Thursday, July 21, 2016

ကျွန်တော်နှင့် ကဗျာတစ်ပုဒ်



တစ်လောက စာအုပ်ဟောင်းတစ်အုပ်ရှာရန် မဖွင့်သည်မှာအတန်ကြာပြီဖြစ်သော စာအုပ်ဘီရိုကိုဖွင့်ဖြစ်သည်။ အွန်လိုင်းမီဒီယာနှင့် အဆွေ ခင်ပွန်းဖြစ်ကတည်းက သည်စာအုပ်ဘီရိုကိုမထိတို့ဖြစ်သလောက်ရှိသည်မှာကြာပြီ။ ဘဝကိုရေမျောကမ်းတင်သာသာကျဉ်လည်နေရခြင်းသည်လည်းအကြောင်းတစ်ကြောင်းဖြစ်မည်ထင်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်မှသည် ယနေ့ထက်တိုင်ကျွန်တော့်မှာနေရာအတည် တကျမရှိသလိုဖြစ်နေသည်ဆိုလျှင်အပိုပြောခြင်းမဟုတ်။ စည်းမျဉ်းခံ ဝန်ထမ်းဘဝကို ရူးသွပ်စွာမက်မောခဲ့ပါလျက် ဝန်ထမ်းလောကမှ စောစီးစွာထွက်ခွာရသည့်အချိန်မှစသည်။ ဆောလျင်စွာဟုပြောလျှင် ပို၍ တိကျစွာမှန်ကန်မည်။ ကျောင်းပြီးသည်မှစ၍ ဌာနဆိုင်ရာသုံးခု စုစု ပေါင်းလုပ်သက်တစ်ဆယ့်ရှစ်နှစ်သည် တစ်ချို့ဌာနအချို့သောသူများသာဆိုပင်စင်အမျိုးအမည်တစ်ခုခုခံစားနိုင်သည်အထိ လုံလောက်သော်ငြား ကျွန်တော်ကမည်သည့်ခံစားချက်မှရယူခြင်းမရှိ ရယူရန်မကြိုးစားဘဲ (ဆိုပါတော့) ဖုတ်ဖက်ခါထွက်လာခဲ့ခြင်းသာဖြစ်ပါ၏။ ထားတော့။

ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ကာနီးနှင့်နုတ်ထွက်ပြီးချိန်တွင် ဖွင့်လှစ်စဈေးကွက်စီးပွားရေးအတွင်း ယောင်ပေယောင်ပေ နေလိုက်သေးသည်။ စပ်မိစပ်ရာ အခန်းပေးအခန်းယူဆောက်လုပ်ရေး ကန်ထရိုက်တာဖြစ်လိုဖြစ်၊ မြို့တော်တွင်း သယ်ယူပို့ဆောင်ရေးဘတ်စကားလိုင်းထောင်လိုထောင်၊ တောကြီးမျက်မဲထဲ ရေအားလျှပ်စစ်ပိုက်တွေဆင်လိုဆင် လုပ်သမျှအရာမထင် ကြွေးတင်ကျွန်ဖြစ်ကိန်းကြီးသည်ထက်ကြီးလာသည်၌ ကျွေးမတင်သည့်ကျွန်အဖြစ်ကိုရွေးရသည့်အဖြစ်သို့ရောက်လေတော့သည်။ ဤသည်မှာအခြားမဟုတ် အိမ်နီးချင်းနိုင်ငံတွင် ကုမ္ပဏီဝန်ထမ်းအဖြစ်သွားရောက်၍ အခစားအလုပ်လုပ်ရခြင်းဖြစ်၏။ ဆရာသမားတစ်ဦး၏ ခေါ်ယူမှုကြောင့် တစ်နှစ်မိုးခိုရန်ဟုသွားရောက်ခဲ့သည်မှစ၍ (တစ်ခေါက်တစ်ကျင်းပြန်လာဘူးသည်မှအပ) ပြည်တွင်းနှင့်အဆက်ပြတ်ခဲ့ရာ နှစ်နှစ်ဆယ်အကြာမှာ ပြန်ရောက်သည်ဆိုသော်ငြား ယ္ခုတိုင်အထိုင်ကမကျနိုင်။ အိမ်မှာနေရာတကာမှာ ဧည့်သည်နေဧည့်သည်စားမို့ ကိုယ့်စာအုပ်ဗီရိုပင်ကိုယ်ဖွင့်ရန် မေ့လျော့သလိုဖြစ်နေသည်။ ဖတ်ရှုစရာစာအုပ် ရှာဖွေစရာသတင်းအချက်အလက်အများစုကို စာအုပ်ဖွင့်စရာမလိုဘဲရနိုင်ခြင်းကြောင့်လည်း စာအုပ်များရှိရာနေရာဘက်မလှည့်ဖြစ်ခြင်းဖြစ်မည်။

ထိုနေ့ကစာအုပ်ဗီရိုကို နှစ်နှစ်ဆယ်တွင်းပထမဆုံးအကြိမ်အဖြစ်ဖွင့်လိုက်သောအခါကွဲကွာနေသောဆွေမျိုး များနှင့် အမှတ်မထင်ပြန်တွေ့ရသည့်ပျော်ရွှင်မှုမျိုးကိုကျွန်တော်ခံစားရလေသည်။ ရှာလိုသည်က အွန်လိုင်းတွင်မတွေ့သည့် ပျို့ကဗျာစာအုပ်တစ်အုပ်ဖြစ်သော်လည်း ကေသီပန်ကျောင်းသုံးမြန်မာစာ စာအုပ်မှသည် နတ်သျှင်နောင်၏ရတုများအထိ၊ မောင်သာရ၏ အရုပ်မျက်နှာပန်းမျက်နှာမှသည် ဦးလတ်၏စံပယ်ပင်အထိ၊ ဂေါ်ကီ၏အမေမှသည် ဒယ်နီယယ်ဒီဖိုး၏ရောဘင်ဆန်ကရူးဆိုးအထိ၊ ချားဒစ်ကင်၏ဒေးဗစ်ကောပါးဖီးမှသည်  အလက်ဇန္ဒားဒူးမား၏မွန်တီခရစ်စတိုမြို့စားကြီးအထိ တွေ့သမျှစာအုပ်တွေကို (ဖတ်သည်လည်း မဟုတ်) လှန်လှောကြည့်ရင်း နာရီအတန်ကြာမျှပင်ကုန်လွန်သွားသော အချိန်တွေကိုမေ့လျော့နေမိသည်။ ဆွေမျိုးများကို တစ်အိမ်တက်ဆင်းနှုတ်ဆက်ရုံနှင့်နေကုန်သွားသော ကျောင်းပိတ်ရက်အိမ်ပြန်လာသည့် ရွာခံလူငယ်တစ်ဦးပမာ မမောမပန်းသာဟုဆိုရမည်။ ရှာလိုသည့်စာအုပ် (ကိုးခန်းပျို့)ကို မတွေ့နိုင်သည့်အဆုံး လက်လျှော့ပြီးဖွထားသည့် စာအုပ်တွေနေသားတကျပြန်ထားခိုက် တစ်ခုသောချောင်တွင် ကပ်နေသည့်စာအုပ်ပါးကလေးကိုမြင်ကာ စပ်စုလိုစိတ်ဖြင့်ထုတ်ကြည့်လိုက်သည့်အခါ ကျွန်တော့အရုံတွေထွေပြားနေရာမှ ဝေဝါးကုန်ကြ၏။ အတိတ်ခိုးတွေ ရိုက်ခတ်လာသောကြောင့်ဖြစ်နိုင်သည်။

ပညာပဒေသာမှတ်စုဟု အဖုံးတွင်ရိုက်နှိပ်ထားသော မှတ်စုစာအုပ်ငယ်၏နဂိုစစ်တောင်းစက္ကူစက်ထုတ် စက္ကူသားများမှာ ဖြူလျော့လျော့မို့အရောင်မှိန်ရသည့်အထဲ နှစ်ပါင်းများစွာကြာခဲ့ခြင်း၏ လက္ခဏာအဖြစ် (ယ္ခုအထိဆိုလျှင် နှစ်လေးဆယ်သီသီစွန်းပြီ) ဝါကျင်ကျင်ညိုညစ်ညစ် အရောင်သို့ပြောင်းနေပြီ။ ပညာပဒေသာ စာစောင်ဝယ်စဉ်က လက်ဆောင်ရရှိခဲ့သည်ဟု ပြန်လည်အမှတ်ရလာသော ထိုမှတ်စုစာအုပ်အတွင်းမှာ ကျွန်တော့်လက်ရေးနှင့်ကဗျာအချို့ကို တွေ့ရသည်။ စုစုပေါင်း (၃၁) ပုဒ်။ ကဗျာအချို့မှာဖေါ်ပြထားသောရက်စွဲများအရ ကျွန်တော်တက္ကသိုလ်တက်နေစဉ်နှင့် ကျောင်းပြီး အလုပ်ဝင်စကာလ များအတွင်းရေးခဲ့သော ကဗျာများဖြစ်လေ၏။ ကဗျာနှစ်ပုဒ်၏အောက်ခြေ၌ စက်မှုတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းဟု ရေးမှတ်ထားရာ ယင်းတို့မှာကျောင်းနှစ်လည်မဂ္ဂဇင်းတွင်ဖေါ်ပြဘူးသောကဗျာများ ဖြစ်ကြောင်းသိနိုင်သည်။ သို့သော် ကျွန်တော့်အမှတ်သညာတွင်တစ်ပုဒ်သာရှိနေပြီး ကျန်တစ်ပုဒ်ကိုယ္ခုမှတ်စုစာအုပ်တွင်းပြန်တွေ့သည့်အခါမှသာ အမှတ် ရလေ၏။ သို့တိုင်အောင် မည်သို့သောစေ့ဆော်မှုမှရလာသည့်အတွေးဖြင့်ထိုကဗျာရေးဖြစ်ခဲ့သည်ကိုမူ စဉ်းစား၍မရတော့။ ကဗျာကိုပြန်ဖတ်ပြီး စိတ်တွင်ပေါ် လာသောအသိကတော့ ပေးဆပ်ခြင်းဆိုသည်ပင်ဖြစ်လေသည်။ သို့သော် ကဗျာ၏ခေါင်းစဉ်က “ငြိမ်းချမ်းခြင်း” ဖြစ်နေသည်။

[၁]
အရွက်ချင်းယှက်၊
ခက်လက်စိမ်းမြ၊ မိုးမခစဉ်။

ခရီးသွားတို့
နားကြခိုကြ၊ ချိုမြသီးနှံ
ချွေကြချိုင်ကြ၊ သုံးဆောင်ကြနှင့်
အားရဝမ်းသာရှိဘူးပြီ။

ရွာနီးချုပ်စပ်
ထက်ရပ်ဝန်းကျင်၊ အစဉ်အဆက်
ဝင်ကြထွက်ကြ၊အေးမြအရိပ်
မှေးကြမှိတ်ကြ၊ စုဝေးကြနှင့်
ရွှင်ပြမြူးပျော်ခဲ့ဘူးပြီ။

ဇရာထောင်း၍
ရိပ်ကောင်းသီးမွန်၊ မကျေပွန်နိုင်
ယိမ်းယိုင်ချိနဲ့၊ အားမာန်ယဲ့စဉ်
ဖဲ့ဖြတ်ပိုင်းထုတ်၊ သစ်ခုတ်သမား
ထိုလူသား၏၊ လွှသွားထက်မှာ
ကြည်သာနှလုံး၊ ရွှင်အပြုံးနှင့်
နောက်ဆုံးလက်ဆောင်ပေးခဲ့ပြီ။

[၂]
ခရီးသွားနှင့်
အနီးအပါး၊ ဖြတ်သွားဖြတ်လာ
သူသူငါတို့၊ ရံတစ်ခါမျှ
မလာအပါး၊ ငါ့အားမမြင်
ဝန်းကျင်ရွာသား၊ အနားမသီ
မေ့ကြပြီကော၊ ကြာပြီမှပဲ
ရေထဲလေထဲ၊ နေထဲမိုးထဲ
အားခဲရှင်သန်
အကြည့်တန်သည့်၊ အထီးကျန်ငါ။

[၃]
ဝေချိန်သင့်၍
ဝင့်ဝင့်ကြွားကြွား၊ အများသူငါ
မှီရာခိုရာ၊ အားထားရာဖြစ်
တာဝန်ကျေခဲ့၊ ကြွေလှည့်ကြုံက
ကြွေရမည်သာ၊ ဓမ္မတာပေါ့
ဘာဖြစ်သေးလည်း၊ ဝမ်းမနည်းဘူး
မွဲညစ်ယိုယွင်း၊ အဆင်းသိမ်နုပ်
သစ်ငိုအိုဘဝမှာ ငါပျော်ပါတယ်။

ဆရာကြီးမင်းသုဝဏ်၏ ပျဉ်းမငုတ်တိုကဗျာကိုအားကျကာ ထိုကဗျာကိုကျွန်တော်စပ်ခဲ့မိလေသလား မပြောတတ်။ သို့သော် ပျဉ်းမငုတ်တိုတွင် ဆရာကြီးက လေဒဏ် မိုးဒဏ် စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံရင်း နွေအသစ်တွင် အားသစ်အင်သစ်ဖြင့် ငယ်ရုပ်ဆင်လေသောပျဉ်းမပင်အကြောင်းကိုသီကုံးထားခြင်းဖြစ်၏။ ပြီးတော့ သစ်ငုတ်တိုကိုမြင်ကာ သံဝေဂယူသောစာဆို၏ပြောစကားဖြင့်ရေးဖွဲ့ထားသည်။ ဖတ်ရှုသူများအား စိတ်ဓါတ်တက်ကြွမှုကိုပေးစွမ်းနိုင်သဖြင့် ဝီရရသမြောက်ကြောင်းအထက်တန်းတုန်းကသင်ခဲ့ရဘူး၏။ ကျွန်တော့် ကဗျာထဲမှသစ်ပင်မှာမူ အမျိုးအမည်အားဖြင့်မထင်ရှားသော သစ်ပင်တစ်ပင်ဖြစ်ပြီး လူသားတို့ကိုအဖေါ်ပြုသည် အရိပ်ပေးသည်၊ အသီးပေးသည်၊ နောက်ဆုံးအနေနှင့် မီးဖိုချောင်သုံးထင်းအဖြစ်ဖြည့်ဆီးပေးသည်။  ပေးဆပ်စရာမည်မည်ရရမကျန်သောသစ်ငုတ်တိုဘဝတွင် အများ၏မေ့လျော့ခြင်းကိုခံရသည့်တိုင် ဝမ်းမနည်း အထီးကျန်ဘဝကိုကျေနပ်စွာခံယူသည့်အကြောင်း သစ်ပင်ကပြောသောစကားဖြင့် ရေးသားဖွဲ့ဆိုထားခြင်းဖြစ်လေသည်။ နွေဦး လေပြည် ရွက်သစ် စသည် အားတက်ဖွယ်နိမိတ်ပုံတွေ မျှော်လင့်ချက်တွေမပါဝင်။ ဝီရမဖြစ်။ ရောင့်ရဲခြင်း သန္တရသတော့မြောက်ကောင်းမြောက်မည်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ဆိုသလို ကိုယ့်ကဗျာကိုယ် ဂုဏ်အလင်္ကာ ရသရှာသည့်အလုပ် ကျွန်တော်မလုပ်လိုမလုပ်သင့်။ ကျွန်တော်ပြောလိုရင်းက မေ့လျော့နေသော ပုံနှိပ်ကဗျာတစ်ပုဒ်ကျွန်တော့်မှာရှိခဲ့ဘူးသည်။ ပန်းတနော်သားပြောသလိုမျိုး ကျွန်တော်သည်တစ်ပုဒ်ပိုင်မဟုတ်။ နှစ်ပုဒ်ပိုင်။

ကဗျာကိုပြန်လည်ဖတ်ရှုရင်း တွေးမိသမျှအတွေးများထဲမှာ ထိုကဗျာကိုကျွန်တော်ရေးစဉ်ကခံစားချက်ကိစ္စ ပါဝင်သည်။ ပညာရှာဆဲအသက်အရွယ်နှစ်ဆယ်စွန်းစွန်း ကျောင်းသားတစ်ယောက်၏အဘိဓမ္မာတွင် ဘာကြောင့်ရောင့်ရဲခြင်းက လွှမ်းနေခဲ့သည်ကိုတိတိပပကျွန်တော်မသိ။ ဘဝပေးအခြေအနေကြောင့်ဖြစ်နိုင် သည်။ သို့သော် အသက်ခြောက်ဆယ်ကျော်လာပြီဖြစ်သည့်ယ္ခုပြန်ဖတ်သည့်အခါ ဟိုတုန်းကမမြင်ခဲ့သည့် တရားတစ်ခုကိုမြင်မိလေသည်။ တစ်ခြားမဟုတ်အလှတရား။ တိတိကျကျပြောရလျှင် အကျည်းတန်အလှ။ အကျည်းတန်သည့်သစ်ငုတ်အိုဟုထိုစဉ်ကအမြင်ဖြင့် ကျွန်တော်တင်ပြခဲ့သည်။ အရွက်အသီးမဲ့ပင်စည်မဲ့အကိုင်းအခက်မဲ့သစ်ငုတ်ချည်းထည်းတည်းမို့ အကျည်းတန်သည်မှာအမှန်ပင်ဖြစ်ပါ၏။ အကျည်းတန်ခြင်း၏နောက်ကွယ်မှ လောကဝန်တာကျေပွန်စွာပေးဆပ်ခြင်း ထိုပေးဆပ်ခြင်းအတွက် နှစ်သက်ဝမ်းမြောက်သည်မှအပ တစ်စုံတစ်ရာပြန်လည်တောင့်တရယူလိုမှုမရှိခြင်းစသည်တို့သည် ရှိခေါင့်ရှိခဲအလှတရားများပင်မဟုတ်ပါလား။ ထိုအခါ အကျည်းတန်ဆိုသောအသုံးအနှုံးအတွက်အားတုန့်အားနာဖြစ်ရသလို ကျွန်တော့်အာရုံမှာ သစ်ငုတ်အို၏အလှကိုတစ်စစမြင်ယောင်လာခဲ့ ရသည်။ တစ်နည်းအားဖြင့် အကျည်းတန်အလှဆိုသည်ကို ယ္ခုမှကျွန်တော် ခံစားရမိလေသည်။

ထိုကဗျာရေးသည်မှာ လူ့ဘုံခန်းဝါအတွင်းဝံ့ဝံ့စားစားလျှောက်လှမ်းရန်ပြင်ဆင်ဆဲကာလက ဖြစ်သည်။ မျှော်လင့်ချက်တို့ပြင်းပြသလို နာကျင်မှုတို့မြဲမြံတတ်ကြသော ကာလဟုလည်းဆိုနိုင်သည်။ ထို့ကြောင့်ပင် မာန တစ်နည်းအားဖြင့် မာန်၏သဘော ကဗျာတွင်သက်ဝင်နေခြင်းဖြစ်မည်။ ဆယ်စုနှစ်လေးခုအလွန် ယ္ခုမူကား သန်းကောင်ညလယ်တောအုပ်ဝယ် ရှစ်နယ်ပတ်လုံးအမှောင်ဖုံးသည့်အဝိဇ္ဇာတောမှာ သက်တန်းတစ်ဝက်ကျော်မျှ ဖြတ်သန်းခဲ့ပြီးသော ခရီးသွားတစ်ဦး၏အဖြစ်က ပီပြင်လာသည့်အလျောက် ခံစားမိသည့်ဝေဒနာချင်းအထိုက်အလျောက်ကွာခြားနေမည်မှာသေချာပါသည်။ အထူးသဖြင့်မိမိကိုယ်မိမိရွာအပြင် ခင်တန်း အစပ်မှဖုထစ်ရွတ်တွငှက်ဠင်းတနှယ် တင့်တယ်ခြင်းကင်းသောသစ်ငုတ်အိုအဖြစ် မြင်ကြည့်မိသည့်အခါ ရောင့်ရဲခြင်းထက်စာနာခြင်းလွမ်းတခြင်းဝေဒနာတို့ကအလေးသာကြ၏။ အထူးတစ်လည် အားထုတ်ရခြင်းမရှိသလို မြင်ကြည့်ရန်လည်းမခက်ခဲပေ။ ဇရာနယ်တွင်းသက်ဆင်းစပြုသူတိုင်း သစ်ငုတ်အိုပမာရောင်ဝါ မွဲပျက်အညှိတက်သောခန္ဓာကိုယ်၏ ဇာတိဘာဝကိုကြုံကြရသည်မဟုတ်ပါလား။ လောကဓမ္မတာကို သူတကာ အမှုမဲ့အမှတ်မဲ့နေတတ်ကြခြင်းအတွက် အနှီသစ်ငုတ်တိုက တရားဥပစာဖြစ်မည်။ ထိုသို့ ကျွန်တော်ဆင်ခြင်ဖြစ်လေသည်။ ကဗျာရေးစဉ်က စိတ်တွင်း၌သာဖန်ဆင်းရှုမြင်ခံစားခဲ့သော သစ်တစ်ပင်၏ပုံပြင်သည် ယ္ခုအခါ လူသားတစ်ယောက်၏ဘဝ နိမိတ်ပုံဖြစ်နေပြီ။ ဒါသည်ပင် လူတစ်ယောက်၏သမိုင်းဖြစ်နိုင်သည်။

အပင်တစ်ပင်ရှင်သန်ရန် မြေရေလေအခြေခံရှိမှဖြစ်၏။ အပင်၏အမျိုးအနွယ်နှင့်ဇာတိကိုလည်းချန်လှပ်၍မရ။ သရက်ပင'ဆီးပင်ဖြစ်ဖြစ် မိမိဝန်းကျင်ကိုမိမိအတိုင်းအတာနှင့်မိမိ အကျိုးတော့ပြုသင့် သည်။ ပြုလည်းပြုကြပါသည်။ ထိုအတွက် သရက်ပင်ဆိုလျှင်သရက်ပင်ပြီသစွာ ဆီးပင်ဆိုလျှင်ဆီးပင် ပြီသစွာ ကြီးပြင်းသီးပွင့်ဘို့တော့လိုသည်။ ပြီးလျှင် ဆက်စပ်ရာဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေမည့်အရိပ်ပေးမည် အသီးအပွင့်ပေးမည် အကိုင်းအခက်ပင်စည်စသည်ဖြင့်ပေးအပ်မည်။ တစ်ချိန်တည်းမှာအနာဂါတ်တွင်မိမိကဲ့သို့လောကကိုပေးဆပ် အကျိုးပြုနိုင်မည့် မျိုးဆက်သစ်တွေပွားထားရစ်မည်။ မျိုးဆက်ပွားနိုင်ခြင်းကိုတည်၍ သိပ္ပံပညာကလူသားကဲ့သို့ သစ်ပင်တွေကိုသက်ရှိစာရင်းသွင်းပြီးလေ့လာသည်။ ဗုဒ္ဓကမူသြကာသလောကသား အဝိညာတကဝတ္ထုအဖြစ်ဟောဖေါ်ပြသည်။  သို့သော် သင်္ခါရလောကသားတွေမို့ ဖြစ်တည်ပျက်ခြင်းအရာ၌ သစ်ပင်နှင့်လူသာအတူတူပင်ဖြစ်ကြ၏။ ထို့ကြောင့်လည်းပေးဆပ်တာဝန်ကျေပြီးသောသစ်ငုတ်တိုနှင့် ဇရာချဉ်းသော လူသားတို့ထပ်တူကျစွာပမာပြုနိုင်းယှဉ်ခြင်းဖြင့် လောကဓမ္မတစ်ရပ်ကိုမြင်သာအောင် ကဗျာဖြင့်ဖေါ်ကျူး နိုင်ခြင်းဖြစ်မည်။ ခြားနားချက်အဖြစ်သရက်ပင်ကဆီးသီးမသီးသော်လည်း လူသားဘုရင်ဗိမ္မိသာရမှာထွန်းကား ခဲ့ဖူးသည်။ ထားတော့။

လောကအတွင်းသို့ ကံကြမ္မာကပစ်ချခဲ့ရာနေရာသည်ကျွန်တော့်အတွက်ရေခံမြေခံအားဖြင့် ပြည့်စုံသည်ဟုမဆိုသာသည့်တိုင်ကျပ်တီးမြေတစ်ခုတော့မဟုတ်ခဲ့။ သဝိညာတကလူသားတစ်ဦးရရှိသော မိမိဘာသာပြုစုပျိုးထောင်ခွင့်ကိုအသုံးချနိုင်ခဲ့ပြန်ရာ သင့်တင့်သောဘဝပင်စည်တစ်ခုဖြစ်ထွန်းခဲ့ပြီး အကိုင်းအခက်အရွက်အသီး အထိုက်အလျှောက်ဖြင့်ပွားစီးဝေသီ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့သည်။ ငှက်တစ်သောင်းမဟုတ်သော်လည်းတစ်ခုသောငှက်အပေါင်းအစု၏ နားခိုရာဖြစ်ခဲ့ဘူးသည်။ ဆိုလိုသည်မှာ လူ့ဘောင်တစ်ခု လူ့အဖွဲ့ အစည်းတစ်ရပ်လုံး၏အကျိုးစီးပွားကို မဆောင်နိုင်ခဲ့စေကာမူ (ဆောင်နိုင်သူတွေအားကျဘွယ်ရာအမှန်ပင်ရှိ၏) မိမိ အသိုက်အဝန်းမိမိမျိုးဆက်တို့၏ အကျိုးကိုတော့ကြည်ဖြူစွာဆောင်ကျဉ်းခဲ့၏။ သည့်ထက်ပို၍  လူသားတစ်ဦးအဖြစ် မိမိပါဝင်သောလူ့အဖွဲ့အစည်းသာမက မည်သည့်လူ့အဖွဲ့အစည်း၏အကျိုးစီးပွားကိုမျှ ထိခိုက်ပျက်စီးစေခြင်းမရှိခဲ့။  အရိပ်ဖြင့်မအေးစေနိုင်သည့်တိုင်အဆိပ်တို့မပေးဝေခဲ့။ ထိုသစ္စာတရားကိုတော့ ကျွန်တော် လက်ကိုင်ထားသည်။ ထို့အတူ နားခိုပြီးပျံထွက်သွားသဖြင့် ကိုင်းဖျားဆတ်ခါ နာကျင်ပါသည်ဆိုသော ခံစားညည်းညူမှုမျိုးကိုကျွန်တော်ပြုမည်မဟုတ်။ အခက်ကုန်ရွက်မစုံ အသီးကင်းသည့် သစ်ငုတ်အို ဘဝသို့ရောက်သည့်တိုင် နေသာသူကျွန်တော်ဖြစ်ချင်သည်။ ဆည်းဆာပန်းချီကားတစ်ချပ်ကို အတ္တအရောင် စူးစူးဖြင့် ကျွန်တော်မချယ်မှုန်းလို။  ဘဝအမောတွေကို ဇရာတောမှာချွေးသိပ်ခွင့်ရလျှင်နေပျော်ပြီ။ သို့မှသာ ဆည်းဆာကလှမြဲလှနေမည်ဟု ကျွန်တော်စွဲမြဲစွာယုံကြည်သည်။  သို့နှင့်ကဗျာကိုကျွန်တော်သန်သလို ပြန်ရေးဖြစ်လေတော့သည်။


“ဆည်းဆာ၏ပန်းချီကားတစ်ချပ်”

သစ်ငုတ်အို။
ဘဝကိုပုံခိုင်း
နှိုင်းရချက်အလို။

အလှရွှန်းခဲ့မြဝန်းညို
ခဏကွန်းခိုသူများ။

အတိတ်လွမ်းမသယ်ပါဘု
စိတ်နွမ်းလွယ်ဇရာရိပ်မှာ
ချွေးသိပ်လျက်သား။

လွန်ခဲ့သောနှစ်လေးဆယ် နုပျိုသစ်လွင်စဉ်ကျွန်တော်ရေးခဲ့သောကဗျာတစ်ပုဒ်က ယ္ခုတော့ဟောင်းသွားပြီ။ ထိုကဗျာကိုပင် မူကွဲအဖြစ်ယ္ခုအသစ်ပြန်ရေးတော့ ကျွန်တော်ကဟောင်းနေပြီ။ ဘဝဆိုသည်မှာသည်လို ဟောင်းသစ်နေသည့် ဖြစ်စဉ်များကိုခေါ်လေသလားဟု အဘိဓမ္မာဆန်ဆန်ကျွန်တော်တွေးနေမိလေသည်။

Monday, June 6, 2016

မောင်ဝင်းနှင့် ကျွန်တော်



                                               [၁]

ကျေးညီနောင်ဇာတ်လမ်းကိုလူတိုင်းကြားဖူးကြပါလိမ့်မည်။ အလားတူကျွန်တော်တို့သက်တမ်းလောက်ရောက်လာကြပြီဆိုမှဖြင့်မိသားစုတွင်းမှာမဟုတ်လျှင်ပင်ဆွေမျိုးညာတိ၊ မိတ်ဆွေရောင်းရင်းအပေါင်းအသင်းများအကြားအလားတူဇာတ်လမ်းမျိုးတခုတလေမျှတော့ကြားဖူးကြုံဖူးကြမည်ထင်ပါ၏။ ပုံပြင်၏ဆိုလိုရင်းမှာ လူသားအပါအဝင် သတ္တဝါတိုင်းသတ္တဝါတိုင်းမျိုးရိုးဗီဇတူပါလျက်ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲတတ်သည်ဟူ၍ဖြစ်သည်။ ကျွန်တော်ကတော့ သည်ပုံပြင်မှာမျိုးရိုးဗီဇအပြင်စိတ်ဝင်စားစရာနောက်တခုကိုတွေ့သည်။ လေပြင်းမုန်တိုင်း။ ဟုတ်သည်။ လေပြင်းမုန်တိုင်းသာမကျရောက်ဖူးဆိုလျှင်ကျေးညီနောင်တနေရာစီရောက်စရာအကြောင်းမှမရှိသည်ပဲ။

မောင်ဝင်းကိုအမှတ်ရလိုက်တိုင်းမောင်ဝင်းအကြောင်းစဥ်းစားမိတိုင်း ထို "လေပြင်းမုန်တိုင်း" ဆိုတာကြီးအားမြင်ယောင်မိသလို ဆုပ်ကိုင်ဖမ်းဆီးမရမှန်းသိပါလျက်ကကျွန်တော်ပုံဖော်နေမိ၏။ အ,အ အိပ်မက်သည့်နှယ်ဟုပြောလျှင်လည်းခံရပါမည်။

                                                                                  [၂]

သရက်တောလမ်းထဲမှာကျွန်တော်နှင့်အတွဲဖြစ်ဆုံးကမောင်ဝင်းဖြစ်၏။ သူ့ဖခင်သည် ကျောင်းဆရာတစ်ဦးဟုသိရသည်။ ကိုယ်ဟန်ပါးပါးအရပ်ပျပ်ပျပ် အသားညိုညို မျက်နှာထားတည်တည်ဟုသာမှတ်မိသည်။ မနက်အလုပ် (ကျောင်း) သွားချိန် ညနေအလုပ်ပြန်ချိန်တို့တွင် တိုက်ပုံအင်္ကျီဝတ် လွယ်အိပ်လွယ်လျက်တွေ့ရတတ်သည်မှအပ အိမ်ပြင်ထွက်လေ့မရှိ။ တစ်ခါတစ်ရံမောင်ဝင်းနှင့်လိုက်သွားသည့်အခါ စွပ်ကျယ်လက်ပြတ် အိမ်နေရင်းလုံချည်အနွမ်းတို့ဖြင့် ဆေးပေါ့လိပ်ခဲကာ စာဖတ်နေသော သူ့ဖခင်ကိုတွေ့ရသည်။ ကျောင်းမှာတော့မသိ။ အိမ်မှာတော့ အိမ်သားတွေကိုပင်စကားဟဟပြောလေ့ရှိပုံမရပေ။ ကျွန်တော်သတိထားမိသလောက် မောင်ဝင်းကလည်းသူ့ဖခင်နှင့်တစ်ရင်းတနှီးပြောဆိုနေထိုင်သည်ကိုမတွေ့ရ။

မိခင်နှင့်တစ်ဦးတည်းသောညီမတို့က မောင်ဝင်းနှင့်ပိုရင်းနှီးသလိုသူတို့၏ဝေယျာဝစ္စကိုလည်း မောင်ဝင်းက စိတ်လိုလက်ရ ဆောင်ရွက်ပေးတတ်သည်။ ဝေယျာဝစ္စဆိုသည်မှာ မနက်တိုင်းရွှေနှင်းဆီဆိုင်မှလ္ဘက်ရည် ဂျိုင့်ဆွဲဝယ်ပေးခြင်း ရေနွေးယူပေးခြင်းနှင့် နေ့လည်နေ့ခင်းလမ်းထိပ်ရှိပြည်သူ့ဆိုင်တွင် ဆန်ထုတ်ပေးခြင်း စသည်တို့ ဖြစ်လေသည်။ သူတို့မိသားစုသည် ကျွန်တော်တို့ဝါးခယ်မပြောင်းသွားပြီးမှ လမ်းထဲသို့ရောက်လာ ကြသူများဖြစ်ရာ  မောင်ဝင်းနှင့်ကျွန်တော်သူငယ်ချင်းဖြစ်ချိန်မှာ ကျွန်တော်ကျောင်းပိတ်ရက်အလည်လာရင်း အစ်ကိုကြီး၏သတင်းစာပို့လုပ်ငန်းကိုကူညီနေခိုက်ဖြစ်၏။ 

နှစ်ယောက်စလုံးအားလပ်နေကြသည်ခြင်းအတူတူ သူကလမ်းပေါ်ပိုအနေများသည်။ မနက်စောစော ကျွန်တော်သတင်းစာ ပို့ရန်ထွက်လာချိန် မောင်ဝင်းတစ်ယောက် လ္ဘက်ရည်ဂျိုင့်တစ်ဂျိုင့်နှင့်နှီးကြိုးသီထားသောနံပြားများကိုဆွဲကာ ရွှေနှင်းဆီကဖီးဘက်မှပြန်လာသည်ကိုတွေ့ရပြီး သတင်းစာပို့ရင်းသရက်တောလမ်းထဲသို့ နောက်တစ်ခေါက်ဖြတ်သွားချိန်၌ မောင်ဝင်းကို သူတို့အိမ်နှင့်မလှမ်းမကမ်း လမ်းပေါ်တစ်နေရာရာမှာ ယောင်ပေယောင်ပေတွေ့နေရသည်။ ထိုမှကျွန်တော်အလုပ်သိမ်းပြီး ပြန်လာချိန်အထိသူလမ်းပေါ်မှာ ရှိနေဆဲ။

နေ့လည်နေ့ခင်းညနေစောင်းအပြင်ထွက်လျှင် အရင်ဆုံးတွေ့ရသည်မှာမောင်ဝင်းဖြစ်နေတတ်သောကြောင့် သူနှင့်ကျွန်တော်တွဲဖြစ်သွားခြင်းဖြစ်နိုင်သည်။ တခြားကလေးတွေမှာ အိမ်ကခွင့်ပြုချက်မရသည်လား မထွက်ချင်ကြသည်လားမသိအိမ်ပြင်သိပ်မထွက်။ မောင်ဝင်းမှာသူ့သဘောနှင့်သူဝင်လိုဝင်ထွက်လိုထွက်။ ဧည့်သည် သာသာဖြစ်‌သူကျွန်တော်သည်လည်း မောင်ဝင်းလောက်မလွတ်လပ်သည့်တိုင် မိဘကွယ်ရာမှာအတန်ကြားချောင်နေသည်။ ထို့ကြောင့်ပင်ကျွန်တော်နှင့်မောင်ဝင်း ဈေးသွားအတူတူဆန်ထုတ်အတူတူရန်ဖြစ်အတူတူ ကစားရာမှာအတူတူဖြစ်နေတော့၏။ 

ထို့အပြင်သူနှင့်ကျွန်တော်ကအိမ်နီးချင်းတွေ။ ဒေါ်ကြီးတို့အိမ်နှင့်မျက်နှာချင်းဆိုင်ရှိ သုံးခန်းတွဲတန်းလျားအိမ်ခေါင်းရင်းဘက်အစွန်ဆုံးအခန်းမှာ သူတို့မိသားစုငှါးနေကြခြင်းဖြစ်၏။ အိမ်ကိုလမ်းမနှင့်ဆယ့်လေးငါးပေခွာ၍ဆောက်ထားပြီးလွတ်နေသောမြေကွက်လပ်ခေါင်းရင်းဘက်အခြမ်း၌ အိမ်ရှင်အဖွားကြီး၏ တဲရှိနေသဖြင့် လမ်းပေါ်မှရုတ်တစ်ရက်ကြည့်လျှင်  မောင်ဝင်းတို့အခန်းကိုမမြင်ရ။  ပြောင်းလာသည်မှာမကြာသေးသည့်အပြင်မိသားစုကလည်းငြိမ်ငြိမ်သက်သက်မို့ရပ်ကွက်ထဲမှာ အသိအကျွမ်းမများလှချေ။

မောင်ဝင်းနှင့်ကျွန်တော်တွဲဖြစ်သောအခြားအကြောင်းတစ်ခုမှာ သူ၏စွမ်းအချို့နှင့်ဆိုင်သည်။ သူကသားရေကွင်းပစ်အလွန်တော်၏။ တိုင်ထောင်ပစ်ဟုခေါ်သော ဆေးပေါ့လိပ်အစီခံကလေးထောင်ကာ သရေကွင်းတွေချိတ်ပြီးပစ်မည်လား အပုံပစ်ခေါ်စည်းဝိုင်းငယ်ကလေးအတွင်းသရေကွင်းတွေပုံထပ်ပြီး စည်းအပြင်ရောက်အောင်ပစ်မည်လား မောင်ဝင်းကိုမီသူမရှိသလောက်ရှားသည်။ ကျွန်တော်သည် သားရေကွင်းပစ်အလွန်ညံ့သောကြောင့်  (တကယ်‌တော့ဘယ်‌နေရာမှာမှလဲမတော်ပါ) သူ့ကိုအထင်ကြီး၏။ သူကလည်းကျွန်တော့ဆိုလျှင်ညှာသည်။ 

ကျွန်တော်ပါသည့်ပွဲမှာသူအကုန်လုံးနိုင်သည့်အခါ ကျွန်တော်ရှုံးသမျှပြန်ပေးလေ့ရှိသည်။ သူနှင့်လက်ရည်တူတွေပွဲဆိုလျှင် ကျွန်တော့်ကိုမပါခိုင်းတော့ဘဲ သူတစ်ဦးတည်းရေကုန်ရေခမ်းကစား၏။ ထိုအခါ ကျွန်တော်ကပွဲကြည့်ပရိသတ်။ ပြီးလျှင်နိုင်သမျှထဲမှအရင်းကိုဖယ် ကျန်သရေကွင်းတွေကိုဝယ်ချင်သူရှိလျှင်ပြန်ရောင်း (ဆိုင်မှာသရေကွင်းအသစ် ၅ ပြားဖိုးဆယ်ကွင်းဆိုလျှင် အဟောင်းအကွင်းနှစ်ဆယ်) သည်။ ပြီးလျှင် ကျွန်တော်တို့ ရေခဲချစ်ဆိုင်ပြေးကြ၏။ ဝယ်သူမရှိလျှင်လည်းသူ့လက်ကောက်ဝတ်နှစ်ဘက်မှာ သားရေကွင်းတွေအပြည့်ရှိသည်ကို ကြည့်လျက် နှစ်ယောက်စလုံးပျော်နေကြလေသည်။ 

                                                                                         [၃]

သားရေကွင်းမပစ်သည့်အချိန်များတွင် မောင်ဝင်းနှင့်ကျွန်တော် (တစ်ခြားအဖေါ်တွေကိုစောင့်ရင်း) ရောက်တတ်ရာရာပြောကာအချိန်ကုန်တတ်၏။ သည်မှာမောင်ဝင်း၏ပုံပြောစွမ်းရည်ကို သတိပြုမိရပြန်သည်။ ဖတ်ဖူးသည့်ကာတွန်းတွေ ကြည့်ဖူးသည့်ရုပ်ရှင်တွေအကြောင်းသာမက ကြားဖူးနားဝရှိသမျှကို နားထောင်ကောင်းအောင်သူကစီကာပတ်ကုံးပြောတတ်၏။ သိပြီးသားအကြောင်းအရာတွေပင်လျှင် မောင်ဝင်းထံမှပြန်ကြားရသောအခါ တစ်မျိုးတစ်ဘာသာဆန်းသစ်နေသလိုဖြစ်၏။ 

အထူးသဖြင့်သူရဲကောင်းဇာတ်လမ်းတွေပြောသည့်အခါ အားနှင့်မာန်နှင့်အမူအယာနှင့်ဟန်ပါပါ ပြောတတ်သောကြောင့် ပို၍စိတ်ဝင်စားစရာကောင်းသည်။ ကျွန်တော်သာမဟုတ် လမ်းထဲမှရွယ်တူသူငယ်ချင်းတွေအားလုံး မောင်ဝင်း၏ အပြောတွင်မမျောဖူးသူမရှိသလောက်ပင်။ ထိုခေတ်က ရေပန်းစားသော ဂျက်ဆီဂျိန်း တာဇံ ဟာကျူလီ စသည့်ဇာတ်လမ်းတွေအကြောင်းပြောလျှင် မောင်ဝင်းဘေးမှာသူငယ်ချင်းများဝိုင်းအုံကာမပျင်းမယိနားထောင်ရင်းကစားဖို့ကိုမေ့နေတတ်ကြလေသည်။

သူပြောသည့်ဇာတ်လမ်းတွေက မည်မျှမှန်ကန်သည်ကျွန်တော်မသိ။ သို့သော်အချက်အလက်မှန်ကန်ခြင်းအပေါ်စိတ်ဝင်စားခြင်းမဟုတ်ပဲ သူ့အပြောကိုသာနှစ်သက်သည့်အရွယ်မို့ကိစ္စမရှိ။ တာဇံအကြောင်းပြောလျှင် မျောက်ကလေးကိုပုခုံးပေါ်တင်၍သွားပုံ သစ်ပင်တစ်ပင်မှတစ်ပင်နွယ်ကြိုးဖြင့်လွှဲ၍ခုန်ကူးပုံတို့ကိုမြင်ယောင်လာသည်အထိပြောရုံမကတာဇံလိုပင်ဆွဲဆွဲငင်ငင်အော်ပြလိုက်သေးသည်။ သူ့လိုကျွန်တော်တို့မအော်တတ်။ တစ်ခါတစ်ခါလူစုံချိန် ကစားရန်စိတ်သိပ်မပါသည့်အခါမျိုးတွင် ထိုအော်သံကြားလိုသောကြောင့် မောင်ဝင်းကို တာဇံအကြောင်းပြောခိုင်းကြ၏။ သူကလည်းမငြင်း။ တာဇံအကြောင်းသာမက ဂျက်ဆီဂျိန်း သေနပ်ပစ်ဟန် ဟာကျူလီသံကြိုးကွင်းဆွဲဖြတ်ဟန်စသည်ဖြင့် မောင်ဝင်းပြောသမျှပြန်လှန်မေးခွန်းမထုတ်ပဲ စိတ်ဝင်တစား နားထောင်ဖြစ်ကြသည်။ 

ပြီးလျှင်သူက “ငါ့အဖေစာအုပ်တွေထဲမှာ ရှိသေးတယ်ကွ နောက်မှထပ်ကြည့်ပြီး မင်းတို့ကို အသစ်တွေပြောပြမယ်” ဟု ဆိုကာပွဲသိမ်းတတ်သည်။ ကျွန်တော်တို့ကလည်းကျေကျေနပ်နပ်ပင် သူ့ဆီကနောက်တစ်ခါပြောမည့်အချိန်ကိုစောင့်ကြ၏။ ပြန်စဉ်းစားကြည့်တော့မောင်ဝင်းပြောသမျှ သူ့အဖေစာအုပ်တွေထဲမှအကုန်လုံးဟုတ်ချင်မှဟုတ်မည်။ မြေနီကုန်းဆန်းသီရိရုံတွင်တင်လေ့တင်ထရှိသော ရုပ်ရှင်ကားဟောင်းများထဲ၌ ထိုဇာတ်ကားအမည်တွေကြားဖူးသည်။ ကြည့်တော့မကြည့်ဖူး။ ထိုရုပ်ရှင်တွေသူကြည့်ပြီးဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ပွဲဈေးတန်းမှာ ၅ပြားပေးကြည့်ရသောဆလိုက်ဘူးလေးများမှာလည်းတာဇံတွေဟာကျုလီတွေကြည့်၍ရနိုင်သည်။ 

မှန်ဘီလူးသေတ္တာနှင့်တူသောထိုဘူးတွင် ယ္ခုခေတ်စီဒီအရွယ်အနားတစ်လျှောက် ၁၆မီလီဖလင်ပြားလေးများ အစီအရီဖေါက်ထည့်ထားသော ကဒ်ထူပြားကိုထောင်လိုက်ထည့်ကာ အလင်းဘက်လှည့်ကြည့်လျှင် ရောင်စုံပုံများကိုကြည်လင်ပြတ်သားစွာမြင်ရသည်။ ကြည့်နေရင်း ဘူးနံဘေးရှိခလုပ်ကိုလက်ဖြင့်ဆွဲချကာ ကဒ်ပြားလည်သွားစေခြင်းဖြင့် တစ်ပုံပြီးတစ်ပုံကူးသွားသည်။ ထိုခေတ်ပွဲဈေးတန်းသွားခလေးများအကြားခေတ်စားသောဖျော်ဖြေရေးတစ်ခုဖြစ်၏။ ပလက်ဖေါင်းပေါ်ဖြန့်ခင်းထားသော အခင်းဘေးတွင်အကျအနထိုင်ကာ ၅ပြားပေးပြီးနှစ်သက်ရာရွေးကြည့်နိုင်သည်။   ဇာတ်လမ်းကိုကိုယ့်ဘာသာကိုယ်ခံစားယူ။ မောင်ဝင်းလိုအတွေးကြွယ်သူအဖို့သူများစိတ်ဝင်စားအောင်ပြန်ပြောနိုင်သည်အထိဆွဲဆောင်မှုရှိလေသည်။

နောက်တစ်မျိုးမှာကျွန်တော်တို့အကြား တုံချမ် တုံချမ် ဟုအသိများသော လမ်းဘေးခလေးရုပ်ရှင်ရုံလေးများဖြစ်၏။ မိုးလေကင်းစင်သောကာလ ညနေခင်းများတွင်ထိုရုပ်ရှင်ရုံလေးများ ရပ်ကွက်တွင်းသို့ရောက်လာတတ်သည်။ အရှည်ဆယ်ပေကျော် အကျယ်ငါးပေအမြင့်ငါးပေခန့် အလုံပိတ်ရုံကလေးများဖြစ်ပြီး ထိပ်တစ်ဖက်တွင်ပြစက်ခန်း အခြားတစ်ဖက်မှာ ပိတ်ကားဆင်ထားသည့်ဝင်ထွက်တံခါးရှိကာ အတွင်းခန်းဘေးနှစ်ဖက်တွင် နံရံကပ်ခုံတန်းနှစ်ခုကို အလျားလိုက်ချထားသည်။ ဘီးတပ်ထားသဖြင့် (လူအားဖြင့်) ရွှေ့ပြောင်းနိုင်သည်။ ရှမ်းလမ်းလိုလမ်းကျယ်ပုခုံးမြေကွက်လပ်တစ်ခုပေါ်တွင်နေရာချကာရပ်ထားပြီးသည်နှင့် ဗုံသေးသေးတစ်လုံးနှင့် လင်းကွင်းတစ်ချပ်တို့ကို တုတ်ချောင်းဖြင့်တီးခတ်၍လူခေါ်သည်။ 

တုံချမ် တုံချမ် ဆိုသည်မှာ ထိုလူခေါ်သံကိုကျွန်တော်တို့ကြားသည့်အတိုင်းအမည်မှည့်ခေါ်ကြခြင်းဖြစ်၏။ တစ်ခါကြည့်ငါးပြားလားဆယ်ပြားလားမမှတ်မိ။ ဆယ်မီးနစ်စာခန့်ဇာတ်ကားဟောင်းအပိုင်းအစလေးများကိုအသံတိတ်ပြသခြင်းသာဖြစ်ပြီး ပြသူကဇာတ်ကြောင်းပြောပြပေးသဖြင့်ဆလိုက်ထက်စာလျှင်ပို၍ကြည့်ကောင်းသလိုရှိ၏။ မြန်မာကားဟောင်းထဲမှ  ဒိုင်ဗင်တင်လှ၏စတန့်များ၊ တာဇံလိုချာလီချက်ပလင်လိုစွန့်စားခန်းများ ဟာသများကို နောက်ခံစကားပြောပိုင်ပိုင်နှင့်ကြည့်ရသည်မှာ ခလေးတစ်ယောက်အတွက်ဖျော်ဖြေမှုအတော်အတန်ပေးစွမ်းနိုင်သည်။ တစ်နေရာ လေးငါးခြောက်ပွဲ ကလေးအုပ်စုကုန်သည်အထိပြပြီး နောက်တစ်နေရာသို့ရွှေ့ကာပြသကြ၏။ ကျွန်တော့်စိတ်ထဲမှာ  မောင်ဝင်းသာဇာတ်ကြောင်းပြောလျှင်ပို၍ကြည့်ကောင်းမည်ဟုပင် ထင်မိသေးသည်။

                                                                                         [၄]

သူရဲကောင်းပုံပြင်အပြောကောင်းသလောက် မခံချိမခံသာအောင်စတတ်သည်မှာတော့ မောင်ဝင်း၏ အားနည်းချက်ဟုဆိုရမည်ထင်သည်။ သူ၏မထီတရီအပြောက ရယ်စရာသက်သက်မကပဲ နာသာခံခက်ဖြစ်သွားတတ်သဖြင့် သူငယ်ချင်းများအကြားမကြာခဏစိတ်ဆိုးစိတ်ကောက်ဖြစ်ကြရ၏။ အမှန်မှာ မောင်ဝင်းက အပျော်သက်သက်စရုံစပြီး စိတ်ဆိုးမှန်းသိလျှင်ဆက်မစတော့သလို သူ့ကိုရိုက်မောင်းပုတ်မောင်းလုပ်လာလျှင်လည်းလက်တုံ့မပြန်သီးခံတတ်သဖြင့်ရန်စမရှည်။ တစ်နေ့ညနေခင်း ကျွန်တော်တို့နှစ်ဦးသားလမ်းထိပ်မှာရပ်နေကြစဉ် လမ်းထဲမှကျွန်တော့်ဝမ်းကွဲ ညီမမြင့်မြင့် ရှေ့မှဖြတ်လျှောက်သွားသည်ကို “ဟဲဟဲ သူ့ကိုယ်သူချန်ပီယံပေါ့လေ” ဟု မောင်ဝင်းကလှမ်းနောက်သည်။ 

မြင့်မြင့်မှာ သရက်တောလမ်းထုတ်ဆီးတိုးအသင်း၏အားထားရသောကစားသမားတစ်ဦး။ လွပ်လပ်ရေးနေ့အပြေးပြိုင်ပွဲတွေမှာ ဗိုလ်စွဲနေကျ။ သွက်လက်ဖြတ်လပ်သလို စိတ်ဆတ်၏။ ဒါကိုသိလျက် မောင်ဝင်းကစခြင်းဖြစ်၏။ သူ့ကိုပြောမှန်းသိသော မြင့်မြင့်ကချာကနဲလှည့်ကာ ကျွန်တော်ပင်တားချိန်မရမီ မောင်ဝင်း၏ရင်ဘတ်ကိုအားကုန်တွန်းလိုက်ရာ မောင်ဝင်းဖင်ထိုင်လဲလေတော့သည်။ ဒါကိုပင်ဆက်ရိုက်မည်လုပ်နေသဖြင့် ကျွန်တော်ကမြင့်မြင့်ကိုဆွဲခေါ်ပြီးသူ့လမ်းသူသွားရန် တောင်းတောင်းပန်ပန်လွှတ်လိုက်ရသည်။ မောင်ဝင်းသည် လဲကျရာမှပြန်ထပြီး ရှက်ကိုးရှက်ကန်းနှင့် “ငါက သူ့ကို မိန်းခလေးမို့ ညှာလိုက်တာကွ” ဟု ကျွန်တော့်ကိုပြောလေ၏။

ကျွန်တော့်ညီမကိုမိန်းခလေးမို့ညှာလိုက်သောမောင်ဝင်း ကုန်းပေါ်သားတစ်ယောက်ကိုညှာလိုက်သဖြင့် ကျွန်တော်နာရသည့်အဖြစ်ကိုမူ ကျွန်တော့်ညာဘက်နထင်ရှိအမာရွတ်ကသက်သေဖြစ်၏။ သရက်တောလမ်းအပါအဝင်ရှမ်းလမ်းနှင့်လင်းလွန်းလမ်းကိုဆက်ထားသောလမ်းသွယ်များအား ကုန်းပေါ်နှင့်ကုန်းအောက်ဟူ၍ မြေမျက်နှာပြင်အရပိုင်းခြားခေါ်လေ့ရှိ၏။ ရှမ်းလမ်းကလင်းလွန်းလမ်းထက်နိမ့်လေရာ လမ်းသွယ်များအားလုံး ရှမ်းလမ်းဘက်မှဝင်လျှင် သုံးပုံနှစ်ပုံခန့်မြေညီဖြစ်ပြီးထိုမှ လင်းလွန်းလမ်းရောက်သည်အထိ တစ်ဖြည်းဖြည်းမြင့်တက်သွားသည်။ မြေညီပိုင်းကိုကုန်းအောက် ကုန်းမြင့်ပိုင်းကိုကုန်းပေါ်ဟု မှတ်သားခေါ်ကြသည်။ 

ထိုမှ ပညတ်သွားရာဓါတ်သက်ပါပြီး ကုန်းပေါ်နေနှင့်ကုန်းအောက်နေသူတို့ အနည်းနှင့်အများဆိုသလို မသင့်မတင့်ဖြစ်တတ်ကြသည်မှာ မြန်မာတို့၏စရိုက်ဟုပင်ဆိုရမည်လားမသိ။ ကလေးတွေကလည်း သူ့အစုနှင့်သူနေကာ ကုန်းပေါ်ကုန်းအောက် အရောတဝင်ရှိခဲသည့်အပြင် တစ်ခါတစ်ရံမတည့်သည်အထိ ဖြစ်တတ်ကြလေသည်။ ထိုသို့ မသင့်မြတ်တတ်ရသည့်အထဲ မိန်းခလေးတွေချည့်ရှိသော ကုန်းထိပ်အိမ်တစ်အိမ်မှ ညီအစ်မများကို မောင်ဝင်းကစလေ့နောက်လေ့ရှိသောကြောင့် သူ့မိဘများထံလာရောက်အတိုင်ခံရဖူး၏။ သို့သော် ကိုယ်တော်ကကြုံလျှင်ကြုံသလိုစလေနောက်လေရာ ထိုမိသားစုကမောင်ဝင်းဆိုလျှင်အမြင်ကပ်ကြလေသည်။

စင်စစ် သည်ဇာတ်လမ်းတွေကနောက်မှကျွန်တော်သိရခြင်းဖြစ်၏။ ထိုနှစ်ကျောင်းပိတ်ရက် ပုသိမ်ဘက်မှ မောင်ဝမ်းကွဲတစ်ယောက် ထိုမိသားစုထံအလည်ရောက်နေသည်။ တစ်ရက်သူတို့မောင်နှမတွေ ဖြတ်သွားသည်ကို မောင်ဝင်းက“တောသားတွေ” ဟု မကြားတကြားလှမ်းပြောရာ ဧည့်သည်ပုသိမ်သားက တစ်ခုခုလုပ်မည်ပြုသဖြင့် အစ်မတွေကဆွဲခေါ်သွားကြကြောင်း မောင်ဝင်းကကျွန်တော့်ကိုပြောပြ၏။ သူ့ဘာသာသူသွားစ ကာ ကုန်းပေါ်သို့တစ်ယောက်တည်းမသွားရဲတော့သဖြင့် ကျွန်တော့်ကိုအဖေါ်ခေါ်လိုသောကြောင့်ပြောခြင်းဖြစ်လေသည်။ 

တစ်လမ်းတည်းသားတွေ မသင့်မည့်သာမသင့်မည် ရှောင်လွှဲ၍ရကြသည်မဟုတ်။ ရှမ်းလမ်းဈေး သွားလျှင် (တစ်ခြားလမ်းမှကွေ့မသွားပါက) ကုန်းအောက်ကိုဖြတ်ရသလို လင်းလွန်းလမ်းရှိပြည်သူ့ဆိုင်သို့သွားလျှင်ကုန်းပေါ်ကိုဖြတ်ကြရသည်ချည်း။ ယ္ခုမောင်ဝင်းဆန်ထုတ်ရန် ပြည်သူ့ဆိုင်ကိုသွားရန် ကုန်းပေါ်မှဖြတ်ရမည်ဖြစ်ရာ အဖေါ်မပါဘဲမသွားရဲတော့။ တစ်ခြားလမ်းကသွားရန် (မလိုက်လိုသဖြင့်) အကြံပေးသော်လည်း ကျွန်တော့်ကိုသာတွင်တွင်ခေါ်နေသဖြင့်မငြင်းသာပြန်။ နှစ်ယောက်သားကုန်းပေါ်ကိုဖြတ်ချိန်မှာ ပုသိမ်သားနှင့်ညီအစ်မတစ်တွေအိမ်ပေါက်ဝမှာထိုင်နေကြသည်ကိုတွေ့ရလေသည်။

ကျွန်တော်တို့ကိုတစ်ခုခုများလှမ်းပြီးရန်စလေမည်လားဟုတွေးရင်း ကျွန်တော်အိန္ဒြေရရဆက်လျှောက် လိုက်၏။ သူတို့ကဘာမျှမပြော မောင်ဝင်းကသာအိမ်ဘက်လှည့်မကြည့်ပဲ “ကမ်းမွန်ချဲလင်း” ဟု ပြောလိုက်ရာ သူ့ကိုကျွန်တော်မျက်စောင်းလှည့်ထိုးလိုက်ပြီးဆက်လျှောက်ခဲ့၏။ နောက်မှလိုက်လာကြမည်လား စိုးရိမ်မိသေးသော်လည်းလိုက်မလာကြသဖြင့်စိတ်အေးရသည်။ ပြည်သူ့ဆိုင်တွင်သူဆန်ထုတ်သည်ကို စောင့်ပြီးအပြန်တွင်သူရန်သွားစခဲ့သည်ကိုအြစ်တင်ရင်းကြံခင်းလမ်းဘက်မှလှည့်ပြန်ဖို့ပြောရာ သူတို့ကိုကြောက်သွားသည်ထင်လိမ့်မည်ဆိုပြီး သူကကျွန်တော့်ကိုဆွဲခေါ်၍လာလမ်းအတိုင်းပြန်ကြလေသည်။ ကုန်းထိပ်ရောက်သည်နှင့်အိမ်ရှေ့လမ်းမပေါ်ထွက်ရပ်နေကြသော ဟိုမောင်နှစ်မတွေကိုလှမ်းမြင်ရလေသည်။ ထိုအချိန်ကျမှလှည့်ပြန်၍ မဖြစ်တော့။ နှစ်ယောက်သားဟန်မပျက်ဆက်လျှောက်လာခဲ့ကြ၏။ 

ထိုအိမ်ရှေ့အရောက်တွင် သူတို့မောင်နှစ်မတွေဝိုင်းလာကြသည်။ “ခုန မင်းဘာပြောသွားတာလဲ” ပုသိမ်သား၏အမေးကိုမောင်ဝင်းကမဖြေ။ သူကမောင်ဝင်းအင်္ကျီစကိုဆွဲပြီး လက်သီးဖြင့်ထိုးရန်ရွယ်လိုက်သည်။ သူတစ်ကယ်ထိုးမည်လား ခြောက်လှန့်ဖို့ရွယ်သည်လား ကျွန်တော်မသိ။ မောင်ဝင်းလက်ထဲမှာဆန်ထုပ်နှင့်မို့သူထိုးလျှင်လွတ်လွတ်ကြီးခံရတော့မည်ဖြစ်ရာ ကျွန်တော်ကရွယ်လိုက်သော ပုသိမ်သား၏လက်ကိုဝင်ဆွဲသည်။ မောင်ဝင်းလွတ်သွားသဖြင့်မောင်နှစ်မအားလုံး ကျွန်တော့်ကိုမဲကြတော့၏။ မျက်စေ့ထဲမှာမောင်ဝင်းပြေးထွက်သွားသည်ကိုမြင်လိုက်ရသော်လည်း ကျွန်တော်မပြေးနိုင်။ 

သူတို့တစ်တွေထိုးကြရိုက်ကြသည်ကိုလက်ဖြင့်ကာရင်းက အနီးဆုံးပုသိမ်သားကိုဝင်လုံးလိုက်၏။ ထို့နောက် သူ့ကိုမြေကြီးပေါ်သို့ဆွဲလှဲလိုက်ပြီး လည်ပင်းကိုတန်တောင်ဆစ်ကွေးဖြင့်ညှစ်ထားလိုက်သည်။ ကျွန်တော့်အပေါ်မှ ညီအစ်မများကဝိုင်း၍ခွစီးကာ ရိုက်ပုတ်ကြသည်ကို ဂရုမစိုက်အားဘဲပုသိန်သား၏လည်ပင်းကိုသာ မလွတ်အောင်ညှစ်ထားခဲ့ရာ သူကမိရာဖမ်းကိုက်သည့်သဘောကျွန်တော့်နားထင်ကိုကိုက်လေတော့သည်။ ကျွန်တော် ကျန်လက်တစ်ဘက်ဖြင့်သူ့ပါးကိုထပ်ခါထပ်ခါထိုးသောအခါမှ သူဆက်မကိုက်နိုင်တော့ဘဲ လွှတ်ပေးလေ၏။

လူကြီးတွေမြင်ပြီး ကျွန်တော်တို့ရန်ပွဲကိုဖျင်ကြသည့်အခါ ကျွန်တော့်နားထင်မှာအကိုက်ခံထားရသဖြင့် သွေးအရဲရဲ။ သူ့ဆီကသွေးလား ကျွန်တော့်ဆီကသွေးလားမသိ ပုသိန်သားနုတ်ခမ်းမှာလည်းသွေးအလိမ်းလိမ်း။ အိမ်ပြန်ရောက်တော့ ဒေါ်ကြီးတို့ကကျွန်တော့ကိုဆူပြီးအကိုက်ခံရသည့်နေရာကို မိကျောင်းကွမ်းဖတ် အုံပေးသည်။ မောင်ဝင်းနှင့်တွေ့၍ မင်းဘာကြောင့်ပြေးရတာလဲဟုမေးသောအခါ သူက “ငါကဆန်ထုပ်အိမ်ပြန်ထားမလို့လေကွာ” ဟုဖြေလေသည်။ သို့သော် ထိုကိစ္စကြောင့်ကျွန်တော်တို့အတွဲမပျက်ကြ။

                                                                                    [၅]

ကျွန်တော်ဝါးခယ်မသို့ပြန်ကာနီးတစ်ရက်၌ မောင်ဝင်းတို့အိမ်ဘက်မှအော်သံဟစ်သံတွေကြားရ၏။ ယခင်က မကြားစဘူးသူ့ဖခင်၏ဒေါသသံတွေအပြင် သူ့မိခင်တစ်ချက်တစ်ချက်ပြန်အော်သံတို့ကြောင့် သူတို့ချင်း ရန်ဖြစ်နေကြကြောင်းသိနိုင်လေသည်။ ရန်ပွဲကအတော်ကြာသည်အထိမပြီးရုံမက ရိုက်မောင်းပုတ်မောင်းတွေ ပါလာပုံရသဖြင့် ဖျန်ဖြေရန်ဘေးခန်းမှလူတွေမောင်ဝင်းတို့အခန်းဘက်သို့ ကူးသွားကြသည်ကို အိမ်ရှေ့မှကျွန်တော်မြင်နေရ၏။ ဖျန်ဖြေနေကြသံကိုလည်းကြားရ၏။ ခေါင်းရင်းအိမ်မှ ပလပ်စတစ်အလုပ်ရုံပိုင်ရှင်ဦးလေးကြီးထွက်လာကာ မောင်ဝင်းတို့အိမ်ထဲသို့ဝင်သွားပြီး ခဏအကြာပြန်ထွက်လာသည်ကိုတွေ့ရသည်။ ထိုဦးလေးကြီးနှင့် ရန်ပွဲကိုလာရောက်စပ်စုပုံရသော အခြားအိမ်တစ်အိမ်မှလူကြီးတစ်ယောက်တို့စကားပြောသံကို ကျွန်တော်နားစွင့်နေလိုက်သည်။

“နလေးမ (နားလေးမ) ဖဲရိုက်ပြန်ပြီနဲ့တူတယ်”
“ဒါပဲပေါ့ဗျာ၊ ဒီလောက်အေးတဲ့ သူ့ယောင်္ကျား ဒေါသူပုန်ထနေတာကြည့်ပါလား”
“ကလေးတွေ သနားပါတယ်ဗျာ”

နားလေးမဆိုသည်မှာ မောင်ဝင်းတို့အမေကိုရည်ညွှန်းခြင်းဖြစ်သည်။ သူ့အမေနားအတန်လေးသဖြင့် စကားပြောလျှင် အော်၍ပြောရသည်ကို မောင်ဝင်းနှင့်အိမ်လိုက် သွားတိုင်းကြားဖူးထားသည်။ လူတွေက ကွယ်ရာမှာသူ့ကို နားလေးမဟုရည်ညွှန်းပြောဆိုကြသည်ကိုလည်းသိသည်။ သို့သော် မောင်ဝင်းအမေ ဖဲရိုက်သည်ကိုမူ ယ္ခုမှကြာဖူးခြင်းဖြစ်၏။ သူတို့ပြောသလိုဆိုဖဲရိုက်သည့်အလေ့ပင်ရှိပုံရ၏။ သို့သော် တိတိကျကျကျွန်တော်မသိ။ မကြာမီရန်ဖြစ်သံတွေငြိမ်သက်သွားပြီး မောင်ဝင်းထွက်လာကာ ကျွန်တော့်ဘေးမှာလာထိုင်သည်။ သူ့မျက်နှာမကောင်းသော်လည်းဘာမျှမပြော။ 

ကျွန်တော်ကလည်းမမေး။ မိဘနှစ်ပါး အော်ကြီးဟစ်ကျယ်ရန်ဖြစ်သည့်အခါမည်သို့ခံစားရသည်ကို စာနာမိသောကြောင့်မမေးခဲ့ခြင်းဖြစ်၏။ ကျွန်တော့်မိခင်ရောဖခင်ပါဖဲမရိုက်သော်လည်းသည်လိုမျိုးတော့ရန်ဖြစ်တတ်သည်။ လွန်ခဲ့သောတစ်နှစ်ဖခင်ကွယ်လွန်သည့်အချိန်မှစ၍သည်လိုရန်ပွဲမျိုးကျွန်တော်တို့မိသားစုမှာမကြုံရတော့။ ထိုအခါသည်လိုကြုံခွင့်ရှိနေသောမောင်ဝင်းကိုပင် အားကျမိသလိုလိုဖြစ်ရပြန်လေသည်။

နောက်ပိုင်း မောင်ဝင်းနှင့်ကျွန်တော်သိပ်မတွေ့ဖြစ်။ အဓိကအကြောင်းက မောင်ဝင်းကိုလမ်းထဲမှာ သိပ်မတွေ့ရခြင်းဖြစ်လေသည်။ ကျွန်တော်ပြန်မည့်နေ့မနက်ပိုင်းသူ့အိမ်ကိုသွားမေးတော့အပြင်သွားသည်ဆိုသော အဖြေသာရခဲ့သဖြင့် ကျွန်တော်လည်းမပြန်ခင်မောင်ဝင်းနှင့်တွေ့ဖို့လက်လျှော့လိုက်၏။ သို့သော် ကျွန်တော်မောင်ဝင်းကိုတွေ့ဖြစ်အောင်တွေ့လိုက်ရပါသည်။ လှမ်းမြင်လိုက်ရသည်ဆိုလျှင်ပိုမှန်မည်။ ထိုနေ့နေ့ခင်းပိုင်း သင်္ဘောဆိပ်မဆင်းမီအိမ်ကခိုင်းသဖြင့် ဗားကရာလမ်းဘက်သို့အသွား ရှမ်းလမ်းနောက်ဖေးလမ်းကြားအတိုင်း ကျွန်တော်လျှောက်လာပြီးကျိုက်လတ်လမ်းကိုဖြတ်ကူးစဉ် သူ့ကိုလှမ်းမြင်လိုက်ခြင်းဖြစ်၏။ 

သူကျွန်တော့်ကိုမြင်မမြင်မသိသလို အော်ခေါ်လျှင်ကြားလောက်သည့် အကွာအဝေးဖြစ်သော်လည်း ကျွန်တော်မခေါ်လိုက်။ ထိုအချိန်မောင်ဝင်းကကျိုက်လတ်လမ်း နောက်ဖေးလမ်းကြားထဲမှထွက်ကာ ပန်းတနော်လမ်းဘက်သို့ချိုးသွားကာစရှိသေး၏။ သူသည်ပစ္စည်းပျောက်တစ်စုံတစ်ရာကို ရှာဖွေနေသည့်နှယ်ခေါင်းငိုက်စိုက်ချလျက် ဟိုကြည့်သည်ကြည့်။ လက်တစ်ဖက်တွင်တုတ်ချောင်းတစ်ချောင်းရှိလျက် အခြားတစ်ဘက်က ပုခုံးပေါ်လွှဲတင်ထားသော အတန်ဖေါင်းကားနေသည့် ဂုံနီအိပ်ပါးတစ်လုံးကိုဆွဲကိုင်ထားသည်။ မောင်ဝင်းပလပ်စတစ်ကောက်နေသည်ဆိုသောအသိက လှမ်းခေါ်တော့မည့်ကျွန်တော့်ကိုနှုတ်ဆိတ်စေသည်။

မောင်ဝင်းတို့အိမ်ခေါင်းရင်း ပလပ်စတစ်အလုပ်ရုံသို့ရွယ်တူတန်းတူမျက်နှာစိမ်းခလေးတွေ လူကြီးပိုင်းတွေသူတို့လှည့်လည်ကောက်ယူရရှိသမျှ ပလပ်စတစ်အိပ်ခွံတွေပစ္စည်းဟောင်းတွေ လာရောင်းကြသည်ကို ကျွန်တော်မြင်ဖူး၏။ ကုန်ကြမ်းရှားပါးသောခေတ်မို့ထိုအဟောင်းပစ္စည်းတွေဆေးကြောနေလှမ်းပြီး အရည်ကြိုကာ ပစ္စည်းသစ်ပြန်ထုတ်ရန်အတွက်ဖြစ်သည်။ ဟိုတစ်နေ့ကထိုစက်ရုံမှဦးလေးကြီးမောင်ဝင်းတို့အိမ်ထဲဝင်သွားသည်နှင့်ဆိုင်မဆိုင်မသိသော်လည်း ယ္ခုအတိုင်းဆိုလမ်းထဲမှာပလပ်စတစ်ကောက်ပြီးပြန်သွင်းသောအလုပ်စတင်လုပ်သူမောင်ဝင်းဖြစ်နေ၏။ ထိုမြင်ကွင်းထိုအသိကကာလအတန်ကြာကျွန်တော့်ရင်မှာ မသက်မသာခိုအောင်းနေခဲ့လေသည်။

                                                                                        [၆]

ထိုနေ့ကလှမ်းမြင်လိုက်ရပြီးနောက်ပိုင်း မောင်ဝင်းနှင့်ကျွန်တော်ထပ်မတွေ့တော့။ ဝါးခယ်မကိုပြန်လာကာ သီတင်းကျွတ်ကျောင်းပိတ်ရက် ရန်ကုန်သို့အပြီးအပိုင်ပြောင်းရွှေ့ခဲ့ပြီး သရက်တောလမ်းထိပ် ရှမ်းလမ်းမပေါ်ရှိကွက်သစ်ကျောင်းမှာပင်ကျောင်းဆက်တက်သော်လည်း ကျွန်တော်တို့မိသားစုသရက်တောလမ်းမှာမနေတော့။ မကြီးကြီးလမ်းမှာအိမ်ငှါးနေကြရင်း အမေကဈေးရောင်း အစ်ကိုကြီးကပန်းထိမ်လုပ် အစ်မကစက်ချုပ် ကျွန်တော်နှင့်ညီဖြစ်သူတို့ကသတင်းစာပို့ကာ ဘဝကိုခက်ခဲစွာရုန်းကန်ခဲ့ကြ၏။ ပြန်ရောက်ရောက်ချင်းဆိုသလို မောင်ဝင်းနှင့်တွေ့ရန်သရက်တောလမ်းကိုသွားခဲ့သေးသော်လည်း သူတို့နာနတ်တောဘက်သို့ပြောင်းသွားကြကြောင်းသာသိရ၏။ သရက်တောလမ်းသို့ရံဖန်ရံခါလာတတ်သည်ဆိုသည့်တိုင် ကျွန်တော်နှင့်မဆုံ။ ဆုံမည့်ဆုံတော့နောက်ထပ်ဆယ်နှစ်အကြာမှာ ဒဏ္ဍာရီဆန်ဆန်ပြန်ဆုံခဲ့ရ၏။ သရက်တောလမ်းမှာမဟုတ်။ မုန့်လုပ်ဆောင်းကုန်း ရွှေနှင်းဆီလမ်းမှာ ဖြစ်လေသည်။

ထိုအချိန်ကျွန်တော်သည်တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားဖြစ်နေပြီ။ အိမ်ပိုင်ယာပိုင်မရှိသူတွေမို့ အဆင်ပြေသလို ပြောင်းရွှေ့နေထိုင်ရင်းရွှေနှင်းဆီလမ်းတွင်ရောက်နေကြရကာ ထိုလမ်းထဲမှာပင်ဒုတိယမြောက်အိမ်သို့ ပြောင်းရွှေ့ပြီးစကာလလည်းဖြစ်၏။ ပထမအိမ်နှင့်ဒုတိယအိမ်တို့မှာကပ်လျက်ခြေရင်းခေါင်းရင်း တည်ရှိပြီး ပထမအိမ်၏အပေါ်ထပ်အလယ်ခန်းမှသည် ပိုမိုကျယ်ဝန်းပြီးလျှပ်စစ်မီးပါရသော ဒုတိယအိမ်(အထပ်မရှိ) ခြေရင်းခန်းသို့ပြောင်းရွှေ့ရခြင်းဖြစ်ရာ အိမ်နှစ်အိမ်၏အနေအထားကြောင့်ပင် မောင်ဝင်းနှင့်ပြန်ဆုံရပုံက ဒဏ္ဍာရီဆန်နေခြင်းဖြစ်လေ၏။ 

မိုးအေးအေးတစ်နံက် လင်းအားကြီးသုံးနာရီခန့် အိမ်ရှေ့ခန်းမှာအိပ်နေသော ကျွန်တော်နာမည်ခေါ်သံကြောင့်နိုးလာသည်။ ကပျာကယာတံခါးဖွင့်ပြီးဆင်းလာသည့်အခါ ခြေရင်းအိမ်နှင့်လက်ရှိကျွန်တော်တို့အိမ်ကြားတည့်တည့် လမ်းမပေါ်မှာခြေရင်းအိမ်ပိုင်ရှင် (ကျွန်တော်တို့အိမ်ရှင်ဟောင်း) ကို လူငယ်တစ်ယောက်နှင့်အတူတွေ့ရ၏။ အမှတ် (၁) ဘတ်စလိုင်းကားမောင်းသူ ထိုအိမ်ရှင်သည်နေ့စဉ်အလုပ်သိမ်းချိန်အိမ်ပြန်ရောက်လျှင် အောက်ထပ်ခေါင်းရင်းဘက်သူတို့အခန်းရှေ့မှာ ဇရက်မင်းစည်းစိမ်နှင့်အိပ်စက်လေ့ရှိပြီးသည်လိုအချိန်ပြန်နိုးနေကျမို့မဆန်းသော်လည်း သူ့ရှေ့မှလူငယ်ကိုကျွန်တော်ဇဝေဇဝါဖြစ်နေသည်။ “ငါ မောင်ဝင်းလေကွာ” ဟု သူကဆိုမှမှတ်မိတော့၏။

မောင်ဝင်း ငယ်ရုပ်မပျောက်သော်လည်းညှင်းသိုးသိုးပိန်ညှော်ညှော်ဖြစ်နေသည်။ ကျွန်တော်ရှုတ်ထွေးစွာစကားစရှာမရစဉ်မှာပင်အိမ်ရှင်ဦးလေးက သူ့ကိုအိမ်ရှေ့ရေစည်တွေနား မှောင်ရိပ်မှာတွေ့လို့ငါမေးတော့ မင်းဆီလာတာဆိုပြီး အပေါ်ထပ်ကိုလက်ညှိုးထိုးပြတယ်။ ဒါနဲ့မင်းကိုငါခေါ်လိုက်တာဟုပြော၏။ ကျွန်တော်အိမ်ပြောင်းသွားမှန်းမသိသည့်အချိန်အခါမဲ့မှောင်ရိပ်ခိုသူငယ်ချင်းကို သူသင်္ကာမကင်းဖြစ်ပုံရလေသည်။ ဘုရားသွားမှာမင်းများလိုက်မလားလို့ဝင်ခေါ်တာဟုမောင်ဝင်းကဝင်ပြော၏။ သရက်တောလမ်းမှာနေစဉ်အခါကြီးနေ့ကြီးရက်များမှာ မနက်စောစောထ၍သူနှင့်ကျွန်တော်ရွှေတိဂုဏ်ဘုရားဖူးသွားခဲ့ကြဖူးသည်ကို အာရုံတွင်မြင်ယောင်မိရင်း “ငါ မလိုက်နိုင်သေးပါဘူးသူငယ်ချင်းရယ်” ဟုသာကျွန်တော်ပြောနိုင်၏။ သူကကျွန်တော့်မိသားစု မာကြောင်းသာကြောင်းမေးမြန်းပြီး ဒါဆိုငါသွားမယ်ဆိုကာထွက်သွားတော့၏။ 

သူလျှေက်သွားရာနောက်သို့ လိုက်ပါငေးကြည့်ရင်းတွေဝေနေသောကျွန်တော် အိမ်ရှင်ဦးလေး၏ “မင်းသိတယ်ဆိုလို့ နို့မို့သူ့ကိုရဲစခန်းအပို့ပဲ” ဆိုသောစကားကိုငယ်ငယ်ကသူငယ်ချင်းပါမတွေ့တာကြာပါပြီဟုပြန်ဖြေလိုက်သည်။ ထိုဦးလေးကပင်ဆက်၍ မင်းတို့အိမ်မှာပစ္စည်းတွေဘာတွေအပျောက်အရှရှိလားကြည့်လိုက်ဦးဆိုကာ သူကိုယ်တိုင်လည်းအိမ်ပတ်ဝန်းကျင်ကို လက်နှိပ်ဓါတ်မီးတစ်လက်နှင့်လိုက်ကြည့်၏။ ကျွန်တော်က တံခါးမရှိသောကျွန်တော်တို့အိမ်ဘိနပ်ချွတ်ကိုဝတ်ကျေတန်းကျေကြည့်ပြီး ဘာမှခြေရာလက်ရာမပျက်ပါဘူးဟု သတင်းပေးသောအခါသူ့အခန်းသူပြန်ဝင်သွားသည်။ ထိုညအတွက် မောင်ဝင်းကျွန်တော့်လိပ်စာကို (လွန်ခဲ့သောလပိုင်းအထိမှန်ကန်စွာ) ဘယ်ကဘယ်လိုသိနေပါလိမ့်ဆိုသောအတွေးဖြင့် ကျွန်တော်ပြန်အိပ်၍မရတော့။

နောက်တစ်နေ့ ကျွန်တော်ကျောင်းမှပြန်ရောက်ချိန်အိမ်မှာမြို့နယ်ကောင်စီဝင်တစ်ဦးနှင့် ရပ်ကွက်လူကြီး တစ်ဦးတို့ကိုတွေ့ရသည်။ ညကကိစ္စအတွက်ဟုသိရ၏။ သတင်းပေါက်ကြားမှုနှုံးသည်မျှမြန်ဆန်ခြင်းကို အံ့သြရသလို ထိုကိစ္စအပေါ်ဘာကြောင့်အရေးတယူဖြစ်နေကြသည်ကို မစဉ်းစားတတ်အောင်ဖြစ်ရ၏။ ပထမအကြိမ်ပြည်သူ့ကောင်စီသက်တန်းမို့ ကိုယ်စားလှယ်တော်ကြီးများတက်ကြွစွာအလုပ်မရှိအလုပ်ရှာနေခြင်း ဖြစ်ကြောင်း သူတို့မေးခွန်းတွေအရသိရသော်လည်း အခန့်မသင့်လျှင်နိုင်ငံတော်အားနှောက်ယှက်ဖျက်ဆီးသူများ စာရင်းဝင်သွားနိုင်သည်ကိုလည်းသဘောပေါက်မိသည်။ မောင်ဝင်းဆိုသည်မှာဘယ်သူဘယ်မှာနေ ဘယ်တုန်းကသိ ဘယ်လောက်ကြာကြာကွဲနေ ညကဘာလာလုပ် စသောမေးခွန်းတွေကိုသူတို့ကမေးသည်။ 

အားလုံးကျွန်တော်သိထားသည့်အတိုင်းဖြေပြီးသည့်အခါ အချိန်မတော်တွေ့ရသူကိုဘာကြောင့်သက်ဆိုင်ရာသို့အကြောင်းကြားမအပ်နှံရသလဲဆိုသည့်မေးခွန်းသို့ရောက်၏။ ကျွန်တော်ကလက်ရှိအနေအထားအရ ကောင်းမှန်းဆိုးမှန်းမသိ မဖိတ်ခေါ်မမျှော်လင့်ဘဲရောက်လာသည့်ငယ်သူငယ်ချင်းတစ်ဦးကို ဘာအထောက်အထားမှမရှိပါဘဲလူဆိုးအဖြစ်သတ်မှတ်ကာဆိုင်ရာအပ်သည့်အလုပ်ကိုလုပ်ဖို့ကျွန်တော်သတိမရ ရသည့်တိုင်လုပ်ဖြစ်လိမ့်မည်မဟုတ်ဟု ဖြေလိုက်၏။ တက္ကသိုလ်ကျောင်းသားတစ်ဦး၏စာရိတ္တကိုယုံကြည်စွာ ကျွန်တော်ပြောသမျှလက္ခံပါကြောင်း နောင်ထူးခြားဖြစ်စဉ်များရှိလာပါက သတင်းပို့ရန်တိုက်တွန်းကြောင်းပြောကာသူတို့ပြန်ကြလေသည်။ သည့်အတွက်ကို ပညာ၏ ကျေးဇူးဟုသာမှတ်ယူရတော့၏။

                                                                                      [၇]

ဒဏ္ဍာရီဆန်ဆန်မောင်ဝင်းနှင့်ပြန်ဆုံရသောထိုဖြစ်ရပ်တွင် ကျွန်တော်ရင်နင့်စွာထိန်ချန်ထားခဲ့သည့် အချက် တစ်ချက်ရှိပါ၏။ ယင်းကိုခြေရင်းအိမ်ရှင်ဦးလေး သို့မဟုတ် အထက်ကလူကြီးမင်းတို့သာသိရှိခဲ့လျှင် မည်သို့သောအကျိုးဆက်တွေကြုံရမည်ကိုမခန့်မှန်းတတ်သလို တက္ကသိုလ်ကျောင်းသားတစ်ဦး၏စာရိတ္တအပေါ် အနည်းဆုံးယုံကြည်မှုပျက်ပြားသွားမည်လား ကျွန်တော်မပြောတတ်။ ထိုညမောင်ဝင်းထွက်သွားပြီးနောက် အိမ်ပေါ်ပြန်တက်ကြည့်လိုက်သည့်အခါ ထင်သည့်အတိုင်း ကျောင်းသွားကျောင်းပြန်စီးရန် လေဟာပြင်ဈေးတွင် ပြီးခဲ့သည့်ရက်ပိုင်းကလေးကမှဝယ်ထားသည့် မိုးတွင်းစီးယိုးဒယားဖြစ်ဆင်ကြယ်ဖိနပ်အသစ်ကလေး ဖိနပ်စင်ပေါ်မှာမရှိတော့။ ထို့အတူ ဖိနပ်ချွတ်ဝရံတာပေါ်မှာ ညကကျွန်တော်လှမ်းထားခဲ့သည့် ရေလဲလုံချည်တစ်ပတ်ရစ်လေးလည်းမတွေ့တော့။ မောင်ဝင်းနှင့်စကားပြောစဉ်နှင့်သူထွက်သွားစဉ် လမ်းတစ်ဘက်ရှိ ဓါတ်တိုင်မှအလင်းရောင်ဖြင့် ဝတ်ထားသောလုံချည်နှင့် စီးထားသောဖိနပ်တို့ကို ကျွန်တော်သတိပြုမိခဲ့သော်လည်း မသိသယောင်နေခဲ့ပြီးသူ့ကိုသင်္ကာမကင်းသော ခြေရင်းအိမ်ပိုင်ရှင်ဦးလေး၏ ပစ္စည်းအပျောက်အရှစစ်ဆေးဖို့သတိပေးသည်ကို အနေအထားဘာမျှမပျက်ဟု သာပြောခဲ့သည်။

ညနေကအိမ်ကိုရောက်လာသည့်ပြည်သူ့ကိုယ်စားလှယ်လူကြီးမင်းများ ကျွန်တော့်အိမ်ဖိနပ်ချွတ်တွင်ထိုအချိန်ထိလွှင့်မပစ်ရသေးသည့် မောင်ဝင်းချန်ထားခဲ့ပုံရသောဂျပန်ဘိနပ်ဖင်ပြတ်ကလေးကို သဲလွန်စအဖြစ်သတိပြုမိကာ စစ်စစ်ပေါက်ပေါက်မေးခွန်းတွေမမေးခဲ့ကြသည့်အတွက်စိတ်သက်သာရာရမိ၏။ ကျွန်တော့်ဖိနပ်မှန်းမသိသဖြင့်သာ ကျွန်တော့်ကိုခြေရင်းအိမ်မှာနေသည်ဟုသိနေခဲ့သောမောင်ဝင်း လဲစီးသွားခြင်းဖြစ်သည်ဟု ကျွန်တော်ယုံကြည်ဆဲ။ ဥပဒေမကျွမ်းကျင်သော်လည်း ထိုကိစ္စထိန်ချန်ခြင်းငှါမသင့်ကြောင်းကိုလည်း ကျွန်တော်သဘောပေါက်သည်။ သို့သော် မောင်ဝင်း၏အရှက်သိက္ခာနှင့်ဘဝကို ကျွန်တော့်ပယောဂဖြင့် တစ်စုံတစ်ရာမထိခိုက်စေချင်သောစေတနာအား လူမှု့ဥပဒေအရမည်သို့စီရင်နိုင်မည်ကို ကျွန်တော်အမှန်ပင်သိလိုခဲ့၏။ (စကားချပ်၊ အရှက်သိက္ခာနှင့်ဘဝကိုမထိခိုက်စေချင်ဘူးဆိုပြီး ခုဘာပြုလို့ရေးသလဲ ဟုတွေးမိသူများရှိချင်ရှိမည်။ ထိုအတွက်လုံလောက်သောအဖြေ ကျွန်တော့်မှာမရှိပါ။) 

တစ်လောက သတင်းတစ်ပုဒ်တွင် အီတလီ နိုင်ငံကုန်တိုက်တစ်ခုအတွင်းပိုက်ဆံမလောက်သဖြင့် စားသောက်ဖွယ်အချို့ကိုငွေမချေပဲယူခဲ့သည့်အခြေအနေမဲ့တစ်ဦးအပေါ် တရားရုံးချုပ်မှတရားသေလွှတ်ခဲ့ကြောင်းဖတ်ရှုရသောအခါ အရင်ဆုံးပြေးမြင်သည်ကမောင်ဝင်း၏မျက်နှာဖြစ်နေသည်။ ကျွန်တော်တို့ဆီကတရားဥပဒေမှာ သည်လိုဆင်ခြင်တုံတရားတွေပေါ်ပေါက်ရန် ရှိမရှိကိုလည်းစိတ်ဝင်စားမိလေသည်။ နှစ်ပေါင်းလေးဆယ်ကျော်အကြာယခုအချိန်မောင်ဝင်းတစ်ယောက်ဘယ်ဆီဘယ်ဝယ်ရောက်နေပြီ ကျွန်တော်မသိ။ တစ်ခါတစ်ခါ ငယ်ဘဝနှင့်ယှဉ်လျက်မောင်ဝင်းကိုသတိရမိကာစိတ်ထဲမှာလေးလံသလိုလို ယူကျုံးမရသလိုလိုခံစားမိရတတ်ပါ၏။ တကယ့်ဘဝသည်စိတ်ကူးယဉ်ထက်ပို၍ဆန်းကြယ်ကြောင်းကိုလည်းထိုအခါများမှာကျွန်တော်ဆင်ခြင်မိလေသည်။

Tuesday, May 3, 2016

ကျွန်တော်နှင့်စမ်းချောင်း (၅)



ဖေဖေ့အသုဘကိစ္စပြီးပြီးချင်းဆိုသလို ဝါးခယ်မကိုပြန်ကြသည်။ ပထမအစမ်းစာမေးပွဲပြီး၍ သီတင်းကျွတ် ကျောင်းပိတ်ရက်ပင်ကုန်ပြီမို့ ကျောင်းပျက်ရက်အတော်များနေပြီ။ သို့သော် မသွားခင်ကခွင့်တိုင်သွားခြင်းကြောင့်၎င်း၊ ဖခင်ဆုံးထားသည်ကိုသိရှိကြသဖြင့်၎င်း၊ ကျောင်းမှထူးထူးထွေထွေမပြော။ စာတွေနောက်ကျသော်လည်းဒုတိယအစမ်းနှင့်စာမေးပွဲကြီးကိုကျွန်တော်ကောင်းစွာဖြေနိုင်ခဲ့သည်။ မူလတန်းအဆင့်ပြီးပြီ။ 

ကျောင်းကအလယ်တန်းကျောင်းမို့ ငါးတန်းတက်ဖို့ကျောင်းပြောင်းရန်မလိုသည်မှာကံကောင်းသည်ဆိုရမည်။ ထိုအချိန်မျိုးတွင်ကျောင်းအသစ်ပြောင်းအပ်ရမည့်ကရိကထတွေကိုခံနိုင်ရည်ရှိမှာမဟုတ်။ ဖေဖေကွယ်လွန်ခြင်းနှင့်အတူသားရေးသမီးရေးကိစ္စတွေတစ်လှေကြီးဆိုသလို ကျန်ရစ်ခဲ့ပြီးစီးပွားရေးကလည်းထောက်ထောက်ခံခံမရှိ။ ပုဗ္ဗေကတ ရှေးဘဝက ပုညဆင်းရဲ ကံမွဲချို့တဲ့ ဘုန်းမဲ့သသူဆိုသလို သံသရာအဆက်ဆက်ကုသိုလ်တရားနည်းပါးခဲ့ပုံရသောသည်မိသားစုမှာ ဖေဖေဆုံးပြီးနောက်အမေသည်အကြီးအမှူး။ သို့သော် လောကဓံ ကိုကျော်လွှားရန်လုံလောက်သောလက်နက်ရိက္ခာပင်မရှိသည့်အကြီးအမှူးဖြစ်နေရုံမက ငိုအားထက်ရယ်အားသန်စရာထိုလောကဓံ၏ အားစမ်းမှုကိုလည်းရှေးဦးမဆွမှာပင်ကြုံရသေး၏။

မိသားစု၏အိမ်ဦးနတ်သံသရာခရီးကိုအပြီးအပိုင်ထွက်ခွာသွားခြင်းအပေါ် ပူဆွေး၍မှမျက်ရည်မခြောက်ခင် အကြီးဆုံးသမီး (ကျွန်တော့အစ်မအကြီးဆုံး) ကယောက်ကျားနောက်လိုက် (ခိုးရာလိုက်) သွားသည်။ ဖေဖေဆုံးပြီးတစ်ဆယ့်လေးရက် မမအသက်တစ်ဆယ့်ခြောက်နှစ်စွန်းစွန်းမှာဖြစ်၏။ ဆေးရုံကိစ္စလူမမာကိစ္စတွေနှင့် ရှုပ်ထွေးနေကြချိန်မှာ ဖေဖေ့အချစ်ဆုံးသမီးချောမမနှင့်တစ်လမ်းကျော်မှဆောက်လုပ်ရေးဒုတိယတန်းကလပ်ဘော်လုံးသမားတစ်ဦးတို့၏ နှလုံးသားအရေးကိုမည်သူမျှအာရုံမစိုက်နိုင်ခဲ့ကြ။ 

ဝါးခယ်မပြန်ဖို့ နှစ်ရက်အလိုမှာထိုကိစ္စဖြစ်တော့အမေသည်လင်သေပြီးနောက်တိုးတိုးဖေါ်တိုးတိုးဖက်သမီးကြီးအဖြစ် ရည်ရွယ်ထားပုံရသောမမ၏ အဝတ်အစားများအသင့်ထည့်ပြီးသားခရီးဆောင်ကြိမ်ခြင်းကလေးကို ကြည့်ကာငိုင်နေပြီးမှ ‘အဆက်အသွယ်ရလျှင်ပေးလိုက်ဖို့’ ကိုသာမှာကြားလျက် ကျန်သားသမီးများ (အစ်ကိုကြီးကလူငယ့်ရေးရာညကျောင်းတက်ရင်းကိုးတန်းပြန်ဖြေဖို့နေရစ်သည်) ကိုခေါ်ဆောင်ပြီးပြန်ခဲ့၏။ ကလေးတွေမို့ အမေပြောမပြသော်လည်းသူတို့အချင်းချင်းစကားသွားစကားလာတွေအရ ကျွန်တော်တို့သိရသောကိစ္စတစ်ခုလည်းရှိသေး၏။ အမေ့မှာ နောက်ထပ်ကိုယ်ဝန်လွယ်ထားရသည်။

#                  #

ပြန်စဉ်းစားကြည့်တော့ တစ်ခါတစ်ခါတကယ့်အဖြစ်အပျက်တွေသည် စိတ်ကူးယဉ်ပုံပြင်ဝတ္ထုတွေထက် ပိုဆန်းကျယ်ပို၍ဇာတ်နာတတ်သည်ဆိုသောသဘောကိုကျွန်တော့်ငယ်ဘဝမှာအများကြီးတွေ့ရ၏။ အထူးသဖြင့် ဖေဖေဆုံးပြီးဝါးခယ်မမှာပြန်နေကြသည့်ကာလတွေမှာ မှောင်လွန်းသောညများဟုပင်ကဗျာဆန်ဆန်တင်စားရမည်သို့ဖြစ်၏။ ထိုကာလတွေကို ကျော်လွှားရုန်းကန်ခဲ့သမျှတွေမှာအမေသည်အခရာ။ မဆုတ်နစ်သော အမေ့ဇွဲ အားမာန်နှင့်ဆင်ခြင်တုံတရားကြောင့်သာမဟုတ်လျှင် ကျွန်တော်အပါအဝင်သားသမီးတွေ ယနေ့လူတန်းစေ့ရုံဘဝမျိုးကိုပင်ရောက်ကြလိမ့်မည်မဟုတ်။ ပို၍တိတိကျကျပြောရလျှင်ယနေ့လိုအမှီခိုကင်းကင်း ကိုယ်စားသည့်ထမင်းကိုယ်စိတ်‌ဖြောင့်လက်ဖြောင့်မျိုကျနိုင်သည့်ဘဝမျိုးကိုရမည်ရောက်မည်မထင်။ အနည်းဆုံးမိသားစုဆို‌သောအသိုက်အမြုံနှင့်လုံခြုံခွင့်ဆုံးရှုံးပြီး ဆင်းရဲခြင်းထက်ပိုဆိုးသောဝေဒနာနှင့်ကြီးပြင်းရမှာ‌သေချာသည်။ 

ဝါးခယ်မပြန်ရောက်ရောက်ချင်းဆေးလုံးလုံးသည့်အလုပ်အမေပြန်လုပ်သည်။ ဖေဖေ့အတွက်တစ်လပြည့်ဆွမ်းကျွေးအိမ်မှာလုပ်တော့မြို့ပေါ်နှင့်ရွာနီးချုပ်စပ်မှလာကြသမျှဆွေမျိုးတွေ အမေ့ကိုဂရုဏာသက်ကြ၏။ အတော်များများကအမေ့မှာမပေါ့မပါးကြီးနှင့် လူမမယ်ကလေးတွေတစ်ဖက်စားဝတ်နေရေးတစ်ဖက်မို့ အငယ်တွေ (ကျွန်တော်အပါအဝင်သုံးယောက်) သူတို့ကူမွေးပေးမည်။ အနည်းဆုံးအမေမွေးဖွားပြီးသည်အထိသူတို့ထံပို့ထားရန်ဝိုင်းပြောကြသည်။ အမေကအပြုံးနှင့်တွင်တွင်ငြင်းလေသည်။ ဆွေမျိုးတွေကစစ်မှန်သောမေတ္တာတရားနှင့်ကမ်းလှမ်းကြခြင်းဖြစ်သော်ငြား အဖရင်း၏မေတ္တာကိုဆုံရှုံးပြီးစရင်သွေးများအားအမိရင်း၏မေတ္တာ ခေတ္တခဏပဲဖြစ်ဖြစ်ထပ်မံမဆုံးရှုံးစေဖို့အမေသံန္နိဋ္ဌာန်ချထားပုံရ၏။ ပြောရလျှင် ထိုအတွက်မဆိုင်သူတွေဘေးမှအမနာပသည်ကိုရင်ဆိုင်ရခြင်းမျိုးလည်း (ကျွန်တော့်အသိဉာဏ်သေးသေးဖြင့် တိုင်းတာမိသလောက်) ရှိခဲ့ပါ၏။

ထိုအမျိုးများထဲမှ ဖေဖေ့ညီဝမ်းကွဲ (ဖေဖေ့ဘက်ကကျွန်တော်တို့အဖွားသည်လည်း ဝါးခယ်မသူဟုသိရသည်) လင်မယားမှာအတော်ဇွဲသန်သည်ဆိုရမည်။ သူတို့ကမြို့နှင့်မလှမ်းမကမ်းလှေနှင့်နာရီဝက်ခန့်သွားရသော ဇုက္ကနိရွာကလေးမှဖြစ်သည်။ ရေလုပ်ငန်းလုပ်ကိုင်ကြပြီးအတော်အတန်ချောင်လည်ပုံရ၏။ သားသမီးမထွန်းကား။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကိုမြင်မြင်ချင်း သားသမီးလိုချစ်ခင်သဖြင့်သူတို့မွေးပါရစေဟုပူဆာသည်။ အမေကအလိမ္မာနှင့်ပြတ်ပြတ်သားသားငြင်းသည့်တိုင်လက်မလျှော့။ လာမည့်ကျောင်းပိတ်ရက်မှာတစ်ခါလာပါဦးမည်ဆိုကာပြန်သွားပြီးနောက် ဒီဇင်္ဘာကျောင်းပိတ်ရက်ထပ်လာကာ ကျွန်တော်တို့ကိုအလည်အပတ်ဖြစ်ဖြစ်ထည့်ပေးပါရန်ပြောပြန်၏။ အမေမငြင်းသာတော့။ ကျွန်တော်တို့ကိုသာ ကောင်းကောင်းမွန်မွန်နေကြရန်မှာကြားပြီး အလည်ထည့်လိုက်သည်။ 

အစ်မငယ်နှင့်ညီမလေးတို့က အမေနှင့်ကျန်ရစ်သည်။ ကျွန်တော်တို့ကတော့လှေစီးပြီးခရီးထွက်ရသည်မို့ပျော်သည်။ ဦးခွေးလေး (အမျိုးတွေခေါ်သောအမည်) တို့အိမ်ကဇုက္ကနိချောင်းအဝင်လောက်မှာရှိသည်။ အိမ်မှာကုန်စုံဆိုင်ဖွင့်ထားသဖြင့်ကျွန်တော်တို့အတွက်မုန့်ပဲသရေစာမရှား။ ထို့ထက်ပို၍ သားငါးလတ်လတ်ဆတ်ဆတ် နေ့တိုင်းစားရသဖြင့်အကောင်းကြိုက်ဟုအိမ်မှာအမည်တွင်သူကျွန်တော့်အတွက်ဟန်ကျနေ၏။ မနက်စောစော ဦးလေးကလှေတစ်စင်းနှင့်ငါးဖမ်းထွက်လျှင် ကျွန်တော်တို့ကအိမ်မှာဒေါ်လေးဒေါ်ကျားမေနှင့်ကျန်ရစ်သည်။ ဒေါ်လေးကချက်ပြုတ် ဆွမ်းလောင်းရင်းဈေးရောင်းချိန် ကျွန်တော်တို့ညီအစ်ကို အိမ်ရှေ့ချောင်းကမ်းပါး သို့မဟုတ် အိမ်နောက်လယ်ကွင်းထဲရှိ စပါးခင်းတွေကြားထဲလျှောက်သွားကြ၏။ 

နေ့လည်ထမင်းစားချိန် ဦးလေးပြန်လာလျှင်အတူစားမလာသေးဘူးဆိုလျှင်ကျွန်တော်တို့ကိုအရင်ထမင်းကျွေးသည်။ ညနေခင်းချောင်းထဲမှာရေဆင်းကူးလျှင် ဒေါ်လေးကအတူလိုက်ပြီးမလှမ်းမကမ်းမှစောင့်ရှောက်သည်။ ရေကူးရင်းလတာပြင်ပေါ်မှာငါးမြွေထိုးဖမ်းသူတွေကိုငေးရသည်မှာစိတ်ဝင်စားစရာကောင်း၏။ အသွားချင်းထိလုနီးပါးကွေးထားသည့် ချိတ်သဏ္ဍန်ဓားကွေးကို ဝါးအရိုးထိပ်ဖျားမှာတပ်ထားသောကရိယာဖြင့်လတာပြင်ထဲစိုက်ချပြီးပြန်နှုတ်လိုက်လျှင် ငါးမြွေထိုးတစ်ကောင်ဓားသွားနှစ်ဘက်ကြားမှာ ညပ်လျက်သားပါလာသည်။ မျက်စေ့ဖြင့်မမြင်နိုင်သောလတာပြင်အောက်မှာငါးရှိမှန်းဘယ်လိုသိကြပါလိမ့်ဆိုသောအတွေးက ကျွန်တော်တို့ကိုဖမ်းစားနေသဖြင့်ရေမကူးဖြစ်တော့ဘဲလိုက်ကြည့်နေမိသည်မှာ ဒေါ်လေးအတန်တန်ခေါ်မှ ကမ်းပေါ်တက်ဖြစ်တော့သည်။

ဇုက္ကနိမှာရှိစဉ်အမှတ်ရစရာတစ်ခုမှာမုန့်ဆန်းဖြစ်၏။ စပါးတွေအောင်စအချိန်လသာညတွေမှာ မုန့်ဆန်းထောင်းပြီး သကြားအုန်းသီးနှင့်နယ်ကာ အိမ်သားတွေရောဧည့်သည်တွေပါ ပျော်ပျော်ပါးပါးဝိုင်းဖွဲ့စားကြခြင်းဖြစ်၏။ တစ်ခါတစ်ခါရွာနီးချုပ်စပ်အထိလှေဖြင့်သွားကြရာ ဦးလေးတို့ကကျွန်တော်တို့ကိုပါခေါ်သည်။ အေးမြသောရာသီညဉ့်ဦးယံ  ထိန်ထိန်သာသောလမင်းကြီးအောက် သီချင်းတအေးအေးလှေလှော်နေကြသော ကာလသားကြီးများ၏အပျော်နှင့်အလွမ်းများကျွန်တော့်ကိုပါကူးစက်ပြီး လောကကြီးကို (အိမ်မှာကျန်ရစ်သောအမေတို့ကို) မေ့လျော့နေတော့၏။ ထိုအချိန်ခေတ်စားစတွံတေးသိန်းတန်၏ ဘယ်ပန်းသာလို့ယဉ်သီချင်းကိုအဆိုများလေရာ တွံတေးသိန်တန်ကြိုက်ကျွန်တော်နှင့်အံကိုက်ဖြစ်၍နေလေသည်။ 

ကျောင်းဖွင့်ကာနီး၍ အိမ်ကိုပြန်ကြတော့ကျွန်တော်တို့နှင့် ဦးလေးတို့မိသားစုအတော်ပင်ရင်းနှီးကျွမ်းဝင်မှုရှိပြီဖြစ်ရာ သူတို့၏မွေးစားလိုစိတ်ကလည်းပို၍ပြင်းပြလာပုံရလေသည်။ နှစ်ယောက်စလုံးမဟုတ်လျှင်ပင် အငယ်ကောင် (ကျွန်တော့်ညီ) ကို မွေးစားခွင့်ပေးပါရန်အမေ့ထံအတန်တန်တောင်းဆိုသော်လည်း အမေခွင့်မပြုခဲ့ (စကားနည်း၍ ရှုတည်တည်နေတတ်သောကျွန်တော့်ညီမှာ ဒေါ်လေးဒေါ်ကျားမေ၏အသည်းကျော်ဖြစ်သည်)။ သူတို့ပြန်သွားပြီးနောက် ဘာကြောင့်ညီလေးကိုမွေးစားခွင့်မပြုတာလဲဟု ကျွန်တော်မေးသောအခါ မင်းညီကစိတ်နည်းနည်းကြမ်းတယ် ငါးရှာဖါးရှာသူတွေလက်ထဲမှာကြီးပြင်းလို့မဖြစ်ဘူးဟု အေးအေးသက်သာပြန်ပြော၏။ ဒါဆိုကျွန်တော့်ကိုရောဟုထပ်မမေးဖြစ်တော့။ မမေးရဲတာပါသလို မေးလျှင်လည်းအမေ့မှာခိုင်လုံသောအဖြေရှိနေမှာသေချာသောကြောင့်ဖြစ်လေသည်။

စရိုက်နည်းနည်းကြမ်းသည်ဆိုသော ကျွန်တော့်ညီကကျောင်းထားတုံးကလည်း အပြင်းအထန်ငြင်းဆန်သဖြင့်အိမ်ရှေ့ဘုန်းကြီးကျောင်းမှာအပ်ထားရသည်။ ဖေဖေရှိစဉ်ကတော့ဘုန်းကြီးကျောင်းမှသင်ပုန်းကြီးလောက်ကုန်အောင်သင်ပြီး စာနှင့်ယဉ်ပါးမှအတန်းကျောင်းပြောင်းထားဘို့ဖြစ်၏။ သို့သော်ဖေဖေကွယ်လွန်ခဲ့လေရာ ဘုန်းကြီးကျောင်းမှာပင်သောင်တင်နေတော့သည်။ ကျွန်တော့်အထက်ကအစ်မမှာလည်း စာဘက်တွင်သိပ်စိတ်မဝင်စားသဖြင့်ပြန်လာပြီးနောက်ကျောင်းဆက်မတက်ဖြစ်တော့။ အစ်မကြီးအိမ်‌ထောင်ပြုသွားသည်မို့ အမေ့အတွက် အစ်မငယ်သာလက်ကသုံးတောင်ဝှေးဖြစ်လေသည်။ ကျွန်တော်တစ်ယောက်သာကျောင်းသားရှိတော့၏။ 

အမေကမွေးဖွားကာနီးအထိ ဆေးလုံးလုံးသည့်အလုပ်ကိုလုပ်ပြီး ညီအငယ်ဆုံးကိုမွေးဖွားပြီးနောက် လသားအရွယ်လောက်မှာပင်ခလေးနှင့်အတူရန်ကုန်နှင့်ကူးချည်သန်းချည်လုပ်ကာဒေသတွက် ပစ္စည်းလေးတွေအရောင်းအဝယ်လုပ်သည်။ အရွယ်ရောက်စအစ်မငယ်နှင့်ညီမကိုလည်းထားခဲ့၍မဖြစ်သဖြင့် အသွားအပြန်ခေါ်ရသည်။ ထိုအခါကျွန်တော်သည်လည်းကျွန်တော့်ညီနှင့်အတူ ဘုန်းကြီးကျောင်းမှာ (အမေရန်ကုန်သွားသည့်ရက်များအတွင်း) ကျောင်းအိပ်ကျောင်းစားဖြစ်ရလေသည်။ ကျောင်းမှာဘုန်းကြီးကျောင်းသားတွေနှင့်အတူ ဝေယျာဝစ္စလုပ် ညီကသူတို့နှင့်အတူစာပါသင်။ ကျွန်တော်က အတန်းကျောင်းကိုသွား။

#                  #

ထိုကြမ္မာလှိုင်းများအကြားနစ်မြုပ်မသွားခဲ့ခြင်းသည် ကံကြီးလွန်း၍ဟုပြောလျှင်ရနိုင်သလို အမေတည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ရုန်းကန်သမျှကျွန်တော်တို့က မသွေဖီခဲ့သောကြောင့်လည်းဖြစ်မည်ထင်သည်။ ဆင်းရဲခြင်းသည်ရှက်စရာမဟုတ်၊ ခိုးဝှက်လိမ်ညာလက်ဖြန့်တောင်းခံခြင်းသာရှက်စရာဟုအမေပြောသလိုလုပ်သည့်အတိုင်း အမေ့နောက်မှကျွန်တော်တို့ကလည်းထပ်ချပ်လိုက်ခဲ့ကြရ၏။ လောကထုံးဆံချမ်းသာဆင်းရဲခွဲခြားခံရခြင်းမျိုးကြုံလျှင်အမေမတုန်လှုပ်သလို ကျွန်တော်တို့လည်းကြံ့ကြံခံနိုင်ခဲ့သည်။ သို့သော် နုနယ်သောကျွန်တော့်မှာ ထိုအတွက်တသက်တာစွဲသည့်ဒဏ်ရာဒဏ်ချက်များရှိခဲ့မှာတော့အသေအချာပင်။ 

ငါးတန်းနှစ်ကျောင်းဖွင့်စအတန်းထဲမှာကြုံခဲ့ရသည့်အဖြစ်က ထိုအချက်ကိုသက်သေခံ၏။ (တော်လှန်ရေးအစိုးရခေတ် စံနစ်သစ်ကုန်ပစ္စည်းဖြန့်ဖြူးရေးအလေ့အရ) ကွန်ပါဘူးမဲဖေါက်ရောင်းရာတွင် မဲပေါက်သည့်အထဲမှာကျွန်တော်ပါသည်။ ဆရာမကနောက်တစ်နေ့ကွန်ပါဘူးဖိုးယူလာကြရန်နှင့် ငွေမသွင်းနိုင်လျှင်ပေါက်ထားသောမဲဆုံးမည်ဖြစ်ကြောင်းပြောသည်။ အမေရန်ကုန်သွားနေချိန်မို့ပေးစရာ ငွေငါးကျပ်ကျွန်တော့်မှာမရှိ။ မရှိလည်းမယူရုံပေါ့ နောက်ထပ်ထပ်ရောက်လာရင်ဝယ်လို့ရဦးမှာပါဟုတွေးပြီးစိတ်လျှော့ထားလိုက်သည်။

နောက်တစ်နေ့ ကျွန်တော်မှအပမဲပေါက်သူကျောင်းသားအားလုံးပိုက်ဆံယူလာကြသည်။ ကျွန်တော့်ဘေးမှာထိုင်သောသူငယ်ချင်းက သူယူလာသောတစ်ဆယ်တန်ကိုပြပြီး မင်းရောယူလာလားဟုမေးသည်ကို ကျွန်တော်က ငါ့အမေနှစ်ရက်သုံးရက်နေမှပြန်လာမှာမို့ယူမလာနိုင်ဘူး မင်းပိုက်ဆံထဲကငါ့ကိုချေးပါလားကွ ဟုပြောလိုက်၏။ စင်စစ်ဘာရယ်မဟုတ်အမှတ်တမဲ့ပြောခဲ့ခြင်းသာဖြစ်‌သော်လည်း  သူတကယ်ချေးလျှင်ကျွန်တော်ယူဖြစ်မည်လားမသိပါ။   သည်‌နေ့မှပိုက်ဆံမသွင်းနိုင်လျှင်ကွန်ပါဘူးကိုလက်လွတ်ဆုံးရမည်ဆို‌သောအသိက လွှမ်းမိုးနေသည်ကိုး။ ဖြစ်ရပုံများမုန့်စားဆင်းပြီးကျောင်းပြန်တက်ချိန် ဆရာမကိုယ်စားငွေလာသိမ်းသည့်အခါထိုသူငယ်ချင်း၏ လွယ်အိပ်ထဲမှာပိုက်ဆံမရှိတော့။ 

သင်္ချာအချိန်မှာဖြစ်သည်မို့ ထိုကိစ္စကိုဆရာကကိုင်တွယ်သည်။ အရင်ဆုံးဘေးချင်းကပ်ခုံမှကျွန်တော့်ကိုမေးသည်။ ကျွန်တော်ကသူပိုက်ဆံတစ်ဆယ်တန်ယူလာသည်ကိုကျွန်တော်မြင်ကြောင်း ကျွန်တော့်ကိုချေးပါလားဟုပင်ပြောခဲ့သေးကြောင်းရှင်းပြ၏။ ထိုအကြောင်းထည့်မပြောလျှင် ကျွန်တော်မရိုးသားရာကျမည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ ဆရာသည်ကျွန်တော့်လွယ်အိပ်ကိုသွန်ချခိုင်းပြီး အသေးစိတ်ရှာဖွေ၏။ မတွေ့သောအခါ ရှေ့နောက်ခုံများမှကျောင်းသားများ၏ လွယ်အိပ်များကိုရှာဖွေ၏။ ရှာမတွေ့သည့်အခါ ကျွန်တော့်ကို ‘မင်းကဘာပြုလို့သူ့ဆီကပိုက်ဆံချေးပါလားလို့ပြောရတာလဲ’ ဟုတွင်တွင်မေးလေသည်။ ကျွန်တော် ဘာဖြေရမှန်းမသိတော့။ ကျွန်တော့်သူငယ်ချင်းကိုယ်တိုင်ကသူမယူဘူးဆိုတာကျွန်တော်ယုံတယ်ဟုဝင်ပြောသည့်တိုင် ဆရာ့အကြည့်သည် ကျွန်တော့်အပေါ်စူးစူးဝါးဝါး။

ထိုနေ့ကကျွန်တော့်သူငယ်ချင်းပိုက်ဆံပျောက်၍ကျွန်တော်စိတ်မကောင်း။ သူကလည်း ကျွန်တော့်အပေါ်ဆရာတစ်မျိုးမြင်သွားသဖြင့်စိတ်မကောင်း။ ထိုပိုက်ဆံကိုတကယ်ယူသူ (ရှေ့ခုံမှကျောင်းသား) က နောက်တစ်ကြိမ်တွင်လက်ပူးလက်ကြပ်မိသဖြင့် အမှုနှစ်ခုစလုံးအတွက်ဝန်ခံလိုက်ခြင်းကြောင့် စိတ်သက်သာရာရရသည့်တိုင် ထိုအတောအတွင်း ခံစားခဲ့ရသောအချိန်တို့မှာပူ‌လောင်လှ၏။ အထူးသဖြင့် ထိုဆရာ၏အချိန်တိုင်းမှာ ဆရာ့အကြည့်တွေကျွန်တော့်အပေါ်စိမ်းကားဆဲဖြစ်ကြောင်းကျွန်တော်သတိထားမိသည်။ စင်စစ် ဆရာသည်ကျွန်တော်နှင့်တစ်လမ်းတည်းနေသူ။ သူ့သားနှင့်ကျွန်တော်သည် မူလတန်းကတည်းကအလွန်ခင်မင်ကြသောသူငယ်ချင်းတွေ။ ဖေ‌ဖေ မဆုံးခင်ကအထိသူ့အိမ်ကိုယ့်အိမ် သွားလာကစားနေကြ။  

သို့သော် သည်ဘက်ပိုင်းဆရာ့ဇနီးနှင့်သမီးကြီးတို့က သူတို့သားသူတို့မောင် ကျွန်တော်နှင့်ပေါင်းသည်ကိုသဘောမတွေ့ကြောင်းကို (ဥပမာ ကျွန်တော်တို့အတူကစားနေသည်ကိုမြင်တိုင်း အကြောင်းတစ်ခုခုပြပြီးချက်ချင်းခေါ်သွားခြင်းမျိုး) ရိပ်မိသော်လည်း ဆရာကိုယ်တိုင်သည်သို့ဖြစ်လိမ့်မည်ဟု ကျွန်တော်မထင်ခဲ့။ နောက်ပိုင်း (အတန်းချင်းလည်းကွဲသွားပြီမို့) ကျွန်တော်ကပင်သူ့သားကျွန်တော့်သူငယ်ချင်းကို ရှောင်နေလိုက်တော့၏။ ကျွန်တော့်အတွက် အဆိုးထဲမှအကောင်းဟုပြော၍ရသည်မှာ ပိုက်ဆံပျောက်မှုကြောင့်ကွန်ပါဘူးရောင်းသည့်ကိစ္စတစ်ရက်နှစ်ရက်ကြန့်ကြာသွားချိန်အတွင်း အမေရန်ကုန်မှပြန်ရောက်လာသဖြင့်ကျသင့်ငွေပေးနိုင်ပြီးမဲပေါက်ပါလျက် ကွန်ပါဘူးမရသည့်အဖြစ်မှလွတ်ကင်းခဲ့ရခြင်းပင်ဖြစ်လေသည်။ သို့သော် ထိုအချိန်မှစ၍ မူလတန်းတုန်းကအပျော်နှင့်လွတ်လပ်မှုမျိုး ပျောက်ဆုံးခဲ့ပြီဖြစ်ကြောင်း ကျွန်တော်ရိပ်စားမိလေသည်။

#                  #

နွေရာသီကျောင်းပိတ်ရက်ရောက်ရောက်ခြင်းဆိုသလို ရန်ကုန်မှအစ်ကိုကအမေ့ထံကျွန်တော့်အားလွှတ်ပေးဖို့ လှမ်းမှာလေသည်။ အစ်ကိုသည်နံက်ပိုင်းသတင်းစာပို့ရင်းစက်ရုံတစ်ခုမှာအလုပ်ဝင်ကာ လူငယ့်ရေးရာညကျောင်းလည်းတက်နေ၏။ တခါတခါသတင်းစာနောက်ကျလျှင်စက်ရုံအလုပ်ဝင်ချိန်မမီတော့ဘဲ ရက်ပျက်တွေများလာသဖြင့်သူ့ထံမှသတင်းစာတစ်ဝက်ခွဲယူပြီး ကျွန်တော်ကကူပို့ပေးရန်ဖြစ်သည်။ မိသားစုကိုတစ်ဖက်တစ်လမ်းမှအထောက်အပံ့ဖြစ်နေသောအလုပ်မို့ အစ်ကိုကြီး၏တောင်းဆိုမှုကိုအမေမငြင်းသာ။ သူတိုယ်တိုင်လည်းလိုက်မပို့နိုင်သဖြင့် ကျွန်တော်တစ်ယောက်တည်း ရန်ကုန်သို့သွားဖို့ပြင်ဆင်ရတော့၏။ 

ထူးထူးထွေထွေမဟုတ် ကျောင်းလွယ်အိတ်ထဲမှစာအုပ်တွေထုတ်ပြီး အဝတ်အစားရှိသမျှနှင့်အခင်းလုပ်ရန်အိမ်မှာဘယ်တုန်းကတည်းကအိမ်မှာရှိနေမှန်းမသိသော ပလပ်စတစ်ဓာတ်မြေသြဇာအိပ်ခွံကိုခေါက်၍ ထည့်လိုက်ခြင်းပင်ဖြစ်သည်။ စရိတ်စကအဖြစ်အမေကကျွန်တော့်ကို ပိုက်ဆံသုံးကျပ်ထုတ်ပေးသည်။ နှစ်ကျပ်က သင်္ဘောခ(ကလေးခ) ကျန်တစ်ကျပ်ကအခြားစရိတ်။ လွယ်အိတ်ကိုလွယ်ကျပ်တန်သုံးရွက်ကို ခေါက်၍ အင်္ကျီအိတ်တွင်းတရိုတသေထည့်ကာ သင်္ဘောဆိပ်သို့ကျွန်တော် ဆင်းခဲ့သည်။ ဆိပ်ကမ်းရောက်တော့ ထိုနေ့အတွက်ရန်ကုန်သို့ထွက်မည့်သင်္ဘောမှာ “ဒဂုန်မေ” ဖြစ်ကြောင်းသစ်သားသင်ပုန်းပေါ်မှာ မြေဖြူနှင့်ရေးထားသောဆိုင်းဘုတ်အရသိရ၏။ မြောင်းမြဘက်မှလာမည့် ဒဂုန်မေမဆိုက်သေးသောကြောင့် အခြားခရီးသည်များနှင့်အတူဆိပ်ခံတံတားပေါ်တွင်စောင့်ရင်းငေးမောနေမိ၏။ 

စင်စစ် ခရီးသည်အများစုကကျောက်တိုင်ဆိပ်ခေါ် ခရီးသည်အတက်အဆင်းလုပ်ရန်သတ်မှတ်ထားသည့်ဆိပ်တွင်စောင့်ကြသည်မို့ ကျွန်တော်ရောက်နေသောဈေးဆိပ် (ဝဲကြီးဆိပ်) မှာခရီးသည်အနည်းစုသာရှိသည်။ သည်ဆိပ်မှာ ကုန်တင်ကုန်ချအတွက်ဖြစ်သောကြောင့် ကုန်စည်တွေအလုပ်သမားတွေသာ ယောက်ယက်ခတ်နေ၏။လူကြီးမိဘမပါဘဲကုန်းလမ်းရေလမ်း ခရီးဝေးတစ်ခါမျှမသွားဖူးသော်လည်း ကျွန်တော့်မှာ (စိတ်လှုပ်ရှားတက်ကြွမနေသည့်တိုင်) အားငယ်ကြောက်ရွံ့မှုမရှိသည်ကိုအမှတ်ရနေသည်။ အတန်ကြာစောင့်နေပြီး သင်္ဘောဆိုက်လာသဖြင့် ခရီးသည်တွေကုန်တင်ကုန်ချအလုပ်သမားတွေနှင့်အတူတိုးဝှေ့လျက် ကျွန်တော်တက်ခဲ့လေသည်။

သ‌င်္ဘောအပေါ်ထပ်မှာနေရာမရှိတော့။ ဝဲယာနှစ်ဘက်စလုံးခရီးသည်တွေပြည့်နေပြီ။ ပဲ့ဘက်ထမင်းဆိုင်ရှေ့ ပက်လက်ကုလားထိုင်အချို့အားလပ်နေသော်လည်း ပိုက်ဆံပေးရမည်မို့ကျွန်တော်မထိုင်ရဲ။ အောက်ထပ်စက်ခန်းနောက်မှာ ကျွဲနွားတွေတင်ထားပြီးဘေးဘယ်ညာနှင့်ရှေ့ဘက်မှာ ငါးစည်တွေကုန်မျိုးစုံအိတ်တွေအပြည့်ရှိနေသည်။ စာရေးခန်းနှင့်တက္မစင်ဘေးမှဖြတ်ကာ သင်္ဘောဦးပိုင်းသို့သွားကြည့်ရာ ကျောက်စက်နှင့် ကြိုးချည်တိုင် (ဘုံလုံတိုင်) နံဘေးမှာနေရာလွတ်ရှိသည်။ ဟိုတုန်းကတော့ သည်နေရာတွေမှာဥပဒေအရခရီးသည်တင်ဆောင်ခွင့်စီးနင်းခွင့်မရှိသည်ကိုမသိ။ 

ခရီးသည်ယောက်ကျားကြီး (ရေယာဉ်ဦးပိုင်းသို့မိန်းမများမသွားရ) တစ်ယောက်စနှစ်ယောက်စတို့ကိုမြင်သဖြင့် ကျွန်တော်ပါဝင်ရောနေလိုက်၏။ ဆိပ်ကမ်းမှသင်္ဘောခွာသည်နှင့် ထိုနေရာမှာရေယာဉ်လုပ်သားတွေမရှိတော့။ ဘယ်ဘက်ကြိုးချည်တိုင်နံဘေး ကုန်းပတ်ပေါ်တွင်ပလပ်စတစ်စလေးထုတ်ခင်းလိုက်သော် ကျွန်တော့်အတွက်နေရာရပြီ။ အမိုးအောက်မှာမဟုတ်။ လှိုင်းကာရှိသဖြင့်အထိုက်အလျောက်လေကွယ်တော့ရသည်။ သက်သောင့်သက်သာမရှိလှသည့် ကျောတစ်ခင်းစာနေရာဖြစ်၏။ ထိုနေရာမှာပါလာသည့် အဝတ်လွယ်အိပ်ကိုမှီ၍ထိုင်နေလိုက်သည်။ ဝါးခယ်မမှနေဝင်ဖျိုးဖျအချိန်ထွက်လာသောကြောင့် မကြာမီအမှောင်လွှမ်းလာသည်။ ထို့နောက် လက်မှတ်စစ်အသံကြားရလေ၏။ 

ခရီးသည်တွေမှာအချို့ကလက်မှတ်ပေါက်တွင် သွားရောက်ဝယ်ယူကြပြီး အချို့ကလက်မှတ်စစ်ထံမှတိုက်ရိုက်ဝယ်ကြသည်။ အနီးအနားမှခရီးသည်များအား ရောင်းချပြီးနောက် လက်မှတ်စစ်ဦးလေးကျွန်တော့်ထံရောက်လာသောအခါ အိပ်တွင်းမှငွေနှစ်ကျပ်ထုတ်ပြီးသူ့ကိုပေးလိုက်သည်။ သူကလှမ်းယူလိုက်ပြီး ကျွန်တော့်ကို စေ့စေ့ကြည့်ကာ “ခလေးမင်းမှာလူကြီးမပါဘူးလား” ဟုမေး၏။ ကျွန်တော်ကမပါကြောင်းဖြေလိုက်သည့်အခါ လက်နှိပ်မီးဖြင့်ကျွန်တော့်ကိုယ်ပေါ်တစ်ချက်ဝေ့ကာကြည့်လိုက်ပြီးနောက် ပိုက်ဆံကိုကျွန်တော့်ထံပြန်ပေးပြီး လှည့်ထွက်သွားလေတော့သည်။ ကျပ်တန်လေးနှစ်ရွက်ကိုင်ကာ ထိုဦးလေးဘယ်သူ့ကိုများသွားခေါ်ပါလိမ့်ဟု ကျွန်တော်တွေးရင်းစောင့်နေမိ၏။ သို့သော် ရန်ကုန်ရောက်သည်အထိသူမပေါ်လာတော့။

ထိုညက ပလပ်စတစ်ခင်းလေးပေါ်တွင်လွယ်အိပ်ခေါင်းအုံးလျက်လဲလျောင်းရင်း ကြယ်ကလေးတွေကိုမော့ကြည့်ကာ အိပ်နိုးတစ်ဝက်ဖြင့်ကျွန်တော်လိုက်ပါခဲ့၏။ ရွှေလောင်းမှာခဏရပ်သည်၌ ကျွန်တော်ကြိုက်သော ကောက်ညှင်းငချိတ်ပေါင်းနှင့်ငါးသလောက်ကြော်တစ်ခုဝယ်စားပြီး စည်းစိမ်ယစ်လိုက်သေးသည်။ ပုံမှန်ဆို ပိုက်ဆံမလောက်မှာစိုး၍ဝယ်စားဖြစ်မည်မထင်။ ယ္ခုကျွန်တော့်မှာလက်မှတ်စစ်ဦးလေးပြန်ပေးသွားသည့်ငွေနှစ်ကျပ်ရှိနေသည်မို့ စိတ်အလိုလိုက်ပစ်လိုက်ခြင်းဖြစ်သည်။ မအူပင်ကိုကျော်ပြီးနောက် တွံတေးတူးမြောင်းအတွင်းဝင်ပြီး မကြာမီလျှပ်စစ်မီးလုံးများဖြင့် ပုံဖေါ်အပ်သောရွှေတိဂုံစေတီတော်ကိုဖူးမြင်ရပြီ။ လက်ပန်ကုန်း အကောက်ရုံးသို့ ရောက်ချိန်တွင်ဝေလီဝေလင်း ရန်ကုန်ရောက်တော့မိုးစင်စင်လင်းပြီ။ 

အေးမြသော နံက်ခင်းမှာ လမ်းမတော်ဆိပ်ကမ်းမှကမ်းနားလမ်းမပေါ်သို့ကျွန်တော်တက်လာသည့်အခါ ဦးစွာသတိပြုမိသည်က ရန်ကုန်နံ့ဟုကျွန်တော့်ဘာသာအမည်ပေးထားသော မော်တော်ယဉ်များ၏အိပ်ဇောဓာတ်ဆီငွေ့အနံ့။ ကျွန်တော်နှစ်သက်သောရနံ့ (အဆိပ်ငွေ့မှန်းမသိတတ်သေးချေ)။ ဘာပဲဖြစ်ဖြစ် ခရီးတစ်ခုကိုတစ်ကိုယ်တည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင်လာဖြစ်ခဲ့ပြီ။ ညောင်ပင်လေးဈေးမှတ်တိုင်မှ နံပါတ်(၉) ဘတ်စကိုစောင့်စီး၏။ စစ်လက်ကျန်ချက်ပလက်ခေါင်းတိုဘတ်စကားသည် ဘုန်းကြီးလမ်းမှတက်ပြီး ရန်ကုန်ထောင်ကြီးကို ဗိုလ်ချုပ်လမ်းနှင့်ဂေါ်ဒဝင်လမ်း (ယခုမြို့မကျောင်းလမ်း) ဘက်မှပတ်ခါ ပြည်လမ်းမအတိုင်း မင်္ဂလာဒုံသို့သွားသည်။ မြေနီကုန်းပြီးနောက်တစ်မှတ်တိုင်သည် ကျွန်တော်ဆင်းရမည့်မဟာမြိုင်မှတ်တိုင်။ ဘတ်စကားခကတစ်ဆယ့်ငါးပြား။ မဟာမြိုင်လမ်းအတိုင်းဆင်းပြီး မြောင်းမြလမ်းရှမ်းလမ်းမှသည် သရက်တောလမ်းအရောက် ဆယ်မီးနစ်ခန့် လမ်းလျှောက်ရသည်။

ရောက်ပြီးနောက်တစ်နေ့နံက်စောစောမှာပင် အစ်ကိုကြီးကသူ့ဟမ်းဘားစက်ဘီးရှေ့တွင် ကျွန်တော့်ကိုတင်နင်းပြီး ရှမ်းလမ်းအောင်မင်္ဂလာသိဒ္ဓိစာသင်တိုက်အဝင်ဝဆီသို့လာခဲ့၏။ ကျောင်းအဝင်မုခ်ဦးကြီးအောက် ကွန်ကရစ်လမ်းနှင့်ကပ်လျက်ကွမ်းယာဆိုင်ဟောင်းတစ်ခု၏နံဘေးတွင် လူငယ်လူလတ်လေးငါးယောက်အား စက်ဘီးကိုယ်စီနှင့်တွေ့ရလေသည်။ အစ်ကို့လိုသတင်းစာပို့လုပ်သားတွေဖြစ်ကာ ဤနေရာသည်သူတို့ဆုံရပ်ဖြစ်ကြောင်းသိရ၏။ မနက် ရး၀၀ ခန့်တွင်အသက်ငါးဆယ်ခန့်လူကြီးတစ်ဦးနှင့်အသက်နှစ်ဆယ်ခန့်လူငယ်တစ်ဦးတို့ စက်ဘီးနောက်ခုံတွင်သတင်းစာအထုပ်ကြီးများကိုယ်စီတင်လျက်ရောက်လာကြ၏။ လူကြီးမှာ သတင်းစာလက်ခွဲကိုယ်စားလှယ်ဖြစ်ပြီး လူငယ်ကသူ့အကူဖြစ်သည်။ သတင်းစာတွေကစုံလင်၏။ လုပ်သားပြည်သူ့နေ့စဉ် မြန်မာ အင်္ဂလိပ်နှင့် ကြေးမုံတို့မှာ စောင်ရေအများဆုံး။ မြန်မာ့အလင်း ဗိုလ်တထောင် ဟံသာဝတီ ရန်ကုန်နှင့် ဂါဒီးယန်းသတင်းစာတွေက စောင်ရေအနည်းငယ်သာပါဝင်သည်။ 

ကိုယ်စားလှယ်က သတင်းစာထုပ်ကြီးများထဲမှ မည်သည့်သတင်းစာမည်သူစောင်ရေမည်မျှဟူ၍ မှတ်သားခွဲဝေပေးပြီးသည်နှင့် အသီးသီးမိမိစက်ဘီးပေါ်တင်ပြီးလှည့်လည်ပို့ရန်ထွက်ခွာကြ၏။ အစ်ကို့သတင်းစာစုစုပေါင်းစောင်ရေ တစ်ရာ့ငါးဆယ်ခန့်အနက် တစ်ရာခန့်ကိုစက်ဘီးပေါ်တင်ပြီး အစ်ကိုကကြည့်မြင်တိုင်ဘက်တွင်ပို့သည်။ ကျွန်တော်က ကျန်စောင်ရေငါးဆယ်ခန့်ကို လက်ဖြင့်ပွေ့လျက်စမ်းချောင်းတွင်ပို့ရန်ဖြစ်သည်။ သတင်းစာအိမ်တွေ မှတ်မိစေရန်ပထမတစ်ရက်နှစ်ရက်ခန့် ကိုယ်စားလှယ်ဦးလေးကြီးကိုယ်တိုင်သူ့စက်ဘီးပေါ် ကျွန်တော့်ကိုတင်၍ လိုက်ပြရင်းပို့စေသည်။ နောက်နေ့များမှစ၍ ကျွန်တော့်ဘာသာလမ်းလျှောက်ပို့ရ၏ (ကျွန်တော့်အတွက် စက်ဘီးမရှိသလို ကျွန်တော်စက်ဘီးမစီးတတ်သေး)။

စင်စစ်သတင်းစာပို့သည့်အလုပ်သည် နေ့စဉ်အိပ်ယာစောစောထရခြင်းနှင့်နေပူမိုးရွာမရှောင်လုပ်ရခြင်းမှအပ ပင်ပန်းသည့်အလုပ်တစ်ခုမဟုတ်။ လမ်းလျှောက်ရသည့်တိုင် သူခိုးပုလိပ်ကစားသလောက်မပင်ပန်းဟု ကျွန်တော်ထင်သည်။ ထိုသို့ခံယူခြင်းကြောင့်လည်း ကျွန်တော့်အတွက်အခက်အခဲမရှိ။ ကျွန်တော့်နယ်မြေက ပန်းတနော်လမ်းမှအစပြုကာတစ်လမ်းဝင်တစ်လမ်းထွက် ဇေယျဝတီလမ်းထိ တစ်ခါတစ်ရံအစ်ကိုစက်ဘီးဖြင့် နောက်ဆုံးပို့သော ဝေဠုဝန်လမ်းကျယ်နှင့် ဦး‌ရွှေမှန်လမ်းတို့မှတစ်အိမ်စနှစ်အိမ်စကိုနောက်ကျမည်စိုး၍ကူပို့ပေးရခြင်းလောက်သာရှိ၏။ ပို့ချိန်တစ်နာရီသာသာဆိုလျှင် အလုပ်ပြီးပြီ။ 

သတင်းစာလပေးတစ်စောင်လျှင်ငါးကျပ်ခွဲ ပို့ခတစ်စောင်ပြားငါးဆယ်ဖြစ်ရာ ညီအကိုနှစ်ယောက်တစ်မနက်စာအလုပ်မှတစ်လခုနှစ်ဆယ်ရှစ်ဆယ်ခန့် ဝင်ငွေရသည့်သဘောဖြစ်၏။ အနိမ့်ဆုံးလခရှစ်ဆယ့်နှစ်ကျပ်ခေတ်တွင် ထိုဝင်ငွေမှာမိသားစုအတွက် အတော်အတန်အထောက်အကူဖြစ်စေသည်။ တန်ဘိုးရှိသောအတွေ့အကြုံတွေလည်းရ၏။ မောက်မာသောအိမ်၊ စာနာသောအိမ်၊ ယဉ်ကျေးသောအိမ်၊ ရိုင်းပြသောအိမ်စသည်ဖြင့် နေ့စဉ်ဆက်ဆံရသောအိမ်တို့မှကွဲပြားသောစရိုက်များကိုသိခွင့်ရသည်။ ထို့ထက်တန်ဘိုးပိုရှိသောအတွေ့အကြုံမှာ သတင်းစာများစွာနှင့်နေ့စဉ် ထိတွေ့ဖတ်ရှုရခြင်းပင်ဖြစ်၏။ နောင်တွင်အာဏာရှင်စံနစ်၏ဆိုးကျိုးအဖြစ် အစဉ်အလာရှိသည့်သတင်းစာတွေ တစ်စောင်ပြီးတစ်စောင်ရပ်ဆိုင်းသွားရသည့် သတင်းစာသင်္ခါရကိုလည်း အနီးကပ်ကြုံခွင့်ရရှိခဲ့လေသည်။

#                  #

သည်တစ်ခေါက်စမ်းချောင်းပြန်ရောက်ရာတွင် သတိပြုခဲ့မိသောပြောင်းလဲမှုအချို့မှာအပါး (ဒေါ်ကြီး၏ ခင်ပွန်း) ပြည်ကြီး (တရုပ်ပြည်သို့) ပြန်သွားခြင်း၊ ဒေါ်ကြီးတို့ဆီချက်ခေါက်ဆွဲဆိုင်ပိတ်လိုက်ခြင်းနှင့် ပြည်သူ့ဆိုင် (ပပကဆိုင်) များပေါ်ပေါက်လာခြင်းဖြစ်၏။  အခြေခံစားသောက်ကုန်အားလုံးလိုလို ဆိုင်မှာသွားထုတ်ရသည်။ လိုသလောက်ဝယ်ချင်၍မရ ခွဲတမ်းပေးသလောက်သာဝယ်ခွင့်ရှိသည်။ အဝတ်အထည်လူသုံးကုန်ပစ္စည်းဆိုလျှင် အကြာကြီးနေမှတစ်ခါဆိုင်ပေါ်ရောက်လေ့ရှိပြီး မဲစနစ်ဖြင့်သာရောင်းချသည်။ လိုအပ်သူတွေမဲမပေါက်၊ မဲပေါက်သူတွေကမလိုအပ်သောကြောင့် အမြတ်ပေးဝယ်ပြီးအမြတ်ထပ်တင်ရောင်းချသော လူတန်းစားတစ်ရပ်ပေါ်လာသည်။ အမြတ်ကြီးစားတိုက်ဖျက်ဖို့ကြွေးကြော်ရင်းအမြတ်သေးစားတွေကို မွေးထုတ်သလိုဖြစ်နေ၏။ 

မှောင်ခိုလုပ်ငန်းမှောင်ခိုဈေးတွေ ပြောင်ပြောင်တင်းတင်းပေါ်ပေါက်လာခြင်း၏ နိဒါန်းဖြစ်လေသည်)။ ဤသည်သည်မှာ နည်းနည်းအရွယ်ရောက်လာချိန်မှာကျွန်တော်တွေးမိခြင်းဖြစ်၏။ ထိုစဉ်ကတော့ လူကြီးတွေက ပပကဆိုင်မှာဆန်သွားထုတ်ဆိုသွားလိုက်ရုံ ဆီသွားဝယ်ဆိုဝယ်လိုက်ရုံပင်။ ပလပ်စတစ်အိမ်တွင်းမှုလုပ်ငန်းငယ်တွေထူထောင်စမှာ (သရက်တောလမ်းထဲမှာပင်စက်ရုံတစ်ရုံရှိသည်) ကုန်ကြမ်းဝယ်မရတော့သဖြင့် ဆင်းရဲသားမိသားစုအချို့၏သားသမီးများ လမ်းပေါ်လမ်းကြားတွေထဲမှာစွန့်ပစ်ပလပ်စတစ်တွေရှာဖွေကောက်ယူပြီးစက်ရုံသို့ပြန်သွင်းခြင်းများကိုမြင်လာရသည်။ ထိုအထဲမှာကျွန်တော်နှင့်ကစားဖေါ်အချို့ပါဝင်သည်ကိုတွေ့သဖြင့် ဝမ်းနည်းရသည်ကိုလည်းမှတ်မိနေသည်။

ဒေါ်ကြီးတို့အိမ်ရှေ့မြေကွက်လပ် ယ္ခင်အပါးခေါက်ဆွဲကြိတ်သည့်နေရာတွင် သွပ်မိုးမြေစိုက်သမံတလင်းခင်း သစ်သားနံရံအပေါ်ပိုင်းတစ်လျှောက် မှန်များပတ်ပတ်လည်ကာရံထားသည့် ပန်းထိမ်ဖိုတစ်ခုဆောက်ထားသည်။ ပန်းထိမ်ဖိုကိုဦးစီးသူ (ပန်းထိမ်ဆရာ)မှာ ကျွန်တော်တို့ဦးလေး (အမေ့မောင်) ဖြစ်၏။ အမေ့ဖခင် သည် ရွှေပန်းထိမ်ဆရာတစ်ဦးဖြစ်လေရာဦးလေးကဖခင်အမွေဆက်ခံ၍ပန်းထိမ်အလုပ်ဖြင့် အသက်မွေးသည်။ လူပျိုကြီးတစ်ဦးဖြစ်သူဦးလေးသည်ရိုးသားပြီး သဘောကောင်းလွန်းသဖြင့် လူငယ်တွေချစ်ခင်သော်လည်း လေးစားမှုသိပ်မခံရ။ သို့သော် (ပန်းတိမ်) ပညာတော်သဖြင့်အားထားကြသည်။ လုပ်သားအားလုံးလိုလိုဝါးခယ်မမှဖြစ်ကြကာ နေ့ရောညပါမီးချောင်းတွေထိန်နေအောင်ထွန်းထားပြီး သီချင်းတအေးအေးတေးတကျော်ကျော် ပျော်ရွင်စွာလုပ်ကိုင်ကြသည်ကိုမြင်ရသည်မှာအားကျစရာဖြစ်၏။ အစ်ကိုကြီးသည် အားလပ်သည့်အခါများ၌ တူရိုက်နန်းဆွဲကူညီရင်း ဦးလေးထံမှပန်းထိမ်သင်လေ့ရှိသည်။ 

ကျွန်တော်ကမနက်တွင် သတင်းစာပို့ပြီး နေ့လည်ပိုင်းပန်းထိမ်ဖိုထဲဟိုကြည့်သည်ကြည့် သို့မဟုတ်ကစားဖေါ်ရှိလျှင်ကစား။ ညနေစောင်းအပူလျော့ပါးချိန်ရောက်လျှင် ဇလွန်လမ်းထဲရှိစက်ဘီးအငှါးဆိုင်ကိုသွား၍ တစ်နာရီငါးမူး (ပြားငါးဆယ်) နှုံးဖြင့် စက်ဘီးငှါးကာစက်ဘီးစီးသင်သည်။ သင်သည်ဆိုရာ၌ နောက်မှသူငယ်ချင်း တစ်ယောက်ယောက်ကလိုက်တွန်းပေးပြီး ခပ်လှမ်းလှမ်းရောက်လျှင်လက်လွှတ်ပေးလိုက်ခြင်းသာဖြစ်၏။ တစ်ခါနှစ်ခါလဲကျပွန်းပဲ့ပြီးနောက်စီးတတ်သွားသော်လည်း စက်ဘီးအတက်အဆင်းကိုသီးခြားလေ့ကျင့်ရ၏။ ကျွန်တော့်သူငယ်ချင်းအများစု ဇလွန်လမ်းဆိုင်မှပင်စက်ဘီးငှါးပြီးစီးတတ်သွားကြခြင်းဖြစ်လေသည်။ ထိုဆိုင်ကသဘောကောင်းသလောက် နည်းနည်းပါးပါးအချိန်လွန်သွားလျှင်ဘာမျှမပြော။ များများလွန်လျှင် နာရီဝက်ကိုတစ်မတ်နှုံးထပ်ပေးရ၏။ မယုံရဘူးထင်လျှင်အင်္ကျီချွတ်ယူထားပြီး ပိုက်ဆံယူလာမှပြန်ပေးခြင်းမျိုးလုပ်လေ့ရှိရာ သူငယ်ချင်းတစ်ဦးနှစ်ဦးစထိုအဖြစ်မျိုးကြုံဖူးလေသည်။

ပန်းထိမ်ဖိုရောက်လာသည့်အတွက် ကျွန်တော်တို့ကလေးတွေပျော်ရသည့်အချက်မှာ မှန်ပြတင်းများမှကျော်ထွက်လာသောမီးချောင်းအလင်းရောင်ဖြင့် လမ်းပေါ်မှာကစားနိုင်ခြင်းကြောင့်ဖြစ်၏။ ညဦးပိုင်းရောက်သည်နှင့် ယောက်ကျားလေးရောမိန်းကလေးများပါ အိမ်ရှေ့သို့ရောက်လာကြပြီး ဖန်ခုန်တမ်း လိပ်ဥဖွက်တမ်း စိန်ပြေးတမ်း အတူတူကစားကြသည်။ ကစားဖေါ်မစုံသည့်အခါများတွင်မူ မြောင်းနုတ်ခမ်းနှင့်ကပ်နေသော ပန်းထိမ်ဖိုမှန်ပြူတင်းများမှတစ်ဆင့် အတွင်းရှိပန်းတိမ်လုပ်သားများ တံဇဉ်းတိုက် ဂဟေဆော် နန်းဆွဲနေကြသည်များကို (မမြင်ဖူးကြသဖြင့်) ငေးကြည့်ကြသည်မှာ အိပ်ယာဝင်ချိန်အိမ်ပြန်သည်အထိဖြစ်လေသည်။ သတင်းစာပို့သည့်အလုပ်က နေ့တစ်ဝက်နီးပါးအချိန်ယူထားသဖြင့် သည်နှစ်ကျောင်းပိတ်ရက် ကျွန်တော့်မှာအားလပ်ခွင့်သိပ်မရှိသော်လည်း ကျွန်တော်ပျော်သည်။ အထူးသဖြင့်သင်္ကြန်မှာပို၍ပျော်သည်။ 

မဏ္ဍပ်မှာလူကြီးတွေနှင့်ရောပြီး ရေပက် အော်ဟစ်နောက်ပြောင်ရသည်ကိုသဘောကျသည်။ သို့သော် အမေနှင့်အစ်မ ညီညီမတွေဝါးခယ်မှာကျန်ရစ်သည်ကို စိတ်ရောက်သွားသည့်အခါများ၌ ရင်ထဲဟာတာတာခံစားရလေသည်။ သတင်းစာကျွမ်းကျွမ်းကျင်ကျင်ပို့တတ် စက်ဘီးအတန်ကျင်လည်စွာစီးတတ် (အစ်ကို့စက်ဘီးကို မမီမကမ်းယူနင်းတတ်နေပြီ) ချိန်တွင် ကျောင်းပြန်ဖွင့်တော့မည်မို့ဝါးခယ်မပြန်ရန်ပြင်ဆင်ရ၏။ ကျွန်တော့်သတင်းစာအိမ်တွေကို အစ်ကိုဆက်ပို့လိမ့်မည်။ အလာတုန်းကတစ်ယောက်တည်းလာခဲ့သော်လည်း ယ္ခုအပြန်မှာ အမျိုးထဲကလူကြုံရှိသဖြင့် သူတို့နှင့်အတူပြန်ရန် ဦးလေးကစီစဉ်ပေးသည်။ ပန်းထိမ်လုပ်သားတစ်ဦး၏ဇနီးနှင့် ကျွန်တော်နှင့်ရွယ်တူအတန်းတူ (ကျောင်းချင်းတော့မတူ) သူ့ညီမတို့ကျောင်းဖွင့်အမီပြန်မည်မို့ကျွန်တော့်ကိုပါ ကူညီ ခေါ်ဆောင်သွားရန် ဖြစ်၏။

#                  #

ကျွန်တော့်ကိုအတူခေါ်သွားမည့်အစ်မ၏ဖခင်မှာ ဝါးခယ်မရန်ကုန်ပြေးဆွဲနေသောအောင်မျိုးညွန့်ရေယာဉ်မှ ဆလင်ကြီး (ရေယာဉ်အုပ်) ဖြစ်သည်မို့အလာတုန်းကလိုပင် ကျွန်တော်သင်္ဘောခမကုန်။ အလာတုန်းက ကျောက်ဆူးဘေးမှာအိပ်ခဲ့ရသော်လည်း အပြန်မှာဆလင့်မိသားစုဝင်နှင့်အတူမို့အောက်ထပ်ဦးခန်းမှာ နေရာရသည်။ အစ်မနှင့်သူ့ညီမကအိပ်စင်တစ်ခု ကျွန်တော်တစ်ယောက်တည်းအိပ်စင်တစ်ခု။  ဒါတွင်မက သူတို့ချက်ပြုတ်ယူဆောင်လာသော ထမင်းဟင်းတွေကိုလည်းစေတနာအပြည့်နှင့်ကျွေးသဖြင့်စားရသည်။

အခြေအနေနှစ်ရပ်ကိုယှဉ်ကြည့်ရင်း ဘဝမာယာတွေကိုခလေးဉာဏ်ဖြင့်ကျွန်တော်ဆင်ခြင်ကြည့်မိလေသည်။ သို့သော်အဖြေမရ။ အစ်မတို့နှင့်စကားပြောလိုက် အပြင်ထွက်မတ်တပ်ရပ်ရင်းငေးလိုက် အိပ်စင်ပေါ်လဲလျောင်းရင်း ငိုက်မျည်းလိုက်နှင့် နောက်တစ်နေ့လင်းအားကြီးတွင် ဝါးခယ်မသို့ရောက်၏။ အစ်မတို့က တစ်ဘက်ကမ်းထော်ကနွတ်ရပ်မှာနေသဖြင့် သမ္ဗာန်တစ်စင်းငှါး၍ထွက်သွားကြသည်။ သူတို့ကိုနုတ်ဆက် ပြီးနောက်ကျွန်တော်အိမ်ကိုပြန်ခဲ့၏။ ဆယ့်တစ်နှစ်သားလူငယ်တစ်ဦး၏တစ်ကိုယ်တော်ခရီး ဤသို့လျှင်ပြီးဆုံးခဲ့သည်။ 

တစ်ကယ့်ဘဝခရီးနှင့်စာလျှင် ထိုခရီးကမပြောပလောက်သည်မှာအမှန်။ သို့သော် ဘဝခရီးဟူသည်သည်လိုခရီးငယ်တွေ၏အပေါင်းအစုဖြစ်သလိုသဟဇာတပစ္စယအထောက်အပံ့ဖြစ်သည်ဟုလည်း ကျွန်တော်ရိုးသားစွာယုံကြည်သည်။


[စကားချပ်။ မရွှေတောက်၏မိဘ (ကျွန်တော့်ယောက္ခမများ) ပိုင်ရေယာဉ်တစ်စင်း၏အမည်မှာလည်း အောင်မျိုးညွန့်ပင်ဖြစ်လေသည်။ ကျွန်တော့်ဘဝဖြစ်လေ့ဖြစ်ထတိုက်ဆိုင်မှုတွေထဲကတစ်ခုဖြစ်၏။ ထိုနှစ်စင်း အတူတူဟုတ်မဟုတ်ကျွန်တော်မသိ၊ စူးလည်းမစူးစမ်းမိ။ ရေ‌ယဥ်များနှင့်ထိစပ်ရသည့်အလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းသူဖြစ်လင့်ကစားသမီးယောက္ခမဆက်ဆံ‌ရေးမပြေပြစ်သည်‌ကြောင့်ရော၊ အမှီအခိုကင်းရေးမူဝါဒအရပါ ထိုရေယာဉ်နှင့်ကျွန်တော်ထိတွေ့ ဆက်ဆံပတ်သက်မှုမရှိခဲ့။ သို့သော် ပြီးခဲ့သောအနှစ်သုံးဆယ်လုံးလုံးသူတို့ဘက်ကမျိုးဆက်နှစ်ဆက်အကူးအပြောင်းကာလအတွင်းဝေဝေဆာဆာတင်ဆက်ခဲ့သော 'အမွှေ' ဇာတ်လမ်းတွဲကြီးကိုမူအဆုံး၌ (ဆိုပါတော့) ကြားလူစားကာပွဲသိမ်းသည်အထိ ပရိသတ်တစ်ယောက်အနေနှင့်ရိုးအီအောင်မြင်ခဲ့ကြားခဲ့ သံဝေဂတွေပွားခဲ့ရဖူးသည်။ ခေါက်ရှာငှက်ပျံသလို (နိမ့်တုံမြင့်တုံ) ဟူသောရှေးပညာရှိများ၏လောကဓံလှိုင်းအပေါ် ခိုင်းနှိုင်းပြောဆိုခဲ့မှုအားပို၍နားလည်သဘောပေါက်ရလေသည်။]

Wednesday, April 20, 2016

ကျွန်တော်နှင့်စမ်းချောင်း (၄)



ဝါးခယ်မမှာ လေးနှစ်ကျော်နေဖြစ်ခဲ့သော်လည်း ပထမနှစ်နှစ်သာ စမ်းချောင်းနှင့်အဆက်အသွယ်ပြတ်ခဲ့ပြီး ကျန်နှစ်နှစ်မှာအသွားအလာရှိခဲ့သည်။ ပထမဆုံးအကြိမ်ပြန်စဉ်က စမ်းချောင်းမှာသုံးလေးလကြာမျှနေဖြစ်ခဲ့၏။ ဖေဖေဆေးရုံတက်ရသဖြင့် ကျွန်တော်တို့ပါလိုက်လာကြရခြင်းဖြစ်ကာ (လူမမယ်တွေမို့နေခဲ့၍မဖြစ်) ထိုမှာပင်ဖေဖေဆုံးသဖြင့် မြေချရက်လည်ဆွမ်းသွပ်ပြီးမှပြန်ကြသည်။ နောက်တစ်နှစ်နွေရာသီကျောင်းပိတ်ရက်အစ်ကိုကြီးကိုကူညီဖို့ခေတ္တပြန်လာရ၏။ အစ်ကိုကြီးကဖေဖေဆုံးပြီးကတည်းက ဝါးခယ်မ မပြန်တော့ဘဲရန်ကုန်မှာ လူငယ့်ရေးရာညကျောင်းတက်ရင်းအလုပ်လုပ်နေသည်။ ထိုမှ ပြန်လာပြီးနောက် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာမိသားစုအားလုံးရန်ကုန်သို့ အပြီးအပိုင်ပြန်လည်ပြောင်းရွှေ့ခဲ့ကြ၏။ 

ရန်ကုန်မှသွားစဉ် ကျွန်တော့်အသက် ၈ နှစ်၊ ဖခင်ဆုံးတော့ ၁၀ နှစ်၊ ဝါးခယ်မှရန်ကုန်သို့ ပြန်ရောက်ချိန်တွင် ၁၂ နှစ်ရှိပြီ။ လူမှုရေးစိတ်ပညာအလိုအရ ငါးနှစ်အရွယ်ထိကလေးများ၏ပတ်ဝန်းကျင်သည်သူတို့၏စရိုက်ဖြစ်လာပြီး ထိုမှဆယ်ကျော်သက်အထိမှာပုံသွင်းကာလများ (Formative years) ဖြစ်ကြသည်။ ကျွန်တော့်ကလေးဘဝ ပုံသွင်းကာလများတွင် ထူးခြားချက်အဖြစ်ဇာတိမြေမှအဖန်ဖန်ခွဲခွာရခြင်း ဖတဆိုးဖြစ်ရခြင်းတို့ကိုတွေ့ရသည်။ ထို ယသောအယသောလောကဓံသည်ကျွန်တော့်ဘဝခရီး၌အကြီးအမှူးဖြစ်ပုံရခဲ့သလို ကျွန်တော့်လူမှုရေးစိတ္တဇအားအဓိကလွှမ်းမိုးချယ်လှယ်ခဲ့ပုံလည်းရ၏။ လူတောမတိုးခြင်းနှင့်မိသားစုအပေါ်ကပ်ငြိတွယ်တာလွန်းခြင်းတို့မှာ ထိုလွှမ်းမိုးမှု၏ထွက်ပေါက်များဖြစ်မည်ထင်သည်။

တိုင်းပြည်နှင့်ချီလျှင်တော့ ထိုကာလအတွင်းသမိုင်းဝင်ထင်ရှားသောအုပ်ချုပ်ရေးစံနစ်အပြောင်းအလဲဖြစ်ခဲ့ပြီး အာဏာအခြေပြုအစိုးရတစ်ရပ်ပေါ်ထွန်းလာသည်။ ထိုစံနစ်ထိုအပြောင်းအလဲကကျွန်တော့်ဘဝရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတို့အပေါ်မည်မျှအကျိုးသက်ရောက်မှုရှိခဲ့သည်ကို သုံးသပ်ရခက်သော်လည်း တစ်တိုင်းပြည်လုံးနှင့်အတူချမ်းသာမပေးခဲ့တာတော့သေချာသည်။ သို့သော် နုစဉ်ကာလမှာသူလည်းအစမို့ရိုးသလို ကိုယ်လည်းဥမမည်ဇာမမြောက် တိုင်းပြည်ကလည်းဓနလက်ကျန်လေးတွေ ဟန်ကျပန်ကျနှင့်မို့ အားလုံးနေသာထိုင်သာရှိခဲ့ကြပုံပင်။ တနည်းကျွန်တော့်ငယ်ဘဝပညာစာရိတ္တအရာမှာ သိသိသာသာအနှောက်အယှက်မဖြစ်ခဲ့။ ဝါးခယ်မရောက်စ ပထမနှစ်နှစ်ဆိုလျှင်ကျောင်းနေဘဝ၏အပျော်ဆုံးနေ့များဟု သတ်မှတ်နိုင်သည်အထိ အပူအပင်ကင်းခဲ့၏။ 

သင်တွေး အံရွတ် တပည့်ဝတ်နှင့် ညီညွတ်သူအဖြစ်ဆရာတွေ၏ ချစ်ခင်မှုကိုခံရသည်။ ပညာရည်တိုးတက်မှုအစီရင်ခံစာတိုင်း မိဘများပြုံးပျော်စွာလက်မှတ်ထိုးနိုင်ခဲ့သည်။ အမေလက်မှတ်ထိုးလျှင် နာမည်ကိုပဲပင်ပေါက်လက်ရေးနှင့် စာရေးသလိုချရေးတတ်သောကြောင့် စိတ်ထဲသိပ်မကြိုက်ချင်သော်လည်း အမေရှက်သွားမည်စိုးကာ မဝေဖန်ခဲ့။ ဖေဖေကျတော့ စာတတ်ပေတတ်ကြီးမဟုတ်သည့်တိုင် လက်မှတ်လှလှလေးထိုးတတ်သည်။ ထို့ကြောင့် ဖေဖေခရီးထွက်ရာမှပြန်ရောက်သည့်အချိန်ရီပို့ကဒ်ရပြီးဖေဖေ လက်မှတ်ထိုးသည့်အခါအလွန်ပျော်သည်။ သားအဖတစ်တွေသည်လိုနေဖို့ အချိန်များများမကျန်တော့ဆိုသည်ကို အဖေရောသားသမီးများပါမသိခဲ့ကြ။

#                  #

စင်စစ် ဖေဖေကွယ်လွန်ရခြင်း၌ကံအပါအဝင်အကြောင်းတရားများစွာပေါင်းဆုံကြမှာသေချာသော်လည်း နောက်ဆုံးကောက်ရိုးမြှင်မှာ ကျန်းမာရေးကိုဘဝတက်လမ်းအတွက် ခေတ္တခဏဘေးချိတ်ထားလိုက်ခြင်းဖြစ် သည်ဟု ပြောလျှင်ရမည်ထင်ပါသည်။ တော်လှန်ရေးအစိုးရလက်ထက်စံနစ်သစ်ပညာရေးနှင့်အတူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ အစဉ်အလာသွားဘက်ဆိုင်ရာကျွမ်းကျင်လက်မှတ်သင်တန်းအား နောက်ဆုံးအကြိမ်အဖြစ်ပြုလုပ်ပေးခဲ့၏။ ဘွဲ့ရဆရာဝန်များပေါ်ထွက်လာတော့မည်မို့ ကျွမ်းကျင်မှုဖြင့်လုပ်ကိုင်စားသောက်နေသူတို့အဖို့ အသိအမှတ်ပြုလက်မှတ်ရှိမှသာလျှင်ရပ်တည်ရှင်သန်နိုင်မည်ဖြစ်ကြောင်းတွက်ဆမိသူဖေဖေသည် ထိုသင်တန်းကိုမဖြစ်မနေတက်၍ ပြီးမြောက်အောင်မြင်အောင်ကြိုးပန်းခဲ့လေသည်။ 

သင်တန်းကာလခြောက်လသာဖြစ်သော်လည်း ပညာရပ်နယ်ပယ်မို့မလွယ်ကူ။ အလယ်တန်းပညာလောက် သာပေါက်ရောက်ခဲ့သူ ဖေဖေ့အတွက်အခက်အခဲလွန်စွာကြီးမားမှာသေချာသည်။ သည်ကြားထဲ မိသားစုက အဝေးမှာ။ ၁၉ လမ်းပေါက်ဟုအမျိုးတွေကပြောလေ့ရှိသော ၁၉ လမ်းဇာတိမို့ ရန်ကုန်နှင့်မစိမ်းသလို လမ်းမတော်နေအစ်မလတ်အိမ်မှာတည်းခိုနိုင်သဖြင့် သင်တန်းရှိရာရန်ကုန်ဆေးရုံကြီးဝင်း (သွားရောသွားရောဂါကုဌာန) သို့ သွားလာရေးအဆင်ပြေသည့်တိုင်ကိုယ့်အိမ်ကိုယ့်ယာလိုနေထိုင်နိုင်မည်မဟုတ်။ တိုတိုပြောရလျှင် သင်တန်းတစ်ဘက်နှင့် ဖေဖေအအိပ်မမှန်အစားမမှန်ဖြစ်ကာ ရောဂါဝင်လာသည်။ ထိုရောဂါကိုပင်အောင့်အည်းပြီးစစ်ဆေးကုသမှုမျိုးမလုပ်ခဲ့ရာ သင်တန်းပြီးပြီးခြင်းဆေးရုံတက်ရသည့်အခြေဆိုက်ခဲ့သည်။ သင်တန်းကိုတော့အောင်မြင်စွာပြီးစီးခဲ့ပြီး သွားဘက်ဆိုင်ရာကျွမ်းကျင်လက်မှတ် (CDP) ရရှိနိုင်ခဲ့၏။

သည်တွင်အမေ့အခန်းကဏ္ဍကအရေးပါလာပြန်သည်။ စင်စစ် ကျွန်တော်နှင့်တကွ သားသမီးအားလုံးအတွက် အမေ့အခန်းကဏ္ဍကြီးမားပုံကို စာဖွဲ့၍ကုန်နိုင်မည်ပင်မဟုတ်။ ရန်ကုန်မှာတုန်းက ဖေဖေခရီးလွန်ကာအိမ်ပြန်မရောက်သည့်အခါ မိသားစုစားဝတ်နေရေးကိုအမေပင်ဦးဆောင်ခဲ့ပြီး ဝါးခယ်မတွင်သက်သောင့်သက်သာနေရမည်ကြံရုံရှိသေး ဖေဖေကသင်တန်းတက်မည်မို့ ဝင်ငွေမရှာနိုင်သည့်အတွက်  အမေပင်လှုပ်ရှားရပြန်သည်။ ရန်ကုန်မှာလို ဆိုင်ထွက်ဈေးရောင်းခြင်းမဟုတ်။ အမေ့ဇာတိမို့ ဆွေမျိုးညာတိတွေပေါသည့်အထဲမှာ ဆေးပြင်းလိပ်လုပ်ငန်းရှင်အချို့ပါဝင်လေရာ အမေသည်ကမ်းနားလမ်းရှိအမျိုးဆေးလိပ်ခုံတစ်ခုံမှဆေးလုံးလုံးသည့်အလုပ်ကို အိမ်မကွာအိုးမကွာယူလုပ်လေသည်။ 

ထိုလုပ်ငန်းမျိုးကိုလုပ်နေကျဆေးလိပ်ခုံအလုပ်သမများရှိသဖြင့် သာမန်အားဖြင့်အိမ်ကိုပေးမလုပ်။ သို့သော် အမေ့အခက်အခဲကိုစာနာကာ (သူတို့ပြောစကားကြားဖူးသလောက်) ဆွေမျိုးရင်းချာတွေလည်းဖြစ်သောကြောင့် အိမ်ယူလုပ်ခွင့်ရခြင်းဖြစ်လေသည်။  စာပွဲတစ်လုံးပေါ်တွင် ဆေးးရွက်ကြီးများကိုဖြန့်ကာ တစ်ရွက်ချင်းဆွဲဆန့်ပြီး ထပ်ကာထပ်ကာဖိ၍လိပ်ခြင်းဖြင့် လက်ကောက်ဝတ်လောက်ဆေးလုံးတွေရသည်။ ထိုဆေးလုံးများအား တစ်ရွက်ချင်းပြန်ခွာလိုက်လျှင် ဆေးပြင်းလိပ်လိပ်ရန်အသင့်ညီညာပြန့်ပျူးသောဆေးရွက်များကိုရလေသည်။ အမေ့အလုပ်က ဆေးရွက်များကို ပိဿာချိန်ဖြင့်ယူကာ လုံးပြီးသားဆေးလုံးတွေပြန်သွင်းခြင်းပင်ဖြစ်၏။ ထိုအလုပ်ကိုဖေဖေသင်တန်းတက်စဉ်စားဝတ်နေရေးအတွက်လုပ်ရာမှ သင်တန်းပြီး၍ ဖေဖေကျန်းမာရေးမကောင်းသဖြင့် အလုပ်ပုံမှန်မလုပ်နိုင်သည့်အခါ တစ်ဘက်တစ်လမ်းဝင်ငွေအတွက်ဆက်လုပ်ရ၏။

စီဒီပီလက်မှတ်ကဆေးထိုးအပ်တရားဝင်ကိုင်ဆောင်အသုံးပြုခွင့်ရှိသဖြင့် သွားစိုက်သွားနုတ်လုပ်ငန်းတွေမှာ ထုံဆေးကိုဖျန်းရုံသာမဟုတ်ထိုးဆေးပါသုံးနိုင်မည်ဖြစ်ရာ လုပ်ငန်းပိုတွင်ကျယ်သည့်အပြင် လက်မှတ်ရမို့ယုံကြည်ကိုးစားမှုပိုမိုရရှိသည်။ ဖေဖေကကျန်းမာရေးကောင်းသည်နှင့် မြို့လည်တွင်အခန်းငှါးပြီးဆေးခန်းဖွင့်ရန်အားခဲပြင်ဆင်နေသည်။ ထိုအတွင်း မိတ်ဟောင်းမိတ်သစ်များကိုအိမ်မှာပင်လက္ခံ၍ နားနားနေနေအလုပ်လုပ်ရင်း သူ့ရောဂါ (ပေါင်တွင်းအကျိတ်) ကို ဆေးနည်းတိုတွေနှင့်ကုသည်။ မသက်သာသည့်အခါ ဝါးခယ်မဆေးရုံသို့တက်ရောက်ကုသသည်။ ထိုသတင်းကြားသော ဒေါ်ကြီးတို့သားအမိ ဝါးခယ်မသို့လိုက်လာကြပြီး ဖေဖေ့ကိုတစ်ပါတည်းခေါ်ကာ ရန်ကုန်တွင်ဆေးရုံတက်ဖို့တိုက်တွန်းသည်။ ဖေဖေကမလိုက်။ နောက်ပိုင်း ဝါးခယ်မဆေးရုံက ခရိုင်ဆေးရုံ (မြောင်းမြ) သို့ ညွှန်းလာသောအခါတွင်မှ မြောင်းမြသွားမည့်အတူတူ ရန်ကုန်သွားရန်ဆုံးဖြတ်ပြီး ဖေဖေနှင့်အစ်မကြီးတို့သွားကြသည်။  

ကျွန်တော်အပါအဝင်အငယ်‌တွေကို‌စောင့်ရှောက်ရသည်မို့အမေလိုက်မသွားနိုင်ခဲ့။ ဆေးရုံဆင်းသောအခါ ဝါးခယ်မပြန်လာပြီး ယခင်အတိုင်းအိမ်မှာပင်အလုပ်လက္ခံလုပ်ရင်း ကောင်းနိုးရာရာမြန်မာဆေးဆရာတွေနှင့်ပြပြန်သည်။ ရောဂါကတော့သက်သာသည်မရှိ။ ကျွန်တော်လေးတန်းတက်စလောက်တွင်မူ မခံမရပ်နိုင်ဖြစ်လာပြီး ဆေးရုံရက်ချိန်းကလည်းပြည့်ပြီမို့ ရန်ကုန်သို့သွားကာဆေးရုံတက်ရ၏။ ခွဲစိပ်မည်ဆိုပြီးလှမ်းခေါ်သဖြင့်အမေလိုက်ရမည်။ အစ်ကိုကြီးကလည်း ကိုးတန်းကျပြီးစစ်ထဲဝင်တော့မည်ဆိုကာရန်ကုန်ရောက်နေပြီ။ ကြမ္မာဆိုးသည်အဖေါ်အပေါင်းနှင့်လာလေ့ရှိသည်ဆိုသောစကားမှာ ထိုအချိန်ကျွန်တော်တို့မိသားစုအတွက်ဖြစ်နေသည်လားပင်အောက်မေ့ရ၏။ သို့သော် ငယ်သေး၍လားမသိကျွန်တော်စိတ်ပူပန်ဆင်းရဲခဲ့သည်ဟူ၍မမှတ်မိ။ မမြင်နိုင်သောဒဏ်ရာဒဏ်ချက် (ဆရာကြီးရွှေဥဒေါင်းပြောခဲ့ဖူးသည့်ဆူး) တွေ ကျန်ရစ်သည်မျိုးတော့ရှိကောင်းရှိခဲ့ပေမည်။

ဖေဖေ့ထံသို့လိုက်ရမည်ဆိုသောအခါ ကျွန်တော်အပါအဝင်လူမမယ်လေးယောက်ကိုထားခဲ့၍မဖြစ်။ အမေ့အမေ ကျွန်တော်တို့အဖွားနှင့်အမေ့မောင်တို့ရှိသော်လည်း အမေသည်သူတို့ကိုဒုက္ခပေးရမှာစိုးပုံရသည့်အပြင် ကျွန်တော်တို့ကိုလည်းစိတ်မချ။ သို့နှင့်ကျောင်းသားများဖြစ်သော အစ်မငယ်နှင့်ကျွန်တော်တို့အတွက်ခွင့်တိုင်ကာ သားသမီးအားလုံးခေါ် ပြီး ရန်ကုန်သို့လာခဲ့ကြလေသည်။ စမ်းချောင်းကိုစွန့်ခွာပြီးနှစ်နှစ်အကြာ စမ်းချောင်းကိုပြန်ရောက်တော့ ဧည့်သည်နေဧည့်သည်စားဖြစ်သွားပြီမို့ အမေဆိုင်မထွက်သလိုကျွန်တော်တို့လည်း ကျောင်းမတက်ကြ။ အစ်ကိုကြီးကနေ့ရောညပါဆေးရုံစောင့်ရသည်။ 

စင်စစ် သူသည်ပြည်လမ်းစစ်သားစုဆောင်းရေးတပ် (ယခုပြည်သူ့ဥယျာဉ်တည်ရှိရာနေရာ) သို့ပင်ရောက်ရှိနေခဲ့ပြီးဖြစ်ရာ အဖွားကိုယ်တိုင်တူတော်သူတပ်အရာရှိတစ်ဦးထံဝင်ရောက်တွေ့ဆုံကာအကျိုးအကြောင်းရှင်းပြပြီး နုတ်ထွက်ခွင့်တောင်းခံလျက် ပြန်ခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ အမေနှင့်အစ်မနှစ်ယောက်ကလူမမာအတွက်ချက်ပြုတ်ရင်း ဒေါ်ကြီးတို့ဆိုင်ကို တစ်ဘက်တစ်လမ်းကူညီကာ ညနေဧည့်သည်ချိန် ဆေးရုံသွားဝတ္တရားမပျက်ကြ။ ဆေးရုံစည်းကမ်းအရ အသက် ၁၂ နှစ်မပြည့်သေးသောကျွန်တော် လူနာနှင့်တွေ့ခွင့်မရှိ။ သို့ဖြစ်ရာ စမ်းချောင်းတွင်နေခဲ့သမျှ ထိုကာလသည် ကျွန်တော့်အတွက်အအားလပ်ဆုံးအခိုက်အတန့်ပင်ဖြစ်လေသည်။

#                  #

နေ့လည်နေ့ခင်း သူငယ်ချင်းတွေကျောင်းသွားနေကြချိန် ကျွန်တော်အိမ်မှာနေရင်း (ဒေါ်ကြီးသမီး) ကျွန်တော့် အစ်မဝမ်းကွဲ၏ စာအုပ်စင်တွင်တွေ့သမျှ စာစောင်မဂ္ဂဇင်းနှင့်ဝတ္တုတွေဖတ်သည်။ စာဖတ်ရင်း ငြီးငွေ့လာလျှင် လမ်းထိပ်ဒေါ်ကြီးဆိုင်သို့သွားကာ လက်တိုလက်တောင်းကူညီသည်။ များသောအားဖြင့်အချဉ်လုပ်ရန် ကြက်သွန်ခွာခြင်းခေါက်ဆွဲထုပ်ရန်တောင်စွန်ဖက်များကိုအဝတ်သန့်သန့်ရေဆွတ်၍သုတ်ခြင်း တို့ဖြစ်၏။ ညနေရောက်လျှင် လမ်းပေါ်ထွက်သူငယ်ချင်းများနှင့်ကစားသည်။ ထွေခင်း ခွက်ပြစ် စိန်ပြေး ကစားနည်းတွေအပြင် ဖန်ဂေါ်လီ သားရေကွင်းပြစ် ကျောက်ဒိုးရိုက်စသည့်အနိုင်အရှုံးရှိသည့် ကစားနည်းတွေပါပါဝင်သည်။

တစ်ခါတစ်ရံလူကြီးတွေကစားသည့် မျောက်ပန်းဝိုင်းတောက်ခုံဝိုင်းများသို့ သွားရောက်ငေးမောသည်။ အမေသိပြီးအဆူခံရသည့်အတွက် နောင်ထိုလူကြီးဝိုင်းများသို့မသွားဖြစ်တော့ သို့သော်အဆော့ကတော့မရပ်။ ကျောင်းပိတ်ရက်ညဦးပိုင်းလူစုံသည့်အခါတိုင်း သူခိုးပုလိပ်ကစားကြခြင်းမှာ ပို၍အမှတ်ရစရာဖြစ်လေသည်။ ရှိသမျှကစားသူဦးရေအားနှစ်ဘက်အညီအမျှခွဲ၍ ကျားဗိုလ် (ဗိုလ်ကျားသေနပ်) ဆွဲပြီး သူခိုးဘက်ပုလိပ်ဘက်ခွဲခြားသတ်မှတ်ကာ သူခိုးအဖွဲ့ရှေ့မှပြေးသည်ကိုပုလိပ်အဖွဲ့နောက်ကလိုက်ခြင်းဖြစ်၏။

စိန်ပြေးတန်းကစားနည်းနှင့် ဆင်သော်လည်းမတူ။ စိန်ပြေးတမ်းကစားလျှင်တစ်ဦးကလိုက်အများကပြေးကာ မိသူကပြန်လိုက်ရ၏။ သူခိုးပုလိပ်ကစားနည်းက အဖွဲ့လိုက်မို့သူခိုးတွေအားလုံးမိသည်အထိ ပုလိပ်အဖွဲ့ကလိုက်ရသည်။ ကစားသည့်နယ်နိမိတ်ကလည်းပိုကျယ်သည်။ စိန်ပြေးတမ်းကဓာတ်တိုင်နှစ်တိုင်ကြားဆို အလွန်ဆုံး။ သူခိုးပုလိပ်ဆိုလျှင်တစ်ရပ်ကွက်သည်အကျဉ်းဆုံး။ တစ်ခါတစ်ခါအချိန်ရလျှင် (စောစောကစားဖြစ်လျှင်) ဟိုဘက်သည်ဘက်ရပ်ကွက်တွေအထိ နယ်ကျော်၍ပြေးကြပုန်းကြရာ အချိန်အလွန်ကုန်ကာပျော်စရာအလွန်ကောင်းသလို (ခုပြန်စဉ်းစားမိသည့်အခါ) အန္တရာယ်လည်းအလွန်များလှ၏။ အုပ်စုလိုက်ကစားကြသည်ဆိုသော်လည်း များသောအားဖြင့် ပြေးရင်းလိုက်ရင်း ပုန်းရင်းရှောင်ရင်း လူကွဲကာတစ်ယောက်ချင်းစီဖြစ်သွားတတ်သည်။ 

သို့သော် ခုခေတ်လိုကလေးသူခိုး ကလေးပြန်ပေးစသည်တွေမရှိသဖြင့် ကျွန်တော်တို့လွတ်လပ်စွာဆော့ကစားနိုင်ခဲ့ကြသည်။ ပသျှူးခေါင်းပြတ်လိုကောလာဟာလမျိုးကိုတော့ ဟိုတုံးကတည်းကကျွန်တော်တို့မကြောက်။ ကျွန်တော်တို့ကြောက်သည်မှာ ခွေးဆိုးသောလမ်းနှင့် သူရဲခြောက်သည်ဟု နာမည်ကြီးသောအိမ်အချို့ပင်ဖြစ်လေသည်။ ဤသည်တို့ကိုကျော်လွှားရန်လည်းကျွန်တော်တို့မှာ နည်းလမ်းရှိပြီးသား။ ခွေးဆိုးသည့်လမ်းဆိုလျှင်ကွင်းရှောင်သွား။ သူရဲခြောက်သည့်အိမ်ရှေ့ကမဖြစ်မနေဖြတ်ရမည် ဆိုလျှင် သမ္ဗုဒ္ဓေရွတ်ပြီးဘေးဘယ်ညာမကြည့်ဘဲမပြေးရုံတမည်ဖြတ်သွားခြင်းသာဖြစ်လေသည်။

ကျွန်တော်တို့ကလေးတွေညဘက်ကစားရာတွင်မပြောနှင့် အတန်မှောင်လျှင်ပင်ရှောင်သော နေရာတစ်ခုရှိသေးသည်။ ဗားကရာလမ်းသည်ဘက်ခြမ်းရှိ ရှမ်းလမ်းထောင့်ဖြစ်၏။ ဗားကရာလမ်းဘက်မှအဝင် ရှမ်းလမ်းညာဘက်ခြမ်းတွင် ကရင်သင်္ချိုင်းကုန်းဟုကျွန်တော်တို့ခလေးတွေခေါ် ပြီး  လူကြီးများကစာဖြူသချိုင်းဟုခေါ် လေ့ရှိသော ခရစ်ယာန်သုဿန်‌ဟောင်းရှိကာ သယ်ဘက်ခြမ်းမှာဦးပန်ချာဆိုင်ရှိသည်။ တစ်စုံတစ်ယောက်က သူ့မှာကားရှိသည် သို့မဟုတ်ကားဝယ်လိုက်သည်ဟု ကြွားသည့်သဘောပြောလာလျှင် ဘာကားလဲဦးပန်ချာကားလားဟုနောက်ပြောင်ပြက်ရယ်ပြုကြလေ့ရှိသည့် ထိုခေတ်ကဦးပန်ချာမှာအသုဘယာဉ်ငှါးသူနှင့်အခေါင်းရောင်းသူဖြစ်၏။ နိဗ္ဗာန်ယဉ်လုပ်ငန်းဟုဆိုင်းဘုတ်တင်ထားသည့် အတန်ကျယ်ဝန်းသောဦးပန်ချာ၏ဆိုင်တွင် ကနုတ်ပန်း သစ်သားပန်းပုများဖြင့် တန်ဆာဆင်ပြီးမှန်ကြည်အပြည့်ကာသည့် အသုဘယာဉ်တစ်စင်းစနှစ်စင်းစနှင့် အသင့်စပ်ထားသောခေါင်းတလားများကိုပြသထားသည်။ 

အသုဘကိစ္စဦးပန်ချာကားကိုငှါးလျှင် ဗောင်းထုတ်ဆောင်းဝတ်စုံပြည့်ဝန်ထမ်းလေးဦးကမော်တော်ယာဉ်ထောင့်လေးထောင့်တွင်စတိုင်ကျကျမတ်တပ်ရပ်လိုက်ပါလျက် တလားထမ်းသည့်အလုပ်ကိုဝန်ဆောင်မှုပေးသည်။ စင်စစ်ဦးပန်ချာဆိုင်နောက်ကျောဘက်ရှိတောင်ကုန်းသည်ပင်လျှင် ဦးလူလေးကုန်းဟုခေါ်တွင်သော ဦးလူလေးပိုင်သည့် (ရှေ့ခေတ်အခေါ်) စန္ဒာလသို့မဟုတ်သုဘရာဇာကုန်းဖြစ်လေသည်။ ကလေးမပြောနှင့်အသဲငယ်တတ်သည့်လူကြီးများပင် ညရေးညတာထိုရှေ့ကဖြတ်တိုင်း သရိုးသရီဖြစ်ကြရကြောင်းကြားဖူး၏။ ဦးလူလေးကုန်းနှင့်စပ်လျဉ်း၍အရပ်ပြောပါးစပ်ပြော လွမ်းမောဖွယ် (ဖြစ်ရပ်မှန်) ပုံပြင်တစ်ခုကိုလည်းရှာရှာပေါက်ပေါက်ကျွန်တော်ကြားဖူးခဲ့၏။ ဦးလူလေးတို့မှာ အလွန်တရာ ချောမောလှပသော မနှင်းမေ ဆိုသည့်သမီးလေးတစ်ဦးရှိသည်။ အကြောင်းအားလျော်စွာ ထိုသမီးကိုမြင်တွေ့ဆက်ဆံဖူးသူတိုင်းက ရုပ်ရည်ချောမောသလောက် စိတ်ထားဖြူစင်ကာနှစ်လိုဖွယ် ကောင်းသူတစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။ 

မနှင်း‌မေ အရွယ်ရောက်သောအခါ ချစ်ခင်စုံမက်သူတွေရှိကြသော်လည်း (စန္ဒာလသမီးမို့) မည်သူမျှလက်မဆက်ရဲ။ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာကြသော ဦးလူလေးတို့ခမျာသမီးကိုတည်တည်တံ့တံ့ပေါင်းသင်းမည့်သူရှိလျှင်ရွှေငွေစည်းစိမ်မည်၍မည်မျှလက်ဖွဲ့ပါမည်ဟု တစ်ဆင့်စကားဖြင့်ဖူးစာရှင်ရှာဖွေသည့်တိုင်မတွေ့နိုင်သဖြင့်သောကရောက်ကြရပုံအကြောင်းဖြစ်၏။ တလောကဖတ်ရှုလိုက်ရသောဆရာသော်တာဆွေ၏ စာတစ်ပုဒ်အရမူ ဦးလူလေးသည်မနှင်းမေ၏ဖခင်မဟုတ်ဖူးစာရှင်သာဖြစ်ကြောင်းသိရသည်။ အမေ့ပုံပြင်နှင့်ဆက်စပ်ကြည့်လျှင်မျိုးရိုးမှလွဲလျှင်အရာရာပြည့်စုံသောမနှင်းမေကိုအယူမသီးတတ်သောမောင်လူလေးလက်ဆက်ခဲ့ရာမှ သူတို့မျိုးရိုးထဲရောက်သွားပြီးထိုနေရာပါသူ့အမည်တွင်သွားခဲ့ခြင်းဖြစ်နိုင်သည်။ 

ပဒေသရာဇ်ခေတ်ကြွင်းအယူအစွဲတို့၏ အနိဋ္ဌာရုံတစ်ရပ်ပင်ဖြစ်ပေသည်။ သည်အကြောင်းကိုရှေးမဆွကပင် ဆရာကြီးမဟာဆွေစသည့် စာရေးဆရာကြီးများကလူလူချင်းအဆင့်အတန်းခွဲခြားသည့်စံနစ်အပေါ်ဝေဖန်ထောက်ပြရေးသားကြဖူး၏။  တော်လှန်ရေးကောင်စီလက်ထက် လူမှုတော်လှန်ရေးတစ်ရပ်အဖြစ် ဆင်နွှဲကာ တိုက်ဖျက်ခဲ့သည့်နောက်ပိုင်းတွင်မူ တစ်စထက်တစ်စပျောက်ကွယ်သလောက်ဖြစ်သွားခဲ့လေသည်။ သို့သော် အသုဘနှင့်ပတ်သက်သည့် အယူသည်းမှုအချို့ကယနေ့တိုင်ကျန်ရှိနေဆဲ။ ဦးလူလေးကုန်းပြီးလျှင် အောင်မင်္ဂလာသိဒ္ဓိစာသင်တိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်းအချို့နှင့် ရပ်ကွက်ဘော်လုံးကွင်းပြုလုပ်ထားသည့် မြေကွက်လပ် (ယ္ခု အ.ထ.က (၄) စမ်းချောင်း) တို့မှတစ်ပါး ထိုဘက်တွင်တစ်ခြားလူနေအိမ်မရှိ။ မျက်နှာချင်းဆိုင်မှ ကရင်သင်္ချိုင်းကုန်းမှာလည်း ပတ်ပတ်လည်အုတ်တံတိုင်းကာရံလျက် (အသုံးမပြုတော့သည့်တိုင်)  အတွင်းရှိအုတ်ဂူတွေကိုအတိုင်းသားမြင်နေရ၏။ 

ဆိုရှယ်လစ်အစိုးရခေတ်အတွင်း ဦးပန်ချာဆိုင်ကို ဟံသာဝတီလမ်းကြံတောသင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်သို့ပြောင်းရွှေ့စေသည်။ နဝတအစိုးရလက်ထက် ကြံတောသင်္ချိုင်းကို (အုတ်ဂူများအပါအဝင်) ရေဝေးသို့ပြောင်းရွှေ့ခဲ့ရာ၌ ဦးပန်ချာတို့မည်သည့်နေရာရောက်သွားသည် မသိတော့။ မူလရှမ်းလမ်းမှနေရာတွင်မြို့နယ်ဆောက်လုပ်ရေးအင်ဂျင်နီယာရုံးရောက်ရှိလာခဲ့သည်။ မဆလခေတ်နှောင်းပိုင်းတွင်ကရင်သင်္ချိုင်းကုန်း၏ ဗားကရာလမ်းဘက်အပိုင်းအားဓာတ်ဆီဆိုင်နှင့် မြို့နယ်စည်ပင်သာယာရေးရုံးဖွင့်လှစ်ရန်အတွက်သိမ်းဆည်းပြီး ကျန်အပိုင်းကိုမူရင်းပိုင်ရှင်များလက်သို့ပြန်လည်ပေးအပ်ခဲ့၏။ ယ္ခုအခါဘုရားရှိခိုးကျောင်းအပါအဝင် ဘာသာရေးနှင့်လူနေအဆောက်အအုံအချို့တည်ဆောက်ထားကြသည်။ ပြည်သူပိုင်ဓာတ်ဆီဆိုင်မှာမူ နဝတအစိုးရလက်ထက်စီးပွားရေးဈေးကွက်အရ ပုဂ္ဂလိကလက်အတွင်းသို့ သက်ဆင်းသွားခဲ့လေ၏။

#                  #

ဖေဖေ့ဆေးရုံကို အသက်ဆယ့်နှစ်နှစ်မပြည့်သဖြင့်ကျွန်တော်လိုက်ခွင့်မရသည့်ကြားက တစ်ရက်ကျွန်တော်ကိုယ်တိုင်ထမင်းပို့ခဲ့ရသည်မှာကြုံတောင့်ကြုံခဲဖြစ်ခဲ့၏။ ထမင်းပို့နေကျအမေရောအစ်မကြီးပါ ထိုနေ့ကအရေးတစ်ကြီးကိစ္စတွေနှင့် မအားလပ်ကြ။ ထမင်းပို့ချိန်ရောက်တော့ အမေကကျွန်တော့်ကိုပို့ခိုင်းသည်။ အမေ့ အစီအစဉ်အရကျွန်တော်ကိုယ်တိုင်ဆေးရုံပေါ်တက်ပို့ရန်မဟုတ်။ တံခါးစောင့်တစ်ဦးဦးအားအကူအညီတောင်းပြီးလူကြုံနှင့်ပို့ရန်သာဖြစ်သည်။ မှတ်မိသလောက်လ္ဘက်ရည်ဖိုးတောင်းသည့်အကျင့်မရှိသေးသော (ပေးလျှင်တော့ယူချင်ယူမည်) တံခါးစောင့်တွေက ကလေးတစ်ယောက်အကူအညီတောင်းသည်ကို ငြင်းပယ်လိမ့်မည်မဟုတ်။ အမှန်မှာအိမ်ထမင်းမပို့နိုင်လျှင်ဆေးရုံကကြွေးသည်။ သို့သော်ဖေဖေသည်ဆေးရုံထမင်းကိုမစား။ သူမစားလျှင်သူ့ထက်ပို၍လိုအပ်သူ (ဆင်းရဲသူ) တစ်ဦးပိုကျွေးနိုင်မည်ဟုဖေဖေပြောကြောင်းကြားဖူးသည်။ 

အမေလမ်းညွှန်သည့်အတိုင်းသွားရမှာကျွန်တော့်တွက် အခက်အခဲမရှိ။ သရက်တောလမ်းမှ ကြည့်မြင်တိုင်ဘူတာရုံသို့လမ်းလျှောက် (သည်နေရာတွေကကျွန်တော်တို့သူခိုးပုလိပ်ကစားနေကျ) ဘူတာရုံခုံးကျော်တံတားကိုကျော်ပြီးဆင်းလိုက်လျှင် အောက်ကြည့်မြင်တိုင်လမ်းသို့ရောက်ပြီ။ တံတားဆင်းလျှင်ဆင်းခြင်း ဘတ်စကားမှတ်တိုင်ဖြစ်၏။ ထိုစဉ်ကလက်ဝဲကပ်မောင်းစံနစ်မို့ မြို့ထဲသွားရန်လမ်းပင်ကူးစရာမလိုပဲ လာသည့်ကားတက်စီးရုံပင်။ ဆေးရုံကြီးသွားရန်အမှတ် ၂ ကားကိုစီးရမည်။ ဗားကရာချောက်ကို ဖြတ်ကာအထက်ကြည့်မြင်တိုင်လမ်းမှသည် ဗိုလ်ချုပ်လမ်းအတိုင်းသွားသဖြင့် ဆေးရုံကြီးရှေ့မှတ်တိုင်တွင်ဆင်း။ ထိုမှ ဗိုလ်ချုပ်လမ်းကိုကူးလျှင် ဆေးရုံဝင်းထဲဝင်၍ရပြီ။

ဆေးရုံကြီးမျက်နှာစာ ပင်မဝင်ပေါက်မှကျွန်တော့်လိုထမင်းလာပို့သူတွေ အလျှိုအလျှိုတက်သွားကြသည်ကိုကြည့်ကာ အစောင့်များအားမည်သို့ပြောလျှင်ကောင်းမည်စဉ်းစားရင်း ကျွန်တော်ရပ်နေ၏။ အတန်ငယ်လူရှင်းသောအခါမှ အစောင့်တစ်ဦး၏အနီးသို့သွားပြီး ဦးလေးသားထမင်းပို့ချင်လို့ပါဟုပြောလိုက်သည်။ အစောင့် လုပ်သူသည်ကျွန်တော့်ကိုခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီး အခန်းနံပါတ်သိသလားမေးသဖြင့်သိကြောင်းပြောလိုက်သောအခါဝင်သွားဘို့မေးဆတ်ပြသည်။ ကျွန်တော်ဘာမျှထပ်မပြောတော့ဘဲ ဝင်လိုက်ပြီးနောက် တစ်ခုတည်းသောဓာတ်လှေကားအားစောင့်နေကြသူများကိုကွေ့ရှောင်လျှက် ဖေဖေ့အခန်းရှိရာသုံးထပ်သို့ ရိုးရိုးလှေကားအတိုင်းတက်လာခဲ့တော့၏ (ဆေးရုံပေါ်အတက်အဆင်းနှင့်လူနာဆောင်ရှိရာသို့သွားလာကြပုံကိုလူကြီးတွေအချင်းချင်း ပြောသံကြားဖန်များသဖြင့်ကျွန်တော်အလွတ်ရနေသည်)။ 

ကျွန်တော့်ကိုမြင်သောအခါ ဖေဖေ၏ဖျော့လျော့သောမျက်နှာ၌အံ့သြဝမ်းသာဖြစ်သွားပုံမှာသိသာလှသည်။ ကျွန်တော်ကအမေရောမမပါမအားလပ်ကြသဖြင့် ကျွန်တော်ထမင်းလာပို့ကြောင်းပြောသောအခါဘာမျှမဝေဖန်။ သားရောစားပြီးပြီလားဟုသာမေးသည်။ လူနာစောင့်အစ်ကိုကြီးကိုမမြင်ရ။ ဖေဖေတစ်ခုခုခိုင်းသဖြင့်သွားနေရသည်ထင်သည်။ ဖေဖေ့အမေးကို ကျွန်တော်ကအိမ်ပြန်ရောက်မှထမင်းစားမည်ဟုပြန်ဖြေသောအခါ ချက်ခြင်းဆိုသလိုပင်နေပူနေလိမ့်မယ်ပြန်တော့ကောင်းကောင်းသွား လမ်းကြည့်ကူးစသည့်အတိုတောင်းဆုံးနှင့် အအေးမြဆုံးစကားတွေကိုဆိုပြီး ကျွန်တော့်ကိုပြန်လွှတ်လေ၏။

အပြန်ခရီးသည်လည်း အခက်အခဲမရှိ။ တစ်လမ်းမောင်းခေတ်မဟုတ်သောကြောင့်ဆေးရုံကြီးရှေ့မှပင် ကားပြန်စီးပြီး ကြည့်မြင်တိုင်ဘူတာမှာဆင်းကာလာလမ်းအတိုင်းပြန်ရုံပင်။ ပြောရလျှင် ဖေဖေမဆုံးခင်ရက်ပိုင်းအလိုတွင် ကျွန်တော်ကိုယ်တိုင်လက်ထိလက်ရောက်ထမင်းပို့လိုက်ရသည်မှာစဉ်းစားလျှင် ပီတိဖြစ်စရာ။ ဆယ့်နှစ်နှစ်မပြည့်ဘဲ ဆေးရုံပေါ်တက်ခွင့် (အမှတ်တစ်မဲ့ပင်ဖြစ်စေ) ရလိုက်သည့်အတွေ့အကြုံအရ နောက်ထပ်နှစ်ကြိမ်သုံးကြိမ်မျှ အမေတို့နှင့်အတူဧည့်ချိန်မှာလိုက်ပါပြီး ဖေဖေ့ကိုတွေဖြစ်ခဲ့သေးသည်။ စင်စစ် နုနယ်သောအရွယ်တွင် ရောဂါစုံလူနာစုံသည့်ဆေးရုံပတ်ဝန်းကျင်နှင့်ထိတွေ့ကူးစက်မှုတွေရှောင်ရှားကာကွယ်ဖို့ လူကြီးဆေးရုံခလေးမဝင်ရသတ်မှတ်ထားခြင်းဖြစ်ပြီး အတိအကျလိုက်နာသင့်ကြောင်းဟိုစဉ်ကတော့မသိ၊  လူကြီးတွေလည်းစဉ်းစားမိကြပုံမပေါ် ချေ။ 

တဘက်မှလည်းအချို့သောအသည်းအသန်လူနာများမှာ မိမိအခြေအနေမဟန်ကြောင်းသိပုံရသဖြင့်လူမမယ်သားသမီးအားမြင်ချင်တွေ့ချင်ပါလျက်ထိုစည်းကမ်းကြောင့်မြင်တွေ့ခွင့်ရမသွားရှာသူတွေရှိနိုင်သည်။ ကျွန်တော့်ဖခင်ဆိုလျှင်ထိုစဥ်က အထွးးဆုံးလေးနှစ်သမီးငယ်ကျွန်တော့်ညီမအားတွေ့ချင်လွန်းသဖြင့်ဆေးရုံစောင့်များကိုတောင်းပန်ပြီးခေါ်ခဲ့ဖို့၊ မရလျှင်လူအုပ်ထဲရောကာဖွက်ပြီးခေါ်ခဲ့ဖို့အတန်တန်မှာရှာသည်။ သို့သော် သူပြောသလိုလုပ်ဖို့ရာမဖြစ်နိုင်သောကြောင့် သမီးငယ်ကိုနောက်ဆုံးတွေ့မြင်လိုသောဆန္ဒပြည့်ဝမသွားခဲ့။ ယင်းမှာဖေဖေကွယ်လွန်ချိန်အမေမျက်ရည်စက်လက်နှင့်ပြောစကားအရ သိခဲ့ရခြင်းဖြစ်ပါသည်။

#                  #

ကျွန်တော် သုံးခါမျှထပ်တွေ့ရပြီးနောက်  ဖေဖေ့ကိုသုံးကြိမ်မြောက်ခွဲစိပ်ကုသသည်။ နောက်ထပ်တစ်ပတ်ခန့်အကြာမှာဖေဖေဆုံးသည်။ ၁၉၆၄ခုနှစ် အောက်တိုဘာလ ၁၈ ရက် မြန်မာလိုသီတင်းကျွတ်လဆန်း ၁၂ ရက်။ မိုးလေကင်းလွတ် သီတင်းကျွတ်ပွဲတော်အတွက် လမ်းတိုင်းလမ်းတိုင်း မီးထွန်းပွဲတော် နွှဲပျော်ရန်ပြင်ဆင်ကြချိန်ဖြစ်လေသည်။ စမ်းချောင်းကသင်္ကြန်မှာစည်ကားသလိုသီတင်းကျွတ်တွင်လည်းစည်ကားသည်။ ကျွန်တော်တို့နေထိုင်ရာသရက်တောလမ်းသည်လည်း အများနည်းတူမီးထွန်းပွဲကိုစည်ကားသိုက်မြိုက်စွာပြုလုပ်ဖို့ရာပြင်ဆင်နေကြပြီ။ မီးထွန်းဖို့တိုင်တွေထောင်ဖျော်ဖြေရေးစင်တွေဆောက်နေကြချိန် ဖြစ်လေသည်။

ထိုနေ့မနက်စောစောကျွန်တော်အိမ်ရှေ့ဖိနပ်ချွတ်ရှိထိုင်ခုံပေါ်မှာထိုင်ပြီး ဖတ်လက်စဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေသည်။ မမစာအုပ်စင်ပါ်မှရသော တက္ကသိုလ်ဘုန်းနိုင်၏မိုးညအိပ်မက်မြူ။ ကျွန်တော့်ဘဝပထမဆုံးဖတ်ခဲ့ဘူးသည့်ဝတ္ထုမှာ သာဓု၏အတာဖြစ်ပြီး ဝါးခယ်မဖေဖေ့စာအုပ်သေတ္တာတွေထဲမှာတွေ့ခဲ့ခြင်းဖြစ်၏။ မိုးညအိပ်မက်မြူမှာဒုတိယဟုဆိုနိုင်မည်။ သည်ကြားထဲမှာမိုးဝေ၏တင်မောင်ဆွေလိုဝတ္ထုများကိုမူမကြာမကြာဖတ်လေ့ရှိသဖြင့် အတိအကျမမှတ်မိတော့။ မှတ်မှတ်ရရ မိုးညအိပ်မက်မြူထဲမှာမောင်မြင့်ဝေတစ်ဖြစ်လဲမောင်ညိုမှိုင်း အတိတ်မေ့ပြီးခြေဦးတည့်ရာသွားနေရာမှတောင်ပြုံးအလှူတစ်ခုတွင် အငြိမ့်မင်းသမီးချောသက်နွယ်အတွက်ပြင်ပေးထားသော ထမင်းစားပွဲ၌ဝင်ထိုင်ကာ မြိန်ရည်ရှက်ရည်စားသောက်နေသည့်အခန်းသို့အရောက်တွင် အိမ်ပေါ်သို့အစ်ကိုကြီးတက်လာသည်ကိုမြင်ရသည်။ 

အစ်ကိုကြီး၏မျက်နှာမှာနီမြန်းနေ၏။ ဖိနပ်ချွတ်မှတက်လျှင်တက်ချင်းအိမ်မကြီးကြမ်းပြင်အား တံမြက်စည်းလှဲနေသောအမေ့ကိုလှမ်းပြောလိုက်သည်။ “ဆုံးပြီ မနက်၆နာရီမှာ ဆုံးတယ်” ထို့နောက် အမေ့ထံမှငိုသံပါကြီးဖြင့် “ဆုံးပြီတဲ့” ဟု မည်သူ့ကိုပြောမှန်းမသိလှမ်းပြောသံကိုကြားရသည်။ ဖတ်လက်စဝတ္ထုကိုချပြီး အိမ်အောက်သို့ဆင်းကာလမ်းထိပ်ရှိဒေါ်ကြီးတို့ဆိုင်သို့ကျွန်တော်ပြေးသွားခဲ့သည်ကိုအမှတ်ရနေသည်။ ဒေါ်ကြီးနှင့်မမ (ကျွန်တော့်အစ်မကြီး) တို့ဆိုင်ဖွင့်ပြီးစသာရှိသေး၏။ “ဖေဖေ မနက် ၆:၀၀ နာရီကဆုံးပြီတဲ့” ဟုပြောလိုက်သောအခါ ဒေါ်ကြီးကချက်ခြင်းပင်အိမ်သို့ပြန်သွားခဲ့သည်။ မမနှင့်ကျွန်တော်ဆိုင်မှာကျန်နေခဲ့သည်။ မမငိုသည်မငိုသည်ကျွန်တော်မမှတ်မိ။ မျက်ရည်အလွန်လွယ်သောကျွန်တော်ထိုနေ့ကမငိုခဲ့မိဆိုသည်ကိုတော့ကောင်းစွာမှတ်မိနေ၏။ ဘာကြောင့်မှန်းတော့မသိ။

ဖေဖေ့အသုဘကို ဆေးရုံကြီးရေခဲတိုက်မှကြံတောသုဿန်သို့ပို့ဆောင်မြေမြှုပ်သင်္ဂြိုလ်သည်။ အခေါင်းကို ကျင်းထဲချပြီးပို့ဆောင်သူတွေက စတိသဘောမြေကြီးခဲတွေကောက်ယူပစ်ချကာထွက်ခွာသွားကြပြီးနောက် သင်္ချိုင်းစောင့်တွေကမြေဖို့သည်။ ထို့နောက် ဘယ်ကဘယ်သူသယ်ယူလာမှန်းကျွန်တော်မသိသော အောက်ခံအညိုတွင်ဆေးအဖြူဖြင့်ရေးသားထားသည့် "ကိုစိန်မောင်သွားစိုက်ဆရာအသက်(၃၈)နှစ်”ဆိုသော သစ်သားမှတ်တိုင်ကလေးကိုစိုက်ထူလိုက်ကြလေသည်။ အုတ်ဂူမရှိသောထိုမြေပုံကလေးမှာ နှစ်အတန်ကြာ၍ နောက်ထပ်တစ်ဦးထိုနေရာတွင်လာရောက်မြှုပ်နှံသည်အထိတော့တည်တံ့နေဦးမည်။ ထိုဖြစ်စဉ်တွေကိုအစမှအဆုံးကြည့်ကာယနေ့တိုင်မြင်ယောင်ဆဲဖြစ်သော ဆယ်နှစ်သားကျွန်တော်ထိုနေ့က နံဘေးမှာမည်သူတွေရှိနေပြီးမည်သူတွေနှင့်အတူပြန်ခဲ့သည်ကိုမမှတ်မိတော့။ အမေပါမည်ဆိုသည်ကတော့သေချာသည်။ 

မုဆိုးမပူပူနွေးနွေးအမေသည် ထိုမှနောက်ဆယ်နှစ်ကျော်ကာလကို ခေါင်းရွက်ဗျတ်ထိုးဈေးသည် ဆိုင်ထိုင်ဈေးသည်စသည်ဖြင့်ခက်ခဲကြမ်းတမ်းစွာရုန်းကန်၍ သားသမီးတွေလူလားမြောက်အောင်ပျိုးထောင်ပြီး နောက်ထပ်ဆယ်နှစ်ကျော်မျှ သားသမီးမြေးတွေနှင့်အေးချမ်းစွာ (ကျွန်တော်တို့အထင်) နေထိုင်ရင်း ၁၉၉၄ ခုနှစ်တွင်ကွယ်လွန်ခဲ့လေသည်။ အမေနှင့်ဖေဖေနှစ်သုံးဆယ်အတိအကျခြား၍ကွယ်လွန်ကြပြီး အမေဆုံးသည့်ရက်က စက်တင်ဘာလ ၉ ရက် မြန်မာလိုတော်သလင်းလဆန်း ၅ ရက်။ ပြီးတော့ သောကြာသား ဖေဖေဆုံးသည့်နေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး တနင်္ဂနွေသမီးအမေဆုံးသည့်နေ့မှာသောကြာနေ့ဖြစ်နေသည်။ အမေမြေချသည့် တနင်္ဂနွေနေ့သည် ဖေဖေအသက်ပျောက်သည့်နေ့။

အမေဆုံးသည်မှာအစ်ကိုကြီးအိမ်ရှိရာ ကျွန်းတောလမ်းတွင်ဖြစ်၍ (ထိုအချိန်ကျွန်တော်ကအိမ်ထောင်ကျပြီး ယောက္ခမအိမ်ရှိရာအလုံတွင်နေသည်) ကြံတောသုဿန်တွင်ပင်ဂူသွင်းသင်္ဂြိုလ်သည်။ ဖေဖေ့တုန်းက အုတ်ဂူလေးတစ်လုံးပင်မတတ်နိုင်ခဲ့သော်လည်း အမေ့ကိုတော့သားသမီးတွေကအုတ်ဂူတစ်လုံးဖန်တီးပေးနိုင်ခဲ့ပါ၏။ သို့သော် အမေ့ခမျာသူမုဆိုးမဘဝ စိတ်ညစ်စရာကြုံလျှင်ညည်းတတ်သော ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာသည့်သဘောက သေသည်၏အခြားမဲ့၌ပင် ချမ်းသာပေးချင်ပုံမရခဲ့။ အမေဆုံးပြီးနှစ်နှစ်ကျော်အကြာတွင် နဝတအစိုးရ၏ ကြံတောသုဿန်မြေနေရာသိမ်းယူရေးအစီအစဉ်အရ သုဿန်တစ်ခုလုံးကိုရေဝေးသို့ပြောင်းရွှေ့စေခဲ့ရာ အမေ၏အုတ်ဂူသည်လည်းအပါအဝင်ဖြစ်ခဲ့လေသည်။ ထိုအချိန်ကျွန်တော်ပြည်တွင်းမှာမရှိတော့။

ရွှေ့ပြောင်းအုတ်ဂူအဖြစ်အမေရေဝေးသို့ရောက်ရှိချိန်သည် ရွှေ့ပြောင်းလုပ်သားအဖြစ်ကျွန်တော်ဘန်ကောက်သို့ရောက်နေချိန်နှင့်တစ်ထပ်တည်းကြုံကြိုက်ခဲ့၏။ ဖြစ်ခေါင့်ဖြစ်ခဲခေတ်တစ်ခေတ်၏ ပြယုဂ်များပင်တည်း။ ကျွန်တော်မရှိသော်လည်း ညီဖြစ်သူ၏ကမ္မကထပြုမှုဖြင့် အမေ့ရုပ်ကလာပ် (အရိုးစု)ကို ကြံတောမှတူးဖေါ် သယ်ဆောင်ကာရေဝေးတွင်အုတ်ဂူအသစ်ဖြင့်ပြန်လည်မြှုပ်နှံထားရှိဖြစ်ခဲ့သည်။ ဖေဖေ့အရိုးတွေကတော့ ဆောက်လုပ်ရေးအတွက်တူးဖေါ်စွန့်ပစ်သည့်မြေစာတွေနှင့်အတူ မထင်မရှားတစ်နေရာရာသို့ရောက်ရှိသွားလောက်ပြီ။ သမ္မာဒိဌိဆိုသည်ကိုကောင်းစွာလက္ခံယုံကြည်ပါလျက် စဉ်းစားမိတိုင်းထိုအတွက်ကိုကျွန်တော့်ရင်ထဲအမှန်ပင်မချိ။







Thursday, March 24, 2016

ကျွန်တော်နှင့်စမ်းချောင်း (၃)



ဒေါ်ကြီးတို့ဆိုင်သည်အမေ့ဆိုင်နှင့်ခြံကြီး၏ဟိုဘက်ထိပ်သည်ဘက်ထိပ်သဖွယ်ဖြစ်ပြီးကြားမှာဆိုင်နှစ်ဆိုင်ခန့်ခြားသည်။ နာမည်မှာ “စိန်စိန်ဆီချက်ခေါက်ဆွဲ” ဖြစ်သည်။ ဒေါ်ကြီးနှင့်ဖေဖေတို့၏မိခင်၊ ကျွန်တော်တို့အဖွား၏အမည်ကိုယူကာ ဆိုင်နာမည်ပေးထားသော်လည်းလက်ရာမှာဒေါ်ကြီးခင်ပွန်း တရုပ်လူမျိုးဦးလံဘား၏လက်ရာဖြစ်၏။ အပါး (သူ့သားသမီးတွေအခေါ်) သည် ဘဲကင်၊ အခေါက်အသားကင်စသည်တို့ကို ကိုယ်တိုင်လုပ်ရုံမက ခေါက်ဆွဲကိုပါကိုယ်တိုင်ကြိတ်သူဖြစ်သည်။ အဖီထုတ်ထားသောအိမ်ရှေ့မြေကွက်လပ်ပေါ်မှာ သစ်သားခုံကြီးခင်းပြီးအပါးတစ်ယောက်ခေါက်ဆွဲလုပ်ပြီဆိုလျှင် အိမ်နီးနားချင်း ကလေးတွေမလှမ်းမကမ်းမှလာကြည့်တတ်ကြစမြဲ။

အိတ်ထဲမှဂျုံမှုန့်တွေကိုခုံပေါ်သွန်ချပြီးအပုံကြီးတစ်ခုဖြစ်‌လာသည်အထိပုံကာ အလယ်တွင်ခွက်နေအောင်ပြုပြင်ပြီးမှကြက်ဥတွေဖေါက်ထည့်သည်။ တခြားလိုအပ်သည်များထည့်၍ မုန့်သားဖြစ်သည်အထိနှဲ(နယ်) ပြီးလျှင်ညီညာသောခုံကြီး၏ မျက်နှာပြင်ပေါ်တွင်သူ့လက်သန်ကြီးများဖြင့်အရင်ဖြန့်သည်။ ထို့နောက်အိမ်မကြီး၏ ခါးပန်းနှင့်တွဲလျက်ခုံအလျားနှင့်တစ်ပြေးညီတပ်ဆင်ထားသောတန်းအောက်သို့ လူတစ်ရပ်သာသာပွတ်လုံးသစ်သားဒလိမ့်တုံးကြီး၏အစွန်းတစ်ဘက်ကို ကုတ်လည်ချက်အဖြစ်ပို့လိုက်ပြီး အလယ်ပိုင်းကိုခုံပေါ်ရှိမုန့်သားများအပေါ်သို့ကန့်လန့်ဖြတ်တင်သည်။ ကျန်အစွန်းအားလက်နှစ်ဘက်ဖြင့်ထိန်းလျက် တစ်ဖြည်းဖြည်းချင်းလှိမ့်ပြီးဖြန့်ထားသောခေါက်ဆွဲသားတွေပြားသည်ထက်ပြားအောင်ကြိတ်လေသည်။ လိုအပ်သောအထူအပါးရသည်အထိဖိအားပေးဖို့ ဒလိမ့်တုံးအဖျားပေါ်ခြေတစ်ဘက်မြှောက်လျက်အနေအထားဖြင့်ခွစီးကာ ခုံကြီးအစမှအဆုံးထိခေါက်တုန့်ခေါက်ပြန် ခုန်ဆွခုန်ဆွလိုက်ပါလျက် ခေါက်ဆွဲကြိတ်နေသောအပါးကိုမြင်ရသည်မှာ သူ့အစားပင်ပန်းလှသော်လည်း ကြည့်၍တော့ကောင်းသည်။ တစ်ပတ်တစ်ခါလောက် အပါးခေါက်ဆွဲကြိတ်လျှင် ကျွန်တော်တို့ကလေးများသာမက မြင်နေကျမဟုတ်သောလမ်းသွားလမ်းလာလူကြီးလူရွယ်အချို့ပင်ရပ်တန့်ငေးမောကြသည်ကိုတွေ့ရဖူးလေသည်။

နောက်ဆုံးအဆင့်ကြိတ်ပြီးရလာသည့် အဝါရောင်ပါးလွှာသောခေါက်ဆွဲချပ်ကြီးကို အရွယ်တော်အချပ်ငယ်များရအောင်ဓားဖြင့်လှီးပြီးလက်လှည့်နန်းစက်ထဲသို့ထည့်လိုက်သောအခါ ခေါက်ဆွဲမျှင်များထွက်လာလေ၏။ ထိုခေါက်ဆွဲမျှင်များကိုလိုသလောက်ဖြတ်ယူကာ တစ်ပွဲစာခေါက်ဆွဲအပုံ (အခေါင်းဟုခေါ်သည်) လေးများဖြစ်အောင် သေသေသပ်သပ်လုံးပြီးလျှင် စက္ကူခံ ထားသည့် သစ်သားဘန်းငယ်များထဲမှာစီ၍ထည့်သည်။ ခေါက် ဆွဲမျှင်များစေးကပ်မသွားဘဲလပ်ဆတ်‌နေစေရန်အပေါ်မှဂျုံမှုန့်များဖြူးသည်။ လက်ဖြင့်လုပ်သည်မထင်ရ လောက်အောင် အရွယ်အစားရောပုံသဏ္ဍန်ပါညီညာလှသည့် ခေါက်ဆွဲခေါင်းလေးများကအပါး၏သဘာနှင့်ကျွမ်းကျင်မှုကိုပြသနေကြ၏။ တစ်ခါတစ်ရံ ကျွန်တော်ကခေါက်ဆွဲနန်းစက်လှည့်ပေးခြင်းဖြင့် အပါးကိုကူညီသည်။ အမှန်တော့ အပါးလုပ်သမျှကိုအနီးကပ်ကြည့်လိုခြင်းသာဖြစ်၏။ 

ကြိတ်ဖြတ်ပြီး  ခေါက်ဆွဲဘန်းတွေအထပ်လိုက်မပြီး အပါးကိုယ်တိုင်လမ်းထိပ်ရှိဆိုင်သို့အရောက်ပို့သည့်အခါပို့ အိမ်မှာအသင့်ထားသည့်အခါထားသည်။ ပြီးလျှင်ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်လျက် မျောက်ခြောက်ဟုခေါ်ကြသော တရုပ်လက်ဖက်ခြောက်ရေနွေးကြမ်းတစ်အိုး၊ တရုပ်သတင်းစာတစ်စောင်တို့နှင့်အတူအပါးအနားယူပြီ။ အပါးလက်ရာ ခေါက်ဆွဲရောအကင်တွေပါ ထိုခေတ်ထိုဝန်းကျင်မှာ အတော်အတန်နာမည်ရခဲ့၏။ တော်လှန်ရေးအစိုးရလက်ထက်နိုင်ငံခြားသားများအပေါ်တင်းကျပ်ချုပ်ချယ်မှုတွေများလာသည့်အခါ အပါးသူ့ဇာတိတရုပ်ပြည်သို့ပြန်သွားပြီး ဆိုင်ကိုလည်းပိတ်လိုက်ကြ၏။ ထိုအချိန်ကျွန်တော်တို့မိသားစုကသရက်တောလမ်းမှာမဟုတ်တော့ပြီ။ သည်ဘက်ခေတ် နိုင်ငံအချို့မှာလက်လုပ်ခေါက်ဆွဲ (Hand-made Noddles) ကို တစ်ခန်းတစ်နားအသားပေးရောင်းချကြတန်ဖိုးထားအားပေးကြသည်ကို ခရီးသွားဟန်မြင်တွေ့ရသည့်အခါတိုင်း အပါးကိုကျွန်တော် အမှတ်ရမိတတ်လေသည်။

အပါး၏လက်ရာနောက်တစ်မျိုးက အမှတ်မထင်ဈေးကွက်ဝင်သွားသည်လည်းရှိခဲ့၏။ အသားကင်လုပ်ရန် အတွက် ဝက်သားကိုအသားချည့်ထုတ်ယူပြီး ကျန်အဆီနှင့်အခေါက်ကိုဝက်ဆီချက်ကာ ဆိုင်မှာပြန်သုံးသည်။ ဝက်ဆီဖတ်ကိုမူ အိမ်မှာစားသည့်အခါစားကာ ဝယ်သူရှိလျှင်ရောင်းသည်။ တစ်ခါတွင်အပါးမည်သို့စိတ်ကူးရသည်မသိ (သို့မဟုတ်သူဘယ်မှာမြင်တွေ့လာသည်မသိ) ဝက်ဆီထုတ်ရာတွင် အဆီကိုသာသုံးပြီးအခေါက်ကိုပြုပြင်စီမံကာ အခြောက်လှမ်းပြီးနောက် လက်ညှိုးလက်သန်းအရွယ်အစားခန့်လှီးဖြတ်စိတ်ပိုင်း၍ အိမ်မှာစားဖို့သူကိုယ်တိုင်ကြော်၏။ ဝက်ခေါက်ကြော်ကြွတ်ကြွတ်ရွရွလေးမို့ အားလုံးကြိုက်ကြသည်။ ကျွန်တော်တို့မှာ အပါးဝက်ခေါက်ကြော်မည့်နေ့ကိုစောင့်နေမိကြသည်။ ဤတွင်ဒေါ်ကြီး၏အစီအမံဖြင့်ထိုဝက်ခေါက်ကြော်ကို ဈေးကွက်တင်ရန်ဖြစ်လာတော့သည်။ ရသမျှဝက်ခေါက်ကြော်ကို စားဖို့အနည်းအကျဉ်းချန်ပြီး (များများလည်းစားနိုင်ကြသည်မဟုတ်) စက္ကူကတော့လေးများတွင်ထည့်ကာ ဆိုင်ရှေ့၌ဘန်းကုံးငယ်ဖြင့်ခင်းကျင်းရောင်းချခြင်းဖြစ်၏။ 

ဝက်ခေါက်ကြော်သေးသေး ဆယ်ခုစာလောက်ကတော့တစ်ခုလျှင် ငါးပြားဖြင့်ရောင်းချရာပထမဆုံးရက်မှာစမ်းဝယ်ကြသဖြင့် နေ့တစ်ဝက်လောက်ကြာအောင်ရောင်းရသော်လည်း နောက်ရက်တွေမှာ တစ်နာရီပင်မကြာဘဲတစ်ဘန်းကုန်လေသည်။ သို့သော် ဒေါ်ကြီးနှင့်အပါးတို့ကထုတ်လုပ်မှုကိုမမြှင့်။ အဓိကလုပ်ငန်းဖြစ်သော ဆီချက်ခေါက်ဆွဲကိုသာ လက်ရည်မကျအောင်အားထုတ်ကြသည်။ ကျွန်တော် မှတ်မိသလောက် ဝက်ခေါက်ကြော်ကိုထိုအချိန်ကစ၍ မြင်ဖူးခြင်းဖြစ်ပြီး နောင်နှစ်များစွာအကြာမှာ ပလပ်စတစ်နှင့်ထုပ်ပိုးရောင်းချသော ဝက်ခေါက်ကြော်ဆိုသည်ကိုစားသောက်တိုင်များတွင်တွေ့လာရလေရာ “မုန့်ဟင်းခါးစားရင်ဟင်းရေတောင်းသောက်တဲ့အကျင့်ကိုငါ့အဖိုးကစခဲ့တာ” ဟု စာရေးဆရာကြီးတစ်ဦး ရေးခဲ့ဖူးသလို “ဝက်ခေါက်ကြော်အစအပါးက” ဟူသော ဥမတ္တကဝိစာရမျိုးပင်ဝင်ခဲ့ဖူးလေသည်။ ထားတော့။

#                  #

ဆိုင်အမည်ရှင် ကျွန်တော်တို့အဖွား ဒေါ်စိန်စိန် ကဒေါ်ကြီးတို့နှင့်အတူနေသည်။ ကျွန်တော်တို့နှင့်အတူနေသည်ဟုပြောလျှင်လည်းရသည်။ အဘယ်ကြောင့်ဆိုသော်အိမ်ကို (ဖိနပ်ချွတ်မပါ) ခြေရင်းခေါင်းရင်းနှစ်ခန်းခွဲကာ ဒေါ်ကြီးတို့ကခေါင်းရင်းခန်း ကျွန်တော်တို့ကခြေရင်းခန်းနေကြသောကြောင့်ဖြစ်သည်။ ထိုအချိန်ကကျွန်တော်တို့မှာ နှစ်ဘက်အဖိုးများမရှိကြတော့သော်လ်လး နှစ်ဘက်အဖွားတွေရှိကြသေး၏။ အမေ့ဘက်ကအဖွားမှာဝါးခယ်မတွင် သားအငယ် (ကျွန်တော့်ဦးလေး) နှင့်အတူနေပြီး ရန်ကုန်ကိုတစ်ခါတစ်လေမှလာလေ့ရှိသဖြင့် ကျွန်တော်တို့နှင့်သိပ်မရင်းနှီး။ ပြီးတော့သူကမြေးချစ်တတ်သူမဟုတ် (သူ့နှုတ်မှပြောသည်ကိုကြားရခြင်းဖြစ်၏)။ အဖွားဒေါ်စိန်ကတော့မြေးတွေကိုဂရုစိုက်သည်။ ကျွန်တော်တို့ ကျောင်းသွားချိန်မီအောင်မနက်မိုးမလင်းမီပဲပြုပ်သည်ကြီးကိုမှာထားပြီးသူကိုယ်တိုင်ဝယ်သည်။ ပြီးလျှင်ပဲပြုပ်နှင့်ထမင်းကိုယ်တိုင်နယ်ကာ ကျွန်တော်တို့အားလုံးကိုကျွေးသည်။ အမေ့ဆီမှမုန့်ဖိုးတောင်းပြီးကျောင်းသို့လာကြသောအခါ ဗိုက်ပြည့်နေကြပြီ။ 

သို့သော် မုန့်စားဆင်းသည်နှင့်ဗိုက်ပြန်ဆာကာမုန့်ဈေးတန်းကိုပြေးကြ၏။ မုန့်စားပြီးလျှင်အမေ့ဆိုင်သို့သွားကာ ကျောင်းတက်ခေါင်းလောင်းထိုးမှကျောင်းသို့ပြန်ကြ၏။ အဖွားစိန်သည် ထိုသို့ကျွန်တော်တို့ကိုဂရုစိုက်သလို ဆုံးမစရာရှိလျှင်မညှာတတ်။ ယောဂီဝတ်စုံကြီးဝတ်ကာစိတ်ပုတီးလက်ကမချသော်လည်း သူ့အာရုံကမြေးတွေအပေါ် အမြဲဖြန့်ကြက်ထားဟန်ရှိလေသည်။ အိမ်ရှေ့ခန်းကြမ်းပြင်ပေါ်မှာနေရာယူထားသော သူ့အိပ်ယာနံဘေးမှာလည်း ဝါးစိမ်းတုတ်သေးသေးတစ်ချောင်းအမြဲဆောင်ထား၏။ ခြေနင်းကြမ်းလျှင်၊ အော်ဟစ်စကားပြောလျှင်၊ ဆဲဆိုလျှင်ရန်ဖြစ်လျှင်၊ ခိုင်းတာမလုပ်လျှင်၊ အတိုင်ခံရလျှင်သူ့အနားခေါ်ပြီး ထိုဝါးစိမ်းတုတ်ဖြင့် ခြေသလုံးကို ရိုက်လေ့ရှိသည်။ အပစ်အသေးအကြီးကိုလိုက်၍ အရှိုးထင်အောင်ရိုက်တတ်သဖြင့် ကျွန်တေ်တို့အားလုံးအဖွားစိန်ကိုကြောက်ကြ၏။ သို့သော် ချစ်လည်းချစ်ကြလေသည်။

ကျွန်တော်ပထမတန်းနှစ်တစ်နံနက်၌ ပဲပြုပ်သည်လာချိန်တွင် အဖွားစိန်အိပ်ယာမှမနိုးသေး။ ကျွန်တော်တို့ကလည်းမနှိုးရဲသဖြင့် စားနေကျပဲပြုတ်နှင့်ထမင်းလွတ်ကာ ကျောင်းသို့ထွက်လာကြ၏။ မုန့်စားဆင်းချိန် ထုံးစံအတိုင်းအမေ့ဆိုင်သို့လာသောအခါ အမေဆိုင်မဖွင့်သေး။ ဒေါ်ကြီးဆိုင်ဘက်ကြည့်ပြန်တော့ ပိတ်ထားသည်။ သို့နှင့် မောင်နှမတစ်တွေအိမ်သို့အပြေးပြန်လာကြ၏။ လမ်းမှာတွေ့သော အိမ်နီးချင်းတွေပြောသဖြင့်အဖွားဆုံးပြီဟုသိရလေသည်။ မနက်ကပဲပြုပ်သည်ပြန်သွားပြီး ဒေါ်ကြီးတို့ဆိုင်ထွက်ချိန်အထိ အဖွားအိပ်ယာမှမထသဖြင့် ခြင်ထောင်တွင်းဝင်ကြည့်မှအသက်မရှိတော့ကြောင်းသိကြရခြင်းဖြစ်လေသည်။ မနေ့ကအထိ ကျွန်‌ တော်တို့ကို ပဲပြုပ်နှင့်ထမင်းကိုယ်တိုင်နယ်‌ကျွေးခဲ့သောအဖွား၊ အသက် ၇၅ နှစ်ထိဒေါင်ဒေါင်မည်ခဲ့သောအဖွားက ဆုံးမည့်ဆုံးတော့တစ်ညအတွင်းမှာ လူမသိသူမသိ။ တစ်နည်း မည်သူ့ကိုမျှအပူမရှာဘဲထွက်ခွာသွားခဲ့၏။

ထိုနေ့က အစ်မနှစ်ယောက်ကအိမ်မှာနေခဲ့ပြီး ကျွန်တော်ကျောင်းသို့ပြန်သွားသည်။ မုန့်စားဆင်းပြီးနောက် ဂဏန်းသင်္ချာအချိန်ဖြစ်လေရာ ကျွန်တော်တို့သူငယ်ချင်းလေးငါးယောက်စုပြီးသင်္ချာအတွက်ပြိုင်နေကျ။ အဖွားနာရေးအတွက် ကူဖေါ်လောင်ဖက်မရမည့်အတူတူ ဂဏန်းတွက်ပြိုင်ပွဲကိုလည်း လက်မလွှတ်လိုသောကြောင့် ကျောင်းသို့ပြန်သွားခြင်းဖြစ်သော်လည်း သူငယ်ချင်းတွေကကျွန်တော့်အဖွားဆုံးသည့်အတွက် မပြိုင်ကြတော့ဘဲထိုနေ့အဖို့အနိုင်ရသူအဖြစ် ကျွန်တော့်ကိုပေးကြရာ ကျွန်တော်အံ့သြစွာဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရသည်။ အဖွားကိုကြံတော သင်္ချိုင်းမှာပင် မြေမြှုပ်သဂြိုလ်သည် (ထိုအချိန်က မီးသင်္ဂြိုလ်စက်မရှိသေး)။ 

ပြောရလျှင် ကျွန်တော်ချစ်သောအဖွားကိုအဖွားအဖြစ်သိစမှာပင် လက်လွှတ်ဆုံးရှုံးရခြင်းဖြစ်လေသည်။ အဖွားဆုံးတော့ဖေဖေပြန်လာသေး၏။ သို့သော် အသုဘကိစ္စပြီးသည်နှင့် ခရီးပြန်ထွက်လေသည်။ ဖေဖေဘာကြောင့် အိမ်မှာကြာကြာမနေနိုင်သည်ကို ကျွန်တော်မသိ။ သွားစိုက်ဆရာအလုပ်လုပ်ကြသူတွေ ကျွန်တော်သိသမျှမှာ အိမ်ခြေရာခြေအတည်တစ်ကျဆိုင်နှင့်ကန္နားနှင့်။ သီတင်းကျွတ်တိုင်း ကျွန်တော်တို့သွားကန်တော့နေကျ စမ်းချောင်းထဲမှ ဖေဖေ့ဆရာဦးတင်မောင်ဆိုလျှင် ဗားကရာလမ်းမပေါ်မှာဆိုင်အကြီးကြီး။ ဖေဖေ့ကျမှ နယ်လှည့်သွားစိုက်ဆရာဖြစ်နေရသည်မှာ ခရီးသွားဝါသနာကြောင့်ဖြစ်မည်လားမသိ။ အမေကတော့ ချိုသည်ခါးသည် တစ်ခွန်းမျှ (အနည်းဆုံးကျွန်တော်တို့ရှေ့မှာ) မပြောချေ။

ထိုနှစ်နွေရာသီကျောင်းပိတ်ရက်အတွင်း ထူးခြားချက်အချို့ကိုကျွန်တော်သတိထားမိသလိုရှိ၏။ ဃဂနဏ သိသည်တော့မဟုတ်။ သတင်းစာတွေထဲမှာမြင်နေကျဓါတ်ပုံတွေအစား မျက်နှာစိမ်းဓါတ်ပုံတွေပါပါလာ တတ်သည်။ ဝန်ကြီးချုပ်ဆိုသောစကားအစား ယခင်ကြားရခဲသည့်ဗိုလ်ချုပ်ဆိုသောစကားကိုပို၍ ကြားလာရသည်။ တစ်ရက်တွင်နှစ်အိမ်ကျော်မှဦးကြီးဝမ်းကွဲတစ်ဦး အမေ့ဆိုင်သို့ဝင်လာကထမင်းချက်နေသောအမေ့ကို (အမေသည်ဈေးရောင်းရင်းဆိုင်မှာပင်ချက်ပြုတ်စားသောက်လေ့ရှိ၏) မီးရေးထင်းရေးကိစ္စများသတိထားဖို့ပြောနေရင်းမှ ဆိုင်းမဆင့်ဗုံမဆင့် “ဗိုလ်ချုပ်တို့အာဏာသိမ်းလိုက်ပြီနော်” ဟုပြောလေ၏။ အနားမှာရှိနေသော ကျွန်တော်က အမေ့ကိုမဆီမဆိုင်ဆရာလာလုပ်နေသောထိုဦးကြီးအားစိတ်တိုသဖြင့် အမေဘာပြန်ဖြေလိုက်သည်ကို သတိမထားလိုက်မိတော့။ 

ထိုဦးကြီးပြန်သွားတော့မှ အာဏာသိမ်းတယ်ဆိုတာ ဘာလဲဟုအမေ့ကိုမေးရ၏။ သားရေးသမီးရေး စားဝတ်နေရေးမှလွဲ၍ ဘာမျှအလေးမထားနိုင်သောအမေက ကျေနပ်လောက်အောင်ရှင်းမပြနိုင်။ အာဏာသိမ်းတာနဲ့အမေထမင်းချက်တာဘာဆိုင်လို့ သူကလာပြောရတာလဲဆိုသောအမေးကိုတော့ “အမေလဲမသိပါဘူးသားရယ်” ဟုသာပြန်ဖြေခဲ့လေသည်။ သို့သော် အမေသည်ဈေးရောင်းမပျက်။ ဒေါ်ကြီးတို့ ဆိုင်မှာလည်းလူစည်ကားမပျက်။ ကျွန်တော်တို့ကလေးတွေအကစားမပျက်။ တော်လှန်ရေးအစိုးရဆိုသောအာဏာသိမ်းအစိုးရတစ်ရပ်တက်လာခြင်းကြောင့်ပြောင်းလဲမှုများကို သတိပြုမိဖို့ရာစောနေသေးသလို ကျွန်တော်တို့ကလည်း အတန်ငယ်သေးသည်။

#                  #

အာဏာသိမ်းခြင်းနှင့်မဆိုင်ဟုဆိုနိုင်သောပြောင်းလဲမှုတစ်ရပ်ကိုတော့ ကျွန်တော်တို့မိသားစုထဲမှာကြုံရလေ၏။ ကျောင်းပြန်မဖွင့်ခင်ကလေးတွင်မှာဖေဖေပြန်လာပြီးနောက် ကျွန်တော်တို့မိသားစုအားလုံးအမေ့ဇာတိ ဝါးခယ်မသို့ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပင်လေသည်။ ဆိုင်းမဆင့်ဗုံမဆင့်ပြောင်းခဲ့ကြခြင်းအတွက် အဓိက အကြောင်းရင်းက ဖေဖေတို့ညီအကိုမောင်နှမ (ဒေါ်ကြီးတို့နှင့်မျက်နှာချင်းဆိုင်မှာဖေဖေ့ညီမိသားစုရှိသေးသည်) ချင်းအခန့်မသင့်ကြသည့်ကိစ္စဖြစ်မည်လားတေ့မသိ။ ကျွန်တော်အခါလည်သားနှင့် ပန်းတနော်ဘက်သို့ပြောင်းခဲ့ကြခြင်းမှာလည်းထိုအကြောင်းကြောင့်ပင်ဖြစ်မည်ထင်သည်။ အမေ့ထံမှတစ်ခါတစ်လေ တစ်စွန်း တစ်စကြားရသည်က ဒေါ်ကြီးတို့အိမ်ခြေရင်းဘက်မြေကွက်သည် ကျွန်တော်တို့မြေကွက်ဖြစ်ပြီး ဖေဖေက မောင်နှမတွေအတူနေချင်သည်ဆိုကာထိုမြေကွက်ကိုရောင်း၍ ဒေါ်ကြီးတို့မြေကွက်ပေါ်မှာ အတူအိမ်ဆောက်ခဲ့ကြရာမှ အိမ်ထောင်ခွဲမောင်နှမတွေစိတ်အခန့်မသင့်သည့်အခါတိုင်းပြေးစရာမြေမရှိုဖြစ်ကာ တစ်နယ်တစ်ကျေးသို့ ရောက်ရောက်သွားခဲ့ရခြင်းဖြစ်၏။ 

သို့သော်ထိုအချက်ကိုလည်းအကြွင်းမဲ့လက္ခံရန်ခက်လှ၏။ မောင်နှမတွေအဆင်မပြေလျှင်ပင်၊  ပြေးစရာမြေမရှိလျှင်ပင် သည်နေရာတစ်ဝိုက်မှာ သို့မဟုတ် ရန်ကုန်ဆင်ခြေဖုံးတစ်နေရာရာမှာ မိသားစုအတူတကွနေထိုင်ဘို့ အိမ်ခန်းတစ်ခန်းငှါးမည်ဆိုငှါးနိုင်ခဲ့သည်ပဲ (ဖေဖေဆုံးပြီး ဝါးခယ်မမှရန်ကုန်သို့အပြီးအပိုင်ပြောင်းကြသည့်အခါ ကျွန်တော်တို့မိသားစုအိမ်ငှါးဘဝဖြင့်နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရဖူးသည်)။ ထစ်ကနဲရှိတစ်နယ်တစ်ကျေးအဝေးသို့သွားစရာမလို။ သားသမီးတွေပညာရေးလူမှုရေးကိုသည်နည်းနှင့်အပွန်းအပဲ့ခံစရာမလို။ ဤသည်တို့မှာ နောင်အရွယ်ရောက်မှစဉ်းစားတတ်လာခြင်းဖြစ်ပြီး ငယ်စဉ်ကတော့ဖေဖေပြောင်းမည်ဆိုပြောင်းရုံသာရှိ၏။ အမေတိုယ်တိုင်ဘာမျှဝေဖန်သည်မဟုတ်ချေ။

မည်သို့ဆိုစေသင်္ကြန်ကတော့ပျော်စရာကောင်းသည်။ ရှမ်းလမ်းသင်္ကြန်သည်ကြက်ပျံမကျဟုဆိုလောက်အောင်ပင်ရေပက်ခံကားများခြေလျင်လည်ပတ်ကြသူများနှင့်တိုးမပေါက်။ ရေပက်မဏ္ဍပ်တွေက လမ်းထိပ်တိုင်းတွင်ရှိလေရာ လမ်းနှစ်ခုဦးတိုက်သည့်နေရာတွေမှာဆိုလျှင်မဏ္ဍပ်ချင်းမျက်နှာချင်းဆိုင်ဖြစ်နေကြသည်။ မဏ္ဍပ်တိုင်းသူ့နာမည်နှင့်သူဖြစ်ကြပြီး သရက်တောလမ်းမဏ္ဍပ်အမည် နုယဉ်ကျေး ဆိုသည်လောက်သာ မှတ်မိတော့သည်။ ထိုနာမည် မည်သူပေးသည်မသိသော်လည်း နဒီ လှိုင်း ရွက်ဝါ စသော အခြားနာမည်များထဲမှာ တစ်မျိုးတော့ဆန်းသစ်နေသည်။ သို့သော် ကျွန်တော်တို့ကလေးများအတွက် နာမည်သည်အဓိကမဟုတ်ဘဲ  ရေများများရနိုင်ဘို့သာလိုသည်။ လမ်းထိပ်တိုင်းတွင် မြေအောက်မီးသတ်ပိုက်ခေါင်းတစ်ခုကျစီရှိလေရာ မဏ္ဍပ်တိုင်းအတွက်ရေရရှိရန်အခန့်သင့်ဖြစ်နေ၏။ 

ပြန်စဉ်းစားတော့ ဗားကရာလမ်းသည်ဘက်မှာတွင် မဏ္ဍပ်ဆယ့်လေးငါးခုရှိရာ ထိုမျှအရေအတွက်ရှိသောမီးသတ်ပိုက်ခေါင်းများကို နာရီပေါင်းများစွာ တစ်ပြိုက်နက်တည်းဖွင့်ချထားသည့်နှယ်ဖြစ်လေ၏။ ဗားကရာလမ်းဟိုမှာဘက်တွင် နာမည်ကျော်မင်းလမ်းတို့ ဆီဆုံလမ်းတို့ရှိသောကြောင့် ပိုလျှင်သာပိုမည်မလျှော့။ မီးသတ်ပိုက်ခေါင်းတို့၏သခင်ဖြစ်သော ဗားကရာလမ်းရှိ စမ်းချောင်းမီးသတ်မှာမူ ရေသာလျှင်ပေါများသည်မဟုတ်သေး မီးသတ်ပန့်အသုံးပြုကာ တိုက်ရိုက်ရေပက်သဖြင့် အခန့်မသင့်လျှင် ရေပက်ခံသူတို့အဝတ်အစားတွေ စုတ်ပြတ်သွားရသည့်သတင်းများကြားနေရ၏။ နောက်ထပ်ရေပက်ကြမ်းသည် ဟုသတင်းကြီးသောနေရာမှာရှမ်းလမ်းနှင့်ဝင်ဆာလမ်း (ယခုရှင်စောပုလမ်း) ထောင့်ရှိ ရေတပ်အရာရှိများနေထိုင်ရာအဏ္ဏဝါရိပ်သာရေပက်မဏ္ဍပ်ဖြစ်၏။  သို့သော် စမ်းချောင်းမှာရေပက်ခံသူတိုင်း အဏ္ဏဝါရိပ်သာနှင့်မီးသတ်ရှေ့မှမရောက်လျှင်မပြည့်စုံသည့်အလားထိုနေရာမှာကားတွေပြည့်ကျပ်အောင်တန်းစီနေကြမြဲ။

တောမှာ ဝါးပြွတ်ဖြင့်ပက်ခဲ့ဖူးသည့်ကျွန်တော် သည်မှာတော့သံဖြူဆိုင်မှလုပ်ရောင်းသောရေပြွတ်ဖြင့်ပက်ရသည်။ (ပလပ်စတစ်ပစ္စည်းတွေအသုံးမတွင်ကျယ်သေး)။ တစ်ချို့တတ်နိုင်သူတွေကကြေးပြွတ်တွေသုံးကြသည်။ ကြေးပြွတ်မှာဈေးကြီးသော်လည်းကြာရှည်အသုံးခံသည်။ သင်္ကြန်ပြီးလျှင်သိမ်းထားကာ နောက်တစ်နှစ်၌ ဝါရှာစသည်များလဲဖယ်ပြီးပြန်သုံးရုံပင်။ ကြေးပြွတ်ကရေအားလည်းပြင်းသဖြင့် ကလေးတွေရေစစ်တိုက်လျှင်အားကိုးရ၏။ ကျွန်တော်တို့သူငယ်ချင်းတစ်စု လက်ဆွဲပုံးနှစ်လုံးသုံးလုံးကိုရေဖြည့်ကာ အနီးအပါးလမ်းတွေထဲသွားပြီး လမ်းခံကလေးတွေနှင့် ဒါမှမဟုတ်လမ်းထဲသို့နယ်ကျွံလာသော အခြားလမ်းမှကလေးအုပ်စုတွေနှင့်စစ်တိုက်ကြ၏။ နေ့ခင်းဘက်မဏ္ဍပ်မှာခဏတစ်ဖြုတ်ရေပက်။ ပြီးလျှင် အမေ့ဆိုင်မှာထိုင်ကာ ရေပက်ခံကားတွေကိုမျက်စေ့တစ်ဆုံးလိုက်ကြည့် တော့၏။ 

ညဘက်တွင် အနီးပတ်ဝန်းကျင်ရှိဆုပေးမဏ္ဍပ်တွေကိုလျှောက်ရင်း ပြိုင်ပွဲဝင်နေမှုများကိုကြည့်ကြသည်။ မှတ်မိသလောက် ဇလွန်လမ်းဒေါင့်မှာရှိသော ဆုပေးမဏ္ဍပ် (အမည်မမှတ်မိတော့)က အနီးဆုံးမို့ ထိုတွင်သာအကြည့်များသည်။ သို့နှင့်ပင် ပျော်စရာသင်္ကြန်တစ်ခုပြီးဆုံးခဲ့ရ၏။ ရှမ်းလမ်းမ၏လမ်းပုခုံးနှစ်ဘက်စလုံး ရေတိုက်စားသဖြင့် သိသိသာသာနိမ့်ဆင်းသွားသည်။ သင်္ကြန်ကိုလွမ်းနေဆဲမှာပင်ဖေဖေပြန်လာသောအခါ လာမည့်နှစ်သင်္ကြန်သည်လိုပင်ပျော်နိုင်တော့မည်မဟုတ်ကြောင်းသိရ၏။ သို့သော် ထိုစဉ်ကတော့ထိုအတွေးမျိုးပေါ်ပေါက်ခဲ့သည်မဟုတ်။ မိသားစုစုံလင်စွာခရီးတစ်ခုအတူသွားကြရသည်ကိုပင် ပျော်စရာအဖြစ်မြင်ခဲ့သေးသည်။ စင်စစ် နေရာသစ်တစ်ခုသို့ ရွှေ့ပြောင်းခဲ့ကြခြင်းသာ ဖြစ်လေ၏။

ယ္ခုခါဗဟိုအမျိုးသမီးဆေးရုံဟုသိကြသောဂျင်မခါနာဆေးရုံတွင်ကျွန်တော့်ကိုမွေးခဲ့ခြင်းကြောင့် ချက်မြှုပ်ဟု အတိအကျမဆိုနိုင်စေကာမူ စမ်းချောင်းသည်ကျွန်တော့ဇာတိ။ ဆေးရုံကထုတ်ပေးသော မွေးစာရင်းထဲမှာနေရပ်လိပ်စာကို အမှတ် (---) ရှမ်းလမ်းဟုဖေါ်ပြထားပြီးသား။ သို့သော် အသက်ရှစ်နှစ်အရွယ်အထိ  မွေးသည့်နှစ်အပါအဝင်လေးနှစ်ပင်ပြည့်အောင်စမ်းချောင်းမှာမနေရသေး။ ယ္ခုလည်း စမ်းချောင်းကိုခွာရဦးတော့မည်။ ကံစေစားရာဆိုသောစကားသည် ကျွန်တော့်အတွက်သီးခြားထွက်ပေါ်လာလေရော့သလားဟု နောက်တစ်ကြိမ်စမ်းချောင်းနှင့်ပြန်ဆုံသည့်အခါတွင် ကျွန်တော်တွေးတောမိရ၏။ ထိုအချိန်မှာအသိဉာဏ် အတော်အတန်ဖွံ့ဖြိုးနေပြီဖြစ်သလို လောကဓံကလည်းအတော်အတန်ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်လေသည်။