Thursday, December 11, 2014

ကျွန်တော်နှင့်အင်းယားလိက်



တစ်လောက သူငယ်ချင်းတဦး၏သမီးမင်္ဂလာဆောင် အင်းယားလိက်ဟော်တယ် (Inya Lake Hotel) မှာ သွားဖြစ်ခဲ့သည်။ မသွားမဖြစ်လို့ဟုပြောလျှင်ရမည်။ ထိုပွဲမျိုးသွားရမှာအလွန်ဝန်လေးသလောက် ကျွန်တော့်ကို ထိုပွဲမျိုးဖိတ်သူအလွန်ရှားသည်။ ဒါကိုပင် ကျွန်တော်အလွန်ဝမ်းသာရ၏။ သည်အတွက် ကံကကျွန်တော့်ဘက်မှာရှိနေသလားမသိ။ ဖိတ်ကြားသူ အလွန်နည်းသည့်ကြားမှမသွားမဖြစ်သောပွဲမျိုး တစ်ခုတစ်လေရှိချိန်တွင် ကျွန်တော်တမင်ရှောင်လွှဲခြင်း မဟုတ်ပါဘဲတစ်နည်းနည်းဖြင့် အဝေးရောက်နေတတ်သည်။ မိတ်ဆွေသူငယ်ချင်းတွေထားဦး ညီအစ်ကိုမောင်နှမ အသိုင်းအဝန်းမှာပင်ထိုအချက်ကသိသာလွန်းသည်။ ထို့ကြောင့် ကျွန်တော့်တူတူမအရင်းအခြာတွေမင်္ဂလာဆောင်သာမကကလေးကင်ပွန်းတပ်အထိကျွန်တော်မတက်ဖြစ်သည်ကများသည်။ သူတို့ကလည်း အကြောင်းသိတွေမို့ကျွန်တော့်ကိုဖိတ်လျှင် မင်း နင်အလုပ်များလို့ (တကယ်တော့ ဘာအလုပ်မှမရှိဘဲ ထိုင်နေတာ သိသိကြီးနှင့်) မလာနိူင်လဲ မင့် နင့်မိန်းမလာပေစေပေါ့၊ ဦးမလာအားရင်အန်တီ့ကို ဆက်ဆက် လွှတ်ပါနော် စသည်ဖြင့် စကားခံလေးတွေနှင့်ဖိတ်ကြသည်။ သူတို့ညီမအစ်မ သူတို့အန်တီ ကျွန်တော့်ဇနီးကလည်း ဒါမျိုးဆိုဖိုးကျိုင်းတုတ်အဟုတ်ကြီးမို့ ကြာတော့နှစ်ဘက်ဆွေမျိုးနှင့်မိတ်ဆွေရင်းချာတွေအကြား လူမှုရေးပွဲလမ်းတွေမှာကျွန်တော့်ဇနီးသာ စတားဖြစ်ပြီးကျွန်တော့်ကိုတော့ လမ်းချော်လာသည့် ဥက္ကာပျံပမာ ပေယျာလကံထားကြတော့လေသည်။ သည်အတွက်ဇနီးနှင့်တကွသူတို့အားလုံးကိုကျေးဇူးတင်ရသေး၏။

ပြောရလျှင် ဒီကိစ္စကဆွေမျိုးမိသင်္ဂဟကြားမှာတွင်မကမိသားစုအတွင်းမှာပါ ကောင်းသည်မကောင်းသည် အပထား ပြောစမတ်ဖြစ်ခဲ့၏။ ကျွန်တော့် ားအကြီးကောင်မင်္ဂလာဆောင်ကျွန်တော်မတက်ဖြစ်ခဲ့။ ပြည်ပမှာ မမျှော်လင့်ဘဲ ကျွန်တော်တီဘီသံသယ (TB suspect) ဖြင့်ဆေးသောက်နေရသည်။ သူတို့ မူအရ ဆေးကို အိမ်မှာပေးမထားဘဲဒေသန္တရဆေးခန်းမှာနေ့စဉ်သွားသောက်ရသည်။ ဆရာဝန်ကိုအကျိုးအကြောင်းပြောပြတော့ သူကဆယ်ရက်စာဆေးပေးပြီးသွားခွင့်ပြု၏။ ဖြစ်ချင်တော့ထိုရက်အတွင်းမှာပင် ရာထူးလစာမြင့်နောက်အလုပ်တစ်ခုကခေါ်သည်။ သည်အလုပ်အကြောင်းပြု၍လက်ရှိအလုပကိုလည်းနူတ်ထွက်စာတင်ထားပြီးပြီ။ ဘာကိုရွေးမလဲ။ ရှင်းပါသည်။ အမေကရောက်နှင့်နေပြီမို့ အဖေမလာလဲငွေလာလျှင်ပြီးသောသားမင်္ဂလာဆောင်အတွက် အကိုကြီးဇနီးမောင်နှံကိုခေါင်းကိုင်အဖေအမေနေရာထားကာ မင်္ဂလာပွဲကိုအစီအစဉ်အတိုင်းကျင်းပစေခဲ့လိုက်၏။ သည်အတွက်သားရောအဖေပါအမနာပအပြောခံရတာမျိုးတွေရှိခဲ့ပေမဲ့ ခေတ်စားခဲ့ဘူးသောစကားတခွန်းလို ပြီးတော့လည်းပြီးတာပါပဲပေါ့။

အင်းယားလိပ်ကိုကျွန်တော်မရောက်ဖြစ်ခဲ့သည်မှာအရင်အစိုးရတစ်သက်ဟုပြော၍ရသည်။ ဆိုခဲ့ဖူးသလို ကျွန်တော့်ကို ဒါမျိုးဖိတ်သူအလွန်နည်းသည့်အထဲ နိူင်ငံတကာဟိုတယ်အသစ်တွေအလျှိူအလျှိုပေါ်ပေါက်လာကြသည်မို့ တစ်ခုတစ်လေသွားဖြစ်သည်မှာလည်းအင်းယားလိက်မဟုတ်။ အခြားအခြားသော တစ်ခေတ်က စူပါစတားတွေနည်းတူ အင်းယားလိက်မှာ နှစ်ဘက်မိဘသတို့သားသတို့သမီးတို့၏ အိပ်မက်ကမ္ဘာကိုစိုးမိုးနိူင်စွမ်းရှိပုံသိပ်မပေါ်တော့။ သတင်းစာထဲကကြော်ငြာတွေနှင့်ကိုယ့်သားမင်္ဂလာဆောင်အတွေ့အကြုံအရပြောခြင်းသာဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းမိသားစုလို အင်းယားလိက်ပရိဿတ်တွေကတော့ ရှိနေဆဲ။ သူတို့မှာတစ်ခြားအကြောင်းတရပ်ရှိချင်ရှိနိူင်ပေမည့် အင်းယားလိက်ကိုရွေးချယ်ခဲ့ခြင်းအပေါ် ကျွန်တော်ကတော့သဘောကျသည်။ ကျွန်တော့်အတွေးကအတ္တဆန်ကောင်းဆန်မည် သို့သော်ရှားရှားပါးပါးသွားတာချင်းအတူတူ အင်းယားလိက်မင်္ဂလာဆောင်သွားရခြင်းက ကျန်နေရာများထက်ကျွန်တော့်အတွက် ‘ကြေးမုံရိပ်သွင်ငယ်ရုပ်ဆင်’နိူင်မည်မဟုတ်ပါလား။ ဃရာဝါသ သမ္ဗာဓနယ်ပယ်မှ လူသားတဦးအဖြစ် အင်းယားလိက်မှာ ကျွန်တော် လွန်ခဲ့သောနှစ်သုံးဆယ်စွန်းစွန်းက မင်္ဂလာဆောင်ဖြစ်ခဲ့သည်လေ။

ယ္ခုအင်းယားလိက်ကိုမြင်တော့ ကျွန်တော်အမှန်ပင်ရင်ထဲမကောင်း။ နှစ်သုံးဆယ်အတွင်း ဘာမျှမပြောင်းလဲခြင်းသည် လူသားတဦးအတွက်ဝမ်းသာစရာဖြစ်ကောင်းဖြစ်နိူင်သည့်တိုင် အင်းယားလိက်လိုတစ်ချိန်က လျှမ်းလျှမ်းတောက်အဆောက်အအုံတခုနှစ်အတန်ကြာ သည်အတိုင်းသည်အတိုင်းဆိုသည်မှာ ရှေးဟောင်း သုတေသနရည်မှန်းချက်နှင့်မစပ်ဆိုင်သမျှ ကြားကောင်းသောအရာတစ်ခုဟု ကျွန်တော်မထင်။ ဒါက နိူင်ငံ့ပုံရိပ်တခုဖြစ်နိူင်သည်မို့ပင်။ သို့သော် ကျွန်တော်တို့နိူင်ငံမှာက တရုပ်ကားတွေထဲမှာ စာတမ်းထိုးသလို ဒီအဖြစ်မျိုးတကယ်ရှိသလားဟု မေးရမလောက် ဒါမျိုးတွေထုနှင့်ထည်နှင့်။ လွန်ခဲ့သောသုံးလေးနှစ်ခန့်က ကျွန်တော်ဖတ်ခဲ့ဘူးသော ဆောင်းပါးတပုဒ်ထဲမှာ နှစ်နှစ်ဆယ်ကျော်ခွဲခွာခဲ့ရသော မွေးရပ်မြေကိုအလည်ပြန်သည့်အခါ လူတွေအိုသွားသည်မှအပ အရာအားလုံးမပြောင်းလဲသည့်အကြောင်း ‘ငယ်ငယ်က ကျွန်တော်ခလုပ်တိုက်လဲခဲ့ဖူးသည့်ကျောက်တုံးကြီးပင် ထိုနေရာမှာနဂိုအတိုင်းရှိနေဆဲ’ဟု သရုပ်ပါပါရေးသားထားသည်ကိုတွေ့ရဖူးသည်။ ခေတ်စံနစ်တခုတည်း၏အောက်မှာ အင်းယားလိက်ရော ဘာသားနဲ့ထုထားတာမို့လဲ ဟုပြောရမလိုဖြစ်နေပြီ။ ထားတော့။

အရာရာမှာနှစ်သုံးဆယ်တံဆိပ်ခပ်နှိပ်ပြီးသားမို့ ကျွန်တော်ငယ်ရုပ်ဆင်ချင်သလောက်မဆင်သာခဲ့ပေမဲ့ အပြောင်း အလဲသိပ်မရှိသည့် အင်းယားလိက်က အတိတ်ကြေးမုံပြင်မှာပိုထင်ရှားသလိုတော့ရှိလေ၏။ ဆင်ဝင်ဧည့်ခန်းကျယ်ကိုဖြတ်ညာဘက်ကသတို့သား (အတိအကျတော့ မမှတ်မိ) ဘယ်ဘက်ကသတို့သမီးဆင်းသည့်လှေကား နောက်ကော်ဖီဆိုင်ကိုကျော်လျှင်ခန်းမဝင်ပေါက်။ ဘိသိက်ဆရာဦးဆောင်လျှက် အရံတွေပန်းကိုင်တွေ နောက်မှ (ကျွန်တော်တို့ တုံးက ဒါတွေမပါ) သတို့သားသတို့သမီးလက်ခြင်းဆက် မိဘဆွေမျိုးဆွေခြံရံလျှက် ခန်းမတွင်းဝင်ရန်ကောင်းချီးမင်္ဂလာသြဘာဘွဲ့ဖြင့်အခါတော်ပေးသည်ကိုစောင့်ကြိုကြသည့်နေရာ။ ပြီးတော့ဧည့်ခံခန်းမထိပ်မှာမင်္ဂလာစင်မြင့် နံဘေးဘက်မှာတေးဂီတစင်မြင့်။ သူများမင်္ဂလာပွဲလာသည်ကို ခေတ္တခဏမေ့ပြီးကိုယ့်တုန်းကပုံရိပ်တွေသာကိုယ်ပြန်မြင်နေမိသည်မှာတရားပါ့မည်လားတော့မသိ။ ကျွန်တော့်စားပွဲမှာ မျက်နှာစိမ်းမောင်နှံနှစ်ဦးသာရှိပြီး သူတို့ချင်းစကားတွတ်ထိုးနေကြသဖြင့် ကျွန်တော်လွတ်လပ်စွာအတွေးနယ်ချဲ့နေနိူင်သည်။ ဂီတဝိုင်းမှဖျော်ဖြေသံကိုပင် နားဝင်တချက်မဝင်တချက်။ ဧည့်သည်တွေတစ်ဖွဲဖွဲဝင်လာကြသည်ကိုလည်း အမှုမဲ့အမှတ်မဲ့။

မင်္ဂလာအချိန်ကျရောက်ရန်တစ်နာရီလောက်စောင့်ရသည်ထင်သည်။ ဘိသိက်ဆရာတစ်ဖြစ်လဲ ရေဒီယို အဆိုတော်တဦး စင်မြင့်ပေါ်တက်လာကာ နူတ်ခွန်းဆက်စကားပြောပြီး မင်္ဂလာမောင်နှံကိုစင်မြင့်ပေါ်သို့ ဖိတ်ခေါ်သည်။ အတိုင်းမသိဘွဲ့ကိုဂီတဝိုင်းမှတီးခတ်သီဆိုပေးလျက် အစီအစဉ်ကျဝင်လာကြသော သတို့သား သတို့သမီးနှင့်တကွ ရှေ့ပြေးအရံတွေ ပန်းကိုင် ဗန်းကိုင် ငွေဖလားကိုင်တွေ အားလုံးမှာ နူနယ်ပျိုမြစ်ခြင်းတွေအပြည့်။ ဟိုတုန်းကတို့လည်းသည်လိုပျိုမြစ်နေမှာပါဘဲဟုတွေးရင်း ယ္ခုပင်ကိုယ့်မျက်နှာကိုယ်မှန်ထဲပြေးကြည့်ချင်စိတ်ပေါက်သွား၏။ နှိူင်းယှဉ်ကြည့်စရာ ကိုယ့်သတို့သမီးကကိုယ်နှင့်မှပါမလာဘဲ။ ခုတော့လဲ ကျွန်တော့် အင်းယားလိက်ပါတနာ မရွှေတောက်ကကျွန်တော်မရှိလျှင်ဖြစ်သည်သားနှင့်မြေးမရှိလျှင်မဖြစ်တစ်နည်း ကျွန်တော့်အတွက်သူရှိဖို့ထက် သားနှင့်မြေးအတွက်သူရှိဖို့ပိုလိုအပ်သည်ဟူသောယုံကြည်ချက်ခိုင်မာစွာဖြင့်ကျွန်တော်သွားရာလိုက်ခြင်း ကျွန်တော်နှင့်အတူပွဲတက်ခြင်းအမှုမပြုသည်မှာ အတန်ကြာပြီ။ ဤဧည့်ခံပွဲသို့သူပါမလာနိူင်ခဲ့။ ထို့ကြောင့် ကျွန်တော်စိတ်ချလက်ချအတွေးနယ်ချဲ့ခွင့်ရနေ၏။ တစ်နည်း ဘိသိက်ဆရာကဘိသိက်ဆရာအလုပ်လုပ်နေခိုက် ကျွန်တော်ကကျွန်တော့်အလုပ် ကျွန်တော်လုပ်နေမိ၏။ လောကကြီးဟာသူ့ဘာသာသူဒေါင့်စေ့နေပါတယ်ဆိုသော စာရေးဆရာကြီးတဦး၏ခနိူးခနဲ့စာသားအချို့ကို အမှတ်ရမိသေးသည်။ တစ်ခါတလေ လောကကြီးသူ့ဘာသာသူဒေါင့်မစေ့သည့်အခါ ဆိုကြပါစို့် ကျွန်တော့် မင်္ဂလာဆောင်တုံးက ဘိသိက်ဆရာအလုပ်ကိုကျွန်တော်လုပ်ခဲ့ရသည်လည်း ရှိခဲ့ဖူးသည်။

ဘိသိက်ဆရာအလုပ်ဆိုသော်လည်း ဧည့်ခံပွဲမို့ တကယ်ကအခန်းအနားမှူးအလုပ်သာဖြစ်၏။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လုပ်ခြင်းမဟုတ် တီးဝိုင်းအဖွဲ့ကို လျှပ်တပျက်အကူအညီတောင်းခံခဲ့ခြင်းသာ။ ဖြစ်ပုံက မင်္ဂလာအချိန်ကို သတို့သားနားနေခန်းမှာထိုင်စောင့်နေရင်းမှ အခန်းအနားမှူးမရှိ မငှါးရသေးသည်ကို ရုတ်တရက်စဉ်းစားမိရခြင်း။ နှစ်ဘက်အတွေ့အကြုံမရှိရသည့်အထဲ ဆက်ဆံရေးမပြေလည်သည့် အကျိုးဆက်ပင်ဖြစ်၏။ ကျွန်တော့်မိဘ ကျွန်တော့်အသိုင်းအဝန်းဆိုသည်ကလည်း အများအားဖြင့်လ္ဘက်တရိုးကွမ်းတရာဖြင့် အိမ်ရာထူထောင်လာကြသူများဖြစ်ရာ ယ္ခုကိစ္စမျိုးတွင်များစွာအထောက်အကူမဖြစ်လှ။ သူ့ဘက်ကကျတော့လည်း မိသားစုထဲမှပထမဆုံးမင်္ဂလာဆောင်။ ပြီးတော့ ဟိုဘက်သည်ဘက်ဆွေးဆွေးနွေးနွေးရှိခဲ့ကြသည်မဟုတ်။ ထို့ကြောင့် အစီအစဉ်တိမ်းပါးချွတ်ယွင်းမှုမကင်းနိူင်မှာသေချာသည် သို့သော် အခမ်းအနားတစ်ခုလုံးပြင်ဆင်ပြီးကာမှ အခမ်းအနားမှူးလိုနေမှန်းသိရသည်ကတော့ အတန်ငယ်ရုပ်ပျက်စရာဖြစ်သည်။ အခန်းအနားဘယ်လိုစ၍ဘယ်လိုဆုံးကြမည်ဆိုသည်ကိုအသာထား ဒီအခန်း (နားနေခန်း) ထဲက ဘယ်လိုဘယ်တော့ထွက်ကြမှာလဲဆိုသည်ပင်လျှင်အဖြေကမရှိသေး။ မရွှေတောက်တစ်ယောက်ကတော့ သူ့အခန်းထဲမှာထိုစဉ်ကနာမည်ကျော် အလှဖန်တီးရှင်တစ်ဦး၏ လက်စွမ်းပြခြယ်သမှုကိုခံယူနေပြီ။ ထိုအဖြစ်ကိုသူမသိ။ ခုချိန်မှသူ့ကို ဒီကိစ္စဖြင့်ပူပန်စေခြင်းငှါလည်းမသင့်။

အခန်းတွင်းရှိစာရွက်လွတ်တခုပေါ်တွင် စာသားအချို့စီစဉ်ကာအချောရေးသားပြီးနောက် အောက်ထပ်ခန်းမအတွင်းကျွန်တော်ဆင်းလာသောအခါဧည့်သည်အချို့ရောက်စပြုပြီ။ ထုံးစံကသတို့သားသတို့သမီးတို့ အခန်းအနားမစမချင်းကိုယ့်အခန်းတွင်းကိုယ်လူမြင်မခံဘဲနေလေ့ရှိရာ ကျွန်တော့်ကိုမြင်သူတွေရှိကောင်းရှိ ဇဝေဇဝါဖြစ်ကောင်းဖြစ်မည်။ ကျွန်တော်ဒါတွေမတွေးအား။ စန္ဒယားဘိုကြီးတေးဂီတအဖွဲ့ရှိရာဖျော်ဖြေရေးစင်မြင့်သို့သွားပြီး အစ်မကြီး(ဒေါ်)တင်တင်မြထံယူလာသောစာရွက်ကိုပေး၍ အကျိုးအကြောင်းပြောပြကာ အကူ အညီတောင်းရသည်။ သဘောကောင်းသောအစ်မကြီးက ကျွန်တော်ရှင်းပြသမျှနားထောင်ပြီး အပြုံးဖြင့် စိတ်မပူရန်အားပေးသည်။ ကျွန်တော်အပေါ်ထပ်အခန်းသို့ပြန်ရောက်တော့အလှဖန်ဆင်းရှင်မမက အခန်းထဲမှာ ရောက်နေပြီ။ ‘ဘယ်ကိုသဝေထိုးနေတာလဲသတိုးသားရယ်၊ ဒီမှာဒို့ရင်မောနေပြီသိလား၊ အခန်းအနားကစတော့မှာလေ..’ ဟု (ခင်ခင်မင်မင်) ချွဲချွဲပစ်ပစ်ပြောသံ၌ကျွန်တော်စိတ်ပိန်သွား၏။ ‘ကဲ ခင်ဗျားလဲ ရင်မမောရအောင် ကျုပ်လဲစိတ်မပိန်ရအောင်တခြားသာကြွတော်မူပါဗျာ’ ဟု အခန်းပြင်သို့ထွက်ခိုင်းလိုက်သောအခါ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်သူထွက်သွားလေသည်။ ယခုခေတ်သာဆို လိုက်တွေဘာတွေလွှင့်ပြီး အဆဲခံလိုက်ရမည့်အမျိုး။ အခန်းတွင်းတွင်ခေတ္တအနားယူ၍လွင့်ပါးနေသောစိတ်များကိုစုစည်းပြီး အချိန်ကျသောအခါ ကျွန်တော်အောက်ထပ်သို့ဆင်းလာခဲ့တော့သည်။

ကျန်တာကအစ်မကြီး (ဒေါ်)တင်တင်မြနှင့်ညှိနိူင်းတိုင်ပင်ထားသည့်အတိုင်း။ ကျွန်တော်တို့မင်္ဂလာခမ်းမ အဝင်ဝတွင်အသင့်ဖြစ်သည်နှင့်အစ်မကြီးကသူမ၏ကျော်ကြားသောမူပိုင်တေးတပုဒ်ဖြစ်သည့် “မင်္ဂလာမောင်မယ်” သီချင်းကို စန္ဒယားဘိုကြီးတေးဂီတအဖွဲ့နှင့်တွဲဘက်၍ ခန့်ညားစွာသီဆိုလိုက်သည်။ ‘သံသာ ကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆုထူးကိုမောင်မယ်စုံချွေ..’ အစပိုဒ်မှာပင် ကျွန်တော်တို့လက်ချင်းယှက်၍ ခမ်းမအတွင်းသို့လှမ်းကြလေသည်။ နောက်မှ ကျွန်တော့် မိခင်နှင့်အစ်ကိုကြီး ပြီးတော့မရွှေတောက် မိဘနှစ်ပါး နှင့်အဒေါ်။ ကျန်တာကျွန်တော်မမှတ်မိတော့။ မိဘဝတ္တရားချီးမြှင့်အပ်သောအရွယ်ပေ.. ဆိုသောအပိုဒ်အစမှာ ကျွန်တော်တို့စင်မြင့်အနီးသို့ရောက်၏။ ထိုမှစင်မြင့်ပေါ်ရောက်၍ မောင်ကလင်္ကျာမယ်မှာလက်ဝဲ နေရာယူယှဉ်တွဲ၍ထိုင်ပြီးကြတော့သီချင်းနောက်ဆုံးပိုဒ် ‘မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေ မယ်လဲတည့်တည့်လိုက်ကာလျှောက်မယ်မောင်ရေ..’ သို့ရောက်ပြီ။ သီချင်းဆုံးသည်နှင့်တစ်ဆက်တည်းလိုပင် အစ်မကြီး၏ အောင်မြင်ကြည်မြသော အသံဖြင့်ကြေငြာချက်ကိုကြားရလေ၏။

‘လေးစားအပ်ပါသော ဂုဏ်သရေရှိလူကြီးမင်းပရိဿတ်အပေါင်းတို့အား နှစ်ဖက်သောမိဘများနှင့် မင်္ဂလာသတို့သား မောင် ( )နှင့် သတို့သမီး မ( ) တို့၏ကိုယ်စား ခင်မင်စွာကြိုဆိုနူတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ဒီကနေ့ဧည့်ခံပွဲကတော့ ရန်ကုန်မြို့……နေ ဦး×× ဒေါ်×× တို့၏သား..မောင်( )နှင့် ရန်ကုန်မြို့……နေ ဦး×× ဒေါ်×× တို့၏သမီး မ( )တို့၏ မင်္ဂလာဧည့်ခံပွဲဖြစ်ပါတယ်။ ယ္ခုအခါ သတို့သမီးသတို့သားမောင်နှံတို့ နှစ်ဘက်မိဘဆွေမျိုးစုံညီစွာဖြင့် မင်္ဂလာခန်းမအတွင်း သင့်တင့်လျောက်ပတ်စွာနေရာယူကြပြီးဖြစ်ပါတယ်။'

`ဤမင်္ဂလာပွဲသို့ မေတ္တာရှေ့ထားကာကြွရောက်ချီးမြှင့်တော်မူကြသည့်အတွက် အထူးပင်ဝမ်းမြောက်ကျေးဇူးတင်ပါကြောင်း နှစ်ဘက်သောမိဘများနှင့်သတို့သားသတို့သမီးတို့၏ကိုယ်စားပြောကြားအပ်ပါတယ်ရှင်။ ဧည့်ပရိဿတ်ကြီးမှလည်းသတို့သားသတို့သမီးတို့သည် မောင်နှံစုံပြီးသက်ရွယ်ကြီး၍ ခိုင်ဖြီးသွန်းသွန်း မြစ်နွယ်ထွန်းသည့်တိုင် ပေါင်းသင်းပျော်ရွှင်နိူင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း မင်္ဂလာအထိမ်းအမှတ်တည်ခင်းဧည့်ခံသော စားသောက်ဘွယ်အာဟာရများကို အားပေးသုံးဆာင်တော်မူကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်။’

လွန်ခဲ့သောနှစ်သုံးဆယ်ကျော်က ကိုယ့်မင်္ဂလာပွဲအတွက်ကိုယ်ကိုယ်တိုင်အရေးပေါ်စာစီခဲ့ရသော မှတ်မိသမျှမင်္ဂလာသြဘာကြေညာစာတမ်းလေး ဖြစ်ပါ၏။ ထိုစာကြောင့် မင်္ဂလာအခန်းအနားတခုသက်ဝင်လှုပ်ရှားကာ အောင်မြင်ပြီးဆုံးခြင်းသို့ရောက်ခဲ့ရသည်။ ထိုစာတမ်းကို ဟိုတုံးကအတော်များများအလွတ်ရသည်အထိ ဖတ်ခဲ့ဘူးသည့် ကိုးခန်းပျို့ထဲမှ  စာကြောင်းတကြောင်းတလေထည့်သွင်း၍ ထိုမျှလောက် (ငါးမီးနစ်ခန့်) အချိန် အတွင်းရေးသားနိူင်ခဲ့ခြင်းအတွက်သိပ်အံ့သြစရာတော့မရှိပါ။ အကျဉ်းအကျပ်နှင့်ကြုံလျှင်စွမ်းဆောင်အား ပို၍မြင့်တက်တတ်သော လူ့သဘာဝသာဖြစ်ပါလိမ့်မည်။ ကျွန်တော်ကတော့ စာထက်စာအတိုအစကို အဖက်လုပ်၍ ကျွန်တော့်အကျဉ်းအကျပ်အားမေတ္တာဖြင့်ကူညီဖြေရှင်းပေးခဲ့သော အစ်မကြီး(ဒေါ်)တင်တင်မြ၏ သဘာနှင့်စေတနာကိုပို၍လေးစားချီးကြူးမိခဲ့ရပါသည်။ စင်စစ် အစ်မကြီးသည်မောင်ဖြစ်သူစန္ဒယားဘိုကြီးအဖွဲ့တွင် ပါဝင်သီဆိုရန်ရောက်လာခဲ့ခြင်းသာဖြစ်ပြီး ထိုအတွက်သာတာဝန်ရှိလေသည်။ အခန်းအနားမှူးဆိုသည်မှာ သီးခြားပင့်ဖိတ်ရသူပညာရှင်ဖြစ်ရာ မြန်မာ့အသံတွင်နှစ်ပေါင်းများစွာအစီစဉ်ကြေငြာခဲ့သူ တစ်ဦး ဖြစ်သောအစ်မကြီးအတွက်ခက်ခဲသည့်အလုပ်မဟုတ်သည့်တိုင်ငြင်းဆိုပိုင်ခွင့်ရှိနေပါလျက် ကျွန်တော့်အခက်အခဲကိုစာနာပြီးစိတ်လိုလက်ကူညီခဲ့ခြင်းဖြစ်လေ၏။ တကယ်လည်း အစ်မကြီးသာမကယ်ခဲ့လျှင် အင်းယားမြင်တိုင်း မျက်ရည်ဝိုင်းရမည့်အဖြစ်။

မှတ်မှတ်ရရ ကျွန်တော့်မင်္ဂလာဆောင်ကိုထုတ်ဖေါ်ချီးကျူးသူတစ်ဦးတော့ရှိခဲ့၏။ ကျွန်တော့်အလုပ်မှ ဌာနဆိုင်ရာအကြီးအကဲပုဂ္ဂိုလ်ဖြစ်လေသည်။ ယုံကြည်လောက်သောသတင်းအရသူ့စကားမှာ “ဒီမင်္ဂလာဆောင်တော့သဘောကျတယ်ဟေ့၊ အပိုအလိုမရှိကွက်တိဘဲ” ဟူ၍ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်မှာ ပကာသနမနှစ်သက် ပကာသနနောက်လိုက်မလုပ်လိုသည့်စိတ်ဓါတ်ကြောင့်လူကြိုက်မများသူတစ်ဦးဖြစ်ကြောင်း ကြားဖူးထားသည်။ အလှမ်းကွာလှသော်လည်းတိုက်ဆိုင်မှုတခုမှာ တစ်ပါတီအစိုးရလက်ထက် သူ့လက်အောက်ဝန်ထမ်းကိုရာထူးတိုးပေးလိုသဖြင့် သူ့အားမထင်မရှားနိူင်ငံငယ်တခု၏ သံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီး ထိုမှာပင်အငြိမ်းစားယူသွားရသည်။ နောက်ဆယ့်နှစ်နှစ်အကြာ နဝတလက်ထက်တွင်ဘာအကျိုးခံစားခွင့်မှမရပါဘဲ ဝန်ထမ်းလောကကိုကျွန်တော်စွန့်ခွာရသည်။ နောက်အမှတ်တရတခုမှာ ထိုနေ့ကမင်္ဂလာပွဲအပြီး အထိမ်းအမှတ်ဓါတ်ပုံတွေရိုက်ကြတော့ အလှဖန်တီးရှင်မမကိုခြေကန်မိခဲ့၍လားမသိ ကျွန်တော့်မှာ ဂျီးသူဌေးမီးသွေးငိုဆိုသလို နဂိုမရှိသည့်ကြားကနဂိုင်းဖြစ်၍နေလေ၏။ မရွှေတောက်နှင့်တွဲရိုက်သမျှမှာလည်း သူက နတ်ပင်ယိုးမှားဝိုးဝါးတွေးချွတ်ကိုယ်လုံးညွှတ်အောင်လှနေသမျှ ကျွန်တော်ကတော့မီးလောင်တဲ့တုံးငုတ်တိုမှာ ပုန်းစုတ်အိုစွတ်ထားသို့လေးဆိုသလို။ ဆရာမောင်မောင်ညှပ် (ဓါတ်ပုံ) လက်လျှော့ရသောရုပ်ဟု ထိုဓါတ်ပုံ အယ်လ်ဘန်ကို အကြောင်းအားလျော်စွာ ကြည့်ဖြစ်တိုင်းကျွန်တော်မှတ်ချက်ပြုဘူးသည်။ ဒါသည်လည်း သမိုင်းတခုဖြစ်ချေ၏။

သူများမင်္ဂလာဆောင်ကိုလာရင်း ကိုယ့်မင်္ဂလာဆောင်ကိုယ်ပြန်တွေးနေသည့်အဖြစ်မှနိူးထလာတော့ ဘိသိက်ဆရာကချီးမြှောက်၍ကောင်းဆဲမို့တော်ပါသေးရဲ့ဆိုရမည်။ ဂုဏ်သရေရှိလူကြီးဇနီးမောင်နှံတို့မှ မင်္ဂလာအောင်စံပါယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ်များဆင်မြန်းပေးခြင်း ပြီးတော့မင်္ဂလာအခန်းအနားအောင်မြင်ကြောင်းကြေငြာခြင်းကျေးဇူးတင်စကားပြောကြားခြင်းစသည့် ဗဟုသုတဖြစ်ဘွယ်များကို ကျွန်တော်ငေးမောနေမိ၏။ တစ်ဆက်တည်း စင်မြင့်တစ်ဘက်ရှိ အယ်စီဒီပိတ်ကားချပ်ပေါ်မှ မှတ်တမ်းဓါတ်ပုံများထံအကြည့်ရောက်သွားပြန်သည်။ ကျော်ကြားသောအထက်မြန်မာပြည်မြို့ကြီးများတွင် သွားရောက်ရိုက်ကူးထားကြသည့်အသွင်အမျိုးမျိုးဖြင့်သတိုးသားသတိုးသမီးစုံတွဲဓါတ်ပုံများဖြစ်ကြ၏။ ကျွန်တော်တို့ခေတ်နှင့်ခြားနားသည့်အလေ့တခု။ ပုဆိုးတန်းတင်အကြင်လင်မယားဘဝသို့မရောက်မီ သွားလာနေထိုင်ပျော်ပါးကြသည့်မှတ်တမ်းဖန်တီးချက်ကို ထိမ်းမြားမင်္ဂလာပွဲတစ်ခု၏အင်္ဂါရပ်တခုအဖြစ်ရှုမြင်လာကြသည်မှာ မည်မျှကြာခဲ့ပြီနည်း။ ယဉ်ကျေးမှုဟုဆိုလျှင်ရော ထိုယဉ်ကျေးမှုဘယ်ကလာ၍ဘယ်ကိုသွားကြမည်နည်း။ ကျွန်တော်စိတ်လှုပ်ရှားလက်စနှင့်သောင်စဉ်ရေမရတွေးနေမိလေသည်။ သည်လိုဆို အင်းယားလိပ်ရော ကျွန်တော်တို့ ခေတ်ကအတိုင်း ဘယ်ဟုတ်တော့လို့တုန်း။

စင်စစ် အင်းယားလိပ်ကြည့်ရတာ ကျွန်တော့်ထက်ပို၍အပြောင်းအလဲများကြုံခဲ့ရသလိုကြုံရသမျှကိုလည်း ကျွန်တော့်ထက်ပို၍တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိူင်စွမ်းရှိခဲ့မှာသေချာသည်။

No comments:

Post a Comment