Monday, May 18, 2015

ကျွန်တော်နှင့်တိုက်ပုံ


ကျွန်တော်ရှစ်နှစ်သားအရွယ် ဒုတိယတန်းမှာ တိုက်ပုံအင်္ကျီဝတ်ဖူးသည်။ မြန်မာလူမျိုးယောင်္ကျားလေးတစ်ယောက် တိုက်ပုံဝတ်သည်မှာမဆန်းသော်ငြား ရှစ်နှစ်ဆိုသောအရွယ်ကတော့ နည်းနည်း ငယ်နေမည်လားမသိ။ မရှိဘူးတော့မဟုတ်။ ရှိတော့ရှိတယ်ရှားတယ် ဆိုသည်မျိုး။ စင်စစ် ကျွန်တော်ထိုအသက်အရွယ်မှာ တိုက်ပုံဝတ်ဖြစ်သည် ကလည်း ရှားရှားပါးပါး ဖြစ်စဉ်တရပ်ပင်။

ကမ္ဘာ့ကုလသမဂ္ဂနေ့အထိမ်းအမှတ် ကျောင်းတွင်း နှုတ်မှုရေးရာ ပြိုင်ပွဲပြုလုပ်ရာ အတန်းပိုင်ဆရာမကကျွန်တော့်ကို မူလတန်းပုံပြောပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်စေသည်။ အိမ်ကိုပြောပြသောအခါ ဖေဖေက တိုက်ပုံအင်္ကျီနှင့်မှ ကောင်းမည်ဆိုပြီး ဈေးမှာအသင့်ချုပ်ပြီးသား သွားရှာသော်လည်းမရခဲ့။ သည်ကိစ္စကြားသွားသောအဖွား (အမေ့အမေ) က သူ့မှာအဆင်သင့်ရှိသည့်ပင်နီစတစဖြင့် ဆွေမျိုးမကင်းသော အိမ်နီးချင်းအပ်ချုပ်ဆိုင်မှာ နေ့ချင်းပြီးချုပ်စေသည်။ ပုဆိုးကိုလည်းထိုနည်း၎င်း။ သို့နှင့် ပြိုင်ပွဲဝင်သောအခါ ကျွန်တော့်မှာ ပင်နီတိုက်ပုံလွန်းပျံပုဆိုးတို့ဖြင့်အချိုးကျကျဖြစ်သွားတော့၏။ ကျွန်တော်ပြိုင်ပွဲဝင်သည့် ပုံပြင်က ဒုတိယတန်းဖတ်စာထဲမှ ဗုဒ္ဓဝင်သုတ္တံဝတ္ထုတွေထဲကကောက်နှုတ်ထားခြင်းဖြစ်ကြောင်းနောင်ကြီးပြင်းလာသောအခါမှာသိခဲ့ရသည့် မင်းသားနှင့်တမာရွက်ပုံပြင်။ အမျက်စောင်မာန်ကြီး၍ ခက်ထန်ကြမ်းကြုတ်သော မင်းသား (ဘုရင့်သား) အား ပညာရှိရသေ့ကြီးကတမာပင်ငယ်တပင်မှ အရွက်ကိုဝါးကြည့်စေပြီး အပင်ငယ်စဉ်ကပင်ခါးသက်သော တမာရွက်ကိုလူတကာမနှစ်မြို့ကြ။ ထို့အတူ ငယ်ရွယ်စဉ်ကပင် အမျက်စောင်မာန်ကြီးသူတို့သည် လူအပေါင်း၏ကဲ့ရဲ့ပစ်ပယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ကြောင်းဆုံးမရာ မင်းသားအမြင်မှန်ရသွားသောပုံပြင်ဖြစ်၏။ (စကားချပ်။ သည်ဘက်ခေတ်တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့၏သားသမီးတွေမြေးတွေကို သည်လိုဆိုဆုံးမ၍ရပါစ။ ကျွန်တော်တော့မထင်။ ရသည်မရသည်ထား အချို့ဆိုဆုံးမခြင်းမရှိရုံမက အာဏာဖြင့်လိုက်၍ဖုံးအုပ်ကာကွယ်ပေးနေကြသည့်အဖြစ်တွေ သတင်းတွေမြင်ကြားရလေတိုင်း ထိုပုံပြင်ကို ကျွန်တော်အမှတ်ရသည်။ သည်ဘက်ခေတ် ကျောင်းသုံးစာအုပ်တွေမှာ ဘာကြောင့်သည်လိုပုံပြင်မျိုးတွေ နေရာမရကြတော့သည်ကိုလည်းနားမလည်နိူင်အောင်ဖြစ်ရသည်။)

ထိုနေ့ကပြိုင်ပွဲမှာ ကျွန်တော်ပထမရသည်။ ကျွန်တော်တော်တာထက်အတန်းပိုင်ဆရာမ၏ ရသမျှအချိန် တရက်အတွင်း အသေးစိတ်သင်ကြားလေ့ကျင့်ပေးမှုနှင့် ဆရာမသင်သည့်အတိုင်းကျွန်တော် အတိအကျလိုက်နာခဲ့မှုကြောင့်အနိူင်ရခြင်းဖြစ်မည်ထင်သည်။ ပြန်စဉ်းစားကြည့်တော့ ဆရာမ၏သင်ကြားမှုက အတော် အသေးစိတ်သည်။ ဥပမာ ဟိုး ရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးမင်းပြုခဲ့ပါသတဲ့ ဆိုသောစကားကိုတပိုဒ်ခြင်းလေယူလေသိမ်းအမူအယာလက်ဟန်ခြေဟန်ကအစသင်ပေးပြီး သူကျေနပ်သည်အထိ အထပ်ထပ်ပြန်ပြောခိုင်းသည်။ မင်းသားငယ်၏စရိုက်သဘာဝနှင့် ရသေ့ကြီး၏ပညာကြီးရင့်မှုတို့ကိုပေါ်လွင်စေမည့်လေသံနှင့်ဟန်ပန်အစရှိသည်ဖြင့် အတန်းရှေ့မှာ(လူအများရှေ့မှာ)လေ့ကျင့်ပေးခဲ့သောကြောင့် စင်မြင့်ပေါ်တွင် အမှားနည်းနည်းပြောနိူင်ခဲ့ခြင်းဖြစ်မည်။ အထူးသဖြင့်ပုံပြင်ဆုံးသောအခါ ‘ဒီပုံပြင်လေးကိုထောက်ရှုပြီးတော့ကျွန်တော်တို့အားလုံး ငယ်ရွယ်စဉ်ကစ၍ တမာလိုမခါးဘဲပျားသကာလိုချိုသောလူသားများဖြစ်အောင်ကြိုးစားနေထိုင်ကြပါစို့’ …စသည်ဖြင့် ဆရာမစိတ်တိုင်းကျ နိဂုံးစကားလေးများကြောင့်ဖြစ်မှာသေချာသည်။ ရှစ်နှစ်အရွယ် သူငယ်လေးတစ်ယောက် ပင်နီတိုက်ပုံနှင့်လူကြီးဂိုက်ဖမ်းထားတာလည်း အမှတ်ပေးသည့်အထဲ အနည်းအကျဉ်းပါကောင်းပါမည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တိုက်ပုံနှင့်ရင်းနှီးသွားပြီ။ ပြောရလျှင်ထိုတိုက်ပုံမှာ ကျွန်တော့်အတွက်လာခြင်းကောင်းခဲ့၏။ နောက်တနှစ် အတန်းလိုက်ပညာရည်ချွန် ဆုများပေးရာ ကျွန်တော်က တတိယတန်းမှာဒုတိယဆုရသည်။ ထိုတိုက်ပုံကိုပင်ဝတ်၍ကျွန်တော်ဆုတက်ယူခဲ့ လေသည်။

မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးတက္ကသိုလ်တက်သည်ထိ နောက်ထပ်ကျွန်တော် တိုက်ပုံမဝတ်ဖြစ်တော့။ ကျောင်း နှစ်ကြိမ်ပြောင်းခဲ့ရသောအလယ်တန်းနှင့်အထက်တန်းတွေမှာ မဖြစ်မနေတိုက်ပုံအင်္ကျီဝတ်ရမည့် အခန်းအနားမျိုး (ဥပမာ ဆုပေးပွဲ)မတက်ဖြစ်တော့။ တက်ခွင့်မရတော့ဟုဆိုလျှင်ပိုမှန်မည်။ ငယ်ငယ်ကကဲ့သို့ စင်တော်ကောက်မခံရတော့သလို ကိုယ့်ဘာသာကိုယ်စင်ပေါ်တက်ခွင့်ရှိသည့် ကျောင်းတွင်းလှုပ်ရှားမှုတွေမှာမပါဝင်ခဲ့။ ကျွန်တော့်မှာ တိုက်ပုံအင်္ကျီတထည်တလေရှိကောင်းရှိခဲ့မည်ဖြစ်သော်လည်း ဘယ်သို့ဘယ်ပုံ ကျွန်တော်မမှတ်မိတော့။ စိတ်လှုပ်ရှားစရာအဖြစ်အပျက် ငယ်ငယ်ကလိုမရှိခဲ့၍ဖြစ်နိူင်သည်။ စိတ်ဝင်စားမှု လျော့နည်းခဲ့ခြင်းကြောင့်လည်း ဖြစ်မည်။ စာပိုးကဗျာပိုးတွေဝင်လာကြပြီ။ တိုက်ပုံအင်္ကျီဝတ်ဖြစ်ခဲ့သည်ဆိုလျှင်လည်း ပိုသီဖတ်သီပဲဖြစ်လိမ့်မည်။ ထိုခေတ်က လူငယ် (ဆိုပါတော့) စာရူးပေရူးလေးတွေ ဆံပင်ဘုတ်သိုက်တိုက်ပုံအင်္ကျီပိုသီဖတ်သည်ဖြင့် ညနေခင်းတွေမှာလ္ဘက်ရည်ဆိုင်ထိုင်ရင်းငြင်းကြခုံကြသည်မှာ စတိုင်တမျိုးလိုဖြစ်နေ၏။ လမ်းဘေးဘီယာဥယျာဉ်တွေမပေါ်သေး။ တမျိုးတော့ကံကောင်းသည်ဆိုရမည်လားမသိ။ သို့နှင့်ဆယ်တန်းအောင်သောအခါ တက္ကသိုလ်တက်ရန်စိတ်ကူးဖြင့် မြူးသည့်အချိန်သို့ ရောက်တော့၏။

ဆယ်တန်းအောင်သည်မှတက္ကသိုလ်ဖွင့်သည်အထိသုံးလခန့်မှာ လွန်စွာစိတ်လှုပ်ရှားရသောကာလများ ဖြစ်ကြလေ၏။ တက္ကသိုလ်ကျောင်းသားဘဝကိုမှန်းဆ၍ပျော်ရွင်ရသည့်တိုင် မိမိလျှောက်ထားသော ကျောင်း သို့မဟုတ် ဘာသာရပ်ဝင်ခွင့်ရမှရပါ့မည်လားဟုရင်တမမဖြစ်ရသေးသည်။ ပြီးခဲ့သောနှစ်က ဝင်ခွင့်အမှတ်များကိုကြည့်၍ လျှောက်ထားကြခြင်းဖြစ်သောကြောင့်များသာအားဖြင့် ဝင်ခွင့်ရကြသော်လည်း သေချာပေါက်တွက်၍မရ။ အထည (အထက်တန်းပညာဦးစီးဌာန) မှ တရားဝင်ကြေငြာမှကိုယ်တကယ်တက်ခွင့်ရသည့်ကျောင်းကိုသိရသလို ထိုအချိန်မှာကျောင်းဖွင့်ရက်ကနီးကပ်နေပြီ။ ထိုအခါမှ အပြီးသတ်ပြင်ဆင်မှုတွေလုပ်ရ၏။ တတ်နိူင်သလောက် စိတ်ကူးယဉ်ကာအစွမ်းကုန်ပြင်ဆင်ကြသည့်အချိန်ဖြစ်မည်ထင်သည်။ ငွေကြေးချို့တဲ့သောကျွန်တော်တို့လိုအသိုင်းအဝိုင်းမျိုးတွင် ရေရှည်အတွက်အထိုက်အလျောက် ပူပန်ရသည့်တိုင် အပျော်နှင့်ဂုဏ်ယူမှုတွေကအလေးသာကြသည်။ စင်စစ် ထိုခေတ်ထိုအသိုင်းအဝိုင်း မိသားစုတစုတွင် တက္ကသိုလ်ပညာသင်ခွင့်ရသူတဦးရှိလျှင် အာဂ။ ဆရာဝန်အင်ဂျင်နီယာ ကျောင်းသားမျိုးဆိုလျှင် တိုင်းထက်အလွန်ဖြစ်ဆဲ။ ဦးဖိုးကျား၏ အခမဲ့ကူလီထမ်းခြင်းအကျိုးဝတ္ထုထဲက ကောလိပ်ကျောင်းသား မောင်သောင်း၏ အမေ နှမတွေလောက်မဟုတ်သည့်တိုင် မိသားစုအတွင်းမှတက္ကသိုလ်တက်မည့်သူကို မောင်ရင်လောင်းလို ကွမ်းတောင်ကိုင်လို ဦးစားပေးကြစမြဲ။ အဝတ်အထည်စာအုပ်စာရေးကရိယာမှစ အသုံးစရိတ်မုန့်ဘိုးအထိ။

သာမန်အားဖြင့် အဝတ်အစားချေးများလေ့မရှိသလို များများစားစားလည်းမရှိသော ကျွန်တော့်အတွက် တက္ကသိုလ်တက်ရန် အဝတ်သစ်အစားသစ်လိုအပ်လာပြီ။ ပြီးတော့တိုက်ပုံ။ တက္ကသိုလ်ကျောင်းသားအဖြစ် တိုက်ပုံကောင်းကောင်းလေး တထည်တလေတော့ရှိသင့်သည်မို့ စက်ချုပ်ဆိုင်မှာတစ်ပါတည်းအပ်ဖြစ်လေ၏ စကားစပ်မိ၍ပြောရလျှင် တက္ကသိုလ်မှာအမျိုးသားဝတ်စုံကိုတိုက်ပုံနှင့်မှ အနောက်တိုင်းဝတ်စုံကို လည်စည်းနှင့်မှ လက္ခံသောစည်းကမ်းရှိသည်ဟု အတည်ပေါက်ပြောသံကြားခဲ့ရဖူးသလို အနောက်တိုင်းဝတ်စုံကို လည်စီးနှင့်တကွဝတ်ပြီးကျောင်းတက်သူအချို့ကိုလည်း ကျွန်တော်တို့ခေတ်မှာ မြင်ခဲ့ရဖူးသည်။ ကျွန်တော်ကတော့ လေဟာပြင်မှောင်ခိုဈေးတန်းမှာအင်္ကျီအတွက်ဖေါ့ရှန်အဖြူနှင့် တိုက်ပုံအတွက် တက်ထရက်မီးခိုးရင့်ရောင်ဝယ်ပြီးရပ်ကွက်ထဲမှရင်းနှီးသောဆိုင်မှာချုပ်ခဲ့ခြင်းဖြစ်ကြောင်းမှတ်မိနေသည်။  ရှပ်အင်္ကျီလည်ကတုံးကို ငယ်ငယ်ကကျွန်တော့်ဖခင်ဝတ်လေ့ဝတ်ထရှိသည်ကိုမြင်ဘူးထားသည့်အတိုင်း ကြယ်သီးပေါက်နှင့် ခေါက်လက်နှင့်ဆိုင်ကိုအတော်ရှင်းပြချုပ်ထားပြီးကာမှ ကြယ်သီးရှာရခက်သည်နှင့်ကြုံရသေးသည်။ ကံအား လျော်စွာအနော်ရထာလမ်းလမ်းဘေးဈေးဆိုင်တဆိုင်တွင် နှစ်မျိုးစလုံး(ရှေ့နှင့်လက်ကြယ်သီးစုံ)ဝယ်ရခဲ့သဖြင့် ချုပ်ထားသောအင်္ကျီတွေမပစ်လိုက်ရသည်မှာလည်းအမှတ်တရဖြစ်လေသည်။

သို့နှင့် ‘တခုသောနံက်ခင်း၌ ရှပ်အင်္ကျီလည်ကတုံးအဖြူ မီးခိုးရင့်ရောင်တိုက်ပုံနှင့် ကချင်လုံချည်အနက်ကွက် တို့ကို အကျအနဝတ်ဆင်ထားသော လူငယ်တဦးသည် စမ်ချောင်းရပ်မကြီးကြီးလမ်းမှထွက်ကာ ပြည်လမ်းမကြီးကိုဖြတ်ကူးပြီးနောက် တဘက်စင်္ကြန်ရှိမဟာမြိုင်ဘတ်စကားမှတ်တိုင်ဆီသို့ဦးတည်၍လျှောက်လာ သည်ကိုတွေ့မြင်နိူင်ကြပေသည်။’ ဟု ရှေးရှေးဆရာကြီးများရေးခဲ့ဖူးသလိုရေး၍ရနိုင်သည့် ကျွန်တော့်တက္ကသိုလ်ပထမနေ့သို့ရောက်လေတော့၏။ ‘ရေညှိရောင်အင်းလေးလွယ်အိပ်လွယ်ထားသောထိုလူငယ်သည် ကျောင်းသားတဦးဖြစ်ပုံရသော်လည်း ဆံတန်းဘိနပ်အသစ်ကျပ်ချွတ်ကလည်း အသားမသေဟန်မရ ခွကျကျ ရှိလေရကား ခမျာမှာတောသူကြီးသားမြို့ဘုရားဖူးလာသည်နှင့် အပုံကြီးပို၍တူလှပေသည်’ ဟု ဆက်ရေးလျှင်ဖြစ်နိူင်မည်။ အကြောင်းမှာ ဆယ်တန်းမှစ၍တက္ကသိုလ်တတိယနှစ်တိုင်အောင် ကျွန်တော်ဆံရှည်ဂုတ်ဝဲ လမ်းသရဲပုံစံပေါက်နေခဲ့သောကြောင့်ဖြစ်၏။ လမ်းသရဲပုံစံဖမ်းသည်ဟုဆိုလျှင်ပိုမှန်မည်လားမသိ။ ထိုခေတ်က ယောက်ကျားလေးဆံပင်နည်းနည်းရှည်လျှင်လမ်းသရဲ (ဆိုးသွမ်းလူငယ်)ဟု သမုတ်ကြသည်ကိုသဘောမတူနိူင်သော ကျွန်တော်တို့လို ခပ်ရွဲ့ရွဲ့ခပ်စောင်းစောင်း လူငယ်အချို့ဆံရှည်ထားကြသည် (တချို့လည်း ကြည့်ကောင်းသည်ထင်၍ ထားခြင်းဖြစ်နိူင်သည်)။ ခေတ်ကလည်း ဟစ်ပီ (Hippy) ခေတ်ပေကိုး။ ဆံပင်ရှည်ရှည်ထားတဲ့ မောင့်ဘဝကိုခင်တွယ် တော်တန်ရုံမိန်းခလေးမစဉ်းစားပါတယ်ဆိုသော စတီရီယိုသီချင်းမျိုး ထွက်ပေါ်ခဲ့ဘူးသလို ဆံပင်ရှည်ထားတိုင်းလမ်းသရဲမဟုတ်ပါဟု တုံ့ပြန်ပြောဆိုသက်သေပြလိုသူတွေရှိခဲ့သည်။ သုံးနှစ်သုံးမိုး ဆံရှည်ကြီးနှင့်ကျောင်းတက်ခဲ့သည်မှာလည်းထိုသဘောပင်ဖြစ်ချေ၏။ မလိမ်မိုးမလိမ္မာ အတ္တ၏ပြယုဂ်တစ်ခုဟု ယ္ခုတော့သဘောပေါက်မိသလိုရှိလေသည်။

မဟာမြိုင်မှတ်တိုင်မှ အမှတ်(၈) ဘတ်စ (လင်းစဒေါင်း-အင်းစိန်) စီး၍ ကြို့ကုန်း ဘီပီအိုင်မှတ်တိုင်တွင် ဆင်းလျှင် ကျောင်းသို့ရောက်ပြီ။ ကားစီးချိန် နာရီဝက်မှမိနစ်လေးဆယ်။ ယာဉ်စီးခ (၂၀) ပြား (ဆူးလေ-အင်းစိန် အမြန်ဘတ်စကားဆိုလျှင် ဟံသာဝတီ-ဘီပီအိုင်(၃၀)ပြား)။ ကျောင်းတက်ကျောင်းဆင်းချိန်တွေမှာ ကားကျပ်တတ်သော်လည်းသာမန်အားဖြင့်အဆင်ပြေပြေသွားလာ၍ရသည်။ တိုက်ပုံအင်္ကျီအသားကျဝတ် ဘတ်စကားအိန္ဒြေရရစီးကာကျောင်းသွားကျောင်းပြန်ဟန်ကြီးနိူင်ခဲ့သောထိုကာလမှာ မုန်တိုင်းကြိုကာလ၏တည်ငြိမ်ခြင်းမျိုးဖြစ်လင့်ကစား ကျွန်တော့်အတွက်အရာရာသည်မိန်းမောဘွယ်ရာ။ (စကားချပ်။ ဟာဝေယံရှပ် ခေါင်းလောင်းဘောင်းဘီခွာမြင့်ရှူးဘိနပ်တို့ဖြင့်စတိုင်ထွားသူတွေလည်းရှိကြ၏။ သို့ရာတွင် ထိုလူတန်းစားအများစုကဘတ်စကားမစီးချေ)။ သေချာပြန်စဉ်းစားတော့ ကျွန်တော်ယစ်မူး(လို)သောတက္ကသိုလ် တနည်း စိတ်ကူးထဲကတက္ကသိုလ်မှာ ကျွန်တော်တို့ရှေ့ကစံပြတက္ကသိုလ်တွေမို့ ပြောရလျှင်ပစ္စက္ခနှင့် အတန်ပင်ကွာဟနေပြီ။ သိုရာတွင်ကျွန်တော်ကစွဲမိစွဲရာစွဲတုံး ထင်ရာမြင်ရာပြောတုံး။ ထို့ကြောင့်ပင် ရှိစုမဲ့စုအပေါင်းအသင်းကြားမှာ ကျွန်တော်ကဖက်ရှင်ဟောင်းကြီး (Old-fashioned) ပမာ ရယ်စရာဖြစ်နေတတ်သည်ကိုလည်း အမှတ်ရမိသည်။ ကျောင်းသားဘဝတွင် ‘ထီးကောက်ကြီး’ ဟူသောအမည်ပြောင်ရသည်အထိ တိုက်ပုံအင်္ကျီ ထီးကောက်တကားကားနှင့်သွားလာနေထိုင်ဘူးခဲ့သောကျွန်တော် လုပ်ငန်းခွင်မှာထိုအတိုင်း စခန်းသွားမိသဖြင့် အထက်အရာရှိဖြစ်သူ မှ ‘နွားပွဲစားအင်ဂျင်နီယာ’ ဟု နောက်ကွယ်တွင်ထောမနာပြုခံရသည်လည်း ရှိခဲ့သည်။ ကျွန်တော်ကတော့ ရှင်သာရိပုတ္တရာကြီးပင်ကိလေသာကိုဝါသနာနှင့်တကွ မပယ်နိူင်ဆိုသော ကြားဘူးနားဝ စကားဖြင့် နူတ်လှံထိုးကာ ရေစွယ်တိုးသည့်အခြမ်းကကမ်းနားသစ်ပင်ဘဝကိုခံယူခဲ့သည်သာဖြစ်၏။

ထိုကမ်းနားသစ်ပင် ရေစီးကြောင့်ပြိုလဲကာမျောရပြန်တော့ ဦးစွာတင်သည့်ကမ်းကပြည်ပမှာ။ ထိုမှ ပြည်တော်ပြန် နွားပွဲစားအင်ဂျင်နီယာဘဝပြန်လည်ခံယူဘို့ ကျွန်တော်ပြန်လာသည်။ တစ်ရက် လုပ်ငန်းတခုအတွက် ညှိနှိုင်းရန်အလို့ငှါဌာနတခုသို့ကျွန်တော်သွားရ၏။ ရုံးကိစ္စဖြစ်သည့်ပြင် ဌာနကြီးမှူးကိုယ်တိုင် တက်ရောက်နိူင်သည်ဆိုသဖြင့် သင့်တင့်လျောက်ပတ်စွာ (ကျွန်တော့်အထင်) ဝတ်စားသွားသည်။ ရုံးသို့ရောက်ရှိ သတင်းပို့သောအခါ စာရေးဖြစ်သူကကျွန်တော့်အားခပ်စိမ်းစိမ်းကြည့်နေသည်ကိုသတိထားမိ၏။ နောက် အစည်းဝေးခန်းထဲမှာ အရင်ရောက်နှင့်နေသော ရင်းနှီးသူအရာရှိကြီးတဦးက ကျွန်တော့်ကို ‘ပင်နီတိုက်ပုံကြီးနဲ့ပါလားဗျ’ ဟု ရယ်ရွှန်းပတ်ရွန်းနှုတ်ဆက်သောအခါ ကျန်လူများ၏အဓိပ္ပါယ်အားဖြင့် မထင်ရှားသော အကြည့်တမျိုး ကျွန်တော့အပေါ်ဝေ့ဝဲလာကြပြန်ကုန်သည်။ ထိုအခါမှ ကျွန်တော်မှအပဖိတ်ကြားခံရသူပြင်ပစီးပွားရေးသမားအားလုံးမှာ ပေါ့ပေါ့ပါးပါးအဝတ်အစား (Casual Dress) တွေနှင့်သာဖြစ်သည်ကိုသတိပြုမိ၏။ တိုက်ပုံအင်္ကျီဝတ်ဆို၍အိမ်ရှင်အရာရှိကြီးများနှင့်ကျွန်တော်သာဖြစ်ကြကာ ယင်းတို့အနက် ကျွန်တော်တစ်ဦးသာ ပင်နီတိုက်ပုံနှင့်ဖြစ်လေသည်။ကံအားလျှော်စွာ ထိုလုပ်ငန်းညှိနိူင်းပွဲမျိုး ထိုတကြိမ်သာတက်ခဲ့ရသည်။ ဆရာစောကတော်ကြက်သားဟင်းမချက်တတ်၍မဟုတ် ကြက်သားဖိုးမတတ်နိူင်၍ဖြစ်သည် ဆိုသည်မျိုး ကျွန်တော်လုပ်ငန်းမလိုချင်၍မဟုတ်လုပ်ငန်း(ရှင်တွေ) ကကျွန်တော့်ကိုလိုချင်ပုံမရခြင်းကြောင့်ဖြစ်သည်။ သို့နှင့် ဒုတိယအကြိမ် ပြည်ပသို့ကျွန်တော်ထွက်ဖြစ်ခဲ့ပြန်၏။ မျောပေဦးတော့ မောင်ဗေဒါရေ။

သည်တခါပြည်တော်ပြန်လာတော့ တိုက်ပုံကိုကျွန်တော်မေ့မေ့ပျောက်ပျောက်ဖြစ်နေသည်။ အကြောင်း မညီညွတ်စွာ လူတောထဲဘောင်းဘီအဝတ်ကြာခဲ့သောကြောင့်ဖြစ်မည်။ မလိုအပ်တော့ (လူတောသူတောသိပ်မတိုးဖြစ်တော့) ခြင်းသည်လည်းတကြောင်းပါမည်။ လမ်းသွားလျှင် တိုက်ပုံအင်္ကျီလေးပါမှအထာကျသလို ဖြစ်ခဲ့သည့် ငယ်မူငယ်တွေးလေးတွေလွင့်ပြယ်ကြ၍လည်းဖြစ်နိူင်သည်။ နင့်ဟယ်ဒီအသက်ဒီအရွယ်လေးနဲ့ တိုက်ပုံကြီးတကားတကား လူကြီးပုံဖမ်းဖမ်းမနေစမ်းပါနဲ့ဆိုသော ဆွေမျိုးရင်းချာအမကြီးအဒေါ်ကြီးများ ခုနေမြင်လျှင် ဘာပြောကြမည်မသိ။ လူကြီး(လူအို)ပုံကဖမ်းစရာမလိုဖုံး၍ဖိ၍ပင်မရတော့ပြီလေ။ သည်ကြားထဲ တိုက်ပုံအင်္ကျီကို ချိတ်လုံချည်အဆင်ဆန်းတွေနှင့် တောက်ပစွာဝတ်ဆင်တတ်ကြသော မျက်နှာပြောင်ပြောင် လူတန်းစားတရပ်ကိုမြင်ပြီးစိတ်မထားတတ်ရာမှအဘိဇ္ဈာတွေပွားမိကာတိုက်ပုံနှင့်ကျွန်တော် အလှမ်းဝေးသွားသလိုခံစားရသေးသည်။ ထိုမှစွတ်ကျယ်လက်ပြတ် ပုဆိုးခါးပုံကျကွမ်းသွေးတပျစ်ပျစ်နှင့် အော်ကြီး ဟစ်ကျယ် ကိုရွှေစပယ်ယာတွေကိုမြင်ပြန်သောအခါ တိုက်ပုံအင်္ကျီဒိုဘီကျနှင့်ဟန်ပါပါစီးခဲ့ခြေခြေငံငံဆက်ဆံခံခဲ့ရဖူးသောတက္ကသိုလ်ကျောင်းသားဘဝက ဘတ်စကားတွေ စပယ်ယာ(လက်မှတ်ရောင်း)တွေကို (တိုက်ပုံနှင့်အတူ)လွမ်းမိသလိုလိုဖြစ်ရပြန်လေသည်။ သောင်စဉ်ရေမရတွေ ခိုင်းနှိုင်းပြောဆိုနေသည်ဟု ထင်လိုထင်နာလိုသူတွေနာကြပါစေ ကျွန်တော့်အတွက်တော့ ထိုမြင်ကွင်းတွေထက်ပို၍ပီပြင်သောခေတ်သရုပ်မရှိပြီ။

မကြာမီ ကျွန်တော်နှင့်တိုက်ပုံရှောင်လွှဲမရနိူင်သည့်ကာလတခုသို့ ရောက်လာခဲ့လေသည်။ ရင်းနှီးသော သူငယ်ချင်းတဦး၏သမီးမင်္ဂလာဆောင်ကိုမသွားမဖြစ်ကျွန်တော်သွားရမည်။ ဒါမျိုးကျ လူကြီးစင်စစ်ဖြစ်ပါလျက် လူကြီးပုံမဖမ်းမဖြစ်တော့။ ဗမာလူမျိုးတဦးအတွက်ဟုတ်သော်ရှိမဟုတ်သော်ရှိ တိုက်ပုံလေးဝတ်လိုက်လျှင် လူကြီးဆန်သွားပြီ။ ခက်သည်က ကျွန်တော့်မှာတိုက်ပုံအလွယ်တိုက်ပုံအလွယ်မရှိ။ ရှိသမျှတိုက်ပုံတွေက အသိမ်းလွန်နေကြရာ ထို (အလွန်တရာ) အသိမ်းအဆည်းသန်သူမရှိဘဲ ကျွန်တော်မရှာနိူင်။ အဝတ်အစားဆိုတာ မင်းအတွက်မင်းဝတ်တာမဟုတ်ဘူး သူများအတွက်မင်းဝတ်တာကွမှတ်ထားဟု ဝန်ထမ်းဘဝတုံးက ကျွန်တော် ပိုသီဖတ်သီနိူင်ပုံကိုကြည့်ကာ အားမလိုအားမရဆိုဆုံးမခဲ့ဖူးသော ဌာနမှူး၏စကားကို ယ္ခုမှနားလည်သလိုဖြစ်ကာတိုက်ပုံမပါဘဲသွားရမှာကိုလည်း ကျွန်တော်ဝန်လေးနေလေသည်။ ပြည်ပမှရောက်ကာစမို့  ပြည်ပဒွါဒရာ ဘောင်းဘီလည်စီးကြောင်ရှာသီးတွေနှင့် သွားရအောင်လည်း ကျွန်တော်အလေ့မထုံ အသားမကျ။ ကံအားလျှော်စွာ ပင်နီတိုက်ပုံခေါက်ရိုးကျတစ်ထည် ဘီရိုထဲမှာရှာတွေ့သဖြင့်ဘာဘာညာညာ မတွေးအားဘဲဝတ်စားကာ မင်္ဂလာပွဲသို့ရောက်ဖြစ်တော့၏။ ထိုတိုက်ပုံမှာတစ်ချိန်သောအခါက ဌာနဆိုင်ရာတစ်ခုသို့အလုပ်ကိစ္စအလို့ငှါအသွားတွင်ဝတ်ဆင်ခဲ့ဘူးပြီး အောင်မြင်စွာဆုတ်ခွာခဲ့ရဘူးသော တိုက်ပုံမှန်းသိသော်လည်း အပြောင်းအလဲခေတ်ခေါင်းထဲအသစ်တွေရောက်လောက်ပြီမို့ ပြာအလဲ့ဇာချဲ့မနေချင်တော့။

မင်္ဂလာဆောင်မှာကျောင်းနေဘက်သူငယ်ချင်းတွေပြန်ဆုံကြသဖြင့်ဟိုတုံးလိုရယ်မောပြောဆိုပျော်ရွှင်ကြရာ တယောက်သောသူကမင်းနိူင်ငံရေးလုပ်ဖို့ပြန်လာတာလားဟု တိုက်ပုံအင်္ကျီစကိုအသာအယာဆွဲ၍ရယ်ကျဲကျဲဖြင့်မေး၏။ ဒီလိုပါပဲကွာဟုခပ်ကြောင်ကြောင်ဖြေလိုက်ပြီးမှ အဓိပ္ပါယ်ပေါက်သလိုရှိသော်လည်း ပြန်လှန်မေးခွန်းမထုတ်တော့ဘဲတခြားအကြောင်းတွေသာပြောဖြစ်ခဲ့ကြလေသည်။ ထိုမှ မင်္ဂလာဆောင်နောက်တခုတွင်ကျောင်းပြီးကတည်းကမတွေ့ဖြစ်ကြသော သူငယ်ချင်းနောက်တဦးနှင့်ဆုံပြန်ရာအားရဝမ်းသာနှုတ်ဆက်ရင်း အချိန်မရသဖြင့်ထပ်မံဆက်သွယ်ဖို့အချိန်းအချက်ပြုခဲ့ကြ၏။ နောက်တနေ့သူ့ထံဖုန်းဆက်ပြီး မာကြောင်းသာကြောင်း မိသားစုအကြောင်း သူ့အကြောင်းကိုယ့်အကြောင်းတွေ ပြောဖြစ်ဆိုဖြစ်ကြပြန်လေသည်။ တနေရာတွင်သူက ခုခင်ဗျား XXX မှာလားဟု မေးလာ၏။ ပြည်သူ့အသည်းကျော်နိူင်ငံရေးပါတီကြီးတခုတွင် ပါဝင်ပတ်သက်သူတဦးအဖြစ် အထင်ခံရနည်းသလားဟု သဘောပိုက်နိူင်လျှင်မဆိုးသောမေးခွန်းဖြစ်လေသည်။ စင်စစ် ကျွန်တော်ကိုယ်တိုင် ထိုပါတီကိုနှစ်လိုသူတဦးဖြစ်သဖြင့် မေးခွန်းအတွက်စိတ်မကွက်သည့်တိုင် ဟိုနေ့ကသူငယ်ချင်း၏နိူင်ငံရေးလုပ်ဘို့ပြန်လာတာလားဟူသောမေးခွန်းနှင့် ယ္ခုမေးခွန်းတို့ကိုဆက်စပ်မိသောကြောင့် အနည်းငယ်တူးဆွလိုစိတ်ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် သူငယ်ချင်း၏အမေးကို ဘယ်ပါတီမှမဝင်ရပါဘူးဗျာ ဒါထက်ခင်ဗျားကဘာပြုလို့မေးတာတုံးဟု ဖြေမေးမေးလိုက်ဖြစ်လေသည်။ သူ့အဖြေက‘ဘာရယ်ဟုတ်ပါဘူး ကျောင်းမှာကတည်းခင်ဗျားဒါမျိုးဝါသနာပါတတ်တယ်မို့လား။ ပြီးတော့လဲ အဲသည်နေ့ ခင်ဗျားက ပင်နီတိုက်ပုံကြီးနဲ့ဆိုတော့’။ စိတ်မောသွားသည့်ကြားမှ ကျွန်တော်သူ့ကိုလေပြေကလေးဖြင့် ပြန်ပြောလိုက်၏။ “ဒါမျိုးဝါသနာပါတာနဲ့ ဒီပါတီဝင်စရာမလိုပါဘူးဗျာ။ ပြီးတော့ ကျွန်တော်ပင်နီတိုက်ပုံဝတ်တာကလည်း ခင်ဗျားပြောတဲ့ XXX ဆိုတာကြီးမပေါ်ခင်ကတည်းကပါ”။

ကျွန်တော်သည် အဝတ်အစားနှင့်ပတ်သက်လျှင်ခြိုးခြံလေ့ရှိသူ(နမော်နမဲ့နိူင်သူ)ဖြစ်၏။ သာဓကတခု အနေဖြင့် ဟိုခေတ်ကဝန်ထမ်းတိုင်းတက်ခဲ့ကြရသောဖေါင်ကြီးသင်တန်းခေါ် ပြည်သူ့ရေးရာဝန်ထမ်းလောင်းသင်တန်းတက်ခဲ့စဉ်ကအဖြစ်ကိုပြော၍ရမည်ထင်သည်။ သင်တန်းဝတ်စုံတွေထုတ်ပေးသည့်အခါ အများစုက မတော်မတန်တွေမို့ ကိုယ့််အစီအစဉ်နှင့်ကိုယ်ပြုပြင်ပြီးမှဝတ်ဆင်ကြရ၏။ ကျွန်တော်ကမပြုပြင်ဘဲ  ပေးသည့်အတိုင်းသာဝတ်သည်တွင်ဘောင်းဘီမှာ ခါးတော်သော်လည်းတင်အဆမတန်ကြီးနေသဖြင့် အတော်ကြည့်ရ ဆိုးလေသည်။ တချို့ကသင်တန်းသူဝတ်စုံနှင့်မှားနေသည်ဟု ကျွန်တော့်ကိုစကြသည်။ ကျွန်တော်က ခွန်းတုံ့မပြန်။ သင်တန်းသူအားလုံးနီးပါးနှင့်သင်တန်းသားအချို့တို့ ကျောင်းမှပေးသည့်ဝတ်စုံကို ပြင်၍ပင်မဝတ်ဘဲ ကိုယ်ပိုင်ဝတ်စုံကို စိတ်တိုင်းကျချုပ်ပြီးသေသေသပ်သပ်ဝတ်စားနေကြချိန်မှာကျွန်တော်က ကျောင်းမှပေးသော ထိုဝတ်စုံမတော်တရော်ဖြင့်စစ်ရေးပြကွင်းမှာစာသင်ခန်းတွေမှာစာသူငယ်ကြားဠင်းတနားသလို တဆောင်တည်းနေသူ တပ်စုတစုတည်းအတူသွားအတူလာနေကြရသူတွေအကြား ထီးထီးကြီးဖြစ်နေခဲ့ဖူးသည်။ အဝတ်အစားနှင့်ပတ်သက်၍ နှစ်ပေါင်းသုံးဆယ်ကျော်ကအမှတ်တရတစ်ခု။

ယ္ခုအခိုက်အတန့်မှာတော့ (ပင်နီမဟုတ်သော) တိုက်ပုံတထည်အသစ်ချုပ်ရကောင်းမည်လားဟု ကျွန်တော် စဉ်းစားနေလေသည်။






 

Monday, April 20, 2015

ကျွန်တော်နှင့်မျက်ရည်


ကျွန်တော့်ကိုယ်ကျွန်တော် မျက်ရည်လွယ်သူတဦး အဖြစ်လက္ခံထားသည်။ ငယ်စဉ်ကထစ်ကနဲဆို မျက်ရည်ကျတတ်သဖြင့် အကိုကြီးကမင်းအခြောက် (မိန်းမရှာ)လားဟု မေးသည့်အခါမေး ရိုက်သည့်အခါ ရိုက်ခြင်းကိုခံရ၏။ ဟိုတုံးကယ္ခုလိုမိန်းမရှာ အခွင့် အရေးတွေဘာတွေမရှိသေးတော့ ထိုသို့အခေါ်ခံရလျှင်လူဖြစ်ရှုံးပြီမှတ်။ ရိုက်သည်ကိုနာခြင်းထက် မိန်းမရှာဟုအခေါ်ခံရမည်ကိုရှက်လွန်းသောကြောင့်  မျက်ရည်မကျအောင် ကြိုးစားသည့်ကြားထဲက အရေးဆိုဘယ်ကဘယ်လိုမျက်ရည်တွေရောက်လာမှန်းမသိ။ လူထူထူမှာ ဒါမျိုးဝမ်းနည်းခံပြင်းကြုံမည် စိုးသဖြင့် ရှောင်ရသည်မှာလည်းအမော။ ကလေးဘဝတုံးကကိစ္စသိပ်မရှိဆိုရသည့်တိုင် အလွယ်တကူ မျက်ရည်ကျသဖြင့် အစအနောက်ခံရသည်မှာသက်သာလှသည်တော့မဟုတ်။ မျက်ရည်နှင့်ပတ်သက်သည့် အမှတ်တရများလည်း ဘဝမှာအတော်အတန်တော့ ရှိခဲ့လေသည်။ ဟိုးငယ်စဉ် အကလေးဘဝမှသည် မနေ့တနေ့ကအထိ။

နှစ်တန်းလားသုံးတန်းလားမမှတ်မိတော့သော ကျောင်းတက်ရက်တစ်ရက် ကျောင်းတက်ခေါင်းလောင်းမထိုးမီကျွန်တော်တို့ကစားနေခဲ့ကြသည်။ ယောက်ကျားလေးများသဘောကျသောစစ်တိုက်တန်းဖြစ်၏။ ပါးစပ်သေနပ်တဒိုင်းဒိုင်းပစ် လက်ပစ်ဗုံးတွေတဝုံးဝုံးထုနေကြရင်း ဈာန်ဝင်သွားသူတစ်ယောက်က ပြောင်းဖူးရိုးကို လက်ပစ်ဗုံးပမာပစ်လိုက်သည်မှအစ ကျွန်တော်တို့တိုက်ပွဲမှာလည်း လေတိုက်ပွဲမှသည်ပြောင်းဖူးရိုးတိုက်ပွဲအသွင်သို့ရုပ်ခြည်းဆိုသလိုပြောင်းသွားလေတော့၏။ ပျော်ပျော်ပါးပါးပြောင်းဖူးရိုးရှာပြီး ကစားကြသည်မှာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့မြေကွက်လပ်ထဲသို့ ဘယ်လိုရောက်လာကြသည်မသိ၊ အရိုက်ကြမ်းသည်ဟု ကျော်ကြားသော ဒု ကျောင်းအုပ်ဆရာကြီး ရုံးခမ်းထဲမှခါးထောက်ကြည့်နေသည်ကိုလည်းမမြင်မိကြတော့။ သို့နှင့် ကျွန်တော်တို့အားလုံးရုံးခမ်းရောက် တန်းစီ၍အရိုက်ခံရသည်။ ကျွန်တော့် အလှည့်မှာ လက်လှည့်သင့်အောင်လက်ပိုက်၍ ဆရာနှင့်ဘေးတိုက်အနေအထားရပ်စဉ် မျက်ရည်တွေဒလဟောကျနေသည်ကိုမြင်သောဆရာကြီးက ‘မရိုက်ရသေးဘူးဘာလို့ငိုနေတာလဲ’ ဟု သူ့အသံသြောကြီးဖြင့်မေးရာ ကျွန်တော်ကပျာပျာသလဲ “သားသားငိုတာ မဟုတ်ပါဘူးဆရာကြီး၊ မျက်ရည်တွေက သူ့အလိုလိုကျလာတာပါ” ဟု ပြောခဲ့သည် (နောင်တွင် မျက်နှာကြောတင်း စကားတိုဘုကျဂွစာတယောက်အဖြစ် အသိုင်းအဝိုင်းအကြားလူသိများသော ကျွန်တော်ငယ်စဉ်ကစကားပြောလျှင် သားသား သားသားဟု ချိုသာစွာပြောဆိုသုံးနှုံးလေ့ရှိခဲ့၏။ ငယ်စဉ်အတူနေခဲ့ဘူးကြသောလူကြီးတွေနှင့်ကျွန်တော်လူလတ်ပိုင်းမှာပြန်ဆုံသည့်အခါတိုင်း ငယ်ငယ်ကသားသား သားသား နဲ့ စကားပြောတာမင်းလားဟုအမေးခံရလေ့ရှိသည်။ ဤကားစကားချပ်)။

ဆိုင်သည်မဆိုင်သည်အပထား ကျွန်တော်ထိုနေ့ကအရိုက်မခံရ။ ဆရာကြီးကသွားဟုကျွန်တော့်ကို ငေါက်ထုတ်ပြီး နောက်တယောက်ကိုရိုက်ဖို့ခေါ်သည်။ သူတို့အားလုံးတစ်ချက်စီအရိုက်ခံရကာ ကျွန်တော်တစ်ယောက်ထည်းလွတ်သွားသဖြင့် မကျေနပ်သူတွေရှိခဲ့ကြပြီး အဲဒါမျက်ရည်အရင်ကျလို့ ဂန်ဒူးမို့အရိုက်မခံရတာဟု နာအောင်ပြောသူပြောကြသော်လည်း ကျွန်တော့်ခြေသလုံးမှာသူတို့လိုအရှိုးမထင်သည်ကိုတော့ မကျေနပ်လည်း သူတို့ဘာမှမတတ်နိူင်။ အိမ်မှာတော့ မရိုက်ခင်မျက်ရည်ကြိုကျလျှင်မကြိုက်။ အထူးသဖြင့် အကိုကြီးက မျက်ရည်ကျလျှင်ပိုရိုက်သည်။ ငယ်ငယ်ရွယ်ရွယ်မှာ ဖခင်ဆုံးပြီး သည်အကိုကြီး၏အုပ်ချုပ်မှုဖြင့် ကြီးပြင်းရသည်ဆိုတော့ ကျွန်တော်မည်မျှပို၍အရိုက်ခံရမည်မှာ ဗေဒင်မေးစရာမလို။ သို့သော် လူပျိုပေါက်ဖြစ်လာသည့်အချိန်မှစ၍ ကျွန်တော်လည်းကိုယ့်မျက်ရည်ကိုယ်ထိမ်း အကိုကြီးကလည်းသူ့ဒေါသသူထိမ်းနိူင်ကြ၍လားမသိ သိပ်အရိုက်မခံရတော့သလို မှတ်မိသလောက်မျက်ရည်ကျရသည့်အဖြစ်လည်းမရှိခဲ့။ ဖြစ်မည့်ဖြစ်တော့ တက္ကသိုလ်ကျောင်းသားဘဝမှာမှဘာမဟုတ်တာလေးနှင့် မျက်ရည်ကျရသည်။ ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက် မှာဖြစ်၏။

ထိုစဉ်က ပြည်လုံးကျွတ်စာတတ်မြောက်ရေးလုပ်အားပေးစီမံကိန်းတွေရှိလေရာ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တခု၏ နွေရာသီစာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ကျွန်တော်တို့လုပ်အားပေးလိုက်ပါခဲ့သည်။ တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများပါဝင်သောအထူးရထားကြီးဖြင့် ရန်ကုန်သာစည်မှအောင်ပန်း ထိုမှ ကားများဖြင့် ရွာငံ ပင်းဒယ စသည့် ဒေသအသီးသီးသို့ ထွက်ခွာကြရာဖွင့်ပွဲအခမ်းအနားကျင်းပရာမြို့သို့ အရောက်တွင်ကြီးကြပ်သူဆရာများမှကျွန်တော်တို့အဖွဲ့ထဲမှတယောက်ကိုရန်ကုန်သို့ပြန်ပို့ရန် (Return to Unit) စီစဉ်ခဲ့ကြသည်။ စင်စစ် ပြန်ပို့ခံရမည့်သူမှာ ကျွန်တော်နှင့်တွဲဘက်။ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်၏။ စိတ်သဘောထားကောင်းသော်လည်း လူအမြင်ကပ်အောင်နေတတ်သူ သို့မဟုတ် လူအတော်များများကိုအမြင်ကပ်နေသူ။ ထိုအရာတွေမှာတူနေ၍လားတော့မသိ သူနှင့်ကျွန်တော်အတော်အတွဲညီပြီး (အထူး သဖြင့်သူ့အသံနက်ဖြင့်အော်ကြီးဟစ်ကျယ်နောက်ပြောင်မှုတွေကြောင့်) မြင်ပြင်းအကပ်ခံကြရသည်။ ယ္ခုလည်း တလမ်းလုံးရထားပေါ်ကားပေါ်မှာမြင်မြင်ကရာ အော်ဟစ်နောက်ပြောင်လာခဲ့ခြင်းကြောင့် ကျောင်းသားအရပ်သားအချို့တို့မှတိုင်ကြားခဲ့သည်ဆိုကာ အုပ်ချုပ်သူတွေကပြန်ပို့ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။  သူတို့ဖွင့်မပြောသော်လည်း အခြားအကြောင်းတစ်ခုရှိသေးသည်ဟု ကျွန်တော်ထင်သည်။ ယင်းမှာ ရထားပေါ်မှာတုန်းကမိန်းကလေးတစ်ဖွဲ့နှင့်ပယောပယီလုပ်နေသော ဆရာတစ်ဦးအား သူငယ်ချင်းကကြည့်မရဖြစ်ကာအော်ဟစ်ရာမှ ထိုဆရာနှင့်ကတောက်ကဆဖြစ်ခဲ့ကြခြင်းဖြစ်၏။ ခုတော့ ထိုကိစ္စမပါအခြားအကြောင်းပြချက်နှင့်သူ့ကို ပြန်ပို့လုပ်နေကြပြီ။

ကြိုတင်သတိပေးတားမြစ်ခဲ့ခြင်း ညှိနူင်းဖြေရှင်းခွင့်ပြုခြင်းမျိုးမရှိ (ခုပြန်စဉ်းစားတော့ ခြောက်ရုံလှန့်ရုံလုပ်တာမျိုးလည်းဖြစ်နိူင်သည်)။ တကယ်တန်းကျ ကျွန်တော့်သူငယ်ချင်းလည်း အတော်စိုးရိမ်သွားခဲ့သည်။ သူ့ဖခင်က စည်းကမ်းကြီးသောအဆင့်မြင့်တပ်မတော်အရာရှိကြီးတဦးဖြစ်ပြီး ဤကိစ္စသာနားပေါက်သွားလျှင် သူ့ကို ချမ်းသာပေးမည်မဟုတ် (အာဏာရှင်ခေတ်ချင်းအတူတူ ထိုခေတ်ကလူကြီးသားသမီးဆိုတိုင်း ကျောင်းမှာ အခွင့်ထူးခံမရသည့်သဓကတခုဖြစ်၏။ ကျွန်တော့်သူငယ်ချင်းဆိုလျှင် နောက်တနှစ်မှာစာမေးပွဲပင်ကျလိုက်သေးရာဘယ်သူမှဘာမှမတတ်နိူင်)။ ယ္ခုလည်း သူနှင့်ကျွန်တော်လုပ်အားပေးရန် တရွာတည်းကျသည်မို့ သူ့ပြန်ပို့လျှင်ကျွန်တော့်ကိုရောဘာလုပ်ကြမှာလဲ။ အားလုံးပျော်ရွင်နေကြချိန်မှာ ကျွန်တော်တို့ နှစ်ယောက် အခမ်းအနားကျင်းပရာကျောင်းနှင့် မလှမ်းမကမ်းရှိ စိန်ပန်းပြာပင်ကြီးအောက်မှာ ကြောင့်ကျစွာထိုင်နေဖြစ်ခဲ့ကြသည်။ ထိုအချိန် ကျွန်တော်တို့ဆီကိုနောက်သူငယ်ချင်းတစ်ယောက် သုတ်သီးသုတ်ပျာရောက်လာ၏။ သူငယ်ချင်းဆိုရသည့်တိုင် သူကကျွန်တော်တို့နှစ်ဦးစလုံးနှင့်ဆန့်ကျင်ဘက်။ အေးဆေးတည်ငြိမ်ပြီး လူချစ် လူခင်ပေါများသူဖြစ်၏။ အတူလာကြသည့်တိုင်သူနှင့်ကျွန်တော်တို့ကအဖွဲ့ချင်းမတူ။ ယ္ခုကျွန်တော်တို့သတင်းကိုကြားကြားခြင်း  စိတ်ပူစွာလိုက်လာခဲ့ခြင်းဖြစ်ပြီး ဆရာတွေနှင့်သင့်အောင်မနေရကောင်းလားဟု ဆူ(အပစ်တင်)သည်။ ဆူရင်းဆူရင်းသူမျက်ရည်ကျလာတော့ရာ ကာယကကံရှင်ကျွန်တော်တို့အဖို့ရာ ငိုချင်ရက်လက်တို့ဆိုသလိုဖြစ်လေတော့၏။

ကံအားလျော်စွာ ထိုအဖြစ်အပျက်မှာပျော်ရွှင်ဖွယ်နိဂုံးဖြင့်အဆုံးသတ်ခဲ့ရ၏။ သူငယ်ချင်း(နောက်ရောက်) က သူငယ်ချင်း(ဆိုးသူ)ကိုဆူ၍ဝသောအခါ အုပ်ချုပ်သူဆရာတွေထံသွား၍သူ့သူငယ်ချင်းကိုသူတာဝန်ယူပြီး သူ့အဖွဲ့နှင့်ခေါ်မည် ရန်ကုန်ပြန်မပို့ပါနှင့်ဟုပြောသည်။ လူရည်ချွန်နှစ်ထပ်ကွမ်းရဖူးသူလမ်းစဉ်လူငယ်ခေါင်းဆောင်တယောက်၏တာဝန်ယူမှုကိုအဘယ်ဆရာသည်လျစ်လျူပြုအံ့နည်း။ ၎င်းပြင် ဤသို့သောခရီးစဉ်ကိုကျောင်းသားတယောက်အာတီယူ (RTU) ဖြစ်ရခြင်းဖြင့်အကျည်းတန်စေရန် အဘယ်သူစိတ်အားထက်သန်ပါမည်နည်း (သူ့ဖခင်၏ရာထူးအရှိန်အဝါကိုထည့်သွင်းစဉ်းစားကောင်းလည်းစဉ်းစားခဲ့ပေမည်)။ သို့နှင့် ပြန်မပို့တော့ဘဲအဖွဲ့ချင်းလူလဲရုံသာလဲလိုက်ကြ၏။ ကျွန်တော်တို့လည်း ပျော်ရွှင်စွာခရီးဆက်ဖြစ်ခဲ့ကြလေသည်။ ယောက်ကျားသားသူငယ်ချင်းသုံးဦး တစ်ရပ်တစ်ကျေးကစိန်ပန်းပင်အောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် မျက်ရည်လည်ရွဲဖြစ်ခဲ့ကြရပုံမှာ လွမ်းမောဘွယ်မကောင်းလှသော်လည်း မေ့နိူင်စရာမရှိ။ လူမုန်းများဆုံးပုဂ္ဂိုလ်က ဌာနတခု၏အဆင့်မြင့်အရာရှိဘဝမှယ္ခုအငြိမ်းစားယူပြီ။ လူချစ်လူခင်ပေါများသူ(ကယ်တင်ရှင်)က ဌာနဆိုင်ရာတခု၏နှိပ်စက်ညှင်းပန်းမှုကိုမခံနိူင်သည့်အဆုံး ကြီးကောင်ကြီးမားမှ ကျွန်တော့်လို စင်္ကာပူလာပြီးအသက်ဆက်နေရှာသည်။ တလောကသူနှင့်တွေ့တော့ ထိုအကြောင်းစမြုံ့ပြန်ရင်း ‘အဲသည်တုံးကမင်းကဘာလို့ငိုရတာလဲ’ ဟု စလိုက်ရာ ရယ်ကျဲကျဲဖြင့် သူက ‘မင်းကရော ဘာလို့လိုက်ငိုရတာလဲ’ ဟု ပြန်မေးသည်။ အဖြေမရှိသောပုစ္ဆာတစ်ရပ်မှန်း နှစ်ယောက်စလုံးသိနေကြသလိုပင်။

ကျောင်းပြီး၍အလုပ်ဝင်ကာ ဘဝကိုရင်ဆိုင်ကြရတော့စိတ်ဓါတ်ကပိုမိုကြံခိုင်လာသည်လား။ ဒါမှမဟုတ် လောကဓံကိုမျက်ရည်ခံထိုးရာရောက်မည်စိုး၍လားမသိ မျက်ရည်ပိုခိုင်လာသလောက်ကိုယ်နှုတ်နှလုံးသုံးပါးတို့ပို၍ကြမ်းတမ်းလာကြသည်ကိုသတိပြုမိရလေသည်။ တွေ့ကြုံဖြတ်သန်းရသမျှမှာလည်း စိတ်နှလုံးအေးချမ်းစရာ တစ်နေ့တစ်ခြားနည်းပါးလာ၏။ သည်ကြားထဲ ဝှေ့တတ်သည့်နွားကိုရှောင်ပြန် ကန်တတ်သည့်နွားနှင့်တိုးဆိုသလို တပါတီအာဏာရှင်စံနစ်ကိုဖြုတ်ချလိုက်နိူင်ကာမှ အကြွင်းမဲ့စစ်အာဏာရှင်စံနစ်၏ လက်တွင်းသို့သက်ဆင်းကြရပြန်သည်။ ဗဟိုလ်ဦးစီးစံနစ်မှသည်စစ်ဘုရင်စံနစ်သို့နမူးဆူးတိုးပြောင်းခိုက် ပြည်ဘဏ္ဍာမင်းဟာမှတ် မင်းဘဏ္ဍာကိုယ်ဟာမှတ်နေကြသည့် မုသားညီညီအပလီဗိုလ်မင်းတွေနှင့် ပညာမဲ့အခြေခံလူတန်းစားအကြားက နိူင်ငံ့ဝန်ထမ်းဘဝမှာ အမှန်ပြောရလျှင် စက်ဆုပ်ဘွယ်အတိဖြစ်နေပြန်သည်။ သို့ရာတွင် လူမှုတာဝန်တွေလေးလံဖိစီးချိန်မို့ထိုဝန်ထမ်းဘဝကို စွန့်လွှတ်ဘို့ဆုံးဖြတ်ရခြင်းမှာလည်း လွယ်ကူလှသည်မဟုတ်။ ထိုအချိန်မှာပင်မိခင်ဆုံးသည်။ အကိုကြီးအိမ်တွင်မြေမချမီပြင်ဆင်ထားသော မိခင်၏ရုပ်အလောင်းကိုကြည့်ရင်း သားကျွေးမှုမယားကျွေးမှုတွေနှင့်ဗျာများကာ မိခင်အပေါ်တာဝန်မကျေမှုများရှိခဲ့ခြင်းအတွက်ခွင့်လွှတ်ပါရန် (မလိုအပ်တော့မှန်းသိလျက်) ရင်တွင်းမှတောင်းပန်ခိုက် တာကျိုးသလိုပြိုဆင်းလာကြသော မျက်ရည်တွေကို တားဆီးဖို့မကြိုးစားတော့။ မြေချသည့်နေ့လိုက်ပါပို့ဆောင်ကြသူတွေရှေ့မှာ မျက်ရည်တစ်ပေါက်မကျခဲ့ခြင်းတွက် ကျွန်တော့် 'စိတ်ခိုင်မှု’ ကိုချီးမွမ်းခြေကျောက်လုပ်လာသူအချို့ကြုံရသောအခါတွင်လည်းထူး၍ခံစားမိခြင်းမရှိတော့။ မိခင်ဆုံးပါးရခြင်း၌ကြေကွဲသည်ထက်ပိုသောခံစားချက်လောကမှာမရှိကြောင်း သူတို့နားလည်လက္ခံနိူင်အောင်ကျွန်တော်ရှင်းမပြလို။

ကိုယ့်မျက်ရည်နှင့်ကိုယ်ပေမင့် လူသူလေးပါးရှေ့မျက်ရည်ကျတာမျိုးကတော့မသင့်။ ဒါက ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အထူးသဖြင့်ယောက်ကျားသားများအတွက် ဥပဒေသတစ်ရပ်လိုဖြစ်နေသည်။ သို့ရာတွင် မျက်ရည်ဆိုသည်ကလည်းကျချင်တိုင်းကျ၍မရသလိုကျလျှင်လည်းတားဖို့ရန်ခက်ခဲ၏။ စိတ်လှုပ်ရှားခြင်း၏ ဘေးထွက်ဖြစ်သောမျက်ရည်ကြောင့် ကမောက်ကမဖြစ်ရသောသာဓကတွေ ရှိခဲ့ဖူးသည်။ ဆိုပါစို့ မိခင်ဌာနမှ ကျွန်တော့်အပေါ်ဌာနပိုင်ပစ္စည်းခွင့်ပြုချက်မရဘဲကိုယ်ရေးကိုယ်တာကိစ္စရပ်တွင် သုံးစွဲသည်ဟုစွတ်စွဲကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သည့်ကိစ္စ။ မဆလတခေတ်လုံးဝမ်းခေါင်ခဲ့ကြရသောဌာနဆိုင်ရာတွေကို ‘ကိုယ့်ဘာသာကိုယ်လည်သလိုရှာစားရန်’ လွှတ်ပေးလိုက်သည်နှင့်အရင်ဆုံးလုပ်ကြသည်မှာ မြေနေရာငှါးစားခြင်း စွန့်ပစ္စည်းထုတ်ရောင်းခြင်းစသည့် ဆူလွယ်နပ်လွယ်အလုပ်တွေဖြစ်ပြီး အရင်ဆုံးဖြည့်ဆည်းကြသည်မှာ ကိုယ့်အိပ်ကပ်ကိုယ်ဖြစ်လေသည်။ မဖြည့်လျှင်လည်း အိပ်ကပ်တွေကပြားချပ်နေပြီ။ အစိုးရကသူတို့ ရှင်သန်ရေးအတွက်ကမ္ဘာမှာနာမည်ဆိုးဖြင့်အကျော်ကြားခံကာ သယံဇာတတွေထုတ်ရောင်းနေခိုက် လုပ်ပိုင်ခွင့်ရှိသောဝန်ထမ်းတွေကလည်း မိုးရွာတုန်းရေခံသလို သူတို့လုပ်ပိုင်ခွင့်နှင့်နိူင်ငံအရင်းအနှီးတွေကို ဈေးဖြတ်ကာ ခါတော်မီသူဌေးတွေထံကျိတ်ရောင်းရင်း အိတ်ဖေါင်းအောင်ကြံကြဖန်ကြ၏။ ရွဲကုန်သည်ဇာတ်ထဲကမြေးအဖွား ရွှေခွက်ရောင်းသလိုဖြစ်၏။ သို့ရာတွင် သူတို့မှာကယ်တင်မည့်ဘုရားအလောင်း ရွဲကုန်သည်ရှိခဲ့သည်။ သည်မှာက ရသာလျှင်ဘနဖူးသိုက်တူးမည့်သူချည့်။ သည်လိုအရှုပ်တွေထဲမှာရှင်းအောင်နေလွန်းသဖြင့် သင်းကွဲမျောက်ဖြစ်လာသည့်အခါ အင်မတန်မြတ်နိူးခဲ့ဖူးသောဝန်ထမ်းဘဝကိုပင် စွန့်လွှတ်ဖို့ဆုံးဖြတ်၍ နှုတ်ထွက်ခွင့်ကိုစောင့်မျှော်ဆဲ ဝန်ထမ်းတစ်ပိုင်းစီးပွားရေးသမားတစ်ပိုင်းဘဝသို့ရောက်ခဲ့ရလေသည်။ တစ်ချို့ စိတ်ပြတ်သူတွေကျတော့နေ့ပင်မဆိုင်း။ လုပ်ဖေါ်ကိုင်ဖက် စာရင်းအင်းအရာရှိတစ်ဦးဆိုလျှင် ဘာကဘယ်လို ဖြစ်သွားသည်မသိ ‘တစ်နေ့တစ်ခြားကိုယ်စားတဲ့ထမင်းလုပ်ကိုယ်မျိုမကျတော့ပါဘူးရှင်’ ဟု မဲ့ပြုံးကလေးနှင့် ပြောကာ နောက်တစ်နေ့ရုံးသို့မရောက်တော့သည်ကို ယနေ့ထိကျွန်တော်အမှတ်ရဆဲ။ သို့ရာတွင် ကိုယ့်ကိုကိုယ်တော့သည်လိုလုပ်ဖြစ်ရလိမ့်မည်မထင်ခဲ့။ တကယ်တန်းကျ သူ့လိုမဲ့ပြုံးကလေးနှင့်ပြောနိူင်စွမ်းပင် မရှိတော့သည့် အဖြစ်မျိုးကြုံရ၏။

တည်ဆောက်ပြုပြင်မြန်ပြည်တစ်ခွင်ဆိုလား တိုင်းပြည်နေရာအနှံ့အစိုးရဦးစီးသောစီမံကိန်းကြီးများ ဆောင်ရွက်ရာ၌ ရုပ်ရှင်တွေထဲမှာသာကြည့်ဖူးသော ကျွန်တော်တို့မမီလိုက်သည့် ဂျပန်စစ်သားတွေ အိမ်ပေါက်စေ့ကြက်ဥရှာသလိုမျိုး ဌာနဆိုင်ရာတွေမှာရှာဖွေကာ အသုံးဝင်သမျှယူတတ်ကြသည်ကို ထိုခေတ် ဝန်ထမ်းတိုင်းသိကြသည်။ တစ်ချို့ကြည်ကြည်ဖြူဖြူ အခွင့်အရေးမျှော်၍ပေးကြသည်။ တချို့မကြည်ဖြူသော်လည်း စကားနဲရန်စဲပေးကြသည်။ ပေးရသည်ချင်းတော့အတူတူပင်။ ထိုအချိန်က သမိုင်းဝင်ဈေးကြီးတစ်ခုဆောက်ရန်သမိုင်းဝင်ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးအား အစိုးရမှလုပ်ငန်းအပ်နှံခဲ့ရာပံ့ပိုးမှုတစ်ရပ်အဖြစ် ကျွန်တော်တို့သင်္ဘောကျင်းပိုင်မြေတစ်ကွက်ကို အလုပ်ရုံဖွင့်ရန်အလို့ငှါအသုံးပြုခွင့်ပေးခဲ့ရ၏။ အုပ်ချုပ်ရန်အကြီးတန်းအရာရှိတဦးအပြင် ကျွမ်းကျင်လုပ်သားစက်ကရိယာနှင့်ကုန်ကြမ်းပစ္စည်းကအစ လိုအပ်၍တောင်းခံလျှင်ပံ့ပိုးရ၏။ (စကားချပ်။ လုပ်ငန်းတွေပြီးဆုံးသည့်တိုင်ထိုမြေကွက်မူလပိုင်ရှင် (ကျွန်တော်တို့)ထံပြန်မရောက်ခဲ့။ စူ့ထက်စူလူစွမ်းကောင်းများလက်ဆင့်ကမ်းအသုံးတော်ခံခဲ့ကြရာမှယ္ခုအခါ နှစ်တရာကျော်သက်တန်းရှိ၍ သမိုင်းတန်ဖိုး(ထားတတ်လျှင်)အတော်အတန်မြင့်သော ထိုမြေကွက်အပါအဝင် သင်္ဘောကျင်းတခုလုံး ကမ္ဗည်းကျောက်စာတချပ်တလေမျှပင်တင်မကျန်ရစ်တော့သည့် ကုန်သေတ္တာစခန်းတခုဖြစ်သွားခဲ့ပြီ)။ ထားတော့။

ထိုသို့ ပံ့ပိုးထိုက်သူများအားပံ့ပိုးရန်ညွှန်ကြားချက်ကိုနာခံဆောင်ရွက်ဖူးသူပြီပြီအတုမြင်အတတ်သင်သည်ဟုပြောစရာကျွန်တော့်မှာရှိခဲ့လေသည်။ ကျွန်တော့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက်မဖြစ်မနေသုံးရန် လိုအပ်လာသည့် တခုသောကာလတွင်မပြောပလောက်သောဌာနပိုင်စက်ကရိယာတစ်ခုတလေကို (တရားဝင်နည်းလမ်းများဖြင့်ခွင့်ပြုချက်တောင်းသော်လည်းမရသည့်အဆုံး) ကျွန်တော့်သဘောနှင့်ကျွန်တော်ယူဆောင်အသုံးပြုဖို့ဝန်မလေးခဲ့သောကြောင့်ဖြစ်သည်။ နောင်တမရသော်လည်းသင်္ခမ်းစာတွေအပြည့်ရခဲ့သော ထိုဖြစ်ရပ်တွင်ငယ်စဉ်ကဖတ်ခဲ့ဘူးသည့်“ဂုဏ်ရည်တူလူတရပ်တို့ကလည်း တတ်မည်ကိုစိုးရိမ် လိမ္မာလျှင်မကြိုက် မိုက်လျှင်ဝမ်းသာ ချမ်းသာလျှင်မြင်ပြင်း ဆင်းရဲလျှင်အားရ” ဆိုသောစာသားလေးများအား စွဲမှတ်စရာဖြစ်ခဲ့လေ၏။ သို့ရာတွင် ဌာနမှူးဦးဆောင်သောခုံရုံးအဖွဲ့သို့မူ “စည်းကမ်းဟူ၍မည်မည်ရရမရှိတော့သော ကာလနှင့်ဒေသမျိုးမှာကျွန်တော့်အပြုအမူသည်မည်သည့်စည်းကမ်းကိုချိုးဖေါက်သည်ဟု သတ်မှတ်ရန်ခက်သလို လက္ခံရန်လည်းခက်ခဲပါကြောင်း” ထုခြေချက်နှင့်တကွတောင်းခံထားခဲ့ပြီးဖြစ်သောနူတ်ထွက်စာကို အမြန်ဆုံးစဉ်းစားခွင့်ပြုပေးရန်ကိုသာတင်ပြရင်း“ဆရာတို့တတွေသေဖို့ပြင်နေကြတဲ့အချိန်မှာ (ဌာနမှူးအပါအဝင်ခုံအဖွဲ့ဝင်တွေမှာပင်စင်နားနီးကြပြီ) ကျွန်တော်တို့က နေဖို့ပြင်နေရတယ်ဆိုတာမမေ့ကြပါနဲ့” ဟု မျက်ရည်နှင့်ပြောဖြစ်ခဲ့၏။ ထိုနေ့မှစ၍လုပ်ငန်းခွင်သို့ကျွန်တော်မသွားတော့။ ယ္ခုကျွန်တော်ကိုယ်တိုင်သေဖို့ပြင်ရမည့်အချိန်မျိုးကိုရောက်လာတော့ ထိုဆရာသမားတွေကိုအားတုံ့အားနာဖြစ်ရသော်လည်း တောင်းပန်လိုစိတ်တော့မပေါ်ပေါက်မိ။ ဖြစ်နိူင်လျှင်သာ ထိုစကားတွေကို ပေါ့ပေါ့တန်တန်မဖြစ်အောင် မျက်ရည်မကျဘဲ ပြန်ပြောလိုခဲ့သည်။

နောက်တခါ မျက်ရည်ကျဖြစ်သည်ကဘန်ကောက်မှာ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှာပါ သင်းကွဲမျောက် ဖြစ်လာသောအခါ ကျွန်တော့်အတွက်ပြည်တွင်းမှာပါနယ်ကကျဉ်းလာပြီ။ ထိုအချိန် ဆရာသမားတဦးက ဘန်ကောက်မှလှမ်းခေါ်သဖြင့်လိုက်သွားသည်။ ထူထောင်စအများပိုင်သင်္ဘောကျင်းတစ်ကျင်းမှာဖြစ်၏။ အလုပ်အကိုင်လစာ နေရာထိုင်ခင်းအစစအဆင်ပြေသည်။ ပို၍အဆင်ပြေသည်မှာ ပြည်တွင်းကလုပ်ဖေါ်ကိုင်ဖက်ဟောင်းဆရာသမားဟောင်းတွေနှင့် အတူတကွပြန်လည်လုပ်ကိုင်ရ၍ဖြစ်သည်။ အားလုံးပညာအရည်အချင်း လုပ်သက်အတွေ့အကြုံရင့်ကျက်ကြသူတွေချည့်မို့ ‘ဦးနှောက်ယိုစီးမှု’ဆိုသည်ကို မျက်ဝါးထင်ထင်တွေ့ကြုံရခြင်းလည်းဖြစ်၏။ ကိုယ့်ဝေဒနာနှင့်ကိုယ်မို့ ထိုကိစ္စကိုသီးခြားကိစ္စတရပ်အဖြစ်သာရှုမြင်ခဲ့ရာ တစ်ရက် အေဘက် (ABAC) တက္ကသိုလ် (Assumption University) သို့ ရောက်သွားခိုက် ရန်ကုန်တက္ကသိုလ်အသီးသီးမှဝါရင့်ပါမောက္ခကြီးများအပါအဝင်(ပါမောက္ခချုပ်ပင်ပါသေး၏)ဆရာဆရာမ အငြိမ်းစား ရော အငြိမ်းစားရန်အပုံကြီးလိုသေးသူအများအပြား (ထိုအချိန်ကတရာကျော်ဟုသိခဲ့ရသည်)ကို မြင်ရကြားရမှ ကမ္ဘာနာတခုဖြစ်နေပြီမှန်းသိရသလိုအမျိုးအမည်မထင်ရှားသောဝေဒနာတရပ်၏ ပြင်းပြစွာနှိပ်စက်မှုကိုလည်းခံစားရလေ၏။ နောက်ဆုံး ဒါသည်ပင်ပဌာန်းဆက်တွေပါလားဟုမှတ်ယူကာ ရဲဘော်ဟောင်းသစ် ဆရာသမားဟောင်းသစ်တွေနှင့် ကိုယ့်အဝန်းအဝိုင်းလေးထဲမှာ‘ထမင်းရှာစားခြင်း’အလုပ်အဖြစ်သာနှလုံးသွင်းရင်း လုပ်ကိုင်နေခဲ့လေသည်။ သို့ရာတွင် ရေစိမ်းမြေစိမ်းပတ်ဝန်းကျင်စိမ်းမှာ စရိုက်စိမ်းတို့၏ဇာတိကခေသည်တော့မဟုတ်။

အချုပ်တန်းဆရာဖေတွေးတွေးပြီးအရိုးနာခဲ့သော ကျွန်တော်တို့မျိုးရိုးဉာဉ်သည်သခင်တွေသာပြောင်းသွား သော်လည်းဟောင်းသည်ဟုမရှိခဲ့။ ညီညွတ်အောင်လုပ်သင့်သူတွေကိုယ်တိုင်မညီညွတ်ခြင်းက သာ၍ဆိုးရွား၏။ ငယ်စဉ်ကဖတ်ခဲ့ဘူးသောစာသားလေးတခုက 'ထိုသို့အမြဲတန်းအရေးကြီးအလုပ်များ ဟန်ဆောင်ရခြင်းမှာ ၎င်းတို့အတွက်မရှိမဖြစ်လိုအပ်ချက်တခုဖြစ်သလို တန်ဘိုးမဖြတ်နိူင်သော ဇိမ်ခံနည်း တစ်ရပ်လည်းဖြစ်လေသည်' ဟုဆိုထားသလိုပင် မညီညွှတ်ခြင်းကိုအရသာခံနေကြသည့်အလား အင်တိုက် အားတိုက်ဦးဆောင်သူဆောင်နောက်လိုက်သူလိုက်ဖြစ်နေကြ၏။ ကျွန်တော့်မျက်စေ့ထဲဝယ် ဟင်အိုးထဲမရောက်ခင် အချင်းချင်းအားရပါးရဗိုလ်ကျနေကြသောခြင်းထဲကကြက်တွေကိုမြင်ယောင်ရင်း ဆရာဖေညည်းခဲ့သလိုပင် ခုဖြစ်ပုံကြောင်းတွေသိတာမို့ ခေါင်းကြွေယိခွေကာ လောင်းတေမိဆွေမဟာလို နေသာအောင်နေရ နားမျက်စေ့ခံတွင်းတော် ကင်းသနော်ရွေးမျှမဟမိဘို့ သတိနှင့်သာနေခဲ့ရတော့သည်။ သို့သော် တိုင်တန်းမှုတစ်ခုကြောင့် အုပ်ချုပ်ရေးပိုင်းသို့နားပေါက်ကာ လူ့စွမ်းအားဌာနမှကော်လာဖြူရွှေမြန်မာအားလုံးပါဝင်သော ညှိနိူင်းအစည်းအဝေးတစ်ရပ်ခေါ်ယူညှိနှိုင်းရသည်အထိဖြစ်ခဲ့ရလေသည်။ လိုရင်းဆိုရသော် ထိုအစည်းအဝေးမှာကာယကံရှင်တွေဖြစ်ကြသည့်စီနီယာကြီးနှစ်ဦး(တစ်ဦးယ္ခုမရှိတော့ပြီ)တို့ အော်ကြီးဟစ်ကျယ်ဖြစ်ကာ အဖြေမရဘဲပွဲသိမ်းရမည်သို့ရှိခိုက် ကျွန်တော်ကတစ်စခန်းထမိသည်။ သူများတိုင်းပြည် သူများလူမျိုးတွေရှေ့မှာမရှက်ကြဘူးလားဟုစီနီယာတွေကိုဘုတော၊ အစထောင်သူဂျူနီယာကိုမာန်မဲ၊ မျက်နှာသေဖြင့် ငေး၍ကြည့်နေသည့်တူအရွယ်သားအရွယ်သူတို့လူမျိုး (ထိုင်း)ဖြန်ဖြေရေးသမား အထွေထွေမန်နေဂျာကို တောင်းပန်ရင်း ကျွန်တော်မျက်ရည်ကျခဲ့သည်။ ထိုမျက်ရည်အတွက် ဆုလဘ်အဖြစ် ဘုတောခဲ့သော စီနီယာတွေနှင့်မာန်မဲလိုက်မိသည့်ဂျူနီယာတို့၏ သုံးပွင့်ဆိုင်အမျက်ကြားမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဆောက်တည်ရန်ခက်ခဲလာသည့်အပြင် လုပ်ငန်းခွင်သာယာရေးကိုပါထိပါးလာကြောင်းတွေ့ရှိရပြီးနောက် စာချုပ်စေ့လျှင်စေ့ချင်း ထိုအလုပ်မှကျွန်တော် ထွက်ခွာဖြစ်တော့သည်။

မျက်ရည်နှင့်ပတ်သက်၍ ငိုအားထက်ရယ်အားသန်စရာအဖြစ်ကြုံရသည်လည်းရှိ၏။ လွန်ခဲ့သောငါးနှစ်ခန့်က ရက်ဆက်ဆိုသလိုမျက်လုံးစူးကာအောင့်သဖြင့် ဆေးခန်းပြရာ ဆရာဝန်ကမျက်ရည်ခမ်းသောရောဂါ (Dry Eye Symptoms) ဟု ဆုံးဖြတ်၏။ ထိခိုက်ဒဏ်ရာ အသက်အရွယ်သို့မဟုတ်ကွန်ပြူတာရှေ့အထိုင်များခြင်း တို့ကြောင့်ဖြစ်တတ်သည်ဟုဆိုသည်။ တိုင်းထွာစစ်ဆေးပြီးနောက် မျက်စဉ်းနှစ်မျိုးပုံမှန်ခတ်ရန်နှင့် မျက်လုံးကိုပုံမှန်အနားပေးရန်ညွှန်ကြားသည်။ သည်လောက်မျက်ရည်လွယ်တဲ့သူမှဒီရောဂါရသတဲ့လားဟု တွေးမိရင်း တပါတည်းမျက်ရည်တွေခမ်းကုန်တာလဲခပ်ကောင်းကောင်းပါလေ လူတောထဲမျက်ရည်ထိန်းမရတာမျိုး ဖြစ်စရာမရှိတော့ဘူးပေါ့ဟု စိတ်တွင်းမှပြောမိ၏။ ငိုရလွန်းအားကြီးလို့ မျက်ရည်တွေခမ်းသွားတာဖြစ်မယ် ဟု မရွှေတောက် (ဇနီးသည်) အားကျီစယ်မိရာ ‘နေရာမရှာပါနဲ့တော် ငိုတိုင်းသာမျက်ရည်ခန်းရရင် ကိသာဂေါတမီတို့ဘယ်လိုလုပ်မလဲ’ ဟု ပြန်ပက်ခံရ၏။ အင်းလေ ငိုရလွန်းတဲ့ ယောက်ျားရဲ့မိန်းမမျိုးတော့သူဘယ်ဖြစ်ချင်ပါမလဲ။ ကံအားလျှော်စွာနှစ်ပတ်ခန့်မျက်စဉ်းခပ်ရုံနှင့်ထိုရောဂါသက်သာရာရပြီး ပုံမှန်အနေအထားသို့ရောက်၏။ မျက်စဉ်းတော့ယခုတိုင်ဆောင်ထားရလေသည်။ ရောဂါကြောင့်ခန်းသောမျက်ရည်နှင့် ရင်ထဲကမျက်ရည်တို့ မည်သို့မည်ပုံဆက်စပ်မှန်းကျွန်တော်မပြောနိူင်။ ရင်ထဲကမျက်ရည်တွေခန်းအောင် လုပ်နိူင်သည့်ရောဂါ တကယ်ရှိမရှိလည်းကျွန်တော်မသိ။ သို့သော် ကျွန်တော့်မှာမျက်ရည်တကယ်မခန်းရုံမက ကြွယ်ဆဲလွယ်ဆဲဖြစ်ကြောင်း မနေ့တနေ့ကသိခွင့်ရ ရပြန်လေသည်။

ကျွန်တော့်ကိုယ်ကျွန်တော် အတ္တကြီးမားသူတယောက်အဖြစ်လက္ခံနိူင်ခဲ့သည့်အကြောင်းတခုက ကျွန်တော် မျက်ရည်လွယ်သည်မှာကိုယ့်ကိစ္စနှင့်ကိုယ်သာဖြစ်ပြီး သူတထူးကိစ္စတွင်မျက်ရည်ကျခဲခြင်းဖြစ်၏။ သို့တိုင်အောင် မျှော်လင့်ချက်တစ်ခုအတွက် မိုင် ၄၀၀ ကျော်ခရီးကို ခြေလျှင်ဖြတ်သန်းခဲ့ကြသော လက်နက်မဲ့ ပရိယယ်မကြွယ်သားအရွယ်သမီးအရွယ်တွေကို အများသူငါသွားလာကြသည့်ပေတရာလမ်းမပေါ်မှာ စစ်မြှူသလိုမြှူစစ်ခင်းသလိုခင်းပြီး(ကန်တော့ပါရဲ့လူမဆန်စွာ)နိူင်လိုမင်းထက်ပြုကြသည်ကိုတော့ သူတထူးကိစ္စဟု ကျွန်တော်သဘောမပေါက်နိူင်။ ထိုသို့ သားသမီးချင်းမစာမနာ ငြိုးသူရန်ဘက်ပမာသာမက တိရစ္ဆာန်အလား ကျူးလွန်ရိုက်ပုတ်နှိပ်စက်နေသောမြင်ကွင်းကို မျက်ရည်ခိုင်ခိုင်ဖြင့်ကြည့်နိူင်စွမ်းကျွန်တော့မှာမရှိ။ သူတို့လေးတွေ တရားခံတွေလား။ သူတို့ မခိုး မဝှက် မလိမ် မကောက်ကြ။ သူတို့ လော်လီဖေါက်ပြား ဆေးဝါးမူးယစ်ဖြစ်ချင်တိုင်းဖြစ်နေသူတွေမဟုတ်ကြ။ သူတို့သည် ကိုယ်တိုင်သူပုန်သူကန်မဟုတ်သလို သူပုန်သူကန်နှင့် ဆက်သွယ်ထောင်ထားခြားနားသူတွေလည်းမဟုတ်ကြ (သူပုန်သူကန်အစစ်တွေနှင့်ပင်လျှင် သေနပ်မဖေါက်ရှန်ပိန်သောက်ကြဘို့သယံဇာတအချိုးအစားတွေနှင့်ကြိုးစားကာနေနိူင်ကြသေးသည်)။ သမိုင်းမှာအားလုံးညံ့ဖျင်းခဲ့ကြ၍ ကမ္ဘာ့အလယ်မျက်နှာငယ်ရှက်ဖွယ်လိလိဖြစ်နေကြရပြီ။ မအေဖအေကြွေးပူ၍သူတို့ဝမ်းစာသူတို့ရှာစားနေကြရသော သားသမီးများလို ကျွန်တော်တို့လက်ရောက်မပေးနိူင်ခဲ့သော တူတူတန်တန်ပညာရေးစံနစ်သစ်တရပ် သူတို့လက်ထက်မှာဖန်တီးဘို့ ကြိုးစားကြသည်ကို (မှားသည်ထားဘိဦး) ဘာကြောင့်များ  သီးခံဖြောင့်ဖျ မုဒိတာထားအားမပေးနိူင်ကြပါလိမ့်။ ခန္တီမုဒိတာအစား အတ္တအာဃာတ မစ္ဆေရတွေနှင့် ဘာကြောင့်များထိန်းမနိူင်သိမ်းမရဖြစ်နေကြပါလိမ့်။ ဒါသည်ပင် ကျွန်တော်တို့သမိုင်းလား။ ဒါသည်ပင် သေဘို့ပြင်နေကြသောကျွန်တော်တို့တတွေကနေဘို့ပြင်နေကြသောသူတို့လေးတွေကိုပေးထားရစ်မယ့်အမွေလား။ အံကိုတင်းတင်းကြိတ်ရင်းက ကျလာသောမျက်ရည်ကိုကျွန်တော်မသိမ်းဆည်းလိုတော့။ ထိုမျက်ရည်သည် ဘဝမှာကျခဲ့ဘူးသောမျက်ရည်များအနက်သူတပါးအတွက်ကျခဲ့ရ၍ တန်ဖိုးအရှိဆုံးမျက်ရည်ပင်ဖြစ်မည်လားမသိ။ နောက်ဆုံးမျက်ရည်လည်းဖြစ်စေချင်ခဲ့မိ၏။ ယောက်ကျားတန်မဲ့မျက်ရည်ကျရမှာရှက်စရာဟုခံယူဆဲ အတ္တနောမတိကြောင့်ဖြစ်လေသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုရက်ပိုင်းကကွယ်လွန်ခဲ့သူစင်္ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယူ (Lee Kuan Yew) ၏ ‘ကြေကွဲရခဏတာ (A Moment of Anguish) ကို သူ့အကြောင်းသတင်းတိုလေးတွေထဲမှာတွေ့ရ၏။ မလေးရှားပါလီမန်၏ဆုံးဖြတ်ချက်အရ စင်္ကာပူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအပြီးအပိုင်ဖယ်ထုတ်ခံလိုက်ရသည့်အကြောင်းသတင်းစာရှင်းလင်းပွဲမှာ စိတ်ထိခိုက်ကာမျက်ရည်မထိန်းနိူင်တော့သည့်အတွက် သတင်းစာရှင်းလင်းပွဲအားခေတ္တရပ်နားစေခဲ့သောဖြစ်ရပ်ပင်။ သဘောက စိတ်ဓါတ်ခိုင်မာပြတ်သားသူဟု ကျော်ကြားသောလီကွမ်ယူလိုပုဂ္ဂိုလ်မျိုးပင်မျက်ရည်နှင့်မကင်း။ သူနှင့်မနှိုင်းသာသည့်တိုင်ကျွန်တော်လိုလူမျိုးအတွက်တော့ဖြေသိမ့်စရာဖြစ်၏။

စင်စစ်ကျွန်တော့်အတွက်ဖြေသိမ့်စရာနောက်တခုရှိသေးသည်။ အကြောင်းအားလျော်စွာမျက်ရည်ကျဖြစ်တိုင်း ကျွန်တော့်ခေါင်းထဲရောက်ရောက်လာတတ်သည့်ကဗျာအပိုင်းအစလေးဖြစ်လေသည်။ ထိုကဗျာကို လွန်ခဲ့သောနှစ် ၃၀ ကျော်က ရှုမဝမဂ္ဂဇင်းမှာကျွန်တော်ဖတ်ခဲ့ဘူးပြီး စာသားအချို့(အကုန်လုံးမဟုတ်)ယနေ့တိုင်မှတ်မိနေဆဲဖြစ်၏။ ကဗျာတပုဒ်လုံးမပြောနှင့်ကဗျာရေးသူအမည်ကိုပင်ဇဝေဇဝါဖြစ်နေသည့် (ဆရာတင်မိုးလားဆရာမောင်စွမ်းရည်လားတစ်ယောက်ယောက်ဖြစ်မည်) ထိုကဗျာတပိုင်းတစ ကျွန်တော့်ထံတွင်ဘာကြောင့် ‘ကျန်’ နေရသည်ကိုတော့ ထိုစာသားများကသက်သေပြုပါလိမ့်မည်။

အလံမလှဲပမေဲ့၊ အံခဲတာနာတဲ့အခါ
ငိုတာထက်၊ ဘာများကောင်းတာ
ရှိသေးပါလဲ၊ လာကြကွယ်
အားငယ်ပြန်ရင်
ဟန်မလုပ်တန်းငိုရအောင်
ယောက်ျားမျက်ရည် မြေပေါ်ကျ
မီးထတောက်ချင်တောက်စေရော့။

ကျွန်တော်တွေးမိသည်။ ယနေ့ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်ခမန်းဖြစ်နေသည်မှာယောက်ျားမျက်ရည်တွေ မြေခရလွန်းသောကြောင့်လေလားဟု။

Friday, March 20, 2015

လက်ပံတန်းဥဒါန်း




လက်ပံတန်း၊
အဖျက်သရမ်းကြုံပြန်၊
အငြိုးသန်သန်နဲ့၊
သူခိုးဟန်ယိုးပြန်လှစ်
ညစ်တဲ့အကြံ။

အပစ်မဲ့အသက်နှံသည်၊
သမဂ္ဂံရင်သွေး၊
ပညာရေးလောင်းမဟော်၊
ဒေါင်းအမော် ကျောင်းတော်ပျံမည့်အရေး။

သပိတ်စိတ်ဣဿာဝင်
အဘိဇ္ဈာယှဉ်တွေး၊
မိစ္ဆာဝင် မနှေးဘို့၊
အခွင့်ပေးအာဏာ၊
ပြည်ဘဏ္ဍာရိက္ခာစားတွေက၊
အိပ်ယာအနား စားတဲ့သုနက္ခာ။

မရှုရက်ပြုချက်နာသည်၊
မှုတွက်ကာ အယူဖျင်းနဲ့၊
လူခပင်း ငဲ့ကွက်မညှာ၊
ရက်စက်လှစွာ၊
အရှက်မဲ့ အတ္တဝါဒီ၊
ဘဒ္ဒကမ္ဘာ ကြေဘူးပြီထင့်လေး။



[၁၀/၀၃/၁၅ ရက်နေ့ ၁၃း၀၀ နာရီအချိန် လက်ပံတန်းတာဆုံရှိ ဗကသဦးဆောင်သော ကျောင်းသားများ ပညာရေးဥပဒေကို ကန့်ကွက်သည့် သပိတ်စခမ်းအား အကြမ်းဘက်ဖြိုခွဲခံရခြင်း အမှတ်တရ] (updated)

Wednesday, February 11, 2015

ကျွန်တော်နှင့်ရတုများ


ပြီးခဲ့သောနှစ်ကုန်ခါနီးက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းတော်ကြီး၏ နှစ်၅၀ ပြည့်ရွှေရတုသဘင် ဆင်ယင်ရာ အင်းစိန်ကြို့ကုန်းကျောင်းဝင်းအတွင်းသို့ကျွန်တော်ရောက်ခဲ့သည်။ နှစ်သုံးဆယ်လောက်နားခိုသူမဲ့ ကိုယ်တိုင်လည်း ခိုကိုးရာမဲ့ခဲ့သောကျောင်းတော်ကြီး နံ့သာလိမ်းကျံပန်းပန်ကာဖြင့်ဝံ့ကြွားနေပုံကို မြင်ရသည်ခဏ ကျွန်တော့်ရင်မှာ ဆရာကြီးမင်းသုဝဏ်၏ “ပျဉ်းမငုတ်တို”ကဗျာကလေး အမှတ်တရခိုဝင်လာသည်။ ကဗျာထဲကပျဉ်းမငုတ်တိုကဲ့သို့ ကျောင်းတော်ကြီးမှာစစ်တလင်းမဖြစ်ခဲ့ရ စစ်ကိုမကြုံခဲ့ရသော်လည်း လက်နက်အားကိုး ဖိနှိပ်ခြင်းမျိုးနှင့်ထိုဖိနှိပ်မှုကြောင့်ကျောင်းတော်သားသူရဲကောင်းတို့သွေးမြေကျရခြင်းမျိုး ကြုံခဲ့ဖူးသည်။ ဓားထစ်ခံလေပြင်းတိုက်ခြင်းတွေကမူမရေမတွက်နိူင်။ ခုလိုမျိုးလေပြည်ထဲတွင် ငယ်ရုပ်ဆင်နိူင်သည့်တိုင် လောကဓံအရေးအကြောင်းတွေကအထင်းသား။ တဆက်တည်း ကျွန်တော့်အာရုံမှာပျံ့လွင့်လာကြသည်က နိပါတ်တော်လာဟိမဝန္တာတောမှပတ္တမြားဂူကို အရောင်မထွက်အောင်ရွှံ့ညွံများလိမ်းကြံဖို့အားထုတ်ခဲ့ကြဖူးသောဝက်မိုက်များ။ ရွှံ့မြူညစ်စေ၊ ပွတ်လေလေတိုင်း၊ သရေမညှိုး၊ ရောင်ဝါတိုးသို့၊ တန်ခိုးထင်ရှားလေသောပတ္တမြားဂူနှင့် ဆယ်စုနှစ်သုံးစုစာဖုန်းဆိုးတောပမာစွန့်ပစ်ခြင်းခံခဲ့ရသော ကျောင်းတော်ကြီးကို ကျွန်တော်ထပ်တူပြုနေမိသည်။ အသရေမညှိုးသည့်နေရာမှာတော့ ကျွန်တော်တို့ကျောင်းက ဟိမဝန္တာမှ ပတ္တမြားဂူထက်လျော့မည်မထင်။

အဆောင်(၁)အောက်ထပ်နှင့်ပေါ်တီကိုဘက်မှာ ဧည့်သည်တွေဧည့်ကြိုတွေပြည့်နေသလို သမိုင်းဝင် ကာတွန်းဘောက်စ်သည်လည်း ယ္ခင်ကကဲ့သို့ပင်ဝင့်ကြွားစွာပွဲခံနေ၏။ ဟိုတုန်းကအားလပ်ချိန်များမှာ ကာတွန်းဖတ် သတင်းစာဖတ် ရေအိုးစင်မှာရေသောက်ကြ (ရေသန့်ဘူးခေတ်မှမဟုတ်ပါဘဲကို) နှင့် အမြဲလို စည်ကားတတ်သည့်နေရာ။ စာကြည့်တိုက်၊ ရုံးနှင့် ငွေစာရင်းဌာန အားလုံးသည်နေရာမှာရှိကြသည်မို့ စာအုပ်ငှါး/အပ် ငွေသွင်း ကြော်ငြာသင်ပုန်းဖတ် ယုတ်စွအဆုံး သူငယ်ချင်းမျှော်လိုသူကအစ အဆင်ပြေသောနေရာတခုလည်းဖြစ်လေ၏။ ရာစုဝက်မျှမွမ်းမံမှုချို့တဲ့စွာရပ်တည်ခဲ့ရသည့်တိုင် ကျောင်းတော်ကြီးကကြံ့ခိုင်ဆဲ။ အတန်းချိန်သတိပေးခေါင်းလောင်းမြည်ရာ ကော်ရစ်ဒါမှလျှပ်စစ်နာရီတွေရပ်နေသည်ကို သတိပြုမိတော့ ကျောင်းသားဟောင်း ကျွန်တော်တစ်ကိုယ်တည်း ရှက်ပြုံးပြုံးဖြစ်ရပြန်လေသည်။ သည်နိူင်ငံက ဘူတာရုံ ဆေးရုံ ဈေးရုံ လမ်းဆုံလမ်းခွ ရှိရှိသမျှအများပြည်သူရှေ့မှောက်မှ နာရီတွေအလျှင်းသင့်၍ကြည့်မိတိုင်း ရပ်နေသည်ကို တွေ့ရတတ်ပြီး တွေ့တိုင်းလည်းမအီမသာဖြစ်ရတတ်သော ကျွန်တော်သည်တခါဝဋ်လည်ပြီ။

အပေါ်ထပ်စက်မှုခမ်းမနှင့်ကော်ရစ်ဒါတစ်လျှောက် ဧည့်ခံကြိုဆိုရေးလုပ်အားပေး မျိုးဆက်သစ်တွေရော ကျောင်းသားကျောင်းသူဟောင်း(ကြီး)များပါဟိုတစုသည်တစုတွေ့ရတော့ ကျွန်တော်တို့ခေတ်ကအခန်းအနားတွေကိုအမှတ်ရစရာဖြစ်လေ၏။ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှသည် ဆရာကန်တော့ပွဲထိ၊ စာပေဟောပြောပွဲမှသည်ဂီတပဒေသာကပွဲအထိ ကျင်းပရာစက်မှုခမ်းမသည် တကြိမ်သောအခါတွင် တစ်ပါတီအစိုးရ၏ တရားလက်လွတ်ပြုကျင့်မှုများ အခွင့်ထူးခံမှုများကို အဆင့်မြင့်အစိုးရအဖွဲ့ဝင် (နိူင်ငံတော်ကောင်စီဝင်နှင့်ဝန်ကြီး) များရှေ့မှောက် မကြောက်မရွံ့ ဖေါ်ထုတ်ဝေဖန်ခဲ့ရာ သမိုင်းဝင်ခန်းမလည်း ဖြစ်ခဲ့ဖူးလေသည်။ ထိုနေ့ကကိုယ်စားလှယ်တွေအပြန်မှာသူတို့၏ကားတန်းကို တောထုတ်သလို လှောင်ပြောင် အော်ဟစ်ခဲ့ကြပြီး  ဝိဇ္ဖာသိပ္ပံကျောင်းသားများထံသွားရောက် ပူးပေါင်းကာဘွဲ့နှင်းသဘင်ခမ်းမ၌ ဒုတိယအကြိမ် သပိတ်စခန်းဖွင့်ခဲ့ကြသည်ကိုမြင်ယောင်မိ၏။ သူပုန်ကျောင်းဟုအာဏာပိုင်အသိုင်းအဝိုင်း၏ သတ်မှတ်ခံခဲ့ရခြင်းမှသည် ဒေသကောလိပ်များ ပေါ်ပေါက်လာရခြင်းနှင့် နောင်တက္ကသိုလ်တွေအားလုံးမြိုင်ရပ်နှင်ခံရခြင်းစသည်တို့မှာ သီးခြားကင်းလွတ်စွာ ဖြစ်ပေါ်လာခဲ့ကြသည်မဟုတ်ချေ။

ရတုဆိုသောဝေါဟာရကို အချိန် ရာသီ အခမ်းအနားနှင့်စပ်ဆိုင်သောဟု ကျွန်တော်နားလည်ထားသည်။ မြစ်ထဲ၌ စီးဆင်းသွားသောရေများပမာရတုတခုသည်ဘဝမှာနှစ်ခါပြန်၍မရောက်နိုင်။ ထို့ကြောင့်ပင် လူသားတဦး ဗိဗ္မာန်တခု အဖွဲ့အစည်းတရပ် ယုတ်စွအဆုံး လူမှုဆက်ဆံရေး တစ်ကဏ္ဍပင်ဖြစ်စေ ကာလအပိုင်းအခြားတခုတိုင်အောင် ရှင်သန်ဆဲဖြစ်ကြောင်းအမှတ်ရ  လွယ်သောနှစ်အပိုင်းအခြား (များသောအားဖြင့် နှစ်ဆယ့်ငါးနှစ်) ဖြင့် ရတုဟုခေါ်ဆိုသတ်မှတ်လေ့ရှိခြင်းဖြစ်ပေမည်။ ထိုအပိုင်းအခြားများသည် အရေးပါသောမှတ်တိုင်များဖြစ်သဖြင့်တန်ဖိုးထားရာ ရတနာများဖြင့်တင်စားကာ ငွေရတု ရွှေရတု ပတ္တမြားရတု စိန်ရတုစသည်ဖြင့် ခေါ်ဆိုကြခြင်းမှာလည်းသဘာဝကျပါ၏။ သို့ရာတွင် လောကတံထွာမှာ ရတုတိုင်းပျော်ရွှင်ဘွယ်ရာချည့် ရှိတတ်ကြသည်တော့မဟုတ်။ ဤကျောင်းတော်ကြီးဆိုလျှင်ငွေရတုကာလတုံးက အာဏာရှင်တို့၏ တရားလက်လွတ်မှုကို အံတုဖက်ပြိုင်ရင်း ကျောင်းတော်သားအချို့အသက်ကိုစတေးပြီးစ။ စာသင်ခမ်းတံခါးတွေပိတ်၍ ထောင်တံခါးတွေပွင့်သောထိုကာလမှာပင့်သက်ဖြာရင်းအံကြိတ်ရင်း  ငွေရတုကိုတိတ်ဆိတ်စွာ ဖြတ်ကျော်ခဲ့ရပေလိမ့်မည်။

မရှေးမနှောင်းဆိုသလို ကျောင်းတော်ကြီးကိုယ်တိုင်ကျီးနှင့်ဖုတ်ဖုတ်စွန့်ပစ်ခံခဲ့ရသည်မှာလည်း ယ္ခုရွှေရတုတိုင်အောင်ပင်ဖြစ်လေသည်။ ထိုအတွင်း ကျောင်းသားသစ်တွေမြို့ပြင်လွင်တီးခေါင်မှာ ပင်ပန်းဆင်းရဲစွာ စာသင်၊ ကျောင်းပြီးလျှင် အိမ်နီးချင်းလူသားရင်းမြစ်ဈေးကွက်တွေမှာ မျက်နှာငယ်ဖြင့်တိုးဝင်ရင်း အနာဂါတ်ကိုထုဆစ်ဘို့ကြိုးစားကြရ၏။ ကျောင်းသားဟောင်းအများစုဆိုလျှင်လည်း ကမ္ဘာရွာကြီးမှာခွေးလှေးပျား တော အနှံ့ လုပ်ကိုင်ရှာဖွေနေထိုင်စားသောက်ရင်း အလျှင်းသင့်သလိုစုဝေးပေါင်းဆုံကာ ကျောင်းတော်ကြီးကို အလွမ်းဖြေကြရ၏။ စင်စစ် ထိုပွဲမျိုးမှရအပ်သော ပီတိနှင့်ခွန်အားတွေကလည်း တစ်နင့်တစ်ပိုးတန်ဘိုးဖြတ်၍မရ။ အစဉ်အမြဲပြုံးရယ်ခြင်းကင်းသောဌာနမှုးဆရာမကြီးတစ်ဦး၏ သံယောဇဉ် ဆုံးမစကား၌ မျက်ရည်ဝဲကြရဘူး သလို စကားအပိုဆိုလေ့မရှိသော ပါမောက္ခ ဆရာကြီးတဦး၏ ဘီးတပ်ကုလားထိုင်ပေါ်မှ ဓမ္မသံဝေဆုံးမစကားတွေဖြင့် လောကဓံ၏သရုပ်သကန်ကို မြင်လည်းမြင်ရင်ဆိုင်ရန်အင်အားတွေလည်း တိုးပွားခဲ့ဖူးလေသည်။ မင်းပရိဿတ်များပြားသောယ္ခုရွှေရတုမှာတော့ ဟိုတုံးကပွဲတွေလိုဆရာတွေထံမှဆုံးမစကားနာယူဘို့အခွင့်မသာ။ ဘာဘဲဖြစ်ဖြစ် ည်ဝန်းကျင်မှာခြောက်နှစ်တာအတူနေခဲ့ကြပြီးမှ နှစ်ပေါင်းများစွာ ကွဲကွာနေကြသူတွေနှင့်ပြန်ဆုံရသည်မှာတော့ရသတမျိုးထူးပေ၏။ အိပ်မက်ထက် အမှတ်တရတွေ ကို ရွေးချယ် ပြောဆိုတတ်သည့်တွေ့ဆုံခြင်းမျိုး မို့ပင်။

မရောက်သေးမီကာလတခုသည်အိပ်မက် ရောက်နေဆဲကာလသည်ဘဝ ပြီးခဲ့သောကာလတွေမှာအမှတ်တရမျှသာဟု ကျွန်တော်ကြားဖူးသည်။ ပြောရလျှင် ကျွန်တော့်မှာအိပ်မက်များများစားစားမရှိ။ ရှိခဲ့သမျှ အိပ်မက်တွေလည်းတာမရှည်ခဲ့။ အမှတ်တရတွေတော့ရှိသည်။ ရှိဆိုဘဝနှင့်အိပ်မက်တွေဖြစ်တည်ပျက်ယွင်း အမှတ်တရချင်း ထပ်ခဲ့သည်မှာလည်း ရွှေရတုခရီးကိုကျော်လာခဲ့ပြီ။ အိပ်မက်တို့မြစ်ဖျားခံရာ အမိတက္ကသိုလ်ကြီး၏ ရွှေရတုမတိုင်မီမှာကတည်းက ကျွန်တော့်ဘဝရွှေရတုကို ရောက်ပြီးသား။ နောက်ထပ် ရွှေရတုတခုကို ဘယ်နည်းနှင့်မျှကျွန်တော်မမျှော်သာပြီ။

ကျွန်တော့်သက်တန်း၏ ရတုနှစ်ခုမှာအမှတ်တရဖြစ်စရာတစ်ခုတလေစီသာရှိခဲ့သော်လည်း ထိုတစ်ခုတလေတို့မှာ ထင်ရှားသောကောက်ကြောင်းတွေနှင့်မို့မေ့နိူင်စရာမရှိ။ ငွေရတုတုံးက မီးရထားဘက်မလွှကုန်း စက်ရုံတခုမှာအလုပ်ကြပ်အဖြစ်လုပ်ကိုင်နေဆဲ။ ကျွန်တော့်ထိုအချိန်ကအိပ်မက်မှာအရပ်သားအရာရှိတယောက်ဖြစ်ရေး။ ငယ်စဉ်ကဖတ်ခဲ့ဘူးသောစာတွေထဲမှာတွေ့တွေ့နေရသည့် ဝန်ထောက်အရေးပိုင်မင်းကြီးစသော ရာထူးတွေကို ကျွန်တော်အင်မတန်အားကျခဲ့ပြီး ဖြစ်လိုစိတ်ပြင်းပြခဲ့သည်။ သာမန် လက်လုပ်လက်စားဘဝမှ ထိုအခြေအနေမျိုးကိုရောက်အောင် မဆုတ်မနစ်ကြိုးစားမှရမည်ဆိုသည်ကိုသိသလို ကြိုးလည်းကြိုးစားခဲ့သည်။ ကုန်စိမ်းသည်သား လက်လုပ်လက်စား ပတ်ဝန်းကျင်အကြား ကြီးပြင်း ခဲ့ရသူတဦးအတွက် ထိုအားထုတ်မှုမှာ လွယ်ကူလှသည်တော့မဟုတ်။ ကျွန်တော်ဘွဲ့ရချိန် ရပ်ကွက်ထဲကငယ်သူငယ်ချင်း ကိုးဆယ်ရာနှုံးလောက်မှာ ကျောင်းတဝက်တပျက်နှင့် သားသည်အဖေတွေ ဖြစ်နေကြပြီ။ တစ်ချို့ဆိုက်ကားနင်း တစ်ချို့ဈေးရောင်း တစ်ချို့ရုံးဝန်ထမ်းဘဝဖြင့် အိမ်ထောင်တွေကို ဦးစီးနေကြပြီး အများစုမှာမပြေလည်ကြ။ ပြေလည်သူတဦးစနှစ်ဦးစမှာစည်ပင်သာယာလို ပြည်သူပိုင်ဓါတ်ဆီဆိုင်လို နေရာမျိုးမှာ အလုပ်လုပ်သူတွေသာဖြစ်၏။ သူတို့ ကျတော့လည်း မိုးမမြင်လေမမြင်ကို ပြေလည်ကြလေသည်။

သည်ကတည်းက တိုင်းပြည်စီးပွားရေးအခြေအနေနှင့် ဝန်ထမ်းလောကကမောက်ကမဖြစ်နေပြီကို သိသင့်ပါလျက် ကျွန်တော့်ဝန်ထောက်ရောဂါကအတောမသတ်။ ထိုအချိန်က ငွေမာ (Hard Currency) ရှာနိူင်သည့် နိူင်ငံခြားသင်္ဘောသားအလုပ်ခေတ်စားစဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ရသူတွေအတွက်မခက်ခဲလှသဖြင့် တချို့ထိုဘက်ကိုရွေးကြသည်။ အတော်များများကဗိုလ်လောင်းသင်တန်းတက်ဖို့လုံးပန်းကြ၏။ ထိုအလုပ်နှစ်မျိုးစလုံးဘက်ကိုကျွန်တော်ဦးမလှည့်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဦးမလှည့်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အနီးအပါးမှထိုနှစ်မျိုးအတွက်ကြိုးပန်းနေကြသူတွေကိုကြည့်ပြီး စိတ်ပျက်ဘွယ်ခံစားမိသောကြောင့်ဖြစ်လေသည်။ ကျွန်တော်ကား ထိုမျှလောက်ပင်မရင့်ကျက်သူဖြစ်ခဲ့၏။ (ယ္ခုအခါကျောင်းနေဘက်တွေအနက် ထိုနှစ်မျိုးသော အလုပ်ကိုရွေးချယ်ခဲ့သူတွေသာဟန်ကျပန်ကျနှင့် ဘာမဆိုတွင်ကျယ်နိူင်သူများလည်း ဖြစ်နေကြသည်။ သူတို့တွေအမြော်အမြင်ရှိခဲ့ကြသည်ဟုဆိုရပေမည်။ စကားချပ်)။ 

ဝန်ထောက် (ပြန်တမ်းဝင်အရာရှိ) ဖြစ်ရေးအတွက် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့မှခေါ်သမျှ အလုပ်တွေလျှောက် အညမညသဘောတရားလိုစာမျိုးတွေဖတ် (ပြန်စဉ်းစားကြည့်တော့မယုံကြည်တာကိုခေါင်းထဲထည့်ရမှာဝန်မလေးသူလည်းဖြစ်ခဲ့၏) အထွေထွေဗဟုသုတအတွက် နေ့စဉ်သတင်းစာတွေ လမ်းစဉ်ပါတီစာစောင်တွေသာမက ထိုခေတ်ကအင်တာဗျူးအဆင့်ရောက်လျှင် ဘာသာရေးဆိုင်ရာမေးခွန်းတွေပါဖြေရသည်မို့ လောကနီတိဆယ်စောင်တွဲစာအုပ်ပင်မကျန်အောင်လေ့လာပြင်ဆင်ရင်းဆင့်ပါးစပ်နှမ်းပက်ဆိုသလို ကျိုးတို့ကြဲတဲသာခေါ်ယူသောရာထူးများကိုမလွတ်စတမ်းဖြေဆိုခဲ့၏။ တနည်း အလုပ်ကိုကိုယ်ကရွေးဘို့ထက်အလုပ်ကကိုယ့်ကိုရွေးဘို့သာအာရုံစိုက်ခဲ့လေသည်။ သို့တိုင်အောင် အလုပ်ခေါ်သည့်အချိန်မှခန့်သည့်အချိန်ထိလပေါင်းများစွာကြာသည့်အပြင် ရမရလည်းမသေချာသည်မဟုတ်သဖြင့် ဖြေထားသမျှအောင်စာရင်းတွေစောင့်ရင်း သူငယ်ချင်းတစ်ဦး၏ဖခင်အငြိမ်းစားအရာရှိကြီး၏စောင်မမှုဖြင့် မီးရထားဘက်မှာအလုပ်ကြပ်ရာထူးယူကာဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်လေသည်။ အသိမရှိလျှင်ဘယ်မှာမှအဆင်မပြေသည့်ခေတ်ဦးပိုင်းဖြစ်ရာ ထိုစဉ်ကတော့ ဆိုရှယ်လစ်အသိဟုကွယ်ရာပြောပြောကြသည်။ ထားပါတော့။ အလုပ်ကြပ်ဆိုသည်မှာ ကြီးကြပ်ရေး ဝန်ထမ်းမို့ ဝန်ထောက်ဘဝနှင့် အတော်လှမ်းသေးသည်။ သို့ရာတွင် သူလည်းဆရာအခေါ်ခံဝန်ထမ်း တဦးဖြစ်ပြီး အတန်အသင့်လုပ်ပိုင်ခွင့်လေးတွေရှိကာ ထိုလုပ်ပိုင်ခွင့်ကြောင့်အနေကြပ်သည်များနှင့်ကြုံရတတ်လေသည်။ ဥပမာ စက်သုံးဆီကိစ္စ။

စက်ရုံက နေ့စဉ်ပြေးဆွဲသမျှမီးရထားစက်ခေါင်းတွေကိုစီစဉ်ပေးရသည်မို့စက်သုံးဆီဖြည့်ရေးသည် အဓိကတာဝန်။ ထိုတွင် စက်မောင်းဆီက ဂါလံရာနှင့်ချီပြီးတာဝန်လည်းကြီးသဖြင့် ကျွန်တော်တို့တာဝန်မယူရ။ စက်ရုံမှုးဖိုမင်နှင့် စက်ဗိုလ်ခေါ် စက်ခေါင်းမောင်းတွေသာတာဝန်ခံထုတ်ယူသုံးစွဲကြသည်။ ကျွန်တော်တို့က လက်ဆေးဆီနှင့် ချောဆီ ဂီယာဆီ အနည်းအကျဉ်းလိုအပ်သည်တို့ဖြည့်ရန် စက်ပြင်လုပ်သားတွေ ထုတ်လိုလျှင်စိစစ်ခွင့်ပြုနိူင်သည်။ အားလုံးပြင်ပမှာဈေးကောင်းရသည့်ရှားပါးကုန်တွေ။ တရားဝင်လစာ မလောက်ငသည့်အချိန်မှာ ထိုဆီတွေကမိသားစုထမင်းဝိုင်းမှသည် ကလေးကျောင်းစရိတ်ထိ များများထိတွေ့ရသည့် ဝန်ထမ်းတွေကျတော့ မိန်းမရွှေလက်တောက်အထိတာသွားသည်မို့ ထိုအရာတွေထုတ်ခွင့်လက်မှတ်ထိုးသည့်အခါတိုင်း ကျွန်တော်စိတ်စက်မလုံဖြစ်ရသည်။ တခါထုတ်လေးငါးဂါလံပေမင့် တစ်ခါတစ်ခါမလိုအပ်မှန်းသိသိကြီးနှင့်တောင်းလာသည့်အခါ သူတို့၏နေ့စဉ်ဘဝတွေမြင်တွေ့နေရသည့်ကြားမှ ကျွန်တော်ဆုံးဖြတ်ရခက်လှသည်။ စက်မှုအင်ဂျင်နီယာဘွဲ့ရတယောက် လုပ်ငန်းခွင်မှာစက်မှုနည်းပညာထက် စက်မသုံးဆီထုတ်ပေးရေးကိစ္စက ပို၍ကြီးမားသော (ယ္ခုခေတ်စကားနှင့်) စိမ်ခေါ်မှုတရပ်ဖြစ်နေလေတော့၏။

ဌာနဆိုင်ရာတွေမှာသာ ပေါများပြီးပြင်ပမှာရှားပါးသည့်ကုန်ပစ္စည်းများထဲမှာ စက်သုံးဆီသည် အဓိကနေရာမှာရှိသဖြင့် မှောင်ခိုအကြီးအကျယ်ဖြစ်ကာကိုင်တွယ်ရသောဝန်ထမ်းတွေကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစားကြသောနယ်ပယ်လည်းဖြစ်ပေ၏။ ဌာနဆိုင်ရာယာဉ်မောင်းမှသည် အရာရှိအဆင့်အထိသူ့နည်းသူ့ဟန်ဖြင့် မကင်းကြ။ ကျွန်တော့် စက်ရုံမှာ ၂၄နာရီလည်ပတ်ရသောစက်ရုံမို့ ကျွန်တော်တို့လည်းအဆိုင်းခွဲ၍တာဝန်ယူကြရသည်။ နေ့ကြီး နေ့လည်နှင့်ညကြီးပိုင်းဟူ၍ဖြစ်၏။ နေ့လည်ပိုင်းတာဝန်သည် ည ၁၁ နာရီပြီးဆုံးလေရာ တာဝန်ကျအလုပ်ကြပ်အတွက် အိမ်အပြန်ကားစီစဉ်ပေးထားသည်။ သို့ရာတွင် ယာဉ်မောင်းဖြစ်သူက သူ့အတွက်ဆီလက်ကျန်နည်းမည်စိုးသောကြောင့်အိမ်အရောက်မပို့ချင်။ အနီးဆုံးဘတ်စကားမှတ်တိုင် အထိသာပို့ချင်သည်။ အခြေအနေကိုနားလည်စွာ ကျွန်တော်ကလည်း နေထိုင်ရာစမ်းချောင်းသို့ ဘတ်စကားစီးရန် အဆင်ပြေမည့် တာမွေအထိသာပို့စေသည်။ တာမွေမှမြေနီကုန်းထိ ကြားကားခေါ်အောက်ဆိုက်ကားကို တစ်ကျပ်ပေးစီး၍ အိမ်ပြန်ရသည် (တမတ်ပေးရသောပုံမှန်ဘတ်စကား ည ၉ နာရီကျော်လျှင်မရနိူင်တော့)။

ထိုနေ့ကတန်ဆောင်တိုင်ပွဲတော်နောက်ဆုံးည။ ကျွန်တော် တာဝန်ပြီး၍ အိမ်ပြန်ရန်ထုံးဆံအတိုင်း တာမွေသို့ အလုပ်ရုံမှကားဖြင့်သွားသည်။ တာမွေရောက်တော့ မီးထွန်းပွဲပြန်ချိန် ရုပ်ရှင်ရုံလွှတ်ချိန်နှင့်ကြုံသဖြင့် ကြားကားပင်တိုးမရဖြစ်နေရာ လွတ်လွတ်လပ်လပ်လမ်းလျှောက်ပြန်သည်က ကောင်းဦးမည်ဟု စိတ်ကူးပေါက် သည်နှင့် နောက်ကားမစောင့်တော့ဘဲ မဂျစ်လမ်း(ယ္ခုသမိန်ဗရမ်းလမ်း)အတိုင်းလျှောက်လာခဲ့၏။ ရွှေဂုံတိုင်လမ်း လင့်လမ်းမှဘောင်ဒရီလမ်း(ဓမ္မစေတီလမ်း) ထိုမှဗားကရာလမ်း ရှမ်းလမ်းအတိုင်း အိမ်အရောက်လျှောက်နေစဉ် ကောင်းကင်မှာတန်ဆောင်မုန်းည၏လပြည့်ဝန်းကြီးကထိန်ထိန်သာနေသည်။ ကျွန်တော့်မွေးနေ့ တိတိကျကျပြောရလျှင်နှစ်ဆယ့်ငါးနှစ်ပြည့်ကျွန်တော့်မွေးနေ့။ ငွေရတုမွေးနေ့ကိုကျွန်တော်ထိုသို့လျှင် မထင်မရှားကျော်ဖြတ်ခဲ့လေသည်။ တာမွေမှစမ်းချောင်းသို့ မြို့ပြ၏ညကြီးသန်းခေါင် လသာသာမှာ လမ်းလျှောက်စဉ် ကျွန်တော်ဘာတွေတွေးတောနေခဲ့သည်ကို မမှတ်မိတော့ပြီ။ ငွေရတုအထိမ်းအမှတ် ကဗျာတပုဒ်မဟုတ်သည်မှာတော့သေချာသည်။

နောက်တနှစ်ခန့်အကြာမှာ မီးရထားမှထွက်၍ရေနံဘက်တွင်အလုပ်ဝင်ကာ မြေလတ်ပိုင်းရေနံမြေတခုသို့ ကျွန်တော် ရောက်သည်။ လုပ်ငန်းပြအင်ဂျင်နီယာရာထူးမို့ တင်းပြည့်ကျပ်ပြည့်ဝန်ထောက်မဖြစ်သေး။ ထိုမှ တနှစ်အကြာတွင် ဖြေထားသည်မှာကြာ၍ မေ့သလောက်ပင်ရှိသောပြည်တွင်းရေကြောင်းအဖွဲ့မှ အမြဲတန်း ရာထူးဖြင့်အလုပ်ခန့်စာရသည်။ ကျွန်တော့်ရည်မှန်းချက်တစ်ခုပြည့်မြောက်အောင်မြင်ပြီ။ ဝန်ထောက်ဖြစ်ပြီ။ ဘာဝန်ထောက်လဲဟုမေးလာက (ခုချိန်မှာကလေးကလားစကားဖြင့်) ပဲခူး(ပဂိုး)ဝန်ထောက် ဟုဖြေမိမည်ထင်သည်။ ကျွန်တော်တို့ငယ်ငယ်က တယောက်ယောက်၏ပုဆိုးတွင်အပေါက်ကလေးမဆိုစလောက်တွေ့လျှင် ပဂိုးဝန်ထောက်ပုဆိုးဖင်ပေါက်ဟု စလေ့နောက်လေ့ ရှိကြသည်။ ကိုယ်တွေ့ဝန်ထောက်ဘဝကတော့ ပုဆိုးဖင်မပေါက်ရုံတမည်။ ဝန်ထောက်ဖြစ်လျှင် အရာရာပြီးပြည့်စုံပြီဟုထင်တလုံးဖြင့် ရုန်းကန်ခဲ့သမျှ တကယ်တန်းဖြစ်လာတော့ထင်သာထင်မဝင်ဘူးကျောင်းအမရေဟုအော်ရမည့်ကိန်း။ လုပ်ခပေးချင်ယောင်ဆောင်သောအစိုးရနှင့်အလုပ်လုပ်ချင်ယောင်ဆောင်သောဝန်ထမ်းတို့ဖြင့်ဖွဲ့စည်းကာ အဂတိတရားများဖြင့်မောင်းနှင်အပ်သော အမည်ခံပြည်သူပိုင်ယန္တယားကြီးအတွင်းမှာစည်းမျဉ်းခံဝန်ထမ်းအဖြစ် သိက္ခာရှိရှိရပ်တည်ဖို့မဖြစ်နိူင်တော့သည့်အဆုံး ဝန်ထမ်းဘဝကိုကျွန်တော်စွန့်ခွာခဲ့၏။ လွယ်လင့်တကူတော့မဟုတ်။

မည်သည့်အကျိုးခံစားခွင့်မှမယူဘဲ အလုပ်မှနူတ်ထွက်ခွင့်တောင်းခံလွှာအပေါ် ဌာနမှူးဖြစ်သူကခေါ်ပြီး စာသားအချို့ ပြင်ပြီးပြန်တင်ရန် ညွှန်ကြားသည်။ လက်ရှိ စာသားအတိုင်း အထက်သို့တင်ပြရန် အခက်အခဲရှိကြောင်းသိရသည်။ ‘နိူင်ငံတော်၏ပြောင်းလဲလာသော စီးပွားရေးမူဝါဒများအရ (ထိုအချိန်ဈေးကွက်စီးပွားရေးစံနစ်စတင်နေပြီ) ပြင်ပတွင်ကိုယ်ပိုင်စီးပွားရေးတရပ်ထူထောင်လုပ်ကိုင်နိူင်ရန်’ ဟူသောစာသားမှာ ဘာအမှားပါနေမှန်း ယနေ့တိုင်ကျွန်တော်မသိ။ စဉ်းစား၍မရ။ နိူင်ငံတော်ဆိုသောစကားရပ်အား အဓိကမနှစ်မြို့ကြောင်းတော့ရိပ်စားမိသည်။ သို့သော် ကျွန်တော်ပြန်မပြင်ခဲ့။ ဆယ့်ငါးနှစ်တာမျှတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်သော နိူင်ငံသား နိူင်ငံ့ဝန်ထမ်းတစ်ဦး၏ နူတ်ထွက်ခွင့်တောင်းခံလွှာတွင် နိူင်ငံတော်ဆိုသောစကားရပ် ထည့်သွင်းသုံးစွဲခဲ့ခြင်းမှာအမှားတရပ်ဟုကျွန်တော် မယုံကြည်နိူင်သောကြောင့်ဖြစ်သည်။

ထိုအတွင်း စီးပွားရေးလုပ်ငန်းတခုကိုဝန်ထမ်းဘဝနှင့်ပင်ကျွန်တော်စတင်လိုက်သည်။ မအောင်မြင်။ ဝန်ထမ်းတာဝန်များလစ်ဟင်းလာခြင်းသာအဖတ်တင်သည်။ စိတ်ဓါတ်စုစည်းမှုပြန်လည်မရနိူင်သည့် အဆုံး ကျွန်တော်ခွင့်ရက်ရှည် တစ်လယူလိုက်၏။ ခွင့်ကုန်လျှင်လုပ်ငန်းခွင်ပြန်ဝင်မည်မဟုတ်ဟု ဌာနမှူးကိုနူတ်ဖြင့် အသိပေးခဲ့သည်။ တကယ်လည်းခွင့်ပြန်ဝင်ရမည့်ရက် ကျွန်တော်အလုပ်မဆင်းတော့။ ဌာနမှ စာတစ်တန်ပေတစ်တန်ခေါ်သည်ကိုငြင်းဆန်ခဲ့ပြီးနောက်ဝယ် ကျွန်တော့်အားဝန်ထမ်းစည်းကမ်းဖေါက်ဖျက်မှုဖြင့်မျက်ကွယ်တွင်အရေးယူကာအလုပ်မှထုတ်ပယ်လိုက်ကြောင်း တစ်ဆင့်စကားကြားရလေသည်။ ထုတ်ပယ်စာကိုတော့လက္ခံရရှိခြင်းမရှိ။ စည်းမျဉ်းခံဝန်ထမ်းဘဝဖြင့်သာအသက်မွေးကာ ထိုမှာပင်အရိုးထုတ်လိုသော ကျွန်တော့အိပ်မက်၏ပထမပိုင်းမှာ ဤသို့လျှင် စောစီးစွာပြိုလဲခြင်းသို့ဆိုက်ရောက်ခဲ့လေ၏။ ထိုအိပ်မက်မှာကျွန်တော်သာမဟုတ်လူမမယ်ရင်သွေးများအပါအဝင် မိသားစုတစုလုံးနှင့်စပ်ဆိုင်သည်မို့ဘဝမှာအတ္တကိုအပြင်းပြဆုံးချေမှုန်းခံရခြင်းပင်ဖြစ်လေသည်။

အိပ်မက်၏ဒုတိယပိုင်းမှာဈေးကွက်စီးပွားရေးစံနစ်အတွင်းသို့ချဉ်းနင်းဝင်ရောက်ခဲ့ခြင်းဖြစ်၏။ စင်စစ် အာဏာကို အကြွင်းမဲ့သိမ်းပိုက်ထားသူတို့က ဈေးကွက်ကိုအကန့်အသတ်ဖြင့်ဖွင့်လှစ်ပေးခြင်းဖြစ်လေရာ အာဏာရှိသူများသာစီးပွားရေးလုပ်ခွင့်ရသည့်သဘောပင်ဖြစ်၏။ အကျိုးဆက်အဖြစ်တိုင်းပြည်၏ကြွယ်ဝမှု မှန်သမျှလူတစုမှထင်သလိုချယ်လှယ်နိူင်သည့် လက်ဝါးကြီးအုပ်စီးပွားရေးစံနစ်တရပ်ပေါ်ပေါက်လာခဲ့ပြီး ခြစားမှုတွေ အကျင့်ပျက်တွေတရားဝင်ရပ်တည်လာခဲ့ကြသည်။ ယင်းတို့နှင့်မယဉ်ပါးလျှင် စီးပွားရေးမမည် သည်အထိအင်အားကောင်းလာသောအခါ ဈေးကွက်စီးပွားရေးသည်ရွေးကွက်စီးပွားရေးအဖြစ် အသားကျသွားတော့၏။ လက်ရွေးစင်(Cronies)တွေသာ ပါဝင်ခွင့်ရှိသောထိုရွေးကွက်စီးပွားရေး အဆင့်တွင် သယံဇာတတွေရော လူသားရင်းမြစ်တွေပါဖိတ်ကြစင်ကြရလေသည်။ ကျွန်တော်လည်း ထိုလှိုင်းတံပိုးကို ဘေးကင်းရန်ကင်းစွာမကျော်လွှားနိူင်ခဲ့။ အိပ်မက်ဒုတိယပိုင်းမှာမကြာမြင့်သော်လည်း ဘဝ၏လက်ကြမ်းကြီးများဖြင့်ပုတ်နှိုးခံရခြင်းမှာမူအတူတူပင်ဖြစ်လေသည်။ ထိုအချိန်မှာပင် ဘန်ကောက်ရောက်ဆရာသမားတဦးထံမှမမျှော်လင့်ဘဲဆက်သွယ်လာပြီး သူတို့ဆီမှာလစ်လပ်နေရာရှိသည်လုပ်လိုလျှင်အကြောင်းပြန်ရန် အမှာစကား ပါးသည်နှင့် ကြုံရသည်။

ပြောရလျှင်သည့်မတိုင်ခင်ငါးနှစ်ခန့်ကစင်္ကာပူစီးပွားရေးမစ်ရှင်တခုနှင့်အတူလိုက်ပါလာသော လုပ်ငန်းရှင်တဦးနှင့်အကြောင်းအားလျော်စွာရင်းနှီးခွင့်ရခိုက်သူ့ကုမ္ပဏီမှာအလုပ်ပေးမည် လိုက်ခဲ့မည်လားဟုခေါ်ဘူးသည်။ ထိုစဉ်ကတော့ အစိုးရဝန်ထမ်းဖြစ်၍မလိုက်နိူင်သေး ကျေးဇူးတင်ပါသည်ဟုသာယဉ်ကျေးစွာ ညင်းပယ်ခဲ့၏။ ယ္ခုဝန်ထမ်းဘဝနိဌိတံခဲ့ပြီ။ စီးပွားရေးလောကမှာလည်းရွှေစော်မနံပြန်ခဲ့ရပြီ။ သမုဒ္ဒရာအူဂင်္ဂါ၏ ဆာလောင်မှုကိုငြိမ်းစေရန်နှင့် မျိုးဆက်သစ်တို့ကိုပြုစုပျိုးထောင်ရန်တာဝန်တွေကရှိသေးသည်။ သို့နှင့် ပြည်တွင်းမှာ နိူးတဝက်အိပ်မက်တို့ဖြင့်ယောင်နနဖြစ်နေသောကျွန်တော် လေးဆယ်ကျော်မှပေါ်သောကံကို အားပြုလျက် မြက်ခင်းတို့စိမ်းမည်ထင်ရာဘန်ကောက်သို့ထွက်ခွာဖြစ်ခဲ့လေသည်။ သားသမီးတွေကို မထင်မရှား ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းမှာထား(အစိုးရကျောင်းတွေမှာနိူင်ငံခြားသားတက်ခွင့်မရှိ)။ ထိုမှ စရိတ်စကကြီးလာသောအခါအကြီးဆုံးကိုကျောင်းဆက်ထားပြီး အငယ်တွေအိမ်မှာနေသည့် အိမ်တွင်း ပညာရေးခွဲတမ်းစံနစ်ကျင့်သုံးလျက်ခဲကပ်သော်လည်းသက်သောင့်သက်သာဘဝကိုဖြတ်သန်းနိူင်ခဲ့သည်။ သို့တိုင်အောင် ခုနှစ်နှစ်အကြာမှာ အနာဂါတ်ကိုနောက်တကြိမ်တူးဆွဘို့ပြည်တွင်းသို့ကျွန်တော်ပြန်ခဲ့၏။

ကိုယ့်ပြည်ကိုယ့်ရွာနှင့် နှစ်အတန်ကြာကင်းကွာပြီးပြန်လာခိုက် ရင်ဆိုင်ရသောအခက်အခဲတွေကလည်း မနည်းမနော။ မိဘတိုင်းဦးစားပေးလေ့ရှိသောသားသမီးပညာရေးကအစ။ ထိုအချိန်က သားငယ်မှာ ၆ တန်းမို့ မူလသူတက်ခဲ့သောကျောင်းတွင်ပြန်အပ်ရန်စီစဉ်သည်။ ဇနီးဖြစ်သူပညာရေးဝန်ထမ်းဟောင်းကိုယ်တိုင် ထိုကျောင်းမှအသိဆရာမတစ်ဦးထံချဉ်းကပ်ပြီးသားငယ်ကျောင်းပြန်အပ်နှံခွင့်ကို ငွေနှစ်သိန်းဖြင့်ဈေးတည့်ခဲ့ကြောင်းကျွန်တော့ကိုပြော၏။ အမှန်ဆိုရလျှင်ထိုစကားကိုကြားကြားချင်းကျွန်တော်မယုံကြည်နိူင်။ ဘဝမှာ ပထမဆုံးကြားဘူးသည့် ပညာရေးလောကမှဈေးခေါ်စကားဖြစ်သည်ကိုး။ ဘာကိုရှက်မန်းမသိ ရှက်သလိုလည်းဖြစ်မိသည်။ ထိုကိစ္စကိုဇနီးသည်အပါအဝင်ကိုယ့်ပတ်ဝန်းကျင်မှ ဖြစ်ရိုးဖြစ်စဉ်ပမာဝိုင်းပြောကြသဖြင့် သားကျောင်းပြန်တက်နိူင်ရေးအတွက် ကျွန်တော်လက်လျှော့ကာတောင်းသည့်အတိုင်းပေးဘို့ သဘောတူလိုက်၏။ နောက်တစ်နေ့ ချိန်းထားသည့်အတိုင်းငွေပေးဘို့သွားခဲ့သောဇနီးသည် မျက်နှာမသာမယာဖြင့် ပြန်ရောက်လာသည်။ ယူသွားသည့်ငွေတွေသည်အတိုင်းသည်အတိုင်း။ ငါပြောတာကြားသွားလို့ ငွေမယူရဲတော့လို့များလားဟုရူးကြောင်မူးကြောင်ကျွန်တော်တွေးမိသေးသည်။ ဆရာမက မနေ့ကနှစ်သိန်းပြောခဲ့သည်ကိုတောင်းပန်ပြီးစကားပြင်ကာငါးသိန်းရမှဖြစ်မည်ဆိုသောကြောင့် ငွေထပ်ယူရန်ပြန်လာကြောင်းသိရသည်၌ ကျွန်တော် ရင်ကွဲပက်လက်ဖြစ်တော့၏။ ထို့နောက် ထိုကျောင်းကိုပြန်မအပ်ရန် အားလုံး၏သဘောထားနှင့် ဆန့်ကျင်လျက်ဆုံးဖြတ်လိုက်လေသည်။

စင်စစ် ကျွန်တော်ပြန်လာခဲ့သည်ကပြည်တွင်းမှာလုပ်ကိုင်စားသောက်ဖို့။ သို့ရာတွင် ယ္ခင်အဆက်အသွယ်ဟောင်းတွေထဲက ဝန်ထမ်းဆိုလျှင်အငြိမ်းစားယူသူယူ အဆင့်မြင့်သူမြင့်ကုန်ကြပြီး လူချမ်းသာသလောက် အချိန်တွေဆင်းရဲကုန်ကြပြီ။ လူကြီးတွေနောက် တောက်လျောက်လိုက်ဂေါက်ရိုက်ကြရင်း  ကျွန်တော်တို့လိုတော်ရုံလူကို တွေ့ဘို့ပင်အချိန်မပေးနိူင်ကြတော့။ ပြင်ပလုပ်ငန်းရှင်တွေထဲကအချို့ ညည်းရင်းတွားရင်း အဆင်ပြေသူတွေရှိသလို အချို့အဆင်မပြေသဖြင့်လုပ်ငန်းဖြုတ်လိုက်ကြပြီးအပြင်ထွက်သူထွက် တောက်တို မယ်ရလုပ်ရင်း အသက်ဆက်သူဆက်နေကြသည်။ စီးပွားရေးလုပ်ငန်းအာလုံးလိုလို တပ်ပိုင်သို့မဟုတ်လက်တဆုတ်စာနာမည်ကြီးသူဌေးတစ်ဦးဦးပိုင်ဖြစ်ကုန်ကြပြီ။ စိတ်မဝင်စားသည့်တိုင် ကျွန်တော်သိရသလောက် သူတို့ထံမှာအခစားလုပ်လိုလျှင်ပင် ယုံကြည်ခံရလောက်သောအဆက်အသွယ်မှရနိုင်သည်။ သူတို့ယုံကြည်သူ မှာလည်း သူတို့အဝန်းအဝိုင်း သို့မဟုတ် ထိုအဝန်းအဝိုင်းမှ ထောက်ခံသူသာဖြစ်လေ၏။

အခြေအနေတရပ်ကို အလွယ်တကူလက်သင့်မခံတတ်သူပြီပြီ (မသိသားဆိုးရွားသူ ပြီပြီ) ထိုစဉ်က ထမင်းစားဖို့ရရုံလောက် ကိုယ်ပိုင်စီးပွားရေးလေးတခုစတင်ဘို့ကျွန်တော်ကြိုးပန်းကြည့်၏။ အတွင်းဝင်ဘို့နေနေသာသာ အပြင်စည်းကိုပင်မကျော်နိူင်။ ဘန်ကောက်မှာတုံးက တစ်ခုခုစိတ်မသာမယာဖြစ်ရတိုင်း ရန်ကုန်ပြန်ပြီးဈေးရောင်းစားမယ်ကွာဟု ဒေါနှင့်မောနှင့်ပြောလေ့ရှိသော်လည်း တကယ်တန်းကျ ဈေးရောင်းစားဘို့ပင် မဖြစ်နိူင်သည်ကိုမျက်ဝါးထင်ထင်ကြုံနေရပြီ။ ပြည်ပပြန်ထွက်ချင်လောက်အောင် စိတ်ကလည်းမလည်သေးသည်နှင့် ကျွန်တော့်ကိုလိုလားဆဲ ဖြစ်သော ဘန်ကောက်ကုမ္ပဏီတခုသို့ တစ်ခါသွားနှစ်လ (ခရီးသွားဗီဇာခွင့်ပြုသမျှ) တနှစ်နှစ်ခါနှုံးမျှ သွားကာပုတ်ပြတ်အလုပ်လုပ်ပြီးရပ်တည်ခဲ့ရလေသည်။ ဒါတောင် သားသမီး ပညာရေးအတွက် ဇနီးဘက်မှညီမများ၏လုံးဝဥဿုံအထောက်အပံ့မကင်းနိူင်ခဲ့။ ဤသည်တို့မှာ ကျွန်တော့် ဘဝရွှေရတုကာလနောက်ခံပုံရိပ်များဖြစ်ကြသည်။ ရာစုနှစ်တဝက်မျှအာဏာရှင်စံနစ်ဘုန်းမီးနေလတောက်ပ ခဲ့သောတိုင်းပြည်မှာ ရာစုနှစ်တစ်ဝက်မျှရှင်သန်ခွင့်ရခဲ့ပြီးသူလူသားတဦး၏ဘဝကောက်ကြောင်းကား သို့လျှင်မှိန်မှိန်ဖြော့ဖြော့။ ဤသည်ပင် ကွဲပြားခြင်း(Contrast) သဘောတရားကြောင့်သတိပြုမိခြင်းဖြစ်၏။

နိူင်ငံတော်အကြီးအကဲကတော်ကိုယ်တိုင်ကမကထပြုသော ဗုဒ္ဓရုပ်ပွားတော်နှင့်တန်ဆောင်းသစ် အလှူတော် ရေစက်ချမင်္ဂလာအခမ်းအနားတခုမှာ သူဌေးကြီးတဦး၏နှစ်ငါးဆယ်ပြည့်ရွေရတုမွေးနေ့ အထိမ်းအမှတ် အလှူငွေကျပ်သိန်းငါးဆယ်အားထိုသူဌေးကြီးကိုယ်တိုင်လှူဒါန်းနေပုံကို နိူင်ငံပိုင်သတင်းစာများတွင် ဝေဝေဆာဆာဖေါ်ပြခဲ့ရာ (ပုဂ္ဂလိကသတင်းစာတွေ မပေါ်သေး) ထိုသူဌေးကြီးမှာ ကျွန်တော်နှင့်ရွယ်တူတန်းတူ ရပ်ကွက်တူကျောင်းတူသူငယ်ချင်းဖြစ်လေသည်။ ကျွန်တော့်ရွှေရတုမွေးနေ့ကာလမှာ သူ့ရွေရတုမွေးနေ့အလှူသတင်းကိုဖတ်ရင်း ကျွန်တော့်အာရုံမှာသူနှင့်ကျွန်တော်နောက်ဆုံးဆုံဖြစ်ခဲ့ကြပုံကို မြင်ယောင်မိ၏။ နဝတအစိုးရလက်ထက် ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကာလ တစ်ခုသောညနေခင်းမှာဖြစ်၏။ မိခင်ကြီးနေထိုင်ရာ စမ်းချောင်းသို့သွားရောက်တွေ့ဆုံပြီးအပြန်ရှမ်းလမ်းပေါ်မှာအက်စအီးကားဖြူလေးတစီး ကျွန်တော့်ဘေးတွင်ရပ်လာသည်။ ကားအတွင်းမှ ‘ဘယ်သွားမလို့လဲသူငယ်ချင်း’ဟု မေးလာသူက ‘သူ’။ အလယ်တန်းကျောင်းပြီး ကတည်းက ခွဲကြသည် ဆိုပေမင့် ကျွန်တော်တို့ တယောက်ကိုတယောက်ကောင်းစွာမှတ်မိကြပြီး ယခင်ကလိုဖက်လှဲတကင်းရင်းနှီးဆဲ။ သို့ရာတွင် ညမထွက်ရအမိန့်ကြောင့် အချိန်အကန့်အသတ်တော့ရှိနေသည်။ ကျွန်တော်နေသည်က မစ်ရှင်လမ်းမှာမို့ ရှမ်းလမ်းအတိုင်းနာရီဝက်လျှောက်လျှင်ရောက်ပြီ။

အိမ်ပြန်မည်ဟုပြောသည်၌ သူက ညမထွက်ရအမိန့်ရှိနေသည်သူလိုက်ပို့မည်ဟုပြောသည် (အချိန်တနာရီတိတိလိုသေးသည်)။ အချိန်ကိုတွက်ပြပြီး မလိုကြောင်းငြင်းသော်လည်း တံခါးဖွင့်ပြီးအတွင်သာခေါ်နေလေရာ သူနှင့်လည်းစကားစမြည်ပြောလိုသည်နှင့် သူ့ဖိတ်ခေါ်မှုကိုလက်ခံကာ ကျွန်တော်သူ့ကားပေါ်တက်ခဲ့တော့၏။ စကားစမြည်ပြောမည်ဟုအားခဲသူကကျွန်တော်ဖြစ်သော်လည်း တကယ်တန်းမရပ်မနားပြောသွားသူမှာသူပင်ဖြစ်လေသည်။ မန္တလေးတွင်ဆောက်လုပ်ရေးလုပ်နေကြောင်းအဆင်ပြေသဖြင့် လုပ်ငန်းတွေတိုးချဲ့နေကြောင်း အင်ဂျင်နီယာတွေငှါးထားကြောင်း ကွန်ပျူတာတွေဝယ်ထားကြောင်း နိူင်ငံခြားနှင့်သစ်လုပ်ငန်းဖက်စပ်လုပ်ကိုင်နေကြောင်းအားပါးတရပြောရင်း အိမ်ဝင်းဝအထိလိုက်ပို့သောသူ့ကို ကျွန်တော် ကျေးဇူးတင်စကားပင်အလုအယက်ပြောလိုက်ရ၏။ တပတ်ခန့်အကြာ တီဗီသတင်းတစ်ခု၌ မန္တလေးရှိဟော်တယ်တခုအား တိုင်းမှူးနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေသောသူ့ပုံမြင်ရ၏။ နောက်ပိုင်းအလားတူသတင်းတွေမကြာမကြာတွေ့ရပြီး သူ၏အံ့မခန်းအောင်မြင်မှုတွေကိုကြားသိနေရသော်လည်း သူနှင့်ကျွန်တော်ထပ်တော့မဆုံဖြစ်။ ထိုအချိန် ကျွန်တော်ကကျွန်တော့်အိပ်မက်ကမ္ဘာတွေမှာလူးလွန့်ဆဲ။

ဆုံမည့်ဆုံတော့သူ့ရွေရတုအလှူကိုမုဒိတာသာဓုခေါ်ဆိုခဲ့ပြီးနောက်ရက်ပိုင်းအတွင်းမှာ ခလုပ်တိုက်သလိုဆုံဖြစ်လေ၏။ ပန်းဆိုးတန်းမှာစာအုပ်ဈေးကြည့်ရင်းလမ်း၄၀ဘက်သို့အသွားလွစ္စလမ်း (ဆိပ်ကမ်းသာလမ်း) နှင့် ၃၉လမ်းကြားကုန်သည်လမ်းပလက်ဖေါင်းပေါ်ရှိ ထိုစဉ်ကကုန်သည်ကြီးများအသင်း ဆင်ဝင်အောက်မှာ ရပ်ထားသော ဆစ်ဂနက်လားဆိုင်းဂနက်လား ကျွန်တော်ကောင်းစွာအသံမထွက်တတ်သည့်ကားကြီးတစင်းဘေးမှကျဉ်းကျဉ်းကျပ်ကျပ်ဖြတ်လျှောက်ခိုက် အသင်းရုံးပေါ်မှဆင်းလာသည့် သူနှင့်ကျွန်တော်တိုက်မိမတတ် (ပလက်ဖေါင်းမှာကားနှင့်ပြည့်နေ၍) ဖြစ်သွားသည်။ ရုတ်တရက်အံ့အားသင့်နေကြခိုက် သွက်လက်သောသူကစ၍ ‘ခင်ဗျားကို ကျွန်တော်သိသလိုဘဲ’ ဟုပြောဆိုရာ ကျွန်တော်က ကျွန်တော့နာမည်နှင့်ငယ်စဉ်ကနေခဲ့ဘူးသောလမ်းကိုပြောပြီး ‘ကျွန်တော်တို့ XX ကျောင်းမှာ အတူနေခဲ့ဘူးပါတယ်’ ဟုအစဖေါ်ပေးသော်လည်း သူဇဝဇဝါ ဖြစ်နေပုံရ၏။ လမ်းသွားလမ်းလာတွေနှင့်မို့သည့်ထက်ပို၍အချိန်မပေးနိူင်။ သူက ‘အေးဗျာ ရုံးကို လာခဲ့ပါဦး’ ဟုဖေါ်ရွေစွာပြောပြီးကားကြီးပေါ်တက်ခါမောင်းထွက်သွားခဲ့လေသည်။ ရုံးကိုလာခဲ့ပါဆိုသော်လည်းသူ့ရုံးခန်းဘယ်မှာမသိသလို သွားစရာလုံလောက်သောအကြောင်းကြီးငယ်လည်း မရှိသဖြင့် ကျွန်တော်မရောက်ခဲ့။ များမကြာမီစင်္ကာပူသို့သာ ဒုတိယအကြိမ်ဝမ်းရေးအလို့ငှါ ကျွန်တော်ထွက်ခွာဖြစ်ခဲ့သည်။ အမှန်တော့သည်တခါက ဝမ်းရေးထက်နည်းနည်း ပိုသည်။

ကျွန်တော့်သားငယ် ဂျီစီအီး အို အဆင့်စာမေးပွဲကို ထူးချွန်စွာအောင်သည်။ သူအရင်နေခဲ့ဘူးသည့်အစိုးရ အထက်တန်းကျောင်းက ဈေးမကိုက်ဆိုကာလက်မခံသဖြင့် နီးစပ်ရာအထက်တန်းကျောင်းတစ်ခုခုတွင် ထားမည်ဟု ကျွန်တော်စီစဉ်သောအခါဇနီးသည်နှင့်ညီမများကကန့်ကွက်ကြသည်။ ညီမတဦးကသူ့သားနှင့်အတူ ဖိုးစိန်လမ်းရှိ ပုဂ္ဂလိကကျောင်းမှာထားဖို့ စရိတ်စကနှင့်တကွခေါ်သည်။ ဝင်ခွင့်စာမေးပွဲမှာ တစ်တန်းတိုးဖြေခိုင်းပြီး အောင်လည်းအောင်သဖြင့်သတ္တမဆင့်မှစတက်ခွင့်ရသည်။ နောက်အိမ်နှင့်နီးသောခရေပင်လမ်းရှိ အခြားကျောင်းတကျောင်းသို့ပြောင်းရွှေ့ခဲ့ပြီးထိုကျောင်းမှပင်ဂျီစီအီးစာမေးပွဲဝင်ရောက်ဖြေဆိုကာအောင်မြင် ခဲ့ခြင်းဖြစ်လေသည်။ ယ္ခုသူက စင်္ကာပူတွင်ကျောင်းတက်လိုသည်ပြောသောအခါ ကျွန်တော့်တာဝန်ကျလာပြီ။ သူ့ကံကလည်းတစ်မျိုး။ အစိုးရကျောင်းတက်လို၍ပြန်လာသော်လည်း အစိုးရကျောင်းကတက်ခွင့်မရ။ ယ္ခုလိုအပြင်ကျောင်းတက်အပြင်မှဖြေကာအောင်မြင်သည့်လက်မှတ်ကျတော့ နိူင်ငံတကာကအသိအမှတ်ပြု သည့်တိုင် ပြည်တွင်းကလက်သင့်မခံ။ သူ့လိုလားချက်ကိုပြည်တွင်းရှာဖွေစာဖြင့် (အမှန်ကရှာကိုမရှာနိူင်သည့်အချိန်) မတတ်နိူင်သောအခါ ကျွန်တော့်မှာပြည်ပပြန်ထွက်ရုံမှတပါးရွေးစရာလမ်းမရှိ။ ပထမ ဘန်ကောက်သို့ပြန်သွားပြီးအလုပ်လုပ်ကာသားကျောင်းစရိတ်ထောက်မည်ဟုစဉ်းစားသည်။ အုပ်ထိမ်းသူအဖြစ် (စင်္ကာပူမှာ ၁၈နှစ်မပြည့်သူကျောင်းသားတိုင်းအုပ်ထိမ်းသူ(Guardian)ရှိဘို့လိုသည် ထိုမှာအခြေကျနေသော သူငယ်ချင်းတဦးကိုအကူအညီတောင်းမည်။

နောက်တစ်ခုစဉ်းစားမိသည်က ဟောင်ကောင်မှာကျွန်တော်အလုပ်လုပ်သားကိုလည်းထိုမှာကျောင်းထား။ လွန်ခဲ့သောတစ်နှစ်ခန့်ကကျွန်တော့်လိုပင်ပြည်တွင်းပြန်အလုပ်လုပ်ဖို့ကြိုးစားရင်းမတတ်သာသဖြင့် ဟောင်ကောင်သို့ထွက်သွားရသောမိတ်ဆွေတစ်ဦး(စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းရေကြောင်းအင်ဂျင်နီယာ) က ကျွန်တော်အပြင်ပြန်ထွက်လိုသည့်အခါအကူအညီလိုလျှင်ပြောပါဟုအမှာစကားပါးဖူးသည်ကို သတိရသဖြင့်သူ့ထံစာရေးလိုက်၏။ မိတ်ဆွေကသူတို့ဆီမှာကျွန်တော်နှင့်စပ်ဆိုင်သည့်အလုပ်မျိုးမရှိ၊ သူတို့နှင့်အလုပ် သဘောဆက်ဆံနေသည့်စင်္ကာပူသင်္ဘောကျင်းတစ်ကျင်းကတော့ကျွန်တော့်ကိုယ်ရေးရာဇဝင်ကို စိတ်ဝင် စားသည်လက္ခံနိူင်လျှင်ပြောပါဟုအကြောင်းပြန်လာသည်။ လိုရင်းပြောရလျှင် ထိုသင်္ဘောကျင်းမှ တယ်လီ ဖုန်းဖြင့်အင်တာဗျူးလုပ်ပြီးရွေးချယ်ကာအလုပ်လုပ်ခွင့်ပါမစ် မိသားစုပါမစ်အားလုံးစီစဉ်ပေးသဖြင့် ကျွန်တော့်အတွက်သားရွှေအိုးထမ်းသလိုဖြစ်ခဲ့ရလေသည်။ စင်္ကာပူမှာကျွန်တော်ကအလုပ်လုပ်ပြီး သားကဂျူနီယာကောလိပ်တက်သည်။ ကျွန်တော်ကိုယ်တိုင်ရှိပြီမို့ သားအတွက်အုပ်ထိမ်းသူတကူးတကန့်ရှာစရာမလိုတော့။ ဒုတိယအိပ်မက်ပြိုပျက်သည့်နောက်ပိုင်း ကျွန်တော်အိပ်မက်လည်းမမက်ဖြစ်တော့။ အိပ်မက်အစား ခိုင်ကျည်သောသမ္ပဇ္ဇဉ်ဖြင့် ဘဝကိုဖြတ်သန်းရင်းမျိုးဆက်သစ်တွေ တိုးတက်ရစ်စေ ဖို့တွေးကြံရုန်းကန်နေခဲ့၏။

ယ္ခု စင်္ကာပူမှာရှစ်နှစ်။ သားငယ်အမျိုးသားတက္ကသိုလ်မှဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်နေပြီ။ ရန်ကုန်မှသမီး သူရထားသောဘွဲ့တွင်နိူင်ငံတကာလက်မှတ်တခု စင်္ကာပူအကြိုက်ထပ်ဆောင်းလျက် မိဘမောင်ဘွားတွေရှိရာ စင်္ကာပူသို့လာရောက်အလုပ်လုပ်နေပြီ။ မိဘပြောသမျှ အလွန်တရာဝေဖန်ဆန်းစစ်သလောက် အကောင်းမြင်ဘို့ဝန်လေးတတ်သောသားကြီးလည်း စင်္ကာပူ၏တနေ့ရွှေတနေ့ငွေအနေအထားမှာ သက်ဆိုးရှည်ရင်း လိမ်ဖယ်ဖယ်သားသည်အဖေတဦးဖြစ်နေပြီ။ ရုပ်ဝတ္ထုအမွေမပေးနိူင် ပညာကိုတော့ ပုခုံးထမ်း၍အမွေပေးမည် မိဘထက်တော်တတ်မြင့်မြတ်သော အတိဇာတသားသမီးများဖြစ်အောင်ကြိုးစားကြဟု မှာကြားခံယူကျင့်သုံးသူဖခင်တဦးအနေဖြင့်တာဝန်ပြီးဆုံးပြီ (Mission Accomplished)ထင်သည်။ ဤတွင် ခုနှစ်နှစ်တကြိမ် ပုံမှန် ‘တက်’ လေ့ရှိသော ရောက်လေရာမပျော်ပိုက်သည့်ရောဂါလက္ခဏာတွေက (အလိုမကျ စိတ်တို ဒေါသကြီး အထီးကျန်) အထင်အရှားပြလာကြတော့၏။ သည်တခါ ငဲ့ကြည့်စရာလည်းနည်းပြီမို့ လုပ်လက်စအလုပ်ပြီးပြတ်အောင်လုပ် အလုပ်ရှင်ကိုရင်ဖွင့်နူတ်ထွက်ခွင့်ရယူကာ တစ်ကိုယ်တော်ပြည်တော်ပြန်ခရီးကိုစတင်ဖြစ်ခဲ့သည်။

ကိုယ့်အသက်ကိုယ်ဆန်းစစ်တော့ရွှေရတုဆယ်စုတစုကျော်။ ပုလဲရတုဟုလောကီသားတို့ပညတ်အပ်သောဘဝအဆစ်အပိုင်းသို့တိုင်ခဲ့ပြီ။  ပုလဲလေးတွေဆိုတာကမာကောင်လေးတွေရဲ့မျက်ရည်ဆိုသော ဟိုတုန်းကတေးသွားလေးအမှတ်ရမိ၏။ ရင်ကိုခွဲ၍ပုလဲကိုယူပြီးစ ကမာကောင်တကောင်၏တန်ဖိုးမည်မျှရှိမည်နည်း။ လောလောဆယ်ဇရာနှင့်အတူမကျရောက်သေးသော်လည်း အညှီမြင်သောယင်ပမာခန္ဓာပေါ်ဝဲနေကြသောဗျာဓိတော့ရှိသည်။ ပြီးတော့ သမိုင်း။ ကိုယ့်သမိုင်းကိုယ်အရောင်မချယ်ဘဲပြကတေ့(ပကတိ) သဘောရေးလိုသောဝသီကြောင့်လူစွမ်းနှင့်ကဲမထင်ပွဲမဝင်သည့်သမိုင်းတခုကျန်ရစ်နိူင်မည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာ အမိတက္ကသိုလ် ရွှေရတုနှင့်ကြုံခြင်းဖြစ်၏။ စိန်ရတုကို မြင်ခွင့်ရှိပါဦးမလားဟူသောအတွေးကို ပစ္စက္ခမှ ကျွန်တော် နှင်ထုတ်ဘို့ ကြိုးစားမိလေသည်။  ထိုအခါသွားလေသူဆရာတင်မိုး၏ ‘ဧည့်သည်ကြီး’ ကဗျာ ကျွန်တော့် အာရုံမှာထင်ဟပ်လာလေ၏။

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကိုပြန်ပို့ကြပါလေ။

ထိုကဗျာကို သူငယ်ချင်းတဦး၏အိမ်တွင်တစ်နေကုန်တစ်ယောက်တည်းကျန်ရစ်ခိုက် စားပွဲပေါ်ရှိစာရွက်တရွက်ကောက်ယူပြီး ဆရာလက်တန်းစပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ဖတ်ရဘူးသည်။ ထိုစဉ်က လူလတ်ပိုင်းအရွယ်ဖြစ်သောဆရာ ဘယ်အတွေးခံစားချက်မျိုးဖြင့်ထိုကဗျာရေးခဲ့သည်ကိုကျွန်တော်မသိ။ ကျွန်တော်ကတော့ခုချိန်မှာ ကျွန်တော်တို့လိုလူအိုတစ်ပိုင်းတွေကိုကြိုတင်ရည်ညွှန်းသော အနာဂတ္တိစိတ်ကူးစိတ်သန်းဖြင့်များထိုကဗျာကိုဆရာရေးခဲ့လေသလားဟုမဝံ့မရဲတွေးနေမိလေသည်။