ဒေါ်ကြီးတို့ဆိုင်သည်အမေ့ဆိုင်နှင့်ခြံကြီး၏ဟိုဘက်ထိပ်သည်ဘက်ထိပ်သဖွယ်ဖြစ်ပြီးကြားမှာဆိုင်နှစ်ဆိုင်ခန့်ခြားသည်။ နာမည်မှာ “စိန်စိန်ဆီချက်ခေါက်ဆွဲ” ဖြစ်သည်။ ဒေါ်ကြီးနှင့်ဖေဖေတို့၏မိခင်၊ ကျွန်တော်တို့အဖွား၏အမည်ကိုယူကာ ဆိုင်နာမည်ပေးထားသော်လည်းလက်ရာမှာဒေါ်ကြီးခင်ပွန်း တရုပ်လူမျိုးဦးလံဘား၏လက်ရာဖြစ်၏။ အပါး (သူ့သားသမီးတွေအခေါ်) သည် ဘဲကင်၊ အခေါက်အသားကင်စသည်တို့ကို ကိုယ်တိုင်လုပ်ရုံမက ခေါက်ဆွဲကိုပါကိုယ်တိုင်ကြိတ်သူဖြစ်သည်။ အဖီထုတ်ထားသောအိမ်ရှေ့မြေကွက်လပ်ပေါ်မှာ သစ်သားခုံကြီးခင်းပြီးအပါးတစ်ယောက်ခေါက်ဆွဲလုပ်ပြီဆိုလျှင် အိမ်နီးနားချင်း ကလေးတွေမလှမ်းမကမ်းမှလာကြည့်တတ်ကြစမြဲ။
အိတ်ထဲမှဂျုံမှုန့်တွေကိုခုံပေါ်သွန်ချပြီးအပုံကြီးတစ်ခုဖြစ်လာသည်အထိပုံကာ အလယ်တွင်ခွက်နေအောင်ပြုပြင်ပြီးမှကြက်ဥတွေဖေါက်ထည့်သည်။ တခြားလိုအပ်သည်များထည့်၍ မုန့်သားဖြစ်သည်အထိနှဲ(နယ်) ပြီးလျှင်ညီညာသောခုံကြီး၏ မျက်နှာပြင်ပေါ်တွင်သူ့လက်သန်ကြီးများဖြင့်အရင်ဖြန့်သည်။ ထို့နောက်အိမ်မကြီး၏ ခါးပန်းနှင့်တွဲလျက်ခုံအလျားနှင့်တစ်ပြေးညီတပ်ဆင်ထားသောတန်းအောက်သို့ လူတစ်ရပ်သာသာပွတ်လုံးသစ်သားဒလိမ့်တုံးကြီး၏အစွန်းတစ်ဘက်ကို ကုတ်လည်ချက်အဖြစ်ပို့လိုက်ပြီး အလယ်ပိုင်းကိုခုံပေါ်ရှိမုန့်သားများအပေါ်သို့ကန့်လန့်ဖြတ်တင်သည်။ ကျန်အစွန်းအားလက်နှစ်ဘက်ဖြင့်ထိန်းလျက် တစ်ဖြည်းဖြည်းချင်းလှိမ့်ပြီးဖြန့်ထားသောခေါက်ဆွဲသားတွေပြားသည်ထက်ပြားအောင်ကြိတ်လေသည်။ လိုအပ်သောအထူအပါးရသည်အထိဖိအားပေးဖို့ ဒလိမ့်တုံးအဖျားပေါ်ခြေတစ်ဘက်မြှောက်လျက်အနေအထားဖြင့်ခွစီးကာ ခုံကြီးအစမှအဆုံးထိခေါက်တုန့်ခေါက်ပြန် ခုန်ဆွခုန်ဆွလိုက်ပါလျက် ခေါက်ဆွဲကြိတ်နေသောအပါးကိုမြင်ရသည်မှာ သူ့အစားပင်ပန်းလှသော်လည်း ကြည့်၍တော့ကောင်းသည်။ တစ်ပတ်တစ်ခါလောက် အပါးခေါက်ဆွဲကြိတ်လျှင် ကျွန်တော်တို့ကလေးများသာမက မြင်နေကျမဟုတ်သောလမ်းသွားလမ်းလာလူကြီးလူရွယ်အချို့ပင်ရပ်တန့်ငေးမောကြသည်ကိုတွေ့ရဖူးလေသည်။
နောက်ဆုံးအဆင့်ကြိတ်ပြီးရလာသည့် အဝါရောင်ပါးလွှာသောခေါက်ဆွဲချပ်ကြီးကို အရွယ်တော်အချပ်ငယ်များရအောင်ဓားဖြင့်လှီးပြီးလက်လှည့်နန်းစက်ထဲသို့ထည့်လိုက်သောအခါ ခေါက်ဆွဲမျှင်များထွက်လာလေ၏။ ထိုခေါက်ဆွဲမျှင်များကိုလိုသလောက်ဖြတ်ယူကာ တစ်ပွဲစာခေါက်ဆွဲအပုံ (အခေါင်းဟုခေါ်သည်) လေးများဖြစ်အောင် သေသေသပ်သပ်လုံးပြီးလျှင် စက္ကူခံ ထားသည့် သစ်သားဘန်းငယ်များထဲမှာစီ၍ထည့်သည်။ ခေါက် ဆွဲမျှင်များစေးကပ်မသွားဘဲလပ်ဆတ်နေစေရန်အပေါ်မှဂျုံမှုန့်များဖြူးသည်။ လက်ဖြင့်လုပ်သည်မထင်ရ လောက်အောင် အရွယ်အစားရောပုံသဏ္ဍန်ပါညီညာလှသည့် ခေါက်ဆွဲခေါင်းလေးများကအပါး၏သဘာနှင့်ကျွမ်းကျင်မှုကိုပြသနေကြ၏။ တစ်ခါတစ်ရံ ကျွန်တော်ကခေါက်ဆွဲနန်းစက်လှည့်ပေးခြင်းဖြင့် အပါးကိုကူညီသည်။ အမှန်တော့ အပါးလုပ်သမျှကိုအနီးကပ်ကြည့်လိုခြင်းသာဖြစ်၏။
ကြိတ်ဖြတ်ပြီး ခေါက်ဆွဲဘန်းတွေအထပ်လိုက်မပြီး အပါးကိုယ်တိုင်လမ်းထိပ်ရှိဆိုင်သို့အရောက်ပို့သည့်အခါပို့ အိမ်မှာအသင့်ထားသည့်အခါထားသည်။ ပြီးလျှင်ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်လျက် မျောက်ခြောက်ဟုခေါ်ကြသော တရုပ်လက်ဖက်ခြောက်ရေနွေးကြမ်းတစ်အိုး၊ တရုပ်သတင်းစာတစ်စောင်တို့နှင့်အတူအပါးအနားယူပြီ။ အပါးလက်ရာ ခေါက်ဆွဲရောအကင်တွေပါ ထိုခေတ်ထိုဝန်းကျင်မှာ အတော်အတန်နာမည်ရခဲ့၏။ တော်လှန်ရေးအစိုးရလက်ထက်နိုင်ငံခြားသားများအပေါ်တင်းကျပ်ချုပ်ချယ်မှုတွေများလာသည့်အခါ အပါးသူ့ဇာတိတရုပ်ပြည်သို့ပြန်သွားပြီး ဆိုင်ကိုလည်းပိတ်လိုက်ကြ၏။ ထိုအချိန်ကျွန်တော်တို့မိသားစုကသရက်တောလမ်းမှာမဟုတ်တော့ပြီ။ သည်ဘက်ခေတ် နိုင်ငံအချို့မှာလက်လုပ်ခေါက်ဆွဲ (Hand-made Noddles) ကို တစ်ခန်းတစ်နားအသားပေးရောင်းချကြတန်ဖိုးထားအားပေးကြသည်ကို ခရီးသွားဟန်မြင်တွေ့ရသည့်အခါတိုင်း အပါးကိုကျွန်တော် အမှတ်ရမိတတ်လေသည်။
အပါး၏လက်ရာနောက်တစ်မျိုးက အမှတ်မထင်ဈေးကွက်ဝင်သွားသည်လည်းရှိခဲ့၏။ အသားကင်လုပ်ရန် အတွက် ဝက်သားကိုအသားချည့်ထုတ်ယူပြီး ကျန်အဆီနှင့်အခေါက်ကိုဝက်ဆီချက်ကာ ဆိုင်မှာပြန်သုံးသည်။ ဝက်ဆီဖတ်ကိုမူ အိမ်မှာစားသည့်အခါစားကာ ဝယ်သူရှိလျှင်ရောင်းသည်။ တစ်ခါတွင်အပါးမည်သို့စိတ်ကူးရသည်မသိ (သို့မဟုတ်သူဘယ်မှာမြင်တွေ့လာသည်မသိ) ဝက်ဆီထုတ်ရာတွင် အဆီကိုသာသုံးပြီးအခေါက်ကိုပြုပြင်စီမံကာ အခြောက်လှမ်းပြီးနောက် လက်ညှိုးလက်သန်းအရွယ်အစားခန့်လှီးဖြတ်စိတ်ပိုင်း၍ အိမ်မှာစားဖို့သူကိုယ်တိုင်ကြော်၏။ ဝက်ခေါက်ကြော်ကြွတ်ကြွတ်ရွရွလေးမို့ အားလုံးကြိုက်ကြသည်။ ကျွန်တော်တို့မှာ အပါးဝက်ခေါက်ကြော်မည့်နေ့ကိုစောင့်နေမိကြသည်။ ဤတွင်ဒေါ်ကြီး၏အစီအမံဖြင့်ထိုဝက်ခေါက်ကြော်ကို ဈေးကွက်တင်ရန်ဖြစ်လာတော့သည်။ ရသမျှဝက်ခေါက်ကြော်ကို စားဖို့အနည်းအကျဉ်းချန်ပြီး (များများလည်းစားနိုင်ကြသည်မဟုတ်) စက္ကူကတော့လေးများတွင်ထည့်ကာ ဆိုင်ရှေ့၌ဘန်းကုံးငယ်ဖြင့်ခင်းကျင်းရောင်းချခြင်းဖြစ်၏။
ဝက်ခေါက်ကြော်သေးသေး ဆယ်ခုစာလောက်ကတော့တစ်ခုလျှင် ငါးပြားဖြင့်ရောင်းချရာပထမဆုံးရက်မှာစမ်းဝယ်ကြသဖြင့် နေ့တစ်ဝက်လောက်ကြာအောင်ရောင်းရသော်လည်း နောက်ရက်တွေမှာ တစ်နာရီပင်မကြာဘဲတစ်ဘန်းကုန်လေသည်။ သို့သော် ဒေါ်ကြီးနှင့်အပါးတို့ကထုတ်လုပ်မှုကိုမမြှင့်။ အဓိကလုပ်ငန်းဖြစ်သော ဆီချက်ခေါက်ဆွဲကိုသာ လက်ရည်မကျအောင်အားထုတ်ကြသည်။ ကျွန်တော် မှတ်မိသလောက် ဝက်ခေါက်ကြော်ကိုထိုအချိန်ကစ၍ မြင်ဖူးခြင်းဖြစ်ပြီး နောင်နှစ်များစွာအကြာမှာ ပလပ်စတစ်နှင့်ထုပ်ပိုးရောင်းချသော ဝက်ခေါက်ကြော်ဆိုသည်ကိုစားသောက်တိုင်များတွင်တွေ့လာရလေရာ “မုန့်ဟင်းခါးစားရင်ဟင်းရေတောင်းသောက်တဲ့အကျင့်ကိုငါ့အဖိုးကစခဲ့တာ” ဟု စာရေးဆရာကြီးတစ်ဦး ရေးခဲ့ဖူးသလို “ဝက်ခေါက်ကြော်အစအပါးက” ဟူသော ဥမတ္တကဝိစာရမျိုးပင်ဝင်ခဲ့ဖူးလေသည်။ ထားတော့။
# #
ဆိုင်အမည်ရှင် ကျွန်တော်တို့အဖွား ဒေါ်စိန်စိန် ကဒေါ်ကြီးတို့နှင့်အတူနေသည်။ ကျွန်တော်တို့နှင့်အတူနေသည်ဟုပြောလျှင်လည်းရသည်။ အဘယ်ကြောင့်ဆိုသော်အိမ်ကို (ဖိနပ်ချွတ်မပါ) ခြေရင်းခေါင်းရင်းနှစ်ခန်းခွဲကာ ဒေါ်ကြီးတို့ကခေါင်းရင်းခန်း ကျွန်တော်တို့ကခြေရင်းခန်းနေကြသောကြောင့်ဖြစ်သည်။ ထိုအချိန်ကကျွန်တော်တို့မှာ နှစ်ဘက်အဖိုးများမရှိကြတော့သော်လ်လး နှစ်ဘက်အဖွားတွေရှိကြသေး၏။ အမေ့ဘက်ကအဖွားမှာဝါးခယ်မတွင် သားအငယ် (ကျွန်တော့်ဦးလေး) နှင့်အတူနေပြီး ရန်ကုန်ကိုတစ်ခါတစ်လေမှလာလေ့ရှိသဖြင့် ကျွန်တော်တို့နှင့်သိပ်မရင်းနှီး။ ပြီးတော့သူကမြေးချစ်တတ်သူမဟုတ် (သူ့နှုတ်မှပြောသည်ကိုကြားရခြင်းဖြစ်၏)။ အဖွားဒေါ်စိန်ကတော့မြေးတွေကိုဂရုစိုက်သည်။ ကျွန်တော်တို့ ကျောင်းသွားချိန်မီအောင်မနက်မိုးမလင်းမီပဲပြုပ်သည်ကြီးကိုမှာထားပြီးသူကိုယ်တိုင်ဝယ်သည်။ ပြီးလျှင်ပဲပြုပ်နှင့်ထမင်းကိုယ်တိုင်နယ်ကာ ကျွန်တော်တို့အားလုံးကိုကျွေးသည်။ အမေ့ဆီမှမုန့်ဖိုးတောင်းပြီးကျောင်းသို့လာကြသောအခါ ဗိုက်ပြည့်နေကြပြီ။
သို့သော် မုန့်စားဆင်းသည်နှင့်ဗိုက်ပြန်ဆာကာမုန့်ဈေးတန်းကိုပြေးကြ၏။ မုန့်စားပြီးလျှင်အမေ့ဆိုင်သို့သွားကာ ကျောင်းတက်ခေါင်းလောင်းထိုးမှကျောင်းသို့ပြန်ကြ၏။ အဖွားစိန်သည် ထိုသို့ကျွန်တော်တို့ကိုဂရုစိုက်သလို ဆုံးမစရာရှိလျှင်မညှာတတ်။ ယောဂီဝတ်စုံကြီးဝတ်ကာစိတ်ပုတီးလက်ကမချသော်လည်း သူ့အာရုံကမြေးတွေအပေါ် အမြဲဖြန့်ကြက်ထားဟန်ရှိလေသည်။ အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်မှာနေရာယူထားသော သူ့အိပ်ယာနံဘေးမှာလည်း ဝါးစိမ်းတုတ်သေးသေးတစ်ချောင်းအမြဲဆောင်ထား၏။ ခြေနင်းကြမ်းလျှင်၊ အော်ဟစ်စကားပြောလျှင်၊ ဆဲဆိုလျှင်ရန်ဖြစ်လျှင်၊ ခိုင်းတာမလုပ်လျှင်၊ အတိုင်ခံရလျှင်သူ့အနားခေါ်ပြီး ထိုဝါးစိမ်းတုတ်ဖြင့် ခြေသလုံးကို ရိုက်လေ့ရှိသည်။ အပစ်အသေးအကြီးကိုလိုက်၍ အရှိုးထင်အောင်ရိုက်တတ်သဖြင့် ကျွန်တေ်တို့အားလုံးအဖွားစိန်ကိုကြောက်ကြ၏။ သို့သော် ချစ်လည်းချစ်ကြလေသည်။
ကျွန်တော်ပထမတန်းနှစ်တစ်နံနက်၌ ပဲပြုပ်သည်လာချိန်တွင် အဖွားစိန်အိပ်ယာမှမနိုးသေး။ ကျွန်တော်တို့ကလည်းမနှိုးရဲသဖြင့် စားနေကျပဲပြုတ်နှင့်ထမင်းလွတ်ကာ ကျောင်းသို့ထွက်လာကြ၏။ မုန့်စားဆင်းချိန် ထုံးစံအတိုင်းအမေ့ဆိုင်သို့လာသောအခါ အမေဆိုင်မဖွင့်သေး။ ဒေါ်ကြီးဆိုင်ဘက်ကြည့်ပြန်တော့ ပိတ်ထားသည်။ သို့နှင့် မောင်နှမတစ်တွေအိမ်သို့အပြေးပြန်လာကြ၏။ လမ်းမှာတွေ့သော အိမ်နီးချင်းတွေပြောသဖြင့်အဖွားဆုံးပြီဟုသိရလေသည်။ မနက်ကပဲပြုပ်သည်ပြန်သွားပြီး ဒေါ်ကြီးတို့ဆိုင်ထွက်ချိန်အထိ အဖွားအိပ်ယာမှမထသဖြင့် ခြင်ထောင်တွင်းဝင်ကြည့်မှအသက်မရှိတော့ကြောင်းသိကြရခြင်းဖြစ်လေသည်။ မနေ့ကအထိ ကျွန် တော်တို့ကို ပဲပြုပ်နှင့်ထမင်းကိုယ်တိုင်နယ်ကျွေးခဲ့သောအဖွား၊ အသက် ၇၅ နှစ်ထိဒေါင်ဒေါင်မည်ခဲ့သောအဖွားက ဆုံးမည့်ဆုံးတော့တစ်ညအတွင်းမှာ လူမသိသူမသိ။ တစ်နည်း မည်သူ့ကိုမျှအပူမရှာဘဲထွက်ခွာသွားခဲ့၏။
ထိုနေ့က အစ်မနှစ်ယောက်ကအိမ်မှာနေခဲ့ပြီး ကျွန်တော်ကျောင်းသို့ပြန်သွားသည်။ မုန့်စားဆင်းပြီးနောက် ဂဏန်းသင်္ချာအချိန်ဖြစ်လေရာ ကျွန်တော်တို့သူငယ်ချင်းလေးငါးယောက်စုပြီးသင်္ချာအတွက်ပြိုင်နေကျ။ အဖွားနာရေးအတွက် ကူဖေါ်လောင်ဖက်မရမည့်အတူတူ ဂဏန်းတွက်ပြိုင်ပွဲကိုလည်း လက်မလွှတ်လိုသောကြောင့် ကျောင်းသို့ပြန်သွားခြင်းဖြစ်သော်လည်း သူငယ်ချင်းတွေကကျွန်တော့်အဖွားဆုံးသည့်အတွက် မပြိုင်ကြတော့ဘဲထိုနေ့အဖို့အနိုင်ရသူအဖြစ် ကျွန်တော့်ကိုပေးကြရာ ကျွန်တော်အံ့သြစွာဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရသည်။ အဖွားကိုကြံတော သင်္ချိုင်းမှာပင် မြေမြှုပ်သဂြိုလ်သည် (ထိုအချိန်က မီးသင်္ဂြိုလ်စက်မရှိသေး)။
ပြောရလျှင် ကျွန်တော်ချစ်သောအဖွားကိုအဖွားအဖြစ်သိစမှာပင် လက်လွှတ်ဆုံးရှုံးရခြင်းဖြစ်လေသည်။ အဖွားဆုံးတော့ဖေဖေပြန်လာသေး၏။ သို့သော် အသုဘကိစ္စပြီးသည်နှင့် ခရီးပြန်ထွက်လေသည်။ ဖေဖေဘာကြောင့် အိမ်မှာကြာကြာမနေနိုင်သည်ကို ကျွန်တော်မသိ။ သွားစိုက်ဆရာအလုပ်လုပ်ကြသူတွေ ကျွန်တော်သိသမျှမှာ အိမ်ခြေရာခြေအတည်တစ်ကျဆိုင်နှင့်ကန္နားနှင့်။ သီတင်းကျွတ်တိုင်း ကျွန်တော်တို့သွားကန်တော့နေကျ စမ်းချောင်းထဲမှ ဖေဖေ့ဆရာဦးတင်မောင်ဆိုလျှင် ဗားကရာလမ်းမပေါ်မှာဆိုင်အကြီးကြီး။ ဖေဖေ့ကျမှ နယ်လှည့်သွားစိုက်ဆရာဖြစ်နေရသည်မှာ ခရီးသွားဝါသနာကြောင့်ဖြစ်မည်လားမသိ။ အမေကတော့ ချိုသည်ခါးသည် တစ်ခွန်းမျှ (အနည်းဆုံးကျွန်တော်တို့ရှေ့မှာ) မပြောချေ။
ထိုနှစ်နွေရာသီကျောင်းပိတ်ရက်အတွင်း ထူးခြားချက်အချို့ကိုကျွန်တော်သတိထားမိသလိုရှိ၏။ ဃဂနဏ သိသည်တော့မဟုတ်။ သတင်းစာတွေထဲမှာမြင်နေကျဓါတ်ပုံတွေအစား မျက်နှာစိမ်းဓါတ်ပုံတွေပါပါလာ တတ်သည်။ ဝန်ကြီးချုပ်ဆိုသောစကားအစား ယခင်ကြားရခဲသည့်ဗိုလ်ချုပ်ဆိုသောစကားကိုပို၍ ကြားလာရသည်။ တစ်ရက်တွင်နှစ်အိမ်ကျော်မှဦးကြီးဝမ်းကွဲတစ်ဦး အမေ့ဆိုင်သို့ဝင်လာကထမင်းချက်နေသောအမေ့ကို (အမေသည်ဈေးရောင်းရင်းဆိုင်မှာပင်ချက်ပြုတ်စားသောက်လေ့ရှိ၏) မီးရေးထင်းရေးကိစ္စများသတိထားဖို့ပြောနေရင်းမှ ဆိုင်းမဆင့်ဗုံမဆင့် “ဗိုလ်ချုပ်တို့အာဏာသိမ်းလိုက်ပြီနော်” ဟုပြောလေ၏။ အနားမှာရှိနေသော ကျွန်တော်က အမေ့ကိုမဆီမဆိုင်ဆရာလာလုပ်နေသောထိုဦးကြီးအားစိတ်တိုသဖြင့် အမေဘာပြန်ဖြေလိုက်သည်ကို သတိမထားလိုက်မိတော့။

ထိုဦးကြီးပြန်သွားတော့မှ အာဏာသိမ်းတယ်ဆိုတာ ဘာလဲဟုအမေ့ကိုမေးရ၏။ သားရေးသမီးရေး စားဝတ်နေရေးမှလွဲ၍ ဘာမျှအလေးမထားနိုင်သောအမေက ကျေနပ်လောက်အောင်ရှင်းမပြနိုင်။ အာဏာသိမ်းတာနဲ့အမေထမင်းချက်တာဘာဆိုင်လို့ သူကလာပြောရတာလဲဆိုသောအမေးကိုတော့ “အမေလဲမသိပါဘူးသားရယ်” ဟုသာပြန်ဖြေခဲ့လေသည်။ သို့သော် အမေသည်ဈေးရောင်းမပျက်။ ဒေါ်ကြီးတို့ ဆိုင်မှာလည်းလူစည်ကားမပျက်။ ကျွန်တော်တို့ကလေးတွေအကစားမပျက်။ တော်လှန်ရေးအစိုးရဆိုသောအာဏာသိမ်းအစိုးရတစ်ရပ်တက်လာခြင်းကြောင့်ပြောင်းလဲမှုများကို သတိပြုမိဖို့ရာစောနေသေးသလို ကျွန်တော်တို့ကလည်း အတန်ငယ်သေးသည်။
# #
အာဏာသိမ်းခြင်းနှင့်မဆိုင်ဟုဆိုနိုင်သောပြောင်းလဲမှုတစ်ရပ်ကိုတော့ ကျွန်တော်တို့မိသားစုထဲမှာကြုံရလေ၏။ ကျောင်းပြန်မဖွင့်ခင်ကလေးတွင်မှာဖေဖေပြန်လာပြီးနောက် ကျွန်တော်တို့မိသားစုအားလုံးအမေ့ဇာတိ ဝါးခယ်မသို့ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပင်လေသည်။ ဆိုင်းမဆင့်ဗုံမဆင့်ပြောင်းခဲ့ကြခြင်းအတွက် အဓိက အကြောင်းရင်းက ဖေဖေတို့ညီအကိုမောင်နှမ (ဒေါ်ကြီးတို့နှင့်မျက်နှာချင်းဆိုင်မှာဖေဖေ့ညီမိသားစုရှိသေးသည်) ချင်းအခန့်မသင့်ကြသည့်ကိစ္စဖြစ်မည်လားတေ့မသိ။ ကျွန်တော်အခါလည်သားနှင့် ပန်းတနော်ဘက်သို့ပြောင်းခဲ့ကြခြင်းမှာလည်းထိုအကြောင်းကြောင့်ပင်ဖြစ်မည်ထင်သည်။ အမေ့ထံမှတစ်ခါတစ်လေ တစ်စွန်း တစ်စကြားရသည်က ဒေါ်ကြီးတို့အိမ်ခြေရင်းဘက်မြေကွက်သည် ကျွန်တော်တို့မြေကွက်ဖြစ်ပြီး ဖေဖေက မောင်နှမတွေအတူနေချင်သည်ဆိုကာထိုမြေကွက်ကိုရောင်း၍ ဒေါ်ကြီးတို့မြေကွက်ပေါ်မှာ အတူအိမ်ဆောက်ခဲ့ကြရာမှ အိမ်ထောင်ခွဲမောင်နှမတွေစိတ်အခန့်မသင့်သည့်အခါတိုင်းပြေးစရာမြေမရှိုဖြစ်ကာ တစ်နယ်တစ်ကျေးသို့ ရောက်ရောက်သွားခဲ့ရခြင်းဖြစ်၏။

သို့သော်ထိုအချက်ကိုလည်းအကြွင်းမဲ့လက္ခံရန်ခက်လှ၏။ မောင်နှမတွေအဆင်မပြေလျှင်ပင်၊ ပြေးစရာမြေမရှိလျှင်ပင် သည်နေရာတစ်ဝိုက်မှာ သို့မဟုတ် ရန်ကုန်ဆင်ခြေဖုံးတစ်နေရာရာမှာ မိသားစုအတူတကွနေထိုင်ဘို့ အိမ်ခန်းတစ်ခန်းငှါးမည်ဆိုငှါးနိုင်ခဲ့သည်ပဲ (ဖေဖေဆုံးပြီး ဝါးခယ်မမှရန်ကုန်သို့အပြီးအပိုင်ပြောင်းကြသည့်အခါ ကျွန်တော်တို့မိသားစုအိမ်ငှါးဘဝဖြင့်နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရဖူးသည်)။ ထစ်ကနဲရှိတစ်နယ်တစ်ကျေးအဝေးသို့သွားစရာမလို။ သားသမီးတွေပညာရေးလူမှုရေးကိုသည်နည်းနှင့်အပွန်းအပဲ့ခံစရာမလို။ ဤသည်တို့မှာ နောင်အရွယ်ရောက်မှစဉ်းစားတတ်လာခြင်းဖြစ်ပြီး ငယ်စဉ်ကတော့ဖေဖေပြောင်းမည်ဆိုပြောင်းရုံသာရှိ၏။ အမေတိုယ်တိုင်ဘာမျှဝေဖန်သည်မဟုတ်ချေ။
မည်သို့ဆိုစေသင်္ကြန်ကတော့ပျော်စရာကောင်းသည်။ ရှမ်းလမ်းသင်္ကြန်သည်ကြက်ပျံမကျဟုဆိုလောက်အောင်ပင်ရေပက်ခံကားများခြေလျင်လည်ပတ်ကြသူများနှင့်တိုးမပေါက်။ ရေပက်မဏ္ဍပ်တွေက လမ်းထိပ်တိုင်းတွင်ရှိလေရာ လမ်းနှစ်ခုဦးတိုက်သည့်နေရာတွေမှာဆိုလျှင်မဏ္ဍပ်ချင်းမျက်နှာချင်းဆိုင်ဖြစ်နေကြသည်။ မဏ္ဍပ်တိုင်းသူ့နာမည်နှင့်သူဖြစ်ကြပြီး သရက်တောလမ်းမဏ္ဍပ်အမည် နုယဉ်ကျေး ဆိုသည်လောက်သာ မှတ်မိတော့သည်။ ထိုနာမည် မည်သူပေးသည်မသိသော်လည်း နဒီ လှိုင်း ရွက်ဝါ စသော အခြားနာမည်များထဲမှာ တစ်မျိုးတော့ဆန်းသစ်နေသည်။ သို့သော် ကျွန်တော်တို့ကလေးများအတွက် နာမည်သည်အဓိကမဟုတ်ဘဲ ရေများများရနိုင်ဘို့သာလိုသည်။ လမ်းထိပ်တိုင်းတွင် မြေအောက်မီးသတ်ပိုက်ခေါင်းတစ်ခုကျစီရှိလေရာ မဏ္ဍပ်တိုင်းအတွက်ရေရရှိရန်အခန့်သင့်ဖြစ်နေ၏။
ပြန်စဉ်းစားတော့ ဗားကရာလမ်းသည်ဘက်မှာတွင် မဏ္ဍပ်ဆယ့်လေးငါးခုရှိရာ ထိုမျှအရေအတွက်ရှိသောမီးသတ်ပိုက်ခေါင်းများကို နာရီပေါင်းများစွာ တစ်ပြိုက်နက်တည်းဖွင့်ချထားသည့်နှယ်ဖြစ်လေ၏။ ဗားကရာလမ်းဟိုမှာဘက်တွင် နာမည်ကျော်မင်းလမ်းတို့ ဆီဆုံလမ်းတို့ရှိသောကြောင့် ပိုလျှင်သာပိုမည်မလျှော့။ မီးသတ်ပိုက်ခေါင်းတို့၏သခင်ဖြစ်သော ဗားကရာလမ်းရှိ စမ်းချောင်းမီးသတ်မှာမူ ရေသာလျှင်ပေါများသည်မဟုတ်သေး မီးသတ်ပန့်အသုံးပြုကာ တိုက်ရိုက်ရေပက်သဖြင့် အခန့်မသင့်လျှင် ရေပက်ခံသူတို့အဝတ်အစားတွေ စုတ်ပြတ်သွားရသည့်သတင်းများကြားနေရ၏။ နောက်ထပ်ရေပက်ကြမ်းသည် ဟုသတင်းကြီးသောနေရာမှာရှမ်းလမ်းနှင့်ဝင်ဆာလမ်း (ယခုရှင်စောပုလမ်း) ထောင့်ရှိ ရေတပ်အရာရှိများနေထိုင်ရာအဏ္ဏဝါရိပ်သာရေပက်မဏ္ဍပ်ဖြစ်၏။ သို့သော် စမ်းချောင်းမှာရေပက်ခံသူတိုင်း အဏ္ဏဝါရိပ်သာနှင့်မီးသတ်ရှေ့မှမရောက်လျှင်မပြည့်စုံသည့်အလားထိုနေရာမှာကားတွေပြည့်ကျပ်အောင်တန်းစီနေကြမြဲ။
တောမှာ ဝါးပြွတ်ဖြင့်ပက်ခဲ့ဖူးသည့်ကျွန်တော် သည်မှာတော့သံဖြူဆိုင်မှလုပ်ရောင်းသောရေပြွတ်ဖြင့်ပက်ရသည်။ (ပလပ်စတစ်ပစ္စည်းတွေအသုံးမတွင်ကျယ်သေး)။ တစ်ချို့တတ်နိုင်သူတွေကကြေးပြွတ်တွေသုံးကြသည်။ ကြေးပြွတ်မှာဈေးကြီးသော်လည်းကြာရှည်အသုံးခံသည်။ သင်္ကြန်ပြီးလျှင်သိမ်းထားကာ နောက်တစ်နှစ်၌ ဝါရှာစသည်များလဲဖယ်ပြီးပြန်သုံးရုံပင်။ ကြေးပြွတ်ကရေအားလည်းပြင်းသဖြင့် ကလေးတွေရေစစ်တိုက်လျှင်အားကိုးရ၏။ ကျွန်တော်တို့သူငယ်ချင်းတစ်စု လက်ဆွဲပုံးနှစ်လုံးသုံးလုံးကိုရေဖြည့်ကာ အနီးအပါးလမ်းတွေထဲသွားပြီး လမ်းခံကလေးတွေနှင့် ဒါမှမဟုတ်လမ်းထဲသို့နယ်ကျွံလာသော အခြားလမ်းမှကလေးအုပ်စုတွေနှင့်စစ်တိုက်ကြ၏။ နေ့ခင်းဘက်မဏ္ဍပ်မှာခဏတစ်ဖြုတ်ရေပက်။ ပြီးလျှင် အမေ့ဆိုင်မှာထိုင်ကာ ရေပက်ခံကားတွေကိုမျက်စေ့တစ်ဆုံးလိုက်ကြည့် တော့၏။

ညဘက်တွင် အနီးပတ်ဝန်းကျင်ရှိဆုပေးမဏ္ဍပ်တွေကိုလျှောက်ရင်း ပြိုင်ပွဲဝင်နေမှုများကိုကြည့်ကြသည်။ မှတ်မိသလောက် ဇလွန်လမ်းဒေါင့်မှာရှိသော ဆုပေးမဏ္ဍပ် (အမည်မမှတ်မိတော့)က အနီးဆုံးမို့ ထိုတွင်သာအကြည့်များသည်။ သို့နှင့်ပင် ပျော်စရာသင်္ကြန်တစ်ခုပြီးဆုံးခဲ့ရ၏။ ရှမ်းလမ်းမ၏လမ်းပုခုံးနှစ်ဘက်စလုံး ရေတိုက်စားသဖြင့် သိသိသာသာနိမ့်ဆင်းသွားသည်။ သင်္ကြန်ကိုလွမ်းနေဆဲမှာပင်ဖေဖေပြန်လာသောအခါ လာမည့်နှစ်သင်္ကြန်သည်လိုပင်ပျော်နိုင်တော့မည်မဟုတ်ကြောင်းသိရ၏။ သို့သော် ထိုစဉ်ကတော့ထိုအတွေးမျိုးပေါ်ပေါက်ခဲ့သည်မဟုတ်။ မိသားစုစုံလင်စွာခရီးတစ်ခုအတူသွားကြရသည်ကိုပင် ပျော်စရာအဖြစ်မြင်ခဲ့သေးသည်။ စင်စစ် နေရာသစ်တစ်ခုသို့ ရွှေ့ပြောင်းခဲ့ကြခြင်းသာ ဖြစ်လေ၏။
ယ္ခုခါဗဟိုအမျိုးသမီးဆေးရုံဟုသိကြသောဂျင်မခါနာဆေးရုံတွင်ကျွန်တော့်ကိုမွေးခဲ့ခြင်းကြောင့် ချက်မြှုပ်ဟု အတိအကျမဆိုနိုင်စေကာမူ စမ်းချောင်းသည်ကျွန်တော့ဇာတိ။ ဆေးရုံကထုတ်ပေးသော မွေးစာရင်းထဲမှာနေရပ်လိပ်စာကို အမှတ် (---) ရှမ်းလမ်းဟုဖေါ်ပြထားပြီးသား။ သို့သော် အသက်ရှစ်နှစ်အရွယ်အထိ မွေးသည့်နှစ်အပါအဝင်လေးနှစ်ပင်ပြည့်အောင်စမ်းချောင်းမှာမနေရသေး။ ယ္ခုလည်း စမ်းချောင်းကိုခွာရဦးတော့မည်။ ကံစေစားရာဆိုသောစကားသည် ကျွန်တော့်အတွက်သီးခြားထွက်ပေါ်လာလေရော့သလားဟု နောက်တစ်ကြိမ်စမ်းချောင်းနှင့်ပြန်ဆုံသည့်အခါတွင် ကျွန်တော်တွေးတောမိရ၏။ ထိုအချိန်မှာအသိဉာဏ် အတော်အတန်ဖွံ့ဖြိုးနေပြီဖြစ်သလို လောကဓံကလည်းအတော်အတန်ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်လေသည်။