Friday, January 2, 2026

ကျွန်တော်နှင့် စမ်းချောင်း (၁၀)


ပြီးခဲ့သောအ
မျိုးသားနေ့က အကြိမ် ၅၀ မြောက် ကွက်သစ်အလယ်တန်းကျောင်းသားဟောင်းများဆရာကန်တော့ပွဲကျင်းပရာသို့ ကျွန်တော်ရောက်ခဲ့သည်။ ကွက်သစ်ကျောင်းတွင် မူလတန်းရောအလယ်တန်းပါ ကျွန်တော်နေခဲ့ဖူးသော်လည်း တမြန်မနှစ်ကအထိ ထိုဆရာကန်တော့ပွဲရှိမှန်းမသိခဲ့။ သူငယ်ချင်းဖြစ်သူသူဌေးနှင့်ဆက်စပ်ကာ မနှစ်က ၄၉ ကြိမ်မြောက်ပူဇော်ပွဲသို့ အမှတ်မထင်ရောက်ခဲ့ရာမှ သည်နှစ်တွင်ရောက်လာခဲ့ခြင်းဖြစ်၏။ 

 တိုက်တိုက်ဆိုင်ဆိုင် သည်နှစ်ကျင်းပမည့်နေရာကလည်း ကွက်သစ်ကျောင်းတက်စဉ်ကျွန်တော်နေထိုင်ခဲ့သော မကြီးကြီးလမ်းထဲရှိ စားသောက်ဆိုင်တဆိုင်ဖြစ်နေသည်။ သည့်ထက် ပိုပြီး တိတိကျကျပြောရလျှင် ကျွန်တော်နေထိုင်ခဲ့သောအိမ်ဝိုင်းနှင့်ကပ်လျက်အိမ်ကြီးတလုံး၏ နေရာ၌ဖွင့်လှစ်ထားသော စားသောက်ဆိုင် တဆိုင်တွင်ဖြစ်နေသည်။ နဂိုကမှ စမ်းချောင်းဆိုလျှင် အသံကြားရုံနှင့်ယိုင်နဲ့ချင်နေသော ကျွန်တော့်အာရုံတို့ နေရာဟောင်းလေးကို ရောက်ရမည့်သကာလ ရန်ပုံခွင်းအမြောက်ဆံ နသယ်ကိုမှန်သည့်နှယ် ဂျွမ်းပြန်လို့မူး ဆိုသလိုဖြစ်ခဲ့ရပါသတည်း။  

 #               #

 ဆုံနေကျလက်ဖက်ရည်ဆိုင်မှာ ထိုနေ့နံက်သူငယ်ချင်းတွေစုဝေးကြသည်။ မနှစ်ကအဖွဲ့အတိုင်းပင်ဖြစ်သော်လည်း နှစ်ယောက်လျော့သွားပြီ။ တယောက်က လွန်ခဲ့သောခြောက်လခန့်မှာ ကွယ်လွန်ခဲ့ပြီး နောက်တယောက်သည် ကျန်းမာရေးဆိုးဆိုးရွားရွား မဟုတ်သည့်တိုင် သွားသွားလာလာ မပြုနိုင်တော့။ သို့တိုင်အောင် နောက်တိုးတယောက်ပါဝင်လာသဖြင့် သိသိသာသာအင်အားမလျော့။ အချိန်တန်၍ သွားကြမည်ပြုသည့်အခါ တိုင်းရင်းက သူ့ကားဖြင့်လိုက်ခဲ့ဖို့ခေါ်၏။ လမ်းလျှောက်ရင်း နေရာဟောင်းလေးတွေကြည့်ချင်သဖြင့် ကျွန်တော်မလိုက်။ နှစ်အတန်ကြာကတည်းက စမ်းချောင်းမှခွါပြီး မြို့သစ်တွင်နေထိုင်လျက်ရှိသူ ပေါများက သူလည်းလျှောက်ကြည့်ချင်သည်ဆိုကာ ကျွန်တော်နှင့်အတူလိုက်လာသည်။ 

 နှစ်ဦးသား ဂန္ဓမာလမ်းအတိုင်း စကားတပြောပြောလမ်းလျှောက်ခဲ့ကြ၏။ ဗဟိုလမ်းထက်စာလျှင် ကားရှင်းသော်လည်း လူသွားလူလာပိုထူထပ်သည်။ တည်ဆောက်ပြုပြင်ခေတ်မှာ ဖျက်သိမ်းလိုက်သော ဦးရွှေမှန်ဈေးဘက်မှ ပျံကျဈေးသည်တွေ ဂန္ဓမာလမ်းဘက်အထိရောက်လာသဖြင့် ထိုနေရာတဝိုက်ရှုပ်ထွေးနေသည်။ နှစ်ခြောက်ဆယ်စာ မြို့ပြ၏မွန်းကျပ်မှုကို နေရာတိုင်းမှာထိတွေ့နေရ၏။ ယခင် လင်းလွန်းရပ်ကွက်မှာနေခဲ့သူ ပေါများ က မုန့်လုပ်ဆောင်းကုန်းနှင့်အကျွမ်းတဝင်မရှိသည့်တိုင် လွန်ခဲ့သောခြောက်လက ကွယ်လွန်ခဲ့သူ ဂန္ဓမာလမ်းသားသူငယ်ချင်း၏ အိမ်ကိုမူသူပြမှကျွန်တော်သိသည်။ ယခင်သစ်သားအိမ်ကြီးနေရာမှာ အထပ်မြင့်တိုက်ဖြစ်နေသောကြောင့်ကျွန်တော်မမှတ်မိခြင်းဖြစ်လေသည်။

 မုန့်လုပ်ဆောင်းကုန်းလမ်းထဲသို့ချိုးဝင်ကြပြီးနောက် မိုးမခလမ်းကိုကျော်လျှင် ကျွန်တော် နေခဲ့ဖူးသော ရပ်ကွက်ကိုရောက်ပြီ။ ညာဘက်မှာ ပန်းချောင်လမ်းနှင့် ဓညဝတီလမ်း ဘယ်ဘက်မှာပြည်သူ့ကွက်သစ်လမ်းများနှင့်ရွှေနှင်းဆီလမ်း။ လမ်းတွေအားလုံးကွန်ကရစ်ခင်းဖြစ်ကာကျယ်ပြောလာသယောင်ရှိသော်လည်း ပျံကျသားငါးဆိုင်တွေ သည်ဘက်အထိရောက်သည့်အတွက် အမြင်ရော အနံ့အသက်တွေပါ ပသာဒမဖြစ်လှ။ အဆောက်အဦတွေလည်းမမှတ်မိအောင်ပြောင်းလဲကုန်ကြပြီ။  ရွှေနှင်းဆီလမ်းထောင့်ရှိ ဆရာမကြီး ဒေါ်သိန်းရှင်တို့အိမ်သည် များစွာအပြောင်းအလဲမရှိ။ ဆရာမကြီးဟု၎င်း သူ့ဇာတိကိုအစွဲပြုကာ (စော်ကားလိုသောသဘောနှင့်မဟုတ်) တခါတခါထားဝယ်မကြီးဟု၎င်း အရပ်ထဲမှာသိကြသော ဒေါ်သိန်းရှင်သည် ကျွန်တော့်ပညာရေးခရီးတွင်အထင်ကရ ရှိခဲ့သူတဦးဖြစ်၏။ ကွက်သစ်ကျောင်းသို့ ကျွန်တော်စတင်ဝင်ရောက်စဉ် သူငယ်တန်းလေးအတန်းပိုင်မှာ ဒေါ်သိန်းရှင်ဖြစ်လေသည်။ 

 ကျောင်းဖွင့်ရက်ပထမနေ့မှာပင် ဆရာမကအတန်းထဲမှာ ကကြီးခခွေးအစအဆုံးအလွတ်ဆိုနိုင်သူတွေမတ်တပ်ရပ် ဟုပြောသည်။ မရှိဘူးဆိုလျှင် အယောက်သုံးလေးဆယ်ခန့်ရှိမည့် ကျောင်းဝင်စ စာသင်ခန်းထဲမှာ ကျွန်တော်နှင့်ကျွန်တော့်အစ်မ နှစ်ဦးသာမတ်တတ်ရပ်ပြီး အထစ်အငေါ့မရှိဆိုပြနိုင်ကြ၏။ ကျွန်တော်က ပန်းတနော်ကျုံတုံးလေးဘုန်းကြီးကျောင်းမှာ သင်ပုန်းကြီးကုန်ခဲ့ပြီး အစ်မသည် အင်းမမူလတန်းကျောင်းမှာ နှစ်နှစ်ခန့်ကျောင်းနေခဲ့ဖူးသည်။ နောက်တနေ့တွင် ဆရာမက ကျွန်တော့်ကို သူငယ်တန်းကြီးသို့အတန်းတင်ပေးသည်။ ကျွန်တော့်အစ်မကမူ ထိုအတန်းမှာပင်ကျန်ရစ်သဖြင့် ကျောင်းနေစဉ်တလျှောက် အစ်မထက် ကျွန်တော် အမြဲတတန်းပိုကြီးနေခဲ့၏။ ထိုအစ်မတိမ်းပါးခဲ့သည်ပင် ယခုဆိုဆယ်နှစ်ကျော်ရှိပြီ။ ဆရာမကြီး ချီးမြင့်ခဲ့သော ထိုတနှစ်သည်လည်း ဆယ်တန်းဖြေဖြေချင်း ‘ခ’ စာရင်းဝင်သွားသော ကျွန်တော့်အတွက် အဟောသိကံဖြစ်ခဲ့ရလေသည်။ 

 သို့သော် ကျွန်တော်ဆယ်တန်းဖြေသည့်အချိန် ရွှေနှင်းဆီလမ်းထဲသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီးဖြစ်ရာ အခြေခံပညာရေးခရီးအစနှင့်အဆုံးတို့သည် ဆရာမကြီး၏ မျက်စေ့အောက်တွင်ဟု ပြောလျှင် ရနိုင်သည်။ ထိုအကြောင်း ဆရာမကြီးကိုသော်လည်းကောင်း ရွှေနှင်းဆီလမ်းမှာလေးငါးနှစ်မျှ ခင်မင်ရင်းနှီးခဲ့ကြသော ဆရာမကြီး၏ သားများကိုသော်လည်းကောင်း ကျွန်တော်ပြောမပြခဲ့။ ဟိုတုန်းက ထိုအကြောင်းသည်လည်း တခုတ်တရပြောဆိုအမှတ်ရစရာမှ မဟုတ်ခဲ့သည်ပဲ။ ယခုတော့ အမှတ်ရကာပြောမိပြီ။ ဆရာမကြီးတို့ကိုတော့မဟုတ်။ သူတို့ရောရှိမှရှိကြသေးရဲ့လားမသိ။ ကျွန်တော်ပင် ခုနစ်ဆယ်တန်းဖြစ်နေပြီ။ ဆရာမကြီးတို့အိမ်ရှေ့မှဖြတ်စဉ် ဒါငါသူငယ်တန်းတုန်းကဆရာမရဲ့အိမ်ကွ၊ ပြီးတော့ ဆယ်တန်းကိုလဲဒီလမ်းကဘဲငါအောင်ခဲ့တာ ဟု နံဘေးမှပါလာသည့် ပေါများကို ပြောမိခြင်းဖြစ်လေသည်။

 ဆရာမကြီးတို့အိမ်ပြီးလျှင် လမ်းကြားနှင့်ကပ်လျက် ယခင်နှစ်ခန်းတွဲအိမ်နေရာမှာပြန်ဆောက်ထားပုံရသောအိမ်သည်လည်း အတန်အိုမင်းနေပြီ။ မူလအိမ်တုန်းကတခန်းသည်ယုံခြင်္သေ့ ရာဘာဘိနပ်ရုံဖြစ်ပြီးကျန်တခန်းမှာရေဒီယိုဂရမ်အမြဲဖွင့်လေ့ရှိသော မိသားစုတစုတို့နေထိုင်ကြသည်။ ထိုအိမ်လွန်လျှင်မကြီးကြီးလမ်းသို့ရောက်ပြီ။ ညာဘက်ထောင့်မှာ အိညံလက်ရည်ဆိုင် နေရာ၊ ဘယ်ဘက်ထောင့်မှာ ဒေါ်ကျင်မြိုင်ကုန်စုံဆိုင်နေရာ။ ဒေါ်ကျင်မြိုင့်ဆိုင်နေရာမှာယာယီသဘောဆောက်ထားသည့်စားသောက်ဆိုင်တွင် ဆရာကန်တော့ပွဲကျင်းပမည်ဖြစ်ရာ ကျွန်တော်တို့ရောက်ချိန် တိုင်းရင်းကသူ့ကားကို ခက်ခက်ခဲခဲနေရာချနေဆဲဖြစ်၏။ မကြီးကြီးလမ်းသည် ယခင်လိုကားမရှင်းလူမရှင်းတော့။ ကားနေရာကျသော် ထိုကားဖြင့်လိုက်လာသည့်သူဌေး ဦးဆောင်ကာ စားသောက်ဆိုင်တွင်းသို့ဝင်ခဲ့ကြသည်။

 #                  #

 သည်နှစ်အခန်းအနားကို မနှစ်ကဦးဆောင်ပုဂ္ဂိုလ်များပင်တာဝန်ယူကျင်းပကြခြင်းဖြစ်၏။ တနှစ်စာတိုးလာသောဇရာလက္ခဏာများကြားမှာ သူတို့တွေ ရွှေရတုဆရာကန်တော့ပွဲကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြသည်မှာဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါ၏။ ကန်တော့ကြမည့်သူတွေထဲမှာ အငယ်ဆုံးဟုဆိုနိုင်သော ကျွန်တော်တို့သည်ပင် ယခင်နှစ်စာလျှင်ဗျာဓိတွေ ပိုမို ဇာတိပြလာကြပြီမို့လား။ အဖွဲ့တွင်းမှတယောက်တိမ်းပါးပြီး ကျန်တယောက်ဆရာကန်တော့ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိတော့ပြီ။ ကန်တော့ခံဆရာဆရာမတွေမှာ မနှစ်ကအတိုင်းလေးဦးရှိပြီး မနှစ်ကထက်တဦးပိုကာ သည်နှစ်တက်ရောက်သူသုံးဦးဖြစ်လာသည်။ သို့တိုင်အောင် ဆုံးမဩဝါဒ စကားတွေ ရှည်ရှည်ဝေးဝေးမပြောနိုင်ကြတော့။ မနှစ်ကထက် နေရာထိုင်ခင်းပိုကျဉ်းကာ အသံချဲ့စက်အရည်အသွေးနိမ့်သဖြင့် မပြောဖြစ်ကြခြင်းလည်းဖြစ်နိုင်သည်။ ဆရာဆရာမတွေ ကျန်းမာရွှင်လန်းလျက်ရှိကြခြင်းကိုမြင်ရသည်နှင့်ပင် ကျေနပ်ဖွယ်ရာဖြစ်ပါ၏။

 မကြာမီအခန်းအနားကို မနှစ်ကအတိုင်း ရိုးစင်းစွာစတင်သည်။ ဦးဆောင်သူတစ်ဦးနှစ်ဦီးတို့ နိဒါန်းစကားပြောကြသည်။  ထိုတဦးစနှစ်ဦးစအတွင်း ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး သူဌေး ပါဝင်လာသည်မှာ ယခုနှစ်ထူးခြားချက်ဖြစ်၏။ လက်ဆင့်ကမ်းအမွေဆိုတာဒါမျိုးကိုခေါ်တာကွဟု ပွဲပြီးလျှင်သူဌေးကို စ,ရန် စိတ်ထဲမှာတေးထားမိသည်။ သို့သော် မြွေမြွေချင်းခြေမြင်သော သူဌေးမင်းသည် စကားပြောပြီး ဆရာတွေကိုကန်တော့ပြီးပြီးချင်းဆိုသလို အရေးကြီးကိစ္စတရပ်ရှိသဖြင့်ဆိုကာ ခွင့်ပန်ပြန်သွားသောကြောင့် မစလိုက်ရချေ။ သူဌေးကား ငယ်သူငယ်ချင်းများကို ဤသို့ဤနှယ်ချစ်ရုံမက ကြောက်လည်းကြောက်ပုံရလေ၏။ သူဌေးထွက်သွားပြီးနောက် ငေါင်းစင်းစင်းကျန်ရစ်သော ကျွန်တော်တို့သည်လည်း နောက်ဆက်တွဲအစီအစဉ်တွေ မကြားတလှည့် ထိုင်းတလှည့်မို့ အချင်းချင်းသာတွတ်ထိုးနေကြတော့၏

 ဝန်ခံရလျှင်ကျွန်တော့်စိတ်တွေမှာလည်း ဝင်လာကတည်းက ဂယောက်ဂယက် ဖြစ်နေသည်။ အာရုံထဲမှာ သည်နေရာတွင်ယခင်ရှိခဲ့သည့် အုတ်ညှပ်နှစ်ထပ်တိုက်အိမ်ကြီးကိုမြင်ယောင်နေသည်။ မုန့်လုပ်ဆောင်းကုန်းလမ်းနှင့်ကပ်လျက် အောက်ထပ်ထောင့်ခန်းမှာ အိမ်ရှင်ဒေါ်ကျင်မြိုင် ၏ ကုန်စုံဆိုင်ရှိသည်။ အလယ်ခန်းမှာ ဦးအောင်မြတ်ကျော်ပန်းထိမ်ဖို၊ အစွန်ဆုံးခန်းမှာယုဝတီအမျိုးသမီးဝတ်အပ်ချုပ်ဆိုင်။ ကျွန်တော့်အစ်ကိုကြီးသည် ဦးအောင်မြတ်ကျော်ထံတွင် သင်တပည့်အဖြစ် ပန်းထိမ်အလုပ်စတင်ခဲ့သည်။ ဦးအောင်မြတ်ကျော်တို့  မြို့ထဲသို့ပြောင်းရွှေ့သည့်တိုင် လက်ခစားအဖြစ်လိုက်ပါလုပ်ကိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်ပန်းထိမ်လုပ်ငန်းတရပ်ထူထောင်နိုင်ခဲ့၏။ အစ်မက ယုဝတီအပ်ချုပ်ဆိုင်မှာပညာသင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုမှအိမ်စီးပွါးရေးအခြေအနေအရ လက်ခမြန်မြန်ရလွယ်သည့် ဦးထုပ်ချုပ်အလုပ်လုပ်ရန် ရပ်ကွက်နီးချင်းအလုပ်ရုံတရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ 

 ကျွန်တော်နှင့်ကျွန်တော့်အောက်ညီတို့က မနက်သတင်းစာပို့ နေ့လည်ပိုင်းကျောင်းတက်။ အိမ်ထောင်ဦးစီးအမေက ကောက်ညှင်းမုန့်မျိုးစုံအိမ်မှာကိုယ်တိုင်လုပ်ပြီး အရပ်ထဲလှည့်ရောင်းသည်။ နောက်ပိုင်းဂွဈေးမှာဆိုင်ခန်းတခန်းအကြွေးဝယ်နိုင်သည့်အခါ ကုန်စိမ်းဆိုင်ဖွင့်၏။ ပူပူနွေးနွေးမုဆိုးမနှင့်ဖတဆိုးမိသားစုဘဝကို သည်ဝန်းကျင်မှာသည်သို့ ရုန်းကန်ကျော်ဖြတ်ခဲ့ကြပါ၏။ ထိုစဉ်ကကျွန်တော့်အသက်ဆယ့်နှစ်နှစ် ကျွန်တော့်ညီကိုးနှစ်သား။ ယခုခါဆယ့်နှစ်နှစ်အရွယ်ရှိပြီဖြစ်သော ကျွန်တော့်မြေးကြီးသည် ဖိုးအေကိုမချွဲဝံ့သည့်တိုင် ဖွားအေ မအေနှင့် အဒေါ်များအား ပွတ်သီးပွတ်သပ်ချွဲ၍ကောင်းတုန်း။ ထိုအချိန်မျိုးတွင် နုနုနယ်နယ်သူ့မျက်နှာလေးကို ပီတိဖြင့်ကြည့်ရင်း ထိုအရွယ်တွင်စက်ဘီးတစီးနှင့်လမ်းတကာလှည့် သတင်းစာပို့နေသော မိမိငယ်ဘဝအား မြင်ယောင်မိတတ်ပါ၏။ မျိုးဆက်သစ်အပေါ် ထားရှိအပ်သော မေတ္တာဂရုဏာနှင့် မုဒိတာပါ ပြည့်ဝသည့် ထိုပီတိမှာ မည်သို့သောပီတိနှင့်မျှနှိုင်းယှဉ်၍ မရနိုင်ဟု ကျွန်တော်ဆိုပါမည်။

 ထိုစဉ်က အသက်ခြောက်ဆယ်ခန့်ရှိမည်ထင်ရသောဒေါ်ကျင်မြိုင်သည်အပျိုကြီးဖြစ်၏။ သဘောဆိုးသည်မကြားဖူးဘူးသော်လည်း အပျိုကြီးမို့လားမသိမျက်နှာထားတည်သည်။ တခါတရံ သူ့ဆိုင်မှာဈေးဝယ်သည့်အခါ အခန်းပြည့်နီးပါးကျယ်ဝန်းသော ဆိုင်ခုံမျက်နှာစာ ဆင့်များပေါ်၌ အစီအရီတင်ထားသည့် ဖန်ပုလင်းကြီးများထဲမှ မုန့်ပဲသွားရေစာများကို ငေးမိ၍ ကြာသွားလျှင် ဟဲ့ခလေးဝယ်မှာဖြင့်ဝယ် ဆိုင်ရှေ့ကွယ်မနေနဲ့ဟု ငေါက်ချင်ငေါက်တတ်သည်။ ထို့ကြောင့် ကျွန်တော်သူ့ဆိုင်မှာသိပ်မဝယ်ဖြစ်။  သို့သော် နောက်ထပ်ဆယ့်လေးငါးနှစ်အကြာ ကျွန်းတောလမ်း ဧစေတီကျောင်းတိုက်မှာ ကျွန်တော်ပဉ္ဇင်းခံခိုက် ဆွမ်းခံကြွရင်း သူတို့ဆိုင်ရှေ့အရောက် ရပ်တော်မူပါဦးဘုရားဆိုကာ လမ်းမပေါ်ထွက်လျက် တရိုတသေဆွမ်းဆွမ်းဟင်းလျာများလောင်းလှူခဲ့သော အမယ်အိုဒေါ်ကျင်မြိုင်ကို ယခုပင်ကျွန်တော်မြင်ယောင်မိလေသည်။ 

 အခန်းအနားအစီအစဉ်အောင်မြင်စွာပြီးဆုံးပါပြီဆိုသောကြေညာသံနှင့်အတူ တိုးတိုးသာသာ လက်ခုပ်သံများကြောင့် ကျွန်တော့်အတွေးတွေ ပစက္ခသို့ပြန်ရောက်သည်။ မူလကရှင်းလင်းပြောကြားထားသည့်အတိုင်းပင် ဆရာကန်တော့ငွေထဲမှမဟုတ်ဘဲ ကျောင်းသားဟောင်းအချို့ သီးသန့်ထည့်ဝင်ငွေဖြင့်ဧည့်ခံသော ထမင်းပေါင်းပန်းကန်များကို ဆိုင်ဝန်ထမ်းတို့ကလိုက်လံချထားသည်။ ဇွန်းသံပန်းကန်သံ ရယ်သံမောသံ တေးဂီတသံမဆူညံသည့် ပကာသနကင်းအဘိဇ္ဈာရှင်းသော တည်ခင်းဧည့်ခံမှုပေတည်း။ ယင်းကို အားပေးသုံးဆောင်ကြပြီးနောက် ကန်တော့ခံဆရာဆရာမများနှင့် ဦးဆောင်ကျောင်းသားဟောင်းကြီးတို့အား နှုတ်ဆက်လျက်ပြန်ရန်ပြင်ဆင်ကြ၏။ ကျွန်တော်တို့ထဲမှ ဆရာမပြန်ပို့မည့်သူ အခြားတနေရာသွားမည့်သူစသည်ဖြင့် ပြောဆိုစီစဉ်နေကြသည်။ သူတို့နှင့်လမ်းခွဲကာ ဆိုင်တွင်းမှကျွန်တော်ထွက်ခွါခဲ့လေသည်။

#                 #

 မကြီးကြီးလမ်းပေါ်ရောက်သည်နှင့် ဦးစွာငဲ့စောင်းကြည့်မိသည်မှာ ဒေါ်ကျင်မြိုင်အိမ်နှင့်ကပ်လျက် အိမ်စုလေးကိုဖြစ်သည်။ မျက်နှာစာဘက်တွင်နောက်မှဆောက်လုပ်ဟန်ရှိသောအိမ်ဟောင်းနှစ်လုံးမှအပ များစွာပြောင်းလဲပုံမရချေ။ အိမ်နှစ်လုံးကြားအလယ်လူသွားလမ်းလေးမှဝင်လျှင် အတွင်းရှိတန်းလျားများသို့ (ရှိနေသေးလျှင်) ရောက်မည်။ နောက်ဖေးလမ်းကြားနှင့်အနီးဆုံးတန်းလျား၏ ခြေရင်းဘက်အစွန်ဆုံး ပေ ၂၀ x ၁၀ ပေ ခန်းလေးမှာ ရန်ကုန်ပြန်ရောက်စ ကျွန်တော်တို့မိသားစုနေထိုင်ခဲ့ကြသည်။ ထိုတန်းလျားအပါအဝင် အခြားတန်းလျားနှစ်ခုတို့၌ အိမ်ရှင်နှင့်အိမ်ငှါး စုစုပေါင်းမိသားစုဆယ်စုခန့်ရှိပြီး အိမ်ရှင်မှအပလက်လုပ်လက်စားတွေဖြစ်ကြ၏။ မုန့်ဖတ်အဖြူထည်ရောင်းသူ၊ မုန့်ဟင်းခါးအထမ်းရောင်းသူ၊ ဆိုက်ကားနင်းသူ၊ ကုန်ထမ်းသူ စသည်ဖြင့် လူစုံတက်စုံ စရိုက်စုံကြလေရာ အားလုံး၏ နိစ္စဓူဝ လှုပ်ရှားကြပုံများကို ယခုပြန်လည်မြင်ယောင်ကြည့်ရာ၌  ဂေါ်ကီ၏ ဝတ္ထုတပုဒ်ဖတ်နေရသည်သို့ရှိလေသည်။

 ထိုအိမ်စုပြီးလျှင် စိန်နဂါးတိုက်ဟုခေါ်သော စိန်နဂါးဆေးပြင်းလိပ်ခုံ၊ ပြီးလျှင် လမ်းကြားခြားလျက် ရွှေနှင်းဆီလမ်းထောင့်မှ ဦးကျော်ကြီးမုန့်ဟင်းခါးဖို အားလုံးယခုမရှိကြပြီ။ ညညဆိုကြားနေကျဂီတသံပမာ မုန့်ကျိတ်စက်မော်တာခါးပတ်ကြိုးအီသံကြီးကိုလည်းကြားကြမည်မဟုတ်တော့။ သည်ဘက်ခြမ်း ဘကြီးဦးစိန်မြတို့နှစ်ထပ်တန်းလျားအိမ်ကြီး ပြန်ဆောက်ထားသော်လည်း စေတနာဆေးခန်း၊ ပုလဲဝင်းလောင်ဒရီ၊ မောင်မြင့်အပ်ချုပ်ဆိုင်စသည်ံ့ ဆိုင်ခန်းတွေမရှိကြတော့။ ငှက်ပျောတောလမ်းထောင့် ဦးဝင်းတို့ဆိုင်နေရာမှာ လှပသစ်လွင်သည့် ရှစ်ထပ်တိုက်တလုံးနေရာယူထားသည်။ ဟိုတုန်းကအုတ်ခုံမြင့်မြင့်နှစ်ဘက်စင်္ကြန်နှင့်နှစ်ထပ်အုတ်ညှပ်တိုက်တွင် တရုပ်လူမျိုးဦီးဝင်းတို့မိသားစု ဆိုင်ဖွင့်လျက်နေထိုင်ကြသည်။ ကူရှင်ကျောင်းတက်နေကြသည့် သူ့သား အမိုင် အထိုင်နှင့်အလုံးတို့သည် ကျွန်တော့်သူငယ်ချင်းများဖြစ်ကြ၏။ သူတို့တွေ လမ်းပေါ်ထွက်ကစားလေ့မရှိ။ ကျောင်းပိတ်ရက် ညီအကိုတတွေအိမ်ရှေ့စင်္ကြန်ထောင့်မှာတောက်ခုံတောက်တတ်သည်။ တခါတခါကျွန်တော်ပါဝင်၍ဇယ်တောက်ရင်း စကားပြောဖြစ်၏။

 ယခုမည်သူပိုင်ဆိုင်မှန်းမသိသော ဦးဝင်းအိမ်နေရာမှအဆောက်အဦသစ်ကိုမြင်သည်ခဏ တရုပ်ဗမာအရေးအခင်းကာလ ညတညအားအမှတ်ရမိ၏။ သန်းကောင်ကျော် လူခြေတိတ်ချိန် မည်သည့်အရပ်ကလာသည်မှန်းမသိသော လူတစုတို့ ဦးဝင်းဆိုင်ကျွန်းတံခါးကြီးများအား ပေါက်ဆိန်ဖြင့်ဖျက်ဆီးဝင်ရောက်ကာ ဆိုင်တွင်းရှိမှန်ဘီရိုများကိုရိုက်ခွဲကြသည်။ ဘီရိုအတွင်းခင်းကျင်းထားသော ကြွေထည်ပစ္စည်း အပါအဝင်ကုန်ပစ္စည်းမျိုးစုံတို့ကို လမ်းပေါ်မှာပုံပြီး မီးတင်ရှို့ကြသည်။ မယူကြနဲ့ ဘယ်သူမှမယူကြနဲ့ဆိုသော အချင်းချင်းအော်ဟစ်သတိပေးသံတွေညံနေသည့်ကြားမှ သူတို့ထဲမှလူအချို့ ဆင်ကြယ်ဖိနပ်အသစ်များကို သူတို့ဖိနပ်အဟောင်းများနှင့် လဲလှယ်စီးနေကြသည်။  ဘကြီးဦးစံမြတို့ အိမ်ထောင့်အမှောင်ခြမ်းမှာ ရပ်ကြည့်နေသော ကျွန်တော့်စိတ်ထဲမှာ ဖိနပ်လဲသည့်ကိစ္စထက် အပေါ်ထပ်မှာပိတ်မိနေသော သူငယ်ချင်းမိသားစုတို့အတွက် စိုးရိမ်စိတ်ကကြီးစိုးနေခဲ့၏။ 

 ကံအားလျော်စွာ ဦးဝင်းတို့တမိသားစုလုံး အန္တရာယ်မရှိခဲ့ကြ။ အရေးအခင်းပြီးသည့်အခါ ပျက်စီးသွားသောတံခါးတွေပြန်လည်ပြင်ဆင်ခဲ့သော်လည်း ဆိုင်ကိုဟုတ္တိပတ္တိမဖွင့်ကြတော့။ ရွှေနှင်းဆီလမ်းသို့ ကျွန်တော်ပြောင်းပြီးနောက်ပိုင်း အထိုင်တို့အမိုင်တို့နှင့်လည်းမဆုံဖြစ်တော့။ မိသားစုလိုက်ထိုင်ဝမ်သို့ ထွက်ခွါသွားကြသည်ဟု နောင်တွင်ကြားသိခဲ့ရလေသည်။

#                 #

 ဆရာကန်တော့ပွဲလာကျောင်းသားဟောင်းကြီးများ စားသောက်ဆိုင်ထဲမှအလျှိုအလျှိုထွက်ခွါသွားကြသည့်တိုင် လမ်းတဘက်ထိုနေရာမှာကျွန်တော်ရပ်နေဆဲ။ ဆောင်းကာလမို့ အပူချိန်မပြင်းသော်ငြား နေမွန်းတည့်နေပြီ။ ရောက်တုန်းရောက်ခိုက် ကျွန်းတောလမ်းနေ အစ်ကိုကြီးတို့မိသားစုထံ ဝင်ရောက်ဖို့စဉ်းစားထားသည်ကိုသတိရလာ၏။ မကြီးကြီးလမ်းပေါ်မှာ ယာဉ်တွေလူတွေရှုပ်ထွေးလှသည်မို့ ငှက်ပျောတောလမ်းဘက်မှဝင်ကာ ကျွန်းတောလမ်းသို့ရောက်သည်။ ကျွန်းတောလမ်းမပေါ်မှာ ဟိုဘက်သည်ဘက် အနှေးယဉ်တွေ မော်တော်ယာဉ်တွေ ရှင်လောင်းလှည့်သလို သွားသူသွား ကျော်သူကျော်နေကြ၏။ ခေတ်သစ်စမ်းချောင်း၏ လမ်းမကြီးတိုင်းလိုလို၌ ယာဉ်တန်းကြီးများသည် အစာနင်နေသောစပါးကြီးမြွေကြီးများပမာ လူးလွန့်သော်လည်းမရွေ့ရှားနိုင်ဖြစ်နေကြပုံရလေသည်။ ကျွန်းတောလမ်းပလက်ဖောင်းအတိုင်းလျှောက်လာစဉ် ပုသိန်လမ်းနှင့်ဟင်္သာတလမ်းအကြားမြေကွက်လပ်တခုမှာ ပိုင်ရိုက်နေသောလုပ်ငန်းခွင်ကိုမြင်သဖြင့် ခေတ္တရပ်ပြီးငေးကြည့်မိသည်။ 

 ထိုနေရာသည် ဝင်းသိန်းမြင့်စတိုးဆိုင်နေရာဖြစ်၏။ ကျွန်တော်တဦးတည်း၏ အမှတ်သညာဖြင့်ပြောရလျှင် ဝင်းသိန်းမြင့်ကို အများသိခဲ့ကြသည်မှာ တယ်လီဖုန်းနှင့်နို့အေးချောင်းတို့ကြောင့် ဖြစ်သည်။ ထိုခေတ်က အများပြည်သူသုံး လမ်းဘေးတယ်လီဖုန်းရုံလေးများနေရာအနှံ့အပြားမှာရှိကြ၏။ လန်ဒန်မြို့ကအနီရောင်တယ်လီဖုန်းရုံလေးများကိုအားကျမခံဘိသည့်အလား သေသပ်လှပစွာဆောက်လုပ်ထားသော အပြာရောင်ရုံလေးများဖြစ်ကြသည်။ တမတ်တန်အကြွေစေ့ထည့်၍သုံးရသည်။ တော်လှန်ရေးကောင်စီတက်လာပြီးနောက် ထိုဖုန်းတွေချွတ်ယွင်းပြီး တစစသုံးမရဖြစ်လာကြသည်။ နောက်ပိုင်းတွင်ရုံတွေပါပျောက်ကွယ်သွားခဲ့၏။ အကြောင်းရှိ၍ ဖုန်းဆက်လိုလျှင် တယ်လီဖုန်းရှိသော ဝင်းသိန်းမြင့်လိုဆိုင်နှင့် အိမ်အချို့တို့ဆီသွားကာ အဖိုးစားနားတခုဖြင့်ဆက်ကြရသည်။ ကလေးသူငယ်နှင့်လူလတ်ပိုင်းတို့အတွက် ဝင်းသိန်းမြင့်ဆိုင်မှ နို့အေးချောင်းသည်လည်း ပြောစမတ်တွင်အောင်ပင် စွဲမက်စရာဖြစ်ခဲ့ဖူးပါ၏။ 

 ကျွန်းတောလမ်းပေါ်မှာ ယာဉ်တွေရှေ့မတိုးနိုင်ဘဲရပ်တန့်နေကြခိုက် ကားကြိုကားကြားတိုးဝှေ့ကာလမ်းတဘက်သို့ကျွန်တော်ကူးခဲ့လာသည်။ မျက်နှာချင်းဆိုင်မှာအစ်ကိုကြီးတို့အိမ်ရှိ၏။ သို့သော် ဟိုတုန်းကလို ခြံဝသစ်သားတံခါးကိုယ်တိုင်ဖွင့်ဝင်၍မရတော့။ အစ်ကိုကြီးတို့၏ အုတ်ညှပ်နှစ်ထပ်အိမ်သည် ယခုခါရှစ်ထပ်ကွန်ကရစ်တိုက်ဖြစ်နေပြီ။ အပေါ်ဆုံးထပ်မှာနေသော သူတို့မိသားစုဝင်တဦးဦးထံသို့ဖုန်းဆက်၊ တယောက်ယောက် တံခါးဆင်းဖွင့်ပေးမှ ကျွန်တော်အိမ်ထဲဝင်၍ရမည်။ ထိုသို့ ကယိကထများသည့်ပြင် သူတို့ကိုလည်းအားနာရသောကြောင့် တော်ရုံနှင့်မရောက်နိုင်ခဲ့။ သည်တခေါက်တော့ ဝင်ဖြစ်အောင်ဝင်မှဖြစ်မည်။ အိပ်ကပ်တွင်းမှမိုဘိုင်းဖုန်းကိုထုတ်ခါ တအိမ်တည်းနေအစ်ကိုကြီး၏သမီး ကျွန်တော့တူမထံဖုန်းခေါ်သည်။ တဘက်မှပြန်ဖြေမည့်အသံနားထောင်ရင်း ဝင်းသိန်းမြင့်ကိုအားထားစရာမလိုတော့သောခေတ်သို့ ရောက်နေပြီဘဲဟု ကြံကြံဖန်ဖန်တွေးနေမိ၏။ 

 စင်စစ် ဝင်းသိန်းမြင့်အပါအဝင်ဟိုတုန်းကစမ်းချောင်း ခုခါဘယ်ဆီများရောက်နေကြ ပြီမသိ။ အစာနင်နေသောစပါးကြီးမြွေတကောင်တော့ ကျွန်းတောလမ်းမပေါ်မှာ တအိအိရွေ့လျားနေဆဲဖြစ်လေသည်။

No comments:

Post a Comment