Friday, June 30, 2017

ကျွန်တော်နှင့် စမ်းချောင်း (၈)



ကွက်သစ်ကျောင်းမှာ ကျွန်တော်ကျောင်းဆက်တက် သည်။ ကျောင်းက ပုသိမ်လမ်းနှင့်ရှမ်းလမ်းထောင့်မှာရှိသဖြင့် အိမ်နှင့်နီးသည့်အပြင်နှစ်ချိန်ကျောင်းမို့ မနက်ပိုင်း သတင်းစာပို့သည့် အလုပ်နှင့် အဆင်ပြေသည်။ ကွက်သစ်ကျောင်းဟုဘာကြောင့်အမည်တွင်မှန်းမသိသော်လည်း သည်ကျောင်းကကျွန်တော်တို့မိသားစု အတွက်တော့ သမိုင်းဝင်ကျောင်းဖြစ်၏။ ရန်ကုန်တွင်ကျောင်းထားသည် ကျောင်းတက်သည်ဟူသောဝေါဟာရနှင့်ဖြစ်စဉ်ကို ညီအစ်ကိုမောင်နှစ်မ အားလုံးသည် ကျောင်းမှာစခဲ့ကြသောကြောင့်ဖြစ်လေသည်။ 

ပထမတစ်ကြိမ် ပန်းတနော်မှပြန်ပြောင်းလာကြပြီး အစ်မနှစ်ဦးနှင့်ကျွန်တော်ကမူလတန်းမို့မနက်ပိုင်း အစ်ကိုကြီးကအလယ်တန်းမို့ညနေပိုင်းသည်ကျောင်းမှာပင်စတက်ခဲ့ကြသည်။ အထူးသဖြင့်ကျွန်တော့်အတွက်ပို၍ သမိုင်းဝင်သည်မှာအတန်းကျောင်းပညာရေးကို သည်ကျောင်းမှာပင်အစပြုခဲ့ရ သောကြောင့် ဖြစ်သည်။ စံနစ်သစ်ပညာရေးခေတ်တွင် မူလတန်းကို အ.မ.က (၉) စမ်းချောင်း၊ အလယ်တန်းကို အ.လ.က (၁) စမ်းချောင်းဟု သတ်မှတ်ခဲ့သော်လည်း နှစ်ပေါင်းများစွာပင် ကွက်သစ်ကျောင်းဟုသာထင်ရှားခဲ့၏။

ဝါးခယ်မမှခြောက်တန်းနှစ်တစ်ဝက်နှင့် ပြောင်းလာခြင်းကြောင့် သာမာန်ကျောင်းပြောင်းခြင်းမျိုးမဟုတ် ဝန်ထမ်းသားသမီးမဟုတ်သောကြောင့် မည်သည့်ထောက်ခံစာမှမတင်ပြနိုင်သည့်တိုင် ကျောင်းက အလွယ်တကူပင်လက္ခံခဲ့သည်။ အစ်ကိုကြီးကဆရာရင်းဖြစ်သောဆရာဦးစိုးရကို ကြိုတင်ပြောပြထားရာ ဆရာကကျွန်တော့်ကို သူ့အတန်းမှာပင်ထားမည်ဖြစ်ကြောင်းသိရသည်။ စည်းကမ်းကြီးပြီးအရိုက်ကြမ်းသည်ဟု သတင်းကြီးသောဆရာ့ထံမှောက်ရောက်သည့်နေ့ကို ကျွန်တော်ကောင်းစွာမှတ်မိနေသည်။ အစ်ကိုကြီးကိုယ်တိုင်ကျောင်းလိုက်အပ်ရာ ရုံးခန်းတွင်ပြုဘွယ်ကိစ္စများပြီးသောအခါ အပေါ်ထပ်ရှိဆရာ့အတန်းသို့ လိုက်ပို့သည်။ ကျွန်တော်တို့ညီအစ်ကိုကိုမြင်သဖြင့် ဆရာသည်စာသင်နေရာမှခေတ္တရပ်ကာ အခန်းဝသို့ထွက်လာ၏။ ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ‘ဆံပင် ပုံစံတော့ကြိုက်ပြီ’ ဟု ပြောပြီးနောက်အခန်းတွင်းဘသို့လှည့်၍ ‘မောင်သောင်းစိန် လာပါဦး’ ဟု ရှေ့ဆုံးတန်းမှကျောင်းသားတစ်ဦးကိုခေါ် လိုက်၏။ ထို့နောက် သူ့ကို ပုဆိုးဝတ်ပုံသင်ပေးလိုက်ပါဆိုကာ ထိုကျောင်းသားနှင့်လိုက်သွားဖို့ကျွန်တော့်အားပြောလေသည်။ 


အစ်ကိုကြီးက ဆရာ့ကိုနုတ်ဆက် ပြီးနောက် ပြန်သွား၏။ လူငယ်ယောက်ကျားလေးများ ပုဆိုးဝတ်လျှင် ချက်အောက်သို့လျှော၍ဝတ်သည့်အလေ့ (ပုဆိုးချက်ပြုတ်ဝတ်သည်ဟုခေါ်ကြသည်) အတန်ခေတ်စားပြီး လူကြီးများအထူးသဖြင့်ကျောင်းများက လက်မခံသည်ကို သိ သောကြောင့် ကျွန်တော်ပုဆိုးကိုဂရုတစိုက်ဝတ်ထားပါလျက် ဆရာ့စိတ်ကြိုက်ဖြစ်ပုံမပေါ်။ သူခေါ်သော ကျောင်းသားက ကျွန်တော့ကိုတစ်ဖက်ဝရံတာသို့ခေါ်သွားပြီး ဆရာပြောသည့်ပုဆိုးဝတ်နည်းသင်ပေးသည်။ စင်စစ်ဆရာ့နည်းကပုဆိုးဝတ်နည်းဆိုသည်ထက် ပုဆိုးစည်းနည်းဟုပြောရမည်။ အနီးဆုံးမြင်သာအောင်ပြောရလျှင်ဘုန်းကြီးတွေသင်းပိုင်စည်းသည်နှင့် ဆင်ဆင်တူလေသည်။ သင်းပိုင်ကအစနှစ်ဖက်ပူးပြီး ရှေ့တွင်ပတ္တာဆက်လိုခေါက်ကာ လိုသလောက်လိပ်တင်ခြင်းဖြစ်သော်လည်း ဆရာ့ပုဆိုးဝတ်နည်းက အစတစ်ဖက်အရင်အုပ်ကာ နောက်တစ်ဖက်ကို ပက္တာလို နှစ်ကြိမ်ခေါက်ပြီးမှ မြဲမြံအောင်ခါးကြားပြန်ထည့်၍ ဝတ်ခြင်းမျိုးဖြစ်၏။ 

သင်းပိုင်အပေါ်မှခါးပန်းကြိုးပတ်ရသေးသော်လည်း ကျွန်တော်တို့ကခါးပတ်မပါပဲဝတ်၍ရသည် (ဆရာကတော့ ခါးပတ်ပတ်သလားမသိမမှတ်မိတော့)။  ရှေ့မှကြည့်လျှင်ခါးပုံစနေရာမှာ ခေါက်ထားသောအစကိုသာ မြင်ရသဖြင့် ပို၍သေသပ်သည်။ ထိုအတိုင်းဝတ်ပြီး ဆရာ့ထံသွားပြရသေး၏။ ဆရာကျေနပ်မှ ချထားပေးသောနေရာသို့သွားကာ ထိုင်ခွင့်ရလေတော့သည်။ ပုဆိုးဝတ်ပုံကြည့်ယုံနှင့်ပင်ဦးစိုးရအတန်းမှဖြစ်ကြောင်းသိနိုင်အောင် ဆရာ့ပုဆိုးဝတ်နည်းက ထင်ရှား၏။ (ထိုပုဆိုးဝတ်နည်းကို ခေတ်ဟောင်းရုပ်ရှင်တွေထဲမှာ မင်းသားတွေဝတ်လေ့ရှိကြောင်း နောက်ပိုင်းမှာ သိလာရ၏။ စကားချပ်)။ ဆရာကိုယ်တိုင် ကျောင်းမှာရော အပြင်မှာပါထိုအတိုင်းဝတ်သော်လည်း ကျွန်တော်တို့ကတော့ ကျောင်းမှာသာမပျက်မကွက်ဝတ်ပြီး ကျောင်းအပြင်ရောက်သည်နှင့် ပုဆိုးကိုနှစ်သက်သလို (ချက်ပြုတ်အပါအဝင်) ဝတ်ကြ တော့၏။ 

ဆရာသည်ကြံခင်းလမ်းထဲမှာနေသူမို့ ကျောင်းချိန်ပြင်ပ၌ဆရာနှင့်လမ်းမှာ မကြာမကြာဆုံတတ်ကြလေရာ ခပ်လှမ်းလှမ်းမှဆရာ့ကိုမြင်သည်နှင့် ကပျာကယာတစ်ဘက်လှည့်ကာ ပုဆိုးပြင်ဝတ်ပြီးမှ နုတ်ဆက်ရဲကြသည်။ ထိုသို့ပြင်ချိန်မရလိုက်သဖြင့် ပုဆိုးပိုသီဖတ်သီနှင့်ဆရာ့ကိုနုတ်ဆက်ရသည့်အခါများ၌ ဆရာကဘာမျှမပြောသော်လည်း ကျွန်တော်တို့မှာ ဇောချွေးပြန်ကြရသည်။ ချက်ပြုတ်သမားတွေကိုတော့ ဆရာကတွေ့ရာနေရာမှာ ပြန်ပြင်ဝတ်ခိုင်းတတ်၏။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ ရာတွင် အတန်းအစားမရွေး ကျားမမရွေး နေရာမရွေးတတ်သော ဆရာ့ကိုကျွန်တော်တို့အားလုံး ချစ်ကြောက်ရိုသေကြ၏။ အရိုက်ကြမ်းသည်ဟုသတင်းကြီးသော်လည်း ကျွန်တော်နေစဉ်ကာလ တစ်လျှောက် ဆရာ့ကြိမ်လုံး (အမြဲဆောင်ထား လေ့ရှိ၏) ကျွန်တော့်ကိုယ်ပေါ် မကျဖူးခဲ့သလို သူတစ်ပါးတွေအပေါ်ကျတာလည်း မမြင်ဖူးခဲ့။

မြန်မာစာသင်ရာတွင်သဒ္ဒါကိုအလေးထားကြောင်းသိသော်လည်း ဆရာစာသင်ကြားပုံကိုကောင်းစွာမမှတ်မိတော့။ သို့သော်ဘဝမှာစည်းကမ်းတကျ နေထိုင်တတ်ဖို့ဆရာညွှန်ကြားခဲ့သည်များမှ အချို့ကိုမူယ္ခုတိုင် အမှတ်ရဆဲ။ ဆရာက စကားပြောရာမှာ ‘ပါ’ ထည့် မပြောလျှင်မကြိုက်။ အချိန်နာရီကို ဆယ်နာရီထိုးပြီး ဆယ်မီးနစ် ကိုးနာရီထိုးဖို့မီးနစ်နှစ်ဆယ်စသည်ဖြင့်ပြောလျှင်မကြိုက်။ ဆယ်နာရီဆယ့်နှစ်မီးနစ် ကိုးနာရီသုံးဆယ့်ရှစ်မီးနစ် စသည်ဖြင့်တိတိကျကျပြောမှ ကြိုက်သည်။ ဒဿမဂဏန်းများကို အသံထွက်ဖတ်သည့်အခါ ဒဿမငါးဆယ်ငါး၊ ဒဿမခြောက်ဆယ့်သုံးဟုမဖတ်ရ ဒဿမငါးငါး၊ ဒဿမခြောက်သုံး စသည်ဖြင့်ဖတ်ရသည်။ ထို့အပြင်ဆရာသွန်သင်လေ့ရှိသော အရာမှာအမှတ်သညာ အလေ့အကျင့်ပင်ဖြစ်သည်။ အသုံးဝင်သော အရေးကြီးသောကိန်းဂဏန်းမှသည်ဘာမဆို အလွတ်မှတ်သားသည့်အလေ့အကျင့်က ဦးနှောက်ကို သွက်လက်ဖြတ်လတ်စေသည်ဟု ဆရာအမြဲပြော၏။ 

ပြောရုံမက ကိုယ်တိုင်မှတ်သားထားသည်များကို (ဆရာဖြစ်သင်တန်းအောင်သည့်ရက်စွဲ ဖြေခဲ့သည့်ခုံအမှတ် အလုပ်ဝင်သည့်နေ့ လက်ရှိသုံးစွဲနေသော ပတ်ကားဖေါင်တိန်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာက ဝယ်ယူသည့်နေ့ ဝယ်သည့်နေရာတန်ဖိုးစသည်) အခွင့်သင့်တိုင်းရွတ်ပြလေ့ရှိသည်။ နေရာတကာစာအုပ်စာတမ်းမှတ်စုစသည်တို့ကို အားမကိုးဘဲ ဦးနှောက်ကိုအားကိုးသည့် အကျင့်အား မွေးမြူဖို့ပြောတတ်သည်။ ကျောင်းစဖွင့်သည့်နေ့ ဆရာ့ထံရောက်ရောက်ချင်း ကျောင်းဝင်ခွင့်စာရွက်ကိုယူ၍ကြည့်ပြီးနာက် ကျောင်းဝင်အမှတ်အား မမေ့အောင်စိတ်မှာမှတ်ထားဖို့ ကျွန်တော့်ကိုဆရာပြော၏။ ကြုံလျှင်ကြုံသလိုကျွန်တော်တို့မည်မျှ မှတ်မှတ်သားသားရှိသည်ကို စစ်ဆေးသည့်မေးခွန်းမျိုးမေးတတ်သောကြောင့် ပြောနိုင်အောင်မှတ်သားထားရာ အတော်များ များနှစ်အတန်ကြာသည်အထိမမေ့။ ဆရာ့ကျေးဇူးကြောင့်စိတ်ဖြင့်မှတ်သားသည့်အလေ့အကျင့်ရခဲ့ရာ လက်တွေ့တွင် အတော်ပင် အသုံးဝင်ကြောင်းတွေ့ရှိရလေသည်။

#                   #

ထိုနှစ်စာသင်နှစ် တစ်ဝက်ခန့်သာကျောင်းတက်ရသည်မို့ ကြာသည်မထင်လိုက်ရ။ ခုနှစ်တန်းသို့ ရောက်သော အခါဆရာဦးစိုးရကဲ့သို့ပင် ပဲ့ပြင်ဆုံးမတတ်သော ဆရာမတစ်ဦးနှင့်ဆုံရပြန်သည်။ ဆရာမဒေါ်စောတင်သည် ကရင်တိုင်းရင်းသူအပျိုကြီးဖြစ်ပြီး တင်တင်ကြီးဆိုသောကလောင်အမည်ဖြင့် စာရေးနေသူတစ်ဦးလည်း ဖြစ်သည်။ ထိုအချိန်က ရှမ်းလမ်းဂွဈေးတွင်ဆွဲခြင်းတောင်းတခုအတွင်း သံမနိုင်ကျောက်မနိုင်ရွက်များထည့် ကာနေ့စဥ်လှည့်လည်ရောင်းချနေ‌သော အသက်အရွယ်ခုနစ်ဆယ်ခန့်ဥပဓိရုပ် ကောင်းကောင်းအမေကြီးတစ်ဦးရှိသည်။ ရပ်ကွက်သူရပ်ကွက်သားအားလုံးကဘားမယ်‌ကြွေဟုခေါ်ပြောဆက်ဆံကြ‌သောထိုအမေကြီးသည် ဝါးခယ်မလမ်း‌အပေါ်ပိုင်းတွင်‌နေထိုင်သည်ကိုကျွန်‌တော်မြင်ဖူးတွေ့ဖူးနေကျဖြစ်‌သော်လည်းမည်သည့် အတွက်ကြောင့်ဘားမယ်ကြွေအမည်တွင်‌သည်ကိုကျွန်‌တော်မသိ။ 

စာပေဗိဗ္မာန်ထုတ် တင်တင်ကြီး (ဆရာမဒေါ််စောတင်‌) ရေးသားသော ဘားမယ်‌‌‌‌‌‌ကြွေ အမည်ရှိစာအုပ်ငယ်အားဖတ်ရှုရမှာသာထိုအမေကြီး၏ဘဝလောကဓံကိုသိရှိခွင့်ရခဲ့သည်။ ဆရာမသည်အပြောအဆိုအနေအထိုင်သိမ်မွေ့သလောက် ဆုံးမရာမှာမျက်နှာထားတည်သူဖြစ်သည်။ အပျိုကြီးပီပီ စကားပြောလျှင်တိုးတိုးညင်သာပြောလေ့ရှိပြီး ကျောင်းသားများကိုလည်း ကိုယ်နှုတ်နှလုံး သိမ်မွေ့ဖို့ အမြဲဆုံးမတတ်လေသည်။ စကားပြောရာ၌ “ပါ” ထည့်မပြောလျှင်ပြန်ပြောခိုင်းတတ်သည်။ ဆရာမကပထဝီသင်သည်။ ကျောင်းသားတိုင်းမြန်မာပြည်မြေပုံကိုအချိုးကျကျ ရေးဆွဲတတ်စေရန်ဝါယမစိုက်သူတစ်ဦးဖြစ်လေသည်။ ဆရာမနှင့်ပတ်သက်၍ ကျွန်တော်အမှတ်ရသည်မှာ ယနေ့လူအတော်များများနားယဉ်ကာအသုံးတွင်ကျယ်နေပြီဖြစ်သော စကားတစ်လုံးနှင့်ဆက်စပ်၍ဖြစ်လေသည်။

ကျောင်းသားတစ်ဦး၏ “ကျွန်တော့်စာအုပ်ကိုသူဖြဲပစ်လိုက်တယ်ဆရာမ” ဆိုသောတိုင်ကြားချက်အပေါ် “ဖြဲ ဆိုတဲ့စကားလုံးဟာ ယဉ်ကျေးတဲ့အသုံးအနှုံးမဟုတ်ဘူးကွဲ့ မှတ်ထားကြ” ဟုဆိုကာ ဆရာသမားမိဘများ ရှေ့တွင်မဆိုထားဘိ ကျောင်းသားကျောင်းသူအချင်းချင်းပင်ထိုအသုံးအနှုံးမျိုးမသုံးသင့်ကြောင်း၊ ဖြဲအစားဆုတ် ပြဲအစားစုတ်ကိုသာသုံးသင့်ကြောင်း မျက်စေ့မျက်နှာပျက်ကာဆုံးမဖူး၏။ အစဉ်ပြုံးနေ တတ်သော ဆရာမ၏ ထိုနေ့က ကတုန်ကယင်ပြောဆိုဟန်မှာထူးခြားလွန်းသဖြင့် တစ်ခြားသူများအတွက်မသိသော်လည်း ကျွန်တော့် အတွက်မူ ယနေ့တိုင်ထိုအဆုံးအမ၌တည်ပြီးထိုအသုံးအနှုံးကိုကြားရတိုင်းကျောထဲစိမ့်သွားတတ်လေသည်။ ဝမ်းနည်းဘွယ်ရာ ဟုဆိုရမလောက် ယ္ခုအခါ ဆုတ် စုတ် ဆိုသောဝေါဟာရတွေပျောက်ကွယ်ပြီး ဖြဲနှင့်ပြဲသာ သုံးစရာရှိသည့်နှယ်တွင်ကျယ်နေကြသည်မှာအရိုင်းကြာတော့အယဉ်ထင်သလိုဖြစ်ပြီး ကျွန်‌တော့်အတွက် တွေးတောဆင်ခြင်စရာ ဖြစ်ရသည်မှာအမှန်။ စိတ်တွင်းမှာ လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်က အမှတ်မထင်ကြည့်ခဲ့ဖူးသော ဗြိတိန်ရုပ်မြင်သံကြားအစီအစဉ် တစ်ခုကိုပြေးမြင် မိရ၏။

ထိုအစီအစဉ်တွင် ပါဝင်ဆွေးနွေးသူတစ်ဦးက (စာရေးဆရာလား တက္ကသိုလ်ပါမောက္ခလား မမှတ်မိတော့) သူတို့ငယ်စဉ်တွင် (ဒမ် ဘလယ်ဒီ ဟု ကျွန်တော်တို့ဆီကလူရွှင်တော်တွေ ရွတ်နောက်နောက်ေ ပြောလေ့ရှိသည့်) ဒမ်း (Damned) တို့ ဘလဒ္ဒီ (Bloody) တို့လို တိုင်းထွာပြောဆိုသောစကားလုံးများကို အများကဲ့ရဲ့မည်စိုးသဖြင့် မပြောရဲခဲ့ကြကြောင်း ယ္ခုထိုစကားလုံးများအားလူပုံအလည်တွင် ထမင်းစားရေသောက်ပမာပြောဆိုနေကြသည်ကို မြင်ရကြားရသည့်အခါ စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်းဝေဖန်သွားခဲ့သည်။ ယ္ခုခေတ် အက်ဖ (F..) နှင့်စသည့် ပယ်ပယ်နယ်နယ်ဆဲဆိုစကားများအား သီချင်းထဲထည့်၍သီဆိုနေကြသည်ကို အဆိုပါပုဂ္ဂိုလ် (ရှိနေ သေးလျှင်) မည်သို့ကောက်ချက်ချမည်မှာ စိတ်ဝင်စားစရာဖြစ်၏။ 

ထိုနည်းတူလွန်ခဲ့သောသုံးနှစ်ကျော်ကကွယ်လွန်ရှာပြီဖြစ်သော ဆရာမဒေါ်စောတင်တစ်ယောက် လမ်းဘေးဈေးသည်မှသည် ဓမ္မကထိကအထိ (မရိုသေ့စကား) ဖြဲချင်တိုင်းဖြဲကာ ပြဲချင်တိုင်း ပြဲနေကြကြောင်းကိုသာသိခဲ့လျှင်ဘဝကူးပင်ဖြောင့်ပါမည်လားဟု တစ်ခါတစ်ခါ ကျွန်တော်စဉ်းစားမိလေသည်။ ရုပ်ဝတ္တုတိုးတက်ခြင်းနှင့်စိတ်ပိုင်းဆိုင်ရာအလွဲဖွံ့ဖြိုးမှုတို့၏ဝိရောဓိဟုဟိုနိုင်ငံတွေအတွက်ကောက်ချက်ချမည်ဆိုလျှင် ရုပ်ဝတ္တုမည်မည်ရရမတိုးတက်ပါဘဲ စိတ်ဓာတ်တွေ အင်တိုက်အားတိုက်ယိုယွင်းလာနေသော သည်နိုင်ငံမှာမည်သည့်ဝိရောဓိတွေ အားကောင်းနေသောကြောင့်ပါလိမ့်ဆိုသည့်အချက်က မိးခိုးကန့်လန့်ကာနှယ် မှုံဝါးဝါး။

ဆရာဦးစိုးရတို့လိုဆရာမဒေါ်စောတင်တို့လို ချစ်ကြောက်ရိုသေရသူတွေရှိသလို ရိုသေစွာနွဲ့ဆိုးဆိုး၍ရသော ဆရာ (အထူးသဖြင့် ဆရာမ) တွေလည်းရှိခဲ့ပါ၏။ စင်စစ် ဆရာဆရာမတိုင်းတပည့်များကို ချစ်ကြသော်လည်း တပည့်တွေ၏ဆိုးမျိုးကိုသီးခံရာ၌မူ အတိုင်းအတာရှိကြစမြဲ။ တပည့်ဆိုသည်ကလည်း မျက်နှာသာပေး ရွှေရေး ပန်းကန်တက် ဆိုး၍ရလျှင်ဆိုးချင်ချင်မို့ သဘောကောင်း ပျော့ပြောင်းသောဆရာတို့ တစ်ခါတစ်ခါ အကြပ်တွေ့ သည်အထိဖြစ်ရတတ်သည်။ ထိုသို့သောအနေအထားတစ်ခုကို ဆရာမဒေါ်တင်တင်အေး ကိုင်တွယ်ဖြေရှင်း သွားပုံမှာ အမှတ်ရစရာဖြစ်ခဲ့၏။ အသက်ငယ်ငယ်အလှအပ ခင်တွယ်ပုံရသော ဆရာမသည်ခေတ်ပေါ် ပျားအုံပုံစံ အမောက်နှင့်မို့ကျောင်းသားကြီးတွေက မကြားတကြားစချင်ကြသလို ကျောင်းသားငယ်တွေကလည်း ရောရောဝင်ဝင်နေချင်ကြ၏။ ဆရာမကလည်း တပည့်တွေဆိုးသမျှနွဲ့သမျှအပြုံးမပျက်ဧည့်ထောက်ခံရင်း စာသင်နိုင်သူဖြစ်လေရာ ဆရာမသင်သောအထွေတွေသိပ္ပံ ဘာသာအချိန်ဆိုလျှင်အတန်းသည်ပို၍စိုပြေပြီး ရယ်သံမောသံ တွေပြည့်နေတတ်သည်။

တစ်ရက် ဒြပ်နှောဒြပ်ပေါင်းအကြောင်းဥပမာတွေနှင့်ဆရာမစာသင်ကြားရာသို့ တစ်တန်းလုံးစိတ်ဝင်စားစွာ အာရုံစိုက်နေခိုက် ယောက်ကျားလေးဘက်အခြမ်း အလယ်ခုံတန်းတစ်ခုထံမှ မတိုးမကျယ်သံတွေ ထွက်လာပြီး တစ်စုံတစ်ယောက်မှမတ်တပ်ရပ်ကာ ‘ဘယ်သူလေလည် (_ီးပေါက်) တာလဲမသိဘူးနံတယ်ဆရာမ’ ဟု တိုင်တောလေသည်။ စာထဲမှာစိတ်ဝင်စားနေကြသူတွေအားလုံးလိုလို ထိုကျောင်းသားကို ကြည့်ပြီး တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြပြီ။ စာသင်သည့်အရှိန်ပျက်သွားစေသောသည်လိုကိစ္စမျိုးတခြားဆရာတဦးဦးသာဆိုတိုင်တောသူအငေါက်ခံရနိုင်သည်။ သို့သော် ကြားကြားချင်းမှင်တက်မိသွားသလိုရှိသောဆရာမသည် အိန္ဒြေဆည်လိုက်ပြီးနောက်ရယ်မောလျက် “ကဲ ကဲ ဆရာမမေးမယ် သူပြောသလိုလည်တဲ့လေဆိုတာ ဒြပ်နှောလား ဒြပ်ပေါင်းလား စဉ်းစားပြီးဖြေကြည့်ကြစမ်း” ဟု ပြောကာကျောက်သင်ပုံးဘက်သို့ပြန်လှည့်လိုက်၏။

ထိုအခါ တစ်တန်းလုံးဝါးကနဲရယ်မောလိုက်ကြပြီး နဂိုကလှုပ်လှုပ်ရွရွဖြစ်နေကြသူတွေ ဆရာမအမေးကို အလုအယက်တစ်ယောက်တစ်ပေါက်ဖြေရင်းအာရုံပြောင်းကုန်ကြ၏။ ဆရာမကလည်းအသောကလေးများစွက်ကာပြန်လှန်ဆွေးနွေးခြင်းဖြင့် အပျင်းပြေအငြင်းပြေရုံမက ပညာပါရရှိကြလေသည်။ (စကားချပ်။ ကျွန်တော်အမှတ်မမှားခဲ့လျှင် မြန်မာစာ ဆရာဦးစိုးရ၊ အင်္ဂလိပ်စာကိုဆရာမဒေါ်ငွေတင်နှင့်ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်အေးကိုယ်တိုင်တခါတရံသင်သည်။ ဆရာဦးစိန်ဟန်ကသမိုင်း၊ ဆရာဦးအုံးကြိုင်ကဂျီသြမေထရီ။ သင်ကြားခဲ့သောဆရာဆရာမအားလုံး ဘသာရပ်မှာကျွမ်းကျင်နိုင်နင်းကြသလို နာသုံးနာနှင့်ပြည့်စုံကြသူများဖြစ်သည်မှာ သံသယဖြစ်ဘွယ်မရှိချေ။)

#                   #

ကွက်သစ်ကျောင်းနေပညာသင်ဘဝမှာ တစ်နှစ်ခွဲသာကြာသော်လည်း ကျွန်တော့်အတွက်တန်ဖိုးကြီး အတွေ့အကြုံများစွာရသလို ပျော်ရွှင်ဖွယ်ကာလတစ်ခုကိုဖြတ်ကျော်ခဲ့ရသည်ဟု ဆိုနိုင်သည်။ စီးပွားရေးအရ အများသူငါတွေနှင့်ယှဉ်လျှင်နိမ့်ကျသည့်တိုင် စာရိတ္တနှင့်ပညာရည်မှာတော့ အောက်ကျနောက်ကျမရှိခဲ့။ သည့်အတွက် မိဘနှင့်ဆရာသမားတို့၏အခန်းကဏ္ဍကအရေးပါသည်။  လောကဓမ္မတာအရ မရှိလျှင်ခိုးနိုး မလှလျှင်စုန်းယိုးတတ်သည့်အထဲ စာရိတ္တမခိုင်မာလျှင်လူတောမတိုးဖြစ်လိမ့်မည်ဆိုသော အမေ့ဆုံးမစကားနှင့် ဖတ်ရှုမှတ်သားလေ့လာသင်ယူဖူးသမျှစာတိုပေစတို့၏ကျေးဇူးကြောင့်ရိုးသားမှု၏တန်ဖိုးကိုခုံမင်စွာ ကျွန်တော်အလေးထားကျင့်သုံးနိုင်ခဲ့၏။ ထိုအချိန်သာဓု၏အတာနှင့် ကျောင်းမှာသင်ရသောဦးဖိုးကျား၏မယ်မျှင်တို့မောင်ဘစီတို့ကို ကျွန်တော်အားကျတတ်နေပြီ။ 

ထိုအတွက်အကျိုးကိုပြပါဟု မေးလာခဲ့လျှင်မူမယ်မျှင်ပြောသောစကား (ဆားများစားရတယ်မရှိဘူး ဟင်းခတ်တာနဲ့ကုန်ဆိုသလိုပေါ့) ကိုသာရည်ညွှန်းရမည်ထင်ပါသည်။ ဘဝကိုမည်သည့်အရာတွေနှင့်တန်ဖိုးမည်မျှသင့်သည်ဖြစ်စေရိုးသားခြင်းကင်းလျှင် ဆားမပါသောဟင်းနှယ်ရှိချေမည်။ ကြီးကျယ်မြင့်မြတ်သော ဘဝတစ်ခု အမှန်တကယ်ဖြစ်တည်ဖို့ရာ ရိုးသားခြင်း အချိုးအစားတကျပါဝင်ဖို့လိုသည်။ ကြီးကျယ်မြင့်မြတ်လိုသူတွေ ပေါပေါလာသလောက် ထိုအတွက်ကြိုးစားသူတွေများများလာသလောက် ရိုးသားကြိုးစားသူတွေရှားရှားလာသည်မှာသိသာထင်ရှားလှသည့် ယ္ခုသို့ကာလမျိုး၌ ဤစကားကပို၍မှန်ကန်လိမ့်မည်ဟုကျွန်တော် (တစ်ဦးတည်းအနေနှင့်) ယုံကြည်ဆဲပင်ဖြစ်လေသည်။

ကျွန်တော်တို့ငှါးနေသောအိမ်ခန်းကအစွန်ဆုံးအခန်းမို့ တစ်ဘက်အိမ်ဝင်းနှင့်ကပ်လျက်ဖြစ်ရာ (တိတိကျကျပြောရလျှင်လမ်းအနေအထားအရ ထိုအိမ်ဝင်းကကျွန်တော်တို့အခန်းကိုနောက်ကျောပေးထားသလို ဖြစ်နေသည်) ခြံစည်းရိုးမရှိသော အိမ်နှစ်ဝိုင်းတိုးလျှိပေါက် ဝင်နိုင်ထွက်နိုင်သည့်အိမ်နီးချင်းတွေဖြစ်ကြ၏။ ထိုအိမ်မှာ မိုးတွင်းစီးရာဘာဖိနပ် (ဂျပန်ဖိနပ်ဟုအရပ်ကခေါ်ကြသည်) လုပ်ငန်းဖြင့်အတော်အတန််ကြွယ်သူများဖြစ်ကြသည်။ မိသားစုလုပ်ငန်းမို့ အလုပ်သမားများများစားစားမရှိ။ ကျွမ်းကျင်မှုလိုအပ်သည့်အလုပ်ဖြစ်သော ဆိုးပြားများအလေအလွင့်မရှိအောင် ဖိနပ်အရွယ်အစားအမျိုးမျိုးပုံစံချကာဖြတ်တောက်ပေးသည့် တရုပ်အမျိုးသားကြီး ဦးအဝီမှအပကျန်လုပ်သားတွေမှာ မိသားစုအိမ်နီးချင်းစသည့် လူသားရင်းမြစ်များသာ ဖြစ်ကြသည်။ ထိုလူသားအရင်းအဖြစ်တွေထဲမှာကျွန်တော်နှင့်ကျွန်တော့်ညီတို့ပါဝင်လေသည်။ 


အမေ့ကိုနေ့ပြန်တိုးချေးသည့်ပိုင်ရှင်အဒေါ်ကြီးက ကျွန်တော်တို့ညီအစ်ကိုအားလပ်ချိန်များတွင်မုန့်ဖိုးပဲဖိုးရအောင်ဆိုကာဖိနပ်အိပ်သွပ်တံဆိပ်ရိုက် နောင်ကျွမ်းကျင်လာသောအခါသဲကြိုးထိုးလုပ်ငန်းများအထိဝင်ရောက်လုပ်ကိုင်စေသည်။ အိပ်သွပ်ခတစ်ဒါဇင်ငါးပြား၊ တံဆိပ်ရိုက်လျှင်ဆယ်ပြား၊ သဲကြိုးထိုးလျှင်တစ်ဒါဇင်ပြားနှစ်ဆယ်ဆိုသော ဝင်ငွေမှာ ကျွန်တော်တို့အတွက်မုန့်ဖိုးပဲဖိုးမကပါ။ ကျောင်းလွှတ်ချိန်နှင့် ကျောင်းပိတ်ရက်များသာ လုပ်ကိုင်သည့်တိုင် ကျွန်တော်တို့မှာဝင်ငွေပိုအတော်အတန်ရခဲ့ရာ ထိုငွေဖြင့်ကျွန်တော်တို့ စာအုပ်ဝယ်ခြင်း၊ ရေ‌ဆေးဘူးဝယ်ခြင်း၊ ရုပ်ရှင်ဇာတ်ကား ကောင်းကောင်းရုံတင်သည့်အခါ တန်းစီမတိုးရသည့် ဒီစီတို့ စတောလ်တို့မှာ (‌‌စတောလ်နှစ်ကျပ်ခွဲ ဒီစီသုံးကျပ်ခွဲ မြေနီကုန်းရုံများနှုန်းထားဖြစ်၏၊ ကျွန်တော့်ညီသူဌေးလောင်းက ထိုသို့ကြည့်ရသည်ကိုနှစ်ချိုက်သည်) ကြိုတင်လက်မှတ်ဝယ်၍ ကြည့်ခြင်းများပြုကြသည်။ အဝတ်အစားဝယ်ဝတ်သည်ဟုတော့မမှတ်မိ။ 

ထိုအလုပ်မှာကျွန်တော်ရှစ်တန်းအရောက်တွင်ရပ်ဆိုင်းသွား၏။ သို့သော် ထိုအချိန်အမေကဂွဈေးကုန်စိမ်းတန်းမှာဆိုင်ခန်းတစ်ခန်း (ချေးငွေနှင့်) ဝယ်ယူပြီးပုံမှန်ရောင်းနေရပြီမို့ ကျွန်တော်တို့အတွက်မုန့်ဖိုး (များများစားစားမဟုတ်သည့်တိုင်) နပ်မှန်နေပြီ။ အချိန်ပိုင်းထိုအလုပ်မှဘဝတစ်လျှောက်လုံးခွန်အားဖြစ်စေသည့် အတွေ့အကြုံတစ်ခုမှာထင်မှတ်မထားဘဲ ရလိုက်ခြင်းဖြစ်လေသည်။ တစ်ရက်ကျွန်တော်အလုပ်ပြီးစီး၍အိမ်ပြန်ရန် နောက်ဖေးဘက်သို့ထွက်လာစဉ်မီးဖိုခန်းအဝင်ဝမှာရွှေတည်ပစ္စည်းလက်ဝတ်လက်စားများအတွဲလိုက်ကောက်ရသည်။ ထိုပစ္စည်းတွေကိုအလုပ်ရှင်မိသားစုထဲမှ သမီးကြီးဖြစ်သူသွားလေရာတစ်ကိုင်ကိုင်လုပ်နေကြောင်း ကျွန်တော်သတိထားမိသည်မှာကြာပြီဖြစ်၏။ ပစ္စည်းတွေသာမကမီးခံသေတ္တာသော့ဘီရိုသော့တွေကအစသူ့မှာရှိသည်။ အိမ်ကမောင်လေးတွေကြောက်ရလို့ဟုပြောကာ အိမ်နေရင်းရှိသမျှထုတ်ဝတ်ကာကျန်သည်များကိုသွားလေရာသယ်နေသောပစ္စည်းများထဲမှကျကျန်ခဲ့ခြင်းဖြစ်ဟန်တူ၏။ 

ထုတ်ထားသောလက်ကိုင်ပုဝါပါးသောကြောင့်အတွင်းကိုအတိုင်းသားမြင်နေရ၏။ လက်‌ကောက်များ လက်စွပ်များ ဆွဲကြိုးများအတော်များများပါဝင်သည်။ ကျွန်‌တော်အိမ်တွင်းဝင်ပြန်ဝင်ပြီး အစ်မကိုရှာသည်။ အိပ်သွင်းအလုပ်ခွင်မှာသူမကိုရယ်မောလျက်တွေ့ရလေသည်။ ပစ္စည်းများကျွန်တော်ပြန်ပေးသည့်အခါ ထိုအစ်မရင်ဘတ်စည်တီးနှင့်ကျွန်တော့်ကိုကျေးဇူးတင်မဆုံးတော့။ ပြောရလျှင်ထိုအခိုက်ဝါးခယ်မမှာငါးတန်းတုန်းက ဘေးခုံမှသူငယ်ချင်းပိုက်ဆံတစ်ဆယ်ပျောက်သည်ကို ကျွန်တော့်အပေါ်မယုံသင်္ကာဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းခဲ့သောဆရာအားအမှတ်ရမိပါသည်။ စင်စစ် ခုတကြိမ်မှာလည်းကျွန်တော်ကံကောင်းသည်ဟုဆိုရပါမည်။ သည်မျှလူဝင်လူထွက်လူစိမ်းလူကျက်တွေပေါများသောအိမ်မှာလက်သည်မပေါ်ဘဲသာ ပျောက်ရှခဲ့လျှင် သံသယဝင်ခံရသည့်အထဲကျွန်တော်လည်းပါမည်။ ဆင်းရဲကြသည်ချင်းတူလျှင်ပင် ကျွန်တော်ကလူသစ်မို့ ကျွန်တော်တစ်ဦးတည်းကိုသံသယ ဝင်ကောင်းဝင်မည်။ 

အမေပြောသောမရှိခိုုးနိုးဆိုစကားကိုချေဖျက်သည့်ဘက်မှ သက်သေပြလိုက်နိုင်ခြင်းအတွက် ကျွန်တော်အမှန်ပင် ဂုဏ်ယူမဆုံးနိုင်ခဲ့။ သားသမီးတွေကိုအလျဉ်းသင့်၍ဆုံးမစကားဆိုတိုင်း ထည့်သွင်းပြောလေ့ရှိသောကြောင့် သူတို့ပင် ထိုစကားစလျှင်ပြုံးချင်ချင်ဖြစ်နေပြီ။ သို့သော် မတော်မတရားရသည်များကို မစားရဝခမန်း မြိန်ရည်ယှက်ရည် ပြောခြင်းမျိုးထက်စာလျှင်အပစ်ကင်းကြောင်းသူတို့သိအောင် မကြာမကြာတော့ပြောဖြစ်၏။ သည်ဘက်ခေတ်၌မရှိခြင်းကိုအကြောင်းပြသည့် စာရိတ္တဖျက်လုယက်ခိုးဆိုးမှုတွေ မြင်ရကြားရတိုင်း “ဒို့လည်းဆင်းရဲခဲ့ဖူးပါတယ်ကွာ” ဟု (ခုချမ်းသာနေပြီဟုမဆိုလိုချမ်းသာရသည်လည်းမဟုတ်ပါဘဲလျက်)  ကျွန်တော် ညည်းတွား ဖြစ်လေသည်။

#                   #

အရပ်ထဲမှာ ကျောင်းမှာပေါင်းသင်းဆက်ဆံရသမျှ ဆရာဆရာမတွေနှင့် ကျောင်းသားကျောင်းသူအများစုကလည်းချမ်းသာဆင်းရဲခွဲခြားဆက်ဆံမှုမရှိ။ အချို့တော့ရှိပုံရသည်။ ဤသို့ဆိုရခြင်းမှာတခုသောအတွေ့အကြုံကြောင့်ဖြစ်၏။  

ယ္ခုတော့မသိကျွန်တော်တို့ခေတ်က ကျောင်းသားအချင်းချင်းအဖေနာမည်ကိုခေါ်သည့်အလေ့ ထွန်းကားဖူးသည်။ ရင်းနှီးသူအချင်းချင်းအပျော်သဘောခေါ်ခြင်းမျိုးသာဖြစ်ပြီး ငယ်ရွယ်သူတွေမို့သင့်မသင့်ရာမရာမစဉ်းစားဖြစ်ကြသည်လည်းတကြောင်းဖြစ်သည်။ ဆရာတွေကွယ်ရာမှာသာခေါ်ကြပြီး ဆရာ့နားပေါက်လောက်‌အောင်ကိစ္စကြီးငယ်မပေါ်သည်မို့ ဆရာတွေလည်းဘာမျှမတတ်နိုင်။ လူသိများသောနာမည်ဖြစ်လျှင်အစအနောက်ကိုပါခံရသည်။ အတန်းထဲမှကျောင်းသားတစ်ဦး၏ ဖခင်အမည်သည်ဦးသာဒင်ဖြစ်ရာထိုကျောင်းသားကိုမြင်တိုင်းထိုခေတ်ငါးပြားတွဲထွေးညိုဇာတ်လမ်းထဲမှ သာဒင်ကိုဘာထင်သလဲကွ ဆို‌သော လေသံကိုအတုယူလျက်အော်ဟစ်နောက်ပြောင်လေ့ရှိကြသည်။ သဘောကောင်းသော ကျောင်းသားက တပြုံးပြုံးနှင့်သီးခံရ၏။ 

ထိုသို့အချင်းချင်းစိတ်မဆိုးကြသော်လည်း တခါတခါချောက်ကျရသည်များလည်းရှိသည်။ ကျောင်းပိတ်ရက်တစ်ရက်အတန်းထဲမှပျော်တတ်သော ကျောင်းသားတစ်ယောက်က သူတို့အိမ်ရှေ့မှဖြတ်လျှောက်သွားသည့် သူငယ်ချင်းကိုနှုတ်ကျိုးနေသောဖခင်နာမည်ဖြင့် လှမ်းအော်၍နုတ်ဆက်၏။ ဖြစ်ချင်တော့သူငယ်ချင်း၏ဖခင်သည်လည်းအတူပါလာရာထိုကျောင်းသားရော မိဘများပါအတော်ပင်တောင်းပန်လိုက်ရသောဟူ၏။ “သူ့အဖေနဲ့သူအတူလာတာငါတွေ့သားပဲ ခေါ်တုံးကတော့သူ့နာမည်ခေါ်တာပါကွာ သူ့အဖေနာမည်ကြီးပါးစပ်က ထွက်သွားတယ်” ဟု နောက်တစ်နေ့ကျောင်းမှာသူရှင်းပြသဖြင့်ကျွန်တော်တို့ ရယ်မောကြရလေသည်။

အပေါင်းအသင်းလောက်လောက်လားလားမရှိ၍လားမသိ ထိုသို့နောက်ပြောင်ခေါ်ဝေါ်ခြင်းမျိုးကျွန်တော် ပြုခဲပါသည်။ ထို့အတူကျွန်တော့်ကိုအဖေနာမည်တပ်၍ခေါ်သူမရှိသလောက်နည်းပါးသည်။ ယင်းမှာကျွန်တော်ကလူသစ်လိုဖြစ်နေသဖြင့် ကျွန်တော့်အဖေနာမည်ကိုသူတို့မသိကြသေးသောကြောင့်ဖြစ်မည်။ ကျွန်တော့်မှာ အဖေမရှိတော့သည်ကိုသိသောကြောင့်အားနာပါးနာမခေါ်ကြခြင်းဖြစ်နိုင်သလိုသူများတွေကိုအဖေနာမည်ဖြင့် ကျွန်တော်မခေါ်သောကြာင့်ကျွန်တော့်ကိုလည်းထိုသို့မခေါ်ကြခြင်းဖြစ်နိုင်သည်။ မှတ်မှတ်ရရတယောက်သောကျောင်းသားကို တခါသာအမည်ပြောင်ခေါ် ဖူးလျက်ထိုတခါဆိုဆိုသလောက်ရလိုက်‌သောအတွေ့အကြုံကဆူးတချောင်းနှယ်စူးကျန်ရစ်ခဲ့ဖူးပါ၏။ 

ကျွန်တော့်နောက်ကျောကပ်လျက်ခုံမှာထိုင်သူသည် 'အာပု' ဟူသောအမည်ပြောင်ရှိသူဖြစ်၏။ သူ့အဖေနာမည်မဟုတ်သော်လည်းအဖေနာမည်ဦးပါကိုစကားလိမ်ပြုထားသောအာပူးမှရွေ့‌လျေားလာသည့်အမည်ဟုသိရသည်။ အမည်ရင်းကိုသာခေါ်လေ့ရှိသော ကျွန်တော်ထိုနေ့တွင်မှဘာစိတ်ကူးပေါက်သည် သို့မဟုတ်ဘာဂြိုဟ်ဝင်သည်မသိ သူ့အမည်ပြောင်ကိုခေါ်မိ၏။ အစဥ်အမြဲပြုံးနေတတ်‌သောသူသည်မျက်နှာထားတည်တည်ကြီးဖြင့် “မင်းငါ့ကို အဲသလိုမခေါ်နဲ့” ဟု ကျွန်တော့်အားချက်ခြင်းတုန့်ပြန်ခဲ့‌လေရာ ပြောမည့်စကားပင်ဆက်မပြောဖြစ်‌တော့‌‌ချေ။ သူသည်သဘောကောင်းပြီး အစဉ်အမြဲပြုံးနေတတ်ကာ ကျွန်တော်သတိထားမိသလောက်အာပု ဟုခေါ်သူမည်သူ့ကိုမျှစိတ်ဆိုးတတ်သူမဟုတ်ချေ။ ထို့ကြောင့်သာကျွန်တော်အလွယ်တကူခေါ်လိုက်မိခြင်းဖြစ်နိုင်သည်။ သည်နှစ်မှဆုံကြသည့်တိုင်ထိုင်ခုံရှေ့နောက်မို့အတန်ရင်းနှီးပြီးလည်းဖြစ်သည်။ ထိုနေ့က သူများတွေဒီလိုပဲခေါ်ကြတာပဲကွာဟုအရှက်ပြေကျွန်တော်အထွန့်တက်မိသည်ကိုလည်းသူက သူများတွေခေါ်ပေမယ့်မင်းမခေါ်ပါနဲ့ဟုသာထပ်ပြောခဲ့၏။ 

သူနှင့်ကျွန်တော် ထိုအတွက်အခေါ်အပြောမပျက်ခဲ့ပါ။ သို့သော် အနည်းငယ်စိမ်းသွားသည်ကိုတော့ဝန်ခံရမည်။ တလောကစမ်းချောင်းဘက်သို့ရောက်ခိုက်ကျွန်တော့်လိုပင်စမ်းချောင်းမှာမနေတော့ဘဲ အလွမ်းပြေလာရောက်လည်ပတ်သော ထိုသူငယ်ချင်းနှင့်ရှမ်းလမ်းမပေါ်မှာခလုပ်တိုက်သလိုပြန်ဆုံကြသည်။ နှစ်ပေါင်းဆယ်ခန့် ကွဲကွာခဲ့ကြပြီးသည့်တိုင်တယောက်ကိုတယောက်ကောင်းစွာမှတ်မိကြကာ လက်ဖက်ရည်ဆိုင်မှာစကားတွေဖေါင်ဖွဲ့ဖြစ်ခဲ့ကြသေးသည်။ ထိုအကြောင်း မပါဝင်။ သူမေ့လောက်ပြီထင်၏။ ပြောရလျှင်သူနှင့်စကားပြောစဥ် ထိုအကြောင်းကိုကျွန်တော် လည်းအမှတ်မရခဲ့ပါ။ ယခုပြန်စဥ်းစားရင်းထိုအဖြစ်အပျက်အတွက် ထိုစဉ်ကကျွန်တော့်ဘာသာ ကောက်ချက်ချခဲ့သော အကြောင်းရင်းတစ်ခုရှိခဲ့သည်ကိုလည်းဝန်ခံလိုပါသည်။ သူ့ကိုအခြားသူတွေခေါ်သလိုမခေါ်ဖို့ ကျွန်တော့်အားအတည်ပေါက်ပြောခဲ့သောထိုသူငယ်ချင်းနှင့်ကျွန်တော့်ဘက်မှစိမ်းသွားရခြင်းမှာလည်းထိုအကြောင်း၌အခြေခံသည်ဟုပင်ပြောရမည်ဖြစ်၏။ 

ထိုစဉ်က ကျွန်တော်သည်သတင်းစာပို့သမားတဖြစ်လဲကျောင်းသား။ ဝါးခယ်မကျောင်းတုန်းကအတန်းထဲမှာအဆင်းရဲဆုံးဟုပြောင်ဆန္ဒမဲဖြင့်သတ်မှတ်ခံရသည့်အဖြစ်သည်ပူပူနွေးနွေးသာရှိသေးသည့်အချိန်။ ပြောရလျှင်ဝါးခယ်မလိုမြို့ငယ်လေးမှာပင်ထိုသို့သတ်မှတ် ခံရသူတဦးအဖို့ရန်ကုန်သာမာန်ကျောင်းတကျောင်း၌ပင်ဖြစ်စေ ထိုထက်ပိုဖို့အလားအလာသိပ်ရှိမည်မဟုတ်။ ထို့အပြင်ကျွန်တော်သတင်းစာပို့ရသည့် လုပ်ငန်းခွင်ထဲမှာကျောင်းအနီးတဝိုက်ရပ်ကွက်ပါဝင်သလို အချို့သောကျောင်းသားကျောင်းသူတို့၏ အိမ်များပါဝင်နေသည်။ ထိုသူငယ်ချင်း၏ အိမ်သည်ယင်းသို့သောအိမ်မျိုးထဲမှတအိမ်ဖြစ်၏။ ကျွန်တော်သတင်းစာပို့ပေးရသောအိမ်တွေကိုအလုပ်ရှင်ဟုသတ်မှတ်လျှင်သူသည်ကျွန်တော့်အလုပ်ရှင်၏မိသားစုဝင်တစ်ဦး။ တနည်းသူနှင့်ကျွန်တော်သည်အလုပ်ရှင်နှင့်အလုပ်သမား။ ထိုအတွေးအခေါ်မျိုးရှားရှားပါးပါး ကျွန်တော်နှင့်အတန်းတူကာ တစ်ခန်းတည်းကျနေသောသူ့မှာရှိကောင်းရှိမည်။ ရှိခဲ့လျှင်ထိုအကြောင်းသည်ပင်ကျွန်တော့်အပေါ်အခြားသောသူငယ်ချင်းတွေနှင့် တတန်းတည်းထားဆက်ဆံခွင့်မပြုနိုင်ခြင်းဖြစ်မည်။ 

ထိုခေတ်ကဝတ္ထုတွေရုပ်ရှင်တွေထဲမှာသည်လိုဇာတ်လမ်းမျိုးမြင်ကြားဖတ်ဖူးနေရသည်မို့ ထိုသို့တွေးမိခြင်းဖြစ်နိုင်ပါ၏။ တကယ်လည်းသူနှင့်ကျွန်တော်ကြားမှာတခြားမည်သည့်အဖုအထစ်ကိုမှစဉ်းစားမရသည်ကိုး။ဇီဇာကြောင်သောထိုအတွေးမျိုးမှာအညံံ့စိတ်များသာဖြစ်ကြောင်း ကျွန်တော်သိသော်လည်းနုနယ်စဥ်ကာလက ရခဲ့‌သောဒဏ်ရာမို့ ‌ပျောက်ပျက်ရန်လွယ်မည်မထင်။ သည်အရွယ်ကျမှဖျောက်ဖျက်လိုစိတ်လည်းမရှိတော့။ သည်စိတ်ကြောင့် အနည်းဆုံးလူမှုရေးစီးပွားရေးဆုံးရှုံးမှုတွေရှိခဲ့လင့်ကစား ကံအားလျော်စွာနားလည်ခွင့်လွှတ်တတ်သူများနှင့်ရေရှည်မှာတွေ့ကြုံရခြင်းကြောင့်လဲပြိုသည်အထိမဖြစ်ခဲ့။ သူငယ်ချင်းအပေါင်းအသင်း၊ လုပ်ဖေါ်ကိုင်ဖက်၊ ဘဝအဖေါ်မှစကာ သားသမီးများနှင့်တနွယ်ငင်တစင်ပါသူတွေအားလုံး ကျွန်တော့်ထက်စာလျှင်အညံ့စိတ်ကင်းကြသည်မို့ကျွန်တော်သည်မျှခံသာခြင်းဖြစ်မည်။ မည်သို့ဆိုစေထိုအညံ့စိတ်ကကောင်းကျိုးပြုခဲ့သည်များလည်းရှိတော့ရှိသည်ပင်။ 

စောစာကပြောသလို ခွဲခြားဆက်ဆံခံရသည်ဟု (မှန်သည်မှားသည်အပထား) ခံစားရလေတိုင်းသည်လိုဘဝမျိးမှလွတ်မြောက်အောင်ကြိုးပန်းလိုစိတ်ပေါက်ပွားလာခြင်းမျိုးဖြစ်၏။ ကိုယ့်အပေါ်ခွဲခြားဆက်ဆံမည့် (ဆက်ဆံ နိုင်မည့်) သူတွေကိုကိုယ်ကအရင်ခွဲခြားကာစည်းသားထားလိုက်ခြင်းဖြင့် နယ်ပယ်မကျယ်ဝန်းသော်လည်း စိတ်ဖိစီးမှုအတန်ကင်းရှင်းသော ဝန်းကျင်ကိုဖန်တီးနိုင်ခြင်းမျိုးဖြစ်၏။ ကျွန်တော့်မှာသူငယ်ချင်းအပေါင်းအသင်း များများစားစားမရှိသလို ရှိသမျှမပြိုကွဲခြင်းမှာထိုသဘောဖြစ်မည်။ ပန်းတနော်လမ်းသားကိုကြည့်။ ပန်းတနော်လမ်းသားနှင့်ကျွန်တော်သည်ခုနစ်တန်းကတည်းကတတန်းတည်းဖြစ်သော်လည်း ထိုမှာသူငယ်ချင်းမဖြစ်ခဲ့ကြ။သူက ကျွန်တော့်ထက်အသက်တစ်နှစ်သာပိုကြီးသော်လည်း စိတ်ကြီးဝင်သည့်အသက် ထိုထက်မကစောသည်မို့ ကျွန်တော်တို့လိုလူကောင်သေးသေးရှေ့ဆုံးတန်းထိုင်သူများနှင့် အရောတဝင်မရှိ။ 

လူပျိုပေါက်သူသည်နောက်တန်းနေကျောင်းသားကြီးများနှင့်သာအရောဝင်လေ့ရှိ၏။ ပြီးတော့မိန်းခလေးများနှင့်လည်းအရောတဝင်နေသည်။ ခြောက်တန်းတုန်းကဆရာဦးစိုးရအတန်းမှာယောက်ကျားလေးများသာရှိပြီး ခုနှစ်တန်းနှစ်မှာတော့ အတန်းထဲမှာယောက်ျားလေးရော မိန်းကလေးများပါရှိကြသည်။ ထိုအချက်အရလည်းသူနှင့်ကျွန်တော်အပြန်အလှန်စည်းသားကာခြားနေခဲ့ကြခြင်းဖြစ်မည်။ သူသည်စာတော်သလို နှုတ်မှုရေးရာလည်းတော်သည်။ ထို့ကြောင့်မိန်းကလေးသူငယ်ချင်းတွေပေါခြင်းဖြစ်မည်။ ကျွန်တော်ကမူ စောစောကပြောသလို အညံ့စိတ်ကြောင့်ရော မွေးရာပါအုံ့ပုန်းညဉ်ကြောင့်ရောဖြစ်မည်လားမသိ ထိုနှစ်ရောက်မှဆုံရသောအတန်းထဲရှိမိန်းခလေးတဦးနှင့်မျှရင်းနှီးခဲ့ခြင်းမရှိချေ။ ထိုနှစ်ဆရာကန်တော့ပွဲနှင့်အတူကျင်းပမည့်အတန်းပေါင်းစုံကျပန်းစကားပြောပြိုင်ပွဲအတွက်လူရွေးပွဲမှာပန်းတနော်လမ်းသားအရွေးခံရသည်။ မူလတန်းတုန်းကပုံပြောပြိုင်ပွဲပထမရဖူးသည့်ကျွန်တော်ကြိုးစားကြည့်သေးသော်လည်းအရွေးခံရသည့်အထဲမှာမပါဝင်။  

ပြိုင်ပွဲနေ့တွင်မဲကျသည့် “ကျွန်တော်သာလကမ္ဘာကြီးကို ရောက်ခဲ့လျှင်” ခေါင်းစဉ်ဖြင့် (ထိုအချိန်က အမေရိကန်တို့အပိုလိုစီမံကိန်းဖြင့် လပေါ်သို့လူသားတွေ စေလွှတ်နိုင်ရန်စတင်ကြိုးပန်းနေပြီဖြစ်၏) လက်ခုပ် သြဘာသံတွေလျှံသွားသည်အထိဟာသနှောပြီးပြောနိုင်သောသူ့အာဝဇ္ဇာန်းကြောင့်တကျောင်းလုံးပထမဆုကို ပန်းတနော်လမ်းသားထိုက်ထိုက်တန်တန်ရရှိခဲ့လေသည်။ သူ့ကိုအထင်ကြီးသော်လည်းဖြူကောင်လိုဆူးတွေခြံရံထားသည့်ကျွန်တော်အတန်းထဲမှာရောပြင်ပမှာပါသူနှင့်သူငယ်ချင်းအဖြစ်သို့ မရောက်ရှိခဲ့ကြချေ။

#                   #

ပညာရေးစံနစ်သစ်အရ ရှစ်တန်းကိုအလယ်တန်းဟုသတ်မှတ်လိုက်သဖြင့် ခုနစ်တန်းအောင်သောအခါကွက်သစ်ကျောင်းမှာဆက်တက်နိုင်သေးသည်။ သို့သော် ပန်းတနော်လမ်းနှင့်အောင်မင်္ဂလာသိဒ္ဓိစာသင်တိုက်အကြား ရှမ်းလမ်းမပေါ်တွင် အသစ်ဆောက်လုပ်ပြီးစီးစ (နောင်တွင်အ.ထ.က (၄) စမ်းချောင်း) ကျောင်းသစ်သို့ပြောင်းရမည်ဖြစ်ပြီး ကျောင်းတက်ချိန် မနက် ၉ နာရီမှ ညနေ ၃ နာရီ ဖြစ်သွားသည်။  မနက်ပိုင်းသတင်းစာပို့ရသော ကျွန်တော့်အတွက်အခက်အခဲရှိလေသည်။  သို့ဖြစ်ရာ နွေရာသီကျောင်းပိတ်ရက်အတွင်း နောက်နှစ်တက်မည့်ကျောင်းကိုစုံစမ်းရ၏။ နှစ်ချိန်ကျောင်းကရှားသည့်အပြင် နှစ်ချိန်ကျောင်းဆိုတိုင်းလည်းအဆင်မပြေ။ အနည်းဆုံးနေ့လည်ပိုင်းမှာရှစ်တန်း (အဋ္ဌမတန်း) ဖြစ်မှကျွန်တော်နှင့်အဆင်ပြေမည်။ အလုပ်နှင့်ကျောင်း အလုပ်ကိုဦးစားပေးရမည့်ဘဝပေးအနေအထားမှာ အရာရာရွေးချယ်စရာကျဉ်းမြောင်းလှ၏။ 

ကံအားလျော်စွာ အ.ထ.က (၂) ကြည့်မြင်တိုင်ကိုတွေ့လေသည်။ ယခင်ထီးတန်းကောလိပ်ဆိုသောအစဉ်အလာကလည်း စွဲဆောင်မှုရှိသည်။ စမ်းချောင်းနှင့်ကြည့်မြင်တိုင်သည် ဝေးလှသည်မဟုတ်။ ရထားတဘူတာ သို့မဟုတ် ဘတ်စကား သုံးမှတ်တိုင်လောက် ၅ပြားပေးစီးလျှင်ရောက်သည်။ သို့နှင့်ခုနှစ်တန်းအောင်သောနှစ်မှာ ကျွန်တော့်အောင်မြေဖြစ်သောစမ်းချောင်းကွက်သစ်ကျောင်းကိုစွန့်ခွာလျက် ကြည့်မြင်တိုင်ထီးတန်းကျောင်းသို့ ပြောင်းရွှေ့ဖြစ်လေသည်။ ပြောရလျှင်ကောင်းကင်အနှံ့ ခြေဆန့်ရန်အလို့ငှါအပျံသင်စငှက်တစ်ကောင် တောင်ပံစုံနှင်း လေဟုန်ခွင်းမည့်ခရီးပြင်းတစ်ခု၏အစသာဖြစ်ပါ၏။


No comments:

Post a Comment