Wednesday, May 31, 2017

ကျွန်တော်နှင့် စမ်းချောင်း (၇)



သီတင်းကျွတ်ကျောင်းပိတ်ရက်မကုန်သေးသဖြင့် နေရာသစ်မှာ  အခြေချဖို့ရာ အချိန်ရသည်။ စမ်းချောင်းသည်  ကျွန်တော့်ဇာတိမြေ။ သို့သော် အသက်ဆယ့်နှစ်နှစ်အရွယ်ရှိပြီဖြစ်သော ထိုအချိန်အထိ မြစ်ဝကျွန်းပေါ်မှာ ရှစ်နှစ်တာ ကုန်ဆုံးခဲ့ရပြီးမို့ ပြန်ရောက်စမှာ အနည်း အကျဉ်းတော့ အိုးတို့အမ်းတမ်း ဖြစ်ရသည်။ အထူးသဖြင့် သရက်တောလမ်းမှာတုန်းက ဒေါ်ကြီးတို့အိမ် သုံးပင်နှစ်ခန်းကိုခြေရင်းခေါင်းရင်းခွဲကာ နေခဲ့ကြသည်မို့ ကျယ်ကျယ်ပြောပြောမဟုတ်သည့်တိုင် ကျဉ်းကြပ်မှုမရှိ။ မကြီးကြီးလမ်း ယ္ခုကျွန်တော်တို့ ငှါးနေသည့်အိမ်ကမြေဝိုင်းကျယ်ထဲမှာ တန်းလျားလိုပြွတ်သိပ်နေသော ဆယ်ပေပေနှစ်ဆယ်ခန့် သွပ်မိုးသွပ်ကာ အခန်းငယ်မျှသာ ဖြစ်လေရာရောက်ကာစအတန်ပင်နေမထိထိုင်မသာဖြစ်ရ၏။ 

သည်အထဲပတ်ဝန်းကျင်ကစုံသလို စိမ်းလည်း စိမ်းသည်။ တဝင်းထဲမှာ လူစုံတက်စုံဘဝစုံ။ ဆံပင်ညှပ်သူ မုန့်ဟင်းခါးအထမ်းသည် ခေါက်ဆွဲဖတ်ရောင်းသူ ဆိုက်ကားနင်းသူ ကျပန်းအထမ်းသမား  စသည့် အိမ်ထောင်စုများအကြားမှာ အသားကျရန်အချိန်တော့ ပေးရ၏။ ဤသည်ပင်လျှင် ကျွန်တေ်တို့ကိုယ်တိုင်က စားဝတ်နေရေးအတွက် နေ့ညမဆိုင်းဘဲ ရုန်းကြကန်ကြရသည့်အတွက် ပတ်ဝန်းကျင်ကိုများစွာအမှုမထားအားသည့်ကြားမှ ခံစားရသည်များဖြစ်လေသည်။ တစ်နေ့လုပ်တစ်နေ့စားချင်းအတူတူမို့ မတူညီသောစရိုက်တွေကို (ရှိခဲ့သည့်တိုင်) ယိုးမယ်ဖွဲ့နေ၍မဖြစ်။ ကြာတော့လည်း သူ့စရိုက်နှင့်သူကိုယ့်စရိုက်နှင့်ကိုယ် နေသားကျအောင်နေဖြစ်သွားတော့၏။

အမေကရှိသမျှအရင်းအနှီးကလေးနှင့် ခေါင်းရွက်ဗျတ်ထိုးဈေးသည်ဘဝကိုအစပြုသည်။ မကြီးကြီးလမ်းနှင့် ရှမ်းလမ်းဒေါင့်ရှိ ဂွဈေး (ယ္ခုတော့ ရှမ်းလမ်းဈေးဟု အမည်တွင်နေပြီ) တွင် မနက်စာ မုန့်ကျွဲသဲ မုန့်ဦးနှောက် ကောက်ညှင်းရွှေကြည်နှင့် ရွှေထမင်းစသည့်သွားရေစာများ ပြုလုပ်ရောင်းချခြင်းဖြစ်၏။ ဆိုင်နှင့်ကန္နားနှင့်မဟုတ် ဈေးပေါက်ဝမှာဗန်းနှင့်ချရောင်းခြင်းသာဖြစ်သည်။ မနက်ပိုင်းရောင်းမကုန်သည်များနှင့် ထမင်းစားချိန် အသစ်ထပ်မံလုပ်သော အုန်းကောက်ညှင်း (ကောက်ညှင်းပြန်ပေါင်း) တို့ကိုနေ့လည်နှင့်ညနေခင်းတလမ်းဝင်တလမ်းထွက် ရောင်းသည့်အခါရောင်း ကြည့်မြင်တိုင်ညဈေးသို့ သွား၍ ရောင်းသည့်အခါရောင်းသည်။ အပြောလွယ်သလောက် ပင်ပန်းသောအလုပ်ဖြစ်သော်လည်း အမေသည်မငြီးငြူဘဲ ဇယ်စက်သလိုလုပ်ကိုင်ခဲ့၏။

ကျွန်တော်တို့ကူညီနိုင်သည်က လက်တိုလက်တောင်း မျှသာဖြစ်၏။ မုန့်ကျွဲသဲ မုန့်ဦးနှောက် ကြိုသည့်အခါ ကူမွှေပေးခြင်း အုန်းသီးခြစ်ပေးခြင်း ထင်းစသည့် တောက်တိုမယ်ရလိုအပ်လျှင်ဝယ်ပေးခြင်းစသည်တို့ဖြစ်လေသည်။  ပြည်သူပိုင်သိမ်းပြီးစဘီအိုစီကိုယ်စားလှယ်များထံမှ လက်ကျန်ရေနံဆီအလွယ်တကူဝယ်ရနိုင်သေးသည်မို့ထမင်းဟင်းချက်ပြုတ်ရာတွင် ရေနံဆီမီးဖိုကိုသုံးသော်လည်း မုန့်လုပ်ရာမှာထင်းမီးအသုံးပြု၏။ သစ်စက်များမှစွန့်ပစ်ပစ္စည်း ကျွန်းပကာသား ထင်းများကိုကုန်စုံဆိုင်တွေမှာဝယ်ရနိုင်သည်။ တစ်လက္မပတ်လည် အရှည်ပျမ်းမျှတစ်ပေခန့်ရှိ ထင်းချောင်းဆယ်ချောင်းခန့်ပါဝင်သော ထင်းတစ်စည်းလျှင်ဆယ်ပြားပေးရ၏။ များများစားစားဝယ်ထားနိုင်ခြင်းမရှိသဖြင့် တစ်ခါဝယ်လက်တစ်ပွေ့စာသုံးစီးခန့်ကို မြောင်းမြလမ်းထိပ်ကုန်စုံဆိုင်မှ နေ့စဉ်ဆိုသလို သွားဝယ်ရလေသည်။

ရန်ကုန်ပြန်ရောက်ရောက်ခြင်း ကျွန်တော်လုပ်ရသည်က အစ်ကိုကြီးထံမှသတင်းစာပို့သည့်အလုပ်ကို လွှဲပြောင်းယူရခြင်းဖြစ်၏။ အစ်ကိုကြီးနင်းသော ဟန်းဘားစက်ဘီးရှေ့ဘားတန်းပေါ်ထိုင်ကာ နှစ်ရက်သုံးရက်ခန့်လိုက်၍ ပို့ရမည့်အိမ်များကိုမှတ်သားရသည်။ အစီအစဉ်အရ အစ်ကိုကြီးပို့ရမည့် ဗားကရာလမ်းမှဆင်မလိုက် ဟံသာဝတီ ကွမ်းခြံအထိ စက်ဘီးဖြင့်ကျွန်တော်ကပို့ကာ ပြီးခဲ့သည့်နွေရာသီတွင် ကျွန်တော်ကူညီခဲ့သည့် ရှမ်းလမ်းတစ်လျှောက် ပန်းတနော်လမ်းမှ ဇေယျဝတီလမ်းအပိုင်းကို (အသက် ၉နှစ်သား) ကျွန်တော့်အောက်ညီကလမ်းလျှောက်ပြီး ပို့ရန်ဖြစ်၏။ ထိုအချိန် အစ်ကိုကြီးသည်အိမ်နီးချင်းပန်းတိမ်ဖိုတစ်ခုတွင် အလုပ်သင်အဖြစ်လုပ်ကိုင်နေပြီဖြစ်ရာ သတင်းစာပို့လုပ်ငန်းဖြင့် နံက်ပိုင်းအချိန်ကုန်မခံနိုင်တော့။ သရက်တောလမ်း ဒေါ်ကြီးတို့အိမ်တွင်ဦးလေးဖွင့်လှစ်သော ပန်းထိမ်ဖိုမှာ (ဘာအကြောင်းကြောင့်မသိ) ပြုတ်သွားပြီးဦးလေး  ကိုယ်တိုင်လည်း မဂိုလမ်းရှိ ဖိုတစ်ဖိုတွင်လက္ခစား ဝင်ရောက်လုပ်ကိုင်နေပြီ။

ပြည်တွင်းဖြစ် မောင်ဗမာစက်ဘီးတွေရှိသော်လည်း ထိုခေတ်စက်ဘီးဖြင့်စီးပွားရှာသူတိုင်းလိုလို ရာလေး သို့မဟုတ်ဟန်းဘား အနည်းဆုံးဖိလစ်အမျိုးအစား တွေအသုံးကြသည်။ ထိုစက်ဘီးတွေကပိုမိုတောင့်တင်းကာ အကြမ်းခံသလိုပို၍လည်းမြင့်သည်။ ကျွန်တော်သတင်းစာ စ ပို့ချိန် အစ်ကိုကြီးစက်ဘီးကိုထိုင်ခုံပေါ်မှ ခြေထောက်၍မမီသေး။ စက်ဘီးနင်းလျှင်ထိုင်ခုံပေါ်ထိုင်နင်း၍မရ ဘားတန်းပေါ်ဆင်းပြီးမှ မတ်တပ်ရပ် အနေအထားဖြင့်နင်းရသည်။ ခြေတစ်ဘက်ထောက်ပြီး စက်ဘီးရပ်ရန်လိုအပ်သည့်အခါများ၌လည်း ဘားတန်းပေါ်ဆင်း၍ ခြေတစ်ဘက်ကို တစောင်းအနေအထားဖြင့်ထောက်ရသည်။ 

ယ္ခုလို လမ်းမပေါ်မှာ ယဉ်အပြည့်အသိပ်မရှိ အိမ်တွေလည်း ကျပ်ညပ်မနေသဖြင့် စက်ဘီးဖြင့်သတင်းစာပို့ရသည့်အလုပ်မှာ သက်တောင့်သက်သာတော့အရှိသား ဟု ဆိုရမလိုပင်။ ကျွန်တော်ဆို စက်ဘီးနင်းရင်းအတွေးနယ်ချဲ့သည့်အခါချဲ့ စာမေးပွဲနီးသည့်အခါမျိုးတွင်ကျက်ထားသမျှ ကျောင်းစာတွေ ပြန်နွှေးသည့်အခါနွှေးနှင့်ပင် တနေ့တာအလုပ်ချိန်ကိုဖြတ်သန်းခဲ့၏။ ကျောင်းတဘက်နှင့် အလုပ်လုပ်ရသည်မို့ အထိုက်အလျောက် ပင်ပန်းမှုရှိသည့်တိုင် စာသင်ကြားမှုကိုများစွာမထိခိုက်စေခဲ့ပေ။ သတင်းစာတစ်စောင်လျှင် ပြား၅၀ ပို့ခအဖြစ် ရရှိရာ စောင်ရေ ၁၀၀ကျော်အတွက် တလဝင်ငွေ လေးငါးခြောက်ဆယ် ရှိသဖြင့် အနည်းဆုံးအိမ်လခ (တစ်လ ၃၀ ကျပ်) တော့ကာမိ၏။

#                  #

အစ်မက အိမ်နီးချင်းအမျိုးသမီးဝတ်အင်္ကျီချုပ်ဆိုင်တစ်ခုမှာ အလုပ်သင်အဖြစ်လုပ်ကိုင်သည်။ အလုပ်သင် ဆိုသည်မှာ လစာသတ်မှတ်ချက်မရှိ၊ အသုံးစရိတ်အဖြစ် ပေးလျှင်ယူမပေးလျှင်မယူနှင့်။ ဆိုင်မှာလက်တို လက်တောင်းခိုင်းသမျှလုပ်ကာ တတ်ကျွမ်းသူတွေလုပ်သည်ကိုအချိန်ရသမျှကြည့်ရင်းသင်ရသည်။ အနည်းငယ် လုပ်နိုင်ကိုင်နိုင်ရှိကာအားကိုးလောက်သည်ထင်မှလက်ခသတ်မှတ်ပေးသည် (လက္ခခွဲသည် ဟုခေါ်ကြ၏)။ သို့သော် လုပ်ငန်းကျွမ်းကျင်ပြီး မိမိနာမည်ထင်ပေါ်လာလျှင်ဆိုင်မှလက်မလွှတ်တော့ပဲ မက်မောဖွယ်လက်ခငွေကြေးရရှိနိုင်သည်။ 

ဒါကလည်း အလုပ်ရှင်နှင့်အလုပ်သမားအပြန်အလှန် နားလည်စာနာမှု  ကျေးဇူးသိတတ်မှု  အပေါ်တွင်များစွာမူတည်သည်။ ပဋိညဉ်မရှိ စာချုပ်စာတမ်းမရှိ နှုတ်ကတိပင်သတ်သတ်မှတ်မှတ်မရှိကြသလို အလုပ်ရှင်အလုပ်သမားပြဿနာဆိုးဆိုးရွားရွားဖြစ်သည် ဟူ၍လည်း မကြားဖူးခဲ့။ မိသားစုအခြေအနေအရ အစ်မက လက္ခရရန်အချိန်ပိုစောင့်ရသည့် အင်္ကျီချုပ်ဆိုင်မှ သင်ယူချိန်တိုတောင်းသော  ကျွန်းတောလမ်းဦးထုပ်ချုပ်ဆိုင် တဆိုင်သို့ နောက်ပိုင်းတွင်ပြောင်းရွှေ့ခဲ့ရသော်လည်း အစ်ကိုကြီးကမူ ပညာစုံလုပ်ငန်းကျွမ်းကျင်ကာ ကိုယ်ပိုင်ပန်းတိမ်ဖို ထောင်ဖြစ်သည် အထိမူရင်းဆရာထံတွင်သာလက္ခစားဘဝကိုဖြတ်သန်းခဲ့သည်။ ပြန်စဉ်းစားကြည့်သည့်အခါ ထိုအတောအတွင်းပုံမှန်ဝင်ငွေမှာ အမေ့ဈေးရောင်းရငွေနှင့် ကျွန်တော်တို့ ညီအစ်ကိုသတင်းစာပို့ခ တို့သာဖြစ်ကြလေသည်။ 

အဓိကရုန်းကန်သူမှာ အမေဖြစ်၏။ မုန့်ပဲသွားရည်စာရောင်းသည့်အလုပ်က ထင်သလောက်တွက်ခြေ မကိုက်သောအခါ အမေသည်ရာသီပေါ်သီးနှံဘက်သို့ လှည့်ပြန်သည်။ ထိုအလုပ်က အရင်းအနှီးပိုလိုအပ်သလို ဝန်ပိုကျယ်သလို အမြတ်အစွန်းလည်းပိုသည်ဟု အမေပြောသည်။ ဆင်းရဲသားတို့သဘာဝ အရင်းအနှီးအတွက်နေ့ပြန်တိုးကိုအားထားရလေရာ ကံအားလျော်စွာပင် ကျွန်တော်တို့အိမ်ဝိုင်းနှင့် ဘေးချင်းကပ်နေအိမ်မှ ဖိနပ်လုပ်ငန်းပိုင်ရှင်အဒေါ်ကြီးကအမေလိုသောအရင်းအနှီးကိုထုတ်ပေးသည်။ နေရာသစ်တွင် နေသားမှမကျတတ်သေးသော်လည်း အမေ့ရိုးသားမှုကိုအကဲခတ်မိသော အဒေါ်ကြီးက အမေလိုအပ်သမျှယုံယုံကြည်ကြည်ပင်ထုတ်ပေးခဲ့၏။ ထိုငွေဖြင့်အမေသည် သိမ်ကြီးဈေးလို ကီလီဈေးလိုနေရာတွေမှာသရက်သီးမှည့် သခမသီးဟုခေါ်သော သခွားချိုသီးစသည်များဝယ်ပြီး ရှမ်းလမ်းဈေးနှင့်အောက်ကြည့်မြင်တိုင် ညဈေးတို့တွင်ပြန်ရောင်းသည်။ အသီးအနှံရာသီကုန်သောအခါ မနက်လင်းအားကြီး ကီလီဈေးတွင် ကုန်စိမ်းကြိုပြီး ထိုနည်းတူ ရောင်းချသည်။

ရန်ကုန်လိုမြို့ကြီးမှာ လူတန်းစေ့ရုံ ရပ်တည်နိုင်ဘို့ မုဆိုးမအမေသည် ထိုသို့ပင်ဦးဆောင်ခဲ့၏။ သည်တွင် လူမမယ်သမီးငယ်နှင့်သားငယ် (ငါးနှစ်နှင့်နှစ်နှစ်အရွယ် ကျွန်တော့်ညီမငယ်နှင့်ညီအငယ်ဆုံး) တို့၏ဝေယျာဝစ္စ အပါအဝင်ချက်ပြုတ်လျှော်ဖွတ်ရေးကိစ္စရပ်တွေမပါသေး။ သမီးကြီးဖြစ်သူကျွန်တော့်အစ်မက အလုပ်တစ်ဘက်နှင့်ကူညီသည်ဆိုသော်ငြား ထိထိရောက်ရောက်မရှိနိုင်သည့်အပြင် သူကမီးဖိုချောင်ကိစ္စတွေမှာ နိုင်နင်းလှသေးသည်မဟုတ်။ ကျွန်တော်တို့ကတော့ တစ်ကိုယ်ရေစောင့်ရှောက်မှုပင် အနိုင်နိုင်မို့ အိမ်မှုကိစ္စတွေမှာ အားမကိုးလောက်သည့်အပြင်ဝန်ထုပ်ဝန်ပိုးပင်ဖြစ်သေးသည်။ မိသားစုဝင်ငွေအတွက် တတ်စွမ်းသမျှလုပ်ကိုင် ရှာဖွေနေရသည်ပင်လွန်လှပြီ။ ထိုစဉ်ကာလရုန်းကန်ခဲ့ရသည်များကို ယ္ခုပြန်စဉ်းစားတိုင်း လွမ်းမိသလို ပင့်သက်ဖြာရပါသည်ဆိုလျှင် အပိုပြောခြင်းမဟုတ်။ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်ကြရာ၌ ဘဝစုံသည့်အတွေ့အကြုံတွေထဲမှာ စွန့်စားတိုင်းရင်ခုန်ရသည်ဟု ကျွန်တော်မထင်။ သို့သော် ရွေးချယ်ခွင့်လည်းမရှိ။

အမေ့ကိုနေ့ပြန်တိုးပေးနေသောအဒေါ်ကြီးသည် ကျွန်တော်တို့ကိုကြည့်ပြီး ဂရုဏာသက်ပုံရကာသူတို့ရုံမှ ထုတ်လုပ်သော ရာဘာဘိနပ်များယူရောင်းပြီးအမြတ်ယူ အရင်းပြန်ပေးဖို့ပြောသည်။ တစ်ရံလျှင် အမြတ်ငွေငါးမူး (ပြား ၅၀) ဆိုသည်မှာမက်စရာမို့ အစ်ကိုကြီးဦးဆောင်ကာကျွန်တော်တို့ညီအစ်ကိုသုံးဦးကျောင်းဆင်းချိန် ကျောင်းပိတ်ချိန်တွေမှာ ကီလီလမ်း ဘုန်းကြီးလမ်း လမ်းမတော်စသည့်ဆိပ်ခံတံတားများသို့ အထုပ်ကိုယ်စီဖြင့် ဈေးရောင်းထွက်ကြသည်။ ဝါးခယ်မမှာမြေပဲပြုတ်ကောက်ညှင်းထုတ်လည်ရောင်းသည်နှင့် ဆင်တူသော်ငြား ပို၍လေးလံကာတာဝန်ပိုကြီးသည်။ ကုန်တင်ယာဉ်တွေ ချယ်ဂါရီ‌ ‌ခေါ် လူဆွဲလှည်းတွေ ခရီးသည်တွေ ပျားပန်းခပ်သည့်နှယ်သွားလာနေကြသည့်ကြားမှာ လမ်းဘေးချခင်းသည့်အခါခင်း၊ ဆိုက်ကပ်ထားသောရေယာဉ်တွေပေါ်တက်ကာ ရောင်းသည့်အခါ ရောင်းကြသည်။ 

ဈေးရောင်းခြင်းကိုရှက်ရသည့်အထဲ လာပါယူပါ တစ်စာစာအော်ရသည့်အလုပ်ကိုအမှန်ပင်ကျွန်တော်မနှစ်မြို့။ တွံတေးသိန်းတန်သီချင်းဆိုပြပြီး ပါလာသမျှအကုန်ရောင်းရသည့် ကုန်ပစ္စည်းမဟုတ်သလို ထိုအတွေ့အကြုံက ဘ်မျှအထောက်အကူမပြု။ ကံအားလျော်စွာမကြာမီအစ်ကိုကြီးကပန်းတိမ်ဖိုမှာလက္ခခွဲပြီး ကျွန်တော်တို့ကလည်းဘိနပ်ရုံမှာပင် (တံဆိပ်ရိုက် အိပ်သွင်း စသည်) တောက်တိုမယ်ရ အလုပ်ကလေးများ အချိန်ပိုင်းလုပ်ခွင့်ရသည့်အတွက် အပြင်ထွက်ဈေးရောင်းသည့် အလုပ်မလုပ်ဖြစ်ကြတော့။ အမေကတော့မိသားစုအဓိကဝင်ငွေရှာသူမို့ ရောင်းနေကျ အသီးအနှံ ကုန်စိမ်းစသည်တို့ကို မပျင်းမယိမပျက်မကွက်ရောင်းချမြဲ။

မိသားစု (အိမ်ထောင်ပြုသွားပြီး ရွှေလောင်းလမ်းထဲမှာယောက္ခမများနှင့်အတူနေထိုင်ကာ ကျွန်တော်တို့ဘက်သို့ ခြေဦးမလှည့်နိုင်သည့်အစ်မကြီးမှအပ) အတူနေထိုင်ရပါ၏။ လက္ခခွဲပြီးမကြာမီဆိုသလိုအစ်ကိုကြီးသည်လည်း အိမ်ထောင်ပြုပြီးကျွန်‌တော်တို့နှင့်ပင်အတူနေသည်။ အစ်ကိုကြီးကပန်းထိမ်လုပ် အစ်ကိုကြီးဇနီးက တိုက်ပုံအင်္ကျီအိမ်ယူချုပ်ကာရုန်းကန်ကြသလို၊ အမေဦးဆောင်‌သောကျွန်‌တော်တို့မောင်နှမတွေကလည်းကျရာဝန်ကိုထမ်းခဲ့ကြ၏။ မည်သို့ဆိုစေ စီးပွားရေးအရမငြိမ်သက်လွန်းသော ထိုကာလကိုကျွန်တော်တို့ မထိမရှကျော်ဖြတ်နိုင်ခဲ့ပါ၏။ မထိမရှဆိုသည်မှာ ဆင်းရဲခြင်းကိုအကြောင်းပြုကာ ဘဝကိုရေစုံမျှောလိုက်ခြင်း မလျော်သောထွက်ပေါက်မှတစ်ဆင့်ချမ်းသာရာရှာခြင်းစသည့် ကိုယ်ကျင့်တရားဆိုင်ရာဒဏ်ရာအနာတရမရှိခဲ့ခြင်းကိုဆိုလိုပါသည်။ သည်အတွက်အကြောင်းရင်းကိုရှာသော် ကံတရားဟုအလွယ်တကူကောက်ချက်ချနိုင်မည်ဖြစ်သော်လည်း ကံတရား၏ဖေးမမှုနှင့်ထိုက်တန်အောင်နေထိုင်ကျင့်ကြံရခြင်းများလည်း မလွဲမသွေရှိခဲ့ပါ၏။ 

အမေ့ကိုပင်ပုံဆောင်ရလျှင် အမေသည်ဆင်းရဲသော်လည်း အောက်တန်းမကျစေနှင့်ဟုပြောသလို ကိုယ်တိုင်လည်းလိုက်နာကျင့်သုံးသူဖြစ်၏။ ဈေးသည်အစဆိုသောစကားကို ဈေးရောင်းရင်းဆန့်ကျင်နေသူတစ်ဦးဖြစ်၏။ မေတ္တာမရှေးသူမပေးလျှင်ဆေးတစ်အိုးမျှမယူကြနှင့်ဆိုကြသော်လည်း အမေကမူပေးတိုင်းမယူကြွေးတိုင်းမစားရဟု သားသမီးတွေကိုပညတ်တတ်သူဖြစ်၏။ ခိုးဝှက်ခြင်းကိုမဆိုထားနှင့်ကောက်ရသည့်ပစ္စည်းကိုပင် လက်သင့်ခံရန်ခါးသီးငြင်းဆန်သူဖြစ်၏။ စားဝတ်နေရေးအတွက်ပင်ပန်းကြီးစွာလုံးပန်းနေရသည့်ကြားမှ သားသမီးများ၏ကိုယ်နှုတ်နှလုံးသုံးပါး သန့်ရှင်းစင်ကြယ်ရေးကို အလစ်မပေးတတ်သူလည်း ဖြစ်သည်။ ဆင်းရဲတာမရှည်အောင်ဆောင်ရန်ရှောင်ရန်မှန်သမျှအနေအထိုင်အပြောအဆိုမှသည်အပြုအမူအကျင့်အကြံအထိ သွန်သင်ဆုံးမသလိုကိုယ်တိုင်လည်းလိုက်နာနေထိုင်ခဲ့သည်။

#                  #

ကံဆိုးလျှင်ဉာဏ်ကိုးရမည်ဟုခံယူသူအမေ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသောစကားဖြင့်ဖြေသိမ့်တတ်ပုံကိုလည်း ကျွန်တော်အမှတ်ရနေသည်။ ထိုစကားနှင့်တိုက်ရိုက်ဆက်စပ်သောအဖြစ်အပျက်တစ်ခုကြောင့် ဖြစ်၏။ မကြီးကြီးလမ်းရောက်ပြီး တစ်နှစ်အကြာမှာကြုံရသည့် ပထမဆုံးသီတင်းကျွတ် မီးထွန်းပွဲကိုအမှီပြု၍ ညပိုင်းခေါက်ဆွဲသုတ် ကြာဆံသုတ်စသည်ရောင်းချကာဝင်‌ငွေရှာဖို့အမေစိတ်ကူးရခဲ့သည်။ မကြီးကြီးလမ်းက ပြည်လမ်းမှအစပြုကာဇေယျဝတီလမ်းအထိပေါက်သောလမ်းမရှည်ကြီးဖြစ်သည့်အပြင် သီတင်းကျွတ်မီးထွန်းပွဲနှင့်ဆွမ်းကြီးလောင်းပွဲပူးတွဲကာနှစ်စဉ်ကျင်းပမြဲဖြစ်သောကြောင့် ပွဲတော်လာပရိဿတ်ဖြင့်စည်ကား လေ့ရှိ၏။ အိမ်ဝိုင်းအပြင်ဘက်လမ်းမပေါ်မှာ ဆိုင်ခင်းရသည့်အလုပ်က ကူဖော်လောင်ဖက်ရှားပါးသည့်အမေ့အတွက်) ကရိကထမများ။ ထို့အပြင် တဝိုင်းတည်းနေ အထမ်းမုန့်ဟင်းခါးမိသားစုတွေကလည်း ပွဲတော်ရက် အိမ်ရှေ့မှာပင်ဆိုင်ထွက်ကြမည်မို့ အမေ့လက်သုတ်စုံနှင့်အတွဲညီအဖေါ်ရသည်။ ပွဲတော်ရက်ဈေးကွက်မှရလာမည့် ကြားဖြတ်အမြတ်အစွန်းလေးများဖြင့် မိသားစုစပါးကျီကိုဖြည့်ဆီးဖို့ရာ စိတ်ကူးနှင့်အမေတက်ကြွနေခဲ့ပုံရလေသည်။

(စကားချပ်။ မကြီးကြီးလမ်းသည် ပြည်လမ်းနှင့်ဇေယျဝတီလမ်းတို့ကို ဆက်သွယ်ပြီး ရှမ်းလမ်းကမကြီးကြီးလမ်းကိုလာရောက်ပေါင်းဆုံသည်။ ရှမ်းလမ်းနှင့်မကြီးကြီးလမ်းဆုံရာမှာ ဖွင့်လှစ်ခဲ့သောဈေးကို လမ်းဆုံလမ်းခွတွင် ရှိသောကြောင့် ခွ (ဂွ) ဈေး (ယ္ခုရှမ်းလမ်းဈေး) ဟုခေါ်ကြသည်။ ဗားကရာလမ်းရှိ စမ်းချောင်းဈေးနှင့် ကွဲပြားစေရန် ထိုသို့အမည်ပေးခဲ့ခြင်းဖြစ်သည်ဟုနားလည်ရ၏။ နဝတအစိုးရလက်ထက်တည်ဆောက်ပြုပြင် ရန်ကုန်တစ်ခွင်ခေတ်တွင် ဇေယျဝတီလမ်းတစ်လမ်းလုံးနှင့် မကြီးကြီးလမ်းအဖျားပိုင်းတို့အား ဗဟိုလမ်းအမည်ခံရှမ်းလမ်းကသိမ်းပိုက်လိုက်ပြီး ဗားကရာလမ်းပေါ်ရှိရွှေလဝင်းလမ်းနှင့်ဇဗ္ဗူရစ်လမ်းအကြားမှ စမ်းချောင်းဈေးကိုမူ ခါတော်မှီကွန်ဒိုမီနီယံကြီးတစ်လုံးကဝါးမျိုသွားခဲ့၏။ အကျိုးဆက်အဖြစ်သမိုင်းဝင်မကြီးကြီးလမ်းမကြီးခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်ရပြီး စမ်းချောင်းဈေးမှဈေးသည်များရွှေ့ပြောင်းဒုက္ခသည် ဘဝသို့ရောက်ကြရကုန်၏။ ခေတ်အဆက်ဆက်ဆိတ်ငြိမ်အေးချမ်းစွာတည်ရှိခဲ့သော စမ်းချောင်းလမ်းနှင့် လမ်းသွယ်အားလုံးလိုလို သားစိမ်းငါးစိမ်း ကုန်စိမ်းကုန်ခြောက် မုန့်ပဲသွားရည်စာ ပျံကျဈေးသည်များနှင့် ပြည့်နှက်ပြီး ဈေးရပ်ကွက်ကြီးဖြစ်သွားရလေသည်။ ကားစင်းရေတွေအဘတန်ခိုးနှင့်နှစ်ဆတိုးသည့်ခေတ်သို့အရောက်တွင်မူ စမ်းချောင်းရပ်ကွက်အတွင်းရှိ လမ်းများအားလုံးအဆီပိတ်သည့်သွေးကြောများပမာ ကျဉ်းကျပ်ကာ ကျွတ်ဆတ်နေကြပြီ။)

အမေစိတ်ကူးယဉ်သလို ကျွန်တော်လည်းအမေဝယ်ပေးထားသည့် ဈေးချုပ်မြင်းချေးရောင်တက်ထရွန်အင်္ကျီ အသစ်ကလေးဝတ်ရင်းမီးထွန်းပွဲလျှောက်ကြည့်လိုက် ခဏပြန်လာကာအမေ့ကိုကူညီသလိုနှင့် အမေ့ဆိုင်မှ လက်သုပ်စုံစားလိုက်၊ လူနည်းနည်းရှင်းလျှင် ရှမ်းလမ်းကွက်သစ်ကျောင်း (ကျွန်တော်တို့ကျောင်း) နံဘေးမှ အလှည့်ကြမ်းသော လေးတန်းဆွဲရဟတ်သွားစီးပြီး သဲထိတ်ရင်ဖိုအရသာကို ခံစားလိုက်နှင့်သီတင်းကျွတ်ကို ဖြတ်ကျော်ဖို့ရာစိတ်ကူးယဉ်နေမိသည်ကိုဝန်ခံပါသည်။ သတင်းကျွတ်ပထမနေ့နေစောင်းချိန်အမေဆိုင်ထွက်ဖို့ပြင်ဆင်ခိုက်မှာပင်တစ်ဦးစနှစ်ဦးစဝယ်သူတွေလာသဖြင့်ဈေးဦးပေါက်ကောင်းသည်ဟုဆိုရမည်။ အမေသည် ကျွန်တော်တို့မောင်နှမကိုဆိုင်မှာခဏထိုင်ခိုင်းပြီးအိမ်တွင်းသို့ပြန်ဝင်ကာခေါက်ဆွဲကြာဆံအချို့ကို ထပ်မံပြင်ဆင်ကာသယ်ထုတ်လာခဲ့လေသည်။ မှောင်ရီပြိုးပြအချိန်ရောက်သည့်အခါ မလှမ်းမကမ်းရှိဆွမ်းကြီးလောင်းမဏ္ဍပ်မှ တေးသီချင်းဖွင့်သံ၊ ဖျော်ဖြေရေးစင်မှအသံချဲ့စက်စမ်းသံတွေနှင့်အတူအမေ့ဆိုင်ရောကပ်လျက်က မုန့်ဟင်းခါးဆိုင်တွေမှာပါဝယ်သူကျစပြုလာပြီ။ ထိုစဉ်ခိုက်မှာ ဗြုံးကနဲ မိုးကရွာချလေ၏။

ထိုညကရွာသောမိုးမှာ မညိုဘဲနဲ့ရွာတဲ့မိုးဟုပြောရမည်လားမသိ။ ကျွန်တော်မှတ်မိသလောက်တနေ့လုံး မိုးရိပ်လေရိပ်မရှိပါဘဲ ညဦးပိုင်းကျမှရုတ်တစ်ရက်ရွာချခဲ့သောကြောင့်ဖြစ်၏။ ယ္ခုခေတ်လို မိုးလေဝသသတင်း ကြေငြာချက် ကြိုတင်ထုတ်ပြန်ခြင်းတွေမရှိသည်လား၊ ရှိပါလျက် အမေအပါအဝင်လူအများစိတ်မဝင်စားကြသည်လား ကျွန်တော်မတွေးတတ်။  မိုး လေအနှောက်အယှက်မရှိစေရန် အုန်းသီးငှက်ပျောသီးနှင့်ရှင်ဥပဂုတ်တင်လေ့ရှိကြသည်ကို‌တော့သတိထားမိသည်။ သို့သော် မို့အုံ့သည် မိုးမှောင်သည်လောက်ကို ကောင်းစွာသိတတ်သောအရွယ်ဖြစ်လေရာ ထိုညကမိုးရွာလိမ့်မည်ဟုထင်မှတ်စရာအကြောင်းမမြင်ခဲ့သည်မှာတော့ သေချာသည်။ မိုးချည့်သက်သက်ရွာသည်မဟုတ်။ လေပြင်းပါတိုက်၏။ 

ထင်းရှုးသေတ္တာပုံးများဖြင့် အလျင်စလိုလုပ်ဆောင်ပြင်ဆင်ထားခဲ့သောအမေ့ဆိုင်ခုံ ပန်းကန်ခွက်ယောက်များ အပေါ့စားထိုင်ခုံ စသည်များ လေတွင်လွင့်မပါစေရန်နှင့် ရောင်းချမည့်အစားအစာများ မိုးစိုပျက်စီးခြင်းမရှိစေရန် အပြေးအလွှားသိမ်းဆည်းကြခိုက် မီးထွန်းပွဲအတွက်ထွန်းညှိထားသော တစ်လမ်းလုံးမှမီးတွေအမှောင်ကျသွားသည်။ တစ်နာရီခန့် လေရောမိုးပါ ရွာပြီးနောက် မိုးစဲသောအခါ လမ်းမပေါ်မှာလူသူရှင်းနေပြီ။ တစ်ဦးစနှစ်ဦးစ ဖြတ်သန်းသွားကြသူတွေထံမှ လေဒဏ်ကြောင့်ရှမ်းလမ်းဘက်ထိပ်ရှိ မုခ်ဦးပြိုကျသည့်သတင်းကြားရ၏။ ကံကောင်းထောက်မစွာထိခိုက်ဒဏ်ရာရသူမရှိ။ မုခ်ဦးကိုလမ်းအပြည့်သစ်သားဖြင့်အခိုင်အမာဆောက်ပြီး ပိုစတာပန်းချီများမီးဆလိုက်ကြီးများဖြင့်အလှဆင်ထားသည်ဖြစ်ရာလူသူမထိခိုက်အောင်ပြိုကျသည်မှာလွန်စွာကံကောင်းခြင်းဖြစ်လေသည်။

နောက်တစ်နေ့ သတင်းစာတွေမှာ ရန်ကုန်သတင်းကျွတ်မိုးဖျက်ဆိုသောခေါင်းစဉ်အောက်၌ မကြီးကြီးလမ်းမုခ်ဦးပြိုကျသည့်သတင်း ဓာတ်ပုံနှင့်တကွပါလာသည်။ မှတ်မိသလောက်ထိုနှစ်သတင်းကျွတ် သုံးရက်လုံးမိုးဖျက်ခံရသည့်အတွက်မစည်ကားတော့။ ပထမညကမရောင်းဖြစ်သော ခေါက်ဆွဲနှင့်ကြာဆံများကို ကျွဲနို့အိုးကွဲ၍ ရွှေစည်းခုံလှူပါ၏ ဆိုသည်မျိုးအနီးအပါးကိုဝေငှအိမ်မှာလည်း အလျှံပယ်သုံးဆောင်လိုက်ကြပြီး နောက်ညတွေအမေဆက်မရောင်းတော့။ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေမို့ မူလလက်ဟောင်းရွှေထမင်းနှင့်အုန်းကောက်ညှင်းကိုနေ့ဘက်မှာထွက်ရောင်း ဖြစ်ခဲ့သည်။ သတင်းစာဆိုသည်မှာ အခါကြီးရက်ကြီးတိုင်းပိတ်လေ့ရှိသည် မဟုတ်သည့်အတွက်ကျွန်တော်တို့ ညီအစ်ကိုတစ်တွေလည်း စိတ်ပျက်လက်မှိုင်ချခွင့်မရှိ။ မိုးထဲရေထဲ ပို့ခဲ့ကြရသည်။

ပြောလိုသည်မှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းသည် မီးထွန်းပွဲတော်ကို ၏ဖျက်နိုင်ခဲ့စေကာမူ ကျွန်တော်တို့မိသားစု၏ ရုန်းကန်မှုကို ၏မပျက်စီးစေနိုင်ခဲ့။ လဲကျခြင်းဖြင့် ၏ဘဝကိုမဆုံးဖြတ် လဲကျရာမှ ၏ပြန်ထလာခြင်းဖြင့်သာဘဝကိုအဆုံးအဖြတ်ပေးနိုင်သည်ဆိုသကဲ့သို့ထိုညကအဖြစ်အပျက်သည် ကံဆိုးမိုးမှောင်တွေကြားမှမိသားစုတစ်စု၏အားမာန်ကို မှတ်ကျောက်တင်သည့်ပမာဖြစ်ခဲ့ရပါသည်။ ဤသည်ပင် အမေ့လောက် ပင်ပန်းဆင်းရဲခြင်းမရှိသော ကျွန်တော်တို့ အသီးသီး၏ လက်ရှိဘဝများအတွက်အဖိုးမဖြတ်နိုင်သည့်အမွေလည်းဖြစ်ပါ၏။ ထိုအမွေသားစဉ်မြေးဆက်တည်မတည်ဆိုသည်မှာတော့ အမေ့အားမာန်ကျွန်တော်တို့မှာမည်မျှကျန်ခြင်းမကျန်ခြင်း နောင်မျိုးဆက်တွေထံမည်မျှချန်ခြင်းမချန်နိုင်ခြင်းတို့အပေါ်တွင်မူတည်လိမ့်မည်ဟု ကျွန်တော်ထင်သည်။

အမေ့ထံမှရယူခဲ့သောသင်ခန်းစာများစွာအနက် ထိုညကအမှတ်မထင်အမေညည်းတွားလိုက်သည့် ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသောစကားမှာ စာသားရောအနက်ပါ ပြက်ပြက်ထင်ထင်ရှိလွန်းသဖြင့် ကျွန်တော့်ဘဝ တစ်လျှောက်ကံဆိုးသူတွေတွေ့လေတိုင်းသို့မဟုတ်ကံဆိုးသည်ဟုခံစားရသည့်အခါတိုင်းအမေ့မျက်နှာကိုမြင်ယောင်မိသည်။ ထိုအခါမျိုးတွင်ခွန်အားသို့မဟုတ်ဖြေသိမ့်ရာရမိတတ်သည်မှာအမှန်ပင်ဖြစ်လေသည်။ ခလုပ်ထိမှအမိတခြင်းတစ်ရပ်ဖြစ်နေမည်လားတော့မသိ၊