ကျွန်တော်ရှစ်နှစ်သားအရွယ် ဒုတိယတန်းမှာ တိုက်ပုံအင်္ကျီဝတ်ဖူးသည်။ မြန်မာလူမျိုးယောင်္ကျားလေးတစ်ယောက် တိုက်ပုံဝတ်သည်မှာမဆန်းသော်ငြား ရှစ်နှစ်ဆိုသောအရွယ်ကတော့ နည်းနည်း ငယ်နေမည်လားမသိ။ မရှိဘူးတော့မဟုတ်။ ရှိတော့ရှိတယ်ရှားတယ် ဆိုသည်မျိုး။ စင်စစ် ကျွန်တော်ထိုအသက်အရွယ်မှာ တိုက်ပုံဝတ်ဖြစ်သည် ကလည်း ရှားရှားပါးပါး ဖြစ်စဉ်တရပ်ပင်။
ကမ္ဘာ့ကုလသမဂ္ဂနေ့အထိမ်းအမှတ် ကျောင်းတွင်း နှုတ်မှုရေးရာ ပြိုင်ပွဲပြုလုပ်ရာ အတန်းပိုင်ဆရာမကကျွန်တော့်ကို မူလတန်းပုံပြောပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်စေသည်။ အိမ်ကိုပြောပြသောအခါ ဖေဖေက တိုက်ပုံအင်္ကျီနှင့်မှ ကောင်းမည်ဆိုပြီး ဈေးမှာအသင့်ချုပ်ပြီးသား သွားရှာသော်လည်းမရခဲ့။ သည်ကိစ္စကြားသွားသောအဖွား (အမေ့အမေ) က သူ့မှာအဆင်သင့်ရှိသည့်ပင်နီစတစဖြင့် ဆွေမျိုးမကင်းသော အိမ်နီးချင်းအပ်ချုပ်ဆိုင်မှာ နေ့ချင်းပြီးချုပ်စေသည်။ ပုဆိုးကိုလည်းထိုနည်း၎င်း။ သို့နှင့် ပြိုင်ပွဲဝင်သောအခါ ကျွန်တော့်မှာ ပင်နီတိုက်ပုံလွန်းပျံပုဆိုးတို့ဖြင့်အချိုးကျကျဖြစ်သွားတော့၏။ ကျွန်တော်ပြိုင်ပွဲဝင်သည့် ပုံပြင်က ဒုတိယတန်းဖတ်စာထဲမှ ဗုဒ္ဓဝင်သုတ္တံဝတ္ထုတွေထဲကကောက်နှုတ်ထားခြင်းဖြစ်ကြောင်းနောင်ကြီးပြင်းလာသောအခါမှာသိခဲ့ရသည့် မင်းသားနှင့်တမာရွက်ပုံပြင်။ အမျက်စောင်မာန်ကြီး၍ ခက်ထန်ကြမ်းကြုတ်သော မင်းသား (ဘုရင့်သား) အား ပညာရှိရသေ့ကြီးကတမာပင်ငယ်တပင်မှ အရွက်ကိုဝါးကြည့်စေပြီး အပင်ငယ်စဉ်ကပင်ခါးသက်သော တမာရွက်ကိုလူတကာမနှစ်မြို့ကြ။ ထို့အတူ ငယ်ရွယ်စဉ်ကပင် အမျက်စောင်မာန်ကြီးသူတို့သည် လူအပေါင်း၏ကဲ့ရဲ့ပစ်ပယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်းဆုံးမရာ မင်းသားအမြင်မှန်ရသွားသောပုံပြင်ဖြစ်၏။ (စကားချပ်။ သည်ဘက်ခေတ်တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့၏သားသမီးတွေမြေးတွေကို သည်လိုဆိုဆုံးမ၍ရပါစ။ ကျွန်တော်တော့မထင်။ ရသည်မရသည်ထား အချို့ဆိုဆုံးမခြင်းမရှိရုံမက အာဏာဖြင့်လိုက်၍ဖုံးအုပ်ကာကွယ်ပေးနေကြသည့်အဖြစ်တွေ သတင်းတွေမြင်ကြားရလေတိုင်း ထိုပုံပြင်ကို ကျွန်တော်အမှတ်ရသည်။ သည်ဘက်ခေတ် ကျောင်းသုံးစာအုပ်တွေမှာ ဘာကြောင့်သည်လိုပုံပြင်မျိုးတွေ နေရာမရကြတော့သည်ကိုလည်းနားမလည်နိူင်အောင်ဖြစ်ရသည်။)
ထိုနေ့ကပြိုင်ပွဲမှာ ကျွန်တော်ပထမရသည်။ ကျွန်တော်တော်တာထက်အတန်းပိုင်ဆရာမ၏ ရသမျှအချိန် တရက်အတွင်း အသေးစိတ်သင်ကြားလေ့ကျင့်ပေးမှုနှင့် ဆရာမသင်သည့်အတိုင်းကျွန်တော် အတိအကျလိုက်နာခဲ့မှုကြောင့်အနိူင်ရခြင်းဖြစ်မည်ထင်သည်။ ပြန်စဉ်းစားကြည့်တော့ ဆရာမ၏သင်ကြားမှုက အတော် အသေးစိတ်သည်။ ဥပမာ ဟိုး ရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးမင်းပြုခဲ့ပါသတဲ့ ဆိုသောစကားကိုတပိုဒ်ခြင်းလေယူလေသိမ်းအမူအယာလက်ဟန်ခြေဟန်ကအစသင်ပေးပြီး သူကျေနပ်သည်အထိ အထပ်ထပ်ပြန်ပြောခိုင်းသည်။ မင်းသားငယ်၏စရိုက်သဘာဝနှင့် ရသေ့ကြီး၏ပညာကြီးရင့်မှုတို့ကိုပေါ်လွင်စေမည့်လေသံနှင့်ဟန်ပန်အစရှိသည်ဖြင့် အတန်းရှေ့မှာ(လူအများရှေ့မှာ)လေ့ကျင့်ပေးခဲ့သောကြောင့် စင်မြင့်ပေါ်တွင် အမှားနည်းနည်းပြောနိူင်ခဲ့ခြင်းဖြစ်မည်။ အထူးသဖြင့်ပုံပြင်ဆုံးသောအခါ ‘ဒီပုံပြင်လေးကိုထောက်ရှုပြီးတော့ကျွန်တော်တို့အားလုံး ငယ်ရွယ်စဉ်ကစ၍ တမာလိုမခါးဘဲပျားသကာလိုချိုသောလူသားများဖြစ်အောင်ကြိုးစားနေထိုင်ကြပါစို့’ …စသည်ဖြင့် ဆရာမစိတ်တိုင်းကျ နိဂုံးစကားလေးများကြောင့်ဖြစ်မှာသေချာသည်။ ရှစ်နှစ်အရွယ် သူငယ်လေးတစ်ယောက် ပင်နီတိုက်ပုံနှင့်လူကြီးဂိုက်ဖမ်းထားတာလည်း အမှတ်ပေးသည့်အထဲ အနည်းအကျဉ်းပါကောင်းပါမည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တိုက်ပုံနှင့်ရင်းနှီးသွားပြီ။ ပြောရလျှင်ထိုတိုက်ပုံမှာ ကျွန်တော့်အတွက်လာခြင်းကောင်းခဲ့၏။ နောက်တနှစ် အတန်းလိုက်ပညာရည်ချွန် ဆုများပေးရာ ကျွန်တော်က တတိယတန်းမှာဒုတိယဆုရသည်။ ထိုတိုက်ပုံကိုပင်ဝတ်၍ကျွန်တော်ဆုတက်ယူခဲ့ လေသည်။
မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်သည်ထိ နောက်ထပ်ကျွန်တော် တိုက်ပုံမဝတ်ဖြစ်တော့။ ကျောင်း နှစ်ကြိမ်ပြောင်းခဲ့ရသောအလယ်တန်းနှင့်အထက်တန်းတွေမှာ မဖြစ်မနေတိုက်ပုံအင်္ကျီဝတ်ရမည့် အခန်းအနားမျိုး (ဥပမာ ဆုပေးပွဲ)မတက်ဖြစ်တော့။ တက်ခွင့်မရတော့ဟုဆိုလျှင်ပိုမှန်မည်။ ငယ်ငယ်ကကဲ့သို့ စင်တော်ကောက်မခံရတော့သလို ကိုယ့်ဘာသာကိုယ်စင်ပေါ်တက်ခွင့်ရှိသည့် ကျောင်းတွင်းလှုပ်ရှားမှုတွေမှာမပါဝင်ခဲ့။ ကျွန်တော့်မှာ တိုက်ပုံအင်္ကျီတထည်တလေရှိကောင်းရှိခဲ့မည်ဖြစ်သော်လည်း ဘယ်သို့ဘယ်ပုံ ကျွန်တော်မမှတ်မိတော့။ စိတ်လှုပ်ရှားစရာအဖြစ်အပျက် ငယ်ငယ်ကလိုမရှိခဲ့၍ဖြစ်နိူင်သည်။ စိတ်ဝင်စားမှု လျော့နည်းခဲ့ခြင်းကြောင့်လည်း ဖြစ်မည်။ စာပိုးကဗျာပိုးတွေဝင်လာကြပြီ။ တိုက်ပုံအင်္ကျီဝတ်ဖြစ်ခဲ့သည်ဆိုလျှင်လည်း ပိုသီဖတ်သီပဲဖြစ်လိမ့်မည်။ ထိုခေတ်က လူငယ် (ဆိုပါတော့) စာရူးပေရူးလေးတွေ ဆံပင်ဘုတ်သိုက်တိုက်ပုံအင်္ကျီပိုသီဖတ်သည်ဖြင့် ညနေခင်းတွေမှာလ္ဘက်ရည်ဆိုင်ထိုင်ရင်းငြင်းကြခုံကြသည်မှာ စတိုင်တမျိုးလိုဖြစ်နေ၏။ လမ်းဘေးဘီယာဥယျာဉ်တွေမပေါ်သေး။ တမျိုးတော့ကံကောင်းသည်ဆိုရမည်လားမသိ။ သို့နှင့်ဆယ်တန်းအောင်သောအခါ တက္ကသိုလ်တက်ရန်စိတ်ကူးဖြင့် မြူးသည့်အချိန်သို့ ရောက်တော့၏။
ဆယ်တန်းအောင်သည်မှတက္ကသိုလ်ဖွင့်သည်အထိသုံးလခန့်မှာ လွန်စွာစိတ်လှုပ်ရှားရသောကာလများ ဖြစ်ကြလေ၏။ တက္ကသိုလ်ကျောင်းသားဘဝကိုမှန်းဆ၍ပျော်ရွင်ရသည့်တိုင် မိမိလျှောက်ထားသော ကျောင်း သို့မဟုတ် ဘာသာရပ်ဝင်ခွင့်ရမှရပါ့မည်လားဟုရင်တမမဖြစ်ရသေးသည်။ ပြီးခဲ့သောနှစ်က ဝင်ခွင့်အမှတ်များကိုကြည့်၍ လျှောက်ထားကြခြင်းဖြစ်သောကြောင့်များသာအားဖြင့် ဝင်ခွင့်ရကြသော်လည်း သေချာပေါက်တွက်၍မရ။ အထည (အထက်တန်းပညာဦးစီးဌာန) မှ တရားဝင်ကြေငြာမှကိုယ်တကယ်တက်ခွင့်ရသည့်ကျောင်းကိုသိရသလို ထိုအချိန်မှာကျောင်းဖွင့်ရက်ကနီးကပ်နေပြီ။ ထိုအခါမှ အပြီးသတ်ပြင်ဆင်မှုတွေလုပ်ရ၏။ တတ်နိူင်သလောက် စိတ်ကူးယဉ်ကာအစွမ်းကုန်ပြင်ဆင်ကြသည့်အချိန်ဖြစ်မည်ထင်သည်။ ငွေကြေးချို့တဲ့သောကျွန်တော်တို့လိုအသိုင်းအဝိုင်းမျိုးတွင် ရေရှည်အတွက်အထိုက်အလျောက် ပူပန်ရသည့်တိုင် အပျော်နှင့်ဂုဏ်ယူမှုတွေကအလေးသာကြသည်။ စင်စစ် ထိုခေတ်ထိုအသိုင်းအဝိုင်း မိသားစုတစုတွင် တက္ကသိုလ်ပညာသင်ခွင့်ရသူတဦးရှိလျှင် အာဂ။ ဆရာဝန်အင်ဂျင်နီယာ ကျောင်းသားမျိုးဆိုလျှင် တိုင်းထက်အလွန်ဖြစ်ဆဲ။ ဦးဖိုးကျား၏ အခမဲ့ကူလီထမ်းခြင်းအကျိုးဝတ္ထုထဲက ကောလိပ်ကျောင်းသား မောင်သောင်း၏ အမေ နှမတွေလောက်မဟုတ်သည့်တိုင် မိသားစုအတွင်းမှတက္ကသိုလ်တက်မည့်သူကို မောင်ရင်လောင်းလို ကွမ်းတောင်ကိုင်လို ဦးစားပေးကြစမြဲ။ အဝတ်အထည်စာအုပ်စာရေးကရိယာမှစ အသုံးစရိတ်မုန့်ဘိုးအထိ။
သာမန်အားဖြင့် အဝတ်အစားချေးများလေ့မရှိသလို များများစားစားလည်းမရှိသော ကျွန်တော့်အတွက် တက္ကသိုလ်တက်ရန် အဝတ်သစ်အစားသစ်လိုအပ်လာပြီ။ ပြီးတော့တိုက်ပုံ။ တက္ကသိုလ်ကျောင်းသားအဖြစ် တိုက်ပုံကောင်းကောင်းလေး တထည်တလေတော့ရှိသင့်သည်မို့ စက်ချုပ်ဆိုင်မှာတစ်ပါတည်းအပ်ဖြစ်လေ၏ စကားစပ်မိ၍ပြောရလျှင် တက္ကသိုလ်မှာအမျိုးသားဝတ်စုံကိုတိုက်ပုံနှင့်မှ အနောက်တိုင်းဝတ်စုံကို လည်စည်းနှင့်မှ လက္ခံသောစည်းကမ်းရှိသည်ဟု အတည်ပေါက်ပြောသံကြားခဲ့ရဖူးသလို အနောက်တိုင်းဝတ်စုံကို လည်စီးနှင့်တကွဝတ်ပြီးကျောင်းတက်သူအချို့ကိုလည်း ကျွန်တော်တို့ခေတ်မှာ မြင်ခဲ့ရဖူးသည်။ ကျွန်တော်ကတော့ လေဟာပြင်မှောင်ခိုဈေးတန်းမှာအင်္ကျီအတွက်ဖေါ့ရှန်အဖြူနှင့် တိုက်ပုံအတွက် တက်ထရက်မီးခိုးရင့်ရောင်ဝယ်ပြီးရပ်ကွက်ထဲမှရင်းနှီးသောဆိုင်မှာချုပ်ခဲ့ခြင်းဖြစ်ကြောင်းမှတ်မိနေသည်။ ရှပ်အင်္ကျီလည်ကတုံးကို ငယ်ငယ်ကကျွန်တော့်ဖခင်ဝတ်လေ့ဝတ်ထရှိသည်ကိုမြင်ဘူးထားသည့်အတိုင်း ကြယ်သီးပေါက်နှင့် ခေါက်လက်နှင့်ဆိုင်ကိုအတော်ရှင်းပြချုပ်ထားပြီးကာမှ ကြယ်သီးရှာရခက်သည်နှင့်ကြုံရသေးသည်။ ကံအား လျော်စွာအနော်ရထာလမ်းလမ်းဘေးဈေးဆိုင်တဆိုင်တွင် နှစ်မျိုးစလုံး(ရှေ့နှင့်လက်ကြယ်သီးစုံ)ဝယ်ရခဲ့သဖြင့် ချုပ်ထားသောအင်္ကျီတွေမပစ်လိုက်ရသည်မှာလည်းအမှတ်တရဖြစ်လေသည်။
သို့နှင့် ‘တခုသောနံက်ခင်း၌ ရှပ်အင်္ကျီလည်ကတုံးအဖြူ မီးခိုးရင့်ရောင်တိုက်ပုံနှင့် ကချင်လုံချည်အနက်ကွက် တို့ကို အကျအနဝတ်ဆင်ထားသော လူငယ်တဦးသည် စမ်ချောင်းရပ်မကြီးကြီးလမ်းမှထွက်ကာ ပြည်လမ်းမကြီးကိုဖြတ်ကူးပြီးနောက် တဘက်စင်္ကြန်ရှိမဟာမြိုင်ဘတ်စကားမှတ်တိုင်ဆီသို့ဦးတည်၍လျှောက်လာ သည်ကိုတွေ့မြင်နိူင်ကြပေသည်။’ ဟု ရှေးရှေးဆရာကြီးများရေးခဲ့ဖူးသလိုရေး၍ရနိုင်သည့် ကျွန်တော့်တက္ကသိုလ်ပထမနေ့သို့ရောက်လေတော့၏။ ‘ရေညှိရောင်အင်းလေးလွယ်အိပ်လွယ်ထားသောထိုလူငယ်သည် ကျောင်းသားတဦးဖြစ်ပုံရသော်လည်း ဆံတန်းဘိနပ်အသစ်ကျပ်ချွတ်ကလည်း အသားမသေဟန်မရ ခွကျကျ ရှိလေရကား ခမျာမှာတောသူကြီးသားမြို့ဘုရားဖူးလာသည်နှင့် အပုံကြီးပို၍တူလှပေသည်’ ဟု ဆက်ရေးလျှင်ဖြစ်နိူင်မည်။ အကြောင်းမှာ ဆယ်တန်းမှစ၍တက္ကသိုလ်တတိယနှစ်တိုင်အောင် ကျွန်တော်ဆံရှည်ဂုတ်ဝဲ လမ်းသရဲပုံစံပေါက်နေခဲ့သောကြောင့်ဖြစ်၏။ လမ်းသရဲပုံစံဖမ်းသည်ဟုဆိုလျှင်ပိုမှန်မည်လားမသိ။ ထိုခေတ်က ယောက်ကျားလေးဆံပင်နည်းနည်းရှည်လျှင်လမ်းသရဲ (ဆိုးသွမ်းလူငယ်)ဟု သမုတ်ကြသည်ကိုသဘောမတူနိူင်သော ကျွန်တော်တို့လို ခပ်ရွဲ့ရွဲ့ခပ်စောင်းစောင်း လူငယ်အချို့ဆံရှည်ထားကြသည် (တချို့လည်း ကြည့်ကောင်းသည်ထင်၍ ထားခြင်းဖြစ်နိူင်သည်)။ ခေတ်ကလည်း ဟစ်ပီ (Hippy) ခေတ်ပေကိုး။ ဆံပင်ရှည်ရှည်ထားတဲ့ မောင့်ဘဝကိုခင်တွယ် တော်တန်ရုံမိန်းခလေးမစဉ်းစားပါတယ်ဆိုသော စတီရီယိုသီချင်းမျိုး ထွက်ပေါ်ခဲ့ဘူးသလို ဆံပင်ရှည်ထားတိုင်းလမ်းသရဲမဟုတ်ပါဟု တုံ့ပြန်ပြောဆိုသက်သေပြလိုသူတွေရှိခဲ့သည်။ သုံးနှစ်သုံးမိုး ဆံရှည်ကြီးနှင့်ကျောင်းတက်ခဲ့သည်မှာလည်းထိုသဘောပင်ဖြစ်ချေ၏။ မလိမ်မိုးမလိမ္မာ အတ္တ၏ပြယုဂ်တစ်ခုဟု ယ္ခုတော့သဘောပေါက်မိသလိုရှိလေသည်။
မဟာမြိုင်မှတ်တိုင်မှ အမှတ်(၈) ဘတ်စ (လင်းစဒေါင်း-အင်းစိန်) စီး၍ ကြို့ကုန်း ဘီပီအိုင်မှတ်တိုင်တွင် ဆင်းလျှင် ကျောင်းသို့ရောက်ပြီ။ ကားစီးချိန် နာရီဝက်မှမိနစ်လေးဆယ်။ ယာဉ်စီးခ (၂၀) ပြား (ဆူးလေ-အင်းစိန် အမြန်ဘတ်စကားဆိုလျှင် ဟံသာဝတီ-ဘီပီအိုင်(၃၀)ပြား)။ ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာ ကားကျပ်တတ်သော်လည်းသာမန်အားဖြင့်အဆင်ပြေပြေသွားလာ၍ရသည်။ တိုက်ပုံအင်္ကျီအသားကျဝတ် ဘတ်စကားအိန္ဒြေရရစီးကာကျောင်းသွားကျောင်းပြန်ဟန်ကြီးနိူင်ခဲ့သောထိုကာလမှာ မုန်တိုင်းကြိုကာလ၏တည်ငြိမ်ခြင်းမျိုးဖြစ်လင့်ကစား ကျွန်တော့်အတွက်အရာရာသည်မိန်းမောဘွယ်ရာ။ (စကားချပ်။ ဟာဝေယံရှပ် ခေါင်းလောင်းဘောင်းဘီခွာမြင့်ရှူးဘိနပ်တို့ဖြင့်စတိုင်ထွားသူတွေလည်းရှိကြ၏။ သို့ရာတွင် ထိုလူတန်းစားအများစုကဘတ်စကားမစီးချေ)။ သေချာပြန်စဉ်းစားတော့ ကျွန်တော်ယစ်မူး(လို)သောတက္ကသိုလ် တနည်း စိတ်ကူးထဲကတက္ကသိုလ်မှာ ကျွန်တော်တို့ရှေ့ကစံပြတက္ကသိုလ်တွေမို့ ပြောရလျှင်ပစ္စက္ခနှင့် အတန်ပင်ကွာဟနေပြီ။ သိုရာတွင်ကျွန်တော်ကစွဲမိစွဲရာစွဲတုံး ထင်ရာမြင်ရာပြောတုံး။ ထို့ကြောင့်ပင် ရှိစုမဲ့စုအပေါင်းအသင်းကြားမှာ ကျွန်တော်ကဖက်ရှင်ဟောင်းကြီး (Old-fashioned) ပမာ ရယ်စရာဖြစ်နေတတ်သည်ကိုလည်း အမှတ်ရမိသည်။ ကျောင်းသားဘဝတွင် ‘ထီးကောက်ကြီး’ ဟူသောအမည်ပြောင်ရသည်အထိ တိုက်ပုံအင်္ကျီ ထီးကောက်တကားကားနှင့်သွားလာနေထိုင်ဘူးခဲ့သောကျွန်တော် လုပ်ငန်းခွင်မှာထိုအတိုင်း စခန်းသွားမိသဖြင့် အထက်အရာရှိဖြစ်သူ မှ ‘နွားပွဲစားအင်ဂျင်နီယာ’ ဟု နောက်ကွယ်တွင်ထောမနာပြုခံရသည်လည်း ရှိခဲ့သည်။ ကျွန်တော်ကတော့ ရှင်သာရိပုတ္တရာကြီးပင်ကိလေသာကိုဝါသနာနှင့်တကွ မပယ်နိူင်ဆိုသော ကြားဘူးနားဝ စကားဖြင့် နူတ်လှံထိုးကာ ရေစွယ်တိုးသည့်အခြမ်းကကမ်းနားသစ်ပင်ဘဝကိုခံယူခဲ့သည်သာဖြစ်၏။
ထိုကမ်းနားသစ်ပင် ရေစီးကြောင့်ပြိုလဲကာမျောရပြန်တော့ ဦးစွာတင်သည့်ကမ်းကပြည်ပမှာ။ ထိုမှ ပြည်တော်ပြန် နွားပွဲစားအင်ဂျင်နီယာဘဝပြန်လည်ခံယူဘို့ ကျွန်တော်ပြန်လာသည်။ တစ်ရက် လုပ်ငန်းတခုအတွက် ညှိနှိုင်းရန်အလို့ငှါဌာနတခုသို့ကျွန်တော်သွားရ၏။ ရုံးကိစ္စဖြစ်သည့်ပြင် ဌာနကြီးမှူးကိုယ်တိုင် တက်ရောက်နိူင်သည်ဆိုသဖြင့် သင့်တင့်လျောက်ပတ်စွာ (ကျွန်တော့်အထင်) ဝတ်စားသွားသည်။ ရုံးသို့ရောက်ရှိ သတင်းပို့သောအခါ စာရေးဖြစ်သူကကျွန်တော့်အားခပ်စိမ်းစိမ်းကြည့်နေသည်ကိုသတိထားမိ၏။ နောက် အစည်းဝေးခန်းထဲမှာ အရင်ရောက်နှင့်နေသော ရင်းနှီးသူအရာရှိကြီးတဦးက ကျွန်တော့်ကို ‘ပင်နီတိုက်ပုံကြီးနဲ့ပါလားဗျ’ ဟု ရယ်ရွှန်းပတ်ရွန်းနှုတ်ဆက်သောအခါ ကျန်လူများ၏အဓိပ္ပါယ်အားဖြင့် မထင်ရှားသော အကြည့်တမျိုး ကျွန်တော့အပေါ်ဝေ့ဝဲလာကြပြန်ကုန်သည်။ ထိုအခါမှ ကျွန်တော်မှအပဖိတ်ကြားခံရသူပြင်ပစီးပွားရေးသမားအားလုံးမှာ ပေါ့ပေါ့ပါးပါးအဝတ်အစား (Casual Dress) တွေနှင့်သာဖြစ်သည်ကိုသတိပြုမိ၏။ တိုက်ပုံအင်္ကျီဝတ်ဆို၍အိမ်ရှင်အရာရှိကြီးများနှင့်ကျွန်တော်သာဖြစ်ကြကာ ယင်းတို့အနက် ကျွန်တော်တစ်ဦးသာ ပင်နီတိုက်ပုံနှင့်ဖြစ်လေသည်။ကံအားလျှော်စွာ ထိုလုပ်ငန်းညှိနိူင်းပွဲမျိုး ထိုတကြိမ်သာတက်ခဲ့ရသည်။ ဆရာစောကတော်ကြက်သားဟင်းမချက်တတ်၍မဟုတ် ကြက်သားဖိုးမတတ်နိူင်၍ဖြစ်သည် ဆိုသည်မျိုး ကျွန်တော်လုပ်ငန်းမလိုချင်၍မဟုတ်လုပ်ငန်း(ရှင်တွေ) ကကျွန်တော့်ကိုလိုချင်ပုံမရခြင်းကြောင့်ဖြစ်သည်။ သို့နှင့် ဒုတိယအကြိမ် ပြည်ပသို့ကျွန်တော်ထွက်ဖြစ်ခဲ့ပြန်၏။ မျောပေဦးတော့ မောင်ဗေဒါရေ။
သည်တခါပြည်တော်ပြန်လာတော့ တိုက်ပုံကိုကျွန်တော်မေ့မေ့ပျောက်ပျောက်ဖြစ်နေသည်။ အကြောင်း မညီညွတ်စွာ လူတောထဲဘောင်းဘီအဝတ်ကြာခဲ့သောကြောင့်ဖြစ်မည်။ မလိုအပ်တော့ (လူတောသူတောသိပ်မတိုးဖြစ်တော့) ခြင်းသည်လည်းတကြောင်းပါမည်။ လမ်းသွားလျှင် တိုက်ပုံအင်္ကျီလေးပါမှအထာကျသလို ဖြစ်ခဲ့သည့် ငယ်မူငယ်တွေးလေးတွေလွင့်ပြယ်ကြ၍လည်းဖြစ်နိူင်သည်။ နင့်ဟယ်ဒီအသက်ဒီအရွယ်လေးနဲ့ တိုက်ပုံကြီးတကားတကား လူကြီးပုံဖမ်းဖမ်းမနေစမ်းပါနဲ့ဆိုသော ဆွေမျိုးရင်းချာအမကြီးအဒေါ်ကြီးများ ခုနေမြင်လျှင် ဘာပြောကြမည်မသိ။ လူကြီး(လူအို)ပုံကဖမ်းစရာမလိုဖုံး၍ဖိ၍ပင်မရတော့ပြီလေ။ သည်ကြားထဲ တိုက်ပုံအင်္ကျီကို ချိတ်လုံချည်အဆင်ဆန်းတွေနှင့် တောက်ပစွာဝတ်ဆင်တတ်ကြသော မျက်နှာပြောင်ပြောင် လူတန်းစားတရပ်ကိုမြင်ပြီးစိတ်မထားတတ်ရာမှအဘိဇ္ဈာတွေပွားမိကာတိုက်ပုံနှင့်ကျွန်တော် အလှမ်းဝေးသွားသလိုခံစားရသေးသည်။ ထိုမှစွတ်ကျယ်လက်ပြတ် ပုဆိုးခါးပုံကျကွမ်းသွေးတပျစ်ပျစ်နှင့် အော်ကြီး ဟစ်ကျယ် ကိုရွှေစပယ်ယာတွေကိုမြင်ပြန်သောအခါ တိုက်ပုံအင်္ကျီဒိုဘီကျနှင့်ဟန်ပါပါစီးခဲ့ခြေခြေငံငံဆက်ဆံခံခဲ့ရဖူးသောတက္ကသိုလ်ကျောင်းသားဘဝက ဘတ်စကားတွေ စပယ်ယာ(လက်မှတ်ရောင်း)တွေကို (တိုက်ပုံနှင့်အတူ)လွမ်းမိသလိုလိုဖြစ်ရပြန်လေသည်။ သောင်စဉ်ရေမရတွေ ခိုင်းနှိုင်းပြောဆိုနေသည်ဟု ထင်လိုထင်နာလိုသူတွေနာကြပါစေ ကျွန်တော့်အတွက်တော့ ထိုမြင်ကွင်းတွေထက်ပို၍ပီပြင်သောခေတ်သရုပ်မရှိပြီ။
မကြာမီ ကျွန်တော်နှင့်တိုက်ပုံရှောင်လွှဲမရနိူင်သည့်ကာလတခုသို့ ရောက်လာခဲ့လေသည်။ ရင်းနှီးသော သူငယ်ချင်းတဦး၏သမီးမင်္ဂလာဆောင်ကိုမသွားမဖြစ်ကျွန်တော်သွားရမည်။ ဒါမျိုးကျ လူကြီးစင်စစ်ဖြစ်ပါလျက် လူကြီးပုံမဖမ်းမဖြစ်တော့။ ဗမာလူမျိုးတဦးအတွက်ဟုတ်သော်ရှိမဟုတ်သော်ရှိ တိုက်ပုံလေးဝတ်လိုက်လျှင် လူကြီးဆန်သွားပြီ။ ခက်သည်က ကျွန်တော့်မှာတိုက်ပုံအလွယ်တိုက်ပုံအလွယ်မရှိ။ ရှိသမျှတိုက်ပုံတွေက အသိမ်းလွန်နေကြရာ ထို (အလွန်တရာ) အသိမ်းအဆည်းသန်သူမရှိဘဲ ကျွန်တော်မရှာနိူင်။ အဝတ်အစားဆိုတာ မင်းအတွက်မင်းဝတ်တာမဟုတ်ဘူး သူများအတွက်မင်းဝတ်တာကွမှတ်ထားဟု ဝန်ထမ်းဘဝတုံးက ကျွန်တော် ပိုသီဖတ်သီနိူင်ပုံကိုကြည့်ကာ အားမလိုအားမရဆိုဆုံးမခဲ့ဖူးသော ဌာနမှူး၏စကားကို ယ္ခုမှနားလည်သလိုဖြစ်ကာတိုက်ပုံမပါဘဲသွားရမှာကိုလည်း ကျွန်တော်ဝန်လေးနေလေသည်။ ပြည်ပမှရောက်ကာစမို့ ပြည်ပဒွါဒရာ ဘောင်းဘီလည်စီးကြောင်ရှာသီးတွေနှင့် သွားရအောင်လည်း ကျွန်တော်အလေ့မထုံ အသားမကျ။ ကံအားလျှော်စွာ ပင်နီတိုက်ပုံခေါက်ရိုးကျတစ်ထည် ဘီရိုထဲမှာရှာတွေ့သဖြင့်ဘာဘာညာညာ မတွေးအားဘဲဝတ်စားကာ မင်္ဂလာပွဲသို့ရောက်ဖြစ်တော့၏။ ထိုတိုက်ပုံမှာတစ်ချိန်သောအခါက ဌာနဆိုင်ရာတစ်ခုသို့အလုပ်ကိစ္စအလို့ငှါအသွားတွင်ဝတ်ဆင်ခဲ့ဘူးပြီး အောင်မြင်စွာဆုတ်ခွာခဲ့ရဘူးသော တိုက်ပုံမှန်းသိသော်လည်း အပြောင်းအလဲခေတ်ခေါင်းထဲအသစ်တွေရောက်လောက်ပြီမို့ ပြာအလဲ့ဇာချဲ့မနေချင်တော့။
မင်္ဂလာဆောင်မှာကျောင်းနေဘက်သူငယ်ချင်းတွေပြန်ဆုံကြသဖြင့်ဟိုတုံးလိုရယ်မောပြောဆိုပျော်ရွှင်ကြရာ တယောက်သောသူကမင်းနိူင်ငံရေးလုပ်ဖို့ပြန်လာတာလားဟု တိုက်ပုံအင်္ကျီစကိုအသာအယာဆွဲ၍ရယ်ကျဲကျဲဖြင့်မေး၏။ ဒီလိုပါပဲကွာဟုခပ်ကြောင်ကြောင်ဖြေလိုက်ပြီးမှ အဓိပ္ပါယ်ပေါက်သလိုရှိသော်လည်း ပြန်လှန်မေးခွန်းမထုတ်တော့ဘဲတခြားအကြောင်းတွေသာပြောဖြစ်ခဲ့ကြလေသည်။ ထိုမှ မင်္ဂလာဆောင်နောက်တခုတွင်ကျောင်းပြီးကတည်းကမတွေ့ဖြစ်ကြသော သူငယ်ချင်းနောက်တဦးနှင့်ဆုံပြန်ရာအားရဝမ်းသာနှုတ်ဆက်ရင်း အချိန်မရသဖြင့်ထပ်မံဆက်သွယ်ဖို့အချိန်းအချက်ပြုခဲ့ကြ၏။ နောက်တနေ့သူ့ထံဖုန်းဆက်ပြီး မာကြောင်းသာကြောင်း မိသားစုအကြောင်း သူ့အကြောင်းကိုယ့်အကြောင်းတွေ ပြောဖြစ်ဆိုဖြစ်ကြပြန်လေသည်။ တနေရာတွင်သူက ခုခင်ဗျား XXX မှာလားဟု မေးလာ၏။ ပြည်သူ့အသည်းကျော်နိူင်ငံရေးပါတီကြီးတခုတွင် ပါဝင်ပတ်သက်သူတဦးအဖြစ် အထင်ခံရနည်းသလားဟု သဘောပိုက်နိူင်လျှင်မဆိုးသောမေးခွန်းဖြစ်လေသည်။ စင်စစ် ကျွန်တော်ကိုယ်တိုင် ထိုပါတီကိုနှစ်လိုသူတဦးဖြစ်သဖြင့် မေးခွန်းအတွက်စိတ်မကွက်သည့်တိုင် ဟိုနေ့ကသူငယ်ချင်း၏နိူင်ငံရေးလုပ်ဘို့ပြန်လာတာလားဟူသောမေးခွန်းနှင့် ယ္ခုမေးခွန်းတို့ကိုဆက်စပ်မိသောကြောင့် အနည်းငယ်တူးဆွလိုစိတ်ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် သူငယ်ချင်း၏အမေးကို ဘယ်ပါတီမှမဝင်ရပါဘူးဗျာ ဒါထက်ခင်ဗျားကဘာပြုလို့မေးတာတုံးဟု ဖြေမေးမေးလိုက်ဖြစ်လေသည်။ သူ့အဖြေက‘ဘာရယ်ဟုတ်ပါဘူး ကျောင်းမှာကတည်းခင်ဗျားဒါမျိုးဝါသနာပါတတ်တယ်မို့လား။ ပြီးတော့လဲ အဲသည်နေ့ ခင်ဗျားက ပင်နီတိုက်ပုံကြီးနဲ့ဆိုတော့’။ စိတ်မောသွားသည့်ကြားမှ ကျွန်တော်သူ့ကိုလေပြေကလေးဖြင့် ပြန်ပြောလိုက်၏။ “ဒါမျိုးဝါသနာပါတာနဲ့ ဒီပါတီဝင်စရာမလိုပါဘူးဗျာ။ ပြီးတော့ ကျွန်တော်ပင်နီတိုက်ပုံဝတ်တာကလည်း ခင်ဗျားပြောတဲ့ XXX ဆိုတာကြီးမပေါ်ခင်ကတည်းကပါ”။
ကျွန်တော်သည် အဝတ်အစားနှင့်ပတ်သက်လျှင်ခြိုးခြံလေ့ရှိသူ(နမော်နမဲ့နိူင်သူ)ဖြစ်၏။ သာဓကတခု အနေဖြင့် ဟိုခေတ်ကဝန်ထမ်းတိုင်းတက်ခဲ့ကြရသောဖေါင်ကြီးသင်တန်းခေါ် ပြည်သူ့ရေးရာဝန်ထမ်းလောင်းသင်တန်းတက်ခဲ့စဉ်ကအဖြစ်ကိုပြော၍ရမည်ထင်သည်။ သင်တန်းဝတ်စုံတွေထုတ်ပေးသည့်အခါ အများစုက မတော်မတန်တွေမို့ ကိုယ့််အစီအစဉ်နှင့်ကိုယ်ပြုပြင်ပြီးမှဝတ်ဆင်ကြရ၏။ ကျွန်တော်ကမပြုပြင်ဘဲ ပေးသည့်အတိုင်းသာဝတ်သည်တွင်ဘောင်းဘီမှာ ခါးတော်သော်လည်းတင်အဆမတန်ကြီးနေသဖြင့် အတော်ကြည့်ရ ဆိုးလေသည်။ တချို့ကသင်တန်းသူဝတ်စုံနှင့်မှားနေသည်ဟု ကျွန်တော့်ကိုစကြသည်။ ကျွန်တော်က ခွန်းတုံ့မပြန်။ သင်တန်းသူအားလုံးနီးပါးနှင့်သင်တန်းသားအချို့တို့ ကျောင်းမှပေးသည့်ဝတ်စုံကို ပြင်၍ပင်မဝတ်ဘဲ ကိုယ်ပိုင်ဝတ်စုံကို စိတ်တိုင်းကျချုပ်ပြီးသေသေသပ်သပ်ဝတ်စားနေကြချိန်မှာကျွန်တော်က ကျောင်းမှပေးသော ထိုဝတ်စုံမတော်တရော်ဖြင့်စစ်ရေးပြကွင်းမှာစာသင်ခန်းတွေမှာစာသူငယ်ကြားဠင်းတနားသလို တဆောင်တည်းနေသူ တပ်စုတစုတည်းအတူသွားအတူလာနေကြရသူတွေအကြား ထီးထီးကြီးဖြစ်နေခဲ့ဖူးသည်။ အဝတ်အစားနှင့်ပတ်သက်၍ နှစ်ပေါင်းသုံးဆယ်ကျော်ကအမှတ်တရတစ်ခု။
ယ္ခုအခိုက်အတန့်မှာတော့ (ပင်နီမဟုတ်သော) တိုက်ပုံတထည်အသစ်ချုပ်ရကောင်းမည်လားဟု ကျွန်တော် စဉ်းစားနေလေသည်။
No comments:
Post a Comment