ကျောင်း(တက္ကသိုလ်)မှာတုန်းက ရှားရှားပါးပါးရင်းနှီးသူမိန်းကလေးအချို့ကကျွန်တော့်အားလွယ်အိတ်ကြီးဟုရည်ညွှန်းသည်နှင့်ကြုံခဲ့ရဖူးသည်။ အမြဲတန်းလိုလိုလွယ်အိတ်တစ်လုံးနှင့်တွေ့ရသောကြောင့်ဟုဆို၏။ လွယ်အိတ်လို ကန့်လန့်တိုက်တတ်သောကြောင့်ဟုပြောသံမကြားရသည်မှာတော်ပါသေးရဲ့ဆိုရမည်။
# #
ကျောင်းသားလွယ်အိတ်လွယ်တာအဆန်းမဟုတ်သော်လည်း တက္ကသိုလ်တွင်ကျောင်းသားတိုင်းအမြဲတစေလွယ်အိတ်လွယ်ကြသည်တော့မဟုတ်။ လွယ်အိတ်လွယ်သူမရှိဘူးလည်းမဟုတ်လူနည်းစုဟုပြောလျှင်ရမည်ထင်သည်။ အထူးသဖြင့် အတန်းကြီး (နှစ်ကြီး)လာလျှင်စာအုပ်သယ်ရနည်းလာသဖြင့်အများစုဆိုသလို လွယ်အိတ်မလွယ်ကြတော့။ ပြဌာန်းစာအုပ်တစ်အုပ်လောက်မှတ်စုစာအုပ်တစ်အုပ်လောက်သည်အတိုင်းကိုင်၍ဖြစ်စေ ကဒ်ထူဖိုင်နှင့်ဖြစ်စေအတန်းတက်လေ့ရှိကြသည်။ (စကားချပ်။ သိုးဆောင်းဘာသာရပ်ဖြင့် ရိုက်နှိပ်အပ်သောပြဌာန်းစာအုပ်နှင့်အင်ဂျင်နီယာကျောင်းသားဟုသီးခြားပေါ်လွင်စေမည့်လျှောပေတံ (Slide Rule) စသည်အားဖြင့်ထင်ရှားစေလိုသော အနုသယမာန်လေးများ၏တွန်းအားသည်လည်းအကြောင်းတစ်ရပ်ဖြစ်နိုင်သည်။)။
# #
ကျောင်းသားလွယ်အိတ်လွယ်တာအဆန်းမဟုတ်သော်လည်း တက္ကသိုလ်တွင်ကျောင်းသားတိုင်းအမြဲတစေလွယ်အိတ်လွယ်ကြသည်တော့မဟုတ်။ လွယ်အိတ်လွယ်သူမရှိဘူးလည်းမဟုတ်လူနည်းစုဟုပြောလျှင်ရမည်ထင်သည်။ အထူးသဖြင့် အတန်းကြီး (နှစ်ကြီး)လာလျှင်စာအုပ်သယ်ရနည်းလာသဖြင့်အများစုဆိုသလို လွယ်အိတ်မလွယ်ကြတော့။ ပြဌာန်းစာအုပ်တစ်အုပ်လောက်မှတ်စုစာအုပ်တစ်အုပ်လောက်သည်အတိုင်းကိုင်၍ဖြစ်စေ ကဒ်ထူဖိုင်နှင့်ဖြစ်စေအတန်းတက်လေ့ရှိကြသည်။ (စကားချပ်။ သိုးဆောင်းဘာသာရပ်ဖြင့် ရိုက်နှိပ်အပ်သောပြဌာန်းစာအုပ်နှင့်အင်ဂျင်နီယာကျောင်းသားဟုသီးခြားပေါ်လွင်စေမည့်လျှောပေတံ (Slide Rule) စသည်အားဖြင့်ထင်ရှားစေလိုသော အနုသယမာန်လေးများ၏တွန်းအားသည်လည်းအကြောင်းတစ်ရပ်ဖြစ်နိုင်သည်။)။
မဆလခေတ်မို့ (ဟိုတုန်းကတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့မဟုတ်လမ်းစဉ်ပါတီဟုသာတရားဝင်ခေါ်ရသည်၊ မဆလဟုလူသိရှင်ကြားခေါ်ခွင့်မရှိ) ပါတီနှင့်နီးစပ်သောတချို့ကျောင်းသားတွေ (ဥပမာ လမ်းစဉ်လူငယ်) ပါတီဖက်ရှင်ဖျင်လက်ဆွဲအိတ်များသုံးကာကျောင်းတက်ကြသလို တချို့နိုင်ငံခြားဖြစ် ခေတ်မီကြိုးတပ်သားရေအိတ်လွယ်သူများလည်းရှိသည်။ မိန်းကလေးများဆလင်းဘက်လွယ်သလိုမျိုးဖြစ်မည်လားမသိ။ ရိုးရိုးလွယ်အိတ်ကိုတတိယနှစ်ကျော်၍သုံးစွဲသူအနည်းအကျဉ်းသာရှိသည်။ ထိုအချက်သည်ပင်နောက်ဆုံးနှစ်အထိချည်သားလွယ်အိတ်ထဲမှာသည်စာအုပ်လေးတစ်အုပ်စနှစ်အုပ်စထည့်ကာကျောင်းတက်လေ့ရှိသောကျွန်တော်အမည်ပြောင်ရခြင်းဖြစ်ကောင်းဖြစ်မည်။
ချီးမြှေက်ခြင်းနှိမ့်ချလိုခြင်းမပါ ရင်းနှီးမှုဖြင့်ခေါ်ဝေါ်ကြခြင်းဖြစ်သည့်အပြင်ဆိုးဆိုးရွားရွားအမည်ပြောင်မျိုး မဟုတ်သည်မို့ကျွန်တော်ကလည်းမကန့်ကွက်။ ကန့်ကွက်၍လည်းရမည့်သူတွေမဟုတ်။ တစ်ကြိမ်တွင် သမိုင်းထဲကလွယ်အိတ်ကြီးအမည်ဖြင့်ကျော်ကြားခဲ့သူများအားအကြောင်းပြုကာ သည်နာမည်ကျွန်တော်နှင့်မအပ်စပ်မသုံးစွဲဖို့ပြောမိရာပိုပြီးအော်ကြီးဟစ်ကျယ်လုပ်လာကြသဖြင့် နောက်ထပ်မကြိုးစားဖြစ်ခဲ့တော့။ အကြောင်းအားလျော်စွာလွယ်အိပ်နှင့်အတူထီးကောက်တစ်ချောင်းကိုင်စွဲမိသောအခါ၌မူ ရှိရင်းစွဲအမည်မှာတစ်လုံးတိုးပြီး‘ထီးကောက်ကြီး’ဟုတွင်ခဲ့ရပြန်လေသည်။ ထီးကောက်မှာ ကျွန်တော့်ညီရှာရှာဖွေဖွေဝယ်ပြီး လက်ဆောင်ပေးသောကြောင့်မရည်ရွယ်ဘဲစွဲမြဲစွာကိုင်ဖြစ်ခဲ့ခြင်းဖြစ်၏။ ဂျပန်ပြည်ဖြစ်ပေါ့ပါးကြံ့ခိုင်သည့်အပြင်အဖွင့်ရောအပိတ်ပါခလုပ်နှင့်မို့ခေတ်မီပြီးသုံးပျော်သဖြင့် မက်မက်မောမာကိုင်စွဲခဲ့ခြင်းလည်းဖြစ်လေသည်။
နဂိုလွယ်အိတ်တွင်ထီးကောက်ကြီးပါဝင်လာသောအခါ ခနိုးခနဲ့ပြောဆိုမှုတွေရှိလာကြသည်။ ထိုစဉ်ကပြသဆဲ ပန်းတွေနှင့်ဝေရုပ်ရှင်ထဲမှဇာတ်ပို့ဟာသသရုပ်ဆောင်တစ်ဦးလိုမျိုး သျှောင်ထုံးရောမထုံးတော့ဘူးလား ဆိုသောအပြောမျိုးဖြစ်သည်။ သို့သော် ထိုအချိန်တွင်ထီးကောက်တစ်ချောင်း၏လုံခြုံကြံ့ခိုင်အသုံးကျမှုကို ကျွန်တော်အရသာတွေ့နေပြီ။ ထို့ကြောင့်ပင်ထိုဂျပန်ထီးကောက်ခလုပ်ကျိုးပြီးသုံးမရတော့သည့်အခါ ထိုင်းနိုင်ငံလုပ်ခလုပ်ထီးကောက်နောက်တစ်ချောင်းကို မှောင်ခိုဈေးမှဝယ်ယူသုံးစွဲခဲ့ခြင်းဖြစ်လေသည်။ မှတ်မိသလောက်ပြည်တွင်းဖြစ်ယောက်ကျားဆောင်းထီးကောက်များရှိသော်လည်း အရည်အသွေးမကေင်းသည့်အပြင်အလွယ်တကူဝယ်၍လည်းမရပေ။ တိုက်တိုက်ဆိုင်ဆိုင်ထီးကောက်တစ်ချောင်းထပ်ဝယ်ချိန်၌ ကျွန်တော်ကျောင်းပြီး၍ ဘွဲ့ရအလုပ်လက်မဲ့အဖြစ်ထီးထမ်းလမ်းလျှောက်နေရပြီဖြစ်၏။ ပြောရလျှင် လွယ်အိတ်ကိုလည်း လွယ်ဆဲလွယ်မြဲဖြစ်လေသည်။
အလုပ်ခွင်ဝင်သောအခါ လွယ်အိတ်နေရာမှာသားရေလက်ဆွဲအိတ်ဖြစ်လာပြီ။ လွယ်အိတ်နှင့်လမ်းခွဲခဲ့သည်မှာလည်း ထိုစဉ်ကတည်းကဟုဆိုရမည်။ နေ့စဉ်မှတ်တမ်း၊ အလုပ်မှတ်တမ်း၊ ပုံကြမ်းပုံချော၊ ထမင်းဗူး လက်နှိပ်ဓာတ်မီးစသည့် အသုံးအဆောင်တွေအမြဲထည့်ထားရန် လွယ်အိတ်ထက်ပို၍ကြီးပြီး ရာသီဥတုဒဏ်ပိုခံနိုင်သောအိတ်မျိုးလိုအပ်သည်။ ထီးကောက်ကတော့သည်အတိုင်းသည်အတိုင်း။ လုပ်ဖေါ်ကိုင်ဘက် အတော်များများ လက်ဆွဲအိတ်ထဲခေါက်ထီးတစ်ချောင်းထည့်ကာသက်သောင့်သက်သာရှိနေကြချိန် ကျွန်တော်က လက်ဆွဲအိတ်တစ်ဖက်ထီးတစ်ဖက်နှင့် ဘတ်စကားတိုးဆဲ။ ယ္ခုလောက်ဘတ်စကားတွေ သရုပ်မပျက်သေးသဖြင့်သာတော်တော့၏။ မိုးထဲရေထဲရွှံ့တောလုပ်ငန်းခွင်ထဲ ထီးတစ်ကားကားလှည့်လည်သွားလာနေသည်ကိုမျက်စေ့စပါးမွှေးစူးပုံရသောအထက်အရာရှိ၏ ‘နွားပွဲစားအင်ဂျင်နီယာ’ဘွဲ့တံဆိပ် ခပ်နှိပ်ခြင်းခံရသည်ကိုလည်းမနာနိုင်ခဲ့။ ကျွန်တော့်ကိုနွားပွဲစားဟုခေါ်သောထိုအရာရှိက ရံဖန်ရံခါဆိုသလိုတိုင်းခန်းလှည့်လည်တတ်သည့် ဌာနဆိုင်ရာနှင့်ပါတီအကြီးအကဲတွေ အစိုးရအဖွဲ့ဝင်တွေလာသည့်အခါတိုင်း ထီးတော်မိုးရန်ကိစ္စမမေ့မလျော့စီမံတတ်ပုံကိုသတိပြုမိသောအခါ၌လည်းမပြုံးနိုင်ခဲ့။ တာဝန်အရသူတို့နောက်ပါးမှ ကိုယ့်ထီးကိုယ်ဆောင်းရင်းလိုက်ပါရသည့်အခါမျိုးတွင်မူ ကျွန်တော်တစ်ခါမျှမလျှောက်ဖူးခဲ့သောနွားဈေးပွဲဆိုသည်ကို စိတ်ကူးဖြင့်မြင်ယောင်ကြည့်ရင်း ပြုံးမိလေသည်။
ထိုအချိန်မှစ၍လက်ဆွဲအိတ်အမျိုးမျိုးပြောင်းလဲကိုင်ဆောင်ခဲ့ဘူးသည့်တိုင် လွယ်အိတ်လွယ်၍လမ်းထွက် ဖူးသည်ဟုအမှတ်မရတော့။ ဝန်ထမ်းဘဝမှာတာဝန်ဖြင့်နိုင်ငံခြားခရီးသွားဖို့ အကြောင်းဖန်လာသည့်အခါ ရှေ့ကနောင်တော်တွေ၏အစဉ်အလာအတိုင်း အနောက်တိုင်းဝတ်စုံနှင့်လိုက်ဖက်မည့် အတက်ချီကေ့စ်ဟုခေါ်ကြသော လက်ဆွဲအိပ်ပြားပြားသားသားနားနားတစ်လုံးကိုစကော့ဈေးသို့ပြေး၍ဝယ်ဖူးသည်။ ယ္ခုတိုင် ဘီရိုထဲမှာသိမ်းထားဆဲဖြစ်သော ထိုအိတ်ကလှပပေါ့ပါးခိုင်ခန့်သော်လည်းနေရာမကျယ်သဖြင့်ကိုယ်နှင့်မကွာထားရမည့်အဝတ်အထည်အသုံးအဆောင်နှင့်စာရွက်စာတမ်းလောက်သာထည့်၍ရသည်။ ထိုအိပ်ထဲမှာ ခရီးသွားအထောက်အထားများ၊ ဖတ်ရှုရန်မှတ်သားရန်စာအုပ်များနှင့်ဆေးဝါးအချို့တို့ကိုထည့်ပြီး ပိုသောနေရာတွင်အင်းလေးလွယ်အိတ်တစ်လုံးစနှစ်လုံးစထည့်၍သယ်ယူဖြစ်သည်။ ကိုယ်လွယ်ဖို့မဟုတ်။ လိုရမည်ရသူများကိုလက်ဆောင်ပေးဖို့။ ထိုသို့မိတ်ဆွေနိုင်ငံခြားသားတစ်ဦးတစ်လေကိုလက်ဆောင်အဖြစ်ပေးအပ်သည့်အခါမျိုးမှလွဲ၍လွယ်အိတ်တစ်လုံးနှင့်ထိတွေ့ရခြင်းမရှိသလို တစ်ချိန်ကအမည်ပြောင်ရသည်အထိ စွဲမက်စွာလွယ်ခဲ့ဖူးသောအိတ်တစ်မျိုးပါလားဟုလည်းသတိတရမဖြစ်မိ။ လွယ်အိတ်ကလေးတွေသာ စကားပြောတတ်လျှင်ဟု ခုတော့အားနာတွေးတွေးနေမိလေသည်။ လွယ်အိတ်ကိုသုံးစွဲကောင်းသောအရာဟု မမှတ်ယူခဲ့သည်မှာ ထိုစဉ်ကတည်းကဖြစ်လေသည်။
မိသားစုတွင်း လွယ်အိတ်ဂျင်နရေးရှင်းပျောက်သွားခဲ့သည်မှာလည်းထိုကတည်းကဟု ပြောလျှင်ရမည် ထင်သည်။ သားသမီးတွေကျောင်းစတက်ကတည်းက ကျောပိုးအိတ်တွေနှင့်ဖြစ်နေသောကြောင့်ပင်။ ကလေးလွယ်အိတ်တွေရနိုင်သေးသော်လည်း ကျောပိုးအိတ်ကိုသာရွေးချယ်ဆင်မြန်းခဲ့သော သူတို့အမေ၏အစီအမံကို တစ်စုံတစ်ရာဝင်ရောက်မစွက်ဖက်ခဲ့ခြင်းဖြင့်မိသားစုအတွင်း လွယ်အိတ်မျိုးဆက်ပြတ်အောင်အားပေးအားမြှောက်လုပ်ရာလည်းကျခဲ့ပြန်သည်။ သို့နှင့်ပင် ကိုယ်စီအတန်းတွေကြီးလာကြကာ သားတွေဆိုလျှင် လုပ်ငန်းခွင်ဝင်သည်အထိကျောပိုးအိတ်နှင့်မပြတ်။ စင်စစ် ကျောပိုးအိတ်ကကမ္ဘာသုံးလိုဖြစ်နေပြီမို့လည်း သူတို့အဖို့ဟန်တော့ကျသည်။ ငယ်စဉ်ပြည်တွင်းမှာနေခဲ့ကြစဉ်တုန်းက သူတို့အတွက်ကျောပိုးအိတ်ကို ကုန်တိုက်ကြီးတွေအထင်အရှားမရှိကြသေးသော်လည်း ထိုခေတ်မှာ အလျှိုအလျှိုပေါ်နေကြပြီဖြစ်သောစတိုးဆိုင်တွေ မီနီမတ်တွေမှာ မအေလုပ်သူကရှာဖွေဝယ်ယူပေး။ ပြည်ပရောက်လာတော့လည်း သူတို့ဖာသာကုန်တိုက်တွေမှာဝယ်သုံးကြ။ လွယ်အိတ်ကိုအလွယ်တကူမေ့နိုင်ပါလျက် ကျောပိုးအိတ်ကိုတော့သုံးရကောင်းသည်ဟုပင်မထင်သည့် အစွဲပိုင်ရှင်ကျွန်တော့်မှာသာပြဿနာ။ ဒါကြောင့် လူ့ဂွစာ ဖြစ်နေတာဟုမိသားစုအသိုင်းအဝန်းထဲမှာ ပြောကြသည်။
သူတို့ပြောခွင့်ရှိသလို ကျွန်တော့်မှာလည်းစွဲခွင့်ရှိသည်မဟုတ်လား။ သူတစ်ပါးကိုထိခိုက်နစ်နာစေသည့်အစွဲမျိုးမဖြစ်ဖို့သာလိုသည်။ ကျွန်တော့်ကိုယ်ကျွန်တော်စိတ်ကူးဖြင့်ပင်တွဲဖက်မြင်ကြည့်၍မရသည့်အရာအချို့ထဲမှာ ပါတိတ်အင်္ကျီ၊ ဘောင်းဘီတိုနှင့် ကျောပိုးအိတ်တို့ပါဝင်သည်။ ထိုအဆောင်အယောင်တွေနှင့် အသားကျသည့်အရပ်မှာ အသက်မွေးနေရလင့်ကစားယင်းတို့နှင့်ကျွန်တော်ကင်းအောင်နေ၏။ ပြောရလျှင်အလကားရ၍ပင်သုံးစွဲခြင်းမပြု။ အိတ်အကြောင်းဆက်ရလျှင် အလုပ်ထဲမှာဈေးထဲမှာရထားပေါ်ကားပေါ်မှာ အရွယ်စုံလူမျိုးတစ်ရာ့တစ်ပါးတို့ ကျောပိုးအိတ်အမျိုးအမည်စုံအရောင်အသွေးစုံတို့ဖြင့် ပေါ့ပေါ့ပါးပါးသွားလာနေကြသည်ကို နေ့စဉ်မြင်တွေ့ကာယဉ်ပါးနေပါလျက် ကျောပိုးအိတ်ကိုကျွန်တော်မလွယ်။ ထိုအစားအတော်အတန်ခိုင်ခန့်ပြီး ကြည့်ပျော်ရှုပျော်ရှိသောပတ္တူအိတ်တစ်လုံးဝယ်ကာ ရင်ခွင်ပိုက်ကွန်ပြူတာ၊ အသုံးအဆောင်၊ ရေဗူး၊ စာရွက်စာတမ်းစသည်အားလုံးသိမ်းကြုံးထည့်လျက်လက်ကဆွဲပြီး မိုးများသည့်နေ့ဆိုထီးကောက်နှင့်အတူရထားတစ်တန်ကားတစ်တန်ခရီးကို နေ့စဉ်စီးနင်းသွားလာရင်းအလုပ်ဆင်း၏။ ကျွန်တော့်အိတ်ကို တစ်ခါတစ်ရံကူညီသယ်ပိုးပေးသောအိမ်သားတိုင်လိုလိုးညည်းတွားကြသဖြင့် ချိန်တွယ်မှတ်သားကြည့်ရာ အိတ်အပါအဝင် ၇ ကီလိုအထိအလေးချိန်ရှိကြောင်းတွေ့ရသည်။ သည်မျှများပြားလေးလံသောပစ္စည်းတွေ အဆင်ပြေပြေသယ်ပိုးရလေအောင် ကျောပိုးအိတ်တစ်လုံးဝယ်သုံးဘို့သူတို့ကအကြံပြုကြသေး၏။ သို့သော် ကျွန်တော်နားကောက်မှန်းသိကြသည့်အတွက်လက်လျှော့သွားကြ၏။ ဝဋ်ကြီးလိုက်တာဟု ဂရုဏာဒေါသောမကြားတကြားပြောသံကိုတော့ကြားရတတ်လေသည်။
ဝဋ်ဆိုသည်ကလည်း ခံရသူဘက်ကကြည့်လျှင် ကြီးလေနေပျော်လေဖြစ်တတ်သည်လားမသိ။ ထိုမျှ လေးလံပါသည်ဆိုသောအိတ်ကိုဆွဲလျက်စင်္ကာပူတစ်ခွင်သာမက အင်ဒိုနီးရှားဘာတန်လိုဘာလိုင်လိုကျွန်းတွေအထိ ဆယ်စုနှစ်တစ်ခုနီးပါးမမောမပန်းခြေဆန့်ကာဝမ်းစာရှာခဲ့ရာမှအနားယူချိန်တွင် သွားလေရာဟာတာတာဖြစ်ရဖူးသောကြောင့်ပင်။ ကံအားလျော်စွာအပြင်ထွက်လျှင်လက်တွင်းပလာ ဟာတာတာထိုအဖြစ်ကိုနေသားကျစပြုချိန်မှာကျွန်တော့်ဘဝအတွင်းသို့လွယ်အိတ်တစ်လုံးအမှတ်မထင်ဝင်ရောက်လာခဲ့၏။ ဘာရယ်မဟုတ် အမေ့ကြီးမေ့နေခဲ့သောငယ်ဘဝရုပ်ပုံလွှာကို တစ်သွင်ဆန်းလာသူကကျွန်တော့်သူငယ်ချင်းလှည်းကူးသား။ သူနှင့်ကျွန်တော်ကျောင်းတုံးက အတန်းတူဘာသာတူသွားအတူလာအတူ ဘွဲ့ယူစာတမ်းရေးကြသည်အထိအတူတူ။ လက်လုပ်လက်စားမိသားစုမှဆင်းသက်လာကြသူချင်းအတူတူမို့ ဘဝတူတွေဟုပြောလျှင်လည်းဖြစ်နိုင်သည်။ အလုပ်တစ်နေရာအတွက်ငွေကြေးအလုံးအရင်းနှင့်ဈေးခေါ်သည့်အခြေသို့မရောက်တတ်သေးသည့်တိုင်အသိအကျွမ်းမရှိလျှင်အလုပ်ရဖို့မလွယ်သောခေတ်မှာ ဘွဲ့ရပြီးစသူနှင့်ကျွန်တော်အလုပ်ရဖို့လမ်းစမမြင်သည့်အဆုံး သူ့ဒေသလှည်းကူးတပ်တွင်းအလယ်တန်းကျောင်းတစ်ကျောင်းတွင် (ဦးလေးပါတီယူနစ်ဥက္ကဌအကူအညီဖြင့်) လုပ်အားပေးကျောင်းဆရာလုပ်ရင်းသုံးလေးလခန့်ဇာတ်မြှုပ်ခဲ့ကြဖူးသည်။ ထားတော့။
နောက်တော့သူဗိုလ်သင်တန်းသို့ဝင်ရောက်သွားပြီး ကျွန်တော်ကအရပ်ဘက်မှာကျန်ရစ်သည်။ ထိုကတည်းကကွဲကွာသွားသည်မှာ ပြီးခဲ့သည့်နှစ်ကျွန်တော်မရမကလိုက်ရှာသဖြင့် ပြန်တွေ့ကြတော့သူသည်တပ်မှအငြိမ်းစားရပြီးအရပ်ဘက်ပြောင်းရွှေ့လာသည့်နှစ်သီးစားအရပ်ဘက်ဝန်ထမ်းတစ်ဦးဖြစ်နေပြီ။ သည်မှာလည်း ရွေးချယ်ခဲ့ရာလမ်းအသီးသီးမှာဆင်တွေကြားကကျွဲများပမာသူနှင့်ကျွန်တော်ဘဝ‘ပိန်’ခဲ့သည်ခြင်းတူနေကြပြန်သည်။ ထိုမှကျွန်တော်ပြန်ပြီးသုံးလေးလအကြာ အလုပ်ကိစ္စနှင့်စင်္ကာပူကိုသူလာရတော့ ကျွန်တော့်အတွက်ဆိုကာလက်ဆောင်တစ်ခုယူလာပေးသည်။ လွယ်အိတ်တစ်လုံးဖြစ်၏။ ‘မင်းလွယ်အိတ်ကြိုက်တတ်မှန်းသိလို့’ ဆိုသောသူ့စကားကတိုတောင်းပေမင့် ကျွန်တော့်အတွေးစကိုရှည်လျားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ်အလုပ်မှအနားယူပြီးစလစ်ဟာနေသောကွက်လပ်တစ်ခုကိုဖြည့်စရာတစ်စုံတစ်ခုဟုတော့ ပြောနိုင်ခဲ့ပါသည်။ ‘ခုချိန်မှာမင်းအတွက်သိပ်အသုံးဝင်မှာမဟုတ်တော့ပေမဲ့အမှတ်တရပေါ့ကွာ’ ဟု သူကဆက်ပြော၏။ မေ့ဘို့ထက်အမှတ်ရဘို့ပိုခက်လာသောအရွယ်မှာဒါလေးတွေလည်းလိုအပ်ပါသည်ဟု ကျေးဇူးတင်စကားနှင့်အတူကျွန်တော် ‘ကွန့်’ လိုက်တော့သူကရယ်လေသည်။
လူ့စိတ်သည်ဆန်းကျယ်၏။ လှည်းကူးသားသူ့လက်ဆောင်လွယ်အိတ်ကိုပေးရင်း အမှတ်တရပေါ့ဟုပြော သည်မှာ သူနှင့်ကျွန်တော်ခြောက်နှစ်တာကျင်လည်ခဲ့သောတက္ကသိုလ်နေ့တွေကိုရည်ရွယ်ပုံရသည်။ သို့သော် သူပြန်သွားတော့ လွယ်အိတ်ကလေးကိုကြည့်ရင်း ကျွန်တော့်အာရုံတွေက သူ့ကိုပင်ပြောမပြခဲ့ဖူးသည့် ဟိုးကလေးဘဝအတိတ်တစ်ခုဆီသို့ရောက်သွားခဲ့၏။ ပဉ္စမတန်းဖြေပြီးသည့်နွေရာသီကျောင်းပိတ်ရက်မှာ ထိုစဉ်ကနေထိုင်ရာ ဝါးခယ်မမှရန်ကုန်သို့ကျွန်တော်တစ်ယောက်တည်းလာခဲ့ရဖူးသည်။ ဖခင်ဆုံးပြီးစ သားသမီး ဘုစုဂရုတွေနှင့်မို့ မိခင်ကြီးမှာကျွန်တော့်ကိုတစ်ယောက်တည်းလွှတ်ဖို့စိတ်မချသော်လည်း တခြားရွေးစရာမရှိ။ သွားရမည့်ခရီးကလည်း မိသားစုအရေးနှင့်သက်ဆိုင်သည်။ ရန်ကုန်မှာနေ၍အလုပ်လုပ်ကာ မိသားစုအား ထောက်ပံ့နေသောအကိုကြီး၏ သတင်းစာပို့လုပ်ငန်းတွင်ကျောင်းပိတ်ရက်အတွင်း ကူညီလုပ်ကိုင်ရန်အတွက်ဖြစ်၏။ အဝတ်အစားထည့်စရာအိတ်မရှိသဖြင့် ကျောင်းလွယ်အိတ်ထဲမှစာအုပ်တွေထုတ်ကာ ရှိစုမဲ့စုအဝတ်အစားလေးတွေထည့်ပြီး ခရီးဆောင်အဖြစ်သုံးခဲ့ရဖူးသည်။ ဒဂုန်မေ နှစ်ထပ်သင်္ဘောဖြင့်လာစဉ် (ဟိုတုန်းကရန်ကုန်နှင့်မြစ်ဝကျွန်းပေါ်ကားလမ်းမရှိ) အပေါ်ထပ်မှာနေရာမရသောကြောင့် အောက်ထပ်ဦးပိုင်း ကျောက်ဆူးနံဘေးတွင်ပါလာသောပလပ်စတစ်အခင်းကလေးခင်းပြီး ထိုခရီးဖေါ်လွယ်အိတ်ကိုပင်ခေါင်းအုံးအိပ်ရင်းတစ်ညတာကုန်ဆုံးခဲ့ရသည်။ စင်စစ် ထိုခရီးစဉ်သည်ကျွန်တော့်ဘဝအလှည့်အပြောင်းတစ်ခု၏ ရှေ့တော်ပြေးဟုလည်းဆိုနိုင်၏။ ထိုနှစ်သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျွန်တော်တို့မိသားစုအားလုံးရန်ကုန်သို့အပြီးအပိုင်ပြောင်းရွှေ့ခဲ့ကြသောကြောင့်ဖြစ်လေသည်။ ထိုမှနှစ်ငါးဆယ်အကြာ ယ္ခုအချိန်မှာတော့ လွယ်အိတ်မဟုတ်သည့် အတန်အသင့်ကောင်းမွန်သောခရီးဆောင်အိတ်တစ်လုံးတလေကျွန်တော်ပိုင်ဆိုင်နိုင်ခဲ့ပြီ။
# #
# #
သိုသော် ယ္ခုတစ်ခေါက်ပြည်တွင်းကိုပြန်ရောက်သောအခါ လှည်းကူးသားပေးသောလွယ်အိတ်အတွင်း စုံစီနဖါထည့်ပြီး ကျွန်တော်သွားလေရာကိုယ်နှင့်မကွာသယ်ဖြစ်နေပြန်ပြီ။ ခုချိန်မှာ သည်လွယ်အိတ်နှင့် ယှဉ်ဘက် ကျွန်တော့်အပေါ်ပညတ်သဘောပြောစရာဆိုစရာမည်ကာမတ္တရှိလှမည်မဟုတ်ဟုကျွန်တော်ထင်သည်။ ပြောမည့်သူတွေနှင့်ကလည်းဝေးကွာနေကြပြီ။ သို့သော် ကျွန်တော့်အတွက်တော့သည်လွယ်အိတ်ကဘဝခရီးတစ်လျှောက်ကိုလှမ်းမျှော်ကြည်မွေ့ထိတွေ့ကျက်စားစရာ အာရမ္မဏပစ္စည်းတစ်ခုအဖြစ်ကျေးဇူးပြုနေဦးမည်မှာသေချာသည်။