ကျွန်တော်သုံးလေးနှစ်အရွယ် ပန်းတနော်ဘက်က ရွာလေးတစ်ရွာ မှာနေစဉ်ကအိမ်နှင့်မလှမ်းမကမ်း ညောင်ပင်ကြီးမှညညဆိုတောက်တဲ့အော်သံတွေကြားရကြောင်းမှတ်မိနေ၏ (မြင်ဖူးခဲ့သည်ဟုတော့မထင်)။ ကလေးသဘာဝစူးစမ်းလိုစိတ်ဖြင့် ခုအော်နေတာဘာကောင်လဲဟုမေးမိရာမှတောက်တဲ့မှန်းသိခဲ့ရခြင်းဖြစ်မည်။ မွေးရာပါ စပ်စုတတ်သောညဉ်ကြောင့် နောက်ဆက်တွဲမေးခွန်းတွေ မေးခဲ့မည်မှာ သေချာသော်လည်း ဘယ်သူ့ကိုဘယ်လိုခေါင်းခြောက်အောင်ဘာတွေမေးခဲ့သည်ကို စဉ်းစားမရတော့။ တောက်တဲ့ဆိုသည့်သတ္တဝါလူကိုကပ်လျှင်ခွာချ၍မရပဲမိုးခြိမ်းမှသူ့အလိုလိုကွာကျသည် ဆိုသောစကားကိုတော့ယခုတိုင်မမေ့။ သည်ကြားထဲ အခါလည်သားကျွန်တော့်ညီ ညဘက်တခါတရံငိုသည့်အချိန် ညောင်ပင်မှတောက်တဲ့အော်သည်နှင့်ကြုံလျှင် လူကြီးတွေက သူတို့ခေါ်တိုင်းဟိုကလာတော့မည့်စတိုင်နှင့် တောက်တဲ့ကိုအသံထွက်ခေါ်ကာတိုင်တောပြီး ကလေးအငိုတိတ်အာင်ခြောက်လှန့်တတ်ကြသေး၏။ မှတ်မိသလောက် ထိုအခါမျိုးတွင် ကလေး (ကျွန်တော့ညီ) ကလည်းအငိုရပ်သွားတတ်၏။ အငိုရပ်သည်မှာတောက်တဲ့ကြောင့်ဟုတ်မဟုတ်၊ တောက်တဲ့ကိုကျွန်တော့်ညီတကယ်ကြောက်မကြောက် ကျွန်တော်မသိ မေးလည်းမမေးဖြစ်ခဲ့။ သို့ရာတွင် ကျွန်တော်ကတော့ တောက်တဲ့ကိုအသေအလဲကြောက်သွားခဲ့သည်မှာ ယ္ခုထက်တိုင်ဖြစ်လေသည်။
သာမန်အားဖြင့်အန္တရာယ်မရှိသည့်ပတ်ဝန်းကျင်၊ အသုံးအဆောင်၊ အကောင်ဘလောင်စသည်တို့ကို မည်မည်ရရမရ အကြောင်းမပြနိုင်ပါဘဲကြောက်ရွံ့နေခြင်းသည်စိတ်ရောဂါတစ်မျိုးဖြစ်ကြောင်း ကြာဖူးသည်။ ထိုပုထုဇန္နောဥမတ္တကောတွေထဲမှာ ကိုယ့်ထက်ဆိုးသည်ဟုယူဆနိုင်သူများအကြောင်း (ဥပမာ ပုရွက်ဆိပ်ကြောက်တတ်သူ) ကြားရသောအခါတော်သေးတာပေါ့ဟုတွေးမိသော်လည်း ဘာမှမဟုတ်သည့်တောက်တဲ့လို တိရစ္ဆာန်ကိုမှ အူတုန်သည်းတုန်ကြောက်ရသည်ဟုကိုယ့်ကိုကိုယ်သိပ်မကျေနပ်ချင်။ အန္တရာယ်ပြုနိုင်သောတိရစ္ဆာန် ကျားခြင်္သေ့စသည်တို့ကိုကြောက်တာမျိုးနှင့်လည်းမတူ။ ထိုသားရဲတိရစ္ဆာန်တွေကို အန္တရာယ်ကင်းလောက်သောအစီအမံရှိလျှင် လှောင်အိမ်ထဲထည့်ထားလျှင် ကြောက်စိတ်မဝင်တော့။ ဆိုပါစို့ တိရစ္ဆာန်ရုံထဲမှာ လှောင်အိမ်အပြင်ဘက်မှနေ၍ဒင်းတို့မျက်နှာကို စေ့စေ့ကြည့်ရုံမကစိမ်ပြေနပြေလည်းကြည့်နိုင်သည်။ တောက်တဲ့ကျတော့သည်လိုမဟုတ်။ အသံကြားရုံနှင့်ကျောချမ်းသည်။ ဓါတ်ပုံမြင်လျှင် ကြက်သီးထသည်။ အရှင်လတ်လတ်မြင်လျှင် စိမ်ပြေနပြေကြည့်ဘို့နေနေသာသာ စေ့စေ့ပင်မကြည့်ရဲ။ အူတွေအသည်းတွေပြောင်းပြန်လန်သလိုခံစားရသည်။ ကျောင်းသားဘဝကပုသိမ်ဘက်သို့အလည်သွားစဉ် တည်းခိုသည့်သူငယ်ချင်းအိမ်ထင်းစင်ထဲမှာ တောက်တဲ့တစ်ကောင်မွေးထားသည်ကို အိမ်သာဘက်သွားရင်းမြင်ဖူးသောကြောင့် ထိုခံစားချက်အားပြောပြနိုင်ခြင်းဖြစ်၏။ ထိုစဉ်က တောက်တဲ့ကြောက်တတ်ကြောင်းပြောရမှာ ရှက်သဖြင့် နှစ်ရက်တာတည်းခိုစဉ်အတွင်း အိမ်သာကိုအတတ်နိုင်ဆုံးရှောင်နေခဲ့ရာ ဆီးချုပ်ဝမ်းချုပ်သည် အထိဖြစ်ရသည်။ တက္ကသိုလ်ရောက်နေပြီမို့ငယ်တော့သည့်အရွယ်မဟုတ်လေရာ မနူးမနပ်ကလေးကြောက်ကြောက်ခြင်းတော့ မဟုတ်တန်ရာ။ ကံအားလျော်စွာ ထိုနောက်ပိုင်းတောက်တဲ့တစ်ကောင်တစ်လေနှင့် မရှောင်သာလမ်းမြှောင်ကြားမှာ နောက်ထပ်မဆုံတော့သည့်အတွက် ကျွန်တော်၏နောက်ဆုံးပေါ်တောက်တဲ့အကြောက် ဒီကရီနှင့်သရုပ်သကန်ကိုထုတ်ပြန်ဖေါ်ပြနိုင်ခြင်းမရှိ။ သို့သော် ကြောက်မြဲကြောက်ဆဲသာဖြစ်လေသည်။
စင်စစ် ကျွန်တော့်ငယ်စဉ်ဘဝသည် မြို့ပြထက် ကျေးလက်တွင်အများအားဖြင့်ကုန်လွန်ခဲ့သည်မို့ ကျေးလက်နှင့် မစိမ်းသလို ကျေးလက်တိရစ္ဆာန်တွေနှင့်ပါစိမ်းလှသည်တော့မဟုတ်။ မြစ်ဝကျွန်းပေါ်ဘက်မှာနေစဉ် ဝါဆိုဝါခေါင်အိမ်အောက်ကိုရေရောက်သည်နှင့် အပျော်ငါးမျှားဖို့တီကောင်ရှာဘူးသည်။ တီကောင်ရှာရင်း ပုဇွန်လုံးဖမ်းဘူးသည်။ ငါးရှဉ့်မြင်လျှင်တွင်းထဲအထိလိုက်နှိုက်ဘူးသည်။ ဖါးတွေ့လျှင်ရိုက်ဘူးသည်။ ဖါးပြုပ်တွေ ဖါးဂုံညှင်းတွေ အိမ်ထဲတွေ့လျှင် သူတို့ကြောင့်မြွေလာမည်စိုး၍ ဖမ်းပြီးအိမ်ပြင်ထုတ်ဖူးသည်။ မြွေဝင်လာလျှင်ခြောက်ထုတ်ဖူးသည် (မြွေကိုမရိုက်ရမသတ်ရဟုလူကြီးတွေကမှာထား၏)။ ပုရစ်ကောက်ဖူးသည်။ ကြွက် ဗျိုင်း ထောင်ဖူးသည်။ ကလေးဘဝနေရာတစ်ကာစူးစမ်းလွန်းသဖြင့် အဆိပ်ရှိအဆိပ်မဲ့သတ္တဝါတွေနှင့် ထိခိုက်ခါအနာတရဖြစ်ရသည်မှာလည်းအမော။ တစ်ခါတစ်လေ မသေကောင်းမပျောက်ကောင်းအဆင့်သို့ပင်ရောက်သည်။ ပုရွက်ဆိပ်ခါချဉ်အကိုက် မျှော့ကျွတ် အတွယ်ခံရသည်မှာ မရေမတွက်နိုင်။ ပျားပိတုန်းဘောက်ဖတ် အတုတ်ခံရဖူးသည်။ နွားကန်ခံရဖူးသည်။ ပင့်ကူရှပ်ခံရဖူးသည်။ ခွေးကိုက်ခံရဖူးသည်။ ကြောင်ကုတ်ခံရဖူးသည်။ ကင်းခြေများကင်းမြီးကောက် မီးလောင်ပိုးအထိုးခံရဖူးသည်။ ရှားရှားပါးပါး (ထူးထူးဆန်းဆန်း) ကြွက်ပင်အကိုက်ခံရဖူးသည်။ ကြွက်ကိုက်ခံရစဉ်ကဆို ကလေးပင်မဟုတ်တော့၊ ကြီးကောင်ကြီးမား။ ပြည်တွင်းမှာလည်းမဟုတ်၊ ပြည်ပဘန်ကောက်မှာ)။ ဆိုလိုသည်မှာ ကျွန်တော်သည် ထွေလီကာလီအကောင်ဘလောင်တွေနှင့် အတော်အတန်ပတ်သက်ခဲ့ဖူးပြီး (သူတို့ကြောင့်အနာတရ ဖြစ်ရဖူးသည့်တိုင်) ကြောက်ရွံ့သွားခြင်းမျိုးမရှိပါပဲ တစ်ခါမျှမပတ်သက်ခဲ့ဖူးသောတောက်တဲ့ကိုမှကြောက်တတ်ခြင်းမှာ သဘာဝမကျဟူ၍ဖြစ်ပါသည်။ သို့သော် ကျွန်တော်ကရောဘာများတတ်နိုင်ပါဦးမည်နည်း။
တောက်တဲ့သာကြောက်သည် သူနှင့်အမျိုးတူပုတ်သင်ညိုကိုတော့ကျွန်တော်မကြောက်။ ငယ်ငယ်က ပုတ်သင်ညိုတွေ့လျှင်ကစားဖေါ်တွေနှင့်အတူ “ပုတ်သင်ညိုအပျိုလိုချင်ခေါင်းညှိတ်” ဖို့အော်ရသည်မှာ အမော။ သူ့သဘာဝနှင့်သူခေါင်းညှိတ်သည်ကိုပင် ကျွန်တော်တို့အော်၍ညှိတ်သလိုမျိုး ထင်ကာပျော်ကြ သည်။ နောင် မဟော်သဓာဇာတ်တော်ထဲမှ ဝိဒေဟရာဇ်မင်းနှင့်ပုတ်သင်ညိုတို့၏ ဇာတ်လမ်းနှင့် ဂဏန်း ပုတ်သင် ကိုင်းပင် လိပ်မျိုး အစရှိသည့် သိင်္ဂါလောဝါဒလာအနာယကဂုဏ်တွေကိုဖတ်ရှုလေ့လာရသည့်အခါ၊ မိမိပတ်ဝန်းကျင်မှ ပုတ်သင်ညိုလိုရမ်းသန်းခေါင်းညှိတ်တတ်သူတွေကိုဝေဖန် သုံးသပ်လာနိုင်သောအခါ ရှေးကပညာရှိကြီးများ၏ လောကအမြင်စူးရှပုံကို ကြည်ညိုမိရပြန်လေသည်။ ပုတ်သင်ညိုလို မကြာမကြာတွေ့တတ်သောအခြားသတ္တဝါတစ်မျိုးကကင်းလိပ်ရှောဖြစ်၏။ သင်းကို တောက်တဲ့လောက်မကြောက်သည့်တိုင် နည်းနည်းတော့ ခေတ်စကားနှင့်ပြောရလျှင်ဖြုံသည်။ ကိုက်လျှင်သေတတ်သည်ဟုကြားဖူးသောကြောင့်ဖြစ်၏။ သို့သော် ကင်းလိပ်ရှောတွေ့လျှင်အသက်အောင့်ပြီး တံတွေးသုံးချက်မြိုလိုက်ပါက အကိုက်မခံရတော့ဟု ကလေးချင်းပြောစကားကိုယုံကြည်လိုက်နာလိုက်သောအခါ ကြောက်စိတ်ဟူ၍မရှိတော့။ ပြန်စဉ်းစားကြည့်လျှင်ရယ်ချင်စရာဖြစ်သလို စိတ်ဝင်စရာလည်းကောင်းသည်(ဟုထင်သည်)။ ကိုယ့်တံတွေးကိုယ် အသက်အောင့်ပြီးမြိုချလိုက်ရုံနှင့် အကောင်တစ်ကောင်မကိုက်နိုင်ဟုဆိုခြင်းမှာ အဓိပ္ပါယ်မဲ့လှသော်လည်း မလိမ်မိုးမလိမ်မာကလေးတစ်ဦးအတွက် စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်ခဲ့သည်ကို ကိုယ်တိုင်ကြုံခဲ့ဘူးသောကြောင့်ပင်။ ထိုသဘောကိုဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုတစ်ပုဒ်ထဲမှာလည်းဖတ်ရဖူးသည်။ ထိုမှာကတော့ အသက်အရွယ်ပင်ကြီးသော်ငြား စာပေမတတ်သည့် တောသူတောင်သားတစ်ဦး၏ လွဲမှား (သည်ဟုဆိုနိုင်) သောယုံကြည်မှုတစ်ခု။ ကာလဒေသမကြည့်ဘဲထိုယုံကြည်မှုမှားယွင်းကြောင်း ပညာပေးလိုသူ ခေတ်ပညာတတ်လူငယ် ဦးဖိုးကျားကို ဆင်ခြင်တုံတရားနှင့်ပြည့်ဝသောလူကြီးတစ်ဦးက တန်ပြန်ပညာပေးလိုက်သည့်ဖြစ်ရပ်။ ဒါက ကျွန်တော်တို့ မမွေးခင်ကကိစ္စ။ မနေ့တစ်နေ့ကအထိမြွေကိုက်ခံရသူအချို့ ကိုက်သည့်မြွေ၏အမြီးကိုဖြတ်ပြီးမျိုချလိုက်လျှင်မသေနိုင်တော့ဟုပေါ့တန်စွာ ယုံကြည်လိုက်နာနေကြသည့် သတင်းမျိုးကြားနေရခြင်းကိုမူ ကျွန်တော်တို့နိုင်ငံ၏ပညာရည်တိုးတက်မှုအစီရင်ခံစာဟုယူဆ၍ရနိုင်မည်လားမသိ။ ထားတော့။
ကင်းလိပ်ချောကြောက်သည့်စိတ်ကို ဖြေဆေး (ရဲဆေး)ဖြင့်ကျော်လွှားနိုင်ခဲ့သော်ငြား တောက်တဲ့ကြောက် စိတ်ကိုရဲဆေးတင်၍မရ။ ဆေးနည်းလည်းမသိ။ ငယ်ငယ်တုံးက တောက်တဲ့နှင့်ခြောက်ခဲ့သူတွေဖြေဆေးလေးမှပြောမသွားခဲ့သဖြင့်လည်း သည်မျှတာရှည်နေခြင်းဖြစ်မည်။ ကံအားလျော်စွာ တောက်တဲ့ဆိုသည် နေရာတစ်ကာတွေ့ရတတ်သည့်အကောင်မျိုးမဟုတ်သောကြောင့် ကျွန်တော့်အကြောက်ကို သွေးတိုးစမ်းခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခဲ့သည်။ တောမှာနေစဉ်အသံလောက်ကြားရသေးသော်လည်း ရန်ကုန်ပြန်ရောက်သည့်အချိန်မှစ၍ အနည်းဆုံးကျွန်တော်နေသည့်ရပ်ကွက်မှာ အသံပင်မကြားရတော့။ ပုတ်သင်ညိုကိုတော့ တွေ့ရမြဲ။ ရန်ကုန်၏လမ်းကြီးလမ်းငယ်အသွယ်သွယ်မှာ ဟိုတုန်းက ဗန်ဒါ၊ ကုက္ကို၊ ပျဉ်းမ၊ ပိတောက်၊ စိန်ပန်း စသည့် အရိပ်ရသစ်ပင်တွေနေရာအနှံ့ရှိခဲ့ပြီး (ယ္ခုရှားသွားပြီ) လူဦးရေကားဦးရေမှာလည်း ယ္ခုလောက်မထူထပ်သေးသောကြောင့်လမ်းမပေါ်ထွက်သည်နှင့် တစ်ကြိမ်မဟုတ်တစ်ကြိမ် အနီးအပါးသစ်ပင်ပေါ်မှဆင်းလာသည့်ပုတ်သင်ညိုတစ်ကောင်တစ်လေနှင့်ဆုံရတတ်သည်။ သည်မှာလည်း ကိုရွှေပုတ်သင်ကိုကလေးများစိတ်ဝင်စားကြ၏။ ဉာဏ်ပိုရွင်သောသူတို့၏ကျီစယ်သံကမူ ကျွန်တော်တို့တောမှာတုံးကနှင့်မတူပဲ စာသံပေသံပို၍ပေါက်လာသည်။ ‘ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညှိတ်တတ်တယ်ဆို’ ဟူ၏။ ယင်းမှာကျွန်တော်တို့မသင်ခဲ့ရဘူးသော သူငယ်တန်းဖတ်စာသစ်ထဲမှကဗျာလေးဖြစ်ကာ ကလေးတွေသဘာဝတိရစ္ဆာန်များနှင့်ရင်းနှီးစေဘို့ ရွတ်ဆို၍ကောင်းအောင် အသံသာသာရေးဖွဲ့ထားပြီး ယုန်၊ ကြောင်၊ ကြွက်၊ ဇီးကွက်၊ ရွှေကျေး (ကျီး) နှင့် ပုတ်သင်အားလုံးပါဝင်သည်။ ပြောရလျှင်တောက်တဲ့ပင်ပါသေးသည် (မိုးလေဝသဗေဒင်ဟော တောက်တဲ့ကိုလူချော)။ သည်လိုဆိုတော့ တောက်တဲ့လည်းခေသူမဟုတ်။ ကျွန်တော့်စိတ်ထဲမှာ ငယ်ငယ်ကထိုကဗျာသာ သင်ဖြစ်ခဲ့လျှင် တောက်တဲ့ကြောက်ရောဂါအတွက်ဖြေဆေးဖြစ်နိုင်သည်ဟု အရှက်ပြေတွေးမိသေး၏။ ပြောသာပြောရသည် ပုသိမ်မှာအနီးကပ်တွေ့ခဲ့ပြီးသည့်နောက် ကျွန်တော့်ဘဝမှာ တစ်ကယ့်တောက်တဲ့တစ်ကောင်နှင့်ရင်ဆိုင်တွေ့ရခြင်းမရှိတော့။ တစ်ကယ်မဟုတ်သောတောက်တဲ့နှင့်တော့တွေ့ခဲ့ရရုံမကအနီးကပ်ဆုံးနေရာမှာယနေ့ထက်တိုင်ရှိနေဆဲဖြစ်လေသည်။ ယ္ခုပြောလိုသည်မှာလည်း ထိုအကြောင်းပင်ဖြစ်ပါသည်။
တစ်ကယ်မဟုတ်သောတောက်တဲ့ဆိုလျှင် အလကားတောက်တဲ့ပေါ့ဟုအမှတ်မှားဘွယ်ရာရှိသည့်အတွက် တစ်ကယ်မဟုတ် အလကားလည်းမဟုတ်သောတောက်တဲ့ဖြစ်ကြောင်းရှင်းလင်းဘို့လိုကောင်းလိုမည်လားမသိ။ ထိုတောက်တဲ့ကဗေဒင်မတွက်သလိုဟောလည်းမဟော။ ဗေဒင်မေးရသည်ကိုတော့ အထူးဝါသနာပါသည်။ တောက်တဲ့အစစ်ကပ်လျှင် (ကျွန်တော်ကြောက်ရခြင်းအကြောင်းရင်း) မိုးခြိမ်းသံကြားမှ ကွာကျသည်ဟုအဆိုရှိလင့်ကစား အနှီတောက်တဲ့က မိုးခြိမ်းလျှင်(ကြောက်သဖြင့်) ပိုကပ်သည်။ ယင်းအဆိုမှန်ပါက တစ်ကယ့်တောက်တဲ့တစ်ခါကပ်လျှင် အကြာဆုံးတစ်နွေနှင့်တစ်ဆောင်းသာဖြစ်မည်ဖြစ်သော်လည်း ထိုတောက်တဲ့ကဥတုသုံးပါးသာမက နှစ်ပေါင်းများစွာကပ်လိုလျှင်ကပ်နိုင်သောအာနိသင်ရှိသည် (ကျွန်တော့်အတွေ့အကြုံအရနှစ်ပါင်းသုံးဆယ်ကျော်)။ ထိုတောက်တဲ့အသူနည်း။ သည်မျှဆိုရိပ်မိလောက်ပါပြီ။ လေဒီတောက်ဟုနားခံသာအောင်အားနာပါးနာခေါ်သည့်အခါခေါ်ကြလင့်ကစား တောက်တဲ့ဟူ၍သာရှေ့တွင်ရော ကွယ်ရာမှာပါအနွတ္တသညာပြုထားကြသည့် ကျွန်တော်၏ဇနီးသည်မရွှေတောက်ပင်ဖြစ်ပါသည်။ သူ ကတော့ထိုအမည်ကို ယနေ့ကာလခေတ်အစားကြီးစားနေသည့် သုဓမ္မဘာဆိုလားဘွဲ့ထူးဂုဏ်ထူးထက်ပင်နှစ်သက်ပုံရလေ၏။ အကြောင်းမူကား သူမကိုထိုအမည်တစ်ခုခုနှင့်ပဋိသန္တာရအပြုခံရသည့် အခါတိုင်း၌ ကျေကျေနပ်နပ်ပြုံးနေတတ်သည်ကို ကျွန်တော်မြင်ရသောကြောင့်ဖြစ်၏။ အမှန်တော့ ထိုဘာဆိုလားဘွဲ့ကိုလည်း ခမျာရနိုင်သည်တော့မဟုတ်။ သိန်းထောင်ချီ၍ကုန်ကျမည့်ကိစ္စသူမ မတတ်နိုင်သလို ကျွန်တော်ကလည်း သည်မျှအဖြစ်မရှိ။ ထားပါတော့။
မိဘအသိုင်းအဝန်းကြားမှာ လူလူသူသူနာမည်ဖြင့်ပေါက်ဖွားကြီးပြင်းလာခဲ့ပြီးကျွန်တော်နှင့်အကြောင်းပါ ကာမှ ဘာကြောင့်ဘယ်လိုတောက်တဲ့ဖြစ်သွားရသည်ကို မရှင်းလင်းမီ ထိုအမည်ပေးခဲ့သူကို အရင်မိတ်ဆက်သင့်သည်ထင်သည်။ ပန်းတနော်လမ်းသားမှိုင်းရာပြည့်အရေးအခင်းတွင်ထောင်လေးနှစ်ကျသွားတော့ ကျွန်တော်နှင့်ထီးတန်းသားတို့ “အဉ္ဇလီ” မှာကျန်ရစ်သည်။ ထိုမှာ ပန်းတနော်လမ်းသားနောက်တစ်ဦးနှင့် သူငယ်ချင်းဖြစ်ခဲ့ကြ၏။ ပန်းတနော်လမ်းသား(၂)ဟု ဆိုပါတော့။ ပန်းတနော်လမ်းသား(၁) မရှိခိုက်သူ့မိဘများကိုစောင့်ရှောက်ရင်း ထိုအိမ်မှာဖွင့်ထားသည့်အဉ္ဇလီကိုပါ ရွာခံအနေနှင့်ဝန်းရံပေးခဲ့သည့်သဘော။ ကျွန်တော်တို့ အချင်းချင်းလည်းအရင်းအခြာတွေလို ခင်မင်သွားကြကာ ယ္ခုတိုင်အတွဲမပျက်ကြ။ သူ၏ထူးခြားချက်တစ်ခုကိုသူ့စကားအတိုင်းပြောရလျှင်ကြောက်တတ်သော အာနိသင်ရှိခြင်းပင်ဖြစ်၏။ မည်မျှကြောက်တတ်သည်ကို ယ္ခုတိုင်လူပျိုကြီးဆိုသောသူ့ဂုဏ်ပုဒ်က သက်သေခံမည်ထင်သည်။ နောက်ထူးခြားချက်တစ်ခုက စကား အလွန်များသော်လည်း မငြီးငွေ့အောင်ပြောနိုင်ခြင်းဖြစ်လေသည်။ ကျောင်းပြီးကာစ အလုပ်အကိုင်အတည်တစ်ကျမရှိကြသေးခင် သူငယ်ချင်းတွေဆုံသည့်စနေညတစ်ညမှာ သူပြောသမျှနားထောင်ရင်း ထီးတန်းသားက ကက်ဆက်ဖြင့် ဖမ်းထားရာ စီ၉၀ (တစ်နာရီခွဲ) ကြာသည်အထိတစ်ဦးတည်းမရပ်မနား ပြောခဲ့ကြောင်း မှတ်တမ်းဝင်ထားသည်။ ထိုမျှပြောနိုင်ပြီး ဟုတ်သည်မဟုတ်သည်အပထား စိတ်ဝင်စားအောင်ပွဲထိန်းနိုင်သူလည်းဖြစ်၏။ ကျွန်တော်အိမ်ထောင်ကျတော့ သူကရန်ကုန်မိုးလေဝသရုံးမှာအလုပ်လုပ်နေပြီး ပန်းတနော်လမ်းသား(၁)က သာစည်မီးရထားဘက်မှာ။ ထီးတန်းသားကသိမ်ကြီးဈေးမှာဆိုင်ဖွင့်လျက် အိမ်ထောင်ရှင် သားသည်အဖေဖြစ်နေပြီ။ နီးနီးနားနားလူလွတ်တစ်ယောက်ဖြစ်သူပန်းတနော်လမ်းသား(၂)က တစ်ပတ်လျှင်တစ်ရက်နှစ်ရက်ဆိုသလို ရုံးဆင်းချိန်တွင်ကျွန်တော်ရှိရာ တစ်ဘက်ကမ်းသင်္ဘောကျင်းအထိ လိုက်လာပြီးနှစ်ယောက်သားရန်ကုန်ဘက်ပြန်ကူးကာ ပန်းဆိုးတန်းမှာလက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိကြသည်။ မှောင်ရီပျိုးမှ သူကစမ်းချောင်းဘက်ကိုပြန်၊ ကျွန်တော်ကသင်္ဘောကျင်းထဲမှကျွန်တော့်အိမ်ကိုပြန်။ မရွှေတောက်လိုက်ချင်သော်လည်းအစပိုင်းမှာမြစ်ကူးချောင်းခြားအကြောင်းပြပြီးကျွန်တော်မခေါ်။ သူမကလည်း မြစ်ကူးချောင်းခြားအကြောင်းပြကာ ကျွန်တော့်ကိုစိတ်မချ။ နောက်တော့ ဇာဂနာပြောဘူးသလိုအားလည်းနာခင်လည်းခင်သဖြင့် ကျွန်တော်လက်ဘက်ရည်ဆိုင်သွားတိုင်းသူ့ကိုပါ ခေါ်ဖြစ်လေတော့သည်။
ထိုမှစ၍ လက်ဖက်ရည်ဆိုင်ရောင်းရင်းများ ပန်းတနော်လမ်းသားနှင့်ကျွန်တော့်အလုပ်ထဲမှ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးစနှစ်ဦးစအကြား ‘တောက်တဲ့’အမည်ထင်ရှားလာတော့၏။ အမည်ပေးသူက ပန်းတနော်လမ်းသား(၂)။ ဆရာသမားလူရည်လည်ပုံမှာတောက်တဲ့ရှေ့ရောက်သည့်အခါ လေဒီတောက်ဟုနားခံသာအောင် သုံးနှုံးခေါ်ဆိုလိုက်ခြင်းအားဖြင့် မရွှေတောက်ခမျာတစ်စုံတစ်ရာမစောကြောသာပဲ လက္ခံလိုက်ရသောအခြေသို့ဆိုက်တော့၏။ နောင်တော့လည်း ကြုံလျှင်ကြုံသလို တောက်တဲ့ခေါ်လိုက်လေဒီတောက်ခေါ်လိုက်နှင့် တစ်စတစ်စယဉ်ပါးသွားပြီး ယခုဆိုအသိုင်းအဝန်း အထူးသဖြင့်မိတ်ဆွေအပေါင်းအသင်းများအကြားမှာ အမည်သညာခေါ်တွင်ရာကား တောက်တဲ့ဟူ၍ဖြစ်နေချေပြီ။ နာမည်စီးသွား၍လားမသိအိမ်ထောင့်တာဝန်တွေဖြင့် လက်ဖက်ရည်ဆိုင်ဘက်ခြေဦးမလှည့်ဖြစ်တော့သည့်တိုင် တစ်ခြားနေရာတကာမှာမရွှေတောက်ကပါစမြဲ (ဝါ) ကပ်စမြဲ။ ဘယ်သွားသွား။ ပြည်တွင်းပြည်ပ တောကြိုအုံကြား သာရေးနာရေးမှအစ ရုံးပြင်ကန္နားအဆုံး။ ဒါကိုကျွန်တော်ကလည်းမကန့်ကွက်။ သည်တောက်တဲ့ကိုတော့ကျွန်တော်မကြောက်။ မကြောက်သည့်ပြင်ကြာတော့ ခွာသွားမှာပင်စိုးသလိုဖြစ်နေလေသည်။ ဟိံသစ္စံ ဤစကားမှန်၏။ စင်စစ် ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သောအကြောင်းကလည်းရှိနေသည်။ ကြီးပြင်းလာကြသောပတ်ဝန်းကျင်ခြင်းမတူသည်ကြောင့်လားဘာလား မသိ ကျွန်တော်ကလူတောတိုးရမှာကြောက်သလောက် သူကလူတွေထဲမှာပျော်သည်။ ကျွန်တော်က မျက်နှာကြောတင်းလေသံပြင်းသလောက်သူကမျက်နှာချိုပြီးလေသံပြော့သည်။ ကျွန်တော်ကစကားနည်းသလောက်သူကစကားများသည် (တစ်ချို့ကစကားများမှကြိုက်ကြ၏)။ ကျွန်တော်ကဒေါသကြီးသလောက် သူကသည်းခံသည်။ သည်လို တောက်တဲ့မျိုးနေရာတစ်ကာ‘ကပ်’ပါနေခြင်းက ကျွန်တော့်အတွက်အကျိုးယုတ်လှနည်းနည်းပါးပါးသာရှိမည်မဟုတ်ပါလား (ဥပမာ။ မိန်းမမရှိလျှင်မနေတတ်သူစသည့်စကားတင်းဆိုခံရခြင်းမျိုး)။ တစ်ကယ်လည်း တောက်တဲ့မပါဘယ်ဟာမှမပြီးမဟုတ်သည့်တိုင် ကျွန်တော့်အတွက် ခက်သည်တွေတောက်တဲ့ကြောင့်လွယ်သွားရသည့်ဖြစ်ရပ်များအသေအချာရှိခဲ့ဘူးလေ၏။
ဆိုပါစို့လူကြီးများ အထူးသဖြင့်လူကြီးမိသားစုများနှင့်ပေါင်းသင်းဆက်ဆံရသည့်ကိစ္စ။ ဝန်ထမ်းဘဝမှာရော စီးပွားရေးသမားတစ်ပိုင်းဘဝမှာပါ ထိုအရာတွေကအရေးပါသည်။ မနေသာလို့တစ်ပြေတစ်ရွာသို့ပြေးခဲ့ရသည့်တိုင် ဝန်ထမ်းဘဝမှာအရိုးထုတ်ဖို့ဆုံးဖြတ်ထားသူပြီပြီ လုပ်ငန်းတာဝန်ကျေပွန်ရေးနှင့် ဌာနတွင်းဌာနပြင် အထက်အောက်ဝန်ထမ်းများနှင့်အဆင်ပြေရေးတို့အတွက် ကျွန်တော်ကြိုးပန်းဆောင်ရွက်ခဲ့ရာ၌ အခါအားလျော်စွာအထက်လူကြီးများနှင့် လုပ်ငန်းပြင်ပ၌တွေ့ရကြုံရဆက်ဆံရခြင်းမျိုးတွေလည်းရှိတတ်သည်။ များသောအားဖြင့်လူမှုရေးကိစ္စတွေဖြစ်လေရာ လူကြီးကတော်တွေသားသမီးတွေ တစ်ခါတစ်ခါ သားမက်တွေ ချွေးမတွေပါဝင်လာတတ်ပြီး များသောအားဖြင့်လူကြီးထက်အရေးပါကြ အရေးပါလိုကြသူတွေဖြစ်သည့်အလျောက်တော်ရုံတန်ရုံနိဝါတောစဖြင့်ဆက်ဆံ၍မရ။ သည်လိုပွဲမျိုး ရှားရှားပါးပါးကြုံရသည့်အခါ မရွှေတောက်သည်ကျွန်တော့်တပ်ဦး။ သူတို့အချင်းချင်းရယ်ကာမောကာ သည်လိုတော့ရယ်တတ်ပြုံးတတ်ကြသား ရှိကြသည်ကို တစ်နေရာရာမှာမယောင်မလယ်လုပ်ကာငေးရင်း ကျွန်တော်မုဒိတာပွားရုံသာ။ တစ်ချို့လုပ်ဘော်ကိုင်ဘက်ဝန်ထမ်းတို့၏ လူမှုရေး အထူးသဖြင့်သာရေးကိစ္စများဆိုလျှင် ကျွန်တော်ပင်မလိုက်တော့။ သူ့ချည်းလွှတ်ပြီးကျွန်တော်အိမ်စောင့်ချန်ရစ်လိုက်သည်။ သူကမညည်းမညူသွားရုံမကပြန်လာလျှင် တွေ့ခဲ့သမျှလူကြီးလူငယ်မိသားစုများနှင့်ပြောခဲ့သမျှစကားစမြည်တို့ကိုတားယူရသည်အထိဖေါက်သည်ပြန်ချသေးသည်။ မင်း၊မိန်းမ၊ နွယ် ထိုသုံးမျိုးတို့သည်ကားနီးရာဘက်ကိုသာ ယိမ်းတတ်ကြ၏ ဆိုသောလောကနီတိထွန်းကားရာကျွန်တော်တို့လူ့အဖွဲ့အစည်းတွင် မင်းခစားကျွန်တော်က အပြစ်ခြောက်ပါးကင်းသည့်မနီးမဝေးအရပ်၌သာ နေလိုသူဖြစ်ခဲ့၏။ ထိုအတွက် မရွှေတောက်၏ အထောက်အကူကတစ်တပ်တစ်အားဖြစ်စေခဲ့သည်။ မတတ်သာသည့်အဆုံး ဝန်ထမ်းဘဝကိုစွန့်လွှတ်၍ ကိုယ်ပိုင်စီးပွားရေးလုပ်ဖြစ်သောအခါ၌လည်း သူမ၏ အစွမ်းအစနှင့်မကင်းခဲ့။ အာဏာရှင်ခေတ်မို့ ဘာပဲလုပ်လုပ်သူတို့နှင့်မကင်းလေရာ မရွှေတောက်ပါလာလျှင် ညှိရနှိုင်းရပိုလွယ်ကူသလိုဖြစ်လေသည်။ ဟိုဘက်ကမိန်းမဖေါ်ပါလာပြီဆိုလျှင်တော့ ကျွန်တော်တို့ယောက်ကျားချင်းပြောဆို၍မပြီးမီ သူတို့မိန်းမချင်းအဖွဲ့ကျနေပြီ။ ထိုအချက်သည် လုပ်ငန်းအောင်မြင်ဘို့ရာ အတော်တာသွားကြောင်းအတွေ့အကြုံအရ ကျွန်တော်ပြောနိုင်သည်။ ထို့ကြောင့်လည်း ထိုတောက်တဲ့ကပ်သည်မှာ ကျွန်တော့်အတွက် စုပ်မဝင်သည့်တိုင် (ဒါကတော့ ရှင်းပါသည်) လာဘ်တော့ဝင်ခဲ့ပါသည်ဟု ခုချိန်တွင်စိတ်လိုလက်ရကျွန်တော်ပြောနိုင်ခြင်းဖြစ်၏။
သည်အတွက်မကောင်းသည့်အချက်ကအကြောင်းကြောင်းကြောင့် ကျွန်တော့်ဘာသာသွားရလာရမည့်ကိစ္စမျိုးတွေမှာကျွန်တော်လေးကန်လာခြင်းဖြစ်၏။ ထိုအခါမျိုးမှာ ကျွန်တော်အင်တင်တင်ဖြစ်ပြီး လိုက်ခဲ့ပါပြောရမှာလည်းဝန်လေးနေသည်ကိုရိပ်မိလျှင် ‘သွားရမှာပျင်းနေရင်လိုက်ခဲ့ပေးမယ်လေ’ ဟုပြောကာ လိုက်ဘို့ ပြင်ဆင်တော့၏။ ကျွန်တော်က ဣန္ဒြေဆည်ကာ ‘မလိုက်ပါနဲ့ကျုပ်ဘာသာကျုပ်သွားပါ့မယ်’ ဆိုလျှင် “ဒီမှာအဝတ်အစားတောင်လဲပြီးနေပြီ၊ ပြန်မလဲနိုင်တော့ဘူးလိုက်ခဲ့မယ်ဆိုကာထလိုက်လေတော့၏။ ကျွန်တော်ကလည်းတားမရ၍ခေါ်ရသည့်မျက်နှာပေးဖြင့်သွားလိုက်ဖြစ်ပြီး ကျေးဇူးကိုစိတ်ထဲတင်ရလေသည်။ တော်ရုံ တန်ရုံ မျက်နှာပူရမည့်ကိစ္စမျိုး (ဥပမာ။ ရစရာရှိတာတွေ မရသေးသည့်အတွက်ပေးစရာရှိတာတွေ ဆိုင်းငံ့ပေးဘို့ပြောရမည့်ကိစ္စ)တော့ ‘ကျွန်မဘာသာသွားလိုက်ပါ့မယ် ဆိုကာ’ သူ့ဘာသာသွားရှင်းတတ်သည်များလည်းရှိခဲ့၏။ ကျွန်တော်နုတ်ရေးကြွယ်ကာလူစွမ်းကောင်းလုပ်မှုကြောင့်ကြားကသူတန်ဆာခံဖြစ်ရသည်လည်း ကြုံရဖူးသည်။ နဝတတက်ခါစခေတ်ပျက် သူဌေးလုပ်လိုသူတွေပေါများစဉ်ကဖြစ်လေသည်။ ကျွန်တော်ဝန်ထမ်းဘဝကိုစိတ်ကုန်ပြီး နုတ်ထွက်ခွင့်စောင့်ဆိုင်းနေချိန်လည်းဖြစ်၏။ စစ်တက္ကသိုလ်လားကာကွယ်ရေးတက္ကသိုလ်လားမမှတ်မိတော့သော တပ်ဘက်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်းတစ်ဦး ကျွန်တော့်လုပ်ငန်းခွင်သို့ရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်ကာဌာနဆိုင်ရာအကူအညီတစ်ရပ်တောင်းခံခဲ့ရာ ထိုအကူအညီကို ကျွန်တော်မပြောနှင့်ကျွန်တော်တို့ ဌာနမှူးပင်ဆောင်ရွက်မပေးနိုင်ကြောင်း ရှင်းပြသည့်တိုင် လက်မလျှော့ဘဲကူညီဘို့ကိုသာတွင်တွင်ပြောနေခဲ့၏။ သူ့အမူအယာနှင့်ဟန်ပန်များမှာထိုခေတ်မှစ၍ယနေ့တိုင်အောင်တွေ့နေကျ (ငါတပ်ကကွဟူသော) မာရေကျောရေမျိုးမရှိ၊ ပကတိအခက်အခဲကြုံနေပုံပေါက် သည်ဟုယူဆသဖြင့် ဌာနဆိုင်ရာအကြီးအကဲထံတရားဝင်တောင်းခံပါရန်နှင့် ကျွန်တော့်ဘက်မှအတတ်နိုင်ဆုံး နားပေါက်အောင်ဆောင်ကျဉ်းပေးပါမည်ဟု ကတိကဝတ်ပြုလိုက်မိ၏။
လုပ်ငန်းကိစ္စကလွဲလျှင် မိမိကိုယ်ရေးကိုယ်တာအတွက်ပင်အထက်လူကြီးထံဆက်သွယ်တောင်းခံဖူးခြင်းမရှိ။ ပို၍ဆိုးသည်က ဌာနအကြီးအကဲဆိုသည်မှာကျွန်တော်တို့အဆင့်နှင့် လုပ်ငန်းကိစ္စပင်တိုက်ရိုက်ဆက်သွယ်ခွင့်မရှိပါဘဲ ယ္ခုသို့တစိမ်းတရံဆန်သူတစ်ဦး၏ကိစ္စကိုတင်ပြပေးပါမည်ဟု အားနာပါးနာစကားခံလိုက်မိ သည်မှာ လွန်စွာမိုက်မဲခြင်းတစ်ရပ်ဖြစ်ကြောင်းထိုပုဂ္ဂိုလ်ကြီးထွက်သွားပြီးပြီးခြင်း ကျွန်တော့်ကိုယ်ကျွန်တော်ကျိန်ဆဲရင်းသိလိုက်၏။ သို့ရာတွင် စကားကလွန်သွားပြီ။ ကိုယ်မှလုပ်မပေးနိုင်တာစကားလွန်လဲမတတ်နိုင်ဟု အသာငြိမ်နေလိုက်လျှင်ဖြစ်သည့်တိုင် ကိုယ့်စကားကိုယ်တန်ဘိုးမထားရာရောက်မည်မို့ မရွှေတောက်အကူအညီရယူပြီး သူနှင့်ရင်းနှီးသောဌာနအကြီးအကဲ၏သမီးချွေးမဖြစ်သူမှတစ်ဆင့်ပြောဆိုပေးလိုက်၏။ ထို့နောက်အတန်ကြာမေ့မေ့ပျောက်ပျောက်ဖြစ်နေရာမှ အစည်းအဝေးတစ်ခုတွင်ဌာနကြီးမှူးမှ အလွတ် သဘောပြောသည့်စကားပြန်ကြားရသည်၌ ရင်ထုမနာဖြစ်ရတော့သည်။ “ချွေးမကတစ်ဆင့်အကူအညီတောင်းတာနဲ့ကူညီလိုက်တာ အဲဒီလူငါ့ဆီလာပြီးဒိုင်ယာရီစာအုပ်တစ်အုပ်လက်ဆောင်ပေးသွားလို့ ဖွင့်ကြည့်လိုက် တော့အထဲမှာငွေငါးထောင်ညှပ်ထားတာတွေ့ရတယ်။ ဒီခလေးမ (မရွှေတောက်ကိုဆိုလိုသည်) ဘာတွေ ရှုပ်ရှုပ်ယှက်ယှက်လုပ်နေသလဲမသိဘူး” ဟူ၏။ ထိုစကားမည်မျှတာသွားသည်ကိုရှင်းပြရန်ခက်သည့်တိုင် စေတနာသန့်သန့်ဖြင့်ကူညီလိုက်သည့်ကိစ္စအပေါ်ထိုသို့မှတ်ချက်ချခံရစရာဖြစ်လာခြင်းအတွက်ကိုမူ မရွှေတောက်ကိုယ်စားကျွန်တော်စိတ်ထိခိုက်ရ၏။ စင်စစ် ထိုပုဂ္ဂိုလ်ကိုယခင်ကမသိ၊ ကြားပင်မကြားဘူး။ ထိုတစ်ခါပြီး နောက်မှာလည်းမမြင်ရတော့။ သူ့ကိစ္စအောင်မြင်သွားပြီဟုကျေးဇူးတင်စကားဝေးစွ အသိပေးဖေါ်ပင်ရခဲ့သည်မဟုတ်။ ထိုအကြောင်းတွေ ဌာနကြီးမှူးထံသွား၍ရှင်းလင်းပြောဆို (တောင်းပန်) မည်ပြုသည်ကို မရွှေတောက်က ‘မသွားပါနှင့်တော့’ ဟုတားသည်။ သူကိုယ်တိုင်လည်းသူ့သူငယ်ချင်း ဌာနကြီးမှူးချွေးမမှတစ်ဆင့်ရှင်းပြဘို့မကြိုးစားတော့။ ‘လူဆိုးလူမိုက်ဆိုတာဂျိုမပါဘူးလို့ငယ်ငယ်ကကြားရုံကြားဘူးတာ၊ ခုတော့လူကြီးလူကောင်းဆိုတာဂျိုမပါပါလားလို့သိလိုက်ရတာပေါ့။’ သူဘာကိုဆိုလိုသည်ကျွန်တော်မသိ။ သို့သော် မေးရန်လည်းမကြိုးစားတော့။
ထိုအချိန်ကျွန်တော့်မှာတောက်တဲ့သာမကအိမ်မြောင်ခရုနှင့်ပက်ကျိတို့ပါရှိနေကြပြီ။ ယင်းမှာသားသမီးတွေကို ဘာရယ်မဟုတ်ရည်ညွှန်းခြင်းဖြစ်ပြီး သူပေးသောအမည်ဆွေမဟုတ်သည့်တိုင် ပန်းတနော်လမ်းသား(၂)က ဇာတ်လမ်းထဲပါနေပြန်သည်။ တစ်ရက် စမ်းချောင်းရှိမိခင်နှင့်အကိုကြီးမိသားစုတို့ထံသွားရင်း သူ့အိမ်သို့ဝင်ရောက်လည်ပတ်ဖြစ်သည်။ ထိုအချိန်မှာသူကသင်္ဘောလိုက်ရာမှပြန်လာပြီး ဝါသနာပါရာဗေဒင်ပညာကိုအပျော်တန်းလေ့လာခိုက်ဖြစ်၏။ ကျွန်တော့်ကိုမြင်သည်နှင့်ထိုင်ရာမှမထဘဲ ‘ဟာ ကြီးကျယ်(သူခေါ်နေကျအမည်) ပါလား၊ တောက်တဲ့ရောမပါဘူးလား’ ဟု ထုံးဆံအတိုင်းပဋိသန္ဓာရပြုလေသည်။ ကျွန်တော်က စိတ်တွင်ရုတ်တရက်ပေါ်လာသည့်အတိုင်း “တောက်တဲ့တွင်မကဘူး အိမ်မြောင်ရော ခရုနဲ့ပက်ကျိပါ ပါပါတယ်ဗျာ” ဟု အိမ်ဝ၌ရပ်နေကြသည့် မရွှေတောက်နှင့်သားသမီးသုံးဦးတို့ကိုညွှန်ပြရင်းပြောလိုက်ရာမှ သူတို့ (သားနှစ်သမီးတစ်) ခမျာမှာလည်းချွဲကျိကျိသတ္တဝါတွေဖြစ်ကုန်ကြတော့၏။ တောက်တဲ့မှအပ တခြားနာမည်တွေမတွင်ကျယ်ခဲ့သည်မှာတော်သေးသည်ပြောရမည်။ စင်စစ် နာမည်ပေးခြင်းမဟုတ်သော်လည်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ရည်ညွှန်းခဲ့သည့်သတ္တဝါအမည်တစ်ခုလည်း ရှိသေး၏။ ဒါကိုတော့ ပန်းတနော် လမ်းသားပင်မသိ။
တောက်တဲ့မှပေါက်လာသည့် အဆိုပါအိမ်မြောင်ခရုနှင့်ပက်ကျိတို့ကလည်းတောက်တဲ့နည်းတူကပ်ချင်ကြသည်။ ကျွန်တော်မို့အပြင်ထွက်သည်နှင့်လိုက်မည်ဆိုကာ တောက်တဲ့ကိုပင်မစောင့်ဘဲပါလာတတ်ကြ၏။ တစ်ခါတစ်ခါ မလိုက်ရမှာစိုး၍မသိအောင်ကားထဲဝင်ပြီး သူတို့ကိုယ်ခန္ဓာလေးတွေနှင့်ထိုင်ခုံတွေကြားထဲ ဝင်ပုံးနေတတ်ကြရာအန္တရာယ်ရှိသောကြောင့်တင်းကျပ်စွာတားမြစ်ရရုံမက အပြင်မထွက်မီကားထဲလှန်လှောရှာရသည့်အလုပ်ပိုပါလုပ်ရသေးသည်။ ကျွန်တော်ဆိုသောကျွန်တော်ကလည်းမလိုက်ခဲ့ဘို့တစ်ခါကနှစ်ခါပြောမရလျှင်အလုပ်ကိစ္စကလွဲ၍ခေါ်ဖြစ်သည်သာများလေသည်။(စကားချပ်။ ထိုစဉ်ကနိုင်ငံတော်အကြီးအကဲအား ဗိုလ်ပုံအလည်မှာမြေးလက်ဆွဲလျက်တီဗီဖလ်သားပြင်ပေါ်၌တွေ့တွေ့နေရသည်ကို အစတွင်စိတ်ထဲစနိုးစ နောင့်ဖြစ်မိသော်လည်း သူလည်းငါ့လိုနေမှာပေါ့လေဟုမတန်မရာနှိုင်းပြီးကိုယ်ချင်းစာဖြစ်လိုက်သေးသည်)။ ကျွန်တော်ပြည်တွင်းမှာကိုယ်ပိုင်လုပ်ငန်းလုပ်စဉ်က တစ်ကြိမ်မှာမြေလတ်ပိုင်းသို့လုပ်ငန်းအနေအထားလေ့လာရန် သွားဖို့ဖြစ်လာသည်။ ကျွန်တော်နှင့်အတူ အထောက်အကူပြု ယောက်ကျားသားသုံးယောက်အပြင် ဧည့်သည်အချို့ပါမည်မို့ မိုက်ခရိုဘတ်စ်တစ်စီးငှားပြီးသွားရန်စီစဉ်ကာမှ မရွှေတောက်ဦးဆောင်ကာ ကျောင်းပိတ်ရက်ကြုံသဖြင့်ဘုရားဖူးလိုက်လိုကြောင်းအရေးဆိုလာကြ၏။ အတူသွားမည့်သူများကလည်း အကြောင်းသိတွေဖြစ်ရကားလိုက်ချင်လိုက်ကြပါစေကားလည်းချောင်နေတာပဲဟု မြှောက်ပေးကြသဖြင့် ထုံးဆံအတိုင်းတစ်ပြုံကြီးလုပ်ငန်းပြအပျော်ခရီးထွက်ဖြစ်ကြတော့သည်။ ထိုလုပ်ငန်းမှာဝန်ကြီးဌာနတစ်ခု၏ အရေးပေါ်လုပ်ငန်းဖြစ်သည့်အားလျော်စွာ သက်ဆိုင်ရာ၏ပံ့ပိုးမှုအထိုက်အလျောက်ရရကား ဌာနပိုင်ဧည့်ရိပ်သာတွင် တစ်ညတာတည်းခိုရန်စီစဉ်ထားခဲ့ကြသည်။ ရိပ်သာကအဆင့်မြင့်မြင့် သားသားနားနားမို့ တစ်နေ့တာခရီးပန်းသမျှကျကျနနအနားယူအိပ်စက်ခဲ့ကြ၏။ တစ်ရေးနိုးသည့်အခါ သူတို့လေးတွေ ဘယ်လိုနေပါလိမ့်ဟုထကြည့်တော့ကိုယ်တော်မြတ်တွေနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်လျက်သုံးယောက်ထဲမှနှစ်ယောက်မှာ ရှူရှူတွေနှင့်ရွှဲနေသဖြင့်ကျွန်တော်ခေါင်းနပန်းကြီးသွားသည်။ ဖြစ်ခေါင့်ဖြစ်ခဲသည်လိုနေရာမှာလာဖြစ်ရ လေခြင်းဟုစိတ်ပျက်ဒေါသထွက်သည့်ကြားမှပင် စိုသွားသောအိပ်ယာခင်းတွေမွေ့ယာတွေကို တတ်နိုင်သလောက်ပြန်လည်သန့်ရှင်းရေးလုပ်ရသည်မှာအာရုဏ်ကျင်းပြီးပြန်အိပ်မရတော့ (သင်းတို့တွေက အဝတ် အစားလဲ အိပ်ယာပြောင်းပြီးပြန်အိပ်နေကြပြီ)။
ထိုအလုပ်မှာ ကျွန်တော်ပြည်တွင်းတွင်ရပ်တည်ဘို့ကျားကုတ်ကျားခဲ့လုပ်ဆောင်ခဲ့သမျှလုပ်ငန်းတစ်ခုစနှစ်ခုစအပြီး သည်တစ်ခါအခြေကျပြီဟုမျှော်မှန်းအားထုတ်ခဲ့သောလုပ်ငန်းဖြစ်ကာ ဝန်ကြီးဌာနမှလိုလားသည့်တိုင် ဌာနဆိုင်ရာညှိနှိုင်းမှုဝင်္ကပါထဲမှာခြာခြာလည်ပြီး လက်မြှောက်ထွက်ရလာသောအလုပ်လည်းဖြစ်၏။ ကျွန်တော်၏ ညှိနှိုင်းလိုက်လျောနိုင်စွမ်းနည်းပါးမှုကြောင့်အဓိကဖြစ်သလို အခြားအကြောင်းတရားတွေလည်းရှိခဲ့သည်။ ထားတော့။ မကြာမီ ဘန်ကောက်မှာအလုပ်ရသဖြင့် ထွက်ခွာလာခဲ့ရာ ပထမတောက်တဲ့ နောက်အိမ်မြှောင်တို့အဖွဲ့ပါ အစဉ်အလာအတိုင်းပါဝင်ခဲ့တော့သည်။ တစ်ပြည်တစ်ရွာမှာ သည်မိသားစုကွက်ကွက်သာရှိသဖြင့် ယခင်ကပ်ရုံကပ်သူတွေ ယခုလုံးထွေးနေကြသည့် အခြေသို့ရောက်တော့၏။ ကျွန်တော် အလုပ်သွားချိန် ကျောင်းမှာ (တောက်တဲ့ လိုက်ပါ စောင့်ရှောက်သည်) သူတို့ တစ်တွေတစ်လုံးလုံး၊ ပြန်လာလျှင်အိမ်မှာကျွန်တော်အပါအဝင်တစ်ရုန်းရုန်း။ ပိတ်ရက်ဟိုသည်သွားလျှင် ယုတ်စွအဆုံးအနီးအပါးမှာဈေးဝယ်နာဝယ်ထွက်လျှင်ပင်တစ်ပြုံလုံး။ သည်မှာကျွန်တော့ငယ်ဘဝတစ်ခုကိုတွေးတောမိရသည်။ ဖခင်ဆုံးပါးပြီးမိခင်ကလည်း စားဝတ်နေရေးအတွက်ပင်ပန်းကြီးစွာရှာဖွေရသည်မို့ ကျွန်တော်တို့ငယ်ငယ်ကယခုကျွန်တော့်သားသမီးတွေလို မိဘအနားကပ်ခွင့်မရ။ သို့သော် တစ်ခါတစ်လေ သီတင်းကျွတ်လိုအချိန်မျိုး ဆွေမျိုးရင်းခြာတွေဆီကန်တော့ရင်းလည်ပတ်ကြသည့်အခါမိသားစုရှားရှားပါးပါးစုဝေးသွားလာဖြစ်ကြသည်။ မြို့ပတ်ရထား ဘတ်စကားအကြာကြီးစီးရသည့်ခရီးမျိုးဆို ကျွန်တော်တို့တစ်တွေပျော်ပြီး နည်းနည်းပါးပါးကဲချင်သည်။ ထိုနည်းနည်းပါးပါးက တစ်ယောက်ထဲမဟုတ်သည့်အခါ ဟဲ့မရဟင်းမရ အမေဗျာများရပြီ။ သည်အခါ အမေ့လက်သုံးစကားက ‘ငါ့နှယ်ခွေးသအုပ်မကြီးကျနေတာပဲ’ ဟူ၍ဖြစ်၏။ သို့သော် ကျွန်တော်ကတော့ ထိုခွေးသအုပ်မကြီးဘဝကို ကျေနပ်နေပုံရသောအမေ့မျက်နှာကိုမြင်ဖြစ်အောင်မြင်ပြီး မှတ်ဖြစ်အောင်မှတ်မိခဲ့လေသည်။ ယ္ခုလည်းကျွန်တော့်မှာ ရေခြားမြေခြားတွင်နေရေးထိုင်ရေး (နေထိုင်ခွင့်ရရှိရေး) စားဝတ်နေရေး ပညာရေးကအစခေါင်းထဲထည့်ရ၊ သူ့စကားကိုယ်မသိကိုယ့်စကားသူမသိမို့ သွားလေရာလူအုပ်မကွဲအောင်စောင့်ရှောက်ရ (ဒါတောင် ကုန်တိုက်တစ်ခုတွင်အငယ်ကောင်လူကွဲကျန်ရစ် သဖြင့်ခေါင်းမီးတောက်ရဘူးသည်) နှင့်မို့ အမေပြောဘူးသည့်ခွေးသအုပ်မကြီးကိုမြင်ယောင်သည်အထိ ဖြစ်ရ၏။ တစ်နေ့ ထိုအကြောင်းခေါင်းထဲရောက်ပြီး “ငါလဲအမေပြောတဲ့ခွေးသအုပ်မကြီးဖြစ်နေပြီ” ဟုအရွန်းဖေါက်မိရာ မရွှေတောက်ကအတည်ပေါက်နှင့် ‘ခွေးသအုပ်မကြီး မဟုတ်ပါဘူးဆရာရယ်’ ဟုပြောလေသည် (သူက ကျွန်တော့်ကို ဆရာဟုလည်းခေါ်တတ်သည့်အပြင် လူရှေ့သူရှေ့ရောက်လေဆရာများများခေါ်လေမို့ ရိုးမှရိုးရဲ့လားဟုကျွန်တော်အငေါ်တူးဘူး၏)။ ဒါဆိုဘာဖြစ်မလဲ ဟုမေးသောအခါ မဆိုင်းမတွပင် ‘ခွေးသအုပ်ထီးကြီးပေါ့’ ဟုဖြေပြီးမှ ‘ကန်တော့နော်ကန်တော့’ ဟု ကျွန်တော်စိတ်ဆိုးမည်စိုးသဖြင့်တောင်းပန်သည်။ စိတ်ဆိုးစိတ်တိုလွယ်သည့်ကျွန်တော် ထိုစကားကိုတော့စိတ်မဆိုးဖြစ်ခဲ့ပါ။ ရယ်ပင်ရယ်မော ဖြစ်ခဲ့ပါသေးသည်။
ယ္ခုတော့ ခွေးသအုပ်ကြီးကခွေးအိုကြီးဖြစ်စပြုနေပြီ။ မိသားစုထဲမှာတောက်တဲ့တို့တစ်တွေအပြင် တတိယမျိုးဆက်ဝင်တစ်ဦးပင်တိုးလာပြီ။ မပီကလာပီကလာနှင့် တီတီတာတာလုပ်တတ်နေပြီဖြစ်သော သင်းကလေးကို စူးစူးရှရှအော်တတ်သဖြင့် 'ပုရစ်'ဟုခေါ်လျှင်ကောင်းမည်လား ရင်ခွင်ထဲကိုခုန်ပေါက်တိုးဝှေ့၍ဝင်ဝင်လာ တတ်သောကြောင့်' နှံကောင်'ဟုခေါ်လျှင်ကောင်းမည်လားစဉ်းစားမိသေး၏။ သို့သော် ဘယ်လိုမှမခေါ်ဖြစ်။ မျိုးဆက်တစ်ဆက်ခြားသွားပြီမို့ အရေးမပိုင်တော့ဟုသဘောရသောကြောင့်ဖြစ်၏။ သည်မျိုးဆက်သစ်ကလေးက အမှုပွေသူသူ့အဖေ ကျွန်တော့်သားထက်ကျွန်တော့်ကိုပိုခင်ကာပိုကပ်သည်တွင် ကျွန်တော်က အားအားယားယားမို့နွားပြာကြီးအောက်သွားမရှိဖြစ်နေရပြန်လေသည်။ ပြောမည့်သာပြောရသည် ကျွန်တော်တို့လိုသက်တန်းမှာက သုံးစားမရသောအတိတ်တွေသာများနေပြီး မျှော်လင့်စရာအနာဂါတ်ကနည်းသည်ထက်နည်းလာပြီမို့ တရားဘာဝနာလိုက်စားချင်လိုက်စား မလိုက်စားလျှင် ကျီးစောင့်ကြက်နှင်မြေးထိန်းရင်း သေခြင်းတရား၏ တံခါးခေါက်သံကိုနားစွင့်နေရုံသာရှိတော့သလိုဖြစ်နေသည်။ နေရာဟောင်းကိုလွန်အောင်းမေ့တတ်သော ကျွန်တော်တို့အတွက် ဒုတိယလမ်းသည်အထင်အရှား။ စဉ်းစားကြည့်လိုက်လျှင် ကိန်းဂဏန်းအရ ကမ္ဘာကလက်ခံထားသောမြန်မာတို့၏ပျမ်းမျှသက်တန်းနယ်မိတ်မျဉ်းကလက်တစ်ကမ်းအလိုကိုရောက်လာပြီ။ ကံစိတ်ဥတုနှင့်အာဟာရနောက်မှာဂဏန်းသင်္ချာကိုလည်းပစ်ပယ်ထား၍မရ။ ကြည့်၊ လက်နှစ်ဖက်ချိုးရေတွက်လျှင်ပင်ရနိုင်သောငယ်သူငယ်ချင်းတွေထဲမှာ လက်တစ်ဖက်စာနီးပါးကမုဆိုးဖိုတွေဖြစ်နေကြပြီ။ ထီးတန်းသားဆိုလျှင်နှစ်ပတ်ပင်မလည်သေးသည့် မုဆိုးဖိုပူပူနွေးနွေး။ ဇာတ်ထဲကပြောသလိုမျိုး (မဆိုင်သူမကပ်ကြနဲ့မင်းတို့မိန်းမတွေမုဆိုးမဖြစ်ကုန်ကြမယ်) မိန်းမကိုမုဆိုးမအဖြစ်ချန်ရစ်ကာလောကကြီးထဲမှထွက်ခွာသွားသူရယ်လို့တော့ ကျွန်တော်တို့ထဲမှာခုထိ မရှိသေး။ ဘယ်သူဈေးဦးပေါက်ဖြစ်မည်လည်းမဆိုနိုင်။
ပြောလိုသည်ကတစ်ယောက်တည်းလာပြီးတစ်ကိုယ်တည်းပြန်ရမည့်လူ့ဘုံခန်းဝါထဲမှာ ရှေ့သွားနောက်လိုက် ညီသည် ဆိုသောစကားအပေါ် နုပျိုစဉ်ကလိုရင်မခုန်တော့။ အပြန်ခရီးသည်မရဏခရီး။ သည်ခရီးက ရင်ခုန်စရာမကောင်း။ ပြီးတော့ အသွားနှင့်အလိုက်ညီဘို့ကလည်းမဖြစ်နိုင်။ ဘယ်သူရှေ့ကသွားပြီးဘယ်သူနောက်ကလိုက်ကာ ဘယ်မှာပြန်ဆုံကြမည်ကိုလည်းကျွန်တော်တို့ဉာဏ်ဖြင့်မသိ။ ကျွန်တော်တို့မှာကောင်းကင်ဘုံမရှိ၊ တစ်ဘဝတည်းကျွတ်တန်းဝင်ဘို့ဆိုတာလည်းမဖြစ်နိုင် (သောတာပန်ပင်ခုနှစ်ဘဝစောင့်ရသည်ဆိုလား)။ ဝိစိကိစ္ဆာတွေများပါ့ငါ့လူရာ ဒီလိုပုံနဲ့သေလို့ကတော့ ပြိတ္တာဘုံကိုတန်းကနဲပဲဟု စိတ်တိုလွယ်သော ဓမ္မဝါသီ တစ်ဦးဦးက ငေါက်လျှင်လည်းလက်အုပ်ချီဝန်ချရုံသာ။ စီးနေသောအာသဝေါတွေသည်ဘဝမှာတော့ရပ်မည်မထင်။ " တေဘုမ္မဝဋ်နန်းလယ်မှာ၊ ကျွတ်တမ်းကွယ်စာမလိတ်ချင်ဘု၊ အဝါဇိတ်မှိုင်းမှောင့်ညစ်ပေ၊ ရိုင်းခေါင့်ဖြစ်စေ၊ နောက်ချန်၍အပိုနေမယ်၊ နှစ်ကိုယ်ရေပျော်စမ်းချင်လို့လေး" ဟု ဦးပုညတို့လိုသံသရာကိုဆွဲမဆန့်လိုသော်ငြား ပစ္စုပ္ပန်ကိုတော့ရသမျှတာရှည်စေချင်သည်။ သမုဒယလို့ဆိုဆို ဘဝတဏှာဟုပြောပြော ကျွန်တော့်မှာတွယ်တာစရာတွေရှိသေးသည်။ ထိုတွင်အနီးဆုံးမှာရှိကြသည်က တောက်တဲ့တို့တစ်တွေ။ သူတို့လည်း သည်သို့ပင်တွယ်တာကြပေမည်။ သို့သော် သူ့လမ်းသူ၊ ကိုယ့်လမ်းကိုယ်။ အမှတ်စဉ်အတိုင်းဆို ကျွန်တော်ကအရင်ဆုံးလက်တွဲဖြုတ်ရမည့်သူ။ ကပ်နေသော တစ်ကယ့်တောက်တဲ့တစ်ကောင် တစ်ကယ်ကွာမကွာ ကျွန်တော်မသိ။ သေခြင်းတရားဆိုသောမိုးခြိမ်းလာခဲ့လျှင် တောက်တဲ့တို့ကို တစ်ကယ်ခွာရမည်က ကျွန်တော်ဖြစ်နေသည်။
ကလေးဘဝကရခဲ့သည့်တောက်တဲ့ကြောက်ရောဂါ ယခုထိကျွန်တော့်မှာရှိနေဆဲလားပျောက်သွားပြီလား မသေချာ။ သို့သော် မိုးခြိမ်းမှာကြောက်သည့်ရောဂါတစ်ခု အိုကြီးအိုမကျကာမှစနေပြီ ဆိုသည်မှာတော့ သေချာသလောက်ဖြစ်လေသည်။
No comments:
Post a Comment