Friday, October 31, 2025

ကျွန်တော်နှင့် သီးဆစ်

 


[၁]

စက်မှုတက္ကသိုလ်မှာ နောက်ဆုံးနှစ်ကျောင်းသားတိုင်း သီးဆစ်လုပ်ရသည်။ ဘွဲ့ယူကျမ်း၊ ကျမ်းပြုစုသည်စသည့် တရားဝ င်အသုံးအနှုန်းရှိသော်လည်း ကျွန်တော်တို့ အသိုင်း အဝိုင်းမှာတော့ သီးဆစ်၊ သီးဆစ်လုပ်သည်ဟုသာပြောဆိုလေ့ရှိကြ၏။  နောက်ဆုံးနှစ် ရေးဖြေဘာသာရပ်များနည်းတူ အရေးပါသဖြင့် ဝိရီယစိုက်ကြသည်။ ခြောက်နှစ်ခြောက်မိုးသင်ယူကာ ကျမ်းကြီးကျမ်းခိုင်ပြုစုပြီးမှရသည့်ဘွဲ့တစ်ဘွဲ့အဖြစ် ဂုဏ်ယူနိုင်မည့်အခွင့်အလမ်းတရပ်အနေနှင့်လည်း တန်ဖိုးထားကြပါသည်။ အချို့လူတော်တွေဆိုလျှင် နောက်ဆုံးနှစ်မရောက်မီကပင် သီးဆစ်အတွက် ကြိုတင်ပြင်ဆင်ကြသည်ဟု ကြားဖူးပါ၏။ အကြောင်းကြောင်းကြောင့် မပြင်ဆင်နိုင်ကြလျှင်လည်း ဌာနမှပေးသော ခေါင်းစဉ်တရပ်ရပ်ကိုရွေးချယ်လျက် ပြီးမြောက်အောင်မြင်အောင် ကြိုးပန်းကြသည်။ ခေါင်းစဉ်ပေါ်မူတည်ကာ တစ်ယောက်တည်း ဆောင်ရွက်သည်မျိုးရှိသလို နှစ်ယောက်နှင့်အထက် အဖွဲ့လိုက်ပြုစုကြသည်များလည်းရှိလေသည်။

၁၉၇၈ ခုနှစ်တွင် ကျွန်တော်စက်မှုအင်ဂျင်နီယာနောက်ဆုံးနှစ်သို့ရောက်၏။ ကျောင်းမှာခြောက်နှစ်ခြောက်မိုးကြာခဲ့ပြီမို့ အပေါင်းအသင်းအတော်အတန်ရှိပြီ။ သို့သော် အရင်းအချာဆို၍ လှည်းကူးသားတစ်ယောက်သာပြစရာရှိသည်။ သူနှင့်ကျွန်တော် ပထမနှစ်နှင့်ဒုတိယနှစ်တို့မှာ ခုံနံပါတ်ချင်းကပ်လျက်၊ တတိယနှစ်တွင် တိုင်ပင်မထားပါဘဲ ဘာသာရပ်တခုတည်း အတူတူယူခဲ့ကြသည်မှစကာ တွဲဘက်ဖြစ်ခဲ့ကြ၏။  သီးဆစ်ကိုလည်း သည်အတွဲအတိုင်းလုပ်ဆောင်ရန် အစီအစဉ်ရှိကြသည်။ ကျွန်တော်တို့က လူတော်စာရင်းမဝင်သလို ကြိုတင်ပြင်ဆင်ရာမှာလည်း အားနည်းကြသည်ဖြစ်ရာ ဌာနမှသတ်မှတ်ပေးသော ခေါင်းစဉ်များထဲမှရွေးချယ်ဆောင်ရွက်ကြဖို့ သဘောညီလျက်မပူမပင်ရှိခဲ့ကြပါ၏။ မပူပင်နိုင်ဟုပြောလျှင် ပို၍ မှန်ပါလိမ့်မည်။ 

တစ်နှစ်စာတစ်နှစ် ဖြစ်ဖြစ်မြည်အောင်ကြိုးကုတ်ကြရသူတို့ထုံးစံ ရေးဖြေစာမေးပွဲအတွက်လုံးပန်းချိန်မှာသီးဆစ်ကို မစဉ်းစားနိုင်။ လူမိုက်အားပေးဆိုသလို ထိုအချိန်က သူလိုကိုယ်လိုလူပျင်းတွေအကြား ရေပန်းစားသောစကားတခွန်းကလည်းရှိနေသည်။ အချိန်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာဟု သီးဆစ်အကြောင်းစကားမိကြတိုင်း အချင်းချင်းအားပေးလေ့ရှိကြ၏။ သူများနွားပိန်တွေတော့မသိ သည်နွားပိန်နှစ်ကောင် အချိန်တန်၍အားသွန်ခွန်စိုက်ကန်မည်ကြံသည့်အခါ ခြေပင်မြှောက်ခွင့်မရလိုက်သည့်အဖြစ်ကြုံရသည်။ စင်စစ်မူ ဘယ်သူမပြုမိမိမှုသာဟုယူဆရမည့်နှယ်ဖြစ်ပါသည်။ သို့သော် ထိုအဖြစ်ကြောင့် ဤမည်သော သီးဆစ်ပုံပြင်တပုဒ် ဘဝမှာအမှတ်ထင်ထင်ကျန်ခဲ့သည်မှာတော့ ယခုသို့ အချိန်အိုအဆွေးလေးတွေကို နွားပိန်လိုကွေးပြီး စမြုံ့ပြန်နေဖြစ်သည့် ကာလနှင့်လိုက်လျောညီထွေရှိနေပါ၏။ 


[၂]


ရေးဖြေအတွက်ထိုမျှခေါင်းမဖော်နိုင်အောင် လုံးပန်းရသည့်ကြားထဲ စာမေးပွဲဖြေဖို့ရက်ပိုင်းအလိုမှာ ကောက်ကာငင်ကာ ကျွန်တော်ဖျားသည်။ အလွန်တရာနာဖျားခြင်းကင်းသူက ဖြစ်မည့်ဖြစ်တော့ တိုက်ဖွိုက် ခေါ်  အူရောင်ငန်းဖျားနှင့် တိုး၏။ ဆရာဝန်က ဆေးရုံတက်စေချင်သည့်တိုင်မတက်ဘဲ အဆောင် ‘က’ ရှိ လှည်းကူးသား အခန်းမှာနေလျက် ဆေးသောက်ကာ စာမေးပွဲဖြေသည်။ ပဋိဇီဝဆေးပြင်း၊ အစာရှောင်၊ အိပ်ရေးပျက်၊ အားနည်းခြင်းတို့ကြောင့် စာမေးပွဲပြီးပြီးခြင်း သူတကာလို သီးဆစ်မစနိုင်ခဲ့။ ခေါင်းစဉ်ပင်မရယူနိုင်သေး။ တပတ်ခန့်နောက်ကျပြီးမှ သီးဆစ်ခေါင်းစဉ်ယူရန် ဌာနသို့သွားဖြစ်ကြ၏။ ထင်သည့်အတိုင်းပင် ဟိုစဉ်ကပြည်သူ့ဆိုင်တွေမှာ ကြုံနေကျအဖြေမျိုး “ကုန်ပါပြီ” နှင့်တိုးလေသည်။ သီးဆစ်ခေါင်းစဉ်များကို ဦးရာလူစံနစ်ဖြင့် ကျောင်းသားများရယူသွားကြပြီးမို့ လက်ကျန်မရှိတော့။ ဘာလုပ်ကြမည်နည်း။ 

ဒါဆိုပြန်ကြမယ်ဆိုကာ သမဆိုင်ကလှည့်ပြန်သလိုပြန်၍မဖြစ်။ နဂိုကပင်အဖြစ်မရှိသူတွေ ခုချိန်ကျမှ ကိုယ့်ခေါင်းစဉ်နှင့်ကိုယ် စလုပ်ဖို့ဆိုသည်မှာ ကြံစည်အပ်သောအရာမဟုတ်ချေ။ မျက်နှာငယ်လေးများဖြင့် သီးဆစ်ခေါင်းစဉ်ဝေငှပြီးစာရင်းအား အနုလုံ (အသေးစိတ်)၊ ပဋိလုံ (အပြန်ပြန်အလှန်လှန်) ကြည့်ကြ၏။ ရွှေမန်းတင်မောင်ဗုဒ္ဓဝင်ဇာတ်တော်ထဲ၌ တုဿီတာနတ်သား ပစ်ချလိုက်သော မြားတံမှာသူ့နာမည်ပါမပါ သုဒ္ဓေါသနမင်းကြီးကြည့်သလိုမျိုးကြည့်သည်။ နောက်ဆုံး၌ အဖျင်းစား ဝိရိယအကျိုးတရပ် ခံစားရပါ၏။ ခေါင်းစဉ်တစ်ခုကျန်နေသည်။ စင်စစ်ဌာနမှခေါင်းစဉ်စေ့လူစေ့စီစဉ်လိမ့်မည်ဖြစ်ရာ ထိုတစ်ခုသော ရွေးကျခေါင်းစဉ်သည် ကျွန်တော်တို့အတွက် ထိုက်တန်စွာကျန်ရစ်နေခြင်းဖြစ််ပါလိမ့်မည်။   

ခေါင်းစဉ်၏အမည်မှာ The Design of Mortuary Refrigeration ခေါ်  ရေခဲတိုက်အအေးပေးစံနစ်ဒီဇိုင်း ဖြစ်၏။ နောက်ဆုံးနှစ်တွင်သင်ယူရသော Refrigeration and Air-conditioning ဘာသာရပ် အသုံးချခေါင်းစဉ်ဖြစ်ရာ ပရမတ်အရ ဆိုးသည်မဆိုသာ။ ပညတ်နယ်သားတွေအဖို့ ရာမှာတော့ မဆိုးလျှင်ပင်အကောင်းကြီးမဟုတ်သည်မှာသေချာသည်။ မည်သူမျှမရွေးလိုသောခေါင်းစဉ်ဖြစ်သည်ကိုလည်း မည်သူမျှမရွေးသဖြင့်ကျန်ရစ်နေခြင်းက သက်သေခံပါ၏။ သို့သော် ကျွန်တော်တို့ကရော ဘာများတတ်နိုင်ကြပါမည်နည်း။ ဘယ်လိုလဲဟုလှည်းကူးသားကမေးသည်။ ဘယ်လိုရမှာလဲ ရွေးရုံပေ့ါဟုကျွန်တော်ဖြေသည်။ သူများမလုပ်ချင်တဲ့အလုပ်လုပ်ရတာလဲ မဆိုးပါဘူး၊ အတွေ့အကြုံတခုပေါ့ ဟု ပြောရင်း ဟန်လုပ်ကာအားတင်းကြ၏။ ထို့နောက် ခေါင်းစဉ်နှင့်ယှဉ်တွဲဖော်ပြထားသောကြီးကြပ်သူဆရာထံသတင်းပို့ရန် ထွက်ခွါခဲ့ကြလေသည်။

ဆရာဦးကြည်သည် ကမ္ဘာကျော်ခရင်းဖီးတက္ကသိုလ်ဆင်း လေကြောင်းပျံသန်းရေးဘွဲ့လွန်ပညာရှင် ဖြစ်၏။ ဆရာနှင့်မော်ကျူရီခေါင်းစဉ်မည်သို့မည်ပုံဆက်စပ်မည်ကို မခန့်မှန်းနိုင် သော်ငြား ဆရာသဘောကောင်းသည်ကိုသိထားသဖြင့် ကျွန်တော်တို့စိတ်သက်သာရာရကြသည်။ ပင်ကိုယ်အားဖြင့်စကားနည်းသူဆရာသည် ကျွန်တော်တို့နောက်ကျသည့်ကိစ္စ ဘာမျှပြော။ သီးဆစ်အကြောင်းကိုလည်း ထူးထူးထွေထွေမဆို။ ပြင်ပပညာရှင်နှင့်ဆောင်ရွက်ရမည်မို့ သွားရောက်ဆက်သွယ်ရန်သာညွှန်ကြားသည်။ တိုးတက်မှုအခြေအနေ ပုံမှန်အစီရင်ခံရန်နှင့် လိုအပ်သည့်အကူအညီရှိလျှင်တောင်းခံရန်သာပြောသည်။ ကျွန်တော်တို့လည်း စိတ်လက်ပေါ့ပါးစွာပြန်လာခဲ့ကြ၏။ အချိန်တန်တော့ နွားပိန်တွေကန်ခွင့်ရခဲ့ကြပါပြီ။ နည်းနည်းနောက်ကျသဖြင့် ခြေတော့မြန်မြန်မြှောက်မှဖြစ်မည်။ 


[၃]


ဦးအောင်ကျော်သာသည် အမေရိကန်နိုင်ငံအပူနှင့်အေးခဲမှုစနစ်အင်ဂျင်နီယာအသင်းကြီး (ASHRAE) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏။ ပြည်တွင်းပြည်ပအတွေ့အကြုံအပြင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရှိသူမို့ ထိုခေတ်အိမ်သုံးစက်ရုံသုံးအပူအအေးပေးစက်များတပ်ဆင်ခြင်းတွင်လူသိများသောအတိုင်ပင်ခံတစ်ဦးဖြစ်သည်။ သူနေထိုင်ရာ ၄၂ လမ်းနေအိမ်၌ပင် ရုံးခန်းဖွင့်ထားသည်။ ရခိုင်တိုင်းရင်းသားစကားဝဲ၏။ သဘောကောင်းပြီးဖော်ရွေသည်။ ယင်းမှာကျွန်တော်တို့နှင့်ရက်ပိုင်းမျှထိတွေ့ဆက်ဆံရသောကာလတိုအတွင်းအကဲခတ်ရသမျှဖြစ်သည်။  ထိုမျှကာလတိုလေးသာသူနှင့်ဆုံလိုက်ရခြင်းမှာမူ ဇာတ်လမ်းအရဟု ပြောရမည်။ 

ကျွန်တော်တို့ သတင်းပို့လျှင်ပို့ချင်း စာအုပ်စင်မှကိုးကားစာအုပ်များ၊ နည်းပညာလက်စွဲဖိုင်ကြီးများကိုချလျက် အအေးပေးစနစ်တစ်ခု၏ ဒီဇိုင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆရာကရှင်းပြ၏။ စာမေးပွဲပြီးစမို့ ခေါင်းထဲမှာစာတွေကျန်နေဆဲဖြစ်ရာ ဆရာရှင်းပြသမျှကျွန်တော်တို့လိုက်နိုင်ကြသည်။ ပထမနေ့မှာပင် ဆရာကကျွန်တော်တို့ကို design load ခေါ် ဝန်အားစတင်တွက်ချက်ရန် ညွှန်ကြား၏။  ထိုနေ့မှာပင် ဝန်အားတွက်ရန် စာအုပ်တွင်းမှာပေးမထားသော အဓိကလိုအပ်ချက်တခုဖြစ်သည့် လူ့အပူဆကို အထွေထွေပုံသေနည်းအသုံးပြု တွက်ချက်ပြသနိုင်ခဲ့ရာ ဆရာ၏ ဂွတ်ဒစ်ကာဗရီ ဟု ဩဘာပေးခြင်းခံရသည်။ အစကတော့ကောင်းနေပြီ။။  

သို့သော် သည်မျှလောက်ဖြင့် တင်းတိမ်နေ၍မရ။ ခရီးကခုမှအစဘဲရှိသေးသည်။ စင်စစ်ကျွန်တော်တို့အဖြစ်မှာလည်း ပွဲထဲကလူပြက်ပြောသလို ထွက်ထွက်ဆိုလို့ထွက်လာရတယ် ငါဘာကောင်ပါလိမ့်ဆိုသည်မျိုး။ ခုချိန်ထိ ရေခဲတိုက်အအေးပေးစံနစ်ဆိုသည်ကလွဲ၍ ဘာမှမသိရသေး။ အတွက်အချက်သက်သက်လား၊ စံနစ်ဒီဇိုင်းလား၊ အသုံးချဒီဇိုင်းလား၊ ရှိရင်းစွဲလား၊ အသစ်လား၊ ဘယ်နေရာဘယ်မှာတပ်ဆင်မှာလဲ ဘာတခုမျှမသိရသေး။ ကျွန်တော်တို့ကိုမပြောသေး၊ ကျွန်တော်တို့ကလည်းမမေး၊ မမေးရဲဆိုလျှင်ပိုမှန်မည်။ သို့နှင့်လိုအပ်သည်များကိုဖတ်ရှုမှတ်သားရင်းလေးငါးရက်မျှကြာသွားခဲ့၏။


[၄]


တရက်နံနက်စောစောရုံးခန်းအတွင်းသို့ ယူနီဖောင်းဝတ် တပ်မတော်အရာရှိ ဗိုလ်မှူးတစ်ဦးဝင်လာ၏။ ဆရာဦးအောင်ကျော်သာနှင့် စကားအချို့ပြောကြပြီးနောက် ဆရာကကျွန်တော်တို့ကို ဗိုလ်မှူးနှင့်မိတ်ဆက်ပေးသည်။ ခင်ဗျားတို့ပရော့ဂျက်အတွက်ဒေတာကောက်ရအောင်ဗိုလ်မှူးနဲ့လိုက်သွားပါ၊ ဒေတာအားလုံးရတဲ့အထိ အဲဒီကိုသွားပြီး ဗိုလ်မှူးညွှန်ကြားတဲ့အတိုင်းဆောင်ရွက်ပါ။ ပြီးမှပြန်လာပြီးဆက်လုပ်ကြတာပေါ့ဟုလည်းပြောသည်။ ကျွန်တော်တို့ကလည်းအသင့်ပင်၊ လွယ်အိပ်လွယ်ဖိုင်ဆွဲလျက်ဗိုလ်မှူးနှင့်အတူလိုက်ခဲ့ကြ၏။ စက်မှုတက္ကသိုလ်ဆင်းလျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သောဗိုလ်မှူး၏ စစ်စိမ်းရောင်ဘွန်ဂိုကားလေးပေါ်မှာ စကားပြောမိကြတော့မှ ကျွန်တော်တို့ဆောင်ရွက်ရမည့်သီးဆစ်သည် မင်္ဂလာဒုံတပ်မတော် ဆေးရုံကြီးရေခဲတိုက်မွမ်းမံရေး (ယခုခေတ်အလို အပ္ပဂရိတ်) ပြုလုပ်ရန်အတွက်ဖြစ်ကြောင်းသိလာရသည်။ 

ဗိုလ်မှူးတို့လျှပ်/စက်ဌာနသည်မင်္ဂလာဒုံဆေးရုံကြီးဝင်းအတွင်းမှာပင်ရှိသည်။ သူ့ရုံးခန်းသို့ရောက်သော် ဗိုလ်မှူးက ကျွန်တော်တို့အား ပေကြိုးဘူးကြီးတစ်ဘူးထုတ်ပေးသည်။ ထိုပေကြိုးကိုအသုံးပြုလျက် လက်ရှိအအေးပေးစံနစ်တခုလုံး၏ တည်ဆောက်ထားရှိပုံအားတိုင်းတာကာ မှတ်တမ်းတင်ရမည်ဖြစ်လေသည်။ စက်ကရိယာတွေရဲ့အသေးစိတ်ဒေတာက လက်စွဲစာအုပ် တွေထဲမှာရှိတာမို့ အပြင်ပန်းလုပ်ငန်းတွေပြီးမှကူးကြတာပေါ့ဟု ဗိုလ်မှူးကပြော၏။ ကျွန်တော် တို့လည်း ချက်ချင်းဆိုသလိုဆေးရုံဘက်သို့ထွက်ခဲ့ကြသည်။  ကိုယ်နှင့်အကျွမ်းမဝင်သောနယ်မြေမို့ နေရာများကိုအရင်လေ့လာကာ ပုံကြမ်းဆွဲမှတ်တမ်းတင်ကြသည်။

နောက်တစ်နေ့ တိုင်းတာရေးအလုပ်စကြ၏။ ဦးစွာပထမ စက်ကရိယာများကို တိုင်းတာပုံထုတ်သည်။  ပြီးလျှင် ပိုက်လိုင်းစံနစ်များအား မှတ်သားပြီး ဒိုင်ယာဂရမ်ဆွဲသည်။ စံနစ် တခုလုံးအသုံးပြုထားသည့် ပိုက်များအား တိုင်းတာသည်။ ပိုက်အများစုကို မျက်နှာကျက်ပေါ်မှ သွယ်ထားသည်ဖြစ်သောကြောင့် မျက်နှာကျက်အပေါ်တက်၍ အစအဆုံးတိုင်းထွာရ၏။ ကျွန်တော်မှတ်မိသလောက် အဆောက်အဦမှာ တစ်ထပ်အုပ်ညှပ်ဖြစ်သဖြင့် မျက်နှာကျက်ပေါ်တက်ရန်အခက်အခဲမရှိ။ အလင်းရောင်အပြည့်အဝ မရစေကာမူ မြင်သာထင်သာရှိသည်။ အချိန်တော့ပိုယူရသည်။ အထူးသဖြင့် မျက်နှာကျက်တန်းများပေါ်ခြေချော်ကာကျွံမကျစေရန် (အောက်မှာ ကုသခန်းတွေ၊ ခွဲစိတ်ခန်းတွေရှိသည်) ဂရုစိုက်ရသည်။ အားလုံးပြီးသော် ရေခဲတိုက်အခန်းကိုတိုင်းတာကြ၏။ 

ကျွန်တော်ငယ်ငယ်ကနယ်မြို့နယ် တမြို့တွင်နေခဲ့ဖူးသည်။ ထိုမှာဖခင်ရောမိခင်ပါဆေးရုံတက်ရဖူးသဖြင့် ဆေးရုံသို့သွားလာဝင်ထွက်ခဲ့ဖူး၏။ ဆေးရုံနောက်ကျောဘက် ခပ်လှမ်းလှမ်း၌ မြင်နေရသော ရေနံချေးသုတ်အဆောက်အဦကို ရင်ခွဲရုံဟု လူကြီးတွေပြောကြ၏။ ရင်ခွဲရုံဆိုသည်မှာ ရေခဲတိုက်ကိုခေါ်သည့် အရပ်စကားဖြစ်ကြောင်းကိုလည်း သိလာရသည်။ ရန်ကုန်ရောက်ပြီး ဖခင်ဖြစ်သူဆေးရုံကြီးမှာကွယ်လွန်သည့်အခါ ရေခဲတိုက်ကိုနီနီးကပ်ကပ်မြင်တွေ့ဖူးလေသည်။ ဟိုတုန်းကရန်ကုန်ဆေးရုံကြီးတွင်ကွယ်လွန်သူတိုင်းလိုလို ဆေးရုံကြီးရေခဲတိုက်မှကြံတောသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ကြသည်မို့ ရင်းနှီးသူအချို့၏နာရေးကိစ္စနှင့် အခါအားလျော်စွာရောက်ဖူးပါ၏။ အသုဘရှုဖို့ပြင်ဆင်သည့်အခန်းသို့ဝင်မိတိုင်းအတွင်းဘက်သိုလှောင်ခန်းများဆီမှ ပိုးသတ်ဆေးဖီနိုင်းအနံ့နှင့်အတူစိမ်းရွှေရွှေအနံ့တမျိုးကိုသတိထားမိခဲ့ဖူးသည်။ 

ကျွန်တော်တို့မှတ်တမ်းယူသည့်ရေခဲတိုက်မှာ ထိုအနံ့မျိုးအပြင် အခြားအနံ့တမျိုးလည်းရသည်။ ဆိုးဆိုးရွားရွားတော့မဟုတ်။ အခန်းထောင့်တွင်ဖြတ်တောက်ပြီးသားကိုယ်လက်င်္အဂါအချို့ယာယီစွန့်ပစ်သည့် ပုံးတစ်ပုံးရှိရာ အနံ့သည်ထိုမှလာခြင်းဖြစ်နိုင်သည်။ အအေးပေးစံနစ်မလုံကြောင်း ဒီဇိုင်းတွင်ထည့်သွင်းစဉ်းစားရန် မှတ်သားထားလိုက်သည်။ တိုင်းတာသည့်အခါမှာလည်း သိုလှောင်စင်များရှိရာ အခန်းငယ်များ၏ ပြင်ပမှသာဆောင်ရွက်ကြ၏။ မည်သို့ဆိုစေ ကိစ္စအဝဝအတွက် အချိန်တစ်နာရီခန့်ကြာမြင့်ရာ အတော်ပင်မနှစ်မြို့ဖွယ်ဖြစ်ကြောင်း မှတ်မိနေပါသည်။ ထိုအတွက် ကျွန်တော် ထူးထူးခြားခြားမကြုံခဲ့သော်ငြား လှည်းကူးသားအတွက်ပြဿနာအတန်ရှိခဲ့ပုံရ၏။ ထိုနေ့မှသုံးလခန့်ကာလအတွင်း အသားနှင့်သူထမင်းမစားနိုင်ဖြစ်ခဲ့ကြောင်း နောင်တွင်ပြန်ပြောသဖြင့်သိရသည်။ အနိဋ္ဌာရုံတန်ခိုးဆိုပါတော့။ 


[၅]


ကျွန်တော်တို့အတွက် ဣဋ္ဌာရုံအခိုက်အတန့်လေးတွေရှိခဲ့သည်ကိုလည်း ရေးကြီး ခွင်ကျယ်မဟုတ်သည့်တိုင် ချန်လှပ်မထားသင့်ဟုထင်သည်။ ယင်းမှာ ထိုမျှတိုတောင်းသောကာလအတွင်း ကျွန်တော်တို့လိုပင် ဆေးရုံနှင့်ဆက်နွယ်ကာ ဘွဲ့ယူစာတမ်းပြုစုဖို့ရောက်နေကြသော စီးပွါးရေးတက္ကသိုလ်ကျောင်းသူနှစ်ဦးနှင့်တွေ့ဆုံပြီးခင်မင်ရင်နှီးခဲ့ကြခြင်းပါတည်း။ ခုပြန်စဉ်းစားရာ၌ အမည်နာမသာမက ဖြူသည်ညိုသည်ကိုယ်လဲမသိတော့ပြီဟုဆိုရမည့် မချောနှစ်ယောက်သည် (ကျွန်တော်တို့ခေတ်က အီကိုကို မိန်းမလှကျွန်းဟုတင်စားလေ့ရှိကြ၏) ပီဘိခင်မင်နှစ်လိုဖွယ်ရာဟူ၍တော့မှတ်မိနေသည်။ စင်စစ် ထမင်းစားချိန်သူတို့နှင့်ကင်တင်းအတူထိုင်ရုံလောက်သာ ဆုံကြခြင်းဖြစ်သော်လည်း ကျောင်းသူကျောင်းသားချင်းမို့ အလွယ်တကူရင်းနှီးသွားခဲ့ကြသည်။ 

သူတို့ရှိရာရုံးတွင်းသို့ ကျွန်တော်တို့သွားရောက်လည်ပတ်ခြင်းမပြု။ မသင့်တော်ဟု ယူဆသည့်အပြင် ကျွန်တော်တို့မှာလည်းအချိန်ကဆင်းရဲလွန်းသည်။ နေ့လည်နေ့ခင်း သူတို့အားလပ်ခွင့်ရသည့်အခါမျိုး၌ ကျွန်တော်တို့တိုင်းရာတာရာနေရာသို့ရောက်လာတတ်၏။ ထိုမျှအချိန်ပိုင်းကလေးမှာ ကျွန်တော်တို့ကလည်း ကြေးတိုင်မင်းမောင်လူအေး၏ လက်စွဲတော်ကြီးများနှယ် ဖိုင်တွဲ တကိုင်ကိုင်၊ ပေကြိုးတကားကား ဂိုက်ပေးကြသည်။ အမှန်တော့ ကျေးလက်ပုံပြင်တခုထဲကလို (ကန်တော့ပါရဲ့) ဒီမသာတွေဒီအဆင့်ထက်မပိုကြသော်လည်း သည်အခိုက်အတန့်လေးများမှာတော့ အမှန်ပင်အမောပြေရပါ၏။ ဣဋ္ဌာရုံဆိုပါစို့။ 

သည်မှာလည်း ဇာတ်လမ်းအရ ကျွန်တော်တို့၏ တွေ့ဆုံခန်းမှာ ဤမျှသာရှိခဲ့ပါသည်။ မည်သို့ဆိုစေ မတတ်သာ၍ ရွေးချယ်ကာစတင် ခဲ့ရသော သီးဆစ်အလုပ်တွင်ကျွန်တော်တို့ပျော်ပိုက်စပြုလာခြင်းအကြေင်းတစ်ရပ်အဖြစ်တော့ မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ သို့နှင့်တိုင်းတာရေးလုပ်ငန်း ပုံကြမ်းမှတ်စု စုံလင်စွာဆောင်ရွက်ပြီးစီးသည့် ကာလသို့ရောက်ခဲ့ပါပြီ။ စက်ကရိယာဒေတာများလက်စွဲစာအုပ်များအတွင်းမှကူးယူသည့်အစီ အစဉ်ပြီးလျှင် ဒီဇိုင်းလုပ်ငန်းစတင်နိုင်ပြီ။ နီးနီးနားနားသည်မှာဆက်လုပ်ကြမည်လား၊ ဆရာဦးအောင်ကျော်သာရုံးခန်းသို့ပြန်ပြီးမှလုပ်ရမည်လား လူကြီးတွေအစီအမံအတိုင်းဖြစ်၏။ မရှက်တမ်းဝန်ခံရရလျှင် ကျွန်တော်တို့က သည်မှာဆက်လုပ်ချင်ကြသည်။ လူငယ်သဘာဝဆိုပါတော့။


[၆]


ဗိုလ်မှူးထံတင်ပြသည့်အခါ သူ့ထံမှမေးခွန်းတစ်ရပ်ကိုအလျင်ဖြေရသည်။

“ခင်ဗျားတို့ ဒီဆေးရုံမှာသီးဆစ်လုပ်ဖို့ခွင့်ပြုချက်တောင်းပြီးပြီလား”

“ကျွန်တော်တို့အနေနဲ့တော့မတောင်းမိပါဘူးဗိုလ်မှူး၊ တောင်းရမယ်လို့လဲမသိပါဘူး”

စိတ်ထဲဇဝေဇဝါနှင့်ကျွန်တော်တို့ ဖြေသည်။ ဗိုလ်မှူးက ဒါဆိုလဲဆေးရုံအုပ်ကြီးကိုလိပ်မူပြီး ဒီနေ့ဘဲတောင်းလိုက်ကြပါဟုပြောသည်။ ထိုမှအပ ထွေထွေထူးထူးမဆို။ လုပ်ငန်းကိစ္စလည်းမပြော။ သည်ကိစ္စအရင်ဖြတ်စေလိုသည်ဟု ကျွန်တော်တို့နားလည်လိုက်ကြ၏။ ဖူးစကက်စာရွက်အလွတ်တစ်ရွက်ထုတ်ကာ လက်ရေးဖြင့်ပင်လျှောက်လွှာရေးသည်။ သို့ ဆေးရုံအုပ်ကြီး၊ တပ်မတော်ဆေးရုံကြီး မင်္ဂလာဒုံ၊ အကြောင်းအရာ ဘွဲ့ယူကျမ်းပြုစုရေးအတွက် လိုအပ်သောလုပ်ငန်းဆောင်တာများဆောင်ရွက်ခွင့်တောင်းခံခြင်းဟု အစချီကာ ဆောင်ရွက်လိုသောလုပ်ငန်းဆောင်တာများဖော်ပြပြီး အောက်တွင်နှစ်ဦးစလုံးအမည်လက်မှတ်ရေးထိုးကြသည်။ ဗိုလ်မှူးက စာကိုဖတ်ကြည့်ပြီးနောက် အုပ်ချုပ်ရေးဆိုင်ရာဗိုလ်မှူးထံသွားဖို့ညွှန်ကြားလေသည်။

အုပ်ချုပ်ရေးဗိုလ်မှူးကကျွန်တော်တို့ကို ဖော်ရွေစွာလက်ခံတွေ့ဆုံ၏။ ဆေးရုံအုပ်ကြီးမရောက်သေးသဖြင့်ကော်ဖီဖြင့်ဧည့်ခံကာစကားစမြည်ပြောဆိုသည်။ ထိုအခါမှသူ၏သားသည်လည်းအာအိုင်တီမှဖြစ်ကာကျွန်တော်တို့နှင့်အတန်းတူဘာသာရပ်တူဖြစ်နေသည်ကိုသိရ၏။ သားကိုလည်းအတော်ပင်ချစ်ခင်ပုံရသည်။ တဖြည်းဖြည်းရေလည်လာသည့်အခါသူ့သားသည်လည်းသူကဲ့သို့ပင်ဖော်ရွေကာသဘောကောင်းသော၊ ကျွန်တော်တို့နှင့်မရင်းနှီးသည့်တိုင်မေးထူးခေါ်ပြောရှိဖူးသူဖြစ်ကြောင်းသိရပြန်သည်။ ခေတ္တအကြာရဲဘော်တစ်ဦးဝင်လာကာဗိုလ်မှူးကြီး (ဆေးရုံအုပ်ကြီး) ရောက်လာပြီဖြစ်ကြောင်းသတင်းပို့၏။ ဗိုလ်မှူးသည်ကျွန်တော်တို့ကို ဦးဆောင်လျက်ဆေးရုံအုပ်ကြီးအခန်းသို့ ခေါ်သွားသည်။ ဆေးရုံအုပ်ကြီးအခန်းသည်ဗိုလ်မှူး၏ အခန်းနှင့်ကပ်လျက်မှာပင်တည်ရှိသည်။

အခန်းတွင်းသို့ ကျွန်တော်တို့ရောက်ချိန်ဗိုလ်မှူးကြီးကို သူ့စာပွဲနံဘေးမှာရပ်လျက်အနေအထားဖြင့်တွေ့ရ၏။ အုပ်ချုပ်ရေးဗိုလ်မှူးက အနီးသို့သွားကာအလေးပြုပြီးလာရင်းကိစ္စတင်ပြသည်။ ဟိန်းဟောက်သံစွက်သော ဗိုလ်မှူးကြီးထံမှတုန့်ပြန်စကားအားလုံးကို ကျွန်တော်မမှတ်မိတော့။ ဒီကိစ္စကျုပ်ခွင့်ပြုလို့မရဘူးဆိုတာ ခင်ဗျားမသိဘူးလားဟု ဗိုလ်မှူးကိုပြောပြီးနောက် ကျွန်တော်တို့ဘက်သို့လှည့်ကာ စစ်ရုံးချုပ်မှာကျွန်တော့်အထက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရှိတယ်၊ ခင်ဗျားတို့အဲဒီကိုသွားပြီးသူ့ဆီကခွင့်ပြုချက်တောင်းပါ၊ သူ့ခွင့်ပြုချက်ရမှ ပြန်လာပါ ဟု ပြောလေသည်။ ဆေးရုံအုပ်ကြီး၏အခန်းတွင်းမှ ကျွန်တော်တို့အားလုံးထွက်ခွါခဲ့ကြ၏။ 

ကျောင်းနေဘက်တစ်ဦး၏ဖခင်ဖြစ်သူ ကျွန်တော်တို့အတွက် ကျွန်တော်တို့ရှေ့မှာ ယခုသို့ပြောခံဆိုခံထိသည့်အပေါ်စိတ်မကောင်းဖြစ်သလို အားလည်းနာမိသည်။ သို့သော် ဗိုလ်မှူးကအပြုံးမပျက်။ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးထံ ယနေ့ (သောကြာနေ့) အချိန်မရှိလျှင် တနင်္လာနေ့ဆက်ဆက်သွားကြဖို့ကိုပင် အတန်တန်သတိပေးစကားပြောလိုက်သေးသည်။ နောင်တဖြည်းဖြည်းသိလာရသည်မှာ ဆေးရုံအုပ်ဗိုလ်မှူးကြီး၏သားသည်လည်း ကျွန်တော်တို့ကျောင်းမှပင်ဖြစ်ပြီး ကျွန်တော်တို့ထက်တစ်တန်းကြီးသည်။ ထိုအချိန်ဘွဲ့ရပြီးစဖြစ်မည်။ သံသရာမှာဆွေမျိုးချည့်ဘဲဆိုသောစကားကို အမှတ်ရစရာဖြစ်ပါ၏။ ထိုနေ့က ကျွန်တော်တို့ဘာမျှမလုပ်ဖြစ်ကြတော့။ လျှပ်စက်ဗိုလ်မှူးထံ အကျိုးအကြောင်းသတင်းပို့ပြီးသည်နှင့်ပြန်ခဲ့ကြလေသည်။


[၇]

ဆေးဝန်ထမ်းညွှန်ကြားရေးမှူးသည် ကျွန်တော်တို့နှင့်ရင်းနှီးပြီးသားဟုဆိုနိုင်၏။ တပြည်လုံးနှင့်ရင်းနှီးပြီးဖြစ်သည်ဟုပင်ပြော၍ရမည်။ မဝေးသေးသော မြန်မာ့အားကစားတခေတ်ကောင်းစဉ်က အောင်မြင်မှုသတင်းများနှင့်ယှဉ်တွဲကာ သတင်းစာမျက်နှာဖုံးများတွင်မကြာခဏ  သူ့ဓာတ်ကိုပုံမြင်တွေ့နေကျမို့ဖြစ်လေသည်။ ပြိုင်ပွဲဝင်အားကစားအဖွဲ့များကို ခေါင်းဆောင်ကာ နိုင်ငံတကာသို့ သွားရောက်သည့်သတင်း၊ ဆုကြီးများပိုက်ကာအောင်ပွဲခံပြန်လာသည့်သတင်း။ ပြည်သူအပေါင်းတို့ သောင်းသောင်းဖျဖျကြိုဆိုကြသတင်း စသည့်သတင်းတို့၏ ဗဟိုချက်မမှာ မြင်ဖူးနေကျမို့ ရင်းနှီးနေခြင်းဖြစ်ပါ၏။ ထို့ကြောင့်လည်းသူ့ထံသွားရောက်ရမည့်အတွက်ကျွန်တော်တို့မှာ စိုးရွံ့ပူပန်ခြင်းမရှိ။ အမှန်ပြောရလျှင် သူနှင့်မျက်နှာချင်းဆိုင်တွေ့ခွင့်ရမည်ကို ဝမ်းသာသလိုလို စိတ်လှုပ်ရှားသလိုလို ဖြစ်နေမိပါသည်။ 

ဗိုလ်မှူးကြီးသည်သူ့စာပွဲရှေ့သို့ရောက်လာသောကျွန်တော်တို့ကို အကဲခတ်သောအကြည့်ဖြင့်ကြည့်လျက် ဘာကိစ္စလဲဟုမေးသည်။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ်မိတ်ဆက်ပြီး လာရင်းအကြောင်းရင်းကို အကျဉ်းချုံးတင်ပြသည်။ ကျွန်တော်တရိုတသေပေးသောစာရွက်ကို ဗိုလ်မှူးကြီးက ဖတ်ပြီးချက်ခြင်းဆိုသလို စာပွဲပေါ်ရှိ ကလောင်ခွက်အတွင်းမှဘောပင်ကိုယူကာ မှတ်ချက်ရေး လက်မှတ်ထိုးပြီးနောက် စာရွက်ကိုပြန်ပေး၏။ မည်သည့်စကားကိုမျှမဆို။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ပြန်ခွင့်ပြုပါဆိုကာ အခန်းတွင်းမှကျွန်တော်တို့ ပြန်ထွက်လာခဲ့ကြသည်။ စင်စစ် စာရွက်လှမ်းယူကတည်းက မှတ်ချက်ကိုသတိပြုမိပြီးဖြစ်ပါသည်။ သို့သော် ရုံးကြီးပြင်ပသို့ရောက်မှ စာရွက်ကိုနှစ်ယောက်သားခေါင်းချင်းဆိုင်။ ဗိုလ်မှူးကြီိးလက်မှတ်တိုထိုးထားသောမှတ်ချက်မှာ စကားလုံး လေးလုံးသာပါဝင်သည်။ ရှင်လင်း တိကျ ပြတ်သား၏။ ခွင့်မပြုပါ။

လှည်းကူးသားနှင့်ကျွန်တော် တယောက်မျက်နှာ တယောက်ကြည့်ရင်းပြိုင်တူပြုံးဖြစ်ကြသည်။ မိမိတို့ကိုယ်၌ စိတ်အားမထက်သန်လှသောအလုပ်ကို လုပ်စရာမလိုတော့သည့်အတွက် အပျော်ပြုံးလား၊​ နောက်ကျစွာစခဲ့ရသည့် ရက်သတ္တနှစ်ပတ်စာ အားထုတ်မှုတွေ သဲထဲရေသွန်ဖြစ်ရသည့်အတွက် မချိပြုံးလား၊ နေရာတစ်ခုကိုအနှံံ့အပြားဝင်ထွက်တိုင်းတာမှတ်သားပြီးစီးကာမှ ခွင့်ပြုချက်တောင်းခံရသည့်အပြင် ယင်းအချိန်ကျမှ ငြင်းဆိုခြင်းခံရသည့်အတွက်လှောင်ပြုံးလားမဝေခွဲတတ်။ လောလောဆယ်မှာတော့ ရှင်နည်းရာအဂ္ဂလူထွက်သွားပြီ။ တနည်း ကျွန်တော်တို့ မျောက်သစ်ကိုင်းလွတ်ဖြစ်ကြပြီ။ ဘာဆက်လုပ်ကြမည်နည်း၊ ဘယ်သူ့ထံပြန်ကြမည်နည်း။ ဦးအောင်ကျော်သာထံလား၊ လျှပ်စက် ဗိုလ်မှူးထံလား၊ စီမံဗိုလ်မှူးထံလား၊​ ယုတ်စွအဆုံး မိန်းမလှကျွန်းသူနှစ်ဦးထံသို့လား။ 

တကယ်တန်းကျွန်တော်တို့ထွက်လာဖြစ်သည်မှာ ဆရာဦးကြည်ရှိရာကျောင်းတော်ကြီးဆီသို့။ ကျန်မည်သူ့ထံမျှထိုနေ့မှစကာ မရောက်ရှိမဆက်သွယ်ဖြစ်ခဲ့တော့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါ၏။ မူလရည်ရွယ်ချက် မင်္ဂလာဒုံသို့ အမှတ် ၉ ဘတ်ကားဖြင့်သွားကြမည့် အစား အမှတ် ၈ ကားစီးလျက်ကျောင်းဘက်သို့ထွက်လာခဲ့ကြသည်။ ကားပေါ်မှာငေးမောလိုက်ပါရင်း ငယ်သူငယ်ချင်းတစ်ဦးပြောနေကျ စကားတစ်ခွန်းကိုကြားယောင်လာမိ၏။ မင်းသိလား၊ လောကကြီးက သိပ်ရီ​ (ရယ်) ဖို့ကောင်းတယ်ကွ ဆိုကာခြောက်ကပ်ကပ်ရယ်မောနေတတ်သော သူ့အသွင်ကိုလည်းမြင်ယောင်မိသည်။ ထိုစဉ်က သူနှင့်အတူလိုက်ပါရယ်မောရင်း လောကကြီးက ရီဖို့ကောင်းတာလား မင်ကရီဖို့ကောင်းတာလားကွာ ဟု ကျီစယ်ခဲ့ဖူးသည်ကိုလည်းအမှတ်ရသည်။ ယခုကျွန်တော်မရယ်ဖြစ်ပါ။ သို့သော် ထိုနေ့အဖို့ ဒုတိယမ္ပိအပြုံးကိုတော့ ကားပေါ်မှာ တကိုယ်တည်းပြုံးဖြစ်ခဲ့ပါ၏။


[၈]


ကျွန်တော်တို့ရှင်းပြသည်ကိုသေချာစွာနားထောင်ပြီးနောက် ခွင့်မပြုဘူးဆိုတော့လည်းဘာတတ်နိုင်မှာလဲဗျာဟု ဆရာဦးကြည်က ဆိုသည်။ ကျွန်တော်တို့မျက်နှာများပေါ်မှာဖုံးကွယ်မရနိုင်လောက်သော စိုးရိမ်ပူပန်မှုတွေကိုလည်း သတိပြုမိပုံရ၏။ မိမိတို့ကြောင့်ရော ကံကြမ္မာကြောင့်ပါ အချိန်များစွာဆုံးရှုံးခဲ့ရပြီ။ ခေတ္တမျှစဉ်းစားပြီးနောက်ဆရာက ကျွန်တော့်မှာခေါင်းစဉ်တစ်ခုရှိတယ် အသေးစိတ်တော့မစီစဉ်ရသေးဘူး၊ ခင်ဗျားတို့မှာတခြားအစီအစဉ်မရှိရင်ဒါဘဲလုပ်ပေတော့ ဟုဆိုသည်။ ကျွန်တော်တို့မှာ တခြားအစီအစဉ်မရှိသည်ကသေချာသည်။ ထို့ကြောင့် ခေါင်းစဉ်ကဘာလဲဆရာဟု အားတက်သရောမေးဖြစ်လေသည်။ ဆရာသည်သူ့အံဆွဲကိုဖွင့်ကာရှာဖွေပြီးနောက် လက်နှိပ်စက်မူစာတမ်းတစ်စောင် ကျွန်တော်တို့ကိုပေးသည်။ စာတမ်းခေါင်းစဉ်အား စိတ်ဖြင့်ဖတ်လိုက်မိချိန်မှာပင် ဆရာ့နှုတ်မှအဖြေကိုလည်းကြားရ၏။


“Space Flight”


ခရင်းဖီးတက္ကသိုလ်ဆင်းဆရာ့ထံမှ အဆိုပါခေါင်းစဉ်သည်အထူးအဆန်းမဟုတ်သော်လည်း ကိုယ်မထိတွေ့ဖူးသောဘာသာရပ်မို့ကျွန်တော်တို့တွေဝေနေပြန်၏။ ထိုအဖြစ်ကို ဆရာကလည်းရိပ်မိပုံရသည်။ ရတဲ့အချိန်နဲ့မျှအောင် အတွက်အချက်သိပ်မပါတဲ့ ပဏာမလေ့လာရေးပုံစံဘဲလုပ်ပါ၊ စာတော့များများဖတ်ရလိမ့်မယ်ဟုပြောသည်။ သို့နှင့် အာကာသပျံသန်းရေးဟုအမည်ရသော ခေါင်းစဉ်သစ်ဖြင့် ကျွန်တော်တို့နှစ်ဦး ဝေဟင်မှာလေယာဉ်စီး ယီးလေးလေ့ခိုခဲ့ကြပါသတည်း။ တိုက်ဆိုင်စွာအမှတ်ရလာသော သီချင်းစာသားတရပ်ကို ဖော်ပြခြင်းသာဖြစ်ပြီး (သီးဆစ်အတွက်) မည်သည့်လေယာဉ်ကိုမှ ကျွန်တော်တို့မစီးခဲ့ကြရပါ။ သို့သော် မိမိတို့နှင့်အစိမ်းသက်သက် ဖြစ်သည့်ဘာသာရပ်မို့ စာများများဖတ်ရမည်ဆိုသော ဆရာ့မှတ်ချက်အတိုင်း ကျောင်းစာကြည့်တိုက်အပြင် တက္ကသိုလ်စာကြည့်တိုက် အမျိုးသားစာကြည့်တိုက် အမေရိကန်သံရုံးစာကြည့်တိုက် တို့သာမက ပလက်ဖောင်းစာကြည့်တိုက်များပင် မချွင်းချန်ဘဲ လွန်းပျံသလိုသွားလာလှုပ်ရှားခဲ့ကြရပါ၏။

နောက်ဆုံးမှာတော့အဆိုပါခေါင်းစဉ်ဖြင့် ပြုစုအပ်သောကျမ်း (သီးဆစ်) ကို သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ခဲ့ကြပါသည်။ နှုတ်မေးစစ်ဆေးခြင်းကိုပါ ကျေနပ်အောင်ဖြေဆိုပြီးကြသည့်သကာလ စက်မှုအင်ဂျင်နီယာဘွဲ့ အပ်နှင်းခြင်းကိုလည်း ခံယူနိုင်ခဲ့ကြပါ၏။ ယခုစာရေးချိန်မှာ ဘွဲ့ရသည်သ့က်တန်း ၄၇ နှစ် တင်းတင်းပြည့်ပါပြီ။ ဘွဲ့ယူကျမ်းကို အအေးပေးစံနစ်ဖြင့်အစပြုကာ အာကာသခရီးစဉ်ဖြင့် အပြီးသတ်တင်သွင်းအောင်မြင်ခဲ့သော ကျွန်တော်သည် ထိုနှစ်ခုစလုံးနှင့်မသက်ဆိုင်သည့် အင်ဂျင်နီယာဘာသာရပ်တမျိုးအားဖြင့်အသက်မွေးခဲ့သည်။ အချိန်တန်၍ လုပ်ငန်းခွင်မှအနားယူပြီးသည့်နောက် ကြံစည်တွေးတောလုပ်ကိုင်သမျှတို့သည်လည်း အင်ဂျင်နီယာဘာသာရပ်နှင့်မပတ်သက်သလိုရှိ၏။ သူငယ်ချင်းပညာရှိစကားကိုးကားကာ လောကကြီးကရယ်ဖို့ကောင်းသည်လား၊ သူငယ်ချင်းကပဲရယ်ဖို့ကောင်းသည်လား၊ ကျွန်တော်ကပဲ ရယ်ဖို့ကောင်းနေသည်လား၊ တွေးရခက်လှပါဘိ။ သီးဆစ်ပုံပြင်သည်လည်း ဤတွင်နိဋ္ဌိတံပါပြီ။


[ဝန်ခံချက်။  အထိမ်းအမှတ်မဂ္ဂဇင်းတစ်စောင်သို့ပေးပို့ရန် ရေးသားခဲ့သောစာ။]