Wednesday, April 20, 2016

ကျွန်တော်နှင့်စမ်းချောင်း (၄)



ဝါးခယ်မမှာ လေးနှစ်ကျော်နေဖြစ်ခဲ့သော်လည်း ပထမနှစ်နှစ်သာ စမ်းချောင်းနှင့်အဆက်အသွယ်ပြတ်ခဲ့ပြီး ကျန်နှစ်နှစ်မှာအသွားအလာရှိခဲ့သည်။ ပထမဆုံးအကြိမ်ပြန်စဉ်က စမ်းချောင်းမှာသုံးလေးလကြာမျှနေဖြစ်ခဲ့၏။ ဖေဖေဆေးရုံတက်ရသဖြင့် ကျွန်တော်တို့ပါလိုက်လာကြရခြင်းဖြစ်ကာ (လူမမယ်တွေမို့နေခဲ့၍မဖြစ်) ထိုမှာပင်ဖေဖေဆုံးသဖြင့် မြေချရက်လည်ဆွမ်းသွပ်ပြီးမှပြန်ကြသည်။ နောက်တစ်နှစ်နွေရာသီကျောင်းပိတ်ရက်အစ်ကိုကြီးကိုကူညီဖို့ခေတ္တပြန်လာရ၏။ အစ်ကိုကြီးကဖေဖေဆုံးပြီးကတည်းက ဝါးခယ်မ မပြန်တော့ဘဲရန်ကုန်မှာ လူငယ့်ရေးရာညကျောင်းတက်ရင်းအလုပ်လုပ်နေသည်။ ထိုမှ ပြန်လာပြီးနောက် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာမိသားစုအားလုံးရန်ကုန်သို့ အပြီးအပိုင်ပြန်လည်ပြောင်းရွှေ့ခဲ့ကြ၏။ 

ရန်ကုန်မှသွားစဉ် ကျွန်တော့်အသက် ၈ နှစ်၊ ဖခင်ဆုံးတော့ ၁၀ နှစ်၊ ဝါးခယ်မှရန်ကုန်သို့ ပြန်ရောက်ချိန်တွင် ၁၂ နှစ်ရှိပြီ။ လူမှုရေးစိတ်ပညာအလိုအရ ငါးနှစ်အရွယ်ထိကလေးများ၏ပတ်ဝန်းကျင်သည်သူတို့၏စရိုက်ဖြစ်လာပြီး ထိုမှဆယ်ကျော်သက်အထိမှာပုံသွင်းကာလများ (Formative years) ဖြစ်ကြသည်။ ကျွန်တော့်ကလေးဘဝ ပုံသွင်းကာလများတွင် ထူးခြားချက်အဖြစ်ဇာတိမြေမှအဖန်ဖန်ခွဲခွာရခြင်း ဖတဆိုးဖြစ်ရခြင်းတို့ကိုတွေ့ရသည်။ ထို ယသောအယသောလောကဓံသည်ကျွန်တော့်ဘဝခရီး၌အကြီးအမှူးဖြစ်ပုံရခဲ့သလို ကျွန်တော့်လူမှုရေးစိတ္တဇအားအဓိကလွှမ်းမိုးချယ်လှယ်ခဲ့ပုံလည်းရ၏။ လူတောမတိုးခြင်းနှင့်မိသားစုအပေါ်ကပ်ငြိတွယ်တာလွန်းခြင်းတို့မှာ ထိုလွှမ်းမိုးမှု၏ထွက်ပေါက်များဖြစ်မည်ထင်သည်။

တိုင်းပြည်နှင့်ချီလျှင်တော့ ထိုကာလအတွင်းသမိုင်းဝင်ထင်ရှားသောအုပ်ချုပ်ရေးစံနစ်အပြောင်းအလဲဖြစ်ခဲ့ပြီး အာဏာအခြေပြုအစိုးရတစ်ရပ်ပေါ်ထွန်းလာသည်။ ထိုစံနစ်ထိုအပြောင်းအလဲကကျွန်တော့်ဘဝရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတို့အပေါ်မည်မျှအကျိုးသက်ရောက်မှုရှိခဲ့သည်ကို သုံးသပ်ရခက်သော်လည်း တစ်တိုင်းပြည်လုံးနှင့်အတူချမ်းသာမပေးခဲ့တာတော့သေချာသည်။ သို့သော် နုစဉ်ကာလမှာသူလည်းအစမို့ရိုးသလို ကိုယ်လည်းဥမမည်ဇာမမြောက် တိုင်းပြည်ကလည်းဓနလက်ကျန်လေးတွေ ဟန်ကျပန်ကျနှင့်မို့ အားလုံးနေသာထိုင်သာရှိခဲ့ကြပုံပင်။ တနည်းကျွန်တော့်ငယ်ဘဝပညာစာရိတ္တအရာမှာ သိသိသာသာအနှောက်အယှက်မဖြစ်ခဲ့။ ဝါးခယ်မရောက်စ ပထမနှစ်နှစ်ဆိုလျှင်ကျောင်းနေဘဝ၏အပျော်ဆုံးနေ့များဟု သတ်မှတ်နိုင်သည်အထိ အပူအပင်ကင်းခဲ့၏။ 

သင်တွေး အံရွတ် တပည့်ဝတ်နှင့် ညီညွတ်သူအဖြစ်ဆရာတွေ၏ ချစ်ခင်မှုကိုခံရသည်။ ပညာရည်တိုးတက်မှုအစီရင်ခံစာတိုင်း မိဘများပြုံးပျော်စွာလက်မှတ်ထိုးနိုင်ခဲ့သည်။ အမေလက်မှတ်ထိုးလျှင် နာမည်ကိုပဲပင်ပေါက်လက်ရေးနှင့် စာရေးသလိုချရေးတတ်သောကြောင့် စိတ်ထဲသိပ်မကြိုက်ချင်သော်လည်း အမေရှက်သွားမည်စိုးကာ မဝေဖန်ခဲ့။ ဖေဖေကျတော့ စာတတ်ပေတတ်ကြီးမဟုတ်သည့်တိုင် လက်မှတ်လှလှလေးထိုးတတ်သည်။ ထို့ကြောင့် ဖေဖေခရီးထွက်ရာမှပြန်ရောက်သည့်အချိန်ရီပို့ကဒ်ရပြီးဖေဖေ လက်မှတ်ထိုးသည့်အခါအလွန်ပျော်သည်။ သားအဖတစ်တွေသည်လိုနေဖို့ အချိန်များများမကျန်တော့ဆိုသည်ကို အဖေရောသားသမီးများပါမသိခဲ့ကြ။

#                  #

စင်စစ် ဖေဖေကွယ်လွန်ရခြင်း၌ကံအပါအဝင်အကြောင်းတရားများစွာပေါင်းဆုံကြမှာသေချာသော်လည်း နောက်ဆုံးကောက်ရိုးမြှင်မှာ ကျန်းမာရေးကိုဘဝတက်လမ်းအတွက် ခေတ္တခဏဘေးချိတ်ထားလိုက်ခြင်းဖြစ် သည်ဟု ပြောလျှင်ရမည်ထင်ပါသည်။ တော်လှန်ရေးအစိုးရလက်ထက်စံနစ်သစ်ပညာရေးနှင့်အတူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ အစဉ်အလာသွားဘက်ဆိုင်ရာကျွမ်းကျင်လက်မှတ်သင်တန်းအား နောက်ဆုံးအကြိမ်အဖြစ်ပြုလုပ်ပေးခဲ့၏။ ဘွဲ့ရဆရာဝန်များပေါ်ထွက်လာတော့မည်မို့ ကျွမ်းကျင်မှုဖြင့်လုပ်ကိုင်စားသောက်နေသူတို့အဖို့ အသိအမှတ်ပြုလက်မှတ်ရှိမှသာလျှင်ရပ်တည်ရှင်သန်နိုင်မည်ဖြစ်ကြောင်းတွက်ဆမိသူဖေဖေသည် ထိုသင်တန်းကိုမဖြစ်မနေတက်၍ ပြီးမြောက်အောင်မြင်အောင်ကြိုးပန်းခဲ့လေသည်။ 

သင်တန်းကာလခြောက်လသာဖြစ်သော်လည်း ပညာရပ်နယ်ပယ်မို့မလွယ်ကူ။ အလယ်တန်းပညာလောက် သာပေါက်ရောက်ခဲ့သူ ဖေဖေ့အတွက်အခက်အခဲလွန်စွာကြီးမားမှာသေချာသည်။ သည်ကြားထဲ မိသားစုက အဝေးမှာ။ ၁၉ လမ်းပေါက်ဟုအမျိုးတွေကပြောလေ့ရှိသော ၁၉ လမ်းဇာတိမို့ ရန်ကုန်နှင့်မစိမ်းသလို လမ်းမတော်နေအစ်မလတ်အိမ်မှာတည်းခိုနိုင်သဖြင့် သင်တန်းရှိရာရန်ကုန်ဆေးရုံကြီးဝင်း (သွားရောသွားရောဂါကုဌာန) သို့ သွားလာရေးအဆင်ပြေသည့်တိုင်ကိုယ့်အိမ်ကိုယ့်ယာလိုနေထိုင်နိုင်မည်မဟုတ်။ တိုတိုပြောရလျှင် သင်တန်းတစ်ဘက်နှင့် ဖေဖေအအိပ်မမှန်အစားမမှန်ဖြစ်ကာ ရောဂါဝင်လာသည်။ ထိုရောဂါကိုပင်အောင့်အည်းပြီးစစ်ဆေးကုသမှုမျိုးမလုပ်ခဲ့ရာ သင်တန်းပြီးပြီးခြင်းဆေးရုံတက်ရသည့်အခြေဆိုက်ခဲ့သည်။ သင်တန်းကိုတော့အောင်မြင်စွာပြီးစီးခဲ့ပြီး သွားဘက်ဆိုင်ရာကျွမ်းကျင်လက်မှတ် (CDP) ရရှိနိုင်ခဲ့၏။

သည်တွင်အမေ့အခန်းကဏ္ဍကအရေးပါလာပြန်သည်။ စင်စစ် ကျွန်တော်နှင့်တကွ သားသမီးအားလုံးအတွက် အမေ့အခန်းကဏ္ဍကြီးမားပုံကို စာဖွဲ့၍ကုန်နိုင်မည်ပင်မဟုတ်။ ရန်ကုန်မှာတုန်းက ဖေဖေခရီးလွန်ကာအိမ်ပြန်မရောက်သည့်အခါ မိသားစုစားဝတ်နေရေးကိုအမေပင်ဦးဆောင်ခဲ့ပြီး ဝါးခယ်မတွင်သက်သောင့်သက်သာနေရမည်ကြံရုံရှိသေး ဖေဖေကသင်တန်းတက်မည်မို့ ဝင်ငွေမရှာနိုင်သည့်အတွက်  အမေပင်လှုပ်ရှားရပြန်သည်။ ရန်ကုန်မှာလို ဆိုင်ထွက်ဈေးရောင်းခြင်းမဟုတ်။ အမေ့ဇာတိမို့ ဆွေမျိုးညာတိတွေပေါသည့်အထဲမှာ ဆေးပြင်းလိပ်လုပ်ငန်းရှင်အချို့ပါဝင်လေရာ အမေသည်ကမ်းနားလမ်းရှိအမျိုးဆေးလိပ်ခုံတစ်ခုံမှဆေးလုံးလုံးသည့်အလုပ်ကို အိမ်မကွာအိုးမကွာယူလုပ်လေသည်။ 

ထိုလုပ်ငန်းမျိုးကိုလုပ်နေကျဆေးလိပ်ခုံအလုပ်သမများရှိသဖြင့် သာမန်အားဖြင့်အိမ်ကိုပေးမလုပ်။ သို့သော် အမေ့အခက်အခဲကိုစာနာကာ (သူတို့ပြောစကားကြားဖူးသလောက်) ဆွေမျိုးရင်းချာတွေလည်းဖြစ်သောကြောင့် အိမ်ယူလုပ်ခွင့်ရခြင်းဖြစ်လေသည်။  စာပွဲတစ်လုံးပေါ်တွင် ဆေးးရွက်ကြီးများကိုဖြန့်ကာ တစ်ရွက်ချင်းဆွဲဆန့်ပြီး ထပ်ကာထပ်ကာဖိ၍လိပ်ခြင်းဖြင့် လက်ကောက်ဝတ်လောက်ဆေးလုံးတွေရသည်။ ထိုဆေးလုံးများအား တစ်ရွက်ချင်းပြန်ခွာလိုက်လျှင် ဆေးပြင်းလိပ်လိပ်ရန်အသင့်ညီညာပြန့်ပျူးသောဆေးရွက်များကိုရလေသည်။ အမေ့အလုပ်က ဆေးရွက်များကို ပိဿာချိန်ဖြင့်ယူကာ လုံးပြီးသားဆေးလုံးတွေပြန်သွင်းခြင်းပင်ဖြစ်၏။ ထိုအလုပ်ကိုဖေဖေသင်တန်းတက်စဉ်စားဝတ်နေရေးအတွက်လုပ်ရာမှ သင်တန်းပြီး၍ ဖေဖေကျန်းမာရေးမကောင်းသဖြင့် အလုပ်ပုံမှန်မလုပ်နိုင်သည့်အခါ တစ်ဘက်တစ်လမ်းဝင်ငွေအတွက်ဆက်လုပ်ရ၏။

စီဒီပီလက်မှတ်ကဆေးထိုးအပ်တရားဝင်ကိုင်ဆောင်အသုံးပြုခွင့်ရှိသဖြင့် သွားစိုက်သွားနုတ်လုပ်ငန်းတွေမှာ ထုံဆေးကိုဖျန်းရုံသာမဟုတ်ထိုးဆေးပါသုံးနိုင်မည်ဖြစ်ရာ လုပ်ငန်းပိုတွင်ကျယ်သည့်အပြင် လက်မှတ်ရမို့ယုံကြည်ကိုးစားမှုပိုမိုရရှိသည်။ ဖေဖေကကျန်းမာရေးကောင်းသည်နှင့် မြို့လည်တွင်အခန်းငှါးပြီးဆေးခန်းဖွင့်ရန်အားခဲပြင်ဆင်နေသည်။ ထိုအတွင်း မိတ်ဟောင်းမိတ်သစ်များကိုအိမ်မှာပင်လက္ခံ၍ နားနားနေနေအလုပ်လုပ်ရင်း သူ့ရောဂါ (ပေါင်တွင်းအကျိတ်) ကို ဆေးနည်းတိုတွေနှင့်ကုသည်။ မသက်သာသည့်အခါ ဝါးခယ်မဆေးရုံသို့တက်ရောက်ကုသသည်။ ထိုသတင်းကြားသော ဒေါ်ကြီးတို့သားအမိ ဝါးခယ်မသို့လိုက်လာကြပြီး ဖေဖေ့ကိုတစ်ပါတည်းခေါ်ကာ ရန်ကုန်တွင်ဆေးရုံတက်ဖို့တိုက်တွန်းသည်။ ဖေဖေကမလိုက်။ နောက်ပိုင်း ဝါးခယ်မဆေးရုံက ခရိုင်ဆေးရုံ (မြောင်းမြ) သို့ ညွှန်းလာသောအခါတွင်မှ မြောင်းမြသွားမည့်အတူတူ ရန်ကုန်သွားရန်ဆုံးဖြတ်ပြီး ဖေဖေနှင့်အစ်မကြီးတို့သွားကြသည်။  

ကျွန်တော်အပါအဝင်အငယ်‌တွေကို‌စောင့်ရှောက်ရသည်မို့အမေလိုက်မသွားနိုင်ခဲ့။ ဆေးရုံဆင်းသောအခါ ဝါးခယ်မပြန်လာပြီး ယခင်အတိုင်းအိမ်မှာပင်အလုပ်လက္ခံလုပ်ရင်း ကောင်းနိုးရာရာမြန်မာဆေးဆရာတွေနှင့်ပြပြန်သည်။ ရောဂါကတော့သက်သာသည်မရှိ။ ကျွန်တော်လေးတန်းတက်စလောက်တွင်မူ မခံမရပ်နိုင်ဖြစ်လာပြီး ဆေးရုံရက်ချိန်းကလည်းပြည့်ပြီမို့ ရန်ကုန်သို့သွားကာဆေးရုံတက်ရ၏။ ခွဲစိပ်မည်ဆိုပြီးလှမ်းခေါ်သဖြင့်အမေလိုက်ရမည်။ အစ်ကိုကြီးကလည်း ကိုးတန်းကျပြီးစစ်ထဲဝင်တော့မည်ဆိုကာရန်ကုန်ရောက်နေပြီ။ ကြမ္မာဆိုးသည်အဖေါ်အပေါင်းနှင့်လာလေ့ရှိသည်ဆိုသောစကားမှာ ထိုအချိန်ကျွန်တော်တို့မိသားစုအတွက်ဖြစ်နေသည်လားပင်အောက်မေ့ရ၏။ သို့သော် ငယ်သေး၍လားမသိကျွန်တော်စိတ်ပူပန်ဆင်းရဲခဲ့သည်ဟူ၍မမှတ်မိ။ မမြင်နိုင်သောဒဏ်ရာဒဏ်ချက် (ဆရာကြီးရွှေဥဒေါင်းပြောခဲ့ဖူးသည့်ဆူး) တွေ ကျန်ရစ်သည်မျိုးတော့ရှိကောင်းရှိခဲ့ပေမည်။

ဖေဖေ့ထံသို့လိုက်ရမည်ဆိုသောအခါ ကျွန်တော်အပါအဝင်လူမမယ်လေးယောက်ကိုထားခဲ့၍မဖြစ်။ အမေ့အမေ ကျွန်တော်တို့အဖွားနှင့်အမေ့မောင်တို့ရှိသော်လည်း အမေသည်သူတို့ကိုဒုက္ခပေးရမှာစိုးပုံရသည့်အပြင် ကျွန်တော်တို့ကိုလည်းစိတ်မချ။ သို့နှင့်ကျောင်းသားများဖြစ်သော အစ်မငယ်နှင့်ကျွန်တော်တို့အတွက်ခွင့်တိုင်ကာ သားသမီးအားလုံးခေါ် ပြီး ရန်ကုန်သို့လာခဲ့ကြလေသည်။ စမ်းချောင်းကိုစွန့်ခွာပြီးနှစ်နှစ်အကြာ စမ်းချောင်းကိုပြန်ရောက်တော့ ဧည့်သည်နေဧည့်သည်စားဖြစ်သွားပြီမို့ အမေဆိုင်မထွက်သလိုကျွန်တော်တို့လည်း ကျောင်းမတက်ကြ။ အစ်ကိုကြီးကနေ့ရောညပါဆေးရုံစောင့်ရသည်။ 

စင်စစ် သူသည်ပြည်လမ်းစစ်သားစုဆောင်းရေးတပ် (ယခုပြည်သူ့ဥယျာဉ်တည်ရှိရာနေရာ) သို့ပင်ရောက်ရှိနေခဲ့ပြီးဖြစ်ရာ အဖွားကိုယ်တိုင်တူတော်သူတပ်အရာရှိတစ်ဦးထံဝင်ရောက်တွေ့ဆုံကာအကျိုးအကြောင်းရှင်းပြပြီး နုတ်ထွက်ခွင့်တောင်းခံလျက် ပြန်ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ အမေနှင့်အစ်မနှစ်ယောက်ကလူမမာအတွက်ချက်ပြုတ်ရင်း ဒေါ်ကြီးတို့ဆိုင်ကို တစ်ဘက်တစ်လမ်းကူညီကာ ညနေဧည့်သည်ချိန် ဆေးရုံသွားဝတ္တရားမပျက်ကြ။ ဆေးရုံစည်းကမ်းအရ အသက် ၁၂ နှစ်မပြည့်သေးသောကျွန်တော် လူနာနှင့်တွေ့ခွင့်မရှိ။ သို့ဖြစ်ရာ စမ်းချောင်းတွင်နေခဲ့သမျှ ထိုကာလသည် ကျွန်တော့်အတွက်အအားလပ်ဆုံးအခိုက်အတန့်ပင်ဖြစ်လေသည်။

#                  #

နေ့လည်နေ့ခင်း သူငယ်ချင်းတွေကျောင်းသွားနေကြချိန် ကျွန်တော်အိမ်မှာနေရင်း (ဒေါ်ကြီးသမီး) ကျွန်တော့် အစ်မဝမ်းကွဲ၏ စာအုပ်စင်တွင်တွေ့သမျှ စာစောင်မဂ္ဂဇင်းနှင့်ဝတ္တုတွေဖတ်သည်။ စာဖတ်ရင်း ငြီးငွေ့လာလျှင် လမ်းထိပ်ဒေါ်ကြီးဆိုင်သို့သွားကာ လက်တိုလက်တောင်းကူညီသည်။ များသောအားဖြင့်အချဉ်လုပ်ရန် ကြက်သွန်ခွာခြင်းခေါက်ဆွဲထုပ်ရန်တောင်စွန်ဖက်များကိုအဝတ်သန့်သန့်ရေဆွတ်၍သုတ်ခြင်း တို့ဖြစ်၏။ ညနေရောက်လျှင် လမ်းပေါ်ထွက်သူငယ်ချင်းများနှင့်ကစားသည်။ ထွေခင်း ခွက်ပြစ် စိန်ပြေး ကစားနည်းတွေအပြင် ဖန်ဂေါ်လီ သားရေကွင်းပြစ် ကျောက်ဒိုးရိုက်စသည့်အနိုင်အရှုံးရှိသည့် ကစားနည်းတွေပါပါဝင်သည်။

တစ်ခါတစ်ရံလူကြီးတွေကစားသည့် မျောက်ပန်းဝိုင်းတောက်ခုံဝိုင်းများသို့ သွားရောက်ငေးမောသည်။ အမေသိပြီးအဆူခံရသည့်အတွက် နောင်ထိုလူကြီးဝိုင်းများသို့မသွားဖြစ်တော့ သို့သော်အဆော့ကတော့မရပ်။ ကျောင်းပိတ်ရက်ညဦးပိုင်းလူစုံသည့်အခါတိုင်း သူခိုးပုလိပ်ကစားကြခြင်းမှာ ပို၍အမှတ်ရစရာဖြစ်လေသည်။ ရှိသမျှကစားသူဦးရေအားနှစ်ဘက်အညီအမျှခွဲ၍ ကျားဗိုလ် (ဗိုလ်ကျားသေနပ်) ဆွဲပြီး သူခိုးဘက်ပုလိပ်ဘက်ခွဲခြားသတ်မှတ်ကာ သူခိုးအဖွဲ့ရှေ့မှပြေးသည်ကိုပုလိပ်အဖွဲ့နောက်ကလိုက်ခြင်းဖြစ်၏။

စိန်ပြေးတန်းကစားနည်းနှင့် ဆင်သော်လည်းမတူ။ စိန်ပြေးတမ်းကစားလျှင်တစ်ဦးကလိုက်အများကပြေးကာ မိသူကပြန်လိုက်ရ၏။ သူခိုးပုလိပ်ကစားနည်းက အဖွဲ့လိုက်မို့သူခိုးတွေအားလုံးမိသည်အထိ ပုလိပ်အဖွဲ့ကလိုက်ရသည်။ ကစားသည့်နယ်နိမိတ်ကလည်းပိုကျယ်သည်။ စိန်ပြေးတမ်းကဓာတ်တိုင်နှစ်တိုင်ကြားဆို အလွန်ဆုံး။ သူခိုးပုလိပ်ဆိုလျှင်တစ်ရပ်ကွက်သည်အကျဉ်းဆုံး။ တစ်ခါတစ်ခါအချိန်ရလျှင် (စောစောကစားဖြစ်လျှင်) ဟိုဘက်သည်ဘက်ရပ်ကွက်တွေအထိ နယ်ကျော်၍ပြေးကြပုန်းကြရာ အချိန်အလွန်ကုန်ကာပျော်စရာအလွန်ကောင်းသလို (ခုပြန်စဉ်းစားမိသည့်အခါ) အန္တရာယ်လည်းအလွန်များလှ၏။ အုပ်စုလိုက်ကစားကြသည်ဆိုသော်လည်း များသောအားဖြင့် ပြေးရင်းလိုက်ရင်း ပုန်းရင်းရှောင်ရင်း လူကွဲကာတစ်ယောက်ချင်းစီဖြစ်သွားတတ်သည်။ 

သို့သော် ခုခေတ်လိုကလေးသူခိုး ကလေးပြန်ပေးစသည်တွေမရှိသဖြင့် ကျွန်တော်တို့လွတ်လပ်စွာဆော့ကစားနိုင်ခဲ့ကြသည်။ ပသျှူးခေါင်းပြတ်လိုကောလာဟာလမျိုးကိုတော့ ဟိုတုံးကတည်းကကျွန်တော်တို့မကြောက်။ ကျွန်တော်တို့ကြောက်သည်မှာ ခွေးဆိုးသောလမ်းနှင့် သူရဲခြောက်သည်ဟု နာမည်ကြီးသောအိမ်အချို့ပင်ဖြစ်လေသည်။ ဤသည်တို့ကိုကျော်လွှားရန်လည်းကျွန်တော်တို့မှာ နည်းလမ်းရှိပြီးသား။ ခွေးဆိုးသည့်လမ်းဆိုလျှင်ကွင်းရှောင်သွား။ သူရဲခြောက်သည့်အိမ်ရှေ့ကမဖြစ်မနေဖြတ်ရမည် ဆိုလျှင် သမ္ဗုဒ္ဓေရွတ်ပြီးဘေးဘယ်ညာမကြည့်ဘဲမပြေးရုံတမည်ဖြတ်သွားခြင်းသာဖြစ်လေသည်။

ကျွန်တော်တို့ကလေးတွေညဘက်ကစားရာတွင်မပြောနှင့် အတန်မှောင်လျှင်ပင်ရှောင်သော နေရာတစ်ခုရှိသေးသည်။ ဗားကရာလမ်းသည်ဘက်ခြမ်းရှိ ရှမ်းလမ်းထောင့်ဖြစ်၏။ ဗားကရာလမ်းဘက်မှအဝင် ရှမ်းလမ်းညာဘက်ခြမ်းတွင် ကရင်သင်္ချိုင်းကုန်းဟုကျွန်တော်တို့ခလေးတွေခေါ် ပြီး  လူကြီးများကစာဖြူသချိုင်းဟုခေါ် လေ့ရှိသော ခရစ်ယာန်သုဿန်‌ဟောင်းရှိကာ သယ်ဘက်ခြမ်းမှာဦးပန်ချာဆိုင်ရှိသည်။ တစ်စုံတစ်ယောက်က သူ့မှာကားရှိသည် သို့မဟုတ်ကားဝယ်လိုက်သည်ဟု ကြွားသည့်သဘောပြောလာလျှင် ဘာကားလဲဦးပန်ချာကားလားဟုနောက်ပြောင်ပြက်ရယ်ပြုကြလေ့ရှိသည့် ထိုခေတ်ကဦးပန်ချာမှာအသုဘယာဉ်ငှါးသူနှင့်အခေါင်းရောင်းသူဖြစ်၏။ နိဗ္ဗာန်ယဉ်လုပ်ငန်းဟုဆိုင်းဘုတ်တင်ထားသည့် အတန်ကျယ်ဝန်းသောဦးပန်ချာ၏ဆိုင်တွင် ကနုတ်ပန်း သစ်သားပန်းပုများဖြင့် တန်ဆာဆင်ပြီးမှန်ကြည်အပြည့်ကာသည့် အသုဘယာဉ်တစ်စင်းစနှစ်စင်းစနှင့် အသင့်စပ်ထားသောခေါင်းတလားများကိုပြသထားသည်။ 

အသုဘကိစ္စဦးပန်ချာကားကိုငှါးလျှင် ဗောင်းထုတ်ဆောင်းဝတ်စုံပြည့်ဝန်ထမ်းလေးဦးကမော်တော်ယာဉ်ထောင့်လေးထောင့်တွင်စတိုင်ကျကျမတ်တပ်ရပ်လိုက်ပါလျက် တလားထမ်းသည့်အလုပ်ကိုဝန်ဆောင်မှုပေးသည်။ စင်စစ်ဦးပန်ချာဆိုင်နောက်ကျောဘက်ရှိတောင်ကုန်းသည်ပင်လျှင် ဦးလူလေးကုန်းဟုခေါ်တွင်သော ဦးလူလေးပိုင်သည့် (ရှေ့ခေတ်အခေါ်) စန္ဒာလသို့မဟုတ်သုဘရာဇာကုန်းဖြစ်လေသည်။ ကလေးမပြောနှင့်အသဲငယ်တတ်သည့်လူကြီးများပင် ညရေးညတာထိုရှေ့ကဖြတ်တိုင်း သရိုးသရီဖြစ်ကြရကြောင်းကြားဖူး၏။ ဦးလူလေးကုန်းနှင့်စပ်လျဉ်း၍အရပ်ပြောပါးစပ်ပြော လွမ်းမောဖွယ် (ဖြစ်ရပ်မှန်) ပုံပြင်တစ်ခုကိုလည်းရှာရှာပေါက်ပေါက်ကျွန်တော်ကြားဖူးခဲ့၏။ ဦးလူလေးတို့မှာ အလွန်တရာ ချောမောလှပသော မနှင်းမေ ဆိုသည့်သမီးလေးတစ်ဦးရှိသည်။ အကြောင်းအားလျော်စွာ ထိုသမီးကိုမြင်တွေ့ဆက်ဆံဖူးသူတိုင်းက ရုပ်ရည်ချောမောသလောက် စိတ်ထားဖြူစင်ကာနှစ်လိုဖွယ် ကောင်းသူတစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။ 

မနှင်း‌မေ အရွယ်ရောက်သောအခါ ချစ်ခင်စုံမက်သူတွေရှိကြသော်လည်း (စန္ဒာလသမီးမို့) မည်သူမျှလက်မဆက်ရဲ။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာကြသော ဦးလူလေးတို့ခမျာသမီးကိုတည်တည်တံ့တံ့ပေါင်းသင်းမည့်သူရှိလျှင်ရွှေငွေစည်းစိမ်မည်၍မည်မျှလက်ဖွဲ့ပါမည်ဟု တစ်ဆင့်စကားဖြင့်ဖူးစာရှင်ရှာဖွေသည့်တိုင်မတွေ့နိုင်သဖြင့်သောကရောက်ကြရပုံအကြောင်းဖြစ်၏။ တလောကဖတ်ရှုလိုက်ရသောဆရာသော်တာဆွေ၏ စာတစ်ပုဒ်အရမူ ဦးလူလေးသည်မနှင်းမေ၏ဖခင်မဟုတ်ဖူးစာရှင်သာဖြစ်ကြောင်းသိရသည်။ အမေ့ပုံပြင်နှင့်ဆက်စပ်ကြည့်လျှင်မျိုးရိုးမှလွဲလျှင်အရာရာပြည့်စုံသောမနှင်းမေကိုအယူမသီးတတ်သောမောင်လူလေးလက်ဆက်ခဲ့ရာမှ သူတို့မျိုးရိုးထဲရောက်သွားပြီးထိုနေရာပါသူ့အမည်တွင်သွားခဲ့ခြင်းဖြစ်နိုင်သည်။ 

ပဒေသရာဇ်ခေတ်ကြွင်းအယူအစွဲတို့၏ အနိဋ္ဌာရုံတစ်ရပ်ပင်ဖြစ်ပေသည်။ သည်အကြောင်းကိုရှေးမဆွကပင် ဆရာကြီးမဟာဆွေစသည့် စာရေးဆရာကြီးများကလူလူချင်းအဆင့်အတန်းခွဲခြားသည့်စံနစ်အပေါ်ဝေဖန်ထောက်ပြရေးသားကြဖူး၏။  တော်လှန်ရေးကောင်စီလက်ထက် လူမှုတော်လှန်ရေးတစ်ရပ်အဖြစ် ဆင်နွှဲကာ တိုက်ဖျက်ခဲ့သည့်နောက်ပိုင်းတွင်မူ တစ်စထက်တစ်စပျောက်ကွယ်သလောက်ဖြစ်သွားခဲ့လေသည်။ သို့သော် အသုဘနှင့်ပတ်သက်သည့် အယူသည်းမှုအချို့ကယနေ့တိုင်ကျန်ရှိနေဆဲ။ ဦးလူလေးကုန်းပြီးလျှင် အောင်မင်္ဂလာသိဒ္ဓိစာသင်တိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်းအချို့နှင့် ရပ်ကွက်ဘော်လုံးကွင်းပြုလုပ်ထားသည့် မြေကွက်လပ် (ယ္ခု အ.ထ.က (၄) စမ်းချောင်း) တို့မှတစ်ပါး ထိုဘက်တွင်တစ်ခြားလူနေအိမ်မရှိ။ မျက်နှာချင်းဆိုင်မှ ကရင်သင်္ချိုင်းကုန်းမှာလည်း ပတ်ပတ်လည်အုတ်တံတိုင်းကာရံလျက် (အသုံးမပြုတော့သည့်တိုင်)  အတွင်းရှိအုတ်ဂူတွေကိုအတိုင်းသားမြင်နေရ၏။ 

ဆိုရှယ်လစ်အစိုးရခေတ်အတွင်း ဦးပန်ချာဆိုင်ကို ဟံသာဝတီလမ်းကြံတောသင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်သို့ပြောင်းရွှေ့စေသည်။ နဝတအစိုးရလက်ထက် ကြံတောသင်္ချိုင်းကို (အုတ်ဂူများအပါအဝင်) ရေဝေးသို့ပြောင်းရွှေ့ခဲ့ရာ၌ ဦးပန်ချာတို့မည်သည့်နေရာရောက်သွားသည် မသိတော့။ မူလရှမ်းလမ်းမှနေရာတွင်မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာရုံးရောက်ရှိလာခဲ့သည်။ မဆလခေတ်နှောင်းပိုင်းတွင်ကရင်သင်္ချိုင်းကုန်း၏ ဗားကရာလမ်းဘက်အပိုင်းအားဓာတ်ဆီဆိုင်နှင့် မြို့နယ်စည်ပင်သာယာရေးရုံးဖွင့်လှစ်ရန်အတွက်သိမ်းဆည်းပြီး ကျန်အပိုင်းကိုမူရင်းပိုင်ရှင်များလက်သို့ပြန်လည်ပေးအပ်ခဲ့၏။ ယ္ခုအခါဘုရားရှိခိုးကျောင်းအပါအဝင် ဘာသာရေးနှင့်လူနေအဆောက်အအုံအချို့တည်ဆောက်ထားကြသည်။ ပြည်သူပိုင်ဓာတ်ဆီဆိုင်မှာမူ နဝတအစိုးရလက်ထက်စီးပွားရေးဈေးကွက်အရ ပုဂ္ဂလိကလက်အတွင်းသို့ သက်ဆင်းသွားခဲ့လေ၏။

#                  #

ဖေဖေ့ဆေးရုံကို အသက်ဆယ့်နှစ်နှစ်မပြည့်သဖြင့်ကျွန်တော်လိုက်ခွင့်မရသည့်ကြားက တစ်ရက်ကျွန်တော်ကိုယ်တိုင်ထမင်းပို့ခဲ့ရသည်မှာကြုံတောင့်ကြုံခဲဖြစ်ခဲ့၏။ ထမင်းပို့နေကျအမေရောအစ်မကြီးပါ ထိုနေ့ကအရေးတစ်ကြီးကိစ္စတွေနှင့် မအားလပ်ကြ။ ထမင်းပို့ချိန်ရောက်တော့ အမေကကျွန်တော့်ကိုပို့ခိုင်းသည်။ အမေ့ အစီအစဉ်အရကျွန်တော်ကိုယ်တိုင်ဆေးရုံပေါ်တက်ပို့ရန်မဟုတ်။ တံခါးစောင့်တစ်ဦးဦးအားအကူအညီတောင်းပြီးလူကြုံနှင့်ပို့ရန်သာဖြစ်သည်။ မှတ်မိသလောက်လ္ဘက်ရည်ဖိုးတောင်းသည့်အကျင့်မရှိသေးသော (ပေးလျှင်တော့ယူချင်ယူမည်) တံခါးစောင့်တွေက ကလေးတစ်ယောက်အကူအညီတောင်းသည်ကို ငြင်းပယ်လိမ့်မည်မဟုတ်။ အမှန်မှာအိမ်ထမင်းမပို့နိုင်လျှင်ဆေးရုံကကြွေးသည်။ သို့သော်ဖေဖေသည်ဆေးရုံထမင်းကိုမစား။ သူမစားလျှင်သူ့ထက်ပို၍လိုအပ်သူ (ဆင်းရဲသူ) တစ်ဦးပိုကျွေးနိုင်မည်ဟုဖေဖေပြောကြောင်းကြားဖူးသည်။ 

အမေလမ်းညွှန်သည့်အတိုင်းသွားရမှာကျွန်တော့်တွက် အခက်အခဲမရှိ။ သရက်တောလမ်းမှ ကြည့်မြင်တိုင်ဘူတာရုံသို့လမ်းလျှောက် (သည်နေရာတွေကကျွန်တော်တို့သူခိုးပုလိပ်ကစားနေကျ) ဘူတာရုံခုံးကျော်တံတားကိုကျော်ပြီးဆင်းလိုက်လျှင် အောက်ကြည့်မြင်တိုင်လမ်းသို့ရောက်ပြီ။ တံတားဆင်းလျှင်ဆင်းခြင်း ဘတ်စကားမှတ်တိုင်ဖြစ်၏။ ထိုစဉ်ကလက်ဝဲကပ်မောင်းစံနစ်မို့ မြို့ထဲသွားရန်လမ်းပင်ကူးစရာမလိုပဲ လာသည့်ကားတက်စီးရုံပင်။ ဆေးရုံကြီးသွားရန်အမှတ် ၂ ကားကိုစီးရမည်။ ဗားကရာချောက်ကို ဖြတ်ကာအထက်ကြည့်မြင်တိုင်လမ်းမှသည် ဗိုလ်ချုပ်လမ်းအတိုင်းသွားသဖြင့် ဆေးရုံကြီးရှေ့မှတ်တိုင်တွင်ဆင်း။ ထိုမှ ဗိုလ်ချုပ်လမ်းကိုကူးလျှင် ဆေးရုံဝင်းထဲဝင်၍ရပြီ။

ဆေးရုံကြီးမျက်နှာစာ ပင်မဝင်ပေါက်မှကျွန်တော့်လိုထမင်းလာပို့သူတွေ အလျှိုအလျှိုတက်သွားကြသည်ကိုကြည့်ကာ အစောင့်များအားမည်သို့ပြောလျှင်ကောင်းမည်စဉ်းစားရင်း ကျွန်တော်ရပ်နေ၏။ အတန်ငယ်လူရှင်းသောအခါမှ အစောင့်တစ်ဦး၏အနီးသို့သွားပြီး ဦးလေးသားထမင်းပို့ချင်လို့ပါဟုပြောလိုက်သည်။ အစောင့် လုပ်သူသည်ကျွန်တော့်ကိုခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီး အခန်းနံပါတ်သိသလားမေးသဖြင့်သိကြောင်းပြောလိုက်သောအခါဝင်သွားဘို့မေးဆတ်ပြသည်။ ကျွန်တော်ဘာမျှထပ်မပြောတော့ဘဲ ဝင်လိုက်ပြီးနောက် တစ်ခုတည်းသောဓာတ်လှေကားအားစောင့်နေကြသူများကိုကွေ့ရှောင်လျှက် ဖေဖေ့အခန်းရှိရာသုံးထပ်သို့ ရိုးရိုးလှေကားအတိုင်းတက်လာခဲ့တော့၏ (ဆေးရုံပေါ်အတက်အဆင်းနှင့်လူနာဆောင်ရှိရာသို့သွားလာကြပုံကိုလူကြီးတွေအချင်းချင်း ပြောသံကြားဖန်များသဖြင့်ကျွန်တော်အလွတ်ရနေသည်)။ 

ကျွန်တော့်ကိုမြင်သောအခါ ဖေဖေ၏ဖျော့လျော့သောမျက်နှာ၌အံ့သြဝမ်းသာဖြစ်သွားပုံမှာသိသာလှသည်။ ကျွန်တော်ကအမေရောမမပါမအားလပ်ကြသဖြင့် ကျွန်တော်ထမင်းလာပို့ကြောင်းပြောသောအခါဘာမျှမဝေဖန်။ သားရောစားပြီးပြီလားဟုသာမေးသည်။ လူနာစောင့်အစ်ကိုကြီးကိုမမြင်ရ။ ဖေဖေတစ်ခုခုခိုင်းသဖြင့်သွားနေရသည်ထင်သည်။ ဖေဖေ့အမေးကို ကျွန်တော်ကအိမ်ပြန်ရောက်မှထမင်းစားမည်ဟုပြန်ဖြေသောအခါ ချက်ခြင်းဆိုသလိုပင်နေပူနေလိမ့်မယ်ပြန်တော့ကောင်းကောင်းသွား လမ်းကြည့်ကူးစသည့်အတိုတောင်းဆုံးနှင့် အအေးမြဆုံးစကားတွေကိုဆိုပြီး ကျွန်တော့်ကိုပြန်လွှတ်လေ၏။

အပြန်ခရီးသည်လည်း အခက်အခဲမရှိ။ တစ်လမ်းမောင်းခေတ်မဟုတ်သောကြောင့်ဆေးရုံကြီးရှေ့မှပင် ကားပြန်စီးပြီး ကြည့်မြင်တိုင်ဘူတာမှာဆင်းကာလာလမ်းအတိုင်းပြန်ရုံပင်။ ပြောရလျှင် ဖေဖေမဆုံးခင်ရက်ပိုင်းအလိုတွင် ကျွန်တော်ကိုယ်တိုင်လက်ထိလက်ရောက်ထမင်းပို့လိုက်ရသည်မှာစဉ်းစားလျှင် ပီတိဖြစ်စရာ။ ဆယ့်နှစ်နှစ်မပြည့်ဘဲ ဆေးရုံပေါ်တက်ခွင့် (အမှတ်တစ်မဲ့ပင်ဖြစ်စေ) ရလိုက်သည့်အတွေ့အကြုံအရ နောက်ထပ်နှစ်ကြိမ်သုံးကြိမ်မျှ အမေတို့နှင့်အတူဧည့်ချိန်မှာလိုက်ပါပြီး ဖေဖေ့ကိုတွေဖြစ်ခဲ့သေးသည်။ စင်စစ် နုနယ်သောအရွယ်တွင် ရောဂါစုံလူနာစုံသည့်ဆေးရုံပတ်ဝန်းကျင်နှင့်ထိတွေ့ကူးစက်မှုတွေရှောင်ရှားကာကွယ်ဖို့ လူကြီးဆေးရုံခလေးမဝင်ရသတ်မှတ်ထားခြင်းဖြစ်ပြီး အတိအကျလိုက်နာသင့်ကြောင်းဟိုစဉ်ကတော့မသိ၊  လူကြီးတွေလည်းစဉ်းစားမိကြပုံမပေါ် ချေ။ 

တဘက်မှလည်းအချို့သောအသည်းအသန်လူနာများမှာ မိမိအခြေအနေမဟန်ကြောင်းသိပုံရသဖြင့်လူမမယ်သားသမီးအားမြင်ချင်တွေ့ချင်ပါလျက်ထိုစည်းကမ်းကြောင့်မြင်တွေ့ခွင့်ရမသွားရှာသူတွေရှိနိုင်သည်။ ကျွန်တော့်ဖခင်ဆိုလျှင်ထိုစဥ်က အထွးးဆုံးလေးနှစ်သမီးငယ်ကျွန်တော့်ညီမအားတွေ့ချင်လွန်းသဖြင့်ဆေးရုံစောင့်များကိုတောင်းပန်ပြီးခေါ်ခဲ့ဖို့၊ မရလျှင်လူအုပ်ထဲရောကာဖွက်ပြီးခေါ်ခဲ့ဖို့အတန်တန်မှာရှာသည်။ သို့သော် သူပြောသလိုလုပ်ဖို့ရာမဖြစ်နိုင်သောကြောင့် သမီးငယ်ကိုနောက်ဆုံးတွေ့မြင်လိုသောဆန္ဒပြည့်ဝမသွားခဲ့။ ယင်းမှာဖေဖေကွယ်လွန်ချိန်အမေမျက်ရည်စက်လက်နှင့်ပြောစကားအရ သိခဲ့ရခြင်းဖြစ်ပါသည်။

#                  #

ကျွန်တော် သုံးခါမျှထပ်တွေ့ရပြီးနောက်  ဖေဖေ့ကိုသုံးကြိမ်မြောက်ခွဲစိပ်ကုသသည်။ နောက်ထပ်တစ်ပတ်ခန့်အကြာမှာဖေဖေဆုံးသည်။ ၁၉၆၄ခုနှစ် အောက်တိုဘာလ ၁၈ ရက် မြန်မာလိုသီတင်းကျွတ်လဆန်း ၁၂ ရက်။ မိုးလေကင်းလွတ် သီတင်းကျွတ်ပွဲတော်အတွက် လမ်းတိုင်းလမ်းတိုင်း မီးထွန်းပွဲတော် နွှဲပျော်ရန်ပြင်ဆင်ကြချိန်ဖြစ်လေသည်။ စမ်းချောင်းကသင်္ကြန်မှာစည်ကားသလိုသီတင်းကျွတ်တွင်လည်းစည်ကားသည်။ ကျွန်တော်တို့နေထိုင်ရာသရက်တောလမ်းသည်လည်း အများနည်းတူမီးထွန်းပွဲကိုစည်ကားသိုက်မြိုက်စွာပြုလုပ်ဖို့ရာပြင်ဆင်နေကြပြီ။ မီးထွန်းဖို့တိုင်တွေထောင်ဖျော်ဖြေရေးစင်တွေဆောက်နေကြချိန် ဖြစ်လေသည်။

ထိုနေ့မနက်စောစောကျွန်တော်အိမ်ရှေ့ဖိနပ်ချွတ်ရှိထိုင်ခုံပေါ်မှာထိုင်ပြီး ဖတ်လက်စဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေသည်။ မမစာအုပ်စင်ပါ်မှရသော တက္ကသိုလ်ဘုန်းနိုင်၏မိုးညအိပ်မက်မြူ။ ကျွန်တော့်ဘဝပထမဆုံးဖတ်ခဲ့ဘူးသည့်ဝတ္ထုမှာ သာဓု၏အတာဖြစ်ပြီး ဝါးခယ်မဖေဖေ့စာအုပ်သေတ္တာတွေထဲမှာတွေ့ခဲ့ခြင်းဖြစ်၏။ မိုးညအိပ်မက်မြူမှာဒုတိယဟုဆိုနိုင်မည်။ သည်ကြားထဲမှာမိုးဝေ၏တင်မောင်ဆွေလိုဝတ္ထုများကိုမူမကြာမကြာဖတ်လေ့ရှိသဖြင့် အတိအကျမမှတ်မိတော့။ မှတ်မှတ်ရရ မိုးညအိပ်မက်မြူထဲမှာမောင်မြင့်ဝေတစ်ဖြစ်လဲမောင်ညိုမှိုင်း အတိတ်မေ့ပြီးခြေဦးတည့်ရာသွားနေရာမှတောင်ပြုံးအလှူတစ်ခုတွင် အငြိမ့်မင်းသမီးချောသက်နွယ်အတွက်ပြင်ပေးထားသော ထမင်းစားပွဲ၌ဝင်ထိုင်ကာ မြိန်ရည်ရှက်ရည်စားသောက်နေသည့်အခန်းသို့အရောက်တွင် အိမ်ပေါ်သို့အစ်ကိုကြီးတက်လာသည်ကိုမြင်ရသည်။ 

အစ်ကိုကြီး၏မျက်နှာမှာနီမြန်းနေ၏။ ဖိနပ်ချွတ်မှတက်လျှင်တက်ချင်းအိမ်မကြီးကြမ်းပြင်အား တံမြက်စည်းလှဲနေသောအမေ့ကိုလှမ်းပြောလိုက်သည်။ “ဆုံးပြီ မနက်၆နာရီမှာ ဆုံးတယ်” ထို့နောက် အမေ့ထံမှငိုသံပါကြီးဖြင့် “ဆုံးပြီတဲ့” ဟု မည်သူ့ကိုပြောမှန်းမသိလှမ်းပြောသံကိုကြားရသည်။ ဖတ်လက်စဝတ္ထုကိုချပြီး အိမ်အောက်သို့ဆင်းကာလမ်းထိပ်ရှိဒေါ်ကြီးတို့ဆိုင်သို့ကျွန်တော်ပြေးသွားခဲ့သည်ကိုအမှတ်ရနေသည်။ ဒေါ်ကြီးနှင့်မမ (ကျွန်တော့်အစ်မကြီး) တို့ဆိုင်ဖွင့်ပြီးစသာရှိသေး၏။ “ဖေဖေ မနက် ၆:၀၀ နာရီကဆုံးပြီတဲ့” ဟုပြောလိုက်သောအခါ ဒေါ်ကြီးကချက်ခြင်းပင်အိမ်သို့ပြန်သွားခဲ့သည်။ မမနှင့်ကျွန်တော်ဆိုင်မှာကျန်နေခဲ့သည်။ မမငိုသည်မငိုသည်ကျွန်တော်မမှတ်မိ။ မျက်ရည်အလွန်လွယ်သောကျွန်တော်ထိုနေ့ကမငိုခဲ့မိဆိုသည်ကိုတော့ကောင်းစွာမှတ်မိနေ၏။ ဘာကြောင့်မှန်းတော့မသိ။

ဖေဖေ့အသုဘကို ဆေးရုံကြီးရေခဲတိုက်မှကြံတောသုဿန်သို့ပို့ဆောင်မြေမြှုပ်သင်္ဂြိုလ်သည်။ အခေါင်းကို ကျင်းထဲချပြီးပို့ဆောင်သူတွေက စတိသဘောမြေကြီးခဲတွေကောက်ယူပစ်ချကာထွက်ခွာသွားကြပြီးနောက် သင်္ချိုင်းစောင့်တွေကမြေဖို့သည်။ ထို့နောက် ဘယ်ကဘယ်သူသယ်ယူလာမှန်းကျွန်တော်မသိသော အောက်ခံအညိုတွင်ဆေးအဖြူဖြင့်ရေးသားထားသည့် "ကိုစိန်မောင်သွားစိုက်ဆရာအသက်(၃၈)နှစ်”ဆိုသော သစ်သားမှတ်တိုင်ကလေးကိုစိုက်ထူလိုက်ကြလေသည်။ အုတ်ဂူမရှိသောထိုမြေပုံကလေးမှာ နှစ်အတန်ကြာ၍ နောက်ထပ်တစ်ဦးထိုနေရာတွင်လာရောက်မြှုပ်နှံသည်အထိတော့တည်တံ့နေဦးမည်။ ထိုဖြစ်စဉ်တွေကိုအစမှအဆုံးကြည့်ကာယနေ့တိုင်မြင်ယောင်ဆဲဖြစ်သော ဆယ်နှစ်သားကျွန်တော်ထိုနေ့က နံဘေးမှာမည်သူတွေရှိနေပြီးမည်သူတွေနှင့်အတူပြန်ခဲ့သည်ကိုမမှတ်မိတော့။ အမေပါမည်ဆိုသည်ကတော့သေချာသည်။ 

မုဆိုးမပူပူနွေးနွေးအမေသည် ထိုမှနောက်ဆယ်နှစ်ကျော်ကာလကို ခေါင်းရွက်ဗျတ်ထိုးဈေးသည် ဆိုင်ထိုင်ဈေးသည်စသည်ဖြင့်ခက်ခဲကြမ်းတမ်းစွာရုန်းကန်၍ သားသမီးတွေလူလားမြောက်အောင်ပျိုးထောင်ပြီး နောက်ထပ်ဆယ်နှစ်ကျော်မျှ သားသမီးမြေးတွေနှင့်အေးချမ်းစွာ (ကျွန်တော်တို့အထင်) နေထိုင်ရင်း ၁၉၉၄ ခုနှစ်တွင်ကွယ်လွန်ခဲ့လေသည်။ အမေနှင့်ဖေဖေနှစ်သုံးဆယ်အတိအကျခြား၍ကွယ်လွန်ကြပြီး အမေဆုံးသည့်ရက်က စက်တင်ဘာလ ၉ ရက် မြန်မာလိုတော်သလင်းလဆန်း ၅ ရက်။ ပြီးတော့ သောကြာသား ဖေဖေဆုံးသည့်နေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး တနင်္ဂနွေသမီးအမေဆုံးသည့်နေ့မှာသောကြာနေ့ဖြစ်နေသည်။ အမေမြေချသည့် တနင်္ဂနွေနေ့သည် ဖေဖေအသက်ပျောက်သည့်နေ့။

အမေဆုံးသည်မှာအစ်ကိုကြီးအိမ်ရှိရာ ကျွန်းတောလမ်းတွင်ဖြစ်၍ (ထိုအချိန်ကျွန်တော်ကအိမ်ထောင်ကျပြီး ယောက္ခမအိမ်ရှိရာအလုံတွင်နေသည်) ကြံတောသုဿန်တွင်ပင်ဂူသွင်းသင်္ဂြိုလ်သည်။ ဖေဖေ့တုန်းက အုတ်ဂူလေးတစ်လုံးပင်မတတ်နိုင်ခဲ့သော်လည်း အမေ့ကိုတော့သားသမီးတွေကအုတ်ဂူတစ်လုံးဖန်တီးပေးနိုင်ခဲ့ပါ၏။ သို့သော် အမေ့ခမျာသူမုဆိုးမဘဝ စိတ်ညစ်စရာကြုံလျှင်ညည်းတတ်သော ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာသည့်သဘောက သေသည်၏အခြားမဲ့၌ပင် ချမ်းသာပေးချင်ပုံမရခဲ့။ အမေဆုံးပြီးနှစ်နှစ်ကျော်အကြာတွင် နဝတအစိုးရ၏ ကြံတောသုဿန်မြေနေရာသိမ်းယူရေးအစီအစဉ်အရ သုဿန်တစ်ခုလုံးကိုရေဝေးသို့ပြောင်းရွှေ့စေခဲ့ရာ အမေ၏အုတ်ဂူသည်လည်းအပါအဝင်ဖြစ်ခဲ့လေသည်။ ထိုအချိန်ကျွန်တော်ပြည်တွင်းမှာမရှိတော့။

ရွှေ့ပြောင်းအုတ်ဂူအဖြစ်အမေရေဝေးသို့ရောက်ရှိချိန်သည် ရွှေ့ပြောင်းလုပ်သားအဖြစ်ကျွန်တော်ဘန်ကောက်သို့ရောက်နေချိန်နှင့်တစ်ထပ်တည်းကြုံကြိုက်ခဲ့၏။ ဖြစ်ခေါင့်ဖြစ်ခဲခေတ်တစ်ခေတ်၏ ပြယုဂ်များပင်တည်း။ ကျွန်တော်မရှိသော်လည်း ညီဖြစ်သူ၏ကမ္မကထပြုမှုဖြင့် အမေ့ရုပ်ကလာပ် (အရိုးစု)ကို ကြံတောမှတူးဖေါ် သယ်ဆောင်ကာရေဝေးတွင်အုတ်ဂူအသစ်ဖြင့်ပြန်လည်မြှုပ်နှံထားရှိဖြစ်ခဲ့သည်။ ဖေဖေ့အရိုးတွေကတော့ ဆောက်လုပ်ရေးအတွက်တူးဖေါ်စွန့်ပစ်သည့်မြေစာတွေနှင့်အတူ မထင်မရှားတစ်နေရာရာသို့ရောက်ရှိသွားလောက်ပြီ။ သမ္မာဒိဌိဆိုသည်ကိုကောင်းစွာလက္ခံယုံကြည်ပါလျက် စဉ်းစားမိတိုင်းထိုအတွက်ကိုကျွန်တော့်ရင်ထဲအမှန်ပင်မချိ။