ကျွန်တော့်ဘဝတွင် ဆေးရုံတစ်ရုံနှင့်ပထမဆုံးထိတွေ့ဖူးခဲ့သည်မှာ ဖခင်ဖြစ်သူရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်၍ကုသမှုခံယူစဉ်ကဖြစ်၏။ အချိန်က တော်လှန် ရေးကောင်စီတက်ကာစ ၁၉၆၄ ခုနှစ်ဖြစ်လေသည်။ ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦး အကန့် အသတ်ဖြင့် (ဆေးရုံပေါ်သို့ ၁၂ နှစ်အောက်ကလေးများမတက်ရ) တွေ့မြင်မှတ်သားရမိသမျှ ဆေးရုံကြီးကသန့်ပြန့်သည်။ ဆရာဝန်တွေသူနာပြုတွေကြည့်လိုက်လျှင် အမြဲလိုလိုရွှင်ပြနေကြသည်။ လူနာတွေကိုဂရုစိုက်သည်။ ဆေးဝါးနှင့်ကုသမှုအခမဲ့ (ထိုက်သင့်သော အခကြေးငွေပေးရသည့် ပိုက်ဆံခန်းဟုခေါ်သော အထူးခန်းတွေလည်းရှိသည်ဟုကြားဖူး၏)။ ထမင်းမပို့နိုင်သည့်လူနာများကို ဆေးရုံမှကျွေးမွေးသည်။ ပေါင်တွင်းအကျိတ်ဟုလူကြီးတွေပြောသံ ကြားသောရောဂါကို ဆေးရုံသုံးခါတက်ပြီး သုံးခါခွဲစိတ်ကာ နောက်ဆုံးအခေါက်သုံးလအကြာဆေးရုံမှာပင်ကွယ်လွန်ခဲ့သော်လည်း ဆေးရုံ၏စောင့်ရှောက်မှုအပေါ် မည်သူမျှသံသယဖြစ် အပြစ်မြင်စကား ဆိုသည်ကိုမကြားခဲ့ရချေ။
နောက်တစ်ကြိမ်မှာ ကျွန်တော်ကိုယ်တိုင်လူနာဖြစ်၏။ ၁၉၇၅ တက္ကသိုလ်တတိယနှစ်မှာ ညာဘက်မျက်လုံးထဲမှ စူးအောင့်ပြီး မျက်ရည်တွေကျနေသဖြင့် ကန်တော်လေးအထက်ပန်းဆိုးတန်းလမ်း မျက်စေ့နားနှာခေါင်း လည်ချောင်းရောဂါ ပြင်ပလူနာကုဌာနသို့သွားရ၏။ အထူးကုဆရာဝန်ကြီးတစ်ဦးနှင့်တွေ့ခွင့်ရပြီးသူကနောက်တစ်နေ့အလံပြဘုရားလမ်း မျက်စေ့ နား နှာခေါင်း လည်ချောင်း ဆေးရုံကြီးသို့ လာရောက်ရန်ချိန်းသည်။ ဆေးရုံသို့ချိန်းဆိုသည့်အချိန် ရောက်သွားရာ ဆယ့်ငါးမီးနစ်ခန့်စောင့်ပြီးနောက် အခန်းတစ်ခုအတွင်းသို့ဝင်ရပြီး ဆရာကြီးကိုယ်တိုင် ကိုင်တွယ်ကုသပေးသည်။ နောက်ပိုင်းဆေးမှတ်တမ်းကို တတ်သရွေ့မှတ်သရွေ့ဖတ်ကြည့်ခဲ့ရာ၌ မျက်ကြည်လွှာရှိအပေါက်ငယ်အား ဆေးဖြင့်ဖာထေးပေးခြင်းဟုနားလည်ရ၏။ နာရီဝက်ခန့်ကြာသည့်ကုသမှုအတွင်း နာကျင်မှုမရှိသော်လည်း ဆေးရုံမှအထွက်ဘတ်စကားဂိတ်သို့ လမ်းလျှောက်စဉ်မခံမရပ်နိုင်အောင်နာလာသောကြောင့် သုံးဘီးတစ်စီးတားပြီးအိမ်ပြန်ခဲ့ရ၏။ ထိုနေ့ကမျက်စေ့တစ်ဖက်ပတ်တီးအုပ်လျက် သုံးဘီးပေါ်မှဆင်းလာသောကျွန်တော့်ကိုမြင်၍ အိမ်သားတွေလန့်ဖြန့်သွားကြကြောင်းအဆိုရှိလေသည်။ သုံးဘီးခနှစ်ကျပ်ခွဲ (နှစ်ကျပ်ပြားငါးဆယ်) နှင့် အသွားဘတ်စကားခမှာထိုကုသမှုနှင့်စပ်လျဉ်း၍ ကျွန်တော်ကုန်ကျရသမျှဖြစ်ပြီး နောက်ထပ်လည်းသွားစရာမလိုတော့။
# #
ကျွန်တော့်သားသမီးသုံးဦးအနက်နှစ်ဦးကိုဗဟိုအမျိုးသမီးဆေးရုံကြီးတွင်မွေးဖွားသည်။ ယောက္ခမများအိမ်မှာဆေးရုံနှင့်နီးသည့်ပြင် ထိုစဉ်ကထုံးဆံထင်ရှားသောအထူးကုဆရာဝန်ကြီးတစ်ဦးဦးနှင့် ကြိုတင်အပ်နှံထားလေ့ ရှိသောကြောင့် များစွာစိတ်မပူရ။ ကျွန်တော့်အလုပ်က ရန်ကုန်တစ်ဘက်ကမ်းမှာမို့ မွေးကာနီးတစ်ပတ်ခန့်အလိုတွင် ဇနီးသည်ကမိဘများအိမ်သွားနေပြီး မွေးမည့်နေ့ဆေးရုံသို့တက်၍မွေးဖွားရုံပင်။ သူ့မိဘနှင့်ညီမများလိုလေသေးမရှိ စောင့်ရှောက်ကြသောကြောင့် ဆေးရုံသို့ကျွန်တော် သိပ်မရောက်ဖြစ်။ တိတိကျကျပြောရလျှင် သားကြီးတုံးကဇနီးသည်ကိုအားပေးဖို့ တစ်ခေါက်သာရောက်ပြီး (ထိုအချိန်ယောက္ခမများနှနှင့်အဆင်မပြေခိုက်မို့) ဆေးရုံဆင်းသည့်အခါထပ်မရောက်တော့။ သားငယ်ကျတော့ ကျွန်တော်တာဝန်နှင့်အဝေးမှာမို့ တစ်ခေါက်ပင်မရောက်။ သမီးကျတော့ဆေးရုံတက်ရန်ချိန်းထားပြီးမှ ရင်းနှီးသောသူနာပြုဆရာမကြီးတစ်ဦးအိမ်လာလည်ခိုက် ကြုံကြိုက်သဖြင့်အိမ်မှာပင် ဆရာမကြီးကိုယ်တိုင်မွေးပေးသည်။ ဆိုလိုသည်မှာ အမျိုးသမီးဆေးရုံနှင့်ပတ်သက်၍ ဝေဖန်ရန်ကျွန်တော်အရည်အချင်းမပြည့်မီ။ ကိုယ်တိုင်မွေးလူနာဖြစ်ခဲ့သော ဇနီးသည်ထံမှလည်း ဝေဖန်သံတစ်စုံတစ်ရာမကြားခဲ့မိ။ သားသမီးအားလုံးကို ထိုဆေးရုံမှာပင်မွေးဖွားရန်အားသန်ခဲ့သည်ကိုထောက်၍ စိုးရိမ်စရာစိတ်ပျက်စရာ အတွေ့အကြုံတစ်စုံတစ်ရာ မရှိခဲ့ဟုပြောနိုင်သည်။ ထိုစဥ်ကာလကအားကိုးစရာကလည်းသည်ဆေးရုံတစ်ရုံပဲရှိသည်ကိုး။ သို့သော် ကလေးဆေးရုံအတွေ့အကြုံကတော့ တစ်ခါဆိုဆိုသလောက် ဟုပြောရမည်။
၁၉၈၅-၈၆ တစ်ခုသောညသန်းကောင်ယံ၌ အခါလည်ကျော်သားကြီးသည် မီးနစ်အနည်းငယ်စီခြား၍ အကြိမ် နှစ်ဆယ်ခန့်ဝမ်းသွားလေ၏။ ဝမ်းက (မရိုသေ့စကား) စမြင်းလိုအတုံးအခဲတွေသာဖြစ်ပြီး အရည်အကျိအချွဲမပါ။ ကိုယ်ပူခြင်းမရှိ။ နုံးခွေသည့်အနေအထားမရှိ။ ခလေးကလန်းလန်း ဆန်းဆန်းပေမင့် ဆေးရုံကိုသွားခြင်းသာအသင့်တော်ဆုံးဟုသဘောရသည့်အတွက် ညတွင်းခြင်းနေထိုင်ရာဒလဘက်ကမ်းသင်္ဘောကျင်းမှ ကြိုပို့ရေယာဉ်ဖြင့် ရန်ကုန်သို့ကူးကာကားငှားပြီး ဟယ်လပင်လမ်း (ပြည်ထောင်စုရိပ်သာလမ်း) ကလေးဆေးရုံကြီးသို့ အပြေးလာခဲ့ကြ၏။ (ညဉ့်နက်သန်းကောင်မို့ ဆေးရုံအနီးရှိယောက္ခမများနေအိမ်သို့ပင်မဝင်ခဲ့)။ ဆေးရုံတွင်အရေးပေါ်ဌာနက ကုသဆောင်သို့ချက်ခြင်းတင်ပေးသည်။ ကုသဆောင်အတွင်းကုတင်အများစု လွတ်နေကြပါလျက် အိမ်သာနှင့်ကပ်လျက် အစွန်ဆုံးကုတင်မှာ သားကိုနေရာချပေးလေသည်။ ဆိုးရွားသော အနံ့အသက်များကလူကြီးပင်မခံနိုင်။ အိမ်သာခန်းနှင့်လျှောက်လမ်းပေါ်မှာ ဘယ်ကဘယ်လိုလျှံကျနေမှန်းမသိသော ညီစို့စို့ ရေတွေ ခြေကျင်းဝတ်မြုတ်လောက်သည်။ သား၏ကုတင်မှာလည်း အစွန်းအထင်းတွေက ဝါကျင်ကျင်မီးရောင်အောက်မှာပင်အထင်းသား။ ထို့ကြောင့် သားကိုကုတင်ပေါ်မချသေးဘဲ မအေ့ရင်ခွင်မှာနေစေရသည်။ တော်သေးသည် သားကဝမ်းထပ်မသွားတော့။ ကလေးလူနာတွေရော လူနာစောင့်တွေပါအိပ်နေကြသဖြင့် တိတ်ဆိတ်သောအဆောင်အတွင်း မီးမှိန်မှိန်အောက်မှာ ကြောင့်ကြအားငယ်စွာ ထိုင်နေကြရသည့် ထိုအချိန်သည် ဘဝ၏အဆင်းရဲဆုံး အချိန်တစ်ချိန်ဖြစ်ခဲ့လေသည်။
လင်းအားကြီးလောက်တွင် အပြာဝတ်သူနာပြုဆရာမတစ်ဦးလက်တွင်းမှာသောက်ရေခွက်ကိုင်လျက် ကျွန်တော်တို့ထံလျှောက်လာပြီး ‘ရော့ ဆေးတိုက်လိုက်’ ဆိုကာ ဆေးပြားတစ်ပြားပေးသည်။ ဇနီးသည်က လှမ်းယူပြီးအိပ်ပျော်စသားကိုနှိုး၍ဆေးတိုက်ရာ နဂိုဆေးကြောက်သည့်အခံကြောင့် အိပ်ချင်မူးတူးနှင့်ငြင်း ဆန်လေတော့၏။ မအေကချော့သားကငြင်းနေကြသည်ကိုရပ်ကြည့်နေသောသူနာပြုသည် သီးခံမှုအတိုင်းအတာလွန်သွားသည့်အလား မအေလက်တွင်းမှ ဆေးကိုဆတ်ကနဲယူ ကလေး၏ပါးနှစ်ဘက်ကိုလက် တစ်ဘက်ဖြင့်ညှစ်ပြီးအခြားတစ်ဘက်ဖြင့် ပွင့်လာသောပါးစပ်အတွင်းသို့ဆေးကို ဆောင့်ကြီးအောင့်ကြီးထိုးထည့်လိုက်ရာ ဆေးဝင်မဝင်မသိသော်လည်း သားကစူးစူးဝါးဝါးအော်ငိုလေတော့၏။ ကျွန်တော့်ရင်ထဲ အိမ်သာဘက်က အနံ့အသက်ထက်ပင်ပို၍အော်ဂလီဆန်သွားလေသည်။ တိုတိုပြောရလျှင်ထိုနေ့က ကျွန်တော့်သဘောနှင့် ကျွန်တော်လက်မှတ်ထိုးပြီးဆေးရုံမှချက်ခြင်းဆင်းခဲ့၏။ တာဝန်ကျဆရာဝန်အမျိုးသမီးက ကျွန်တော့်ဇနီးမှတစ်ဆင့် နံနက်လင်းသည်အထိစောင့်ဖို့ဖြောင့်ဖျ ပြောဆိုသည်ကိုပင်လက်မခံတော့။ ကံအားလျော်စွာသားကြီးဘာမှမဖြစ်။ ယ္ခုသင်းပင်ခလေးအဖေဖြစ်နေပြီ။ ထိုမှစ၍ ဆေးရုံဆိုလျှင်လူနာမေးပင်သွားရန် ဝန်လေးခဲ့လေ၏။ မိသားစုဝင်အားလုံးလည်း ပြင်ပဆေးခန်း (ပုဂ္ဂလိကဆေးရုံတွေ မပေါ်သေး) လောက်နှင့် ပြီးသော နာမကျန်းမှုမျိုးမှအပ ထွေလီကာလီရောဂါကြီးငယ် မရှိသောကြောင့် ဆေးရုံနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာပင် ကယိကထမများ ကသိကအောက် မဖြစ်ခဲ့ရပေ။
၁၉၉၀ ခုနှစ် အစောပိုင်းနှစ်များအတွင်း ကျွန်တော့်မှာခါးနာရောဂါစွဲကပ်ခဲ့၏။ အလုပ်ပင်ပန်းသောကြောင့် ဟု ယူဆကာ သက်သာသလိုနေထိုင်ရင်း အပြင်းအထန်နာသည့်တစ်နေ့ ဆေးခန်းသို့ရောက်ခဲ့ရာ ဓာတ်မှန်ရိုက်စေပြီးနောက် ကျောက်ကပ်အတွင်းကျောက်တည်သည်ဆိုကာ ခွဲစိတ်ကုဆရာဝန်ကြီးတစ်ဦးထံ လွဲပြောင်း ပေးခြင်းခံရ၏။ ဆရာကြီးကစစ်ဆေးကာ ကျောက်ကပ်နှစ်ဘက်စလုံးမှာကျောက်တည်နေသည်။ ဆီးလမ်းကြောင်း ပိတ်သွားနိုင်သည့် ညာဘက်ကိုအရင်ခွဲရမည်ဟုပြော၏။ မခွဲမစိပ်ဘဲချေလျှင် မရနိုင်ဘူး လားဆရာဟု (ကြားဘူးနားဝဖြင့်) မေးရာ ဆရာကြီးက သူ့အံဆွဲထဲမှလက်သုံးလုံးခန့် မီးခိုးရောင်မြစ်ကျောက် (ဟုထင်သည်) ခပ်ပြားပြားတစ်ခုကိုထုတ်ယူ၍ စာပွဲပေါ်သို့တင်လိုက်ပြီး “ခင်ဗျားကျောက်က အဲသည် လောက် ဖြစ်နေရင်ဘယ်လိုချေမှာလဲ” ဟုပြောလေသည်။ ထို့နောက် ဘယ်နေရာမှဘယ်လိုခွဲပြီးကျောက်ကိုထုတ်ယူမည်ကိုရှင်းပြလေ၏။ တိုတိုပြောရလျှင် ဆရာကြီးထံ နောက်တစ်ခေါက်ကျွန်တော်မရောက်တော့။ ထိုအချိန်က ကျွန်တော့်အတွေးမှာ (နည်းနည်းတော့ ကြောင်မည်လားမသိ) ဆရာကြီး အပြောအရဆိုလျှင် (ကျောက်ကပ်နှစ်ခုစလုံးအတွက်) ကျွန်တော့် ဝမ်းပိုက်မျက်နှာပြင်အပြည့် ခွဲစိတ်ရာကြီး သေရာပါသွားမည်ကို မရှုစိမ့်ခြင်းဖြစ်၏။ ထိုထက်ပို၍ အဓိကကျသောအချက်မှာ မတော်တဆခွဲရင်းစိပ်ရင်းတိမ်းပါးသွား ခဲ့သော်ဆိုသော စိုးရိမ်စိတ်ပင်ဖြစ်လေသည်။
သေခြင်းတရားကိုကျွန်တော်မသိ၍မဟုတ်။ သေခြင်းတရားဟူသည်ကြောက်၍လည်းအသနားမပို ရှောင်လွှဲ၍ မရနိုင်သည်ကိုကျွန်တော်နားလည်ပါ၏။ သို့သော် ရံဖန်ရံခါခါးနာသည်မှလွဲ၍ အကောင်းပကတိ လှုပ်ရှားသွားလာနေသူဖြစ်ရာ အသက်နှင့်ယှဉ်သောခွဲစိပ်ကုသမှုတစ်ရပ်ကိုမှားယွင်းစွာရွေးချယ်မိဖို့ မည်သို့မျှစဉ်းစား မရနိုင်ခဲ့ချေ။ သူများတွေ သည်လိုပဲခွဲစိတ်နေကြသည်၊ ခွဲတိုင်းသေသည်မဟုတ်၊ သွားနိုင်လာနိုင် ကျန်းမာတုန်း ခွဲစရာရှိ ခွဲတာကောင်းသည်၊ ကျောက်ကပ်ဆိုတာ ပျက်ပြီဆိုလျှင် ဝုန်းကနဲပျက်တတ်ပြီး ထိုအခါကျမှဆိုလျှင် ခွဲစိတ်ချိန်ပင်ရနိုင်မည် မဟုတ်တော့ စသည်စသည် ကျွမ်းကျင်မှုအမြင်များသည် ‘ခွဲစိတ်ရင်းမသေနိုင်ဟု ရာနှုံးပြည့် အာမမခံနိုင်’ ဆိုသော ထိုကျွမ်းကျင်သူတို့ကိုယ်တိုင်၏ ဝန်ခံချက်ကိုကျော်လွန်၍ ကျွန်တော့်အား ဆွဲဆောင်ခြင်းငှာမစွမ်းကြ။ ထိုအချိန် ကျွန်တော်သည်ဝန်ထမ်းတစ်ပိုင်းစီးပွားရေးသမားတစ်ပိုင်းဘဝတွင် နှစ်မျိုးစလုံးကိုအရှုံးဖြင့်ကျော်ဖြတ်နေရချိန်လည်းဖြစ်၏။ ဝန်ထမ်းဘဝ၏အရှုံးမှာ (နုတ်ထွက်ခွင့်တောင်းခံထားပြီးမို့) မတောင်းတာဟုဆိုရမည်ဖြစ်သော်လည်း စီးပွားရေးသမားဘဝ၏အရှုံးကမူ ငွေရေးကြေးရေး (တစ်နည်း) အကြွေးပါဝင်ပတ်သက်နေသည်။ လူတကာကိုပြုံးပြရုံကလွဲ၍ဘာမျှမတတ်ဟု ကျွန်တော်သတ်မှတ်ထားသောဇနီးသည်နှင့် လူမမယ်သားသမီးသုံးယောက်တို့အားအကြွေးထုပ်ကြီးနှင့် ထားရစ်မျက်ကွယ်ပြုဘို့ရာ စဉ်းစားမရနိုင်ခဲ့ချေ။ ကံအားလျော်စွာကျောက်ကပ်နှစ်ခုစလုံးတွင်ပြည့်နှက်နေသည်ဆိုသော အနှီကျောက်များသည် ဘဝတဏှာအတွက် ကျားကုပ်ကျားခဲထမ်းနေရသော ကျွန်တော့်ခန္ဓာဝန်ကိုစိုးစဉ်းမျှလေးပင်ခြင်း (ယ္ခုတိုင်)မရှိခဲ့ကြ။ မရှိသေးဟုဆိုလျှင်ပိုမှန်မည်။ ခေါက်ကနဲပြိုဆင်းခြင်းကိုတော့ ဘယ်သူမျှမတတ်နိုင်။
# #
ထိုနှစ်များအတွင်းမှာပင် ရွှေ့ပြောင်းလုပ်သား (တစ်ချို့က ဦးနှောက်ယိုစီးမှုဟုတင်တင်စီးစီးပြောကြသည်။ သူများခိုင်းတာလုပ်ရသည်ခြင်းအတူတူခြားနားသည်ဟု ကျွန်တော်တော့မထင်) ခရီးစဉ်အဖြစ် ဘန်ကောက်သို့ စတင်ထွက်ခွာဖြစ်သည်။ ဘန်ကောက်မှာခြောက်နှစ်ကြာစဉ်အတွင်း တစ်ကြိမ်တွင် အပြင်းအထန် ခါးနာသည့် ဝေဒနာခံစားရသဖြင့် ဆေးရုံကြီးတစ်ရုံသို့သွားပြရင်းခါးနာကုသောဆရာဝန်ကို ကျောက်ကပ်ကျောက်တည်နေကြောင်း မြန်မာနိုင်ငံရှိဆရာဝန်ကခွဲရန်ပြောထားဖူးကြောင်းပြောပြရာ ထိုဆရာဝန်သည် ကျွန်တော်၏ ဆီးနမူနာကိုချက်ခြင်းယူစေကာ (ဓါတ်မှန်တော့မရိုက်ခဲ့ရ) စစ်ဆေးပြီးနောက် ကိစ္စမရှိပါဟု ပြောသဖြင့်အားတက်ပြီး နှစ်အတန်ကြာအောင်မေ့မေ့ပျောက်ပျောက်ဖြစ်ရပြန်၏။ ဘန်ကောက်မှ ပြန်လာပြီး စီးပွားရေးလောကအတွင်းပြန်လည်အခြေချဘို့မည်သို့မျှနေရာမရနိုင်သည့်အခါစင်္ကာပူသို့ပြန်ထွက်ရာ၌ ဗိုက်ထဲကကျောက်တွေငြိမ်ချက်သား ကောင်းဆဲပင်ဖြစ်လေသည်။ သို့ရာတွင်မမျှော်လင့်သောရောဂါတစ်ခုကိုတော့ စင်္ကာပူ၏တင်းကျပ်သောစည်းမျဉ်းစည်းကမ်းနှင့်အညီနှိမ်နင်းခဲ့ရ၏။ ကမ္ဘာကျော် တီဘီခေါ် အဆုတ်နာပင် ဖြစ်သတည်း။
စင်္ကာပူတွင် အလုပ်လုပ်ရန် ပဏာမခန့်စာကို ပို့လိုက်ကတည်းက တီဘီနှင့်အခြားကူးစက်ရောဂါတွေ ကင်းရှင်းကြောင်းဆေးမှတ်တမ်းယူလာရန်မှာသည့်အတိုင်း ဓာတ်မှန်အပါအဝင်အခြားဆေးစစ်ချက်များယူဆောင် တင်ပြခဲ့ရရုံမက အလုပ်ရှင်ညွှန်ပြသော ပြင်ပဆေးခန်းတစ်ခုတွင် ထပ်မံစစ်ဆေးပြီးအဖြေကို အလုပ်ရှင်ထံတိုက်ရိုက်အစီရင်ခံသောစံနစ်ဖြင့် အတည်ပြုပြီးမှသာလျှင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်ထုတ်ပေးခဲ့သည့်ကြားမှ ခြောက်လအကြာ၌ တီဘီသံသယအဝင်ခံရပုံမှာ ဒဏ္ဍာရီဆန်သည်ဟုပြောရမည်သို့ဖြစ်၏။ သာမန်အာဂန္တုအဖျားကို နီးစပ်ရာဆေးခန်းတွင်ပြရာမှ ဆရာဝန်ပေးသောဆေးပြင်းများကြောင့် အဖျားမကျဘဲသွေးဖြူဥတွေကျခဲ့ပြီး မြို့နယ်ဆေးခန်းသို့ပြောင်းလဲပြသပြန်ရာ သွေးဖြူဥကျလျှင်ကင်ဆာဟု ယိုးစွပ်ခံရသည်။ ထိုမှ စင်္ကာပူအမျိုးသားတက္ကသိုလ် ဆေးရုံသို့သွားရာ လေးငါးရက်ခန့်သီးသန့်ခန်းတွင်ထားပြီး မေးခွန်းအမျိုးမျိုးမေး ဆေးအမျိုးမျိုးပေးပြီး နောက်ဆုံးတွင် တီဘီဟုသတ်မှတ်ကာ ကူးစက်ဆေးရုံသို့လမ်းညွှန်လိုက်သည်။ ကူးစက်ဆေးရုံတွင် ထပ်မံစစ်သည့်နည်းနှစ်မျိုးအနက် တစ်မျိုးတွင်ပိုးမတွေ့ ကျန်တစ်မျိုးကမထင်ရှား သို့သော် ခြောက်လဆေးစားရန် ညွှန်ကြားလိုက်လေသည်။ ဤသို့ဖြင့် နှစ်အတန်ကြာက ရန်ကုန်ရုပ်မြင်သံကြားတွင် ရာဇာနေဝင်း လက်နှစ်ဘက်ကွေးကောက်ပြပြီး DOTS ဟု ကြော်ငြာသည်ကိုမြင်တိုင်း ဒီမောင်ဘာတွေလုပ်နေပါလိမ့်ဟု နားမလည်နိုင်ခဲ့သောကျွန်တော် စင်္ကာပူDOTSတွင် ကိုယ်တိုင်ပါဝင်ဖြစ်ခဲ့ရလေတော့၏။ မြို့နယ်ဆေးရုံသို့ နေ့စဉ်သွားကာ တာဝန်ကျသူနာပြု၏ ကြီးကြပ်မှုဖြင့်ဆေးများကိုခြောက်လတိုင်တိုင် မပျက်မကွက်သောက်ပြီးနောက် ဆရာဝန်ကထပ်မံစစ်ဆေးပြီး ဆေးမှန်မှန်သောက်ကြောင်းထောက်ခံစာထုတ်ပေးခြင်းဖြင့် တီဘီ ဇာတ်လမ်း ဇာတ်သိမ်းခန်း သို့ ရောက်ရှိခဲ့လေသည်။
စင်စစ် စင်္ကာပူရောက်စ ပထမသုံးနှစ်ခန့်မှာ ‘အလုပ်လာလုပ်တာလား ဆေးလာကုတာလား’ မေးရလောက်အောင်ပင် ဆေးရုံဆေးခန်းနှံ့ရုံသာမက အရေးပေါ် ပြင်ပလူနာ အတွင်းလူနာအဖြစ် ရက်အတန်ကျင်လည်ခဲ့ ရ၏။ ရောဂါစုံကုသနည်းစုံ အခန်းစုံ (သီးသန့်ခန်း၊ နေ့ခွဲစိတ်ခန်း၊ ပင်မခွဲစိတ်ခန်း) မှာ မသေရုံတမည်အထိ ဝင်ထွက်ခဲ့ရလေသည်။ တီဘီကိစ္စပြီးတော့ ရင်တွင်းကျောက်ကို တစ်ကပြန်စရပြန်သည်။ အစဖေါ်သူက မရွှေတောက်။ စဖြစ်ကတည်းက ခွဲစိတ်ဓားကိုရှောင်ကွင်းလာခဲ့သည်မှာ နှစ်ဆယ်စုချီရှိပြီမို့ သူမ၏စိုးရိမ်ချက်ကတစ်ကျော့ပြန်လာပြီ။ သည်အထဲဆရာဝန်ဖြစ်စသမီး၏ အတို့အထောင်တွေလည်းပါသည်။ ကျောက်ကပ်ထဲမှာ ကျောက်တည်နေပါလျက် (ကျွန်တော့်လို) မနာဘူးဆိုလျှင်ပိုကြောက်ရသည်။ အသံတိတ်လူသတ်သမား ဟု အမည်တွင်သော ကျောက်ခက် (stag horn) ဖြစ်နေလျှင်ခက်မည်စသည်ဖြင့် ကြားဖူးနားဝခြောက်လုံးများဖြင့် သူ့အမေကိုမီးထိုးပေး၏။ သို့နှင့် မိတ်ဆွေ တစ်ဦးမှတစ်ဆင့်သိကျွမ်းလာသော မြန်မာဆရာဝန်ရှိရာ အလက်ဇန္ဒားဆေးရုံတွင်သူမကိုယ်တိုင်ကြိုတင်စာရင်းသွင်းပြီး ကျွန်တော့်ကိုဆွဲခေါ်ပြစေသည်။ ကျောက်အရွယ်အစားကို ဓာတ်မှန်တွင်မြင်သောအခါ အံ့သြသွားသော ဆရာဝန်ကအမြန်ခွဲစိတ်ဖို့အကြံပြုလေသည်။
သို့နှင့် နှစ်နှစ်ဆယ်နီးပါး ဖြစ်တည်နေသော ရင်တွင်းဖြစ်ကျောက်များကို စင်္ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံမှာတက်၍ နှစ်ကြိမ်နှစ်ခါဖေါက်ထုတ်ဖြစ်ခဲ့၏။ ခွဲထုတ်ခြင်းတော့မဟုတ် ကီးဟိုးခေါ်သော့ပေါက်ငယ်မှ တစ်ဆင့်ကျောက်များအားတစ်စစီချေပြီးထုတ်ယူခြင်းဖြစ်ရာ ကျွန်တော်စိုးရိမ်ဖူးသောဝမ်းပိုက်ပတ်လည် အမာရွတ်ထင်မည့်အရေးဝေးသွားသဖြင့်အောင့်ထားရကျိုးနပ်သည်ဆိုရမည်။ သို့သော်ယာဘက်ကျောက်ကပ် သာလျှင် ၉၅ရာနှုံး အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပြီး ဝဲဘက်မှာမူသွေးထွက်လွန်သဖြင့် ခွဲစိတ်မှုကိုရပ်လိုက်ရသည်။ ယာဘက်ကျောက်ကပ်ခွဲစဉ်ကထိုမျှကြီးသောကျောက်မျိုး ဤဆေးရုံမှာပထမဆုံးခွဲစိတ်ဘူးခြင်းဖြစ်သည်ဟုဆိုကာ ဆေးကျောင်းသားများလာရောက်အင်တာဗျူးခြင်းကိုခံရပြီး ဝဲဘက်ကျောက်ကပ်တွင်မူ ကျောက်ကမကုန်လူသာအသက်ကုန်မည်သို့ရှိသောကြောင့်တစ်ပိုင်းတစနှင့်ရပ်ပြီးသွေးနှစ်ပိုင့်သွင်းလိုက်ရ၏။ ကျွန်တော်လည်း မေ့ဆေးဆိုနားမှလေသာမကြားလိုပါဆိုသည့်အဖြစ်သို့ ရောက်ခဲ့ရလေသည်။ မည်သို့ဆိုစေ သူများ(ကုမ္ပဏီ)စရိတ်နှင့် သက်သောင့်သက်သာဆေးကုသခွင့်ရလိုက်ခြင်းမှာတော့ ကျေးဇူးကြီးမားလှပါသည်။ လူမစွမ်းနတ်မခြင်းဟု ပြောလျှင်လည်းရမည်။ ဘမ်ရွန်ဂရက် (Bumrungrad) တို့ မောင့်အီး (Mt. Elizabeth) တို့ကိုကော်ဖီလက်ဖက်ရည်ဆိုင်ပမာ သွားလာဝင်ထွက်နေကြသော ဘဝ၌အောင်မြင်ကြသူ မျက်နှာသိများနှင့်ဆုံလေတိုင်း မုဒိတာပြုံးနှင့်ရှက်ပြုံးတို့ပေါင်းစပ်အပ်သည့်အပြုံးတစ်မျိုးဖြင့်ပြုံးကာ သူတို့ပြောသမျှပြည်တွင်း ကျန်းမာရေးလောကမှအဆီအငေါ်မတည့်မှုများကို နားထောင်နေကျဖြစ်ရာငါများ တစ်ခုခုဖြစ်လျှင်ဆိုသော အတွေးကိုလည်း ရှောင်လွှဲမရနိုင်သောကြောင့်ဖြစ်၏။ သို့သော် ထိုအဆီအငေါ် မတည့်မှုများသာလျှင်အားကိုးရာရှိမည့် အရေးက မဝေးလှတော့သည်ကိုလည်း သတိချပ်မိပါသည်။
ကျွန်တော်ကမဝေးတော့ဟု သတိမူမိချိန်မှာ တစ်ချို့ကနဖူးတွေ့ဒူးတွေ့တွေ့နေကြရပြီ။ ပြည်တွင်း သို့ပြန်ရောက်ရောက်ခြင်းဆိုသလိုငယ်သူငယ်ချင်းအရင်းကြီး၏ဇနီး ပြည်သူ့ဆေးရုံတစ်ရုံတွင်တက်နေသည် ဆိုသဖြင့်ကမန်းကတန်းပြေး၍ သတင်းမေးဖြစ်သည်။ ခေတ်ပညာကိုသိပ္ပံဘွဲ့ရသည်အထိသင်ယူပြီးနောက် အရောင်းအဝယ်ဖြင့်အသက်မွေးပြီး အတော်အတန်အောင်မြင်ခဲ့ဖူးသော သူငယ်ချင်း၏လက်ရှိဘဝက မယုံကြည်နိုင်လောက်အောင်ပင်ကြမ်းတမ်းနေ၏။ အကြမ်းတမ်းဆုံးဖြစ်မည်က အသဲနှင့်ရင်သားကင်ဆာများ တစ်ပြိုင်နက်ခံစားနေရသောဇနီးသည်ကို သည်အတိုင်းကြည့်နေရသည့်အဖြစ်။ ခေတ်မီသလောက်ကြေးကြီး သည့်ကုထုံးမျိုးနေနေသာသာ သောက်ဆေးစားဆေးပင်ဆွေမျိုးမိတ်သင်္ဂဟအထောက်အပံ့ဖြင့် အနိုင်နိုင်ဝယ်နေရ၏။ မပူပါနဲ့သူငယ်ချင်း ဒါမျိုးဝေဒနာသည်တွေကို သည်ဆေးရုံမှာဆေးဝါးကအစအခမဲ့ကုသပေးနေပါတယ်လို့ ငါသတင်းစာထဲမှာတွေ့ထားတယ်ဟု ပူပူနွေးနွေးဖတ်ထားသောနိုင်ငံပိုင်သတင်းစာထဲမှ သတင်းတစ်ပုဒ်ကိုးကားပြီး အားပေးသည်၌ သူ့မဲ့ပြုံးကိုမြင်ရ၏။ ငါဖတ်ပြီးသားပါကွာ ဒီနေ့မနက်ပဲအရေးကြီးသောက်ဆေးနှစ်မျိုးလိုလို့ဆရာဝန်ကြီးဆီ (သူအမည်ပြောသေး၏ သို့သော်မမှတ်မိတော့) သွားပါဆိုတာနဲ့သွားပြီးပြီ။ အလကားရဖို့နေနေသာသာ သူဝယ်ခိုင်းတဲ့ဆိုင်ကဈေးက အရင်တခြားဆိုင်မှာဝယ်ဖူးတဲ့ဈေးထက် နှစ်ဆလောက်မြင့်နေတယ်။ ဘာကြောင့်မှန်းတော့မသိဘူး အဲဒီဆေးက ခုဆိုအဲဒီဆိုင်တစ်ဆိုင်မှာပဲရနိုင်တော့တယ်။ တစ်လခန့်အကြာတွင် ထိုဆေးအလကားရသည်ဟုစုံစမ်းရရှိသော နောက်ဆေးရုံတစ်ရုံသို့ပြောင်းတက်၏ (တကယ်လည်း ဆေးကထိုဆေးရုံမှာအလကားရသည်)။ သို့သော် ထိုမှာပင်လူနာဆုံးပါးသွားခဲ့သည်။ လက်ဖက်ရည်ပန်းကန်ထဲကမုန်တိုင်းပမာ သူငယ်ချင်း၏ သောကကိုစာနာရင်း ဒါတွေနဲ့ငါနဲ့ဖြစ်မှ ဖြစ်ပါ့မလားဟု တွေးဖြစ်အောင်တွေးလိုက်သေး၏။ ပြီးမှ တိတ်တခိုးရှက်မိလေသည်။
နှစ်နှစ်အတွင်း ရွယ်တူတန်းတူဟုဆိုနိုင်သော မိတ်ဆွေရင်းချာလေးငါးဦးတို့၏ နာရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရပြီးနောက် ဇရာနှင့်မရဏကြားကဗျာဓိကိုလူလိုသူလိုကျော်လွှားနိုင်ရေးကိစ္စမှာ ထင်တာထက်ပင်ပိုခက်နေကြောင်းကျွန်တော်သတိပြုမိရ၏။ ထိုအတွင်း စောစောကဘမ်ရွန်တွေ မောင့်အီးတွေ တွက်ချေကိုက်မှန်းသိသော ပြည်တွင်းပြည်ပစီးပွားရေးသြဇာရှင်တွေကငွေတွေအများကြီးရမည့် ဆေးရုံအကြီးကြီးဆောက်လုပ်ရန်အလို့ငှါမြို့လည်ခေါင်ရှိစိတ်ကြိုက်မြေနေရာကို ရာဇဝင်ထဲကအစိုးရထံမှ ကြက်ကလေးငှက်ကလေးဖမ်းသလိုရယူသွားခဲ့ကြောင်း ဥပလက္ခိတံကြားလိုက်ရသောအခါ တစ်ခေတ်တစ်ခါကမင်းသားကြီး ဦးမြတ်လေး၏ အိုက်တင်နှင့် “ခင်ဗျားတို့ကဗျာ ကြောက်ပါတယ်ဆိုသူကိုမှ ဒူးထောက်ခိုင်းရုံတွင်မကဘူး လက်ပါမြှောက်ခိုင်းချင်တာကိုး” ဟူသောခနိုးခနဲ့အပြောကိုအမှတ်ရမိလေသည်။ သူတို့၏ဆင်ဝင်အောက်ကိုပင်မဝင်ဆန့်မှန်းသိ၍ကိုယ့်အရပ်ကိုယ်ပြန်လာကာမှ ထက်ချပ်မကွာလိုက်လာရက်သူတို့ကိုဝန်တိုရအခက် ကြိုဆိုရအခက်ဖြစ်မိသေး၏။ စပျစ်သီးနှင့်ဟိုအကောင်ပုံပြင်ကိုဆင်ခြင်လိုက်မှသက်သာရာရသောဟူ၏။ ထိုမှအစိုးရသစ်၏ တစ်နေ့တစ်လံအရွေ့အောက်မှာထိုမြေကြီးကိုလူထုအကျိုးငှာပြန်လည်သိမ်းဆည်းဖို့ လွှတ်တော်တွင်ဆုံးဖြတ်သည့်သတင်းကြားရသောအခါ ဝမ်းမြောက်ခြင်းကို မအောင့်မအည်းနိုင်သလိုဖြစ်ရပြန်သည်။ ပြည်သူ့အစိုးရဆိုတာဒါမျိုးကွဟု မစားရဝခမန်းစကားရောဖောသော လုပ်မိသည်အထိဖြစ်၏။
# #
လူသွားစင်္ကြန်ကျူးကျော်မှုမှသည် တပ်ပိုင်မြေဖောင်းပွခြင်းအထိ၊ လုယက်မှုမှသည် လူမှောင်ခိုအထိ၊ နယ်စပ်စည်းရိုးကျိုးပေါက်ခြင်းမှသည် တိုင်းရင်းသားအရေးအထိ၊ ခြောက်ဆယ့်ခြောက်(ဃ) မှသည် လေးရာသုံးဆယ့်ခြောက်အထိ ဖြေရှင်းစရာတွေများပြားစွာသောနုနုငယ်ငယ်အစိုးရအစား ကိုယ့်အတ္တနှင့်ကိုယ် ကြားကကျွန်တော်ရင်မောသည်မှာအမှန်။ သို့စဉ်လျက်ကိုယ်ဖေါ်သည့်ဆေးကိုယ်စားလေ့မရှိကြသည့်အဘတို့ခေတ်အလွန်မှာကိုယ့်ဆေးရုံကိုယ်သွားကိုယ့်သမားတော်ကိုယ်တိုင်ပင်ကာ ကိုယ့်ဝန်ထမ်း၏စောင့်ရှောက်မှုကိုကိုယ်ခံယူတတ်သည့်အလေ့ကို စံပြုအတုယူဘွယ်ပြသသည့် ဖြစ်ရပ်အချို့ကိုမြင်စပြုလာရသောအခါတွင်မူကား ကျွန်တော့်လောဘသည်လည်း မီးလောင်ရာလေပင့်သလို မြင့်ချင်ချင်ဖြစ်ရလေသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ကုန်သောပြည်သူတို့အတွက် အရည်အသွေးပြည့်ဝသည့် အိုးတန်ဆန်ခပ်ကျန်းမာရေးစောင့်ရှောက်မှု တစ်ရပ်ကို မမျှော်စဖူးအမျှော်ထူးကာစိတ်ကြီးပင်ဝင်ချင်မိတော့၏။ ဘမ်ရွန်နိုင်သူတွေရွန်ကြပါစေ။ မောင့်အီးလိုသူတွေလည်းအီးကြပါစေ။ ကျွန်တော်တို့လိုပြည်သူတွေလည်း ပြည်သူ့ဆေးရုံကြီးတွေမှာဘဝ၏နောက်ဆုံးဝေဒနာတွေ အဖိုးနည်းဝန်ပါလျော့ပါးသက်သာခွင့်ရနိုင်ကြပါစေ။ သေခြင်းတရား၏ ရှေ့မှောက်မှာ အားလုံးညီမျှစွာနာခွင့်ရဖို့ကို ကျွန်တော်မျှော်လင့်သည်။
သေသည်အထိ အတ္တကြီးမည့်သူဟုဆိုကာမှဆိုကြစေရော့။