Monday, January 2, 2017

ကျွန်တော်နှင့်ခြောက်ဆယ့်နှစ်












"ခြောက်ဆယ့်နှစ်သဝဏ်"

ကသောက်ကယက်ဖြစ်
အနှောက်အယှက်သစ်တွေနဲ့
ခြောက်ဆယ့်နှစ်ကို ကျော်ဖြတ်လာ။

ဆယ်နှစ်သား
လူပါးတစ်ကယ်မဝခင်က
ဖခင်ကိုစတင်ဆုံး
ရှုံးရချက်နာ။

သက်နှစ်ဆယ်မျက်ခြယ်အမှောင့်တွေနဲ့
ခက်တယ်ကွယ် သက်လှယ်ကလည်းနှောင့်တဲ့ပြင်
ကြောင့်ကျဘွယ် ဘဝအခင်းထဲက
လမင်းနဲ့သူရကန်လို
သူအပြန်ကိုယ်အသွား
မတူတန်တယ်လို့လည်းရှားကြပေါ့
ထားရစ်ခဲ့ဝေဒနာတောမှာကွယ်
အားသစ်မဲ့ကာ။

သုံးဆယ်မှာ တွယ်တာရသူနဲ့
အုံးလှယ်ရာ ဘယ်ညာငှကာပ
ဘဝကဗျာအလှရှာ စရာလမ်းကိုလှမ်းကြတော့
လမ်းအကွေ့စမ်းမတွေ့သခိုက်လည်းမငြူမစူ
ပန်းတစ်ပွေ့တစ်ပိုက်ရယ်နဲ့ ချမ်းမြေ့လှိုက်လှဲကြည်ကြည်ဖြူဖြူ
ကယူကယင်မြူမတင်ဖြူစင်တဲ့ အထွေးအနွယ်တွေကြားမှာ
လေးဆယ်ကိုထားရစ်
ငါးဆယ်မှာ အားငယ်ဖြစ်ပေမယ့်
ခြောက်ဆယ်ဆို ရောက်မယ်သနစ်ရယ်ကြောင့်
ချစ်လွယ်သမျှ မာန်ကိုခွာ
ဉာဏ်ပိုသာလျက် ဝီရိပွား
(မျိုးဆက်သစ် အပင်သန်စေဘို့)
ကံအိုစာဆက် ပီတိစား။

ယွင်းဇရာ
မကင်းသာမရဏအမျိုးဟာမို့
ဘဝညှိုး သည်အလျဉ်
သံသရာ သည်တွင်ပြတ်စေတော့
သည်ခန္ဓာ သည်တွင်ရပ်ရအောင်
ပညာဉာဏ် ဆင်ခြင်ဖြတ်ခွင့်ကို
(ယမမင်းရေ)
နှင်းအပ်မှာလား။     



[ပြီးခဲ့သော နိုဝင်ဘာလ မွေးနေ့တွင်အစပြုခဲ့သော နောက်ကျိကျိ "ဘဝရီဗျူး" အား နှစ်မကုန်မီ ကပျာကယာအပြီးသတ်ရန်ကြိုးစားရင်းနောက်ကျခဲ့ရသည့် နှစ်လွန်ကဗျာ]





No comments:

Post a Comment