Friday, January 2, 2026

ကျွန်တော်နှင့် စမ်းချောင်း (၁၀)


ပြီးခဲ့သောအ
မျိုးသားနေ့က အကြိမ် ၅၀ မြောက် ကွက်သစ်အလယ်တန်းကျောင်းသားဟောင်းများဆရာကန်တော့ပွဲကျင်းပရာသို့ ကျွန်တော်ရောက်ခဲ့သည်။ ကွက်သစ်ကျောင်းတွင် မူလတန်းရောအလယ်တန်းပါ ကျွန်တော်နေခဲ့ဖူးသော်လည်း တမြန်မနှစ်ကအထိ ထိုဆရာကန်တော့ပွဲရှိမှန်းမသိခဲ့။ သူငယ်ချင်းဖြစ်သူသူဌေးနှင့်ဆက်စပ်ကာ မနှစ်က ၄၉ ကြိမ်မြောက်ပူဇော်ပွဲသို့ အမှတ်မထင်ရောက်ခဲ့ရာမှ သည်နှစ်တွင်ရောက်လာခဲ့ခြင်းဖြစ်၏။ 

 တိုက်တိုက်ဆိုင်ဆိုင် သည်နှစ်ကျင်းပမည့်နေရာကလည်း ကွက်သစ်ကျောင်းတက်စဉ်ကျွန်တော်နေထိုင်ခဲ့သော မကြီးကြီးလမ်းထဲရှိ စားသောက်ဆိုင်တဆိုင်ဖြစ်နေသည်။ သည့်ထက် ပိုပြီး တိတိကျကျပြောရလျှင် ကျွန်တော်နေထိုင်ခဲ့သောအိမ်ဝိုင်းနှင့်ကပ်လျက်အိမ်ကြီးတလုံး၏ နေရာ၌ဖွင့်လှစ်ထားသော စားသောက်ဆိုင် တဆိုင်တွင်ဖြစ်နေသည်။ နဂိုကမှ စမ်းချောင်းဆိုလျှင် အသံကြားရုံနှင့်ယိုင်နဲ့ချင်နေသော ကျွန်တော့်အာရုံတို့ နေရာဟောင်းလေးကို ရောက်ရမည့်သကာလ ရန်ပုံခွင်းအမြောက်ဆံ နသယ်ကိုမှန်သည့်နှယ် ဂျွမ်းပြန်လို့မူး ဆိုသလိုဖြစ်ခဲ့ရပါသတည်း။  

 #               #

 ဆုံနေကျလက်ဖက်ရည်ဆိုင်မှာ ထိုနေ့နံက်သူငယ်ချင်းတွေစုဝေးကြသည်။ မနှစ်ကအဖွဲ့အတိုင်းပင်ဖြစ်သော်လည်း နှစ်ယောက်လျော့သွားပြီ။ တယောက်က လွန်ခဲ့သောခြောက်လခန့်မှာ ကွယ်လွန်ခဲ့ပြီး နောက်တယောက်သည် ကျန်းမာရေးဆိုးဆိုးရွားရွား မဟုတ်သည့်တိုင် သွားသွားလာလာ မပြုနိုင်တော့။ သို့တိုင်အောင် နောက်တိုးတယောက်ပါဝင်လာသဖြင့် သိသိသာသာအင်အားမလျော့။ အချိန်တန်၍ သွားကြမည်ပြုသည့်အခါ တိုင်းရင်းက သူ့ကားဖြင့်လိုက်ခဲ့ဖို့ခေါ်၏။ လမ်းလျှောက်ရင်း နေရာဟောင်းလေးတွေကြည့်ချင်သဖြင့် ကျွန်တော်မလိုက်။ နှစ်အတန်ကြာကတည်းက စမ်းချောင်းမှခွါပြီး မြို့သစ်တွင်နေထိုင်လျက်ရှိသူ ပေါများက သူလည်းလျှောက်ကြည့်ချင်သည်ဆိုကာ ကျွန်တော်နှင့်အတူလိုက်လာသည်။ 

 နှစ်ဦးသား ဂန္ဓမာလမ်းအတိုင်း စကားတပြောပြောလမ်းလျှောက်ခဲ့ကြ၏။ ဗဟိုလမ်းထက်စာလျှင် ကားရှင်းသော်လည်း လူသွားလူလာပိုထူထပ်သည်။ တည်ဆောက်ပြုပြင်ခေတ်မှာ ဖျက်သိမ်းလိုက်သော ဦးရွှေမှန်ဈေးဘက်မှ ပျံကျဈေးသည်တွေ ဂန္ဓမာလမ်းဘက်အထိရောက်လာသဖြင့် ထိုနေရာတဝိုက်ရှုပ်ထွေးနေသည်။ နှစ်ခြောက်ဆယ်စာ မြို့ပြ၏မွန်းကျပ်မှုကို နေရာတိုင်းမှာထိတွေ့နေရ၏။ ယခင် လင်းလွန်းရပ်ကွက်မှာနေခဲ့သူ ပေါများ က မုန့်လုပ်ဆောင်းကုန်းနှင့်အကျွမ်းတဝင်မရှိသည့်တိုင် လွန်ခဲ့သောခြောက်လက ကွယ်လွန်ခဲ့သူ ဂန္ဓမာလမ်းသားသူငယ်ချင်း၏ အိမ်ကိုမူသူပြမှကျွန်တော်သိသည်။ ယခင်သစ်သားအိမ်ကြီးနေရာမှာ အထပ်မြင့်တိုက်ဖြစ်နေသောကြောင့်ကျွန်တော်မမှတ်မိခြင်းဖြစ်လေသည်။

 မုန့်လုပ်ဆောင်းကုန်းလမ်းထဲသို့ချိုးဝင်ကြပြီးနောက် မိုးမခလမ်းကိုကျော်လျှင် ကျွန်တော် နေခဲ့ဖူးသော ရပ်ကွက်ကိုရောက်ပြီ။ ညာဘက်မှာ ပန်းချောင်လမ်းနှင့် ဓညဝတီလမ်း ဘယ်ဘက်မှာပြည်သူ့ကွက်သစ်လမ်းများနှင့်ရွှေနှင်းဆီလမ်း။ လမ်းတွေအားလုံးကွန်ကရစ်ခင်းဖြစ်ကာကျယ်ပြောလာသယောင်ရှိသော်လည်း ပျံကျသားငါးဆိုင်တွေ သည်ဘက်အထိရောက်သည့်အတွက် အမြင်ရော အနံ့အသက်တွေပါ ပသာဒမဖြစ်လှ။ အဆောက်အဦတွေလည်းမမှတ်မိအောင်ပြောင်းလဲကုန်ကြပြီ။  ရွှေနှင်းဆီလမ်းထောင့်ရှိ ဆရာမကြီး ဒေါ်သိန်းရှင်တို့အိမ်သည် များစွာအပြောင်းအလဲမရှိ။ ဆရာမကြီးဟု၎င်း သူ့ဇာတိကိုအစွဲပြုကာ (စော်ကားလိုသောသဘောနှင့်မဟုတ်) တခါတခါထားဝယ်မကြီးဟု၎င်း အရပ်ထဲမှာသိကြသော ဒေါ်သိန်းရှင်သည် ကျွန်တော့်ပညာရေးခရီးတွင်အထင်ကရ ရှိခဲ့သူတဦးဖြစ်၏။ ကွက်သစ်ကျောင်းသို့ ကျွန်တော်စတင်ဝင်ရောက်စဉ် သူငယ်တန်းလေးအတန်းပိုင်မှာ ဒေါ်သိန်းရှင်ဖြစ်လေသည်။ 

 ကျောင်းဖွင့်ရက်ပထမနေ့မှာပင် ဆရာမကအတန်းထဲမှာ ကကြီးခခွေးအစအဆုံးအလွတ်ဆိုနိုင်သူတွေမတ်တပ်ရပ် ဟုပြောသည်။ မရှိဘူးဆိုလျှင် အယောက်သုံးလေးဆယ်ခန့်ရှိမည့် ကျောင်းဝင်စ စာသင်ခန်းထဲမှာ ကျွန်တော်နှင့်ကျွန်တော့်အစ်မ နှစ်ဦးသာမတ်တတ်ရပ်ပြီး အထစ်အငေါ့မရှိဆိုပြနိုင်ကြ၏။ ကျွန်တော်က ပန်းတနော်ကျုံတုံးလေးဘုန်းကြီးကျောင်းမှာ သင်ပုန်းကြီးကုန်ခဲ့ပြီး အစ်မသည် အင်းမမူလတန်းကျောင်းမှာ နှစ်နှစ်ခန့်ကျောင်းနေခဲ့ဖူးသည်။ နောက်တနေ့တွင် ဆရာမက ကျွန်တော့်ကို သူငယ်တန်းကြီးသို့အတန်းတင်ပေးသည်။ ကျွန်တော့်အစ်မကမူ ထိုအတန်းမှာပင်ကျန်ရစ်သဖြင့် ကျောင်းနေစဉ်တလျှောက် အစ်မထက် ကျွန်တော် အမြဲတတန်းပိုကြီးနေခဲ့၏။ ထိုအစ်မတိမ်းပါးခဲ့သည်ပင် ယခုဆိုဆယ်နှစ်ကျော်ရှိပြီ။ ဆရာမကြီး ချီးမြင့်ခဲ့သော ထိုတနှစ်သည်လည်း ဆယ်တန်းဖြေဖြေချင်း ‘ခ’ စာရင်းဝင်သွားသော ကျွန်တော့်အတွက် အဟောသိကံဖြစ်ခဲ့ရလေသည်။ 

 သို့သော် ကျွန်တော်ဆယ်တန်းဖြေသည့်အချိန် ရွှေနှင်းဆီလမ်းထဲသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီးဖြစ်ရာ အခြေခံပညာရေးခရီးအစနှင့်အဆုံးတို့သည် ဆရာမကြီး၏ မျက်စေ့အောက်တွင်ဟု ပြောလျှင် ရနိုင်သည်။ ထိုအကြောင်း ဆရာမကြီးကိုသော်လည်းကောင်း ရွှေနှင်းဆီလမ်းမှာလေးငါးနှစ်မျှ ခင်မင်ရင်းနှီးခဲ့ကြသော ဆရာမကြီး၏ သားများကိုသော်လည်းကောင်း ကျွန်တော်ပြောမပြခဲ့။ ဟိုတုန်းက ထိုအကြောင်းသည်လည်း တခုတ်တရပြောဆိုအမှတ်ရစရာမှ မဟုတ်ခဲ့သည်ပဲ။ ယခုတော့ အမှတ်ရကာပြောမိပြီ။ ဆရာမကြီးတို့ကိုတော့မဟုတ်။ သူတို့ရောရှိမှရှိကြသေးရဲ့လားမသိ။ ကျွန်တော်ပင် ခုနစ်ဆယ်တန်းဖြစ်နေပြီ။ ဆရာမကြီးတို့အိမ်ရှေ့မှဖြတ်စဉ် ဒါငါသူငယ်တန်းတုန်းကဆရာမရဲ့အိမ်ကွ၊ ပြီးတော့ ဆယ်တန်းကိုလဲဒီလမ်းကဘဲငါအောင်ခဲ့တာ ဟု နံဘေးမှပါလာသည့် ပေါများကို ပြောမိခြင်းဖြစ်လေသည်။

 ဆရာမကြီးတို့အိမ်ပြီးလျှင် လမ်းကြားနှင့်ကပ်လျက် ယခင်နှစ်ခန်းတွဲအိမ်နေရာမှာပြန်ဆောက်ထားပုံရသောအိမ်သည်လည်း အတန်အိုမင်းနေပြီ။ မူလအိမ်တုန်းကတခန်းသည်ယုံခြင်္သေ့ ရာဘာဘိနပ်ရုံဖြစ်ပြီးကျန်တခန်းမှာရေဒီယိုဂရမ်အမြဲဖွင့်လေ့ရှိသော မိသားစုတစုတို့နေထိုင်ကြသည်။ ထိုအိမ်လွန်လျှင်မကြီးကြီးလမ်းသို့ရောက်ပြီ။ ညာဘက်ထောင့်မှာ အိညံလက်ရည်ဆိုင် နေရာ၊ ဘယ်ဘက်ထောင့်မှာ ဒေါ်ကျင်မြိုင်ကုန်စုံဆိုင်နေရာ။ ဒေါ်ကျင်မြိုင့်ဆိုင်နေရာမှာယာယီသဘောဆောက်ထားသည့်စားသောက်ဆိုင်တွင် ဆရာကန်တော့ပွဲကျင်းပမည်ဖြစ်ရာ ကျွန်တော်တို့ရောက်ချိန် တိုင်းရင်းကသူ့ကားကို ခက်ခက်ခဲခဲနေရာချနေဆဲဖြစ်၏။ မကြီးကြီးလမ်းသည် ယခင်လိုကားမရှင်းလူမရှင်းတော့။ ကားနေရာကျသော် ထိုကားဖြင့်လိုက်လာသည့်သူဌေး ဦးဆောင်ကာ စားသောက်ဆိုင်တွင်းသို့ဝင်ခဲ့ကြသည်။

 #                  #

 သည်နှစ်အခန်းအနားကို မနှစ်ကဦးဆောင်ပုဂ္ဂိုလ်များပင်တာဝန်ယူကျင်းပကြခြင်းဖြစ်၏။ တနှစ်စာတိုးလာသောဇရာလက္ခဏာများကြားမှာ သူတို့တွေ ရွှေရတုဆရာကန်တော့ပွဲကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြသည်မှာဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါ၏။ ကန်တော့ကြမည့်သူတွေထဲမှာ အငယ်ဆုံးဟုဆိုနိုင်သော ကျွန်တော်တို့သည်ပင် ယခင်နှစ်စာလျှင်ဗျာဓိတွေ ပိုမို ဇာတိပြလာကြပြီမို့လား။ အဖွဲ့တွင်းမှတယောက်တိမ်းပါးပြီး ကျန်တယောက်ဆရာကန်တော့ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိတော့ပြီ။ ကန်တော့ခံဆရာဆရာမတွေမှာ မနှစ်ကအတိုင်းလေးဦးရှိပြီး မနှစ်ကထက်တဦးပိုကာ သည်နှစ်တက်ရောက်သူသုံးဦးဖြစ်လာသည်။ သို့တိုင်အောင် ဆုံးမဩဝါဒ စကားတွေ ရှည်ရှည်ဝေးဝေးမပြောနိုင်ကြတော့။ မနှစ်ကထက် နေရာထိုင်ခင်းပိုကျဉ်းကာ အသံချဲ့စက်အရည်အသွေးနိမ့်သဖြင့် မပြောဖြစ်ကြခြင်းလည်းဖြစ်နိုင်သည်။ ဆရာဆရာမတွေ ကျန်းမာရွှင်လန်းလျက်ရှိကြခြင်းကိုမြင်ရသည်နှင့်ပင် ကျေနပ်ဖွယ်ရာဖြစ်ပါ၏။

 မကြာမီအခန်းအနားကို မနှစ်ကအတိုင်း ရိုးစင်းစွာစတင်သည်။ ဦးဆောင်သူတစ်ဦးနှစ်ဦီးတို့ နိဒါန်းစကားပြောကြသည်။  ထိုတဦးစနှစ်ဦးစအတွင်း ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး သူဌေး ပါဝင်လာသည်မှာ ယခုနှစ်ထူးခြားချက်ဖြစ်၏။ လက်ဆင့်ကမ်းအမွေဆိုတာဒါမျိုးကိုခေါ်တာကွဟု ပွဲပြီးလျှင်သူဌေးကို စ,ရန် စိတ်ထဲမှာတေးထားမိသည်။ သို့သော် မြွေမြွေချင်းခြေမြင်သော သူဌေးမင်းသည် စကားပြောပြီး ဆရာတွေကိုကန်တော့ပြီးပြီးချင်းဆိုသလို အရေးကြီးကိစ္စတရပ်ရှိသဖြင့်ဆိုကာ ခွင့်ပန်ပြန်သွားသောကြောင့် မစလိုက်ရချေ။ သူဌေးကား ငယ်သူငယ်ချင်းများကို ဤသို့ဤနှယ်ချစ်ရုံမက ကြောက်လည်းကြောက်ပုံရလေ၏။ သူဌေးထွက်သွားပြီးနောက် ငေါင်းစင်းစင်းကျန်ရစ်သော ကျွန်တော်တို့သည်လည်း နောက်ဆက်တွဲအစီအစဉ်တွေ မကြားတလှည့် ထိုင်းတလှည့်မို့ အချင်းချင်းသာတွတ်ထိုးနေကြတော့၏

 ဝန်ခံရလျှင်ကျွန်တော့်စိတ်တွေမှာလည်း ဝင်လာကတည်းက ဂယောက်ဂယက် ဖြစ်နေသည်။ အာရုံထဲမှာ သည်နေရာတွင်ယခင်ရှိခဲ့သည့် အုတ်ညှပ်နှစ်ထပ်တိုက်အိမ်ကြီးကိုမြင်ယောင်နေသည်။ မုန့်လုပ်ဆောင်းကုန်းလမ်းနှင့်ကပ်လျက် အောက်ထပ်ထောင့်ခန်းမှာ အိမ်ရှင်ဒေါ်ကျင်မြိုင် ၏ ကုန်စုံဆိုင်ရှိသည်။ အလယ်ခန်းမှာ ဦးအောင်မြတ်ကျော်ပန်းထိမ်ဖို၊ အစွန်ဆုံးခန်းမှာယုဝတီအမျိုးသမီးဝတ်အပ်ချုပ်ဆိုင်။ ကျွန်တော့်အစ်ကိုကြီးသည် ဦးအောင်မြတ်ကျော်ထံတွင် သင်တပည့်အဖြစ် ပန်းထိမ်အလုပ်စတင်ခဲ့သည်။ ဦးအောင်မြတ်ကျော်တို့  မြို့ထဲသို့ပြောင်းရွှေ့သည့်တိုင် လက်ခစားအဖြစ်လိုက်ပါလုပ်ကိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်ပန်းထိမ်လုပ်ငန်းတရပ်ထူထောင်နိုင်ခဲ့၏။ အစ်မက ယုဝတီအပ်ချုပ်ဆိုင်မှာပညာသင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုမှအိမ်စီးပွါးရေးအခြေအနေအရ လက်ခမြန်မြန်ရလွယ်သည့် ဦးထုပ်ချုပ်အလုပ်လုပ်ရန် ရပ်ကွက်နီးချင်းအလုပ်ရုံတရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ 

 ကျွန်တော်နှင့်ကျွန်တော့်အောက်ညီတို့က မနက်သတင်းစာပို့ နေ့လည်ပိုင်းကျောင်းတက်။ အိမ်ထောင်ဦးစီးအမေက ကောက်ညှင်းမုန့်မျိုးစုံအိမ်မှာကိုယ်တိုင်လုပ်ပြီး အရပ်ထဲလှည့်ရောင်းသည်။ နောက်ပိုင်းဂွဈေးမှာဆိုင်ခန်းတခန်းအကြွေးဝယ်နိုင်သည့်အခါ ကုန်စိမ်းဆိုင်ဖွင့်၏။ ပူပူနွေးနွေးမုဆိုးမနှင့်ဖတဆိုးမိသားစုဘဝကို သည်ဝန်းကျင်မှာသည်သို့ ရုန်းကန်ကျော်ဖြတ်ခဲ့ကြပါ၏။ ထိုစဉ်ကကျွန်တော့်အသက်ဆယ့်နှစ်နှစ် ကျွန်တော့်ညီကိုးနှစ်သား။ ယခုခါဆယ့်နှစ်နှစ်အရွယ်ရှိပြီဖြစ်သော ကျွန်တော့်မြေးကြီးသည် ဖိုးအေကိုမချွဲဝံ့သည့်တိုင် ဖွားအေ မအေနှင့် အဒေါ်များအား ပွတ်သီးပွတ်သပ်ချွဲ၍ကောင်းတုန်း။ ထိုအချိန်မျိုးတွင် နုနုနယ်နယ်သူ့မျက်နှာလေးကို ပီတိဖြင့်ကြည့်ရင်း ထိုအရွယ်တွင်စက်ဘီးတစီးနှင့်လမ်းတကာလှည့် သတင်းစာပို့နေသော မိမိငယ်ဘဝအား မြင်ယောင်မိတတ်ပါ၏။ မျိုးဆက်သစ်အပေါ် ထားရှိအပ်သော မေတ္တာဂရုဏာနှင့် မုဒိတာပါ ပြည့်ဝသည့် ထိုပီတိမှာ မည်သို့သောပီတိနှင့်မျှနှိုင်းယှဉ်၍ မရနိုင်ဟု ကျွန်တော်ဆိုပါမည်။

 ထိုစဉ်က အသက်ခြောက်ဆယ်ခန့်ရှိမည်ထင်ရသောဒေါ်ကျင်မြိုင်သည်အပျိုကြီးဖြစ်၏။ သဘောဆိုးသည်မကြားဖူးဘူးသော်လည်း အပျိုကြီးမို့လားမသိမျက်နှာထားတည်သည်။ တခါတရံ သူ့ဆိုင်မှာဈေးဝယ်သည့်အခါ အခန်းပြည့်နီးပါးကျယ်ဝန်းသော ဆိုင်ခုံမျက်နှာစာ ဆင့်များပေါ်၌ အစီအရီတင်ထားသည့် ဖန်ပုလင်းကြီးများထဲမှ မုန့်ပဲသွားရေစာများကို ငေးမိ၍ ကြာသွားလျှင် ဟဲ့ခလေးဝယ်မှာဖြင့်ဝယ် ဆိုင်ရှေ့ကွယ်မနေနဲ့ဟု ငေါက်ချင်ငေါက်တတ်သည်။ ထို့ကြောင့် ကျွန်တော်သူ့ဆိုင်မှာသိပ်မဝယ်ဖြစ်။  သို့သော် နောက်ထပ်ဆယ့်လေးငါးနှစ်အကြာ ကျွန်းတောလမ်း ဧစေတီကျောင်းတိုက်မှာ ကျွန်တော်ပဉ္ဇင်းခံခိုက် ဆွမ်းခံကြွရင်း သူတို့ဆိုင်ရှေ့အရောက် ရပ်တော်မူပါဦးဘုရားဆိုကာ လမ်းမပေါ်ထွက်လျက် တရိုတသေဆွမ်းဆွမ်းဟင်းလျာများလောင်းလှူခဲ့သော အမယ်အိုဒေါ်ကျင်မြိုင်ကို ယခုပင်ကျွန်တော်မြင်ယောင်မိလေသည်။ 

 အခန်းအနားအစီအစဉ်အောင်မြင်စွာပြီးဆုံးပါပြီဆိုသောကြေညာသံနှင့်အတူ တိုးတိုးသာသာ လက်ခုပ်သံများကြောင့် ကျွန်တော့်အတွေးတွေ ပစက္ခသို့ပြန်ရောက်သည်။ မူလကရှင်းလင်းပြောကြားထားသည့်အတိုင်းပင် ဆရာကန်တော့ငွေထဲမှမဟုတ်ဘဲ ကျောင်းသားဟောင်းအချို့ သီးသန့်ထည့်ဝင်ငွေဖြင့်ဧည့်ခံသော ထမင်းပေါင်းပန်းကန်များကို ဆိုင်ဝန်ထမ်းတို့ကလိုက်လံချထားသည်။ ဇွန်းသံပန်းကန်သံ ရယ်သံမောသံ တေးဂီတသံမဆူညံသည့် ပကာသနကင်းအဘိဇ္ဈာရှင်းသော တည်ခင်းဧည့်ခံမှုပေတည်း။ ယင်းကို အားပေးသုံးဆောင်ကြပြီးနောက် ကန်တော့ခံဆရာဆရာမများနှင့် ဦးဆောင်ကျောင်းသားဟောင်းကြီးတို့အား နှုတ်ဆက်လျက်ပြန်ရန်ပြင်ဆင်ကြ၏။ ကျွန်တော်တို့ထဲမှ ဆရာမပြန်ပို့မည့်သူ အခြားတနေရာသွားမည့်သူစသည်ဖြင့် ပြောဆိုစီစဉ်နေကြသည်။ သူတို့နှင့်လမ်းခွဲကာ ဆိုင်တွင်းမှကျွန်တော်ထွက်ခွါခဲ့လေသည်။

#                 #

 မကြီးကြီးလမ်းပေါ်ရောက်သည်နှင့် ဦးစွာငဲ့စောင်းကြည့်မိသည်မှာ ဒေါ်ကျင်မြိုင်အိမ်နှင့်ကပ်လျက် အိမ်စုလေးကိုဖြစ်သည်။ မျက်နှာစာဘက်တွင်နောက်မှဆောက်လုပ်ဟန်ရှိသောအိမ်ဟောင်းနှစ်လုံးမှအပ များစွာပြောင်းလဲပုံမရချေ။ အိမ်နှစ်လုံးကြားအလယ်လူသွားလမ်းလေးမှဝင်လျှင် အတွင်းရှိတန်းလျားများသို့ (ရှိနေသေးလျှင်) ရောက်မည်။ နောက်ဖေးလမ်းကြားနှင့်အနီးဆုံးတန်းလျား၏ ခြေရင်းဘက်အစွန်ဆုံး ပေ ၂၀ x ၁၀ ပေ ခန်းလေးမှာ ရန်ကုန်ပြန်ရောက်စ ကျွန်တော်တို့မိသားစုနေထိုင်ခဲ့ကြသည်။ ထိုတန်းလျားအပါအဝင် အခြားတန်းလျားနှစ်ခုတို့၌ အိမ်ရှင်နှင့်အိမ်ငှါး စုစုပေါင်းမိသားစုဆယ်စုခန့်ရှိပြီး အိမ်ရှင်မှအပလက်လုပ်လက်စားတွေဖြစ်ကြ၏။ မုန့်ဖတ်အဖြူထည်ရောင်းသူ၊ မုန့်ဟင်းခါးအထမ်းရောင်းသူ၊ ဆိုက်ကားနင်းသူ၊ ကုန်ထမ်းသူ စသည်ဖြင့် လူစုံတက်စုံ စရိုက်စုံကြလေရာ အားလုံး၏ နိစ္စဓူဝ လှုပ်ရှားကြပုံများကို ယခုပြန်လည်မြင်ယောင်ကြည့်ရာ၌  ဂေါ်ကီ၏ ဝတ္ထုတပုဒ်ဖတ်နေရသည်သို့ရှိလေသည်။

 ထိုအိမ်စုပြီးလျှင် စိန်နဂါးတိုက်ဟုခေါ်သော စိန်နဂါးဆေးပြင်းလိပ်ခုံ၊ ပြီးလျှင် လမ်းကြားခြားလျက် ရွှေနှင်းဆီလမ်းထောင့်မှ ဦးကျော်ကြီးမုန့်ဟင်းခါးဖို အားလုံးယခုမရှိကြပြီ။ ညညဆိုကြားနေကျဂီတသံပမာ မုန့်ကျိတ်စက်မော်တာခါးပတ်ကြိုးအီသံကြီးကိုလည်းကြားကြမည်မဟုတ်တော့။ သည်ဘက်ခြမ်း ဘကြီးဦးစိန်မြတို့နှစ်ထပ်တန်းလျားအိမ်ကြီး ပြန်ဆောက်ထားသော်လည်း စေတနာဆေးခန်း၊ ပုလဲဝင်းလောင်ဒရီ၊ မောင်မြင့်အပ်ချုပ်ဆိုင်စသည်ံ့ ဆိုင်ခန်းတွေမရှိကြတော့။ ငှက်ပျောတောလမ်းထောင့် ဦးဝင်းတို့ဆိုင်နေရာမှာ လှပသစ်လွင်သည့် ရှစ်ထပ်တိုက်တလုံးနေရာယူထားသည်။ ဟိုတုန်းကအုတ်ခုံမြင့်မြင့်နှစ်ဘက်စင်္ကြန်နှင့်နှစ်ထပ်အုတ်ညှပ်တိုက်တွင် တရုပ်လူမျိုးဦီးဝင်းတို့မိသားစု ဆိုင်ဖွင့်လျက်နေထိုင်ကြသည်။ ကူရှင်ကျောင်းတက်နေကြသည့် သူ့သား အမိုင် အထိုင်နှင့်အလုံးတို့သည် ကျွန်တော့်သူငယ်ချင်းများဖြစ်ကြ၏။ သူတို့တွေ လမ်းပေါ်ထွက်ကစားလေ့မရှိ။ ကျောင်းပိတ်ရက် ညီအကိုတတွေအိမ်ရှေ့စင်္ကြန်ထောင့်မှာတောက်ခုံတောက်တတ်သည်။ တခါတခါကျွန်တော်ပါဝင်၍ဇယ်တောက်ရင်း စကားပြောဖြစ်၏။

 ယခုမည်သူပိုင်ဆိုင်မှန်းမသိသော ဦးဝင်းအိမ်နေရာမှအဆောက်အဦသစ်ကိုမြင်သည်ခဏ တရုပ်ဗမာအရေးအခင်းကာလ ညတညအားအမှတ်ရမိ၏။ သန်းကောင်ကျော် လူခြေတိတ်ချိန် မည်သည့်အရပ်ကလာသည်မှန်းမသိသော လူတစုတို့ ဦးဝင်းဆိုင်ကျွန်းတံခါးကြီးများအား ပေါက်ဆိန်ဖြင့်ဖျက်ဆီးဝင်ရောက်ကာ ဆိုင်တွင်းရှိမှန်ဘီရိုများကိုရိုက်ခွဲကြသည်။ ဘီရိုအတွင်းခင်းကျင်းထားသော ကြွေထည်ပစ္စည်း အပါအဝင်ကုန်ပစ္စည်းမျိုးစုံတို့ကို လမ်းပေါ်မှာပုံပြီး မီးတင်ရှို့ကြသည်။ မယူကြနဲ့ ဘယ်သူမှမယူကြနဲ့ဆိုသော အချင်းချင်းအော်ဟစ်သတိပေးသံတွေညံနေသည့်ကြားမှ သူတို့ထဲမှလူအချို့ ဆင်ကြယ်ဖိနပ်အသစ်များကို သူတို့ဖိနပ်အဟောင်းများနှင့် လဲလှယ်စီးနေကြသည်။  ဘကြီးဦးစံမြတို့ အိမ်ထောင့်အမှောင်ခြမ်းမှာ ရပ်ကြည့်နေသော ကျွန်တော့်စိတ်ထဲမှာ ဖိနပ်လဲသည့်ကိစ္စထက် အပေါ်ထပ်မှာပိတ်မိနေသော သူငယ်ချင်းမိသားစုတို့အတွက် စိုးရိမ်စိတ်ကကြီးစိုးနေခဲ့၏။ 

 ကံအားလျော်စွာ ဦးဝင်းတို့တမိသားစုလုံး အန္တရာယ်မရှိခဲ့ကြ။ အရေးအခင်းပြီးသည့်အခါ ပျက်စီးသွားသောတံခါးတွေပြန်လည်ပြင်ဆင်ခဲ့သော်လည်း ဆိုင်ကိုဟုတ္တိပတ္တိမဖွင့်ကြတော့။ ရွှေနှင်းဆီလမ်းသို့ ကျွန်တော်ပြောင်းပြီးနောက်ပိုင်း အထိုင်တို့အမိုင်တို့နှင့်လည်းမဆုံဖြစ်တော့။ မိသားစုလိုက်ထိုင်ဝမ်သို့ ထွက်ခွါသွားကြသည်ဟု နောင်တွင်ကြားသိခဲ့ရလေသည်။

#                 #

 ဆရာကန်တော့ပွဲလာကျောင်းသားဟောင်းကြီးများ စားသောက်ဆိုင်ထဲမှအလျှိုအလျှိုထွက်ခွါသွားကြသည့်တိုင် လမ်းတဘက်ထိုနေရာမှာကျွန်တော်ရပ်နေဆဲ။ ဆောင်းကာလမို့ အပူချိန်မပြင်းသော်ငြား နေမွန်းတည့်နေပြီ။ ရောက်တုန်းရောက်ခိုက် ကျွန်းတောလမ်းနေ အစ်ကိုကြီးတို့မိသားစုထံ ဝင်ရောက်ဖို့စဉ်းစားထားသည်ကိုသတိရလာ၏။ မကြီးကြီးလမ်းပေါ်မှာ ယာဉ်တွေလူတွေရှုပ်ထွေးလှသည်မို့ ငှက်ပျောတောလမ်းဘက်မှဝင်ကာ ကျွန်းတောလမ်းသို့ရောက်သည်။ ကျွန်းတောလမ်းမပေါ်မှာ ဟိုဘက်သည်ဘက် အနှေးယဉ်တွေ မော်တော်ယာဉ်တွေ ရှင်လောင်းလှည့်သလို သွားသူသွား ကျော်သူကျော်နေကြ၏။ ခေတ်သစ်စမ်းချောင်း၏ လမ်းမကြီးတိုင်းလိုလို၌ ယာဉ်တန်းကြီးများသည် အစာနင်နေသောစပါးကြီးမြွေကြီးများပမာ လူးလွန့်သော်လည်းမရွေ့ရှားနိုင်ဖြစ်နေကြပုံရလေသည်။ ကျွန်းတောလမ်းပလက်ဖောင်းအတိုင်းလျှောက်လာစဉ် ပုသိန်လမ်းနှင့်ဟင်္သာတလမ်းအကြားမြေကွက်လပ်တခုမှာ ပိုင်ရိုက်နေသောလုပ်ငန်းခွင်ကိုမြင်သဖြင့် ခေတ္တရပ်ပြီးငေးကြည့်မိသည်။ 

 ထိုနေရာသည် ဝင်းသိန်းမြင့်စတိုးဆိုင်နေရာဖြစ်၏။ ကျွန်တော်တဦးတည်း၏ အမှတ်သညာဖြင့်ပြောရလျှင် ဝင်းသိန်းမြင့်ကို အများသိခဲ့ကြသည်မှာ တယ်လီဖုန်းနှင့်နို့အေးချောင်းတို့ကြောင့် ဖြစ်သည်။ ထိုခေတ်က အများပြည်သူသုံး လမ်းဘေးတယ်လီဖုန်းရုံလေးများနေရာအနှံ့အပြားမှာရှိကြ၏။ လန်ဒန်မြို့ကအနီရောင်တယ်လီဖုန်းရုံလေးများကိုအားကျမခံဘိသည့်အလား သေသပ်လှပစွာဆောက်လုပ်ထားသော အပြာရောင်ရုံလေးများဖြစ်ကြသည်။ တမတ်တန်အကြွေစေ့ထည့်၍သုံးရသည်။ တော်လှန်ရေးကောင်စီတက်လာပြီးနောက် ထိုဖုန်းတွေချွတ်ယွင်းပြီး တစစသုံးမရဖြစ်လာကြသည်။ နောက်ပိုင်းတွင်ရုံတွေပါပျောက်ကွယ်သွားခဲ့၏။ အကြောင်းရှိ၍ ဖုန်းဆက်လိုလျှင် တယ်လီဖုန်းရှိသော ဝင်းသိန်းမြင့်လိုဆိုင်နှင့် အိမ်အချို့တို့ဆီသွားကာ အဖိုးစားနားတခုဖြင့်ဆက်ကြရသည်။ ကလေးသူငယ်နှင့်လူလတ်ပိုင်းတို့အတွက် ဝင်းသိန်းမြင့်ဆိုင်မှ နို့အေးချောင်းသည်လည်း ပြောစမတ်တွင်အောင်ပင် စွဲမက်စရာဖြစ်ခဲ့ဖူးပါ၏။ 

 ကျွန်းတောလမ်းပေါ်မှာ ယာဉ်တွေရှေ့မတိုးနိုင်ဘဲရပ်တန့်နေကြခိုက် ကားကြိုကားကြားတိုးဝှေ့ကာလမ်းတဘက်သို့ကျွန်တော်ကူးခဲ့လာသည်။ မျက်နှာချင်းဆိုင်မှာအစ်ကိုကြီးတို့အိမ်ရှိ၏။ သို့သော် ဟိုတုန်းကလို ခြံဝသစ်သားတံခါးကိုယ်တိုင်ဖွင့်ဝင်၍မရတော့။ အစ်ကိုကြီးတို့၏ အုတ်ညှပ်နှစ်ထပ်အိမ်သည် ယခုခါရှစ်ထပ်ကွန်ကရစ်တိုက်ဖြစ်နေပြီ။ အပေါ်ဆုံးထပ်မှာနေသော သူတို့မိသားစုဝင်တဦးဦးထံသို့ဖုန်းဆက်၊ တယောက်ယောက် တံခါးဆင်းဖွင့်ပေးမှ ကျွန်တော်အိမ်ထဲဝင်၍ရမည်။ ထိုသို့ ကယိကထများသည့်ပြင် သူတို့ကိုလည်းအားနာရသောကြောင့် တော်ရုံနှင့်မရောက်နိုင်ခဲ့။ သည်တခေါက်တော့ ဝင်ဖြစ်အောင်ဝင်မှဖြစ်မည်။ အိပ်ကပ်တွင်းမှမိုဘိုင်းဖုန်းကိုထုတ်ခါ တအိမ်တည်းနေအစ်ကိုကြီး၏သမီး ကျွန်တော့တူမထံဖုန်းခေါ်သည်။ တဘက်မှပြန်ဖြေမည့်အသံနားထောင်ရင်း ဝင်းသိန်းမြင့်ကိုအားထားစရာမလိုတော့သောခေတ်သို့ ရောက်နေပြီဘဲဟု ကြံကြံဖန်ဖန်တွေးနေမိ၏။ 

 စင်စစ် ဝင်းသိန်းမြင့်အပါအဝင်ဟိုတုန်းကစမ်းချောင်း ခုခါဘယ်ဆီများရောက်နေကြ ပြီမသိ။ အစာနင်နေသောစပါးကြီးမြွေတကောင်တော့ ကျွန်းတောလမ်းမပေါ်မှာ တအိအိရွေ့လျားနေဆဲဖြစ်လေသည်။

Wednesday, November 26, 2025

“ကျော်ရဲအောင်နှင့်ကျွန်တော်”

     လူတူမရှားနာမည်တူမရှားဆိုသဖြင့် ဤစာခေါင်းစဉ်ပါကျော်ရဲအောင်သည် အများသိရုပ်ရှင်မင်းသားကျော်ရဲအောင်မဟုတ်ပါဟု အလွယ်တကူစကားပလ္လင်ခံ၍ ရနိုင်သည်။ သို့သော် ပြည့်စုံမည်လိမ့်မည်ကားမဟုတ်။ အကြောင်းမှာ ခေါင်းစဉ်ပါကျော်ရဲအောင်သည် မင်းသားကျော်ရဲအောင် မဟုတ်သော်ငြား ကျော်ရဲအောင်ကို ကိုယ်စားပြုခြင်းကြောင့်ဖြစ်လေသည်။ မင်းသားကျော်ရဲအောင်၏ ပရိသတ်တဦးက မိမိနာမည်အပြင် ကျော်ရဲအောင်ဆိုသောနာမည်ကိုပါ အမည်ပွါးအဖြစ်ခံယူထားခြင်းကြောင့်ဖြစ်၏။ သည်လို နာမည်ပွါးမှည့်ခေါ်ခြင်းမျိုးက သည်တိုင်းပြည်နှင့် တရင်းတနှီးရှိကြသော နိုင်ငံခြားသားတွေမှာ ရှိလေ့ရှိထဖြစ်ရာ ယခုလည်းထိုအမည်ခံယူသူသည် မြန်မာလူမျိုးမဟုတ်။ 

    မြန်မာမိန်းမငယ်တဦးနှင့်အကြောင်းပါခဲ့ဖူးသူ၊ ရှမ်းချစ်၍ ပဲပုပ်ချစ်သည်လား ပဲပုပ်ချစ်၍ ရှမ်းချစ်သည်လား မကွဲပြားလောက်အောင်ပင် မြန်မာ့ဓလေ့ မြန်မာ့ရိုးရာ မြန်မာဘာသာစကားကိုချစ်ခင်သူ ထိုင်းလူမျိုးတစ်ဦးဖြစ်လေသည်။ မြန်မာနှင့်ကျွမ်းဝင်ချင်လွန်းသောကြောင့် သူ့မြန်မာနာမည်ကိုပင် သူကြိုက်သောရုပ်ရှင်မင်းသားအမည် (ကျော်ရဲအောင်ဟူ၍) ပေးထား၏။ သူ့အိမ်ကျွန်တော်မရောက်ဖူးသဖြင့်မသိ။ သူ့ကားထဲမှာတော့ တွံတးသိန်းတန်မှသည် စိုင်းထီးစိုင်အထိ ကက်ဆက်သီချင်းခွေတွေ စီဒီတွေအများကြီး။ သူ့ကားပေါ်မှာလိုက်ပါသည့်အချိန် အပြင်မြင်ကွင်းကိုသာမကြည့်ခဲ့လျှင် ဗမာပြည်ထဲမှာဟု ခံစားရလောက်သည်အထိ သူ့မှာ ဗမာအငွေ့အသက်တွေရှိနေ၏။ 

    သည်ကျော်ရဲအောင်နှင့်ကျွန်တော် လွန်ခဲ့သောနှစ်သုံးဆယ်ခန့်က ဘန်ကောက်မှာ တွေ့ဆုံသိကျွမ်းခဲ့ကြခြင်းဖြစ်သည်။

#                #

     စမွတ်ပရကန်ရှိသင်္ဘောကျင်းတကျင်းမှာ ကျွန်တော်အလုပ်စဝင်သည့်အခါ အရှေ့အလယ်ပိုင်းကုမ္ပဏီတစ်ခုမှအပ်နှံသည့် ကမ်းထိုးရေယာဉ်တစ်စီးလက်စသပ်ခါစဖြစ်သည်။ ထိုရေယာဉ်တွင် သုံးသည့် မိန်းအင်ဂျင်နှင့် မီးစက်အားလုံး ကက္တာပေလာအင်ဂျင်တွေဖြစ်ကြရာ စက်များတပ်ဆင်ပြီး စမ်းသပ်အပ်နှံသည့်အလုပ်ကို အင်ဂျင်ကုမ္ပဏီ သင်္ဘောကျင်းနှင့်ရေယာဉ်ပိုင်ရှင်ကိုယ်စားလှယ်တို့ အတူတကွဆောင်ရွက်နေကြခိုက်ဖြစ်၏။ ဌာနတိုင်းမှာမြန်မာတွေရှိသော အနှီသင်္ဘောကျင်းမှ မြန်မာအင်ဂျင်နီယာတစ်ဦးနှင့် ရောက်လေရာမြန်မာလိုပြောပြီး မြန်မာစကားသင်ယူလိုသူ ကက္တာပေလာဆားဗစ်အင်ဂျင်နီယာ ကျော်ရဲအောင်တို့ ထိုမှာအဖွဲ့ကျကြလေသည်။ 

     အလုပ်သဘောအရ တိုက်ရိုက်မဆက်ဆံရသည့်တိုင် ထမင်းစားနားချိန်တွေမှာသတင်းစာဖတ် အနားယူနေကျအခန်းသို့ စာလာမေးလေ့ရှိသောကျော်ရဲအောင်ကို ကျွန်တော်တို့အားလုံးသိနေကြ၏။ မပီကလာ ပီကလာစကားပြောသံရော ယဉ်ကျေးပျူငှါ သွက်လက်သောအမူအယာကြောင့်ပါ ခင်မင်စရာကောင်းသလောက် အမေးအမြန်းထူသဖြင့် တခါတခါစိတ်ညစ်ကြရသည်။ လမ်းမ ရှိပြီးဘာကြောင့်လမ်းထီးမရှိရတာလဲဆိုသည်မျိုး။ စာရေးတာကိုဘာကြောင့်စာကူးတယ်လို့ပြောရတာလဲ၊ ရေကူးတာနဲ့စာကူးတာဘာကွာလဲ စသောကတ်သီးကပ်သပ်တွေကို အတည်ပေါက်မေးတတ်သည်။ သူမေးသောအင်ဂျင်နီယာမှာ မြန်မာပြည်မှာကတည်းက ကျွန်တော်နှင့်ဌာနတူတွေမို့ သူအဖြေရခက်လျှင် မလှမ်းမကမ်းရှိ ကျွန်တော့်ထံအကူအညီတောင်းလေ့ရှိသည်။ 

     ကြာတော့ထိုအင်ဂျင်နီယာက ကဲ ဒီပေါက်ကျိုင်းမေးသမျှအစ်ကိုဘဲဆက်ဖြေပေးပါတော့ဆိုကာ ကျော်ရဲအောင်ကို ကျွန်တော့်ထံလွှဲသည်။ ကိုယ့်ဘာသာစကားအား လိုလိုလားလားသင်ယူလိုသူမို့ကျွန်တော်ကလည်း တတ်အားသမျှကူညီဖို့ဝန်မလေး။ သို့နှင့် ဘယ်နှစ်ကျောင်းပြောင်းပြီးမှန်းမသိသောကျော်ရဲအောင် ကျွန်တော့်ထံတပည့်ခံဖို့ရောက်လာသည်။ သူတကယ်မခေကြောင်းသူ့အပြောကသက်သေဖြစ်၏။ ကျွန်တော့်ထံမှာတပည့်ခံရတော့မည်မှန်းသိသိချင်း ဟိုဆရာကငယ်တော့ဆရာ၊ ဆရာက ကြီးတော့ဆရာကြီးလို့ခေါ်မယ်နော်ဆိုကာ ထိုအချိန်မှစ၍ ဆရာကြီးကို ပါးစပ်ဖျားမှမချတော့။ ပြောရလျှင် ကျွန်တော်သည်လည်းနွားပြာကြီးအောက်သွားမရှိတော့။

     တကယ်တန်းသူ့ကိုသင်ရသည်မှာ အပန်းကြီးလှသည်မဟုတ်။ စကားပြောသက်သက်ဖြစ်သည့်အပြင် (ယခုတော့စာပင်ဖတ်တတ်နေပြီဆိုသည်) အခြေခံရှိပြီးသားမို့ နားလည်လွယ်သည်။ အင်္ဂလိပ်လိုလည်း နားပေါက်သဖြင့် လိုအပ်သည့်အခါရှင်းပြသမျှလိုက်နိုင်သည်။ ထိုအချိန်ကျွန်တော်ကလည်း တကိုယ်ရေတကာယမို့ အားလပ်ချိန်များသည်။  စနေတနင်္ဂနွေရုံးပိတ်ရက်ဆိုလျှင် ကျော်ရဲအောင်ကသူ့ကားနှင့်ကျွန်တော့်ကိုလာခေါ်သည်။ ပြီးလျှင် ကုန်တိုက်သို့မဟုတ်စူပါမာ့ကက်တခုခုသို့သွားကာ ဝယ်စရာရှိဝယ်၊ မရှိလျှင်ငေးကြသည်။ ထို့နောက် ကော်ဖီဆိုင် အအေးဆိုင် တခုခုမှာထိုင်ကြသည်။ ထိုအချိန်စာသင်ချိန်ဖြစ်၏။  တနာရီခန့် ကျွန်တော်စိတ်ကူးပေါက်ရာ မြန်မာစကားအသုံးအနှုံးတွေသူ့ကိုပြောပြကာ သူသိလိုရာမေးသမျှ ကျွန်တော်ပြန်ဖြေရ၏။ 

    ကျွန်တော်နှင့်သွားချိန်သူ့လက်ထဲမှာဗလာစာအုပ်တစ်အုပ်အမြဲဆောင်ထားပြီး တခုခုပြော သည်နှင့် လိုက်မှတ်လေ့ရှိ၏။ ပြီးလျှင် သူ့ဝသီအတိုင်းနှိုက်နှိုက်ချွတ်ချွတ်မေးလေ့ရှိသည်။ မလွှဲသာ၍ အင်္ဂလိပ်လို ပြောရသည့်အခါမှလွဲလျှင် သူဗမာလိုပြောသည်ကို ကျွန်တော်က ဗမာလိုပင်ဖြေကာလိုအပ်သလိုတည့်မတ်ပေးရ၏။ သူအတော်ပြောနိုင်သည်ကိုလည်းသတိထားမိသည်။ စကားကြီးစကားကျယ်ပြောချင်သလို ပြောလည်းပြောသည်။ သူ့ကောင်မလေးနှင့်တွေ့သည့်အကြောင်းကို သူနဲ့ရီးစားဖြစ်တယ် ချစ်သူဖြစ်တယ် ကမ္မသကာပေါ့ဆရာကြီးရယ် ဟု ပြောသဖြင့် ကမ္မသကာကိုဝမ်းသာရမည့်ကိစ္စတွေမှာသုံးလေ့မရှိ မသုံးသ င့်စသည်ဖြင့် ရှင်းပြရ၏။  

     အလားတူ ဝဋ်ကြွေး လောကဓံ သံသရာ စသောအသုံးအနှုန်းများကို နှစ်ခြိုက်သည်။ သုံးလည်းသုံးလေ့ရှိသည်။ ထိုအခါမျိုးမှာ မင်းကတော့ကမ္မဝါဖတ်မယ့်ဘုန်းကြီးတစ္ဆေပါလားကျော်ရဲအောင်ရယ်ဟု ကျွန်တော်ရယ်မောရင်းပြောသည်ကို အစပိုင်းသူနားမလည်။ တစ္ဆေကိုသူသိသော်လည်း ကမ္မဝါဖတ်တယ်ဆိုတာ ဘာကို ပြောတာလဲဟုမေးသဖြင့် တတ်သရွေ့မှတ်သရွေ့ရှင်းရပြန်၏။ သူကစာအုပ်ထဲမှာမှတ်သားပြီး အလျဉ်းသင့်တိုင်း ကျွန်တော်ကကမ္မဝါဖတ်မယ့်ဘုန်းကြီးတစ္ဆေလေဆရာကြီးရဲ့ဟု ဦးအောင်ပြောလေ့ရှိသည်။

#                 #

     သည့်နောက်ပိုင်း ကျွန်တော်မိသားစုပါခေါ်ထားသည့်အခါ ကျော်ရဲအောင် လာလျှင်သူ့ကောင်မလေးပါ ပါလာ၏။ သည်တော့မှ ဘာကြောင့်ကျော်ရဲအောင်မြန်မာစကားသင်ယူလိုသည်နှင့် မြန်မာစကားတတ်မြောက်လွယ်နေသည်ကို ကျွန်တော်သိရသည်။ အိပ်နေသောအဘိဓာန်လေဆရာကြီးဟု sleeping dictionary ကို သူ့ဖာသာဘာသာပြန်ကာ သူ့ဖာသာသဘောကျနေသည်။ ကောင်မလေးကမြဝတီသူဖြူဖြူချောချောလေး။ သူ့ထက်အတန်ငယ်ရွယ်သော်လည်း သူ့ထက်စကားနည်းကာမျက်နှာထားတည်သည်။ သို့သော် မရွှေတောက်၏ သမီး သမီးနှင့် ပြောဆိုဆက်ဆံမှုတွေကြားမှာ မကြာမီတရင်းတနှီးဖြစ်သွားကြပြီး စနေတနင်္ဂနွေဆိုအိမ်ကိုရောက်လာတတ်သည်။ အိမ်မှာချက်ပြုတ်စားသောက်ကြ၊ ပြီးလျှင်တနေ့ခရီးပေါက်သည့် ပင်လယ်ကမ်းခြေလိုမျိုး၊ အရောက်အပေါက်နည်းသည့် ရှေးဟောင်းဘုရားစေတီလိုမျိုးတွေဆီသွားကြသည်။ 

     ကျော်ရဲအောင်၏ကားသည် အစ်ဇူးဇူးပစ်ကပ်တံခါးနှစ်ပေါက်ဖြစ်ရာ သူတို့နှစ်ယောက်ရော ကျွန်တော်တို့မိသားစုပါ ချောင်ချိစွာစီးနိုင်သဖြင့် ခရီးဝေးသွားဖို့အခက်အခဲမရှိသလို သူကမောင်းလည်းမောင်းနိုင်သည်။ သူနှင့်သူ့ကောင်မလေးတို့ကောင်းမှုဖြင့် ဘန်ကောက်မှမဲဆောက်၊ ထိုမှမြဝတီဘက်ကမ်းသို့စွန့်စွန့်စားစားကူးကာ ထိုစဉ်ကမြဝတီမြို့မှာခေတ္တသီတင်းသုံးနေသည့် သာမညဆရာတော်ကြီးကိုပင် ကျွန်တော်တို့မိသားစု ဖူးခွင့်ရခဲ့သည်။ မဲဆောက်ခရီးစဉ်မှာ ဦးအောင်ဇေယျဘုရားကိုလည်း ဖူးခွင့်ရခဲ့သည်။ ဦးအောင်ဇေယျဘုရားဖူးစဉ် ကျော်ရဲအောင်က သူသည်အတိတ်ဘဝတစ်ခုမှာ ဦးအောင်ဇေယျ၏ ညာလက်ရုံးဖြစ်ခဲ့ဖူးသည်ဟု ပြောသည်ကို ကျွန်တော်မှတ်မိနေသည်။ ထိုင်းတို့က ဘုရင့်နောင်ကိုချစ်သလောက် အလောင်းဘုရားကိုမုန်းတီးကြလေရာ ကျော်ရဲအောင် သူ့ကိုသူ ဦးအောင်ဇေယျ (အလောင်းဘုရား) ၏ ညာလက်ရုံးဘဝမှလာသည် ဟု ယုံကြည်ခြင်းမှာ တော်ရုံအစွဲမဟုတ်ပေ။ 

    ထိုသို့သောအယူအစွဲမျိုးဖြင့် ကျွန်တော့်အတွက်ပူပန်ခဲ့ဖူးသည်မှာလည်းအမှတ်တရဖြစ်၏။ စနေတနင်္ဂနွေတရက်၌ ထမင်းစားပြီး အောက်ထပ်ဧည့်ခန်းဆိုဖာတွင် ကျွန်တော်တယောက်တည်းထိုင်ကာသတင်းစာဖတ်နေစဉ် ညာခြေမထိပ်မှာစူးကနဲနာကျင်မှုတခုခံစားလိုက်ရသည်။ ကပျာကယာငုံ့ကြည့်လိုက်သည့်အခါ လက်သီးဆုပ်ခန့်ရှိ အိမ်ကြွက်တကောင်မျက်နှာချင်းဆိုင် ဆိုဖာခုံအောက်ပြေးဝင်သွားသည်ကိုမြင်ရပြီး ကျွန်တော့်ခြေမထိပ်မှာလည်းသွေးစို့နေ၏။ ကြားသားမိုးကြိုး ကျွန်တော့်ဘဝမှာ တကြိမ်တည်းသောကြွက်ကိုက်ခံရသည့်အတွေ့အကြုံဖြစ်လေသည်။ ဝန်ထမ်းအိမ်ရာဧည့်ခန်းမို့ အသုံးနည်းသော ဧည့်ခန်းအားမောင်ပိုင်စီးထားပုံရသည့် ကြွက်သည် ကျွန်တော့အား ကျူးကျော်သူပမာသဘောထားကာ နှိပ်ကွပ်လိုက်ပုံရ၏။ ထိုအချိန် ဆိုင်းမဆင့်ဘုံမဆင့်ဆိုသလို ကျော်ရဲအောင်တို့ရောက်လာသည်။ 

    ကျွန်တော့်ခြေမထိပ်ကသွေးကို ရေဆေးရန်ထိုင်ခုံမှအထ သူတို့ရောက်လာကြခြင်းဖြစ်ရာ  အကျိုးအကြောင်းသိပြီး ကျော်ရဲအောင် စုတ်တသတ်သတ်ဖြစ်နေသည်။ သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေမြင်ရ၏။ မကောင်းဘူးဆရာကြီး ကြွက်ကိုက်တာမကောင်းဘူး ဟုလည်း တဖွဖွရေရွတ်နေသည်။ ဒဏ်ရာကိုရေစင်စင်ဆေးပြီး ကျွန်တော်အေးအေးဆေးဆေးရှိသည့်တိုင် သူကမကောင်းဘူးမန္တန်ရွတ်၍မပြီးတော့။ ဘာမကောင်းမှန်းလည်းမသိ ကျွန်တော်ကလည်းမမေး၊။ ထိုအချိန်သူ့ကောင်မလေးနှင့်မရွှေတောက်တို့ အိမ်ပေါ်ထပ်မှဆင်းလာရာ သူပြောပုံဆိုပုံကြည့်ပြီး နဂိုကြောက်တတ်သော မရွှေတောက်ပါစိုးရိမ်စိတ်ဝင်ကာ ဘာလုပ်ရင်ကောင်းမလဲတွေ ဘာတွေဖြစ်လာတော့သည်။ ကျော်ရဲအောင် ခေတ္တစဉ်းစားပြီးနောက် လာသွားကြမယ်ဆိုကာ ခလေးတွေပါကားပေါ်တင်ပြီး မောင်းထွက်လာခဲ့ကြ၏။ 

    ကျော်ရဲအောင်ခေါ်သွားသောနေရာမှာ ချုံဘူရီမြို့ပြင်တောင်ကုန်းပေါ်ရှိ ဘုန်းကြီးကျောင်း တကျောင်းသို့ဖြစ်၏။ ထိုင်းလက်ရာစေတီတစ်ဆူရှိသောထိုကျောင်းသို့ လာရောက်သူပရိသတ် အတော်များပြီးကျောင်းထိုင်ဆရာတော်ကိုဖူးဘို့အတော်လေးတန်းစီရသည်။ ကျော်ရဲအောင်က ကျွန်တော့်ကို လှူဖွယ်ဝတ္ထုများထည့်ထားသောပလပ်စတစ်ရေပုံးတစ်ပုံးအား ဘတ် ၅၀ ဖြင့် ဝယ်ယူစေသည်။ ပုံးထဲမှာ ဖယာင်းတိုင်အမွှေးတိုင်အပြင် တခြားဘာတွေပါသည်ကျွန်တော်မမှတ်မိတော့။ ဆရာတော်သည်သက်တော် ၇၀ ခန့်ရှိပြီခန့်မှန်းရသော ထိုင်းဘုန်းတော်ကြီးတပါးဖြစ်ပြီး ကျော်ရဲအောင်က အကျိုးအကြောင်းလျှောက်ထားသော် ကျွန်တော့်ခေါင်းကိုကိုင်ကာ ရွတ်ဖတ်သရဇ္ဈာယ်၏။ အနီးရှိရေစင်ဖလားအတွင်းမှရေစင်ကိုကြာဖူးဖြင့်နှစ်ကာ ခပ်ယူပက်ဖျန်းပေးသည်။ ကျန်သူများကိုရေစင်ဖျန်းကာဆုတောင်းပေးသည်။

    အပြန်ခရီးတွင်သူ့အရိပ်အကဲကိုကြည့်၍ ဘာကြောင့်ဒီကိုအသည်းအသန်ကြီးခေါ်လာရတာလဲဟု ကျော်ရဲအောင်ကို ကျွန်တော်မေးကြည့်သည်။ ဆရာကြီးကလူမုန်းများတယ်လေ ကြွက်ကိုက်တယ်ဆိုတာ ကံနိမ့်လို့ဖြစ်တာ လူမုန်းများတဲ့သူတွေ ကံနိမ့်ရင်အလွယ်တကူပြုစားခံရတတ်တယ်၊ ခုကောင်းသွားပြီဆိုကာ သူ့ဝသီအတိုင်းတဟားဟား အော်ရယ်နေ၏။ ငါ့ကိုလူမုန်းများမှန်း သူဘယ်လိုသိပါလိမ့်ဟုတွေးရင်း ယုံသည်မယုံသည်ထား စေတနာကိုလေးစားမိလျက်က ကျေးဇူးတင်ပါတယ် ကျော်ရဲအောင်ရယ် ဟုသာကျွန်တော်ပြောနိုင်သည်။ အိုးကမပူစလောင်းကပူဆိုသလို ဘန်ကောက်နှင့်ချုံဘူရီ ကီလို ၁၀၀ ကျော် စမွတ်ပရာကန်မှဆိုလျှင် ကီလိုတရာ့လေးငါးဆယ်ခရီးကို သူ့သဘောနှင့်သူ မညည်းမညူ အသွားအပြန်ကားမောင်းပို့ဆောင်ပေးခဲ့သော သူ့သံယောဇဉ်ကိုလည်း အသိအမှတ်ပြုခဲ့ရပါ၏။

 #                 #

    ဆရာကြီးအခေါ်ခံရသည်နှင့်စာလျှင် ကျော်ရဲအောင်ကိုကျွန်တော်သင်ပေးရသည်မှာ မဖြစ်စလောက်။ ခရီးသွားဟန်လွှဲရှင်းပြရုံလောက်ရှိသာသည်။ အိပ်နေသောအဘိဓာန်အား သူအပိုင်သိမ်းထားနိုင်သောအခါ ကျွန်တော်ပင်မလိုတော့သလောက်ဖြစ်သည်။ သို့သော် ဆရာကြီးကတော့ဆရာကြီးပါဘဲ။ တနယ်တကျေးမှာရွာခံအဖြစ် ကျွန်တော့ကိုသူဖေးမကူညီရသည်ကပိုများသည်မို့ ငါကမင်းကိုဆရာကြီးခေါ်ရမှာကျော်ရဲအောင်ရ ဟုကျွန်တော်ပြောလျှင်သူက မလုပ်ပါနဲ့ဆရာကြီးရယ် မိုးကြိုးတွေပစ်ကုန်ပါ့မ​ယ်ဟု ရယ်မောကာပြောတတ်၏။ ဤသို့သော ကျော်ရဲအောင်ပါတည်း။ ကျွန်တော်ကလည်း စာသာမရေးတတ်တယ် ပတ်ကားဖောင်တိန်လက်ကမချဘူး ဆိုသည်မျိုးဖြစ်လေရာ သူအတော်စိတ်ရှည်ရမှာသေချာသည်။ တခါတွင်မူ ကျော်ရဲအောင်ပင်ခေါင်းကုပ်ရသည့် အမှုတခုကိုကျွန်တော်ပြုလိုက်၏။

    ထိုအချိန်မိသားစုရန်ကုန်ပြန်သွားသောကြောင့် အိမ်မှာကျွန်တော်တယောက်တည်းကျန်သည်။ ယခင်လိုတယောက်တည်းမဟုတ်တော့သောကျော်ရဲအောင်သည်လည်း  မိသားစုမရှိသည့်အခါ အလာကျဲသွားသည်။ ဘန်ကောက်တွင်သိကျွမ်းပြီး ယခုတိုင်ခင်မင်ရင်းစွဲရှိနေသော ဦးဘာဘာချိုနှင့်သာ ကျွန်တော်ရုံးပိတ်ရက်ဘန်ကောက်မြို့ထဲမှာတွေ့ဆုံ စားသောက်လည်ပတ်လေ့ရှိ၏။ ထိုအချိန် ဦးဘာဘာချိုသည် ဘန်ကောက်ရှိမြန်မာကုမ္ပဏီတခုတွင် အစုစပ်လုပ်ကိုင်နေရာမှဘဝင်မကျသဖြင့်အပြင်ထွက်ကာ ကိုယ်ပိုင်အလုပ်လုပ်နေသည်။ တခုသောတနင်္ဂနွေ၌ နှစ်ဦးသား မြို့ထဲလမ်းလျှောက်ရင်း တပတ်ရစ်ကားများလေလံပစ်ရာ နေရာသို့ရောက်သွား၏။ ဘာရယ်မဟုတ်ဝင်ရောက်ကြည့်ရှုကြရာမှ အဖြူရောင်ခရိုင်ဆလာနီယွန်ကားလေးတစင်းကိုကျွန်တော်မျက်စေ့ကျမိလေသည်။ ဈေးနှုန်းက ဘတ်နှစ်သိန်းခွဲမို့ထိုခေတ်ငွေဈေးနှင့် မြန်မာငွေသိန်းနှစ်ဆယ် သုံးဆယ်ပတ်ဝန်းကျင်ဖြစ်မည်လားမသိ။ သာမန်အားဖြင့် ကျွန်တော့်မှာ ထိုမျှလောက်ငွေကြေး ပိုင်ဆိုင်မှုမရှိ။ သို့သော် ပူပူနွေးနွေးရထားသောသဒ္ဒါကြေးအမွေလေး မရွှေတောက်မှာရှိနေသည်။ 

   ထိုငွေကိုအိမ်ဝယ်ဖို့ ပြောသော်လည်း ယောက္ခမဘက်ကပိုက်ဆံနှင့်အိမ်မဝယ်ချင်ပါဘူးဆိုကာ ကျွန်တော်ကန့်ကွက်ခဲ့သဖြင့် သည်အတိုင်းရှိနေသည်။ ကျွန်တော် ချီတုံချတုံဖြစ်နေသည်ကို ဦးဘာဘာချိုက ဝယ်ချင်ရင်ဝယ် ကျုပ်မှာပိုက်ဆံပါတယ် ဟု ပြော၏။ သို့နှင့်ဝယ်ဖြစ်သည် ဆိုပါတော့။ သို့သော် ပြဿနာက ထိုမှစသည်။ ကားမှာနယ်လိုင်စင်ဖြစ်နေသဖြင့် လိုင်စင်ပြောင်းပြီးမှ ဘန်ကောက်မှာမောင်းလို့ရမည် (ဒါကြောင့်ထိုကားကိုဈေးပြိုင်ဝယ်မည့်သူမရှိခြင်းဖြစ်မည်)။ ပြောင်းပုံပြောင်းနည်း သူတို့ရှင်းပြသည်ကို ကျွန်တော်တို့နားမလည်။ သည်အခြေအနေရောက်မှ အရောင်းအဝယ်ဖျက်၍လည်းမရ။ နောက်ဆုံးကျော်ရဲအောင်ကို ဖုန်းဆက်ခေါ်ရ၏။ အကျိုးအကြောင်းသိသွားအခါ သူခေါင်းကိုတွင်တွင်ကုပ်ရှာသည်။ စည်းမျဉ်းစည်းကမ်းတွေဘယ်လိုရှိမှန်းမသိသော်လည်း သူတို့ထိုင်းအချင်းချင်း စကားအတန်ကြာပြောကြဆိုကြသည်ကို ငေးမောရင်းကျော်ရဲအောင်ကို ကျွန်တော်အားနာမိရသည်။

     မည်သို့ဆိုစေ ထိုကားကိုကျွန်တော်အမည်ပေါက်စီးကာ ဘန်ကောက်မြို့တွင်းမြို့ပြင်သာမက ပတ္တရား ဘုရားသုံးဆူ မဲဆောက်အထိ ခြေဆန့်နိုင်ခဲ့ပါ၏။ သည်မှာ ကျွန်တော်တခါတခါ (ငယ်ငယ်တုန်းကဘန်းစကားဖြင့်) ‘ဓာတ်ပေါက်’ လျှင် အနီးအနားရှိ ဆိုင်သူရောမဆိုင်သူတွေပါ မသက်သာလှသည်ကို စကားချပ်အနေနှင့် ပြောသင့်သည်ထင်ပါသည်။ ကားဝယ်ပြီးတစ်နှစ်ခန့်အကြာမှာ ပညာရေးကိစ္စအကြောင်းပြုလျက် မိသားစုမြန်မာပြည်ပြန်၊ သီရိဒုံတက္ကသိုလ်မှာ တက်နေပြီဖြစ်သည့်သားကြီးထံ ကားကိုအပ်ပြီး ကျွန်တော်အနောက်ဘက်သို့ခရီးထွက်ခဲ့၏။ ပညာရေးဆိုလျှင်တီကိုဆားနှင့်တို့သလိုဖြစ်တတ်သောသားအား တစ်နှစ်လောက်အောင့်ခိုင်းပြီး သားအဖနှစ်ယောက် ဘန်ကောက်မှာအခြေပြန်ချဖို့ အစီ အစဉ် လုပ်ထားခဲ့သည်။ သို့သော် သားကမနေနိုင်။ ကျွန်တော်အနားမှာမရှိစဉ် ဦးဘာဘာချိုကို ဂျီကျ၊ မည်သို့မျှဖျောင့်ဖျမရဘဲ ရန်ကုန်ပြန်သဖြင့် ကားဝယ်တုန်းကငွေစိုက်ပေးခဲ့သော ဦးဘာဘာချိုပင် သူ့မိတ်ဆွေထိုင်းလူမျိုးတစ်ဦးထံကားကိုပြန်ရောင်းပြီး ကျွန်တော့်ဆီငွေပို့ပေးခဲ့ရသည်။ 

    ကျွန်တော့သားနှင့်ရွယ်တူ (သူငယ်ချင်းလည်းသူငယ်ချင်း) တဦးတည်းသောသား၏ ဖခင် ဦးဘာဘာချိုနှင့် ကျွန်တော်ဆုံ၍ရှေးဟောင်းနောက်ဖြစ်တွေပြောကြတိုင်း သားအပေါ်သံယောဇဉ်ဖြင့်မေးရှာသည်။ ကျွန်တော် ပေယျာလကန်ထားလိုက်ပြီ ဟုပြောသည်ကို သဘောကျပုံမရသည့်တိုင် ဘာမျှမဝေဖန်။ သူကလည်းသူဘဲဗျာဆိုကာ ခင်ဗျားမှာကတခြားသားသမီးရှိတော့ တော်သေးတာပေါ့ ကျုပ်မှာဒီတယောက်တည်းမို့ ကြိုးစားပြီး သီးခံနေရတာပါဘဲဟု အရိပ်အမြွက်သဘောတော့ ပြောလေ့ရှိသည်။ ဘာဘဲဖြစ်ဖြစ် ဦးဘာဘာချိုသားက မိဘစကားအလေးထားရကောင်းမှန်းသိတာနဲ့တွင် သီးခံရကျိုးနပ်ပါတယ်ဗျာဆိုကာ အရွယ်ရောက်သားသမီး (အထူးသဖြင့်သား) ဖခင်တို့၏ ဝေဒနာကိုအဖြေရှာဖြစ်ကြသည်။ ထိုအချိန်မျိုး၌ သားကျောင်းအပ်စဉ်က ကားတစင်းဖြင့်လိုက်ပါကူညီရင်း ဘာကိုမြင်သည်မသိ သားသမီးကိုသိပ်အလိုမလိုက်နဲ့ဆရာကြီးဟု ကျွန်တော့ကိုပြော၊ ကျွန်တော့်သားကိုလည်း မိဘကိုသိပ်ဒုက္ခမပေးနဲ့ ဒို့တုန်းကတက္ကသိုလ်ရောက်တဲ့အထိ တနေ့မုန့်ဖိုး ဘတ် ၂၀ နဲ့လောက်အောင်သုံးခဲ့ရတာ ဟု ဆုံးမခဲ့ဖူးသော ကျော်ရဲအောင်ကို ပြေးပြေးမြင်မိသည်။

#                 #

       ကျောင်းပြီးသည့်အခါ ကျွန်တော်ဘန်ကောက်ကိုမပြန်ဖြစ်တော့။ ပြည်တွင်းပြန်ဝင်ကာ ဒုတိယအကြိမ် ယောက္မအိမ်မှာကပ်နေရင်း ပြည်တွင်းမှာအခြေချဖို့ ကြိုးစား၏။ တခါတခါ ဘန်ကောက်ထွက်ပြီး ပုတ်ပြတ်အလုပ်လုပ်သည်။ ကျော်ရဲအောင်နှင့် တကြိမ်ပြန်ဆုံခိုက် ဘန်ကောက်မှာခေတ္တရောက်နေသော ဒိုင်သန်မြန်မာမှကိုဇော်မြင့် (စုံစီနဖာ မောင်ပီတာ) နှင့် သူမိတ်ဆက်ပေးသည်။ ထိုအချိန် ကျော်ရဲအောင်မှာ အင်ဂျာဆိုးရင်းကွန်ပရက်ဆာကုမ္ပဏီတွင်လုပ်ကိုင်နေရာ မြန်မာပြည်ဈေးကွက်အတွက် ကိုဇော်မြင့်နှင့်ဆက်သွယ်မိပြီး (ယခုထိ) တရင်းတနှီးရှိကြသည်။ ကိုဇော်မြင့်နှင့်ကျွန်တော်ကလည်း စမ်းချောင်းမှာရပ်ကွက်နီးချင်းတွေဖြစ်နေပြန်သည်။ သို့သော် အိမ်ပိုင်ရာပိုင်မရှိသေးသဖြင့် ကျော်ရဲအောင်တို့လင်မယား (သူတို့လက်ထပ်ပြီးကြပြိီ) ရန်ကုန်လာစဉ် ကိုဇော်မြင့်တို့အိမ်မှာဆုံ၊ ထိုမှသူတို့ကို ပဲခူးဘုရားဖူးတရက်လိုက်ပို့ဖြစ်သည်မှအပ ဧည့်ဝတ်မကျေနိုင်ခဲ့။ ထို့နောက်ကျွန်တော်စင်္ကာပူသို့ပြန်ထွက်သည်။

    စင်္ကာပူမှာရှိစဉ်ကျော်ရဲအောင်နှင့် တခါတလေဖုန်းပြောဖြစ်၏။ သူဘွဲ့ယူခဲ့သော ကဆက်စပ် တက္ကသိုလ်မှာဆရာပြန်လုပ်နေသလိုလို ပါရဂူသင်တန်းတက်နေသလိုလိုသိရသည်။ ကျွန်တော် ပြန်လာသည့်အခါ စမ်းချောင်းမှာမနေတော့သဖြင့် ကိုဇော်မြင့်နှင့်မဆုံဖြစ်သလို ကျော်ရဲအောင် သတင်းလည်းမကြားရ။ ကျွန်တော်ကလည်းစိတ်ကူးပေါက်ရာတွေလျှောက်လုပ်နေသောကြောင့် သူ့အကြောင်းခေါင်းထဲသိပ်မရောက်ဖြစ်။ ကိုဗစ်မတိုင်မီ တနှစ်လောက်မှာ  ဘန်ကောက်သို့သွားရန်ရှိသဖြင့် ကိုဇော်မြင့်ထံဖုန်းဆက်ပြီး ကျော်ရဲအောင်ဖုန်းနံပါတ်တောင်းသည်။ ထိုအခါမှသူနာမည်ပြောင်းထားကြောင်းသိရ၏။ ထိုင်းနာမည်သာပြောင်းပြီး ဗမာနာမည်မှာတော့ ကျော်ရဲအောင်ကကျော်ရဲအောင်ပါဘဲဆိုသဖြင့် ပြုံးမိရသေးသည်။ စပွတ်ပရကန်ရှိနေရာဟောင်းကလေးကိုသွားလည်ရင်း သူ့ကိုဖုန်းဆက်သည့်အခါ တကူးတကန့်လာတွေ့ရှာသည်။

         နှစ်ပေါင်းများစွာအတွင်းပြန်တွေ့ရသော ကျော်ရဲအောင်၏ ပကတိလူကြီးဆန်ဆန် ဟန်ပန်နှင့် ပုံပန်းသဏ္ဌာန်ကိုကြည့်ရင်း အင်းလေငါတောင်အဖိုးကြီးဖြစ်နေမှပဲဟု ကိုယ့်ကိုယ်ကိုဆင်ခြင်မိရ၏။ မိန်းမရောခလေးရော (သူတို့မှာသမီးတစ်ဦးထွန်းကားသည်ကြားထားသဖြင့်) နေကောင်းကြလားဟု မေးရာ မိန်းမနဲ့ကွဲသွားပြီဆရာကြီးရဲ့ သမီးကဘန်ကောက်မှာ ကျွန်တော့်မိဘတွေနဲ့ အတူနေတယ် ဟု ဖြေသည်။ ကျွန်တော်ဘာဆက်မေးရမှန်မသိ၊ ပေါ့ပေါ့ပါးပါးဖြစ်စေရန် ဒါဆိုမင်းက လူပျိုပြန်ဖြစ်ပြီပေါ့ ဟု အရွှန်းဖောက်သည်ကို သူကပြုံးရုံပြုံးပြီး မဟုတ်ဘူး ခုမိန်းမထပ်ရနေပြီဟုဆိုသည်။ ဘယ်ကလဲဗမာပဲလားဟု မေးသည့်အခါ တိုင်းရင်းသူတယောက်ပါ ဟုဖြေသည်။ ထိုထက်ပို၍ ကျွန်တော်မစပ်စုတော့။ သူအခု ရရောင် (သူတို့အခေါ်လရောင်) မှာနေသည် ယခုထိုမှလာရသည်ဟု သိရသဖြင့် နောက်တခါမြန်မာပြည်လာဖြစ်ရင် ဆက်သွယ်ပါကွာဟုသာ မှာပြီးလမ်းခွဲကြရသည်။

      ကိုဇော်မြင့်ထံမှ ကျော်ရဲအောင်မြန်မာပြည်သို့ လာလေ့ရှိသော်လည်း ရန်ကုန်သို့မဝင်၊ အဖွဲ့လိုက်မန္တလေးတိုက်ရိုက်သွားပြီး ကထိန်ခင်းသည်မျိုး၊ ပုဂံဘုရားဖူးပြီးပြန်သည်မျိုးသာရှိကြောင်းသိရ၏။ ရန်ကုန်ကိုလာမယ်ဆိုရင် ကျွန်တော့်ကိုပြောစမ်းပါဗျာဟု သူ့ကိုမှာထားရသည်။ ပြီးခဲ့သော သုံးလေးလက ကျော်ရဲအောင်ရန်ကုန်လာသဖြင့်လေဆိပ်မှာသွားကြိုသည့်အကြောင်း ကိုဇော်မြင့်တင်ထားသောပို့စ်ကို စင်္ကာပူမှာ ကျွန်တော်ဖတ်ရ၏။ ဘယ်လောက်ကြာကြာနေသွားလဲ ဟု မက်ဆင်ဂျာမှမေးသော် နှစ်ရက်ပဲကြာတယ်အစ်ကိုကြီး၊ ရွှေတိဂုံဘုရားလာဖူးတာဟု သူပြန်ဖြေသည်။ အင်း ကျော်ရဲအောင်တယောက် အသက်ကြီးပေမဲ့ မပျက်စီးသေးဘဲကို ဟု တွေးကာ အသက်ကြီးလေဘုရားကျောင်းကန်နှင့်ဝေးလေဖြစ်နေသော ကိုယ့်ကိုယ်ကိုမြင်ယောင်လာလေ၏။

    သည်တခါကျော်ရဲအောင်နှင့်တွေ့၍ ဆရာကြီးဟုခေါ်လျှင် ဟေ့ ဟေ့ မလုပ်ပါနဲ့ကွာ မိုးကြိုးတွေဘာတွေပစ်ကုန်ပါ့မယ် ဟုပြောလျှင်ကောင်းမည်လား။ သည့်ထက်ပို၍ သူမှတ်မိနိုင်ဦးမည်ဆိုလျှင် ငါကဆရာကြီးမဟုတ်တော့ဘူး ဘုန်းကြီးတစ္ဆေဖြစ်နေပြီကွ ဟု သူ့အလျင်ဦးအောင်ပြောရမည်လား ကျွန်တော်မဝေခွဲတတ်တော့ချေ။

Friday, October 31, 2025

ကျွန်တော်နှင့် သီးဆစ်

 


[၁]

စက်မှုတက္ကသိုလ်မှာ နောက်ဆုံးနှစ်ကျောင်းသားတိုင်း သီးဆစ်လုပ်ရသည်။ ဘွဲ့ယူကျမ်း၊ ကျမ်းပြုစုသည်စသည့် တရားဝ င်အသုံးအနှုန်းရှိသော်လည်း ကျွန်တော်တို့ အသိုင်း အဝိုင်းမှာတော့ သီးဆစ်၊ သီးဆစ်လုပ်သည်ဟုသာပြောဆိုလေ့ရှိကြ၏။  နောက်ဆုံးနှစ် ရေးဖြေဘာသာရပ်များနည်းတူ အရေးပါသဖြင့် ဝိရီယစိုက်ကြသည်။ ခြောက်နှစ်ခြောက်မိုးသင်ယူကာ ကျမ်းကြီးကျမ်းခိုင်ပြုစုပြီးမှရသည့်ဘွဲ့တစ်ဘွဲ့အဖြစ် ဂုဏ်ယူနိုင်မည့်အခွင့်အလမ်းတရပ်အနေနှင့်လည်း တန်ဖိုးထားကြပါသည်။ အချို့လူတော်တွေဆိုလျှင် နောက်ဆုံးနှစ်မရောက်မီကပင် သီးဆစ်အတွက် ကြိုတင်ပြင်ဆင်ကြသည်ဟု ကြားဖူးပါ၏။ အကြောင်းကြောင်းကြောင့် မပြင်ဆင်နိုင်ကြလျှင်လည်း ဌာနမှပေးသော ခေါင်းစဉ်တရပ်ရပ်ကိုရွေးချယ်လျက် ပြီးမြောက်အောင်မြင်အောင် ကြိုးပန်းကြသည်။ ခေါင်းစဉ်ပေါ်မူတည်ကာ တစ်ယောက်တည်း ဆောင်ရွက်သည်မျိုးရှိသလို နှစ်ယောက်နှင့်အထက် အဖွဲ့လိုက်ပြုစုကြသည်များလည်းရှိလေသည်။

၁၉၇၈ ခုနှစ်တွင် ကျွန်တော်စက်မှုအင်ဂျင်နီယာနောက်ဆုံးနှစ်သို့ရောက်၏။ ကျောင်းမှာခြောက်နှစ်ခြောက်မိုးကြာခဲ့ပြီမို့ အပေါင်းအသင်းအတော်အတန်ရှိပြီ။ သို့သော် အရင်း အချာ ဆို၍ လှည်းကူးသားတစ်ယောက်သာပြစရာရှိသည်။ သူနှင့်ကျွန်တော် ပထမနှစ်နှင့်ဒုတိယနှစ်တို့မှာ ခုံနံပါတ်ချင်းကပ်လျက်၊ တတိယနှစ်တွင် တိုင်ပင်မထားပါဘဲ ဘာသာရပ်တခုတည်း အတူတူယူခဲ့ကြသည်မှစကာ တွဲဘက်ဖြစ်ခဲ့ကြ၏။  သီးဆစ်ကိုလည်း သည်အတွဲအတိုင်းလုပ်ဆောင်ရန် အစီအစဉ်ရှိကြသည်။ ကျွန်တော်တို့က လူတော်စာရင်းမဝင်သလို ကြိုတင်ပြင်ဆင်ရာမှာလည်း အားနည်းကြသည်ဖြစ်ရာ ဌာနမှသတ်မှတ်ပေးသော ခေါင်းစဉ်များထဲမှရွေးချယ်ဆောင်ရွက်ကြဖို့ သဘောညီလျက်မပူမပင်ရှိခဲ့ကြပါ၏။ မပူ ပင်နိုင်ဟုပြောလျှင် ပိုမှန်ပါလိမ့်မည်။ 

တစ်နှစ်စာတစ်နှစ် ဖြစ်ဖြစ်မြည်အောင်ကြိုးကုတ်ကြရသူတို့ထုံးစံ ရေးဖြေစာမေးပွဲအတွက်လုံးပန်းချိန်မှာသီးဆစ်ကို မစဉ်းစားနိုင်။ လူမိုက်အားပေးဆိုသလို ထိုအချိန်က သူလိုကိုယ်လိုလူပျင်းတွေအကြား ရေပန်းစားသောစကားတခွန်းကလည်းရှိနေသည်။ အချိ န်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာဟု သီးဆစ်အကြောင်းစကားမိကြတိုင်း အချင်းချင်း အားပေးလေ့ရှိကြ၏။ သူများနွားပိန်တွေတော့မသိ သည်နွားပိန်နှစ်ကောင် အချိန်တန်၍ အားသွန်ခွန်စိုက်ကန်မည်ကြံသည့်အခါခြေပင်မြှောက်ခွင့်မရလိုက်သည့်အဖြစ်ကြုံရသည်။ စင်စစ်မူ ဘယ်သူမပြုမိမိမှုသာဟုယူဆရမည့်နှယ်ဖြစ်ပါသည်။ သို့သော် ထိုအဖြစ်ကြောင့် ဤမည်သောသီးဆစ်ပုံပြင်တပုဒ် ဘဝမှာအမှတ်ထင်ထင်ကျန်ခဲ့သည်မှာတော့ ယခုသို့အချိန်အိုအဆွေးလေးတွေကို နွားပိန်လိုကွေးပြီး စမြုံ့ပြန်နေဖြစ်သည့် ကာလနှင့်လိုက်လျောညီထွေရှိပါ၏။ 


[၂]


ရေးဖြေအတွက်ခေါင်းမဖော်နိုင်အောင် လုံးပန်းရနေသည့်ကြားထဲ စာမေးပွဲဖြေဖို့ရက်ပိုင်းအလိုမှာ ကောက်ကာငင်ကာ ကျွန်တော်ဖျားသည်။ အလွန်တရာနာဖျားခြင်းကင်းသူက ဖြစ်မည့်ဖြစ်တော့ တိုက်ဖွိုက် ခေါ်  အူရောင်ငန်းဖျားနှင့် တိုး၏။ ဆရာဝန်က ဆေးရုံတက်စေချင်သည့်တိုင်မတက်ဘဲ အဆောင် ‘က’ ရှိ လှည်းကူးသား အခန်းမှာနေလျက် ဆေးသောက်ကာ စာမေးပွဲဖြေသည်။ ပဋိဇီဝဆေးပြင်း၊ အစာရှောင်၊ အိပ်ရေးပျက်၊ အားနည်းခြင်းတို့ကြောင့် စာမေးပွဲပြီးပြီးခြင်း သူတကာလို သီးဆစ်မစနိုင်ခဲ့။ ခေါင်းစဉ်ပင်မရယူနိုင်သေး။ တပတ်ခန့်နောက်ကျပြီးမှ သီးဆစ်ခေါင်းစဉ်ယူရန် ဌာနသို့သွားဖြစ်ကြ၏။ ထင်သည့်အတိုင်းပင် ဟိုစဉ်ကပြည်သူ့ဆိုင်တွေမှာ ကြုံနေကျအဖြေမျိုး “ကုန်ပါပြီ” နှင့်တိုးလေသည်။ သီးဆစ်ခေါင်းစဉ်များကို ဦးရာလူစံနစ်ဖြင့် ကျောင်းသားများရယူသွားကြပြီးမို့ လက်ကျန်မရှိတော့။ ဘာလုပ်ကြမည်နည်း။ 

ဒါဆိုပြန်ကြမယ်ဆိုကာ သမဆိုင်ကလှည့်ပြန်သလိုပြန်၍မဖြစ်။ နဂိုကပင်အဖြစ်မရှိသူတွေ ခုချိန်ကျမှ ကိုယ့်ခေါင်းစဉ်နှင့်ကိုယ် စလုပ်ဖို့ဆိုသည်မှာ ကြံစည်အပ်သောအရာမဟုတ်ချေ။ မျက်နှာငယ်လေးများဖြင့် သီးဆစ်ခေါင်းစဉ်ဝေငှပြီးစာရင်းအား အနုလုံ (အသေးစိတ်)၊ ပဋိလုံ (အပြန်ပြန်အလှန်လှန်) ကြည့်ကြ၏။ ရွှေမန်းတင်မောင်ဗုဒ္ဓဝင်ဇာတ်တော်ထဲ၌ တုဿီတာနတ်သား ပစ်ချလိုက်သော မြားတံမှာသူ့နာမည်ပါမပါ သုဒ္ဓေါသနမင်းကြီးကြည့်သလိုမျိုးကြည့်သည်။ နောက်ဆုံး၌ အဖျင်းစား ဝိရိယအကျိုးတရပ် ခံစားရပါ၏။ ခေါင်းစဉ်တစ်ခုကျန်နေသည်။ စင်စစ်ဌာနမှခေါင်းစဉ်စေ့လူစေ့စီစဉ်လိမ့်မည်ဖြစ်ရာ ထိုတစ်ခုသော ရွေးကျခေါင်းစဉ်သည် ကျွန်တော်တို့အတွက် ထိုက်တန်စွာကျန်ရစ်နေခြင်းဖြစ််ပါလိမ့်မည်။   

ခေါင်းစဉ်အမည်မှာ The Design of Mortuary Refrigeration ခေါ်  ရေခဲတိုက်အအေးပေးစံနစ်ဒီဇိုင်း ဖြစ်၏။ နောက်ဆုံးနှစ်တွင်သင်ယူရသော Refrigeration and Air-conditioning ဘာသာရပ် အသုံးချခေါင်းစဉ်ဖြစ်ရာ ပရမတ်အရ ဆိုးသည်မဆိုသာ။ ပညတ်နယ်သားတွေအဖို့ ရာမှာတော့ မဆိုးလျှင်ပင်အကောင်းကြီးမဟုတ်သည်မှာသေချာသည်။ မည်သူမျှမရွေးလိုသောခေါင်းစဉ်ဖြစ်သည်ကိုလည်း မည်သူမျှမရွေးဘဲ ကျန်နေခြင်းက သက်သေခံနေ၏။ သို့သော် ကျွန်တော်တို့ကရော ဘာများတတ်နိုင်ကြပါမည်နည်း။ ဘယ်လိုလဲဟုလှည်းကူးသားကမေးသည်။ ဘယ်လိုရမှာလဲ ရွေးရုံပေ့ါဟုကျွန်တော်ဖြေသည်။ သူများမလုပ်ချင်တဲ့အလုပ်လုပ်ရတာလဲ မဆိုးပါဘူး၊ အတွေ့အကြုံတခုပေါ့ ဟု ပြောရင်းဟန်လုပ်ကာအားတင်းကြ၏။ ထို့နောက် ခေါင်းစဉ်နှင့်ယှဉ်တွဲဖော်ပြထားသောကြီးကြပ်သူဆရာထံသတင်းပို့ရန် ထွက်ခွါခဲ့ကြလေသည်။

ဆရာဦးကြည်သည် ကမ္ဘာကျော်ခရင်းဖီးတက္ကသိုလ်ဆင်း လေကြောင်းပျံသန်းရေးဘွဲ့လွန်ပညာရှင် ဖြစ်၏။ ဆရာနှင့်မော်ကျူရီခေါင်းစဉ်မည်သို့မည်ပုံဆက်စပ်မည်ကို မခန့်မှန်းနိုင်သော်ငြား ဆရာသဘောကောင်းသည်ကိုသိထားသဖြင့် ကျွန်တော်တို့စိတ်သက်သာရာရကြသည်။ ပင်ကိုယ်အားဖြင့်စကားနည်းသူဆရာသည် ကျွန်တော်တို့နောက်ကျသည့်ကိစ္စ ဘာမျှမစူးစမ်းသလို ဘာမှလဲမပြော။ သီးဆစ်အကြောင်းကိုလည်း ထူးထူးထွေထွေမဆို။ ပြင်ပပညာရှင်နှင့်ဆောင်ရွက်ရမည်မို့ သွားရောက်ဆက်သွယ်ရန်သာညွှန်ကြားသည်။ တိုးတက်မှုအခြေအနေ ပုံမှန်အစီရင်ခံရန်နှင့် လိုအပ်သည့်အကူအညီရှိလျှင်တောင်းခံရန်သာပြောသည်။ ကျွန်တော်တို့လည်း စိတ်လက်ပေါ့ပါးစွာပြန်လာခဲ့ကြ၏။ အချိန်တန်တော့ နွားပိန်တွေကန်ခွင့်ရခဲ့ကြပါပြီ။ နည်းနည်းနောက်ကျသဖြင့် ခြေတော့မြန်မြန်မြှောက်မှဖြစ်မည်။ 


[၃]


ဦးအောင်ကျော်သာသည် အမေရိကန်နိုင်ငံအပူနှင့်အေးခဲမှုစနစ်အင်ဂျင်နီယာအသင်းကြီး (ASHRAE) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏။ ပြည်တွင်းပြည်ပအတွေ့အကြုံအပြင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရှိသူမို့ ထိုခေတ်အိမ်သုံးစက်ရုံသုံးအပူအအေးပေးစက်များတပ်ဆင်ခြင်းတွင်လူသိများသောအတိုင်ပင်ခံတစ်ဦးဖြစ်သည်။ သူနေထိုင်ရာ ၄၂ လမ်းနေအိမ်၌ပင် ရုံးခန်းဖွင့်ထားသည်။ ရခိုင်တိုင်းရင်းသားစကားဝဲ၏။ သဘောကောင်းပြီးဖော်ရွေသည်။ ယင်းမှာကျွန်တော်တို့နှင့်ရက်ပိုင်းမျှထိတွေ့ဆက်ဆံရသောကာလတိုအတွင်းအကဲခတ်ရသမျှဖြစ်သည်။  ထိုမျှကာလတိုလေးသာသူနှင့်ဆုံလိုက်ရခြင်းမှာမူ ဇာတ်လမ်းအရဟု ပြောရမည်။ 

ကျွန်တော်တို့ သတင်းပို့လျှင်ပို့ချင်း စာအုပ်စင်မှကိုးကားစာအုပ်များ၊ နည်းပညာလက်စွဲဖိုင်ကြီးများကိုချလျက် အအေးပေးစနစ်တစ်ခု၏ ဒီဇိုင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆရာကရှင်းပြ၏။ စာမေးပွဲပြီးစမို့ ခေါင်းထဲမှာစာတွေကျန်နေဆဲဖြစ်ရာ ဆရာရှင်းပြသမျှကျွန်တော်တို့လိုက်နိုင်ကြသည်။ ပထမနေ့မှာပင် ဆရာကကျွန်တော်တို့ကို design load ခေါ် ဝန်အားစတင်တွက်ချက်ရန် ညွှန်ကြား၏။  ထိုနေ့မှာပင် ဝန်အားတွက်ရန် စာအုပ်တွင်းမှာပေးမထားသော အဓိကလိုအပ်ချက်တခုဖြစ်သည့် လူ့အပူဆကို အထွေထွေပုံသေနည်းအသုံးပြု တွက်ချက်ပြသနိုင်ခဲ့ရာ ဆရာ၏ ဂွတ်ဒစ်ကာဗရီ ဟု ဩဘာပေးခြင်းခံရသည်။ အစကတော့ကောင်းနေပြီ။။  

သို့သော် သည်မျှလောက်ဖြင့် တင်းတိမ်နေ၍မရ။ ခရီးကခုမှအစဘဲရှိသေးသည်။ စင်စစ်ကျွန်တော်တို့အဖြစ်မှာလည်း ပွဲထဲကလူပြက်ပြောသလို ထွက်ထွက်ဆိုလို့ထွက်လာရတယ် ငါဘာကောင်ပါလိမ့်ဆိုသည်မျိုး။ ခုချိန်ထိ ရေခဲတိုက်အအေးပေးစံနစ်ဆိုသည်ကလွဲ၍ ဘာမှမသိရသေး။ အတွက်အချက်သက်သက်လား၊ စံနစ်ဒီဇိုင်းလား၊ အသုံးချဒီဇိုင်းလား၊ ရှိရင်းစွဲလား၊ အသစ်လား၊ ဘယ်နေရာဘယ်မှာတပ်ဆင်မှာလဲ ဘာတခုမျှမသိရသေး။ ကျွန်တော်တို့ကိုမပြောသေး၊ ကျွန်တော်တို့ကလည်းမမေး၊ မမေးရဲဆိုလျှင်ပိုမှန်မည်။ သို့နှင့်လိုအပ်သည်များကိုဖတ်ရှုမှတ်သားရင်းလေးငါးရက်မျှကြာသွားခဲ့၏။


[၄]


တရက်နံနက်စောစောရုံးခန်းအတွင်းသို့ ယူနီဖောင်းဝတ် တပ်မတော်အရာရှိ ဗိုလ်မှူးတစ်ဦးဝင်လာ၏။ ဆရာဦးအောင်ကျော်သာနှင့် စကားအချို့ပြောကြပြီးနောက် ဆရာကကျွန်တော်တို့ကို ဗိုလ်မှူးနှင့်မိတ်ဆက်ပေးသည်။ ခင်ဗျားတို့ပရော့ဂျက်အတွက်ဒေတာကောက်ရအောင်ဗိုလ်မှူးနဲ့လိုက်သွားပါ၊ ဒေတာအားလုံးရတဲ့အထိ အဲဒီကိုသွားပြီး ဗိုလ်မှူးညွှန်ကြားတဲ့အတိုင်းဆောင်ရွက်ပါ။ ပြီးမှပြန်လာပြီးဆက်လုပ်ကြတာပေါ့ဟုလည်းပြောသည်။ ကျွန်တော်တို့ကလည်းအသင့်ပင်၊ လွယ်အိပ်လွယ်ဖိုင်ဆွဲလျက်ဗိုလ်မှူးနှင့်အတူလိုက်ခဲ့ကြ၏။ စက်မှုတက္ကသိုလ်ဆင်းလျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သောဗိုလ်မှူး၏ စစ်စိမ်းရောင်ဘွန်ဂိုကားလေးပေါ်မှာ စကားပြောမိကြတော့မှ ကျွန်တော်တို့ဆောင်ရွက်ရမည့်သီးဆစ်သည် မင်္ဂလာဒုံတပ်မတော် ဆေးရုံကြီးရေခဲတိုက်မွမ်းမံရေး (ယခုခေတ်အလို အပ္ပဂရိတ်) ပြုလုပ်ရန်အတွက်ဖြစ်ကြောင်းသိလာရသည်။ 

ဗိုလ်မှူးတို့လျှပ်/စက်ဌာနသည်မင်္ဂလာဒုံဆေးရုံကြီးဝင်းအတွင်းမှာပင်ရှိသည်။ သူ့ရုံးခန်းသို့ရောက်သော် ဗိုလ်မှူးက ကျွန်တော်တို့အား ပေကြိုးဘူးကြီးတစ်ဘူးထုတ်ပေးသည်။ ထိုပေကြိုးကိုအသုံးပြုလျက် လက်ရှိအအေးပေးစံနစ်တခုလုံး၏ တည်ဆောက်ထားရှိပုံအားတိုင်းတာကာ မှတ်တမ်းတင်ရမည်ဖြစ်လေသည်။ စက်ကရိယာတွေရဲ့အသေးစိတ်ဒေတာက လက်စွဲစာအုပ်တွေထဲမှာရှိတာမို့ အပြင်ပန်းလုပ်ငန်းတွေပြီးမှကူးကြတာပေါ့ဟု ဗိုလ်မှူးကပြော၏။ ကျွန်တော်တို့လည်း ချက်ချင်းဆိုသလိုဆေးရုံဘက်သို့ထွက်ခဲ့ကြသည်။  ကိုယ်နှင့်အကျွမ်းမဝင်သောနယ်မြေမို့ နေရာများကိုအရင်လေ့လာကာ ပုံကြမ်းဆွဲမှတ်တမ်းတင်ကြသည်။

နောက်တစ်နေ့ တိုင်းတာရေးအလုပ်စကြ၏။ ဦးစွာပထမ စက်ကရိယာများကို တိုင်းတာပုံထုတ်သည်။  ပြီးလျှင် ပိုက်လိုင်းစံနစ်များအား မှတ်သားပြီး ဒိုင်ယာဂရမ်ဆွဲသည်။ စံနစ် တခုလုံးအသုံးပြုထားသည့် ပိုက်များအား တိုင်းတာသည်။ ပိုက်အများစုကို မျက်နှာကျက်ပေါ်မှ သွယ်ထားသည်ဖြစ်သောကြောင့် မျက်နှာကျက်အပေါ်တက်၍ အစအဆုံးတိုင်းထွာရ၏။ ကျွန်တော်မှတ်မိသလောက် အဆောက်အဦမှာ တစ်ထပ်အုပ်ညှပ်ဖြစ်သဖြင့် မျက်နှာကျက်ပေါ်တက်ရန်အခက်အခဲမရှိ။ အလင်းရောင်အပြည့်အဝ မရစေကာမူ မြင်သာထင်သာရှိသည်။ အချိန်တော့ပိုယူရသည်။ အထူးသဖြင့် မျက်နှာကျက်တန်းများပေါ်ခြေချော်ကာကျွံမကျစေရန် (အောက်မှာ ကုသခန်းတွေ၊ ခွဲစိတ်ခန်းတွေရှိသည်) ဂရုစိုက်ရသည်။ အားလုံးပြီးသော် ရေခဲတိုက်အခန်းကိုတိုင်းတာကြ၏။ 

ကျွန်တော်ငယ်ငယ်ကနယ်မြို့နယ် တမြို့တွင်နေခဲ့ဖူးသည်။ ထိုမှာဖခင်ရောမိခင်ပါဆေးရုံတက်ရဖူးသဖြင့် ဆေးရုံသို့သွားလာဝင်ထွက်ခဲ့ဖူး၏။ ဆေးရုံနောက်ကျောဘက် ခပ်လှမ်းလှမ်း၌ မြင်နေရသော ရေနံချေးသုတ်အဆောက်အဦကို ရင်ခွဲရုံဟု လူကြီးတွေပြောကြ၏။ ရင်ခွဲရုံဆိုသည်မှာ ရေခဲတိုက်ကိုခေါ်သည့် အရပ်စကားဖြစ်ကြောင်းကိုလည်း သိလာရသည်။ ရန်ကုန်ရောက်ပြီး ဖခင်ဖြစ်သူဆေးရုံကြီးမှာကွယ်လွန်သည့်အခါ ရေခဲတိုက်ကိုနီနီးကပ်ကပ်မြင်တွေ့ဖူးလေသည်။ ဟိုတုန်းကရန်ကုန်ဆေးရုံကြီးတွင်ကွယ်လွန်သူတိုင်းလိုလို ဆေးရုံကြီးရေခဲတိုက်မှကြံတောသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ကြသည်မို့ ရင်းနှီးသူအချို့၏နာရေးကိစ္စနှင့် အခါအားလျော်စွာရောက်ဖူးပါ၏။ အသုဘရှုဖို့ပြင်ဆင်သည့်အခန်းသို့ဝင်မိတိုင်းအတွင်းဘက်သိုလှောင်ခန်းများဆီမှ ပိုးသတ်ဆေးဖီနိုင်းအနံ့နှင့်အတူစိမ်းရွှေရွှေအနံ့တမျိုးကိုသတိထားမိခဲ့ဖူးသည်။ 

ကျွန်တော်တို့မှတ်တမ်းယူသည့်ရေခဲတိုက်မှာ ထိုအနံ့မျိုးအပြင် အခြားအနံ့တမျိုးလည်းရသည်။ ဆိုးဆိုးရွားရွားတော့မဟုတ်။ အခန်းထောင့်တွင်ဖြတ်တောက်ပြီးသားကိုယ်လက်င်္အဂါအချို့ယာယီစွန့်ပစ်သည့် ပုံးတစ်ပုံးရှိရာ အနံ့သည်ထိုမှလာခြင်းဖြစ်နိုင်သည်။ အအေးပေးစံနစ်မလုံကြောင်း ဒီဇိုင်းတွင်ထည့်သွင်းစဉ်းစားရန် မှတ်သားထားလိုက်သည်။ တိုင်းတာသည့်အခါမှာလည်း သိုလှောင်စင်များရှိရာ အခန်းငယ်များ၏ ပြင်ပမှသာဆောင်ရွက်ကြ၏။ မည်သို့ဆိုစေ ကိစ္စအဝဝအတွက် အချိန်တစ်နာရီခန့်ကြာမြင့်ရာ အတော်ပင်မနှစ်မြို့ဖွယ်ဖြစ်ကြောင်း မှတ်မိနေပါသည်။ ထိုအတွက် ကျွန်တော် ထူးထူးခြားခြားမကြုံခဲ့သော်ငြား လှည်းကူးသားအတွက်ပြဿနာအတန်ရှိခဲ့ပုံရ၏။ ထိုနေ့မှသုံးလခန့်ကာလအတွင်း အသားနှင့်သူထမင်းမစားနိုင်ဖြစ်ခဲ့ကြောင်း နောင်တွင်ပြန်ပြောသဖြင့်သိရသည်။ အနိဋ္ဌာရုံတန်ခိုးဆိုပါတော့။ 


[၅]


ကျွန်တော်တို့အတွက် ဣဋ္ဌာရုံအခိုက်အတန့်လေးတွေရှိခဲ့သည်ကိုလည်း ရေးကြီး ခွင်ကျယ်မဟုတ်သည့်တိုင် ချန်လှပ်မထားသင့်ဟုထင်သည်။ ယင်းမှာ ထိုမျှတိုတောင်းသောကာလအတွင်း ကျွန်တော်တို့လိုပင် ဆေးရုံနှင့်ဆက်နွယ်ကာ ဘွဲ့ယူစာတမ်းပြုစုဖို့ရောက်နေကြသော စီးပွါးရေးတက္ကသိုလ်ကျောင်းသူနှစ်ဦးနှင့်တွေ့ဆုံပြီး ခင်မင်ရင်နှီးခဲ့ကြခြင်းပါတည်း။ ခုပြန်စဉ်းစားရာ၌ အမည်နာမသာမက ဖြူသည်ညိုသည်ကိုယ်လဲမသိတော့ပြီဟုဆိုရမည့် မချောနှစ်ယောက်သည် (ကျွန်တော်တို့ခေတ်က အီကိုကို မိန်းမလှကျွန်းဟုတင်စားလေ့ရှိကြ၏) ပီဘိခင်မင်နှစ်လိုဖွယ်ရာဟူ၍တော့မှတ်မိနေသည်။ စင်စစ် ထမင်းစားချိန်သူတို့နှင့် ကင်တင်းအတူထိုင်ရုံလောက်သာ ဆုံကြခြင်းဖြစ်သော်လည်း ကျောင်းသူကျောင်းသားချင်းမို့ အလွယ်တကူရင်းနှီးသွားခဲ့ကြသည်။ 

သူတို့ရှိရာရုံးတွင်းသို့ ကျွန်တော်တို့သွားရောက်လည်ပတ်ခြင်းမပြု။ မသင့်တော်ဟု ယူဆသည့်အပြင် ကျွန်တော်တို့မှာလည်းအချိန်ကဆင်းရဲလွန်းသည်။ နေ့လည်နေ့ခင်း သူတို့အားလပ်ခွင့်ရသည့်အခါမျိုး၌ ကျွန်တော်တို့တိုင်းရာတာရာနေရာသို့ ရောက်လာတတ် ၏။ ထိုမျှအချိန်ပိုင်းကလေးမှာ ကျွန်တော်တို့ကလည်း ကြေးတိုင်မင်းမောင်လူအေး၏ လက်စွဲတော်ကြီးများနှယ် ဖိုင်တွဲတကိုင်ကိုင်၊ ပေကြိုးတကားကားဖြင့် ဂိုက်ပေးကြသည်။ အမှန်တော့ ကျေးလက်ပုံပြင်တခုထဲကလို (ကန်တော့ပါရဲ့) ဒီမသာတွေ ဒီအဆင့်ထက်မပိုနိုင်ကြသော်လည်း သည်လိုအခိုက်အတန့်လေးများမှာတော့ အမှန်ပင်အမောပြေရပါ၏။ ဣဋ္ဌာရုံပေကိုး။ 

သည်မှာလည်း ဇာတ်လမ်းအရ ကျွန်တော်တို့၏ တွေ့ဆုံခန်းမှာ ဤမျှသာရှိခဲ့ပါသည်။ မည်သို့ဆိုစေ မတတ်သာ၍ ရွေးချယ်ကာစတင်ခဲ့ရသော သီးဆစ်အလုပ်တွင်ကျွန်တော်တို့ ပျော်ပိုက်စပြုလာခြင်းအကြေင်းတစ်ရပ်အဖြစ်တော့ မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ သို့နှင့်တိုင်းတာရေးလုပ်ငန်း ပုံကြမ်းမှတ်စု စုံလင်စွာဆောင်ရွက်ပြီးစီးသည့် ကာလသို့ရောက်ခဲ့ပါပြီ။ စက်ကရိယာဒေတာများလက်စွဲစာအုပ်များအတွင်းမှကူးယူသည့်အစီ အစဉ်ပြီးလျှင် ဒီဇိုင်းလုပ်ငန်းစတင်နိုင်ပြီ။ နီးနီးနားနားသည်မှာဆက်လုပ်ကြမည်လား၊ ဆရာဦးအောင်ကျော်သာရုံးခန်းသို့ပြန်ပြီးမှ လုပ်ရမည်လား လူကြီးတွေအစီအမံအတိုင်းဖြစ်၏။ မရှက်တမ်းဝန်ခံရလျှင် ကျွန်တော်တို့က သည်မှာဆက်လုပ်ချင်ကြသည်။ သည်မှာဆို အမောပိုပြေမည်။


[၆]


ဗိုလ်မှူးထံလုပ်ငန်းပြီးစီးသမျှတင်ပြသည့်အခါ မေးခွန်းတစ်ခုကိုသူကမေးသည်။

“ခင်ဗျားတို့ ဒီဆေးရုံမှာသီးဆစ်လုပ်ဖို့ခွင့်ပြုချက်တောင်းပြီးပြီလား”

“ကျွန်တော်တို့အနေနဲ့တော့ မတောင်းမိပါဘူးဗိုလ်မှူး၊ တောင်းရမယ်လို့လဲမသိပါဘူး”

စိတ်ထဲဇဝေဇဝါနှင့် ကျွန်တော်တို့ ဖြေသည်။ ဗိုလ်မှူးက ဒါဆိုဆေးရုံအုပ်ကြီးဆီလိပ်မူပြီး ဒီနေ့ဘဲတောင်းလိုက်ကြပါဟုပြောသည်။ ယင်းမှအပ ထွေထွေထူးထူးမဆို။ လုပ်ငန်းကိစ္စလည်းမပြောဖြစ်။ သည်ကိစ္စအရင်ဖြတ်စေလိုသည်ဟု ကျွန်တော်တို့နားလည်လိုက်ကြ၏။ ဖူးစကက်စာရွက်အလွတ်တစ်ရွက်ထုတ်ကာ လက်ရေးဖြင့်ပင်လျှောက်လွှာရေးသည်။ သို့ ဆေးရုံအုပ်ကြီး၊ တပ်မတော်ဆေးရုံကြီး မင်္ဂလာဒုံ၊ အကြောင်းအရာ ဘွဲ့ယူကျမ်းပြုစုရေးအတွက် လိုအပ်သောလုပ်ငန်းဆောင်တာများဆောင်ရွက်ခွင့်တောင်းခံခြင်းဟု အစချီကာ ဆောင်ရွက်လိုသောလုပ်ငန်းများဖော်ပြပြီး အောက်တွင်နှစ်ဦးစလုံးအမည်လက်မှတ်ရေးထိုးကြသည်။ ဗိုလ်မှူးက စာကိုဖတ်ကြည့်ပြီးနောက် အုပ်ချုပ်ရေးဆိုင်ရာဗိုလ်မှူးထံသွားဖို့ညွှန်ကြားလေသည်။

အုပ်ချုပ်ရေးဗိုလ်မှူးကကျွန်တော်တို့ကို ဖော်ရွေစွာလက်ခံတွေ့ဆုံ၏။ ဆေးရုံအုပ်ကြီးမရောက်သေးသဖြင့်သူ့အခန်းတွင် ကော်ဖီဖြင့်ဧည့်ခံကာ စကားစမြည်ပြောဆိုကြသည်။ ထိုအခါမှသူ၏သားသည်လည်း အာအိုင်တီမှဖြစ်ကာကျွန်တော်တို့နှင့် အတန်းတူဘာသာတူ ဖြစ်နေသည်ကိုသိရ၏။ သားကိုလည်း အတော်ပင်ချစ်ခင်ပုံရသည်။ တဖြည်းဖြည်းရေလည်လာသည့်အခါ သူ့သားဆိုသည်မှာ သူကဲ့သို့ပင်ဖော်ရွေသော၊၊ ကျွန်တော်တို့နှင့်မရင်းနှီးသည့်တိုင် မေးထူးခေါ်ပြောရှိဖူးသူဖြစ်ကြောင်း သိရပြန်သည်။ ခေတ္တအကြာရဲဘော်တစ်ဦးဝင်လာကာဗိုလ်မှူးကြီး (ဆေးရုံအုပ်ကြီး) ရောက်လာပြီဖြစ်ကြောင်း သတင်းပို့၏။ ဗိုလ်မှူးသည်ကျွန်တော်တို့ကို ဦးဆောင်လျက်ဆေးရုံအုပ်ကြီးအခန်းသို့ ခေါ်သွားသည်။ ဆေးရုံအုပ်ကြီးအခန်းသည်  ဗိုလ်မှူး၏ အခန်းနှင့်ကပ်လျက်မှာပင်တည်ရှိသည်။

အခန်းတွင်းသို့ ကျွန်တော်တို့ရောက်ချိန်ဗိုလ်မှူးကြီးကို သူ့စာပွဲနံဘေးမှာရပ်လျက်အနေအထားဖြင့်တွေ့ရ၏။ အုပ်ချုပ်ရေးဗိုလ်မှူးက အနီးသို့သွားကာအလေးပြုပြီးလာရင်းကိစ္စတင်ပြသည်။ ဟိန်းဟောက်သံစွက်သော ဗိုလ်မှူးကြီးထံမှတုန့်ပြန်စကားအားလုံးကို ကျွန်တော်မမှတ်မိတော့။ ဒီကိစ္စကျုပ်ခွင့်ပြုလို့မရဘူးဆိုတာ ခင်ဗျားမသိဘူးလားဟု ဗိုလ်မှူးကိုပြောပြီးနောက် ကျွန်တော်တို့ဘက်သို့လှည့်ကာ စစ်ရုံးချုပ်မှာကျွန်တော့်အထက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရှိတယ်၊ ခင်ဗျားတို့အဲဒီကိုသွားပြီး သူ့ဆီကခွင့်ပြုချက်တောင်းပါ၊ သူ့ခွင့်ပြုချက်ရမှ ပြန်လာပါဟု ပြောလေသည်။ ဆေးရုံအုပ်ကြီး၏ အခန်းတွင်းမှ  ကျွန်တော်တို့အားလုံး ထွက်ခွါခဲ့ကြ၏။ 

ယခုသို့ ကျောင်းနေဘက်တစ်ဦး၏ဖခင်ဖြစ်သူ ကျွန်တော်တို့အတွက်ကြောင့် ကျွန်တော်တို့ရှေ့မှာပင် ပြောခံဆိုခံထိသည့်အပေါ်စိတ်မကောင်းဖြစ်သလို အားလည်းနာမိ သည်။ သို့သော် ဗိုလ်မှူးကအပြုံးမပျက်။ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးထံ ယနေ့ (သောကြာနေ့) အချိန်မရှိလျှင် တနင်္လာနေ့ ဆက်ဆက်သွားကြရန်ကိုပင် သတိပေးစကား ဆိုလိုက်သေးသည်။ နောင်တဖြည်းဖြည်းသိလာရသည်မှာ ဆေးရုံအုပ်ဗိုလ်မှူးကြီး၏သားသည်လည်း ကျွန်တော်တို့ကျောင်းမှပင်ဖြစ်ပြီး ကျွန်တော်တို့ထက်တစ်တန်းကြီးသည်။ ထိုအချိန်ဘွဲ့ရပြီးစဖြစ်မည်။ သံသရာမှာဆွေမျိုးချည့်ဘဲဆိုသောစကားကို အမှတ်ရစရာဖြစ်ပါ၏။ ထိုနေ့က ကျွန်တော်တို့ဘာမျှမလုပ်ဖြစ်ကြတော့။ လျှပ်စက်ဗိုလ်မှူးထံ အခြေအနေအကျိုးအကြောင်း သတင်းပို့ပြီးသည်နှင့်ပြန်ခဲ့ကြသည်။


[၇]

ဆေးဝန်ထမ်းညွှန်ကြားရေးမှူးသည် ကျွန်တော်တို့နှင့်ရင်းနှီးပြီးသားဟုဆိုနိုင်၏။ တပြည်လုံးနှင့်ရင်းနှီးပြီးဖြစ်သည်ဟုပင်ပြော၍ရမည်။ မဝေးသေးသော မြန်မာ့အားကစားတခေတ်ကောင်းစဉ်က အောင်မြင်မှုသတင်းများနှင့်ယှဉ်တွဲကာ သတင်းစာမျက်နှာဖုံးများတွင် မကြာခဏ  သူ့ဓာတ်ကိုပုံမြင်တွေ့နေကျမို့ဖြစ်သ​ည်။ ပြိုင်ပွဲဝင်အားကစားအဖွဲ့များကို ခေါင်းဆောင်ကာ နိုင်ငံတကာသို့ သွားရောက်သည့်သတင်း၊ ဆုကြီးများပိုက်ကာအောင်ပွဲ ခံပြီး ပြန်လာသည့်သတင်း။ ပြည်သူအပေါင်းတို့ သောင်းသောင်းဖျဖျကြိုဆိုကြသည့် သတင်း စသည်၏ ဗဟိုချက်မမှာ မြင်ဖူးနေကျမို့ ရင်းနှီးနေခြင်းဖြစ်ပါ၏။ ထို့ကြောင့်လည်းသူ့ထံသွားရောက်ရမည့်အတွက်ကျွန်တော်တို့မှာ စိုးရွံ့ပူပန်ခြင်းမရှိ။ အမှန်ပြောရလျှင် သူနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရမည်ကိုပင် ဝမ်းသာသလိုလို စိတ်လှုပ်ရှားသလိုလို ဖြစ်နေမိပါသည်။ 

ဗိုလ်မှူးကြီးသည်သူ့စာပွဲရှေ့သို့ရောက်လာသော ကျွန်တော်တို့ကို အကဲခတ်သည့်  အကြည့်ဖြင့်ကြည့်လျက် ဘာကိစ္စလဲဟုမေးသည်။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး လာရင်းအကြောင်းရင်းကို အကျဉ်းချုံးတင်ပြသည်။ ကျွန်တော်တရိုတသေ လှမ်ပေးးသောစာရွက်ကို ဗိုလ်မှူးကြီးကဖတ်ပြီးချက်ခြင်းဆိုသလို စာပွဲပေါ်ရှိ ကလောင်ခွက်အတွင်းမှဘောပင်ကိုယူကာ မှတ်ချက်ရေး လက်မှတ်ထိုးပြီးနောက် ပြန်ပေး၏။ မည်သည့်စကားကိုမျှမဆို။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ပြန်ခွင့်ပြုပါဆိုကာ အခန်းတွင်းမှကျွန်တော်တို့ ထွက်လာခဲ့ကြသည်။ စင်စစ် စာရွက်လှမ်းယူကတည်းက မှတ်ချက်ကိုသတိပြုမိပြီးဖြစ်ပါသည်။ သို့သော် ရုံးကြီးပြင်ပသို့ရောက်မှ စာရွက်ကိုနှစ်ယောက်သားခေါင်းချင်းဆိုင်လျက်ဖတ်ကြသည်။ ဗိုလ်မှူးကြီိးလက်မှတ်တို ထိုးထားသောမှတ်ချက်မှာ စကားလုံး လေးလုံးသာပါဝင်၏။ သတင်းစကားကမူ ရှင်းလင်း တိကျ ပြတ်သားသည်။ ခွင့်မပြုပါ။

လှည်းကူးသားနှင့်ကျွန်တော် တယောက်မျက်နှာ တယောက်ကြည့်ရင်းပြိုင်တူပြုံးဖြစ်ကြသည်။ မိမိတို့ကိုယ်၌ စိတ်အားမထက်သန်လှသောအလုပ်ကို လုပ်စရာမလိုတော့သည့်အတွက် အပျော်ပြုံးလား၊​ နောက်ကျစွာစခဲ့ရသည့် ရက်သတ္တနှစ်ပတ်စာ အားထုတ်မှုတွေ သဲထဲရေသွန်ဖြစ်ရသည့်အတွက် မချိပြုံးလား၊ နေရာတစ်ခုကိုအနှံံ့အပြားဝင်ထွက်တိုင်းတာ မှတ်သားပြီးစီးကာမှ ခွင့်ပြုချက်တောင်းခံရသည့်အပြင် ယင်းအချိန်ကျမှ ငြင်းဆိုခြင်းခံရသည့်အတွက်လှောင်ပြုံးလားမဝေခွဲတတ်။ လောလောဆယ်မှာတော့ ရှင်နည်းရာ အဂ္ဂလူထွက်သွားပြီ။ တနည်း ကျွန်တော်တို့ မျောက်သစ်ကိုင်းလွတ်ဖြစ်ကြပြီ။ ဘာဆက်လုပ်ကြမည်နည်း၊ ဘယ်သူ့ထံပြန်ကြမည်နည်း။ ဦးအောင်ကျော်သာထံလား၊ လျှပ်စက် ဗိုလ်မှူးထံလား၊ စီမံဗိုလ်မှူးထံလား၊​ ယုတ်စွအဆုံး မိန်းမလှကျွန်းသူနှစ်ဦးထံသို့လား။ 

တကယ်တန်း ကျွန်တော်တို့ထွက်လာဖြစ်သည်မှာ ဆရာဦးကြည်ရှိရာကျောင်းတော်ကြီးဆီသို့။ ကျန်မည်သူ့ထံသို့မျှထိုနေ့မှစကာ မရောက်ရှိမဆက်သွယ်ဖြစ်ခဲ့တော့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါ၏။ မူလရည်ရွယ်ချက် မင်္ဂလာဒုံသို့ အမှတ် ၉ ဘတ်ကားဖြင့်သွားကြမည့် အစား အမှတ် ၈ ကားစီးလျက်ကျောင်းဘက်သို့ ထွက်လာခဲ့ကြသည်။ ကားပေါ်မှာငေးမောလိုက်ပါရင်း ငယ်သူငယ်ချင်းတစ်ဦးပြောနေကျ စကားတစ်ခွန်းကိုကြားယောင်လာမိ၏။ မင်းသိလား၊ လောကကြီးက သိပ်ရီ​ (ရယ်) ဖို့ကောင်းတယ်ကွ ဆိုကာခြောက်ကပ်ကပ်ရယ်မောနေတတ်သော သူ့အသွင်ကိုလည်းမြင်ယောင်မိသည်။ ထိုစဉ်က သူနှင့်အတူလိုက်ပါရယ်မောရင်း လောကကြီးက ရီဖို့ကောင်းတာလား မင်းကရီဖို့ကောင်းနေတာများလားကွာ ဟု ကျီစယ်ခဲ့ဖူးသည်ကိုလည်း အမှတ်ရသည်။ ယခု ကျွန်တော်မရယ်ဖြစ်ပါ။ သို့သော် ထိုနေ့အဖို့ ဒုတိယမ္ပိအပြုံးကိုတော့ ကားပေါ်မှာ တကိုယ်တည်းပြုံးဖြစ်ခဲ့ပါ၏။


[၈]


ကျွန်တော်တို့ရှင်းပြသည်ကိုနားထောင်ပြီးနောက် ခွင့်မပြုဘူးဆိုတော့လည်း ဘာတတ်နိုင်မှာလဲဗျာဟု ဆရာဦးကြည်က ဆိုသည်။ ကျွန်တော်တို့မျက်နှာများပေါ်မှာဖုံးကွယ်မရနိုင်လောက်သော စိုးရိမ်ပူပန်မှုတွေကိုလည်း သတိပြုမိပုံရ၏။ မိမိတို့ကြောင့်ရော ကံကြမ္မာကြောင့်ပါ အချိန်များစွာဆုံးရှုံးခဲ့ရပြီ။ ခေတ္တမျှစဉ်းစားပြီးနောက်ဆရာက ကျွန်တော့်မှာခေါင်းစဉ်တစ်ခုရှိတယ် အသေးစိတ်တော့မစီစဉ်ရသေးဘူး၊ ခင်ဗျားတို့မှာတခြားအစီအစဉ်မရှိရင်ဒါဘဲလုပ်ပေတော့ ဟုဆိုသည်။ ကျွန်တော်တို့မှာ တခြားအစီအစဉ်မရှိသည်ကသေချာသည်။ ထို့ကြောင့် ခေါင်းစဉ်ကဘာလဲဆရာဟု အားတက်သရောမေးဖြစ်လေသည်။ ဆရာသည်သူ့အံဆွဲကိုဖွင့်ကာရှာဖွေပြီးနောက် လက်နှိပ်စက်မူစာတမ်းတစ်စောင် ကျွန်တော်တို့ကိုပေးသည်။ စာတမ်းခေါင်းစဉ်အား စိတ်ဖြင့်ဖတ်လိုက်မိချိန်မှာပင် ဆရာ့နှုတ်မှအဖြေကိုလည်းကြားရ၏။


“Space Flight”


ခရင်းဖီးတက္ကသိုလ်ဆင်းဆရာ့ထံမှ အဆိုပါခေါင်းစဉ်သည်အထူးအဆန်းမဟုတ်သော်လည်း ကိုယ်မထိတွေ့ဖူးသောဘာသာရပ်မို့ကျွန်တော်တို့တွေဝေနေပြန်၏။ ထိုအဖြစ်ကို ဆရာကလည်းရိပ်မိပုံရသည်။ ရတဲ့အချိန်နဲ့မျှအောင် အတွက်အချက်သိပ်မပါတဲ့ ပဏာမလေ့လာရေးပုံစံဘဲလုပ်ပါ၊ စာတော့များများဖတ်ရလိမ့်မယ်ဟုပြောသည်။ သို့နှင့် အာကာသပျံသန်းရေးဟု အမည်ရသော ခေါင်းစဉ်သစ်ဖြင့် ကျွန်တော်တို့နှစ်ဦး ဝေဟင်မှာလေယာဉ်စီး ယီးလေးလေ့ခိုခဲ့ကြပါသတည်း။ တိုက်ဆိုင်စွာအမှတ်ရလာသော သီချင်းစာသားတရပ်ကို ဖော်ပြခြင်းသာဖြစ်ပြီး (သီးဆစ်အတွက်) မည်သည့်လေယာဉ်ကိုမှ ကျွန်တော်တို့မစီးခဲ့ကြရပါ။ သို့သော် မိမိတို့နှင့်အစိမ်းသက်သက် ဖြစ်သည့်ဘာသာရပ်မို့ စာများများဖတ်ရမည်ဆိုသော ဆရာ့မှတ်ချက်အတိုင်း ကျောင်းစာကြည့်တိုက်အပြင် တက္ကသိုလ်စာကြည့်တိုက် အမျိုးသားစာကြည့်တိုက် အမေရိကန်သံရုံးစာကြည့်တိုက် တို့သာမက ပလက်ဖောင်းစာကြည့်တိုက်များပင် မချွင်းချန်ဘဲ လွန်းပျံသလိုသွားလာလှုပ်ရှားခဲ့ကြရပါ၏။

နောက်ဆုံးမှာတော့အဆိုပါခေါင်းစဉ်ဖြင့် ပြုစုအပ်သောကျမ်း (သီးဆစ်) ကို သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ခဲ့ကြပါသည်။ နှုတ်မေးစစ်ဆေးခြင်းကိုပါ ကျေနပ်အောင်ဖြေဆိုပြီးကြသည့်သကာလ စက်မှုအင်ဂျင်နီယာဘွဲ့ အပ်နှင်းခြင်းကိုလည်း ခံယူနိုင်ခဲ့ကြပါ၏။ ယခုစာရေးချိန်မှာ ဘွဲ့ရသက်တန်း ၄၇ နှစ် တင်းတင်းပြည့်ပါပြီ။ ဘွဲ့ယူကျမ်းကို အအေးပေးစံနစ်ဖြင့်အစပြုကာ အာကာသခရီးစဉ်ဖြင့် အပြီးသတ်တင်သွင်းအောင်မြင်ခဲ့သောကျွန်တော်သည် ထိုနှစ်ခုစလုံးနှင့်မသက်ဆိုင်သော အင်ဂျင်နီယာဘာသာတမျိုးအားဖြင့် အသက်မွေးခဲ့သည်။ အချိန်တန်၍ လုပ်ငန်းခွင်မှအနားယူပြီးသည့်နောက် ကြံစည်တွေးတောလုပ်ကိုင်သမျှတို့မှာတော့ အင်ဂျင်နီယာဘာသာရပ်နှင့်ပင်မပတ်သက်တော့သလိုရှိလေ၏။ သူငယ်ချင်းပညာရှိစကားအား ကိုးကားကာ လောကကြီးကရယ်ဖို့ကောင်းသည်လား၊ သူငယ်ချင်းကပဲရယ်ဖို့ကောင်းခဲ့သည်လား၊ ကျွန်တော်ကပဲ ရယ်ဖို့ကောင်းနေသည်လား၊ တွေးရခက်ပါဘိ။ သီးဆစ်ပုံပြင်သည်လည်း ဤတွင်နိဋ္ဌိတံပါပြီ။


[ဝန်ခံချက်။  အထိမ်းအမှတ်မဂ္ဂဇင်းတစ်စောင်သို့ပေးပို့ရန် ရေးသားခဲ့သောစာ။] 

Friday, December 17, 2021

ကျွန်တော်နှင့်မြစ်ဆုံ

တလောကကျောင်းနေဖက်သူငယ်ချင်းတစ်ဦး၏နေအိမ်မှာကိစ္စတစ်ခုဖြင့်သူငယ်ချင်းလေးငါးဆယ်ယောက်တွေ့ဆုံ ဖြစ်ကြ၏။ ထိုအထဲမှတစ်ဦးကကျွန်တော့်ကိုနုတ်ဆက်ရင်း ဒေါသလျှော့ဖို့ပြောသည်နှင့်ကြုံလေသည်။ ရုတ်တရက်သူဘာကိုဆိုလိုမှန်းမသိသော်လည်းတခဏအတွင်းသဘောပေါက်မိပါ၏။ ကျွန်တော်ရေးသမျှဒိုင်ခံဖတ်ကာအဖိုးတန်ကွန်မင့်များဖြင့်အားပေးလေ့ရှိသူမို့သူပြောသောဒေါသဆိုသည်မှာစာပေဒေါသဖြစ်မည်။ သူကသည်အတိုင်းရှင်းပြသလိုကိုယ့်ကိုကိုယ်လည်းသိနေသည်။ နာကျင်မှုတိုင်းကိုဥပက္ခာပြုချင်ပြု မပြုလျှင်ဟာသလုပ်ပစ်နိုင်လောက်အောင်ပါရမီဓာတ်ခံမရင့်သန်သူမို့ သည်ဘက်ပိုင်းကျွန်တော်ရေးသမျှအနည်းနှင့်အများဆိုသလိုဒေါသ စွက်နေမည်မှာသေချာ၏။ ထို့ကြောင့်သူပြောသည့်စကားအားဖြောင့်ကွယ်ကွယ်လျက်သာလက်စသတ်ခဲ့ရလေသည်။

ထိုအကြောင်းပြန်ပြောသည်မှာအကြောင်းရှိပါ၏။ ယခုခေါင်းစဉ်ကိုမြင်သည်နှင့်အနှီမိတ်ဆွေအပါအဝင်ဖတ်ရှုသူအချို့တို့၏ စိတ်အလျဉ်မှာဒီလူတော့လုပ်ပြန်ပြီဟုအထင် ရောက်နိုင်ကြောင်းတွေးမိသောကြောင့်ဖြစ်လေသည်။ ခေတ်အဆက်ဆက်မြစ်ဆုံဆိုသောအမည်နာမသည်သာယာခြင်းအေးမြကြည်လင်ခြင်းငြိမ်းပျော်ရွှင်ခြင်းများနှင့်တစ်ထပ်တည်းကျလွမ်းတဖွယ်ဖြစ်ခဲ့ရာ ပြီးခဲ့သောကာလတစ်ခုမှစတင်ကာ နာကျင်နာကျည်းယူကြုံးမရစရာတွေတစစဖုံးလွှမ်းလာသည်မို့ယခုသို့ထိုအမည်စာတမ်းထိုးလိုက်သည့်အခါ ရုတ်တရက်ကျွန်တော်များရာဇဝတ်အိုးတုတ်နှင့်ထိုးတော့မှာလားဟု ထင်စရာအကြောင်းလည်းရှိနေသည်။

သို့သော်ထိုမြစ်ဆုံသည်ကျွန်တော်နှင့်မနီးစပ်မကျွမ်းဝင် အဝေးမှလွမ်းမောချစ်ခင်မိသည့်တိုင် ရောက်ပင်မရောက်ဖူးချေ။ ထိုမြစ်ဆုံကိုအကြောင်းပြုလျက် ရွှေဘုန်းတော်တိုးပါလို့ငွေမိုးတွေရွာလောက်အောင်အကျိုးစီးပွားမယှက်နွယ်သလိုစောစောကပြောသကဲ့သို့ရာဇဝတ်အိုးတုတ်နှင့်ထိုးရလောက်အောင်လည်းဉာဏ်မမီပါ။ ပြောလိုသည်မှာထိုမြစ်ဆုံသည်တခုတ်တရစာဖွဲ့ချင်လျှင်ပင်လက်လှမ်းမမီကျွန်တော်နှင့်မအပ်စပ်ဟူ၍ဖြစ်ပါသည်။ ယခုဖေါ်ပြအံ့သောမြစ်ဆုံသည်ကားကျွန်တော်ကျွမ်းဝင်ခဲ့ဖူးသောခွဲခွာခဲ့ရသည်မှာကြာသည့်ပြင်လောကကြီးမှာရှိပင်ရှိသေးရဲ့လားမသေချာသောမြစ်ဆုံဖြစ်ပါသည်။ ကျွန်တော့်ဒီဇင်္ဘာအလွမ်းစာမျက်နှာထဲမှာအထင်ကရကျန်ရစ်ကာ နာကျင်မှုကင်းကင်း ဆွတ်ပျံ့ခြင်းအတိဖြင့်ပြီးသောမြစ်ဆုံလည်းဖြစ်ပါ၏။ အသို့နည်း။

​ကျွန်တော်တွယ်တာသောဝန်ထမ်းဘဝနိဋ္ဌိတံခဲ့ရာဌာနသည်ကိုလိုနီခေတ်တုန်းကမြန်မာတွင်မကကမ္ဘာတွင်လှပစွာဧရာဝတီဖလိုတီလာဟူသောအမည်နာမဖြင့်ကျော်ကြားခဲ့ဖူးသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနဖြစ်လေသည်။ လွတ်လပ်ရေးခေတ်တွင်စောစီးစွာပြည်သူပိုင်အသိမ်းခံရပြီးနောက်ဖွဲ့စည်းပုံအမျိုးမျိုးအမည်နာမအပြားပြားပြောင်းလဲလျက်လှုပ်ရှားလည်ပတ်ခဲ့သည့်တိုင် ဧရာဝတီဟူသောအမည်ရင်းဖြင့်ယနေ့တိုင်အသိအမှတ်ပြုခံရဆဲဖြစ်သလိုပြောင်းလဲလာသောပို့ဆောင်ရေးနည်းနာနှင့်မူဝါဒလောကဓံတွေအကြား အများ နည်းတူရုန်းကန်ရင်းရှင်သန်နေဆဲအဖွဲ့အစည်းတစ်ရပ်လည်းဖြစ်ပါ၏။ တိုက်တိုက်ဆိုင်ဆိုင်ဝန်ထမ်းဘဝနေဝင်ခဲ့ရာထိုဌာနသည်ကျွန်တော့်ဘဝသစ်တစ်ခုအစပြုခဲ့ရာဌာနလည်းဖြစ်နေ၏။ ထိုမှာကျွန်တော်အိမ်ထောင်ကျခဲ့သည်ကိုး။ ယခုပြောမည့်ဇာတ်လမ်းကယင်းနှင့်နှီးနွယ်နေသည်။

ဘွဲ့ရပြီးပြီးချင်းမီးရထားမှာတစ်နှစ်ခွဲ၊ ရေနံမှာတစ်နှစ်၊ ထို့နောက်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ခန့်အပ်မှုဖြင့်ဧရာဝတီသို့ကျွန်တော်ရောက်သည်။ သည်မှာလည်းလုပ်ခဲ့ဖူးသမျှကိုလိုနီခေတ်အထင်ကရစီးပွားရေးအဖွဲ့အစည်းတွေမှာချည့်ဖြစ်ခြင်းကတိုက်ဆိုင်နေပြန်သည်။ ဧရာဝတီပိုင်သင်္ဘောကျင်းငါးကျင်းရှိသည့်အနက်ရန်ကုန်တစ်ဘက်ကမ်းဒလသင်္ဘောကျင်းမှာတာဝန်ချထားခံရသည်။ အစပိုင်းတွင်ကျွန်တော်နေထိုင်ရာစမ်းချောင်းမှနေ့စဉ်အလုပ်ဆင်းအလုပ်တက်ပြုသော်လည်း သုံးလေးလအကြာမှာ သင်္ဘောကျင်းဝင်းအတွင်းရန်ကုန်မြစ် ကမ်းနဘေးဝယ် အစီအရီဆောက်လုပ်ထားသည့် ကိုလိုနီလက်ကျန်အရာရှိအိမ်များအနက် အိမ်တစ်ဆောင်အားလပ်သောကြောင့်ထိုအိမ်သို့ပြောင်းရွှေ့နေထိုင်သည်။ သည်မှာမြစ်ဆုံနှင့်ရင်းနှီးရ၏။ မြစ်ဆုံဟူသည်အရာရှိအိမ်ယာနေမိသားစုများရန်ကုန်သို့ကူးသန်းသွားလာသည့်အခါအပို့အကြိုလုပ်ပေးရသော မော်တော်ဘုတ်တစ်စင်း၏အမည်ပင်ဖြစ်သတည်း။

သင်္ဘောကျင်းမြစ်ဘက်မျက်နှာစာမှာဆိပ်ခံနှစ်ခုရှိသည့်အနက်တစ်ခုကို ရန်ကုန်ဘက်အလုပ်သမားအကြိုအပို့အပါအဝင်ကိစ္စရပ်များအတွက်အသုံးပြုပြီးသင်္ဘောလတ်တစ်စင်းစီစဉ်ပေးထား၏။ ကျန်ဆိပ်ခံတစ်ခုမှာသင်္ဘောကျင်းမန်နေဂျာ (ယခင်အသုံးအနှုန်း) နှင့်တကွအရာရှိများအရာရှိအိမ်ယာမိသားစုများအတွက်ဖြစ်လေသည်။ သင်္ဘောငယ်နှစ်စင်းရှိသည်။ ယူ(၇) နှင့်မြစ်ဆုံ။ အရွယ်အစားအရယူ(၇)ကစက်တစ်လုံးတပ်မို့ပို၍ငယ်သည်။ ပေါ့ပေါ့ပါးပါးသွားလာဝင်ထွက်နိုင်ပြီးဆိုဖာကူရှင်တပ်ထိုင်ခုံနှင့်မို့မန်နေဂျာစသည် လူကြီးစီးအဖြစ်သတ်မှတ်ကြသည့်တိုင်ကျန်အရာရှိများနှင့်အိမ်ယာနေမိသားစုများပါအသုံးပြုကြသည်။ မြစ်ဆုံမှာအလျားပေအစိတ်အနံခုနှစ်ပေခန့်ရှိပြီးစက်နှစ်လုံးတပ်ဖြစ်သဖြင့်ယူ(၇)ထက်ပိုကြီးကာခရီးသည်နှင့်ဝန်ပိုဆန့်သည်။  နှစ်စင်းစလုံးနေ့ပိုင်းတွင် ရန်ကုန်ဘက်မှမန်နေဂျာနှင့်စာရင်းကိုင်အရာရှိကြိုပို့ခြင်းအပြင် အခြားရုံးလုပ်ငန်းအကူးအသန်းတို့ကိုပူးတွဲဆောင်ရွက်၏။ ညဘက်တွင်မူအလှည့်ကျတာဝန်ယူကြလေသည်။ 

ယူ(၇)ကိုလူကြီးစီးအဖြစ်နားလည်ထားကြလေရာသူကအရွယ်အစားငယ်သော်ငြားအဟန့်ပိုကြီး၏။ ထို့ကြောင့်လူမကြီးတကြီး ကျွန်တော်ကဲ့သို့အရာရှိပေါက်စများမြစ်ဆုံကိုအစီးပိုများကြသည်။ တစ်ခုကောင်းသည်မှာမြစ်ဆုံကစက်နှစ်လုံးတပ်မို့အရံအင်အားပိုပြီးညရေးညတာပိုစိတ်ချရသည်။ ကျွန်တော်တစ်ဦးတည်းညဘက် လိုက်ပါသည့်အခေါက်ရေလယ်မှာကြုံခဲ့ဖူးသော တွဲရေယာဉ်တစ်စင်းနှင့်တိုက်လုနီးပါးဖြစ်ရပ်တုန်းကဆိုလျှင်စက်အားကောင်းသည့်မြစ်ဆုံမို့သာသေကံမရောက်သက်မပျောက်ခဲ့ခြင်းဖြစ်၏။ သို့ဆိုသော်ငြားယူ(၇)မြစ်ဆုံအပါအဝင် သင်္ဘောကျင်းနှင့်ရန်ကုန်လူးလာခေါက်ပြန်ပို့ဆောင်ရသောရေယာဉ်ဟူသမျှ ရာဇဝင်ချီကာအန္တရာယ်ကင်းကြသည်ချည့်ဖြစ်ပါ၏။ ကျွန်တော်ပင်လျှင်မိသာစုနှင့်အတူ ထိုမှာကိုးနှစ်ကြာနေထိုင်ကာနေ့နေ့ညညကူးသန်းခဲ့သည့်ပဲ။

ယင်းမှာယူ(၇)ထက်စာလျှင်မြစ်ဆုံနှင့်ကျွန်တော်ပိုရင်းနှီးရခြင်းအကြောင်းတစ်ရပ်ဖြစ်လေသည်။ နောက်တစ်ကြောင်းကပုဂ္ဂလိကနည်းနည်းဆန်သည်။ မြစ်ဆုံကိုမောင်းနှင်သူနှစ်ဦးစလုံး (အရပ်အခေါ်ဆလင်) မှာလူလတ်ပိုင်းတွေမို့ သူတို့နှင့်ဆက်ဆံရတာပိုလွတ်လပ်သည်။ ယူ(၇)ဆလင်တွေကလုပ်သက်ရင့်လူကြီးပိုင်းတွေမို့ထိုအချိန် အသက်သုံးဆယ်ပင်မရှိသောကျွန်တော်နှင့်ဆက်ဆံရာမှာဂုဏဝုဒ္ဓိဝယဝုဒ္ဓိတွေများများကြားခံလျက်မနေတတ်မထိင်တတ်ဖြစ်ရ၏။ သို့လျှင်ကြိုပို့ဖယ်ရီသင်္ဘောနှစ်စင်းအနက်တစ်စင်းဖြစ်သောမြစ်ဆုံသည် ကျွန်တော့်ဘဝအတွင်းပိုမို၍အထင်ကရဖြစ်လာခဲ့လေသည်။။

#                  #

မြစ်ဆုံရေယာဉ်မောင်းနှင်ကြသူနှစ်ဦးမှာကိုလှအုန်းနှင့်ကိုသိန်းလွင်တို့ဖြစ်ကြသည်။ ကိုလှအုန်းကအသက်ပိုကြီးပြီးရာထူးမဟုတ်လျင်ပင်လုပ်သက်ပိုရင့်ပုံရသည်။ ကိုလှအုန်းမျက်နှာတည်သလောက်ကိုသိန်းလွင်ကမျက်နှာ ချိုသည်။ တာဝန်ကိုလေးစားကျေပွန်သည့်အပြင်စိတ်ထားကောင်းမွန်ကြပုံမှာတော့နှစ်ဦးစလုံးအတူတူဟုကျွန်တော်ထင်သည်။ ကျွန်တော်ဆက်ဆံဖူးသမျှပြောရခြင်းဖြစ်သလိုကိုလှအုန်းနှင့်စပ်လျဉ်း၍ ကျွန်တော်သတိပြုမိတာတစ်ခုလည်းရှိသေးသည်။

ထိုအချိန်ကျွန်တော်သည်နတ်မောက်လမ်းစက်မှုလက်မှုအထက်တန်းကျောင်းတွင်ဖွင့်လှစ်ထားသောအီးတီအီးစီ ခေါ် ညနေပိုင်းအင်ဂျင်နီယာသင်တန်းများ၌အချိန်ပိုင်းစာပြနေသည်မို့တပတ်လျှင်သုံးရက်ပုံမှန်ညနေပိုင်းရန်ကုန်သို့ကူးရ၏။ ည၈နာရီအပြန်တွင် ရန်ကုန်ဘက်မှာတာဝန်ကျရေယာဉ်တစင်းစင်းက လာကြိုပေးသည်။ များသောအားဖြင့်ကျွန်တော်တစ်ဦးတည်းဖြစ်သော်လည်း သင်္ဘောကျင်းဝင်းအတွင်းနေထိုင်သူများကျင်းတင်ရေယာဉ်ဝန်ထမ်းများတခါတရံအကြုံလိုက်ပါလေ့ရှိကြသည်။ မျက်နှာသိရင်းနှီးသူတွေရှိသလိုမျက်နှာစိမ်းတွေလည်းပါတတ်၏။ မြစ်ဆုံအလှည့်ကျသည့်တစ်ညမှာကျွန်တော်မမြင်ဖူးသူတစုလိုက်ပါလာကြသည်။ သူတို့ထဲမှတစ်ဦးက ဆရာခင်ပါတယ်ဟေ့ဟုအော်ဟစ်ကာပြောပြောဆိုဆို ဦးပိုင်းခရီးသည်ခုံတွေမှာသွားထိုင်နေကြသည်။ ကျွန်တော်ကထုံးစံအတိုင်းကိုလှအုန်းနှင့်အတူတက္မခန်းတွင်းမှာ။

မြစ်လယ်ခေါင်သို့အရောက်တက်မခန်းထောင့်မှန်လည်ပြတင်းမှမျက်နှာတစ်ခုပေါ်လာပြီးဆရာခင်,ပါတယ်နော်ဟုပြောပြန်သည်။ ကိုလှအုန်းကမည်သို့မျှမတုန့်ပြန်။ မည်သူ့ကိုပြောမှန်းမသိသောကျွန်တော်ကလည်းငေးကြည့်ရုံသာတတ်နိုင်သည်။ ပဟေဠိသဖွယ်ဖြစ်နေသောထိုအနေအထားတွင်နစ်မြောလျက်ပြောနေကျအလ္လပသလ္လပစကားမျှပင်မဆိုဖြစ်တော့ပဲသင်္ဘောကျင်းဆိပ်ကမ်းသို့ရောက်လေ၏။ သင်္ဘောပေါ်မှကျွန်တော်ဆင်းသည့်အခါလူကြုံလိုက်လာသည့်အဖွဲ့ဆိပ်ခံပေါ်ရောက်နှင့်ကြပြီ။ သို့သော်ဆက်မသွားကြဘဲမြစ်ဘက်သို့လှည့်ကာတစုံတရာရှာဖွေနေကြဟန်ရှိ၏။ ကျွန်တော့်ကိုလည်းကွက်ကြည့်ကွက်ကြည့်လုပ်နေကြသဖြင့်သူတို့အားရှောင်ကွင်းလျက်ကျွန်တော်တံတားပေါ်သို့တက်ခဲ့၏။ ဇဝေဇဝါဖြင့်ဂိတ်အဝင်မှာသမင်လည်ပြန်ကြည့်မိသည်၌သင်္ဘောပေါ်မှကိုလှအုန်းဆင်းလာပြီးထိုလူအုပ်ကိုပင်ဖြတ်လျက်တံတားပေါ်တက်လာနေသည်ကိုမြင်ရသည်။ 

ကျွန်တော်လည်းအိမ်ဘက်သို့ဆက်လျှောက်လာခဲ့တော့၏။ ကိုက်ငါးဆယ်ခန့်ကွာသောအိမ်ခြံထောင့်အရောက်တွင်ထိုလူအုပ်ရှိရာဘက်မှတစုံတယောက်သောသူ၏အော်ဟစ်ပြောဆိုသံကတိတ်ဆိတ်စညဦးယံကိုထွင်းဖေါက်လျက်ပျံ့လွင့်လာလေသည်။

"ဘယ်အင်ဂျင်နီယာ့ယောက်ဖလဲမသိပါဘူးကွာ"

ကျွန်တော်လှည့်ကြည့်လိုက်သည့်အခါဆိပ်ခံပေါ်မှာသမ္ဗာန်တစ်စင်းခေါ်ပြီးစုပြုံတက်နေကြသောသူတို့ကိုမြင်ရ၏။ ကျွန်တော့်နောက်ခပ်လှမ်းလှမ်းမှငိုက်စိုက်ငိုက်စိုက်လှမ်းလာနေသောကိုလှအုန်းကမူလှည့်၍ပင်မကြည့်။ အခြေအနေကိုရိပ်စားမိပြီဖြစ်သောကျွန်တော် တကိုယ်တည်းပြုံးမိလေသည်။ ကြည့်ရတာဆရာခင်ဆိုသူသည်ဧရာဝတီပိုင်သင်္ဘောတစ်စင်းမှလူသိများဝန်ထမ်းတစ်ဦးဖြစ်ပုံရသည်။ ရေလယ်ဗော်ယာတစ်ခုတွင်ရပ်နားထားဟန်တူသောသူတို့သင်္ဘောသို့ပို့ပေးစေလိုသောဆန္ဒဖြင့် (လမ်းကြုံသောကြောင့်အပန်းမကြီးဟူသောအထင်နှင့်) မြစ်ဆုံကိုအကြုံစီးခဲ့ရာ၌ နှစ်ကြိမ်တိုင်တိုင်အမည်ကိုထုတ်ဖေါ်ပြောပါလျက်ကျွန်တော်တို့ကပို့မပေးခဲ့ကြရာသည်ဘက်ကမ်းရောက်မှသမ္ဗာန်တဆင့်ငှါးပြီးပြန်လှည့်သွားရသည့်အတွက်မကျေမချမ်းဖြစ်ပုံရကြသည်။ ဒါကသိပ်ပြီးမထူးဆန်း။ နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီးနဂိုသမ္ဗာန်နှင့်ကူးသန်းနေကျမို့သူတို့အတွက်များစွာနစ်နာသည်မဆိုနိုင်။

ထိုလွဲမှားမှုအတွက်ကျွန်တော့်ကိုအင်ဂျင်နီယာ၏နှမပေးယောက်ဖအဖြစ်ဆဲရေးတိုင်းထွာသွားသည်မှာတော့ခုခေတ်အသုံးအနှုန်းနှင့်ဆိုနည်းနည်းများသွားပြီဟုဆိုရမည်သို့ရှိသည်။ မြစ်ဆုံသည်အင်ဂျင်နီယာမိသားစုများစီးနင်းသောသင်္ဘောဖြစ်ပြီးအင်ဂျင်နီယာမှန်လျင်သူ့ကိုသိရမည်ဟုယုံကြည်ထားပုံရသည့် ဆရာခင်နှင့်တပည့်များ သည်သူတို့ကိုမသိသော သူတို့ကလည်းမသိသောကျွန်တော့်အားအင်ဂျင်နီယာမဖြစ်နိုင်အင်ဂျင်နီယာထံကပ်ရပ်နေသောနှမပေးယာက်သာဖြစ်ရမည်ဟု (ခပ်ထွေထွေနှင့်) ကောက်ချက်ချလိုက်ပုံကရယ်အားထက်ငိုအားသန်လောက်၏။ ပြောသာပြောရသည်မိမိကိုယ်ရောင်ကိုယ်ဝါကလည်းစကားပြောသလားမှမသိသည်ကိုး။ ဒါသည်ပင်စာသင်ရာမှအပြန်မို့တိုက်ပုံအင်္ကျီကိုယ်တွင်စွပ်လျက်ရှိနေသေးသည်။

နောက်ရက်များတွင် ထိုအကြောင်းအစဖေါ်မပြောဖြစ်ကြတော့သည့်တိုင် ကိုလှအုန်းကိုကျွန်တော်စိတ်ထဲကကျိတ်၍ချီးမွမ်းမိတာတစ်ခုရှိသည်။ လုပ်သက်နုကျွန်တော်ဆရာခင်ကိုမသိဘူးထား လုပ်သက်ရင့်ရေယာဉ်ဝန်ထမ်းချင်းမို့သူသိမှာသေချာသည်။ ထိုဆရာခင်သည်သူ့အတွက်တစုံတရာပြန်၍အကျိုးပြုနိုင်သူဖြစ်ကောင်းဖြစ်မည်။ သို့သော်ထိုအမည်နာမဖြင့်သူ့တာဝန်ချိန်မှာတာဝန်မဲ့ဩဇာလွှမ်းမိုးဖို့ကြိုးစားသည်ကိုအလေးဂရုမပြု။ ပြောမည်ဆိုလျှင်တာဝန်အရ ထိုသင်္ဘောခေါက်အတွက်ခရီးစဉ်ကိုညွှန်ကြားခွင့်ရှိသူသည် ကျွန်တော်သာဖြစ် သည်မို့ကြားဖြတ်ပို့ဆောင်ရေးအတွက်ကျွန်တော့်ထံခွင့်မတောင်းဘဲသူ့ကိုလာပြောခြင်းမှာတရားမဝင်ကြောင်းတိတ်ဆိတ်စွာ သဘောထားပေးလိုက်သည့် သူ့စိတ်ဓာတ်ကိုမြင်သောကြောင့်ဖြစ်သည်။ ခွစာချင်းမို့ သိနား လည်သည်ဟုဆိုကာမှဆိုရော။ 

ထိုအတွက်ကြောင့်လည်းတာဝန်အရစီးနင်းခြင်းထက်ပိုသည့်ကိုယ်ရေးကိုယ်တာကိစ္စရပ်မျိုးမှာမြစ်ဆုံကိုအသုံး ပြုရန်အားတုန့်အားနာဖြစ်ဝန်လေးသည်လည်းရှိပါ၏။ ဥပမာမင်္ဂလာဆောင်အတွက်ပြင်ဆင်ဖို့ရန်ကုန်နှင့်ကူးချည်သန်းချည်ပြုရသည့်အခါမျိုး။ သို့သော်ကျွန်တော့်မင်္ဂလာကိစ္စမှာယူ(၇)ရောမြစ်ဆုံပါစေတနာအပြည့်ကူညီပေးခဲ့ကြပါသည်။ စီမံခန့်ခွဲမှုအဆင်ပြေစေရေးအတွက်သာမန်အားဖြင့်နာရီဝက်တစ်ခေါက်သာသင်္ဘောကိုအသုံးပြုကြဖို့သဘောတူထားကြသည့်တိုင်ထိုရက်ပိုင်းသင်္ဘောဆိပ်သို့ကျွန်တော်ဆင်းလာသည်ကိုမြင်သည်နှင့်အချိန်မရွေးစက်နှိုးကြိုးဖြည်ပြီးအသင့်စောင့်နေကြသည်။ အပြန်ကိုလည်းအချိန်မလင့်စေဘဲသီးသန့်ကြိုပေးကြသည်။ ထိုကြောင့်ပင်တရားရုံးမှာလက်မှတ်ထိုးသည်မှစ၍ဧည့်ခံပွဲကျင်းပသည်အထိရန်ကုန်နှင့် အကူး အသန်း မှန်သမျှကြောင့်ကျမှုကင်းခဲ့၏။ သည်ကြားထဲပြုံးတော်မူအလွဲတွေကြားသူတို့ခမျာကန့်လန့်ကန့်လန့်ပါရသေး။

ခန်းဝင်ပစ္စည်းကိုဘားလမ်းရှိဘုံဘေဘားမားကဲ့သို့သောဆိုင်များမှဝယ်ယူရန်ဆွေမျိုးတွေရင်းနှီးသူတွေအကြံပြုသည့်ကြားမှပင်ကျွန်တော်ကဆိပ်ကမ်းနှင့်နီးသဖြင့်သယ်ယူပို့ဆောင်ရလွယ်ကူသည်ဟူသောအကြောင်းပြချက်ဖြင့်လွစ္စလမ်းထဲရှိတက်သစ်စပရိဘောဂတိုက်တစ်တိုက်တွင်အပ်နှံမှာယူသည် (ဈေးနှုန်းသက်သာတာလည်းပါသည်)။ ပစ္စည်းများရသည့်အခါမြစ်ဆုံပေါ်သို့ဂရုတစိုက်တင်လျက်သယ်ယူပြီးအိမ်မှာနေရာချကြ၏။ ဘီရိုနှင့်မှန်တင်ခုံအဆင်ပြေသော်လည်းခုတင်ဆင်သည့်အခါပြဿနာဖြစ်လေသည်။ ခုတင်ကမည်သို့ပင်ဆင်ဆင်ပြီးသည်နှင့်ယိုင်ထိုးနေ၏။ သင်္ဘောကျင်းမှဝါရင့်အချောထည်လက်သမားများကိုယ်တိုင်လက်မှိုင်ချပြီးထိုကုတင်ကိုဆိုင်တွင်ပြန်လဲဖို့အကြံပြုကြသည်၌ကျွန်တော်မငြင်းသာတော့။ သည်အတွက်သင်္ဘောနောက်တစ်ခေါက်သုံးဖို့အားလည်းနာရှက်လည်းရှက်သလိုခံစားရသည်။

မတတ်သာသည့်အဆုံးခုနမြစ်ဆုံ ခုတစ်ခေါက်ယူ(၇) သုံးပါမည်ပြောတော့ကိုလှအုံးကမပြုံးစဖူးပြုံးကာလာပါဆရာရယ်ကျွန်တော်ပဲပို့ပေးပါမယ်ဆိုကာပို့ပေးပြီးအပြန်ပါတပါတည်းစောင့်ခေါ်သည်။ ပရိဘောဂဆိုင်မှာလဲစရာခုတင်အဆင်သင့်ရှိသည်မို့အဆင်ပြေသွား၏။ သည်လိုအလွဲမျိုးကြုံတောင့်ကြုံခဲကြုံရသည်ထက်အယူသီးတတ်သူများသာဆိုမင်္ဂလာဦးမှာ ခုတင်လဲ၍ပြန်ဆင်ရသည့်အဖြစ်အပေါ်မည်သို့ကောက်ချက်ချကြမည်မသိ။ ခုတင်လဲလျှင်လူလဲရတတ်သည်ဟုများ ခုနေပြောလာခဲ့သည်ရှိသော် ကျွန်တော်ရယ်မိမှာသေချာသည်။ အကြောင်းမှာအိမ်ခြေယာခြေအတည်တကျမရှိခဲ့သူပြီပြီ ကျွန်တော်ပြည်ပမှာရှိတုန်း သူတပါးကိုအားထားရသောအိမ်ပြောင်းအိမ်ရွှေ့ကိစ္စရပ်များအတွင်းအဆိုပါအိမ်ထောင်ဦးခုတင်ကြီးသာဘယ်ရောက်ကာဘယ်ပေါက်မှန်းမသိပျောက်ပျက်သွားသည်လူတွေကတော့ယနေ့ထက်တိုင်အလိုက်ပေး၍ပင်လဲမရနိုင်သောကြောင့်ဖြစ်ပါသတည်း။ 

သည်စာရေးခိုက်ဝင်ရောက်လာသောအရွယ်နှင့်ယှဉ်သည့်သံဝေဂစကားဖြည့်စွက်ရသော်လဲမရပေမဲ့အချိန်တန်လျှင်တော့ခွဲကြရမည်သာဖြစ်ပါသည်ဟူ၍။

#                  #

သို့နှင့်မင်္ဂလာဆောင်တနည်းမင်္ဂလာဧည့်ခံပွဲကျင်းပမည့်နေ့သို့ရောက်လာတော့၏။ ဘဝမှာအခြေအနေအရရောအမူအကျင့်အရပါ (ခုခေတ်တာစားနေသောအသုံးအနှုန်းဖြင့်) ပလင်ဟူ၍ဘာတစ်ခုမျှမည်မည်ရရမရှိခဲ့ဖူးသူပြီပြီကျွန်တော့်မင်္ဂလာဆောင်သည်လည်းအိုးစွဲခွက်စွဲဟုသာဆိုရမည်။ မင်္ဂလာဆောင်ဖို့ဆုံးဖြတ်သည်မှတစ်လခွဲခန့်သောအချိန်အတွင်းဆောင်ရွက်ခဲ့သည်ဖြစ်ရာ သူတကာမောင်နှံတွေလိုဟော်တယ်ကိုခြောက်လတစ်နှစ်ကြို တင်စာရင်းပေးမထားနိုင်။ သတို့သမီးဘက်က အင်းယားလိပ်မှအင်းယားလိပ်ဖြစ်နေသည်မို့ ဟိုတုန်းကရှားရှားပါးပါးတခြားဟော်တယ်များလည်းစဉ်းစား၍မဖြစ်။ သို့နှင့်ဒီဇင်္ဘာလအတွင်းရနိုင်သည့်ကြားရက်တစ်ခုကိုသာရွေးချယ် (လက္ခံ) ရတော့၏။ ထိုရက်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့်အခါမှာလည်းကြားဖူးနားဝတတ်အားသမျှဆောင်ရွက်ထားပြီးမို့အဆင်ပြေမည်ဟုသာအားတင်းရတော့သည်။ လွဲလျှင်အနည်းအကျဉ်းပေါ့ဒါတော့လည်းမတတ်နိုင်။

သတို့သမီးနှင့်မိသားစုကိုသူတို့စိတ်ကြိုက်ငှါးထားသော မိတ်ကပ်အဖွဲ့နှင့်အတူဟော်တယ်သို့သွားရန်ချိန်းထားပြီးပြီ။ အတူနေမိခင်ကြီးကလည်းသားဖြစ်သူဗျာများနေသည်ကိုမကြည့်ရက်သည်လား ဒီကိစ္စအမေတို့ဘာမှဝင်မပါပါနှင့်ဟုမိုက်တိမိုက်ကမ်းပြောထားသည့်သားအပေါ်ငဲ့ညှာသည်လားမသိလွန်ခဲ့သောရက်ပိုင်းကပင်ရန်ကုန်ဘက်ရှိသားကြီးအိမ်သို့ခေတ္တသွားဦးမည်ဆိုကာသွားနေပြီ။ မင်္ဂလာဆောင်ကိုထိုမှအခြားသားသမီးမြေးများနှင့်အတူလာလိမ့်မည်။ မင်္ဂလာဆောင်ကညနေပိုင်းမို့နေ့လည်ထမင်းစားပြီးချိန်လောက်တွင်တပည့်တစ်ယောက်ကိုအိမ်စောင့်ထားကာ ဟိုမှာလဲဖယ်မည့်အဝတ်အစားထုပ်ကိုဆွဲလျက်ဟော်တယ်သို့ကျွန်တော်ထွက်ခဲ့၏။ သင်္ဘောဆိပ်တွင်ရေယာဉ်နှစ်စင်းစလုံးမြင်သည်၌နီးစပ်ရာယူ(၇)ပေါ်သို့တက်ရင်းညပြန်ကြိုဖို့ဒီညဘယ်သူတာဝန်ကျသလဲဟုမေးသော် ကိုလှအုန်းကယူ(၇)တာဝန်ကျတယ် ဒါပေမဲ့ကျွန်တော်လာကြိုမှာပါဆရာစိတ်ဖြောင့်ဖြောင့်သာသွားဟုလှမ်းပြောလေသည်။

အချိန်တန်တော့လည်းမင်္ဂလာပွဲသည် ဝှဲချီးပြီးမြောက်အောင်မြင်ခြင်းသို့ရောက်ပါခဲ့၏။ အလွဲကတော့ဖြင့်မကင်းနိုင်ပါ။ မကင်းသည်မှတော်ရုံတန်ရုံမဟုတ်ကြေးစည်ပင်ကောင်းသော်လည်းတိုက်မောင်းကိုဂုဏ်ခံ၍ဆန်တလမြူပေးချူရုံနှင့်ဒူဟူဟူမမြည်ဝံ့ချေဆိုသလိုမျိုးပရိသတ်ဗိုလ်ပုံအလယ်မှာသာမကတသက်တာပါမျက်နှာ ငယ်ရမည့်အလွဲမျိုး။ အင်းလျားကန်ဟော်တယ်သမိုင်းမှာအခန်းအနားမှူးမပါပဲကျင်းပသောမင်္ဂလာပွဲဟူ၍ရှိလိမ့်မည်ဟုကျွန်တော်မထင်။ ကိုယ့်ကျကာမှအခန်းအနားမှူးငှါးရန်မေ့လျော့ခဲ့သဖြင့်ပွဲပျက်လျှင်ပျက်မပျက်လျှင်ရာဇဝင်တွင်ရစ်တော့မည့်ထိုအလွဲကိုအစီအစဉ်စတင်ရန်မိနစ်ပိုင်းအလိုတွင်မှသတိပြုမိသည်နှင့်ကြုံတော့ ၏။ စန္ဒယားဘိုကြည်တေးဂီတဝိုင်းနှင့်အတူပါဝင်လာသောအစ်မကြီးဒေါ်တင်တင်မြ၏ စေတနာသဘာနှင့်စာနာမှုတို့ကြောင့်သတို့သမီးပင်မသိလိုက်ဘဲထိုအလွဲကိုကျော်ဖြတ်နိုင်ခဲ့သည်မှာကံရောဉာဏ်ရောဖြစ်မည်ထင် သည်။ မိနစ်ပိုင်းအတွင်းကျွန်တော်ရေးပေးသောနုတ်ခွန်းဆက်လွှာနှင့်အတူအခန်းအနားကိုအမကြီးကသူ့သီချင်းသူသီဆိုရင်းအပိုအလိုမရှိဦးဆောင်ကျင်းပပေးသွားခဲ့သောကြောင့်ဖြစ်လေသည်။ 

ဧည့်သည်တွေရှင်းသည်နှင့်ဓာတ်ပုံရိုက်ခြင်းစသည်များကိုစက်ရုပ်သဖွယ်ပါဝင်ပြီးနောက်အိမ်ပြန်ရန်ကျွန်တော်ထွက်ခွာ၏။ ဟော်တယ်ဆင်ဝင်အောက်မှာသူငယ်ချင်းဖြစ်သူဗိုလ်ချုပ်သားကူညီစီစဉ်ပေးသောဆင်စွယ်ရောင်မာဇဒါ၃၂၃ကားလေးကအသင့်စောင့်ကြိုနေသည်။ (စကားချပ်၊ မနေ့တနေ့ကပင်ထိုဗိုလ်ချုပ်သားသူငယ်ချင်းနှင့်လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်ခဲ့ကြသော်လည်းထိုအတွက်သူ့ကိုယနေ့ထက်တိုင်ကျေးဇူးတင်စကားမဆိုဖြစ်သေး။ မင်္ဂလာဆောင်ပြီးနှစ်ပေါင်းများစွာမတွေ့ဖြစ်ကြပဲ ပြန်ဆုံသည့်အခါတိုင်းမှာထိုအကြောင်းကိုစကားမစပ်ဖြစ်နှစ်ယောက်စလုံးမေ့နေကြပြီ။ မေ့လည်းမေ့လောက်ချေပြီလေ။) ကားအတွင်းသို့ရောက်သော်သတို့သမီးကမင်္ဂလာဆောင်သို့မလာရောက်နိုင်သည့်ဖိုးအေကိုဝင်ကန်တော့လိုပါသည်ဆိုသဖြင့်ပို့ပေးရ၏။ သူဝင်ကန်တော့သည်ကိုမလိုက်ပါဘဲကားထဲမှသာစောင့်နေရစ်သည်။ ခုပြန်စဉ်းစားရင်းငါသည်မျှပင်ရိုင်းခဲ့ပါလားဟုတွေးမိသည့်တိုင်ထိုအချိန်ကျွန်တော့်ရင်ထဲမှာကေးဝဋ်ပုဏ္ဏားနှလုံးသားမျိုးကိန်းဝပ်နေခဲ့သည်ကိုတော့အပြစ်ဟုမြင်ရန်ခက်ခဲဆဲရှိပါ၏။ သည်အကြောင်းအမေ့ကိုပြောပြစဉ်အမေကမင်းကိုယ်မင်းမိမဆုံးမဖမဆုံးမသားဖြစ်အောင်လုပ်တာတော့လဲအမေမတတ်နိုင်ဘူးလေကွယ်ဟုဆိုသည်ကိုလည်းအမှတ်ရနေမိသည်။

ပန်းဆိုးတန်းဆိပ်ကမ်းသို့ သတ်မှတ်ချိန်ထက်နာရီဝက်ခန့်နောက်ကျပြီးမှရောက်သည်။ ထိုစဉ်ကအများသုံးကူးတို့ဆိပ်ခံတံတားနှင့်ယှဉ်လျက်ဌာနဆိုင်ရာရေယာဉ်ငယ်များဆိုက်ကပ်ရာသီးသန့်ဆိပ်ခံဗောတံတားရှိသည် (ယခုဖျက်သိမ်းလိုက်ကြပြီ)။ ကမ်းပေါ်တက်၍စောင့်ကြိုနေဟန်တူသောကိုလှအုန်းကပွဲနေပွဲထိုင်အဝတ်အစားများဝတ်ဆင်ထားဆဲကျွန်တော်တို့နှစ်ဦးကိုရှေ့မှဦးဆောင်လျက်ထိုတံတားပေါ်မှသွားကြ၏။ ဘဝမှာအပျော်ဆုံးနေ့တစ်နေ့အဖြစ်သတ်မှတ်ကြသည့်မင်္ဂလာဆောင်သောနေ့မှာကျွန်တော်ပျော်ပါသလား။ မပျော်ဘူးဆိုလျှင်ကျွန်တော်မုသားသုံးရာကျမည်။ သို့သော်ယခုအချိန်မှာပြန်လည်ဆုပ်ကိုင်ဖမ်းဆီးဖို့ကြိုးစားရခက်ဆဲဖြစ်သည့်ထိုအပျော်ကိုအပျော်ဆုံးအဖြစ်ခံယူရန်မဝံ့သည်ကိုလည်းဝန်ခံရမည်။ မြစ်ပြင်ကျယ်ကိုဖြတ်သန်းတိုက်ခတ်လာသောလေနုအေးကတနွဲ့နွဲ့နော့နေခဲ့၏။ ထိုလေညှင်းကြောင့်ဗဟိဒ္ဓမှာအေးမြသည့်တိုင်ရင်ထဲမှာအပူတစ်ခုကိန်းဝပ်နေသည်ကိုလည်းကျွန်တော်တစ်ယောက်ထဲခံစားသိသိနေခဲ့သည်။ ထိုအပူကိုတော့အနောတတ္ထရေစင်ဖျန်းလျှင်ပင်လန်းပါ့မည်လားမဆိုနိုင်ချေ။

ဆိပ်ကမ်းပေါ်မှာမာကျူရီမီးများဖြင့်လင်းထိန်သည့်တိုင် တံတားနှင့်ဗော်ယာပေါ်မှာအလင်းဓာတ်ကအားနည်းနေ၏။ မြစ်ဆုံပေါ်သို့ရောက်ရန်အတွင်းဘက်မှာရပ်ထားသောအခြားဌာနဆိုင်ရာရေယာဉ်ငယ်သုံးစင်းကိုကျော်ဖြတ်ရမည်ဖြစ်ရာအရိပ်ကြောင့်မှောင်နေသဖြင့်သတိထားရသည်။ ခါတိုင်းတယောက်တည်းကူးသန်းနေကျဖြစ်သည့်တိုင် ယခုမှကိုယ့်ဘဝတွင်းသို့ဝင်ရောက်လာသူတစ်ဦးကို အတူဖေးမလက်တွဲခေါ်ယူနေရသည်မို့ပို၍ဂရု စိုက်ရလေ၏။ ဒါသည်ပင်ဘဝဖြစ်သည်ဟုဆိုရမည်လားမသိပါချေ။ နောက်ဆုံးသင်္ဘောကိုဖြတ်စဉ်မြစ်ဆုံမှစက်နှိုးသံကိုကြားရသည်။ ထို့နောက်မြစ်ဆုံဆိုက်ကပ်ထားရာနံဘေးသို့ရောက်၏။ ကိုလှအုန်းကသင်္ဘောပေါ်အရင်တက်ပြီးကျွန်တော်တို့အတက်အဆင်းပြုရာမှာကူညီဖို့စောင့်နေသည်။ 

ထိုအခိုက်အတန့်ကလေးမှာရုတ်တရက်မီးများလင်းပြီးမြစ်ဆုံတစ်စင်းလုံးဝင်းထိန်သွားလေသည်။

#                #

“တူနှစ်ဖြာ xx ရွှေဂဟေဆက် xx သွေမပျက်တဲ့မေတ္တာ.. ရေစက်ရဲ့ရှေးအလာ....မနှေးခါခါချင့်တွေး.. ချစ်ရေးခု x သမုဒယနွယ်လာ xx အော် ချစ်ရေး..ခု x သမုဒယနွယ်လာ.....ခုဘဝတကယ်xဘယ်မမုန်းတော့လေး...”

မီးရောင်စုံလင်းလက်သွားသည်နှင့်တပြိုင်နက်မှာပင်အဆိုတော်တွံတေးသိန်းတန်၏တေးသံကရေယာဉ်ပေါ်ရှိဆောင်းဘောက်မှတဆင့်ကြည်ကြည်မြမြကြီးထွက်ပေါ်လာသည်။ သင်္ဘောရှေ့ခန်းတစ်ခုလုံးမှာလည်းဖဲကြိုးတွေရောင်စုံမိုးပျံပူဖေါင်းတွေအပြည့်လှပစွာတန်ဆာဆင်ထားကြ၏။ တက္မကိုင်တာဝန်ယူထားသောကိုသိန်းလွင်၏အပြုံးကခါတိုင်းထက်ပို၍ချိုမြနေသည်။ တပြည်သူမရွှေထားဝတ္ထုထဲကငြိမ်းမောင်လိုလောကကြီးကိုအမြဲမကျေနပ်သည့်အသွင်ဆောင်နေကျကိုလှအုန်းသည်ပင်ကြည်လင်သောအပြုံးတို့ဖြင့်သွက်လက်နေ၏။ ခါတိုင်းတွေ့ရခဲသောမျက်နှာသိအခြားရေယာဉ်ဝန်ထမ်းတွေမှာလည်းအပြုံးကိုယ်စီနှင့်။ 

ကျွန်တော်တို့သင်္ဘောပေါ်ရောက်ပြီးနေရာတကျဖြစ်သည်နှင့်သင်္ဘောဆိပ်ကမ်းမှခွာသည်။ အခန်းတွင်းမှာမတ်တပ်ရပ်လိုက်ပါကြသော ကိုလှအုန်းနှင့်အဖွဲ့ကိုလွတ်နေသည့်ခုံတန်းများမှာဝင်ထိုင်ဖို့ပြောသည့်အခါအားလုံးကအပြုံးဖြင့်ငြင်းပယ်ပြီးနဂိုအတိုင်းသေသပ်စွာရက်လျက်သာနေကြ၏။ သည်ပွဲမှာငါတို့ရဲ့စစ်မှန်တဲ့ဂုဏဝုဒ္ဓိကိုပြသကြရမယ်ဟုများစွဲမှတ်ထားကြလေသလားမသိ။ ကျွန်တော့်ရင်ထဲတနေကုန်တင်းကျပ်နေကြသည်များလွင့်ပါးသွားသလိုခံစားရလေသည်။ အနောတ္ထရေစင်တွေနေရာတိုင်းမှာရှိနေကြပါလား။ မျက်ရည်လွယ်သောကျွန်တော့်ကိုယ်ကျွန်တော်ဆင်ခြင်ရင်းသတို့သမီးမျက်နှာကို (ယနေ့အဖို့ရာပထမဆုံး) ငဲ့ကြည့်မိသည့်အခါရွှန်းလဲ့စိုစွတ်သောမျက်ဝန်းတစုံကိုမြင်ရလေသည်။

တေးသံဆုံးသည်နှင့်မရှေးမနှောင်းမှာပင်သင်္ဘောကျင်းဆိပ်ကမ်းသို့ကပ်၏။ သတို့သမီးလက်ကိုဆွဲလျက်သင်္ဘောမှဆင်းကာတံတားပေါ်သို့ကျွန်တော်တက်သည်။ ကမ်းပေါ်မှာရပ်လျက်စောင့်ကြိုနေကြသောဒုမန်နေဂျာ (ယခင်အခေါ်) အပါဝင်အရာရှိမိသားစုများအခြားမျက်နှာသိများကိုလှမ်းမြင်နေရသည်။ လုံခြုံရေးဒလက်ကိုဖြတ်ပြီးဂိတ်တံခါးဝသို့အရောက် ဒုမန်ဂျောကတော်ဥရောပသူနှင့်အခြားအရာရှိကတော်တစ်ဦးတို့လက်ချင်းဆက်လျက်တားထားသည်နှင့်ကြုံလေ၏။ ဘိုမကြီး (ဝန်ထမ်းများအကြားကွယ်ရာမှာသူ့ကိုချစ်စနိုးရည်ညွှန်းလေ့ရှိကြသည့်နာမ်စား) ဘာတွေများလုပ်ဦးမှာပါလိမ့်ဟုကျွန်တော်တွေးမိခိုက်ဥရောပသူကြီးကစဉ်းငယ်ဝဲသော်လည်းရှင်းလင်းပြီသသောမြန်မာစကားဖြင့်ပြုံးရွှင်စွာတောင်းဆိုလေသည်။

"ဒီကဖြတ်ချင်ရင်သတို့သားကသတို့သမီးကိုအနမ်းလက်ဆောင်ပေးရပါမယ်ရှင့်"

ဝေးကနဲထောက်ခံသံတွေကြားမှာကျွန်တော်မင်တက်မိသလိုဖြစ်သွားသည်။ ဥရောပသူကြီးတောင်းဆိုသောအနမ်းဆိုသည်ဥရောပဆန်ဆန်အနမ်းဖြစ်မည်ဟုအဓိပ္ပါယ်ပေါက်မိသောကြောင့်ဖြစ်၏။ ငြင်းဖို့ရာမသင့်သလိုလူထူထူရှေ့မှာနမ်းပြရမည်ကိုလည်းဝန်လေးသည်နှင့်အရှက်ပြေရယ်မောရင်းတွန့်ဆုတ်နေမိ၏။ အကျဉ်းအကျပ်ကြုံလျှင်ဉာဏ်နီဉာဏ်နက်ထွက်တတ်သောဟိုတုန်းကညဉ်သည်နေရာမှာတော့အသုံးဝင်ပါ၏။ ရုတ်တရက်ပေါ်လာသောထိုဉာဏ်ဖြင့်သတို့သမီး၏ ပခုံးနှစ်ဘက်ကိုအယာအယာဆွဲယူကာကျွန်တော်ဘက်သို့လှည့်လိုက်သည်။ ထို့နောက်သူမ၏နဖူးပြင်ပေါ်သို့အနမ်းတစ်ပွင့်ချွေပြလိုက်လေသည်။ လက်ခုပ်ဩဘာသံများနှင့်အတူဘိုမကြီးများကန့်ကွက်နေဦးမလားတွေးမိသေး၏။ သို့သော်သူမကရယ်မောလျက်တားထားသောလက်ကိုရုပ်သိမ်းပေး၏။ ကျွန်တော်တို့လည်းထိုနေရာမှထွက်ခွာခဲ့တော့၏။ 

မြစ်ဆုံပေါ်မှာမီးရောင်စုံတွေထွန်းညှိထားကြဆဲ။ သင်္ဘောနံဘေးဆိပ်ခံပေါ်မှာရပ်လျက်ကြည့်နေကြသောကိုလှအုန်းတို့လူသိုက်ကိုလှမ်း၍လက်ပြနုတ်ဆက်သည့်အခါ သူတို့အားလုံးလက်တွေဝှေ့ယမ်းကာပျော်ရွှင်စွာတုန့်ပြန်ခဲ့ကြ၏။ ထိုနေ့ကမထင်မှတ်ပဲ လမင်းတရာနှစ်ရာသာသောညခင်းလေးကိုကျွန်တော်ကြုံကြိုက်ခဲ့ရပါသည်လေ။

#                #

ကျွန်တော့်ဘဝတဒေါင့်တနေရာမှာသို့လျှင်အထင်ကရရှိခဲ့ဖူးသောမြစ်ဆုံ ခုများဖြင့်ဆီဘယ်ဝယ်ရောက်နေပြီကျွန်တော်မသိ။ ဧရာဝတီမှာပဲဇရာနှင့်ဗျာဓိကိုကုစားရင်းအသုံးတော်ခံနေဆဲလား။ ပုဂ္ဂလိကစီးပွားရေးခေတ်လက်ပြောင်းလက်လွှဲထဲပါဝင်ကာအမည်သစ်ဖြင့်ဘဝသစ်တစ်ခုမှာရှင်သန်နေသည်လားမမှန်းဆနိုင်။ သည်လိုမှမဟုတ် သက်တမ်းလွန်ဖျက်သိမ်းစာရင်းထဲပါဝင်ကာ တစ်စစီဖြတ်တောက်သိမ်းဆည်းပြီးနောက်သံတိုသံစဈေးကွက် (အများသိကြသောကြက်တန်း) သို့အပို့ခံလိုက်ရပြီလား။ ဘာပဲဖြစ်ဖြစ် မြစ်ဆုံကတော့နောက်ဆုံးအသားစိုင်တစ်စကျန်သည်ထိလူသားအကျိုးကိုသည်ပိုးသွားမှာသေချာသည်။

ထို့အတူကျွန်တော်နှင့်အရွယ်ချင်းမတိမ်းမယိမ်းမြစ်ဆုံ၏သခင် ကိုလှအုန်းတို့ရောဇရာကိုဘယ်လိုဖြတ်သန်းနေကြပါလိမ့်။ ရှိရောရှိကြသေးရဲ့လား။ ကြမ်းရှသောလောကဓံကိုကျွန်တော့်ထက်ပို၍ကြုံတွေ့ရဖွယ်ရှိလေရာသူတို့တွေအားလုံး ခေတ်လှိုင်းစံနစ်လှိုင်းမှန်သမျှသက်ရှည်နာကင်းအောင်မြင်ခြင်းအဖုံဖုံဖြင့်ကျော်ဖြတ်နိုင်ကြပါစေဟုကျွန်တော်ဆန္ဒပြုပါ၏။ မည်သို့ဆိုစေကျွန်တော့်ဒီဇင်္ဘာအတွေးမျှင်များထဲမှာတော့သူတို့အားလုံးနွေးထွေးစွာရှင်သန်နေကြဆဲသာဖြစ်ကြပါ၏။


(ပါလ)

၁၅/၁၂/၂၀၂၁ 

(၂၁:၄၅) နာရီ


ဓာတ်ပုံ၊ Pinterest မှယူပါသည်။