အလုပ်သမားအရေးအခင်း ကျောင်းပိတ်ရက်က နှစ်လကြာသော်လည်း စာသင်နှစ်နောက်ဆုံးပိုင်းမို့ မသိသာလှ။ စာမေးပွဲမပြီးခင် ကျောင်းကြိုပိတ်လိုက်သလိုသာဖြစ်ခဲ့သည်။ စာတစ်ဖက်နှင့် (ပုဒ်မ ၁၄၄ ကလည်းရှိနေသည်မို့) စိတ်လွတ်လက်လွတ်တော့ မပျော်နိုင်ကြ။ နှစ်လအကြာကျောင်းပြန်ဖွင့် စာမေးပွဲဖြေပြီး အောင်စာရင်းထွက်သည်နှင့် စာသင်နှစ်ကူးလိုက်ရုံပင်။ အရေးအခင်းကြောင့်ကျောင်းပိတ်ရခြင်းက စာမေးပွဲအအောင်အရှုံးအဆုံးအဖြတ်အပေါ် တစ်စုံတစ်ရာသြဇာသက်ရောက်ခြင်းမရှိ။
ဆိုလိုသည်မှာ အရေးအခင်းကြောင့်ကျောင်းပိတ်ရသည်ဆိုကာ စာမေးပွဲစစ်ဆေးရာတွင်သက်သာခွင့်မရ။ ထုံးဆံအတိုင်းစစ်ဆေး၊ ထုတ်ပြန်ကာ အောင်သူပြုံးရှုံးသူမှိုင်လျက် စာသင်နှစ်တခုကို အသစ်စတင်ခဲ့ကြသည်။ ပြီးခဲ့သည့် အရေးအခင်းကအလုပ်သမားအရေးအခင်းမို့လား၊ ကျောင်းသားတွေပဲမေ့တတ်လွန်းသည်လားတော့မသိ။ ဖွင့်လျှင်ဖွင့်ခြင်းဆိုသလို ကျောင်းတွေမှာစည်စည်ကားကားပျော်ပျော်ပါးပါး။ တက္ကသိုလ်နယ်မြေသည် ငြိမ်းငြိမ်းချမ်းချမ်း။ ကျွန်တော် အကဲခတ်မှားခဲ့သည်ဟုဆိုလျှင်လည်း ခုအချိန်မှာဝန်ခံရုံသာ။ ထိုစဉ်ကတော့ အရာရာလှပ၍ ပျော်ရွှင်ချမ်းမြေ့၊ မက်မောကြည်မွေ့ဖွယ်ရာချည့်။ ပျော်လည်းပျော်ခဲ့ မက်မောကြည်မွေ့ခဲ့ပါသည်။ သို့သော် ထိုအပျော်များသည် အနန္တသူရိယအမတ်ကြီး၏မျက်ဖြေလင်္ကာလာ သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့်ရေပွက်ပမာသို့ပင် တာရှည်လေးမြင့်မတည်တံ့ခဲ့ကြ။
ထိုနှစ်(၁၉၇၄)နိူဝင်္ဘာလနောက်ဆုံးပတ်အတွင်း ကုလသမဂ္ဂအထွထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ နာရေးသတင်းနှင့်အတူ ရုပ်ကလာပ်ကိုမြန်မာပြည်သို့ပြန်လည်ယူဆောင်ကာ ကြံတောသုဿာန်တွင်ဂူသွင်း သဂြိုလ်မည်ဆိုသောသတင်းများ သတင်းစာတွေမှာဖေါ်ပြလာကြသည်။ သာမန်အားဖြင့်ထိုသတင်းသည် အုံကြွပေါက်ကွဲလောက်သည့်သတင်းမျိုးမဟုတ်။ လူထုအကျိုးစီးပွား၊ နိူင်ငံလုံခြုံရေးစသည်တို့နှင့်လည်း ထိုမျှနှီးနွယ်ဆက်စပ်လောက်သည်မဟုတ်။ သဘောထားပြည့်ဝ၍ လူထုအကြည်ညိုခံထိုက်သော အစိုးရမျိုးသာဆိုလျှင် မိမိနိူင်ငံသားကမ္ဘာသိလူသားတစ်ဦး၏နာရေးကိုအကြောင်းပြု၍ နိူင်ငံ့ဂုဏ်တက်အောင်၊ ကမ္ဘာနှင့်ပို၍ ရင်းနှီးဝင်ဆံ့အောင်ဆောင်ရွက်နိူင်မည် ဆောင်ရွက်သင့်သည်သာဖြစ်၏။ ကျန်ရစ်သူမိသားစုအနေဖြင့်လည်း တွန့်တိုဘွယ်မမြင်။ သည်အစိုးရအုပ်ချုပ်နေမှန်းသိလျက်နှင့်သွားလေသူ၏ရုပ်ကလပ်အားမြေချရန် အလို့ငှါ အမေရိကန်လိုနိူင်ငံမျိုးမှ သည်လိုနိူင်ငံမျိုးဆီအရောက်ပင်ပြန်လည်သယ်ဆောင်ခဲ့ပြီးကြပြီပဲ။
ခက်သည်မှာ အာဏာရှင်အစိုးရကလည်းသဘောထားမပြည့်ဝတတ်၊ လူထုအကြည်ညိုမခံရတတ်၊ လူထုညိုငြင်မည်ကိုအလေးမထားတတ်ခြင်းပင်ဖြစ်၏။ စင်စစ်ထိုကာလအထိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အာဇာနည်ပုဂ္ဂိုလ်(၉)ဦးတို့မှအပ ကွယ်လွန်သူနယ်ပယ်အသီးသီးမှထင်ရှားသူအားလုံး (မှတ်မိသမျှ ဂျီစီဘီအေ ဦးထွန်းရှိန်၊ ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်၊ ဦးဖိုးကျား၊ ဦးချစ်မောင်(ဂျာနယ်ကျော်) အပါအဝင်၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဒို့ဗမာအစည်းအရုံးဝင်များ၊ ရဲဘော်သုံးကျိပ်ဝင်များ၊ ပြည်သူချစ်ရုပ်ရှင်ဂီတသဘင်ပညာရှင်ကြီးများ) ကြံတောသုဿာန်တွင်သာသင်္ဂြိုလ်မြဲဖြစ်ပြီး ထိုအတွက်တစုံတရာပြောစမှတ်မကျန်ဖူးခဲ့။ သို့ရာတွင် သမိုင်းဝင်သမဂ္ဂအဆောက်အဦကိုဖြိုဖျက် ကျောင်းသားများအားလက်နက်စွဲကိုင်နှိမ်နင်းရုံမက ဓါးဓါးချင်းလှံလှံချင်းဟုရန်စွယ်ငေါငေါလူမိုက်စကားပြောခဲ့သည့် အာဏာသိမ်းအစိုးရနှင့်ပတ်သက်လျှင်မူ အရာရာသည်ထိလွယ်ရှလွယ်ဖြစ်၍နေလေသည်။ ဤသည်ပင်လျှင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏ရုပ်ကလာပ်ကို ကြံတောသုဿာန်တွင်ဂူသွင်းသင်္ဂြိုလ်မည်ဆိုသည့် သတင်းအပေါ် ကျောင်းသားတွေယမ်းပုံမီးကျဖြစ်စရာလုံလောက်သောအကြောင်းတစ်ရပ်ဖြစ်ခဲ့ရလေ၏။ မျှမျှတတပြောရလျှင် အစိုးရပြောသလိုအမှောင့်ပယောဂဝင်ဖို့ရာလုံလောက်သောအနေအထားတစ်ရပ်ဖြစ်ခဲ့၏။ မည်သို့ဆိုစေ ဦးသန့်အရေးအခင်းသည်ဒီမိုကရေစီအရေခြုံ အာဏာရှင်အစိုးရကို ကမ္ဘာမကျေစတမ်း အံဘက်တုပြိုင်ခဲ့သော အစောပိုင်း ကျောင်းသား လှုပ်ရှားမှုတခု အဖြစ်လည်း သမိုင်းဝင်ခဲ့ပါ၏။
ထိုနေ့က ကြို့ကုန်းမှဦးသန့်ရုပ်ကလပ်ထားရှိရာကျိုက္ကဆံကွင်းသို့ ကြိုတင်စီစဉ်ထားသော ပုဂ္ဂလိကပိုင် စစ်လက်ကျန် ချက်ပလက်ဘတ်စကားအိုကြီးများ၊ ကုန်းလမ်းပို့ဆောင်ရေးမှ စင်းလုံးငှါးဘီအမ်ဟီးနိူးယဉ်များဖြင့် ကျောင်းလုံးကျွတ်မျှသွားခဲ့ကြသည်။ မူလကဝိဇ္ဖာသိပ္ပံတက္ကသိုလ်အထိသာကားဖြင့်သွားကြပြီး ထိုတွင်ကျောင်းသားအားလုံးစုဝေးပြီးမှကျိုက္ကဆံသို့ခြေလျင်သွားကြရန်စီစဉ်ထားသော်လည်း လူစုလူဝေးနည်းပါးစေလို၍လောမသိ ကြီးကြပ်သူဆရာနှင့်ကျောင်းသားကြီးများ(ထင်သည်)က ကျိုက္ကဆံကွင်းအရောက် ပို့ကြသည်။ သို့ရာတွင် အပြန်ခရီးမှာကျောင်းသားတွေစုဝေးလမ်းလျှောက်ရုံမက ဦးသန့်၏ရုပ်အလောင်းကိုပါ တစ်ပါတည်းသယ်ဆောင်လာဖြစ်ခဲ့ကြသည်။ ကြံတောသင်္ချိုင်းကိုမဟုတ်။ မြန်မာ့နိုင်ငံရေးနှင့် ပညာရေးသမိုင်းတို့၏အထင်ကရ ဘွဲ့နှင်းသဘင်ခမ်းမဆီသို့။ ကျိုက္ကဆံကွင်းမဏ္ဍာပ်အနီးဒေါ့ဂျစ်ကားတစ်စီးပေါ်မှ ဝိဇ္ဇာသိပ္ပံကျောင်းသားတစ်စုတို့၏ “ဦးသန့်ဈာပနကိုနိုင်ငံ၏ဂုဏ်သိက္ခာ ဦးသန့်၏ဂုဏ်သိက္ခာတို့နှင့်အညီ ကျင်းပရန်ကျောင်းသားများမှတာဝန်ယူလိုက်ပြီဖြစ်ကြောင်း” ကြေငြာချက်နှင့်အတူကားပေါ်သို့ရုပ်အလောင်း တင်ဆောင်ကာ စည်းကမ်းသေဝပ်စွာချီတက်လိုက်ပါလာကြသည့်ကျောင်းသားများအား လမ်းဘေးဝဲယာလူထုတို့က ရေချမ်းအိုးများကမ်းကာ အားပေးလက်ခုပ်သံများချီးမြှင့်ကာဖြင့်ဝန်းရံခဲ့ကြ၏။ မှောင်ရီပြိုးပြအချိန်တွင်ဘွဲ့နှင်းသဘင်ခမ်းမသို့ရောက်ရှိခဲ့ကြလေသည်။
ကျွန်တော့်အစီအစဉ်ကကိစ္စပြီးလျှင်အိမ်ပြန်ဘို့။ သို့သော် ပန်းတနော်လမ်းသားထီးတန်းသားတို့နှင့် ခမ်းမရှေ့တွင်ဆုံမိရာမှစပ်စုလိုစိတ်ဖြင့်အတွင်းသို့ဝင်ရောက်ခဲ့ကြသည်။ အပြင်မှာလာရောက်ကြည့်ရှုသူတွေ တစ်စစစည်ကားနေပြီဖြစ်သော်လည်း ခမ်းမတွင်းမှာရှင်းနေသည်။ မှတ်မိသလောက် ရုပ်ကလာပ်ထည့်သွင်းထားသည့်ခေါင်းတလားကို ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင်တင်ထားသည်မှအပဘာမှပြင်ဆင်ထားခြင်းမရှိသလို ဘာအစောင့်အကြပ်မှလည်းမရှိ။ ဘယ်သူကဘာတာဝန်မှပေးအပ်ထားခြင်းမရှိပါဘဲ ကျွန်တော်တို့သုံးဦးသား ခမ်းမအလည်ရှိလွတ်ရာထိုင်ခုံများတွင်(အမှန်တော့ထိုင်ခုံအားလုံးလွတ်နေကြသည်) ထိုင်ရင်းညဉ့်နက်သည့်တိုင် “အသုဘစောင့်” နေခဲ့ကြသည်။ အအိပ်မက်သောပန်းတနော်လမ်းသားက ဆက်ထားသောခုံတွေပေါ်မှာ မှောက်အိပ်လျက်။ ကျွန်တော်နှင့်ထီးတန်းသားတို့ကတွေ့ရာနေရာအိပ်မပျော်တတ်ကြသူတွေပြီပြီ ရောက်တတ် ရာရာပြောရင်းမိုးတိုးမတ်တပ်။
သန်းကောင်ယံအချိန်လောက်မှာဦးဆောင်ဦးရွက်ပြုသူများထဲမှဖြစ်ဟန်တူသူနှစ်ဦး အပေါ်ထပ်မှဆင်းလာပြီး (အစည်းအဝေး လုပ်နေကြသည်ထင်၏) ကျွန်တော်တို့ကိုဖေါ်ရွေစွာနူတ်ဆက်သည်။ အိပ်နေသောပန်းတနော်လမ်းသားကိုမြင်သောအခါ တစ်ယောက်သောသူသည်ပျာပျာသလဲဖြင့် “ဒီရဲဘော်မှောက်ရက်ကြီးဆန္ဒပြနေတာဘာမကျေနပ်လို့ပါလဲ၊ ကျွန်တော်တို့နဲ့ဆွေးနွေးနိူင်ပါတယ်”ဟုမေး၏။ သူ၏ဟန်ပန်မှာအတည်ပေါက်ကြီးမို့ ကျွန်တော်တို့ဘာပြန်ဖြေရမှန်းမသိ။ အသံဗလံတွေကြောင့်လန့်နိူးကာကြောင်စီစီဖြစ်နေသော ပန်းတနော်လမ်းသားကို ကြည့်ပြီးရယ်ချင်စိတ်တွေကလည်းတစ်လိပ်လိပ်။ သို့ရာတွင် မရယ်ဖြစ်။ နောက်မှ “ကိစ္စမရှိပါဘူး သူကသူ့အိမ်မှာညတိုင်းဒီလိုဘဲဆန္ဒပြနေကျမို့အကျင့်ပါနေလို့ပါ” ဟု ပြောပြောဆိုဆိုပန်းတနော်လမ်းသားဂုတ်ကိုဆွဲကာ ခမ်းမအပြင်ဘက်သို့ထွက်ခဲ့ကြလေသည်။
တက္ကသိုလ်နယ်မြေတွင်ဘုန်းကြီးပျံပွဲကျင်းပသည့်အလား ပြန်ကြားရေး၊ ကြက်ခြေနီ၊ အလှူခံ၊ ပရိဿတ်တို့ဖြင့် စည်ကားသောထိုကာလအတွင်း ကျွန်တော်တို့သုံးယောက်သုံးရက်မျှအိမ်မပြန်ဘဲနေခဲ့ကြ၏။ ထူးခြားတက်ကြွလွန်း၍မဟုတ်၊ ပြောပလောက်သောအခန်းကဏ္ဍနှင့်စွမ်းဆောင်ချက်တို့ရှိခဲ့ကြသည်လည်းမဟုတ် (ရှိခဲ့လျှင်လည်း ယ္ခုသို့အောက်ကလိအာဘဝမျိုးမှာကျင်လည်နေဖြစ်လိမ့်မည်မထင်)။ မှတ်မှတ်သားသား နှစ်ခုတော့ ကျွန်တော့်အတွက်ကျန်ရစ်သည်။ တစ်ခုက ဂိတ်စောင့်အလုပ်။ အထက်တန်းကျောင်းသား ညီငယ်များ နှင့် ရဟန်းပျိုများ၏ပါဝင်ကူညီမှုဖြင့် တက္ကသိုလ်ခြံစည်းရိုးတစ်လျှောက်ရှိဂိတ်ပေါက်များမှ အဖျက်အမှောက် (ဥပမာ မဆလသတင်းပေးတွေအမာခံတွေ) ထိုးဖေါက်ဝင်ရောက်မလာနိူင်စေရန် ကောဠာဟာလအမျိုးမျိုးတွေကြားမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးသည်။ ခုပြန်စဉ်းစားတော့ အပျော်တမ်းလုံခြုံရေးအလုပ်ထက်ဘာမျှမပို။ သို့ရာတွင် ရန်သူမိတ်ဆွေခွဲခြားနိူင်သည့် အစီအမံနည်းနာနိဿယစံနစ်တကျမရှိကြသည့်ကြားမှပင် လက်လွတ်စပယ်စွတ်စွဲပြောဆိုအကြမ်းဖက်ကြခြင်းမျိုးရှောင်ရှားနိူင်ခဲ့ခြင်းအတွက် နောက်ပိုင်းအရေးအခင်းတွေနှင့်ယှဉ်ပြီးစိတ်သက်သာရာရရသည်တော့အမှန်ပင်။ တကယ်လည်း ငိုအားထက်ရယ်အားသန်စရာ တစ်ခု တလေမှအပ ကျွန်တော်တို့ကြောင့်အကျည့်တန်ဖြစ်ရပ်မကြုံခဲ့။
အားကစားရုံနောက်ဘက်ဂိတ် (ဆရာဆရာမအဆောင်တွေအနီး)မှ ဝင်ရောက်လိုသူတစ်ဦးကိုအစောင့်ညီငယ်လေးတွေမေးမြန်းကြချိန် ကျွန်တော်ရောက်သွားသည်။ သူတို့စစ်ဆေးနေကြသောကဒ် (စာပေလုပ်သားကဒ်) ကိုယူကြည့်မိတော့ ဆရာမင်းလှညွန့်ကြူးမှန်းသိရ၏။ ကျွန်တော်အားနာစွာတောင်းပန်သည်ကို ဆရာကအပြုံးဖြင့်ခွင့်လွှတ်သည်။ မရှေးမနှောင်းမှာဥရောပသူတစ်ဦး ရောက်လာပြန်သည်။ ကျွန်တော်ကပင် သိပ်လည်း မပြောတတ်သည်မို့ တုံးတိတိဖြင့် “No admission” ဟုပြောရာသူမက “ကျွန်မဒီတက္ကသိုလ်ကဆရာမပါ၊ ဒီအဆောင်မှာနေပါတယ်။ ဒါကြောင့် ကျွန်မဝင်ခွင့်ရှိပါတယ်ရှင့်..” ဟု ပြီပြီသကြီးပြန်လည်ချေပသဖြင့် ကျွန်တော်ကြက်သေသေသွားခဲ့ရ၏။ ဤကားအမှတ်ရစရာတခု။
နောက်တခုက စင်မြင့်ပေါ်မှကျွန်တော်စကားပြောဖြစ်ခြင်း။ စင်မြင့်ဆိုသော်လည်းအမှန်မှာဘွဲ့နှင်းသဘင် အရှေ့ဘက်လှေကားခုံသာဖြစ်၏။ ရုပ်ကလာပ်သယ်လာပြီးနောက်တနေ့မှာပင်ထိုနေရာ၌စကားပြောခုံ တစ်ခုနှင့်အတူ အသံချဲ့စက်တပ်ဆင်ကာပြန်ကြားရေးလုပ်ငန်းများဆောင်ရွက်ကြသည်။ အစပိုင်းတွင် တစ်စုံတစ် ယောက်က သတ်သတ်မှတ်မှတ်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကြုံရာလူဝင်ပြောပုံစံမျိုးဖြင့် အစိုးရဝေဖန်ရေး တနည်းအစိုးရဆန့်ကျင်ရေးစကားတွေ အလှည့်ကျပြောဆိုနေကြလေရာ လက်ခုပ်သြဘာသံတညံညံဖြင့် (ဆရာကြီးတဦးပြောဘူးသလို) မြိန်စရာကြီးဖြစ်၍နေလေသည်။ ဤတွင်ကျွန်တော်လည်း စိတ်ဆာလာရကား တခုသောဧည့်ပရိဿတ်စည်ကားချိန်မှာ အားလပ်နေသောစကားပြောခွက်ကိုကိုင်စွဲလျက်ရင်ထဲရှိသမျှ ပြောပြရရင်ဆိုပြီး လုပ်ပါလေတော့သည်။
ကျွန်တော့်ဘဝ လူပုံလည်မှာပထမဆုံးနှင့် တစ်ကြိမ်တည်းသော အစိုးရဆန့်ကျင်ရေး (နိူင်ငံရေး) တရားဟောခြင်း ဖြစ်ပြီး “ပြည်သူတွေရဲ့တံတွေးကွက်မှာ ပက်လက်မျောရုံမက လက်ပစ်ပါကူးရဦးမယ့်အစိုးရ” ဆိုသောစကားမှအပဘာတွေပြောခဲ့သည် မမှတ်မိတော့။ ထိုစကားကိုမှတ်မိနေခြင်းသည်ပင်လျှင် ပန်းတနော်လမ်းသား၏ကောင်းမှုကြောင့်ဟုဆိုနိူင်သည်။ သူငယ်ချင်းတွေဆုံ၍ ရှေးဟောင်းနောက်ဖြစ်တွေစမြုံ့ပြန်ကြငြင်းခုံကြတိုင်း ကျွန်တော့်ကိုရည်ညွန်းပြီး “ဟေ့ မင်းတို့ ဒီကောင့်ကိုနယ်နယ်ရရမှတ်လို့လား၊ မဆလအစိုးရကို လူထုတံတွေးကွက်ထဲမှာလက်ပစ်ကူးခိုင်းခဲ့တဲ့ကောင်ကွ” ဟု အချွန်နှင့်မလေ့ရှိသောကြောင့်ဖြစ်၏။ ဆက်၍ ပြောတတ်သည်က “ကံကောင်းလို့ပေါ့ကွာ အဲသည်ည (စစ်တပ်ဝင်စီးသည့်ည) ကသူပါမလာလို့၊ နိူ့မို့ ခွေးတွေက သူ့ကိုဆိုင်ကယ်စီးခိုင်းမှာမဟုတ်ဘူး။ ဒင်းတို့သေးကွက်ထဲတစ်ကယ်လက်ပစ်ကူးခိုင်းတော့မှာ”။ အပျော် အပြက်ပြောမှန်းသိသည့်ကြားကပင် သူ့စကားတွေကကြောချမ်းစရာ။ (မှတ်ချက်။ ခွေးဆိုသည်မှာထိုခေတ် စစ်ထောက်လှမ်းရေးများကိုအမနာပခေါ်သောအမည်ဝှက်ဖြစ်၍ ဆိုင်ကယ်စီးခိုင်းခြင်းမှာစစ်ကြောရေးစခန်းများတွင်သုံးနေကျ ယင်းတို့၏ညှင်းပန်းနှိပ်စက်နည်းတစ်မျိုးဖြစ်သည်)။ ဟုတ်တော့ဟုတ်သည် ထိုပွဲမှာ ကျွန်တော်နှင့်ထီးတန်းသားတို့ကံကောင်း၍အဖမ်းမခံကြရ။ သူကတော့ကံမကောင်းစွာအဖမ်းခံရပြီး ဆိုင်ကယ်ရော စက်ဘီးပါ စီးခဲ့ရသည်ကိုး။
ထိုစဉ်ကကျောင်းသားတွေအဓိကတောင်းဆိုချက်မှာ ဦးသန့်ရုပ်ကလပ်အားကျောင်ဝင်းအတွင်း သမဂ္ဂအဆောက်အဦနေရာ သို့မဟုတ်ကန်တော်မင်ပန်းခြံရှိသခင်ကိုယ်တော်မှိုင်း၏ဂူအနီးတွင်မြှုပ်နှံခွင့်ရရှိရေးဖြစ်၏။ နိူင်ငံတော်ကောင်စီထံသို့လိပ်မူထားသောထိုတောင်းဆိုချက်အားစတုတ္ထနေ့တွင်ရန်ကုန်တိုင်းပြည်သူ့ ကောင်စီဥက္ကဌက “ကန်တော်မင်ပန်းခြံအတွင်းသခင်ကိုယ်တော်မှိုင်းဂူဗိမ္မာန်အနီးတွင် မြှုပ်နှံခွင့်ပြုပါကြောင်းအကြောင်းပြန်ခဲ့လေသည်။ ထိုစာကို ကျောင်းသားတစ်ဦးအသံချဲ့စက်ဖြင့်ဖတ်ပြချိန်တွင် ပရိဿတ်များထံမှအောင်ပွဲခံ အထိမ်းအမှတ်လက်ခုပ်သြဘာသံတွေလျှံတက်လာကြ၏။ ဝန်ခံရလျှင်ကျွန်တော့်စိတ်ထဲမှာလည်းအရေးတော်ပုံအောင်ပြီဟုခံစားမိသလို ရှိခဲ့၏။ တောင်းဆိုထားသော နှစ်နေရာအနက် တနေရာကို သဘောတူ လက္ခံလိုက်ပြီကိုး။ သို့ရာတွင် ထင်သလိုဖြစ်မလာတာ ကျွန်တော့် နိုင်ငံရေးဟုပြောရ လောက်အောင်ပင် ကျွန်တော်နှင့်နိုင်ငံရေးက ဒုံးဝေး လွန်းလှသည်လား မသိ။ ချက်ခြင်းဆိုသလို ဘွဲ့နှင်းသဘင်ရှေ့မြေကွက်လပ်ဆီမှ မရဘူး၊ သဘောမတူဘူး ဒို့ကျောင်းဝင်းထဲမှာဘဲမြှုပ်ရမယ်ဆိုသော အော်ဟစ်ကန့်ကွက်သံတွေ ဆူညံစွာပေါ်ထွက်လာကြပြီးနောက် ခဏအကြာတွင်ကျောင်းသားနောက်တစ်ဦးမှ ဦးသန့်ရုပ်အလောင်းအား ကျောင်းသားများ၏ ဘူမိနက်သံဖြစ်သော သမဂ္ဂအဆောက်အဦမြေကွက်လပ်တွင်သာ ဂူသွင်းမြှုပ်နှံမည်ဖြစ်ကြောင်းအသိပေးကြေညာလိုက်လေသည်။
ထိုနေ့ညနေ ကျွန်တော်တို့သုံးဦးစလုံးအိမ်ပြန်ကြသည်။ ညဦးပိုင်း ကျောင်းဝင်းအတွင်းပြန်သွားကြရန် ချိန်းထားသည့်အတိုင်း ကျွန်တော်နှင့်ထီးတန်းသားတို့ပန်းတနော်လမ်းသားကိုအိမ်သွားခေါ်ကြတော့သူမရှိ။ သွားနှင့်ပြီဟုသိရ၍ နောက်မှလိုက်ကြသည်။ ကျောင်းဝင်းအတွင်းအပြောင်းအလဲအတော်များများကို သတိပြုမိ၏။ သမဂ္ဂမြေနေရာတွင်ရုပ်ကလာပ်ကိုဂူသွင်းပြီးကြပြီ။ဂူအချောကိုင်ရေး၊ ဗိဗ္မာန်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်နေကြပြီ။ ဘွဲ့နှင်းသဘင်ထဲမှကျောင်းသားများဂူအနီးသို့ (မန္တလေးဆောင်) ပြောင်းရွှေ့စခန်းချနေကြပြီ။ စင်မြင့်အသစ်ပေါ်မှာလူသစ်တွေရောက်၍ တရားသစ်တွေဟောနေကြပြီ။ ပန်းတနော်လမ်းသားကိုမူထိုစင်မြင့်အနီးမှာပင်တွေ့ရ၏။ ပရိဿတ်ပိုများလာသလို ဟောပြောချက်တွေပိုမိုပြောင်မြောက်လာသလို ပန်းတနော်လမ်းသားထူးထူးခြားခြားငြိမ်နေသည်ကိုလည်းသတိထားမိ၏။ ညဉ့်အတော်နက်၍ ကျွန်တော်တို့ပြန်ချိန်မှာသူမလိုက်ဘဲနေရစ်ခဲ့သည်။ နောက်နေ့တွေမှာ ကျောင်းဝင်းအတွင်းကျွန်တော်တို့ထပ်မရောက်တော့။
ထိုမှသုံးရက်မြောက်ညသန်းကောင်မှာ လုံခြုံရေးတပ်ဖွဲ့တွေတက္ကသိုလ်နယ်မြေကိုဝင်ရောက်စီးနင်းသည်။ ဆောက်ပြီးစဦးသန့်အုဋ္ဌ်ဂူကိုဖျက်ဆီးသယ်ဆောင်ပြီးကန်တော်မင်ပန်းခြံသို့ရွှေ့ပြောင်းမြှုပ်နှံသည်။ ကျောင်းပတ်လည်ပိတ်ဆို့ကာမြင်မြင်သမျှဖမ်းဆီးသည်။ ပန်းတနော်လမ်းသားအဖမ်းခံရသည်။ (မဆီမဆိုင်) ကျွန်တော့်ညီအဖမ်းခံရသည်။ အမေပြောပြသဖြင့်ညီဖြစ်သူသည် ဟောပြောပွဲနားထောင်လိုသဖြင့် တလမ်းထဲသား သူငယ်ချင်းတဦးနှင့်အတူ ထိုညမှသွားခဲ့ခြင်းဖြစ်ကြောင်း သိရ၏။ နောက်တနေ့နံက် ရုတ်ရုတ်ယက်ယက်တွေအကြား ကျွန်တော်နိုးလာတော့ တစ်ညလုံးအိပ်မရဟန်တူသည့် အမေက “တခုခုဖြစ်ပြီထင်တယ် အော်သံဟစ်သံတွေအိမ်ကတောင် ကြားနေရတယ်” ဟု (ကျွန်တော်တို့အိမ်က စမ်းချောင်းကျွန်းတောလမ်းမှာ) စိုးရိမ်ပူပန်စွာပြောသည်။ အခြေအနေစုံစမ်းရန် အလို့ငှါ အိမ်မှကျွန်တော် ထွက်ခဲ့၏။
တက္ကသိုလ်ဝင်းကို ပိတ်ထားလိုက်ကြပြီ။ လှည်းတန်းမှာ ကြည့်မြင်တိုင်သရက်တောဘက်မှာ ကျောင်းကြီးလမ်းမှာ လူစုလူဝေးတွေချီတက်နေကြသည်။ ဆန္ဒပြအဖွဲ့တစ်ဖွဲ့ အိုးဘိုရဲစခန်းရှေ့မှအဖြတ်စခန်းတွင်းမှ ရဲတဦးထွက်လာပြီး သေနပ်ဖြင့်ပစ်သောကြောင့် (တည့်တည့်ပစ်သလား မိုးပေါ်ထောင်ပစ်သလား မမှတ်မိတော့) လူအုပ်ပြိုကွဲကာ ဖယိုဖရဲဖြစ်ကုန်ကြသည်။ ကျွန်ထုတ်လိုက်မှန်းမသိသော ပုဒ်မ ၁၄၄ နှင့် ညမထွက်ရ အမိန့် ကြေငြာချက်ကို ကြားရ၏။ စစ်သားများ စစ်ကားများ၏ ဥဒဟိုသွားလာလှုပ်ရှားမှုမှအပ တစ်မြို့လုံး ခြောက်ခြား ငြိမ်သက်နေသည်။ ညဘက်သတင်းများတွင်မူ မြို့လည်ရုပ်ရှင်ရုံ နှင့် ပြည်သူပိုင် အဆောက်အအုံ အချို့ကို (အစိုးရအခေါ်) ဆူပူသူများမှ မီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း ကြေငြာသွားသည်။ အသစ်စက်စက် ဖွဲ့စည်းပုံအခြခံဥပဒေ၏ အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းချက်များ တစ်နှစ်အတွင်း ဤသို့လျှင် အသက်ဝင်ခဲ့ကြလေသည်။
နေ့လည်ပိုင်း သူငယ်ချင်းအဖွဲ့ထဲမှတစ်ယောက် အိမ်ကိုသတင်းလာမေးသည်။ ကျောင်းထဲမှာကျွန်တော် တရားဟောစဉ် သူမနှင့်သူမ၏ဖခင်တို့ ပရိဿတ်တွင်းမှာရှိနေကြသည်မို့ စိုးရိမ်စိတ်ဖြင့်တကူးတကန့် လာကြခြင်းဖြစ်၏။ အိမ်ဦးခန်းမှာ အမေ့ကိုမျက်ရည်စက်လက်နှင့်တွေ့ကြရတော့ သူတို့စိုးရိမ်သည့်အတိုင်းဖြစ်ခဲ့ပြီဟု စိတ်မကောင်းစွာ အားပေးစကားပြောဘို့တာစူနေကြဆဲအသံကြား၍ထွက်လာသော ကျွန်တော့်ကိုမြင်သည်၌ မှင်သက်မိကုန်ကြ၏။ အကြောင်းစုံသိကြရပြီးနောက် အမေ့ကိုအားပေးမြဲအားပေးလျက်ပြန်သွားကြသည်။ ဆက်စပ်မှုရှိမရှိတော့မသိ နောင်အခြေအနေတည်ငြိမ်အေးချမ်းချိန်မှာ ထိုအကြောင်းပေါ့ပေါ့ပါးပါးစကားစဖြစ်ကြသည့်အခါ ထိုသူငယ်ချင်းက ဟိုတုံးကတည်းကသိမ်းဆည်းထားခဲ့ပုံရသောစကားတခွန်းဖြင့်ကျွန်တော့်ကိုဂုဏ်ပြုသည်။ “ရှင်ကလူလည်ဘဲ” ဟူ၏။
ပန်းတနော်လမ်းသားနှင့်ကျွန်တော့်ညီအပါအဝင် ထိုညကထိန်းသိမ်းခံခဲ့ရသူများသုံးလခန့်အကြာတွင် ခံဝန် ချက် ကိုယ်စီဖြင့်ပြန်လွတ်လာကြသည်။ အရေးအခင်းတွင်ကျွန်တော်ကဘာမျှမဖြစ်ဘဲ ကျွန်တော်တို့အသိုင်းအဝန်းတွင်ပြောစမတ်ဖြစ်ကျန်ရစ်သည်။ အမေကတော့ သားငယ်တွင်အချုပ်အနှောင်ခံရမည့်ကံရှိသော ကြောင့်ဟုသာမှတ်ချက်ပြုသည်။ အမေ့စကားကစစ်အုပ်ချုပ်ရေးကာလအတွင်းနံပါတ်ဝမ်း(ပါတီဥက္ကဋ္ဌကြီး) ၏သားကိုပင်ချမ်းသာမပေးခဲ့သောထိုစဉ်ကကာချုပ်ကြီးနောက်ပိုင်းကာလတခုမှာဆိုင်းမဆင့်ဗုံမဆင့်ဆိုသလို အငြိမ်းစားပေးခံရရာ၌ထိုကိစ္စသည်အကြောင်းရင်းတခုဖြစ်ခဲ့ကြောင်းသတင်းထွက်ပေါ်ခဲ့ဖူးသည့် စစ်သားများကလမ်းပေါ်တွေ့သမျှလူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်ကာ ပုံစံကေခေါ်စစ်ကတုံးဆံတောက် အတင်းညှပ်ပြီးမှပြန်လွှတ်သည့်စီမံချက်တခုအားအမှတ်ရစရာဖြစ်လေ၏။ ရက်အတန်ကြာမြင့်ခဲ့ပြီး လူငယ်အချို့အမှတ် ထင်ထင်ခံပြင်းစွာကြုံကြိုက်ခဲ့ရသည့်အဆိုပါ“ဗိုလ်ကျမှု”တစ်ရပ်တွင်လည်း ကျွန်တော်ဘေးမသီရန်မခခဲ့ပေ။
နောက်ထပ်တစ်နှစ်အကြာ မှိုင်းရာပြည့်အရေးအခင်းတွင် ပန်းတနော်လမ်းသားထပ်မံဖမ်းဆီးခံရပြီး ယခင် ခံဝန်ချက်အား ချိုးဖေါက်မှုဖြင့်ထောင် ၄ နှစ်ကျသည်။ နောက်တော့သူ နိူင်ငံ့ဝန်ထမ်းဘဝကိုနိူင်ငံရေးကင်းရှင်းစွာအငြိမ်းစားယူသည်အထိအောင်အောင်မြင်မြင်ဖြတ်သန်းသွားခဲ့သည်။ ထီးတန်းသားလည်းသူ့လောကဓံထဲမှာ သူ့ဝသီအတိုင်းမြုံစေ့စေ့နှင့်ပြည်တွင်းမှာရှင်သန်နေဆဲ။ အချုပ်အနှောင်ခံရကိန်းမရှိခဲ့သလိုအိမ်ခြေယာခြေမြဲမည့်ကံပါပုံလည်းမရသောကျွန်တော်ကတော့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ပင်အသေမဖြောင့်ခဲ့သော တိုင်း ပြည်၏ လတ်တလောအရွေ့တွေကို (အဝေးမှ)ရင်သပ်ရှုမောဖြစ်ရင်း “အနန္တောအနန္တငါးပါးဂုဏ်ကျေးဇူးကြောင့် ကျွန်တော်များမှာယ္ခုချိန်အချီးမွမ်းလည်းမခံရသေးပါဘူး အကဲ့ရဲ့လည်းမခံရသေးပါဘူး တစ်ပွဲမှလည်းမကရသေးပါဘူး” ဆိုသော ကြားဘူးနားဝပြက်လုံးတစ်ခုကို ဘာကြောင့်ရယ်မဟုတ် သတိရရနေမိတတ်လေသည်။