Wednesday, February 11, 2015

ကျွန်တော်နှင့်ရတုများ


ပြီးခဲ့သောနှစ်ကုန်ခါနီးက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး၏ နှစ်၅၀ ပြည့်ရွှေရတုသဘင် ဆင်ယင်ရာ အင်းစိန်ကြို့ကုန်းကျောင်းဝင်းအတွင်းသို့ကျွန်တော်ရောက်ခဲ့သည်။ နှစ်သုံးဆယ်လောက်နားခိုသူမဲ့ ကိုယ်တိုင်လည်း ခိုကိုးရာမဲ့ခဲ့သောကျောင်းတော်ကြီး နံ့သာလိမ်းကျံပန်းပန်ကာဖြင့်ဝံ့ကြွားနေပုံကို မြင်ရသည်ခဏ ကျွန်တော့်ရင်မှာ ဆရာကြီးမင်းသုဝဏ်၏ “ပျဉ်းမငုတ်တို”ကဗျာကလေး အမှတ်တရခိုဝင်လာသည်။ ကဗျာထဲကပျဉ်းမငုတ်တိုကဲ့သို့ ကျောင်းတော်ကြီးမှာစစ်တလင်းမဖြစ်ခဲ့ရ စစ်ကိုမကြုံခဲ့ရသော်လည်း လက်နက်အားကိုး ဖိနှိပ်ခြင်းမျိုးနှင့်ထိုဖိနှိပ်မှုကြောင့်ကျောင်းတော်သားသူရဲကောင်းတို့သွေးမြေကျရခြင်းမျိုး ကြုံခဲ့ဖူးသည်။ ဓားထစ်ခံလေပြင်းတိုက်ခြင်းတွေကမူမရေမတွက်နိူင်။ ခုလိုမျိုးလေပြည်ထဲတွင် ငယ်ရုပ်ဆင်နိူင်သည့်တိုင် လောကဓံအရေးအကြောင်းတွေကအထင်းသား။ တဆက်တည်း ကျွန်တော့်အာရုံမှာပျံ့လွင့်လာကြသည်က နိပါတ်တော်လာဟိမဝန္တာတောမှပတ္တမြားဂူကို အရောင်မထွက်အောင်ရွှံ့ညွံများလိမ်းကြံဖို့အားထုတ်ခဲ့ကြဖူးသောဝက်မိုက်များ။ ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်း၊ သရေမညှိုး၊ ရောင်ဝါတိုးသို့၊ တန်ခိုးထင်ရှားလေသောပတ္တမြားဂူနှင့် ဆယ်စုနှစ်သုံးစုစာဖုန်းဆိုးတောပမာစွန့်ပစ်ခြင်းခံခဲ့ရသော ကျောင်းတော်ကြီးကို ကျွန်တော်ထပ်တူပြုနေမိသည်။ အသရေမညှိုးသည့်နေရာမှာတော့ ကျွန်တော်တို့ကျောင်းက ဟိမဝန္တာမှ ပတ္တမြားဂူထက်လျော့မည်မထင်။

အဆောင်(၁)အောက်ထပ်နှင့်ပေါ်တီကိုဘက်မှာ ဧည့်သည်တွေဧည့်ကြိုတွေပြည့်နေသလို သမိုင်းဝင် ကာတွန်းဘောက်စ်သည်လည်း ယ္ခင်ကကဲ့သို့ပင်ဝင့်ကြွားစွာပွဲခံနေ၏။ ဟိုတုန်းကအားလပ်ချိန်များမှာ ကာတွန်းဖတ် သတင်းစာဖတ် ရေအိုးစင်မှာရေသောက်ကြ (ရေသန့်ဘူးခေတ်မှမဟုတ်ပါဘဲကို) နှင့် အမြဲလို စည်ကားတတ်သည့်နေရာ။ စာကြည့်တိုက်၊ ရုံးနှင့် ငွေစာရင်းဌာန အားလုံးသည်နေရာမှာရှိကြသည်မို့ စာအုပ်ငှါး/အပ် ငွေသွင်း ကြော်ငြာသင်ပုန်းဖတ် ယုတ်စွအဆုံး သူငယ်ချင်းမျှော်လိုသူကအစ အဆင်ပြေသောနေရာတခုလည်းဖြစ်လေ၏။ ရာစုဝက်မျှမွမ်းမံမှုချို့တဲ့စွာရပ်တည်ခဲ့ရသည့်တိုင် ကျောင်းတော်ကြီးကကြံ့ခိုင်ဆဲ။ အတန်းချိန်သတိပေးခေါင်းလောင်းမြည်ရာ ကော်ရစ်ဒါမှလျှပ်စစ်နာရီတွေရပ်နေသည်ကို သတိပြုမိတော့ ကျောင်းသားဟောင်း ကျွန်တော်တစ်ကိုယ်တည်း ရှက်ပြုံးပြုံးဖြစ်ရပြန်လေသည်။ သည်နိူင်ငံက ဘူတာရုံ ဆေးရုံ ဈေးရုံ လမ်းဆုံလမ်းခွ ရှိရှိသမျှအများပြည်သူရှေ့မှောက်မှ နာရီတွေအလျှင်းသင့်၍ကြည့်မိတိုင်း ရပ်နေသည်ကို တွေ့ရတတ်ပြီး တွေ့တိုင်းလည်းမအီမသာဖြစ်ရတတ်သော ကျွန်တော်သည်တခါဝဋ်လည်ပြီ။

အပေါ်ထပ်စက်မှုခမ်းမနှင့်ကော်ရစ်ဒါတစ်လျှောက် ဧည့်ခံကြိုဆိုရေးလုပ်အားပေး မျိုးဆက်သစ်တွေရော ကျောင်းသားကျောင်းသူဟောင်း(ကြီး)များပါဟိုတစုသည်တစုတွေ့ရတော့ ကျွန်တော်တို့ခေတ်ကအခန်းအနားတွေကိုအမှတ်ရစရာဖြစ်လေ၏။ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှသည် ဆရာကန်တော့ပွဲထိ၊ စာပေဟောပြောပွဲမှသည်ဂီတပဒေသာကပွဲအထိ ကျင်းပရာစက်မှုခမ်းမသည် တကြိမ်သောအခါတွင် တစ်ပါတီအစိုးရ၏ တရားလက်လွတ်ပြုကျင့်မှုများ အခွင့်ထူးခံမှုများကို အဆင့်မြင့်အစိုးရအဖွဲ့ဝင် (နိူင်ငံတော်ကောင်စီဝင်နှင့်ဝန်ကြီး) များရှေ့မှောက် မကြောက်မရွံ့ ဖေါ်ထုတ်ဝေဖန်ခဲ့ရာ သမိုင်းဝင်ခန်းမလည်း ဖြစ်ခဲ့ဖူးလေသည်။ ထိုနေ့ကကိုယ်စားလှယ်တွေအပြန်မှာသူတို့၏ကားတန်းကို တောထုတ်သလို လှောင်ပြောင် အော်ဟစ်ခဲ့ကြပြီး  ဝိဇ္ဖာသိပ္ပံကျောင်းသားများထံသွားရောက် ပူးပေါင်းကာဘွဲ့နှင်းသဘင်ခမ်းမ၌ ဒုတိယအကြိမ် သပိတ်စခန်းဖွင့်ခဲ့ကြသည်ကိုမြင်ယောင်မိ၏။ သူပုန်ကျောင်းဟုအာဏာပိုင်အသိုင်းအဝိုင်း၏ သတ်မှတ်ခံခဲ့ရခြင်းမှသည် ဒေသကောလိပ်များ ပေါ်ပေါက်လာရခြင်းနှင့် နောင်တက္ကသိုလ်တွေအားလုံးမြိုင်ရပ်နှင်ခံရခြင်းစသည်တို့မှာ သီးခြားကင်းလွတ်စွာ ဖြစ်ပေါ်လာခဲ့ကြသည်မဟုတ်ချေ။

ရတုဆိုသောဝေါဟာရကို အချိန် ရာသီ အခမ်းအနားနှင့်စပ်ဆိုင်သောဟု ကျွန်တော်နားလည်ထားသည်။ မြစ်ထဲ၌ စီးဆင်းသွားသောရေများပမာရတုတခုသည်ဘဝမှာနှစ်ခါပြန်၍မရောက်နိုင်။ ထို့ကြောင့်ပင် လူသားတဦး ဗိဗ္မာန်တခု အဖွဲ့အစည်းတရပ် ယုတ်စွအဆုံး လူမှုဆက်ဆံရေး တစ်ကဏ္ဍပင်ဖြစ်စေ ကာလအပိုင်းအခြားတခုတိုင်အောင် ရှင်သန်ဆဲဖြစ်ကြောင်းအမှတ်ရ  လွယ်သောနှစ်အပိုင်းအခြား (များသောအားဖြင့် နှစ်ဆယ့်ငါးနှစ်) ဖြင့် ရတုဟုခေါ်ဆိုသတ်မှတ်လေ့ရှိခြင်းဖြစ်ပေမည်။ ထိုအပိုင်းအခြားများသည် အရေးပါသောမှတ်တိုင်များဖြစ်သဖြင့်တန်ဖိုးထားရာ ရတနာများဖြင့်တင်စားကာ ငွေရတု ရွှေရတု ပတ္တမြားရတု စိန်ရတုစသည်ဖြင့် ခေါ်ဆိုကြခြင်းမှာလည်းသဘာဝကျပါ၏။ သို့ရာတွင် လောကတံထွာမှာ ရတုတိုင်းပျော်ရွှင်ဘွယ်ရာချည့် ရှိတတ်ကြသည်တော့မဟုတ်။ ဤကျောင်းတော်ကြီးဆိုလျှင်ငွေရတုကာလတုံးက အာဏာရှင်တို့၏ တရားလက်လွတ်မှုကို အံတုဖက်ပြိုင်ရင်း ကျောင်းတော်သားအချို့အသက်ကိုစတေးပြီးစ။ စာသင်ခမ်းတံခါးတွေပိတ်၍ ထောင်တံခါးတွေပွင့်သောထိုကာလမှာပင့်သက်ဖြာရင်းအံကြိတ်ရင်း  ငွေရတုကိုတိတ်ဆိတ်စွာ ဖြတ်ကျော်ခဲ့ရပေလိမ့်မည်။

မရှေးမနှောင်းဆိုသလို ကျောင်းတော်ကြီးကိုယ်တိုင်ကျီးနှင့်ဖုတ်ဖုတ်စွန့်ပစ်ခံခဲ့ရသည်မှာလည်း ယ္ခုရွှေရတုတိုင်အောင်ပင်ဖြစ်လေသည်။ ထိုအတွင်း ကျောင်းသားသစ်တွေမြို့ပြင်လွင်တီးခေါင်မှာ ပင်ပန်းဆင်းရဲစွာ စာသင်၊ ကျောင်းပြီးလျှင် အိမ်နီးချင်းလူသားရင်းမြစ်ဈေးကွက်တွေမှာ မျက်နှာငယ်ဖြင့်တိုးဝင်ရင်း အနာဂါတ်ကိုထုဆစ်ဘို့ကြိုးစားကြရ၏။ ကျောင်းသားဟောင်းအများစုဆိုလျှင်လည်း ကမ္ဘာရွာကြီးမှာခွေးလှေးပျား တော အနှံ့ လုပ်ကိုင်ရှာဖွေနေထိုင်စားသောက်ရင်း အလျှင်းသင့်သလိုစုဝေးပေါင်းဆုံကာ ကျောင်းတော်ကြီးကို အလွမ်းဖြေကြရ၏။ စင်စစ် ထိုပွဲမျိုးမှရအပ်သော ပီတိနှင့်ခွန်အားတွေကလည်း တစ်နင့်တစ်ပိုးတန်ဘိုးဖြတ်၍မရ။ အစဉ်အမြဲပြုံးရယ်ခြင်းကင်းသောဌာနမှုးဆရာမကြီးတစ်ဦး၏ သံယောဇဉ် ဆုံးမစကား၌ မျက်ရည်ဝဲကြရဘူး သလို စကားအပိုဆိုလေ့မရှိသော ပါမောက္ခ ဆရာကြီးတဦး၏ ဘီးတပ်ကုလားထိုင်ပေါ်မှ ဓမ္မသံဝေဆုံးမစကားတွေဖြင့် လောကဓံ၏သရုပ်သကန်ကို မြင်လည်းမြင်ရင်ဆိုင်ရန်အင်အားတွေလည်း တိုးပွားခဲ့ဖူးလေသည်။ မင်းပရိဿတ်များပြားသောယ္ခုရွှေရတုမှာတော့ ဟိုတုံးကပွဲတွေလိုဆရာတွေထံမှဆုံးမစကားနာယူဘို့အခွင့်မသာ။ ဘာဘဲဖြစ်ဖြစ် ည်ဝန်းကျင်မှာခြောက်နှစ်တာအတူနေခဲ့ကြပြီးမှ နှစ်ပေါင်းများစွာ ကွဲကွာနေကြသူတွေနှင့်ပြန်ဆုံရသည်မှာတော့ရသတမျိုးထူးပေ၏။ အိပ်မက်ထက် အမှတ်တရတွေ ကို ရွေးချယ် ပြောဆိုတတ်သည့်တွေ့ဆုံခြင်းမျိုး မို့ပင်။

မရောက်သေးမီကာလတခုသည်အိပ်မက် ရောက်နေဆဲကာလသည်ဘဝ ပြီးခဲ့သောကာလတွေမှာအမှတ်တရမျှသာဟု ကျွန်တော်ကြားဖူးသည်။ ပြောရလျှင် ကျွန်တော့်မှာအိပ်မက်များများစားစားမရှိ။ ရှိခဲ့သမျှ အိပ်မက်တွေလည်းတာမရှည်ခဲ့။ အမှတ်တရတွေတော့ရှိသည်။ ရှိဆိုဘဝနှင့်အိပ်မက်တွေဖြစ်တည်ပျက်ယွင်း အမှတ်တရချင်း ထပ်ခဲ့သည်မှာလည်း ရွှေရတုခရီးကိုကျော်လာခဲ့ပြီ။ အိပ်မက်တို့မြစ်ဖျားခံရာ အမိတက္ကသိုလ်ကြီး၏ ရွှေရတုမတိုင်မီမှာကတည်းက ကျွန်တော့်ဘဝရွှေရတုကို ရောက်ပြီးသား။ နောက်ထပ် ရွှေရတုတခုကို ဘယ်နည်းနှင့်မျှကျွန်တော်မမျှော်သာပြီ။

ကျွန်တော့်သက်တန်း၏ ရတုနှစ်ခုမှာအမှတ်တရဖြစ်စရာတစ်ခုတလေစီသာရှိခဲ့သော်လည်း ထိုတစ်ခုတလေတို့မှာ ထင်ရှားသောကောက်ကြောင်းတွေနှင့်မို့မေ့နိူင်စရာမရှိ။ ငွေရတုတုံးက မီးရထားဘက်မလွှကုန်း စက်ရုံတခုမှာအလုပ်ကြပ်အဖြစ်လုပ်ကိုင်နေဆဲ။ ကျွန်တော့်ထိုအချိန်ကအိပ်မက်မှာအရပ်သားအရာရှိတယောက်ဖြစ်ရေး။ ငယ်စဉ်ကဖတ်ခဲ့ဘူးသောစာတွေထဲမှာတွေ့တွေ့နေရသည့် ဝန်ထောက်အရေးပိုင်မင်းကြီးစသော ရာထူးတွေကို ကျွန်တော်အင်မတန်အားကျခဲ့ပြီး ဖြစ်လိုစိတ်ပြင်းပြခဲ့သည်။ သာမန် လက်လုပ်လက်စားဘဝမှ ထိုအခြေအနေမျိုးကိုရောက်အောင် မဆုတ်မနစ်ကြိုးစားမှရမည်ဆိုသည်ကိုသိသလို ကြိုးလည်းကြိုးစားခဲ့သည်။ ကုန်စိမ်းသည်သား လက်လုပ်လက်စား ပတ်ဝန်းကျင်အကြား ကြီးပြင်း ခဲ့ရသူတဦးအတွက် ထိုအားထုတ်မှုမှာ လွယ်ကူလှသည်တော့မဟုတ်။ ကျွန်တော်ဘွဲ့ရချိန် ရပ်ကွက်ထဲကငယ်သူငယ်ချင်း ကိုးဆယ်ရာနှုံးလောက်မှာ ကျောင်းတဝက်တပျက်နှင့် သားသည်အဖေတွေ ဖြစ်နေကြပြီ။ တစ်ချို့ဆိုက်ကားနင်း တစ်ချို့ဈေးရောင်း တစ်ချို့ရုံးဝန်ထမ်းဘဝဖြင့် အိမ်ထောင်တွေကို ဦးစီးနေကြပြီး အများစုမှာမပြေလည်ကြ။ ပြေလည်သူတဦးစနှစ်ဦးစမှာစည်ပင်သာယာလို ပြည်သူပိုင်ဓါတ်ဆီဆိုင်လို နေရာမျိုးမှာ အလုပ်လုပ်သူတွေသာဖြစ်၏။ သူတို့ ကျတော့လည်း မိုးမမြင်လေမမြင်ကို ပြေလည်ကြလေသည်။

သည်ကတည်းက တိုင်းပြည်စီးပွားရေးအခြေအနေနှင့် ဝန်ထမ်းလောကကမောက်ကမဖြစ်နေပြီကို သိသင့်ပါလျက် ကျွန်တော့်ဝန်ထောက်ရောဂါကအတောမသတ်။ ထိုအချိန်က ငွေမာ (Hard Currency) ရှာနိူင်သည့် နိူင်ငံခြားသင်္ဘောသားအလုပ်ခေတ်စားစဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ရသူတွေအတွက်မခက်ခဲလှသဖြင့် တချို့ထိုဘက်ကိုရွေးကြသည်။ အတော်များများကဗိုလ်လောင်းသင်တန်းတက်ဖို့လုံးပန်းကြ၏။ ထိုအလုပ်နှစ်မျိုးစလုံးဘက်ကိုကျွန်တော်ဦးမလှည့်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဦးမလှည့်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အနီးအပါးမှထိုနှစ်မျိုးအတွက်ကြိုးပန်းနေကြသူတွေကိုကြည့်ပြီး စိတ်ပျက်ဘွယ်ခံစားမိသောကြောင့်ဖြစ်လေသည်။ ကျွန်တော်ကား ထိုမျှလောက်ပင်မရင့်ကျက်သူဖြစ်ခဲ့၏။ (ယ္ခုအခါကျောင်းနေဘက်တွေအနက် ထိုနှစ်မျိုးသော အလုပ်ကိုရွေးချယ်ခဲ့သူတွေသာဟန်ကျပန်ကျနှင့် ဘာမဆိုတွင်ကျယ်နိူင်သူများလည်း ဖြစ်နေကြသည်။ သူတို့တွေအမြော်အမြင်ရှိခဲ့ကြသည်ဟုဆိုရပေမည်။ စကားချပ်)။ 

ဝန်ထောက် (ပြန်တမ်းဝင်အရာရှိ) ဖြစ်ရေးအတွက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့မှခေါ်သမျှ အလုပ်တွေလျှောက် အညမညသဘောတရားလိုစာမျိုးတွေဖတ် (ပြန်စဉ်းစားကြည့်တော့မယုံကြည်တာကိုခေါင်းထဲထည့်ရမှာဝန်မလေးသူလည်းဖြစ်ခဲ့၏) အထွေထွေဗဟုသုတအတွက် နေ့စဉ်သတင်းစာတွေ လမ်းစဉ်ပါတီစာစောင်တွေသာမက ထိုခေတ်ကအင်တာဗျူးအဆင့်ရောက်လျှင် ဘာသာရေးဆိုင်ရာမေးခွန်းတွေပါဖြေရသည်မို့ လောကနီတိဆယ်စောင်တွဲစာအုပ်ပင်မကျန်အောင်လေ့လာပြင်ဆင်ရင်းဆင့်ပါးစပ်နှမ်းပက်ဆိုသလို ကျိုးတို့ကြဲတဲသာခေါ်ယူသောရာထူးများကိုမလွတ်စတမ်းဖြေဆိုခဲ့၏။ တနည်း အလုပ်ကိုကိုယ်ကရွေးဘို့ထက်အလုပ်ကကိုယ့်ကိုရွေးဘို့သာအာရုံစိုက်ခဲ့လေသည်။ သို့တိုင်အောင် အလုပ်ခေါ်သည့်အချိန်မှခန့်သည့်အချိန်ထိလပေါင်းများစွာကြာသည့်အပြင် ရမရလည်းမသေချာသည်မဟုတ်သဖြင့် ဖြေထားသမျှအောင်စာရင်းတွေစောင့်ရင်း သူငယ်ချင်းတစ်ဦး၏ဖခင်အငြိမ်းစားအရာရှိကြီး၏စောင်မမှုဖြင့် မီးရထားဘက်မှာအလုပ်ကြပ်ရာထူးယူကာဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်လေသည်။ အသိမရှိလျှင်ဘယ်မှာမှအဆင်မပြေသည့်ခေတ်ဦးပိုင်းဖြစ်ရာ ထိုစဉ်ကတော့ ဆိုရှယ်လစ်အသိဟုကွယ်ရာပြောပြောကြသည်။ ထားပါတော့။ အလုပ်ကြပ်ဆိုသည်မှာ ကြီးကြပ်ရေး ဝန်ထမ်းမို့ ဝန်ထောက်ဘဝနှင့် အတော်လှမ်းသေးသည်။ သို့ရာတွင် သူလည်းဆရာအခေါ်ခံဝန်ထမ်း တဦးဖြစ်ပြီး အတန်အသင့်လုပ်ပိုင်ခွင့်လေးတွေရှိကာ ထိုလုပ်ပိုင်ခွင့်ကြောင့်အနေကြပ်သည်များနှင့်ကြုံရတတ်လေသည်။ ဥပမာ စက်သုံးဆီကိစ္စ။

စက်ရုံက နေ့စဉ်ပြေးဆွဲသမျှမီးရထားစက်ခေါင်းတွေကိုစီစဉ်ပေးရသည်မို့စက်သုံးဆီဖြည့်ရေးသည် အဓိကတာဝန်။ ထိုတွင် စက်မောင်းဆီက ဂါလံရာနှင့်ချီပြီးတာဝန်လည်းကြီးသဖြင့် ကျွန်တော်တို့တာဝန်မယူရ။ စက်ရုံမှုးဖိုမင်နှင့် စက်ဗိုလ်ခေါ် စက်ခေါင်းမောင်းတွေသာတာဝန်ခံထုတ်ယူသုံးစွဲကြသည်။ ကျွန်တော်တို့က လက်ဆေးဆီနှင့် ချောဆီ ဂီယာဆီ အနည်းအကျဉ်းလိုအပ်သည်တို့ဖြည့်ရန် စက်ပြင်လုပ်သားတွေ ထုတ်လိုလျှင်စိစစ်ခွင့်ပြုနိူင်သည်။ အားလုံးပြင်ပမှာဈေးကောင်းရသည့်ရှားပါးကုန်တွေ။ တရားဝင်လစာ မလောက်ငသည့်အချိန်မှာ ထိုဆီတွေကမိသားစုထမင်းဝိုင်းမှသည် ကလေးကျောင်းစရိတ်ထိ များများထိတွေ့ရသည့် ဝန်ထမ်းတွေကျတော့ မိန်းမရွှေလက်တောက်အထိတာသွားသည်မို့ ထိုအရာတွေထုတ်ခွင့်လက်မှတ်ထိုးသည့်အခါတိုင်း ကျွန်တော်စိတ်စက်မလုံဖြစ်ရသည်။ တခါထုတ်လေးငါးဂါလံပေမင့် တစ်ခါတစ်ခါမလိုအပ်မှန်းသိသိကြီးနှင့်တောင်းလာသည့်အခါ သူတို့၏နေ့စဉ်ဘဝတွေမြင်တွေ့နေရသည့်ကြားမှ ကျွန်တော်ဆုံးဖြတ်ရခက်လှသည်။ စက်မှုအင်ဂျင်နီယာဘွဲ့ရတယောက် လုပ်ငန်းခွင်မှာစက်မှုနည်းပညာထက် စက်မသုံးဆီထုတ်ပေးရေးကိစ္စက ပို၍ကြီးမားသော (ယ္ခုခေတ်စကားနှင့်) စိမ်ခေါ်မှုတရပ်ဖြစ်နေလေတော့၏။

ဌာနဆိုင်ရာတွေမှာသာ ပေါများပြီးပြင်ပမှာရှားပါးသည့်ကုန်ပစ္စည်းများထဲမှာ စက်သုံးဆီသည် အဓိကနေရာမှာရှိသဖြင့် မှောင်ခိုအကြီးအကျယ်ဖြစ်ကာကိုင်တွယ်ရသောဝန်ထမ်းတွေကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစားကြသောနယ်ပယ်လည်းဖြစ်ပေ၏။ ဌာနဆိုင်ရာယာဉ်မောင်းမှသည် အရာရှိအဆင့်အထိသူ့နည်းသူ့ဟန်ဖြင့် မကင်းကြ။ ကျွန်တော့် စက်ရုံမှာ ၂၄နာရီလည်ပတ်ရသောစက်ရုံမို့ ကျွန်တော်တို့လည်းအဆိုင်းခွဲ၍တာဝန်ယူကြရသည်။ နေ့ကြီး နေ့လည်နှင့်ညကြီးပိုင်းဟူ၍ဖြစ်၏။ နေ့လည်ပိုင်းတာဝန်သည် ည ၁၁ နာရီပြီးဆုံးလေရာ တာဝန်ကျအလုပ်ကြပ်အတွက် အိမ်အပြန်ကားစီစဉ်ပေးထားသည်။ သို့ရာတွင် ယာဉ်မောင်းဖြစ်သူက သူ့အတွက်ဆီလက်ကျန်နည်းမည်စိုးသောကြောင့်အိမ်အရောက်မပို့ချင်။ အနီးဆုံးဘတ်စကားမှတ်တိုင် အထိသာပို့ချင်သည်။ အခြေအနေကိုနားလည်စွာ ကျွန်တော်ကလည်း နေထိုင်ရာစမ်းချောင်းသို့ ဘတ်စကားစီးရန် အဆင်ပြေမည့် တာမွေအထိသာပို့စေသည်။ တာမွေမှမြေနီကုန်းထိ ကြားကားခေါ်အောက်ဆိုက်ကားကို တစ်ကျပ်ပေးစီး၍ အိမ်ပြန်ရသည် (တမတ်ပေးရသောပုံမှန်ဘတ်စကား ည ၉ နာရီကျော်လျှင်မရနိူင်တော့)။

ထိုနေ့ကတန်ဆောင်တိုင်ပွဲတော်နောက်ဆုံးည။ ကျွန်တော် တာဝန်ပြီး၍ အိမ်ပြန်ရန်ထုံးဆံအတိုင်း တာမွေသို့ အလုပ်ရုံမှကားဖြင့်သွားသည်။ တာမွေရောက်တော့ မီးထွန်းပွဲပြန်ချိန် ရုပ်ရှင်ရုံလွှတ်ချိန်နှင့်ကြုံသဖြင့် ကြားကားပင်တိုးမရဖြစ်နေရာ လွတ်လွတ်လပ်လပ်လမ်းလျှောက်ပြန်သည်က ကောင်းဦးမည်ဟု စိတ်ကူးပေါက် သည်နှင့် နောက်ကားမစောင့်တော့ဘဲ မဂျစ်လမ်း(ယ္ခုသမိန်ဗရမ်းလမ်း)အတိုင်းလျှောက်လာခဲ့၏။ ရွှေဂုံတိုင်လမ်း လင့်လမ်းမှဘောင်ဒရီလမ်း(ဓမ္မစေတီလမ်း) ထိုမှဗားကရာလမ်း ရှမ်းလမ်းအတိုင်း အိမ်အရောက်လျှောက်နေစဉ် ကောင်းကင်မှာတန်ဆောင်မုန်းည၏လပြည့်ဝန်းကြီးကထိန်ထိန်သာနေသည်။ ကျွန်တော့်မွေးနေ့ တိတိကျကျပြောရလျှင်နှစ်ဆယ့်ငါးနှစ်ပြည့်ကျွန်တော့်မွေးနေ့။ ငွေရတုမွေးနေ့ကိုကျွန်တော်ထိုသို့လျှင် မထင်မရှားကျော်ဖြတ်ခဲ့လေသည်။ တာမွေမှစမ်းချောင်းသို့ မြို့ပြ၏ညကြီးသန်းခေါင် လသာသာမှာ လမ်းလျှောက်စဉ် ကျွန်တော်ဘာတွေတွေးတောနေခဲ့သည်ကို မမှတ်မိတော့ပြီ။ ငွေရတုအထိမ်းအမှတ် ကဗျာတပုဒ်မဟုတ်သည်မှာတော့သေချာသည်။

နောက်တနှစ်ခန့်အကြာမှာ မီးရထားမှထွက်၍ရေနံဘက်တွင်အလုပ်ဝင်ကာ မြေလတ်ပိုင်းရေနံမြေတခုသို့ ကျွန်တော် ရောက်သည်။ လုပ်ငန်းပြအင်ဂျင်နီယာရာထူးမို့ တင်းပြည့်ကျပ်ပြည့်ဝန်ထောက်မဖြစ်သေး။ ထိုမှ တနှစ်အကြာတွင် ဖြေထားသည်မှာကြာ၍ မေ့သလောက်ပင်ရှိသောပြည်တွင်းရေကြောင်းအဖွဲ့မှ အမြဲတန်း ရာထူးဖြင့်အလုပ်ခန့်စာရသည်။ ကျွန်တော့်ရည်မှန်းချက်တစ်ခုပြည့်မြောက်အောင်မြင်ပြီ။ ဝန်ထောက်ဖြစ်ပြီ။ ဘာဝန်ထောက်လဲဟုမေးလာက (ခုချိန်မှာကလေးကလားစကားဖြင့်) ပဲခူး(ပဂိုး)ဝန်ထောက် ဟုဖြေမိမည်ထင်သည်။ ကျွန်တော်တို့ငယ်ငယ်က တယောက်ယောက်၏ပုဆိုးတွင်အပေါက်ကလေးမဆိုစလောက်တွေ့လျှင် ပဂိုးဝန်ထောက်ပုဆိုးဖင်ပေါက်ဟု စလေ့နောက်လေ့ ရှိကြသည်။ ကိုယ်တွေ့ဝန်ထောက်ဘဝကတော့ ပုဆိုးဖင်မပေါက်ရုံတမည်။ ဝန်ထောက်ဖြစ်လျှင် အရာရာပြီးပြည့်စုံပြီဟုထင်တလုံးဖြင့် ရုန်းကန်ခဲ့သမျှ တကယ်တန်းဖြစ်လာတော့ထင်သာထင်မဝင်ဘူးကျောင်းအမရေဟုအော်ရမည့်ကိန်း။ လုပ်ခပေးချင်ယောင်ဆောင်သောအစိုးရနှင့်အလုပ်လုပ်ချင်ယောင်ဆောင်သောဝန်ထမ်းတို့ဖြင့်ဖွဲ့စည်းကာ အဂတိတရားများဖြင့်မောင်းနှင်အပ်သော အမည်ခံပြည်သူပိုင်ယန္တယားကြီးအတွင်းမှာစည်းမျဉ်းခံဝန်ထမ်းအဖြစ် သိက္ခာရှိရှိရပ်တည်ဖို့မဖြစ်နိူင်တော့သည့်အဆုံး ဝန်ထမ်းဘဝကိုကျွန်တော်စွန့်ခွာခဲ့၏။ လွယ်လင့်တကူတော့မဟုတ်။

မည်သည့်အကျိုးခံစားခွင့်မှမယူဘဲ အလုပ်မှနူတ်ထွက်ခွင့်တောင်းခံလွှာအပေါ် ဌာနမှူးဖြစ်သူကခေါ်ပြီး စာသားအချို့ ပြင်ပြီးပြန်တင်ရန် ညွှန်ကြားသည်။ လက်ရှိ စာသားအတိုင်း အထက်သို့တင်ပြရန် အခက်အခဲရှိကြောင်းသိရသည်။ ‘နိူင်ငံတော်၏ပြောင်းလဲလာသော စီးပွားရေးမူဝါဒများအရ (ထိုအချိန်ဈေးကွက်စီးပွားရေးစံနစ်စတင်နေပြီ) ပြင်ပတွင်ကိုယ်ပိုင်စီးပွားရေးတရပ်ထူထောင်လုပ်ကိုင်နိူင်ရန်’ ဟူသောစာသားမှာ ဘာအမှားပါနေမှန်း ယနေ့တိုင်ကျွန်တော်မသိ။ စဉ်းစား၍မရ။ နိူင်ငံတော်ဆိုသောစကားရပ်အား အဓိကမနှစ်မြို့ကြောင်းတော့ရိပ်စားမိသည်။ သို့သော် ကျွန်တော်ပြန်မပြင်ခဲ့။ ဆယ့်ငါးနှစ်တာမျှတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်သော နိူင်ငံသား နိူင်ငံ့ဝန်ထမ်းတစ်ဦး၏ နူတ်ထွက်ခွင့်တောင်းခံလွှာတွင် နိူင်ငံတော်ဆိုသောစကားရပ် ထည့်သွင်းသုံးစွဲခဲ့ခြင်းမှာအမှားတရပ်ဟုကျွန်တော် မယုံကြည်နိူင်သောကြောင့်ဖြစ်သည်။

ထိုအတွင်း စီးပွားရေးလုပ်ငန်းတခုကိုဝန်ထမ်းဘဝနှင့်ပင်ကျွန်တော်စတင်လိုက်သည်။ မအောင်မြင်။ ဝန်ထမ်းတာဝန်များလစ်ဟင်းလာခြင်းသာအဖတ်တင်သည်။ စိတ်ဓါတ်စုစည်းမှုပြန်လည်မရနိူင်သည့် အဆုံး ကျွန်တော်ခွင့်ရက်ရှည် တစ်လယူလိုက်၏။ ခွင့်ကုန်လျှင်လုပ်ငန်းခွင်ပြန်ဝင်မည်မဟုတ်ဟု ဌာနမှူးကိုနူတ်ဖြင့် အသိပေးခဲ့သည်။ တကယ်လည်းခွင့်ပြန်ဝင်ရမည့်ရက် ကျွန်တော်အလုပ်မဆင်းတော့။ ဌာနမှ စာတစ်တန်ပေတစ်တန်ခေါ်သည်ကိုငြင်းဆန်ခဲ့ပြီးနောက်ဝယ် ကျွန်တော့်အားဝန်ထမ်းစည်းကမ်းဖေါက်ဖျက်မှုဖြင့်မျက်ကွယ်တွင်အရေးယူကာအလုပ်မှထုတ်ပယ်လိုက်ကြောင်း တစ်ဆင့်စကားကြားရလေသည်။ ထုတ်ပယ်စာကိုတော့လက္ခံရရှိခြင်းမရှိ။ စည်းမျဉ်းခံဝန်ထမ်းဘဝဖြင့်သာအသက်မွေးကာ ထိုမှာပင်အရိုးထုတ်လိုသော ကျွန်တော့အိပ်မက်၏ပထမပိုင်းမှာ ဤသို့လျှင် စောစီးစွာပြိုလဲခြင်းသို့ဆိုက်ရောက်ခဲ့လေ၏။ ထိုအိပ်မက်မှာကျွန်တော်သာမဟုတ်လူမမယ်ရင်သွေးများအပါအဝင် မိသားစုတစုလုံးနှင့်စပ်ဆိုင်သည်မို့ဘဝမှာအတ္တကိုအပြင်းပြဆုံးချေမှုန်းခံရခြင်းပင်ဖြစ်လေသည်။

အိပ်မက်၏ဒုတိယပိုင်းမှာဈေးကွက်စီးပွားရေးစံနစ်အတွင်းသို့ချဉ်းနင်းဝင်ရောက်ခဲ့ခြင်းဖြစ်၏။ စင်စစ် အာဏာကို အကြွင်းမဲ့သိမ်းပိုက်ထားသူတို့က ဈေးကွက်ကိုအကန့်အသတ်ဖြင့်ဖွင့်လှစ်ပေးခြင်းဖြစ်လေရာ အာဏာရှိသူများသာစီးပွားရေးလုပ်ခွင့်ရသည့်သဘောပင်ဖြစ်၏။ အကျိုးဆက်အဖြစ်တိုင်းပြည်၏ကြွယ်ဝမှု မှန်သမျှလူတစုမှထင်သလိုချယ်လှယ်နိူင်သည့် လက်ဝါးကြီးအုပ်စီးပွားရေးစံနစ်တရပ်ပေါ်ပေါက်လာခဲ့ပြီး ခြစားမှုတွေ အကျင့်ပျက်တွေတရားဝင်ရပ်တည်လာခဲ့ကြသည်။ ယင်းတို့နှင့်မယဉ်ပါးလျှင် စီးပွားရေးမမည် သည်အထိအင်အားကောင်းလာသောအခါ ဈေးကွက်စီးပွားရေးသည်ရွေးကွက်စီးပွားရေးအဖြစ် အသားကျသွားတော့၏။ လက်ရွေးစင်(Cronies)တွေသာ ပါဝင်ခွင့်ရှိသောထိုရွေးကွက်စီးပွားရေး အဆင့်တွင် သယံဇာတတွေရော လူသားရင်းမြစ်တွေပါဖိတ်ကြစင်ကြရလေသည်။ ကျွန်တော်လည်း ထိုလှိုင်းတံပိုးကို ဘေးကင်းရန်ကင်းစွာမကျော်လွှားနိူင်ခဲ့။ အိပ်မက်ဒုတိယပိုင်းမှာမကြာမြင့်သော်လည်း ဘဝ၏လက်ကြမ်းကြီးများဖြင့်ပုတ်နှိုးခံရခြင်းမှာမူအတူတူပင်ဖြစ်လေသည်။ ထိုအချိန်မှာပင် ဘန်ကောက်ရောက်ဆရာသမားတဦးထံမှမမျှော်လင့်ဘဲဆက်သွယ်လာပြီး သူတို့ဆီမှာလစ်လပ်နေရာရှိသည်လုပ်လိုလျှင်အကြောင်းပြန်ရန် အမှာစကား ပါးသည်နှင့် ကြုံရသည်။

ပြောရလျှင်သည့်မတိုင်ခင်ငါးနှစ်ခန့်ကစင်္ကာပူစီးပွားရေးမစ်ရှင်တခုနှင့်အတူလိုက်ပါလာသော လုပ်ငန်းရှင်တဦးနှင့်အကြောင်းအားလျော်စွာရင်းနှီးခွင့်ရခိုက်သူ့ကုမ္ပဏီမှာအလုပ်ပေးမည် လိုက်ခဲ့မည်လားဟုခေါ်ဘူးသည်။ ထိုစဉ်ကတော့ အစိုးရဝန်ထမ်းဖြစ်၍မလိုက်နိူင်သေး ကျေးဇူးတင်ပါသည်ဟုသာယဉ်ကျေးစွာ ညင်းပယ်ခဲ့၏။ ယ္ခုဝန်ထမ်းဘဝနိဌိတံခဲ့ပြီ။ စီးပွားရေးလောကမှာလည်းရွှေစော်မနံပြန်ခဲ့ရပြီ။ သမုဒ္ဒရာအူဂင်္ဂါ၏ ဆာလောင်မှုကိုငြိမ်းစေရန်နှင့် မျိုးဆက်သစ်တို့ကိုပြုစုပျိုးထောင်ရန်တာဝန်တွေကရှိသေးသည်။ သို့နှင့် ပြည်တွင်းမှာ နိူးတဝက်အိပ်မက်တို့ဖြင့်ယောင်နနဖြစ်နေသောကျွန်တော် လေးဆယ်ကျော်မှပေါ်သောကံကို အားပြုလျက် မြက်ခင်းတို့စိမ်းမည်ထင်ရာဘန်ကောက်သို့ထွက်ခွာဖြစ်ခဲ့လေသည်။ သားသမီးတွေကို မထင်မရှား ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းမှာထား(အစိုးရကျောင်းတွေမှာနိူင်ငံခြားသားတက်ခွင့်မရှိ)။ ထိုမှ စရိတ်စကကြီးလာသောအခါအကြီးဆုံးကိုကျောင်းဆက်ထားပြီး အငယ်တွေအိမ်မှာနေသည့် အိမ်တွင်း ပညာရေးခွဲတမ်းစံနစ်ကျင့်သုံးလျက်ခဲကပ်သော်လည်းသက်သောင့်သက်သာဘဝကိုဖြတ်သန်းနိူင်ခဲ့သည်။ သို့တိုင်အောင် ခုနှစ်နှစ်အကြာမှာ အနာဂါတ်ကိုနောက်တကြိမ်တူးဆွဘို့ပြည်တွင်းသို့ကျွန်တော်ပြန်ခဲ့၏။

ကိုယ့်ပြည်ကိုယ့်ရွာနှင့် နှစ်အတန်ကြာကင်းကွာပြီးပြန်လာခိုက် ရင်ဆိုင်ရသောအခက်အခဲတွေကလည်း မနည်းမနော။ မိဘတိုင်းဦးစားပေးလေ့ရှိသောသားသမီးပညာရေးကအစ။ ထိုအချိန်က သားငယ်မှာ ၆ တန်းမို့ မူလသူတက်ခဲ့သောကျောင်းတွင်ပြန်အပ်ရန်စီစဉ်သည်။ ဇနီးဖြစ်သူပညာရေးဝန်ထမ်းဟောင်းကိုယ်တိုင် ထိုကျောင်းမှအသိဆရာမတစ်ဦးထံချဉ်းကပ်ပြီးသားငယ်ကျောင်းပြန်အပ်နှံခွင့်ကို ငွေနှစ်သိန်းဖြင့်ဈေးတည့်ခဲ့ကြောင်းကျွန်တော့ကိုပြော၏။ အမှန်ဆိုရလျှင်ထိုစကားကိုကြားကြားချင်းကျွန်တော်မယုံကြည်နိူင်။ ဘဝမှာ ပထမဆုံးကြားဘူးသည့် ပညာရေးလောကမှဈေးခေါ်စကားဖြစ်သည်ကိုး။ ဘာကိုရှက်မန်းမသိ ရှက်သလိုလည်းဖြစ်မိသည်။ ထိုကိစ္စကိုဇနီးသည်အပါအဝင်ကိုယ့်ပတ်ဝန်းကျင်မှ ဖြစ်ရိုးဖြစ်စဉ်ပမာဝိုင်းပြောကြသဖြင့် သားကျောင်းပြန်တက်နိူင်ရေးအတွက် ကျွန်တော်လက်လျှော့ကာတောင်းသည့်အတိုင်းပေးဘို့ သဘောတူလိုက်၏။ နောက်တစ်နေ့ ချိန်းထားသည့်အတိုင်းငွေပေးဘို့သွားခဲ့သောဇနီးသည် မျက်နှာမသာမယာဖြင့် ပြန်ရောက်လာသည်။ ယူသွားသည့်ငွေတွေသည်အတိုင်းသည်အတိုင်း။ ငါပြောတာကြားသွားလို့ ငွေမယူရဲတော့လို့များလားဟုရူးကြောင်မူးကြောင်ကျွန်တော်တွေးမိသေးသည်။ ဆရာမက မနေ့ကနှစ်သိန်းပြောခဲ့သည်ကိုတောင်းပန်ပြီးစကားပြင်ကာငါးသိန်းရမှဖြစ်မည်ဆိုသောကြောင့် ငွေထပ်ယူရန်ပြန်လာကြောင်းသိရသည်၌ ကျွန်တော် ရင်ကွဲပက်လက်ဖြစ်တော့၏။ ထို့နောက် ထိုကျောင်းကိုပြန်မအပ်ရန် အားလုံး၏သဘောထားနှင့် ဆန့်ကျင်လျက်ဆုံးဖြတ်လိုက်လေသည်။

စင်စစ် ကျွန်တော်ပြန်လာခဲ့သည်ကပြည်တွင်းမှာလုပ်ကိုင်စားသောက်ဖို့။ သို့ရာတွင် ယ္ခင်အဆက်အသွယ်ဟောင်းတွေထဲက ဝန်ထမ်းဆိုလျှင်အငြိမ်းစားယူသူယူ အဆင့်မြင့်သူမြင့်ကုန်ကြပြီး လူချမ်းသာသလောက် အချိန်တွေဆင်းရဲကုန်ကြပြီ။ လူကြီးတွေနောက် တောက်လျောက်လိုက်ဂေါက်ရိုက်ကြရင်း  ကျွန်တော်တို့လိုတော်ရုံလူကို တွေ့ဘို့ပင်အချိန်မပေးနိူင်ကြတော့။ ပြင်ပလုပ်ငန်းရှင်တွေထဲကအချို့ ညည်းရင်းတွားရင်း အဆင်ပြေသူတွေရှိသလို အချို့အဆင်မပြေသဖြင့်လုပ်ငန်းဖြုတ်လိုက်ကြပြီးအပြင်ထွက်သူထွက် တောက်တို မယ်ရလုပ်ရင်း အသက်ဆက်သူဆက်နေကြသည်။ စီးပွားရေးလုပ်ငန်းအာလုံးလိုလို တပ်ပိုင်သို့မဟုတ်လက်တဆုတ်စာနာမည်ကြီးသူဌေးတစ်ဦးဦးပိုင်ဖြစ်ကုန်ကြပြီ။ စိတ်မဝင်စားသည့်တိုင် ကျွန်တော်သိရသလောက် သူတို့ထံမှာအခစားလုပ်လိုလျှင်ပင် ယုံကြည်ခံရလောက်သောအဆက်အသွယ်မှရနိုင်သည်။ သူတို့ယုံကြည်သူ မှာလည်း သူတို့အဝန်းအဝိုင်း သို့မဟုတ် ထိုအဝန်းအဝိုင်းမှ ထောက်ခံသူသာဖြစ်လေ၏။

အခြေအနေတရပ်ကို အလွယ်တကူလက်သင့်မခံတတ်သူပြီပြီ (မသိသားဆိုးရွားသူ ပြီပြီ) ထိုစဉ်က ထမင်းစားဖို့ရရုံလောက် ကိုယ်ပိုင်စီးပွားရေးလေးတခုစတင်ဘို့ကျွန်တော်ကြိုးပန်းကြည့်၏။ အတွင်းဝင်ဘို့နေနေသာသာ အပြင်စည်းကိုပင်မကျော်နိူင်။ ဘန်ကောက်မှာတုံးက တစ်ခုခုစိတ်မသာမယာဖြစ်ရတိုင်း ရန်ကုန်ပြန်ပြီးဈေးရောင်းစားမယ်ကွာဟု ဒေါနှင့်မောနှင့်ပြောလေ့ရှိသော်လည်း တကယ်တန်းကျ ဈေးရောင်းစားဘို့ပင် မဖြစ်နိူင်သည်ကိုမျက်ဝါးထင်ထင်ကြုံနေရပြီ။ ပြည်ပပြန်ထွက်ချင်လောက်အောင် စိတ်ကလည်းမလည်သေးသည်နှင့် ကျွန်တော့်ကိုလိုလားဆဲ ဖြစ်သော ဘန်ကောက်ကုမ္ပဏီတခုသို့ တစ်ခါသွားနှစ်လ (ခရီးသွားဗီဇာခွင့်ပြုသမျှ) တနှစ်နှစ်ခါနှုံးမျှ သွားကာပုတ်ပြတ်အလုပ်လုပ်ပြီးရပ်တည်ခဲ့ရလေသည်။ ဒါတောင် သားသမီး ပညာရေးအတွက် ဇနီးဘက်မှညီမများ၏လုံးဝဥဿုံအထောက်အပံ့မကင်းနိူင်ခဲ့။ ဤသည်တို့မှာ ကျွန်တော့် ဘဝရွှေရတုကာလနောက်ခံပုံရိပ်များဖြစ်ကြသည်။ ရာစုနှစ်တဝက်မျှအာဏာရှင်စံနစ်ဘုန်းမီးနေလတောက်ပ ခဲ့သောတိုင်းပြည်မှာ ရာစုနှစ်တစ်ဝက်မျှရှင်သန်ခွင့်ရခဲ့ပြီးသူလူသားတဦး၏ဘဝကောက်ကြောင်းကား သို့လျှင်မှိန်မှိန်ဖြော့ဖြော့။ ဤသည်ပင် ကွဲပြားခြင်း(Contrast) သဘောတရားကြောင့်သတိပြုမိခြင်းဖြစ်၏။

နိူင်ငံတော်အကြီးအကဲကတော်ကိုယ်တိုင်ကမကထပြုသော ဗုဒ္ဓရုပ်ပွားတော်နှင့်တန်ဆောင်းသစ် အလှူတော် ရေစက်ချမင်္ဂလာအခမ်းအနားတခုမှာ သူဌေးကြီးတဦး၏နှစ်ငါးဆယ်ပြည့်ရွေရတုမွေးနေ့ အထိမ်းအမှတ် အလှူငွေကျပ်သိန်းငါးဆယ်အားထိုသူဌေးကြီးကိုယ်တိုင်လှူဒါန်းနေပုံကို နိူင်ငံပိုင်သတင်းစာများတွင် ဝေဝေဆာဆာဖေါ်ပြခဲ့ရာ (ပုဂ္ဂလိကသတင်းစာတွေ မပေါ်သေး) ထိုသူဌေးကြီးမှာ ကျွန်တော်နှင့်ရွယ်တူတန်းတူ ရပ်ကွက်တူကျောင်းတူသူငယ်ချင်းဖြစ်လေသည်။ ကျွန်တော့်ရွှေရတုမွေးနေ့ကာလမှာ သူ့ရွေရတုမွေးနေ့အလှူသတင်းကိုဖတ်ရင်း ကျွန်တော့်အာရုံမှာသူနှင့်ကျွန်တော်နောက်ဆုံးဆုံဖြစ်ခဲ့ကြပုံကို မြင်ယောင်မိ၏။ နဝတအစိုးရလက်ထက် ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကာလ တစ်ခုသောညနေခင်းမှာဖြစ်၏။ မိခင်ကြီးနေထိုင်ရာ စမ်းချောင်းသို့သွားရောက်တွေ့ဆုံပြီးအပြန်ရှမ်းလမ်းပေါ်မှာအက်စအီးကားဖြူလေးတစီး ကျွန်တော့်ဘေးတွင်ရပ်လာသည်။ ကားအတွင်းမှ ‘ဘယ်သွားမလို့လဲသူငယ်ချင်း’ဟု မေးလာသူက ‘သူ’။ အလယ်တန်းကျောင်းပြီး ကတည်းက ခွဲကြသည် ဆိုပေမင့် ကျွန်တော်တို့ တယောက်ကိုတယောက်ကောင်းစွာမှတ်မိကြပြီး ယခင်ကလိုဖက်လှဲတကင်းရင်းနှီးဆဲ။ သို့ရာတွင် ညမထွက်ရအမိန့်ကြောင့် အချိန်အကန့်အသတ်တော့ရှိနေသည်။ ကျွန်တော်နေသည်က မစ်ရှင်လမ်းမှာမို့ ရှမ်းလမ်းအတိုင်းနာရီဝက်လျှောက်လျှင်ရောက်ပြီ။

အိမ်ပြန်မည်ဟုပြောသည်၌ သူက ညမထွက်ရအမိန့်ရှိနေသည်သူလိုက်ပို့မည်ဟုပြောသည် (အချိန်တနာရီတိတိလိုသေးသည်)။ အချိန်ကိုတွက်ပြပြီး မလိုကြောင်းငြင်းသော်လည်း တံခါးဖွင့်ပြီးအတွင်သာခေါ်နေလေရာ သူနှင့်လည်းစကားစမြည်ပြောလိုသည်နှင့် သူ့ဖိတ်ခေါ်မှုကိုလက်ခံကာ ကျွန်တော်သူ့ကားပေါ်တက်ခဲ့တော့၏။ စကားစမြည်ပြောမည်ဟုအားခဲသူကကျွန်တော်ဖြစ်သော်လည်း တကယ်တန်းမရပ်မနားပြောသွားသူမှာသူပင်ဖြစ်လေသည်။ မန္တလေးတွင်ဆောက်လုပ်ရေးလုပ်နေကြောင်းအဆင်ပြေသဖြင့် လုပ်ငန်းတွေတိုးချဲ့နေကြောင်း အင်ဂျင်နီယာတွေငှါးထားကြောင်း ကွန်ပျူတာတွေဝယ်ထားကြောင်း နိူင်ငံခြားနှင့်သစ်လုပ်ငန်းဖက်စပ်လုပ်ကိုင်နေကြောင်းအားပါးတရပြောရင်း အိမ်ဝင်းဝအထိလိုက်ပို့သောသူ့ကို ကျွန်တော် ကျေးဇူးတင်စကားပင်အလုအယက်ပြောလိုက်ရ၏။ တပတ်ခန့်အကြာ တီဗီသတင်းတစ်ခု၌ မန္တလေးရှိဟော်တယ်တခုအား တိုင်းမှူးနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေသောသူ့ပုံမြင်ရ၏။ နောက်ပိုင်းအလားတူသတင်းတွေမကြာမကြာတွေ့ရပြီး သူ၏အံ့မခန်းအောင်မြင်မှုတွေကိုကြားသိနေရသော်လည်း သူနှင့်ကျွန်တော်ထပ်တော့မဆုံဖြစ်။ ထိုအချိန် ကျွန်တော်ကကျွန်တော့်အိပ်မက်ကမ္ဘာတွေမှာလူးလွန့်ဆဲ။

ဆုံမည့်ဆုံတော့သူ့ရွေရတုအလှူကိုမုဒိတာသာဓုခေါ်ဆိုခဲ့ပြီးနောက်ရက်ပိုင်းအတွင်းမှာ ခလုပ်တိုက်သလိုဆုံဖြစ်လေ၏။ ပန်းဆိုးတန်းမှာစာအုပ်ဈေးကြည့်ရင်းလမ်း၄၀ဘက်သို့အသွားလွစ္စလမ်း (ဆိပ်ကမ်းသာလမ်း) နှင့် ၃၉လမ်းကြားကုန်သည်လမ်းပလက်ဖေါင်းပေါ်ရှိ ထိုစဉ်ကကုန်သည်ကြီးများအသင်း ဆင်ဝင်အောက်မှာ ရပ်ထားသော ဆစ်ဂနက်လားဆိုင်းဂနက်လား ကျွန်တော်ကောင်းစွာအသံမထွက်တတ်သည့်ကားကြီးတစင်းဘေးမှကျဉ်းကျဉ်းကျပ်ကျပ်ဖြတ်လျှောက်ခိုက် အသင်းရုံးပေါ်မှဆင်းလာသည့် သူနှင့်ကျွန်တော်တိုက်မိမတတ် (ပလက်ဖေါင်းမှာကားနှင့်ပြည့်နေ၍) ဖြစ်သွားသည်။ ရုတ်တရက်အံ့အားသင့်နေကြခိုက် သွက်လက်သောသူကစ၍ ‘ခင်ဗျားကို ကျွန်တော်သိသလိုဘဲ’ ဟုပြောဆိုရာ ကျွန်တော်က ကျွန်တော့နာမည်နှင့်ငယ်စဉ်ကနေခဲ့ဘူးသောလမ်းကိုပြောပြီး ‘ကျွန်တော်တို့ XX ကျောင်းမှာ အတူနေခဲ့ဘူးပါတယ်’ ဟုအစဖေါ်ပေးသော်လည်း သူဇဝဇဝါ ဖြစ်နေပုံရ၏။ လမ်းသွားလမ်းလာတွေနှင့်မို့သည့်ထက်ပို၍အချိန်မပေးနိူင်။ သူက ‘အေးဗျာ ရုံးကို လာခဲ့ပါဦး’ ဟုဖေါ်ရွေစွာပြောပြီးကားကြီးပေါ်တက်ခါမောင်းထွက်သွားခဲ့လေသည်။ ရုံးကိုလာခဲ့ပါဆိုသော်လည်းသူ့ရုံးခန်းဘယ်မှာမသိသလို သွားစရာလုံလောက်သောအကြောင်းကြီးငယ်လည်း မရှိသဖြင့် ကျွန်တော်မရောက်ခဲ့။ များမကြာမီစင်္ကာပူသို့သာ ဒုတိယအကြိမ်ဝမ်းရေးအလို့ငှါ ကျွန်တော်ထွက်ခွာဖြစ်ခဲ့သည်။ အမှန်တော့သည်တခါက ဝမ်းရေးထက်နည်းနည်း ပိုသည်။

ကျွန်တော့်သားငယ် ဂျီစီအီး အို အဆင့်စာမေးပွဲကို ထူးချွန်စွာအောင်သည်။ သူအရင်နေခဲ့ဘူးသည့်အစိုးရ အထက်တန်းကျောင်းက ဈေးမကိုက်ဆိုကာလက်မခံသဖြင့် နီးစပ်ရာအထက်တန်းကျောင်းတစ်ခုခုတွင် ထားမည်ဟု ကျွန်တော်စီစဉ်သောအခါဇနီးသည်နှင့်ညီမများကကန့်ကွက်ကြသည်။ ညီမတဦးကသူ့သားနှင့်အတူ ဖိုးစိန်လမ်းရှိ ပုဂ္ဂလိကကျောင်းမှာထားဖို့ စရိတ်စကနှင့်တကွခေါ်သည်။ ဝင်ခွင့်စာမေးပွဲမှာ တစ်တန်းတိုးဖြေခိုင်းပြီး အောင်လည်းအောင်သဖြင့်သတ္တမဆင့်မှစတက်ခွင့်ရသည်။ နောက်အိမ်နှင့်နီးသောခရေပင်လမ်းရှိ အခြားကျောင်းတကျောင်းသို့ပြောင်းရွှေ့ခဲ့ပြီးထိုကျောင်းမှပင်ဂျီစီအီးစာမေးပွဲဝင်ရောက်ဖြေဆိုကာအောင်မြင် ခဲ့ခြင်းဖြစ်လေသည်။ ယ္ခုသူက စင်္ကာပူတွင်ကျောင်းတက်လိုသည်ပြောသောအခါ ကျွန်တော့်တာဝန်ကျလာပြီ။ သူ့ကံကလည်းတစ်မျိုး။ အစိုးရကျောင်းတက်လို၍ပြန်လာသော်လည်း အစိုးရကျောင်းကတက်ခွင့်မရ။ ယ္ခုလိုအပြင်ကျောင်းတက်အပြင်မှဖြေကာအောင်မြင်သည့်လက်မှတ်ကျတော့ နိူင်ငံတကာကအသိအမှတ်ပြု သည့်တိုင် ပြည်တွင်းကလက်သင့်မခံ။ သူ့လိုလားချက်ကိုပြည်တွင်းရှာဖွေစာဖြင့် (အမှန်ကရှာကိုမရှာနိူင်သည့်အချိန်) မတတ်နိူင်သောအခါ ကျွန်တော့်မှာပြည်ပပြန်ထွက်ရုံမှတပါးရွေးစရာလမ်းမရှိ။ ပထမ ဘန်ကောက်သို့ပြန်သွားပြီးအလုပ်လုပ်ကာသားကျောင်းစရိတ်ထောက်မည်ဟုစဉ်းစားသည်။ အုပ်ထိမ်းသူအဖြစ် (စင်္ကာပူမှာ ၁၈နှစ်မပြည့်သူကျောင်းသားတိုင်းအုပ်ထိမ်းသူ(Guardian)ရှိဘို့လိုသည် ထိုမှာအခြေကျနေသော သူငယ်ချင်းတဦးကိုအကူအညီတောင်းမည်။

နောက်တစ်ခုစဉ်းစားမိသည်က ဟောင်ကောင်မှာကျွန်တော်အလုပ်လုပ်သားကိုလည်းထိုမှာကျောင်းထား။ လွန်ခဲ့သောတစ်နှစ်ခန့်ကကျွန်တော့်လိုပင်ပြည်တွင်းပြန်အလုပ်လုပ်ဖို့ကြိုးစားရင်းမတတ်သာသဖြင့် ဟောင်ကောင်သို့ထွက်သွားရသောမိတ်ဆွေတစ်ဦး(စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းရေကြောင်းအင်ဂျင်နီယာ) က ကျွန်တော်အပြင်ပြန်ထွက်လိုသည့်အခါအကူအညီလိုလျှင်ပြောပါဟုအမှာစကားပါးဖူးသည်ကို သတိရသဖြင့်သူ့ထံစာရေးလိုက်၏။ မိတ်ဆွေကသူတို့ဆီမှာကျွန်တော်နှင့်စပ်ဆိုင်သည့်အလုပ်မျိုးမရှိ၊ သူတို့နှင့်အလုပ် သဘောဆက်ဆံနေသည့်စင်္ကာပူသင်္ဘောကျင်းတစ်ကျင်းကတော့ကျွန်တော့်ကိုယ်ရေးရာဇဝင်ကို စိတ်ဝင် စားသည်လက္ခံနိူင်လျှင်ပြောပါဟုအကြောင်းပြန်လာသည်။ လိုရင်းပြောရလျှင် ထိုသင်္ဘောကျင်းမှ တယ်လီ ဖုန်းဖြင့်အင်တာဗျူးလုပ်ပြီးရွေးချယ်ကာအလုပ်လုပ်ခွင့်ပါမစ် မိသားစုပါမစ်အားလုံးစီစဉ်ပေးသဖြင့် ကျွန်တော့်အတွက်သားရွှေအိုးထမ်းသလိုဖြစ်ခဲ့ရလေသည်။ စင်္ကာပူမှာကျွန်တော်ကအလုပ်လုပ်ပြီး သားကဂျူနီယာကောလိပ်တက်သည်။ ကျွန်တော်ကိုယ်တိုင်ရှိပြီမို့ သားအတွက်အုပ်ထိမ်းသူတကူးတကန့်ရှာစရာမလိုတော့။ ဒုတိယအိပ်မက်ပြိုပျက်သည့်နောက်ပိုင်း ကျွန်တော်အိပ်မက်လည်းမမက်ဖြစ်တော့။ အိပ်မက်အစား ခိုင်ကျည်သောသမ္ပဇ္ဇဉ်ဖြင့် ဘဝကိုဖြတ်သန်းရင်းမျိုးဆက်သစ်တွေ တိုးတက်ရစ်စေ ဖို့တွေးကြံရုန်းကန်နေခဲ့၏။

ယ္ခု စင်္ကာပူမှာရှစ်နှစ်။ သားငယ်အမျိုးသားတက္ကသိုလ်မှဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်နေပြီ။ ရန်ကုန်မှသမီး သူရထားသောဘွဲ့တွင်နိူင်ငံတကာလက်မှတ်တခု စင်္ကာပူအကြိုက်ထပ်ဆောင်းလျက် မိဘမောင်ဘွားတွေရှိရာ စင်္ကာပူသို့လာရောက်အလုပ်လုပ်နေပြီ။ မိဘပြောသမျှ အလွန်တရာဝေဖန်ဆန်းစစ်သလောက် အကောင်းမြင်ဘို့ဝန်လေးတတ်သောသားကြီးလည်း စင်္ကာပူ၏တနေ့ရွှေတနေ့ငွေအနေအထားမှာ သက်ဆိုးရှည်ရင်း လိမ်ဖယ်ဖယ်သားသည်အဖေတဦးဖြစ်နေပြီ။ ရုပ်ဝတ္ထုအမွေမပေးနိူင် ပညာကိုတော့ ပုခုံးထမ်း၍အမွေပေးမည် မိဘထက်တော်တတ်မြင့်မြတ်သော အတိဇာတသားသမီးများဖြစ်အောင်ကြိုးစားကြဟု မှာကြားခံယူကျင့်သုံးသူဖခင်တဦးအနေဖြင့်တာဝန်ပြီးဆုံးပြီ (Mission Accomplished)ထင်သည်။ ဤတွင် ခုနှစ်နှစ်တကြိမ် ပုံမှန် ‘တက်’ လေ့ရှိသော ရောက်လေရာမပျော်ပိုက်သည့်ရောဂါလက္ခဏာတွေက (အလိုမကျ စိတ်တို ဒေါသကြီး အထီးကျန်) အထင်အရှားပြလာကြတော့၏။ သည်တခါ ငဲ့ကြည့်စရာလည်းနည်းပြီမို့ လုပ်လက်စအလုပ်ပြီးပြတ်အောင်လုပ် အလုပ်ရှင်ကိုရင်ဖွင့်နူတ်ထွက်ခွင့်ရယူကာ တစ်ကိုယ်တော်ပြည်တော်ပြန်ခရီးကိုစတင်ဖြစ်ခဲ့သည်။

ကိုယ့်အသက်ကိုယ်ဆန်းစစ်တော့ရွှေရတုဆယ်စုတစုကျော်။ ပုလဲရတုဟုလောကီသားတို့ပညတ်အပ်သောဘဝအဆစ်အပိုင်းသို့တိုင်ခဲ့ပြီ။  ပုလဲလေးတွေဆိုတာကမာကောင်လေးတွေရဲ့မျက်ရည်ဆိုသော ဟိုတုန်းကတေးသွားလေးအမှတ်ရမိ၏။ ရင်ကိုခွဲ၍ပုလဲကိုယူပြီးစ ကမာကောင်တကောင်၏တန်ဖိုးမည်မျှရှိမည်နည်း။ လောလောဆယ်ဇရာနှင့်အတူမကျရောက်သေးသော်လည်း အညှီမြင်သောယင်ပမာခန္ဓာပေါ်ဝဲနေကြသောဗျာဓိတော့ရှိသည်။ ပြီးတော့ သမိုင်း။ ကိုယ့်သမိုင်းကိုယ်အရောင်မချယ်ဘဲပြကတေ့(ပကတိ) သဘောရေးလိုသောဝသီကြောင့်လူစွမ်းနှင့်ကဲမထင်ပွဲမဝင်သည့်သမိုင်းတခုကျန်ရစ်နိူင်မည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာ အမိတက္ကသိုလ် ရွှေရတုနှင့်ကြုံခြင်းဖြစ်၏။ စိန်ရတုကို မြင်ခွင့်ရှိပါဦးမလားဟူသောအတွေးကို ပစ္စက္ခမှ ကျွန်တော် နှင်ထုတ်ဘို့ ကြိုးစားမိလေသည်။  ထိုအခါသွားလေသူဆရာတင်မိုး၏ ‘ဧည့်သည်ကြီး’ ကဗျာ ကျွန်တော့် အာရုံမှာထင်ဟပ်လာလေ၏။

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကိုပြန်ပို့ကြပါလေ။

ထိုကဗျာကို သူငယ်ချင်းတဦး၏အိမ်တွင်တစ်နေကုန်တစ်ယောက်တည်းကျန်ရစ်ခိုက် စားပွဲပေါ်ရှိစာရွက်တရွက်ကောက်ယူပြီး ဆရာလက်တန်းစပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ဖတ်ရဘူးသည်။ ထိုစဉ်က လူလတ်ပိုင်းအရွယ်ဖြစ်သောဆရာ ဘယ်အတွေးခံစားချက်မျိုးဖြင့်ထိုကဗျာရေးခဲ့သည်ကိုကျွန်တော်မသိ။ ကျွန်တော်ကတော့ခုချိန်မှာ ကျွန်တော်တို့လိုလူအိုတစ်ပိုင်းတွေကိုကြိုတင်ရည်ညွှန်းသော အနာဂတ္တိစိတ်ကူးစိတ်သန်းဖြင့်များထိုကဗျာကိုဆရာရေးခဲ့လေသလားဟုမဝံ့မရဲတွေးနေမိလေသည်။