွင်းမှာပါ ကောင်းသည်မကောင်းသည် အပထား ပြောစမတ်ဖြစ်ခဲ့၏။ ကျွန်တော့် ားအကြီးကောင်မင်္ဂလာဆောင်ကျွန်တော်မတက်ဖြစ်ခဲ့။ ပြည်ပမှာ မမျှော်လင့်ဘဲ ကျွန်တော်တီဘီသံသယ (TB suspect) ဖြင့်ဆေးသောက်နေရသည်။ သူတို့ မူအရ ဆေးကို အိမ်မှာပေးမထားဘဲဒေသန္တရဆေးခန်းမှာနေ့စဉ်သွားသောက်ရသည်။ ဆရာဝန်ကိုအကျိုးအကြောင်းပြောပြတော့ သူကဆယ်ရက်စာဆေးပေးပြီးသွားခွင့်ပြု၏။ ဖြစ်ချင်တော့ထိုရက်အတွင်းမှာပင် ရာထူးလစာမြင့်နောက်အလုပ်တစ်ခုကခေါ်သည်။ သည်အလုပ်အကြောင်းပြု၍လက်ရှိအလုပကိုလည်းနူတ်ထွက်စာတင်ထားပြီးပြီ။ ဘာကိုရွေးမလဲ။ ရှင်းပါသည်။ အမေကရောက်နှင့်နေပြီမို့ အဖေမလာလဲငွေလာလျှင်ပြီးသောသားမင်္ဂလာဆောင်အတွက် အကိုကြီးဇနီးမောင်နှံကိုခေါင်းကိုင်အဖေအမေနေရာထားကာ မင်္ဂလာပွဲကိုအစီအစဉ်အတိုင်းကျင်းပစေခဲ့လိုက်၏။ သည်အတွက်သားရောအဖေပါအမနာပအပြောခံရတာမျိုးတွေရှိခဲ့ပေမဲ့ ခေတ်စားခဲ့ဘူးသောစကားတခွန်းလို ပြီးတော့လည်းပြီးတာပါပဲပေါ့။

အင်းယားလိပ်ကိုကျွန်တော်မရောက်ဖြစ်ခဲ့သည်မှာအရင်အစိုးရတစ်သက်ဟုပြော၍ရသည်။ ဆိုခဲ့ဖူးသလို ကျွန်တော့်ကို ဒါမျိုးဖိတ်သူအလွန်နည်းသည့်အထဲ နိူင်ငံတကာဟိုတယ်အသစ်တွေအလျှိူအလျှိုပေါ်ပေါက်လာကြသည်မို့ တစ်ခုတစ်လေသွားဖြစ်သည်မှာလည်းအင်းယားလိက်မဟုတ်။ အခြားအခြားသော တစ်ခေတ်က စူပါစတားတွေနည်းတူ အင်းယားလိက်မှာ နှစ်ဘက်မိဘသတို့သားသတို့သမီးတို့၏ အိပ်မက်ကမ္ဘာကိုစိုးမိုးနိူင်စွမ်းရှိပုံသိပ်မပေါ်တော့။ သတင်းစာထဲကကြော်ငြာတွေနှင့်ကိုယ့်သားမင်္ဂလာဆောင်အတွေ့အကြုံအရပြောခြင်းသာဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းမိသားစုလို အင်းယားလိက်ပရိဿတ်တွေကတော့ ရှိနေဆဲ။ သူတို့မှာတစ်ခြားအကြောင်းတရပ်ရှိချင်ရှိနိူင်ပေမည့် အင်းယားလိက်ကိုရွေးချယ်ခဲ့ခြင်းအပေါ် ကျွန်တော်ကတော့သဘောကျသည်။ ကျွန်တော့်အတွေးကအတ္တဆန်ကောင်းဆန်မည် သို့သော်ရှားရှားပါးပါးသွားတာချင်းအတူတူ အင်းယားလိက်မင်္ဂလာဆောင်သွားရခြင်းက ကျန်နေရာများထက်ကျွန်တော့်အတွက် ‘ကြေးမုံရိပ်သွင်ငယ်ရုပ်ဆင်’နိူင်မည်မဟုတ်ပါလား။ ဃရာဝါသ သမ္ဗာဓနယ်ပယ်မှ လူသားတဦးအဖြစ် အင်းယားလိက်မှာ ကျွန်တော် လွန်ခဲ့သောနှစ်သုံးဆယ်စွန်းစွန်းက မင်္ဂလာဆောင်ဖြစ်ခဲ့သည်လေ။

ယ္ခုအင်းယားလိက်ကိုမြင်တော့ ကျွန်တော်အမှန်ပင်ရင်ထဲမကောင်း။ နှစ်သုံးဆယ်အတွင်း ဘာမျှမပြောင်းလဲခြင်းသည် လူသားတဦးအတွက်ဝမ်းသာစရာဖြစ်ကောင်းဖြစ်နိူင်သည့်တိုင် အင်းယားလိက်လိုတစ်ချိန်က လျှမ်းလျှမ်းတောက်အဆောက်အအုံတခုနှစ်အတန်ကြာ သည်အတိုင်းသည်အတိုင်းဆိုသည်မှာ ရှေးဟောင်း သုတေသနရည်မှန်းချက်နှင့်မစပ်ဆိုင်သမျှ ကြားကောင်းသောအရာတစ်ခုဟု ကျွန်တော်မထင်။ ဒါက နိူင်ငံ့ပုံရိပ်တခုဖြစ်နိူင်သည်မို့ပင်။ သို့သော် ကျွန်တော်တို့နိူင်ငံမှာက တရုပ်ကားတွေထဲမှာ စာတမ်းထိုးသလို ဒီအဖြစ်မျိုးတကယ်ရှိသလားဟု မေးရမလောက် ဒါမျိုးတွေထုနှင့်ထည်နှင့်။ လွန်ခဲ့သောသုံးလေးနှစ်ခန့်က ကျွန်တော်ဖတ်ခဲ့ဘူးသော ဆောင်းပါးတပုဒ်ထဲမှာ နှစ်နှစ်ဆယ်ကျော်ခွဲခွာခဲ့ရသော မွေးရပ်မြေကိုအလည်ပြန်သည့်အခါ လူတွေအိုသွားသည်မှအပ အရာအားလုံးမပြောင်းလဲသည့်အကြောင်း ‘ငယ်ငယ်က ကျွန်တော်ခလုပ်တိုက်လဲခဲ့ဖူးသည့်ကျောက်တုံးကြီးပင် ထိုနေရာမှာနဂိုအတိုင်းရှိနေဆဲ’ဟု သရုပ်ပါပါရေးသားထားသည်ကိုတွေ့ရဖူးသည်။ ခေတ်စံနစ်တခုတည်း၏အောက်မှာ အင်းယားလိက်ရော ဘာသားနဲ့ထုထားတာမို့လဲ ဟုပြောရမလိုဖြစ်နေပြီ။ ထားတော့။

အရာရာမှာနှစ်သုံးဆယ်တံဆိပ်ခပ်နှိပ်ပြီးသားမို့ ကျွန်တော်ငယ်ရုပ်ဆင်ချင်သလောက်မဆင်သာခဲ့ပေမဲ့ အပြောင်း အလဲသိပ်မရှိသည့် အင်းယားလိက်က အတိတ်ကြေးမုံပြင်မှာပိုထင်ရှားသလိုတော့ရှိလေ၏။ ဆင်ဝင်ဧည့်ခန်းကျယ်ကိုဖြတ်ညာဘက်ကသတို့သား (အတိအကျတော့ မမှတ်မိ) ဘယ်ဘက်ကသတို့သမီးဆင်းသည့်လှေကား နောက်ကော်ဖီဆိုင်ကိုကျော်လျှင်ခန်းမဝင်ပေါက်။ ဘိသိက်ဆရာဦးဆောင်လျှက် အရံတွေပန်းကိုင်တွေ နောက်မှ (ကျွန်တော်တို့ တုံးက ဒါတွေမပါ) သတို့သားသတို့သမီးလက်ခြင်းဆက် မိဘဆွေမျိုးဆွေခြံရံလျှက် ခန်းမတွင်းဝင်ရန်ကောင်းချီးမင်္ဂလာသြဘာဘွဲ့ဖြင့်အခါတော်ပေးသည်ကိုစောင့်ကြိုကြသည့်နေရာ။ ပြီးတော့ဧည့်ခံခန်းမထိပ်မှာမင်္ဂလာစင်မြင့် နံဘေးဘက်မှာတေးဂီတစင်မြင့်။ သူများမင်္ဂလာပွဲလာသည်ကို ခေတ္တခဏမေ့ပြီးကိုယ့်တုန်းကပုံရိပ်တွေသာကိုယ်ပြန်မြင်နေမိသည်မှာတရားပါ့မည်လားတော့မသိ။ ကျွန်တော့်စားပွဲမှာ မျက်နှာစိမ်းမောင်နှံနှစ်ဦးသာရှိပြီး သူတို့ချင်းစကားတွတ်ထိုးနေကြသဖြင့် ကျွန်တော်လွတ်လပ်စွာအတွေးနယ်ချဲ့နေနိူင်သည်။ ဂီတဝိုင်းမှဖျော်ဖြေသံကိုပင် နားဝင်တချက်မဝင်တချက်။ ဧည့်သည်တွေတစ်ဖွဲဖွဲဝင်လာကြသည်ကိုလည်း အမှုမဲ့အမှတ်မဲ့။

မင်္ဂလာအချိန်ကျရောက်ရန်တစ်နာရီလောက်စောင့်ရသည်ထင်သည်။ ဘိသိက်ဆရာတစ်ဖြစ်လဲ ရေဒီယို အဆိုတော်တဦး စင်မြင့်ပေါ်တက်လာကာ နူတ်ခွန်းဆက်စကားပြောပြီး မင်္ဂလာမောင်နှံကိုစင်မြင့်ပေါ်သို့ ဖိတ်ခေါ်သည်။ အတိုင်းမသိဘွဲ့ကိုဂီတဝိုင်းမှတီးခတ်သီဆိုပေးလျက် အစီအစဉ်ကျဝင်လာကြသော သတို့သား သတို့သမီးနှင့်တကွ ရှေ့ပြေးအရံတွေ ပန်းကိုင် ဗန်းကိုင် ငွေဖလားကိုင်တွေ အားလုံးမှာ နူနယ်ပျိုမြစ်ခြင်းတွေအပြည့်။ ဟိုတုန်းကတို့လည်းသည်လိုပျိုမြစ်နေမှာပါဘဲဟုတွေးရင်း ယ္ခုပင်ကိုယ့်မျက်နှာကိုယ်မှန်ထဲပြေးကြည့်ချင်စိတ်ပေါက်သွား၏။ နှိူင်းယှဉ်ကြည့်စရာ ကိုယ့်သတို့သမီးကကိုယ်နှင့်မှပါမလာဘဲ။ ခုတော့လဲ ကျွန်တော့် အင်းယားလိက်ပါတနာ မရွှေတောက်ကကျွန်တော်မရှိလျှင်ဖြစ်သည်သားနှင့်မြေးမရှိလျှင်မဖြစ်တစ်နည်း ကျွန်တော့်အတွက်သူရှိဖို့ထက် သားနှင့်မြေးအတွက်သူရှိဖို့ပိုလိုအပ်သည်ဟူသောယုံကြည်ချက်ခိုင်မာစွာဖြင့်ကျွန်တော်သွားရာလိုက်ခြင်း ကျွန်တော်နှင့်အတူပွဲတက်ခြင်းအမှုမပြုသည်မှာ အတန်ကြာပြီ။ ဤဧည့်ခံပွဲသို့သူပါမလာနိူင်ခဲ့။ ထို့ကြောင့် ကျွန်တော်စိတ်ချလက်ချအတွေးနယ်ချဲ့ခွင့်ရနေ၏။ တစ်နည်း ဘိသိက်ဆရာကဘိသိက်ဆရာအလုပ်လုပ်နေခိုက် ကျွန်တော်ကကျွန်တော့်အလုပ် ကျွန်တော်လုပ်နေမိ၏။ လောကကြီးဟာသူ့ဘာသာသူဒေါင့်စေ့နေပါတယ်ဆိုသော စာရေးဆရာကြီးတဦး၏ခနိူးခနဲ့စာသားအချို့ကို အမှတ်ရမိသေးသည်။ တစ်ခါတလေ လောကကြီးသူ့ဘာသာသူဒေါင့်မစေ့သည့်အခါ ဆိုကြပါစို့် ကျွန်တော့် မင်္ဂလာဆောင်တုံးက ဘိသိက်ဆရာအလုပ်ကိုကျွန်တော်လုပ်ခဲ့ရသည်လည်း ရှိခဲ့ဖူးသည်။

ဘိသိက်ဆရာအလုပ်ဆိုသော်လည်း ဧည့်ခံပွဲမို့ တကယ်ကအခန်းအနားမှူးအလုပ်သာဖြစ်၏။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လုပ်ခြင်းမဟုတ် တီးဝိုင်းအဖွဲ့ကို လျှပ်တပျက်အကူအညီတောင်းခံခဲ့ခြင်းသာ။ ဖြစ်ပုံက မင်္ဂလာအချိန်ကို သတို့သားနားနေခန်းမှာထိုင်စောင့်နေရင်းမှ အခန်းအနားမှူးမရှိ မငှါးရသေးသည်ကို ရုတ်တရက်စဉ်းစားမိရခြင်း။ နှစ်ဘက်အတွေ့အကြုံမရှိရသည့်အထဲ ဆက်ဆံရေးမပြေလည်သည့် အကျိုးဆက်ပင်ဖြစ်၏။ ကျွန်တော့်မိဘ ကျွန်တော့်အသိုင်းအဝန်းဆိုသည်ကလည်း အများအားဖြင့်လ္ဘက်တရိုးကွမ်းတရာဖြင့် အိမ်ရာထူထောင်လာကြသူများဖြစ်ရာ ယ္ခုကိစ္စမျိုးတွင်များစွာအထောက်အကူမဖြစ်လှ။ သူ့ဘက်ကကျတော့လည်း မိသားစုထဲမှပထမဆုံးမင်္ဂလာဆောင်။ ပြီးတော့ ဟိုဘက်သည်ဘက်ဆွေးဆွေးနွေးနွေးရှိခဲ့ကြသည်မဟုတ်။ ထို့ကြောင့် အစီအစဉ်တိမ်းပါးချွတ်ယွင်းမှုမကင်းနိူင်မှာသေချာသည် သို့သော် အခမ်းအနားတစ်ခုလုံးပြင်ဆင်ပြီးကာမှ အခမ်းအနားမှူးလိုနေမှန်းသိရသည်ကတော့ အတန်ငယ်ရုပ်ပျက်စရာဖြစ်သည်။ အခန်းအနားဘယ်လိုစ၍ဘယ်လိုဆုံးကြမည်ဆိုသည်ကိုအသာထား ဒီအခန်း (နားနေခန်း) ထဲက ဘယ်လိုဘယ်တော့ထွက်ကြမှာလဲဆိုသည်ပင်လျှင်အဖြေကမရှိသေး။ မရွှေတောက်တစ်ယောက်ကတော့ သူ့အခန်းထဲမှာထိုစဉ်ကနာမည်ကျော် အလှဖန်တီးရှင်တစ်ဦး၏ လက်စွမ်းပြခြယ်သမှုကိုခံယူနေပြီ။ ထိုအဖြစ်ကိုသူမသိ။ ခုချိန်မှသူ့ကို ဒီကိစ္စဖြင့်ပူပန်စေခြင်းငှါလည်းမသင့်။

အခန်းတွင်းရှိစာရွက်လွတ်တခုပေါ်တွင် စာသားအချို့စီစဉ်ကာအချောရေးသားပြီးနောက် အောက်ထပ်ခန်းမအတွင်းကျွန်တော်ဆင်းလာသောအခါဧည့်သည်အချို့ရောက်စပြုပြီ။ ထုံးစံကသတို့သားသတို့သမီးတို့ အခန်းအနားမစမချင်းကိုယ့်အခန်းတွင်းကိုယ်လူမြင်မခံဘဲနေလေ့ရှိရာ ကျွန်တော့်ကိုမြင်သူတွေရှိကောင်းရှိ ဇဝေဇဝါဖြစ်ကောင်းဖြစ်မည်။ ကျွန်တော်ဒါတွေမတွေးအား။ စန္ဒယားဘိုကြီးတေးဂီတအဖွဲ့ရှိရာဖျော်ဖြေရေးစင်မြင့်သို့သွားပြီး အစ်မကြီး(ဒေါ်)တင်တင်မြထံယူလာသောစာရွက်ကိုပေး၍ အကျိုးအကြောင်းပြောပြကာ အကူ အညီတောင်းရသည်။ သဘောကောင်းသောအစ်မကြီးက ကျွန်တော်ရှင်းပြသမျှနားထောင်ပြီး အပြုံးဖြင့် စိတ်မပူရန်အားပေးသည်။ ကျွန်တော်အပေါ်ထပ်အခန်းသို့ပြန်ရောက်တော့အလှဖန်ဆင်းရှင်မမက အခန်းထဲမှာ ရောက်နေပြီ။ ‘ဘယ်ကိုသဝေထိုးနေတာလဲသတိုးသားရယ်၊ ဒီမှာဒို့ရင်မောနေပြီသိလား၊ အခန်းအနားကစတော့မှာလေ..’ ဟု (ခင်ခင်မင်မင်) ချွဲချွဲပစ်ပစ်ပြောသံ၌ကျွန်တော်စိတ်ပိန်သွား၏။ ‘ကဲ ခင်ဗျားလဲ ရင်မမောရအောင် ကျုပ်လဲစိတ်မပိန်ရအောင်တခြားသာကြွတော်မူပါဗျာ’ ဟု အခန်းပြင်သို့ထွက်ခိုင်းလိုက်သောအခါ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်သူထွက်သွားလေသည်။ ယခုခေတ်သာဆို လိုက်တွေဘာတွေလွှင့်ပြီး အဆဲခံလိုက်ရမည့်အမျိုး။ အခန်းတွင်းတွင်ခေတ္တအနားယူ၍လွင့်ပါးနေသောစိတ်များကိုစုစည်းပြီး အချိန်ကျသောအခါ ကျွန်တော်အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။

ကျန်တာကအစ်မကြီး (ဒေါ်)တင်တင်မြနှင့်ညှိနိူင်းတိုင်ပင်ထားသည့်အတိုင်း။ ကျွန်တော်တို့မင်္ဂလာခမ်းမ အဝင်ဝတွင်အသင့်ဖြစ်သည်နှင့်အစ်မကြီးကသူမ၏ကျော်ကြားသောမူပိုင်တေးတပုဒ်ဖြစ်သည့် “မင်္ဂလာမောင်မယ်” သီချင်းကို စန္ဒယားဘိုကြီးတေးဂီတအဖွဲ့နှင့်တွဲဘက်၍ ခန့်ညားစွာသီဆိုလိုက်သည်။ ‘သံသာ ကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆုထူးကိုမောင်မယ်စုံချွေ..’ အစပိုဒ်မှာပင် ကျွန်တော်တို့လက်ချင်းယှက်၍ ခမ်းမအတွင်းသို့လှမ်းကြလေသည်။ နောက်မှ ကျွန်တော့် မိခင်နှင့်အစ်ကိုကြီး ပြီးတော့မရွှေတောက် မိဘနှစ်ပါး နှင့်အဒေါ်။ ကျန်တာကျွန်တော်မမှတ်မိတော့။ မိဘဝတ္တရားချီးမြှင့်အပ်သောအရွယ်ပေ.. ဆိုသောအပိုဒ်အစမှာ ကျွန်တော်တို့စင်မြင့်အနီးသို့ရောက်၏။ ထိုမှစင်မြင့်ပေါ်ရောက်၍ မောင်ကလင်္ကျာမယ်မှာလက်ဝဲ နေရာယူယှဉ်တွဲ၍ထိုင်ပြီးကြတော့သီချင်းနောက်ဆုံးပိုဒ် ‘မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေ မယ်လဲတည့်တည့်လိုက်ကာလျှောက်မယ်မောင်ရေ..’ သို့ရောက်ပြီ။ သီချင်းဆုံးသည်နှင့်တစ်ဆက်တည်းလိုပင် အစ်မကြီး၏ အောင်မြင်ကြည်မြသော အသံဖြင့်ကြေငြာချက်ကိုကြားရလေ၏။

‘လေးစားအပ်ပါသော ဂုဏ်သရေရှိလူကြီးမင်းပရိဿတ်အပေါင်းတို့အား နှစ်ဖက်သောမိဘများနှင့် မင်္ဂလာသတို့သား မောင် ( )နှင့် သတို့သမီး မ( ) တို့၏ကိုယ်စား ခင်မင်စွာကြိုဆိုနူတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ဒီကနေ့ဧည့်ခံပွဲကတော့ ရန်ကုန်မြို့……နေ ဦး×× ဒေါ်×× တို့၏သား..မောင်( )နှင့် ရန်ကုန်မြို့……နေ ဦး×× ဒေါ်×× တို့၏သမီး မ( )တို့၏ မင်္ဂလာဧည့်ခံပွဲဖြစ်ပါတယ်။ ယ္ခုအခါ သတို့သမီးသတို့သားမောင်နှံတို့ နှစ်ဘက်မိဘဆွေမျိုးစုံညီစွာဖြင့် မင်္ဂလာခန်းမအတွင်း သင့်တင့်လျောက်ပတ်စွာနေရာယူကြပြီးဖြစ်ပါတယ်။'

`ဤမင်္ဂလာပွဲသို့ မေတ္တာရှေ့ထားကာကြွရောက်ချီးမြှင့်တော်မူကြသည့်အတွက် အထူးပင်ဝမ်းမြောက်ကျေးဇူးတင်ပါကြောင်း နှစ်ဘက်သောမိဘများနှင့်သတို့သားသတို့သမီးတို့၏ကိုယ်စားပြောကြားအပ်ပါတယ်ရှင်။ ဧည့်ပရိဿတ်ကြီးမှလည်းသတို့သားသတို့သမီးတို့သည် မောင်နှံစုံပြီးသက်ရွယ်ကြီး၍ ခိုင်ဖြီးသွန်းသွန်း မြစ်နွယ်ထွန်းသည့်တိုင် ပေါင်းသင်းပျော်ရွှင်နိူင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း မင်္ဂလာအထိမ်းအမှတ်တည်ခင်းဧည့်ခံသော စားသောက်ဘွယ်အာဟာရများကို အားပေးသုံးဆာင်တော်မူကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်။’

လွန်ခဲ့သောနှစ်သုံးဆယ်ကျော်က ကိုယ့်မင်္ဂလာပွဲအတွက်ကိုယ်ကိုယ်တိုင်အရေးပေါ်စာစီခဲ့ရသော မှတ်မိသမျှမင်္ဂလာသြဘာကြေညာစာတမ်းလေး ဖြစ်ပါ၏။ ထိုစာကြောင့် မင်္ဂလာအခန်းအနားတခုသက်ဝင်လှုပ်ရှားကာ အောင်မြင်ပြီးဆုံးခြင်းသို့ရောက်ခဲ့ရသည်။ ထိုစာတမ်းကို ဟိုတုံးကအတော်များများအလွတ်ရသည်အထိ ဖတ်ခဲ့ဘူးသည့် ကိုးခန်းပျို့ထဲမှ  စာကြောင်းတကြောင်းတလေထည့်သွင်း၍ ထိုမျှလောက် (ငါးမီးနစ်ခန့်) အချိန် အတွင်းရေးသားနိူင်ခဲ့ခြင်းအတွက်သိပ်အံ့သြစရာတော့မရှိပါ။ အကျဉ်းအကျပ်နှင့်ကြုံလျှင်စွမ်းဆောင်အား ပို၍မြင့်တက်တတ်သော လူ့သဘာဝသာဖြစ်ပါလိမ့်မည်။ ကျွန်တော်ကတော့ စာထက်စာအတိုအစကို အဖက်လုပ်၍ ကျွန်တော့်အကျဉ်းအကျပ်အားမေတ္တာဖြင့်ကူညီဖြေရှင်းပေးခဲ့သော အစ်မကြီး(ဒေါ်)တင်တင်မြ၏ သဘာနှင့်စေတနာကိုပို၍လေးစားချီးကြူးမိခဲ့ရပါသည်။ စင်စစ် အစ်မကြီးသည်မောင်ဖြစ်သူစန္ဒယားဘိုကြီးအဖွဲ့တွင် ပါဝင်သီဆိုရန်ရောက်လာခဲ့ခြင်းသာဖြစ်ပြီး ထိုအတွက်သာတာဝန်ရှိလေသည်။ အခန်းအနားမှူးဆိုသည်မှာ သီးခြားပင့်ဖိတ်ရသူပညာရှင်ဖြစ်ရာ မြန်မာ့အသံတွင်နှစ်ပေါင်းများစွာအစီစဉ်ကြေငြာခဲ့သူ တစ်ဦး ဖြစ်သောအစ်မကြီးအတွက်ခက်ခဲသည့်အလုပ်မဟုတ်သည့်တိုင်ငြင်းဆိုပိုင်ခွင့်ရှိနေပါလျက် ကျွန်တော့်အခက်အခဲကိုစာနာပြီးစိတ်လိုလက်ကူညီခဲ့ခြင်းဖြစ်လေ၏။ တကယ်လည်း အစ်မကြီးသာမကယ်ခဲ့လျှင် အင်းယားမြင်တိုင်း မျက်ရည်ဝိုင်းရမည့်အဖြစ်။

မှတ်မှတ်ရရ ကျွန်တော့်မင်္ဂလာဆောင်ကိုထုတ်ဖေါ်ချီးကျူးသူတစ်ဦးတော့ရှိခဲ့၏။ ကျွန်တော့်အလုပ်မှ ဌာနဆိုင်ရာအကြီးအကဲပုဂ္ဂိုလ်ဖြစ်လေသည်။ ယုံကြည်လောက်သောသတင်းအရသူ့စကားမှာ “ဒီမင်္ဂလာဆောင်တော့သဘောကျတယ်ဟေ့၊ အပိုအလိုမရှိကွက်တိဘဲ” ဟူ၍ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်မှာ ပကာသနမနှစ်သက် ပကာသနနောက်လိုက်မလုပ်လိုသည့်စိတ်ဓါတ်ကြောင့်လူကြိုက်မများသူတစ်ဦးဖြစ်ကြောင်း ကြားဖူးထားသည်။ အလှမ်းကွာလှသော်လည်းတိုက်ဆိုင်မှုတခုမှာ တစ်ပါတီအစိုးရလက်ထက် သူ့လက်အောက်ဝန်ထမ်းကိုရာထူးတိုးပေးလိုသဖြင့် သူ့အားမထင်မရှားနိူင်ငံငယ်တခု၏ သံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီး ထိုမှာပင်အငြိမ်းစားယူသွားရသည်။ နောက်ဆယ့်နှစ်နှစ်အကြာ နဝတလက်ထက်တွင်ဘာအကျိုးခံစားခွင့်မှမရပါဘဲ ဝန်ထမ်းလောကကိုကျွန်တော်စွန့်ခွာရသည်။ နောက်အမှတ်တရတခုမှာ ထိုနေ့ကမင်္ဂလာပွဲအပြီး အထိမ်းအမှတ်ဓါတ်ပုံတွေရိုက်ကြတော့ အလှဖန်တီးရှင်မမကိုခြေကန်မိခဲ့၍လားမသိ ကျွန်တော့်မှာ ဂျီးသူဌေးမီးသွေးငိုဆိုသလို နဂိုမရှိသည့်ကြားကနဂိုင်းဖြစ်၍နေလေ၏။ မရွှေတောက်နှင့်တွဲရိုက်သမျှမှာလည်း သူက နတ်ပင်ယိုးမှားဝိုးဝါးတွေးချွတ်ကိုယ်လုံးညွှတ်အောင်လှနေသမျှ ကျွန်တော်ကတော့မီးလောင်တဲ့တုံးငုတ်တိုမှာ ပုန်းစုတ်အိုစွတ်ထားသို့လေးဆိုသလို။ ဆရာမောင်မောင်ညှပ် (ဓါတ်ပုံ) လက်လျှော့ရသောရုပ်ဟု ထိုဓါတ်ပုံ အယ်လ်ဘန်ကို အကြောင်းအားလျော်စွာ ကြည့်ဖြစ်တိုင်းကျွန်တော်မှတ်ချက်ပြုဘူးသည်။ ဒါသည်လည်း သမိုင်းတခုဖြစ်ချေ၏။

သူများမင်္ဂလာဆောင်ကိုလာရင်း ကိုယ့်မင်္ဂလာဆောင်ကိုယ်ပြန်တွေးနေသည့်အဖြစ်မှနိူးထလာတော့ ဘိသိက်ဆရာကချီးမြှောက်၍ကောင်းဆဲမို့တော်ပါသေးရဲ့ဆိုရမည်။ ဂုဏ်သရေရှိလူကြီးဇနီးမောင်နှံတို့မှ မင်္ဂလာအောင်စံပါယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ်များဆင်မြန်းပေးခြင်း ပြီးတော့မင်္ဂလာအခန်းအနားအောင်မြင်ကြောင်းကြေငြာခြင်းကျေးဇူးတင်စကားပြောကြားခြင်းစသည့် ဗဟုသုတဖြစ်ဘွယ်များကို ကျွန်တော်ငေးမောနေမိ၏။ တစ်ဆက်တည်း စင်မြင့်တစ်ဘက်ရှိ အယ်စီဒီပိတ်ကားချပ်ပေါ်မှ မှတ်တမ်းဓါတ်ပုံများထံအကြည့်ရောက်သွားပြန်သည်။ ကျော်ကြားသောအထက်မြန်မာပြည်မြို့ကြီးများတွင် သွားရောက်ရိုက်ကူးထားကြသည့်အသွင်အမျိုးမျိုးဖြင့်သတိုးသားသတိုးသမီးစုံတွဲဓါတ်ပုံများဖြစ်ကြ၏။ ကျွန်တော်တို့ခေတ်နှင့်ခြားနားသည့်အလေ့တခု။ ပုဆိုးတန်းတင်အကြင်လင်မယားဘဝသို့မရောက်မီ သွားလာနေထိုင်ပျော်ပါးကြသည့်မှတ်တမ်းဖန်တီးချက်ကို ထိမ်းမြားမင်္ဂလာပွဲတစ်ခု၏အင်္ဂါရပ်တခုအဖြစ်ရှုမြင်လာကြသည်မှာ မည်မျှကြာခဲ့ပြီနည်း။ ယဉ်ကျေးမှုဟုဆိုလျှင်ရော ထိုယဉ်ကျေးမှုဘယ်ကလာ၍ဘယ်ကိုသွားကြမည်နည်း။ ကျွန်တော်စိတ်လှုပ်ရှားလက်စနှင့်သောင်စဉ်ရေမရတွေးနေမိလေသည်။ သည်လိုဆို အင်းယားလိပ်ရော ကျွန်တော်တို့ ခေတ်ကအတိုင်း ဘယ်ဟုတ်တော့လို့တုန်း။

စင်စစ် အင်းယားလိပ်ကြည့်ရတာ ကျွန်တော့်ထက်ပို၍အပြောင်းအလဲများကြုံခဲ့ရသလိုကြုံရသမျှကိုလည်း ကျွန်တော့်ထက်ပို၍တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိူင်စွမ်းရှိခဲ့မှာသေချာသည်။

Tuesday, December 2, 2014

ကျွန်တော်နှင့် ငွေငါးထောင်


လေဒီတောက်(ကျွန်တော့်ဇနီး)နှင့် ကျွန်တော်တို့ ရည်ငံမိကြပြီး တစ်အိုးတစ်အိမ် ထူထောင်မည်ပြုတော့ သူ့ဘက်ကတောင်းဆိုစရာများများမရှိ နှစ်ချက်သာရှိသည်။ တစ် အင်းယားလိက်ဟော်တယ်မှာ မင်္ဂလာဆောင်ရမည် နှစ် သူတို့အိမ်မှာကျွန်တော် လိုက်နေရမည်။ ဒါတွေအားလုံးသူ့အသိုင်းအဝန်း၏ သဘောထားဖြစ်ကြောင်းကျွန်တော်သိထားသည်။ ခက်သည်ကကျွန်တော့်ဘက်မှာလည်းကန့်ကွက်စရာက များများစားစားမရှိ ထိုနှစ်ချက်ပဲရှိသည်။ စဉ်းစားကြည့် ကျွန်တော့်လိုကိုယ့်ဘဝကိုယ်ကျောင်းပြီးပညာသင်ခဲ့ရသည့် အလုပ်ဝင်စအရာရှိဆိုသောဂုဏ်ပုဒ်ကလေးသာကြွားစရာရှိသော မျက်နှာမွဲတစ်ဦးအတွက် အင်းယားလိက်လိုနေရာမျိုးမှာမင်္ဂလာဆောင်ဖို့ရာ ဇာတ်ကားတစ်ကားထဲမှာကျော်ဟိန်းပြောဖူးသလိုဆယ်နှစ် ကြိုးစားတောင်လွယ်မည်မဟုတ်။ ဒါတောင် ထိုဆယ်နှစ်မှာဈေးနာနှုံးထားတွေမပြောင်းမလဲရှိပါမှ (အာမခံချက်အမဲ့ဆုံးအရာဖြစ်၏)။ ပြီးတော့ ကျွန်တော်ကပစ္စည်းမဲ့တို့ထုံးစံပကာသနလွှမ်းသော အဆောင်အယောင်တွေ အခမ်းအနားတွေကိုမနှစ်မြို့။

ဒုတိယအချက်ဖြစ်သော သူတို့အိမ်မှာလိုက်မနေလိုခြင်းကတော့ရှင်းသည်။ ကျွန်တော့်မှာလုပ်ငန်းခွင်နှင့် နီးသောဌာနဆိုင်ရာအိမ်ရှိပြီး အလုပ်သဘောအရထိုအိမ်မှာနေဖို့လိုအပ်သည်။ ကျယ်ဝန်းလွတ်လပ်သည်။ မြစ်ကမ်းစပ်မှာမို့ ပြောရလျှင်ကြည်နူးဖွယ်(Romantic)ပင်ဖြစ်သေးသည်။ သူတို့အိမ်မှာကျယ်ဝန်းသော်လည်း မိသားစုသုံးစု (ဘိုးအေ ဖအေနှင့် ဦးလေး) အပြင် အဒေါ်အပျိုကြီးပင် ရှိလိုက်သေးရာ ကျွန်တော်အနေကျပ်မှာ သေချာသည်။ ပြီးတော့ ကျွန်တော်က အပြင်လူတွေနှင့်အလွယ်တကူရင်းနှီးတတ်သူ ရင်းနှီးအောင်ကြိုးစားတတ်သူ မဟုတ်။ ကြီးသူငယ်သူမဆိုထားဘိ သက်တူရွယ်တူချင်းပင် စိတ်ချင်းမဟပ်လျှင် စကားဟဟပြောတတ်သူမဟုတ်။ သွားလေသူယောက္ခမ(ဖခင်)ကြီးနှင့် နာရီဝက်ပြည့်အောင်စကားလက်ဆုံမပြောခဲ့ဘူးသည်မှာ ထိုအကျင့်ကြောင့်ဖြစ်မည်။ ထားတော့။

သူတို့ဘက်က ဒုတိယကိစ္စနားလည်ပေးနိူင်သော်လည်းအင်းယားလိက်ကိုတော့မလျှော့။ ကြေးရတတ်များပြီပြီ အကုန်အကျစကားမပြောနှင့်ဟုလေဒီတောက်မှတစ်ဆင့်လေသံပစ်ထားသည်။ ဒါကလည်း ဖြစ်နိူင်ခြေတော့ရှိသည်။ သူကသူ့အဖိုးရဲ့အသည်းစွဲ။ မည်မျှစွဲသည်မစွဲသည်ကို ကိုယ်တွေ့များများမကြုံဘူးလိုက်ရ၍ မသိသော်လည်း မင်္ဂလာဖိတ်စာအပါအဝင် သူ့ကိုယ်ရေးရာဇဝင်အားလုံး၏ မိဘအမည်နေရာမှာ ဖိုးအေ ဖွားအေအမည်ယ္ခုထိပေါက်ဆဲ) အဒေါ်အပျိုကြီး၏အသည်းကျော်။ အဖိုးက မိသားစုစီးပွားရေးအပါအဝင်တစ်အိမ်လုံးမှာဂိုဏ်းချုပ်။ အဒေါ်အပျိုကြီးက မိသားစုစီးပွားရေးအပြင်ကိုယ်ပိုင်စီးပွားရေးသပ်သပ်ရှိသူ။ ပြီးတော့ ညီအမတွေထဲမှာ တစ်ခါတစ်ခါရင်ဖွင့်ပြောဆိုဖြစ်ကြသည်အထိ သူကအရာရာအခွင့်ထူးခံ။ သာမန်ကာလျှံကာ အရပ်စကားဖြင့်ပြောစတမ်း (ပြောသူအချို့ရှိခဲ့သည်) ဆိုသော် ကျွန်တော်လိမ္မာဖို့ပဲလိုသည်။ ခေတ်စကားဖြင့် ကျွန်တော်သာလိမ္မာလျှင်ပွဲပြီးပြီဟူ၏။

သို့သော် ကျွန်တော်ကသာမန်ကာလျှံကာအရပ်စကားပြောခြင်းကို အထူးသဖြင့်သည်လိုကိစ္စမျိုးမှာ အလေ့ထုံသူမဟုတ်သလို ဒါမျိုးလိမ္မာတတ်သူလည်းမဟုတ်။ ထို့ကြောင့် ထိုနည်းဖြင့်ပွဲမပြီးခဲ့။ အရှိမာနနှင့်မရှိမာနတို့ လွန်ဆွဲပွဲကြားမှာ မြေဇာပင်ကမရွှေတောက်။ ကျမအတွက်ထည့်မတွက်ပါနဲ့ ရှင့်အဆုံးအဖြတ်ကျမကျေနပ်နိူင်ပါတယ် (မှတ်ချက်၊ နာမ်စားတွေ ပြောင်းထားသည်) ဟု ဆိုသော်လည်း သူ့မျက်ဝန်းအစုံထဲမှအင်းယားလိက်ပုံရိပ်ကိုတော့မဖျောက်ဖျက်နိူင်ရှာ။ ဟုတ်ပ သင်းလေးလဲမိန်းမပဲလေ။ ဘယ်လိုဘယ်ပုံ သူ့မျက်ဝန်းထဲက အင်းယားလိက်ပုံရိပ်ကိုမြင်ရကြောင်းရှင်းပြဘို့ရာ ငယ်ငယ်ကမိခင်နှင့်ညဈေးတန်းလျှောက်ခဲ့ဘူးသည့် အတွေ့ အကြုံကအကောင်းဆုံးဥပမာဖြစ်နိူင်သည်။ ကျွန်တော်တို့ငယ်ငယ်က ကြည့်မြင်တိုင်ဘူတာအပြင်ဘက် အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာညဈေးတန်းရှိသည်။ ဘူတာခုံးကျော်နှင့်သံတံတားလမ်းခုံးကျော်တံတားနှစ်ခုအကြားပလက်ဖေါင်းပေါ်မှာဖြစ်၏။ အဝတ်အထည် လူသုံးကုန် အလှကုန် စာအုပ်စာရေးကရိယာ နှင့် အစားအသောက် ကုန်စိမ်းမှစ၍ သားငါးများအထိ သူ့အပိုင်းနှင့်သူရောင်းချကြသည်။

မိခင်ကိုယ်တိုင် ထိုမှာဈေးရောင်းသည်မို့ ကျွန်တော်သည်မိခင်နှင့်အတူဈေးအစအဆုံး မကြာမကြာလျှောက်ဖြစ်ရာကလေးသဘာဝ စိတ်ဝင်စားရာဆိုင်များကိုသွားရင်းလာရင်းငေးမောမိတတ်သည်။ ကျွန်တော်စိတ်အဝင်စားဆုံးဆိုင်မှာ လူသုံးကုန်တန်းမှသံပါတ်ရုပ်လှလှလေးများရောင်းသည့်ဆိုင်ဖြစ်၏။ သံပတ်ရုပ်အမျိုးမျိုးတင်ထားရုံမကအချို့ (မှတ်မှတ်ရရဆေးလိပ်ဖွာရင်းထိုင်ချည်ထချည်လုပ်နေသော လူရွှင်တော် (Smoking Clown) ရုပ်) ကို လှုပ်ရှားပြသထားသော ထိုဆိုင်ရှေ့ရောက်လျှင် ကျွန်တော် အမေ့စကားအရလည်စောင်းအောင်ငေးရင်း အမေခေါ်ရာခြေဒရွတ်ဆွဲ၍လိုက်ပါတော့သည်။ အမေ့ခမျာသူ့ကိစ္စနှင့်သူ အချိန်ကလည်းမရ ကျွန်တော့်ကိုထိုဆိုင်ရှေ့မကျော်မချင်း မြဲမြဲဆွဲခေါ်ရသည့်ဒုက္ခကလည်းမသေးမို့ ကြာတော့သီးမခံနိူင်တော့ဘဲ ‘မင်းမလဲဒီအရုပ်မျက်စေ့ထဲကမထွက်သေးဘူးလား’ ဟု ဖွင့်ပြောသည်အထိ ဖြစ်ခဲ့ရလေသည်။ ကကယ်လည်း ကာလအတန်ကြာသည့်တိုင် ထိုအရုပ်မျက်စေ့ထဲကမထွက်ခဲ့ပါ။ ဝယ်ပေးရန်အမေ့ကိုပူဆာဖို့ကိုတော့ စိတ်ပင်မကူးရဲခဲ့။

လေဒီတောက်၏မျက်ဝန်းထဲမှအင်းယားလိက်ကိုမြင်နိူင်ခြင်းမှာလည်း ထိုသဘောပင်ဖြစ်ပါသည်။ စကားပြောသည့်အခါတိုင်း သူသွားခဲ့ရသည့်သူသတို့သမီးအရံလုပ်ခဲ့ရသည့် အင်းယားလိက်က သူငယ်ချင်းမင်္ဂလာဆောင်တွေအကြောင်ဝင်္ကဘာချဲ့လာခြင်း၊ တစ်ခါတစ်ခါ သူသွားရာကျွန်တော်ပါလိုက်၍ ဟော်တယ်အပြင်မှစောင့်ပေးရန်တောင်းဆိုခြင်းစသည်ဖြင့် ကျွန်တော့်အားအင်းယားလိက်မှိုင်းသွင်းနေသည်ကိုရိပ်စားမိသော်လည်း အမေကျွန်တော့်ကိုမေးခဲ့ဘူးသလို “ညည်းမလဲ ဒီအင်းယားလိက်မျက်စေ့ထဲကမထွက်သေးဘူးလား”ဟု သူ့ကို မမေးရက်ပါ။ မမေးရက်ရုံမက အချိန်ကျ၍အပြေးအလွှားလက်ထပ်ဖြစ်ကြသောအခါဧည့်ခံပွဲကို သူ့အလို သူ့အသိုင်းအဝိုင်းအလိုကျ အင်းယားလိက်မှာပင်ကျင်းပဖြစ်ခဲ့ပါတော့သည်။ ထိုအချိန် ကျွန်တော်နှင့်သူ့အသိုင်းအဝန်းတို့ကြား တင်းမာမှုကမိုးထိရော့မည်။

ဒီလောက်တောင် အင်းယားလိက်ချင်ကြတာလိပ်ကြစမ်းဗျာဆိုပြီး အလိုလိုက်အလျှော့ပေးခဲ့သော်လည်း အမှန်ကကျွန်တော့်မှာဘာမှအဆင်သင့်ဖြစ်သေးသည်မဟုတ်။ ခန်းဝင်ပစ္စည်းအဝယ်ထွက်သည့်နေ့ကဆို ကျွန်တော့်အိပ်ကပ်ထဲ ငွေစမဖြစ်စလောက်သာပါသည်။ မိဘနှင့်ခင်ပွန်းလောင်းအကြားဗျာများနေရသည့် သူ့မှာလည်းသည်အတိုင်းပင်ဖြစ်မည်။ ကျွန်တော်တို့အချင်းချင်း ငွေအကြောင်းကြေးအကြောင်းတော့သိပ်မပြောဖြစ်ကြ။ ထိုနေ့က ချိန်းထားသည့်အတိုင်းကျွန်တော်သူတို့ခြံဝမှာရပ်စောင့်နေခဲ့ရာ သူနှင့်အတူသူ့အဒေါ်အပျိုကြီးပါ ခြံအပြင်သို့လိုက်လာပြီး သူ့တူမရှေ့မှာပင်ကျွန်တော့်လက်ထဲ စာအိပ်တအိပ်ထည့်ပေးခဲ့လေသည်။ သိလိုစိတ်ဖြင့်ကျွန်တော်ကြည့်လိုက်တော့ အိပ်ထဲမှာ ငွေငါးထောင်တိတိ။ ပြန်တန်းဝင်အရာရှိပေါက်စ ကျွန်တော့်လခ၏ ဆယ်ဆနီးပါးမျှသောထိုအသပြာမှာ မင်္ဂလာဆောင်ဖို့ရုန်းကန်နေရသော ကျွန်တော်တို့နှစ်ဦးအတွက် ပွဲဦးထွက်ထောက်ပံ့ငွေဖြစ်ခဲ့သလိုတန်ဖိုးအားဖြင့်လည်းမနည်းလှပါ။ ကျွန်တော်မှတ်မိသမျှ ခန်းဝင်ပစ္စည်းအစုံအလင်ကိုထိုငွေဖြင့်ပင်ဝယ်နိူင်ခဲ့ပါသည်။

မင်္ဂလာစရိတ်ကုန်ကျငွေအတိအကျကျွန်တော်မမှတ်မိတော့။ စိတ်အထင်သုံးလေးသောင်းထက်တော့မလျော့။ ကျန်ငွေကို စီးပွားရေးပြေလည်ကြသောအကိုကြီးနှင့် ကျွန်တော့်အရင်အိမ်ထောင်ကျသူကျွန်တော့်အောက်ညီတို့မှ စိုက်ထုတ်အကုန်အကျခံခဲ့ပါသည်။ မရွှေတောက်အလိုကိုလိုက်ဖို့ မယူစဖူးညီအကိုမောင်နှမများ၏ အကူအညီကိုရယူခဲ့ခြင်းဖြစ်ပါ၏။ ညီနှင့်အကိုတို့ကလည်း ငွေကြေးအကူအညီတောင်းခဲသည့်ကျွန်တော့်ကို စိတ်ပါလက်ပါကူညီခဲ့ကြသဖြင့် မင်္ဂလာပွဲမှာအနည်းအကျဉ်းသိုင်းကွက်နင်းသည့်ကြားမှ ဝှဲချီးဆင်ယင်အောင်မြင်ခြင်းသို့ရောက်ရှိခဲ့ရပါသည်။ ထို့နောက် ကျွန်တော်တို့မောင်နှံရန်ကုန်တစ်ဘက်ကမ်း သင်္ဘောကျင်းဝင်းအတွင်းအရာရှိရိပ်သာတွင်နေထိုင်ရင်းဘဝကိုစခဲ့ကြသည်။ မကြာမီသူ့အဖိုးဆုံးသည် (သူ့မြေးစိတ်ကြောင့်လိုလို ကွယ်ရာမှာပြောသံကြားခဲ့ဘူးသည်)။ ထိုမှစ၍သူ့မိဘနှင့်ကျွန်တော်တို့ နှစ်အတန်ကြာမှာဆက်ဆံရေးပုံမှန်ပြန်ဖြစ်သည့်တိုင် နွေးနွေးထွေးထွေးမရှိကြတော့။ သားဦးလေးမွေးပြီး ကျွန်တော့်လစာနှင့်မလောက်ငတော့ မရွှေတောက်ကဒေသခန့်ကျောင်းဆရာမအလုပ်ဝင်လုပ်သည်။ ကျွန်တော်ပို့နိူင်သည့်အခါပို့ သူတို့လာခေါ်သည့်အခါခေါ်မို့ သူ့မိဘများနှင့်သူအဆက်အသွယ်မပြတ်သည့်တိုင် သူတို့၏အထောက်အပံ့ခံမဖြစ်ရအောင် သတိထားနေထိုင်ခဲ့သလို မိဘတွေကလည်းအိမ်ထောင်ခွဲသမီးကိုထူး၍အာရုံမထားဖြစ်ကြ။

အဒေါ်အပျိုကြီးမှာချွင်းချက်ဖြစ်၏။ သူ့တူမ မင်္ဂလာဆောင်အတွက်ဦးဦးဖျားဖျားလက်ဖွဲ့ခဲ့သူ(ထိုလက်ဖွဲ့သည် သူတို့ဘက်မှ တခုတည်းသောလက်ဖွဲ့လည်းဖြစ်ခဲ့၏) တူမနေထိုင်ရာသို့ မြစ်ကူးချောင်းဖျားလာကြည့်ပြီး ဘာလိုအပ်သလဲမေးဖေါ်ရသူ သူ့တူမအနေအထိုင်အိမ်မှာထက်ဆင်းရဲမည်ကိုရိပ်စားမိသည်၌ တူမငယ်စဉ် အရွယ်မရာက်ခင်က ဆင်ထားပေးခဲ့ဘူးသော ရွှေထည်ပစ္စည်းလေးများကို ထုတ်၍လိုရာသုံးရန်အပိုင်ပေးခြင်းဖြင့် စောင့်ရှောက်ခဲ့သူဖြစ်သည်။ ထိုရွှေထည်အချို့အဝက်ကိုထုခွဲပြီး မရွှေတောက်ကသူ့သူငယ်ချင်း အရောင်းအဝယ်သမားတဦးအားထုတ်ချေးခဲ့ရာ လစဉ်တိုးအနေဖြင့်ဝန်ထမ်းကပ်ကြီးစတင်ဆိုက်ချိန်မှာ ကလေးနှစ်ယောက်ရှိနေပြီဖြစ်သော ကျွန်တော်တို့မိသားစုအတွက် သိသိသာသာအထောက်အကူဖြစ်စေခဲ့ပါသည်။ (စကားချပ်၊ လအတန်ကြာ၍ချေးငွေပြန်ဆပ်သည့်နောက်တနေ့မှာပင် ငွေစက္ကူတွေတရားမဝင် ကြေငြာခဲ့သဖြင့် ထိုငွေအားလုံးမင်းဒဏ်သင့်ပြီးဆုံးရှုံးခဲ့ရသည်မှာလည်းအမှတ်တရဖြစ်ခဲ့ပါ၏။)

(၈၈) အရေးအခင်းပြီးပြီးခြင်း ဝန်ထမ်းဘဝကိုစိတ်ကုန်ကာအလုပ်ကထွက်မည်စဉ်းစား၍ ခွင့်တလယူခဲ့သည်။ တက္ကစီမောင်းရင်ကောင်းမည်လားဟု အစ်ကို့ထံမှဘီ၆၀၀ကားသစ်ကလေးကိုယူပြီးအစမ်းမောင်းကြည့်သည်။ စိတ်ကမရှည် နူတ်စလျှာစမရှိ လမ်းပေါ်ကဥပဒေမဲ့စည်းကမ်းမဲ့တွေ မြင်ကြားရမချမ်းသာသဖြင့် (ခုပိုဆိုးမည်လားမသိ) အဆင်မချော။ နှစ်ပတ်ခန့်စမ်းသပ်ပြီးအစ်ကို့ထံကားပြန်ပေးကာ အိမ်မှာထိုင်နေလိုက်သည်။ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေဆဲ အပျိုကြီးအဒေါ်ကသူ့တူမကိုခေါ်ပြီး “သမီးတို့မိသားစုခရီးလေးဘာလေးထွက်ကြပါလားစိတ်ပြေလက်ပျောက်ပေါ့” ဟုဆိုကာငွေထုတ်ပေးလေသည်။ သို့နှင့် ကျွန်တော်တို့မိသားစုခွင့်ကျန်ရက်ကိုမန္တလေးနှင့်မေမြို့ဘက်အပန်းဖြေခရီးထွက်နိူင်ခဲ့ကြသည်။ ကျွန်တော်လည်းအလုပ်ပြန်ဝင်ပြီး နောက်ထပ် ၈ နှစ် ဝန်ထမ်းသက်ဆန့်ဖြစ်ခဲ့လေသည်။ ကျွန်တော်တို့ဘာဆိုဘာညာဆိုညာအပြောပင်မစောင့်ဘဲ ထောက်ပံ့ခဲ့ရုံမက အချင်းချင်းကတောက်တဆဖြစ်လျှင်ပင် သူ (အပျိုကြီးအဒေါ်) က ကြားဝင်စေ့စပ်ဖြန်ဖြေပေးတတ်၏။ တစ်ခါတစ်ခါ ကျွန်တော်စိတ်ပေါက်ပေါက်နှင့်ဒီအပျိုကြီးကလွဲရင် မင်းတို့အမျိုးတွေကျေးဇူး ငါ့အပေါ်မှာမရှိဘူးဟုအကုသိုလ်ယူပြောဆိုမိခဲ့ဘူးသည်မှာ မသင့်သော်လည်းမှန်သင့်သလောက် အမှန်တွေသာ ဖြစ်လေ၏။ ထားတော့။

ထိုတဦးတည်းသောကျေးဇူးရှင်အဒေါ်အပျိုကြီးကျွန်တော်တို့အပေါ် (သူ့တူမအပေါ်) သစ်စိမ်းချိုးချိုးသွားခဲ့သည် ဆိုလျှင်ယုံစရာမရှိ။ စကားကြီးစကားကျယ်ဖြင့် လောကီထုပ္ပတ်လူတို့ဇာတ်မှာတော့ ဒါတွေမဆန်း (Nothing is new under the sun) ဟုသာပြောရမည်။ မရိုးနိူင်သောအမွှေဇာတ်လမ်းပဲဖြစ်၏။ အဖိုးဆုံးပြီးနောက် မရွှေတောက်တို့မိဘမောင်နှမများအိမ်အသစ်ဆောက်ကြသည်။ ထိုအိမ်ကို အစ်ကိုအကြီးဆုံးမရွှေတောက်ဖခင်က စိုက်ထုတ်ကုန်ကျဆောက်လုပ်ခြင်းဖြစ်သည်။ ညီအကိုမောင်နှမတစ်တွေ စုစုစည်းစည်းရှိစေချင်လို့ဆောက်တာဟု ပြောသော်လည်း လက်တွေ့မှာမစုစည်းသည့်အပြင်ပို၍စိတ်ဝမ်းတွေကွဲခဲ့ကြ၏။ ထုံးစံအတိုင်း တစိမ်းဖက်သူ(အိမ်ထောင်ရှိသူ)မရွှေတောက်ဖခင်နှင့်ဦးလေးတို့အစုနှစ်စုကွဲသွားရာ အဒေါ်အပျိုကြီးက မောင်ဖြစ်သူ(ဦးလေး)ဘက်ပါသွားသည်။ တချိန်ကအိမ်ထောင်ကျစတူမကို မိဘများပင်မသိတတ်ခဲ့သည့် ရွှေတိုရွှေစလေးတွေပေးဝေရင်းနှီးစေခဲ့သောအဒေါ်အပျိုကြီးသည်သူ့အကိုနှင့်မသင့်သောအခါ၌ တူမဝတ်ဆင်ထားသော တန်ဘိုးကြီးအရည်အသွေးကောင်းစိန်နားကပ်ကို ပြန်တောင်းသည်အထိ စိမ်းကားခဲ့လေ၏။

ထိုအချိန်ကျွန်တော်ကရန်ကုန်ဘက်သင်္ဘောကျင်းသို့ပြောင်းရွှေ့ပြီးပြီ။ ဝန်ထမ်းဘဝကနူတ်ထွက်ဘို့စိုင်းပြင်းနေပြီဖြစ်သလိုမရွှေတောက်မှာလည်းလမ်းမတော်မြို့နယ်ထဲက ကျောင်းတစ်ကျောင်းသို့ရောက်နေပြီ (သူလည်း မကြာခင်ကျွန်တော့်ဖိအားကြောင့်ကျောင်းဆရာမအလုပ်မှထွက်ရတော့မည်)။ သည်ဘက်ကမ်း ဝန်ထမ်းအိမ်ယာတွေက နေထိုင်ခွင့်ရရန်ခက်သည်မို့ မကြိုးစားတော့ဘဲ ယောက္ခမတွေနှင့် သူတို့အခေါ် ခြံထဲမှာဘဲအတူနေဖြစ်လေရာ နိုင်ငံတွင်းအာဏာရူးသွပ်မှုတွေသာမက အိမ်တွင်းစည်းစိမ်ရူးသွပ်မှုတွေကို မကြည့်ချင်မြင်လျက်သားမကြားချင်နားဆင်လျက်သားဖြစ်ခဲ့ရပါလေသည်။ သို့တိုင်အောင် ထိုကိစ္စတွေထဲမှာ ကံသုံးပါးစလုံးဖြင့်မပါဝင်မိအောင်တင်းကျပ်စွာ ကျွန်တော့်ကိုယ်ကျွန်တော်စောင့်စည်းခဲ့ပြီး ဇနီးဖြစ်သူကိုလည်း ထိုအတိုင်းပင်စောင့်စည်းနေထိုင်စေခဲ့ပါသည်။ နားကပ်ချွတ်ပေးလိုက်ရသောနေ့က အိပ်ယာထဲမှာတစ်ညလုံး သူကြိတ်ငိုနေသည်နှင့်ကြုံရပြန်တော့ စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမျှမတတ်နိူင်ခဲ့။

နှစ်သုံးဆယ်စာရာဇဝင်မို့ ပြောရလျှင်တော့အရှည်ကြီး။ လိုရင်းချုပ်သော်ထိုအိမ်နှင့်ခြံကြီးကို ကပျာကယာဈေးဖြင့်ရောင်းချကာ မောင်နှမသုံးယောက်အပြင် မကြာမီကမှကွယ်လွန်ခဲ့သောအဖိုး၏ဇနီးကိုပါထည့်၍ အမွေခွဲကြသည်။ ထိုအမွေစုကိုမကွယ်လွန်မီကလေးတွင်ထည့်သွင်းကြော်ငြာခဲ့သော သတင်းစာဖြတ်ပိုင်း အထောက်အထားဖြင့် မရွှေတောက်၏မောင်ဝမ်းကွဲ (ဦးလေး၏သား)က ရသည်။ ဦးလေးနှင့်အဒေါ်အပျိုကြီးပါပေါင်းလျှင်ဟိုဘက်ကသုံးစု သည်ဘက် မရွှေတောက်တို့ဘက်ကတစ်စုနှင့် အိမ်ဆောက်စဉ်ကစိုက်ထုတ်ငွေကိုရသည်။ မျိုးဆက်တဆက်အဖိုးတို့ညီအကိုဒိုးတူဘောင်ဖက် ရှာဖွေစုဆောင်းခဲ့သမျှ မတိုးတက်သည့်အပြင် နောက်မျိုးဆက်တဝက်ဖြစ်သောဖခင် ဦးလေးနှင့်အဒေါ်မှာပင်ကွဲကြေလေလွင့်ကြရသည်မှာ စိတ်ဝမ်းကွဲခြင်း၏ရလဒ်။ မိသားစုတစုမှာရော နိူင်ငံတနိုင်ငံမှာပါထိုအချက်အရေးပါသည်။ စောင့်လေမျိုးနွယ်ဆိုသည်မှာ မျိုးရိုးဇာတိကိုထိမ်းသိမ်းစောင့်ရှောက်ခြင်းသက်သက်သာမဟုတ်။ မျိုးရိုးစဉ်ဆက်တိုးတက်ပြီးသား အစည်းအပွားကိုမဆုတ်ယုတ်စေခြင်းနှင့် ဆင့်ကဲဆင့်ကဲတိုးတက်စေခြင်းတွေပါဝင်သည်ဟု ကျွန်တော်ဆိုချင်သည်။ ယ္ခုမူ ထိုသို့မဟုတ်။ ဆိုပါစို့ ကျွန်တော်ကရောဘာများတတ်နိူင်ပါ ဦးမည်နည်း။

ထိုအိမ်ရောင်းသည့်ကိစ္စဖြစ်တော့ ကျွန်တော်တို့မိသားစုကပြည်ပမှာ။ ပြောရလျှင် ထိုအမွေထဲမှမရွှေတောက် သဒ္ဒါကြေးရခဲ့သည်ကိုချန်လှပ်ထားဖို့မသင့်။ ဒါကလည်း သူကအဖိုးအဖွားတို့၏မွေးစားသမီးဖြစ်ခဲ့ဖူးသည်ကို မငြင်းသာသဖြင့်။ ကျွန်တော်အပေါ်ယံကြောသိရသလောက် နဂိုမွေးစားစဉ်ကစာချုပ်စာတမ်းနှင့်။ ကျွန်တော်နှင့်အိမ်ထောင်ကျပြီးမကြာမီ သူ့အဖိုးဆုံးတော့ကျွန်တော့ကိုမယုံကြည် သို့မဟုတ် ကြည့်မရသဖြင့် ထိုစာချုပ်တွေအားလုံးဖျောက်ဖျက် ပယ်ဖျက်ပစ်လိုက်ကြ၏။ ထိုအထဲတွင် အဒေါ်အပျိုကြီးပါမပါမသိ။ သူတို့မိသားစု အုပ်ချုပ်ရေးစံနစ်က ဒီမိုကရေစီဗဟိုလ်ဦးစီးစံနစ်နှင့်ဆင်ဆင်တူလေရာသဘောမတူလဲလက်မှတ်ထိုးရခြင်းမျိုးတော့ရှိနိူင်သည်။ နောက်ပိုင်း အကွဲအပြဲရေချိန်မြင့်လာပြီး စစ်အစိုးရခေတ်စစ်ဘက်တရားရုံးမှာ ညှိနှိုင်းကြရာ၌ မွေးစားသမီးရာဇဝင်ကိုအပြီးအပိုင်ပယ်ဖျက်ဖို့ ဦးလေးဖြစ်သူကတောင်းဆိုခဲ့သေးသည်ဟုဆိုသည်။ ထိုအဆိုအပေါ် သူ့အဖေကိုယ်တိုင်ခပ်မဆိပ်နေနေချိန် အဒေါ်အပျိုကြီးက စာရွက်စာတမ်းလွတ်ပံ့ပိုးပြောဆိုခဲ့သောကြောင့် မရွှေတောက်ကိုသဒ္ဓွါကြေးပေးရမည်ဆိုသော ရုံးမှတ်တမ်းထွက်ရှိခဲ့ခြင်းဖြစ်လေသည်။ နောက်ဆုံး ကျေးဇူးပြုခဲ့ခြင်းဟုဆိုရမည်လားမသိ။

ထိုအကြောင်း မရွှေတောက်ပြောလာစဉ်က (ကျွန်တော်ဘယ်တော့မှ မမေးခဲ့) သဒ္ဓါကြေးကိုပါမယူဖို့ သူ့ကိုတိုက်တွန်းမိသေး၏။ ဒါကိုတော့ ယူရမယ်လေဆိုကာ သူကယတိပြတ် ကျွန်တော့်စကားကိုငြင်းပယ်ခဲ့လေသည်။ ထိုမှအပ ဆက်စပ်လှုပ်ရှားမှုတွေမှာ မပါဝင်ဘို့တင်းတင်းကျပ်ကျပ်သတိပေးစကားကိုတော့ သူနာခံခဲ့ပါသည်။ ဝန်ထမ်းနှင့်ဟန်မကျပြင်ပစီးပွားရေးမှာလည်းအံမဝင်သည့်အဆုံး ကျွန်တော်ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကိုင်ပြီးမကြာခင်မိသားစုကိုပါခေါ်ယူကာကျပ်တည်းသော်လည်း နားအေးပါးအေးနေထိုင်အသက် မွေးနေခဲ့သဖြင့်အမွှေဇာတ်လမ်းဇာတ်ရှိန်မြင့်ချိန်ကိုမမှီတော့။ အိမ်ရောင်းလိုက်ပြီ အမြန်လာဆိုသည့် သတင်း စကားကြားတော့ မဆီမဆိုင် ကြားကကျွန်တော်နှမျောတသဖြစ်မိသေးသည်။ လက်တွေ့ပိုကျသော မရွှေတောက်ကအားခြင်းပြန်ပြီး “သဒ္ဓါကြေး” ကောက်ခံသည်။ သဒ္ဓါကြေးပေမင့် လိမ္မာလျှင်ထိုအချိန်က မြို့သစ်တွင်ခြံနှင့်အိမ်တစ်လုံးလောက်အသာဝယ်ယူနိူင်သည့်ငွေကို ကျွန်တော်တို့ အထူးသဖြင့်ကျွန်တော် ထိုနေရာမှာမသုံးခဲ့။ သမီးဆယ်တန်းရောက်ပြီမို့ သူ့အမေနှင့်အတူပြည်တွင်းပြန်နေစေရင်းစာမေးပွဲအတွက်စခန်းသွင်း လေ့ကျင့်ရာမှာသုံးဖြစ်သည်မှအပ ကျန်တာရရစားစားဝါးဝါးမျိုမျိုနှင့် တနှစ်အတွင်းထိုငွေတွေကုန်လေသည်။ ထို့အတူမရွှေတောက်တို့ဘက်ကရသမျှမှာလည်း ရရစားစားဝါးဝါးမျိုမျိုထက် နည်းနည်းပိုသော မဆင်မခြင်ရင်းနှီးမြှုပ်နှံမှုအချို့နှင့်အတူ လေးငါးဆယ်နှစ်အတွင်းကုန်ဆုံးခြင်းသို့ ရောက်လေသည်။

အခြားတဘက်မှာတော့ အမွေအများစုကိုရသည်လည်းတကြောင်း သားသမီးနည်းပြီး ပိုမိုညီညွတ်ကြခြင်း သည်လည်းတကြောင်းကြောင့် (နောက်တော့သူတို့လည်းကွဲကြသည်ဟုသိရ၏) သည်ဘက်ထက်စာလျှင်တော်သည်ဆိုရမည်။ အမွေခွဲပြီးပြီးခြင်း လှည်းတန်းဘက် အထင်ကရလမ်းတစ်လမ်းမှာ ခြံကျယ်ကျယ်ဝယ် အိမ်ဆောက်ပြီး စီးပွားရေးအဖွဲ့တွေအားငှါးထားခြင်းဖြင့် အနည်းဆုံးလက်ရှိမျိုးဆက်နှင့် လိမ္မာလျှင်နောင်မျိုးဆက်အထိဖူလုံနေပြီပြောနိူင်သည်။ တဘက်နှင့်တဘက်ကူးလူးဆက်ဆံမှုမရှိသလောက် ဖြစ်သွားသော်လည်း သတင်းစကားတွေကတော့ အသွားအလာရှိနေဆဲ။ အိမ်ဆောက်ပြီးမကြာမီ ဦးလေးဆုံးသည့်သတင်း အဒေါ်အပျိုကြီးသူ့တခြားတူမ ဦးလေး၏သမီးဇနီးမောင်နှံနှင့်အတူ တူမတာဝန်ကျရာမေမြို့ဘက်မှာ လိုက်နေသည့်သတင်း။ နောက် မကျန်းမမာဖြစ်၍ရန်ကုန်ပြန်ဆေးကုခံသည့်သတင်း။ သို့သော်လည်း ကျွန်တော်တို့မိသားစုမှာ ပြည်တွင်းတွင်ပညာသင်ကျန်ရစ်သောသမီးမှအပ ပြည်ပမှာသောင်ပြင်နင်းသည့်ရွှေဟင်္သာနှယ်ဖြစ်နေခိုက်မို့ထိုသတင်းတွေကို ကြားကြားကာမတ္တသဘောသာထားနိူင်ခဲ့သည်။ အဒေါ်အပျိုကြီး မကျန်းမမာဖြစ်သည့်ကိစ္စစိတ်တော့မကောင်း။

လွန်ခဲ့သော သုံးနှစ်ကျော်ခန့်ကမှအလည်ပြန်ကြတုံးသူ့ထံသတင်းမေးရောက်ခဲ့သည်။ ယောင်းမမုဆိုးမ၊ တူ အိမ်ထောင်သည်မိသားစု (တူမ ဇနီးမောင်နှံကမေမြို့မှာ) တို့နှင့်အတူနေသော နှစ်ထပ်လုံးချင်းအိမ်၏ အခန်းငယ်တခုအတွင်း အိပ်ယာပေါ်လဲလျက်ကျေးဇူးရှင်ကိုတွေ့မြင်ရ၏။ အိပ်ယာဆိုသည်မှာလည်း ကုတင်ဟောင်းတခုပေါ်မှာဖျာအနွမ်းကလေးခင်းလျက် မွေ့ယာမရှိ။ ဖွင့်ထားသောပြတင်းတချပ်က တခုတည်းသော လေဝင်လေထွက်။ ချေးသေးပြုစုရန် နယ်မှဝမ်းကွဲတူမတယောက်၏ စက်ရုပ်သဖွယ်အလုပ်အကျွေးမှလွဲ၍ တခြားနွေးထွေးမှုရဟန်မတူ။ ကျွန်တော်တို့ကိုကောင်းစွာမှတ်မိသော်လည်းစကားမပြောနိူင်။ မရွှေတောက်နှင့်ကျွန်တော့်လက်ကိုတောက်လျှောက်ဆုပ်ထားပြီး မျက်ရည်သွင်သွင်သာကျရှာသည်။ အိပ်ယာနာ (Bedsore) က အတော်ရင့်နေပြီ။ ထိုစဉ် အခန်းတွင်းသို့ဝင်လာသောယောင်းမမုဆိုးမ (ဦးလေး၏ဇနီး)ကို ဆေးရုံတင်ရန် အစီအစဉ်ရှိမရှိမေးတော့ သူမတက်ချင်၍မတင်တော့ကြောင်း (ထိုအချိန်ယောင်းမကိုကြည့်နေသော သူ့အကြည့်ကိုကျွန်တော်မဖတ်တတ်သော်လည်း သတိတော့ပြုခဲ့မိ၏)။ ‘ဆေးရုံထက်စာရင် အိမ်မှာက လိုလေသေးမရှိပြုစုနိူင်တော့ ပိုကောင်းပါတယ်’ ဆိုသောစကားနှင့် ဘယ်လိုဘယ်ပုံလိုလေသေးမရှိကြောင်း ရေပက်မဝင်ရှင်းတန်းတွေကိုမူဆုံးအောင်နားမထောင်ဖြစ် မရွှေတောက်နှင့်သလွှဲထားလိုက်သည်။

ပြန်ကြမည်ဟုနူတ်ဆက်တော့ စကားမပြောနိူင်သည့်သူ့ထံမှရင်ခေါင်းသံကြီးဖြင့် ‘ပြန်နဲ့ဦး’ ဟူသောစကားသံ ထင်ထင်ရှားရှားထွက်လာသည်။ သူကျေနပ်အောင်ပြန်ထိုင်ကာ ဖျောင့်ဖျပြောဆို ပြီးမှပြန်ခဲ့ကြသည်။ နောက် ထပ်မရောက်တော့။ သုံးလခန့်အကြာမှာသူကွယ်လွန်သည့်သတင်း ရောက်လာသည်။ အရွယ်လေးရလာပြီမို့ မရွှေတောက်တယောက်မျက်ရည်ကျသော်လည်းအိန္ဒြေတော့မပျက်။ အနီးနားကမြန်မာဘုန်းတော်ကြီးကျောင်းကိုဆွမ်းအုပ်ပို့ကာ သူ့အတွက်အမျှအတန်းပေးဝေခဲ့သည်။ ရေစက်ဆိုတာဝဋ်ကြွေးပါလားဟု သူ့ကိုသတိရရင်းကျွန်တော်တွေးနေမိလေသည်။ သည်ဘက်မှာလည်း ရုန်းရင်းကန်ရင်းနောက်ထပ်နှစ်နှစ်အကြာ မရွှေတောက်အဖေဆုံးသည်။ မျိုးဆက်တခု၏နိဂုံးဟုပြောရမည်။ သည်ဇာတ်လမ်းရှည်မျောမျောကြီးထဲမှာ အဓိကကျပါလျှက်က ရှေ့တန်းမှာမရှိခဲ့ကြသည့် ကျန်ရစ်သူမုဆိုးမနှစ်ဦး (မိခင်နှင့်ဦးလေး၏ဇနီး)တို့မှာ တဆက်ကျော်မျိုးဆက်များ(မြေးများ)အတွက် ခြားနားသည့်ဝန်းကျင်အသီးသီးမှာဆက်လက်ပါဝင် အသုံးတော် ခံရင်း ဓမ္မအထောက်အကူရယူနေကြလေ၏။ သူတို့တရားရမရမသိသော်လည်း ကျွန်တော်ကတော့ အသက်လေးလည်း ထောက်လာသည်မို့ သူတို့ကြည့်ပြီး တရားကျနေရသည်မှာအမှန်။

သည်နှစ်အတွင်းအလုပ်မှကိုယ့်ဘာသာအနားယူပြီးပြည်တွင်းသို့ကျွန်တော်ပြန်လာသည်။ မရွှေတောက်က အရွယ်ကျော်သားသမီးတွေကိုစိတ်မချနိူင်ဖြစ်ကာကျန်ရစ်သည်။ တရက် သူ ကျွန်တော့်ဆီဖုံးဆက်ပြီး “မနက်ဖြန်အဒေါ်ဆုံးတာသုံးနှစ်ပြည့်ပြီ။ အနားကဘုရားမှာငွေငါးထောင်လှူပေးပါ” ဟု တောင်းဆိုလာ၏။ ထိုအမိန့်အရ နောက်တနေ့မနက်စောစော (အိမ်နှင့်အနီးဆုံး ၁၀၈တောင်ဘုရားသို့သွား၍ အလှူခံဌာနမှာ ကွယ်လွန်သူ ( ) အတွက်ရည်စူး၍ အလှူငွေငါးထောင်ကျပ်တိတိဟု လှူဒါန်းဖြစ်ခဲ့လေသည်။ ကျွန်တော် ဘုရားပရဝုဏ်မှထွက်လာချိန် အလှူခံဌာန၏အသံချဲ့စက်မှ ကျွန်တော့်အလှူကိုအမည်နှင့်တကွကြေငြာပြီး ဤကုသိုလ်ကြောင့် (ရည်စူးခံ) ကွယ်လွန်သူ ဒေါ် ( ) တစ်ယောက်ကောင်းရာဘုံဘဝသို့ရောက်ပါစေကြောင်း ဆုတောင်းအမျှဝေသံစူးစူးရဲရဲထွက်ပေါ်လာ၏။ ရုတ်တရက်ပြုံးချင်သလိုဖြစ်သွားရာမှ ငါးထောင်ဆိုသော စကားကိုကြားသည့်အခိုက် သူ့တူမနှင့်မင်္ဂလာဆောင်စဉ်သူဦးဦးဖျားဖျားလက်ဖွဲ့ခဲ့သော ငွေငါးထောင်ကို အမှတ်ရမိလိုက်လေသည်။ ခန်းဝင်ပစ္စည်းအစုံအလင်ဝယ်နိူင်ခဲ့သည့် သူ့ငွေငါးထောင်နှင့် အိပ်ယာခင်းတထည်ဖိုးပင် မလုံလောက်သော ကျွန်တော့်အလှူငွေငါးထောင်တို့နှိုင်းယှဉ်မိသည်၌ ကိုယ့်ဘာသာကိုယ်ရှက်ရွံ့မိ၏။ သို့သော် ညောင်စေ့လောက်လှူပေမယ့်ညောင်ပင်ကြီးလောက်လဲရနိူင်တာပါဘဲလေဟုဖြေတွေးတွေးရင်း အားတင်းခဲ့လေသည်။

ထိုနေ့မှစ၍ ကျွန်တော့်မှာညောင်စေ့နှင့်ညောင်ပင်ဘယ်သူအရင်ဖြစ်တည်သလဲဆိုသည့်စဉ်းစားအဖြေထုတ်စရာပုစ္ဆာတပုဒ်တိုးခဲ့လေ၏။