Wednesday, November 26, 2025

“ကျော်ရဲအောင်နှင့်ကျွန်တော်”

     လူတူမရှားနာမည်တူမရှားဆိုသဖြင့် ဤစာခေါင်းစဉ်ပါကျော်ရဲအောင်သည် အများသိရုပ်ရှင်မင်းသားကျော်ရဲအောင်မဟုတ်ပါဟု အလွယ်တကူစကားပလ္လင်ခံ၍ ရနိုင်သည်။ သို့သော် ပြည့်စုံမည်လိမ့်မည်ကားမဟုတ်။ အကြောင်းမှာ ခေါင်းစဉ်ပါကျော်ရဲအောင်သည် မင်းသားကျော်ရဲအောင် မဟုတ်သော်ငြား ကျော်ရဲအောင်ကို ကိုယ်စားပြုခြင်းကြောင့်ဖြစ်လေသည်။ မင်းသားကျော်ရဲအောင်၏ ပရိသတ်တဦးက မိမိနာမည်အပြင် ကျော်ရဲအောင်ဆိုသောနာမည်ကိုပါ အမည်ပွါးအဖြစ်ခံယူထားခြင်းကြောင့်ဖြစ်၏။ သည်လို နာမည်ပွါးမှည့်ခေါ်ခြင်းမျိုးက သည်တိုင်းပြည်နှင့် တရင်းတနှီးရှိကြသော နိုင်ငံခြားသားတွေမှာ ရှိလေ့ရှိထဖြစ်ရာ ယခုလည်းထိုအမည်ခံယူသူသည် မြန်မာလူမျိုးမဟုတ်။ 

    မြန်မာမိန်းမငယ်တဦးနှင့်အကြောင်းပါခဲ့ဖူးသူ၊ ရှမ်းချစ်၍ ပဲပုပ်ချစ်သည်လား ပဲပုပ်ချစ်၍ ရှမ်းချစ်သည်လား မကွဲပြားလောက်အောင်ပင် မြန်မာ့ဓလေ့ မြန်မာ့ရိုးရာ မြန်မာဘာသာစကားကိုချစ်ခင်သူ ထိုင်းလူမျိုးတစ်ဦးဖြစ်လေသည်။ မြန်မာနှင့်ကျွမ်းဝင်ချင်လွန်းသောကြောင့် သူ့မြန်မာနာမည်ကိုပင် သူကြိုက်သောရုပ်ရှင်မင်းသားအမည် (ကျော်ရဲအောင်ဟူ၍) ပေးထား၏။ သူ့အိမ်ကျွန်တော်မရောက်ဖူးသဖြင့်မသိ။ သူ့ကားထဲမှာတော့ တွံတးသိန်းတန်မှသည် စိုင်းထီးစိုင်အထိ ကက်ဆက်သီချင်းခွေတွေ စီဒီတွေအများကြီး။ သူ့ကားပေါ်မှာလိုက်ပါသည့်အချိန် အပြင်မြင်ကွင်းကိုသာမကြည့်ခဲ့လျှင် ဗမာပြည်ထဲမှာဟု ခံစားရလောက်သည်အထိ သူ့မှာ ဗမာအငွေ့အသက်တွေရှိနေ၏။ 

    သည်ကျော်ရဲအောင်နှင့်ကျွန်တော် လွန်ခဲ့သောနှစ်သုံးဆယ်ခန့်က ဘန်ကောက်မှာ တွေ့ဆုံသိကျွမ်းခဲ့ကြခြင်းဖြစ်သည်။

#                #

     စမွတ်ပရကန်ရှိသင်္ဘောကျင်းတကျင်းမှာ ကျွန်တော်အလုပ်စဝင်သည့်အခါ အရှေ့အလယ်ပိုင်းကုမ္ပဏီတစ်ခုမှအပ်နှံသည့် ကမ်းထိုးရေယာဉ်တစ်စီးလက်စသပ်ခါစဖြစ်သည်။ ထိုရေယာဉ်တွင် သုံးသည့် မိန်းအင်ဂျင်နှင့် မီးစက်အားလုံး ကက္တာပေလာအင်ဂျင်တွေဖြစ်ကြရာ စက်များတပ်ဆင်ပြီး စမ်းသပ်အပ်နှံသည့်အလုပ်ကို အင်ဂျင်ကုမ္ပဏီ သင်္ဘောကျင်းနှင့်ရေယာဉ်ပိုင်ရှင်ကိုယ်စားလှယ်တို့ အတူတကွဆောင်ရွက်နေကြခိုက်ဖြစ်၏။ ဌာနတိုင်းမှာမြန်မာတွေရှိသော အနှီသင်္ဘောကျင်းမှ မြန်မာအင်ဂျင်နီယာတစ်ဦးနှင့် ရောက်လေရာမြန်မာလိုပြောပြီး မြန်မာစကားသင်ယူလိုသူ ကက္တာပေလာဆားဗစ်အင်ဂျင်နီယာ ကျော်ရဲအောင်တို့ ထိုမှာအဖွဲ့ကျကြလေသည်။ 

     အလုပ်သဘောအရ တိုက်ရိုက်မဆက်ဆံရသည့်တိုင် ထမင်းစားနားချိန်တွေမှာသတင်းစာဖတ် အနားယူနေကျအခန်းသို့ စာလာမေးလေ့ရှိသောကျော်ရဲအောင်ကို ကျွန်တော်တို့အားလုံးသိနေကြ၏။ မပီကလာ ပီကလာစကားပြောသံရော ယဉ်ကျေးပျူငှါ သွက်လက်သောအမူအယာကြောင့်ပါ ခင်မင်စရာကောင်းသလောက် အမေးအမြန်းထူသဖြင့် တခါတခါစိတ်ညစ်ကြရသည်။ လမ်းမ ရှိပြီးဘာကြောင့်လမ်းထီးမရှိရတာလဲဆိုသည်မျိုး။ စာရေးတာကိုဘာကြောင့်စာကူးတယ်လို့ပြောရတာလဲ၊ ရေကူးတာနဲ့စာကူးတာဘာကွာလဲ စသောကတ်သီးကပ်သပ်တွေကို အတည်ပေါက်မေးတတ်သည်။ သူမေးသောအင်ဂျင်နီယာမှာ မြန်မာပြည်မှာကတည်းက ကျွန်တော်နှင့်ဌာနတူတွေမို့ သူအဖြေရခက်လျှင် မလှမ်းမကမ်းရှိ ကျွန်တော့်ထံအကူအညီတောင်းလေ့ရှိသည်။ 

     ကြာတော့ထိုအင်ဂျင်နီယာက ကဲ ဒီပေါက်ကျိုင်းမေးသမျှအစ်ကိုဘဲဆက်ဖြေပေးပါတော့ဆိုကာ ကျော်ရဲအောင်ကို ကျွန်တော့်ထံလွှဲသည်။ ကိုယ့်ဘာသာစကားအား လိုလိုလားလားသင်ယူလိုသူမို့ကျွန်တော်ကလည်း တတ်အားသမျှကူညီဖို့ဝန်မလေး။ သို့နှင့် ဘယ်နှစ်ကျောင်းပြောင်းပြီးမှန်းမသိသောကျော်ရဲအောင် ကျွန်တော့်ထံတပည့်ခံဖို့ရောက်လာသည်။ သူတကယ်မခေကြောင်းသူ့အပြောကသက်သေဖြစ်၏။ ကျွန်တော့်ထံမှာတပည့်ခံရတော့မည်မှန်းသိသိချင်း ဟိုဆရာကငယ်တော့ဆရာ၊ ဆရာက ကြီးတော့ဆရာကြီးလို့ခေါ်မယ်နော်ဆိုကာ ထိုအချိန်မှစ၍ ဆရာကြီးကို ပါးစပ်ဖျားမှမချတော့။ ပြောရလျှင် ကျွန်တော်သည်လည်းနွားပြာကြီးအောက်သွားမရှိတော့။

     တကယ်တန်းသူ့ကိုသင်ရသည်မှာ အပန်းကြီးလှသည်မဟုတ်။ စကားပြောသက်သက်ဖြစ်သည့်အပြင် (ယခုတော့စာပင်ဖတ်တတ်နေပြီဆိုသည်) အခြေခံရှိပြီးသားမို့ နားလည်လွယ်သည်။ အင်္ဂလိပ်လိုလည်း နားပေါက်သဖြင့် လိုအပ်သည့်အခါရှင်းပြသမျှလိုက်နိုင်သည်။ ထိုအချိန်ကျွန်တော်ကလည်း တကိုယ်ရေတကာယမို့ အားလပ်ချိန်များသည်။  စနေတနင်္ဂနွေရုံးပိတ်ရက်ဆိုလျှင် ကျော်ရဲအောင်ကသူ့ကားနှင့်ကျွန်တော့်ကိုလာခေါ်သည်။ ပြီးလျှင် ကုန်တိုက်သို့မဟုတ်စူပါမာ့ကက်တခုခုသို့သွားကာ ဝယ်စရာရှိဝယ်၊ မရှိလျှင်ငေးကြသည်။ ထို့နောက် ကော်ဖီဆိုင် အအေးဆိုင် တခုခုမှာထိုင်ကြသည်။ ထိုအချိန်စာသင်ချိန်ဖြစ်၏။  တနာရီခန့် ကျွန်တော်စိတ်ကူးပေါက်ရာ မြန်မာစကားအသုံးအနှုံးတွေသူ့ကိုပြောပြကာ သူသိလိုရာမေးသမျှ ကျွန်တော်ပြန်ဖြေရ၏။ 

    ကျွန်တော်နှင့်သွားချိန်သူ့လက်ထဲမှာဗလာစာအုပ်တစ်အုပ်အမြဲဆောင်ထားပြီး တခုခုပြော သည်နှင့် လိုက်မှတ်လေ့ရှိ၏။ ပြီးလျှင် သူ့ဝသီအတိုင်းနှိုက်နှိုက်ချွတ်ချွတ်မေးလေ့ရှိသည်။ မလွှဲသာ၍ အင်္ဂလိပ်လို ပြောရသည့်အခါမှလွဲလျှင် သူဗမာလိုပြောသည်ကို ကျွန်တော်က ဗမာလိုပင်ဖြေကာလိုအပ်သလိုတည့်မတ်ပေးရ၏။ သူအတော်ပြောနိုင်သည်ကိုလည်းသတိထားမိသည်။ စကားကြီးစကားကျယ်ပြောချင်သလို ပြောလည်းပြောသည်။ သူ့ကောင်မလေးနှင့်တွေ့သည့်အကြောင်းကို သူနဲ့ရီးစားဖြစ်တယ် ချစ်သူဖြစ်တယ် ကမ္မသကာပေါ့ဆရာကြီးရယ် ဟု ပြောသဖြင့် ကမ္မသကာကိုဝမ်းသာရမည့်ကိစ္စတွေမှာသုံးလေ့မရှိ မသုံးသ င့်စသည်ဖြင့် ရှင်းပြရ၏။  

     အလားတူ ဝဋ်ကြွေး လောကဓံ သံသရာ စသောအသုံးအနှုန်းများကို နှစ်ခြိုက်သည်။ သုံးလည်းသုံးလေ့ရှိသည်။ ထိုအခါမျိုးမှာ မင်းကတော့ကမ္မဝါဖတ်မယ့်ဘုန်းကြီးတစ္ဆေပါလားကျော်ရဲအောင်ရယ်ဟု ကျွန်တော်ရယ်မောရင်းပြောသည်ကို အစပိုင်းသူနားမလည်။ တစ္ဆေကိုသူသိသော်လည်း ကမ္မဝါဖတ်တယ်ဆိုတာ ဘာကို ပြောတာလဲဟုမေးသဖြင့် တတ်သရွေ့မှတ်သရွေ့ရှင်းရပြန်၏။ သူကစာအုပ်ထဲမှာမှတ်သားပြီး အလျဉ်းသင့်တိုင်း ကျွန်တော်ကကမ္မဝါဖတ်မယ့်ဘုန်းကြီးတစ္ဆေလေဆရာကြီးရဲ့ဟု ဦးအောင်ပြောလေ့ရှိသည်။

#                 #

     သည့်နောက်ပိုင်း ကျွန်တော်မိသားစုပါခေါ်ထားသည့်အခါ ကျော်ရဲအောင် လာလျှင်သူ့ကောင်မလေးပါ ပါလာ၏။ သည်တော့မှ ဘာကြောင့်ကျော်ရဲအောင်မြန်မာစကားသင်ယူလိုသည်နှင့် မြန်မာစကားတတ်မြောက်လွယ်နေသည်ကို ကျွန်တော်သိရသည်။ အိပ်နေသောအဘိဓာန်လေဆရာကြီးဟု sleeping dictionary ကို သူ့ဖာသာဘာသာပြန်ကာ သူ့ဖာသာသဘောကျနေသည်။ ကောင်မလေးကမြဝတီသူဖြူဖြူချောချောလေး။ သူ့ထက်အတန်ငယ်ရွယ်သော်လည်း သူ့ထက်စကားနည်းကာမျက်နှာထားတည်သည်။ သို့သော် မရွှေတောက်၏ သမီး သမီးနှင့် ပြောဆိုဆက်ဆံမှုတွေကြားမှာ မကြာမီတရင်းတနှီးဖြစ်သွားကြပြီး စနေတနင်္ဂနွေဆိုအိမ်ကိုရောက်လာတတ်သည်။ အိမ်မှာချက်ပြုတ်စားသောက်ကြ၊ ပြီးလျှင်တနေ့ခရီးပေါက်သည့် ပင်လယ်ကမ်းခြေလိုမျိုး၊ အရောက်အပေါက်နည်းသည့် ရှေးဟောင်းဘုရားစေတီလိုမျိုးတွေဆီသွားကြသည်။ 

     ကျော်ရဲအောင်၏ကားသည် အစ်ဇူးဇူးပစ်ကပ်တံခါးနှစ်ပေါက်ဖြစ်ရာ သူတို့နှစ်ယောက်ရော ကျွန်တော်တို့မိသားစုပါ ချောင်ချိစွာစီးနိုင်သဖြင့် ခရီးဝေးသွားဖို့အခက်အခဲမရှိသလို သူကမောင်းလည်းမောင်းနိုင်သည်။ သူနှင့်သူ့ကောင်မလေးတို့ကောင်းမှုဖြင့် ဘန်ကောက်မှမဲဆောက်၊ ထိုမှမြဝတီဘက်ကမ်းသို့စွန့်စွန့်စားစားကူးကာ ထိုစဉ်ကမြဝတီမြို့မှာခေတ္တသီတင်းသုံးနေသည့် သာမညဆရာတော်ကြီးကိုပင် ကျွန်တော်တို့မိသားစု ဖူးခွင့်ရခဲ့သည်။ မဲဆောက်ခရီးစဉ်မှာ ဦးအောင်ဇေယျဘုရားကိုလည်း ဖူးခွင့်ရခဲ့သည်။ ဦးအောင်ဇေယျဘုရားဖူးစဉ် ကျော်ရဲအောင်က သူသည်အတိတ်ဘဝတစ်ခုမှာ ဦးအောင်ဇေယျ၏ ညာလက်ရုံးဖြစ်ခဲ့ဖူးသည်ဟု ပြောသည်ကို ကျွန်တော်မှတ်မိနေသည်။ ထိုင်းတို့က ဘုရင့်နောင်ကိုချစ်သလောက် အလောင်းဘုရားကိုမုန်းတီးကြလေရာ ကျော်ရဲအောင် သူ့ကိုသူ ဦးအောင်ဇေယျ (အလောင်းဘုရား) ၏ ညာလက်ရုံးဘဝမှလာသည် ဟု ယုံကြည်ခြင်းမှာ တော်ရုံအစွဲမဟုတ်ပေ။ 

    ထိုသို့သောအယူအစွဲမျိုးဖြင့် ကျွန်တော့်အတွက်ပူပန်ခဲ့ဖူးသည်မှာလည်းအမှတ်တရဖြစ်၏။ စနေတနင်္ဂနွေတရက်၌ ထမင်းစားပြီး အောက်ထပ်ဧည့်ခန်းဆိုဖာတွင် ကျွန်တော်တယောက်တည်းထိုင်ကာသတင်းစာဖတ်နေစဉ် ညာခြေမထိပ်မှာစူးကနဲနာကျင်မှုတခုခံစားလိုက်ရသည်။ ကပျာကယာငုံ့ကြည့်လိုက်သည့်အခါ လက်သီးဆုပ်ခန့်ရှိ အိမ်ကြွက်တကောင်မျက်နှာချင်းဆိုင် ဆိုဖာခုံအောက်ပြေးဝင်သွားသည်ကိုမြင်ရပြီး ကျွန်တော့်ခြေမထိပ်မှာလည်းသွေးစို့နေ၏။ ကြားသားမိုးကြိုး ကျွန်တော့်ဘဝမှာ တကြိမ်တည်းသောကြွက်ကိုက်ခံရသည့်အတွေ့အကြုံဖြစ်လေသည်။ ဝန်ထမ်းအိမ်ရာဧည့်ခန်းမို့ အသုံးနည်းသော ဧည့်ခန်းအားမောင်ပိုင်စီးထားပုံရသည့် ကြွက်သည် ကျွန်တော့အား ကျူးကျော်သူပမာသဘောထားကာ နှိပ်ကွပ်လိုက်ပုံရ၏။ ထိုအချိန် ဆိုင်းမဆင့်ဘုံမဆင့်ဆိုသလို ကျော်ရဲအောင်တို့ရောက်လာသည်။ 

    ကျွန်တော့်ခြေမထိပ်ကသွေးကို ရေဆေးရန်ထိုင်ခုံမှအထ သူတို့ရောက်လာကြခြင်းဖြစ်ရာ  အကျိုးအကြောင်းသိပြီး ကျော်ရဲအောင် စုတ်တသတ်သတ်ဖြစ်နေသည်။ သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေမြင်ရ၏။ မကောင်းဘူးဆရာကြီး ကြွက်ကိုက်တာမကောင်းဘူး ဟုလည်း တဖွဖွရေရွတ်နေသည်။ ဒဏ်ရာကိုရေစင်စင်ဆေးပြီး ကျွန်တော်အေးအေးဆေးဆေးရှိသည့်တိုင် သူကမကောင်းဘူးမန္တန်ရွတ်၍မပြီးတော့။ ဘာမကောင်းမှန်းလည်းမသိ ကျွန်တော်ကလည်းမမေး၊။ ထိုအချိန်သူ့ကောင်မလေးနှင့်မရွှေတောက်တို့ အိမ်ပေါ်ထပ်မှဆင်းလာရာ သူပြောပုံဆိုပုံကြည့်ပြီး နဂိုကြောက်တတ်သော မရွှေတောက်ပါစိုးရိမ်စိတ်ဝင်ကာ ဘာလုပ်ရင်ကောင်းမလဲတွေ ဘာတွေဖြစ်လာတော့သည်။ ကျော်ရဲအောင် ခေတ္တစဉ်းစားပြီးနောက် လာသွားကြမယ်ဆိုကာ ခလေးတွေပါကားပေါ်တင်ပြီး မောင်းထွက်လာခဲ့ကြ၏။ 

    ကျော်ရဲအောင်ခေါ်သွားသောနေရာမှာ ချုံဘူရီမြို့ပြင်တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်း တကျောင်းသို့ဖြစ်၏။ ထိုင်းလက်ရာစေတီတစ်ဆူရှိသောထိုကျောင်းသို့ လာရောက်သူပရိသတ် အတော်များပြီးကျောင်းထိုင်ဆရာတော်ကိုဖူးဘို့အတော်လေးတန်းစီရသည်။ ကျော်ရဲအောင်က ကျွန်တော့်ကို လှူဖွယ်ဝတ္ထုများထည့်ထားသောပလပ်စတစ်ရေပုံးတစ်ပုံးအား ဘတ် ၅၀ ဖြင့် ဝယ်ယူစေသည်။ ပုံးထဲမှာ ဖယာင်းတိုင်အမွှေးတိုင်အပြင် တခြားဘာတွေပါသည်ကျွန်တော်မမှတ်မိတော့။ ဆရာတော်သည်သက်တော် ၇၀ ခန့်ရှိပြီခန့်မှန်းရသော ထိုင်းဘုန်းတော်ကြီးတပါးဖြစ်ပြီး ကျော်ရဲအောင်က အကျိုးအကြောင်းလျှောက်ထားသော် ကျွန်တော့်ခေါင်းကိုကိုင်ကာ ရွတ်ဖတ်သရဇ္ဈာယ်၏။ အနီးရှိရေစင်ဖလားအတွင်းမှရေစင်ကိုကြာဖူးဖြင့်နှစ်ကာ ခပ်ယူပက်ဖျန်းပေးသည်။ ကျန်သူများကိုရေစင်ဖျန်းကာဆုတောင်းပေးသည်။

    အပြန်ခရီးတွင်သူ့အရိပ်အကဲကိုကြည့်၍ ဘာကြောင့်ဒီကိုအသည်းအသန်ကြီးခေါ်လာရတာလဲဟု ကျော်ရဲအောင်ကို ကျွန်တော်မေးကြည့်သည်။ ဆရာကြီးကလူမုန်းများတယ်လေ ကြွက်ကိုက်တယ်ဆိုတာ ကံနိမ့်လို့ဖြစ်တာ လူမုန်းများတဲ့သူတွေ ကံနိမ့်ရင်အလွယ်တကူပြုစားခံရတတ်တယ်၊ ခုကောင်းသွားပြီဆိုကာ သူ့ဝသီအတိုင်းတဟားဟား အော်ရယ်နေ၏။ ငါ့ကိုလူမုန်းများမှန်း သူဘယ်လိုသိပါလိမ့်ဟုတွေးရင်း ယုံသည်မယုံသည်ထား စေတနာကိုလေးစားမိလျက်က ကျေးဇူးတင်ပါတယ် ကျော်ရဲအောင်ရယ် ဟုသာကျွန်တော်ပြောနိုင်သည်။ အိုးကမပူစလောင်းကပူဆိုသလို ဘန်ကောက်နှင့်ချုံဘူရီ ကီလို ၁၀၀ ကျော် စမွတ်ပရာကန်မှဆိုလျှင် ကီလိုတရာ့လေးငါးဆယ်ခရီးကို သူ့သဘောနှင့်သူ မညည်းမညူ အသွားအပြန်ကားမောင်းပို့ဆောင်ပေးခဲ့သော သူ့သံယောဇဉ်ကိုလည်း အသိအမှတ်ပြုခဲ့ရပါ၏။

 #                 #

    ဆရာကြီးအခေါ်ခံရသည်နှင့်စာလျှင် ကျော်ရဲအောင်ကိုကျွန်တော်သင်ပေးရသည်မှာ မဖြစ်စလောက်။ ခရီးသွားဟန်လွှဲရှင်းပြရုံလောက်ရှိသာသည်။ အိပ်နေသောအဘိဓာန်အား သူအပိုင်သိမ်းထားနိုင်သောအခါ ကျွန်တော်ပင်မလိုတော့သလောက်ဖြစ်သည်။ သို့သော် ဆရာကြီးကတော့ဆရာကြီးပါဘဲ။ တနယ်တကျေးမှာရွာခံအဖြစ် ကျွန်တော့ကိုသူဖေးမကူညီရသည်ကပိုများသည်မို့ ငါကမင်းကိုဆရာကြီးခေါ်ရမှာကျော်ရဲအောင်ရ ဟုကျွန်တော်ပြောလျှင်သူက မလုပ်ပါနဲ့ဆရာကြီးရယ် မိုးကြိုးတွေပစ်ကုန်ပါ့မ​ယ်ဟု ရယ်မောကာပြောတတ်၏။ ဤသို့သော ကျော်ရဲအောင်ပါတည်း။ ကျွန်တော်ကလည်း စာသာမရေးတတ်တယ် ပတ်ကားဖောင်တိန်လက်ကမချဘူး ဆိုသည်မျိုးဖြစ်လေရာ သူအတော်စိတ်ရှည်ရမှာသေချာသည်။ တခါတွင်မူ ကျော်ရဲအောင်ပင်ခေါင်းကုပ်ရသည့် အမှုတခုကိုကျွန်တော်ပြုလိုက်၏။

    ထိုအချိန်မိသားစုရန်ကုန်ပြန်သွားသောကြောင့် အိမ်မှာကျွန်တော်တယောက်တည်းကျန်သည်။ ယခင်လိုတယောက်တည်းမဟုတ်တော့သောကျော်ရဲအောင်သည်လည်း  မိသားစုမရှိသည့်အခါ အလာကျဲသွားသည်။ ဘန်ကောက်တွင်သိကျွမ်းပြီး ယခုတိုင်ခင်မင်ရင်းစွဲရှိနေသော ဦးဘာဘာချိုနှင့်သာ ကျွန်တော်ရုံးပိတ်ရက်ဘန်ကောက်မြို့ထဲမှာတွေ့ဆုံ စားသောက်လည်ပတ်လေ့ရှိ၏။ ထိုအချိန် ဦးဘာဘာချိုသည် ဘန်ကောက်ရှိမြန်မာကုမ္ပဏီတခုတွင် အစုစပ်လုပ်ကိုင်နေရာမှဘဝင်မကျသဖြင့်အပြင်ထွက်ကာ ကိုယ်ပိုင်အလုပ်လုပ်နေသည်။ တခုသောတနင်္ဂနွေ၌ နှစ်ဦးသား မြို့ထဲလမ်းလျှောက်ရင်း တပတ်ရစ်ကားများလေလံပစ်ရာ နေရာသို့ရောက်သွား၏။ ဘာရယ်မဟုတ်ဝင်ရောက်ကြည့်ရှုကြရာမှ အဖြူရောင်ခရိုင်ဆလာနီယွန်ကားလေးတစင်းကိုကျွန်တော်မျက်စေ့ကျမိလေသည်။ ဈေးနှုန်းက ဘတ်နှစ်သိန်းခွဲမို့ထိုခေတ်ငွေဈေးနှင့် မြန်မာငွေသိန်းနှစ်ဆယ် သုံးဆယ်ပတ်ဝန်းကျင်ဖြစ်မည်လားမသိ။ သာမန်အားဖြင့် ကျွန်တော့်မှာ ထိုမျှလောက်ငွေကြေး ပိုင်ဆိုင်မှုမရှိ။ သို့သော် ပူပူနွေးနွေးရထားသောသဒ္ဒါကြေးအမွေလေး မရွှေတောက်မှာရှိနေသည်။ 

   ထိုငွေကိုအိမ်ဝယ်ဖို့ ပြောသော်လည်း ယောက္ခမဘက်ကပိုက်ဆံနှင့်အိမ်မဝယ်ချင်ပါဘူးဆိုကာ ကျွန်တော်ကန့်ကွက်ခဲ့သဖြင့် သည်အတိုင်းရှိနေသည်။ ကျွန်တော် ချီတုံချတုံဖြစ်နေသည်ကို ဦးဘာဘာချိုက ဝယ်ချင်ရင်ဝယ် ကျုပ်မှာပိုက်ဆံပါတယ် ဟု ပြော၏။ သို့နှင့်ဝယ်ဖြစ်သည် ဆိုပါတော့။ သို့သော် ပြဿနာက ထိုမှစသည်။ ကားမှာနယ်လိုင်စင်ဖြစ်နေသဖြင့် လိုင်စင်ပြောင်းပြီးမှ ဘန်ကောက်မှာမောင်းလို့ရမည် (ဒါကြောင့်ထိုကားကိုဈေးပြိုင်ဝယ်မည့်သူမရှိခြင်းဖြစ်မည်)။ ပြောင်းပုံပြောင်းနည်း သူတို့ရှင်းပြသည်ကို ကျွန်တော်တို့နားမလည်။ သည်အခြေအနေရောက်မှ အရောင်းအဝယ်ဖျက်၍လည်းမရ။ နောက်ဆုံးကျော်ရဲအောင်ကို ဖုန်းဆက်ခေါ်ရ၏။ အကျိုးအကြောင်းသိသွားအခါ သူခေါင်းကိုတွင်တွင်ကုပ်ရှာသည်။ စည်းမျဉ်းစည်းကမ်းတွေဘယ်လိုရှိမှန်းမသိသော်လည်း သူတို့ထိုင်းအချင်းချင်း စကားအတန်ကြာပြောကြဆိုကြသည်ကို ငေးမောရင်းကျော်ရဲအောင်ကို ကျွန်တော်အားနာမိရသည်။

     မည်သို့ဆိုစေ ထိုကားကိုကျွန်တော်အမည်ပေါက်စီးကာ ဘန်ကောက်မြို့တွင်းမြို့ပြင်သာမက ပတ္တရား ဘုရားသုံးဆူ မဲဆောက်အထိ ခြေဆန့်နိုင်ခဲ့ပါ၏။ သည်မှာ ကျွန်တော်တခါတခါ (ငယ်ငယ်တုန်းကဘန်းစကားဖြင့်) ‘ဓာတ်ပေါက်’ လျှင် အနီးအနားရှိ ဆိုင်သူရောမဆိုင်သူတွေပါ မသက်သာလှသည်ကို စကားချပ်အနေနှင့် ပြောသင့်သည်ထင်ပါသည်။ ကားဝယ်ပြီးတစ်နှစ်ခန့်အကြာမှာ ပညာရေးကိစ္စအကြောင်းပြုလျက် မိသားစုမြန်မာပြည်ပြန်၊ သီရိဒုံတက္ကသိုလ်မှာ တက်နေပြီဖြစ်သည့်သားကြီးထံ ကားကိုအပ်ပြီး ကျွန်တော်အနောက်ဘက်သို့ခရီးထွက်ခဲ့၏။ ပညာရေးဆိုလျှင်တီကိုဆားနှင့်တို့သလိုဖြစ်တတ်သောသားအား တစ်နှစ်လောက်အောင့်ခိုင်းပြီး သားအဖနှစ်ယောက် ဘန်ကောက်မှာအခြေပြန်ချဖို့ အစီ အစဉ် လုပ်ထားခဲ့သည်။ သို့သော် သားကမနေနိုင်။ ကျွန်တော်အနားမှာမရှိစဉ် ဦးဘာဘာချိုကို ဂျီကျ၊ မည်သို့မျှဖျောင့်ဖျမရဘဲ ရန်ကုန်ပြန်သဖြင့် ကားဝယ်တုန်းကငွေစိုက်ပေးခဲ့သော ဦးဘာဘာချိုပင် သူ့မိတ်ဆွေထိုင်းလူမျိုးတစ်ဦးထံကားကိုပြန်ရောင်းပြီး ကျွန်တော့်ဆီငွေပို့ပေးခဲ့ရသည်။ 

    ကျွန်တော့သားနှင့်ရွယ်တူ (သူငယ်ချင်းလည်းသူငယ်ချင်း) တဦးတည်းသောသား၏ ဖခင် ဦးဘာဘာချိုနှင့် ကျွန်တော်ဆုံ၍ရှေးဟောင်းနောက်ဖြစ်တွေပြောကြတိုင်း သားအပေါ်သံယောဇဉ်ဖြင့်မေးရှာသည်။ ကျွန်တော် ပေယျာလကန်ထားလိုက်ပြီ ဟုပြောသည်ကို သဘောကျပုံမရသည့်တိုင် ဘာမျှမဝေဖန်။ သူကလည်းသူဘဲဗျာဆိုကာ ခင်ဗျားမှာကတခြားသားသမီးရှိတော့ တော်သေးတာပေါ့ ကျုပ်မှာဒီတယောက်တည်းမို့ ကြိုးစားပြီး သီးခံနေရတာပါဘဲဟု အရိပ်အမြွက်သဘောတော့ ပြောလေ့ရှိသည်။ ဘာဘဲဖြစ်ဖြစ် ဦးဘာဘာချိုသားက မိဘစကားအလေးထားရကောင်းမှန်းသိတာနဲ့တွင် သီးခံရကျိုးနပ်ပါတယ်ဗျာဆိုကာ အရွယ်ရောက်သားသမီး (အထူးသဖြင့်သား) ဖခင်တို့၏ ဝေဒနာကိုအဖြေရှာဖြစ်ကြသည်။ ထိုအချိန်မျိုး၌ သားကျောင်းအပ်စဉ်က ကားတစင်းဖြင့်လိုက်ပါကူညီရင်း ဘာကိုမြင်သည်မသိ သားသမီးကိုသိပ်အလိုမလိုက်နဲ့ဆရာကြီးဟု ကျွန်တော့ကိုပြော၊ ကျွန်တော့်သားကိုလည်း မိဘကိုသိပ်ဒုက္ခမပေးနဲ့ ဒို့တုန်းကတက္ကသိုလ်ရောက်တဲ့အထိ တနေ့မုန့်ဖိုး ဘတ် ၂၀ နဲ့လောက်အောင်သုံးခဲ့ရတာ ဟု ဆုံးမခဲ့ဖူးသော ကျော်ရဲအောင်ကို ပြေးပြေးမြင်မိသည်။

#                 #

       ကျောင်းပြီးသည့်အခါ ကျွန်တော်ဘန်ကောက်ကိုမပြန်ဖြစ်တော့။ ပြည်တွင်းပြန်ဝင်ကာ ဒုတိယအကြိမ် ယောက္မအိမ်မှာကပ်နေရင်း ပြည်တွင်းမှာအခြေချဖို့ ကြိုးစား၏။ တခါတခါ ဘန်ကောက်ထွက်ပြီး ပုတ်ပြတ်အလုပ်လုပ်သည်။ ကျော်ရဲအောင်နှင့် တကြိမ်ပြန်ဆုံခိုက် ဘန်ကောက်မှာခေတ္တရောက်နေသော ဒိုင်သန်မြန်မာမှကိုဇော်မြင့် (စုံစီနဖာ မောင်ပီတာ) နှင့် သူမိတ်ဆက်ပေးသည်။ ထိုအချိန် ကျော်ရဲအောင်မှာ အင်ဂျာဆိုးရင်းကွန်ပရက်ဆာကုမ္ပဏီတွင်လုပ်ကိုင်နေရာ မြန်မာပြည်ဈေးကွက်အတွက် ကိုဇော်မြင့်နှင့်ဆက်သွယ်မိပြီး (ယခုထိ) တရင်းတနှီးရှိကြသည်။ ကိုဇော်မြင့်နှင့်ကျွန်တော်ကလည်း စမ်းချောင်းမှာရပ်ကွက်နီးချင်းတွေဖြစ်နေပြန်သည်။ သို့သော် အိမ်ပိုင်ရာပိုင်မရှိသေးသဖြင့် ကျော်ရဲအောင်တို့လင်မယား (သူတို့လက်ထပ်ပြီးကြပြိီ) ရန်ကုန်လာစဉ် ကိုဇော်မြင့်တို့အိမ်မှာဆုံ၊ ထိုမှသူတို့ကို ပဲခူးဘုရားဖူးတရက်လိုက်ပို့ဖြစ်သည်မှအပ ဧည့်ဝတ်မကျေနိုင်ခဲ့။ ထို့နောက်ကျွန်တော်စင်္ကာပူသို့ပြန်ထွက်သည်။

    စင်္ကာပူမှာရှိစဉ်ကျော်ရဲအောင်နှင့် တခါတလေဖုန်းပြောဖြစ်၏။ သူဘွဲ့ယူခဲ့သော ကဆက်စပ် တက္ကသိုလ်မှာဆရာပြန်လုပ်နေသလိုလို ပါရဂူသင်တန်းတက်နေသလိုလိုသိရသည်။ ကျွန်တော် ပြန်လာသည့်အခါ စမ်းချောင်းမှာမနေတော့သဖြင့် ကိုဇော်မြင့်နှင့်မဆုံဖြစ်သလို ကျော်ရဲအောင် သတင်းလည်းမကြားရ။ ကျွန်တော်ကလည်းစိတ်ကူးပေါက်ရာတွေလျှောက်လုပ်နေသောကြောင့် သူ့အကြောင်းခေါင်းထဲသိပ်မရောက်ဖြစ်။ ကိုဗစ်မတိုင်မီ တနှစ်လောက်မှာ  ဘန်ကောက်သို့သွားရန်ရှိသဖြင့် ကိုဇော်မြင့်ထံဖုန်းဆက်ပြီး ကျော်ရဲအောင်ဖုန်းနံပါတ်တောင်းသည်။ ထိုအခါမှသူနာမည်ပြောင်းထားကြောင်းသိရ၏။ ထိုင်းနာမည်သာပြောင်းပြီး ဗမာနာမည်မှာတော့ ကျော်ရဲအောင်ကကျော်ရဲအောင်ပါဘဲဆိုသဖြင့် ပြုံးမိရသေးသည်။ စပွတ်ပရကန်ရှိနေရာဟောင်းကလေးကိုသွားလည်ရင်း သူ့ကိုဖုန်းဆက်သည့်အခါ တကူးတကန့်လာတွေ့ရှာသည်။

         နှစ်ပေါင်းများစွာအတွင်းပြန်တွေ့ရသော ကျော်ရဲအောင်၏ ပကတိလူကြီးဆန်ဆန် ဟန်ပန်နှင့် ပုံပန်းသဏ္ဌာန်ကိုကြည့်ရင်း အင်းလေငါတောင်အဖိုးကြီးဖြစ်နေမှပဲဟု ကိုယ့်ကိုယ်ကိုဆင်ခြင်မိရ၏။ မိန်းမရောခလေးရော (သူတို့မှာသမီးတစ်ဦးထွန်းကားသည်ကြားထားသဖြင့်) နေကောင်းကြလားဟု မေးရာ မိန်းမနဲ့ကွဲသွားပြီဆရာကြီးရဲ့ သမီးကဘန်ကောက်မှာ ကျွန်တော့်မိဘတွေနဲ့ အတူနေတယ် ဟု ဖြေသည်။ ကျွန်တော်ဘာဆက်မေးရမှန်မသိ၊ ပေါ့ပေါ့ပါးပါးဖြစ်စေရန် ဒါဆိုမင်းက လူပျိုပြန်ဖြစ်ပြီပေါ့ ဟု အရွှန်းဖောက်သည်ကို သူကပြုံးရုံပြုံးပြီး မဟုတ်ဘူး ခုမိန်းမထပ်ရနေပြီဟုဆိုသည်။ ဘယ်ကလဲဗမာပဲလားဟု မေးသည့်အခါ တိုင်းရင်းသူတယောက်ပါ ဟုဖြေသည်။ ထိုထက်ပို၍ ကျွန်တော်မစပ်စုတော့။ သူအခု ရရောင် (သူတို့အခေါ်လရောင်) မှာနေသည် ယခုထိုမှလာရသည်ဟု သိရသဖြင့် နောက်တခါမြန်မာပြည်လာဖြစ်ရင် ဆက်သွယ်ပါကွာဟုသာ မှာပြီးလမ်းခွဲကြရသည်။

      ကိုဇော်မြင့်ထံမှ ကျော်ရဲအောင်မြန်မာပြည်သို့ လာလေ့ရှိသော်လည်း ရန်ကုန်သို့မဝင်၊ အဖွဲ့လိုက်မန္တလေးတိုက်ရိုက်သွားပြီး ကထိန်ခင်းသည်မျိုး၊ ပုဂံဘုရားဖူးပြီးပြန်သည်မျိုးသာရှိကြောင်းသိရ၏။ ရန်ကုန်ကိုလာမယ်ဆိုရင် ကျွန်တော့်ကိုပြောစမ်းပါဗျာဟု သူ့ကိုမှာထားရသည်။ ပြီးခဲ့သော သုံးလေးလက ကျော်ရဲအောင်ရန်ကုန်လာသဖြင့်လေဆိပ်မှာသွားကြိုသည့်အကြောင်း ကိုဇော်မြင့်တင်ထားသောပို့စ်ကို စင်္ကာပူမှာ ကျွန်တော်ဖတ်ရ၏။ ဘယ်လောက်ကြာကြာနေသွားလဲ ဟု မက်ဆင်ဂျာမှမေးသော် နှစ်ရက်ပဲကြာတယ်အစ်ကိုကြီး၊ ရွှေတိဂုံဘုရားလာဖူးတာဟု သူပြန်ဖြေသည်။ အင်း ကျော်ရဲအောင်တယောက် အသက်ကြီးပေမဲ့ မပျက်စီးသေးဘဲကို ဟု တွေးကာ အသက်ကြီးလေဘုရားကျောင်းကန်နှင့်ဝေးလေဖြစ်နေသော ကိုယ့်ကိုယ်ကိုမြင်ယောင်လာလေ၏။

    သည်တခါကျော်ရဲအောင်နှင့်တွေ့၍ ဆရာကြီးဟုခေါ်လျှင် ဟေ့ ဟေ့ မလုပ်ပါနဲ့ကွာ မိုးကြိုးတွေဘာတွေပစ်ကုန်ပါ့မယ် ဟုပြောလျှင်ကောင်းမည်လား။ သည့်ထက်ပို၍ သူမှတ်မိနိုင်ဦးမည်ဆိုလျှင် ငါကဆရာကြီးမဟုတ်တော့ဘူး ဘုန်းကြီးတစ္ဆေဖြစ်နေပြီကွ ဟု သူ့အလျင်ဦးအောင်ပြောရမည်လား ကျွန်တော်မဝေခွဲတတ်တော့ချေ။

No comments:

Post a Comment