Tuesday, December 23, 2014

ကျွန်တော်နှင့်ဒီဇင်္ဘာ


ကျွန်တော်ကနိူဝင်္ဘာမွေးဆိုတော့ ဒီဇင်္ဘာနှင့် နီးစပ်သည်။ ဒါကြောင့်လားမသိ ဥတုသုံးပါးထဲမှာ ကျွန်တော်က ဆောင်းဥတုကိုအနှစ်သက်ဆုံးဖြစ်နေသည်။ ဒီဇင်္ဘာမှာဆောင်း၏သရုပ်ကအပီပြင်ဆုံး မဟုတ်ပါလား။ နှင်းမြူတွေဝေ့ဝဲသည့် ချမ်းမြမြနံက်ခင်းတွေ ဒီဇင်္ဘာမှာကြုံရမြဲဖြစ်၏။

ငယ်စဉ်ကနေထိုင်ဖူးသောမြစ်ဝကျွန်းပေါ်မြို့ကလေး မှာဆို (မြစ်နားနီး၍ ထင်သည်) ဒီဇင်္ဘာမှာနှင်းတွေ ပိန်းပိတ်အောင်ကျတတ်၏။ ထိုအချိန်တွေကျောင်းတက်ရသည်မှာအလွန်ပျော်စရာကောင်းကြောင်းမှတ်မိနေသည်။  အမှန်ကကျောင်းသွားရသည်ကို ပျော်ခြင်းဖြစ်၏။ နှင်းမှုံတွေကြားတိုးဝင်သွားခိုက် ဘာရယ်မဟုတ်ထိုစဉ်ကကျော်ကြားသော တွံတေးသိန်းတန်၏ ဆောင်းနှင်းမြူနှင့်ကိုယ့်ချစ်သူသီချင်းကို အသံထွက်ညည်းမိသည်အထိ ဆောင်း၏ဖမ်းစားခြင်းကိုခံရတတ်လေသည်။ ကျောင်းစောစောသွားပြီး နှင်းမှုံကြားမှာကစားရတာပျော်စရာကောင်းသည့်တိုင် သူများကလေးတွေလိုမကစားဘဲ  ကျောင်းနောက်ဘက်ရေဆိပ်တံတားပေါ်မှ နှင်းခြုံလွှာထူထူထဲထဲ မြစ်ပြင်ထဲငေးရသည်မှာအလုပ်တခုဖြစ်၏။ သီချင်းထဲကနှင်းပွင့်ပန်းချီဆိုတာ ဒါပါလားဟု ကြည့်ရင်းကျွန်တော်ကျေနပ်နေ တတ်လေသည်။ ထိုအခါမျိုးဆို ကျောင်းတက်ခေါင်းလောင်းသံပင်နားဝင်မချိုချင်တော့။

အလယ်တန်းကျောင်းသားဘဝနှင့်ရန်ကုန်ပြန်ရောက်တော့ကျောင်းကနေ့ခင်းပိုင်းဖြစ်သဖြင့် နံက်ခင်းနှင်းမှုံကြားမှာ ကျောင်းတက်ရသည့်အပျော်ကိုမရနိုင်တော့။ သို့သော် နှင်းမှုံတွေကြားအလုပ်လုပ်ရသည်ကတော့ပျော်စရာပင်။ ကျွန်တော်ကကျောင်းမသွားခင်မနက်ပိုင်း သတင်းစာပို့ရသည်လေ။ ရန်ကုန်ကနယ်မှာလို နှင်း (မြူ) အကျမစိပ်မသိပ်သည်းတတ်ပေမယ့် ချမ်းမြသောဒီဇင်္ဘာဆောင်းသရုပ်တော့ ပီပီပြင်ပြင်ရှိတတ်မြဲ။ ခုတော့လည်း ရန်ကုန်ဆောင်းကနှင်းပျောက်တဲ့ဆောင်းဖြစ်နေသည်မှာကြာပြီပဲ။ ကြည့်မြင်တိုင် ဗားကရာလမ်းမှ ဟံသာဝတီလမ်းအထိ တလမ်းဝင်တလမ်းထွက်စက်ဘီးတစီးနှင့်သတင်းစာပို့ရသောအလုပ်မှာ အေးသောရာသီနှင့်အကိုက်ပင်ဖြစ်လေသည်။ ပြီးတော့ မြင်ကွင်းတွေကလည်း အခြားရာသီဥတုတွေနှင့်ခြားနားသည်။ မိုးနှင့်နွေမှာတွေ့ရခဲသော မိမိအိမ်ခြံဝင်း အိမ်ရှေ့ လူသွားလမ်းမပေါ် စိတ်လက်ပေါ့ပါးစွာထွက်၍ နေစာလှုံလိုကြသူတို့အတွက် ကျွန်တော်လိုသတင်းစာပို့သမားကမျှော်လင့်စောင့်စားအပ်သူ။ နှစ်ဦးနှစ်ဘက် ကြည်ဖြူလန်းဆန်းစေသည့် ဆောင်းနံက်ခင်းများကသာသာယာယာရှိစမြဲ။ နှင်းတွေထူထူထဲထဲကျသည့်အခါဆိုလျှင် စက်ဘီးနင်းတိုင်းမျက်နှာပေါ်နှင်းငွေ့လေးတွေထိတွေ့လာကြသည်မှာ ပစ္စက္ခကိုမေ့လောက်သည်အထိ ကြည်နူးစရာဖြစ်ခဲ့၏။ သည်တခါ နှင်းပွင့်ပန်းချီကမြို့ပြနောက်ခံဖြင့်ဆန်းသစ်စွာတမျိုးလှပနေပေသည်။

ဒါတွင်လားဆိုတော့မဟုတ်သေး။ ခေတ်ကာလက အရာရာကိုပြည်သူတံဆိပ်ကပ်ပြီးကျုံးသွင်းတတ်သည့်ခေတ်မို့ ဒီဇင်္ဘာမှာလည်းအလိုလိုနေရင်းပြည်သူ့အားကစားလဖြစ်သွားရလေရာ အရှင်မွေးနေ့ချင်းကြီးဆိုသလို အစိုးရဦးဆောင်သောလူထုလှုပ်ရှားမှုတွေ အခန်းအနားတွေဖြင့်ဝေဆာနေလေတော့၏။ ဗိုလ်ချုပ်ပြောသလိုကောက်ရိုးမီးတွေဖြစ်ကြသည်ကတစ်ကြောင်း၊ အုပ်ချုပ်မှုအလွဲများအကြားစားဝတ်နေရေး တစ်စစလျော့ပါးနိမ့်ကျလာသည်ကတကြောင်းတို့ကြောင့် နောက်ပိုင်းအဖျားရှူးသွားကြသည့်တိုင် စောစောပိုင်းကာလများ၌အတော်ပင်စည်ကားသိုက်မြိုက်ခဲ့၏။ ထိုကာလတွေကိုခလေးသာသာအရွယ်ဖြင့်ဖြတ်သန်းရသောကျွန်တော့်အတွက် ဒီဇင်္ဘာသည်အမှတ်ရစရာတွေချည့်။ ရေဒီယိုမှမရိုးနိူင်အောင်ကြားရသော အားကစားလလှုံ့ဆော်တေးသီချင်းတွေနှင့်အတူ ရပ်ကွက်အတွင်းရှိလမ်းတိုင်းလိုလို ရက်သတ္တပတ်အကြို နံနက်ခင်းလမ်းလျှောက်ပွဲတွေ ညခင်းအားကစားပြပွဲပြိုင်ပွဲတွေက အခြားလူမှုရေးဘာသာရေးပျော်ပွဲရွှင်ပွဲများနှင့်အပြိုင်ပင်စည်ကားကြသည်။ ဒီဇင်္ဘာကျောင်းပိတ်ရက်တွင်အာရုံ (Holiday Mood) ဝင်စားနေသော ကျွန်တော်တို့အပေါ်ဆွဲဆောင်အားလည်း ကောင်းခဲ့သည်။

ထိုကစားပွဲမျိုးမှ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတွေပေါ်ထွက်ခဲ့ဖူးသည်ကိုလည်းအမှတ်ရမိ၏။ အာရှချန်ပီယံမြန်မာဘော်လုံးအားကစား ဒေသတွင်းမှာမျက်နှာပန်းလှချိန်ဖြစ်သလို‘မြန်မာနိူင်ပြီ’သီချင်းရေပန်းစားချိန်ဖြစ်လေသည်။ တလောကဒေသတွင်းဘော်လုံး ပြိုင်ပွဲတစ်ခုမှာမြန်မာအသင်း ရှားရှားပါးပါး အနိူင်ရသဖြင့် ကျွန်တော်တို့နှင့်မရှေးမနှောင်းမျိုးဆက်တန်းဝင် ပြန်ကြားရေးဝန်ကြီးမှ‘မြန်မာနိုင်ပြီ’သီချင်းထုတ်လွှင့်ဘို့ မြန်မာ့အသံကိုညွှန်ကြားရာ ရုတ်တရက်ထိုသီချင်းရှာမရသောကြောင့် အခြားသီချင်းတစ်ပုဒ်အစားထိုးလွှင့်ထုတ်ခဲ့ရသည်ဟုကြားရ၏။ မဆီမဆိုင်ကျွန်တော်ဝမ်းနည်းသလိုခံစားမိခဲ့လေသည်။ အနိူင်ကိုဂုဏ်ယူခဲ့ဖူးသောမျိုးဆက်မှသည်အရှုံးနှင့်ယဉ်ပါးသောမျိုးဆက်သို့လိုလိုလားလားရောက်ရှိခဲ့ခြင်းမဟုတ်သည်မှာသေချာသည်။ ထိုမှ နိူင်မှန်းရှုံးမှန်းပင်မသိသောမျိုးဆက်သို့ရောက်ရဦးမည်ဆိုလျှင်တော့ ကျွန်တော်တို့သမိုင်းရိုင်းပြီသာမှတ်။ ပြောသာပြောရသည် ကျွန်တော့်မှာလည်းထိုမျိုးဆက်ဝင်တွေကအပြိုင်းအရိုင်း။ ထားတော့။

တက္ကသိုလ်ရောက်တော့ ဒီဇင်္ဘာကပို၍လှလာသည်ထင်ရသလို ပျော်ရွင်ခြင်းအပြင်ကြည်နူးခြင်းတွေပါ သိမ်းရုံးပေါင်းစုရတုသစ်ပမာတင်စားလောက်ပါ၏။ ကျွန်တော်တို့ကျောင်းမှာအထင်ကရ စွယ်တော်ပင်တို့၏ နှစ်လွှာဆိုင်ရွက်ချပ်ကလေးများ ဆောင်းအခါနှင်းရည်လူးကြလေတိုင်း နှစ်ကိုယ်ထွေးရန်အရေးကြုံပြီ ဆိုသော မေလှမြိုင်၏ ‘ဆောင်းအမီ’သီချင်းကိုသတိရမိတတ်လေသည်။ ထိုအချိန်၌ ‘ဆောင်းနှင်းမြူနှင့်ကိုယ့်ချစ်သူ’ အားခံစားချက်နှင့်သီဆိုတတ်ပြီဖြစ်သလို ခင်မောင်ကြီး၏‘တက္ကသိုလ်မှာဝေတဲ့နှင်း'ကိုလည်း နှစ်သက်တတ်ပြီ။ ကျောင်းသားဘဝဒီဇင်္ဘာခြောက်ကြိမ်ဖြတ်သန်းရသည့်အနက်တခုသောဒီဇင်္ဘာကိုမူ နှင်းမြူမကူပါဘဲအမှတ်ရစရာဖြစ်ခဲ့ရ၏။ ဦးသန့်ဈာပနအရေးအခင်းသည် ၁၉၈၈မတိုင်မီ အာဏာသိမ်းစစ်အစိုးရကို စိမ်ခေါ်ခဲ့သော ကျောင်းသားလှုပ်ရှားမှုများအနက်အပြင်းထန်ဆုံးဖြစ်ပြီး ၁၉၇၄ ခုဒီဇင်္ဘာလအတွင်းဖြစ်ပေါ်ခဲ့သည်။ ကျွန်တော်ပန်းတနော်လမ်းသားနှင့်ထီးတန်းသားတို့သုံးဦးထိုအရေးအခင်းမှာလက်တိုလက်တောင်း ပါဝင်ခဲ့ကြသည်။ ဈာပနအတွက်ကျောင်းသားများတောင်းဆိုသောနှစ်နေရာအနက်မှ တစ်နေရာ (ရွှေတိဂုံ ဘုရားတောင်ဘက်မုခ် လက်ရှိဗိမ္မာန်တည်ရှိရာ)ကိုခွင့်ပြုကြောင်း အစိုးရမှအကြောင်းကြားပါလျက် သမဂ္ဂဝင်းအတွင်း၌သာမြှုပ်နှံကြဘို့ဦးစီးဦးဆောင်လုပ်သူတွေကဆုံးဖြတ်ကြသည့်နေ့မှာ ကျွန်တော်တို့အိမ်ပြန်လာခဲ့ကြ၏။ ပန်းတနော်လမ်းသားကနောက်ရက်မှာကျောင်းတွင်းသို့ပြန်ဝင်၍ ဆက်လက်လှုပ်ရှားသည်။ အစိုးရက တပ်အင်အားဖြင့်ဝင်ရောက်ဖြိုခွဲရာ၌အဖမ်းခံရသူများထဲမှာသူပါဝင်ခဲ့လေသည်။

မကြာသေးမီက ဦးသန့်ဂူဗိမ္မာန်ပုံစံသစ်ဖြင့်ပြန်လည်တည်ဆောက်ရေးကိုဆန္ဒပြကျောင်းသားဟောင်းများ သဘောမတူဆိုသည့်သတင်းတစ်ခုထွက်ပေါ်လာရာ မီဒီယာရှေ့တွေ့ရသူမှာမျက်နှာသိတွေထဲကဖြစ်သဖြင့် ပန်းတနော်လမ်းသားကိုလှမ်းမေးရ၏။ သူက ‘ဦးသန့်အရေးအခင်းအထိဒီပုဂ္ဂိုလ် တက္ကသိုလ်မရောက်သေးတာတော့ငါသိတယ်’ ဟုသာထိမ်းထိမ်းသိမ်းသိမ်းဖြေသည်။ “ဒါဆိုမင်းတခုခုပြောသင့်တယ်လို့ မထင်ဘူးလား”ဟု ဆန်းသစ်တိုးတက်နေသောမီဒီယာတွေအားကိုးနှင့် ကျွန်တော်အားမလိုအားမရပြောသောအခါ မထုံတက်တေးလေသံဖြင့် စကားလက်စသတ်ဖို့သူကြိုးစားခဲ့လေသည်။ ‘ချေးခြောက်ရေနှူးဒါတွေမပြောချင်ပါဘူးကွာ၊ ပြောလို့လဲ ဒီလိုလူတွေကန့်လန့်ကာနောက်ပြန်ဝင်မှာမှ မဟုတ်တာ’။ သူ့ဥပစာကြောင့် ကျွန်တော်ကျွဲမြီးတိုပြီး လေသံပြင်းပြင်းခွန်းတုံ့ပြန်မိသည်အထိဖြစ်ခဲ့ရ၏။ “ချေးခြောက်မဟုတ်ဘူးသမိုင်းကွသမိုင်း၊ မင်းနဲ့မင်းခေတ်ရဲ့သမိုင်းအတွက် တခုခုပြောသင့်တယ်လို့မင်းမထင်ဘူးလား”။ အနည်းငယ်လေသံပြောင်းလာသည်မှအပ ကျွန်တော့်စကားကို ဟိုတုံးကလိုပင်စာရင်းထဲထည့်သင့်သည်ဟုသူမှတ်ယူပုံမရ။ ‘ကြီးကြီးကျယ်ကျယ်တွေပြောမနေပါနဲ့ကွာ၊ လူတယောက်စာတကြောင်းနဲ့သမိုင်းမဖြစ်သလို မျက်နှာပြောင်တိုက်တိုင်းလဲသမိုင်းမဟုတ်ပါဘူး’ ဆိုကာအကြောင်းတစ်ခုပြပြီးဖုန်းချသွားခဲ့လေသည်။ သူ့စကားမှာထောက်ပြစရာတွေရှိနေပေမင့် ကျွန်တော်သူ့ကိုထပ်မဆက်တော့။ မျက်နှာပြောင်တိုက်တိုင်းသမိုင်းမဖြစ်သော်လည်း မျက်နှာပြောင်တိုက်တတ်သူတွေပွဲမလှန့်နိူင်အောင်သမိုင်းသတိရှိစေဘို့ လူတစ်ယောက်စာတစ်ကြောင်းက အထောက်အကူပြုနိူင်သည်ဆိုသည်ကို သူနှင့်မျက်နှာချင်းဆိုင်တွေ့လျှင် ဆွေးနွေး(ငြင်းခုံ)ဖို့သာ ကျွန်တော်စာရင်းတို့ထားလိုက်ဖြစ်၏။

နောက်ပိုင်းဒီဇင်္ဘာတွေမှာတော့စိတ်ကူးမယဉ်သာလောက်အောင် လက်တွေ့ဘဝတွေမှာလှုပ်ရှားရုန်းကန်နေခဲ့ရ၏။ သို့တိုင်အောင် ဒေါသမူစိတ်စေတသိတ်တွေအကြားတစ်နှစ်တာမလူးသာမလွန့်သာဖြစ်ရသမျှ ဒီဇင်္ဘာရောက်လျှင် အနွမ်းတွေအပန်းတွေအတန်ပြေသလိုခံစားရသည်ကိုတော့သတိပြုမိဆဲ။ ဘုရားသွားကျောင်းတက်သည်ချင်းအတူတူ ဒီဇင်္ဘာမှာပို၍စိတ်စက်ကြည်လင်ကာတရားထူးတရားမြတ်ရသလို အတွေးဝင်တတ်ခြင်းများရှိနေဆဲ။ ကျွန်တော်၏အစွဲကြောင့်သာဖြစ်မည်။ သို့မဟုတ် နှစ်သစ်တစ်ခုသို့ ဝင်ရောက်ရန်ပြင်ဆင်ရသောလမို့ မျှော်လင့်ချက်အသစ်အသစ်တွေဖြစ်တည်နိူင်သောကြောင့်ပေလား ကျွန်တော်တွေးမိသည်။ သည်သဘောကိုတော့ ကျွန်တော်ရောက်ဖူးရာနိူင်ငံဒေသအချို့မှာလည်းဂရုပြုမိသည်။ သူတို့ဆီမှာ နာတာလူးပွဲတော်ကာလလည်းဖြစ်သည်မို့ စီးပွားပညာရှာရန်အလို့ငှါခွဲခွာနေကြရသော မိသားစုတွေပြန်လည်ဆုံစည်းကြ နှစ်သစ်ကိုအတူကြိုကြသည့်အပျော်အပြုံးတွေအလျှံပယ်မြင်တွေ့ကြားနာ မုဒိတာပွားဘွယ်ရာ ဖြစ်လေသည်။ ခရစ်စမတ်နေ့တရားဝင်ရုံးမပိတ်သည့်နိုင်ငံမျိုးမှာပင် ထိုအပျော်တွေမြင်သာရာ ဒီဇင်္ဘာသည် ကမ္ဘာကိုအပျာ်ကူးစေသောလပေလားဟုကျွန်တော်တွေးမိ၏။ ‘ကျုပ်တို့ဆီမှာ ခရစ်စမတ်ကို အပူချိန် ၄၀ စင်တီဂရိတ်မှာကျင်းပကြတာဗျ’ ဆိုသော ကမ္ဘာ့တောင်ဘက်ခြမ်းနိူင်ငံသားတဦး၏ စကားကိုကြားရသည်၌ ခရစ်စမတ်ဘိုးဘိုးကြီး (Santa Claus) နှင့် ဆီးနှင်းထုတွဲမြင်နေကျကျွန်တော် သတိမမူ၍ ဂူမမြင်ခဲ့သမျှအာရုံထွေပြားရသည့်တိုင် မယုတ်လျှော့သောသူ့အပျော်ကိုအသိအမှတ်ပြုမိပြန်၏။ တဆက်တည်း ဒီဇင်္ဘာကိုဆောင်းနှင့်ယှဉ်တွဲစွဲမက်ခဲ့ဘူးသည့် စွဲမက်နေဆဲလည်းဖြစ်သည့်ကျွန်တော့်ကိုယ်ကျွန်တော် ဒီဇင်္ဘာတိုင်းဆောင်း မဟုတ်ဟု အနူသာသနဆုံးမခြင်းပြုရသည်။ ဒီနိူင်ငံမှာရာသီဥတုနှစ်မျိုးရှိတယ် မိုးရွာတာနဲ့မိုးမရွာတာဟု သူတို့ဆီကလူရွှင်တော်တွေပြက်ဘူးသောစင်္ကာပူတွင် ထိုအဆုန်းအမဖြင့်ဒီဇင်္ဘာတွေကို ကျွန်တော်ကျော်ဖြတ်နိူင်ခဲ့လေသည်။

ဒီဇင်္ဘာသည် ကျွန်တော့်ဘဝမှာအရေးပါသောကာလတခုလည်းဖြစ်ခဲ့ဘူးသည်။ ကျွန်တော်အိမ်ယာတည်ထောင်ခဲ့သည်မှာဒီဇင်္ဘာလဖြစ်၏။ ကိစ္စများမြောင်လူတို့ဘောင်ဝယ် အိမ်ထောင်သက်မွေးခြနှယ်မြေးသားဆိုသလို အိမ်ထောင်တခု၏တာဝန်ကိုထမ်းရင်းမျိုးဆက်သစ်တွေတိုးတက်ရစ်စေဘို့ ရုန်းကန်လှုပ်ရှားနေရသည်နှင့် ဒီဇင်္ဘာကိုတစ်ခုတ်တစ်ရအမှတ်မထားဖြစ်သည်မှာကြာတောင့်ကြာပြီ။ သားသမီးတွေ အရွယ်ရောက်ကာ သူတို့ဘဝသူတို့ထောက်မနိူင်သည်အထိပြည်တွင်းရောပြည်ပကရေကြည်ရာမျက်နူရာတွေမှာ မာနကိုမြေအယောင်ဝိရိယကိုမြင့်မိုရ်တောင်ပမာအားထုတ်ကျင့်ကြံပျိုးထောင်၍မှ လက်စမသတ်သေး (ဘယ်တော့မှလဲလက်စသတ်လိမ့်မည်မထင်)လူကတစစ်စအိုပယ် (အို၍အပယ်ခံရခြင်း) ဖြစ်လာနေပြီ။ သည်တော့မှပင် ဒီဇင်္ဘာပေါင်းများစွာကျွန်တော့်ဘဝထဲမှ ဖယ်ခွာသွားကြပြီးဖြစ်သည်ကိုသတိပြုမိရ၏။ ကျွန်တော့်ဘဝထဲမှာ နောက်ထပ်ဘယ်နှစ်ဒီဇင်္ဘာလောက်ကျန်နိူင်တော့မည်ကို စိတ်တွက်တွက်သည့်အလုပ်ကိုလည်းလုပ်ဖြစ်လေသည်။ သင်္ချာသဘောအရကိန်းဂဏန်းတွေကိုခိုင်မြဲသည်(ကိန်းသေ)ဟုသတ်မှတ်ကြသော်လည်း ကျွန်တော့်ဒီဇင်္ဘာလက်ကျန်ကိန်းဂဏန်းတွေ ဘယ်လိုမှမခိုင်မြဲနိူင်သည်ကို သိပါလျက် ကျွန်တော်ရေတွက်နေမိ၏။

သို့ပါလျက် ဆယ်စုနှစ်အတွင်းပထမဆုံးပြန်ဆုံခွင့်ရသောအခါ ဒီဇင်္ဘာသည်အေးမြခြင်းကင်းနေသလိုပင်။ ဆောင်းမရှိသောအရပ်မှာအနေကြာနေခဲ့သော ကျွန်တော်ဆောင်းမပီသောဒီဇင်္ဘာကိုဘယ်လိုနားလည်ရပါ့။ ပြီးတော့ ဆောင်းချစ်သူပြီပြီကျွန်တော်မွတ်သိပ်သောဆောင်းဖွဲ့ဆောင်းနောက်ခံ တေးချင်းအနူပညာတွေ မျိုးဆက်သစ်မှာပါးလျားလာခြင်း။ ဒါကတော့ ဆောင်းမှမဟုတ်။ အရေပြားတထောက်စာအလှအပနှင့် ဖေါဌဗ္ဖာရုံကိုသာအသားပေးအနူစိတ်ချယ်မှုံးလိုသောယဉ်ကျေးမှုတစ်ရပ် ထိုးဖေါက်ဝင်ရောက်လာသည်၏နောက်မှာ ဆောင်းနွေမိုးသုံးပါးလုံး၏အလှတွေအပယ်ခံပီဘိဖြစ်နေသည်မှာမသင့်တော်သလို ကျွန်တော်ခံစားရ၏။ သဘာဝအလှကို အလေးထားခံစားတတ်မှုချို့တဲ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်တွေယိုယွင်းလာမှု မည်သို့မည်ပုံဆက်စပ်သည်ကိုလည်းကျွန်တော်ပြောမပြတတ်။ သို့သော် ရင်ထဲတော့မကောင်း။

လွန်ခဲ့သောတစ်ပတ်က သားအငယ်ကောင်တယ်လီဖုန်းဆက်လာ၏။ ကျောင်းဆင်းပြီး လုပ်ငန်းခွင်ဝင်ကာစမှာ တာဝန်ကလည်းကျေချင် သင်စရာမှတ်စရာလေ့လာစရာတွေကလည်းများ သည်ကြားထဲကလေးတယောက်လို ဝေယျာဝစ္စဆောင်ရွက်ပေးနေကျမအေကလည်း အနားမှာမရှိသည်မို့ (မရွှေတောက်က ကျွန်တော့်ဒီဇင်္ဘာကိုပြည့်စုံစေချင်လို့လားမသိ အကြောင်းမရှိအကြောင်းရှာလိုက်လာသဖြင့် ယ္ခုတော့ကျွန်တော့်အနားမှာ ရှိနေပြန်သည်) သားထံက ဖုန်းဆက်သည်ဆိုခြင်းမှာကျွန်တော်တို့အတွက် မျှော်လင့်သော်လည်း အတန်ငယ်ထူးခြားသည်တော့အမှန်။ စကားထွေထွေထူးထူးပြောလေ့မရှိသူက အလုပ်တွေများနေ၍ဖုန်းဆက်ဘို့မေ့နေကြောင်းတောင်းပန်စကားလိုလိုပြောနေပြန်ရာ ပို၍စိတ်ဝင်စားစရာဖြစ်လာသည်။ သူ့အဖေ ကျွန်တော်ကလည်း စာကိုသာဖွဲ့နွဲ့ရေးချင်ရေး စကားမှာလေးလုံးတစ်ပါဒပြည့်အောင်စိတ်မရှည်တတ်သူပြီပြီ “မင်းဘာပြောချင်လို့လဲဟု” သာမေးချလိုက်လေ၏။ လေဒီတောက်ခေါ်မရွှေတောက်ကတော့ သူ့သားကိုဒီလိုပြောရပါ့ဟုနံဘေးကနေမျက်စောင်းတစ်ချီချီ။

‘မနေ့က ဖေဖေနဲ့မေမေတို့နှစ်သုံးဆယ်ပြည့်တဲ့နေ့လေ’ ဟု ကိုလူပျိုရှက်ကိုးရှက်ကန်းနှင့် ပြောသံကြားမှ အမှန်ပင်ကျွန်တော်သတိရလိုက်၏။ သူပြောသည့်နေ့ (မတိုင်မီတရက်နေ့) က ကျွန်တော်တို့ သူ့အဖေနှင့်အမေ အိမ်ထောင်သက်သုံးဆယ့်တစ်နှစ်ပြည့်သည့်နေ့။ လူရေးလူရာအဖြာဖြာတွေကြားမှာ ဒါတွေမေ့လျော့ သည်ကို အပစ်လိုကျွန်တော်မမြင်။ ကိုယ့်ကိုကိုယ်ပင်အပစ်မမြင်မှတော့သားသမီးဆိုသည်ဝေလာဝေး။ “ဒါလေးများကွာ” ဟုစေတနာနှင့်မတန်သောစကားကိုကျွန်တော်ပြောလိုက်ပြန်သည်။ “နှစ်သုံးဆယ်မဟုတ်ဘူးသားရဲ့၊ သုံးဆယ့်တစ်နှစ်”။ ကျွန်တော်သားသမီးတွေနှင့်စကားပြောလျှင်တယ်လီဖုန်းစပီကာကို ဖွင့်ထားလေ့ရှိရာ ဘေးမှနားထောင်နေသော သူ့အမေက ဒီအဖေနှင့်တော့မဖြစ်ချေဘူးဟူသောလေသံနှင့် စကားရောဖေါသောဝင်လုပ်ရင်း ပြင်ဆင်ချက်ပါတစ်ပါတည်းထုတ်လွှင့်လေ၏။ သတင်းစာတွေဘာတွေထဲမထည့်ကြဘူးလားဆိုသောသား၏အမေးကိုတော့ (အချို့အချို့တွေလိုအဖေအမေအတွက်သားသမီးတွေကဆုတောင်းပေးသည်မျိုးကိုဆိုလိုတာလားမသိ)မထည့်ဖြစ်ပါဘူးသားရယ်ဟုသာသူဖြေလေသည်။ ဟိုးအရင်ကျောင်းသားဘဝအိမ်ထောင်မကျခင်ကာလတုန်းကဖတ်မိသလိုနီးစပ်သူတွေကိုလည်းဖေါက်သည်ချခဲ့ဘူးသော ကာတွန်း တစ်ပုဒ်ကိုကျွန်တော်အမှတ်ရလိုက်မိသဖြင့် အပျာ်လိုလိုအပြက်လိုလိုမရွှေတောက်ကြားသာအောင် သားကို ပြောဖြစ်ခဲ့၏။

“ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ကြတာသုံးဆယ့်တစ်နှစ်ကြီးများတောင်ရှိသွားပြီလို့ လူတကာသိအောင်အဖေမကြေငြာ ပါရစေနဲ့ငါ့သားရယ်၊ မင်းတို့လည်းမလုပ်ကြပါနဲ့။”

သည်အဖေအကြောင်းကောင်းကောင်းသိသောသားအမိနှစ်ယောက်စလုံးပင် စိတ်လိုလက်ရရယ်ခဲ့ကြ၏။ မိသားစုအပျော်ဆိုသည်မှာဒါမျိုးထင်သည်။ သည်ဒီဇင်္ဘာမှာကျွန်တော်ကတော့ ဘဝဆိုတာဒုက္ခတွေကို တန်းဆာဆင်ခြင်းတရပ်လေလားဟု အဘိဓမ္မာဆန်ဆန်တွေးနေဖြစ်လေသည်။

No comments:

Post a Comment