သတင်းစုံသလောက် ပုံပြောကောင်းသော ပန်းတနော် လမ်းသား(၂)ထံမှ ကြားသိ ဘူးသည့် ဖြစ်ရပ်မှန်တစ်ခုရှိ၏။ လွပ်လပ်ရေးရပြီးခေတ်တွင် အောင်မြင်ခဲ့သောရန်ကုန်တက္ကသိုလ်ထွက် စာရေး ဆရာ (ဆရာဝန်) တစ်ဦးတွင် သားသမီးနှစ်ဦးထွန်းကားခဲ့ရာ သမီးကြီးကိုအမိသားငယ်ကိုမြန်မာဟူ၍ အမည်ပေးထားသည်။ ဦးလေးဖြစ်သူတက္ကသိုလ်စာရေးဆရာနောက်တစ်ဦးနှင့်အတူ ထိုအိမ်သို့အလည်ရောက်ဘူးသော ပန်းတနော်လမ်းသား၏ပြောစကားအရ “ဧည့်သည်လာတဲ့အခါ သူ့သားနဲ့သမီးကိုပြချင်ရင် အမိမြန်မာတို့လာကြဦးဟေ့ လို့ ခေါ်လိုက်တာနဲ့ မောင်နှမနှစ်ယောက်စလုံး ရောက်လာကြတော့တာပဲ” ဟူ၏။
ထို စာရေးဆရာကြီး ယ္ခုသက်ရှိထင်ရှားမရှိတော့သလို ကျွန်တော်တို့နှင့် အရွယ်ချင်းမတိမ်းမယိမ်း အမိနှင့်မြန်မာ တို့ ဘယ်ဆီမှာ ဘယ်နာမည်တွေနှင့် ကြီးပြင်းနေထိုင်ကြသည်ကို ပန်းတနော်လမ်းသား ထပ်မပြောပြသဖြင့် ကျွန်တော်မသိ။ သို့သော် ထိုစာရေးဆရာကြီး၏ နှစ်လိုဘွယ်စိတ်ကူးစိတ်သန်းနှင့် ရိုးစင်းသော ပြည်ချစ်စိတ် အငွေ့အသက်တို့ကိုခံစားရမိသလိုရှိလေသည်။ အထူးသဖြင့် ယနေ့ကာလ သည်တိုင်းပြည်မှာ လူဖြစ်ရတာနာသလိုမျိုးပြောဆိုပြုမူနေကြသည့် သည်မြေဖွားအတော်များများကိုအကြောင်းအားလျော်စွာ တွေ့ကြုံရလေတိုင်းပန်းတနော်လမ်းသားနှင့်ထိုစာရေးဆရာကြီးတို့ကိုယှဉ်တွဲလျက်အမှတ်ရဖြစ်လေသည်။
ကိုယ်တိုင်က သည်တိုင်းပြည်ပြင်ပမှာနှစ်အတန်ကြာအသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး သားသမီးအချို့ ယခုတိုင် ထိုမှာရှိကြဆဲမို့ ကျွန်တော့်စကား၏ လေးနက်မှုကမေးခွန်းထုတ်စရာ ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် ကျွန်တော့်အနေနှင့်ပြင်ဆင်ပြောဆိုလိမ့်မည်မဟုတ်။ စင်စစ် နိုင်ငံတော်ဆိုသော စကားလုံးသုံးစွဲခွင့်ကိုပင် ကန့်သတ်ခံရဘူးသည့်အခြေအနေများကြားမှာ နိုင်ငံတော်သားတစ်ယောက်အဖြစ် မတ်မတ်မားမား ဝင့်ကြွားနေထိုင်ခဲ့သော ကျွန်တော်ကြီးကောင်ကြီးမားကျကာမှ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပြည်ပထွက်၍ အသက် ဆက်ခဲ့ရသည့်တိုင် သည်နိုင်ငံသားဖြစ်ရသည်ကို နောင်တဖြင့်မညည်းညူခဲ့မိ။ သည်နိုင်ငံတွင်းက စံနစ်တွေသနစ်တွေကိုတော့ နောင်တနှင့်ရော ဒေါသနှင့်ပါ ကြုံလျှင်ကြုံသလို ပြောခဲ့ဆိုခဲ့ ရံဖန်ရံခါရှုတ်ချခဲ့ဘူးသည်။ ဒါသည်ပင် ကျွန်တော် နိုင်ငံတော် အဝန်းအဝိုင်းအတွင်းမှာ မရှင်သန်ခဲ့သော အကြောင်း တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။
ဘွဲ့ရပြီးစ အမြဲတန်းရာထူးအတွက်ဖြေဆိုထားဆဲကာလအတွင်း မြန်မာ့ရေနံဘက်တွင် လုပ်ငန်းပြ အင်ဂျင်နီယာအဖြစ် တစ်နှစ်ကြာကျွန်တော် အမှုထမ်းခဲ့ဘူးသည်။ ပထမဦးဆုံး လိုက်ပါရသော ရေနံမြေမှာ ကျုံပျော်မြိ့နယ် ကျုံတနီး ရေနံတူးဖေါ်ရေးစခန်းဖြစ်၏။ ဆောက်လုပ်ရေးနှင့် တွင်းတူးစင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေခိုက်မို့ ကျွန်တော့်အဖို့ရာ အလုပ်များများစားစားမရှိ။ ထိုအချိန် ဆောက်လုပ်ရေးတာဝန်ခံမှ ကျောက်စရစ် တွဲဆွဲရန် ရေယာဉ်တစ်စီး အရေးပေါ်လိုအပ်သောကြောင့် ရှာဖွေငှါးရမ်းဘို့ အကြီးတန်း တွင်းတူးအင်ဂျင်နီယာတစ်ဦးနှင့်အတူ လိုက်ပါရန် ကျွန်တော့်အားတာဝန်ပေးလေသည်။ အနီးဆုံး ဧရာဝတီမြစ်ကမ်းပေါ်ရှိ မြို့ပေါ်သို့သွားရောက်ကြရာ၌ ပုဂ္ဂလိကရေယာဉ်အားလုံး မြို့နယ်ကောင်စီ ခွင့်ပြုချက်နှင့်သာ အငှါးလိုက်ရမည်ဆိုသဖြင့် နှစ်ဦးသား မြို့နယ်ကောင်စီရုံးသို့ ပြေးကြရသည်။ အလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးထံ ဝင်ရောက် တွေ့ဆုံရာ ဆင်ဝှေ့ရန်ရှောင် စကားတွေသာ အပ်ကြောင်း ထပ်နေသည့်အဆုံး မနူးမနပ်ကျွန်တော်က နိုင်ငံတော်စီမံကိန်းတစ်ရပ်မို့ ကူညီပါရန် ဝင်ရောက်ပြောဆို မိလေသည်။
ထိုစကား ကျွန်တော့်နှုတ်ဖျားမှထွက်သွားခိုက် ထိုပုဂ္ဂိုလ်၏ စက်ဆုပ် သော အကြည့်နှင့်အတူ “ကျုပ်တို့ နိုင်ငံတော်အတွက်လုပ်နေတာက ခင်ဗျားတို့ကိစ္စတွေကို ဆန်စင်ရာကျည်ပွေ့လိုက်ဘို့မဟုတ် ဘူးဗျ” ဟု သဘောရသောစကားများကို အမြောက်ပစ်သလို ကြုံးဝါးပြောဆိုခံရပြီးနောက် ကျွန်တော်တို့ ဆုတ်ခွာခဲ့ရ၏။ လမ်းပေါ်သို့ပြန်အရောက် ကျွန်တော့်ထက်လုပ်သက်ဆယ်နှစ်ခန့် ပိုသော်လည်း လူတိုင်းကို တလေးတစားဆက်ဆံတတ်သူဝါရင့်စီနီယာကြီးက “သူတို့နဲစကားပြောရင်နိုင်ငံတော်ဆိုတဲ့အသုံးအနှုံးမပါစေနဲ့ သူတို့မကြိုက်ဘူးဗျ” ဟုလေသံအေးအေးဖြင့်ပြောသည်။ ပြီးမှ ကျွန်တော့်မျက်နှာပေါ်တွင် ရှုပ်ထွေးဆဲ အရိပ်အယောင်များကိုသတိပြုမိဟန်ဖြင့် “သူတို့ကလွဲရင် ဒီစကားလုံးသူများသုံးတာမကြိုက်ဘူး” ဟု ဖြည့်စွက်ရှင်းလင်းလေသည်။ မည်သို့ဆိုစေ စကားကြီး စကားကျယ် ပြောဆိုခြင်း၌ ဝါသနာထုံသူ (မတန်မရာ ပြောသည်ဟု ရင်းနှီးသောသူငယ်ချင်းများ၏ ထောမနာပြုခြင်းခံရလေ့ရှိသူ) ကျွန်တော်က မဆင်ခြင်တတ် လေရာ အလားတူချောက် (ဂျောက်) ကျရ သည့်အဖြစ်မျိုး မကြာမကြာ ကြုံရ၏။ ထားတော့။
ထိုနေ့ကအဖြစ်ကို ပြန်ဆက်ရလျှင် အနီးဝန်းကျင်မြို့တွေမှာ အဆင်မပြေသည့်အဆုံး စီနီယာကြီး၏ဇာတိ ပုသိမ်မြို့အထိတက်ပြီး သူ့ငယ်သူငယ်ချင်း ပါတီယူနစ်အတွင်းရေးမှူးတစ်ဦး၏ အကူအညီဖြင့် ဆွဲရေယာဉ်ငယ် တစ်စင်းကို ငှါးရမ်းရယူခဲ့ရလေသည်။ သည့်နောက်ပိုင်း အမြဲတန်း ရာထူးနေရာကို အခြားဌာနတစ်ခုတွင် ခန့်အပ် ခံရသဖြင့် ထိုအလုပ်မှထွက်ခွာလာခဲ့ပြီးသည့်တိုင် အပြောအဆိုမလိမ္မာ အနေအထိုင်မသိမ်မွေ့ မှုတွေကြောင့် ရောက်လေရာ လူနားမကပ်နတ်နားမနီးဆိုသလို ဖြစ်ရပြန်၏။ ဆိုဆုမ္မတတ်သည့် စီနီယာနှင့်ဝေး နောက်ထပ် သူ့လိုစီနီယာမျိုးနှင့် ထပ်မံဆုံစည်းရခြင်းလည်းမရှိတော့ပြီမို့ သုမနကျောမှာ ဒဏ်ရာတွေက ဝန်ထမ်းဘဝဆုံးသည့်တိုင် အထင်းသား။ အမြဲတန်းရာထူးလုပ်သက် ဆယ့်ငါးနှစ်အကြာ အစိုးရတစ်ခါပြောင်းပြီး ဗူးတောင်းရော စောင်းချမ်းပါ ရော၍နစ်ကြသည်၌ ကျွန်တော်လည်း ဆိုဘွယ်ရာမရှိပြီ။ သို့သော် ထိုအစိုးရကပင် ဈေးကွက်စီးပွားရေးကို လမ်းခင်းပေးပြန်ရာ ဝန်ထမ်းဘဝကိုပြုံးပြလမ်းခွဲပြီး သူဌေးလောင်း အိပ်မက်မက်သူတွေအကြားတိုးသွားဘို့ ကျွန်တော်ကြိုးစားခဲ့ပြန်သည်။ “ပြောင်းလဲလာသော နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ပြင်ပတွင်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်လုပ်ကိုင်နိုင်ရန်အတွက် လက်ရှိအလုပ်မှအခွင့်အရေးတစ်စုံတစ်ရာရယူခံစားခြင်းမရှိဘဲ နုတ်ထွက်ခွင့်ပြုပါရန်” လျှောက်ထားလိုက်ခြင်းဖြစ်သတည်း။ သို့သော် သည် “နိုင်ငံတော်” က ကျွန်တော်နှင့်အပ်စပ်ပုံမပေါ်။
နုတ်ထွက်စာတင်ပြီး လအနည်းငယ်အကြာတစ်နေ့သောအခါ၌ ဌာနမှူးဖြစ်သူသည် ကျွန်တော်တာဝန်ကျရာ ဌာနခွဲသို့ အစည်းအဝေးအလို့ငှါ လာရောက်ရင်း ခရီးသွားဟန်လွှဲသဘောမျိုး ကျွန်တော့်ကို ခေါ်ယူတွေ့ဆုံခဲ့၏။ လုပ်ငန်းကိစ္စအချို့ မေးမြန်းပြောဆိုပြီးနောက် ကျွန်တော်၏ နှုတ်ထွက်ခွင့်တောင်းခံလွှာ အကြောင်း စကားစကာ ထိုစာအား အသစ်တစ်ဖန်ပြန်လည်ရေးသားတင်ပြဘို့ ညွှန်ကြားလေတော့သည်။ မည်သည့် အမှားကြောင့် ပြန်လည်ရေးသားရမည်ကို သိလိုသည့်အပေါ် “လျှာမရှည်နဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး ပြန်တင်လိုက်” ဟု မျက်နှာထား တည်တည် လေသံပြတ်ပြတ်ဖြင့် ထပ်ဆင့်ညွှန်ကြား ခဲ့၏။ ထိုအခါ အနာဟောင်းကို အဆွခံလိုက်ရသော (ကျွန်တော့်မှာထိုအနာဟောင်းရှိသည်ကို ဌာနမှူးသိပုံမပေါ်) ကျွန်တော်က နိုင်ငံသားတစ်ယောက် ရေးသားတင်ပြသောတရားဝင်စာတစ်စောင်တွင် နိုင်ငံတော်ဆိုသောစကားရပ်အား သုံးနှုံးခွင့်မရှိဘူးဆိုပါက အခြားအလားတူစကားလုံးမရှိ အစားထိုးနိုင်မည်မထင်သလို ပြင်ဆင်ခြင်းကိုလည်းပြုနိုင်မည် မဟုတ်ပါကြောင်းဖြင့်ငြင်းဆိုလိုက်တော့၏။ ထိုစကားလုံးမပြင်လျှင် အထက်သို့တင်ပြပေးနိုင်မည်မဟုတ်ဆိုသော ဌာနမှူး၏စကားကိုမူ ‘ဒါကတော့ ဆရာတို့အလုပ် ဆရာတို့သဘောပါပဲ’ ဟူ၍သာ ပြန်ကြားခဲ့လေသည်။ တိုတိုပြောရသော် ဘုရားလှိုင်ခေါင်း အောင်း၍မာန်သွေး ဟောင်စရာမရှိသောခွေးပမာ ထိုပွဲမှာကျွန်တော်လူပြေးဖြစ်ရ၏။ ရူးသွပ်ခဲ့သောစည်းမျဉ်းခံဝန်ထမ်းဘဝ ဤတွင်ရွေ့ နိဋ္ဌိတံ။
ထိုမျှတပ်မက်ခဲ့သောနိုင်ငံတော်သည် စင်စစ်ကျွန်တော်နှင့်မအပ်မရာသာဖြစ်ကြောင်း လက္ခံသိမ်းဆည်း လိုက်ရသည့် အဖြစ်ကလည်း နည်းနည်းတော့စိတ်ပျက်ဘွယ်ဖြစ်၏။ ဝန်ထမ်းဘဝနောက်ဆုံးကာလတွေမှာ စိတ်လေ လေနှင့် စီးပွားရေးတွေလျှောက်လုပ်ရင်း ကိုယ် မကျွမ်းကျင်သော နယ်ပယ်မှာ ယောင် ဝါးဝါးဖြစ်နေချိန် အားတက်ဘွယ် သတင်းတစ်ပုဒ်ကို ကျွန်တော်ကြားသိခဲ့ရသည်။ ကျွန်တော် ကန်ထရိုက် ယူ၍ ကွင်းဆင်းလုပ်ကိုင်နေသော တည်ဆောက်ရေးလုပ်ငန်းအချို့နှင့် ဆက်စပ်ရာဌာန တစ်ခုတွင် ကျွန်တော်နှင့် တက္ကသိုလ်တုန်းကစာသင်ဘက် တစ်နှစ်တည်းဆင်း ရင်းလည်းရင်းနှီးသော စစ်ဘက်မှပုဂ္ဂိုလ် (ကျောင်းဆင်းပြီး တပ်ထဲဝင်သွားသူ) တစ်ဦး တိုင်းရုံး၏အကြီးအကဲအဖြစ်ရောက်ရှိလာသည့် သတင်းဖြစ်၏။ ကျွန်တော့်တွဲဘက်သူငယ်ချင်းနှင့်လည်း တစ်မြို့တည်းသားမို့ သူ့အဆောင်သူ့အခန်း (နယ်သို့အလည်ရောက်ခိုက်) သူ့နေအိမ်အထိ ဝင်ထွက်သိကျွမ်းရင်းခြာခဲ့ကြဘူးလေရာ သူ့အတွက်ဝမ်းမြောက်စကားဆို ကိုယ့်အတွက်လည်း အဆက်အသွယ်ကောင်းလေးမှရစေတော့ဟူသော လောဘဖြင့် သူ့ရုံးခန်းသို့ ကျွန်တော်သွားခဲ့၏။ ပြောရလျှင် တိုင်းအဆင့် အကြီးအကဲဆိုသောရာထူးက မသေးသည့်အပြင် သူ့ကိုမွေးသောအရှင်သည် စစ်တိုင်းမှူးဘဝမှ အရပ်ဘက်ဝန်ကြီးဖြစ်လာပြီး အစိုးရအဖွဲ့အတွင်း လွန်စွာအစွမ်းထက်သူတစ်ဦးဟူ၍လည်း ကျော်ကြားလေရာ ကျွန်တော်ကဲ့သို့သော (မည်သည့်ကျောထောက်နောက်ခံမှမရှိသူ) မနူးမနပ် စီးပွားရေးသမားပေါက်စ တစ်ယောက်အတွက် အားကိုးရာရွှေတောင်ကြီးသဘွယ်ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်သည် ကိုယ့်ကိုကိုယ်မိတ်ဆက်လျက် သူ့ရှေ့မှောက်သို့ရောက်လာသော ကျွန်တော့်အား (ကောင်းစွာ မှတ်မိကြောင်း ဖြေကြားရင်းကပင်) စိမ်းစိမ်းကြည့်၍လာရင်းကိစ္စကိုမေးပြီးနောက် ကျွန်တော့်ဂုဏ်ပြုစကားကို မသိကျေးကျွန်ပြု၊ ကျွန်တော့် (ဆက်စပ်လုပ်ငန်းများအတွက်တတ်အားသရွေ့စောင့်ရှောက်ပါရန်) အကူအညီတောင်းခံချက်ကိုလည်း “ခင်ဗျားမှာအရည်အချင်းရှိရင် နိုင်ငံတော်ကစောင့်ရှောက်မှာပါ၊ ကျွန်တော်တို့ကတော့ နိုင်ငံတော်မျက်နှာကိုပဲကြည့်ရမှာဗျ” ဟု အကြောင်းပြန်ပြီးနောက် စာပွဲပေါ်မှလမ်းလျောက်စကားပြောစက်တစ်လုံးကိုကောက်ကိုင်လျက် ဖြုတ်ချည်တပ်ချည် အလုပ်များနေသဖြင့် အလိုက်သိစွာ ကျွန်တော်ပြန်ထွက်ခဲ့၏။ ထိုနေ့ကမဆင်မခြင်လောဘတက်ခဲ့မိသည့် အပေါ်ရှက်ရှက်နှင့် (ကိုယ့်ကိုကိုယ်) အပစ်တင်မိသည့်ကြားမှပင် ကျွန်တော့်နှုတ်ဖျားမှ နိုင်ငံတော်ဆိုသောစကားလုံးမသုံးမိခဲ့ခြင်းအတွက် ကံတောင်းသည်ဟု စဉ်းစားဖြစ်သည်။
မှတ်မှတ်ရရ ထိုနေ့မှစ၍ နိုင်ငံတော်ဆိုသောဝေါဟာရ ကျွန်တော့်ထံပါးမှ ထာဝရခွဲခွာသွားသလို ကျွန်တော်လည်းနိုင်ငံတော်ပြင်ပသို့ရောက်ရှိသွားခဲ့၏။ များမကြာမီ အစိုးရအဖွဲ့အပြောင်းအလဲအတွင်း ဆရာသမားဖြစ်သူ အငြိမ်းစားပေးခံရသည်၌ ထိုပုဂ္ဂိုလ်သည်လည်း တစ်နွယ်ငင်တစ်စင်ပါဆိုသလို ရာထူးလက်မဲ့ဖြစ်သွား ရသည့်သတင်း၊ ရွှေတောင်ကြားမှာ မိသားစုနှင့်အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသည်ဆိုသော သတင်းများ ဆက်တိုက်ကြားရ၏။ လွန်ခဲ့သောငါးနှစ် ကျွန်တော် ခေတ္တပြန်လာခိုက်နှင့်ကြုံသော ကျောင်းသားဟောင်း များ မိတ်ဆုံစားပွဲတစ်ခုတွင် ‘ဟေ့ ကောင်ကြီး ခု ဘာတွေလုပ်နေလဲ’ ဆိုကာ ရင်းနှီးစွာပုခုံးကို ပုတ်လာသော သူနှင့် ပြန်ဆုံရပြီး တစ်ဝိုင်းတည်းအတူထိုင်ဖြစ်ကြရာ၌ သူရောကျွန်တော်ပါ ထို အကြောင်းတွေပြန်မပြော ဖြစ်ကြသလို သူ့ထံမှနိုင်ငံတော်ဆိုသော အသုံးအနှုံးကိုလည်းမကြားရတော့။ ထိုအချိန်ကျွန်တော့်မှာလည်း နိုင်ငံတော်နှင့်တိုင်းပြည် ခွဲခြားကြည့်မြင်သောအကျင့်က ရှိနေပြီ။
ကျွန်တော်နားလည်သလို (အတိုချုပ်) ပြောရလျှင် ပထဝီနယ်နိမိတ်သည်တိုင်းပြည်၊ လူထုနှင့်အစိုးရ ပါဝင်လျှင် နိုင်ငံဟူ၍ဖြစ်၏။ တန်ဘိုးထား ခေါ်ဝေါ်သုံးနှုံးအပ်သော နိုင်ငံတော်ဆိုသည့်ဝေါဟာရသည် တစ်ဦးတည်းမူပိုင်မဟုတ် ထိုသို့မလုပ်သင့်၊ လုပ်ပိုင်ခွင့်လည်းမရှိ။ ကျွန်တော့်ထုံးဆံ ကြီးကြီး ကျယ်ကျယ်ပြောရလျှင် ရေးခဲ့ပြီးသမျှ ဖွဲ့စည်းပုံတွေထဲမှာလည်း ထိုသို့ခွင့်ပြုမထား။ သို့သော် နိုင်ငံတော်ကို မူပိုင်လုပ်လိုသော အစိုးရယန္တရား တစ်ရပ်မက ပေါ်ထွက်ခဲ့ဘူးသည်မှာလည်း အထင်အရှားပင်ဖြစ်လေသည်။ ပို၍ဆိုးသည်က အရာရာကိုယ်ကျိုးစီးပွားနှင့်ယှဉ်ကာ နိုင်ငံတော်ကို မူပိုင်လုပ်သူတွေပါဝင် လာကြခြင်းဖြစ်၏။ ထိုအခါ ချစ်စရာကောင်းသော တိုင်းပြည်၏ပုံရိပ်ကိုပါထိခိုက်စရာဖြစ်ရ၏။ အထူးသဖြင့် ကမ္ဘာကြီးလုံးရာမှပြားရလောက်အောင် အစွမ်းထက်သောသတင်းခေတ်မှာ နိုင်ငံတော်၏မထော်မနန်းတွေက ကမ္ဘာနှင့်အဝှမ်းပလူပျံသလို ဖြစ်သည့်အခါ ကျွန်တော်တို့လို ဟိုမရောက်သည်မရောက်တွေ သူတစ်ပါးတိုင်းပြည်မှာ မျက်နှာငယ်စရာဖြစ်ရလေတော့သည်။ နဂိုကမှ ကိုယ့်တိုင်းပြည်ကိုယ်အထင်မကြီးလိုသူတွေ (အထင်ကြီးစရာရောရှိလို့လားဟု မေးနိုင်ပါသည်) အတွက်မူ ကိုယ့်ရေကိုယ့်မြေကို ခြေကန်ဘို့ပြစရာအကြောင်းတစ်ရပ်ဖြစ်လေတော့၏။ သည်လိုအချိန်မျိုးမှာ တိုင်းပြည်မျက်နှာစေ့စေ့ကြည့်ရင်း အမျက်ဖြေရခြင်းအတွက် ဂုဏ်ငယ်သည်ဟု ကျွန်တော်တော့မမြင်။
နဝတအစိုးရတက်စ အစောပိုင်းကာလတစ်ခုမှာဌာနဆိုင်ရာပညာသင်ဆုဖြင့် အနောက်နိုင်ငံ (ယူကေ) တက္ကသိုလ်တစ်ခုတွင် တစ်နှစ်တာသင်တန်းတက်ခွင့်ကျွန်တော်ရခဲ့၏။ တက္ကသိုလ်လမ်းညွှန်စာအုပ်ထဲမှာ နိုင်ငံတကာကျောင်းသားများ ဆိုင်ရာရဲစခန်းတွင် မှတ်ပုံတင်ရန်လိုအပ်သည်ဟုပါရှိသဖြင့် အဆောင်မှာ နေသားတစ်ကျ ဖြစ်လျှင်ဖြစ်ခြင်း တိုကိစ္စဆောင်ရွက်ရန်စီစဉ်ရလေသည်။ စင်စစ် ရဲစခန်းတွင် မှတ်ပုံတင်စေခြင်းအတွက်သူတို့မှာအကြောင်းတစ်ခုရှိမည်ဖြစ်သလို(ထိုစဉ်ကလုံခြုံရေးကိစ္စခုလောက်မဆိုးရွားသေး) ကျွန်တော် တို့မှာလည်း မှတ်ပုံတင်ရန်ဝန်လေးသည့်အကြောင်းကရှိနေသည်။ ထစ်ကနဲဆို ရဲစခန်းထောက်ခံစာတောင်းနေကျ နိုင်ငံမှလာသူတွေဖြစ်ရာ ရဲစခန်းသွားရခြင်းကိုကျွန်တော်တို့မမှု။ သို့သော် မှတ်ပုံတင်ကြေးအဖြစ် တစ်ဦးလျှင် ပေါင်အစိတ် (နှစ်ဆယ့်ငါးပေါင်) ပေးရမည်မှာတော့ တွန့်တိုစရာဖြစ်လေသည်။ ထိုငွေကြေးဖြင့် ချွေချွေတာတာစားလျှင်တစ်လစာလုံလောက်သည်မို့ (ပညာသင်တို့ထုံးဆံရသည့်ထောက်ပံ့ကြေးကနည်းနည်း သည်ကြားထဲ အိမ်ပြန်ချိန်မှာကားဟောင်းလေးတစ်စင်းလောက်ဝယ်ယူရန် စုမိဆောင်းမိဖြစ်လိုသော လောဘဇောကလည်းရှိနေသဖြင့်) ထိုသို့တွန့်တိုမိခြင်းဖြစ်၏။ မသွားချင်သွားချင်နှင့်ပင် ကျွန်တော်တို့ (တစ်ဌာနတည်းမှအတူလာကြသူ) နှစ်ဦး တစ်နေ့ခင်းသင်တန်းများအပြီး မြို့လည်ရှိသတ်မှတ်ထားသောရဲစခန်းသို့ မှတ်ပုံတင်ရန်အလို့ငှါ သွားရောက်ခဲ့ ကြလေသည်။
ရဲစခန်းတွင်းသို့ဝင်သည်နှင့် လူခေါ်ခေါင်းလောင်းဟုယူဆရသောခလုပ်တစ်ခုနှင့်အတူ “ခေါင်းလောင်းကို တစ်ကြိမ်သာတီးပါ။ ပြီးလျှင် သင့်ကိစ္စဆောင်ရွက်ပေးမည့်သူထွက်လာသည်အထိစောင့်ပါ” ဆိုသော စာတမ်းတစ်ခုမှအပလူရိပ်လူခြေမတွေ့ရ။ ညွှန်ကြားသည့်အတိုင်း ခေါင်းလောင်းတစ်ကြိမ်တီးပြီး ထိုင်စောင့်ကြရာ နာရီဝက်ကြာသည်အထိ တစ်ဦးမျှပေါ်မလာ။ လေးဆယ့်ငါးမီးနစ် ကြာသည့်အခါ စိတ်မရှည်နိုင်တော့သဖြင့် တစ်ကြိမ်သာတီးပါဆိုသောခေါင်းလောင်းကို နောက်တစ်ကြိမ်ထပ်တီးလိုက်သည်နှင့် မရှေးမနှောင်းမှာ ရဲသားတစ်ဦး ထွက်လာပြီးလာရင်းကိစ္စကိုမေး၏။ ထို့နောက် ကျွန်တော်တို့အား အတွင်းသို့ခေါ်ဆောင်ပြီး စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေသော အမျိုးသမီးကြီးရှိရာစာပွဲသို့ ညွှန်လိုက်လေသည်။ ထိုအမျိုးသမီးကြီးက ကျွန်တော်တို့အကျိုးအကြောင်းပြောပြသည်ကို နားထောင် ပြီးနောက် ပတ်စပို့တွေကိုယူကြည့်သည်။ ထိုနောက် ဓနသဟာယနိုင်ငံမို့ မှတ်ပုံတင်ရန်မလို ဟုပြောလေ သည်။ ရုတ်တစ်ရက် ကျွန်တော်တို့ဝမ်းသာသလို ဖြစ်ရသော်လည်း ဓနသဟာယတိုင်းပြည်ဆိုသော စကားအတွက်မတင်မကျမို့ ဓနသဟာယထဲမှာ ကျွန်ေတော်တို့ တိုင်းပြည်မပါကြောင်း လျှာတံရှည်မိသောအခါ အမျိုးသမီးကြီးကပြုံးပြီး “ငါသိပါတယ်။ မကြာသေးခင်ကမှ စစ်တပ်ကအာဏာ သိမ်းထားတဲ့ တိုင်းပြည်လေ။ အဲဒါဘာဖြစ်လဲ။ သေချာပါတယ် မင်းတို့မှတ်ပုံတင်စရာ မလိုဘူး။ သွားတော့” ဟု ယတိပြတ်ပြောကာ ဖတ်လက်စ စာအုပ်ကိုဆက်ဖတ်နေတော့၏။ ထိုနေ့က ဖြစ်ရသည့် ပီတိမှာ မှတ်ပုံတင်ခ သက်သာခြင်းထက် များစွာပိုကြောင်း ကျွန်တော်သတိပြုမိလေသည်။
ထိုခရီးမှာ ကြုံခဲ့ဘူးသမျှ နိုင်ငံနှင့်ပတ်သက်ပြီးစိတ်ကြီးဝင်ချင်စရာအကောင်းဆုံး တစ်ခုတည်းသောခရီးစဉ် ဖြစ်သလို နောက်ဆုံးခရီးစဉ်လည်းဖြစ်ပုံရ၏။ ဆေးပညာဌာနမှာလာရောက် ပညာသင်နေသော မလေးရှား လူငယ်တစ်ယောက်နှင့် အကြောင်းအားလျော်စွာမိတ်ဆွေဖြစ်ရာမှ သူဘာကြောင့်ဤတက္ကသိုလ်သို့ ရောက်လာသည်ကို ကြားသိရသည်။ သူ့စကားအတိုင်းပြောရလျှင် “ကျွန်တော်က ဒီနိုင်ငံ (ယူကေ) ကိုလာဘို့မဟုတ်ဘူးဗျ။ ဆရာဝန်ဖြစ်ချင်တဲ့ကျွန်တော် ဆယ်တန်းအောင်တော့ မိဘတွေက နီးနီးနားနား မြန်မာပြည်က ဆေးတက္ကသိုလ် တစ်ခုခုမှာတက် (မလေးရှားမှာ ဆေးတက္ကသိုလ်ရှိမရှိ၍များလားမသိ) ဘွဲ့ရပြီး မလေးရှားပြန် အလုပ်လုပ်အတွေ့အကြုံရမှ ဘွဲ့လွန်ပညာအတွက် ယူကေကိုလာဘို့ စီစဉ်တာ။ ဖြစ်ချင်တော့ ကျွန်တော်တင်လိုက်တဲ့ ဝင်ခွင့်လျှောက်လွှာ ပြန်ကျမလာဘူး။ အဲသည်မှာ (ဗမာပြည်မှာ)ကျောင်းသားတွေ မငြိမ်မသက်ဖြစ်လို့ ကြန့်ကြာနေကြောင်းသိရတယ်။ ကျွန်တော်စောင့်ပါသေးတယ်။ နောက်ဆုံး အခြေအနေတွေပိုဆိုးပြီး စစ်တပ်ကအာဏာသိမ်းလိုက်ပြီဆိုတော့မှလက်လျှော့ပြီးဒီကိုကမန်းကတန်းလာတက်ရတာ”။
ယ္ခုနှစ်ပေါင်းသုံးဆယ်နီးပါးအကြာမှာ ထိုဆေးကျောင်းသားလေး ဘယ်အရပ်မှာဘယ်လိုဆရာဝန်မျိုးဖြစ်နေပြီ ကျွန်တော် မသိ။ ပြီးခဲ့သောအစိုးရလက်ထက် (လွန်ခဲ့သောငါးနှစ်ခန့်)ကမူ မလေးရှားဝန်ကြီးချုပ် မြန်မာပြည်သို့ တရားဝင်လည်ပတ်ပြီးအပြန် သူတို့လေဆိပ်တွင်သတင်းသမားများနှင့်တွေ့ဆုံရာ၌ “မြန်မာနိုင်ငံသားများအား အိမ်ဖော်လုပ်ငန်းအတွက်ခေါ်ယူနိုင်ဖွယ်ရှိသော်လည်း ဆက်လက်ဆွေးနွေးရဦးမည်” ဟု ပြောဆိုခဲ့သည့်သတင်းကို (စင်္ကာပူမှာရှိစဉ်)ကျွန်တော်ဖတ်ရ၏။ သမိုင်းဒီရေသည်ကျွန်တော်တို့ကို မညှာမတာတိုက်စားသွားခဲ့ပြီ။ စဉ်းစားကြည့်တော့ ထိုဒီရေသည်ကျွန်တော့်တို့လိုလူတွေကိုလည်း ရေမျောကမ်းတင်ဖြစ်စေခဲ့ပါ၏။
ဒွန်မောင်းလေဆိပ် (ထိုစဉ်ကသုဝဏ္ဏဘုမ္မိလေဆိပ်မပေါ်ပေါက်သေး) လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် အနီရောင်မြန်မာနိုင်ငံကူးလက်မှတ်တင်ပြသည့်အခါတိုင်း တင်းမာသွားတတ်သည့် အရာရှိဖြစ်သူ၏ မျက်နှာထား၊ စီးလုမ်လမ်းမကြီးပေါ်မှာ မြန်မာစကားပြောသံ ကြားတိုင်းနောက်မှလိုက်၍ ပတ်စပို့စစ်တတ်သောရဲတို့၏လေသံ၊ ဗမာသံရုံးကိုဟုပြောလိုက်သည်နှင့် ခရီးမရှည်ရှည်အောင်ကွေ့ ပတ်မောင်းပို့တတ်သော အငှါးယာဉ်သမား၏ ဆက်ဆံရေး၊ ယုတ်စွအဆုံး ဈေးထဲမှာဖေါ်ရွေစွာမေးလာသောမေးခွန်းကို အရိုးခံဖြင့် ဗမာလူမျိုးဗမာနိုင်ငံကပါ ဟု ဖြေကြားမိသည်နှင့် ရုတ်ခြည်းပြောင်းလဲသွားသော ကုန်စိမ်းသည်၏ ဟန်ပန်အမူအယာတို့ကို ကြုံတွေ့ဖန်များလာသောအခါ ထိုနိုင်ငံရောက်မြန်မာအတော်များများ နိုင်ငံကူးလက်မှတ်ကို စက္ကူအဖုံးဖုံးထားတတ်ကြသည့် အကြောင်းရင်းနှင့် ဗမာလူမျိုးဟု မိတ်ဖြစ်ဆွေဖြစ်ပင် ထုတ်ဖေါ်ပြောဆိုရမှာ ဝန်လေးရသည့်အကြောင်းရင်းတို့ကို ကျွန်တော်နားလည်လာသည်။ သို့သော် သူတို့အကြံပြုသလို (ပတ်စပို့ကို မြင်မြင်ထင်ထင်မကိုင်မိစေနဲ့၊ ဗမာလူမျိုးဟုဟုတ်တိုင်းမှန်စွာမဖွင့်ဟပါနဲ့) ကျွန်တော်မလုပ်ဖြစ်သည့် အကြောင်းရင်းကို ရှင်းပြဘို့မကြိုးစားခဲ့။ ထိုသို့ မလုပ်သည့်အတွက်အပိုဆုအဖြစ်ကျွန်တော်ကြုံရသော စိတ်စနောင့်စနင်းဖြစ်စရာတွေကိုမူ ကျွန်တော့်ထက်ပို၍စိတ်ရောလူပါပင်ပန်း ဆင်းရဲကြရသော ရွှေပြည်သား (ကျွန်တော်ရှိနေစဉ်မှာပင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ သိန်းဂဏန်းမှသန်းဂဏန်းသို့ တိုးပွားလာခဲ့သည်) ဘဝတူရေမျော ကမ်းတင် အများစုနှင့်ယှဉ်ကာ ဖြေရင်း သိမ့်ရင်း ကျော်ဖြတ်နိုင်ခဲ့လေသည်။
မျက်နှာငယ်သမျှတွင် ကိုယ့်တိုင်းပြည် ကိုယ့်လေဆိပ် ကိုယ့်လူမျိုး လူဝင်မှုကြီးကြပ်ရေးတွေရှေ့မှာ မျက်နှာငယ်ရခြင်းကပို၍ခံစားရသည့်တိုင် ထိုနိုင်ငံကူးလက်မှတ်ကိုစွန့်လွှတ်ဘို့ ကျွန်တော်မကြိုးပန်းခဲ့။ ဘယ်နိုင်ငံကပြန်လာသလဲ၊ ဘာသွားလုပ်တာလဲ၊ ခုဘာလို့ပြန်လာတာလဲ၊ ခွင့်စာရွက်ပါသလား၊ အခွန်ပြေစာပါသလား၊ ဒီမှာ ဘယ်လောက်ကြာမှာလဲ၊ တစ်လထက် ပိုကြာ မယ်ဆိုရင် ထွက်ခွာခွင့်စာရွက်အသစ်တင်ပြနိုင်ရမယ် ဆိုသော မေးခွန်းတွေ ဟိန်းဟောက်မှုတွေ ခြိမ်းခြောက်မှုတွေကို ကိုယ့်နိုင်ငံကအလုပ်ဆုံးမှန်းသိလျက် အချိန်တန်လျှင် အိမ်မပြန်ဘဲမနေနိုင်ခဲ့။ တစ်ခါတစ်ခါတော့လည်း “သုံးလေးလင်ပြောင်းတဲ့ မင်းအမေကိုတောင် အမေလို့ခေါ်ရသေးတာ ဘယ်ဘုရင်တက်တက် သာသနာ့မြေဟာ သာသနာ့မြေပဲပေါ့ဒကာရဲ့” ဟု သာသနာ့မြေကိုအစိုးရပိုင်သည်ဟု လျှောက်ထားလာသော အင်္ဂလိပ် အရေးပိုင်အား မာန်လည်ဆရာတော်ကြီး ခပ်စပ်စပ်ကလေးဆုံးမသလိုမျိုး ငါ့တိုင်းပြည်ဟာငါ့တိုင်းပြည်ပဲ ဘယ်မောင်ပိုင်စီးသမားတွေရဲ့ နိုင်ငံတော်မှ မဟုတ်ဘူးဟု ကိုယ့်ကိုကိုယ်ဆုံးမရင်း အားမွေးရ၏။
ခုတော့လည်း ထိုအဖြစ်သနစ်တွေ ပါးလျားလာသလို ကျွန်တော်လည်း ရေမျောကမ်းတင်ဘဝက လွတ်စပြုပြီ။ အနည်းဆုံး လှိုင်းပုတ်သည့် ဒဏ်ကြာင့် မြစ်ပြင်ကျယ်သို့လွင့်မျောသွားရာမှ ကိုယ့်ချောင်းရိုးထဲ ကိုယ် ပြန်ရောက်လာသည့် ဗေဒါတစ်ပင်ပမာ တည်ငြိမ်စွာ စုန်ဆန်ခွင့်ရပြီ။ ချောင်းရိုးတို့ထုံးဆံ အုန်းလက်ကြွေတွေ ဘဲအုပ်တွေ ရှိတတ်မြဲမို့ အတိုက်အခိုက် အယက်အကန်တွေအတွက် အံခဲချင်ခဲရမည်။ သို့သော် ကျွန်တော်အစိုးရိမ်ဆုံးက သည်တစ်သက် နိုင်ငံတော်လှိုင်းတန်ပိုးကြောင့် နောက်တစ်ကြိမ် မြစ်ထဲပြန်မျောရမှာ ကိုပဲဖြစ်လေသည်။