Sunday, April 30, 2017

ကျွန်တော်နှင့် နိုင်ငံတော်

သတင်းစုံသလောက် ပုံပြောကောင်းသော ပန်းတနော် လမ်းသား(၂)ထံမှ ကြားသိ ဘူးသည့် ဖြစ်ရပ်မှန်တစ်ခုရှိ၏။ လွပ်လပ်ရေးရပြီးခေတ်တွင် အောင်မြင်ခဲ့သောရန်ကုန်တက္ကသိုလ်ထွက် စာရေး ဆရာ (ဆရာဝန်) တစ်ဦးတွင် သားသမီးနှစ်ဦးထွန်းကားခဲ့ရာ သမီးကြီးကိုအမိသားငယ်ကိုမြန်မာဟူ၍ အမည်ပေးထားသည်။ ဦးလေးဖြစ်သူတက္ကသိုလ်စာရေးဆရာနောက်တစ်ဦးနှင့်အတူ ထိုအိမ်သို့အလည်ရောက်ဘူးသော ပန်းတနော်လမ်းသား၏ပြောစကားအရ “ဧည့်သည်လာတဲ့အခါ သူ့သားနဲ့သမီးကိုပြချင်ရင် အမိမြန်မာတို့လာကြဦးဟေ့ လို့ ခေါ်လိုက်တာနဲ့ မောင်နှမနှစ်ယောက်စလုံး ရောက်လာကြတော့တာပဲ” ဟူ၏။

ထို စာရေးဆရာကြီး ယ္ခုသက်ရှိထင်ရှားမရှိတော့သလို ကျွန်တော်တို့နှင့် အရွယ်ချင်းမတိမ်းမယိမ်း အမိနှင့်မြန်မာ တို့ ဘယ်ဆီမှာ ဘယ်နာမည်တွေနှင့် ကြီးပြင်းနေထိုင်ကြသည်ကို ပန်းတနော်လမ်းသား ထပ်မပြောပြသဖြင့် ကျွန်တော်မသိ။ သို့သော် ထိုစာရေးဆရာကြီး၏ နှစ်လိုဘွယ်စိတ်ကူးစိတ်သန်းနှင့် ရိုးစင်းသော ပြည်ချစ်စိတ် အငွေ့အသက်တို့ကိုခံစားရမိသလိုရှိလေသည်။ အထူးသဖြင့် ယနေ့ကာလ သည်တိုင်းပြည်မှာ လူဖြစ်ရတာနာသလိုမျိုးပြောဆိုပြုမူနေကြသည့် သည်မြေဖွားအတော်များများကိုအကြောင်းအားလျော်စွာ တွေ့ကြုံရလေတိုင်းပန်းတနော်လမ်းသားနှင့်ထိုစာရေးဆရာကြီးတို့ကိုယှဉ်တွဲလျက်အမှတ်ရဖြစ်လေသည်။

ကိုယ်တိုင်က သည်တိုင်းပြည်ပြင်ပမှာနှစ်အတန်ကြာအသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး သားသမီးအချို့ ယခုတိုင် ထိုမှာရှိကြဆဲမို့ ကျွန်တော့်စကား၏ လေးနက်မှုကမေးခွန်းထုတ်စရာ ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် ကျွန်တော့်အနေနှင့်ပြင်ဆင်ပြောဆိုလိမ့်မည်မဟုတ်။ စင်စစ် နိုင်ငံတော်ဆိုသော စကားလုံးသုံးစွဲခွင့်ကိုပင် ကန့်သတ်ခံရဘူးသည့်အခြေအနေများကြားမှာ နိုင်ငံတော်သားတစ်ယောက်အဖြစ် မတ်မတ်မားမား ဝင့်ကြွားနေထိုင်ခဲ့သော ကျွန်တော်ကြီးကောင်ကြီးမားကျကာမှ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပြည်ပထွက်၍ အသက် ဆက်ခဲ့ရသည့်တိုင် သည်နိုင်ငံသားဖြစ်ရသည်ကို နောင်တဖြင့်မညည်းညူခဲ့မိ။ သည်နိုင်ငံတွင်းက စံနစ်တွေသနစ်တွေကိုတော့ နောင်တနှင့်ရော ဒေါသနှင့်ပါ ကြုံလျှင်ကြုံသလို ပြောခဲ့ဆိုခဲ့ ရံဖန်ရံခါရှုတ်ချခဲ့ဘူးသည်။ ဒါသည်ပင် ကျွန်တော် နိုင်ငံတော် အဝန်းအဝိုင်းအတွင်းမှာ မရှင်သန်ခဲ့သော အကြောင်း တစ်ခုဖြစ်ကောင်း ဖြစ်နိုင်သည်။

ဘွဲ့ရပြီးစ အမြဲတန်းရာထူးအတွက်ဖြေဆိုထားဆဲကာလအတွင်း မြန်မာ့ရေနံဘက်တွင် လုပ်ငန်းပြ အင်ဂျင်နီယာအဖြစ် တစ်နှစ်ကြာကျွန်တော် အမှုထမ်းခဲ့ဘူးသည်။ ပထမဦးဆုံး လိုက်ပါရသော ရေနံမြေမှာ ကျုံပျော်မြိ့နယ် ကျုံတနီး ရေနံတူးဖေါ်ရေးစခန်းဖြစ်၏။ ဆောက်လုပ်ရေးနှင့် တွင်းတူးစင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေခိုက်မို့ ကျွန်တော့်အဖို့ရာ အလုပ်များများစားစားမရှိ။ ထိုအချိန် ဆောက်လုပ်ရေးတာဝန်ခံမှ ကျောက်စရစ် တွဲဆွဲရန် ရေယာဉ်တစ်စီး အရေးပေါ်လိုအပ်သောကြောင့် ရှာဖွေငှါးရမ်းဘို့ အကြီးတန်း တွင်းတူးအင်ဂျင်နီယာတစ်ဦးနှင့်အတူ လိုက်ပါရန် ကျွန်တော့်အားတာဝန်ပေးလေသည်။ အနီးဆုံး ဧရာဝတီမြစ်ကမ်းပေါ်ရှိ မြို့ပေါ်သို့သွားရောက်ကြရာ၌ ပုဂ္ဂလိကရေယာဉ်အားလုံး မြို့နယ်ကောင်စီ ခွင့်ပြုချက်နှင့်သာ အငှါးလိုက်ရမည်ဆိုသဖြင့် နှစ်ဦးသား မြို့နယ်ကောင်စီရုံးသို့ ပြေးကြရသည်။ အလုပ် အမှုဆောင်အဖွဲ့ဝင်တစ်ဦးထံ ဝင်ရောက် တွေ့ဆုံရာ ဆင်ဝှေ့ရန်ရှောင် စကားတွေသာ အပ်ကြောင်း ထပ်နေသည့်အဆုံး မနူးမနပ်ကျွန်တော်က နိုင်ငံတော်စီမံကိန်းတစ်ရပ်မို့ ကူညီပါရန် ဝင်ရောက်ပြောဆို မိလေသည်။

ထိုစကား ကျွန်တော့်နှုတ်ဖျားမှထွက်သွားခိုက် ထိုပုဂ္ဂိုလ်၏ စက်ဆုပ် သော အကြည့်နှင့်အတူ “ကျုပ်တို့ နိုင်ငံတော်အတွက်လုပ်နေတာက ခင်ဗျားတို့ကိစ္စတွေကို ဆန်စင်ရာကျည်ပွေ့လိုက်ဘို့မဟုတ် ဘူးဗျ” ဟု သဘောရသောစကားများကို အမြောက်ပစ်သလို ကြုံးဝါးပြောဆိုခံရပြီးနောက် ကျွန်တော်တို့ ဆုတ်ခွာခဲ့ရ၏။ လမ်းပေါ်သို့ပြန်အရောက် ကျွန်တော့်ထက်လုပ်သက်ဆယ်နှစ်ခန့် ပိုသော်လည်း လူတိုင်းကို တလေးတစားဆက်ဆံတတ်သူဝါရင့်စီနီယာကြီးက “သူတို့နဲစကားပြောရင်နိုင်ငံတော်ဆိုတဲ့အသုံးအနှုံးမပါစေနဲ့ သူတို့မကြိုက်ဘူးဗျ” ဟုလေသံအေးအေးဖြင့်ပြောသည်။ ပြီးမှ ကျွန်တော့်မျက်နှာပေါ်တွင် ရှုပ်ထွေးဆဲ အရိပ်အယောင်များကိုသတိပြုမိဟန်ဖြင့် “သူတို့ကလွဲရင် ဒီစကားလုံးသူများသုံးတာမကြိုက်ဘူး” ဟု ဖြည့်စွက်ရှင်းလင်းလေသည်။ မည်သို့ဆိုစေ စကားကြီး စကားကျယ် ပြောဆိုခြင်း၌ ဝါသနာထုံသူ (မတန်မရာ ပြောသည်ဟု ရင်းနှီးသောသူငယ်ချင်းများ၏ ထောမနာပြုခြင်းခံရလေ့ရှိသူ) ကျွန်တော်က မဆင်ခြင်တတ် လေရာ အလားတူချောက် (ဂျောက်) ကျရ သည့်အဖြစ်မျိုး မကြာမကြာ ကြုံရ၏။ ထားတော့။

ထိုနေ့ကအဖြစ်ကို ပြန်ဆက်ရလျှင် အနီးဝန်းကျင်မြို့တွေမှာ အဆင်မပြေသည့်အဆုံး စီနီယာကြီး၏ဇာတိ ပုသိမ်မြို့အထိတက်ပြီး သူ့ငယ်သူငယ်ချင်း ပါတီယူနစ်အတွင်းရေးမှူးတစ်ဦး၏ အကူအညီဖြင့် ဆွဲရေယာဉ်ငယ် တစ်စင်းကို ငှါးရမ်းရယူခဲ့ရလေသည်။ သည့်နောက်ပိုင်း အမြဲတန်း ရာထူးနေရာကို အခြားဌာနတစ်ခုတွင် ခန့်အပ် ခံရသဖြင့် ထိုအလုပ်မှထွက်ခွာလာခဲ့ပြီးသည့်တိုင် အပြောအဆိုမလိမ္မာ အနေအထိုင်မသိမ်မွေ့ မှုတွေကြောင့် ရောက်လေရာ လူနားမကပ်နတ်နားမနီးဆိုသလို ဖြစ်ရပြန်၏။ ဆိုဆုမ္မတတ်သည့် စီနီယာနှင့်ဝေး နောက်ထပ် သူ့လိုစီနီယာမျိုးနှင့် ထပ်မံဆုံစည်းရခြင်းလည်းမရှိတော့ပြီမို့ သုမနကျောမှာ ဒဏ်ရာတွေက ဝန်ထမ်းဘဝဆုံးသည့်တိုင် အထင်းသား။ အမြဲတန်းရာထူးလုပ်သက် ဆယ့်ငါးနှစ်အကြာ အစိုးရတစ်ခါပြောင်းပြီး ဗူးတောင်းရော စောင်းချမ်းပါ ရော၍နစ်ကြသည်၌ ကျွန်တော်လည်း ဆိုဘွယ်ရာမရှိပြီ။ သို့သော် ထိုအစိုးရကပင် ဈေးကွက်စီးပွားရေးကို လမ်းခင်းပေးပြန်ရာ ဝန်ထမ်းဘဝကိုပြုံးပြလမ်းခွဲပြီး သူဌေးလောင်း အိပ်မက်မက်သူတွေအကြားတိုးသွားဘို့ ကျွန်တော်ကြိုးစားခဲ့ပြန်သည်။ “ပြောင်းလဲလာသော နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ပြင်ပတွင်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်လုပ်ကိုင်နိုင်ရန်အတွက် လက်ရှိအလုပ်မှအခွင့်အရေးတစ်စုံတစ်ရာရယူခံစားခြင်းမရှိဘဲ နုတ်ထွက်ခွင့်ပြုပါရန်” လျှောက်ထားလိုက်ခြင်းဖြစ်သတည်း။ သို့သော် သည် “နိုင်ငံတော်” က ကျွန်တော်နှင့်အပ်စပ်ပုံမပေါ်။

နုတ်ထွက်စာတင်ပြီး လအနည်းငယ်အကြာတစ်နေ့သောအခါ၌ ဌာနမှူးဖြစ်သူသည် ကျွန်တော်တာဝန်ကျရာ ဌာနခွဲသို့ အစည်းအဝေးအလို့ငှါ လာရောက်ရင်း ခရီးသွားဟန်လွှဲသဘောမျိုး ကျွန်တော့်ကို ခေါ်ယူတွေ့ဆုံခဲ့၏။ လုပ်ငန်းကိစ္စအချို့ မေးမြန်းပြောဆိုပြီးနောက် ကျွန်တော်၏ နှုတ်ထွက်ခွင့်တောင်းခံလွှာ အကြောင်း စကားစကာ ထိုစာအား အသစ်တစ်ဖန်ပြန်လည်ရေးသားတင်ပြဘို့ ညွှန်ကြားလေတော့သည်။ မည်သည့် အမှားကြောင့် ပြန်လည်ရေးသားရမည်ကို သိလိုသည့်အပေါ် “လျှာမရှည်နဲ့ နိုင်ငံတော်ဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး ပြန်တင်လိုက်” ဟု မျက်နှာထား တည်တည် လေသံပြတ်ပြတ်ဖြင့် ထပ်ဆင့်ညွှန်ကြား ခဲ့၏။ ထိုအခါ အနာဟောင်းကို အဆွခံလိုက်ရသော (ကျွန်တော့်မှာထိုအနာဟောင်းရှိသည်ကို ဌာနမှူးသိပုံမပေါ်) ကျွန်တော်က နိုင်ငံသားတစ်ယောက် ရေးသားတင်ပြသောတရားဝင်စာတစ်စောင်တွင် နိုင်ငံတော်ဆိုသောစကားရပ်အား သုံးနှုံးခွင့်မရှိဘူးဆိုပါက အခြားအလားတူစကားလုံးမရှိ အစားထိုးနိုင်မည်မထင်သလို ပြင်ဆင်ခြင်းကိုလည်းပြုနိုင်မည် မဟုတ်ပါကြောင်းဖြင့်ငြင်းဆိုလိုက်တော့၏။ ထိုစကားလုံးမပြင်လျှင် အထက်သို့တင်ပြပေးနိုင်မည်မဟုတ်ဆိုသော ဌာနမှူး၏စကားကိုမူ ‘ဒါကတော့ ဆရာတို့အလုပ် ဆရာတို့သဘောပါပဲ’ ဟူ၍သာ ပြန်ကြားခဲ့လေသည်။ တိုတိုပြောရသော် ဘုရားလှိုင်ခေါင်း အောင်း၍မာန်သွေး ဟောင်စရာမရှိသောခွေးပမာ ထိုပွဲမှာကျွန်တော်လူပြေးဖြစ်ရ၏။ ရူးသွပ်ခဲ့သောစည်းမျဉ်းခံဝန်ထမ်းဘဝ ဤတွင်ရွေ့ နိဋ္ဌိတံ။

ထိုမျှတပ်မက်ခဲ့သောနိုင်ငံတော်သည် စင်စစ်ကျွန်တော်နှင့်မအပ်မရာသာဖြစ်ကြောင်း လက္ခံသိမ်းဆည်း လိုက်ရသည့် အဖြစ်ကလည်း နည်းနည်းတော့စိတ်ပျက်ဘွယ်ဖြစ်၏။ ဝန်ထမ်းဘဝနောက်ဆုံးကာလတွေမှာ စိတ်လေ လေနှင့် စီးပွားရေးတွေလျှောက်လုပ်ရင်း ကိုယ် မကျွမ်းကျင်သော နယ်ပယ်မှာ ယောင် ဝါးဝါးဖြစ်နေချိန် အားတက်ဘွယ် သတင်းတစ်ပုဒ်ကို ကျွန်တော်ကြားသိခဲ့ရသည်။ ကျွန်တော် ကန်ထရိုက် ယူ၍ ကွင်းဆင်းလုပ်ကိုင်နေသော တည်ဆောက်ရေးလုပ်ငန်းအချို့နှင့် ဆက်စပ်ရာဌာန တစ်ခုတွင် ကျွန်တော်နှင့် တက္ကသိုလ်တုန်းကစာသင်ဘက် တစ်နှစ်တည်းဆင်း ရင်းလည်းရင်းနှီးသော စစ်ဘက်မှပုဂ္ဂိုလ် (ကျောင်းဆင်းပြီး တပ်ထဲဝင်သွားသူ) တစ်ဦး တိုင်းရုံး၏အကြီးအကဲအဖြစ်ရောက်ရှိလာသည့် သတင်းဖြစ်၏။ ကျွန်တော့်တွဲဘက်သူငယ်ချင်းနှင့်လည်း တစ်မြို့တည်းသားမို့ သူ့အဆောင်သူ့အခန်း (နယ်သို့အလည်ရောက်ခိုက်) သူ့နေအိမ်အထိ ဝင်ထွက်သိကျွမ်းရင်းခြာခဲ့ကြဘူးလေရာ သူ့အတွက်ဝမ်းမြောက်စကားဆို ကိုယ့်အတွက်လည်း အဆက်အသွယ်ကောင်းလေးမှရစေတော့ဟူသော လောဘဖြင့် သူ့ရုံးခန်းသို့ ကျွန်တော်သွားခဲ့၏။ ပြောရလျှင် တိုင်းအဆင့် အကြီးအကဲဆိုသောရာထူးက မသေးသည့်အပြင် သူ့ကိုမွေးသောအရှင်သည် စစ်တိုင်းမှူးဘဝမှ အရပ်ဘက်ဝန်ကြီးဖြစ်လာပြီး အစိုးရအဖွဲ့အတွင်း လွန်စွာအစွမ်းထက်သူတစ်ဦးဟူ၍လည်း ကျော်ကြားလေရာ ကျွန်တော်ကဲ့သို့သော (မည်သည့်ကျောထောက်နောက်ခံမှမရှိသူ) မနူးမနပ် စီးပွားရေးသမားပေါက်စ တစ်ယောက်အတွက် အားကိုးရာရွှေတောင်ကြီးသဘွယ်ဖြစ်လေသည်။

ထိုပုဂ္ဂိုလ်သည် ကိုယ့်ကိုကိုယ်မိတ်ဆက်လျက် သူ့ရှေ့မှောက်သို့ရောက်လာသော ကျွန်တော့်အား (ကောင်းစွာ မှတ်မိကြောင်း ဖြေကြားရင်းကပင်) စိမ်းစိမ်းကြည့်၍လာရင်းကိစ္စကိုမေးပြီးနောက် ကျွန်တော့်ဂုဏ်ပြုစကားကို မသိကျေးကျွန်ပြု၊ ကျွန်တော့် (ဆက်စပ်လုပ်ငန်းများအတွက်တတ်အားသရွေ့စောင့်ရှောက်ပါရန်) အကူအညီတောင်းခံချက်ကိုလည်း “ခင်ဗျားမှာအရည်အချင်းရှိရင် နိုင်ငံတော်ကစောင့်ရှောက်မှာပါ၊ ကျွန်တော်တို့ကတော့ နိုင်ငံတော်မျက်နှာကိုပဲကြည့်ရမှာဗျ” ဟု အကြောင်းပြန်ပြီးနောက် စာပွဲပေါ်မှလမ်းလျောက်စကားပြောစက်တစ်လုံးကိုကောက်ကိုင်လျက် ဖြုတ်ချည်တပ်ချည် အလုပ်များနေသဖြင့် အလိုက်သိစွာ ကျွန်တော်ပြန်ထွက်ခဲ့၏။ ထိုနေ့ကမဆင်မခြင်လောဘတက်ခဲ့မိသည့် အပေါ်ရှက်ရှက်နှင့် (ကိုယ့်ကိုကိုယ်) အပစ်တင်မိသည့်ကြားမှပင် ကျွန်တော့်နှုတ်ဖျားမှ နိုင်ငံတော်ဆိုသောစကားလုံးမသုံးမိခဲ့ခြင်းအတွက် ကံတောင်းသည်ဟု စဉ်းစားဖြစ်သည်။

မှတ်မှတ်ရရ ထိုနေ့မှစ၍ နိုင်ငံတော်ဆိုသောဝေါဟာရ ကျွန်တော့်ထံပါးမှ ထာဝရခွဲခွာသွားသလို ကျွန်တော်လည်းနိုင်ငံတော်ပြင်ပသို့ရောက်ရှိသွားခဲ့၏။ များမကြာမီ အစိုးရအဖွဲ့အပြောင်းအလဲအတွင်း ဆရာသမားဖြစ်သူ အငြိမ်းစားပေးခံရသည်၌ ထိုပုဂ္ဂိုလ်သည်လည်း တစ်နွယ်ငင်တစ်စင်ပါဆိုသလို ရာထူးလက်မဲ့ဖြစ်သွား ရသည့်သတင်း၊ ရွှေတောင်ကြားမှာ မိသားစုနှင့်အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသည်ဆိုသော သတင်းများ ဆက်တိုက်ကြားရ၏။ လွန်ခဲ့သောငါးနှစ် ကျွန်တော် ခေတ္တပြန်လာခိုက်နှင့်ကြုံသော ကျောင်းသားဟောင်း များ မိတ်ဆုံစားပွဲတစ်ခုတွင် ‘ဟေ့ ကောင်ကြီး ခု ဘာတွေလုပ်နေလဲ’ ဆိုကာ ရင်းနှီးစွာပုခုံးကို ပုတ်လာသော သူနှင့် ပြန်ဆုံရပြီး တစ်ဝိုင်းတည်းအတူထိုင်ဖြစ်ကြရာ၌ သူရောကျွန်တော်ပါ ထို အကြောင်းတွေပြန်မပြော ဖြစ်ကြသလို သူ့ထံမှနိုင်ငံတော်ဆိုသော အသုံးအနှုံးကိုလည်းမကြားရတော့။ ထိုအချိန်ကျွန်တော့်မှာလည်း နိုင်ငံတော်နှင့်တိုင်းပြည် ခွဲခြားကြည့်မြင်သောအကျင့်က ရှိနေပြီ။

ကျွန်တော်နားလည်သလို (အတိုချုပ်) ပြောရလျှင် ပထဝီနယ်နိမိတ်သည်တိုင်းပြည်၊ လူထုနှင့်အစိုးရ ပါဝင်လျှင် နိုင်ငံဟူ၍ဖြစ်၏။ တန်ဘိုးထား ခေါ်ဝေါ်သုံးနှုံးအပ်သော နိုင်ငံတော်ဆိုသည့်ဝေါဟာရသည် တစ်ဦးတည်းမူပိုင်မဟုတ် ထိုသို့မလုပ်သင့်၊ လုပ်ပိုင်ခွင့်လည်းမရှိ။ ကျွန်တော့်ထုံးဆံ ကြီးကြီး ကျယ်ကျယ်ပြောရလျှင် ရေးခဲ့ပြီးသမျှ ဖွဲ့စည်းပုံတွေထဲမှာလည်း ထိုသို့ခွင့်ပြုမထား။ သို့သော် နိုင်ငံတော်ကို မူပိုင်လုပ်လိုသော အစိုးရယန္တရား တစ်ရပ်မက ပေါ်ထွက်ခဲ့ဘူးသည်မှာလည်း အထင်အရှားပင်ဖြစ်လေသည်။ ပို၍ဆိုးသည်က အရာရာကိုယ်ကျိုးစီးပွားနှင့်ယှဉ်ကာ နိုင်ငံတော်ကို မူပိုင်လုပ်သူတွေပါဝင် လာကြခြင်းဖြစ်၏။ ထိုအခါ ချစ်စရာကောင်းသော တိုင်းပြည်၏ပုံရိပ်ကိုပါထိခိုက်စရာဖြစ်ရ၏။ အထူးသဖြင့် ကမ္ဘာကြီးလုံးရာမှပြားရလောက်အောင် အစွမ်းထက်သောသတင်းခေတ်မှာ နိုင်ငံတော်၏မထော်မနန်းတွေက ကမ္ဘာနှင့်အဝှမ်းပလူပျံသလို ဖြစ်သည့်အခါ ကျွန်တော်တို့လို ဟိုမရောက်သည်မရောက်တွေ သူတစ်ပါးတိုင်းပြည်မှာ မျက်နှာငယ်စရာဖြစ်ရလေတော့သည်။ နဂိုကမှ ကိုယ့်တိုင်းပြည်ကိုယ်အထင်မကြီးလိုသူတွေ (အထင်ကြီးစရာရောရှိလို့လားဟု မေးနိုင်ပါသည်) အတွက်မူ ကိုယ့်ရေကိုယ့်မြေကို ခြေကန်ဘို့ပြစရာအကြောင်းတစ်ရပ်ဖြစ်လေတော့၏။ သည်လိုအချိန်မျိုးမှာ တိုင်းပြည်မျက်နှာစေ့စေ့ကြည့်ရင်း အမျက်ဖြေရခြင်းအတွက် ဂုဏ်ငယ်သည်ဟု ကျွန်တော်တော့မမြင်။

နဝတအစိုးရတက်စ အစောပိုင်းကာလတစ်ခုမှာဌာနဆိုင်ရာပညာသင်ဆုဖြင့် အနောက်နိုင်ငံ (ယူကေ) တက္ကသိုလ်တစ်ခုတွင် တစ်နှစ်တာသင်တန်းတက်ခွင့်ကျွန်တော်ရခဲ့၏။ တက္ကသိုလ်လမ်းညွှန်စာအုပ်ထဲမှာ နိုင်ငံတကာကျောင်းသားများ ဆိုင်ရာရဲစခန်းတွင် မှတ်ပုံတင်ရန်လိုအပ်သည်ဟုပါရှိသဖြင့် အဆောင်မှာ နေသားတစ်ကျ ဖြစ်လျှင်ဖြစ်ခြင်း တိုကိစ္စဆောင်ရွက်ရန်စီစဉ်ရလေသည်။ စင်စစ် ရဲစခန်းတွင် မှတ်ပုံတင်စေခြင်းအတွက်သူတို့မှာအကြောင်းတစ်ခုရှိမည်ဖြစ်သလို(ထိုစဉ်ကလုံခြုံရေးကိစ္စခုလောက်မဆိုးရွားသေး) ကျွန်တော် တို့မှာလည်း မှတ်ပုံတင်ရန်ဝန်လေးသည့်အကြောင်းကရှိနေသည်။ ထစ်ကနဲဆို ရဲစခန်းထောက်ခံစာတောင်းနေကျ နိုင်ငံမှလာသူတွေဖြစ်ရာ ရဲစခန်းသွားရခြင်းကိုကျွန်တော်တို့မမှု။ သို့သော် မှတ်ပုံတင်ကြေးအဖြစ် တစ်ဦးလျှင် ပေါင်အစိတ် (နှစ်ဆယ့်ငါးပေါင်) ပေးရမည်မှာတော့ တွန့်တိုစရာဖြစ်လေသည်။ ထိုငွေကြေးဖြင့် ချွေချွေတာတာစားလျှင်တစ်လစာလုံလောက်သည်မို့ (ပညာသင်တို့ထုံးဆံရသည့်ထောက်ပံ့ကြေးကနည်းနည်း သည်ကြားထဲ အိမ်ပြန်ချိန်မှာကားဟောင်းလေးတစ်စင်းလောက်ဝယ်ယူရန် စုမိဆောင်းမိဖြစ်လိုသော လောဘဇောကလည်းရှိနေသဖြင့်) ထိုသို့တွန့်တိုမိခြင်းဖြစ်၏။ မသွားချင်သွားချင်နှင့်ပင် ကျွန်တော်တို့ (တစ်ဌာနတည်းမှအတူလာကြသူ) နှစ်ဦး တစ်နေ့ခင်းသင်တန်းများအပြီး မြို့လည်ရှိသတ်မှတ်ထားသောရဲစခန်းသို့ မှတ်ပုံတင်ရန်အလို့ငှါ သွားရောက်ခဲ့ ကြလေသည်။

ရဲစခန်းတွင်းသို့ဝင်သည်နှင့် လူခေါ်ခေါင်းလောင်းဟုယူဆရသောခလုပ်တစ်ခုနှင့်အတူ “ခေါင်းလောင်းကို တစ်ကြိမ်သာတီးပါ။ ပြီးလျှင် သင့်ကိစ္စဆောင်ရွက်ပေးမည့်သူထွက်လာသည်အထိစောင့်ပါ” ဆိုသော စာတမ်းတစ်ခုမှအပလူရိပ်လူခြေမတွေ့ရ။ ညွှန်ကြားသည့်အတိုင်း ခေါင်းလောင်းတစ်ကြိမ်တီးပြီး ထိုင်စောင့်ကြရာ နာရီဝက်ကြာသည်အထိ တစ်ဦးမျှပေါ်မလာ။ လေးဆယ့်ငါးမီးနစ် ကြာသည့်အခါ စိတ်မရှည်နိုင်တော့သဖြင့် တစ်ကြိမ်သာတီးပါဆိုသောခေါင်းလောင်းကို နောက်တစ်ကြိမ်ထပ်တီးလိုက်သည်နှင့် မရှေးမနှောင်းမှာ ရဲသားတစ်ဦး ထွက်လာပြီးလာရင်းကိစ္စကိုမေး၏။ ထို့နောက် ကျွန်တော်တို့အား အတွင်းသို့ခေါ်ဆောင်ပြီး စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီး ဖတ်နေသော အမျိုးသမီးကြီးရှိရာစာပွဲသို့ ညွှန်လိုက်လေသည်။ ထိုအမျိုးသမီးကြီးက ကျွန်တော်တို့အကျိုးအကြောင်းပြောပြသည်ကို နားထောင် ပြီးနောက် ပတ်စပို့တွေကိုယူကြည့်သည်။ ထိုနောက် ဓနသဟာယနိုင်ငံမို့ မှတ်ပုံတင်ရန်မလို ဟုပြောလေ သည်။ ရုတ်တစ်ရက် ကျွန်တော်တို့ဝမ်းသာသလို ဖြစ်ရသော်လည်း ဓနသဟာယတိုင်းပြည်ဆိုသော စကားအတွက်မတင်မကျမို့ ဓနသဟာယထဲမှာ ကျွန်ေတော်တို့ တိုင်းပြည်မပါကြောင်း လျှာတံရှည်မိသောအခါ အမျိုးသမီးကြီးကပြုံးပြီး “ငါသိပါတယ်။ မကြာသေးခင်ကမှ စစ်တပ်ကအာဏာ သိမ်းထားတဲ့ တိုင်းပြည်လေ။ အဲဒါဘာဖြစ်လဲ။ သေချာပါတယ် မင်းတို့မှတ်ပုံတင်စရာ မလိုဘူး။ သွားတော့” ဟု ယတိပြတ်ပြောကာ ဖတ်လက်စ စာအုပ်ကိုဆက်ဖတ်နေတော့၏။ ထိုနေ့က ဖြစ်ရသည့် ပီတိမှာ မှတ်ပုံတင်ခ သက်သာခြင်းထက် များစွာပိုကြောင်း ကျွန်တော်သတိပြုမိလေသည်။

ထိုခရီးမှာ ကြုံခဲ့ဘူးသမျှ နိုင်ငံနှင့်ပတ်သက်ပြီးစိတ်ကြီးဝင်ချင်စရာအကောင်းဆုံး တစ်ခုတည်းသောခရီးစဉ် ဖြစ်သလို နောက်ဆုံးခရီးစဉ်လည်းဖြစ်ပုံရ၏။ ဆေးပညာဌာနမှာလာရောက် ပညာသင်နေသော မလေးရှား လူငယ်တစ်ယောက်နှင့် အကြောင်းအားလျော်စွာမိတ်ဆွေဖြစ်ရာမှ သူဘာကြောင့်ဤတက္ကသိုလ်သို့ ရောက်လာသည်ကို ကြားသိရသည်။ သူ့စကားအတိုင်းပြောရလျှင် “ကျွန်တော်က ဒီနိုင်ငံ (ယူကေ) ကိုလာဘို့မဟုတ်ဘူးဗျ။ ဆရာဝန်ဖြစ်ချင်တဲ့ကျွန်တော် ဆယ်တန်းအောင်တော့ မိဘတွေက နီးနီးနားနား မြန်မာပြည်က ဆေးတက္ကသိုလ် တစ်ခုခုမှာတက် (မလေးရှားမှာ ဆေးတက္ကသိုလ်ရှိမရှိ၍များလားမသိ) ဘွဲ့ရပြီး မလေးရှားပြန် အလုပ်လုပ်အတွေ့အကြုံရမှ ဘွဲ့လွန်ပညာအတွက် ယူကေကိုလာဘို့ စီစဉ်တာ။ ဖြစ်ချင်တော့ ကျွန်တော်တင်လိုက်တဲ့ ဝင်ခွင့်လျှောက်လွှာ ပြန်ကျမလာဘူး။ အဲသည်မှာ (ဗမာပြည်မှာ)ကျောင်းသားတွေ မငြိမ်မသက်ဖြစ်လို့ ကြန့်ကြာနေကြောင်းသိရတယ်။ ကျွန်တော်စောင့်ပါသေးတယ်။ နောက်ဆုံး အခြေအနေတွေပိုဆိုးပြီး စစ်တပ်ကအာဏာသိမ်းလိုက်ပြီဆိုတော့မှလက်လျှော့ပြီးဒီကိုကမန်းကတန်းလာတက်ရတာ”။

ယ္ခုနှစ်ပေါင်းသုံးဆယ်နီးပါးအကြာမှာ ထိုဆေးကျောင်းသားလေး ဘယ်အရပ်မှာဘယ်လိုဆရာဝန်မျိုးဖြစ်နေပြီ ကျွန်တော် မသိ။ ပြီးခဲ့သောအစိုးရလက်ထက် (လွန်ခဲ့သောငါးနှစ်ခန့်)ကမူ မလေးရှားဝန်ကြီးချုပ် မြန်မာပြည်သို့ တရားဝင်လည်ပတ်ပြီးအပြန် သူတို့လေဆိပ်တွင်သတင်းသမားများနှင့်တွေ့ဆုံရာ၌ “မြန်မာနိုင်ငံသားများအား အိမ်ဖော်လုပ်ငန်းအတွက်ခေါ်ယူနိုင်ဖွယ်ရှိသော်လည်း ဆက်လက်ဆွေးနွေးရဦးမည်” ဟု ပြောဆိုခဲ့သည့်သတင်းကို (စင်္ကာပူမှာရှိစဉ်)ကျွန်တော်ဖတ်ရ၏။ သမိုင်းဒီရေသည်ကျွန်တော်တို့ကို မညှာမတာတိုက်စားသွားခဲ့ပြီ။ စဉ်းစားကြည့်တော့ ထိုဒီရေသည်ကျွန်တော့်တို့လိုလူတွေကိုလည်း ရေမျောကမ်းတင်ဖြစ်စေခဲ့ပါ၏။

ဒွန်မောင်းလေဆိပ် (ထိုစဉ်ကသုဝဏ္ဏဘုမ္မိလေဆိပ်မပေါ်ပေါက်သေး) လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် အနီရောင်မြန်မာနိုင်ငံကူးလက်မှတ်တင်ပြသည့်အခါတိုင်း တင်းမာသွားတတ်သည့် အရာရှိဖြစ်သူ၏ မျက်နှာထား၊ စီးလုမ်လမ်းမကြီးပေါ်မှာ မြန်မာစကားပြောသံ ကြားတိုင်းနောက်မှလိုက်၍ ပတ်စပို့စစ်တတ်သောရဲတို့၏လေသံ၊ ဗမာသံရုံးကိုဟုပြောလိုက်သည်နှင့် ခရီးမရှည်ရှည်အောင်ကွေ့ ပတ်မောင်းပို့တတ်သော အငှါးယာဉ်သမား၏ ဆက်ဆံရေး၊ ယုတ်စွအဆုံး ဈေးထဲမှာဖေါ်ရွေစွာမေးလာသောမေးခွန်းကို အရိုးခံဖြင့် ဗမာလူမျိုးဗမာနိုင်ငံကပါ ဟု ဖြေကြားမိသည်နှင့် ရုတ်ခြည်းပြောင်းလဲသွားသော ကုန်စိမ်းသည်၏ ဟန်ပန်အမူအယာတို့ကို ကြုံတွေ့ဖန်များလာသောအခါ ထိုနိုင်ငံရောက်မြန်မာအတော်များများ နိုင်ငံကူးလက်မှတ်ကို စက္ကူအဖုံးဖုံးထားတတ်ကြသည့် အကြောင်းရင်းနှင့် ဗမာလူမျိုးဟု မိတ်ဖြစ်ဆွေဖြစ်ပင် ထုတ်ဖေါ်ပြောဆိုရမှာ ဝန်လေးရသည့်အကြောင်းရင်းတို့ကို ကျွန်တော်နားလည်လာသည်။ သို့သော် သူတို့အကြံပြုသလို (ပတ်စပို့ကို မြင်မြင်ထင်ထင်မကိုင်မိစေနဲ့၊ ဗမာလူမျိုးဟုဟုတ်တိုင်းမှန်စွာမဖွင့်ဟပါနဲ့) ကျွန်တော်မလုပ်ဖြစ်သည့် အကြောင်းရင်းကို ရှင်းပြဘို့မကြိုးစားခဲ့။ ထိုသို့ မလုပ်သည့်အတွက်အပိုဆုအဖြစ်ကျွန်တော်ကြုံရသော စိတ်စနောင့်စနင်းဖြစ်စရာတွေကိုမူ ကျွန်တော့်ထက်ပို၍စိတ်ရောလူပါပင်ပန်း ဆင်းရဲကြရသော ရွှေပြည်သား (ကျွန်တော်ရှိနေစဉ်မှာပင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ သိန်းဂဏန်းမှသန်းဂဏန်းသို့ တိုးပွားလာခဲ့သည်) ဘဝတူရေမျော ကမ်းတင် အများစုနှင့်ယှဉ်ကာ ဖြေရင်း သိမ့်ရင်း ကျော်ဖြတ်နိုင်ခဲ့လေသည်။

ပထမကမ္ဘာတန်းဝင်အဖြစ်ခံယူထားသော စင်္ကာပူနိုင်ငံမှာထိုအဖြစ်မျိုးတွေမရှိသလောက်ဟု ပြောနိုင်သည့် တိုင် ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဖြစ်။ ဖြစ်လိမ့်မည် ဟုမျှော်လင့်ရန်လည်းမသင့်။ စီးပွားရေး မဟုတ်လျှင်ပင် နိုင်ငံရေးအရဒေသခံတို့၏ခံစားချက်က ရှိသေးသည်။ ပြီးခဲ့သော ရွေးကောက်ပွဲ မတိုင်မီ အာဏာရ ပါတီကိုယ်တိုင် “စင်္ကာပူလူမျိုးပထမ” ဟုမြွက်ဟကြေငြာရသည်အထိ ဒေသခံတို့၏ သဘောထားက ဧည့်နိုင်ငံသားတွေအပေါ် နွေးထွေးလှသည်မဟုတ်။ သို့သော် ဥပဒေလက်တံညီမျှသော စင်္ကာပူသည် အရည်အချင်းနှင့်ပြည့်စုံသူတိုင်း ဧည့်သည်မှ အိမ်ရှင်အဖြစ်သို့ ကြိုးပန်းခွင့်ကိုလည်းပေး ထားလေပြန်ရာ ပုံရိပ်လှပလိုသူတို့အတွက် နိုင်ငံတော် အမှတ်တံဆိပ် ပြောင်းလဲနိုင်သည့် အခွင့်အလန်း ပင်ဖြစ်၏။ သို့နှင့် နိုင်ငံစုံအကူးအသန်းကောင်းဘို့ ဘဝလုံခြုံဘို့ မျိုးဆက်သစ်တိုးတက်ရစ်ဘို့ စသည်စသည် ရည်ရွယ်ရင်းများဖြင့် နိုင်ငံသား ဘဝပြောင်းသူတွေ ပေါ်ပေါက်လာ တော့သည်။ သည်မှာလည်းကျွန်တော် မပါ။ ဆယ်နှစ်တာကြာမြင့်ခဲ့သော ရေမျောကမ်းတင် စင်္ကာပူ ခရီးစဉ်မှာ ဧည့်သည်ကောင်းအဖြစ်ကိုသာ ကျွန်တော်ကျေးဇူးတင်စွာခံယူခဲ့သည်။ ဒေသတွင်းမှာပင်မျက်နှာငယ်လှသည့် နိုင်ငံကူး လက်မှတ် အနီကို ထင်သာမြင်သာကိုင်ဆောင်သွားလာခဲ့၏။

မျက်နှာငယ်သမျှတွင် ကိုယ့်တိုင်းပြည် ကိုယ့်လေဆိပ် ကိုယ့်လူမျိုး လူဝင်မှုကြီးကြပ်ရေးတွေရှေ့မှာ မျက်နှာငယ်ရခြင်းကပို၍ခံစားရသည့်တိုင် ထိုနိုင်ငံကူးလက်မှတ်ကိုစွန့်လွှတ်ဘို့ ကျွန်တော်မကြိုးပန်းခဲ့။ ဘယ်နိုင်ငံကပြန်လာသလဲ၊ ဘာသွားလုပ်တာလဲ၊ ခုဘာလို့ပြန်လာတာလဲ၊ ခွင့်စာရွက်ပါသလား၊ အခွန်ပြေစာပါသလား၊ ဒီမှာ ဘယ်လောက်ကြာမှာလဲ၊ တစ်လထက် ပိုကြာ မယ်ဆိုရင် ထွက်ခွာခွင့်စာရွက်အသစ်တင်ပြနိုင်ရမယ် ဆိုသော မေးခွန်းတွေ ဟိန်းဟောက်မှုတွေ ခြိမ်းခြောက်မှုတွေကို ကိုယ့်နိုင်ငံကအလုပ်ဆုံးမှန်းသိလျက် အချိန်တန်လျှင် အိမ်မပြန်ဘဲမနေနိုင်ခဲ့။ တစ်ခါတစ်ခါတော့လည်း “သုံးလေးလင်ပြောင်းတဲ့ မင်းအမေကိုတောင် အမေလို့ခေါ်ရသေးတာ ဘယ်ဘုရင်တက်တက် သာသနာ့မြေဟာ သာသနာ့မြေပဲပေါ့ဒကာရဲ့” ဟု သာသနာ့မြေကိုအစိုးရပိုင်သည်ဟု လျှောက်ထားလာသော အင်္ဂလိပ် အရေးပိုင်အား မာန်လည်ဆရာတော်ကြီး ခပ်စပ်စပ်ကလေးဆုံးမသလိုမျိုး ငါ့တိုင်းပြည်ဟာငါ့တိုင်းပြည်ပဲ ဘယ်မောင်ပိုင်စီးသမားတွေရဲ့ နိုင်ငံတော်မှ မဟုတ်ဘူးဟု ကိုယ့်ကိုကိုယ်ဆုံးမရင်း အားမွေးရ၏။

ခုတော့လည်း ထိုအဖြစ်သနစ်တွေ ပါးလျားလာသလို ကျွန်တော်လည်း ရေမျောကမ်းတင်ဘဝက လွတ်စပြုပြီ။ အနည်းဆုံး လှိုင်းပုတ်သည့် ဒဏ်ကြာင့် မြစ်ပြင်ကျယ်သို့လွင့်မျောသွားရာမှ ကိုယ့်ချောင်းရိုးထဲ ကိုယ် ပြန်ရောက်လာသည့် ဗေဒါတစ်ပင်ပမာ တည်ငြိမ်စွာ စုန်ဆန်ခွင့်ရပြီ။ ချောင်းရိုးတို့ထုံးဆံ အုန်းလက်ကြွေတွေ ဘဲအုပ်တွေ ရှိတတ်မြဲမို့ အတိုက်အခိုက် အယက်အကန်တွေအတွက် အံခဲချင်ခဲရမည်။ သို့သော် ကျွန်တော်အစိုးရိမ်ဆုံးက သည်တစ်သက် နိုင်ငံတော်လှိုင်းတန်ပိုးကြောင့် နောက်တစ်ကြိမ် မြစ်ထဲပြန်မျောရမှာ ကိုပဲဖြစ်လေသည်။

Tuesday, February 28, 2017

ကျွန်တော်နှင့်နေခြင်းတရား

"ဟောဒီက ခြောက်ဆယ်ကျော်
နောက်ဘယ်ကိုခေါ်မှာလည်း။
ဓမ္မငယ်အခံနှင့်
မရဏံအလိုကြိုက်ရာ
လိုက်ဘို့ပါပဲ။"

လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က ကွယ်လွန်သူဖခင်၏ ဒိုင်ယာရီစာအုပ်ကို ကျွန်တော်သိမ်းဆည်း ထားခဲ့ဘူးသည် (စာအုပ်ဘီရိုထဲမှာ ရှိနိုင်သေး၏)။ မကွယ်လွန်မီ ရက်ပိုင်းအတွင်း ဆေးရုံပေါ်မှာ ရေးခဲ့သော မှတ်တမ်းတွေအနက် ကဗျာတစ်ပုဒ်ပါဝင်ကြောင်း ကျွန်တော်မှတ်မိနေဆဲဖြစ်၏။ သို့သော် ယခုတိုင် ကျွန်တော် အလွတ်ရနေသည်က ကဗျာကိုမဟုတ်။ “ဆေးရုံပေါ်မှာ စိတ်လေလေနှင့်ရေးသောကြောင့် စိတ်လေလေကဗျာ ဟု ခေါင်းစဉ်တပ်ရမည်ထင်သည်” ဆိုသည့် ဖေဖေ့မှတ်ချက်တိုလေးကိုသာဖြစ်၏။ သို့ဆိုလျှင် သောင်စဉ်ရေမရ တွေစဉ်းစားရင်း အိမ်မှာရေးသော အထက်ကကျွန်တော့်ကဗျာတိုလေးကို သောင်စဉ်ရေမရကဗျာဟု ခေါ်လျှင် ကောင်းမည်လားဟု တွေးမိလေသည်။ ဆုံးပါးစဉ်က ဖခင်၏အသက်သုံးဆယ့်ရှစ်နှစ်။ အရွယ်ကောင်းဟု ဆိုနိုင်သေးသည့်အရွယ်။ ဖခင်ဘာကြောင့် စိတ်လေသည်ကိုစဉ်းစားလျှင် သေကောင်ပေါင်းလဲရောဂါ၊ ဆင်းရဲတွင်းနှင့် မိသားစုတာဝန်စသည်တို့ကိုအထင်းသားမြင်နိုင်သည်။ နင်တို့အဖေကတော့ စောစောစီးစီးဝဋ်ကျွတ်သွားတာပေါ့ဟု သားသမီးတွေအပေါ်အားမလိုအားမရဖြစ်သည့်အခါ အမေညည်းငြီးငြီးငြူငြူပြောတတ်သည့် စကား ကျွန်တော့်အတွေးထဲမှာ သောင်စဉ်ရေမရကြားယောင်လာခြင်းအတွက်ကိုမူ ဘာကြောင့်ဟုပြောရ ခက်လှ၏။ ခုတော့ အမေလည်းမရှိတော့ပြီ။ ဖခင်နှင့်မိခင် နှစ်သုံးဆယ်ခြားကာတိမ်းပါးကြသည်မို့ အမေဝဋ်ကျွတ်ခဲ့သည်ပင်နှစ်နှစ်ဆယ်ကျော်ပြီ။

ပြီးခဲေ့သာ နိုဝင်္ဘာလမှာကျွန်တော့်အသက်ခြောက်ဆယ့်နှစ်နှစ်ပြည့်ခဲ့သည်။ ဘဝတစ်လျှောက်လုံးမွေးနေ့ ကို အထိမ်းအမှတ်ရက်တစ်ရက်အဖြစ် မှတ်သားနေကျမဟုတ်သောကြောင့် တစ်ခါတစ်ရံကိုယ့်မွေးနေ့ကိုယ် ရောက်လို့ရောက်မှန်းမသိဖြစ်ရသည်များပင်ရှိခဲ့၏။ သို့သော် ဘာအလုပ်မှမည်မည်ရရမရှိသော လွန်ခဲ့သည့် နှစ်နှစ်လောက်မှစ၍ မွေးနေ့ကိုမွေးနေ့မှန်းသိသည့်အဖြစ်သို့ ပြန်ရောက်၏။ ခြောက်ဆယ်ဆိုသည်မှာမငယ်တော့ဆိုသည်ထက်(ကျွန်တော်တို့လူမျိုး၏ပျမ်းမျှသက်တန်းအရ)မကြာတော့ဟုပြောရမည်ကိုလည်း ဆင်ခြင်မိ၏။ သည်အထဲ ကျွန်တော်ကအနေအထိုင်အသွားအလာ အစားအသောက် ဆင်ခြင်တတ်သူမဟုတ်သဖြင့် မကြာမည့်အထဲမှာပါဝင်ရန်ဖြစ်နိုင်ခြေကပို၍များသည်။ သေမှာမကြောက်ဘူးဟုတော့ မပြောလို။ နာမှာသေမှာကို ကိုယ့်ထက်ပိုကြောက်သူတွေနှင့်အကြောင်းတိုက်ဆိုင်စွာအနေများပြီး ဘာကိုဘယ်လိုကြောက်ရမှန်း မသိ ဖြစ်သွားရသည်လား အကြောက်တရားတွေ ငုတ်လျှိးကုန်ကြသည်လား ဒါမှမဟုတ်ဟန်ကြီးပန်ကြီးနိုင်သည်လားဟု တစ်ခါတစ်ခါ တွေးမိသည်အထိ ကျန်းမာရေးနှင့်ပတ်သက်လျှင် ကျွန်တော်ကလက်လွတ်စပယ်နိုင်သူ တစ်ဦးဖြစ်၍နေလေသည်။ ပြောသာပြောရသည် ထိုအကြောက်လွန်တတ်သူတွေက ကျွန်တော့်ကိစ္စကိုသူတို့ကိစ္စလုပ်ပြီး တွန်းတွန်းတိုက်တိုက်စောင့်ရှောက်ကြသဖြင့်သာ ကျွန်တော်သည်လိုထင်ရာပြောခွင့်ရနေခြင်းလည်း ဖြစ်နိုင်သည်။ 

အိုပါသည်ဆိုပါမှ သည်အရွယ်မှာအနာမျိုးကကိုးဆယ့်ခြောက်ပါးအပြင်နောက်တစ်ပါးကတိုးလာသေးသည်။ ပင်စင်နာခေါ် မလှုပ်မရှားအနေများသဖြင့် ဇီဝကမ္မရုပ်တွေအပျက်မြန်ကာအဖျက်သန်သောနာမ်နှင့်တွေ့လျှင် အတုန်းအရုန်းဘုံးဘုံးလဲတတ်သည့်အနာဖြစ်၏။ သည်မှာလည်း ပစ္စုပ္ပန်ကိုတည့်တည့်မရှုတတ် အာရုံနောက် ကို စေတသိတ်ဆိုးတွေလိုက်တတ်သည့် ကျွန်တော့်ညဉ်သည်ကျန်းမာရေးနှင့်ပီဘိဆန့်ကျင်ဘက်။ ဆိုတော့ကာ မကြာသောအရွယ်သို့ ရောက်လာကြသူချင်းအတူတူ ကျွန်တော်ကလက်ဦးဘို့များနေသည်။ မရှက်တမ်းဝန်ခံရလျှင် 'ကိုယ်နှင့်ရွယ်တူ ကိုယ့်အောက်လူ ကြီးသူသေကြ များလှပြီ' ဆိုသောဆုံးမစာများကို စာပေလင်္ကာတစ်ရပ်အဖြစ်မှတ်သားဘူးသော်ငြား တရားကိုယ်ကိုကျွန်တော်ဆင်ခြင်နိုင်စွမ်းမရှိသေး။ သံဝေဂအရာတွင် ကျွန်တော်သည်ဆေးမတိုးသည့်လူနာတစ်မျိုးပမာသာဖြစ်နေဆဲ။ သေမျိုးမှန်းသိသည်။ သေရက်လက်ကျန်နည်းနေပြီဆိုသည်ကိုလည်းသိသည်။ အများပြောသလိုသေဘို့ပြင်ဆင်ရန်အတွက်ကိုတော့ အာရုံမရတတ်သေး။ ငါ့မိသားစုငါ့မျိုးရိုးငါ့ဂုဏ်သိက္ခာငါ့တာဝန်စသည့် အတ္တတွေနှင့်တစ်မိုးလုံးဖျောက်ဆိပ် လုပ်ရင်းက သံဝေဂကိုဘေးချိတ်ထားခဲ့၏။ မိမိကိုယ်ကို၊ အလိုရှိရာ၊ ငါပြုနိုင်စွ၊ အစိုးရဟု၊ မှတ်ကြသူဝယ်၊ သေမင်းရယ်၏ဆိုသလို သေမင်းရယ်ဖွယ်ဖြစ်နေသည်ကိုလည်းသတိမထားမိခဲ့။ ယခုသတိပြုမိခိုက် ဂယောင်ချောက်ချား (ကဗျာဖြင့်) ကျွန်တော် ငြီးတွားမိခြင်းဖြစ်နိုင်သည်။

သို့သော် မွေးနေ့ကိုဆင်ခြင်ရာမှာသေခြင်းတရားတွေချည့် တွေးတောပြောဆိုနေခြင်းကို ကျွန်တော်မပြုလို။ မသေခင် နေသွားရဦးမည်ဖြစ်လေရာ နေခြင်းတရားတွေကိုလည်း စဉ်းစားသင့်သည်ဟုကျွန်တော် မြင်သည်။ နေခြင်းဆိုရာ၌ မရဏံမေဘဝိဿတိဟုတစ်ဖွဖွရွတ်ဆိုရင်း သုံးစားမရတော့သည့်ဘဝကို မေ့ထားဘို့ကြိုးစား သည့်နေခြင်းမျိုးကိုတော့ဘဝင်ကျစရာမရှိ။ ထို့အတူ စိတ်ပျိုကိုယ်နုရာကြံဆရင်းကိလေသာမီးပွားတွေတစ်ဖွားဖွားလွင့်စင်သည်အထိ ဇရာကိုလှည့်ဖျားနေထိုင်ခြင်း မျိုးမှာလည်းဟန်မရ (သည်အမျိုးအစားနှစ်ရပ်က အများသား)။ အနည်းဆုံးကိုယ်ဘယ်လိုနေထိုင်ခဲ့သည်၊ ကိုယ့်ကြောင့်လူ့အဖွဲ့အစည်းနှင့်လူ့ပတ်ဝန်းကျင်တွင် ကောင်းဆိုးနှစ်တန်မည်မျှကျန်ရစ်မည်ဆိုသည်လောက်တော့ ဆင်ခြင်တိုင်းထွာနေထိုင်ခြင်းမျိုးရှိသင့်သည်။ ဤသည်မှာ ကျွန်တော့်သဘောထားဖြစ်၏။ ကျွန်တော့်ခံယူချက်ဟုပြောလျှင်လည်းရသည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ရှင်သန်လာခဲ့သော လူ့ဘုံခန်းဝါအတွင်းမှာ ထည်ထည်ဝါဝါပြစရာ မည်မည်ရရမရှိခဲ့သည့်တိုင်ထိုဘဝကိုနောက်ဆုံးအချိန်ထိဖက်တွယ်သွားလိုသည့်ဆန္ဒအရာတွင်မူပုထုဇဉ်အားလုံးတို့ထက်ကျွန်တော်  လျော့မည်တော့မဟုတ်။

နေခွင့်ရသမျှအချိန်ကလေးအတွင်းမှာ တသံဝေဝေတပေလျှင်းလျှင်းတညှင်းဆိုးဆိုးတညှိုးငယ်ငယ်တတွယ် တာတာဖြင့် လောကကြီးအတွင်းသို့ နောက်ဖေးပေါက်မှဝင်ပြီးအိမ်ဦးခန်းသို့အရောက် သူများထက် ပို၍လျှောက်ခဲ့ရသည်များကို မြင်ယောင်၏။ အိမ်ဦးခန်းကိုလျှောက်ရင်း မီးဖိုချောင်ထဲယောင်လည်လည်ဖြစ် မကျန်ရစ်သည့်အတွက်ကိုရင်ဖိုရ၏။ အဆင်းမဲ့ဆန်း လူ့ပေါက်ပန်းဖြစ် လောကကိုညစ်ထေးစေခဲ့ခြင်းမရှိ သည့်အတွက် စိတ်လက်ပေါ့ပါး ရ၏။ သည့်ထက်ပို၍ မျိုးဆက်သစ်တွေကို အိမ်ဦးခန်းတိုင်အောင် ထက်ချပ်မကွာ သည်ပိုးခေါ်ဆောင်လျက် ထိုက်သင့်စွာနေရာချထားပေးနိုင်ခဲ့ခြင်း အတွက်ကိုလည်း ဝမ်းမြောက်ပီတိ ပွားလိုက်ချင်သေးသည်။ ဝေဿန္တရာဇာတ်တော်လာ အမျိုးစည်းစိမ်အရောင်အဝါ ရှိလင့်ကစား အတတ်ပညာမရှိသောယောင်္ကျားသည်အချည်းနှီးသာတည်း။ အဖိုးတစ်သိန်းထိုက်သောအဝတ်တန်းဆာကို ဝတ်ဆင်လင့်ကစား အကျင့်မရှိသောသူသည် အချည်းနှီးသာတည်း ဆိုသည့် ဘဝလမ်းညွှန်များကို နောင်လာနောက်သားတို့ ဆက်လက်ယုံကြည်လိုက်နာ ကျင့်သုံးကြစေဘို့ သခွတ်ပင်ကမီးတစ်ကျည်ကျည်ပြုလိုက်ချင် သေးသည်။ စင်စစ်တွင်မူ ဘဝတဏှာအရှုပ်တွေကြားမှာ အလှကဗျာတစ်ပုဒ်ဖြစ်ဖြစ် ဖွဲ့သီနေလိုသေးသည့် အန္ဓဘာဝသာဖြစ်ကြောင်းကိုလည်း ကောင်းစွာ ကျွန်တော်သဘောပေါက်လေသည်။

စင်စစ် အိမ်ဦးခန်းဟူသည် အိမ်တစ်အိမ်၏အထွဋ် အမြတ်။ တန်ဘိုးရှိသောအရာ တန်ဘိုးထားသော အရာများ သတ်မှတ်ထားရှိရာနေရာဖြစ်၏။ ပြီးတော့ အိမ်သူအိမ်သားတွေ ဧည့်ကောင်းစောင်ကောင်းတွေ သက်တောင့်သက်သာ စုဝေးရာနေရာလည်းဖြစ်၏။ သည်သို့ပင် ကျွန်တော်သဘောရ၏။ လောကကို အိမ်သဘွယ် မှတ်ယူတင်စားလျှင် သည်အိမ်တွင်းသို့ရောက်လာသူမှန်သမျှ သည်နေရာမှာအေးအေးလူလူ အထိုင်ကျဘို့  မျှော်မှန်းကြသည်ချည်း။ သို့သော် ကံ ဉာဏ် ဝိရိယ အခင်းအကျင်းကိုလိုက်၍ ဘဝကိုအိမ်ဦးခန်းမှ စကာ အိမ်ဦးခန်းမှာဆုံးခွင့်ရသူတွေရှိသလို အိမ်ဦးခန်းကိုရောက်ဘို့ အိမ်ဘေးအိမ်နောက် မလွယ်ပေါက်များမှတစ်ဆင့် (ကျွန်တော်တို့လို) ခက်ခက်ခဲခဲဝင်လာရသူတွေ ရှိကြ၏။ ထို့အတူ အိမ်ဦးခန်းကိုရောက်ပါလျက် မလွယ်ပေါက်မှပြန်ထွက်သွားကြရသူတွေရှိသလို အိမ်ဦးခန်းသို့လျှောက်ရင်းက မရောက်နိုင်ကြသူတွေ (ဖေဖေတို့လို) ရှိကြ၏။ ကိုယ့်ကိုကိုယ်ပြန်ကြည့်တော့ ကျွန်တော်က ဒုတိယတန်းစား အမျိုးအစားမှာ စာရင်းဝင်သူ။ အိမ်ဦးခန်းဆိုသော လူတလုံးသူတလုံးဘဝရောက်ဘို့ရာ အားထုတ်ရတာတွေများသလို ချိုးနှိမ်ချုပ်တည်းရတာတွေ အများကြီး။ သည်အထဲမှာ 'ခရီးအဆုံးကျရင် နည်းသုံးသမျှတရားဝင်သည်' (ends justify means) ဆိုသည်မျိုး၊ 'မနိုင်နိုင်လျှင်ပေါင်းလိုက်ပါ' (can’t beat them, join them) ဆိုသည့်အတွေးအခေါ်မျိုးကို တက်ကျမ်းအဖြစ်လက်မခံသောငြင်းဆန်မှုနှင့် ထိုအယူဝါဒများဖြင့်တွင်ကျယ်နေသူတို့ အိမ်ဦးခန်းမှာအောင်သေအောင်သားစားနေကြသည့်အပေါ် ရှုစိမ့်ဖြစ်အောင်ကြိုးပန်းမှုတို့က နေရာယူထားကြ၏။ အိုနာသေဖျား ဤတရားကို များများစိတ်မှာ ပူဆာသောက မကြောင့်ကျမိစေဘို့ ကံ စိတ် ဥတု အာဟာရဖြင့် တည့်မတ်ရသည့် ယ္ခုလိုကာလမျိုးတွင်မူ ထိုချိုးနှိမ်မှုထို  အားထုတ်မှုအလေ့အကျင့်တွေက အတော်ပင်အထောက်အကူဖြစ်ကြာင်းတွေ့ရှိ ရလေသည်။ 

နေ့စဉ်မှတ်တမ်းကို (စာအုပ်စင်နှင့်ဝေးရာမှာမို့) ကိုးကားခွင့်မရသဖြင့် စာသားအတိအကျ ကျွန်တော်မမှတ်မိသော်လည်း ဖေဖေ့ကဗျာက သံဝေဂလင်္ကာတစ်ပုဒ်မဟုတ်သည်ကိုတော့ အသေအချာပြောနိုင်သည်။  ဆေးရုံပေါ်မှသေအံ့မူးမူးဝေဒနာသည် အိမ်ထောင်ဦးစီးတစ်ယောက်၏ မိသားစုအရေးရတက်မအေးသည့်အရေးအသား အစပ်အဆိုများသာဖြစ်ကြပါ၏။ ထိုအချိန်မျိုး၌ ဘဝကူးကောင်းဘို့ ဖေဖေ စိတ်ဝင်စားနိုင်မည်မထင်။ စဉ်းစားဖြစ်လိမ့်မည်လည်းမဟုတ်။ ဖခင်တစ်ဦး၏ဘဝကိုနှစ်ပေါင်း များစွာပိုင်ဆိုင်ခဲ့ပြီးသော ပိုင်ဆိုင်နေဆဲလည်းဖြစ်သော ကျွန်တော်ဒါကိုကောင်းစွာနားလည်ခံစားနိုင်သည်။ စင်စစ် ကျွန်တော့်အတွေးသို့ ဝင်ရောက်လာသည့်အချက်က ထိုကဗျာရေးချိန်မှသည် လောကတွင်းမှအမှန်တကယ်ထွက်ခွာသွားချိန်အထိ ဖေဖေဘယ်လိုနေသွားပါလိမ့် ဆိုသည်ကိုပင်ဖြစ်၏။ ရက်ပိုင်းမျှသာကြာခဲ့သောထိုကာလကို (အနည်းဆုံး စာတွေ့ရှိထားပြီးမို့) ဝေဒနာနုဿတိပွားရင်း ကျော်ဖြတ်ဘို့ ဖေဖေစဉ်းစားကောင်းစဉ်းစားနိုင် သည့်တိုင် လက်တွေ့ကျင့်ကြံဖြစ်မည်ဟုတော့ ကျွန်တော် မထင်။ သားရေးသမီးရေးကိစ္စ ဖခင်တစ်ဦး၏စိုးနှောင့်ဗျာပါကို စာနာလျက် ကျွန်တော်တစ်ထစ်ချပြောနိုင်သည်။ ထိုအတိုင်းဆိုလျှင် ဘဝကူးတော့မည့်အချိန်မှာပေါ်လာတတ်သည်ဆိုသော ဖေဖေ့ အာရုံနိမိတ်တွေမှာ သောက ဗျာပါဒ ကုက္ကုစ္စ တွေသာပြည့်နေမှာသေချာသည်။ ဒါသည်ပင် သံသရာကို သယ်ဆောင်သွားမည့်ဝဋ်တွေလား ကျွန်တော်အတွေးပွား ရ၏။ 

ဖခင်ထက်အသက်ပိုရှည်နေခြင်းသည်ပင် ကျွန်တော်ကပို၍ကံကောင်းသည်ဆိုရမည်ဖြစ်သလို လောကကြီးကို နောက်ဖေးပေါက်မှ ဝင်ရောက်ကြရသည်ချင်းအတူတူ ဖခင်ရောက်မသွားရသော အိမ်ဦးခန်းသို့မည်ကာမတ္တပင်ဖြစ်စေ ကျွန်တော်ရောက်ခဲ့သည်မှာလည်း ဝမ်းမြောက်ဖွယ်ဖြစ်၏။ သည့်ထက်ပို၍ နောင်လာမည့်မျိုးဆက်ကို (ကျွန်တော်တို့ထက်) အတိုင်းအတာတစ်ခုအထိသာအောင် ပျိုးထောင်နိုင်ခဲ့ခြင်းအတွက် အသေဖြောင့်ပြီဟု ဆိုနိုင်သည်။ အနည်းဆုံး သေခြင်းတရားနှင့်ရင်ဆိုင်တွေ့ချိန်မှာအာရုံနိမိတ်ဆိုးတွေ ပေါ်ဘို့အလားအလာ ဖခင်ထက်စာလျှင် ကျွန်တော့်မှာပို၍လျော့ပါးနိုင်ခဲ့ပြီဖြစ်လေသည်။ ဖေဖေကဲ့သို့ စိတ်လေလေ ကဗျာမျိုး ရေးစရာ အကြောင်းမရှိတော့ဟုသာမာန်အားဖြင့် ယူဆသော်ရကောင်း၏ (သောင်စဉ်ရေမရကဗျာတစ်ပုဒ်တစ်လေ ရေးဖြစ်နေဦးမှာတော့သေချာသည်)။ သို့သော် ဘဝဆိုသည်ပုံသေကားကျမရှိ၊ ပုံဆောင်ခဲလိုမတည်မြဲတတ်။ ကျွန်တော့် ကာယကံမှု ဝစီကံမှု တို့ကြောင့် ကျွန်တော်ကိုယ်တိုင် နောက်ဖေးပေါက်မှ ပြန်ထွက်သွားရနိုင်သလို ကျွန်တော်မဟုတ်သောမျိုးဆက်ထဲမှတစ်ယောက်ယောက်၏ကံသုံးပါးကြောင့်လည်း တစ်အိမ်လုံးပြားပြားဝပ်အောင် ပြိုလဲပျက်စီးသွားနိုင်သည်။  ကျွန်တော်မျက်ကွယ်မပြုမီ မျိုးဆက်တစ်ခုလုံး ပျက်သုဉ်း ၍လည်း သွားနိုင်သည်။ သို့တည်းမဟုတ် ကျွန်တော်အလေးထားသောကျွန်တော် အလေးထားစေချင်သော စိတ်ဓာတ်ခွန်အားတွေကျင့်ဝတ်စံနှုံးတွေကို ကျွန်တော်မျက်ကွယ်ပြုချိန်မှာ ကျွန်တော့်မျိုးဆက်ကိုယ်တိုင်က သွေဖည်ကောင်းသွေဖည်ကြလိမ့်မည်။ ပြောရလျှင် သူတို့ခေတ်က ဖြစ်ပျက်မြန်သည်။ သူတို့အလိုအရ စိမ်ခေါ်မှုတွေ အလွန်များသည်။ စိမ်ခေါ်မှုကို အခွင့်အလန်းအဖြစ်သူတို့ မြင်ကောင်းမှမြင်ကြမည် သို့တည်းမဟုတ် အခွင့်အလန်းကို တစ်မျိုးအဓိပ္ပါယ်ဖွင့်ကာအလွဲသုံးစားပြုချင်ပြု ဖြစ်ကြလိမ့်မည်။

ဤသည်မှာ မျိုးဆက်သစ်ကိုအပေါ်စီးမှအမြဲကြည့်နိုင်ဘို့ တစ်နည်း (သံဝေဂကင်းစွာ) မျိုးဆက်သစ်တွေ ထဲမှာ ဆက်လက်အရာဝင်လိုမှုတို့အတွက် ဆင်ခြေ တစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်တော်၏ နေခြင်းတရား ထဲမှာတော့သူကအခရာ။ အထူးသဖြင့် ဗျဿနတရားတွေကို အမြိုက်ဆေးနှယ်နိစ္စဓူဝ မြိန်ရည်ယှက်ရည် မှီဝဲသုံးဆောင်နေကြသည့်ဖြစ်စဉ်ဖြစ်ရပ်တွေအကြားမှာ လမ်းဆုံးလျှင်ရွာရောက်မည် ယုံမှတ်ကြတာမျိုး မနိုင်မည်စိုး၍ဦးချိုးကြသည်မျိုးသည်မျိုးရိုးထဲမှာ အနည်းဆုံးကျွန်တော့်တစ်သက်ကင်းပအောင်ထိန်းကျောင်း ဖို့ နေနိုင်သရွေ့နေချင်သေးသည်။ နှမ်းတစ်လုံးနှင့်ဆီမဖြစ်သည့်တိုင် နှမ်း၏သဘာဝ နှမ်း၏သတ္တိတို့ကိုကို ပျောက်ပျက်ခံ၍ မဖြစ်။ သည်အတွက် ကျွန်တော့်မျိုးဆက်အပေါ် ကျွန်တော် တာဝန်ခံရမည်။ သည်လိုနှမ်းတွေ ပေါင်းစည်းပြီး ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံမည့် စနည်းတွေတဘောင်တွေ ကျွန်တော့်တစ်သက် ကြားနာခွင့်မရတော့သည့်တိုင် နောက်မျိုးဆက်တစ်ဆက်ဆက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့သည် ဆိုလျှင်ပင်ကျေနပ်လောက်သည်။ ဒါသည်ပင် မျိုးဆက်တစ်ခု၏ရှင်သန်ခြင်းဟု ကျွန်တော် နားလည်ထားလေသည်။

သံသရာတည်းဟူသောဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှါဟု အခါအားလျော်စွာ ကျွန်တော်တို့ ရွတ်ဆိုလေ့ရှိကြသည်။ ဆင်းရဲခြင်း၏အကြောင်းဖြစ်သော ခန္ဓာအသစ်ဖြင့် ဘုံအသစ်ဘဝအသစ် တစ်ခုခုတွင် ပြန်လည် မွေးဖွားရခြင်းမှကင်းပသောအကျိုးတို့ကိုသာ အလိုရှိအပ်ကြောင်း ကျွန်တော်နားလည်ထားသည်။ လောကကိုကျော်လွန်သော(လောကတ္တရာ)နယ်ပယ်၌ ထိုသို့ကျဉ်လည်ရခြင်းမှ လွတ်ကင်းစေရန် ရည်သန်လျက် ကာယကံ ဝစီကံ မနောကံတို့ကို ထိန်းသိမ်းစောင့်ရှောက်ဘို့အားထုတ်ကြသည်။ သို့သော် သံသရာတစ်လျှောက် လှည်းလမ်းကြောင်းပမာ ထက်ချပ်မကွာလိုက်ပါကြသော ဝိပါက်ခေါ် ကုသိုလ်အကုသိုလ်တို့၏ အကျိုးတရား တစ်နည်းသံသရာဝဋ်ဆင်းရဲတို့ကို ဘဝများစွာပင် ဖျောက်ဖျက်၍မရတတ်ဟုဆိုသည်။ သံသရာနှင့်ချီ၍ ပေးဆပ်ရခြင်းကြာင့် သံသရာဝဋ်ဟုခေါ်လျှင် မျက်မှောက်ဘဝမှာပေးဆပ် ရလေသမျှလောကဝန်တာကျေပွန်စရာတွေကို လောကဝဋ်ဟုခေါ်ရမည်လား တိတိပပမပြောနိုင်သော်လည်း သစ်တောနှင့်သစ်ပင်ပမာ ဆက်စပ်မှုရှိမည်မှာတော့သေချာပါသည်။ အင်းဝခေတ် ဆရာတော်ဦးဗုဓ်က နန်းတော်မယ်နုအား ဆုံးမခဲ့သော “ဝဋ်ကျွေးရှိလျှင် ကျေအောင်ဆပ်ရတယ်” ဆိုသောစကားနှင့် အကြောင်းတိုက်ဆိုင်သည့်အခါ အမေပြောခဲ့သော နင်တို့အဖေကတော့ ဝဋ်ကျွတ်သွားတောပေါ့ဆိုသည့် စကားနှစ်ရပ်တို့မှာ ကာလဒေသနောက်ခံနှင့် ပညာ သဒ္ဓါ အနုအရင့်ချင်း မုချကွာသော်လည်း သဘောသဘာဝချင်းတော့ မကွာခြားလှပါဟု ကျွန်တော် ဆိုချင်သည်။ 

ဖေဖေက သုံးဆယ့်ရှစ်နှစ်မှာဝဋ်ကျွတ်သည်။ အမေကခြောက်ဆယ့်ကိုးနှစ်မှာဝဋ်ကျွတ်သည်။ ကျွန်တော်က ခုချိန် ခြောက်ဆယ့်နှစ်နှစ်ထိဝဋ်မကျွတ်သေး။ ပြောရလျှင်ကျွတ်လည်းမကျွတ်လိုသေး။ ကျွန်တော့်အတွက် သည်ဝဋ်ကကျွတ်ချင်စရာဝဋ်မဟုတ်ဆိုလျှင် တစ်ချို့မေးငေါ့ကြမည်။ သို့သော် ပျိုမြစ်စဉ်တုန်းက သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်ဟု ရင်နှင့်အမျှသီကျူးခဲ့သူတွေ အရွယ်လေးနည်းနည်းရချိန်မှာ အရိုးစု အပုပ်ကောင်ကို အဟုတ်ယောင်မထင်ကြဘို့ ရွာဆော်ကြိးလုပ်ကြသည်နှင့် ကြုံရလေတိုင်း ကျွန်တော် ကြားကမျက်နှာအထားရခက်တတ်သည်မှာလည်းအမှန်ပင်ဖြစ်၏။ မည်သို့ဆိုစေ မျိုးဆက်သစ်တို့တေးဆိုဖြစ်ကြသည့်တိုင်ကျွန်တော်နေလိုသေးသည်။ သတ္တဝါခပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျှင် တစ်စက်ကမှမရှိကြသည့်တိုင် မရဏံအလို ကြိုက်ရာကိုသာလိုက်ဘို့ ကြိုတင်မြွက်ဟရင်း  နေခြင်းနှင့်သေခြင်းအကြား သစ္စာထားတေးတစ်ပုဒ်လောက်တော့ ရွေးထုတ်ဘို့ကျွန်တော် ကြိုးစားကြည့် ချင်သေးသည်။  

Monday, January 2, 2017

ကျွန်တော်နှင့်ခြောက်ဆယ့်နှစ်












"ခြောက်ဆယ့်နှစ်သဝဏ်"

ကသောက်ကယက်ဖြစ်
အနှောက်အယှက်သစ်တွေနဲ့
ခြောက်ဆယ့်နှစ်ကို ကျော်ဖြတ်လာ။

ဆယ်နှစ်သား
လူပါးတစ်ကယ်မဝခင်က
ဖခင်ကိုစတင်ဆုံး
ရှုံးရချက်နာ။

သက်နှစ်ဆယ်မျက်ခြယ်အမှောင့်တွေနဲ့
ခက်တယ်ကွယ် သက်လှယ်ကလည်းနှောင့်တဲ့ပြင်
ကြောင့်ကျဘွယ် ဘဝအခင်းထဲက
လမင်းနဲ့သူရကန်လို
သူအပြန်ကိုယ်အသွား
မတူတန်တယ်လို့လည်းရှားကြပေါ့
ထားရစ်ခဲ့ဝေဒနာတောမှာကွယ်
အားသစ်မဲ့ကာ။

သုံးဆယ်မှာ တွယ်တာရသူနဲ့
အုံးလှယ်ရာ ဘယ်ညာငှကာပ
ဘဝကဗျာအလှရှာ စရာလမ်းကိုလှမ်းကြတော့
လမ်းအကွေ့စမ်းမတွေ့သခိုက်လည်းမငြူမစူ
ပန်းတစ်ပွေ့တစ်ပိုက်ရယ်နဲ့ ချမ်းမြေ့လှိုက်လှဲကြည်ကြည်ဖြူဖြူ
ကယူကယင်မြူမတင်ဖြူစင်တဲ့ အထွေးအနွယ်တွေကြားမှာ
လေးဆယ်ကိုထားရစ်
ငါးဆယ်မှာ အားငယ်ဖြစ်ပေမယ့်
ခြောက်ဆယ်ဆို ရောက်မယ်သနစ်ရယ်ကြောင့်
ချစ်လွယ်သမျှ မာန်ကိုခွာ
ဉာဏ်ပိုသာလျက် ဝီရိပွား
(မျိုးဆက်သစ် အပင်သန်စေဘို့)
ကံအိုစာဆက် ပီတိစား။

ယွင်းဇရာ
မကင်းသာမရဏအမျိုးဟာမို့
ဘဝညှိုး သည်အလျဉ်
သံသရာ သည်တွင်ပြတ်စေတော့
သည်ခန္ဓာ သည်တွင်ရပ်ရအောင်
ပညာဉာဏ် ဆင်ခြင်ဖြတ်ခွင့်ကို
(ယမမင်းရေ)
နှင်းအပ်မှာလား။     



[ပြီးခဲ့သော နိုဝင်ဘာလ မွေးနေ့တွင်အစပြုခဲ့သော နောက်ကျိကျိ "ဘဝရီဗျူး" အား နှစ်မကုန်မီ ကပျာကယာအပြီးသတ်ရန်ကြိုးစားရင်းနောက်ကျခဲ့ရသည့် နှစ်လွန်ကဗျာ]





Thursday, December 29, 2016

ကျွန်တော်နှင့်ဆေးရုံ

ကျွန်တော့်ဘဝတွင် ဆေးရုံတစ်ရုံနှင့်ပထမဆုံးထိတွေ့ဖူးခဲ့သည်မှာ ဖခင်ဖြစ်သူရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်၍ကုသမှုခံယူစဉ်ကဖြစ်၏။ အချိန်က တော်လှန် ရေးကောင်စီတက်ကာစ ၁၉၆၄ ခုနှစ်ဖြစ်လေသည်။ ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦး အကန့် အသတ်ဖြင့် (ဆေးရုံပေါ်သို့ ၁၂ နှစ်အောက်ကလေးများမတက်ရ) တွေ့မြင်မှတ်သားရမိသမျှ ဆေးရုံကြီးကသန့်ပြန့်သည်။ ဆရာဝန်တွေသူနာပြုတွေကြည့်လိုက်လျှင် အမြဲလိုလိုရွှင်ပြနေကြသည်။ လူနာတွေကိုဂရုစိုက်သည်။ ဆေးဝါးနှင့်ကုသမှုအခမဲ့ (ထိုက်သင့်သော အခကြေးငွေပေးရသည့် ပိုက်ဆံခန်းဟုခေါ်သော အထူးခန်းတွေလည်းရှိသည်ဟုကြားဖူး၏)။ ထမင်းမပို့နိုင်သည့်လူနာများကို ဆေးရုံမှကျွေးမွေးသည်။ ပေါင်တွင်းအကျိတ်ဟုလူကြီးတွေပြောသံ ကြားသောရောဂါကို ဆေးရုံသုံးခါတက်ပြီး သုံးခါခွဲစိတ်ကာ နောက်ဆုံးအခေါက်သုံးလအကြာဆေးရုံမှာပင်ကွယ်လွန်ခဲ့သော်လည်း ဆေးရုံ၏စောင့်ရှောက်မှုအပေါ် မည်သူမျှသံသယဖြစ် အပြစ်မြင်စကား ဆိုသည်ကိုမကြားခဲ့ရချေ။

နောက်တစ်ကြိမ်မှာ ကျွန်တော်ကိုယ်တိုင်လူနာဖြစ်၏။ ၁၉၇၅ တက္ကသိုလ်တတိယနှစ်မှာ ညာဘက်မျက်လုံးထဲမှ စူးအောင့်ပြီး မျက်ရည်တွေကျနေသဖြင့် ကန်တော်လေးအထက်ပန်းဆိုးတန်းလမ်း မျက်စေ့နားနှာခေါင်း လည်ချောင်းရောဂါ ပြင်ပလူနာကုဌာနသို့သွားရ၏။ အထူးကုဆရာဝန်ကြီးတစ်ဦးနှင့်တွေ့ခွင့်ရပြီးသူကနောက်တစ်နေ့အလံပြဘုရားလမ်း မျက်စေ့ နား နှာခေါင်း လည်ချောင်း ဆေးရုံကြီးသို့ လာရောက်ရန်ချိန်းသည်။ ဆေးရုံသို့ချိန်းဆိုသည့်အချိန် ရောက်သွားရာ ဆယ့်ငါးမီးနစ်ခန့်စောင့်ပြီးနောက်  အခန်းတစ်ခုအတွင်းသို့ဝင်ရပြီး ဆရာကြီးကိုယ်တိုင် ကိုင်တွယ်ကုသပေးသည်။ နောက်ပိုင်းဆေးမှတ်တမ်းကို တတ်သရွေ့မှတ်သရွေ့ဖတ်ကြည့်ခဲ့ရာ၌ မျက်ကြည်လွှာရှိအပေါက်ငယ်အား ဆေးဖြင့်ဖာထေးပေးခြင်းဟုနားလည်ရ၏။ နာရီဝက်ခန့်ကြာသည့်ကုသမှုအတွင်း နာကျင်မှုမရှိသော်လည်း ဆေးရုံမှအထွက်ဘတ်စကားဂိတ်သို့ လမ်းလျှောက်စဉ်မခံမရပ်နိုင်အောင်နာလာသောကြောင့် သုံးဘီးတစ်စီးတားပြီးအိမ်ပြန်ခဲ့ရ၏။ ထိုနေ့ကမျက်စေ့တစ်ဖက်ပတ်တီးအုပ်လျက် သုံးဘီးပေါ်မှဆင်းလာသောကျွန်တော့်ကိုမြင်၍ အိမ်သားတွေလန့်ဖြန့်သွားကြကြောင်းအဆိုရှိလေသည်။ သုံးဘီးခနှစ်ကျပ်ခွဲ (နှစ်ကျပ်ပြားငါးဆယ်) နှင့် အသွားဘတ်စကားခမှာထိုကုသမှုနှင့်စပ်လျဉ်း၍ ကျွန်တော်ကုန်ကျရသမျှဖြစ်ပြီး နောက်ထပ်လည်းသွားစရာမလိုတော့။

#                    #

ကျွန်တော့်သားသမီးသုံးဦးအနက်နှစ်ဦးကိုဗဟိုအမျိုးသမီးဆေးရုံကြီးတွင်မွေးဖွားသည်။ ယောက္ခမများအိမ်မှာဆေးရုံနှင့်နီးသည့်ပြင်  ထိုစဉ်ကထုံးဆံထင်ရှားသောအထူးကုဆရာဝန်ကြီးတစ်ဦးဦးနှင့် ကြိုတင်အပ်နှံထားလေ့ ရှိသောကြောင့် များစွာစိတ်မပူရ။ ကျွန်တော့်အလုပ်က ရန်ကုန်တစ်ဘက်ကမ်းမှာမို့ မွေးကာနီးတစ်ပတ်ခန့်အလိုတွင် ဇနီးသည်ကမိဘများအိမ်သွားနေပြီး မွေးမည့်နေ့ဆေးရုံသို့တက်၍မွေးဖွားရုံပင်။ သူ့မိဘနှင့်ညီမများလိုလေသေးမရှိ စောင့်ရှောက်ကြသောကြောင့် ဆေးရုံသို့ကျွန်တော် သိပ်မရောက်ဖြစ်။ တိတိကျကျပြောရလျှင် သားကြီးတုံးကဇနီးသည်ကိုအားပေးဖို့ တစ်ခေါက်သာရောက်ပြီး (ထိုအချိန်ယောက္ခမများနှနှင့်အဆင်မပြေခိုက်မို့‌) ဆေးရုံဆင်းသည့်အခါထပ်မရောက်တော့။ သားငယ်ကျတော့ ကျွန်တော်တာဝန်နှင့်အဝေးမှာမို့ တစ်ခေါက်ပင်မရောက်။ သမီးကျတော့ဆေးရုံတက်ရန်ချိန်းထားပြီးမှ ရင်းနှီးသောသူနာပြုဆရာမကြီးတစ်ဦးအိမ်လာလည်ခိုက် ကြုံကြိုက်သဖြင့်အိမ်မှာပင် ဆရာမကြီးကိုယ်တိုင်မွေးပေးသည်။ ဆိုလိုသည်မှာ  အမျိုးသမီးဆေးရုံနှင့်ပတ်သက်၍ ဝေဖန်ရန်ကျွန်တော်အရည်အချင်းမပြည့်မီ။  ကိုယ်တိုင်မွေးလူနာဖြစ်ခဲ့သော ဇနီးသည်ထံမှလည်း ဝေဖန်သံတစ်စုံတစ်ရာမကြားခဲ့မိ။ သားသမီးအားလုံးကို ထိုဆေးရုံမှာပင်မွေးဖွားရန်အားသန်ခဲ့သည်ကိုထောက်၍ စိုးရိမ်စရာစိတ်ပျက်စရာ အတွေ့အကြုံတစ်စုံတစ်ရာ မရှိခဲ့ဟုပြောနိုင်သည်။ ထိုစဥ်ကာလကအားကိုးစရာကလည်းသည်‌ဆေးရုံတစ်ရုံပဲရှိသည်ကိုး။ သို့သော် ကလေးဆေးရုံအတွေ့အကြုံကတော့ တစ်ခါဆိုဆိုသလောက် ဟုပြောရမည်။

၁၉၈၅-၈၆ တစ်ခုသောညသန်းကောင်ယံ၌ အခါလည်ကျော်သားကြီးသည် မီးနစ်အနည်းငယ်စီခြား၍ အကြိမ် နှစ်ဆယ်ခန့်ဝမ်းသွားလေ၏။ ဝမ်းက (မရိုသေ့စကား) စမြင်းလိုအတုံးအခဲတွေသာဖြစ်ပြီး အရည်အကျိအချွဲမပါ။ ကိုယ်ပူခြင်းမရှိ။ နုံးခွေသည့်အနေအထားမရှိ။ ခလေးကလန်းလန်း ဆန်းဆန်းပေမင့် ဆေးရုံကိုသွားခြင်းသာအသင့်တော်ဆုံးဟုသဘောရသည့်အတွက် ညတွင်းခြင်းနေထိုင်ရာဒလဘက်ကမ်းသင်္ဘောကျင်းမှ ကြိုပို့ရေယာဉ်ဖြင့် ရန်ကုန်သို့ကူးကာကားငှားပြီး ဟယ်လပင်လမ်း (ပြည်ထောင်စုရိပ်သာလမ်း) ကလေးဆေးရုံကြီးသို့ အပြေးလာခဲ့ကြ၏။ (ညဉ့်နက်သန်းကောင်မို့ ဆေးရုံအနီးရှိယောက္ခမများနေအိမ်သို့ပင်မဝင်ခဲ့)။ ဆေးရုံတွင်အရေးပေါ်ဌာနက ကုသဆောင်သို့ချက်ခြင်းတင်ပေးသည်။ ကုသဆောင်အတွင်းကုတင်အများစု လွတ်နေကြပါလျက် အိမ်သာနှင့်ကပ်လျက် အစွန်ဆုံးကုတင်မှာ သားကိုနေရာချပေးလေသည်။ ဆိုးရွားသော အနံ့အသက်များကလူကြီးပင်မခံနိုင်။ အိမ်သာခန်းနှင့်လျှောက်လမ်းပေါ်မှာ ဘယ်ကဘယ်လိုလျှံကျနေမှန်းမသိသော ညီစို့စို့ ရေတွေ ခြေကျင်းဝတ်မြုတ်လောက်သည်။ သား၏ကုတင်မှာလည်း အစွန်းအထင်းတွေက ဝါကျင်ကျင်မီးရောင်အောက်မှာပင်အထင်းသား။ ထို့ကြောင့် သားကိုကုတင်ပေါ်မချသေးဘဲ မအေ့ရင်ခွင်မှာနေစေရသည်။ တော်သေးသည် သားကဝမ်းထပ်မသွားတော့။ ကလေးလူနာတွေရော လူနာစောင့်တွေပါအိပ်နေကြသဖြင့် တိတ်ဆိတ်သောအဆောင်အတွင်း မီးမှိန်မှိန်အောက်မှာ ကြောင့်ကြအားငယ်စွာ ထိုင်နေကြရသည့် ထိုအချိန်သည် ဘဝ၏အဆင်းရဲဆုံး အချိန်တစ်ချိန်ဖြစ်ခဲ့လေသည်။

လင်းအားကြီးလောက်တွင် အပြာဝတ်သူနာပြုဆရာမတစ်ဦးလက်တွင်းမှာသောက်ရေခွက်ကိုင်လျက် ကျွန်တော်တို့ထံလျှောက်လာပြီး ‘ရော့ ဆေးတိုက်လိုက်’ ဆိုကာ ဆေးပြားတစ်ပြားပေးသည်။ ဇနီးသည်က လှမ်းယူပြီးအိပ်ပျော်စသားကိုနှိုး၍ဆေးတိုက်ရာ နဂိုဆေးကြောက်သည့်အခံကြောင့် အိပ်ချင်မူးတူးနှင့်ငြင်း ဆန်လေတော့၏။ မအေကချော့သားကငြင်းနေကြသည်ကိုရပ်ကြည့်နေသောသူနာပြုသည် သီးခံမှုအတိုင်းအတာလွန်သွားသည့်အလား မအေလက်တွင်းမှ ဆေးကိုဆတ်ကနဲယူ ကလေး၏ပါးနှစ်ဘက်ကိုလက် တစ်ဘက်ဖြင့်ညှစ်ပြီးအခြားတစ်ဘက်ဖြင့် ပွင့်လာသောပါးစပ်အတွင်းသို့ဆေးကို ဆောင့်ကြီးအောင့်ကြီးထိုးထည့်လိုက်ရာ ဆေးဝင်မဝင်မသိသော်လည်း သားကစူးစူးဝါးဝါးအော်ငိုလေတော့၏။ ကျွန်တော့်ရင်ထဲ အိမ်သာဘက်က အနံ့အသက်ထက်ပင်ပို၍အော်ဂလီဆန်သွားလေသည်။ တိုတိုပြောရလျှင်ထိုနေ့က ကျွန်တော့်သဘောနှင့် ကျွန်တော်လက်မှတ်ထိုးပြီးဆေးရုံမှချက်ခြင်းဆင်းခဲ့၏။ တာဝန်ကျဆရာဝန်အမျိုးသမီးက ကျွန်တော့်ဇနီးမှတစ်ဆင့် နံနက်လင်းသည်အထိစောင့်ဖို့ဖြောင့်ဖျ ပြောဆိုသည်ကိုပင်လက်မခံတော့။ ကံအားလျော်စွာသားကြီးဘာမှမဖြစ်။ ယ္ခုသင်းပင်ခလေးအဖေဖြစ်နေပြီ။ ထိုမှစ၍ ဆေးရုံဆိုလျှင်လူနာမေးပင်သွားရန် ဝန်လေးခဲ့လေ၏။ မိသားစုဝင်အားလုံးလည်း ပြင်ပဆေးခန်း (ပုဂ္ဂလိကဆေးရုံတွေ မပေါ်သေး) လောက်နှင့် ပြီးသော နာမကျန်းမှုမျိုးမှအပ ထွေလီကာလီရောဂါကြီးငယ် မရှိသောကြောင့် ဆေးရုံနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာပင် ကယိကထမများ ကသိကအောက် မဖြစ်ခဲ့ရပေ။ 

၁၉၉၀ ခုနှစ် အစောပိုင်းနှစ်များအတွင်း ကျွန်တော့်မှာခါးနာရောဂါစွဲကပ်ခဲ့၏။ အလုပ်ပင်ပန်းသောကြောင့် ဟု ယူဆကာ သက်သာသလိုနေထိုင်ရင်း အပြင်းအထန်နာသည့်တစ်နေ့ ဆေးခန်းသို့ရောက်ခဲ့ရာ ဓာတ်မှန်ရိုက်စေပြီးနောက် ကျောက်ကပ်အတွင်းကျောက်တည်သည်ဆိုကာ ခွဲစိတ်ကုဆရာဝန်ကြီးတစ်ဦးထံ လွဲပြောင်း ပေးခြင်းခံရ၏။ ဆရာကြီးကစစ်ဆေးကာ ကျောက်ကပ်နှစ်ဘက်စလုံးမှာကျောက်တည်နေသည်။ ဆီးလမ်းကြောင်း ပိတ်သွားနိုင်သည့် ညာဘက်ကိုအရင်ခွဲရမည်ဟုပြော၏။ မခွဲမစိပ်ဘဲချေလျှင် မရနိုင်ဘူး လားဆရာဟု (ကြားဘူးနားဝဖြင့်) မေးရာ ဆရာကြီးက သူ့အံဆွဲထဲမှလက်သုံးလုံးခန့် မီးခိုးရောင်မြစ်ကျောက် (ဟုထင်သည်) ခပ်ပြားပြားတစ်ခုကိုထုတ်ယူ၍ စာပွဲပေါ်သို့တင်လိုက်ပြီး “ခင်ဗျားကျောက်က အဲသည် လောက် ဖြစ်နေရင်ဘယ်လိုချေမှာလဲ” ဟုပြောလေသည်။ ထို့နောက် ဘယ်နေရာမှဘယ်လိုခွဲပြီးကျောက်ကိုထုတ်ယူမည်ကိုရှင်းပြလေ၏။ တိုတိုပြောရလျှင် ဆရာကြီးထံ နောက်တစ်ခေါက်ကျွန်တော်မရောက်တော့။ ထိုအချိန်က ကျွန်တော့်အတွေးမှာ (နည်းနည်းတော့ ကြောင်မည်လားမသိ) ဆရာကြီး အပြောအရဆိုလျှင် (ကျောက်ကပ်နှစ်ခုစလုံးအတွက်) ကျွန်တော့် ဝမ်းပိုက်မျက်နှာပြင်အပြည့် ခွဲစိတ်ရာကြီး သေရာပါသွားမည်ကို မရှုစိမ့်ခြင်းဖြစ်၏။ ထိုထက်ပို၍ အဓိကကျသောအချက်မှာ မတော်တဆခွဲရင်းစိပ်ရင်းတိမ်းပါးသွား ခဲ့သော်ဆိုသော စိုးရိမ်စိတ်ပင်ဖြစ်လေသည်။

သေခြင်းတရားကိုကျွန်တော်မသိ၍မဟုတ်။ သေခြင်းတရားဟူသည်ကြောက်၍လည်းအသနားမပို ရှောင်လွှဲ၍ မရနိုင်သည်ကိုကျွန်တော်နားလည်ပါ၏။ သို့သော် ရံဖန်ရံခါခါးနာသည်မှလွဲ၍ အကောင်းပကတိ လှုပ်ရှားသွားလာနေသူဖြစ်ရာ အသက်နှင့်ယှဉ်သောခွဲစိပ်ကုသမှုတစ်ရပ်ကိုမှားယွင်းစွာရွေးချယ်မိဖို့ မည်သို့မျှစဉ်းစား မရနိုင်ခဲ့ချေ။ သူများတွေ သည်လိုပဲခွဲစိတ်နေကြသည်၊ ခွဲတိုင်းသေသည်မဟုတ်၊ သွားနိုင်လာနိုင် ကျန်းမာတုန်း ခွဲစရာရှိ ခွဲတာကောင်းသည်၊ ကျောက်ကပ်ဆိုတာ ပျက်ပြီဆိုလျှင် ဝုန်းကနဲပျက်တတ်ပြီး ထိုအခါကျမှဆိုလျှင် ခွဲစိတ်ချိန်ပင်ရနိုင်မည် မဟုတ်တော့ စသည်စသည် ကျွမ်းကျင်မှုအမြင်များသည် ‘ခွဲစိတ်ရင်းမသေနိုင်ဟု ရာနှုံးပြည့် အာမမခံနိုင်’ ဆိုသော ထိုကျွမ်းကျင်သူတို့ကိုယ်တိုင်၏ ဝန်ခံချက်ကိုကျော်လွန်၍ ကျွန်တော့်အား ဆွဲဆောင်ခြင်းငှာမစွမ်းကြ။ ထိုအချိန် ကျွန်တော်သည်ဝန်ထမ်းတစ်ပိုင်းစီးပွားရေးသမားတစ်ပိုင်းဘဝတွင် နှစ်မျိုးစလုံးကိုအရှုံးဖြင့်ကျော်ဖြတ်နေရချိန်လည်းဖြစ်၏။ ဝန်ထမ်းဘဝ၏အရှုံးမှာ (နုတ်ထွက်ခွင့်တောင်းခံထားပြီးမို့) မတောင်းတာဟုဆိုရမည်ဖြစ်သော်လည်း စီးပွားရေးသမားဘဝ၏အရှုံးကမူ ငွေရေးကြေးရေး (တစ်နည်း) အကြွေးပါဝင်ပတ်သက်နေသည်။ လူတကာကိုပြုံးပြရုံကလွဲ၍ဘာမျှမတတ်ဟု ကျွန်တော်သတ်မှတ်ထားသောဇနီးသည်နှင့် လူမမယ်သားသမီးသုံးယောက်တို့အားအကြွေးထုပ်ကြီးနှင့် ထားရစ်မျက်ကွယ်ပြုဘို့ရာ စဉ်းစားမရနိုင်ခဲ့ချေ။ ကံအားလျော်စွာကျောက်ကပ်နှစ်ခုစလုံးတွင်ပြည့်နှက်နေသည်ဆိုသော အနှီကျောက်များသည် ဘဝတဏှာအတွက် ကျားကုပ်ကျားခဲထမ်းနေရသော ကျွန်တော့်ခန္ဓာဝန်ကိုစိုးစဉ်းမျှလေးပင်ခြင်း (ယ္ခုတိုင်)မရှိခဲ့ကြ။ မရှိသေးဟုဆိုလျှင်ပိုမှန်မည်။ ခေါက်ကနဲပြိုဆင်းခြင်းကိုတော့ ဘယ်သူမျှမတတ်နိုင်။

#                    #

ထိုနှစ်များအတွင်းမှာပင် ရွှေ့ပြောင်းလုပ်သား (တစ်ချို့က ဦးနှောက်ယိုစီးမှုဟုတင်တင်စီးစီးပြောကြသည်။ သူများခိုင်းတာလုပ်ရသည်ခြင်းအတူတူခြားနားသည်ဟု ကျွန်တော်တော့မထင်) ခရီးစဉ်အဖြစ် ဘန်ကောက်သို့   စတင်ထွက်ခွာဖြစ်သည်။ ဘန်ကောက်မှာခြောက်နှစ်ကြာစဉ်အတွင်း တစ်ကြိမ်တွင် အပြင်းအထန် ခါးနာသည့် ဝေဒနာခံစားရသဖြင့် ဆေးရုံကြီးတစ်ရုံသို့သွားပြရင်းခါးနာကုသောဆရာဝန်ကို ကျောက်ကပ်ကျောက်တည်နေကြောင်း မြန်မာနိုင်ငံရှိဆရာဝန်ကခွဲရန်ပြောထားဖူးကြောင်းပြောပြရာ ထိုဆရာဝန်သည် ကျွန်တော်၏ ဆီးနမူနာကိုချက်ခြင်းယူစေကာ (ဓါတ်မှန်တော့မရိုက်ခဲ့ရ) စစ်ဆေးပြီးနောက် ကိစ္စမရှိပါဟု ပြောသဖြင့်အားတက်ပြီး  နှစ်အတန်ကြာအောင်မေ့မေ့ပျောက်ပျောက်ဖြစ်ရပြန်၏။ ဘန်ကောက်မှ ပြန်လာပြီး စီးပွားရေးလောကအတွင်းပြန်လည်အခြေချဘို့မည်သို့မျှနေရာမရနိုင်သည့်အခါစင်္ကာပူသို့ပြန်ထွက်ရာ၌ ဗိုက်ထဲကကျောက်တွေငြိမ်ချက်သား ကောင်းဆဲပင်ဖြစ်လေသည်။ သို့ရာတွင်မမျှော်လင့်သောရောဂါတစ်ခုကိုတော့ စင်္ကာပူ၏တင်းကျပ်သောစည်းမျဉ်းစည်းကမ်းနှင့်အညီနှိမ်နင်းခဲ့ရ၏။ ကမ္ဘာကျော် တီဘီခေါ် အဆုတ်နာပင် ဖြစ်သတည်း။ 

စင်္ကာပူတွင် အလုပ်လုပ်ရန် ပဏာမခန့်စာကို ပို့လိုက်ကတည်းက တီဘီနှင့်အခြားကူးစက်ရောဂါတွေ ကင်းရှင်းကြောင်းဆေးမှတ်တမ်းယူလာရန်မှာသည့်အတိုင်း ဓာတ်မှန်အပါအဝင်အခြားဆေးစစ်ချက်များယူဆောင် တင်ပြခဲ့ရရုံမက အလုပ်ရှင်ညွှန်ပြသော ပြင်ပဆေးခန်းတစ်ခုတွင် ထပ်မံစစ်ဆေးပြီးအဖြေကို အလုပ်ရှင်ထံတိုက်ရိုက်အစီရင်ခံသောစံနစ်ဖြင့် အတည်ပြုပြီးမှသာလျှင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်ထုတ်ပေးခဲ့သည့်ကြားမှ ခြောက်လအကြာ၌ တီဘီသံသယအဝင်ခံရပုံမှာ ဒဏ္ဍာရီဆန်သည်ဟုပြောရမည်သို့ဖြစ်၏။ သာမန်အာဂန္တုအဖျားကို နီးစပ်ရာဆေးခန်းတွင်ပြရာမှ ဆရာဝန်ပေးသောဆေးပြင်းများကြောင့် အဖျားမကျဘဲသွေးဖြူဥတွေကျခဲ့ပြီး မြို့နယ်ဆေးခန်းသို့ပြောင်းလဲပြသပြန်ရာ သွေးဖြူဥကျလျှင်ကင်ဆာဟု ယိုးစွပ်ခံရသည်။ ထိုမှ စင်္ကာပူအမျိုးသားတက္ကသိုလ် ဆေးရုံသို့သွားရာ လေးငါးရက်ခန့်သီးသန့်ခန်းတွင်ထားပြီး မေးခွန်းအမျိုးမျိုးမေး ဆေးအမျိုးမျိုးပေးပြီး နောက်ဆုံးတွင် တီဘီဟုသတ်မှတ်ကာ ကူးစက်ဆေးရုံသို့လမ်းညွှန်လိုက်သည်။ ကူးစက်ဆေးရုံတွင် ထပ်မံစစ်သည့်နည်းနှစ်မျိုးအနက် တစ်မျိုးတွင်ပိုးမတွေ့ ကျန်တစ်မျိုးကမထင်ရှား သို့သော် ခြောက်လဆေးစားရန် ညွှန်ကြားလိုက်လေသည်။ ဤသို့ဖြင့် နှစ်အတန်ကြာက ရန်ကုန်ရုပ်မြင်သံကြားတွင် ရာဇာနေဝင်း လက်နှစ်ဘက်ကွေးကောက်ပြပြီး DOTS ဟု ကြော်ငြာသည်ကိုမြင်တိုင်း ဒီမောင်ဘာတွေလုပ်နေပါလိမ့်ဟု နားမလည်နိုင်ခဲ့သောကျွန်တော် စင်္ကာပူDOTSတွင် ကိုယ်တိုင်ပါဝင်ဖြစ်ခဲ့ရလေတော့၏။ မြို့နယ်ဆေးရုံသို့ နေ့စဉ်သွားကာ တာဝန်ကျသူနာပြု၏ ကြီးကြပ်မှုဖြင့်ဆေးများကိုခြောက်လတိုင်တိုင် မပျက်မကွက်သောက်ပြီးနောက် ဆရာဝန်ကထပ်မံစစ်ဆေးပြီး ဆေးမှန်မှန်သောက်ကြောင်းထောက်ခံစာထုတ်ပေးခြင်းဖြင့် တီဘီ ဇာတ်လမ်း ဇာတ်သိမ်းခန်း သို့ ရောက်ရှိခဲ့လေသည်။

စင်စစ် စင်္ကာပူရောက်စ ပထမသုံးနှစ်ခန့်မှာ ‘အလုပ်လာလုပ်တာလား ဆေးလာကုတာလား’ မေးရလောက်အောင်ပင် ဆေးရုံဆေးခန်းနှံ့ရုံသာမက အရေးပေါ် ပြင်ပလူနာ အတွင်းလူနာအဖြစ် ရက်အတန်ကျင်လည်ခဲ့ ရ၏။ ရောဂါစုံကုသနည်းစုံ အခန်းစုံ (သီးသန့်ခန်း၊ နေ့ခွဲစိတ်ခန်း၊ ပင်မခွဲစိတ်ခန်း) မှာ မသေရုံတမည်အထိ ဝင်ထွက်ခဲ့ရလေသည်။ တီဘီကိစ္စပြီးတော့ ရင်တွင်းကျောက်ကို တစ်ကပြန်စရပြန်သည်။ အစဖေါ်သူက မရွှေတောက်။ စဖြစ်ကတည်းက ခွဲစိတ်ဓားကိုရှောင်ကွင်းလာခဲ့သည်မှာ နှစ်ဆယ်စုချီရှိပြီမို့ သူမ၏စိုးရိမ်ချက်ကတစ်ကျော့ပြန်လာပြီ။ သည်အထဲဆရာဝန်ဖြစ်စသမီး၏ အတို့အထောင်တွေလည်းပါသည်။ ကျောက်ကပ်ထဲမှာ ကျောက်တည်နေပါလျက် (ကျွန်တော့်လို) မနာဘူးဆိုလျှင်ပိုကြောက်ရသည်။ အသံတိတ်လူသတ်သမား ဟု အမည်တွင်သော ကျောက်ခက် (stag horn) ဖြစ်နေလျှင်ခက်မည်စသည်ဖြင့် ကြားဖူးနားဝခြောက်လုံးများဖြင့် သူ့အမေကိုမီးထိုးပေး၏။ သို့နှင့် မိတ်ဆွေ ‌တစ်ဦးမှတစ်ဆင့်သိကျွမ်းလာသော မြန်မာဆရာဝန်ရှိရာ အလက်ဇန္ဒားဆေးရုံတွင်သူမကိုယ်တိုင်ကြိုတင်စာရင်းသွင်းပြီး ကျွန်တော့်ကိုဆွဲခေါ်ပြစေသည်။ ကျောက်အရွယ်အစားကို ဓာတ်မှန်တွင်မြင်သောအခါ အံ့သြသွားသော ဆရာဝန်ကအမြန်ခွဲစိတ်ဖို့အကြံပြုလေသည်။ 

သို့နှင့် နှစ်နှစ်ဆယ်နီးပါး ဖြစ်တည်နေသော ရင်တွင်းဖြစ်ကျောက်များကို စင်္ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံမှာတက်၍ နှစ်ကြိမ်နှစ်ခါဖေါက်ထုတ်ဖြစ်ခဲ့၏။ ခွဲထုတ်ခြင်းတော့မဟုတ် ကီးဟိုးခေါ်သော့ပေါက်ငယ်မှ တစ်ဆင့်ကျောက်များအားတစ်စစီချေပြီးထုတ်ယူခြင်းဖြစ်ရာ ကျွန်တော်စိုးရိမ်ဖူးသောဝမ်းပိုက်ပတ်လည် အမာရွတ်ထင်မည့်အရေးဝေးသွားသဖြင့်အောင့်ထားရကျိုးနပ်သည်ဆိုရမည်။ သို့သော်ယာဘက်ကျောက်ကပ် သာလျှင် ၉၅ရာနှုံး အောင်မြင်စွာထုတ်ယူနိုင်ခဲ့ပြီး ဝဲဘက်မှာမူသွေးထွက်လွန်သဖြင့် ခွဲစိတ်မှုကိုရပ်လိုက်ရသည်။ ယာဘက်ကျောက်ကပ်ခွဲစဉ်ကထိုမျှကြီးသောကျောက်မျိုး ဤဆေးရုံမှာပထမဆုံးခွဲစိတ်ဘူးခြင်းဖြစ်သည်ဟုဆိုကာ ဆေးကျောင်းသားများလာရောက်အင်တာဗျူးခြင်းကိုခံရပြီး ဝဲဘက်ကျောက်ကပ်တွင်မူ ကျောက်ကမကုန်လူသာအသက်ကုန်မည်သို့ရှိသောကြောင့်တစ်ပိုင်းတစနှင့်ရပ်ပြီးသွေးနှစ်ပိုင့်သွင်းလိုက်ရ၏။ ကျွန်တော်လည်း မေ့ဆေးဆိုနားမှလေသာမကြားလိုပါဆိုသည့်အဖြစ်သို့ ရောက်ခဲ့ရလေသည်။ မည်သို့ဆိုစေ သူများ(ကုမ္ပဏီ)စရိတ်နှင့် သက်သောင့်သက်သာဆေးကုသခွင့်ရလိုက်ခြင်းမှာတော့ ကျေးဇူးကြီးမားလှပါသည်။ လူမစွမ်းနတ်မခြင်းဟု ပြောလျှင်လည်းရမည်။ ဘမ်ရွန်ဂရက် (Bumrungrad) တို့ မောင့်အီး (Mt. Elizabeth) တို့ကိုကော်ဖီလက်ဖက်ရည်ဆိုင်ပမာ သွားလာဝင်ထွက်နေကြသော ဘဝ၌အောင်မြင်ကြသူ မျက်နှာသိများနှင့်ဆုံလေတိုင်း မုဒိတာပြုံးနှင့်ရှက်ပြုံးတို့ပေါင်းစပ်အပ်သည့်အပြုံးတစ်မျိုးဖြင့်ပြုံးကာ သူတို့ပြောသမျှပြည်တွင်း ကျန်းမာရေးလောကမှအဆီအငေါ်မတည့်မှုများကို နားထောင်နေကျဖြစ်ရာငါများ တစ်ခုခုဖြစ်လျှင်ဆိုသော အတွေးကိုလည်း ရှောင်လွှဲမရနိုင်သောကြောင့်ဖြစ်၏။ သို့သော် ထိုအဆီအငေါ် မတည့်မှုများသာလျှင်အားကိုးရာရှိမည့် အရေးက မဝေးလှတော့သည်ကိုလည်း သတိချပ်မိပါသည်။

ကျွန်တော်ကမဝေးတော့ဟု သတိမူမိချိန်မှာ တစ်ချို့ကနဖူးတွေ့ဒူးတွေ့တွေ့နေကြရပြီ။ ပြည်တွင်း သို့ပြန်ရောက်ရောက်ခြင်းဆိုသလိုငယ်သူငယ်ချင်းအရင်းကြီး၏ဇနီး ပြည်သူ့ဆေးရုံတစ်ရုံတွင်တက်နေသည် ဆိုသဖြင့်ကမန်းကတန်းပြေး၍ သတင်းမေးဖြစ်သည်။ ခေတ်ပညာကိုသိပ္ပံဘွဲ့ရသည်အထိသင်ယူပြီးနောက် အရောင်းအဝယ်ဖြင့်အသက်မွေးပြီး အတော်အတန်အောင်မြင်ခဲ့ဖူးသော သူငယ်ချင်း၏လက်ရှိဘဝက မယုံကြည်နိုင်လောက်အောင်ပင်ကြမ်းတမ်းနေ၏။ အကြမ်းတမ်းဆုံးဖြစ်မည်က အသဲနှင့်ရင်သားကင်ဆာများ တစ်ပြိုင်နက်ခံစားနေရသောဇနီးသည်ကို သည်အတိုင်းကြည့်နေရသည့်အဖြစ်။ ခေတ်မီသလောက်ကြေးကြီး သည့်ကုထုံးမျိုးနေနေသာသာ သောက်ဆေးစားဆေးပင်ဆွေမျိုးမိတ်သင်္ဂဟအထောက်အပံ့ဖြင့် အနိုင်နိုင်ဝယ်နေရ၏။ မပူပါနဲ့သူငယ်ချင်း ဒါမျိုးဝေဒနာသည်တွေကို သည်ဆေးရုံမှာဆေးဝါးကအစအခမဲ့ကုသပေးနေပါတယ်လို့ ငါသတင်းစာထဲမှာတွေ့ထားတယ်ဟု ပူပူနွေးနွေးဖတ်ထားသောနိုင်ငံပိုင်သတင်းစာထဲမှ  သတင်းတစ်ပုဒ်ကိုးကားပြီး အားပေးသည်၌ သူ့မဲ့ပြုံးကိုမြင်ရ၏။ ငါဖတ်ပြီးသားပါကွာ ဒီနေ့မနက်ပဲအရေးကြီးသောက်ဆေးနှစ်မျိုးလိုလို့ဆရာဝန်ကြီးဆီ (သူအမည်ပြောသေး၏ သို့သော်မမှတ်မိတော့) သွားပါဆိုတာနဲ့သွားပြီးပြီ။ အလကားရဖို့နေနေသာသာ သူဝယ်ခိုင်းတဲ့ဆိုင်ကဈေးက အရင်တခြားဆိုင်မှာဝယ်ဖူးတဲ့ဈေးထက် နှစ်ဆလောက်မြင့်နေတယ်။ ဘာကြောင့်မှန်းတော့မသိဘူး အဲဒီဆေးက ခုဆိုအဲဒီဆိုင်တစ်ဆိုင်မှာပဲရနိုင်တော့တယ်။ တစ်လခန့်အကြာတွင် ထိုဆေးအလကားရသည်ဟုစုံစမ်းရရှိသော နောက်ဆေးရုံတစ်ရုံသို့ပြောင်းတက်၏ (တကယ်လည်း ဆေးကထိုဆေးရုံမှာအလကားရသည်)။  သို့သော် ထိုမှာပင်လူနာဆုံးပါးသွားခဲ့သည်။ လက်ဖက်ရည်ပန်းကန်ထဲကမုန်တိုင်းပမာ သူငယ်ချင်း၏ သောကကိုစာနာရင်း ဒါတွေနဲ့ငါနဲ့ဖြစ်မှ ဖြစ်ပါ့မလားဟု တွေးဖြစ်အောင်တွေးလိုက်သေး၏။ ပြီးမှ တိတ်တခိုးရှက်မိလေသည်။ 

နှစ်နှစ်အတွင်း ရွယ်တူတန်းတူဟုဆိုနိုင်သော မိတ်ဆွေရင်းချာလေးငါးဦးတို့၏ နာရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရပြီးနောက် ဇရာနှင့်မရဏကြားကဗျာဓိကိုလူလိုသူလိုကျော်လွှားနိုင်ရေးကိစ္စမှာ ထင်တာထက်ပင်ပိုခက်နေကြောင်းကျွန်တော်သတိပြုမိရ၏။ ထိုအတွင်း စောစောကဘမ်ရွန်တွေ မောင့်အီးတွေ တွက်ချေကိုက်မှန်းသိသော ပြည်တွင်းပြည်ပစီးပွားရေးသြဇာရှင်တွေကငွေတွေအများကြီးရမည့် ဆေးရုံအကြီးကြီးဆောက်လုပ်ရန်အလို့ငှါမြို့လည်ခေါင်ရှိစိတ်ကြိုက်မြေနေရာကို ရာဇဝင်ထဲကအစိုးရထံမှ ကြက်ကလေးငှက်ကလေးဖမ်းသလိုရယူသွားခဲ့ကြောင်း ဥပလက္ခိတံကြားလိုက်ရသောအခါ တစ်ခေတ်တစ်ခါကမင်းသားကြီး ဦးမြတ်လေး၏ အိုက်တင်နှင့် “ခင်ဗျားတို့ကဗျာ ကြောက်ပါတယ်ဆိုသူကိုမှ ဒူးထောက်ခိုင်းရုံတွင်မကဘူး လက်ပါမြှောက်ခိုင်းချင်တာကိုး” ဟူသောခနိုးခနဲ့အပြောကိုအမှတ်ရမိလေသည်။ သူတို့၏ဆင်ဝင်အောက်ကိုပင်မဝင်ဆန့်မှန်းသိ၍ကိုယ့်အရပ်ကိုယ်ပြန်လာကာမှ ထက်ချပ်မကွာလိုက်လာရက်သူတို့ကိုဝန်တိုရအခက် ကြိုဆိုရအခက်ဖြစ်မိသေး၏။ စပျစ်သီးနှင့်ဟိုအကောင်ပုံပြင်ကိုဆင်ခြင်လိုက်မှသက်သာရာရသောဟူ၏။ ထိုမှအစိုးရသစ်၏  တစ်နေ့တစ်လံအရွေ့အောက်မှာထိုမြေကြီးကိုလူထုအကျိုးငှာပြန်လည်သိမ်းဆည်းဖို့ လွှတ်တော်တွင်ဆုံးဖြတ်သည့်သတင်းကြားရသောအခါ ဝမ်းမြောက်ခြင်းကို မအောင့်မအည်းနိုင်သလိုဖြစ်ရပြန်သည်။ ပြည်သူ့အစိုးရဆိုတာဒါမျိုးကွဟု မစားရဝခမန်းစကားရောဖောသော လုပ်မိသည်အထိဖြစ်၏။ 

#                    #

လူသွားစင်္ကြန်ကျူးကျော်မှုမှသည် တပ်ပိုင်မြေဖောင်းပွခြင်းအထိ၊ လုယက်မှုမှသည် လူမှောင်ခိုအထိ၊ နယ်စပ်စည်းရိုးကျိုးပေါက်ခြင်းမှသည် တိုင်းရင်းသားအရေးအထိ၊ ခြောက်ဆယ့်ခြောက်(ဃ) မှသည် လေးရာသုံးဆယ့်ခြောက်အထိ ဖြေရှင်းစရာတွေများပြားစွာသောနုနုငယ်ငယ်အစိုးရအစား ကိုယ့်အတ္တနှင့်ကိုယ် ကြားကကျွန်တော်ရင်မောသည်မှာအမှန်။ သို့စဉ်လျက်ကိုယ်ဖေါ်သည့်ဆေးကိုယ်စားလေ့မရှိကြသည့်အဘတို့ခေတ်အလွန်မှာကိုယ့်ဆေးရုံကိုယ်သွားကိုယ့်သမားတော်ကိုယ်တိုင်ပင်ကာ ကိုယ့်ဝန်ထမ်း၏စောင့်ရှောက်မှုကိုကိုယ်ခံယူတတ်သည့်အလေ့ကို စံပြုအတုယူဘွယ်ပြသသည့် ဖြစ်ရပ်အချို့ကိုမြင်‌‌‌‌‌စပြုလာရသောအခါတွင်မူကား ကျွန်တော့်လောဘသည်လည်း မီးလောင်ရာလေပင့်သလို မြင့်ချင်ချင်ဖြစ်ရလေသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ကုန်သောပြည်သူတို့အတွက် အရည်အသွေးပြည့်ဝသည့် အိုးတန်ဆန်ခပ်ကျန်းမာရေးစောင့်ရှောက်မှု တစ်ရပ်ကို မမျှော်စဖူးအမျှော်ထူးကာစိတ်ကြီးပင်ဝင်ချင်မိတော့၏။ ဘမ်ရွန်နိုင်သူတွေရွန်ကြပါစေ။ မောင့်အီးလိုသူတွေလည်းအီးကြပါစေ။ ကျွန်တော်တို့လိုပြည်သူတွေလည်း ပြည်သူ့ဆေးရုံကြီးတွေမှာဘဝ၏နောက်ဆုံးဝေဒနာတွေ အဖိုးနည်းဝန်ပါလျော့ပါးသက်သာခွင့်ရနိုင်ကြပါစေ။ သေခြင်းတရား၏ ရှေ့မှောက်မှာ အားလုံးညီမျှစွာနာခွင့်ရဖို့ကို ကျွန်တော်မျှော်လင့်သည်။

သေသည်အထိ အတ္တကြီးမည့်သူဟုဆိုကာမှဆိုကြစေရော့။ 



Monday, October 31, 2016

ကျွန်တော်နှင့် ကျေးဇူးတရား

ငါ့မှာတာဝန်များစွာရှိသေးသည်။

ကုန်းပေါ်မှာနေနေ ရေထဲမှာသေသေ၊ 
လေထဲမှာကြေကြေ အထွဋ်အထိပ်မှာငါနေမည်။ 

လာမဲ့ဘေးပြေးမရှောင် တွေ့အောင်ငါသွားမည်။

အိမ်သည်ကိုဧည့်သည်မစော်ကားရ၊ 
ရန်သူကိုလက်စားခြေလော့၊ 
အာမဘန္တေ။  

(မင်းဆွေ၏ “ဓား” ) 


စစ်ပြီးခေတ်မြန်မာနိုင်ငံတွင်ထွက်ရှိသော ဝတ္ထုအများအပြားတို့၏နောက်ခံမှာ ကိုလိုနီခေတ် ဂျပန်ခေတ်စသည်တို့ဖြစ်ပြီး ဇာတ်လမ်းကျောရိုးမှာ လွတ်မြောက်ရေးတိုက်ပွဲနှင့်လူတန်းစားတိုက်ပွဲများဖြစ်ကြလေသည်။ ရသဝတ္ထုတို့၏သဘောသဘာဝအရ ချစ်ရေးကြိုက်ရေးစသည့်နှလုံးသားကိစ္စများတွင်အခြေခံသည့်တိုင်ယင်းတို့သည်ပင် တိုက်ပွဲ၏အငွေ့အသက်နှင့်မကင်း။ တိုက်ပွဲအတွင်းမှာ တိုက်ပွဲကခွင့်ပြုသလောက်ချစ်ပြီးတိုက်ပွဲကမကြည်ဖြူသည်နှင့်ကွဲကြရသောဝတ္ထုတွေများလေ၏။ အဖွဲ့အနွဲ့ ကောင်းလျှင်ကောင်းသလို ပရိဿတ် (အထူးသဖြင့် လူငယ်နှင့်လူလတ်ပိုင်း) ကြိုက်တွေ ဖြစ်ကြ၏။ အတိအကျမဟုတ်သော်လည်း မင်းဆွေ၏ ဓား မှာ ထိုဝတ္ထုမျိုးဖြစ်ပြီး အမိနိုင်ငံကျွန်ပြုခံရသည်ကိုမကျမချမ်း ဖြစ်နေသော လူငယ်တစ်ဦး၏သူရဲကောင်းဆန်ဆန်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ဟု မှတ်မိရသည်။ (စကားချပ်။ ထိုစာအုပ်ကို ကျွန်တော်အတန်အရွယ်ရောက်မှဖတ်ဖူးခဲ့ခြင်းဖြစ်သော်လည်း စစ်ကြိုခေတ်ကတည်းက ပထမအကြိမ်ထုတ်ဝေခဲ့ကြောင်းနောင်တွင်သိရှိရ၏)။ ကျူးကျော်သူတွေကို လက်စားချေရန်ကိုယ့်ကိုကိုယ်သတိပေးထားသည့်အထက်ပါစာပိုဒ်လေးမှာ ဝတ္ထုတွင်အပေါ်လွင်ဆုံးဖြစ်ပြီး ကျွန်တော်တို့စာရူးပေရူးဖြစ်ချိန်အထိအတော် အတန်ရေပန်းစားခဲ့ဘူး၏။ လက်စားချေခြင်းကိုပြုဘွယ်ကိစ္စတစ်ရပ်ဟုမယုံကြည် လက်မခံနိုင်သော်လည်းစာပိုဒ်တစ်ခုလုံးကိုကျွန်တော်ယနေ့တိုင်အလွတ်ရဆဲ။ 

#                #

၂၀၀၇ ခုနှစ်ရွှေဝါရောင်အရေးအခင်းဖြစ်ချိန်၌ ကျွန်တော်စင်္ကာပူတွင်အလုပ်ဝင်ကာစသာရှိသေးသည်။ တစ်ရက်လူ့စွမ်းအားအရင်းအမြစ်ဌာနမှုးမှမြန်မာတွေကိုအစည်းအဝေးခေါ်သဖြင့်သွားရ၏။ ထိုအချိန် ပြည်တွင်းမှာသံဃာတော်များနှင့်အတူလူထုကြီးကလမ်းပေါ်ထွက်ဆန္ဒပြနေကြသလို ပြည်ပရောက်မြန်မာများ၏ စိတ်ဓာတ်ရေးရာ ထောက်ခံအားပေးမှုရေချိန်မြင့်မားနေချိန်လည်းဖြစ်သည်။ စင်္ကာပူရောက်မြန်မာများအနေဖြင့် ဥပဒေချိုးဖေါက်ရာမရောက်စေဘဲ မိမိတို့၏ဆန္ဒမှန်ကိုဖေါ်ထုတ်ဘို့ အချင်းချင်းလက်တို့နေကြသည်ကိုသိထားသော်လည်း ယခုအစည်းအဝေးကထိုကိစ္စနှင့်သက်ဆိုင်လိမ့်မည်ဟု ကျွန်တော်တွက်ဆမထား။ အစည်းအဝေးတက်လာသူခြောက်ဦးအနက်ကျွန်တော်ကလုပ်သက်အနုဆုံးဖြစ်သည့်တိုင် အသက်အကြီးဆုံး။ ကျန်သူတွေကလူငယ်တွေ။ ကျောင်းဆင်းပြီးအလုပ်ဝင်ကာစ မိန်းခလေးအများစု။ အာလုံးကျွန်တော်နှင့်တစ်ဌာနတည်းမှဖြစ်၏။ အစည်းအဝေးကို ဌာနအလိုက်ခေါ်ယူခြင်းဖြစ်ရာ ကျန်ဌာနတွေမှာလည်း မြန်မာတွေရှိသေးသည်။ ကျွန်တော့်အဖြစ်ကကိုယ့်ဌာနမှကိုယ့်လူမျိုးကိုပင် စုံစုံလင်လင်မသိသည့်သဘော။ 

ဌာနမှုးမှာ ကျွန်တော့်ထက်အတန်ပင်ငယ်ရွယ်မည်ထင်ရသော လူလတ်ပိုင်းစင်္ကာပူအမျိုးသမီး တစ်ဦး ဖြစ်၏။ သူမထံမှဤသင်္ဘောကျင်းတွင်ကျွန်တော်တို့လိုဝန်ထမ်းများသာမကကန်ထရိုက်လုပ်သား မြန်မာလူမျိုး ရာနှင့်ချီရှိပြီး ထိုသူတွေအားလုံးသင်္ဘောကျင်းဝင်းအတွင်းရှိအဆောင်များတွင်နေထိုင်လျက်ရှိကြကြောင်းသိရသည်။ ထိုအခါမှ လက်ရှိအနေအထားအပေါ် သူတို့ဘက်မှစိုးရိမ်မည်ဆိုလျှင် စိုးရိမ်သင့်သည်ကိုကျွန်တော်သဘောပေါက်လာ၏။ သူမကပြည်တွင်းမှအခြေအနေများကို အလ္လာပသလ္လပသဘောမျိုးမေးမြန်းပြောဆိုပြီးနောက်ဤသင်္ဘောကျင်းမှ စင်္ကာပူရောက်မြန်မာများအနေဖြင့် ပြည်တွင်းအခြေအနေများနှင့် ထင်ဟပ်ပြီးလူစုလူဝေးပြုလုပ်နိုင်မည့်အလားအလာရှိမရှိ ရှိခဲ့လျှင်မည်သို့ကြိုတင်ကာကွယ်သင့်ကြောင်းသဘောထားတောင်းခံလေသည်။ လူငယ်တွေကို စတင်မေးမြန်းသည်ဖြစ်ရာ မိန်းခလေးအများစုဖြစ်သည်ကတစ်ကြောင်းသည်မှာအနေကြာကြပြီဖြစ်သည်ကတစ်ကြောင်းတို့ကြောင့်လားမသိ သူတို့လေးတွေအိုးတိုးအမ်းတန်းဖြစ်နေကြသည်ကိုတွေ့မြင်ရလေသည်။

ကျွန်တော့်အလှည့်သို့ရောက်သောအခါမပူပါနှင့်ထိုသို့ဖြစ်နိုင်ဘွယ်မရှိပါဟုပြောလိုက်သည်။ ဌာနမှုးကကျေးဇူးတင်ပါတယ်ဟုဆိုကာ ဘာကြောင့်ထိုသို့ပြောရကြောင်းကိုထပ်မံစူးစမ်းလေ၏။ ကျွန်တော်တို့လူမျိုးတွေမှာကျေးဇူးတရားကို အလေးထားတတ်သောအခြေခံစိတ်ဓာတ်ရှိသည်ကိုသိသောကြောင့်ဟုဖြေပြီးနောက်မှ အဆိုပါစကားကိုပုဂ္ဂလိကအမြင်အရပြောဆိုခြင်းသာဖြစ်သော်လည်း ယေဘုယျအားဖြင့်မှန်ကန်မည်ဟုယုံကြည်ကြောင်းအစချီကာကျေးဇူးရှင်ဟုသတ်မှတ်ထားသော လူပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းနိုင်ငံတစ်ခုခု၏ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်း ယုတ်စွအဆုံးစိတ်အနှောက်အယှက်ဖြစ်ရာဖြစ်ကြောင်းကိုပင်ရှောင်ရှားတတ်ကြသည်မှာကျွန်တော်တို့၏သဘာဝဖြစ်ပြီးကိုယ့်နိုင်ငံ၏မှားယွင်းသောစံနစ်နှင့်အုပ်ချုပ်မှုအပေါ် မကျေနပ်သည့်တိုင်ရောက်ရှိရာနိုင်ငံ၏ကျေးဇူးကိုချေဖျက်ရာရောက်မည့်အလုပ်မျိုးလုပ်လိမ့်မည်မဟုတ်ပါဟုတစ်ထစ်ချပင်ပင်ပြောလိုက်၏။ တစ်ဆက်တည်းအိမ်သည်ကိုဧည့်သည်မစော်ကားရ ဆိုသောအဆုံးအမတစ်ရပ်ကျွန်တော်တို့မှာရှိပြီးထိုအတိုင်းလိုက်နာကျင့်သုံးရန်ဝန်မလေးကြသူများဖြစ်သဖြင့်စိတ်မပူရန်ပြောရခြင်းဖြစ်ကြောင်းရှင်းပြလိုက်လေသည်။ 

စိတ်ထဲရှိသည့်အတိုင်းပြောလိုက်ပြီးနောက် ဌာနမှူးဖြစ်သူအတန်ငယ်စိတ်သက်သာရာရသွားသည် ကို မြင်ရသည့်အတွက်ဝမ်းသာရသည်။ တာဝန်လွတ်ပြောဆိုရခြင်းဖြစ်သည့်တိုင် မ တရာသားတွေမို့ ပြောသည့်အတိုင်းဖြစ်မလာခဲ့သော်ဆိုသောအတွေးတော့ဝင်ရောက်မိခဲ့သေး၏။ အထူးသဖြင့်အစည်းအဝေးပြီးသောအခါဌာနမှူးက ကျွန်တော့်ကိုလာမည့် စနေတနင်္ဂနွေပိတ်ရက်တွေမှာ အလုပ်ဆင်းပြီးသင်္ဘောကျင်းအတွင်းအသင့်အနေအထားဖြင့်စောင့်ရှောက်ပေးနိုင်မည်လားဟုမေးသောအခါ (သူတို့ ဘာသတင်းတွေရထားသည်မသိ) ထိုအတွေးကပို၍သိသာသည်။ တာဝန်ခံမှုပါလာသည့်အတွက်တာဝန်မရှိသည့်ကျွန်တော်ငြင်းလိုကငြင်းဆန်နိုင်သော်လည်း စိတ်လို လက်ရပင်လာပါမည်ဟုကတိပေးလိုက်သည်။ မိုးမပြိုဘူးပြိုခဲ့သော်ဆိုသောအတွေးကိုမူ ၈၈ အရေးအခင်းတုံးက အစိုးရယန္တယားကြီးရပ်တန့်သွားပြီးနောက် လူသတ်ခေါင်းဖြတ်ဖေါက်ထွင်းလုယက်မှုတွေကြားမှာ တစ်လသေသေတစ်လဆန်းဆန်းဆိုသလိုကိုယ့်သင်္ဘောကျင်းကိုယ်ဦးဆောင်ကာကွယ်ခဲ့ရသည်လောက်တော့စွန့်စားစရာလိုမည်မဟုတ်ပါဟု ကိုယ့်ကိုကိုယ် ရဲဆေးတင်ရလေတော့၏။

သို့သော် ထိုပိတ်ရက်ကျွန်တော်သင်္ဘောကျင်းသို့မသွားရ။ အစည်းအဝေးအပြီးနောက်တစ်ရက် အဆိုပါဌာနမှူးမှပင်ခေါ်ပြီးအခြားမြန်မာတစ်ဦးနှင့်မိတ်ဆက်ပေး၏။ သူသည်လုပ်သက်ရင့်စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်ကာကျွန်တော့်ထက်လေးငါးနှစ်ခန့်ကြီးပြီး စင်္ကာပူနိုင်ငံသားခံယူထားသူလည်းဖြစ်သည်။ ဌာနမှူးကသူ့ကိုပိတ်ရက်အတွင်းသင်္ဘောကျင်းတွင်တာဝန်ချထားပြီးဖြစ်၍ကျွန်တော်လာရန်မလိုတော့ သို့သော်အိမ်မှာအသင့်အနေအထားဖြင့်နေပေးရန်ပြောသည်။ စင်စစ်သူတို့ စိုးရိမ်သည့်အရာများ သင်္ဘောကျင်းမှာရော အခြားဘယ်မှာမှဖြစ်မလာခဲ့။ တိုပါးရိုး ဘုန်းကြီးကျောင်းတွင်တနင်္ဂနွေနေ့ ဆုတောင်းပွဲသဘောမျိုးပြုလုပ်ခဲ့သည့်တိုင်ဟော့ဟော့ ရမ်းရမ်းမရှိခဲ့။ အစိုးရမှလည်း တိုပါးရိုးလူစုပွဲကိုဝန်ကြီးတစ်ပါးကိုယ်တိုင်တက်ရောက်ပြီး ထိန်းသိမ်းကြပ်မတ်ပေးခြင်းဖြင့် နှစ်ဘက်မျက်နှာမပျက်စေရန်စီမံနိုင်ခဲ့လေသည်။ မည်သို့ဆိုစေ ကျွန်တော်လူတွင်ကျယ်လုပ်ပြီးပြောခဲ့သည့်အတိုင်း ဖေးမပေးခဲ့သည့်ကံကြမ္မာကိုကျေးဇူးတင်ရလေ၏။ 

#                #

ကျေးဇူးကိုမဆပ်နိုင်သည့်တိုင် မကန်းမိစေနဲ့ဆိုသော ဆုမ္မစကားကို ငယ်စဉ်ကတည်းကမှတ်သားဘူး၍လားမသိ ကျေးဇူးကန်းသည့်အဖြစ်ရောက်မှာ ကျွန်တော်အလွန်စိုးသည် (ကျေးဇူးကန်းသူဟုအထင်ရောက်ခံရမှာစိုးသလို ကျေးဇူးကန်းခြင်းဟုယုံကြည်လောက်သောအဖြစ်မျိုးနှင့် ကြုံလျှင်လည်း ဆိုင်သည်မဆိုင်သည်မစဉ်းစားခင်အရင်လက်ဝင်လျှိုတတ်သဖြင့် ကြားညပ်ရပေါင်းများပြီ)။ အရွယ်ရောက်သောအခါ ကျေးဇူးတရားနှင့်ပတ်သက်၍ရေးဖွဲ့ကြသည်များကိုဖတ်ရှုရပြီး အတွေ့အကြုံနှင့်ယှဉ်၍ ပိုမိုသိရှိလာရသည်များရှိသလို စွဲမြဲစွာလက်ခံကျင့်သုံးခဲ့သည်များလည်းရှိခဲ့သည်။ အထက်ကအဖြစ်အပျက်မှာသာဓကတစ်ခုဖြစ်၏။ ဧည့်သည်နေဧည့်သည်စားများသူကျွန်တော့်အဖို့ရာသည်ကိစ္စကအရေးပါသည်။ ကျေးဇူးရှင်ကို၊ မတင်ကျေးဇူး၊ တိမ်းမြူးသောအား၊ ပြန်ပြစ်မှား၍၊ ပျားစား လက်ဆေး၊ ရေရုပ်ရေးသို့ ဆိုသလိုမဖြစ်စေရန်ကျွန်တော်သတိထားသည်။ တစ်ခါတစ်ခါ အိမ်ရှင်စိတ်အခန့်မသင့်ချိန်နှင့်ကြုံပြီး အနေရအထိုင်ရကျပ်လေတိုင်း ကိုယ့်အိမ်ကိုယ့်ယာနေချင်ပါလျက် နေခွင့်မသာသောကံကြမ္မာကို ယူကြုံးမရဖြစ်မိသည့်တိုင် အိမ်ရှင်ကိုပစ်မှားလိုစိတ်တော့မပေါ်ပေါက်ခဲ့။ အိမ်ဦးခန်းမှာအခန့်သား ထိုင်စားရသည့် ဧည့်သည်မျိုးမဟုတ်ရပါဘဲလျက်အိမ်ရှင်ငြိုငြင်လျှင် ဖျာလိပ်ဘို့သာအတွင်တွင် စဉ်းစားနေမိ၏။ ကျွန်တော်တစ်ဦးတည်း၏အယူအဆဖြစ်ချင်ဖြစ်မည် သို့သော်ဧည့်သည်ဟူသည်လိုအပ်လျှင်ခုခံပိုင်ခွင့်မှအပအခြားအခွင့်အရေးမရဟုကျွန်တော်ထင်သည်။ အထူးသဖြင့် အိမ်ရှင်၏စည်းမျဉ်းကို ချေဖျက်ရာရောက်မည့်တောင်းဆိုပိုင်ခွင့်မျိုးဧည်သည်မှာမရှိ။ မတရားဘူးထင်လျှင်အိမ်ပြန်။ သည်နည်းနှင့်ကျွန်တော်ကိုယ်တိုင်လည်းအိမ်ပြန်ဘူးသည်။

ထိုင်းမှာအလုပ်လုပ်စဉ် စီမံကိန်းတစ်ခုကိုကျွန်တော်ကိုင်ရသည်။ အလုပ်ပိုင်ရှင်က ဒတ်ချ်ကုမ္ပဏီ တစ်ခု။ စီးပွားရေးနှင့်ပတ်သက်၍ဒတ်ချ်နည်းဒတ်ချ်ဟန် (Dutch Way) ဟု ကြားဘူးရာ ကျွန်တော်ကကိုယ်တွေ့ဖြစ်၏။ စင်စစ် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်နိုင်ငံအဖြစ်နည်းပညာရော စီးပွားရေးမှာပါ ကမ္ဘာတွင်နေရာရှိပြီးသားမို့ လေးစားစရာဖြစ်ပြီးနောက်ပိုင်းသူတို့လူမျိုးအချို့နှင့်အဆင်ပြေစွာလက်တွဲအလုပ်လုပ်ဘူးသည့်တိုင်ပွဲဦးထွက် ကြုံရသည့်ဒတ်ချ်အတွေ့အကြုံမှာ ကျွန်တော့်အတွက်သင်္ခမ်းစာအပြည့်။ ပို့ရမည့်ပစ္စည်းတွေကိုအချိန်မီမပို့သော်လည်း ပြီးရမည့်ရက်နောက်ကျလျှင်လက်မခံ။ စာချုပ်ပါလုပ်ငန်းထက်ပိုသောအလုပ်အတွက် ငွေတောင်းလျှင်စိတ်ဆိုးသည်။ အထောက်အထားခိုင်မာ၍မငြင်းသာသည့်အခါ ပြီးသမျှလုပ်ငန်းတွေကိုအပြစ်ရှာပြီးဈေးဆစ်သည်။ သည်လိုမှမရလျှင်သူဌေးကိုနားပူနားဆာလုပ်ပြီး (ထိုင်းတို့ကနားပူမခံတတ်) ကျွန်တော်လိုက်လျောအောင်ဖိအားပေးသည်။ သူဌေးကိုယ်တိုင်လိုက်လျောခိုင်းမှတော့ ကျွန်တော်ဘာမျှမတတ်သာ။ သို့ရာတွင် သူဌေးကိုပင် လိုက်လျောရန် မဖြစ်နိုင်သည့် နည်းပညာဆိုင်ရာကိစ္စမျိုး ထုံးတမ်းဥပဒေနှင့်မညီညွတ်သည့်ကိစ္စမျိုး ဖြစ်လျှင်ကျွန်တော်ကအလျော့မပေး။ ပေး၍လည်းမရ။ ထိုအခါ (သူ့အကျိုးစီးပွားကို ကာကွယ်ခြင်းဖြစ်သည့်တိုင်) သူဌေး၏အငြိုငြင်ကိုခံရသည်။ 

ပိုင်ရှင်ကကိုယ်စားလှယ်အဖြစ်စေလွှတ်ထားသူမှာ သူတို့ဆီမှာလျှပ်စစ်တပ်ဆင်ရေးကြီးကြပ်ဝန်ထမ်း(သူ့အပြောအရ) မျှသာဖြစ်သော်လည်း သည်မှာတော့မန်နေဂျာအဆင့်ဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသလောက်နိုင်ငံကြီးသားမပြီသစွာပြောသူလည်းဖြစ်၏။ အလုပ်ရှင်အဖြစ် တလေးတစားနေရာပေးဆက်ဆံသည်ကို စီးစီးပိုးပိုးတုန့်ပြန်ရုံမက လုပ်ငန်းမှန်သမျှသူ့လက်သူ့ခြေလုပ်ချင်သည်။ ထိုသို့ နေရာတကာစွက်ဖက်သည်များကိုစာချုပ်စာတမ်းအရကျွန်တော်ကန့်ကွက်ပြောဆိုသောအခါ လက်အောက်ငယ်သားအချို့ကိုသိမ်းသွင်းပြီး ကျွန်တော်မသိအောင်လုပ်၏။ နိုင်ငံခြားသားကြောက်သူနှင့် အလွန်အမင်းအရောတဝင်လုပ်လိုသူများသာရှိသော ဖွံ့ဖြိုးဆဲနိုင်ငံ လူသားရင်းမြစ်တို့၏ သဘာဝကိုနောကျေပုံံရသောသူ့အတွက်သူ့လူကိုယ့်ဘက်သားရွေးရသည်မှာခက်ခဲသောကိစ္စမဟုတ်။ ကျွန်တော့်မှာသာသတိကြီးစွာထားနေရသည်။ တစ်ခါတွင် သူတို့ဘက်မှထောက်ပံ့ရန်တာဝန်ရှိသည့်ပစ္စည်းတစ်ခုကိုလူယုံတစ်ဦး၏ လက်ထောက်ချပူးပေါင်းမှုဖြင့် စတိုတွင်ဝင်ရောက်ရှာဖွေ ထုတ်ယူပြီးတပ်ဆင်မည် ပြုခိုက်ကျွန်တော်နှင့်ပက်ပင်းတိုးသည်။ 

ကျွန်တော်က ပစ္စည်းသုံးလိုလျှင် စံနစ်တစ်ကျတောင်းခံတန်ဘိုးသင့်ပြီးမှသုံးရန်ပြောရာ ကောင်းဘွိုင်မင်းသားဟန်ဖြင့်ပုခုံးကလေးတွန့်ပြီးဒီသင်္ဘောကျင်းစတိုမှာရှိသမျှစိတ်ကြိုက်သုံးစွဲရန်သူ့သူဌေးမှလမ်းညွှန်ထားကြောင်းကျွန်တော့်သူဌေးကိုလည်းပြောလိမ့်မည်ဖြစ်ကြောင်းပြောသည်။ သူဌေးပြောသည်ဆိုတိုင်းသုံးခွင့်မရှိ တရားဝင်တောင်းခံပြီးမှသုံးပါဟုကျွန်တော်ကပစ္စည်းကိုပြန်သိမ်းစေသောအခါရှက်ရမ်းရမ်းပြီးကျွန်တော့်ကိုထိပါးပုတ်ခတ်ရုံမျှမကကျွန်တော့်သူဌေးကိုပါနှိမ်ချပြောဆိုသည်အထိစကားတွေလွန်လာခဲ့၏။ သူနှင့်ကျွန်တော်စကားအခြေအတင်ဖြစ်ရလေသည်။ အားလုံးမမှတ်မိတော့သော်လည်း ‘အိမ်သည်ကိုဧည့်သည်မစော်ကားရ’ ဆိုသောစကား ပါဝင်သည်ကိုတော့အမှတ်ရနေ၏။ ကိုယ်တိုင်ဧည့်သည်ဖြစ်ရုံမကဝန်ထမ်းပါဖြစ်နေသောကြောင့် အိမ်ရှင်၏အကျိုးစီးပွားကိုကာကွယ်ရန်ကျွန်တော့်မှာတာဝန်ရှိကြောင်းနှင့် အလုပ်အပ်နှံသူဖြစ်သည့်တိုင်ဧည့်သည်တစ်ဦးမျှသာဖြစ်သော သူ့အနေနှင့်လည်း သဘောတူညီချက်ကိုကျော်လွန်၍ မတရားအခွင့်အရေးရယူလျှင် အိမ်သည်ကိုစော်ကားရာရောက်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သူ့အကြံအစည်ပျက်ပြားရခြင်းအတွက်၊ သူ့ကိုဆရာလာလုပ်ခြင်းအတွက်(သူတို့လိုလူမျိုးတွေသည်ကျွန်တော်တို့လိုလူမျိုးတွေ၏ ဆရာအလုပ်ခံရခြင်းကိုများစွာနှစ်မြို့ကြပုံမပေါ်ချေ) ကျွန်တော့်အပေါ် အခဲမကြေကြောင်းသိ၏။ သို့သော် မတတ်နိုင်။

အတိုက်အခိုက်အညစ်အထေးတွေကြားမှ စီမံကိန်းကိုပြီးစီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ရသည်။ သို့သော် တိုက်ပွဲကိုနိုင်ပြီးစစ်ပွဲအားရှုံးရသူပမာကျွန်တော်ဖြစ်ခဲ့ရ၏။ ကျွန်တော်ရှိနေသမျှသူတို့ကုမ္ပဏီမှနောက်ထပ်အလုပ်အပ်နှံမည်မဟုတ်ဟုကျွန်တော့်သူဌေးကိုတိတ်တဆိတ်ပြောသွားခဲ့သောသူတို့၏စကားကျွန်တော်ပြန်ကြားရသောကြောင့်ဖြစ်လေသည်။ စင်စစ်သူတို့မှာအပ်နှံစရာအလုပ်မရှိတော့သည်ကိုလည်းကောင်း၊ ယ္ခုကျွန်တော်တို့ ဆောင်ရွက်ပြီးစီးခဲ့သော အလုပ်မျိုးမလေးရှားနိုင်ငံသင်္ဘောကျင်းတစ်ကျင်းတွင် တစ်ပြိုင်နက်တည်းအပ်နှံခဲ့ရာမှာ သူတို့၏တစ်ဘက်သတ်အမူအကျင့်တွေကြောင့်ပြဿနာများစွာကြုံရပြီးယ္ခုတိုင်မပြီးစီးနိုင်သေးသည်ကိုလည်းကောင်း ကျွန်တော်သိပြီးဖြစ်၏။ ထိုအလုပ်များ၏ တစ်ကယ့်ပိုင်ရှင် (သူတို့မှာ မိန်းကန်ထရိုက် အမည်ခံ ကြားပွဲစားမျှသာဖြစ်သည်) အဖွဲ့ လုပ်ငန်းစစ်လာရောက်စဉ်က ကျွန်တော့်ကို ပြောပြသွား ခဲ့သည်။ သူနှင့်ကျွန်တော် ကတောက်ကဆဖြစ်ထားမှန်းသိသည့် ထိုအဖွဲ့က ကျွန်တော့်အား “ခင်ဗျား နောက်ကျော လုံပါစေနော်” ဟုပင်ရင်းနှီးပွင့်လင်းစွာ သတိပေးသွားခဲ့သည်။ သို့သော် ထိုအရာအားလုံးသူဌေးကိုကျွန်တော်ပြောမပြတော့။ ဖောက် သည်တစ်ယောက်၏စကားကြောင့်ကျွန်တော့် စွမ်းဆောင်ရည်အပေါ် သံသယဝင်သည့် အရိပ်အယောင်မြင်သည်နှင့်ပင် ကျွန်တော့်ဘာသာ(တားသည့်ကြားမှ)ဖျာလိပ်ပြီးပြည်တော်ပြန်ခဲ့လေသည်။ 

#              #

အိမ်သည်နှင့်ဧည့်သည်အကြားပဋိပက္ခအသွင်ဆောင်သည်အထိဖြစ်ရသော ကျေးဇူးချေပွဲတစ်ရပ် ကိုတော့အင်ဒိုနီးရှားဘာတန်ကျွန်းမှာကြုံဘူးသည်။ အရှေ့အလယ်ပိုင်းကုမ္ပဏီတစ်ခုက ဘာတန်ရှိ သင်္ဘောကျင်းနှစ်ကျင်းကိုဝယ်ပြီးသူ့လူနှင့်သူလည်ပတ်ဘို့ကြိုးစား၏။ ဒေသခံတို့ကသူတို့အတွက် အလုပ်အကိုင်အခွင့်အလန်းတွေပေါ်ပေါက်လာသဖြင့်ထိုကုမ္ပဏီကို ကျေးဇူးရှင်အဖြစ် သဘောထားကြသည်။ သို့သော် တိုင်းတပါးသားကုမ္ပဏီဝန်ထမ်းအချို့က မိမိတို့၏ ဧည့်သည်အဖြစ်ကိုမေ့လျော့ပြီး အိမ်သည်ပမာမောက်မာကြရာမှ တကယ့်အိမ်သည်တွေနှင့်ပြဿနာဖြစ်ကြပြီး ပဋိပက္ခအဆင့်သို့ရောက်ရှိခဲ့ရ၏။ ဖြစ်ချင်တော့ ကျွန်တော်ကထိုသင်္ဘောကျင်းနှစ်ကျင်းအနက် (ပြဿနာမဖြစ်သော) တစ်ကျင်း၏ဝန်ထမ်း။ ပြီးတော့ တိုင်းတပါး(နိုင်ငံခြား)သား ဝန်ထမ်းဖြစ်၏။ အိမ်သည်ကိုစော်ကားရာမရောက်စေရန်သတိထားသည့်အမူအကျင့်ကြောင့် ကျွန်တော့်အတွက် ဒေသခံအောက်ခြေဝန်ထမ်း များနှင့် ဆက်ဆံရာတွင် အခက်အခဲ မရှိသော်လည်း မဇ္ဈိမတိုင်းသားအချို့မှာတစ်ဘာသာဖြစ်လေသည်။ 

စပ်မိ၍ ကျွန်တော့်အတွေ့အကြုံကိုပြောရလျှင် အထက်ဖားအာက်ဖိတတ်သော'ဇ'သည် မဇ္ဈိမတိုင်းသားအတော်များများမှာရှိကြသည်ဟူ၍ဖြစ်၏။ ဝမ်းနည်းစရာထပ်၍ပြောရပါက မဇ္ဈိမတိုင်းနှင့်နီး၍လားမသိသူတို့ပြီးလျှင်အထက်ဖားအောက်အဖိတတ်ဆုံးမှာ (တွေ့ရဘူးသလောက်) ကျွန်တော်တို့ လူမျိုးဖြစ်နေသည်။ ထိုသို့ပြောခြင်းသည် (ယ္ခုခေတ်တွင်) အန္တရာယ်ကြီးသည့်တိုင် လူတစ်ဦး၏စရိုက်အားဖုံးဖိ၍မရခြင်းနှင့်လူမျိုးတစ်မျိုး၏စရိုက်အားဖျောက်ဖို့ရာမလွယ်ကူခြင်းတို့ကိုမူ (အတိုင်းအတာတစ်ခုအထိ)လူမျိုးပေါင်းစုံနှင့်ထိတွေ့ဆက်ဆံဘူးသူတိုင်းသတိပြုမိကြမည်ထင်ပါသည်။ အထက်ကစကားကိုဆက်ရလျှင် သင်္ဘောကျင်းအတွင်း ဒေသခံပြင်ပကန်ထရိုက်လုပ်သားများနှင့်လုပ်ငန်းကိစ္စအခန့်မသင့် ဖြစ်ရာ၌ “အသုံးမကျတဲ့အင်ဒိုနီးရှားတွေ” ဟု ရေရွတ်လိုက်သောမဇ္ဈိမတိုင်းသားအလုပ်ကြပ် တစ်ဦးမှာသူ့ကိုလိုက်ရိုက်သူတွေကြားမှပြေးနိုင်၍လွတ်သွားသည့်တိုင် (မဲမဲမြင်တိုင်းရိုက်ရန်တာစူနေသည့် ဒေသခံအချို့ကြောင့်) ကျန်လူမျိုးခြားတွေပါတော်ရာပုန်းရသည်အထိရုန်းရင်းဆန်ခတ်ဖြစ်ပြီးမော်တော်ကားအချို့မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ ကြုံလျှင်ကြုံသလို လာဘ်ပေးလာဘ်ယူမကင်းသော်လည်းသူ့အလုပ်သူလုပ်ရာတွင်မခိုမကပ်လျှင်မြန်ဖြတ်လပ်လှသည့်အင်ဒိုရဲတို့အမြန်ပေါက်ချလာသဖြင့်သာနိုင်ငံခြားသားအထူးသဖြင့်အသားညိုများသက်သာရာ ရတော့သည်။ ဤသည်ပင်ကိုရွှေရဲတို့ကလူကိုသာအကာအကွယ်ပေးကာကျင်းထဲမှခေါ်ထုတ်နိုင်ခဲ့ပြီးကားတွေကိုမူ သင်းရို့ကိုယ်စားရိုက်ချင်ရိုက်ကြပါစေဟူသောသဘောဖြင့်ထားရစ်ခဲ့သည့်အလားမော်တော်ကားအချို့မှာအတော်ပင်ဖျက်ဆီးခံရလေ၏။ 

အခင်းဖြစ်ချိန် ကျွန်တော်က (ဝင်းချင်းကပ်ရက်) ကျွန်တော့်သင်္ဘောကျင်းထဲမှာ။ တစ်ဘက်ကျင်း တွင် ဖြစ်ပျက်နေသောကိစ္စသတင်းရပြီးနောက် ကျွန်တော်တို့ကျင်းသို့ပါကူးစက်လာမည်စိုး၍ (ကျွန်တော် တို့ဆီမှာလည်းမဇ္ဈိမသားတွေအများအပြား) ဗျာများကြခိုက် နိုင်ငံခြားသားအားလုံး သင်္ဘောဖြင့်ထွက်ခွာကြရန်ရုံးချုပ်မှအမိန့်ရောက်လာသောကြောင့် ရှိသမျှလူတွေဆွဲသင်္ဘောနှစ်စင်းပေါ်တက်ကာခပ်လှမ်းလှမ်းဆိပ်ကမ်းတစ်ခုသို့သွားကြရ၏။ ရဲတွေရောက်ရှိစောင့်ကြပ်နေကြသောထိုဆိပ်ကမ်းမှတစ်ဆင့်ရရာတက္တစီဖြင့်အိမ်သို့ပြန်ကြရသည်။ နောက်တစ်နေ့ မိမိအစီအစဉ်နှင့်မိမိကျင်းသို့ပြန်သွားသောအခါသင်္ဘောကျင်းတွင် နိုင်ငံခြားသားဆို၍ ကျွန်တော်တစ်ဦးသာအလုပ်ဆင်းကြောင်းတွေ့ ရလေသည်။ ကံအားလျော်စွာ ယမန်နေ့ကသည်အတိုင်းထားခဲ့ရသောကားကိုလည်းအကောင်းပကတိတွေ့ရ၏။ တစ်ဘက်ကျင်းမှာမူယနေ့အထိရဲတွေကအဓိကရုန်းနှိမ်းနင်းရေးကားများဖြင့်စောင့်ရှောက်နေရဆဲ။ နေ့စဉ်ထုတ်သတင်းစာတွေထဲမှာ ရုပ်မြင်သံကြားထဲမှာထိုကိစ္စကဟိုးလေးတကျော်ကျော်။ ပုံမှန်အခြေအနေရောက်ရန်သုံးရက်ခန့် အချိန်ယူရပြီး ပြဿနာကိုစတင်သူဟုစွတ်စွဲခံရသော မဇ္ဈိမတိုင်းသားအလုပ်ကြပ်မှာလုပ်ခွင်စည်းကမ်းအရအရေးယူကာအလုပ်မှထုတ်ပယ်ခံခဲ့ရ၏။ သူ့ကိုအကြောင်းပြု၍လူစုလူဝေးဖြင့်ခြိမ်းခြောက်ကာဖျက်လိုဖျက်ဆီးပြုခဲ့သူများကိုအရေးယူသည့်သတင်းကြားရခြင်းမရှိခဲ့ချေ။ အိမ်သည်၏သဘောထားကြီးမှုအတိုင်းအတာကိုခန့်မှန်းရခက်သလိုအခါတိုင်းမမျှော်လင့်အပ်သောသာဓက။ လာဘ်ပေါများသောအကျိုးစီးပွားကိုဆောင်ကြဉ်းသောဧည့်သည်ပင်ဖြစ်လင့် ကစားအိမ်သည်၏ ကျေးဇူးတရားကို ပြန်လှန်ထောက်ထားအပ်ကြောင်းသင်္ခမ်းစာများပင်ဖြစ်၏။

ဇာတိမြေကိုကျော်လွန်၍ သူတစ်ပါးတိုင်းပြည်တွင်အသက်မွေးဝမ်းကျောင်းဘို့ဆိုသည်ကလည်း စင်စစ် လွယ်ကူသည်တော့မဟုတ်။ ကျွန်တော့်အတွက် မူ မျှော်လင့် အပ်သော အရာပင် မဟုတ်ခဲ့။ အထူးသဖြင့် ထို အခွင့်အလန်း (ဆိုပါတော့) တွေ ငယ်ရွယ်စဉ်မှာရခဲ့ပါလျက် အစဉ်တစိုက်ငြင်းပယ်ခဲ့ပြီး ကြီးကောင် ကြီးမားကျမှ ငါ့ဝမ်းပူဆာမနေသာ ကမ္ဘာပတ်၍ရှာရခြင်းမျိုးက အတော်ပင်ကစဉ့်ကလျား နိုင်သည်။ ကံအား လျော်စွာမလဲမပြိုခဲ့ခြင်းအတွက် ယခုသက်ပြင်းချမိသည့်တိုင် စိတ်ဒဏ်ရာအချို့က မပျောက်မပျက်ကျန်ရစ်နေကြဆဲ။ ထို့ကြောင့်ပင်ကျွန်တော်တို့အနောက်တံခါးက ကျေးဇူးမဲ့ဧည့်သည်တွေအကြောင်း ဟိုမှာသည်မှာ ကြားရသည့်အခါ ဓားဝတ္ထုထဲမှ ဆရာမင်းဆွေ၏အဓိဋ္ဌာန်ကို ကျွန်တော့်ဧည့်သည်ဘဝအတွေ့အကြုံနှင့်ယှဉ်ကာ အမှတ်ရခြင်းဖြစ်မည်လားမပြောတတ်။ တညုတ ကတဝေဒိ မသိတတ်သူ ဗာလဟူ၏ ဟု မာဃဒေဝက ဆိုသည်။ လူမိုက်အားအရပ်ကိုစွန့်သဖြင့်ရှောင်ကျဉ်ရာ၏ဟုလောကနီတိကသွန်သင်၏။ အိမ်သည်ကလူမိုက်ဖြစ်နေလျှင်ဧည့်သည်အတွက်အရပ်ကိုစွန့်ရနလွယ်ကူ၏။ ဧည့်သည်ကလူမိုက်ဖြစ်နေလျှင်မူအိမ်သည်အဖို့ကိုယ့်အရပ်ကိုယ်ပြန်စွန့်ဘို့ရာမဖြစ်နိုင်။ သို့ဆိုလျှင် ဧည့်သည်မိုက်ကိုမည်သို့ ရှောင်ကျဉ်အံ့နည်း။

#                #

အင်ဒိုကိစ္စအတွင်း ကျွန်တော်စဉ်းစားမိသည်က အကဲဆတ်သောစကားတစ်ခွန်းအကြောင်းဖြစ်၏။ ရုန်းရင်း ဆန်ခတ်ဖြစ်သည်အထိ နာလုံးပေါက်စေခဲ့သော ‘အသုံးမကျ' (stupid) ဆိုသည့် စကားလုံးကို ကျွန်တော်လည်းသုံးခဲ့ဘူးသည်ပင် (စကားလုံးကြွယ်ဝမှု အကန့်အသတ်ကြောင့် ဖြစ်နိုင်သည်)။ သည်စကားက သည်လောက်ပေါက်ကွဲစေတတ်သလား ကျွန်တော်ယခင်ကမတွေးခဲ့မိရိုးအမှန်။ ရင်ထဲ မတင်မကျနှင့်ပင် စာရေးမကလေး တွတ်တီ ကို ကျွန်တော် ခေါ်လိုက်သည်။ တွတ်တီသည် ကျွန်တော့ အုပ်ချုပ်ရေးလက်ထောက် အင်ဒိုနီးရှားအမျိုးသမီးကလေးတစ်ဦးဖြစ်၏။ ကျွန်တော့်သမီးနှင့်ရွယ်တူ ကျွန်တော့်တပည့်ဟုပြော၍ရသလို (သူတို့ဘာသာ စကား ဓလေ့ထုံးဆံစသည်တို့ကိုမေးရမြန်းရလေ့ ရှိသဖြင့်) ဆရာလည်းဖြစ်သော တွတ်တီအား မနေ့က ဟိုဘက်သင်္ဘောကျင်းမှာဖြစ်ပွားခဲ့သော အရေး အခင်းသည် အသုံးမကျဘူးဆိုသောစကားကြောင့်ဖြစ်ရသည်ဆိုခြင်းမှာ အမှန်ပဲလားဟုမေးရာ သူမက မှန်ကန်ကြောင်းပြောသည်။ 

“လူအတော်များများ ဒီစကားပြောကြတာပဲ။ ငါတောင် မနေ့ကညည်းကို အဲသည်လိုပြောမိသေးလား လို့” ဟု ကျွန်တော်ပြောသောအခါ သူမကပြုံးနေသည်။ မနေ့က (ဟိုဘက်ကျင်းမှာ ရိုက်ကြ ပုတ်ကြ ဖြစ်ချိန်နှင့် မတိမ်းမယိမ်းလောက်မှာ) စာရင်းဇယားအမှားအချို့ကိုထောက်ပြရင်း ‘အသုံးမကျတဲ့ ကောင်မလေး’ ဟု သူမကိုကျွန်တော်ငေါက်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ သည့်အရင်ကလည်း သည်စကားဖြင့်ငေါက်ခဲ့ဘူးသည်။ “ဒါလေးနဲ့ ဒီလောက်တောင်ဖြစ်ရသလား”။ အပြုံးမပျက်သော သူမကပြန်ပြော၏။ “မတူဘူးလေ ဆရာကတွတ်တီကိုအသုံးမကျဘူးလို့ပြောတာ၊ သူတို့ကအင်ဒိုနီးရှားတွေအသုံးမကျဘူးလို့ပြောတာ”။ ကျွန်တော်သဘောပေါက်ပြီ။ သို့သော် “အော်” ဟု သံယောင်လိုက်ရင်းကသူမဘာပြောမည်ကိုဆက်၍နားစွင့်နေလိုက်၏။

“ဒီကုမ္ပဏီဟာသူတို့ကုမ္ပဏီဖြစ်ချင်ဖြစ်မယ်။ ဒီတိုင်းပြည်ကတော့သူတို့တိုင်းပြည်မဟုတ်ဘူးလေ။ ဒီတိုင်းပြည်မှာအခြေချပြီးအလုပ်လာလုပ်နေတဲ့အတွက်ဒီတိုင်းပြည်ကိုကျေးဇူးမတင်ချင် ရင်တောင် စော်ကားဖို့တော့မသင့်ဘူးပေါ့”

“ဒါဆို ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ယောက်အနေနဲ့ မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပေါ် ညည်းဘယ်လိုမြင်သလဲ”။

သည်မေးခွန်းကို ဖြေရခက်နိုင်သည်ဟု တွေးမိပါလျက်ကျွန်တော်မေးဖြစ်လေ၏။ သူမနှင့်ကျွန်တော် သည်လိုကိစ္စမျိုးရံဖန်ရံခါဆိုသလိုပြောဆိုဖြစ်နေကျမို့ ကျွန်တော့်မေးခွန်းအပေါ် သံသယဝင်မည်မဟုတ်သည်ကိုကျွန်တော်သိသည်။ အနည်းငယ်တည်သွားသလိုရှိသောသူမက တွေးတွေးဆဆ ဖြေ၏။  

“လူစုလူဝေးနဲ့ အနိုင်ကျင့်တာမျိုးကိုတော့ကျွန်မအားမပေးပါဘူး။ ဒါပေမယ့်ဘယ်လိုပြောရမလဲ။ ဥပမာ ဆရာတို့အိမ်မှာ တွတ်တီကဧည့်သည်ဆိုပါတော့။ အိမ်ရှင်ဖြစ်တဲ့ ဆရာ့မိသားစု ကို စော်ကားမော်ကားပြုလာရင်ဆရာဘာလုပ်မလဲ”
“ရိုက်ထုတ်လိုက်မှာပေါ့”
“ဒီသဘောပဲပေါ့ ဆရာရယ်”

နောက်ဆုံးစကားကို ကျည်စယ်လိုသောသဘောဖြင့်ပြောလိုက်ပြီးကာမှသတိဝင်ကာသူမကို ကပျာကယာတောင်းပန်ပြီးစကားလက်စသတ်လိုက်၏။ သည်ကလေးမအလုပ်မှာတော်ရုံသာမဟုတ်အပြောအဆိုလည်းချက်ချာပါပေသည်ဟုစိတ်ထဲမှကျိတ်၍ချီးကျူးနေလေသည်။ ဤသည်မှာလွန်ခဲ့သောငါးနှစ်ကျော်ခြောက်နှစ်ခန့်ကအတွေ့အကြုံ ဖြစ်ပါ၏။ 

ထိုနေ့က တွတ်တီပြောခဲ့ဘူးသော စကားများကို ရှိရှိသမျှလူ့ဗာလများအားလုံးကြားစေသိစေချင်သောစိတ်ယ္ခုအခိုက်အတန့် ကျွန်တော့်ရင်ထဲ၌ထူးထူးခြားခြားပေါ်ပေါက်နေသည်ကိုတော့ဝန်ခံ ရမည်သာဖြစ်လေသည်။





Friday, September 30, 2016

ကျွန်တော်နှင့် စမ်းချောင်း (၆)


ဝါးခယ်မပြန်ရောက်ချိန်မှာကျောင်းဖွင့်ရက်နီးနေပြီ။ နွေရာသီတစ်လျှောက်လုံး ရန်ကုန်တွင်နေခဲ့ရသဖြင့်ကျန်မိသားစုဝင်များနှင့်စာလျှင် အနေချောင်ခဲ့သည်ဟု ပြောနိုင်သည်။ သည်မှာတော့အမေကဆေးလုံးလုံး အစ်မကအငယ်နှစ်ယောက်ကိုထိန်းကျောင်းရင်းအိမ်မှု ကိစ္စလုပ်၊ ကျွန်တော့်အောက်ညီကဘုန်းကြီးကျောင်းတွင် ကျောင်းအိပ်ကျောင်းစား။ ယ္ခုပြန်စဉ်းစားကြည့်သည့်အခါ ထိုအချိန်လောက်ကျပ်တည်းသည့်ကာလများ ကျွန်တော်တို့မိသားစုတွင်ရှိခဲ့သည်မထင်။ 

ဖေဖေမဆုံးခင်နှင့်ဆုံးပြီးနောက်အမေဦးဆောင်လျက်လူတန်းစေ့အောင်ရုန်းကန်ခဲ့ကြရသမျှ ထိုကာလသည်လှော်ရင်းနစ်တော့မည့်အနေအထားဟုပင်ပြော၍ရသည်။ သည်ကြားထဲအမေ့တင်ပါးတွင်နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့သော ကွမ်းသီးလုံးခန့်အကျိတ်လုံးတစ်ခု ယ္ခုမှယောင်ယမ်းပြီးနာကျင်လာသည်။ အထိုင်များသောအလုပ်ကြောင့်ဖြစ်မည်လားမသိ။ နာကျင်မှုကိုအင်မတန်သည်းညည်းခံနိုင်သောအမေ သည်တစ်ခါဟန်ပင်မဆောင်နိုင်တော့။ ဇာတိပ္ဖိုလ်သီးစသည့်လက်လှမ်းမီရာပရဆေးများနှင့် အယောင်အကိုက်သက်သာအောင်မစွမ်းနိုင်တော့သည့်အဆုံး ဆေးရုံတက်၍ ခွဲစိတ်ရသည်။

အမေ့ဘဝ ဆေးရုံတက်ရသည်ပင်အူယားဖားယားနိုင်လှ၏။ အငယ်ဆုံးသားကအခါလည်သာသာ နို့ပင်မပြတ်သေး။ သူများတွေလို နို့မှုန့်တွေဘာတွေတတ်နိုင်သည်လည်းမဟုတ်။ မြို့နယ်ဆရာဝန်ကြီးက အမေ့ကိုညှာတာသောအားဖြင့် ကလေးပါခေါ်ခွင့်ပြုသည့်အတွက် အမေဆေးရုံဖြောင့်ဖြောင့်တက်နိုင်ခြင်းဖြစ်၏။ ထိုအချိန်က ဆေးရုံတွေလူမကျပ် ကူးစက်ရောဂါဆန်းတွေမပေါ်ပေါက်သေးသဖြင့် ဆေးရုံတက်သူအမေရော အမေမှတစ်ပါး အားကိုးအားထားမရှိသောကျွန်တော်တို့မိသားစုပါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ မကြုံကြရခြင်းဖြစ်၏။ ရက်သတ္တတစ်ပတ်ခန့် ဆေးရုံတက်သည့်အတွင်း အစ်မ၊ ညီမနှင့်ရင်ခွင်ပိုက်ညီအငယ်ဆုံးတို့ အမေနှင့်ဆေးရုံမှာလိုက်နေကြရာဆေးရုံမှာဘယ်လိုနေထိုင်ကြသည်ဆိုသည်ကိုမမှတ်မိတော့။ 

ကျွန်တော်ကညီနှင့်အတူ ဘုန်းကြီးကျောင်းလိုက်နေသည့်အခါနေပြီးအိမ်ပြန်အိပ်သည့်အခါအိပ်သည်။ အစ်မသည်မနက်ဆိုအိမ်ပြန်လာကာချက်ပြုတ်ပြီး ထမင်းချိုင့်နှင့်ဆေးရုံပြန်သွားရသည်။ မှတ်မိသလောက် တစ်ရက်တလေကျွန်တော့်ဘာသာ ထမင်းဟင်းချက်စားရသည်မျိုးလည်းရှိသည်။ ထိုအချိန် ကန်ဇွန်းရွက်ကြော်နှင့်ဘဲဥချဉ်ရည်ဟင်းကို  ကျွန်တော်ကောင်းကောင်း ချက်တတ်နေပြီ။ နောက်ပိုင်းအမေဆေးရုံတက်သည့်သတင်းကြားသဖြင့် ကျုံမငေးဘက်ရောက်နေသောအဖွားပြန်လာပြီး အိမ်မှာခေတ္တလာနေပေးသောအခါ အတော်အတန်အဆင်ပြေသွားသည်။ 

စင်စစ် အဖွားသည်ဘယ်မှာမှအတည်တကျနေသည်ဟူ၍မရှိ။ မော်လမြိုင်ကျွန်းတွင်ဘိုးဘွားလက်ကျန်လယ်မြေအနည်းအကျဉ်းကိုအငှါးချထားရာမှ လယ်လုပ်သူလယ်ပိုင်ရမည်ဆိုသောခေတ်သို့အရောက်အားလုံးလက်လွတ်ဆုံးရှုံးရသော်လည်း သက်ကြီးဝါကြီးဖြစ်သောသူ့ကိုသဒ္ဓါကြေးပေးလေ့ရှိကြသဖြင့် ကြုံသလိုသွားယူရင်း ထိုမှာနေလိုက်ရန်ကုန်ရောက်နေသောသား (အမေ့အောက်မောင်) ထံသွားရင်း ခဏတဖြုတ်နေလိုက် ကျုံမငေးရှိမောင်ဝမ်းကွဲမိသားစုရှိရာသွားနေလိုက်ဖြင့် အမြဲလိုလိုခရီးထွက်နေတတ်သည်။ အမေဆေးရုံတက်တုန်းခဏ ကျွန်တော်တို့နှင့်လာနေကာ ဆေးရုံဆင်းပြီးမကြာမီ ကျုံမငေးသို့ပြန်သွားသည်။ ထိုအချိန် ကျွန်တော် ကျောင်းတက်နေရပြီ။

#                  #

မိသားစုတစ်စုလုံးကသီလင်တအဖြစ်ဆုံးထိုနှစ်ဝက်ကာလ ကျွန်တော့်ပညာရေးဘဝမှာ အမှတ်ထင်ထင်ကျန်ရစ်စရာတွေများလှ၏။ စာနှင့်ပတ်သက်၍ဘာမျှအခက်အခဲမရှိသော်လည်း အခြားလူမှုရေးစီးပွါးရေးအပိုင်းတို့တွင်မူထိုအချိန်ကသတိမထားမိသည့်တိုင် ဆူးထအောင်ကြမ်းတမ်းခဲ့သည်ဟုဆိုရမည်။ ဤသည်ကိုကြီးပြင်းသည့်ကာလလူမှုဆက်ဆံရေးနယ်ပယ်တွင်ထိုဆူးများကြောင့်အထိအရှများစွာကြုံပြီးကာမှ ပြန်လည်သုံးသပ်ရင်းသိမြင်လာခြင်းဖြစ်၏။ ဥပမာအားဖြင့်ကျွန်တော့်အားအမြဲလိုနှိမ်ချလေ့ရှိသော ဆရာတစ်ဦး၏မိသားစုနှင့်ပတ်သက်သည့်ဖြစ်ရပ်မျိုး။ ထိုဆရာသည်ကျွန်တော်တို့ကျောင်းမှအလယ်တန်းပြတစ်ဦးဖြစ်၏။ ကျွန်တော်တို့နှင့်တစ်ရပ်ကွက်တည်းတွင်နေထိုင်ကြသလို သူ့သားနှင့်ကျွန်တော်သည်မူလတန်းကပင်စ၍တစ်တန်းတည်းသားသူငယ်ချင်းတွေဖြစ်ကြ၏။ 

အိမ်ချင်းမဝေးသည့်အလျောက် တစ်ရံတစ်ခါဆိုသလိုသူတို့အိမ်သို့ သူငယ်ချင်းနှင့်အတူလိုက်ပါဖူးသည်။ သည်ဘက်ပိုင်းဆရာအပါအဝင်သူ့မိသားစုကကျွန်တော့်ကိုနှစ်မြို့ကြဟန်မတူကြောင်းရိပ်စားမိလာသည်။ သူ့အမေနှင့်အစ်မကြီးတို့က သူငယ်ချင်းနှင့်ကျွန်တော်ကျောင်းသွားကျောင်းပြန် အတူတူတွေ့လျှင်မျက်စေ့မျက်နှာပျက်ကာ အကြောင်းတစ်ခုခုပြပြီးတစ်လမ်းစီသွားကြစေဖို့စီမံသည်ကိုသတိထားမိလာသည်။ ကလေးမို့သူတို့ အပြုအမူကိုရိပ်စားမိမည်မထင်သည်လား ထင်သည့်တိုင်ဟန်ဆောင်စရာမလိုဟုသဘောထားကြခြင်းလားမသိသော်လည်း ကျွန်တော့်တွင်အနာတရဖြစ်ခဲ့မှာတော့သေချာသည်။ ဤသည်ကို ကျောင်းတွင်းအားလပ်ချိန်ဆော့ကစားကြရာ၌ ထိုသူငယ်ချင်းပါဝင်လာလျှင် ခါတိုင်းလိုမပျော်ပိုက်တော့ခြင်းက သက်သေခံသည်။


ယင်းနှင့်ပတ်သက်ပြီးပို၍ထင်ရှားသိသာစေသော အဖြစ်အပျက်နှင့်တုန့်ပြန်မှုတစ်ရပ်ကိုမူ ကျွန်တော့်ကိုယ်ကျွန်တော်ပင်မယုံနိုင်အောင်ဖြစ်ခဲ့ရ၏။ တစ်ရက်မြစ်ထဲတွင်ရေချိုးရန် ကျွန်တော်အိမ်မှထွက်ခဲ့၏။ ကမ်းနားလမ်းသို့သွားရာလမ်းထောင့်ရှိသူတို့အိမ်ဘက်လှည့်မကြည့်ပါဘဲလျက် အိမ်တွင်းမှထွက်လာသောသူတို့အမေနှင့်ပက်ပင်းတိုးသည်။ သူမ၏လက်တွင်း၌ ကြိုးစတစ်စကိုင်ထားသည်ကိုတွေ့ရပြီးကြိုးစ၏ အခြားတစ်ဘက်ကိုမြေကြွက်အသေကြီးတစ်ကောင်ချည်နှောင်ထားလျက်တွေ့ရလေသည်။ ကြွက်ကသူ့ဘာသာသူသေသည်လား တစ်စုံတစ်ယောက်၏လက်ချက်ကြောင့်သေပြီးမှတော်ရာသွားပစ်ဖို့ ဆွဲထွက်လာသည်လားမသိပေ။ ဆရာကတော့်မျက်နှာတွင် အပြုံးစတစ်စမြင်လိုက်ရသလိုရှိသည့်တိုင် ကျွန်တော်မနှုတ်ဆက်မိ။

သည်လိုအပြုံးမျိုး ကျွန်တော့်ရှေ့တွင်မြင်ရခဲသည်မို့ အံ့အားသင့်သွားသောကြောင့်ဖြစ်ချင်ဖြစ်မည်။ ထိုအပြုံး၏ဇစ်မြစ်ကိုလည်း ကျွန်တော်ချက်ခြင်းလက်ငင်းပင်သိရလေသည်။ ဆရာကတော်သည် ကျွန်တော်မျက်နှာလွှဲထားမှန်းသိပါလျက် အမည်တတ်၍ခေါ်၏။ ပြီးနောက် “မင်းရေချိုးသွားရင်း ဒါလေး (ကြွက်သေ) မြစ်ထဲမျှောခဲ့ပေးပါကွယ်” (ထိုအချိန်က ခွေးတွေကြောင်တွေသေလျှင်မြစ်ထဲမျှောနေကျ) ဟု ပြောပြောဆိုဆိုကျွန်တော့်အားကြွက်သေကောင်ချည်ထားသောကြိုးစအားလှမ်းပေးလေ၏။ ဝန်ခံရလျှင် ကျွန်တော်မငြင်းသာ မငြင်းဝံ့ပါ။ ကျွန်တော့်အတွက်အပန်းမကြီးသည့်အလုပ်လည်းဖြစ်သည်မို့ ကြွက်သေကိုကပျာကယာဆွဲကာထွက်လာခဲ့တော့သည်။

ခြေနှစ်လှမ်းသုံးလှမ်းမျှလှမ်းပြီးသည်၌ ဆရာကတော်၏ခေါ်သံကြောင့်လှည့်ကြည့်ရပြန်၏။ ချွေးခံအင်္ကျီအိပ်တွင်းသို့ လက်နှိုက်နေသောဆရာကတော်သည် ‘ရော့ မင်းအတွက် မုန့်ဖိုးယူသွား’ ဟု ဆိုကာအကြွေစေ့တစ်စေ့ကျွန်တော့်အားထုတ်ပေးလေသည်။ ကျွန်တော့်တစ်ကိုယ်လုံးပူထူသွားသည့်အဖြစ်ကို ယ္ခုပင်အမှတ်ရဆဲဖြစ်၏။ ထိုအချိန်အိမ်ပေါက်ဝသို့သူ့သားကျွန်တော့်သူငယ်ချင်းထွက်လာသည်ကိုလည်းမြင်ရသည်။ ကျွန်တော့်ကိုယ်ကျွန်တော်သတိမပြုမိခင်မှာပင် လက်တွင်းမှကြိုးစကိုလွှတ်ချပြီးကျွန်တော်ထွက်လာခဲ့သည်။ ဒေါ်ဒေါ့်သားကိုသာအဲဒီမုန့်ဖိုးပေးပြီးသွားခိုင်းလိုက်ပါဟုပြောခဲ့သေးသည်။ ယ္ခုအချိန်အထိထိုစဉ်ကအပြုအမူကိုကောင်းစွာအမှတ်ရနေသည့်တိုင် မှားသည်မှန်သည်ဘာကြောင့်ကျွန်တော်ထိုသို့ပြုမူခဲ့သည်ကိုဝေခွဲမရသေး။

သို့သော် ရင်းနှီးမှုဖြင့်ကူညီသည့်အပေါ် ပိုက်ဆံ‌ကြေးငွေပေးလျှင် တန်ဖိုးဖြတ်လျှင် ခါးခါးသီးသီးဖြစ်တတ်သည့်အကျင့်က ယနေ့တိုင်ဖျောက်မရရှိနေဆဲ။ ထိုအကျင့်သည်ဝန်ထမ်းဘဝမှာရော ကိုယ်ပိုင်စီးပွါးရေးအလုပ်မှာပါ စွဲမြဲနေလေရာ ကိုယ်ပိုင်လုပ်ငန်းလုပ်စဉ်ကဆိုလျှင် ရင်းနှီးသူများနှင့်ငွေကြေးစကားပြောဖို့လိုအပ်သည့်အခါများစွာအခက်အခဲကြုံရသည်။ ကိုယ်ကသူများကိုရင်းနှီးမှုဖြင့်တစုံတရာအကူအညီတောင်းသည့်အခါများ၌လည်း ပိုက်ဆံစကားမပြောတတ်၍ သို့မဟုတ်မ ပြောမိ၍ထင်ယောင်ထင်မှားအမြင်ခံရခြင်းများရှိခဲ့ဖူးလေသည်။

ဖေဖေ့စာအုပ်များထဲမှ သာဓု၏အတာသည်မှတ်မိသလောက်ကျွန်တော်အစောဆုံးဖတ်ဘူးသောဝတ္တုဖြစ်သလို လွန်စွာနှစ်သက်ခဲ့ဖူး၏။ ဝတ္ထုထဲတွင် ဆင်းရဲသောအတာ့အပေါ် ဂရုဏာသက်ကြသည့်အိမ်နီးချင်းများက လက်တိုလက်တောင်းခိုင်းပြီးမုန့်ဖိုးပေးတတ်ကြရာ အတာသည်သူတို့တတွေအမြံတမ်းခေါ်ခိုင်းကြပါစေ ဟု မျှော်လင့်ခဲ့မိကြောင်းဆရာဦးသာဓုကရေးသားသရုပ်ဖေါ်ခဲ့သည်။ တစ်ခါတစ်ခါ ထိုဝတ္ထုနှင့်ကျွန်တော့်ကိုယ်တွေ့ကိုနှိုင်းယှဉ်ပြီး ငါကအတာ့လိုဂရုဏာသက်အောင်မနေတတ်တာဖြစ်နိုင်သလို ငါ့ပတ်ဝန်းကျင်မှာဂရုဏာသက်တတ်သူတွေရှိမနေကြတာလည်းဖြစ်နိုင်တာပဲဟု အသိဉာဏ်တိမ်တိမ်နှင့် စဉ်းစားမိ၏။ အတိအကျတော့မှန်ချင်မှမှန်မည်။ 

သို့သော် ကိုယ့်အပေါ် လူတကာကဂရုဏာသက်ခြင်းအား ငြိုငြင်ခံရခြင်းထက်ပို၍ နှစ်သက်စေကာမူ နှစ်မျိုးစလုံးကိုပင်မခံယူလိုသည့်စိတ်ဓါတ်အခြေခံကျွန်တော့်မှာရှိသည်ကိုတော့ဝန်ခံရမည်သာဖြစ်၏။ ဤသည်မှာ ကျွန်တော့်စိတ္တဇဟုပင်ဆိုနိုင်သည်။ ထိုစိတ္တဇကြောင့် လူတွေကိုယ့်ကိုမသနား (ဂရုဏာမပွား) အောင်ပြောဆိုနေထိုင်ရာမှ လူမြင်ကပ်စရာ (မုန်းစရာ) ဖြစ်သွားရသည်မျိုးလည်းရှိကောင်းရှိမည်။ စင်စစ်ထိုအချိန်က ကျွန်တော့်အပေါ် ဂရုဏာသက်သူအချို့ရှိကြသည်ဆိုသည်ကိုမထင်မှတ်ပဲကြုံတွေ့ရဖူးသည်လည်းရှိခဲ့ပါ၏။ ယ္ခုအချိန်ပြန်စဉ်းကာပြုံးမလင့်ကစား ထိုစဉ်ကတော့ အရယ်ခက်အငိုခက် ဖေါ်ပြရန်ပင်ခက်ခဲလှသည့် စိတ်ခံစားမှုတစ်ရပ်ပင်ဖြစ်လေသည်။

#                  #

ခြောက်တန်းနှစ်တက်စ၌ နာမည်ခေါ်ရခက်သောအင်္ကျီပိတ်စတစ်မျိုးကို ကျောင်းသားများအားမဲစံနစ်ဖြင့်ရောင်းချရာမဲပေါက်သူထဲမှာကျွန်တော်ပါဝင်သည်။ ဝတ်ကောင်းစားလှမရှိသူမို့ အသားချောချောအရောင်အသွေးစိုပြည်သည့် ထိုပိတ်စကိုကပျာကယာချုပ်ကာဝတ်ပင်ဝတ်နေပြီ။ ထိုအချိန်မှာပင်ကုန်သွယ်ရေးမှ ကျောင်းစိမ်းလုံချည်များရောက်ရှိလာရာမလုံမလောက်မို့ထုံးဆံအတိုင်းမဲဖေါက်ရန် ဖြစ်လာ၏။ အတန်းပိုင် ဆရာမခွင့်ရက်ရှည်ယူထားသည်နှင့်ကြုံသောကြောင့် အစားဝင်လာသည့်ဆရာက မျှမျှတတရှိစေရန်အင်္ကျီစရပြီးသူတွေကို ချန်လှပ်ပြီးကျန်သူများအားမဲမနှိုက်ဘဲ ဝယ်ခွင့်ပြုရန်စီစဉ်လေသည်။ 

ဖြစ်ချင်တော့ ထိုသို့ရောင်းချပြီးသည့်တိုင်လုံချည်တစ်ထည်စာကပိုနေပြန်၏။ ထိုအခါဆရာသည် လက်ကျန်တစ်ထည်စာကိုအင်္ကျီစရပြီးသူများထဲမှ ပြင်ပတွင်လုံချည်ဝယ်ရန်အခက်အခဲရှိမည့် ဆင်းရဲနွမ်းပါးသောကျောင်းသားသို့မဟုတ် ကျောင်းသူတစ်ဦးအား မဲဖေါက်ရောင်းချရန်ဆုံးဖြတ်၏။ စင်စစ် စာသင်ခန်းနှင့်မအပ်စပ်သောအလုပ်တွေသာဖြစ်ကြောင်းဆရာခံစားရပုံပေါ်သည်။ ကျွန်တော်ကတော့ ဆိုရှယ်လစ်စီးပွားရေးစံနစ်၏ အနိဋ္ဌာရုံတစ်ခုအဖြစ်ကြီးပြင်းလာမှရိပ်စားမိလေ၏။ “ဆင်းရဲတဲ့ကျောင်းသားတွေမတ်တပ်ရပ်ကြ” ဟု ဆရာပြောသောအခါ ကျောင်းသားအချို့မတ်တပ်ရပ်ကြသည်ကိုတွေ့ရ၏။ ကျောင်းသူတွေမရပ်ကြ။

ထိုအချိန်ထိ ကျွန်တော်မတ်တပ်ရပ်ရေးမရပ်ရေးဝေခွဲမရ။ ကျောင်းလုံချည်တစ်ထည်ပြင်ပမှာဈေးကြီးပေးဝယ်ဖို့မလွယ်သလို ကျွန်တော့်မှာကျောင်းလုံချည်အမှန်တကယ်လိုအပ်နေသည်ကိုသိသော်လည်း တစ်ထည်တည်းသော သက်သက်သာသာဝယ်ယူခွင့်အတွက် မဲနှိုက်ရန်မတ်တပ်ရပ်ပြရမည်ကို ကျွန်တော်ရှက်သလိုခံစားရ၏။ သို့သော် အင်္ကျီစရပြီးသားကျောင်းသားတွေအားလုံးလိုလို မတ်တပ်ရပ်ကြ​သည့်အပြင် သူတို့ထဲမှာ ကျွန်တော့်ထက်အပုံကြီးပိုချမ်းသာသည်ဟု သေချာပေါက်ပြောနိုင်သူများပါဝင်သည်ကိုတွေ့ရသောအခါ ဘာဘာညာညာမစဉ်းစားတော့ပဲ ကျွန်တော်ပါရော၍ထရပ်လိုက်ဖြစ်၏။ ကျောင်းလုံချည်တစ်ထည်အတွက် ဝယ်ယူရန်အဆိုပြုသူဆယ်ဦးခန့်ရှိသည်ကိုသိလိုက်ရသောဆရာအကြံအိုက်သွားပုံရလေသည်။ 

မူလမဲနှိုက်မည့်အစီအစဉ်ကိုပြောင်းလိုက်ပြန်ကာ မတ်တပ်ရပ်သူတွေထဲမှအလိုအပ်ဆုံးသူကိုရွေးချယ်ဖို့ အတန်းသူအတန်းသားများ၏ သဘောထားကိုရယူပြီးနောက် ယ္ခုမတ်တပ်ရပ်နေသူတွေထဲမှာ ဘယ်သူအဆင်းရဲဆုံးဖြစ်မည်လဲဟု မေးလေသည်။ ကျွန်တော့်နာမည်ကျွန်တော်ပြန်ကြားရခြင်းအတွက် သိမ်ငယ်ခြင်းမဟုတ်သည့်တိုင် ဝမ်းမသာနိုင်သည့်ခံစားမှုမျိုးနှင့်အတူ မတ်တပ်ရပ်လိုက်မိသည်ကိုနောင်တရသည့်စိတ်ဖြင့် ထူပူသွားရ၏။ အော်သံထဲမှာမိန်းခလေးသံတွေပိုကြားရသည့်အတွက်လည်း ရှက်စိတ်ကခေါင်ခိုက်လာသည်။ သို့သော် နောက်ကျခဲ့ပြီ။ ယ္ခုအခါ ရယ်စရာအဖြစ်သက်တောင့်သက်သာ ပြောပြနိုင်သည့်ထိုအဖြစ်အပျက်ကအူလည်လည် အဆုံးသတ်ခဲ့သဖြင့်လည်းပိုဆိုးသည်။ ထိုနေ့က လက်ကျန်လုံချည်ကိုကျွန်တော်ဝယ်ယူခွင့်မရလိုက်။ ခွင့်ယူထားသော အင်္ကျီစမရသေးသည့်ကျောင်းသားတစ်ဦး ရှိနေကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ဆင်းရဲသားရွေးချယ်ပွဲတွင်အမှတ်မထင်ပါဝင်ကာ ဗိုလ်စွဲခဲ့သောကျွန်တော် လုံချည်ဝယ်ယူခွင့်ကို စွန့်လွှတ်ခဲ့ရလေသည်။

ဖွတ်မရဓားမဆုံးခဲ့သောထိုဖြစ်ရပ်ကို သာမန်အားဖြင့်မေ့မေ့ပျောက်ပျောက်ရှိခဲ့ရာမှအတွေ့အကြုံတစ်ခုနှင့်ဆက်စပ်ကာအမှတ်တစ်ရဖြစ်ကျန်ခဲ့ရ၏။ တစ်ရက်ကျောင်းတက်ခေါင်းလောင်းမထိုးမီ ဈေးတန်းရှိတစ်ဆိုင်တည်းသောမုန့်ဟင်းခါးဆိုင်တွင် မကြာမကြာကျွန်တော်စားနေကျအတိုင်း အကြော်လွတ်မုန့်ဟင်းခါးတစ်ပွဲ (ဆယ်ပြားဖိုး) မှာကာ ခုံတန်း၌ဝင်ထိုင်ခိုက် “ဒေါ်ကြီးအဲဒီပန်းကန်ထဲကို ဘူးသီးကြော်နဲ့ငါးဖယ်ကြော်ထည့်ပေးပါဆိုသောအသံကိုကြားရသဖြင့် ကြည့်လိုက်မိသည်။ ဘေးဘက်ခုံတန်း၌ ကျွန်‌တော့်အလျင်ရောက်ကာစားသောက်နေဆဲ အတန်းထဲမှကျောင်းသူနှစ်ဦးကိုတွေ့ရ၏။ သူတို့အကြော်ထည့်ခိုင်းသည်မှာ ကျွန်တော့်ပန်းကန်မှန်းသိရသည်၌ ရှက်လွန်းသဖြင့်ပြောစရာစကားစရှာမရတော့။ ဆိုင်တွင်လူကလည်းရှုပ်လာပြန်ရာ ဘာမျှပြန်မပြောတော့ဘဲ အဒေါ်ကြီးထည့်ပေးသည့်အတိုင်းသာစားနေလိုက်သည်။ 

ထိုကျောင်းသူနှစ်ဦးစား၍အလျင်ပြီးကာ ကျွန်တော့်အတွက်ပါပိုက်ဆံရှင်းရုံမက ဆိုင်မှအထွက်တွင်နင်ဘာစားချင်သေးလည်းဟုမေးပြန်၏။ ခေါင်းကိုသာယမ်းပြလျက် အတန်းဘက်ဆီသုတ်ခြေတင်ခဲ့မိလေသည်။ ကျွန်တော်၏ အသနားမခံချင်သောစိတ်ဓါတ် အစပျိုးခြင်းတစ်ရပ်ဟုဆိုနိုင်မည်လားမသိ။ စင်စစ် ထိုကျောင်းသူနှစ်ဦးသည် တစ်တန်းထဲမှဖြစ်သည့်တိုင်ကျွန်တော်နှင့်မရင်းနှီးကြချေ။ အတန်းထဲတွင် ရှေ့ခုံနောက်ခုံရှိ ကျောင်းသားများမှလွဲ၍တစ်တန်းလုံးနှင့် ရင်းရင်းနှီးနှီးနေတတ်သူတစ်ဦးမဟုတ်သဖြင့် တစ်ဘက်ခြမ်းမှမိန်းခလေးများကို မိတ်ဆွေဖွဲ့ဖို့ရာခဲယဉ်းလှသည်။ အရွယ်ကလည်းဆယ်ကျော်သက်စ မိန်းခလေးတွေရှေ့မှာ ရှက်ကိုးရှက်ကန်းဖြစ်လာတတ်ပြီ။ စဉ်းစားကြည့်တော့ သူတို့နှစ်ဦးသည်ကျောင်းလုံချည်ကိစ္စတွင် ကျွန်တော့်ကိုရသင့်သူအဖြစ်ထောက်ခံပြီးမှ မရလိုက်သည့်အတွက်အားတုန့်အားနာဖြစ်ကာ ကြုံသည့်အခိုက်မုန့်ကျွေးလိုခြင်းဖြစ်သည်ဟုကျွန်တော်ယူဆသည်။ ကိုယ့်ကိုကိုယ်သတိမမူမိသည့်တိုင် ကျွန်တော်၏ဆင်းရဲနွမ်းပါးမှုမှာ သူတို့အပါအဝင်အများအမြင်တွင်ထင်ရှားပါ်လွင်နေပြီ။ 

ယင်းကိုသိသာစေသောနောက်တစ်ချက်မှာ ကျောင်းမှဖြစ်ရပ်တွေနှင့် မရှေးမနှောင်းဆိုသလိုအမေကကျွန်တော်တို့ ညီအစ်ကိုညဦးပိုင်းဈေးလည်ရောင်းဖို့ပြောဆိုစီစဉ်လာခြင်းပင်ဖြစ်လေသည်။ အမေသည်လိုစီစဉ်ခြင်းသည်မလွှဲကင်းသာလွန်း၍ဖြစ်ကြောင်း နားလည်သဖြင့် တစ်စုံတစ်ရာမကန့်ကွက်သော်လည်း ဈေးရောင်းသည့်အလုပ်ကိုကျွန်တော်မလုပ်လို။ နဂိုကမှဆင်းရဲသည်ဟု မြင်နေကြသည့်အထဲ လမ်းပေါ်ဈေးလျှောက်ရောင်းနေသည်ကိုတွေ့လျှင် ပိုအထင်သေးကြမည်။ အထူးသဖြင့်ကျွန်တော့်စိတ်ကိုမရိုးမသားခံစားမှုအချို့ကိန်းအောင်းစေသည့်  ကျောင်းသူတစ်ဦးတစ်လေမြင်သွားမှာကို စိုးရိမ်သည်။ အမှန်ပင်ဒါသည်ဟိုတုန်းကကျွန်တော့်ခံစားချက်။

သို့သော် အမေ့လိုအပ်ချက်တစ်နည်းမိသားစုလိုအပ်ချက်ကိုငြင်းဆန်လောက်သည့်ခံစားချက်မျိုးမဟုတ်သည်မို့ အမေပြောသည့်အတိုင်း ကျွန်တော်တို့ညီအစ်ကိုညဦးပိုင်း ခြင်းတောင်းကိုယ်စီဆွဲပြီး ‘မြေပဲပြုတ်.. ကောက်ညှင်းထုပ်’ လည်ရောင်းဖြစ်ခဲ့လေသည်။ မြို့၏မျဉ်းပြိုင်လမ်းမကြီးနှစ်ခုဖြစ်သော မြူရုံးလမ်းနှင့်ကမ်းနားလမ်းတစ်လျှောက် အရှေ့ပိုင်းအနောက်ပိုင်း မြို့မနှင့်ဆေးရုံရပ်ကွက်ကဲ့သို့သော လူကုံထံရပ်ကွက်များ ရုပ်ရှင်ရုံဝန်းကျင်စသည်ဖြင့် ညဦးပိုင်းမှသည်လူခြေတိတ်သည်အထိတစ်လမ်းဝင်တစ်လမ်းထွက် ရောင်းပြီးအိမ်ပြန်။ ရသမျှပိုက်ဆံအမေ့ကိုအပ်ပြီးနောက်တစ်နေ့စာအိမ်စာရှိလျှင်လုပ်၊ မရှိလျှင်အိပ်ယာဝင်။ မြေပဲပြုတ် တစ်ကတော့ ငါးပြား ကောက်ညှင်းထုပ်တစ်ထုပ် ငါးပြားလားဆယ်ပြားလားမမှတ်မိသော ထိုသွားရေစာရောင်းရငွေသည် မိသားစုရပ်တည်ရေးကိုကျားကန်ပေးရုံသာဖြစ်သော်လည်း လဲပြိုမသွားအောင်တော့ အထောက်အပံ့ဖြစ်ခဲ့မည်ထင်ပါသည်။ 

မိုးတွင်းမို့ တစ်ခါတစ်ရံမိုးသည်းလျှင် ရောင်းမကောင်းသည်များကြုံရတတ်၏။ ထိုအချိန်မျိုးတွင်ပင်ပန်းမှုကိုပို၍ခံစားရတတ်လေသည်။ ဈေးရောင်းရင်းခြင်းထဲမှာလက်ကျန်မည်မျှရှိသေးသည်ကို ကြည့်ပြီးရင်ဖိုရသည့်ဝေဒနာ (ဆိုပါတော့) ကို ရောင်းဖူးသူများသာသိနိုင်သည်။ ယနေ့တိုင်  အလားတူ (ဘဝတူ) ဈေးသည်တွေတွေ့ကာစိတ်ကူးပေါက်တိုင်း သိမ်းကြုံးဝယ်ယူမိခြင်းသည် ဈေးတောင်းထဲလက်ကျန်ရှင်းသည့်အခါ ဖြစ်ပေါ်သောအရသာကို (ကျွန်တော်ခံစားခဲ့ဖူးသလို) သူတို့တွေခံစားရစေလို၍ ဖြစ်၏။ စာနာမှုဟူသည်အဖြစ်ခြင်းတူလျှင်ပို၍ပြင်းပြတတ်သည်မဟုတ်ပါလား။  ပြောရလျှင် ကျွန်တော်တစ်ကြိမ်သာရခဲ့ဖူးသည့် ထိုခံစားချက်ကလည်းတွံတေးသိန်းတန်စောင်မ၍သာဖြစ်၏။ ကိုယ်တိုင်ဝယ်ယူအားပေးခြင်းမျိုးတော့မဟုတ်။ 

ထိုညက မိုးတဖြောက်ဖြောက်စွေနေသဖြင့်ရောင်းမကောင်း။ ရုပ်ရှင်ရုံတွေဘက်မှာပင် ထင်သလောက်မရောင်းရဘဲအချိန်ကုန်သွားသဖြင့်  ညီအစ်ကိုနှစ်ယောက် ဈေးလမ်းအတိုင်းလေးကန်စွာပြန်လာခဲ့ကြသည်။ လမ်းပေါ်မှာလူသူရှင်းစပြုပြီ။ အထူးသဖြင့်ဈေးလမ်းတစ်ဘက်ကမြို့မဈေး ကျန်တစ်ဘက်မှာရုံးအများစုမို့ ညအချိန်ပို၍တိတ်ဆိတ်၏။ ဝယ်လိုဝယ်ငြားအော်ရောင်းနေသော ညီဖြစ်သူ၏နောက်ခပ်လှမ်းလှမ်းမှလိုက်ပါရင်း ဘာရယ်မဟုတ်တွံတေးသိန်းတန်သီချင်းတစ်ပုဒ်ကို မတိုးမကျယ်ကျွန်တော်ဆိုလိုက်မိလေသည်။ သီချင်းအမည်က “ချစ်ရတုထံတျာ”။ နတ်သျှင်နောင်၏ ရတုတစ်ပိုဒ်ဖြင့် စထားသောသီချင်းကို ဆွေးဆွေးမြေ့မြေ့ဆို၍လျှောက်လာခိုက် ဟေ့ချာတိတ်ဟုခေါ်သံကြား၍ကြည့်လိုက်တော့ လမ်းတစ်ဘက် နလက (နယ်မြေလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မီတီ) ရုံးအား စောင့်ကြပ်နေကြသောတပ်မတော်သားနှစ်ဦးကိုတွေ့ရ၏။ 

သူတို့ကလှမ်းခေါ်သဖြင့် ကျွန်တော်တို့ညီအစ်ကိုအနားသို့ကပ်သွားသည်။ ခြံစည်းရိုးနောက်တွင် ‘ကင်းပုန်း’ ဝပ်နေကြသည်မို့ အစကမမြင်မိခြင်းဖြစ်ပြီး အနားရောက်တော့မှ နှစ်ဦးအပြင်နောက်ထပ် လေးငါးဦးခန့် မောင်းပြန်သေနပ်ကိုယ်စီလွယ်လျက်ခုံများပေါ်တွင်ထိုင်လျက်တွေ့ရ၏။ လိုရင်းပြောရလျှင် ခုနကျွန်တော်ဆိုသွားသောသီချင်းကိုအစအဆုံးဆိုပြလျှင် ခြင်းထဲမှာကျန်သမျှသူတို့ဝယ်မည်။ ကြွက်သေကောင်ပိုက်ဆံပေးပြီးဆွဲခိုင်းခြင်းထက်စာလျှင်တော်သေးသည်မို့ (ရှက်ရှက်နှင့်ပင်) ကျွန်တော်ဆိုပြလိုက်သည်။ ပြောသည့်အတိုင်းစစ်သားကြီးက မုန့်အားလုံးဝယ်သည့်အပြင် “ကြိုးစားကွရွှေမန်းတင်မောင်ဒီလိုကြိုးစားပြီးအောင်မြင်သွားတာ” ဟု အားပေးလိုက်သေးသည်။

အမှန်ဆိုရသော်ရွှေမန်းတင်မောင်သည်လိုပဲအောင်မြင်သည်ဆိုသောစကားသည် ကျွန်တော့်အတွက်ထိုမျှအားမဖြစ်။ ကျွန်တော်ရွှေမန်းကိုအားကျသည်မှမဟုတ်ပါပဲ။ သို့သော်ရောင်းမကုန်၍စိတ်ညှိုးငယ်စွာပြန်လာခိုက်လက်ကျန်အားလုံးဝယ်ယူအားပေးသဖြင့် ရရှိခဲ့သောအပျော်အတွက်ကိုမူ စဥ်းစားတိုင်းကျေးဇူးတင်မိပါ၏။ ထိုညက ခြင်းတောင်းလွတ်ကလေးတွေကိုယ်စီနှင့် ပေါ့ပါးစွာအိမ်ပြန်ကြသည့်လမ်းမှာ သီချင်းဆက်ဆိုဖြစ်သေးလားဆိုသည်ကို ကျွန်တော်မမှတ်မိတော့။

#                  #

အမေ့ကိုကူညီရန်လမ်းထွက်ဈေးရောင်းခြင်းကိုရပ်တန့်ဖို့ အမေကပင်ဆုံးဖြတ်ခဲ့လေသည်။ စင်စစ် အမေသည် မုဆိုးမဘဝနှင့်ဘယ်မှာအခြေချကာ သားသမီးများအားပျိုးထောင်မည်ကို ဝေခွဲမရဖြစ်ခဲ့ပုံရ၏။ ဝါးခယ်မသည်အမေ့ဇာတိဖြစ်ရာ တတ်နိုင်လျှင်ထိုမှာအခြေချလိုစိတ်ရှိခဲ့လိမ့်မည်။ သို့သော် ဝါးခယ်မထက် ဖေ့ဖေ့ဇာတိ ရန်ကုန်ကိုပို၍ယုံကြည်မှုရှိပုံလည်းရသည်။ သားသမီးများ၏ရှေ့ရေးအတွက်ရုန်းကန်ရှင်သန်ဖို့ရာ ရန်ကုန်ကပို၍ အခွင့်အလန်းသာမည်ဆိုသည်ကိုမလွဲမသွေမြင်မိပေမည်။ ညဘက်သားနှစ်ယောက်ဈေးရောင်းထွက်ရသည့်အလုပ်ကိုနှစ်လမပြည့်မီရပ်စေပြီးသည့်နောက် များမကြာမီမှာပင်ရန်ကုန်သို့ပြန်ပြောင်းကြမည့်အကြောင်း အမေကျွန်တော်တို့ကိုပြောပြသည်။ ရန်ကုန်တွင် အစ်ကိုကြီးကအိမ်တစ်လုံးကြိုငှါးထားမည်။ ဖေဖေမရှိသည့်နောက်သရက်တောလမ်းအိမ်မှာမနေသင့်တော့။ သီတင်းကျွတ်လျှင်ကျွတ်ခြင်း ကျွန်တော်တို့ပြောင်းကြမည်။ 

မိသားစုအနေအထားမှာ အချိန်မရွေးပြောင်း၍ဖြစ်နိုင်သော်လည်း ဝါတွင်းကြီးအပြောင်းအရွှေ့မလုပ်လိုခြင်းနှင့် ကျွန်တော့်ကျောင်းကို နှစ်ဝက်အတိအကျသည်မှာအပြီးသတ်စေလိုခြင်းတို့ကြောင့် သီတင်းကျွတ်သည်အထိစောင့်ခြင်းဖြစ်၏။ ထိုအတောအတွင်း အိမ်ထောင်ပရိဘောဂ (များများစားစားမရှိ) နှင့်ဖေဖေ့စာအုပ်များကို ဆရာတော်ကျောင်းသို့လှုဒါန်းသည်။ ဖေဖေ့သွားစိုက်လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း အလိုရှိသလိုစီမံပေးပါရန်ဆရာတော့်ထံအပ်နှံသည်။ ဖေဖေ့လက်ရာဘုရားစင်နှင့်ကျောင်းဆောင်များ၊ အိုးခွက်ပန်းကန်အချို့နှင့် အဝတ်အထည်များကိုသာယူဆောင်ဖို့ အမေကြိုတင်ပြင်ဆင်ထားလေသည်။ ကျွန်တော်တို့အားလုံးငယ်ရွယ်ကြသေးရာ ထိုပြင်ဆင်မှုများအားလုံး စားဝတ်နေရေးအတွက် ဆေးလုံးလုံးရသည့် ကြားမှ အမေဆောင်ရွက်ခဲ့ခြင်းဖြစ်၏။

ရန်ကုန်ကိုပြောင်းရမည့်အတွက်ပျော်သလိုရှိသည်။ ဝါးခယ်မကအပြီးအပိုင်ခွာရမည့်အတွက် ဝမ်းနည်းသလိုခံစားရသည်။ ဤသည်တို့မှာ ကျွန်တော့်ရင်ထဲ၌ဖြစ်ပေါ်နေခဲ့ကြသောဒွိဟတွေဖြစ်၏။ ကျွန်တော့်ဘဝ မည်မျှကြမ်းတမ်း၍ စိတ်ရောကိုယ်ပါပင်ပန်းရစေကာမူ ဝါးခယ်မကိုကျွန်တော်သံယောဇဉ်ဖြစ်နေပြီ။ စင်စစ် ဝါးခယ်မသည် ကျွန်တော်လူမှန်းစသိရသည့်အရပ်။ ဘဝဆိုသည်ကိုလည်းကောင်း၊ လူတွေ၏အကြောင်းကိုလည်းကောင်း(တစ်ခါတစ်ရံမချိမဆန့်) သိလာစေသည့်ရေခံမြေခံဖြစ်သလို သစ်ရွက်ကြွေသည်ကိုမြင်လျှင်ပင်ကတုန်ကယင်ဖြစ်တတ်သည်ဆိုသော ဆယ်ကျော်သက်မျဉ်းကို စတင်ချဉ်းနင်းရာအရပ်။ သို့သော် စိတ်ကူးယဉ်ခြင်း၌မွေ့လျော်သလောက် စိတ်ကူးယဉ်ခွင့်တစ်ရံတစ်ဆစ်မျှရလေ့မရှိသည့်ဘဝပေးအခြေအနေကိုလွန်ဆန်ဖို့ရာဖြစ်နိုင်သည်မဟုတ်။ 

ကျွန်တော်ပြောင်းမည့်ကိစ္စ သူငယ်ချင်းတစ်ဦးတစ်လေကိုမျှပြောမပြခဲ့။ အချိန်ကာလကလည်း ဆရာကန်တော့ပွဲအတွက် ပထမအစမ်းစာမေးပွဲအတွက်ပြင်ဆင်နေကြချိန်မို့ အများနှင့်ခပ်ခွာခွာနေနေသော ကျွန်တော်၏ ထူးခြားမှုကို (ရှိခဲ့လျှင်ပင်) သူတို့သတိပြုမိကြမည်မထင်။ စာမေးပွဲအတွက်ခုံတွေစီသည့်နေ့ ကျောင်းထွက်လက်မှတ်ယူရန် အတန်းပိုင်ဆရာမနှင့်အမေလာတွေ့သည့်အခါတွင်မှ ထိုကိစ္စကိုတစ်တန်းလုံးသိကြရ၏။ ဆရာမကတည်ငြိမ်စွာနှုတ်ဆက်ဆုံးမစကားဆိုသည်။ သူငယ်ချင်းများနှင့်ကျွန်တော့်အတွက် မုန့်ဟင်းခါးဖိုးရှင်းပေးခဲ့ဖူးသူနှစ်ဦးအပါအဝင် ဟိုတုန်းကခပ်တန်းတန်းနေခဲ့ကြသောကျောင်းသူအချို့ပင် ကျွန်တော့်ကိုလာနှုတ်ဆက်ကြသည်။ နောက်တစ်နေ့စာမေးပွဲမို့ ကျောင်းစောစောလွှတ်သဖြင့် အိမ်ပြန်လာရသော်လည်း ကျွန်တော့်စိတ်ကကျောင်းမှာကျန်ရစ်သလိုခံစားရ၏။ စာမေးပွဲပြီးလျှင်သီတင်းကျွတ်ကျောင်းပိတ်ရက်။ ကျောင်းပြန်ဖွင့်သည့်အခါသည်ကျောင်းမှာရောဝါးခယ်မမှာပါ ကျွန်တော်ရှိတော့မည်မဟုတ်။

#                  #

သီတင်းကျွတ်ပွဲတော်နောက်ဆုံးနေ့ည ထုံးဆံအတိုင်းအိမ်တွင်းအိမ်ပြင် ဖယောင်းတိုင်မီးပူဇော်ကြသည့်အခါ ပစ္စည်းတွေရွှေ့ပြောင်းသိမ်းဆည်းပြီးပြီမို့ တစ်အိမ်လုံးရှင်းလင်းခြောက်သွေ့နေလေသည်။ ခါတိုင်းကဲ့သို့အိမ်ပြင်ထွက်ပြီး လသာသာကောင်းကင်ယံ ခုလိုဝါကျွတ်ညမျိုးမှာတွေ့နေကျ မီးပုံးပျံတွေကို ရှာဖွေငေးမောရင်းငြင်းခုံပျော်ပါးဖို့ရာ အိမ်နီးနားချင်းကလေးလူကြီးတွေကလည်း (ကျွန်တော်တို့ကိုအနှောက်အယှက်ဖြစ်မှာ စိုး၍လားမသိ) မရောက်လာကြတော့။ သို့နှင့်နောက်တစ်နေ့နံနက်စာစားပြီးချိန်တွင်သင်္ဘောဆိပ်သို့ဆင်းခဲ့ကြလေသည်။ နေအိမ်မှတစ်မိုင်ခန့်ဝေးသော ကမ်းနားဆိပ်အထိခလေးလေးယောက်အပြင် ဝန်စီစလည်တွေနှင့် အမေတစ်ယောက်တည်း မည်သို့မည်ပုံရောက်သွားကြသည်ကိုမမှတ်မိတော့သော်လည်း ကမ်နားဆိပ်မှသင်္ဘောပေါ်အထိအတွေ့အကြုံတွေမှာ မေ့နိုင်စရာမရှိပေ။ 

ထိုနေ့ကအလှည့်ကျ ဒဂုံမေသင်္ဘောဆိုက်လာတော့ တစ်စင်းလုံးပြည့်ကျပ်ပြီး ပစ္စည်းမပြောနှင့်လူပင်လိုက်ပါရန်ခက်ခဲသောကြောင့် ကျွန်တော်တို့မိသားစုသာမက အခြားခရီးသည်အတော်များများပင်ကျန်ရစ်သည်။ မြို့တွင်းမှခရီးသည်တွေ အိမ်ပြန်သွားကြသော်လည်း ကျွန်တော်တို့မှာပြန်စရာအိမ်မရှိ။ ရှိခဲ့လျှင်ပင်သည်လူအုပ်သည်ပစ္စည်းတွေနှင့်သွားလိုက်ပြန်လိုက်လုပ်ဖို့ရာမလွယ်။ လက်ရှိပစ္စည်းတွေပုံထားရာ ကျောက်တိုင်ကွင်း (ပန်းခြံ) အတွင်းမှာပင်ညအိပ်ကြရတော့မည်။ မည်သည့်အရပ်မှမည်သည့်အကြောင်းဖြင့်ရောက်နေကြမှန်းမသိသော နွမ်းနွမ်းပါးပါးမိသားစုအချို့သည်လည်း ပန်းခြံထဲမှာစတည်းချနေကြသည်မို့ အဖေါ်တော့ရလေသည်။

မှောင်ရီပျိုးစအချိန်မှာ သင်္ဘောပေါ်တွင်စားရန်ချက်ပြုတ်ယူ‌ဆောင်လာသော ထမင်းချိုင့်ကိုဖွင့်ကာမိသားစုညစာစားခိုက် မထင်မှတ်ဘဲမိုးရွာချသည်နှင့်ကြုံရ၏။ ရှိသမျှအခင်းတွေထုတ်၍မိုးကာသော်လည်း မလုံသဖြင့်ကျွန်တော်တို့ အားလုံးစိုရွှဲကုန်ပြီး ထမင်းဟင်းပန်းကန်တွေထဲ မိုးရေဝင်ကာစားမဖြစ်တော့။ နှစ်နှစ်အရွယ်သားငယ်ကို ရင်ခွင်ထဲပွေ့ချီပြီး မိုးဒဏ်လေဒဏ်မှကာကွယ်ပေးကာ ငိုင်နေသောအမေ့ကိုကြည့်ရင်း ကျွန်တော်တို့တတွေ ကိုယ့်ကိုကိုယ်သတိမထားဖြစ်သလို ဆာလောင်မှုတွေကိုလည်းအမှတ်မရတော့။ မကြာမီမိုးတိတ်သွားပြီး ညအမှောင်ကကြီးစိုးလာသည်။ အားလုံးရေစိုဝတ်တွေနှင့်ပင်ထိုင်နေကြဆဲမှာ အမေ့နာမည်ကိုအော်ခေါ်လျှက် လျှောက်လာနေသော အမျိုးသမီးကြီးတစ်ဦး၏ပုံရိပ်ကိုမြင်ရသည်။ 

အနားသို့ရောက်လာပြီး တစ်ယောက်ကိုတစ်ယောက်တွေ့မြင်ကြသောအခါ ထိုအဒေါ်ကြီးက ဂရုဏာဒေါသဖြင့် အမေ့ကိုအပြစ်တင်လေသည်။ တစ်စုံတစ်ယောက်က ကျွန်တော်တို့မိသားစုဖြစ်အင်ကိုမြင်ပြီးလာပြောသဖြင့် သိသိခြင်းထွက်လာခဲ့ကြာင်း ဆွေမျိုးရင်းခြာတွေသည်လိုမစိမ်းသင့်ကြောင်းပြောပြီး သူတို့အိမ်ကိုလိုက်ခဲ့ကြဖို့ခေါ်၏။ အမေက အစပထမအားနာစွာ ငြင်းဆန်သော်လည်း လာခေါ်သောအဒေါ်ကြီးကိုလေးစားရင်းစွဲရှိသည်ကတကြောင်း၊ ကျွန်တော်တို့အနေအထားအရ အရိပ်အာဝါသအမှန်လည်းလိုအပ်နေသည်မို့တကြောင်းကြောင့်ဖြစ်မည်ထင်သည် လဲစရာအဝတ်အစားအချို့ထုတ်ကာအဒေါ်ကြီးနှင့်အတူလိုက်ပါခဲ့ကြ၏။ ကျန်ပစ္စည်းတွေကို ကွင်းထဲမှာသည်အတိုင်းထားခဲ့သည်။ တစ်ကယ်တန်း အဒေါ်ကြီးတို့အိမ်ကဝေးသည်မဟုတ်။ ပန်းခြံနှင့်မျက်နှာချင်းဆိုင်ကန္နားလမ်းပေါ်မှာမို့ လမ်းဖြတ်ကူးလိုက်ရုံနှင့်ရောက်သည်။ မည်သို့ဆိုစေ ဝါးခယ်မမှထွက်ခွာမည့်ညကို ကွင်းပြင်ထဲတွင်အိပ်စက်ရင်းကုန်ဆုံးရမည့်အဖြစ်မှ ကျွန်တော်တို့ကင်းလွတ်ခဲ့ရ လေသည်။

နောက်တစ်နေ့မှာရာသီဥတုသာယာသည်။ ထိုအဒေါ်ကြီးမှတစ်ဆင့် ဆိပ်ကမ်းလုပ်သားများ၏အကူအညီရသဖြင့် ညနေသင်္ဘော (ဝင်းစိန်) တွင်နေရာရကာပစ္စည်းရောလူပါသက်သက်သာသာချောင်ချောင်ချိချိ လိုက်ပါနိုင်ခဲ့သည်။ ကျွန်တော်တို့မိသားစုဝါးခယ်မနှင့်ခွဲခွာခန်းမှာ ဤသို့လျှင်အမှတ်ထင်ထင်ရှိခဲ့၏။ အခက်အခဲတွေကြားမှာ တန်ဖိုးမဖြတ်နိုင်သောစာနာထောက်ထားတတ်သူနှင့်တွေ့ရပုံမှာလည်း ဒဏ္ဍာရီဆန်ဆန်မမေ့နိုင်စရာဖြစ်လေသည်။ မည်သို့ဆိုစေ ထိုနေ့ညနေအဆင်ပြေချောမွေ့စွာထွက်ခွာလာနိုင်ခြင်းသည်ပင် မရေရောသောရှေ့ခရီးအတွက် အင်အားတစ်ရပ်ဟုဆိုရမည်ဖြစ်တော့၏။

နေ့သစ်တစ်ခု၏အစမှာ စမ်းချောင်းမြေကို ကျွန်တော်ပြန်လည်ခြေချဖြစ်လေသည်။