Saturday, January 16, 2016

ကျွန်တော်နှင့်လွယ်အိတ်


ကျောင်း(တက္ကသိုလ်)မှာတုန်းက ရှားရှားပါးပါးရင်းနှီးသူမိန်းကလေးအချို့ကကျွန်တော့်အားလွယ်အိတ်ကြီးဟုရည်ညွှန်းသည်နှင့်ကြုံခဲ့ရဖူးသည်။ အမြဲတန်းလိုလိုလွယ်အိတ်တစ်လုံးနှင့်တွေ့ရသောကြောင့်ဟုဆို၏။ လွယ်အိတ်လို ကန့်လန့်တိုက်တတ်သောကြောင့်ဟုပြောသံမကြားရသည်မှာတော်ပါသေးရဲ့ဆိုရမည်။

#                #

ကျောင်းသားလွယ်အိတ်လွယ်တာအဆန်းမဟုတ်သော်လည်း တက္ကသိုလ်တွင်ကျောင်းသားတိုင်းအမြဲတစေလွယ်အိတ်လွယ်ကြသည်တော့မဟုတ်။ လွယ်အိတ်လွယ်သူမရှိဘူးလည်းမဟုတ်လူနည်းစုဟုပြောလျှင်ရမည်ထင်သည်။ အထူးသဖြင့် အတန်းကြီး (နှစ်ကြီး)လာလျှင်စာအုပ်သယ်ရနည်းလာသဖြင့်အများစုဆိုသလို လွယ်အိတ်မလွယ်ကြတော့။ ပြဌာန်းစာအုပ်တစ်အုပ်လောက်မှတ်စုစာအုပ်တစ်အုပ်လောက်သည်အတိုင်းကိုင်၍ဖြစ်စေ ကဒ်ထူဖိုင်နှင့်ဖြစ်စေအတန်းတက်လေ့ရှိကြသည်။ (စကားချပ်။ သိုးဆောင်းဘာသာရပ်ဖြင့် ရိုက်နှိပ်အပ်သောပြဌာန်းစာအုပ်နှင့်အင်ဂျင်နီယာကျောင်းသားဟုသီးခြားပေါ်လွင်စေမည့်လျှောပေတံ (Slide Rule) စသည်အားဖြင့်ထင်ရှားစေလိုသော အနုသယမာန်လေးများ၏တွန်းအားသည်လည်းအကြောင်းတစ်ရပ်ဖြစ်နိုင်သည်။)။

မဆလခေတ်မို့ (ဟိုတုန်းကတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့မဟုတ်လမ်းစဉ်ပါတီဟုသာတရားဝင်ခေါ်ရသည်၊ မဆလဟုလူသိရှင်ကြားခေါ်ခွင့်မရှိ) ပါတီနှင့်နီးစပ်သောတချို့ကျောင်းသားတွေ (ဥပမာ လမ်းစဉ်လူငယ်) ပါတီဖက်ရှင်ဖျင်လက်ဆွဲအိတ်များသုံးကာကျောင်းတက်ကြသလို တချို့နိုင်ငံခြားဖြစ် ခေတ်မီကြိုးတပ်သားရေအိတ်လွယ်သူများလည်းရှိသည်။ မိန်းကလေးများဆလင်းဘက်လွယ်သလိုမျိုးဖြစ်မည်လားမသိ။ ရိုးရိုးလွယ်အိတ်ကိုတတိယနှစ်ကျော်၍သုံးစွဲသူအနည်းအကျဉ်းသာရှိသည်။ ထိုအချက်သည်ပင်နောက်ဆုံးနှစ်အထိချည်သားလွယ်အိတ်ထဲမှာသည်စာအုပ်လေးတစ်အုပ်စနှစ်အုပ်စထည့်ကာကျောင်းတက်လေ့ရှိသောကျွန်တော်အမည်ပြောင်ရခြင်းဖြစ်ကောင်းဖြစ်မည်။

ချီးမြှေက်ခြင်းနှိမ့်ချလိုခြင်းမပါ ရင်းနှီးမှုဖြင့်ခေါ်ဝေါ်ကြခြင်းဖြစ်သည့်အပြင်ဆိုးဆိုးရွားရွားအမည်ပြောင်မျိုး မဟုတ်သည်မို့ကျွန်တော်ကလည်းမကန့်ကွက်။ ကန့်ကွက်၍လည်းရမည့်သူတွေမဟုတ်။ တစ်ကြိမ်တွင် သမိုင်းထဲကလွယ်အိတ်ကြီးအမည်ဖြင့်ကျော်ကြားခဲ့သူများအားအကြောင်းပြုကာ သည်နာမည်ကျွန်တော်နှင့်မအပ်စပ်မသုံးစွဲဖို့ပြောမိရာပိုပြီးအော်ကြီးဟစ်ကျယ်လုပ်လာကြသဖြင့် နောက်ထပ်မကြိုးစားဖြစ်ခဲ့တော့။ အကြောင်းအားလျော်စွာလွယ်အိပ်နှင့်အတူထီးကောက်တစ်ချောင်းကိုင်စွဲမိသောအခါ၌မူ ရှိရင်းစွဲအမည်မှာတစ်လုံးတိုးပြီး‘ထီးကောက်ကြီး’ဟုတွင်ခဲ့ရပြန်လေသည်။ ထီးကောက်မှာ ကျွန်တော့်ညီရှာရှာဖွေဖွေဝယ်ပြီး လက်ဆောင်ပေးသောကြောင့်မရည်ရွယ်ဘဲစွဲမြဲစွာကိုင်ဖြစ်ခဲ့ခြင်းဖြစ်၏။ ဂျပန်ပြည်ဖြစ်ပေါ့ပါးကြံ့ခိုင်သည့်အပြင်အဖွင့်ရောအပိတ်ပါခလုပ်နှင့်မို့ခေတ်မီပြီးသုံးပျော်သဖြင့် မက်မက်မောမာကိုင်စွဲခဲ့ခြင်းလည်းဖြစ်လေသည်။

နဂိုလွယ်အိတ်တွင်ထီးကောက်ကြီးပါဝင်လာသောအခါ ခနိုးခနဲ့ပြောဆိုမှုတွေရှိလာကြသည်။ ထိုစဉ်ကပြသဆဲ ပန်းတွေနှင့်ဝေရုပ်ရှင်ထဲမှဇာတ်ပို့ဟာသသရုပ်ဆောင်တစ်ဦးလိုမျိုး သျှောင်ထုံးရောမထုံးတော့ဘူးလား ဆိုသောအပြောမျိုးဖြစ်သည်။  သို့သော် ထိုအချိန်တွင်ထီးကောက်တစ်ချောင်း၏လုံခြုံကြံ့ခိုင်အသုံးကျမှုကို ကျွန်တော်အရသာတွေ့နေပြီ။ ထို့ကြောင့်ပင်ထိုဂျပန်ထီးကောက်ခလုပ်ကျိုးပြီးသုံးမရတော့သည့်အခါ ထိုင်းနိုင်ငံလုပ်ခလုပ်ထီးကောက်နောက်တစ်ချောင်းကို မှောင်ခိုဈေးမှဝယ်ယူသုံးစွဲခဲ့ခြင်းဖြစ်လေသည်။ မှတ်မိသလောက်ပြည်တွင်းဖြစ်ယောက်ကျားဆောင်းထီးကောက်များရှိသော်လည်း အရည်အသွေးမကေင်းသည့်အပြင်အလွယ်တကူဝယ်၍လည်းမရပေ။ တိုက်တိုက်ဆိုင်ဆိုင်ထီးကောက်တစ်ချောင်းထပ်ဝယ်ချိန်၌ ကျွန်တော်ကျောင်းပြီး၍ ဘွဲ့ရအလုပ်လက်မဲ့အဖြစ်ထီးထမ်းလမ်းလျှောက်နေရပြီဖြစ်၏။ ပြောရလျှင် လွယ်အိတ်ကိုလည်း လွယ်ဆဲလွယ်မြဲဖြစ်လေသည်။

အလုပ်ခွင်ဝင်သောအခါ လွယ်အိတ်နေရာမှာသားရေလက်ဆွဲအိတ်ဖြစ်လာပြီ။ လွယ်အိတ်နှင့်လမ်းခွဲခဲ့သည်မှာလည်း ထိုစဉ်ကတည်းကဟုဆိုရမည်။ နေ့စဉ်မှတ်တမ်း၊ အလုပ်မှတ်တမ်း၊ ပုံကြမ်းပုံချော၊ ထမင်းဗူး လက်နှိပ်ဓာတ်မီးစသည့် အသုံးအဆောင်တွေအမြဲထည့်ထားရန် လွယ်အိတ်ထက်ပို၍ကြီးပြီး ရာသီဥတုဒဏ်ပိုခံနိုင်သောအိတ်မျိုးလိုအပ်သည်။ ထီးကောက်ကတော့သည်အတိုင်းသည်အတိုင်း။ လုပ်ဖေါ်ကိုင်ဘက် အတော်များများ လက်ဆွဲအိတ်ထဲခေါက်ထီးတစ်ချောင်းထည့်ကာသက်သောင့်သက်သာရှိနေကြချိန် ကျွန်တော်က လက်ဆွဲအိတ်တစ်ဖက်ထီးတစ်ဖက်နှင့် ဘတ်စကားတိုးဆဲ။ ယ္ခုလောက်ဘတ်စကားတွေ သရုပ်မပျက်သေးသဖြင့်သာတော်တော့၏။ မိုးထဲရေထဲရွှံ့တောလုပ်ငန်းခွင်ထဲ ထီးတစ်ကားကားလှည့်လည်သွားလာနေသည်ကိုမျက်စေ့စပါးမွှေးစူးပုံရသောအထက်အရာရှိ၏ ‘နွားပွဲစားအင်ဂျင်နီယာ’ဘွဲ့တံဆိပ် ခပ်နှိပ်ခြင်းခံရသည်ကိုလည်းမနာနိုင်ခဲ့။ ကျွန်တော့်ကိုနွားပွဲစားဟုခေါ်သောထိုအရာရှိက ရံဖန်ရံခါဆိုသလိုတိုင်းခန်းလှည့်လည်တတ်သည့် ဌာနဆိုင်ရာနှင့်ပါတီအကြီးအကဲတွေ အစိုးရအဖွဲ့ဝင်တွေလာသည့်အခါတိုင်း ထီးတော်မိုးရန်ကိစ္စမမေ့မလျော့စီမံတတ်ပုံကိုသတိပြုမိသောအခါ၌လည်းမပြုံးနိုင်ခဲ့။ တာဝန်အရသူတို့နောက်ပါးမှ ကိုယ့်ထီးကိုယ်ဆောင်းရင်းလိုက်ပါရသည့်အခါမျိုးတွင်မူ ကျွန်တော်တစ်ခါမျှမလျှောက်ဖူးခဲ့သောနွားဈေးပွဲဆိုသည်ကို စိတ်ကူးဖြင့်မြင်ယောင်ကြည့်ရင်း ပြုံးမိလေသည်။

ထိုအချိန်မှစ၍လက်ဆွဲအိတ်အမျိုးမျိုးပြောင်းလဲကိုင်ဆောင်ခဲ့ဘူးသည့်တိုင် လွယ်အိတ်လွယ်၍လမ်းထွက် ဖူးသည်ဟုအမှတ်မရတော့။ ဝန်ထမ်းဘဝမှာတာဝန်ဖြင့်နိုင်ငံခြားခရီးသွားဖို့ အကြောင်းဖန်လာသည့်အခါ  ရှေ့ကနောင်တော်တွေ၏အစဉ်အလာအတိုင်း အနောက်တိုင်းဝတ်စုံနှင့်လိုက်ဖက်မည့် အတက်ချီကေ့စ်ဟုခေါ်ကြသော လက်ဆွဲအိပ်ပြားပြားသားသားနားနားတစ်လုံးကိုစကော့ဈေးသို့ပြေး၍ဝယ်ဖူးသည်။ ယ္ခုတိုင် ဘီရိုထဲမှာသိမ်းထားဆဲဖြစ်သော ထိုအိတ်ကလှပပေါ့ပါးခိုင်ခန့်သော်လည်းနေရာမကျယ်သဖြင့်ကိုယ်နှင့်မကွာထားရမည့်အဝတ်အထည်အသုံးအဆောင်နှင့်စာရွက်စာတမ်းလောက်သာထည့်၍ရသည်။ ထိုအိပ်ထဲမှာ ခရီးသွားအထောက်အထားများ၊ ဖတ်ရှုရန်မှတ်သားရန်စာအုပ်များနှင့်ဆေးဝါးအချို့တို့ကိုထည့်ပြီး ပိုသောနေရာတွင်အင်းလေးလွယ်အိတ်တစ်လုံးစနှစ်လုံးစထည့်၍သယ်ယူဖြစ်သည်။ ကိုယ်လွယ်ဖို့မဟုတ်။ လိုရမည်ရသူများကိုလက်ဆောင်ပေးဖို့။ ထိုသို့မိတ်ဆွေနိုင်ငံခြားသားတစ်ဦးတစ်လေကိုလက်ဆောင်အဖြစ်ပေးအပ်သည့်အခါမျိုးမှလွဲ၍လွယ်အိတ်တစ်လုံးနှင့်ထိတွေ့ရခြင်းမရှိသလို တစ်ချိန်ကအမည်ပြောင်ရသည်အထိ စွဲမက်စွာလွယ်ခဲ့ဖူးသောအိတ်တစ်မျိုးပါလားဟုလည်းသတိတရမဖြစ်မိ။ လွယ်အိတ်ကလေးတွေသာ စကားပြောတတ်လျှင်ဟု ခုတော့အားနာတွေးတွေးနေမိလေသည်။ လွယ်အိတ်ကိုသုံးစွဲကောင်းသောအရာဟု မမှတ်ယူခဲ့သည်မှာ ထိုစဉ်ကတည်းကဖြစ်လေသည်။

မိသားစုတွင်း လွယ်အိတ်ဂျင်နရေးရှင်းပျောက်သွားခဲ့သည်မှာလည်းထိုကတည်းကဟု ပြောလျှင်ရမည် ထင်သည်။ သားသမီးတွေကျောင်းစတက်ကတည်းက ကျောပိုးအိတ်တွေနှင့်ဖြစ်နေသောကြောင့်ပင်။ ကလေးလွယ်အိတ်တွေရနိုင်သေးသော်လည်း ကျောပိုးအိတ်ကိုသာရွေးချယ်ဆင်မြန်းခဲ့သော သူတို့အမေ၏အစီအမံကို တစ်စုံတစ်ရာဝင်ရောက်မစွက်ဖက်ခဲ့ခြင်းဖြင့်မိသားစုအတွင်း လွယ်အိတ်မျိုးဆက်ပြတ်အောင်အားပေးအားမြှောက်လုပ်ရာလည်းကျခဲ့ပြန်သည်။ သို့နှင့်ပင် ကိုယ်စီအတန်းတွေကြီးလာကြကာ သားတွေဆိုလျှင် လုပ်ငန်းခွင်ဝင်သည်အထိကျောပိုးအိတ်နှင့်မပြတ်။ စင်စစ် ကျောပိုးအိတ်ကကမ္ဘာသုံးလိုဖြစ်နေပြီမို့လည်း သူတို့အဖို့ဟန်တော့ကျသည်။ ငယ်စဉ်ပြည်တွင်းမှာနေခဲ့ကြစဉ်တုန်းက  သူတို့အတွက်ကျောပိုးအိတ်ကို ကုန်တိုက်ကြီးတွေအထင်အရှားမရှိကြသေးသော်လည်း ထိုခေတ်မှာ အလျှိုအလျှိုပေါ်နေကြပြီဖြစ်သောစတိုးဆိုင်တွေ မီနီမတ်တွေမှာ မအေလုပ်သူကရှာဖွေဝယ်ယူပေး။ ပြည်ပရောက်လာတော့လည်း သူတို့ဖာသာကုန်တိုက်တွေမှာဝယ်သုံးကြ။  လွယ်အိတ်ကိုအလွယ်တကူမေ့နိုင်ပါလျက် ကျောပိုးအိတ်ကိုတော့သုံးရကောင်းသည်ဟုပင်မထင်သည့် အစွဲပိုင်ရှင်ကျွန်တော့်မှာသာပြဿနာ။ ဒါကြောင့် လူ့ဂွစာ ဖြစ်နေတာဟုမိသားစုအသိုင်းအဝန်းထဲမှာ ပြောကြသည်။

သူတို့ပြောခွင့်ရှိသလို ကျွန်တော့်မှာလည်းစွဲခွင့်ရှိသည်မဟုတ်လား။ သူတစ်ပါးကိုထိခိုက်နစ်နာစေသည့်အစွဲမျိုးမဖြစ်ဖို့သာလိုသည်။ ကျွန်တော့်ကိုယ်ကျွန်တော်စိတ်ကူးဖြင့်ပင်တွဲဖက်မြင်ကြည့်၍မရသည့်အရာအချို့ထဲမှာ ပါတိတ်အင်္ကျီ၊  ဘောင်းဘီတိုနှင့် ကျောပိုးအိတ်တို့ပါဝင်သည်။ ထိုအဆောင်အယောင်တွေနှင့် အသားကျသည့်အရပ်မှာ အသက်မွေးနေရလင့်ကစားယင်းတို့နှင့်ကျွန်တော်ကင်းအောင်နေ၏။ ပြောရလျှင်အလကားရ၍ပင်သုံးစွဲခြင်းမပြု။ အိတ်အကြောင်းဆက်ရလျှင် အလုပ်ထဲမှာဈေးထဲမှာရထားပေါ်ကားပေါ်မှာ အရွယ်စုံလူမျိုးတစ်ရာ့တစ်ပါးတို့ ကျောပိုးအိတ်အမျိုးအမည်စုံအရောင်အသွေးစုံတို့ဖြင့် ပေါ့ပေါ့ပါးပါးသွားလာနေကြသည်ကို နေ့စဉ်မြင်တွေ့ကာယဉ်ပါးနေပါလျက် ကျောပိုးအိတ်ကိုကျွန်တော်မလွယ်။ ထိုအစားအတော်အတန်ခိုင်ခန့်ပြီး ကြည့်ပျော်ရှုပျော်ရှိသောပတ္တူအိတ်တစ်လုံးဝယ်ကာ ရင်ခွင်ပိုက်ကွန်ပြူတာ၊ အသုံးအဆောင်၊ ရေဗူး၊ စာရွက်စာတမ်းစသည်အားလုံးသိမ်းကြုံးထည့်လျက်လက်ကဆွဲပြီး မိုးများသည့်နေ့ဆိုထီးကောက်နှင့်အတူရထားတစ်တန်ကားတစ်တန်ခရီးကို နေ့စဉ်စီးနင်းသွားလာရင်းအလုပ်ဆင်း၏။ ကျွန်တော့်အိတ်ကို တစ်ခါတစ်ရံကူညီသယ်ပိုးပေးသောအိမ်သားတိုင်လိုလိုးညည်းတွားကြသဖြင့် ချိန်တွယ်မှတ်သားကြည့်ရာ အိတ်အပါအဝင် ၇ ကီလိုအထိအလေးချိန်ရှိကြောင်းတွေ့ရသည်။ သည်မျှများပြားလေးလံသောပစ္စည်းတွေ အဆင်ပြေပြေသယ်ပိုးရလေအောင် ကျောပိုးအိတ်တစ်လုံးဝယ်သုံးဘို့သူတို့ကအကြံပြုကြသေး၏။ သို့သော် ကျွန်တော်နားကောက်မှန်းသိကြသည့်အတွက်လက်လျှော့သွားကြ၏။ ဝဋ်ကြီးလိုက်တာဟု ဂရုဏာဒေါသောမကြားတကြားပြောသံကိုတော့ကြားရတတ်လေသည်။

ဝဋ်ဆိုသည်ကလည်း ခံရသူဘက်ကကြည့်လျှင် ကြီးလေနေပျော်လေဖြစ်တတ်သည်လားမသိ။ ထိုမျှ လေးလံပါသည်ဆိုသောအိတ်ကိုဆွဲလျက်စင်္ကာပူတစ်ခွင်သာမက အင်ဒိုနီးရှားဘာတန်လိုဘာလိုင်လိုကျွန်းတွေအထိ ဆယ်စုနှစ်တစ်ခုနီးပါးမမောမပန်းခြေဆန့်ကာဝမ်းစာရှာခဲ့ရာမှအနားယူချိန်တွင် သွားလေရာဟာတာတာဖြစ်ရဖူးသောကြောင့်ပင်။ ကံအားလျော်စွာအပြင်ထွက်လျှင်လက်တွင်းပလာ ဟာတာတာထိုအဖြစ်ကိုနေသားကျစပြုချိန်မှာကျွန်တော့်ဘဝအတွင်းသို့လွယ်အိတ်တစ်လုံးအမှတ်မထင်ဝင်ရောက်လာခဲ့၏။ ဘာရယ်မဟုတ် အမေ့ကြီးမေ့နေခဲ့သောငယ်ဘဝရုပ်ပုံလွှာကို တစ်သွင်ဆန်းလာသူကကျွန်တော့်သူငယ်ချင်းလှည်းကူးသား။ သူနှင့်ကျွန်တော်ကျောင်းတုံးက အတန်းတူဘာသာတူသွားအတူလာအတူ ဘွဲ့ယူစာတမ်းရေးကြသည်အထိအတူတူ။ လက်လုပ်လက်စားမိသားစုမှဆင်းသက်လာကြသူချင်းအတူတူမို့ ဘဝတူတွေဟုပြောလျှင်လည်းဖြစ်နိုင်သည်။ အလုပ်တစ်နေရာအတွက်ငွေကြေးအလုံးအရင်းနှင့်ဈေးခေါ်သည့်အခြေသို့မရောက်တတ်သေးသည့်တိုင်အသိအကျွမ်းမရှိလျှင်အလုပ်ရဖို့မလွယ်သောခေတ်မှာ ဘွဲ့ရပြီးစသူနှင့်ကျွန်တော်အလုပ်ရဖို့လမ်းစမမြင်သည့်အဆုံး သူ့ဒေသလှည်းကူးတပ်တွင်းအလယ်တန်းကျောင်းတစ်ကျောင်းတွင် (ဦးလေးပါတီယူနစ်ဥက္ကဌအကူအညီဖြင့်) လုပ်အားပေးကျောင်းဆရာလုပ်ရင်းသုံးလေးလခန့်ဇာတ်မြှုပ်ခဲ့ကြဖူးသည်။ ထားတော့။

နောက်တော့သူဗိုလ်သင်တန်းသို့ဝင်ရောက်သွားပြီး ကျွန်တော်ကအရပ်ဘက်မှာကျန်ရစ်သည်။ ထိုကတည်းကကွဲကွာသွားသည်မှာ ပြီးခဲ့သည့်နှစ်ကျွန်တော်မရမကလိုက်ရှာသဖြင့် ပြန်တွေ့ကြတော့သူသည်တပ်မှအငြိမ်းစားရပြီးအရပ်ဘက်ပြောင်းရွှေ့လာသည့်နှစ်သီးစားအရပ်ဘက်ဝန်ထမ်းတစ်ဦးဖြစ်နေပြီ။ သည်မှာလည်း ရွေးချယ်ခဲ့ရာလမ်းအသီးသီးမှာဆင်တွေကြားကကျွဲများပမာသူနှင့်ကျွန်တော်ဘဝ‘ပိန်’ခဲ့သည်ခြင်းတူနေကြပြန်သည်။ ထိုမှကျွန်တော်ပြန်ပြီးသုံးလေးလအကြာ အလုပ်ကိစ္စနှင့်စင်္ကာပူကိုသူလာရတော့ ကျွန်တော့်အတွက်ဆိုကာလက်ဆောင်တစ်ခုယူလာပေးသည်။ လွယ်အိတ်တစ်လုံးဖြစ်၏။ ‘မင်းလွယ်အိတ်ကြိုက်တတ်မှန်းသိလို့’ ဆိုသောသူ့စကားကတိုတောင်းပေမင့် ကျွန်တော့်အတွေးစကိုရှည်လျားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ်အလုပ်မှအနားယူပြီးစလစ်ဟာနေသောကွက်လပ်တစ်ခုကိုဖြည့်စရာတစ်စုံတစ်ခုဟုတော့ ပြောနိုင်ခဲ့ပါသည်။ ‘ခုချိန်မှာမင်းအတွက်သိပ်အသုံးဝင်မှာမဟုတ်တော့ပေမဲ့အမှတ်တရပေါ့ကွာ’ ဟု သူကဆက်ပြော၏။ မေ့ဘို့ထက်အမှတ်ရဘို့ပိုခက်လာသောအရွယ်မှာဒါလေးတွေလည်းလိုအပ်ပါသည်ဟု ကျေးဇူးတင်စကားနှင့်အတူကျွန်တော် ‘ကွန့်’ လိုက်တော့သူကရယ်လေသည်။

လူ့စိတ်သည်ဆန်းကျယ်၏။ လှည်းကူးသားသူ့လက်ဆောင်လွယ်အိတ်ကိုပေးရင်း အမှတ်တရပေါ့ဟုပြော သည်မှာ သူနှင့်ကျွန်တော်ခြောက်နှစ်တာကျင်လည်ခဲ့သောတက္ကသိုလ်နေ့တွေကိုရည်ရွယ်ပုံရသည်။ သို့သော် သူပြန်သွားတော့ လွယ်အိတ်ကလေးကိုကြည့်ရင်း ကျွန်တော့်အာရုံတွေက သူ့ကိုပင်ပြောမပြခဲ့ဖူးသည့် ဟိုးကလေးဘဝအတိတ်တစ်ခုဆီသို့ရောက်သွားခဲ့၏။ ပဉ္စမတန်းဖြေပြီးသည့်နွေရာသီကျောင်းပိတ်ရက်မှာ ထိုစဉ်ကနေထိုင်ရာ ဝါးခယ်မမှရန်ကုန်သို့ကျွန်တော်တစ်ယောက်တည်းလာခဲ့ရဖူးသည်။ ဖခင်ဆုံးပြီးစ သားသမီး ဘုစုဂရုတွေနှင့်မို့ မိခင်ကြီးမှာကျွန်တော့်ကိုတစ်ယောက်တည်းလွှတ်ဖို့စိတ်မချသော်လည်း တခြားရွေးစရာမရှိ။ သွားရမည့်ခရီးကလည်း မိသားစုအရေးနှင့်သက်ဆိုင်သည်။ ရန်ကုန်မှာနေ၍အလုပ်လုပ်ကာ မိသားစုအား ထောက်ပံ့နေသောအကိုကြီး၏ သတင်းစာပို့လုပ်ငန်းတွင်ကျောင်းပိတ်ရက်အတွင်း ကူညီလုပ်ကိုင်ရန်အတွက်ဖြစ်၏။ အဝတ်အစားထည့်စရာအိတ်မရှိသဖြင့် ကျောင်းလွယ်အိတ်ထဲမှစာအုပ်တွေထုတ်ကာ ရှိစုမဲ့စုအဝတ်အစားလေးတွေထည့်ပြီး ခရီးဆောင်အဖြစ်သုံးခဲ့ရဖူးသည်။ ဒဂုန်မေ နှစ်ထပ်သင်္ဘောဖြင့်လာစဉ် (ဟိုတုန်းကရန်ကုန်နှင့်မြစ်ဝကျွန်းပေါ်ကားလမ်းမရှိ) အပေါ်ထပ်မှာနေရာမရသောကြောင့် အောက်ထပ်ဦးပိုင်း ကျောက်ဆူးနံဘေးတွင်ပါလာသောပလပ်စတစ်အခင်းကလေးခင်းပြီး ထိုခရီးဖေါ်လွယ်အိတ်ကိုပင်ခေါင်းအုံးအိပ်ရင်းတစ်ညတာကုန်ဆုံးခဲ့ရသည်။ စင်စစ် ထိုခရီးစဉ်သည်ကျွန်တော့်ဘဝအလှည့်အပြောင်းတစ်ခု၏ ရှေ့တော်ပြေးဟုလည်းဆိုနိုင်၏။ ထိုနှစ်သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျွန်တော်တို့မိသားစုအားလုံးရန်ကုန်သို့အပြီးအပိုင်ပြောင်းရွှေ့ခဲ့ကြသောကြောင့်ဖြစ်လေသည်။ ထိုမှနှစ်ငါးဆယ်အကြာ ယ္ခုအချိန်မှာတော့ လွယ်အိတ်မဟုတ်သည့် အတန်အသင့်ကောင်းမွန်သောခရီးဆောင်အိတ်တစ်လုံးတလေကျွန်တော်ပိုင်ဆိုင်နိုင်ခဲ့ပြီ။

#                #

သိုသော် ယ္ခုတစ်ခေါက်ပြည်တွင်းကိုပြန်ရောက်သောအခါ လှည်းကူးသားပေးသောလွယ်အိတ်အတွင်း စုံစီနဖါထည့်ပြီး ကျွန်တော်သွားလေရာကိုယ်နှင့်မကွာသယ်ဖြစ်နေပြန်ပြီ။ ခုချိန်မှာ သည်လွယ်အိတ်နှင့် ယှဉ်ဘက် ကျွန်တော့်အပေါ်ပညတ်သဘောပြောစရာဆိုစရာမည်ကာမတ္တရှိလှမည်မဟုတ်ဟုကျွန်တော်ထင်သည်။ ပြောမည့်သူတွေနှင့်ကလည်းဝေးကွာနေကြပြီ။ သို့သော် ကျွန်တော့်အတွက်တော့သည်လွယ်အိတ်ကဘဝခရီးတစ်လျှောက်ကိုလှမ်းမျှော်ကြည်မွေ့ထိတွေ့ကျက်စားစရာ အာရမ္မဏပစ္စည်းတစ်ခုအဖြစ်ကျေးဇူးပြုနေဦးမည်မှာသေချာသည်။

Monday, January 4, 2016

မိုမိုနှင့်ကျွန်တော်






ပြားခြောက်ဆယ်ကုန်ရင်
တိရစ္ဆာန်ရုံဝင်ပေါက်
သုံးဘီးနဲ့ရောက်တဲ့ခေတ်တစ်ခုရဲ့
မိသားစုတနင်္ဂနွေနေ့တစ်နေ့မှာ
ခင်ဗျားကိုစတွေ့ဘူးခဲ့တာ။

အများကလေးတွေနဲ့အတူ ခင်ဗျားကိုချစ်
ကြံပိုင်းလေးပစ်ကျွေးရင်း တစ်ကြော်ကြော်
‘မိုမို’လို့ခေါ်ပြီးပျော်ခဲ့ဘူးပေမဲ့
ကျွန်တော်နဲ့ခင်ဗျား ရွယ်တူတန်းတူတွေမှန်း
မသိခဲ့တာလဲမဆန်းပါဘူးလေ။

ဆယ်နွေလွန်မြောက် နောက်တစ်ခေါက်
ချစ်သူနဲ့လျှောက်လည်ရင်းရောက်ပြန်တော့
ခြေမြှောက်လည်မော့ ကြော့ကြော့လေးကနေတဲ့
ခင်ဗျားရဲ့ဟန်ကိုမြင် ဆင်မယဉ်သာ
အချစ်နဲ့တူလိုက်တာလို့ ချိုသာကျီစယ်
ရယ်သံတိုးညှင်း ကိုယ်သင်းယနံ့ထုံစွာ
နေ့ခင်းကြီးလမင်းသာသလို ဘဝမှာနေပျော်တဲ့အချက်
နုတ်ဆက်ဘို့ကိုအသာထား ခင်ဗျားနားမလည်နိုင်မဲ့
တောင်းပန်စကားလေးတောင်မှမဆိုမိ
သည်လိုနဲ့နောက်တစ်ခါ သားသမီးတွေနဲ့လာပြန်တော့
ချီကာပိုးကာ ခင်ဗျားကိုမြင်သာအောင်ပြ
ပီတိခြင်းကမတူ ရင်တော့ပူတတ်နေပြီ
လူသားတစ်ယောက်ရဲ့မျိုးဆက်
မူဝါဒဘယောက်ဘယက်အောက်မှာ
ပျောက်ခဲ့တဲ့ငွေအကြွေလို တန်ဘိုးတွေမဲ့မသွားရအောင်
ဘယ်လိုများပျိုးထောင်ရပါ့ ပြင်းပြတဲ့ဝေဒနာ
သွားလေရာပါသမို့ နောက်တစ်ခါမလာဖြစ်တာခွင့်လွှတ်ပါ။

သတ္တာဘုံသား ခင်ဗျားမှာလဲ
ပျော်စရာမော်စရာ ဝေဒနာရယ် ဒဏ်ရာရယ်
စာနာထောက်ထားမှုရယ်ရှိမှာ အသေအချာပါ
ကမ္ဘာပြားကြီးထဲမှာတစ်ချိ့ကျတော့
ငို့ဘကလွဲရင် ဘာမှမသိ
သဘာဝသော ပသာဒသော ဝေနေယျသော ဂေဟသော
တောမသိတောင်မသိ ဒီလူတွေကြည့်ပြီး
စိတ်ထိခိုက်တာမျိုးလည်းရှိမှာပဲ
ဒါပေမယ့် ဘဝတဏှာကို ရိုးသားစွာဖက်တွယ်ပြီး
ကြီးပြင်းလာတဲ့ခင်ဗျား လေးစားစရာပါ။

အာဏာမူးယစ်သူတွေ အသပြာထုဆစ်သူတွေအကြား
နင်းပြားဘဝမကျအောင် စဉ်းစားရသမျှရှောင်ရင်း
ထမင်းယောင်ယောင်တစ်ဆုပ်ဖန်တီးရတဲ့အလုပ်ကို
ဒုက္ခ ပြောလို့ရရင် ကျုပ်ကပိုများ
ခင်ဗျားဆီမရောက်အားပေမဲ့
ရှည်လျားထွေပြား မနေမနားသွားခဲ့သရွေ့
ခုဆို ခြောက်ဆယ်ကွေ့ပင် ကျော်ပါပေါ့။

တစ်မြန်မနေ့ သတင်းထဲတွေ့မှ
မွေးနေ့ရှင်ခင်ဗျား ပရိဿတ်ကြားမှာ
ကျန်းကျန်းမာမာ ဝမ်းလည်းသာပါတယ်
ဘယာတွေလွန်ရစ် အလင်းခေတ်တစ်ခုအစ
ခြောက်ဆယ့်နှစ်သမယမှာ အဝေးကနေဆုတောင်း
ခင်ဗျား အိုဇာတာကောင်းပါစေ ‘မိုမို’ ရေ။

အရွယ်တူသူအိုနှစ်ယောက် လောကထဲကမပျောက်ခင်
ခရီးပေါက်တဲ့အခါ ခင်ဗျားရှေ့မှောက်
မြေးတွေပို့ရင်း အရောက်လာဦးမှာပါ။





[ပြီးခဲ့သော၂၀၁၅ အောက်တိုဘာလ ရန်ကုန်တိရစ္ဆာန်ဥယျဉ်က ဆင်မလေးမိုမို၏ ၆၁ နှစ်မြောက်မွးနေ့ အမှတ်တစ်ရအဖြစ် ရေးဖွဲ့ကာအမှတ်မထင်သည်အတိုင်းထားခဲ့မိသောကဗျာ]