Wednesday, July 2, 2014

ကျွန်တော်နှင့် သင်္ကြန်


မှတ်မိသမျှ ကျွန်တော်အစောဆုံးကြုံဘူးသည့် သင်္ကြန်မှာ တောသင်္ကြန်ဟုအရပ်ခေါ်ခေါ်ကြသည့် ကျေးလက်ကသင်္ကြန်ဖြစ်၏။ နှစ်ပေါင်းငါးဆယ်ကျော်ကြာခဲ့ပြီ။ ဆရာဇော်ဂျီ၏ “ဒါနကတစ်ဝေဝေ၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်၊ ကဲလို့သာဆင့်ရော့၊ အရွယ်သင့်အရွယ်ငယ်၊ မြန်မာတွေထယ်လိုက်ကြ” ဆိုသောသင်္ကြန်မျိုး။ သက်ကြီးရွယ်အိုတွေ ဥပုသ်ဇရပ်သွား၊ လူရွယ်လူလတ်များ စတုဒီသာတွေ အသက်လွှတ်ပွဲတွေဦးစီးကြ၊ လူငယ်တွေကလေးတွေရေပက်ကြ၊ နှစ်ဆန်းတစ်ရက်နေ့တစ်ရွာလုံးဥပုသ်သီတင်းဆောက်တည်ကြသည့်သမယဖြစ်လေသည်။ ကျွန်တော့်အတွက် ဘကြီးအောင်ဘာလေ တကူးတကန့်လုပ်ပေးသောဝါးပြွတ်ဖြင့်ဂုဏ်တင့်ခဲ့သည့် ကလေးသင်္ကြန်လည်းဖြစ်ခဲ့လေ၏။

ဘကြီးအောင်ဘာလေဆိုသည်မှာရွာဖျားမှကရင်တိုင်းရင်းသားဆိုင်းဆရာကြီးဖြစ်၏။ ဆိုင်းဆရာကြီးဟု အများပြောသလိုပြောရသော်ငြားသူဆိုင်းတီးသည်ကို ကျွန်တော်မြင်ဖူးသည်တော့မဟုတ်။ ဆွေမတော် မျိုးမစပ်ပါဘဲ ကျွန်တော့်အပေါ်အတော်ချစ်ခင်ကြောင်းကိုတော့သိသည်။ သူ့ပခုံးထက်မှာထမ်း၍ အိမ်တကာ့အိမ် ရွာတကာ့ရွာ အလှူတကာ့အလှူသွားလေရာခေါ်သည်။ ရွာသားတွေကကျွန်တော်တို့ကိုမြင်လျှင် ဒီမြေးအဖိုးတွေဟုပဋိသန္တာရပြုကြသည်။ ထားတော့။ ထိုဘကြီးအောင်ဘာလေကျွန်တော့်အတွက် စိတ်ရှည်လက်ရှည်ပြုလုပ်ပေးသောဝါးရေပြွတ်သည် ရွာထဲရှိအခြားကလေးများ၏ ရေပြွတ်များထက်ပို၍လှပခိုင်ခံ့ပြီး ရေအားကောင်းသည်။ တခြားကလေးတွေ၏ ရေပြွတ်တွေ တစ်ရက်နှစ်ရက်အတွင်းပျက်စီးကာသုံးမရ (လေမလုံ၊ရေမစုပ်) ဖြစ်သွားတတ်သော်လည်း ကျွန်တော်ကစားသောရေပြွတ်ကသင်္ကြန်ပြီးသည်အထိ အကောင်းပကတိ ရှိနေတတ်သည်။ ထိုရေပြွတ်များဖြင့် တစ်ခုတည်းသောရွာလမ်းမပေါ်တွင် ဖြတ်သန်းသွားလာကြသူအပေါင်းတို့အား ဥပုသ်သည်မှအပရေပက်ရသည်ကိုကျွန်တော်တို့ ကလေးတစ်သိုက်နှစ်ခြိုက်ကြသည်။

ထိုသင်္ကြန်မှာရယ်စရာတခုကြုံရသည်ကိုလည်းအမှတ်ရနေသည်။ အများသူငါတွေရယ်ကြသဖြင့်ရယ်စရာဟုသတ်မှတ်ရသော်လည်း ကျေကျေနပ်နပ်တော့မဟုတ်။ ရယ်ပွဲဖွဲ့ခံရသူမှာဘကြီးအောင်ဘာလေကဲ့သို့ပင် ကျွန်တော့်ကိုချစ်ခင်စွာအလိုလိုက်တတ်သောကိုကြီးသာမြကိုယ်တိုင်ဖြစ်နေသောကြောင့်။ ကိုကြီးသာမြက သဘောကောင်းပြီးလူကြီးလူငယ်မရွေးပေါင်းသင်းတတ်သည်။ ကူညီတတ်သည်။ အစအနောက်တော့သန်သည်။ သူရောက်လေရာ စီကနဲညံကနဲဖြစ်တတ်သည်။ ယ္ခုလည်းဘယ်ကဘယ်သူ့ကိုဘယ်လိုသွားစလိုက်သည်မသိ ရွာထဲမှအာကြမ်းလျှာကြမ်းအမျိုးသမီးတစ်သိုက်၏အလယ်မှာ မျက်နှာအိုးမည်းကွက်ကျား ခါးကြိုး ချည်လျက်သားနှင့်သူ့ကိုတွေ့နေရသည်။ ကြိုးစကိုင်ထားသောအမျိုးသမီးကြီးက ငှက်ပျောလက်တခုဖြင့် ရိုက်မည်ပြင်လိုက်အမိန့်ပေးလိုက်တစ်ချက်တစ်ချက်ဖွဖွရိုက်ပြလိုက် သူခိုင်းသည့်အတိုင်းကိုကြီးသာမြက ကပြအသုံးတော်ခံလိုက်ဖြင့် ဝိုင်းအုံကြည့်ရှုနေကြသောကလေးလူကြီးတစ်သိုက်တို့ပွဲကျနေကြသည်။

သူတို့အဖွဲ့ရွာလမ်းမတလျှောက်တနေရာပြီးတနေရာသွားလေရာသို့ ခလေးပရိဿတ်တွေလိုက်ပါသွားကြသော်လည်းကျွန်တော်မလိုက်ခဲ့။ စိတ်ထဲမှာကိုကြီးသာမြအလွယ်တကူ ရုန်းကန်ပြေး၍ရပါလျက် ဘာကြောင့်မပြေးရသနည်းဟုမချင့်မရဲတွေးမိသည်။ နည်းနည်းအရွယ်ရလာပြီးစဉ်းစားတတ်သောအခါ ကျေးလက် သင်္ကြန်တခု၏သရုပ်သကန်ပါလားဟုမြင်လာနိူင်တော့သည်။ ထိုနေ့ကသားသည်အမေတစ်ဦး၏နိူ့ရည်ဖြင့် ပယ်ပယ်နယ်နယ် နယ်ဖတ်ထားသောထမင်းကိုကိုကြီးသာမြတယောက် ငှက်ပျောလက်ဂုတ်ပေါ်ဝဲလျှက်က မသက်မသာမျိုချခဲ့ရသည်ဆိုသောသတင်းကိုလည်း နောင်အခါတွင်နားလည်စွာပြုံးဖြစ်ရလေသည်။

ရန်ကုန်သင်္ကြန်ကိုတော့ဘဝ၏ပင်မပြက္ခဒိန်ဟုပင်ပြော၍ရနိူင်မည်လောမသိ။ အထက်က တောသင်္ကြန် အပါ အဝင် ပြည်တွင်းပြည်ပရေသစ်မြေသစ်နေရာသစ်များသို့ ရောက်ရှိနေထိုင်စဉ်မှအပသင်္ကြန်အားလုံး ရန်ကုန်တွင်သာကုန်ဆုံးရသောကြောင့်ဖြစ်၏။ ထိုခေတ္တခဏကာလတွေကလည်း နည်းလှသည်တော့မဟုတ်။ မှတ်မှတ် ရရသင်္ကြန်ချိန်ပြည်တွင်းသို့ပြန်မရောက်ဖြစ်ခဲ့သည်ပင်ဆယ်စုနှစ်စွန်းစွန်းရှိပြီ။ သင်္ကြန်နှင့်စိမ်းစိမ်းကားကား မဟုတ်သည့်တိုင်ကြိုးတို့ကျဲတဲဖြစ်နေခဲ့သည်မှာ သည့်အရင်ကတည်းက။ အရွယ်ရလာတာ အကြောင်းတစ်ခုဖြစ်မည်။ နောက်တခုမှာ သင်္ကြန်ကိုယ်၌ကိုကကြိုးတို့ကျဲတဲဖြစ်လာခြင်း။ အနည်းဆုံးထိုသို့ဖြစ်သည်ဟုထင်မြင်စရာဖြစ်လာရခြင်းဖြစ်၏။ ဒါမှမဟုတ်လျှင် ရင်ထဲမှာစွဲညိခဲ့ဘူးသောသင်္ကြန်ပုံရိပ်များကို အတ္တကြီးစွာဖက်တွယ်ထားလိုခြင်းကြောင့်သာဖြစ်တော့မည်။ ဖြစ်လည်းဖြစ်နိုင်သည်။

ငယ်စဉ်ကယစ်မူးခဲ့ဘူးသောသင်္ကြန်ကို အကြိုနေ့မှအတက်နေ့ထိပျော်ရွှင်မြူးထူးဘွယ် ၄-၅ရက်ကွက်ကွက်ကလေးပြောရုံနှင့်လုံလောက်မည်ဟုကျွန်တော်မထင်။ အနည်းဆုံးကျွန်တော့်အတွက်တော့ မလုံလောက်။ မတ်လလယ်ကျောင်းပိတ်ရက်စသည်နှင့် သင်္ကြန်၏အငွေ့အသက်တို့ကိုထိတွေ့လာရပြီ။ စာသင်နှစ်တစ်နှစ်တာပင်ပန်းခဲ့ရသမျှတို့ပြေပျောက်ချိန်၊ ကတ္တရာလမ်းများပေါ်တံလျှပ်တွေမြူးထူးချိန်၊ ရပ်ကွက်ဈေးထဲမှာပေါ်ဦးပေါ်ဖျား ကံ့ကော်ပန်း သင်္ကြန်ကြိုမိုးရွာသည်နှင့်ကြုံလျှင် ပိတောက်ပန်းတို့လှိုင်ချိန်သည် လေပြည်ထဲမှာ သင်္ကြန်ယနံ့တို့လွင့်ပျံချိန်ပင်ဖြစ်လေ၏။ ဧပြီလဆန်းသည်နှင့်နံက်ခင်းနေရောင်ခြည်တို့ ပိုမိုလင်းလက် ကာ ရွှေရောင်တောက်ပလာခြင်းကိုလည်းသင်္ကြန်၏ရှေ့ပြေးအဖြစ်သတ်မှတ်နိူင်မည်ထင်သည်။ သင်္ကြန်မှာ အရောင်အဆင်းနှင့်အနံ့ရှိသည်ဟုကျွန်တော်ပြောတိုင်း အများစုသဘောမတူကြသည့်တိုင် (တချို့ရယ်မောကြ၏) ကျွန်တော်ကတော့ ထိုအတိုင်းပင်စွဲမြဲစွာယုံကြည်ဆဲ။

သင်္ကြန်၏ရှေ့တော်ပြေးတွေအားလုံးက အမှတ်ရပျော်စရာတွေချည့်ဖြစ်ကြ၏။ ကျွန်တော်တို့နေထိုင်ရာ လမ်းတွင်နှစ်စဉ်ကျင်းပမြဲ ဒုလ္လာဘရဟန်းခံအလှူသည် ရပ်ကွက်အတွင်းထင်ရှားသောပွဲတော်တခုဖြစ်ပြီး မတ်လကုန်နှင့်ဧပြီပထမပတ်အတွင်းကျင်းပလေ့ရှိသည်။ မဏ္ဍပ်ထိုးသည်မှအောင်ပွဲခံဖျော်ဖြေရေးပြီးဆုံး သည်အထိခုနှစ်ရက်ခန့်ကြာသည်။ အငြိမ့်သို့မဟုတ်ဆိုင်း သို့မဟုတ်နှစ်မျိုးစလုံးဖြင့် ရံပုံငွေကောက်ခံရရှိမှုပေါ်မူတည်၍ဧည့်ခံဖျော်ဖြေလေ့ရှိသည်။ တစ်ခါတစ်ခါ ရုပ်ရှင်ပင်ပါလိုက်သေးသည်။ လမ်းမပေါ် ကန့်လန့်ဖြတ်ပိတ်ကားကြီးထောင်ပြီး ကိုက်သုံးဆယ်လောက်အကွာမှရုပ်ရှင်ပြစက်ဖြင့်မြန်မာဇာတ်ကား အနောက်တိုင်းဇာတ်ကားဟောင်းတွေတစ်ကားပြီးတစ်ကားတစ်ညလုံးနီးပါးပြသရာထိုရုပ်ရှင်စတုဒိသာသည် ဇာတ်အငြိမ့်များနှင့်အပြိုင်ပင်ဖျော်ဖြေနိူင်စွမ်းရှိပြီး ပရိဿတ်ဆွဲဆောင်မှုအားကောင်းသည်။ စင်စစ် ထိုဖျော်ဖြေမှုအားလုံးသည် သင်္ကြန်ကိုငံ့လင့်ကြသူများအတွက်မူအမြည်းသဘောမျှသာဖြစ်လေ၏။

ထိုမှလွန်သော် ရပ်ကွက်အတွင်းရှိ ဗေဒါအကအလှသံချပ်အဖွဲ့လေ့ကျင့်ရာမှ စည်တိုနှက်သံ သံချပ်တိုင်သံ တို့ကိုကြားရပြီ။ ဘောင်းဘီရှည်စပို့ရှပ်နှင့်ကက်ဦးထုပ်ပျော့တို့ကိုဝတ်ဆင်လျက် ဒိုးအဖွဲ့နှင့်သံချပ်တိုင်သူတို့အကြား လူးလာခေါက်ပြန်လျှောက်နေသော သံချပ်များ၏ဖန်တီးရှင် အသက်တစ်ထောင်ဂုရုကွေးခေါ် ဆရာကြီးအီကြာကွေးကိုတွေ့တွေ့လာနေရပြီ။ တောင်ဥက္ကလာတွင်နေထိုင်သော ဓနူဖြူသားဆရာကြီး စမ်းချောင်းသို့ အရောက်အပေါက်များလာပြီဆိုလျှင် သင်္ကြန်ကျတော့မည်ဟူ၍မှတ်ရာ၏။ လေ့ကျင့်ရာအဖွဲ့ခေါင်းဆောင်အိမ်၏အပြင်ဘက်လမ်းမပေါ်မှာ ညဦးပိုင်းကတည်းက လာရောက်ကြည့်ရှုကြသူများဖြင့် စည်ကားနေကြပြီ။ သံချပ်ကိုစိတ်ဝင်စားသူများရှိသလို ပူပြင်းသောရာသီဥတုကြောင့်ခေတ္တခဏအပူရှောင်ရင်း ငေးလိုကြသူတွေလည်းပါဝင်သည်။ မကြီးမငယ်ကျွန်တော့်မှာမူ ကျောင်းပိတ်၍စာမေးပွဲလည်းပြီးပြီဖြစ်ရာ ညဉ့်နက် တခါတရံဝိုင်းသိမ်းသည်အထိ အားပေးကြည့်ရှုဖြစ်သည်။ ခေတ်ကိုသရော်သောသံချပ်များအား မာန်ပါပါတိုင်ဖေါက်ကြလိုအပ်ချက်ရှိလျှင်ညှိကြပြင်ကြ လွပ်လပ်စွာနောက်ပြောင်ရယ်မောကြသည်ကို ပွဲမဝင်မီကြိုတင်မြင်ခွင့်ရသည်မှာ စင်ပေါ်တွင် ကြည့်ရသည်ထက်ထူးခြားသောရသတမျိုးခံစားရသလိုပင်။

ဇာတ်တိုက်သည်ကိုဇာတ်ကသည်ထက်ပို၍စိတ်ဝင်စားတတ်သောကျွန်တော် ရပ်ကွက်အတွင်းသံချပ်အဖွဲ့လေ့ကျင့်ရာ၌အမြဲတမ်းပရိဿတ်ဖြစ်ခဲ့ဘူးသည့်အခြားအကြောင်းတရပ်ရှိဦးမည်ဆိုလျှင် ထိုအဖွဲ့မှပင်တိုင်မင်းသမီး မမခင်မြ၏နဂိုနေအလှကိုရှုမြင်ခွင့်ရခြင်းပင်ဖြစ်နိူင်သည်။ တစ်ရပ်ကွက်တည်းသူ ပန်တျာကျောင်း နည်းပြဆရာမလေး မမခင်မြ၏မပြုမပြင်နဂိုယဉ်အလှနှင့် ညက်ညောသောအကလေ့ကျင့်ဟန်တို့မှာ ဝတ်စုံပြည့်ချယ်သပြီး စင်ပေါ်မှာတစ်ကယ်ကသည်ထက်များစွာပို၍စွဲမက်ဘွယ်ဖြစ်ကြောင်း လူပျိုပေါက်ကျွန်တော် မှတ်ယူမိခဲ့ဖူးသည်။ မည်သို့ဆိုစေ သင်္ကြန်ကိုစောင့်စား ရသောရက်တို့ ကုန်လွယ်ခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်၏။ သို့နှင့်ပင် သင်္ကြန်သို့တိုင်လေတော့သည်။

ကျွန်တော်တို့ခေတ်သင်္ကြန်သည် ဟိတ်ဟန်ကင်း၍ချစ်စရာယ္ခုတော့လွမ်းစရာကောင်းသည်ဆိုလျှင် ကာလ သားသမီးတွေသဘောတူနိူင်ပါ့မည်လားမသိ။ ကျွန်တော့်သားသမီးများကမူ အတ္တနောမတိ (Idiosyncrasy) တစ်ရပ်သာဟုရယ်သွမ်းသွေးကြ၏။ သိမီကြုံတွေ့ဖူးသူမျိုးဆက်တူများထဲမှာပင် သဘောထားကွဲသူတွေ ရှိကောင်းရှိနိူင်မည်ထင်သည်။ သို့ရာတွင်  ထိုစကားများကိုကျွန်တော် နှိုင်းနှိုင်းချိန်ချိန်ပြောခဲ့ခြင်းသာဖြစ်၏။ ရန်ကုန်သင်္ကြန်၊ မန္တလေးသင်္ကြန်၊ မော်လမြိုင်သင်္ကြန်၊ တောင်ကြီးသင်္ကြန်စသည်ဖြင့် သူ့ဂုဏ်ပုဒ်နှင့်သူထင်ရှားခဲ့ကြသလို ဂုဏ်ယူဘွယ်ရာဝိသေသအသီးသီးရှိခဲ့ကြသည်မှာအမှန်ဖြစ်၏။ ထိုစဉ်ကမြို့တော်မို့ ရန်ကုန်သင်္ကြန်က ဆန်းကျယ်သလို မန်းသင်္ကြန်ကနန်းဆန်သည် မော်လမြိုင်သင်္ကြန်ထမင်းနှင့် တောင်ကြီးရှမ်းရိုးရာကျောင်းတက်ပွဲတွေကထင်ရှားသည်။ ဝမ်းနည်းဘွယ်ဟုပြောရလောက်အောင် ခုတော့ထိုအရာတွေ မှေးမှိန်ကုန်ကြပြီ။

ရန်ကုန်မှာမြို့နယ်တိုင်း၏ ရပ်ကွက်တိုင်းလမ်းတိုင်းလိုလိုပင် ရေပက်မဏ္ဍပ်တွေရှိကြသလို ဆုပေးမဏ္ဍပ်ဟုခေါ်ကြသောအကအလှသံချပ်ပြိုင်ပွဲဝင်မဏ္ဍပ်တွေကနေရာအနှံ့။ စီးပွားရေးမပါစပွန်ဆာမရှိ ကိန်းကြီးခန်းကြီးမနိူင်။ ရေပက်မဏ္ဍပ်ဆိုလျှင်သစ်သားတိုင်ထောင် မျက်နှာစာမှာအုန်းလက်အရွယ်တော်နှစ်လက်သုံးလက် ကပ်ချည်ပြီး နေပူခံအောင်အုံးလက်မိုး၊ ရေတိုင်ကီလေးငါးလုံးတန်းစီချလိုက်လျှင်ပြည့်စုံပြီ။ ပန်းချီဆွဲတတ်သူရှိက  သုံးထပ်သားသို့မဟုတ်သရိုင်ဖျာ (ဝါးဖျာပြော့) ပေါ်မှာ သင်္ဘောဆေးဖြင့်ဆိုင်းဘုတ်ရေးပြီး လိုအပ်သလို ချိတ်ဆွဲလိုက်ရုံသာ။ ရေအတွက် နီးစပ်ရာမီးသတ်ပိုက်ခေါင်း (ဟိုတုံးက လမ်းထိပ်တိုင်းတွင်ရှိသည်) ကိုဖွင့်၍  ပိုက်ဆက်ပြီး သုံးနိူင်သည်။ မခက်သည့်တိုင် ခွင့်ပြုမိန့်တော့လိုသည်။

တတ်နိုင်သူတွေက လက်ရိုက်တုံကင်ပန့်တွေသုံး၍ ရေစူးပိုက်များဖြင့် အကြမ်းပတမ်းပက်ကြ၏။ တချို့က ပို၍အားပြင်းသောမော်တာ သို့မဟုတ်အင်ဂျင်ပန့်များကိုရှာဖွေသုံးစွဲကြသည်။ အများစုမှာ လက်ဆွဲပုံးအတွင်းမှရေကိုနို့ဆီခွက်ဖြင့်ခပ်ကာ ရေပက်ခံသူ၏ကျောပြင်ကိုဗျောတင်သလိုနှက်လျက်ပက်ကြသည်။ ရည်ရွယ်ချက် က ရေပက်ခံကားပေါ်မှကာလသားတွေ (အရွယ်လွန်တွေလည်းပါသည်) ခေါင်းမဖေါ်နိူင်ရေးနှင့်မဏ္ဍပ်သူလှပျိုဖြူတွေဘက်သို့လှည့်ကြည့်ခွင့်ပင်မရနိူင်ရေးဖြစ်၏။ ဇွဲကောင်းကောင်း အကိုကာလသားတွေကလည်း နာအောင်ကျင်အောင်တရစပ်ပက်သည့်ကြားမှပင်လှည့်ဖြစ်အောင်လှည့်ကြည့်ဖြစ်အောင်ကြည့်ရင်း ထိကပါးယိကပါးပြောကြစကြနောက်ကြသည် (ခွက်စုတ်ကလေးနဲ့ပက်တာလောက်တော့ ရီတာပေါ့ဟူ၏)။

ရံဖန်ရံခါဆိုသလိုရေပက်သူနှင့်ရေပက်ခံသူတို့အကြား စကားဖြင့်ကတောက်ကဆဖြစ်တတ်ကြသော်လည်း ရန်ပွဲအသွင်တော့ဆောင်ခဲသည်။ မူးယစ်ဆေးမရှိ။ အရက်သေစာသောက်စားသူတွေရှိသော်လည်း ရမ်းကားသူနည်းပါး၏။ သို့သော် ရေတော့ကုန်သည် (ရေဖြုံးတီးသောပွဲဟု အချို့ဆိုကြသည်)။ သင်္ကြန်တစ်ပွဲလျှင် ရေ မည်မျှကုန်မှန်းအတိအကျမသိသော်လည်း ပွဲပြီးချိန်မှာရှမ်းလမ်းမကြီးတလျှောက် လမ်းပုခုံးသဲမြေတွေ ၆လက္မခန့် နိမ့်ဆင်းသွားသည်ကိုကျွန်တော်သတိပြုမိခဲ့ဖူးသည်။ အပျော်ကဲ၍လားငယ်သေး၍လားမသိ၊ နှမျောစုံမက်တော့မဖြစ်မိ။ အစိုးရမြူနီစီပယ်(စည်ပင်သာယာ) က ဂျိုးဖြူကန်မှာ ရေဘယ်မျှကျန်သည်ကိုသင်္ကြန်ပြီးချိန် မိုးမကျမီလောက်တွင်ကြေညာလေ့ရှိရာ စိုးရိမ်ဖွယ်အနေအထားလည်းတစ်ခါမျှမကြားစဘူးခဲ့။

ရေပက်သူတွေရေပက်ခံတွက်သူတွေအားရပါးရပျော်ကြသလို ဆုပေးမဏ္ဍပ်တွေမှာပြိုင်ပွဲဝင်အဖွဲ့တွေက တိုးမပေါက်။ တစ်ခါတစ်ရံ လမ်းပိတ်သည်အထိအားပေးသူပရိဿတ်တွေနေ့ရောညပါစည်ကားလှ၏။ တချို့ကားတွေက အလှဆင်ယဉ်မှုကိုဦးစားပေးကြသလို တချို့အက တချို့ဟာသ တချို့ကသဘာဝနှင့် တချို့ကျတော့ သံချပ်ကိုအဓိကထားယှဉ်ပြိုင်ကြသည်။ ဦးစားပေးခြင်းမတူလင့်ကစား အားလုံးနှစ်သက်စရာတွေချည့်ပင်။ အကသမားတွေက ရိုးရာသူငယ်တော်အက၊ ခုနှစ်ထွေ၊ ဆယ်နှစ်ထွေအကတွေ၊ ယိုးဒယားကန်တော့ချိုးတွေကိုအလှပြယာဉ်ပေါ်သို့မဟုတ်စင်ပေါ်မှအစွမ်းပြကခုန်ကြသလို ဟာသနှင့်သဘာဝသမားတွေကခေတ်၏ အမြီးအမောက်မတည့်ပုံတွေကို ရှာရှာဖွေဖွေကြည့်ထိထိမိမိပုံဖေါ်ရင်းထေ့ကြငေါ့ကြလှောင်ပြောင်ကြသည်။ အားလုံးတစုတဝေး ပိုင်ပိုင်နိုင်နိုင်ခန်းခန်းနားနားတင်ဆက်နိုင်သူတွေမှာ စွယ်စုံစာရင်းဝင်တွေဖြစ်ကြ၏။ အနန္တစွမ်းအားရှင်၊ ပြည်တော်ချစ်မင်းသားကြီး၊ ကမ္ဘာကျော်၊ တောကသာဓု၊ မောင်မောင်တို့အဖွဲ့စသည်တို့မှာ စွယ်စုံအဖွဲ့တွေဖြစ်ကြသည်။

ကြည့်ခဲ့ဘူးသမျှထဲမှ ကျွန်တော်မှတ်မိနေသောအသင်းတခု (တောကသာဓုဟုထင်သည်) မှာ အလှပြယာဉ်ကို မြစ်ရိုးတစ်လျှောက်မြင်တွေ့ရတတ်သောဝါးဖေါင်ကြီးတခုပုံသဏ္ဍန်တည်ဆောက်ထားသည်။ ဖေါင်လုပ်သား များနေထိုင်ရာတဲအိမ်ငယ် ချက်ပြုတ်ရန်မီးဖိုမှအစ စုံလင်စွာခင်းကျင်းလျှက် မဏ္ဍပ်တခုသို့ဝင်သည်နှင့် ဖေါင်လုပ်သားအဖြစ် သရုပ်ဆောင်သူတစ်ဦးကကားပေါ်မှလမ်းပေါ်သို့ ဟန်ပါပါ တစ်ပတ်ကျွမ်းထိုးကာ ခုန်ဆင်းပြီး ကြိုးချည်ဟန်ပြုခြင်းဖြင့်အစပြုသည်။ ချက်ပြုတ်စားသောက်နေထိုင်ပုံမှစ၍ စားဦးစားဖျားအငွေ့တစ်ထောင်းထောင်းထမင်းနှင့်ဟင်းလျာများခူးခပ်ပြီး ဆိုင်ရာပိုင်ရာများသို့တင်မြှောက်ပသပုံအထိ အသေးစိတ် ဂရုစိုက်လျက်တစ်ကယ့်ဖေါင်ကြီးမျှောလာသည့်အလားသရုပ်ဆောင်ကြသည်မှာ ကျွန်တော့်အမြင်ပီပြင်လှ၏။ ထိုနှစ် ထိုအဖွဲ့ ထိုမဏ္ဍာပ်၏သဘာဝပထမဆုကိုဆွတ်ခူးသွားသောအခါ ကြားကကျွန်တော်ဝမ်းသာခဲ့ဖူးလေသည်။ ဆုဆိုသဖြင့်အမှတ်ရသည်မှာ ယ္ခုခေတ်မှာကဲ့သို့ငွေသားဆုမျိုးမဟုတ်၊ ဒိုင်းဆုကဲ့သို့သောဆုတံဆိပ်သာဖြစ်၏။ ငွေကြေးထက် ပီတိကိုပိုမိုတန်ဖိုးထားယှဉ်ပြိုင်ကြသောခေတ်ဟုဆိုနိူင်မည်လောမသိပေ။

အနီရောင်ကဗျာဆရာများဦးဆောင်သည့် ပိတောက်တစ္ဆေကဲ့သို့သောအဖွဲ့မျိုးကမူ အလှအကမပါသံချပ် သက်သက်ဖြင့်ပြိုင်ပွဲဝင်ကြသည်။ သူတို့ကအဖြစ်သနစ်ထက် စံနစ်ကိုရဲရဲရင့်ရင့်ဝေဖန်ကြသည်။ ဆုကိုမမျှော် အတွေးအခေါ်ဖြင့် လူထုကိုလှုံ့ဆော်ရင်းယုံကြည်ရာကို တစ်နှစ်တစ်ခါကြွေးကြော်နေကြသူများဖြစ်ရာ အာဏာပိုင်များနှင့်မကြာမကြာအတိုက်အခံဖြစ်ကြရဖြစ်ဝံ့ကြသူများလည်းဖြစ်ကြသည်။ သို့သော် သူလည်းသူ့ပရိဿတ်နှင့်သူ။ ပန်းတနော်လမ်းသားကမူ အနီတွေဟုဆိုကာသွားမကြည့်။ မကြည့်ဘဲ ပျစ်ပျစ်နှစ်နှစ်ပင် ဝေဖန်လိုက်သေး၏။ မင်းရောအနီပဲမို့လားဟုကျွန်တော်ကမေးလျှင် စိတ်မရှည်သံဖြင့်မင်းမသိပါဘူးကွာဟုပြောတတ်သည်။ ကျွန်တော့်မှာသိပ်စိတ်ဝင်စားခြင်းလည်းမရှိသဖြင့် သူပြောသည်ကိုနားမရှင်းသည့်တိုင် ဘာမျှထပ်မမေးတော့။ သူတို့အနီတွေလည်း အချင်းချင်းမညီမညွတ်ဖြစ်တတ်ကြပေ၏ ဟူ၍သာမှတ်သားဖြစ်ခဲ့လေသည်။

သင်္ကြန်ကိုယစ်မူးတွယ်တာတတ်ချိန်မှာ အကြောင်းအားလျော်စွာရန်ကုန်သင်္ကြန်နှင့်ကျွန်တော် သုံးလေးကြိမ်လောက်ခွဲခွာခဲ့ရဘူးသည်။ တစ်ကြိမ်ကမန္တလေးရောက်၊ နောက်တစ်ကြိမ်ကရပ်စောက်၊ ကျန်နှစ်ကြိမ်လောက်မှာ တောထဲတောင်ထဲကလုပ်ငန်းခွင်တွေမှာဖြစ်သည်။ မန္တလေးသင်္ကြန်ကိုယ်၌ကသူ့ဝိသေသနှင့်သူမို့ အမှတ်တရရှိခဲ့ငြား ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်မပျော်ပိုက်။ ကျုံးပတ်ဝန်းကျင်လောက်မှာသာ အင်တိုက် အားတိုက်ရေပက်ပြီး စင်တော်ကောက်အနူပညာသည်များကိုပွဲထုတ်ဘို့ရန်သာစိတ်စောတတ်သောမန္တလေးဟု ရန်ကုန်ကိုသတိတရဖြင့် ကျွန်တော်ပြစ်ပြစ်ခါခါတွေးမိခဲ့သည်။ ထိုစဉ်က ရုပ်ရှင်မင်းသားကြီးဝင်းဦးနှင့် တက်သစ်စမင်းသား ဇော်ဝမ်းတို့ကျော်ဟိန်းတို့ မန္တလေးတွင်နှစ်စဉ်သင်္ကြန်ကျလေ့ရှိပြီး၎င်းတို့ရောက်လေရာ တိုးမပေါက်အောင်စည်ကားသောခေတ်လည်းဖြစ်၏။

ရပ်စောက်သင်္ကြန်နှင့်ပတ်သက်၍အမှတ်ရချက်မှာမူ လူငယ်တစ်ဦး၏ခံပြင်းစိတ်နှင့်ယှဉ်မည်ထင်သည်။ ရပ်စောက်နှင့်ဗထူးကနှစ်ကိုယ့်တစိတ်မြို့တွေမို့ ဗထူးရေတံခွန်သို့သွားရောက်ရေကစားကြရန် မြို့ခံသူငယ်ချင်းက စီစဉ်ခဲ့သည်။ ရန်ကုန်သားတွေရောက်ဖူးစေချင်တာလည်းပါသည်။  တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့ကျမှ ဗထူး တပ်မြို့ တပ်နယ်မှူးမိသားစုတို့အစောင့်အရှောက်ထူထဲစွာချ၍ရေကစားနေကြသောကြောင့် အရပ်သားတွေဝင်ခွင့်မရခဲ့။ ပဒေသရာဇ်စော်ဘွားတွေအာဏာစွန့်ခဲ့ရသောအရပ်ဒေသတစ်ခုမှာ စစ်ပဒေသရာဇ်အာဏာပိုင်တစ်ဦးက သင်္ကြန်လုံမငယ်အားတော်ကောက် (သိမ်းပိုက်) ထားသလိုမျိုး ကျွန်တော်ခံစားမိခဲ့ရလေသည်။

နောက်ပိုင်း ရန်ကုန်သင်္ကြန်တွေမစည်ကားတော့။ အထူးသဖြင့် ရိုးရာသံချပ်သံတွေတိတ်ဆိတ်ကုန်သည်။ ငါတကောကောခြင်းကိုစွမ်းရည်တစ်ရပ်သဖွယ်ဂုဏ်ယူကျင့်သုံးကြသည့် အုပ်ချုပ်ရေးလူတွင်ကျယ်တွေ လက်ထက်မှာ သင်္ကြန်သည်ချို့တဲ့ပညာညှိုးငယ်စွာဖြင့်ရွံရှာလန့်ထိတ်အသံဆိတ်လျက်သာ ရှိချေတော့၏။ တစ်ဖက်မှလည်း သူဋ္ဌေးဖြစ်နောက်ကျမှာစိုး၍ အရာရာကိုငွေနှင့်ကိုယ်တိုင်လည်းလဲ သူတကာတွေလဲဖို့ကိုလည်း အားပေးအားမြှောက်ပြုသောယဉ်ကျေးမှုစစ်မျက်နှာသစ်တခုဝင်အလာမှာ စပွန်စာသင်္ကြန်တွေ စီးပွားဖြစ်မဏ္ဍပ်တွေအလျှိုအလျှိုပေါ်လာကြပြန်သည်။ ဘိန်းမင်းကဇော် လှော်စာ အရက် ရွာသူတွေဝင် ဖျက်ချင်တိုင်းဖျက်ပျက်ချင်တိုင်းပျက်ခွင့်ရနေကြသော ထိုကလိယုဂ်ကာလမှာ သင်္ကြန်နှင့်ကျွန်တော် ခပ်စိမ်းစိမ်းနေဖြစ်ကြတော့သည်။ ထိုမှ လမ်းခွဲဖြစ်ကြသောအခါ အထူးတလည်လွမ်းမိတမိခြင်းမျိုးပင်မရှိတော့။

ဒေသစွဲကြီးလွန်းသောမြန်မာတွေမို့ ရောက်ရာအရပ်မှာရသေ့စိတ်ဖြေအနေမျိုးရိုးရာသင်္ကြန်ပွဲဆင်နွှဲတတ်ကြကြောင်းသိလျက် ကြုံနေသည့်တိုင်ကိုယ်ထိလက်ရောက်ကျွန်တော်မပါဝင်ဖြစ်ခဲ့။ ရန်ကုန်မှခွာခဲ့ပြီး ရန်ကုန်သင်္ကြန်ကိုပြန်ရကောင်းမှန်းမသိသည်မှာပင်ကြာခဲ့ပြီ။ သို့ရာတွင် ယ္ခုနှစ်သင်္ကြန်ရန်ကုန်ကိုထူးထူးခြားခြား အမှတ်ရနေမိသည်။ အလုပ်မှအနားယူလိုက်ပြီးဖြစ်ခြင်းသည်လည်းတစ်ကြောင်းပါမည်။ ကျွန်တော်တို့တုန်းက မရှိခဲ့သည့်သင်္ကြန်ရုံးပိတ်ရက်ရှည်ဆိုသည်ကိုကြုံဖူးချင်၍လည်း ဖြစ်နိူင်သည်။ သို့နှင့် ရန်ကုန်မှာအလုပ်ဝင်ရင်းကျန်ရစ်သော အရွယ်ရောက်ပြီးသမီးငယ်အား သင်္ကြန်ရက်အတွင်းစောင့်ရှောက်ရန်ဟူသော အကြောင်း ပြချက်ဖြင့်ကျွန်တော်ပြန်လာဖြစ်ခဲ့သည်။

အမှန်စင်စစ် ကျွန်တော်စောင့်ရှောက်မည်ဆိုသောသမီးကသကြန်တွင်းတာဝန်တွေဖြင့်လက်မလည်၊ အားလပ်ခွင့်ပင်မရ။ အခြားမိတ်ဆွေ ရွယ်တူတန်းတူတွေမှာလည်း ခရီးထွက်သူထွက် တရားစခန်းဝင်သူဝင်ဖြင့် ပိတ်ရက်ကိုအကျိုးရှိစွာအသုံးချနေကြသည်။ ယုတ်စွအဆုံးကျွန်တော်နှင့်လိုက်မလာဘဲ ကျန်ရစ်သောဇနီးသည်ပင် အိမ်အနီးရှိမြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းမှာ သင်္ကြန်တွင်း နေ့စဉ်တရားအလုပ်လုပ်ဖြစ်ကြောင်း ကြားသိထားသည်။ ကိုယ့်ပြည်ကိုယ့်ရွာလာ၍ ယောင်နနဖြစ်နေရသော ကျွန်တော့်မှာသာအတိတ်ကသင်္ကြန်တွေဆီ စိတ်ရောက်လိုက်မျက်မှောက်သင်္ကြန်၏ အပြောင်းအလဲတွေအပေါ် ရင်သပ်ရှုမောဖြစ်လိုက်ဖြင့် လုံးခြာလည်နေလေတော့၏။

သင်္ကြန်အတက်နေ့ဂျူတီအထွက်တွင် သူငယ်ချင်းဆရာဝန်တွေနှင့်အတူမဏ္ဍပ်ထိုင်ရင်းနေ့တစ်ဝက်ရေကစားမည့်အကြောင်း သမီးကအသိပေးခွင့်တောင်းလာသည်။ အလုပ်အကိုင်အခြေတကျရှိကာအရွယ်ရောက်ပြီးသူသမီး သင်္ကြန်မှာမဏ္ဍပ်ထိုင်ရေပက်မည်ကိုကန့်ကွက်ရန်အကြောင်းတစ်စုံတစ်ရာမမြင်။ သို့သော် စိတ်ထဲမရှင်းသည်ကိုတော့ မအောင့်နိူင်မအည်းနိူင်ကျွန်တော်မေးမိသည်။ “သမီးရေပက်မဲ့မဏ္ဍပ်မှာရော သတင်းစာတွေထဲဖတ်ရသလို အလုံခန်းဆိုလားဘာဆိုလား အဲဒါမျိုးတွေပါသေးလား”။ သမီးကနှစ်ချိုက်စွာရယ်၏။ ပြီးမှ “သမီးက ဒီလောက်မိုက်ရမဲ့အရွယ်လား” ဟု လျှာရှည်သောလူနာအဖိုးကြီးကိုစကားစဖြတ်သလိုမျိုး ခပ်ငေါက်ငေါက်မေးရင်းဖြေလေ၏။ မိုက်မဲတွေဝေခြင်းဆိုတာအရွယ်သုံးပါးမရွေးဘူးသမီးရဲ့ဟူသော စာသံပေသံလွှမ်းသည့် ကျွန်တော့်အဆုံးအမကိုမူတစုံတရာစောဒကတော့မတက်ချေ။

နှစ်ပေါင်းများစွာ သူ့လမ်းသူကိုယ့်လမ်းကိုယ်လျှောက်နေခဲ့ကြရာမှ ယ္ခုသို့ပြန်လည်ဆုံစည်းမိကြသောအခါ သင်္ကြန်နှင့်ကျွန်တော်တို့တစ်ဦးကိုတစ်ဦး ပြင်ပြင်သားမစိမ်းကားနိူင်ကြသလို ဟိုတုံးကကျွမ်းဝင်မှုမျိုးတွေ မရှိကြတော့ပြီ။ သည်အတွက် ကျွန်တော်နားလည်နိူင်ပါသည်။ စင်စစ် သင်္ကြန်မှာလည်းသူ့လောကဓံနှင့်သူ မို့လား။



[စကားချပ်။ ယမန်နှစ်ကသင်္ကြန်မဏ္ဍပ်အချို့တွင်အလုံပိတ်အခန်းများထည့်သွင်းပြီး ကြေးရတက်လူငယ် သားပျိုသမီးပျိုများ အပျော်ခန်းများအဖြစ်အသုံးချခဲ့ကြကြောင်း၊ ယ္ခုနှစ်ရေကစားမဏ္ဍပ်များတွင်ရိုးရာ ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် အဆိုပါအလုံပိတ်ခန်းများအားထားရှိခွင့်ပြုမည်မဟုတ်ဘဲ စစ်ဆေးဖေါ်ထုတ် သွားမည်ဖြစ်ကြောင်း သတင်းစာများတွင်ရေးသားကြသည်။ မည်၍မည်မျှဖေါ်ထုတ်တားဆီးနိူင်ခဲ့ကြောင်း ထုတ်ပြန်ရေးသားချက်မတွေ့ရချေ။]